အခန်း (၄၀၁-၄၀၂)
Vol. 31 Ch. 401-402
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၀၁) စစ်ဆေးပြီ
နေ့လည်ခင်းအလုပ်လုပ်ချိန် မကြာခင်မှာပဲ ကုန်ဆုံးသွားတော့သည်။
“ဟူး... ငါအခုတော့နားတော့မယ်။ ပြီးရင်စာအုပ်လေးဖတ်ပြီး ပန်းပုထုတာလေ့ကျင့်ရအုံးမယ်။” ယွမ်ကျိုး သူ့အင်္ကျီလက်တွေကို ပုတ်ရင်း ရုတ်တရက်တွေးလိုက်သည်။
“ဘယ်လောက်တောင်သာယာလိုက်တဲ့ ဘ၀လေးလဲ။ ငါတော်တော် အသန့်ကြိုက်တာပဲ။ ငါအကျင့်တောင် တော်၀င်မင်းသားလေး နဲ့တောင် တူလာပြီး”
ယွမ်းကျိုးသည် သူ့၏အကျင့်စရိုက်နှင့် ပတ်သက်၍အတော်လေး ကျေနပ်နေသည်။
စနစ် “ဂုဏ်ယူပါတယ်။လက်ခံသူ သင်၏မစ်ရှင်ပြီးမြောက်ပါပြီး”
[အဓိကမစ်ရှင်] နိုင်ငံခြားသားဖောက်သည် အနည်းဆုံး အယောက် ၁၀၀၀ ကို ဧည့်ခံပါ။(ပြီးစီး)
(မစ်ရှင်အညွှန်း : ကမ္ဘာအဆင့်မှီ စားသောက်ဆိုင်တစ်ခုအနေနှင့် နိုင်ငံခြားသားဖောက်သည် မရှိပဲ စီးပွားရေးလုပ်၍မရနိုင်ပါ။ ဆိုင်ရှင် သင်၏ကျွမ်းကျင်မှုကို မြင့်တင်နိုင်ဖို့ ကြိုးစားပါ။ စနစ်က သင်လုပ်နိုင်လိမ့်မည်ဟုယုံကြည်ပါသည်။ )
[ဆုလာဘ်] - ဟင်းလျာသုံးမျိုးပါ၀င်သည့် အနောက်တိုင်းစတိုင်ဟင်းပွဲ တစ်ပွဲ နှင့် အနောက်တိုင်းအစားအသောက် ယဉ်ကျေးမှုပုံစံလက်ခံရရှိသည်။
(ဆုလာဘ်အညွှန်း : ကောင်းမွန်သောဆုလာဘ်များ သည် ဆိုင်ရှင်အား ကျွမ်းကျင်စာဖိုမှူးဖြစ်လာစေရန်နှင့် တော်၀င်မင်းသားလေး ကဲ့သို့ ဆွဲဆောင်မှုရှိလာစေရန် အခြေခံအုတ်မြစ်ဖြစ်သည်။ )
"နောက်ဆုံးတော့ မစ်ရှင်ပြီးသွားပြီပဲ။ မစ်ရှင်ပြီးသွားပြီဆိုတော့ ငါ့အဆင့်ကိုမြင့်လို့ရပြီပေါ့ ဟုတ်တယ်မလား" ယွမ်ကျိုးကသိချင်စိတ်ဖြင့်မေးလိုက်သည်။
အဆင့်တစ်ဆင့်မြင့်ခြင်း သည်သူ၏၀င်ငွေ ၁၀ ရာခိုင်နှုန်းတိုးလာခြင်းကို ကိုယ်စားပြုသည်။ ထိုပမာဏသည် အလွန်များပြားလှသည် မဟုတ်ပါလော။
စနစ် "မရသေးဘူး။"
"ဒါ ... အဲ့ဒါဆိုဘာလို့ မင်းအဓိကမစ်ရှင်လို့ ပြထားတုန်း။" လို့ယွမ်ကျိုး ညီးတွားလိုက်မိသည်။
ထိုအချိန် ယွမ်ကျိုးလက်ထဲသို့ စနစ်ထံမှ တစ်စုံတစ်ခုရောက်ရှိလာသည်။ ထိုအရာသည် သူမစ်ရှင်ပြီးသောကြောင့်ရသောဆုလာဘ်ဖြစ်ကြောင်းသိလို့ရသည်။
"စနစ် ဒါဘာကြီးလဲ" ယွမ်ကျိုးက ထိုအရာကိုယူကာ အသေအချာ ကြည့်လိုက်သည်။ သို့သော်လည်း မည်သည့်အရာဖြစ်ကြောင်းကိုတော့ ယွမ်ကျိုးကိုယ်တိုင်ပင် မသိချေ။
