← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 29 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 29 Ch. 387-388

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၇)

“ကျေးဇူးပဲ” ဝတ်စုံပြည့်ဝတ်ထားသည့် လူက ယဉ်ကျေးစွာ ပြန်ပြောသည်။

“ခင်ဗျားကို ဘယ်သူက ချီးကျူးနေလို့လဲ” လင်းဟုန်က မျက်မှောင်ကြုတ်သည်။

ဘေးဘက်ရှိ ကျိုကျာမှာ ရယ်ချင်နေပြီဖြစ်သည်။ သို့သော်လည်း သူမ၏ ပညာရှင်ဆန်မှုကြောင့်သာ မရယ်မိစေရန် ထိန်းနေနိုင်ခြင်း ဖြစ်သည်။ သူမက ယွမ်ကျိုးဘက်သို့ လှည့်သည်ဆိုရုံကလေး လှည့်ကာ ဟင်းပွဲအမည်များကို သေချာစွာ ပြောပြလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ဝတ်စုံပြည့်ဝတ်ထားသည့် လူမှာ သူတို့၏ ဟာသများကို အနည်းငယ် အာရုံစိုက်မိနေသည်။

“ခင်ဗျားဘာလို့ နေ့တိုင်းဒီမှာပဲ အမြဲတမ်းထိုင်ပြီး ဖယ်မပေးတာလဲ” လင်းဟုန်က ဝတ်စုံပြည့်ဝတ်ထားသည့် လူအား မေးငေါ့ကာ ခပ်ရိုင်းရိုင်းမေးသည်။

“လျှော့စျေးဟင်းတွေ ဘယ်တော့မှမစားတဲ့ကောင်လေး.. ဒါကမင်းနဲ့ဘာမှမဆိုင်ဘူးထင်တယ်နော်” ဝတ်စုံပြည့်နှင့် လူ၏ အပြုံးမှာ ဟန်လုပ်ပြုံးအဖြစ်သို့ ပြောင်းနေပြီဖြစ်သော်လည် ထိုလူက ယဉ်ကျေးသိမ်မွေ့ဟန်ပေါ်နေဆဲပင်။

“ဟုတ်ပါတယ်.. ကျွန်တော်နဲ့တကယ်မဆိုင်ပါဘူး.. အဲ့ဒါကြောင့် ကျွန်တော့်မေးခွန်းက မေးချင်လို့ကိုမေးတာ.. ခင်ဗျားက ကျွန်တော်မေးတာကို ဖြေပေးရင် ရပြီ” လင်းဟုန်က အတော်လေး သဘာဝကျကျ ပြောလိုက်သည်။

ထိုစကားကို အခြားသူများမှ ပြောခြင်းဖြစ်ပါက ကျိုကျာသည် ထိုသူအား အမှန်ပင် အရှက်မရှိဟု ပြောဆိုမိမည် ဖြစ်သည်။ သို့သော် ယခုမူ ထိုစကားပြောသည့်လူက လင်းဟုန်ဖြစ်နေရာ အခြေအနေမှာ အတော်အတန် ကွဲပြားနေ သည်။ ထိုစကားကို သူမကြားသောအခါ ပြောသင့်သည်ဟု ခံစားလိုက်ရသော်လည်း ဝတ်စုံပြည့်နှင့် လူမှာမူ ထိုသို့ မထင်ချေ။

“ဟား.. ဟား” လင်းဟုန်အား ပြန်ဖြေရမည့်အစား ဝတ်စုံပြည့်နှင့်လူက ဟားတိုက်ရယ်လိုက်သည်။

“ခင်ဗျားရယ်စရာဘာပါလို့လဲ.. ဘာကြောင့်လဲဆိုတာသာ ကျွန်တော့်ကို ပြောစမ်းပါဗျာ” လင်းဟုန်က ထိုလူအား ကြည့်ကာ ပြောသည်။

“စိတ်တော့မရှိနဲ့ကွာ.. ကျုပ်မှာ မင်းကို ဖြေစရာမရှိဘူး” ထိုလူက စိတ်ဆုံးဖြတ်ထားသလို ပြောလာသည်။

“စိတ်ဝင်စားစရာပဲ.. ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီနေ့သိရမှာဖြစ်မယ်” လင်းဟုန်က ထိုလူအား စိတ်ဝင်စားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။

“မစ္စတာလင်း.. ဒီမှာ ရှင်မှာထားတာတွေ ရပါပြီ” ကျိုကျာက သူမှာထားသည့် ဟင်းပွဲများကို သူ့ထံလာချပေးသည်။

“အင်း” လင်းဟုန်က ခေါင်းညိတ်ပြသည်။ သူထပ်ပြီး စပ်စုမည် အပြုတွင် ကျိုးကျားက ထိုဝတ်စုံပြည့်နှင့်လူ မှာထားသည့် ဟင်းပွဲများကို လာချပေးပြန်သည်။

ဤတစ်ကြိမ်တွင် ဝတ်စုံပြည့်နှင့်လူက သူ့ထက်ဦးအောင် ပြောလိုက်သည် “ကျုပ်အခု စ,စားတော့မယ်”

ထို့နောက်တွင်မူ လင်းဟုန်မှာ သူ့စကားနှင့်သူ ပိတ်မိနေပြီး မည်သို့ဆက်ပြောရမည် မသိချေ။ ထိုလူမှာ ဤဆိုင်သို့ သူ့အားမေးမည့် မေးခွန်းများကို နားထောင်ပေးရန် လာခြင်းမဟုတ်ဘဲ အစားအသောက်များအတွက်သာ လာခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လင်းဟုန်က ထိုလူသည် စားသောက်ပြီးသော်လည်း ထပြန်သွားမည့်သူ မဟုတ်ကြောင်း သိသဖြင့် စိတ်သက်သာရာရသွားပြီး သူမှာထားသည့် စားစရာကိုသာ သေချာအရသာခံ စားလေတော့သည်။

တဒင်္ဂအတွင်းမှာပင် စားသောက်ဆိုင်တစ်ခုလုံး ငြိမ်သက်သွားတော့သည်။ စားသုံးသူတိုင်းက သူတို့မှာထားသည်များကို သုံးဆောင်နေကြသည်။

ထိုလူက မည်သို့မျှ ရှင်းပြခြင်းမပြုသည်ကို မြင်သောအခါ ယွမ်ကျိုးမှာ သူ၏သိလိုစိတ်ကို ခဏဖိနှိပ်ထားပြီး အခြားဟင်းပွဲများကိုသာ စိတ်အားထက်သန်စွာ ပြင်ဆင်နေလိုက်သည်။

