← Chapters

အခန်း (၃၈၉-၃၉၀)

Vol. 29 Ch. 389-390

အခန်း (၃၈၉-၃၉၀)

Vol. 29 Ch. 389-390

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၉)

ညအချိန်အခါက အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။

“ဒင် လင် လင် ဒင် လင် လင်” ယွမ်ကျိုးက သူ့နာရီနှိုးစက်သံကြောင့် နိုးလာသည်။

မနက်အစောအိပ်ရာထပြီးနောက် ယွမ်ကျိုးက လမ်းလျှောက်ထွက်ရမည့်အစား မျက်နှာသစ် ခြေလက်ဆေး ကြောကာ အောက်ထပ်ရှိ မီးဖိုခန်းသို့သာ တန်းဝင်သွားသည်။

“ဟူး.. နာရီဝက်လောက် လေ့ကျင့်လို့ရသေးတယ်” ယွမ်ကျိုးက ဒယ်ပြားနှင့် ယောက်မကို ကိုင်ကာ အသက်ရှုသွင်း ရှုထုတ်လုပ်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ဆိတ်ငြိမ်သော မီးဖိုခန်းအတွင်းမှ သံမှုန်များနှင့် ဒယ်ပြားပွတ်တိုက်သံ တရှဲရှဲသာ ထွက်ပေါ် လာတော့သည်။

စနစ်က ယွမ်ကျိုးမနက်အစောအိပ်ရာထပြီး လေ့ကျင့်ခန်းမလုပ်တော့ဘဲ ဒယ်ပြားဖြင့် ဟိုဘက်သည်ဘက်လှန်ခြင်း လေ့ကျင့်သည်ကို အနည်းငယ်အံ့သြနေလေသည်။ မည်သို့ဆိုစေ စနစ်၏ အမြင်တွင် ယွမ်ကျိုးက သူ့ခန္ဓာကိုယ် ထိန်းသိမ်းမှုအပေါ် အလွန်အင်မတန် ဂရုစိုက်သူဖြစ်လေသည်။

သို့သော်လည်း အံ့သြသည်ထက်တော့ မပိုပေ။ မနေ့က နာရီဝက်ခန့်သာ ယွမ်ကျိုးလေ့ကျင့်ခဲ့ရာ အလွန်ပေါ့ပေါ့ပါးပါး လေ့ကျင့်မှုမျိုးသာ ဖြစ်သည်။

သို့ရာတွင် စနစ်က ယခုတစ်ကြိမ်၌ မှားယွင်းသည့် ထင်မြင်ယူဆချက် တစ်ခုပြုခဲ့မိလေပြီ။

စားသောက်ဆိုင်အတွင်းတွင်မူ တစ်စုံတစ်ယောက်က သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိသွားသည်။

“ဒီနေ့ သူဌေးယွမ် တစ်ခုခုဖြစ်နေတယ်လို့ မင်းထင်လား” ဝူဟိုင်းက နေ့တိုင်းလာသူဖြစ်ရာ ယွမ်ကျိုးနှင့် ပတ်သက်၍ သေချာရှင်းရှင်းလင်းလင်း သိလေသည်။ သူက ဘေးဘက်ရှိ ချန်ဝေဘက်သို့ လှည့်ကာ မေးသည်။

“ဘာဖြစ်လို့လဲ” အမဲသားကင်တစ်ဖတ်ကို မြိုချလိုက်ရင်း ချန်ဝေက ယွမ်ကျိုးကို တစ်ချက်ကြည့်လိုက်ကာ ဇဝေဇဝါ ဖြင့် ပြန်မေးသည်။

“သူ့လက်တွေကို အကင်ကင်တဲ့နေရာမှာ လုံးဝမသုံးဘူးလားလို့” ဝူဟိုင်က အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပုစွန် ကင်ကို အခွံပါတကြွပ်ကြွပ်ဝါးစားလိုက်ကာ အင်မတန်အရေးကြီးသည့် ကိစ္စကို ပြောနေသည့်အလား ပြောလာသည်။

“မင်းက အဲ့ဒါကို ဂရုစိုက်နေတာလား” ချန်ဝေက ထိုသို့သော ကိစ္စမျိုးကို မည်သည့်အခါကမှ ဂရုမထားခဲ့ချေ။ သူ့အတွက်မူ အသားဟင်းများနှင့် ဝိုင်ကောင်းကောင်းကသာ အရေးပါလေသည်။

စားဖိုမှူးတစ်ယောက် သူ့လက်ကို မည်သည့်နေရာတွင် သုံးသည် မသုံးသည်ကို မည်သူမှ ဂရုမစိုက်ပါပေ။

“ပန်းချီဆရာတစ်ယောက်ရဲ့ ဝါသနာတွေထဲကတစ်ခုက သူများတွေရဲ့ လက်ကို လိုက်ကြည့်တာပဲကွ” ဝူဟိုင်းက ပြီးစလွယ်ဖြေလိုက်သည်။

“မင်းတကယ်ပြောချင်တာက ဘာလဲကွ” ချန်ဝေက ဆိုလိုရင်းကို နားမလည်နိုင်သလိုခံစားရရာ မနေနိုင်ဘဲ ထုတ်မေးလေသည်။

“သူဌေးယွမ်ကြည့်ရတာ ဒီနေ့တော်တော်ပင်ပန်းနေပုံပဲကွ.. အခုလေးတင် သူမျက်မှောင်ကြုတ်လိုက်တာ ငါမြင်လိုက်ရ တယ်.. သူ့ရဲ့ အစားအသောက်အပေါ် တန်ဖိုးထားပုံအရဆို ချက်ပြုတ်နေတဲ့အချိန်မှာ မျက်မှောင်ကြုတ်ခဲတယ်ကွ” ဝူဟိုင်းက အလေးအနက်ပြောသည်။

“စားသောက်ဆိုင်ကို တစ်ယောက်တည်း ဒိုင်ခံလုပ်ရတာက တကယ်တမ်းတော့ တော်တော်ပင်ပန်းတဲ့အလုပ်ပဲလေ.. သူဌေးယွမ်ကို လက်ထောက်တစ်ယောက်‌လောက်ငှါးဖို့ ငါတို့အကြံပေးကြရင်ရော” ချန်ဝေကလည်း စဉ်းစဉ်းစားစား ပြန်ဖြေသည်။