စနစ် "ကွန်ပျူတာနဲ့ဖွင့်ရတဲ့ စီဒီချပ်ပါ"
ယွမ်ကျိုးလည်း ကြောင်သွားပြီး ပြောစရာ စကားမရှိ ဖြစ်သွားတော့သည်။ အချိန်အချို့ကြာပြီးမှသာ စနစ်အားမေးလိုက်သည်။
"စီဒီမှန်းတော့ ငါလည်းသိတာပေါ့ ငါပြောချင်တာ အထဲမှာဘာတွေပါတာမို့လို့လဲ။ "
စနစ် "စီဒီထဲမှာ ဆုလာဘ်ကရတဲ့ အနောက်တိုင်းအစားအသောက် ယဉ်ကျေးမှုပုံစံတွေအကုန်ပါ ပါတယ်။"
"အစားအသောက် ယဉ်ကျေးမှုပုံစံအကုန်လုံးကို စီဒီတစ်ချပ်တည်းနဲ့လား။ငါ့ စနစ်က အတုကြီးများလား။ " ယွမ်ကျိုးတစ်ယောက် ဆုလာဘ်ရဲ့ အားနည်းချက်ကြောင့် ငြီးငြူလိုက်မိပြန်သည်။
စနစ် "စီဒီကနေ သေချာကြည့်ရှုလေ့လာပြီး တော်၀င်ဆွဲဆောင်မှုကို မြင့်တင်နိုင်ပါတယ် ။"
သူ့လက်ထဲရှိ အမျိုးအမည်မသိသော စီဒီသုံးချပ်ကိုကြည့်ရင်း ယွမ်ကျိုးမေးလိုက်သည်။
"အို ... အဲ့အတွက်သီးသန့်လုပ်ဆောင်ချက်ကောပါသေးလား။ "
စနစ် "တကယ့်တော့ တစ်စုံတစ်ယောက်ကသာ ကျွမ်းကျင်အဆင့်ကိုရောက် သူ့အလိုလို ဖြစ်လာပါလိမ့်မယ်။"
ထိုသို့ပြောပြီးနောက် စနစ်သည် ယွမ်ကျိုး၏ မေးခွန်းများကိုမဖြေတော့ပဲ တိတ်ဆိတ်သွားတော့သည်။
"ကြည့်ရတာဆုလာဘ်ကရတဲ့ စီဒီကိုအရင်ဖွင့်ကြည့်ပြီး ကိုယ့်ဟာကို နှစ်သိမ့်ရ တော့မယ်နဲ့တူတယ်။"
ယွမ်ကျိူးပေးထားတဲ့စီဒီသုံးချပ်ကို ဖွင့်ပြီး အရံဟင်းပွဲသုံးပွဲ၏ မိတ်ဆက်အညွှန်းများကို တစ်ခုချင်း လိုက်ကြည့်တော့သည်။
"စနစ်ကိုရပြီးတဲ့နောက် အရင်ကငါစားခဲ့တဲ့ ဟာတွေက အတုတွေလို့ အမြဲခံစားရတယ်" ယွမ်ကျိုး သက်ပြင်းချလိုက်သည်။
ယွမ်ကျိုးသည် စနစ်ရှေ့ရောက်သည်နှင့် အမြဲတမ်း ထိုအတိုင်းပင်ဖြစ်နေ တော့သည်။
အလုပ်လုပ်နေချိန်တွင် ပြသခဲ့သော ဆွဲဆောင်မှုရှိသော မင်းသားမဟုတ်တော့ချေ။
ထိုအစား သူသည် အလွန်အမင်းဈေးဆစ် တတ်ပြီး ချွေတာစုဆောင်း သူဌေးလောင်း ဖြစ်ရန်ကြိုးစားနေသော ယွမ်ကျိုးသာ ဖြစ်သည်။
"ဟွမ် လာ ဟွမ် လာ"(ရေကျသံ)
ဆုလာဘ်များကိုအသေအချာ စစ်ဆေးရန် ယွမ်ကျိုးသည် ရေပိုက်ခေါင်းကိုဖွင့်ကာ လက်ဆေးလိုက်သည်။
သို့သော် လက်ဆေးပြီးမကြာမီမှာပဲ သူ၏ဖုန်းရုတ်တရက်ထမြည်တော့သည်။
" ... ... ... ..."(ဖုန်းမြည်သံ)
"ကျိုးရှီကျဲ" ယွမ်ကျိုး ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်မိသည်။