သို့သော် မှာထားသည်များကို လင်းဟုန်စားပြီးသည့် နောက်တွင်မူ တိတ်ဆိတ်မှုမှာ ကြာရှည်မခံလိုက်ချေ။

“ငါစားပြီးပြီ.. မင်းနောက်တစ်ယောက်ကို အခုခေါ်ချင် ခေါ်လို့ရပြီ” လင်းဟုန်က သူ့ပါးစပ်ကို သုတ်လိုက်ပြီးနောက် ကျိုကျာအား လှမ်းမပြောခင်မှာပင် ထရပ်ပြီးဖြစ်သည်။

“ဟုတ်ကဲ့.. ကျေးဇူးပါ.. မစ္စတာလင်း” ကျိုးကျားက ပြုံးလျက်ဆိုသည်။

“အင်း” လင်းဟုန်ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင်မူ ကျိုကျာက စားသုံးသူနောက်တစ်ဦးအား အထဲဝင်၍ သုံးဆောင်ရန် ခေါ်လေသည်။

စားပြီးသည်နှင့် လင်းဟုန်မှာ အချိန်ဖြုန်းချင်လာရကာ သူ၏သိလိုစိတ်ကို ချွေးသိပ်စေရန် ကြိုးစားတော့သည်။

“လုပ်စမ်းပါ.. စကားပြောရအောင်” လင်းဟုန်က စားနေဆဲဖြစ်သည့် ဝတ်စုံပြည့်နှင့်လူအား ပြောလိုက်သည်။

“နေပါစေ.. ကျုပ်မင်းနဲ့ စကားမပြောချင်ဘူး” ထိုလူက ဗြောင်ကျကျပင် ငြင်းလေသည်။

“အဲ့ဒါဆိုလည်း ကျွန်တော်ပဲပြောမယ်.. ခင်ဗျားကဖြေပေါ့” လင်းဟုန်က ပြောသည်။

ဝတ်စုံပြည့်နှင့် ထိုလူက စကားတစ်ခွန်းမျှမဆိုဘဲ နေရာတွင်သာထိုင်နေကာ ခါတိုင်းကဲ့သို့ပင် အခြားသူများအား သူ့ထိုင်ခုံနေရာ ဖယ်ပေးခြင်းလည်း မရှိပေ။ သူက ခုံတွင် ကျကျနနထိုင်နေပြီး အရသာရှိရှိ ဇိမ်ဆွဲစားနေသည်။

“ခင်ဗျား မြန်မြန်စားမှပေါ့ဗျ.. နောက်မှာ ခုံရဖို့ စောင့်နေတဲ့လူတွေ အများကြီးပဲ” လင်းဟုန်က ထိုကိစ္စကို အမှန်ပင် ဂရုမစိုက်ချေ။ သူက ဘေးမှနေကာ ထိုသို့ ပြောရုံသာ ဖြစ်သည်။

“ခင်ဗျားဒီမှာ ကြာကြာထိုင်ချင်လို့ ဖြည်းဖြည်းချင်းစားနေတာလား” လင်းဟုန်က ဝတ်စုံပြည့်နှင့်လူ စားနေပုံကို ကြည့်ကာ စိတ်ပူလာသလို ပြောသည်။

အရွယ်ရောက်ပြီးလူတစ်ဦးက ဟင်းများတစ်လှည့် ထမင်းဖြူတစ်လှည့်နှင့် တစ်မျိုးလျှင် တစ်ကြိမ်စီ အလှည့်ကျ စားနေသည်မှာ အံ့သြစရာပင်ကောင်းသေးတော့သည်။

သူက ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုရခြင်းကို သဘောကျပုံပေါ်ရာ အစာစားခြင်း အလွန်တရာနှေးသည်မှာ အဆန်းမဟုတ်ပေ။ ပတ်ဝန်းကျင်အား စေ့စေ့စပ်စပ်ကြည့်ပြီးမှသာ ခေါင်းငုံ၍ အစာအနည်းမျှ စားလေသည်။

“ခင်ဗျားက ကောင်းကောင်းမွန်မွန်လည်း ဝတ်စားထားသေးတယ် ပိုက်ဆံပြတ်လတ်နေပုံလည်း မပေါ်ပါဘူး.. ဘာလို့ ဒီမှာအဲ့လောက်အချိန်အကြာကြီး စားနေတာလဲ” လင်းဟုန်က သူ့မေးစေ့ကို ပွတ်လိုက်ပြီး စပ်စုလိုဟန်ပေါ်နေသည်။

“မင်းတကယ်သိချင်တာလား” ဝတ်စုံပြည့်နှင့်လူက သူ၏ ဖန်တရာတေမေးခွန်းများကြောင့် စိတ်ရှုပ်ထွေးလာပုံရပြီး နောက်ဆုံးတွင် လင်းဟုန်ဘက်သို့ လှည့်ကာပြောသည်။

“ဒါပေါ့” လင်းဟုန်ခေါင်းညိတ်လိုက်သည်။

“တကယ်တမ်းပြောရရင် ဒီဆိုင်ကဟင်းတွေက အရမ်းကို သာမန်ဖြစ်လွန်းသလို ခံစားရတယ်” ထိုလူစကားပြောသည်နှင့် အံ့သြဖွယ်ရာစကားကို ပြောတော့သည်။

ယွမ်ကျိုးပင်လျှင် ထိုလူအား တအံ့တသြကြည့်မိလေသည်။

"ကျုပ်တကယ်ပြောတာ အရသာက

တကယ့်ကို သာမန်ပဲ” လင်းဟုန် မယုံမကြည်ဖြစ်နေသည်ကို မြင်သောအခါ ဝတ်စုံပြည့်နှင့်ထိုလူက အခိုင်အမာထပ်ပြောသည်။

“‌ဪ.. ဪ အဲ့ဒါဆိုရင်လည်း ခင်ဗျားဘာလို့ ဒီ့ထက်ပိုကောင်းတဲ့ဆိုင်ကို မရှာတာလဲ.. ဒါမှမဟုတ်.. ဒီဆိုင်နဲ့ အရသာ တထေရာတည်းတူတဲ့ဆိုင်ကို ရှာပေါ့.. ဒီဆိုင်လောက်စည်းကမ်းမများရင် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား” လင်းဟုန်က သရော်တော်တော်ပြောသည်။

