အခန်း (၃၉၉-၄၀၀)
Vol. 30 Ch. 399-400
။ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၃၉၉)
"ဝိုင်ကောင်းပဲ။အရမ်းကောင်းတယ်"ကျန်းချန်ရှီးက အရက်တစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်ပြီး စားပွဲကို ထုကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"ကံမကောင်းစွာပဲ ချန်းဝေ ဒီနေ့ ဒီမှာ မရှိဘူး။ မဟုတ်ရင် ပိုဆူညံနေလိမ့်မယ်"စုမူက အရက်ပြင်းကို သိပ်မကြိုက်သဖြင့် အနည်းငယ်သာ သောက်ပြီး စိတ်လှုပ်ရှားသည့်အသံနှင့် ပြောလိုက်သည်။
"ဟုတ်တယ်"ဖန်းဟွမ်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"အရက်က စပ်ပြီး ချိုနေတယ်၊ အရသာနှစ်မျိုးလုံး ပါတယ်။ အရမ်းကောင်းတယ်"ဝူဟိုင်းက ဝိုင်ခွက်ကို ကိုင်ရင်း အံ့အားသင့်သည့်လေသံနှင့် ပြောလိုက်သည်။
"ဆောင်းရာသီမှာ သောက်ရင် အရသာက ပိုတောင် ကောင်းဦးမယ်"ဖန်ဟမ်းက နောက်ထပ်တစ်ငုံ သောက်ပြီး စိတ်ကျေနပ်သည့်အလား သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် ယွမ်ကျိုးနှင့် ရှန်မင်မှ လွဲ၍ ဘားအတွင်းရှိ လူတိုင်း၏ မျက်နှာများ နီရဲနေကြပြီး အားလုံးက အရက်ပြင်း၏သက်ရောက်မှုကို ခံစားနေကြသည်။
ယွမ်ကျိုး၏ဝါးအရက်သည် ဟင်းလျာအသစ်နှင့် တွဲသောက်သောအခါ အရမ်းပြင်းသွားသည်ဆိုသောအကြောင်းမှာ မကြာခင်မှာပင် အခြားသူများကြား ပျံ့နှံ့သွားခဲ့သည်။
အထင်ရှားဆုံးမှာ ချန်ဝေဟာ နောက်တစ်နေ့ကံစမ်းမဲပေါက်မည်ဟူသော မျှော်လင့်ချက်နှင့် တပည့်အတော်များများကို ခေါ်လာခဲ့ခြင်းပင်။
ချန်းဝေ ယခင်က ကံစမ်းမဲကို တစ်ကြိမ်မျှ မနှိက်ရသေးသူဖြစ်သည်။
"ကောင်းပြီ၊ မင်းတော်တယ်။ မနက်ဖြန်ကစပြီး နောက်ထပ် နာရီဝက်လောက် ပိုလေ့ကျင့်လိုက်"ချန်းဝေက လက်ထဲရှိ အနီရောင် ပင်ပေါင်ဘောလုံးကို ကိုင်ထားသော တပည့်အသစ်၏ ပခုံးကို ပုတ်ကာ ချီးကျူးလိုက်သည်။
"ကျေးဇူးတင်ပါတယ် နည်းပြ"တပည့်အသစ်ဟာ ငယ်ရွယ်သော လူငယ်တစ်ယောက်ဖြစ်ပြီး ပြုံးလိုက်
သည့်အခါ နှင်းလိုဖြူဖွေးသော သွားများ ပေါ်လွင်လာသည်။
"ကျွစ်...ကျွစ် နွားပေါက်လေးလည်း ကျားနဲ့တွေ့ရင် အသုံးမဝင်ဘူးပဲ။ ဒီဆုလာဘ်က တကယ်ကို ကြောက်စရာကောင်းတယ်"ဘေးနားမှ အသက်ကြီးသော တပည့်တစ်ယောက်က ကြောက်ရွံ့သည့်အသံနှင့် ပြောလိုက်သည်။
"ငါလည်း အဲ့လိုပဲ ထင်တယ်။ အဲဒီ မိနစ်သုံးဆယ်က ငရဲလိုပဲ"သင်တန်းသားများဟာ မသိစိတ်ထဲကပင် တုန်လှုပ်သွားကြသည်။
"ကံကောင်းလို့ ကျွန်တော် ကံစမ်းမဲ မပေါက်တာ"
တခြား သင်တန်းသားဟောင်းတစ်ယောက်က စိတ်သက်သာရာရသည့်အလား ပြောလိုက်သည်။
"ဟားဟား… ဒီည အတူတူသောက်ကြရအောင်။ ငါ ဒကာခံမယ်"ချန်းဝေက ကျေနပ်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"ငယ်ရွယ်သော လူငယ်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ တောက်ပလာသည်။
ယွမ်ကျိုး၏စားသောက်ဆိုင်မှ ဟင်းလျာများမှာ နာမည်ကြီးသည်ကို သူ အရင်ကတည်းက သိခဲ့သော်လည်း ကိုယ်တိုင်တော့ တစ်ခါမှ မရောက်ဖူးပေ။