“ပြောကြည့်ကြတာပေါ့” ဝူဟိုင်းက ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ သူစတင်လေ့ကျင့်သည့် ဒုတိယမြောက်နေ့ဖြစ်သည်။ ယွမ်ကျိုးထိုသို့ မျက်မှောင်ကြုတ်ရခြင်းမှာ နေ့လယ်ခင်းတွင် နောက်ထပ်နာရီဝက် လေ့ကျင့်ရဦးမည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် လေ့ကျင့်ရေး၏ နောက်ဆက်တွဲကိစ္စများမှာ ပေါ်ပေါက်လာချေပြီ။ သူ့လက်ကောက်ဝတ်၊ ပုခုံးနှင့် လက်မောင်းတို့မှာ ဆန္ဒပြနေကြရာ အကုန်လုံးနီးပါး နာကျင်ကိုက်ခဲလျက်ရှိသည်။

“လက်စသတ်တော့ ဒယ်ပြားလှန်တာကလည်း တော်တော်ပညာသားပါတာပဲ.. ဒီခန္ဓာကိုယ်ကလည်း ကြည့်ရတာ တစ်ရက်ကို အလုပ်ချိန်ခြောက်နာရီပဲ အများဆုံးလုပ်နိုင်တာ ထင်တယ်” ယွမ်ကျိုးစိတ်အတွင်း၌ ထိုသို့တွေးနေ သည်။

ကံကောင်းထောက်မစွာဖြင့် နေ့စဉ်အသားကင်ရောင်းချိန်မှာ နှစ်နာရီသာဖြစ်ရာ ဆောလျင်စွာ အချိန်ကုန်ဆုံး သွားလေသည်။

ယွမ်ကျိုးက အိပ်ရာမဝင်ခင် ရေချိုးလိုက်ပြီး ကြွက်သားများ နာကျင်ကိုက်ခဲမှုကို လျော့ပါးစေရန် အကြောဆန့် လေ့ကျင့်ခန်းတချို့ကို လုပ်လိုက်သေးသည်။

“တော်သေးလို့ ငါ့မှာ စနစ်ရှိနေတာ” ယွမ်ကျိုးက အိပ်ရာပေါ်၌ လဲလျောင်းကာ ကျေးဇူးတင်စွာ ပြောလေသည်။

နောက်တစ်နေ့ မနက်တွင်မူ ယွမ်ကျိုးက စနစ်အပေါ် မျှော်လင့်ချက် အလွန်အကြူး မထားသင့်ကြောင်း သိသွားတော့သည်။

“မင်းပဲပြောတော့ အလွန်အကျွံလေ့ကျင့်လို့ နာကျင်ဒဏ်ရာရရင် ပျောက်အောင်လုပ်ပေးမယ်ဆို” ယွမ်ကျိုးက နာကျင်ကိုက်ခဲနေသော ဘယ်လက်ကို ညာလက်ဖြင့်လှမ်းနှိပ်နယ်နေရင်း စနစ်ကို မေးလိုက်သည်။

စနစ်က ဖော်ပြသည် “အလွန်အကျွံလေ့ကျင့်လို့ရတဲ့ ထိခိုက်ဒဏ်ရာ‌တွေကို ဖယ်ရှားပေးပြီးပါပြီ”

“အဲ့ဒါဆို ငါ့လက်‌မောင်းက ဘာလို့နာနေသေးတာလဲ” ယွမ်ကျိုး၏ မျက်နှာပေါ်တွင် “ငါ့ကိုလာနောက်နေတာလား” ဟူသည့် အမူအရာမျိုး ပေါ်နေသည်။

စနစ်ကဖော်ပြသည် “ခွန်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးနောက်မှာ လူ့ခန္ဓာကိုယ်က လက်တစ်အက်ဆစ် ပမာဏ အများကြီးကို ထုတ်ပေးပါတယ်.. အဲ့ဒီအက်ဆစ်တွေကို အချိန်မီမဖယ်ရှားနိုင်ဘူးဆိုရင် ကြွက်သားတွေ နာကျင်ခံစားရစေပါတယ်.. တပြိုင်နက်ထဲမှာပဲ..ကြွက်သားတွေရဲ့ ပျော့ပျောင်းမှုနဲ့ ခွန်အားကို အလျင်အမြန် တိုးပွါးအောင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း အဲ့အက်ဆစ်တွေ ထွက်စေပါသေးတယ်.. ဒါပေမယ့် ကြွက်သားဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲစေနိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုကို ဖယ်ရှားပေးပြီးပါပြီ.. ဇီဝကမ္မဖြစ်စဉ် မြန်ဆန်မှုနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အဆိပ်သင့်စေမယ့် ဇီဝစွန့်ပစ် ပစ္စည်းတွေရဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးပါပြီ”

“အဲ့ဒီတော့ မင်းဆိုလိုချင်တာက နောက်ကွယ်က ထိခိုက်ပျက်စီးမှုတွေကို ရှင်းပေးပြီးပြီ ဒါပေမယ့် နာကျင်ကိုက်ခဲတာတော့ ချန်ထားခဲ့တယ်ပေါ့.. အဲ့လိုလား” ယွမ်ကျိုးက အကြမ်းဖျဉ်း သုံးသပ်လိုက်သည်။

စနစ်က ဖော်ပြသည် “ဆိုင်ရှင်ရဲ့ ကောက်ချက်ချမှုက အတော်လေး မှန်ကန်ပါတယ်”

ယွမ်ကျိုးက စနစ်၏ ပုံမှန်သဘောထားကို သိပြီးဖြစ်ရာ ထူးဆန်းသည်ဟု လုံးဝ မခံစားမိချေ။

“ရပြီ.. သဘောပေါက်ပြီ” ယွမ်ကျိုးခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် နာကျင်ကိုက်ခဲမှုများ သက်သာလျော့ပါးစေရန် အလို့ငှါ အကြောဆန့်လေ့ကျင့်ခန်းအချို့ လုပ်ရန် ကြိုးစားလေသည်။