“အဲ့လိုဆိုင် မရှိလို့ပေါ့ကွာ.. ရှိရင် ငါသေချာပေါက် သွားပြီးပြီ” ဝတ်စုံပြည့်နှင့်လူက အလေးအနက်ပြောလာသည်။

“ခင်ဗျားဒီလို အကြောင်းပြချက်မျိုးပေးမယ်လို့ ကျွန်တော်ဘယ်တုန်းကမှ ထင်မထားဘူး.. ဟင်းတွေက အရမ်းသမားရိုးကျဆန်လွန်းတယ် ထင်လို့ ခင်ဗျားလာတိုင်း ဒီမှာ တနေ့လယ်ခင်းလုံးထိုင်နေတာလား” လင်းဟုန်၏ လေသံတွင် ရွဲ့စောင်းပြောဟန် ပေါ်လွင်နေသည်။

“ဟုတ်တယ်လေ.. ကျုပ်အဲ့လိုထိုင်နေတာ ပန်းချီကားတွေနဲ့ လူတွေရှိလို့ပဲ” ဝတ်စုံပြည့်နှင့်လူက ဝူဟိုင်ဆွဲပေးထားသည့် စားသောက်ဆိုင်လေးရှေ့မှ လူတွေဖြတ်သန်းသွားလာနေကြပုံ ပန်းချီကားကို ညွှန်ပြကာ သေချာပြောလေသည်။

“ဪ” လင်းဟုန်က သံသယမကင်းသေးသလို ဖြေသည်။ သူက ထိုလူအား လုံးဝနားမလည်နိုင်ချေ။

“မင်းမလာတဲ့နေ့ဆိုရင် ကျုပ်လည်းမလာပါဘူး” ဝတ်စုံပြည့်နှင့်လူက ပြုံးလျက်ပြောသည်။

“ဂုဏ်ယူရမှာပေါ့လေ” လင်းဟုန်က လှောင်ရယ်,ရယ်လိုက်သည်။

ထို့နောက် သူတိတ်ဆိတ်သွားပြန်သည်။ သူ့အမြင်တွင် ယွမ်ကျိုး၏ ဟင်းများမှာ ကမ္ဘာပေါ်တွင် ရှားပါးလှသော စားကောင်း သောက်ဖွယ်များဖြစ်သော်လည်း ထိုလူက အံ့သြစရာကောင်းလောက်အောင် အလွန်တရာသာမန်ဆန် သည်ဟု ခံစားရပါသတဲ့။ ထိုလူက စားသုံးသူများရှေ့တွင် ဟန်လုပ်နေခြင်းဖြစ်ကြောင်း သိသာလှပေသည်။ ရယ်စရာ ကောင်းလိုက်ပါတကား။ သူ့ရှေ့တွင် ဟန်ဆောင်ရဲသည်ပေါ့လေ။

“ဘယ်အရာကများ ခင်ဗျားကို ဒီဟင်းတွေက သာမန်လိုခံစားရစေတာလဲ ပြောပြစမ်းပါ” ခဏကြာပြီးနောက် လင်းဟုန်က မေးလိုက်သည်။

“သာမန်ဆန်တယ်ဆိုတာက ကျုပ်အရသာမခံနိုင်တာကို ပြောတာလေ” ဝတ်စုံပြည့်နှင့်လူက သူ့ပါးစပ်ကို လက်ညှိုး ထိုးပြကာ အသာပြောသည်။

“အရသာခံချင်ရင်တော့ ဆားလျက်တာက ပိုကောင်းမယ်ထင်တယ်” လင်းဟုန်က တဲ့တိုးပြောသည်။

“အင်း အဲ့လိုဆိုရင်တော့ ကျုပ်သေချာပေါက်အရသာခံနိုင်‌လောက်မယ်" ဝတ်စုံပြည့်နှင့်လူက ခေါင်းညိတ်သည်။

“ထားပါတော့‌ဗျာ.. ကျွန်တော်ခင်ဗျားနဲ့ ဆက်မပြောချင်တော့ဘူး” လင်းဟုန်က အကြောင်းပြချက်အစစ်အမှန်ကို သိပြီးနောက် ရုတ်ချည်းစိတ်ဝင်စားမှု ပျောက်ဆုံးသွားတော့သည်။ သူက လှည့်ထွက်သွားဟန် ပြင်လိုက်သည်။

ထိုအချိန်၌ ဝတ်စုံပြည့်နှင့်လူက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလာသည် “ဘာအရသာလဲဆိုတာ ကျုပ် ဘာကြောင့်မပြောနိုင်တာလဲဆိုတော့ ကျုပ်မှာ အရသာခံနိုင်စွမ်းမရှိလို့ပါ”

လင်းဟုန်ထွက်မသွားခင် သူ့ခြေလှမ်းများကို ခဏရပ်လိုက်သည်။

“လက်စသတ်တော့ အဲ့လိုကိုး” ထွက်သွားပြီးခါမှ လင်းဟုန်က ဝတ်စုံပြည့်နှင့်လူအား လှည့်ကြည့်လိုက်သည်။

ထိုလူမှာ ဆိုင်အတွင်း၌ ဖြစ်ပျက်နေသည်များကို ဟိုဟိုသည်သည် လှည့်ကြည့်နေရင်း သူ့ဟင်းပွဲများအား စားသောက် နေလျက်ပင် ရှိသည်။ ထိုလူထိုင်သည့် ရှုထောင့်မှ ဆိုင်အတွင်းရှိ အရာတိုင်းကို ကောင်းကောင်းမြင်နိုင်လေသည်။

ယခုမှပင် လင်းဟုန်က ဝတ်စုံပြည့်နှင့်လူပြောသည့် စကား၏ အဓိပ္ပါယ်ကို နားလည်တော့သည်။ ထိုသူက မည်သည့် အရသာကို ပြောဆိုနိုင်ခြင်း မရှိရာ ဟင်းပွဲများမှာ မည်မျှအရသာရှိသည်ကို မခွဲခြားနိုင်သည်မှာ သဘာဝကျပေသည်။

ဆိုင်သို့လာစားရသည်မှာ စားသောက်ဆိုင်တွင် စားရသည့် ခံစားချက်ကို ခံစားလိုခြင်းသက်သက်သာဖြစ်သောကြောင့် သူ့ထိုင်ခုံကို အခြားသူများအား ပေးရန် ဝန်လေးနေခြင်းဖြစ်ပေသည်။

ထိုသူ၏ “မင်းမလာရင် ကျုပ်လည်း မလာပါဘူး” ဆိုသည့် စကား၏ အဓိပ္ပါယ်ကိုလည်း နားလည်လေသည်။