အဓိကအကြောင်းရင်းမှာ ဈေးမသက်သာခြင်းပင်။
ချန်းဝေက အရက်ဝယ်ရန် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေချိန်တွင် လင်းဟုန်ကတော့ မိန်းကလေးတစ်ယောက်
နှင့်အတူ လမ်းမပေါ်တွင် လမ်းလျှောက်နေသည်။
ထိုမိန်းကလေးမှာ အရင်က လင်းဟုန်နှင့် blind date တွေ့ခဲ့သူဖြစ်ပြီး လင်းဟုန်ကို ဒေဝါလီခံသွားနိုင်သည်ဟု ထင်ခဲ့သူလည်း ဖြစ်သည်။
သူမ၏အတွေးမှာ ရိုးရှင်းလှပေသည်။
လင်းဟုန်က ချွေတာတတ်သူဖြစ်ပြီး သူမအမြင်အရတော့ ပေါင်းသင်းဆက်ဆံရေးလည်း မဆိုးလှပေ။
"မကြာခင် နေ့လည်စာစားချိန်ရောက်တော့မယ်။ နေ့လည်စာ သွားစားကြမလား"မိန်းကလေးက ခေါင်းလှည့်ပြီး ဂရုတစိုက် မေးလိုက်သည်။
"တောင်းပန်ပါတယ် ဘာပြောလိုက်တာလဲ"လင်းဟုန်က အနည်းငယ် ကြောင်သွားပြီး ထုံးစံအတိုင်း ပြန်မေးလိုက်သည်။
"ရှေ့မှာ အသားကင်ဆိုင်တစ်ဆိုင် ရှိတယ်။ ဟင်းလျာတွေ အရသာကောင်းတယ်လို့ ပြောကြပြီး Big Gourmand ကလည်း အကြံပြုထားသေးတယ်"မိန်းကလေးက အနောက်တိုင်းစတိုင် စားသောက်ဆိုင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
မိန်းကလေး၏EQ မှာ အလွန်မြင့်၏။ အစားအစာအကြောင်း အနည်းငယ်သိသူပင် Big Gourmand ၏ အဓိပ္ပါယ်ကို နားလည်ကြသည်။
မီချယ်လင်၏ Big Gourmand ဆိုသည်မှာ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းသည့် ဟင်းလျာများကို ရောင်းချသည့် စားသောက်ဆိုင်များအား ချီးကျူးထားသည့် စာရင်းတစ်ခုဖြစ်ပြီး လူတစ်ဦးချင်း သုံးစွဲမှု ယွမ်နှစ်ရာအောက် ရှိရမယ်ဆိုသည့် အချက်လည်းပါဝင်၏။
အကျဉ်းချုပ်ပြောရရင် အရသာကောင်းပြီး ဈေးမကြီးသော စားသောက်ဆိုင်ဆိုသော အဓိပ္ပါယ်ပင်။
"ကျွန်တော်လည်းလိုက် စားချင်ပါတယ်၊ ဒါပေမယ့် တောင်းပန်ပါတယ်"လင်းဟုန်က အရသာမကောင်းသည့် ဟင်းများကို အလျော့ပေးကာ စားတတ်သူ မဟုတ်တော့ပေ။
ထိုသို့ အကြံပြုချက်မျိုးက သူ့အတွက် သိပ်မဆွဲဆောင်နိုင်သကဲ့သို့ပင်။ ထို့အပြင် သူက ဒေဝါလီခံနေသူလည်း မဟုတ်ပေ။
"နေ့လည်မှာ နောက်ထပ် ချိန်းထားတာတစ်ခု ရှိနေလို့ပါ။ တကယ်တောင်းပန်ပါတယ်"လင်းဟုန်က တောင်းပန်သည့်လေသံနှင့် ရှင်းပြလိုက်သည်။
“ကောင်းပြီ နောက်တစ်ခါမှ တွေ့ရအောင်ပေါ့”
မိန်းကလေးက အလွန်ညင်သာသော အသံနှင့် ပြန်ဖြေလိုက်သည်။
“နောက်တစ်ခါ တွေ့မယ်”လင်းဟုန်က တည်တည်ငြိမ်ငြိမ် ရပ်နေပြီး သူမကို နှုတ်ဆက်ကာ ထွက်သွားပြီးမှသာ သက်ပြင်းချလိုက်သည်။
“သနားစရာပဲ ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ”Big Gourmand မှအကြံပြုထားသော လူပြည့်ကျပ်နေသည့် စားသောက်ဆိုင်ကို ကြည့်ရင်း လင်းဟုန်က ပုခုံးတွန့်ကာ သရော်သကဲ့သို့ ပြောလိုက်သည်။