အချိန်သည် လက်ထဲ၌ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသော သဲသို့နှယ် လျင်မြန်စွာ ပျောက်ကွယ်ကုန်ဆုံးသွားသည်။ ဒယ်ပြားလှန်ခြင်းကို ယွမ်ကျိုး စဉ်ဆက်မပြတ်လေ့ကျင့်ခဲ့သည်မှာ လဝက်ကျော်လာခဲ့ပြီ ဖြစ်သည်။

ထုံးစံအတိုင်းပင် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ စားသုံးသူများ နေ့စဉ်လာနေကြဆဲပင်။ သူက ဟင်းလျာများ ချက်ပြုတ်ရာတွင် အနည်းငယ် မျက်မှောင်ကြုံ့ဆဲဖြစ်သော်လည်း အလေးအနက် စိတ်ဝင်တစားလုပ်သည့်ဟန် ရှိလျက်သာ။ စားသုံးသူများကို နှုတ်ဆက်ရာတွင်လည်း ပြောင်းလဲခြင်းမရှိ တလေးတစားနှုတ်ဆက်ပြီး လိုအပ်သည်ထက် ဘယ်သောအခါမှ ပိုမပြောခဲ့ချေ။

ပုံမှန်ဖောက်သည်များ အားလုံးလိုလိုက ယခုနောက်ပိုင်း ယွမ်ကျိုးတစ်ယောက် စကားပိုနည်းလာပြီး အလွန်ပင်ပန်းသည့်ပုံ ပေါ်နေသည်ကို သတိပြုမိကြလေသည်။ သို့ရာတွင် သူ့ဟင်းလျာများကမူ ယခင်ကထက်ပင် ပိုအရသာရှိလာ လေသည်။

လီယန်ရီပင်လျှင် ထိုအကြောင်းကို သဘောတူပေသည်။

ယွမ်ကျိုးစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်များ အားလုံးနီးပါးက လီယန်ရီသည် နာမည်ကျော် အစားကောင်း ကြိုက်သူတစ်ဦး ဖြစ်ကြောင်း သိနေကြလေပြီ။ သူက ကောင်းသည်ဟု ပြောလျှင် အမှန်ပင် ကောင်းသောကြောင့် ဖြစ်သည်။

“မင်းက ငယ်ငယ်လေး ရှိသေးတယ်.. အမောဆို့ပြီး မသေအောင်လည်း သတိထားဦး” စားသောက်ပြီးသောအခါ လီယန်ရီက ချက်ချင်းထွက်မသွားသေးဘဲ ထိုသို့ပြောလိုက်သည်။

“အင်း.. ကျေးဇူးပါ.. မသေပါဘူးဗျာ” ယွမ်ကျိုးက ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ပြန်ဖြေလေသည်။

“အဲ့ဒါဆိုလည်း နည်းနည်းလောက် ပိုနားဦး” ယွမ်ကျိုးက သူ့စကားနားမထောင်သည်ကို မြင်သောအခါ လီယန်ရီက ထိုသို့ စိတ်ဆိုးမာန်ဆိုးပြောကာ ထွက်သွားတော့သည်။

“ဟေ့.. သူဌေးယွမ်..” ဝူဟိုင်းက တစ်ခုခုကို ပြောရန် ဟန်ပြင်ထားသော်လည်း ယွမ်ကျိုးက သူ့ကို ကြားဖြတ်ပြော လိုက်သည်။

“မပြောနဲ့တော့.. ဟိုဘက်ကိုကြည့်” ယွမ်ကျိုးက စားပွဲတစ်လုံးတွင် နှစ်ယောက်အတူထိုင်နေကြသော လူငယ် အမျိုးသားတစ်ဦးနှင့် မိန်းကလေးတစ်ဦးကို တိတ်တိတ်လေး လက်ညှိုးထိုးပြသည်။

“ဪ.. သူတို့ပဲ” ဝူဟိုင်းနှင့် သူ့ဘေးတွင် စားနေကြသော စားသုံးသူများက ထိုနှစ်ဦးအား တပြိုင်နက်တည်း လှည့်ကြည့်ချင်စိတ်ကို ထိန်းထားကြရသည်။

သူတို့က ထိုနှစ်ဦးအား မကြာခဏဆိုသလို ဖြတ်ခနဲ ဖြတ်ခနဲကြည့်‌နေကြသည်။

“ဒီနေ့ကို ပစ္စည်းတွေ အများကြီးယူလာတယ်.. မင်း.. မင်း.. လက်ခံပေးပါလား” လူငယ်အမျိုးသားက မကြာခဏလာ စားတတ်သူ တစ်ဦးဖြစ်သည်။ ဤတစ်ကြိမ်တွင် သူက ယခင်ကကဲ့သို့ပင် စိတ်ရှုပ်ထွေးသည့် အမူအရာနှင့် အသံကို နှိမ့်ကာ ပြောနေသည်။

မိန်းကလေးက ထိုသူနှင့် မျက်နှာချင်းဆိုင်နေရာတွင် ထိုင်နေသည်။ သူမကအဖြူ‌ရောင် သိုးမွေးဆွယ်တာနှင့် ခပ်ထူထူချည်ထည် စကပ်အကျပ်ကို ဝတ်ဆင်ထားရာ လှပသိမ်မွေ့ပုံပေါ်နေသည်။ လူငယ်အမျိုးသားက ထိုသို့ ပြောသည် ကို ကြားသောအခါ မိန်းကလေးက ခေါင်းမော့ကြည့်လေသည်။ ထို့နောက် သူမက ပြုံးပြလိုက်ပြီး သဘောတူသည်လည်း မပြော ငြင်းလည်း မငြင်းပေ။

“ဒါက ထီးအသေး.. ဒါက မှတ်စုစာအုပ်.. ဒါက မှန်.. ပြီးတော့ ဒါက ဘောပင်.. ပြီးတော့ ဒီတစ်ခုရယ်..ဒါလေးရယ်” အမျိုးသားက မိန်းကလေးဘက်မှ မငြင်း သည်ကို မြင်သောအခါ သူ့ကျောပိုးအိတ်အတွင်းမှ ပစ္စည်းတစ်ပုံတပင်ကို ထုတ်လာသည်။