ဆိုင်ထိုင်နေရသည်ကို သဘောကျသည့် ထိုလူက အမှန်တွင် ဝူဟိုင်က သူဌေးယွမ်အား နေ့စဉ်စနောက်နေသည့် မြင်ကွင်းကို လည်းကောင်း၊ ကျန်းချန်ရှီက သူဌေးယွမ်ကို ကလူကျီစယ်သည့် မြင်ကွင်းကိုလည်းကောင်း ကြည့်လိုခြင်း သာဖြစ် သည်။

သူက တံခါးဝတွင် ထောင်ထားသည့် စိတ်နှလုံးနွေးထွေးစေသည့် ဆိုင်းဘုတ်ကိုလည်းကောင်း၊ ဟင်းပွဲအသစ်ထွက် တိုင်း ရောက်လာတတ်သည့် မာကျစ်သာ့ဟူသည့် လူကိုလည်းကောင်း၊ အစားအသောက်စားတိုင်း အထွန့်တက်,တက် သည့် လီယန်ရီကိုလည်းကောင်း မှတ်မိနေသည်။

ထိုသူတို့၏ အမည်များကို မသိသော်လည်း မျက်နှာမြင်လျှင် မှတ်မိသည်။ သို့သော် ထိုအခြင်းအရာများမှာ အလွန် စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဥပမာဆိုရသော် ဝူဟိုင်းနှင့် စနောက်ရသည်ကို သဘောကျသည့် လင်းဟုန်ဆိုသည့် ပုဂ္ဂိုလ်ပင်။ လင်းဟုန်က မည်သည့်အခါမျှ လျှော့ဈေးဟင်းများကို မစားကြောင်းကို သူသိလေသည်။

သူက အရသာကို မပြောနိုင်သော်လည်း အစားအသောက်စားရသည့် ပတ်ဝန်းကျင်အနေအထားမှာလည်း လွန်စွာ အရေးကြီးပေသည်။

“ဟင်း..ဟင်း. စိတ်ဝင်စားစရာပဲ” ထို့နောက် လင်းဟုန်က ပြုံးလျက် ခေါင်းကို အသာယမ်းကာ ခြေလှမ်းကျဲကြီးများ ဖြင့် ထွက်သွားလေတော့သည်။

သူတို့၏ စကားဝိုင်းကို ယွမ်ကျိုးလည်း ကြားလေသည်။ သူက ဟင်းပွဲများကို ချပေးပြီးနောက် ဝတ်စုံပြည့်နှင့်လူထံသို့ လျှောက်သွားလိုက်သည်။

“ခင်ဗျား အရသာခပ်ပြင်းပြင်း စားချင်လား” ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“မလိုပါဘူး. အဆင်ပြေပါတယ်” ဝတ်စုံပြည့်ဝတ်ထားသည့် လူက ယဉ်ကျေးစွာငြင်းလေသည်။

“ဟုတ်ကဲ့.. အဲ့ဒါဆို သုံးဆောင်ပါဦးဗျ” ယွမ်ကျိုးက ခေါင်းညိတ်ပြကာ ထွက်သွားသည်။

ယွမ်ကျိုးဘက်တွင် နေ့လယ်ခင်းအချိန်ရှိပြီ ဖြစ်သော်လည်း လော့စ်အိန်ဂျလိစ်တွင်မူ ညဆယ်နာရီခွဲ အချိန်ရှိနေပြီ ဖြစ်သည်။

“ဟေ့.. ဂျက်ခ်.. မင်းရဲ့ တရုတ်ခရီးစဉ်က ဘယ်လိုလဲ” ဂျက်ခ်၏ သူငယ်ချင်းတစ်ဦးက စပ်စပ်စုစုမေးလိုက်သည်။

“ပြောမနေပါနဲ့တော့ကွာ.. တော်တော်ဆိုးဆိုးပဲ” ဂျက်ခ်က ဖြေသည်။

အမှန်တွင် ဂျက်ခ်က ထိုကိစ္စကို ထုတ်မပြောလိုပေ။ သို့သော် ယွမ်ကျိုး၏ အိုင်ပီလိပ်စာကို စုံစမ်းခဲ့သူမှာ သူတစ်ဦးတည်း မဟုတ်ရာ ယွမ်ကျိုးက နိုင်ငံခြားသားများကို ဒေါ်လာကောက်ခံခဲ့ခြင်းမှာလည်း နောက်ဆုံး၌ ဖိုရမ်တွင် ဖော်ထုတ်ခံရပြီး ဖြစ်သည်။

သို့အတွက် ကိစ္စမှာ လူတော်တော်များများ သိပြီးဖြစ်လေသည်။

လူတစ်အုပ်မှာမူ ဖိုရမ်တွင် ရန်ဖြစ်နေကြဆဲဖြစ်သည်။ အချို့က ယွမ်ကျိုးကို ထောက်ခံအားပေးကြသော်လည်း အချို့က တိုင်စာပင် ပို့ချင်နေကြသည်။ သူ့ကို ထောက်ခံသူများတွင် အမေရိကန်လူမျိုး ပိုများလေသည်။

အမေရိကန်များက ဒီမိုကရေစီ၊ တန်းတူညီမျှမှုနှင့် လွတ်လပ်မှုတို့ကို အားပေးထောက်ခံကြကြောင်း လူတိုင်းအသိပင် ဖြစ်သည်။ သို့အတွက် မည်သူမဆို မည်သည့်ငွေကြေးကို လက်ခံအသုံးပြု မပြုအပေါ် ကိုယ်တိုင်ဆုံးဖြတ်ခြင်းက လွတ်လပ်ခွင့်များစွာအနက် တစ်ခုဖြစ်သည်မှာ သဘာဝကျပေသည်။

ယုတ်စွအဆုံးအနေဖြင့် ယွမ်ကျိုး၏ စားသောက်ဆိုင်ကို အမေရိကန်နိုင်ငံတွင် မဖွင့်ထားခဲ့၍သာ လက်မခံရခြင်းဖြစ်သည်။ ဖွင့်ထားခဲ့ပါက သူ့ဆိုင်တွင် ဒေါ်လာလက်ခံခြင်းမှာ အလွန်သမားရိုးကျဖြစ်မည် မဟုတ်ပါလော။

ထို့အတွက် လူအချို့က သူတို့၏ စူးစမ်းချင်စိတ်ကို ချွေးသိပ်ရန် အလို့ငှါ လာရောက်မြည်းစမ်းခွင့်ကို ရှာဖွေနေလျက် ရှိသည်။