“နေ့လည်စာကို သူဌေးယွမ်ရဲ့ စားသောက်ဆိုင်မှာ သွားစားမယ်”အချိန်ကို ကြည့်ပြီး လင်းဟုန်က လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် ရှေ့သို့ နှစ်လှမ်းသာ လှမ်းလိုက်ပြီးမှ သူ့၏ခြေလှမ်းများ ရပ်တန့်သွားသည်။သူ လမ်းလျှောက်လာခဲ့သော နေရာက စီးပွားရေးလမ်းမ မဟုတ်ဘဲ လူနေရပ်ကွက်တစ်ခု ဖြစ်ပြီး မူကြိုကျောင်းတစ်ကျောင်းနှင့် နားမကြားသူ၊ စကားမပြောနိုင်သူများအတွက် ကျောင်းတစ်ကျောင်းပါ ရှိနေသော နေရာဖြစ်သည်။
လင်းဟုန်ရပ်တန့်သွားရခြင်းမှာ ထိုကျောင်းမှနေ၍ ထွက်လာသော အမျိုးသမီးတစ်ဦးကြောင့် ဖြစ်သည်။
တိုက်ဆိုင်စွာပင် ထိုအမျိုးသမီးကို သူ သိနေသည်။
အလွန်မရင်းနှီးသော်လည်း အရင်က တစ်ကြိမ်ထက်ပို၍ မြင်ဖူးနေသည်။
“အဲဒီရှက်တတ်တဲ့ကောင်လေးနဲ့ သူမရဲ့ ဆက်ဆံရေးအကြောင်း နေ့တိုင်း ကြွားနေတဲ့ မိန်းကလေး မဟုတ်လား”လင်းဟုန်က မေးစေ့ကို ပွတ်သပ်ရင်း စပ်စုချင်စိတ်နှင့် သူ့ဘာသာသူ တိုးတိုးရေရွတ်လိုက်သည်။
သူ့ခြေလှမ်းကို ရပ်တန့်စေသည့် မိန်းကလေးတစ်ဦး ရှိနေ၍ မဟုတ်ဘဲ သူမ ရောက်နေသော နေရာနှင့် အခုလေးပင် ဖြစ်ပျက်သွားသော အဖြစ်အပျက်တို့ကြောင့် ဖြစ်သည်။
လေးငါးနှစ်အရွယ် ကောင်လေးတစ်ယောက်က ရှေ့ကို ပြေးလာနေစဉ် မိန်းကလေးက ရုတ်တရက် ချီကာ ဘေးဖယ်လိုက်သည်။
သေချာကြည့်လိုက်သောအခါမှ လင်းဟုန်က ရှေ့မှာ ကျောက်တုံးတစ်တုံး ရှိနေကြောင်း တွေ့သည်။ကောင်လေးကတော့ မသိသဖြင့် ကြောက်လန့်ကာ မှင်သက်နေသည်။
မိန်းကလေးက ကုန်းကွကွနှင့် ကောင်လေးကို ကြည့်ပြီး ရှေ့ရှိ ကျောက်တုံးကို လက်ညှိုးထိုးပြကာ သူမ၏ လည်ချောင်းကိုပါ လက်ညှိုးထိုးပြလိုက်သည်။
အဓိပ္ပါယ်က ရှင်းပေသည်။ရှေ့မှာ အန္တရာယ်ရှိသည်။ ထို အကြောင်းပြချက်ကြောင့် သူမ ရုတ်တရက် ထိုနည်းလမ်းကို သုံးလိုက်ရခြင်းပင်။
သူမ၏လှပသော ရုပ်ရည်ကြောင့် ကောင်လေး၏ကြောက်ရွံ့မှု ပျောက်သွားပြီး စိတ်ငြိမ်သွားသည်။
တစ်ချိန်မှာပဲ သူမ၏ အဓိပ္ပါယ်ကို နားလည်သွားကာ ကလေးဆန်သော အသံနှင့်
“ကျေးဇူးပါ မမလှလှ” လို့ ပြောလိုက်သည်။
ပြီးတော့ “ဘတ်...ဘတ်....ဘတ်” ဆိုသော အသံနှင့်အတူ ပြေးထွက်သွားလေသည်။
“စိတ်ဝင်စားစရာပဲ”လင်းဟုန်က လှည့်ထွက်သွားရင်း မေးစေ့ကို ပွတ်သပ်ကာ တွေးနေလိုက်သည်။
ဘဝဟူသည်မှာ တိုက်ဆိုင်မှုများနှင့် ပြည့်နှက်နေတတ်သည်။ ကားပါကင်ထိုးပြီးနောက်ယွမ်ကျိုး၏စား သောက်ဆိုင်အတွင်းဝင်လာစဉ် မိန်းကလေးကို စောင့်နေသော ရှက်တတ်သည့်ကောင်လေး နှင့်လင်းဟုန် တိုက်မိသွားသည်။
“တန်းစီရမယ့် အချိန်ရောက်ပြီ လက်မှတ်လာ ယူပါ”
တန်းစီကော်မတီဝင်တစ်ဦး၏ နွေးထွေးသော သတိပေးသံ ထွက်ပေါ်လာသည်။
“အချိန်မီလေး ရောက်တာ ကံကောင်းတာပဲ”
လင်းဟုန်က လည်စည်းကို ချွတ်ကာ ထရပ်လိုက်သည်။
စောင့်ဆိုင်းရသည်က ပျင်းစရာကောင်းသော်လည်း သူ့တွင် ရည်ရွယ်ချက်ရှိသဖြင့် လင်းဟုန်က အရင်စကားစပြောလိုက်သည်။
“ဒါနဲ့ ပြောရဦးမယ် ကျွန်တော် blind date တွေ့ခဲ့တယ်။ မိန်းကလေးက နူးညံ့တယ် လှတယ် ရက်ရောတယ် ပြီးတော့ ဂရုလည်းစိုက်တယ်”သူ၏စကားကြောင့် ပတ်ဝန်းကျင်မှ လူများ စိတ်ဝင်စားလာကြသည်။
“ဟားးး သခင်လေးလင်းတောင် blind date တွေ့နေရပါလား”မာကျစ်သာက ရယ်သံဆိုးဆိုးနှင့် လှောင်လိုက်သည်။