၎င်းသည် တရုတ်နိုင်ငံ့စားဖိုမှူးအဖွဲ၏ ဥက္ကဋ္ဌဖြစ်သူထံမှ ဖုန်းခေါ်နေခြင်းဖြစ်သည်။ ယွမ်ကျိုးသည် ထိုသူနှင့်အလွန်မရင်းနှီးသောကြောင့် ထူးဆန်းသလိုခံစားလိုက်ရသည်။
သို့သော် မစ်ရှင်ပြီးသွား၍ စိတ်ကောင်း၀င်နေသော ယွမ်ကျိုးတစ်ယောက် သူ၏လက်များကိုခြောက်အောင်သုတ်ပြီး ပြန်ဖြေလိုက်သည်။
တကယ်တော့ ကျိုးရှီကျဲတစ်ယောက် သူ့ကိုဖုန်းမဆက်ခင်က ချူရှောင် ဆီအရင်ဆုံးဖုန်းဆက်ထားသည်။
"ဒေါက် ဒေါက် ဒေါက် "ဆိုသည့်အသံနှင့်အတူ အလွန်လှပပြီး ယဉ်ကျေးသိမ်မွေ့ဟန်ရှိသည့် မျက်မှန်နှင့် အမျိုးသမီးတစ်ဦး စာရွက်စာတမ်းများကိုင်ဆောင်ကာ ကျိုးရှီကျဲအခန်းထဲသို့လာသည်။
သူမ၏ လျင်မြန်သွက်လတ်ပြီး ခန့်ညားထည်ဝါလှသော ပုံစံတို့ကြောင့် သူမသည် ထက်မြက်သော အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်စေသည် ။
"ဥက္ကဋ္ဌကြီး ၊ ပြင်သစ်ဟင်းလျာအသစ်နှီးနှောဖလှယ်ပွဲအတွက် ဘယ်သူ့ကို ခေါ်သွားဖို့ ပြင်ဆင်ထားလဲ"
ထိုအမျိုးသမီးက စာရွက်စာတမ်းတွေကို သူ့ဆီ ပေးလိုက်ပြီး ဆွဲဆောင်မှုရှိသောအသံနှင့် ပြောလိုက်သည်။
"ရှောင်ကျုံး နေလည်စာသွားမစားသေးဘူးလား "ကျိုးရှီကျဲက သူမ၀င်လာသည်ကိုမြင်သည်နှင့် မေးလိုက်သည်။
"အဘိုးကျိုး ဒီဟာတွေကိုအရင်စစ်ကြည့်လိုက်ပါအုံး။ တစ်လတောင်ကျော်နေပြီ။ အခုအချိန်ဆိုသမီးတို့ဘက်က သူတို့ကိုအကြောင်းပြန်သင့်ပြီ။ "
ထိုအချိန်တွင် မိန်းကလေးသည် ထက်မြက်သောအမျိုးသမီးတစ်ဦး မဟုတ်တော့ဘဲ ကျီကျတတ်သော မြေးမလေးအဖြစ်သို့ပြောင်းလဲ သွားတော့သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ "ကျိုးရှီကျဲက ပြုံးလိုက်ပြီး သဘောတူလိုက်သည်။ စာရွက်စာတမ်းများကို ယူကြည့်ပြီးနောက် အတော်ကြာစဉ်းစားကာ နာမည် တစ်လုံးကိုရေးလိုက်သည်။
"ယွမ်ကျိုးလား"ရှောင်ကျုံး ဟုခေါ်သော မိန်းကလေးက စပ်စုစွာမေးလိုက်သည်။
"ဒီကောင်လေးက ပါရမီရှင်လေးပဲ၊တကယ့် ပါရမီရှင်"ယွမ်ကျိုး ချက်ပြုတ်သော အရသာရှိသည့် ဟင်းလျာများအကြောင်းစဉ်းစားရင်း ကျိုးရှီကျဲ သူ့ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ကောင်းပါပြီ ဥက္ကဋ္ဌကြီး။ ဒီနေ့ပဲ သူ့ရဲ့ အချက်အလက်တွေကို တဖက်ကို လွှဲပေးလိုက်ပါ့မယ်" ရှောင်ကျုံးက လေးနက်စွာ ပြောလိုက်သည်။