သို့သော် ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ဆန့်ကျင်သော လူဦးရေမှာလည်း တိုးပွါးလျက်ရှိပြီး အဖွဲ့အစည်းတစ်ခု အဖြစ်ပင် ထူထောင်လိုက်ကြပြီး ဖြစ်သည်။

ထိုအဖွဲ့တွင် နိုင်ငံပေါင်းစုံမှ လူများပါဝင်လေသည်။ ယခုအချိန်တွင် ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ အခြားနိုင်ငံများတွင် ရုတ်ချည်းနာမည်ကြီးနေပြီ ဖြစ်သည်။ မည်သို့ဆိုစေ ကောင်းသောဂုဏ်သတင်း ကြီးခြင်း မဟုတ်သော်ငြား မရိုးသားသော ဆိုင်ရှင်တစ်ဦး၏ မကောင်းသတင်း ကြီးခြင်းသည်လည်း နာမည်ကြီးခြင်း တစ်မျိုး ပင်။

သို့သော်လည်း ယွမ်ကျိုးက ထိုဒုက္ခများကို လုံးဝလျစ်လျူရှုထားလေသည်။ စနစ်က တာဝန်အသေးလေး တစ်ခု ထပ်မံထုတ်ပြန်လိုက်ပြီ ဖြစ်ရာ ယခုအချိန်တွင် ယွမ်ကျိုးမှာ အလွန်ပျော်ရွှင်နေလျက်ရှိသည်။

အပိုင်း(၃၈၇)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၈)

စနစ်မှ ထိုတာဝန်လေးအား ချမှတ်ပေးချိန်မှာ အချိန်ကိုက်ဖြစ်သည်။ နေ့လယ်စာစားချိန် ပြီးခါစအချိန်၌ စနစ်က ထိုတာဝန်ကို ထုတ်ပြန်လာသည်။

စနစ်က ဖော်ပြသည် “တာဝန်အသစ်လေးတစ်ခု ရယူနိုင်ပါပြီ”

“ချီးပဲ.. ငါ့ဖုန်းမြည်နေတယ် ထင်နေတာ” စနစ်က ဖော်ပြလာသည့် စာလုံးများကို ယွမ်ကျိုးမြင်လိုက်ချိန်တွင် ချက်ချင်း မတုံ့ပြန်လိုက်နိုင်ပေ။

စနစ်က ဖော်ပြသည် “လက်ခံမည်လော.. ငြင်းပယ်မည်လော”

“မင်း ဘာဖြစ်နေတာလဲဟ” ယွမ်ကျိုးက အပေါ်မှ အောက်သို့ အကြမ်းဖျဉ်း သိမ်းကျုံးကြည့်လိုက်သည်။

သို့သော် စနစ်က သူ့အား မည်သို့မျှ ပြန်လည် ဖြေကြားခြင်းမပြုပေ။ “လက်ခံမည်လော ငြင်းပယ်မည်လော” ဟူသည့် စကားလုံးအချို့သာ ယွမ်ကျိုး၏ စိတ်အတွင်း၌ တိတ်ဆိတ်စွာ ပေါ်နေလျက် ရှိသည်။

“ထူးဆန်းလိုက်တာ” ယွမ်ကျိုးက အနည်းငယ်ရေရွတ်လိုက်ပြီးနောက် လက်ခံလိုက်သည်။

[အသေးစားတာဝန်] လေးလအတွင်း ဒယ်ပြားဖြင့် ကြော်လှော်ရာတွင် ဇွန်းပြားမသုံးဘဲ ဒယ်ပြားဖြင့်သာ အစားအသောက်များကို ဟိုဘက်သည်ဘက်လှန်ခြင်းအား နာရီ၆၀ပြည့်သည်အထိ လေ့ကျင့်ပါ။

(တာဝန်အတွက် အကြံပြုချက် - မာစတာရှက်ဖ်အလောင်းအလျာတစ်ဦးအနေဖြင့် သင်၏ ဒယ်ပြားဖြင့် ဟိုဘက်သည်ဘက် လှန်လှောကြော်လှော်ခြင်းစွမ်းရည်မှာ တိုးတက်ရန် လိုအပ်နေဆဲဖြစ်သည်။ ကျေးဇူးပြု၍ တာဝန် ပြီးမြောက်သည်အထိ ကြိုးစားဆောင်ရွက်ပါ။ လေ့ကျင့်ချိန်ကို သင်၏ ကိုယ်ပိုင်အားလပ်ချိန်အတိုင်း ချိန်ညှိပြောင်းလဲ နိုင်သော်လည်း သတ်မှတ်ကာလအတွင်း ပြီးမြောက်ဆောင်ရွက်ရမည် ဖြစ်သည်။)

[ဆုလာဘ်] ဟင်းသီးဟင်းရွက်များကို မှိုနှင့် ရောနှောကြော်နည်း

(ဆုရရှိရန် အတွက် အကြံပြုချက် - ဖုံးကွယ်ထားသည့် ဆုလာဘ်မှာ သင့်အနေဖြင့် လက်ကောက်ဝတ်ကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် ဖြစ်‌ပေါ်လာသည့် နာကျင်မှုအတွက် စိုးရိမ်ရန် မလိုတော့ခြင်းဖြစ်သည်။ စနစ်မှ ထိုပြဿနာကို သင့်အတွက် အလိုအလျောက်ဖြေရှင်းပေးသွားမည် ဖြစ်သည်။ ထို့အတွက် ကျေးဇူးတင်ရန် မလိုပါ။)

“အဲ့ဒါက ဆုပေါ့လေ” စနစ်မှ ဖော်ပြလာသည့် တာဝန်အကြံပြုချက်နှင့် ဆုလဒ်အကြံပြုချက်တို့အပေါ် ယွမ်ကျိုး အထွန့် မတက်သည်မှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ထို့အစား သေချာစွာ စဉ်းစားတွေးတောရေရွတ်လျက်ရှိသည်။

“တာဝန်က ဒီနေ့စမှာလား မနက်ဖြန်မှစမှာလား” ယွမ်ကျိုးက မေးသည်။

စနစ်က ဖော်ပြသည် “မနက်ဖြန် မနက်ကစပြီး အချိန်ကို တရားဝင်ရေတွက်သွားမှာဖြစ်ပါတယ်”

“ကောင်းပြီ” ယွမ်ကျိုးခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက LED စာရေးဘုတ်ပြားကို ယူကာ စတင်ရေးသားတော့သည်။