ပစ္စည်းသေးသေးလေးများမှာ စားပွဲလေးတစ်ခုလုံး အပြည့်ဖြစ်နေသည်။

“မင်း ဒါတွေအကုန်လုံးကို လက်ခံပေးမယ် မဟုတ်လားဟင်” အမျိုးသားက စိုးရိမ်မကင်း မေးသည်။

အချိန်တစ်ခုကြာသွားသည်အထိ မိန်းကလေးက နှုတ်ဆိတ်နေလျက်ရှိသည်။ ပတ်ဝန်းကျင် အခြေအနေမှာလည်း အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အမျိုးသားက ခေါင်းငိုက်စိုက်ချကာ မိန်းကလေးအား မကြည့်ရဲသလို ဖြစ်လာပြီး လက်လျှော့ခါနီးဆဲဆဲတွင် မိန်းကလေးက လက်ဖြူဖြူလေးကို ဆန့်ကာ သော့ချိတ်လေးတစ်ခုကို ကောက်ကိုင်လိုက်သည်။

ထိုအပြုအမူမှာ အမျိုးသား၏ရှေ့တွင် အနှေးပြကွက်တစ်ခု ပြသကဲ့သို့ ဖြစ်နေသည်။ သူ့မျက်နှာတစ်ခုလုံး နီရဲသွားကာ မိန်းကလေးကိုတစ်လှည့် စားပွဲအနှံ့ပြန့်ကျဲနေသည့် ပစ္စည်းများကို တစ်လှည့်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် မည်သည့်စကားတစ်ခွန်းကိုမျှ မဆိုနိုင်တော့ချေ။

နောက်ဆုံးမှသာ အံ့သြတကြီး ရေရွတ်လိုက်သည် “ကျေးဇူးပါကွာ.. ကျေးဇူးပါ”

မိန်းကလေးကလည်း ရှက်ဝဲဝဲဖြင့် ခေါင်းညိတ်ပြလေသည်။

သူတို့နှစ်ဦး အတူတကွထိုင်နေကြသော အခါ ဆိတ်ငြိမ်သော ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေသကဲ့သို့ ဖြစ်သည်။ မိန်းကလေးက မည်သည့်အခါမျှ စကားမဆိုဘဲ အမျိုးသားကသာ အခါအားလျော်စွာ တစ်ခွန်းနှစ်ခွန်း ပြောသည်မှလွဲ ၍ အခြားမည်သည့်အကြောင်းအရာကိုမှ မပြောချေ။

ယခုအချိန်တွင် သူတို့နှစ်ဦးက ဟင်းပွဲများကို တိတ်ဆိတ်စွာ စားနေကြပြန်သည်။ ဟင်းပွဲအသစ်မထွက်ပါက အမျိုးသားကလည်း မည်သည့်စကားကိုမှ ပြောလိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ဦးက အတူထိုင်စားကြသည်မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်‌ချေ။

ထိုသို့ အတူထိုင်သည်မှ လွဲလျှင် လူငယ်အမျိုးသားက မိန်းကလေးအပြင်ထွက်လာသည်ကို မြင်သည်နှင့် တပြိုင်နက် တန်းဝင်စီတတ်ခြင်းသာ ရှိလေသည်။ အကြိမ်တိုင်း ထိုသို့သာ ဖြစ်စမြဲ။ မိန်းကလေးအများဆုံး လုပ်ပြတတ်သည်မှာ ပြုံးရုံသာ။

ဝူဟိုင်းက သူ့အာရုံကို ထိုနှစ်ဦးဆီမှ ဖယ်လိုက်သောအခါ ယွမ်ကျိုးက သူလုပ်စရာရှိသည်များကို သွားလုပ်နေပြီ ဖြစ်သည်။ ထို့အတွက် ယွမ်ကျိုးကို မေးရန် အခွင့်အရေးမရတော့ချေ။

“ဒီလူ တော်တော်ဉာဏ်များတာပဲ.. နောက်တစ်ခါကျ မေးဖြစ်အောင် မေးရမယ်.. ငါ့ဘဝမှာ အရေးကြီးဆုံးက စားရဖို့ပဲကွ” ဝူဟိုင်းက စိတ်အတွင်းမှ ဆုံးဖြတ်ချက်ချထားလိုက်သည်။

ယွမ်ကျိုးက ဝူဟိုင်း မည်သို့စဉ်းစားတွေးတောနေသည်ကို မသိပါချေ။ သူက ခပ်လှမ်းလှမ်းတွင် ချစ်ကြည်နူးနေကြ သော လူနှစ်ဦးကို ကြည့်ကာ ပြုံးနေသည်။

သို့သော် ဝူဟိုင်အနေဖြင့် မည်သည့်အခွင့်အရေးကိုမျှ ရရန် မရှိသည်မှာ သေချာနေသည်။

ယွမ်ကျိုးက ညနေခင်းတွင် ထိုနေ့အတွက် လုပ်ရမည့် လေ့ကျင့်ခန်းကို လုပ်ပြီးသွားသောအခါ စနစ်မှ အသိပေးချက် ထွက်ပေါ်လာပြန်သည်။

စနစ်က ဖော်ပြသည် “ဂုဏ်ယူပါတယ် ..ဆိုင်ရှင် .. အသေးစားတာဝန်ကို အချိန်ခဏအတွင်း ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီးသွားပါပြီ”

...

အပိုင်း(၃၈၉)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၉၀)

“အင်း.. အခုဆုပေးတော့မှာလား” ယွမ်ကျိုးက သူ့လက်ကောက်ဝတ်မှ နာရီကို ကြည့်လိုက်သည်။

ညနေ လေးနာရီ မိနစ်လေးဆယ်ရှိပြီဖြစ်ရာ ညနေစာရောင်းချိန်နီးနေလေပြီ။ အချိန်ကပ်နေပြီဖြစ်သည့်အတွက် ယွမ်ကျိုး မျက်မှောင်တစ်ချက်ကြုံ့လိုက်သည်။

စနစ်က ဖော်ပြသည် “ဟုတ်ကဲ့ အခုပေးမှာပါ”

“အင်း.. ကျေးဇူး” ယွမ်ကျိုး ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာသွားသလို သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

ယွမ်ကျိုးက လေ့ကျင့်ရန် အသုံးပြုနေသည့် ဒယ်ပြားနှင့် ယောက်မကို အောက်သို့ ချရာ "ဘမ်း"ဟူသည့် အသံထွက်ပေါ်လာသည်။