“မင်းဆိုတဲ့ကောင်က မိန်းမကောင်းလေးတွေအတွက် ထိပ်တန်းကပ်ဘေးပဲ”ဝူဟိုင်းက တိုတိုတုတ်တုတ် မှတ်ချက်ပေးလိုက်သည်။
“ဟေး ဟေး တော်ကြတော့ ငါ မင်းတို့ရဲ့ ဝေဖန်သံတွေကို နားထောင်ဖို့ လာတာမဟုတ်ဘူး”လင်းဟုန်က တိုက်ရိုက် ပြန်ပြောလိုက်သည်။
“မင်းတို့ရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှု စံနှုန်းအကြောင်း မေးချင်လို့ပါ တရုတ်နှစ်သစ်ကူးနေ့လည်း နီးလာပြီ မင်းသိပါတယ် မင်းမိဘတွေက မင်းကို အိမ်ထောင်ပြုဖို့ ပြောလာရင် မင်းဘယ်လိုပြန်ပြောမလဲ”
လင်းဟုန်က “ငါက စိတ်ကောင်းရှိတယ်။ မင်းတို့ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး” ဆိုသည့် အမူအရာနှင့်ပြောလိုက်သည်။
“ခုနက မင်းပြောသလိုပဲ နူးညံ့ရမယ် ရက်ရောရမယ် ချောမောလှပနေရမယ်”မာကျစ်သာက ရှက်ရှက်နှင့် ပြုံးပြီး ပြောလိုက်သည်။
“နေပါစေ”ဝူဟိုင်းက သူ့၏သေးငယ်သော မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ရည်းစားရှိရင် တော်ပြီ”ဖောက်သည်များထဲမှ တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြသည်။
“ကျွန်တော်…”ဝူကျိုးက စကားပြောရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် နှောင့်ယှက်ခံလိုက်ရသည်။
“မင်း ဘာမှ ပြောစရာမလိုဘူး”ဖောက်သည်အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
“ဒါ အိမ်ထောင်သည်ယောက်ျားတစ်ယောက်ကို သက်သက်ခွဲခြားဆက်ဆံတာပဲ”ဝူကျိုးက ပျော်ရွင်စွာပြောလိုက်သည်။
ထို့နောက် ဖောက်သည်အားလုံးက ဝူကျိုးကို တစ်ညီတစ်ညွတ်တည်း လျစ်လျူရှုလိုက်ကြသည်။
“မင်းရော ဘယ်လိုလဲ မင်းရဲ့ စံနှုန်းက ဘယ်လိုလဲ”လင်းဟုန်က ရုတ်တရက် ဘေးနားရှိ ရှက်တတ်သောလူကို မေးလိုက်၏။
“ငါ့လား မင်း ငါ့ကို မေးနေတာလား”ရှက်တတ်သောလူက သူ၏အင်္ကျီလက်များကို တိတ်တိတ်လေး ဆုပ်ကိုင်လိုက်ပြီး လင်းဟုန် ခေါင်းညိတ်ပြသည်ကို မြင်မှ ပြောလိုက်သည်။
“နူးညံ့သိမ်မွေ့တယ် စိတ်ထားကောင်းတယ် အရပ် ၁၆၀ စင်တီမီတာလောက်ရှိတယ် ဆေးမဆိုးထားတဲ့ ဆံပင်ရှည်…”ပြောရင်းနှင့်ပင် သူ၏ စံပြချစ်သူပုံရိပ်ကို မိန်းကလေး၏ရုပ်ရည်နှင့်တူအောင် တဖြည်းဖြည်း ပုံ ဖော်ပြလိုက်သည်။
“ဒါဆို မင်းရဲ့ ချစ်တဲ့သူမှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်တစ်ခုခု ရှိနေရင် လက်ခံနိုင်လား”လင်းဟုန်က စိတ်ဝင်စားစွာ မေးလိုက်သည်။
“ဘာလဲ မင်းရဲ့ ချစ်သူမှာ ချို့ယွင်းချက်ရှိပြီး မင်းက သူ့ကို ကြိုက်ပေမယ့် မင်းမိသားစုက သဘောမတူဘူးလား”ဝူကျိုးက ဇာတ်လမ်းတစ်ခုပေါ်လာသကဲ့သို့ ချက်ချင်း မြင်ယောင်လိုက်သည်။
“မင်း အတွေးလွန်နေပြန်ပြီ”လင်းဟုန်က ဝူကျိုးကို တစ်ချက်သာ ကြည့်လိုက်ပြီး သူ့ဘာသာသူ အဓိပ္ပာယ်ကို ခန့်မှန်းစေလိုက်သည်။