[ယနေ့မှစ၍ ကျွန်တော်ပြန်လည်အစားထိုးပေးရန် ကျန်ရှိသည့် ဆိုင်ဖွင့်ချိန်များအားလုံးကို အလျော်ပေးသည့် အနေဖြင့် ညစဉ်အသားကင်ရောင်းချိန်ကို .၂နာရီ ထပ်မံတိုးမြှင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်]

လက်မှတ်နေရာ၌ ယွမ်ကျိုး၏ လက်မှတ်က သဘာဝကျကျနေရာယူထားသည်။

“အင်း ဒါဆိုရပြီ” ယွမ်ကျိုးက ထိုသို့ရေးပြီးနောက် ဘယ်မှညာသို့ အပြန်ပြန် အလှန်လှန်ကြည့်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ညနေစာရောင်းချိန်၌ ဆိုင်အပြင်ဘက်တွင် ထားရန် ပြင်လေသည်။

ထိုဆိုင်းဘုတ်ကို မည်သည့်အတွက်ကြောင့် ယခုချက်ချင်း ဆိုင်အပြင်ဘက်သို့ မထုတ်ရသနည်းဆိုသည့် မေးခွန်းအတွက် အဖြေက ရှင်းပေသည်။ ညနေဘက်တွင်သာ LED စာရေးဆိုင်းဘုတ်က ကောင်းစွာ တောက်ပသောကြောင့် ဖြစ်သည်။

သို့သော်လည်း စားသုံးသူများက ယွမ်ကျိုးစားသောက်ဆိုင် အပြင်ဘက်ရှိ အရောင်အသွေးစုံလင်လှသည့် LED ဆိုင်းဘုတ်ကို သဘောကျ မကျဆိုသည်မှာမူ မတူညီသည့် ကိစ္စတစ်ခုဖြစ်ပေသည်။ မည်သို့ဆိုစေ သူတို့က ယွမ်ကျိုး၏ အလှအပ အပေါ် ခံစားချက်အမြင်နှင့် သိပ်နေသားတကျမဖြစ်သေးပေ။

ညနေစာရောင်းချိန်ရောက်သောအခါ ဝူဟိုင်က စားသောက်ဆိုင်သို့ ပထမဆုံး ရောက်လာပြန်သည်။

“သူဌေးယွမ်.. အသားကင်စရောင်းမယ့် အချိန်က ဘယ်အချိန်လဲ” ဝူဟိုင်းက အခြားမည်သည့်အရာမဆိုထက် အစားအသောက်ကိုသာ ဂရုစိုက်လေသည်။

“ညကိုးနာရီ” ယွမ်ကျိုးက အစားစားရန်သာ သိသည့် ဝူဟိုင်းကို သဘောမကျသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

“အဲ့ဒါဆိုလည်း ဘာကြောင့် သေချာရှင်းရှင်းလင်းလင်း မရေးထားလဲ.. အဲ့လိုမှ အချိန်မီလာလို့ရမှာပေါ့” ဝူဟိုင်းကလည်း ယွမ်ကျိုးအပေါ် မကျေနပ်သလို ပြောပြန်သည်။

“မင်းက ဒီနားမှာပဲ နေတဲ့ဟာကို.. လာချင်တဲ့အချိန် လာလို့ရနေတာပဲ” ယွမ်ကျိုးက လမ်းတစ်ဘက်ရှိ အဆောက်အဦကို မေးငေါ့ပြကာ ပြောလိုက်သည်။

“ဒါနဲ့စကားမစပ်.. ငါ့မှာ အရမ်းအရေးကြီးတဲ့ ပြဿနာကြီးတစ်ခု ရှိနေတယ်” ဝူဟိုင်းက သူ့နှုတ်ခမ်းမွေးကို သပ်ကာ အလေးအနက်ပြောလာသည်။

“ပြောလေ” ယွမ်ကျိုးက ခေါင်းညိတ် သည်။

“မင်းက ဆိုင်ဖွင့်ချိန်ကို အစားထိုး ပြန်ဖွင့်ပေးမယ်ဆိုတော့ အရင်ကဟာတွေကိုရော ပြန်လျော်ပေးသင့်တယ် မထင်ဘူးလား” ဝူဟိုင်းက မျက်နှာညာဘက်အခြမ်းရှိ သူ့နှုတ်ခမ်းမွေးလေးကို လက်ဖြင့်သပ်နေရင်း အရေးတကြီး ပြောသည်။

“ဟမ်” ဝူဟိုင်ကို ကြည့်ရင်း ယွမ်ကျိုး အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

“ကိစ္စမရှိပါဘူး.. မင်းငါတို့ကို ဘယ်လောက်တောင် အကြွေးတင်နေလဲဆိုတာ မမှတ်မိရင် ငါတို့ကူညီပေးနိုင်ပါတယ်” ဝူဟိုင်းက ယွမ်ကျိုးကို သူ့အနောက်ဘက်သို့ လှည့်ကြည့်ရန် အချက်ပြရင်း ပြောသည်။

မျှော်လင့်ထားသည့် အတိုင်းပင်.. သူ့အနောက်တွင် ရောက်နေကြသော အခြားစားသုံးသူများကလည်း တစ်ဦးပြီး တစ်ဦး ခေါင်းညိတ်ပြလာကြသည်။

“ဒါ့အပြင် ငါ့မှာ အဲ့အကြောင်းတွေ အကုန်ချရေးထားတဲ့ မှတ်စုစာအုပ်လေးလည်း ရှိသေးတယ်” ဝူဟိုင်းက မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ကာ ပြောပြန်သည်။

“မလိုဘူး.. ငါမှတ်မိတယ်” ယွမ်ကျိုးက ဝူဟိုင် ဆက်ပြောမည်ကို ဟန့်တားလိုက်သည်။

“ကြည့်ရတာ ကျွန်မတို့တော့ အသားကင်ကို နောက်လအတော်ကြာတဲ့အထိ စားရတော့မယ်ထင်တယ်” ဘေးဘက်ရှိ မန်မန်က ပျော်ရွှင်စွာပြောသည်။

“စိတ်မကောင်းစရာပဲ.. အရင်က ငါယူခဲ့တဲ့ ခွင့်တွေအတွက် အစားပြန်ပေးဖို့ တွေးမထားဘူး” ယွမ်ကျိုးမျက်မှောင် ကြုတ်ကာ ရုပ်တည်ကြီးဖြင့် ပြောသည်။