လက်ရှိအချိန်တွင် ဒယ်ပြားမှာ လွန်ခဲ့သော တစ်လမတိုင်မီက ပုံစံမျိုး မရှိတော့ချေ။

ဒယ်ပြားမှာ အဆီလွှာတစ်ထပ် ဖုံးအုပ်ထားသကဲ့သို့ တောက်ပနေပြီး အတွင်းရှိ သံမှုန်များနှင့်အတူ နက်မှောင် တောက်ပြောင်နေသည်။ သံမှုန်များမှာ အနက်ရောင်စိန်ပွင့်လေးများကဲ့သို့ တဖိတ်ဖိတ်လက်နေရာ အတော်ပင် လှပနေသည်။

ဒယ်ပြားနှင့် ယောက်မများမှာ သံမှုန်များနှင့် ပွတ်တိုက်မှုကြောင့် ယောက်မထိပ်ပိုင်းနှင့် ဒယ်ပြားအတွင်းပိုင်းမှာ ပါးလွှာ ထက်မြက်ပြီး ဓါးသွားကဲ့သို့ ငွေရောင်ပြောင်လက်ကာ အရောင်တင်ထားသကဲ့သို့ ရှိသည်။

ဤသည်မှာ ယွမ်ကျိုးတစ်လခန့် လေ့ကျင့်ပြီးနောက် ရလာသည့် အောင်မြင်မှုပင် ဖြစ်သည်။

[အသေးစားတာဝန်] လေးလအတွင်း ဒယ်ပြားဖြင့် ကြော်လှန်ရာတွင် ဇွန်းပြားမသုံးဘဲ ဒယ်ပြားဖြင့်သာ အစားအသောက်များကို ဟိုဘက်သည်ဘက်လှန်ခြင်းအား နာရီ၆၀ပြည့်သည်အထိ လေ့ကျင့်ပါ။ (တာဝန်ပြီးဆုံး)

(တာဝန်အတွက် အကြံပြုချက် - မာစတာရှက်ဖ်အလောင်းအလျာတစ်ဦးအနေဖြင့် သင်၏ ဒယ်ပြားဖြင့် ဟိုဘက်သည်ဘက် လှန်လှောကြော်လှော်ခြင်း စွမ်းရည်မှာ တိုးတက်ရန် လိုအပ်နေဆဲဖြစ်သည်။ ကျေးဇူးပြု၍ တာဝန်ပြီးမြောက်သည်အထိ ကြိုးစားဆောင်ရွက်ပါ။ လေ့ကျင့်ချိန်ကို သင်၏ ကိုယ်ပိုင်အားလပ်ချိန်အတိုင်း ချိန်ညှိ ပြောင်းလဲနိုင်သော်လည်း သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ရမည် ဖြစ်သည်။)

[ဆုလဒ်] ဟင်းသီးဟင်းရွက်များကို မှိုနှင့် ရောနှောကြော်နည်း. (ဆုလက်ခံရယူနိုင်ပါပြီ)

(ဆုရရှိရန်အတွက် အကြံပြုချက် - ဖုံးကွယ်ထားသည့် ဆုလဒ်မှာ သင့်အနေဖြင့် လက်‌ကောက်ဝတ်ကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုအတွက် စိုးရိမ်ရန် မလိုတော့ခြင်းဖြစ်သည်။ စနစ်မှ ထိုပြဿနာကို သင့်အတွက် အလိုအလျောက် ဖြေရှင်းပေးသွားမည် ဖြစ်သည်။ ထို့အတွက် ကျေးဇူးတင်ရန် မလိုပါ)

“လက်ခံမယ်” ဆုကိုကြည့်ကာ ယွမ်ကျိုးက အနည်းငယ် စိတ်လှုပ်ရှားလာသည်။

ထို့နောက် ဆုက ခပ်မှိန်မှိန်အလင်းပြောက်လေး တစ်ခုဖြစ်သွားပြီး ယွမ်ကျိုး၏ ခန္ဓာကိုယ်က တိုက်ရိုက်စုပ်ယူလိုက် တော့သည်။

ယွမ်ကျိုးက မျက်လုံးများကို မှိတ်ကာ ခဏငြိမ်နေလိုက်သည်။

စားသောက်အတွင်း၌ တိတ်ဆိတ်လျက်ရှိသည်။ တဒင်္ဂမျှကြာပြီးနောက် ရုတ်ခြည်းဆိုသလို စနစ်ပေါ်ထွက်လာသည်။

စနစ်က ဖော်ပြသည် “ဆိုင်ရှင် မေးခွန်းတစ်ခုလောက် ဖြေပေးနိုင်မလား”

“အံမယ်... မင်းက ငါ့ကို ထူးထူးဆန်းဆန်း မေးခွန်းတွေ ဘာတွေမေးလို့ပါလား” ယွမ်ကျိုးက မျက်စိပြန်ဖွင့်လိုက်ကာ စပ်စပ်စုစုမေးလိုက်သည်။ သို့သော် စနစ်က ယွမ်ကျိုး၏ စပ်စုချင်စိတ်ကို လျစ်လျူရှုကာ ၎င်းမေးချင်သည်ကိုသာ တန်းမေးတော့ သည်။

စနစ်က ဖော်ပြသည် “ဆိုင်ရှင် ဘာလို့ ဒီတာဝန်ကို အသည်းအသန်ပြီးအောင် လုပ်ချင်သွားတာလဲ”

ယွမ်ကျိုးက စနစ်ကို ချက်ချင်းပြန်မဖြေပေးပေ။ ထို့အစား သူက ခဏလောက် နှုတ်ဆိတ်နေသည်။

သို့ရာတွင် အချိန်အတန်ကြာပြီးနောက် ယွမ်ကျိုးက ပြန်မဖြေတော့ဟု စနစ်ထင်သွားသည့် အချိန်မှသာ ပြောလာသည်။