“ကျွန်တော် လက်ခံနိုင်မယ် မထင်ဘူး ကျွန်တော် ကိုယ်တိုင် ကျန်းမာနေတော့ ကျွန်တော်ချစ်ရတဲ့သူလည်း ကျန်းမာပြီး ပြည့်စုံနေဖို့ မျှော်လင့်ပါတယ်”ခဏလောက် စဉ်းစားပြီးနောက် ရှက်တတ်သူက စိတ်ရင်းမှန်နှင့် ပြန်ဖြေလိုက်သည်။
အပိုင်း (၃၉၉)
(ပြီးပါပြီ)
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၀၀)
ရှက်တတ်သောသူ ထိုသို့ပြောလိုက်ပြီးနောက် တန်းစီနေသောလူအုပ်ကြီးမှာ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ ထိုတိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖောက်လိုက်သူက မာကျစ်သာပင် ဖြစ်သည်။
“မင်းပြောသွားတာတွေက အဓိပ္ပာယ်ရှိသလိုပဲ”မာကျစ်သာက ခေါင်းညိတ်ရင်း လေးနက်စွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ငါလည်း ဘာချွတ်ယွင်းချက်မှ မရှိသလို သူမကိုလည်း ဘာချွတ်ယွင်းချက်မှမရှိနေစေချင်ဘူး"ထိုစကားကို ကြားရသည့်အခါ တခြားဖောက် သည်များကပါ သဘောတူ သကဲ့သို့ ခေါင်းညိတ်ကြသည်။
“အမ်… ဒါဆို မင်းအမြင်က ဒီလိုပေါ့” လင်းဟုန်၏အသံက ပေါ့ပါးသည်ဟု ထင်ရသော်လည်းစကားလုံးများအတွင်းတွင် တစ်စုံတစ်ရာကို လျှို့ဝှက်ထားသကဲ့သို့ပင် ဖြစ်နေသည်။
ဝူဟိုင်းတစ်ယောက်တည်းကသာ လင်းဟုန်ကို စူးစမ်းသကဲ့သို့ ကြည့်လိုက်ပြီး အခြားသူများကတော့ ခေါင်းစဉ်ပြောင်းကာ အမျိုးသမီးများအကြောင်းကို ဆက်လက်ပြောဆိုနေကြ၏။
ခဏအကြာ လက်မှတ်ထုတ်ပေးမည့်အချိန် နီးလာသောအခါ ရှက်တတ်သောကောင်လေး စောင့်နေသော မိန်းကလေးလည်း ရောက်လာသည်။
ထုံးစံအတိုင်းပင် မိန်းကလေးတန်းစီလာသည်နှင့်
ရှက်တတ်သောကောင်လေးက သူမနောက်မှာ ချက်ချင်း သွားရပ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ကလေးဆန်ဆန် ဖြူစင်သော ပျော်ရွှင်မှုတစ်မျိုး ပေါ်လွင်နေသည်။
မိန်းကလေးကလည်း အရင်အတိုင်းပင်။ သူ ဘာပြောပြော တိတ်တိတ်ကလေးသာ နားထောင်ပြီး ညင်သာစွာ ပြုံးပြနေလေသည်။
ကံကောင်းသည်မှာ ရှက်တတ်သောကောင်လေးက
သူဟာသူ မေးခွန်းမေးပြီး သူ့ဟာသူ ဖြေတတ်သူ ဖြစ်သည့်အတွက် မိန်းကလေးအနေနှင့် ပြန်ဖြေရန်မလိုခဲ့ပေ။
ထိုအကြောင်းကြောင့်ပင် ကောင်လေး၏စကားပြောစွမ်းရည်မှာ “အနုတ်လက္ခဏာဆောင်” သည်ဟုပင်ပြောရမလို ဖြစ်နေသည်။
“ဟား...ဟား… တော်တော်စိတ်ဝင်စားဖို့ကောင်းလာပြီး”ထိုမြင်ကွင်းကို ကြည့်ရင်း လင်းဟုန်၏ မျက်နှာပေါ်တွင် သံသယနှင့် စိတ်ဝင်စားမှု ပေါင်းစပ်ထားသော အမူအရာတစ်ခု ပေါ်လာသည်။
“တော်တော် ထူးဆန်းတဲ့လူပဲ”ဝူဟိုင်းက လင်းဟုန်ကို မမြင်သကဲ့သို့ နေလိုက်သည်။
“အားလုံးပဲ၊ ပထမဆုံး လက်မှတ် နှစ်ဆယ် ထုတ်ယူနိုင်ပါပြီ”ကျိုကျာက လူအုပ်ဘက်ကို လျှောက်လာပြီး အသံကျယ်ကျယ်နှင့် ကြေညာလိုက်သည်။
“နောက်ဆုံးတော့ စပြီ။ ငါ ဆာလွန်းလို့ သေတော့မလားပဲ”ပထမဆုံး ဖောက်သည်နှစ်ဆယ်ခန့်က စိတ်သက်သာရာ ရသွားကြသည်။
“အခုဆိုရင် နွားတစ်ကောင်လုံးကိုတောင် စားနိုင်လောက်တယ်”ဖောက်သည်တစ်ယောက်က သူ့ဗိုက်ကို ပွတ်ပြီး ပြောလိုက်သည်။
“ပြဿနာက သူဌေးယွမ်က နွားတစ်ကောင်လုံးကို မရောင်းတာပဲ”နောက်တစ်ယောက်က စနောက်လိုက်သည်။