ထို့နောက်တွင်မူ စားသုံးသူများ အားလုံးက မြည်တွန်တောက်တီးကုန်ကြသည်။ ဝူဟိုင်က စပ်စပ်စုစုမေးသည် “အဲ့ဒါဆို ဘာလို့ ဒီတစ်ခါယူတဲ့ ခွင့်ကျမှ အစားပြန်ပေးနေတာလဲ”

“ငါ့စည်းကမ်းက စားသုံးသူတွေရဲ့ အချိန်ကို ငါ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မနှောင့်နှေးစေရဘူးဆိုတာလေ.. ဒါပေမယ့် အရင်ကဟာတွေက ငါ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပိတ်တာမှ မဟုတ်တာကို” ယွမ်ကျိုးက မားမားမတ် မတ်ရပ်ကာ အခိုင်အမာ ပြန်ပြောသည်။

“ရပြီ.. သဘောပေါက်ပြီ” ဝူဟိုင်းက စိတ်မပါသလို အမူအရာဖြင့် ခေါင်းညိတ်သည်။

“သံလိုက်အိမ်မြှောင်လို့ ရှင့်ကိုခေါ်ကြတာ မအံ့သြတော့ပါဘူး.. ရှင်က ကိစ္စတွေကို သေချာရှင်းရှင်းလင်းလင်း ခွဲခြား သတ်မှတ်ထားတာပဲ” မန်မန်ကလည်း မည်သို့မျှစကားမဆိုနိုင်တော့ဟန် ရှိနေသည်။

“မင်းရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်မဟုတ်ဘူးဆိုရင် အဲ့ဒါတွေက ဘာတွေတုန်း” ဝူဟိုင်းက ခေါင်းမော့ကာ သိချင် စိတ်ဖြင့် မေးလိုက်သည်။

“ဆိုင်ဖွင့်ချိန်စပြီနော်.. ဟင်းတွေမှာလို့ရပြီ” သူမဖြေချင်သော မေးခွန်းများနှင့် မည်သို့ငြင်းရမည်မသိသော မေးခွန်းများရောက်လာပါလျှင် ယွမ်ကျိုးက စကားဝိုင်းခေါင်းစဉ်ကို ကျွမ်းကျွမ်းကျင်ကျင် ပြောင်းလဲပစ်နိုင်လေသည်။

“သူဌေးယွမ်ရေ.. ဒီလိုစကားလမ်းကြောင်းပြောင်းလိုက်တာကြီးက အရမ်းသိသာမနေလွန်းဘူးလား” မန်မန်က မနေနိုင်ဘဲ အထွန့်တက်လိုက်သည်။

“မဟုတ်ဘူး.. စကားလမ်းကြောင်းပြောင်းတာမဟုတ်ဘူး.. အတည်ပြောနေတာ” ယွမ်ကျိုးက အချိန်စေ့နေပြီဖြစ်ကြောင်း ညွှန်ပြ လေသည်။

“တကယ်အချိန်ကျပြီဟ.. ဟင်းတွေမြန်မြန်မှာရအောင်ဟေ့” ဝူဟိုင်းက အမှန်တကယ် ဆိုင်ဖွင့်ချိန် ရောက်ပြီဖြစ်ကြောင်း တွေ့သောအခါ သူ့ဘေးဘက်ရှိ ကျိုကျာကို လှမ်းပြောသည်။

ထို့နောက်တွင်မူ စားသုံးသူများက ဟင်းပွဲများ စတင်မှာယူကြတော့သည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက တန်းစီရေး ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ ရှိနေသည်။ ယခုအကြိမ်၌ မြန်မြန်စားပါက နောင်တစ်ချိန် သူတို့ နောက်ကျသည့်အခါတွင်လည်း မြန်မြန်အလှည့်ရောက်နိုင်မည် ဖြစ်သည်။

သူတစ်ပါးအတွက် အနစ်နာခံရန် ခက်ခဲသော်လည်း နောင်တစ်ချိန် မိမိကိုယ်တိုင် အကျိုးခံစားခွင့်ရမည့်အရေး အတွက် အနစ်နာခံရန်မှာမူ လွယ်ကူပေသည်။

ယွမ်ကျိုး၏ ကြိုတင်အကြောင်းကြားချက်သည် လွန်ခဲ့သော ရက်အနည်းငယ်က ကြိုတင်အကြောင်းကြားချက် မရှိသဖြင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသော စားသုံးသူအတော်များများကို စိတ်သက်သာရာရစေလေသည်။

ယခင်က ဆုံးရှုံးနစ်နာသွားသော အချိန်များအတွက် အစားပြန်ထိုးပေးမည်ဟု ယွမ်ကျိုးကတိပေးခဲ့ဖူးသော်လည်း ထို့နောက်တွင်မူ မည်သည့်သတင်းမျှ ထပ်မရခဲ့ချေ။ စားသုံးသူများအားလုံးက ထိုကိစ္စအကြောင်းမေးချင်ကြသော် လည်း မည်သို့မေးရမည် မသိပေ။ မျက်နှာအရေထူလှသော ဝူဟိုင်းနှင့် လင်းဟုန်တို့ပင် မမေးရာ အခြားသူများမှာ ဆိုဖွယ်ရာမရှိဖြစ်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ယွမ်ကျိုးက သူ့ဆန္ဒအလျောက် အစားပြန်ထိုးပေးမည်ဖြစ်ကြောင်း ဆုံးဖြတ်လာသည်။

ဆုံးရှုံးသွားသော အချိန်များအတွက် အစားပြန်ရခြင်းက ဆုရသကဲ့သို့ပင် ဖြစ်သည်။ စားသုံးသူအတော်များများက ဆိုင်သို့ တဟုန်ထိုး ပြေးလာကြတော့သည်။ သူတို့အားလုံးက ပျော်ရွှင်စွာ စားသောက်ကြပြီး အတော်ပျော်နေကြပုံ ရသည်။

“သူဌေးရေ.. ကျွန်မဒီပစ္စည်းတွေ ရှင်းထုတ်လိုက်တော့မယ်နော်” ရှန်မင်က အသားကင်ရောင်းချိန်ပြီးနောက် ထွက်ကာ ပြောသည်။

“အင်း.. ပစ်လိုက်တော့” ယွမ်ကျိုးခေါင်းညိတ်လိုက်သည်။

ရှန်မင်အတွက် အလုပ်အများကြီး လုပ်ရသည်မှာ အတော်ရှားသည်။ စိတ်အနှောက်အယှက်ဖြစ်ရမည့်အစား သူမက အတော်ပင် စိတ်ကျေနပ်နေသေးသည်။ ထို့ကြောင့် အလုပ်ကို လျင်မြန်စွာ လုပ်တော့သည်။