“မင်းက ငါ့အတွက် အထောက်အပံ့အဖြစ် ရပ်တည်ပေးတာ ရှားတယ်လေ နောက်ဆက်တွဲ ပြဿနာတွေကို စိတ်ပူစရာ မလိုဘူးဆိုမှတော့ တာဝန်ပြီးဆုံးတဲ့အထိ ကြိုးစားပေးရတော့မှာပေါ့.. ငါ့အတွက် အကျိုးရှိမယ့် ကိစ္စဆို ပြောမနေနဲ့တော့” ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ဆက်ပြောပြန်သည်။

“ဒီလောက် ရှားရှားပါးပါး အခွင့်အရေးကို နောက်တစ်ခါရဖို့ကလည်း မသေချာဘူးလေ” ယွမ်ကျိုးက သူ့ရည်ရွယ်ချက်ကို လုံးဝဖုံးကွယ်မထားပေ။

စနစ်က ဖော်ပြသည် “ဆိုင်ရှင် က တကယ့်စားဖိုမှူးကောင်း တစ်ယောက်ပဲ”

“ချီးကျူးတဲ့အတွက် ကျေးဇူးပဲ” ယခုအကြိမ်တွင်မူ ယွမ်ကျိုးက ထိုမှတ်ချက်ကို နှိမ့်ချစွာ လက်ခံလိုက်သည်။

ဤတစ်ကြိမ်တွင် စနစ်က ယွမ်ကျိုး၏ တာဝန်ပြီးဆုံးစေရန် လုပ်ဆောင်သည့် အမြန်နှုန်းကို အံ့အားသင့်သွားသည်။

ထို့အပြင် ဤတာဝန်ကို ပြီးဆုံးအောင် ယွမ်ကျိုးဆောင်ရွက်ခဲ့ခြင်းအပေါ် ၎င်း၏ မှတ်ချက်မှာ “အချိန်ခဏအတွင်း ပြီးပြည့်စုံ‌အောင် ဆောင်ရွက်ခြင်း” ဖြစ်ပေသည်။

ပထမဆုံးနေ့တွင် ယွမ်ကျိုးက နာရီဝက်သာ လေ့ကျင့်ခဲ့သည်။ တစ်နေ့လျှင် တစ်နာရီနှုန်းဖြင့် လေ့ကျင့်မည်ဆိုပါက တာဝန်ပြီးမြောက်ရန် အချိန်လေးလ လိုအပ်မည် ဖြစ်သည်။ အကြံပြုရမည့်အစား စနစ်က ယွမ်ကျိုးက အသိပေးရုံသာ ပေးခဲ့သည်။

ဒုတိယမြောက်နေ့တွင် ယွမ်ကျိုးက တစ်နာရီကြာ လေ့ကျင့်ခဲ့သည်။ ထိုအကြိမ်၌ ယွမ်ကျိုးက လက်မောင်းများ ကိုက်ခဲခြင်းနှင့် အနည်းငယ် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားခဲ့ရသည်။ စနစ်ကလည်း နာကျင်ကိုက်ခဲမှုက ပျောက်ကွယ်သွားမည် မဟုတ်ကြောင်းနှင့် ၎င်းအနေဖြင့် အလွန်အကျွံလေ့ကျင့်ခြင်းကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ အနာဒဏ်ရာများကိုသာ ကူညီဖယ်ရှားပေးနိုင်မည် ဖြစ်ကြောင်း တာဝန်သိသိ ပြောပြခဲ့သည်။

တတိယမြောက်နေ့တွင် ယွမ်ကျိုးက တစ်နာရီခွဲကြာ‌အောင် လေ့ကျင့်ခဲ့သည်။ လက်ကောက်ဝတ်၊ ပုခုံးနှင့် လက်မောင်းများ ပို၍ပင် နာကျင်ကိုက်ခဲလာသော်လည်း သူက မည်သည့်စကားမျှမဆိုဘဲ ထိုအတိုင်းသာ နှုတ်ဆိတ်စွာ လေ့ကျင့်ခဲ့လေသည်။

ထို့နောက်တွင်မူ ယွမ်ကျိုးက တစ်ရက်လျှင် နှစ်နာရီအထိ လေ့ကျင့်ချိန်ကို တိုးမြှင့်လိုက်သည်။ ထိုအချိန်၌ စနစ်က ယွမ်ကျိုးကို သေချာသတိပေးခဲ့သည်။

စနစ်က ဖော်ပြသည် “ဆိုင်ရှင် အလွန်အကျွံလေ့ကျင့်ခြင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး”

“မင်းပဲ နောက်ဆက်တွဲ အနာဒဏ်ရာ မဖြစ်အောင် ဖယ်ရှားပေးမယ်ဆို ငါ့ကျန်းမာရေးကို ဘယ်ထိခိုက်ပါ့မလဲ” ယွမ်ကျိုးက အလေးအနက်ပြောသည်။

စနစ်က ဖော်ပြသည် “ဆိုင်ရှင် ရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကတော့ စနစ်က ဖယ်ရှားပေးနိုင်တဲ့ အပိုင်းထဲမှာ မပါပါဘူး”

“ငါသိတယ်.. ကြွက်သားနာတာလေးပဲဟာ” ယွမ်ကျိုးခေါင်းညိတ်လိုက်ကာ နားလည်ကြောင်း ပြလိုက်သည်။

ထို့နောက်တွင်မူ စနစ်က မည်သို့မျှမဆိုတော့ချေ။ ၎င်းက ယွမ်ကျိုး တစ်ရက်လျှင် အချိန်နှစ်နာရီကြာ အလွန်အကြူး လေ့ကျင့်နေသည်ကို ထိုအတိုင်းသာ ကြည့်နေလိုက်သည်။

ယွမ်ကျိုးက စားသောက်ဆိုင်ကို နေ့စဉ်အချိန်ခြောက်နာရီကြာ ဖွင့်သည်။ အခြားလုပ်ငန်းတာဝန်များ မရှိပါက ဤသည်မှာ အလွန်သင့်တင့်မျှတပြီး သာမန်အလုပ် ပင်ပန်းနွမ်းနယ်မှု အနေအထားသို့ ရောက်သည် ဆိုရုံမျှလေးသာ ရှိပေသည်။ မည်သို့ဆိုစေ လွယ်ကူသက်သာသည့် စားဖိုမှူးဟူ၍ မရှိချေ။