"ကောင်းပြီ။ ဆက်လုပ်ပါ။" ကျိုးရှီကျဲ ခေါင်းညိတ်လိုက်သည်။
ရှောင်ကျုံးသည် တံခါးဝတွင် စောင့်နေသော လက်ထောက်ထံ စာရွက်စာတမ်းများကိုပေးပြီး ရုံးခန်းထဲသို့ ပြန်၀င်လာသည်။
"ဘာကိစ္စရှိလို့လဲ" ကျိုးရှီကျဲက သူမကို ထိုင်ရန် အချက်ပြလိုက်သည်။
"ဟူးးးး " ရှောင်ကျုံးက စကားမပြောသေးဘဲ ထိုင်ခုံကို ဆွဲယူကာ ထိုင်ချလိုက်သည်။
"အဘိုး ကျိုး အာဒန်ကို ခေါ်သွားဖို့ ပြင်ဆင်ထားတာမဟုတ်ဘူးလား။" သူမရဲ့ လေသံနှင့် အပြုအမူကို ကြည့်ခြင်းအားဖြင့် ၎င်းသည်သီးသန့်စကားဝိုင်း တစ်ခု ဖြစ်ကြောင်း ထင်ရှားနေသည်။
"ဟင်အင်း ငါမခေါ်သွားဘူး။သူက တည်ငြိမ်မှုမရှိဘူး။ သူဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူး" ကျိုးရှီကျဲက သေချာနေသောအသံဖြင့် ပြောလိုက်သည်။
"အဖိုးရဲ့တပည့်တွေအားလုံး ဒီအခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြတယ်ဆိုတာကော အဖိုးသိရဲ့လား" ရှောင်ကျုံးက သူမ၏မေးစေ့ကို လက်ဖြင့် ထောက်ထားရင်း ပြုံးရွှင်စွာပြောလိုက်သည်။
"ဒီကောင်တွေမှာ အရည်အချင်းမရှိဘူး။သူတို့ကို ဒီအခွင့်အရေး ပေးလိုက်ရင် အလဟဿပဲ ဖြစ်သွားလိမ့်မယ်" ကျိုးရှီကျဲက လက်ကို ဆန့်ထုတ်ပြီး ရှောင်ကျုံးရဲ့ ခေါင်းကို ပုတ်ပေးလိုက်သည်။
"အဲလိုဆိုတော့လည်း ကောင်းပါတယ်။ အဘိုး ကျိုး၊ သမီးတို့အတူတူ တစ်ခုခု သွားစားကြမလား" ကျိုးရှီကျဲ ဆက်ပြောချင်စိတ်မရှိတော့တာကို မြင်တော့ ရှောင်ကျုံး က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ကလေးမ၊ အရင်သွားစားနှင့်။ အဖိုး ဖုန်းနှစ်ကောလောက် ခေါ်လိုက်ဦးမယ်" ကျိုးရှီကျဲက သူ့မုတ်ဆိတ်ကိုပွတ်ပြီး ရှောင်ကျုံးကို လက်ဝှေ့ယမ်းပြလိုက်သည်။
"အဲ့တာဆို သမီးအရင် သွားတော့မယ်။ အဘိုး၊ တစ်ခုခုစားဖို့ မမေ့နဲ့နော်" ရှောင်ကျုံး ထရပ်လိုက်ပြီး ရုံးခန်းထဲက ထွက်သွားတော့သည်။
"ချစ်ဖို့ကောင်းပြီး ပျော်တတ်တဲ့ ကောင်မလေးပဲ" ကျိုးရှီကျဲက ရှောင်ကျုံးရဲ့ နောက်ကျောကိုကြည့်ရင်း ခေါင်းခါပြီး ပြောလိုက်သည်။
ရှောင်ကျုံးထွက်သွားပြီး ရုံးခန်းတံခါးကို ပိတ်လိုက်သည်နှင့် ကျိုးရှီကျဲ ဖုန်းစခေါ်ရန် ပြင်ဆင်လေသည်။
"ဒူဒူဒူ" ခဏအကြာတွင် ဖုန်းကိုင်လာသည်။