လူအများက ပြုံးရွှင်စွာ ထောက်ခံကြပြီး စကားဝိုင်းက သဘာဝကျကျ ထပ်မံ ခေါင်းစဉ်ပြောင်းသွားပြန်သည်။
“သူဌေးယွမ်ရဲ့ ဟင်းတွေက လူတွေကို ဝမလာစေဘူးနော်”ဝဝဖိုင့်ဖိုင့် မိန်းကလေးတစ်ယောက်က စိတ်မချသည့်အလား ပြောလိုက်သည်။
“ဟုတ်တယ် ဒီကိုရောက်လာပြီးကတည်းက ကိုယ်အလေးချိန် တစ်ခါမှ မတက်ဖူးဘူး”ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်က ပျော်ရွှင်စွာ ထောက်ခံလိုက်သည်။
“ဒီမှာ ဗိုက်ဝအောင် မစားနိုင်လို့ မဟုတ်ဘူး။ တခြားဘာကိုမှ မစားချင်တော့လို့”ဝူဟိုင်းက အတွေးနက်နက်နှင့် ပြောလိုက်သည်။
"မီနူးထဲက ဟင်းပွဲအားလုံးကို မှာလိုက်ရင် ဗိုက်ပြည့်သွားမှာပဲလေ" လင်းဟုန်က ချမ်းသာသောလူကဲ့သို့ သာယာစွာ ပြောလိုက်သည်။
"စားတာတော့ စားချင်တာပေါ့၊ ဒါပေမယ့် ကျွန်မရဲ့ ပိုက်ဆံအိတ်လေးက မလုပ်နဲ့လို့ တားနေတယ်ရှင့်" ပိန်ပိန်ပါးပါး မိန်းကလေးက သူမရဲ့ ပိုက်ဆံအိတ်ကို ထိပြီး ခါးသီးစွာ စနောက်ပြောလိုက်သည်။
"မင်းတစ်ယောက်တည်း ကုန်အောင်မစားရင် နောက်တစ်ခါ ထပ်မစားလို့ရဘူးနော်" ဝူဟိုင်းက လင်းဟုန်ကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။
"ပန်းကန်တွေ များလာရင် ဗိုက်ဝအောင် စားလို့ရတာပဲ" လင်းဟုန်က ကျေနပ်သွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ဒါနဲ့ ပြောရရင် သူဌေးယွမ်၊ ဟင်းပွဲအသစ်ကို ဘယ်တော့ ချက်ပေးမှာလဲ။ အသားဟင်းတစ်ခွက်ရရင်ကို ကျွန်တော့်အတွက် အဆင်ပြေပါတယ်" ဝူဟိုင်းက တံခါးဝထဲဝင်လာပြီး ယွမ်ကျိုးကို ပြောလိုက်သည်။
"ဟင်းပွဲအသစ်တစ်ပွဲတော့ ချက်ပြီးသားပါ" ယွမ်ကျိုး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ တစ်ခုပေါ်လာသည်။
ဟာသပင် သူ အလွန်ကြိုးစားလွန်းနေသည်မဟုတ်ပါ
လော။
"အဲဒါက အရံဟင်းပွဲပဲ မဟုတ်လား။ ကျွန်တော် ပြောနေတာက အသားဟင်းပွဲပါ" ဝူဟိုင်းက အသားကို အထူးကြိုက်သူ ဖြစ်လေသည်။
"သုန်ပိုဝက်လက်ဟင်း ပူပူနွေးနွေးလည်း စားလို့ရတယ်၊ အေးလည်း အဆင်ပြေတယ်။ ဘယ်အချိန်မဆို မှာလို့ရပါတယ်" ယွမ်ကျိုးက မီနူးကို လက်ညှိုးထိုးပြီး စိတ်ရင်းအမှန်နှင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ဝူဟိုင်း၏ စိတ်ထဲ
တွင် သုန်ပိုဝက်လက်ဟင်း ပုံပေါ်လာသည်။ အဆီများပါးစပ်ထဲတွင် ပဲငံပြာရည်နံ့နှင့်အတူ ပျော်ဝင်သွားသကဲ့သို ခံစားလိုက်ရပြီး တံတွေးပါ မျိုချမိသွားသည်။
"သုန်ပိုဝက်လက်ဟင်း တစ်ပွဲပေးပါ" ဝူဟိုင်းက တည်ငြိမ်အောင် ထိန်းပြီး မှာလိုက်သည်။
"ကောင်းပါပြီ၊ ခဏလေး စောင့်ပေးပါ" ယွမ်ကျိုး ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် မျက်နှာဖုံးစွပ်ထားသော လူနှစ်ယောက်က ဝူဟိုင်း၏ညာဘက်တွင် ထိုင်နေလေ၏။
ယွမ်ကျိုးက ရှေ့သို့ တိုးလာပြီး အမှာစာကို ကိုယ်တိုင် လက်ခံလိုက်သည်။
"ဒီနေ့ ဘာစားချင်လဲ" ယွမ်ကျိုးက မေးလိုက်သည်။