သူသာ နေ့စဉ် ဒယ်ပြားလှန်လေ့ကျင့်ခြင်းကို နောက်ထပ်နာရီဝက်ခန့် ပိုအချိန်ပေးခဲ့ပါက ပိုပင်ပန်းပြီး အနာဒဏ်ရာ လည်း ပိုပြင်းထန်နိုင်သည်။ တစ်နာရီလေ့ကျင့်ခဲ့ပါက ပို၍ပင် ဆိုးပေလိမ့်မည်။

စနစ်၏ အလွန်အကျွံလေ့ကျင့်ခြင်းကြောင့် ဖြစ်ပေါ်သည့် အနာဒဏ်ရာကို ကူညီဖယ်ရှားပေးခြင်းကြောင့်သာ သက်သာရခြင်းဖြစ်သည်။

သို့သော် အခြားလူတစ်ဦးက ဒယ်ပြားလှန်ခြင်းကို နေ့စဉ်အချိန်နှစ်နာရီကြာ လေ့ကျင့်မည်ဆိုပါက သေချာပေါက် လက်ကောက် ဝတ်ဒဏ်ရာ ရပေလိမ့်မည်။

ကြွက်သားနာကျင်ကိုက်ခဲမှုသည် ငါးရက် ခုနစ်ရက် ကြာပြီးနောက် သက်သာပျောက်ကင်းသွားသည်။ သို့သော် လူအများက နောက်တစ်ရက်တွင် ဆက်တိုက်လေ့ကျင့်ခြင်း မပြုဘဲ စိတ်ပါမှသာ ထလုပ်ကြသဖြင့် ပို၍ နာကျင်ခံစားကြရခြင်း ဖြစ်သည်။ ယွမ်ကျိုးကမူ ထိုသို့ စိတ်ပါမှ လုပ်ခြင်းမျိုး မဟုတ်ကြောင်း ပေါ်လွင်လှပေသည်။

တစ်လအတွင်း တာဝန်ပြီးမြောက်စေရန် အလို့ငှါ ယွမ်ကျိုးက တစ်ရက်လျှင် နှစ်နာရီခွဲမှ သုံးနာရီအထိပင် လေ့ကျင့်ရန် ကြိုးပမ်းခဲ့သေးသည်။ ထိုသို့ကြိုးစားမှုကြောင့်ပင် စနစ်၏ မှတ်ချက်ကို ရခဲ့ခြင်းဖြစ်သည်။

စနစ်က ဖော်ပြသည် “သတ်မှတ်ကာလမရောက်ခင် ရက်ပေါင်း ၁၀၁ ရက်ကျန်နေသေးတယ်”

“သတိပေးတာ ကျေးဇူးပဲ” ယွမ်ကျိုးက ချက်ချင်း မတုံ့ပြန်ဘဲ စနစ်က မည်သည့်အတွက်ကြောင့် ကျန်ရှိနေသည့် အချိန်များကို တွက်ချက်ပေးရသနည်းဆိုသည့် အချက်ကို စဉ်းစားနေသည်။

တခဏမျှကြာပြီးမှသာ ယွမ်ကျိုးက စနစ် အမှန်တကယ်အသိပေးလိုသည်မှာ အချိန်ရှိသေးသဖြင့် အပတ်တကုတ်လုပ်ရန် မလိုခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။

သို့သော် ယွမ်ကျိုးက ဒယ်ပြားနှင့် ‌ယောက်မကို ပြန်ကိုင်လိုက်ကာ စတင်လေ့ကျင့်တော့သည်။ စနစ်ကမူ ထပ်မံ ပေါ်မလာတော့ချေ။

“ကျွီ” ယွမ်ကျိုးက တံခါးကို ဆွဲဖွင့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ဆိုင်အပြင်ဘက်၌ တန်းစီနေသည့် စားသုံးသူများကို တွေ့ရလေသည်။ ရှေ့ဆုံးက တစ်ယောက်မှာ ကျိုကျာဖြစ်သည်။

ကျိုကျာက ယွမ်ကျိုး၏ တက်ကြွသည့် ပုံစံကို ကြည့်ကာ စိတ်သက်သာသွားသလို သက်ပြင်းချလိုက်သည်။ ထို့နောက် သူမက ပြုံးလျက် ပြောသည် “သူဌေးကြည့်ရတာ ဒီနေ့ သိပ်ခန့်နေပါလား”

ဆိုင်၌ အချိန်အတော်ကြာ အလုပ်လုပ်လာပြီးနောက် ကျိုကျာက ယွမ်ကျိုးသည် အခြားလူများ၏ ပြောစကားကို နားထောင်ရန် သဘောကျကြောင်း သိပြီးဖြစ်သည်။ သက်ဝင်တက်ကြွသော မိန်းမပျိုလေးတစ်ဦးအနေဖြင့် သူမက တစ်ခါတစ်ရံတွင် အကြောင်းအရာတစ်ခုခုကို ပြောကာ ယွမ်ကျိုးပျော်အောင် လုပ်လေ့ရှိသည်။

“ကျေးဇူး” ယွမ်ကျိုးက သူမကို “မင်းအမြင်တယ်ကောင်းပါလား” ဟူသည့် အမူအရာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

သို့သော် ယွမ်ကျိုးက စနစ်မှ ယခုလေးတင် ဖော်ပြလိုက်သည့် စာကြောင်းတစ်ကြောင်းကြောင့် ပျော်နေခြင်း ဖြစ်သည်။ စနစ်က ဖော်ပြသည် “ဆိုင်ရှင် က စနစ်ရဲ့ တွက်ချက်ထားတဲ့ စံချိန်ကို ချိုးလိုက်နိုင်တယ်”

“ဒါပေါ့ ဒီမင်းသားလေးက သူများအံ့သြအောင် အမြဲလုပ်တတ်တယ်လေ” ယွမ်ကျိုးက စိတ်ထဲမှ တိတ်တဆိတ် ဖြေပေးလိုက်သည်။

ဤတစ်ကြိမ်တွင်မူ စနစ်က မည်သို့မျှ နှုတ်လှန်ပြောဆိုခြင်း မပြုတော့ပေ။ မည်သို့ဆိုစေ ၎င်းက ဆိုင်ရှင် များစွာကို ကြုံတွေ့ဖူးပြီး ဖြစ်သည်။