"ဥက္ကဋ္ဌ ကျိုး၊ ဘာကိစ္စရှိလို့လဲ" ဖုန်းရဲ့ တစ်ဖက်က ချူးရှောင်ရဲ့ ကြွားဝါပြီး ယုံကြည်မှုရှိတဲ့ အသံထွက်လာသည်။
"ဒီအဘိုးကြီးက မင်းကို အကြောင်းပြချက်မရှိဘဲ မခေါ်ပါဘူး" ကျိုးရှီကျဲက ချူးရှောင်ဟာ ပွင့်လင်းပြီး တဲ့တိုးပြောတတ်တာကြောင့် သူလည်း တိုက်ရိုက်ပဲ ဆက်ပြောလိုက်သည်။
"ဒီအဘိုးကြီးက မင်းကို ညစာကျွေးချင်လို့"
"ညစာကျွေးဖို့လား" ချူးရှောင် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"ဟုတ်တယ်။ ယွမ်ကျိုးရဲ့ စားသောက်ဆိုင်ကို သွားစားရအောင်" ကျိုးရှီကျဲက အသေအချာပြောလိုက်သည်။
"အင်း ... မလိုအပ်တော့ဘူးလို့ ထင်တယ်။ ငါ ပြင်သစ်ကို ပြန်နေပြီ။" ချူးရှောင် ချက်ချင်း ပင် တိုက်ရိုက်ငြင်းဆိုလိုက်သည်။
"မင်း အဲ့လောက်မြန်မြန်ပြန်သွားတာလား" ကျိုးရှီကျဲ မမျှော်လင့်ထားသည်နှင့်အတူ မျက်မှောင်ကျုံ့လိုက်မိသည်။
"ဟုတ်တယ်။ ငါပြန်နေပြီ" ချူးရှောင်က ကောင်းကောင်း ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ။ နောက်မှပဲ ဆက်ပြောကြတာပေါ့" ကျိုးရှီကျဲ လည်းလက်လျှော့လိုက်ရုံသာ တတ်နိုင်တော့သည်။
စကားအနည်းငယ်ပြောပြီးနောက် ချူးရှောင်လည်း ဖုန်းချလိုက်သည်။ထို့နောက် သူ့ဖုန်းကို ချက်ချင်းမချေ
သေးပဲ ဖုန်းခေါ်လိုက်သည်။
"ပြင်သစ်သွားမယ့် လေယာဉ်လက်မှတ်ကို ဒီနေ့ကို ပြောင်းလိုက်" ဖုန်း၀င်တာနဲ့ ချူးရှောင်က တခါတည်းပြောလိုက်သည်။
"ကောင်းပါပြီ၊ မစ္စတာချူး။ အချိန်အတိအကျကို နောက်မှ အကြောင်းကြားလိုက်ပါ့မယ်" ဖုန်းရဲ့ တစ်ဖက်ကနေ သာယာနာပျော်ဖွယ်ကောင်းသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။
"အင်း။" ချူးရှောင်က ဆက်လုပ်ရန်ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ။" ဖုန်းကိုကြည့်ရင်း ချူးရှောင် ခပ်ရေးရေးပြုံးလိုက်မိသည်။ ထို့နောက် သူက ပစ္စည်းများကို သိမ်းဆည်းကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
မူရင်းလက်မှတ်အရ နောက်နှစ်ရက်ကြာမှပြန်မည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ချူးရှောင်နှင့် သူ့လက်ထောက်သာ သိသည်။
ကျိုးရှီကျဲက ဖုန်းနှစ်ကြိမ် ခေါ်မည်ဟုပြောထားတာကြောင့် သူနောက်တစ်လုံးကိုလည်း ဖုန်းခေါ်ခဲ့သည်။ဒုတိယတစ်ခါကတော့ ယွမ်ကျိုးဆီကိုပါ...