မက်စ်တပ်ထားသော်လည်း သူ၏အသံကရှင်းလင်းပြီး တိကျစွာထွက်ပေါ်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ စနစ်က ပံ့ပိုးပေးသော မည်သည်အရာမဆို အကောင်းဆုံးပင်ဖြစ်တော့သည်။
"ကျွန်မတို့ နှစ်ယောက်လုံး ခေါက်ဆွဲပြုတ်အချိုတစ်ပန်းကန်စီ မှာချင်တယ်" ၎င်းမှာ မိန်းကလေးနှစ်ယောက် ဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံး မျက်နှာကို ဖုံးကွယ်နိုင်လောက်အောင် ကြီးမားသည့် နှာခေါင်းပိတ်အမည်းများ ဝတ်ဆင်ထားကြပြီး အသံက မျက်နှာဖုံးနောက်မှနေ၍ မသဲမကွဲ ထွက်ပေါ်လာသည်။
"ကောင်းပါပြီ၊ ခဏစောင့်ပေးပါ" ယွမ်ကျိုးက ခေါင်းညိတ်ပြန်သည်။
ထိုအချိန် မြင်ကွင်းက အလွန်စိတ်ဝင်စားဖွယ် ကောင်းနေ၏။ ယွမ်ကျိုးလည်း မက်စ်စွပ်ထားပြီး
မိန်းကလေးနှစ်ယောက်လည်း မက်စ်တပ်ထားကြသည်။
"ဟင်းချက်ပြီး အအေးခံဖို့ ဘယ်လောက်ကြာမလဲ" ဝူဟိုင်းက ရုတ်တရက် မေးလိုက်သည်။
"ဆယ်မိနစ်" ယွမ်ကျိုးက အတည်ပြုပြောလိုက်သည်။
"ဒါကလုံလောက်ပါတယ်" ဝူဟိုင်းက ပြောပြီးသည်နှင့် တံခါးဘက်ကို လျှောက်သွားလိုက်သည်။
"သူ ဘာတွေလောနေလဲမသိဘူး။ ဆီးသွားမလို့ထင်တယ်" လင်းဟုန်က ပေါ့ပေါ့ပါးပါး လေသံနှင့်ပြောလိုက်သည်။
"မဟုတ်ဘူး အစ်ကိုဝူက ပန်းချီဆွဲဖို့ သွားတာ" ထန်ရှီက ချက်ချင်း ပြန်ပြောလိုက်သည်။
"မင်းကို ယွမ်ကျိုးနဲ့ တစ်ခါလေးပဲ တွေ့ဖို့ ခေါ်လာတာပါ။ မင်း တကယ်ပဲ သူ့ဘက်ကို အဲဒီလောက်ထိ ပါဖို့ လိုလို့လား" လင်းဟုန်က ထန်ရှီကို စူးစမ်းလိုဟန်ဖြင့် ကြည့်လိုက်သည်။
"ဟွန်း… ငါ စားတော့မယ်။ အခု မင်းနဲ့ စကားမပြောချင်တော့ဘူး" ထန်ရှီက ပြန်ဖြေလိုက်သည်။ သူမက ငယ်ရွယ်သော မိန်းကလေးတစ်ဦး ဖြစ်သောကြောင့် လင်းဟုန်က သူမနှင့် ဆက်လက်ငြင်းခုံရန် မသင့်တော်ဘူးဟု တွေးလိုက်သည်။
သို့သော် ဝူဟိုင်း၏ စိတ်လှုပ်ရှားမှုကို မသိမသာ နှိုးဆွပေးခဲ့သော မက်စ်တပ်ထားသည့် မိန်းကလေးနှစ်ဦးကတော့ မက်စ်ကို မဖြုတ်သေးဘဲ တိတ်တဆိတ် စကားစမြည်ပြောဆိုနေကြ၏။
"ဘယ်လိုလဲ။ ဒီနေရာက ကောင်းတယ် မလား" ဆိုင်သို့ ဒုတိယအကြိမ်ရောက်လာသော မိန်းကလေးက ပြောလိုက်သည်။ သူမ၏ အသံက နူးညံ့သိမ်မွေ့လွန်းလှသည်။
"ကောင်းတယ်။ ကျေးဇူးတင်ပါတယ် အစ်မယူ" ဟု ဖြေလိုက်သော မိန်းကလေးက နည်းနည်း ချစ်စရာကောင်းသည့်ပုံ ပေါက်နေသည်။
၎င်းနှစ်ဦးစလုံး မက်စ်များ ဝတ်ဆင်ထားကြပြီး ဆံပင်တိုတိုနှင့် ဖြစ်သောကြောင့် ခွဲခြားရန် ခက်ခဲနေ
လေ၏။
"ဂျူဂျူး၊ အလုပ်မရှိတဲ့အချိန် နောက်တစ်ခါ ဒီကို လာစားလို့ရတယ်နော်"ဟု “အစ်မယူ”ဟုခေါ်သောဆိုင်ကို နှစ်ကြိမ်လာဖူးသူ အရပ်နည်းနည်းရှည်သောမိန်းကလေးကပြောလိုက်သည်။
"အိုကေ။ ဒါပေမယ့် ဟင်းတွေကတကယ်ကော အရသာရှိရဲ့လား" ဂျူဂျူးက လက်ချောင်းများနှင့် ဆံပင်ကို သပ်တင်လိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေဟန် ဖြစ်နေသည်။
"ဂျူဂျူး၊ စိတ်မပူနဲ့။ ဒီမှာရှိနေတုန်း ဘယ်သူကမှ ငါတို့ကို ထူးဆန်းတယ်လို့ မမြင်ဘူး" အစ်မယူက ယုံကြည်မှုအပြည့်နှင့် အတည်ပြုကာပြောလိုက်သည်။