အချို့က စနစ်ကို လက်ခံရရှိလိုက်သည်နှင့် အလုပ်မကြိုးစားကြတော့ဘဲ ပျင်းရိကုန်ကြသည်။ အချို့ကမူ သူတစ်ပါး အပေါ် ယုံမှားသံသယကြီးတတ်သည့် ဉာဏ်ကြီးရှင်များ ဖြစ်ကြသည်။ သို့ရာတွင် ယွမ်ကျိုးမှာမူ ဇွဲလုံ့လရှိပြီး တိုးတက်လိုစိတ် ရှိသည့် သာမန်လူတစ်ဦးသာဖြစ်သည်။

အများအားဖြင့် သာမန်လူများကို ပါရမီရှင်များက အနိုင်ယူလေ့ရှိကြသည်။ ယွမ်ကျိုးကမူ သူ့အတွက် အကျိုးဖြစ်ထွန်းစေသည့် ဆုလဒ်များ ရခြင်း မရခြင်းကို ပဓာနမထားဘဲ ရောက်လာသည့် အခွင့်အရေးကိုသာ အမိအရဆုပ်ကိုင်လေသည်။

လက်တွေ့ဘဝတွင် ယွမ်ကျိုး၏ အဖြေကို ကြားသောအခါ ကျိုကျာက ထိုအဖြေမျိုးကို အတော်အသားကျနေပြီ ဖြစ်သည်။ သူမပျော်ရသည့် အကြောင်းရင်းမှာ ယွမ်ကျိုးက လုံးဝပင်ပန်းနေသည့်ပုံ မပေါ်တော့ဘဲ အနည်းငယ်ပင် တက်ကြွနေသည့်ဟန် ပေါ်နေသောကြောင့် ဖြစ်သည်။

“အားလုံးပဲ အခုဆိုင်ဖွင့်ပါပြီနော်.. ပထမဆုံး ဆယ်ယောက် အထဲကို ကြွပါရှင့်” ကျိုကျာက သူမအနောက်တွင် တန်းစီနေသည့် လူအုပ်ကြီးကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်လေတော့သည်။

“ဝိုး... သူဌေးယွမ်ဒီနေ့ တက်ကြွနေပါလား” စားသုံးသူများက ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် ယွမ်ကျိုးကို ကြည့်ကာ ထိုသို့ပြောကြသည်။

“ပျော်စရာတွေ ကြုံတဲ့အခါ လူတွေက စိတ်တက်ကြွကြတယ် ဆိုပဲ.. သူဌေးယွမ်မှာ ကောင်းတဲ့ကိစ္စလေးတွေ ရှိရင် ကျုပ်တို့ကိုလည်း မျှဦးလေ.. စည်းကမ်းဟောင်းတွေအရတော့...” စားသုံးသူတစ်ဦးက ထိုသို့ ပြောရင်းဖြင့် သူ့နောက်သို့ လှည့် ကြည့်လိုက်သည်။

သူ့အနောက်ရှိ အခြားစားသုံးသူများက ချက်ချင်း သံပြိုင်အော်လိုက်သည် “ခွင့်ရက်ယူတာက လွဲလို့”

“ခွင့်မယူပါဘူးဗျာ.. ဒီည ပိုပျော်စရာကောင်းတဲ့ ကိစ္စလေးတစ်ခု ရှိလာဦးမယ်” ယွမ်ကျိုးက ရှားရှားပါးပါး အဖြေတစ်ခု ပေးလာသည်။

“blind date လုပ်တာများလား” blind date ကြောင့် စိတ်ဒုက္ခရောက်ဖူးသော စားသုံးသူတစ်ဦးက မနေနိုင်ဘဲ ထိုသို့ ‌ရေရွတ်လိုက်သည်။

“ဟင်းပွဲအသစ်တွေ စဉ်းစားထားတာ ရှိလို့လား” ဝူဟိုင်းက အမြဲလိုပင် အခြားအရာများထက် အစားစားရန်သာ ဆ။။

ဈအလေးထားလေသည်။

“နောက်ဆုံးတော့ မင်းငါနဲ့အတူ အလုပ်ခရီးသွားဖို့ စိတ်ဆုံးဖြတ်လိုက်ပြီလား” လင်းဟုန်က အချိန်ကိုက် ဝင်ပြောလိုက်သည်။

“ငါ့အမြင်မှာတော့ သူက လက်ထောက်တစ်ယောက် ခန့်မလို့ထင်တယ်” ထိုလူက ချန်ဝေပြောခဲ့သည့် စားသုံးသူဖြစ် သည်။

“အဲ့ဒါတွေ တစ်ခုမှမဟုတ်ပါဘူးခင်ဗျာ.. ဟင်းပွဲတွေ မှာလို့ရပါပြီ” ယွမ်ကျိုးက ခေါင်းယမ်းလိုက်ပြီး ပြောသည်။

“အရေးကြီးတဲ့ ကိစ္စတွေ အားလုံးထဲမှာ အစားစားတာက အရေးကြီးဆုံးပဲ.. ကျာကျာရေ.. ဟင်းတွေမှာမယ်ကွယ်” ယနေ့ ဝူဟိုင်းအလွန်ပျော်နေပုံ ရသည်။ သူက နှုတ်ခမ်းမွေးသေးသေးကို လက်ဖြင့်သပ်ရင်း ပြောသည်။

“ဟုတ်.. လာပါပြီရှင်” ကျိုကျာက ခေါင်းညိတ်ကာ ဖြေသည်။

ဝူဟိုင်းက ဟင်းမှာပြီးနောက် အခြားစားသုံးသူများလည်း မှာကြတော့သည်။

ကျိုးကျားက အပြင်ဘက်တွင် ဟင်းပွဲမှာယူမှုများကို မှတ်ယူနေစဉ် ယွမ်ကျိုးက မီးဖိုခန်းအတွင်း၌ စိတ်အားထက်သန်သည့် အမူအရာဖြင့် လက်ပိုက်ရပ်နေလေသည်။ အရာရာတိုင်းက စည်းချက်တကျ ကောင်းကောင်းမွန်မွန် ရှိနေတော့ သည်။

အပိုင်း(၃၉၀)

ပြီးပါပြီ။

All Chapters