အပိုင်း(၄၀၁)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၀၂)
အနည်းငယ် အံ့အားသင့်သွားပြီးနောက် ယွမ်ကျိုး လက်ကို ခြောက်အောင်သုတ်လိုက်ပြီး ဖုန်းကိုကောက်ယူလိုက်သည်။
အချိန်အချို့ယူပြီးနောက် ယွမ်ကျိုးဖုန်းကို ကိုင်လိုက်သည်။
"မင်္ဂလာပါ ဥက္ကဋ္ဌ"
ကျိုးရှီကျဲ နှင့်တွေ့ပြီးနောက်ပိုင်း သူ၏အကြောင်း သတင်းအချက်အလက်အချို့ကို ယွမ်ကျိုးရှာဖွေခဲ့သေးသည်။ ကျိုးရှီကျဲ၏အခြားသောအောင်မြင်မှုများအပြင် ယွမ်ကျိုး သူ့ကို လေးစားသော အချက်တစ်ချက်လည်းရှိသေးသည်။
ကျိုးရှီကျဲ သည် တစ်ချိန်က နိုင်ငံတကာစားဖိုမှူးပြိုင်ပွဲ၏ ထိပ်ဆုံးသုံးဦးအဆင့်သို့ရောက်ရှိခဲ့ဖူးသည်။ထိုအဆင့်သို့ရောက်ရှိသည့် တစ်ဦးတည်းသော တရုတ်လူမျိုးဖြစ်သည်ဟုလည်း ဆိုကြသည်။
ယခုလိုနိုင်ငံတကာပွဲ၏ထိပ်ဆုံးသုံးနေရာတွင် တရုတ်လူမျိုးတစ်ဦး ဝင်ရောက်လာသည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။၎င်းသည် ဒဏ္ဍာရီတစ်ခုဖြစ်သည် ဟုပြောလျှင်ပင် ချဲ့ကား၍ပြောခြင်း မဟုတ်ပေ။
တရုတ်စားဖိုမှူးတစ်ဦး၏ အချက်အပြုတ်စွမ်းရည်ကို နိုင်ငံတကာမှ အသိအမှတ်ပြုရန် မလိုအပ်သော်လည်း ကျိုးရှီကျဲ၏ လက်ရာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အပြစ်အနာအဆာကင်း သောကြောင့် ထိုအဆင့်သို့ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့အပြင် ဒိုင်လူကြီးများအနေဖြင့် တရုတ်မှ ယှဉ်ပြိုင်သူများအပေါ် တရားမျှတမှု နှင့် မျက်နှာသာပေးမှုတို့ မရှိကြောင်းသိထားသင့်သည်။
"ယွမ်ကျိုးလား။ ငါ ကျိုးရှီကျဲပါ" ဒီတစ်ခါတော့ ကျိုးရှီကျဲက ညင်သာစွာ ပြောလိုက်သည်။
"အမ် ... ဟုတ်ကဲ့" ယွမ်ကျိုးက ပြန်ဖြေသည်။
"ငါမင်းကို ပြင်သစ်ဟင်းလျာအသစ်နှီးနှောဖလှယ်ပွဲ တက်ဖို့ အကြံပေးချင်တယ်ကွာ။ မင်းဘယ်လိုထင်လဲ" ဟု ကျိုးရှီကျဲ မေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ" ယွမ်ကျိုး မှင်သက်ကာအံ့အားသင့်သွားတော့သည်။
"ဒါဆို မင်းသဘောတူတယ်မလား" ကျိုးရှီကျဲ ဤတစ်ကြိမ် ပို၍ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ ဥက္ကဋ္ဌက အကြံပေးတာဆိုတော့ ကျွန်တော် သေချာပေါက် သွားပါမယ်။ ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးကတော့ သေချာပေါက် ထိုသို့သောအခွင့်အလမ်းကောင်းကို ငြင်းဆန်မည် မဟုတ်ပေ။
"ဟား ... ဟား...ကျေးဇူးတင်စရာမလိုပါဘူးကွာ။ ဒါက မင်းရဲ့ အချက်အပြုတ်စွမ်းရည်ကြောင့်လည်းပါတာပေါ့" ကျိုးရှီကျဲ တိုက်ရိုက်ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျတော်နားလည်ပါပြီ" ယွမ်ကျိုးက နာလည်ကြောင်း ပြန်ပြောလိုက်သည်။