"ဟုတ်လား" ဂျူဂျူးက ဘေးဘက်နှစ်ဖက်ကို တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။
ဖောက်သည်များက ၎င်းတို့၏ဟင်းကို စားနေကြခြင်း သို့မဟုတ် စားရန် စောင့်ဆိုင်းနေကြ၏။ စားပွဲထိုး ကျိုကျာကလည်း ၎င်းကို အထူးတလည်မကြည့်ပေ။
ကျိုကျာက ဖောက်သည်များကို ကြိုဆိုခြင်း၊ ဟင်းပွဲများ သယ်ဆောင်ခြင်းနှင့် ယွမ်ကျိုးကိုကြည့်ရင်း စောင့်ဆိုင်းနေကာ အလုပ်အပေါ် အာရုံစိုက်ကာလုပ်ပြီး အလွန်အလုပ်များနေသည်။
"အခု ယုံပြီလား" အစ်မယူက အလျင်မလိုဘဲ သူမဘာသာ ခံစားလေ့လာခွင့် ပေးလိုက်သည်။
"အမ်…" ဂျူဂျူးက ဒီတစ်ခါ ခေါင်းကို ပိုပြီး အားစိုက် ညိတ်ပြလိုက်ပြီး မျက်နှာအမူအရာလည်း ပိုပြီး စိတ်အေးလက်အေး ဖြစ်လာတဲ့ပုံ ပေါ်လာသည်။
"တကယ်တော့ ငါတို့က ထူးဆန်းနေတာ မဟုတ်ပါဘူး။ ဒါက ငါတို့ရဲ့ အလုပ်ပဲလေ" အစ်မယူက သက်ပြင်းချရင်း ပြောလိုက်သည်။
"ဟုတ်တယ်။ အနံ့ခံကောင်းရင် လစာများများရတဲ့ အလုပ်ဆိုလို့ ဒါပဲရှိတာ" ဂျူဂျူးက အလုပ်ကို ကျေနပ်နေသော်လည်း အလုပ်ကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများကိုတော့ စိုးရိမ်နေဆဲပင်။
"မင်းပြောတာမှန်တယ်။ ဒီအလုပ်ကို လုပ်တဲ့သူလည်း သိပ်မရှိဘူး။ အဲဒါကြောင့် လူတွေက ငါတို့ကို ထူးဆန်းသလို မြင်နေကြတာ" အစ်မယူက ခဏစဉ်းစားပြီး ဆက်ပြောလိုက်သည်။
"ကျွန်မတို့လို အနံ့ခံကောင်းတဲ့ သူတွေက အနံ့မကြိုက်တဲ့အခါ ခါးနာတာ၊ လည်ပင်းနာတာတွေလို အဖြစ်များလာတယ်။ အဲဒီလိုဆိုရင် ထူးဆန်းတယ်လို့ မထင်ကြတော့ဘူးလား"
"ဟုတ်တယ်။ ကျွန်မတို့က အနံ့တွေနဲ့ အမြဲ ထိတွေ့နေရတာ။ ဒီလောက်အထိ အနံ့ခံလာရမှတော့ မွှေးတဲ့အနံ့ဆိုရင်တောင် နံနေတတ်တယ်" ဂျူဂျူးက မျက်ခုံးတွန့်ပြီး ညည်းညူလိုက်သည်။
အမှန်တွင် အနံ့ခံပညာရှင်ဆိုသည်မှာ စက်ကိရိယာများဖြင့်ပင်မခွဲခြားနိုင်သော မူလအရင်းအမြစ်မသိသည့် အနံ့များကို ခွဲခြားသတ်မှတ်ပေးရသည့်သူများ ဖြစ်သည်။ ထိုသို့ အခြေအနေမျိုးတွင် နောက်ဆုံး ဆုံးဖြတ်ချက်ချရသည်မှာလည်း ၎င်းတို့ပင် ဖြစ်သည်။
ဥပမာအားဖြင့် လုပ်ငန်းတစ်ခုတွင် မကောင်းသောဓာတ်ငွေ့များ ထုတ်လွှတ်နေသော်လည်း စက်ကိရိယာများ၏တိုင်းတာမှုအရ အန္တရာယ်ကန့်သတ်ချက်ကို မကျော်လွန်ကြောင်း ပြသနေအခါမျိုးတွင် နောက်ဆုံးအဆင့်အနေဖြင့်ကျွမ်းကျင်သူများ၏အနံ့ခံနည်းလမ်းကို အသုံးပြုပြီး ဓာတ်ငွေ့သည် အန္တရာယ်ရှိ မရှိ ဆုံးဖြတ်ကြရ၏။
အလုပ်အကိုင်၏အထူးပြုမှုကြောင့် အနံ့ခံကျွမ်းကျင်သူများကို “လေထုအရည်အသွေး သူနာပြု” ဟုပင်တင်စားကြ၏။
"မှန်တယ် ဒါ ငါတို့ရဲ့ အလုပ်ပဲ" အစ်မယူက ဂျူဂျူးရဲ့ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
၎င်းတို့၏ အလုပ်နှင့် ပတ်သက်၍ ရွေးချယ်စရာ မရှိသည့်တိုင် ယွမ်ကျိုး၏ စားသောက်ဆိုင်လို နေရာတစ်ခု ရှိနေသည်က ၎င်းတို့အတွက် စိတ်အေးချမ်းစရာ ဖြစ်နေခဲ့သည်။
အပိုင်း (၄၀၀)
(ပြီးပါပြီ)