အသားကင်ရောင်းသည့် နေရာတွင် အလုပ်များ လက်စသိမ်းပြီးသောအခါ အရက်ဆိုင်ဘက်အခြမ်းတွင်လည်း အကုန် လုံး ပြီးလုနီးဖြစ်နေပြီ ဖြစ်သည်။ အကုန်လုံးသိမ်းဆည်းပြီးနောက်တွင် သူမအလုပ်ဆင်းရမည့်အချိန် ရောက်လာချေ ပြီ။

အစားထိုးပြန်ဖွင့်ပေးသည့် ပထမရက်မှာ ထိုအတိုင်း တိတ်တိတ်ဆိတ်ဆိတ်သာ ပြီးဆုံးသွားသည်။

နောက်တစ်နေ့၌ ယွမ်ကျိုးက နေ့လယ်ခင်းတွင် ဒယ်ပြားဖြင့် ဟိုဘက်သည်ဘက်လှန်ခြင်းကို လေ့ကျင့်ရန် အချိန် သတ်မှတ်လိုက်သည်။

“စနစ်ရေ.. ဒါက မင်းပြင်ဆင်ထားတယ်ဆိုတဲ့ဟာလား” ယွမ်ကျိုးက အသစ်ရောက်ရှိနေသော ဒယ်ပြားနှင့် ယောက်မအပြင် အသစ်ကျပ်ချွတ်သံမှုန်စများကို ကြည့်ရင်း မေးလိုက်သည်။

(T/L note: သံမှုန်စတွေကို သုံးတာက ဈေးသက်သာပြီး အလေးချိန်လည်းစီးလို့ တကယ့်စားသောက်ကုန်ပစ္စည်းတွေအစား သုံးကြတာပါ)

စနစ်က ဖော်ပြလာသည် “ဆိုင်ရှင် ဒါတွေကို လေ့ကျင့်ဖို့ သုံးနိုင်ပါတယ်.. လက်ကောက် ဝတ်အသုံးပြုမှုများလို့ နာတာ ကျင်တာဖြစ်လာရင် ညအိပ်ရာဝင်လိုက်တာနဲ့ အလိုအလျောက်ပျောက်သွားမှာပါ”

“ကောင်းပြီ” ယွမ်ကျိုးက အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ စတင်လေ့ကျင့်တော့သည်။

သူက ဒယ်ပြားကို ဘယ်ဘက်လက်နှင့်ယူကာ ညာလက်တွင် ယောက်မကို ကိုင်ထားသည်။ ထို့နောက် ဒယ်ပြားအတွင်းမှ တရှဲရှဲအသံများ ထွက်ပေါ်လာလေသည်။

“အခုကစပြီး နေ့တိုင်း ဒယ်ပြားလှန်လေ့ကျင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး” ယွမ်ကျိုးက ရုတ်တရက်ကြီး ညည်းညူလိုက်သည်။

အပန်းဖြေရမည့်အစား သူက စိတ်အားထက်သန်စွာ လေ့ကျင့်နေသည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်အတွင်းမှ တရှဲရှဲအသံများမှာ စည်းချက်ကျကျ ထွက်ပေါ်နေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ယွမ်ကျိုး၏ဖုန်းက တိတ်ဆိတ်စွာမနေလိုတော့ဟန်ဖြင့် ရုတ်တရက်ထမြည်လာ သည်။

“ကလင် လင် လင် လင်”

“အချိန်ပြည့်သွားပြီနဲ့တူတယ်” ယွမ်ကျိုးက ပစ္စည်းများကို သေချာပြန်ချလိုက်သည်။

ထို့နောက် သူက ညနေစာရောင်းရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်လေသည်။

ဤသို့ဤနှယ် ပြင်ဆင်ပြီးနောက် သူက အသားကင်ရောင်းချိန်ကို စီစဉ်ထားသည့်အတိုင်း နှစ်နာရီတိုးကာ ရောင်းလိုက်သည်။ ထို့ကြောင့် သူ့ထံ၌ လေ့ကျင့်ရန် အချိန်မရှိတော့ပေ။

ယွမ်ကျိုးအိပ်ရာမဝင်မီ အချိန်လေးတွင် စနစ်က ရုတ်တရက်ထွက်ပေါ်လာပြန်သည်။

စနစ်က ဖော်ပြသည် “ဆိုင်ရှင်၊ ဒီနေ့ နာရီဝက်ပဲ လေ့ကျင့်ရသေးတယ်နော်”

“အင်း ဟုတ်တယ်” ယွမ်ကျိုးက အိပ်ရာခေါင်းရင်းကို မှီထားပြီး စာအုပ်လှန်လိုက်သည်။

စနစ်က ဖော်ပြသည် “ဒီစနစ်ရဲ့ တွက်ချက်မှုအရ တစ်နာရီလေ့ကျင့်ရမှာ ဖြစ်ပါတယ်”

“လက်စသတ်တော့ မင်းက အကဲဖြတ်တာတွေပါ လုပ်ပြီးပြီကိုး” ယွမ်ကျိုးက တည်ငြိမ်စွာပြောသည်။

စနစ်က ဖော်ပြလာပြန်သည် “ဟုတ်ပါတယ်”

“ငါဒီထက်ပိုပြီး လေ့ကျင့်ဖို့လိုတယ်လို့ မင်းထင်တယ်ပေါ့လေ” ယွမ်ကျိုးက ရုတ်ချည်း သဘောပေါက်သွားကာ မေးလိုက်သည်။

သို့သော် စနစ်က သူ့မေးခွန်းအား ပြန်မဖြေလာတော့ပေ။

ယွမ်ကျိုးကလည်း စနစ်က သူ့ကို ပြန်ဖြေပေးရန် မမျှော်လင့်ထားပါ။

နာရီဝက်ကြာပြီးနောက်တွင်မူ သူ၏ စာဖတ်ချိန် ပြည့်ပြီဖြစ်သဖြင့် အိပ်ရာဝင်တော့မည် အပြုတွင် ယွမ်ကျိုးက ပြန်ပြောလိုက်သည် “ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိပါတယ်”

ယွမ်ကျိုး၏ အစီအစဉ်မှာ မည်သို့ဖြစ်မည်မှန်း မည်သူမျှ မသိနိုင်ချေ။

အပိုင်း(၃၈၈)

ပြီးပါပြီ။

All Chapters