"ဒါဆိုရင်လဲ ပြင်ဆင်စရာရှိတာပြင်ထားတော့ နောက်ရက်အနည်းငယ်ကြာရင် လေဆိပ်ကို အတူတူသွားကြရအောင်။ ပြင်သစ်မှာ ငါးရက်နေရမှာဆိုတော့ အသွားအပြန် တစ်ပတ်လောက်တော့ကြာလိမ့်မယ်"
ကျိုးရှီကျဲက ယွမ်ကျိုးကို အကြီးအကဲတစ်ယောက်လို ဂရုတစိုက် မှာကြားလိုက်သည်။
"ကောင်းပါပြီ ဥက္ကဋ္ဌ ဒါဆိုကျတော်ခရီးသွားဖို့ပြင်ဆင်ထားလိုက်ပါ့တယ်" ယွမ်ကျိုးက သူ့စကားကို အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။
"အဲ့တာဆိုနောက် နှစ်ရက်ကြာရင် ငါ့ရဲ့လက်ထောက် ကျုံးလီလီ မင်းဆီလာလိမ့်မယ်။သူက မင်းကို နှီးနှောဖလှယ်ပွဲနဲ့ ပတ်သက်ပြီး ပြောပြလိမ့်မယ်"
ဤတစ်ကြိမ်တော့ ကျိုးရှီကျဲ စိတ်သက်သာရာရ သွားခဲ့သည်။အဘယ့်ကြောင့်ဆိုသော် ယွမ်ကျိုး၏စိတ်သ ဘောထားသည် သူ့ထက်ပိုဆိုးရွားကြောင်း လီယန်ရီ ပြောပြထားသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် အပြင်ထွက်ရသည်ကို မနှစ်သက်ကြောင်းပါ သိထားလေသည်။
သို့သော် ယခုတော့ ယွမ်ကျိုး၏သဘောထားမှာ အလွန်ဆိုးသွမ်းပုံမရပေ။
"ဒီကောင်လေး အရည်အချင်းရှိတယ် ပြီးတော့ စိတ်ရင်းလည်းကောင်းသားပဲ။ ကောင်းတယ်၊ ကောင်းတယ်" ကျိုးရှီကျဲ သူ့မုတ်ဆိတ်ကိုပျော်ရွှင်စွာ ပွတ်သပ်ပြီး သူ့ဘာသာသူ တိုးတိုးလေးရေရွတ် လိုက်သည်။
အချက်အပြုတ်စွမ်းရည်နှင့် ပတ်သက်ပြီး ကျိုးရှီကျဲ က ယွမ်ကျိုး အပေါ် တွင် လွန်စွာအကောင်းမြင်စိတ်ရှိသူ ဖြစ်သည်။ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သို့ မရောက်သေးသော်ငြားလည်း သူ ယခုအချိန်ထိ ယွမ်ကျိုး၏ အရည်အချင်းအပြည့်အဝကို မသိနိုင်သေးပေ။
သို့သော်လည်း ၎င်းသည် အမှန်တကယ်အရေးမပါပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ကျိုးတွင် သင်ကြားပြသပေးမည့် ဆရာမရှိရုံသာမက သာမန်ဟိုတယ်တစ်ခုတွင် နှစ်နှစ်သာ အလုပ်လုပ်ခဲ့ဖူးကြောင်း သိနေသောကြောင့်ဖြစ်သည်။
သူ့အမြင်အရတော့ ယွမ်ကျိုး၏အံ့မခန်း စွမ်းဆောင်ရည်များသည် သူ၏အဆုံးမဲ့ ပါရမီကို ပြသခြင်းဖြစ်သည်။
ယွမ်ကျိုး ဖုန်းချလိုက်ပြီးနောက် သူစဉ်းစားလိုက်မိသည်။
"လေယာဉ်လက်မှတ်တွေကို ဖိတ်စာနဲ့တူတူပေးလိုက်မှာ တည်းခိုစရိတ်အတွက်ကျတော့ စီပွားရေးခရီးစဉ်ဖြစ်တာကြောင့်မို့လို့ သူတို့ပဲစီစဉ်ပေးအုံးမှာ အဲ့တော့ ငါဟိုကိုရောက်အောင်သွားဖို့နဲ့ ပိုက်ဆံနည်းနည်းပါးပါး ယူသွားလိုက်ရင် ရပြီ "
ထို့နောက်သူ၏ ရွှေရောင်ကတ်အကြောင်း တွေးလိုက်မိသည်။
"ပြင်သစ်မှာက ယူရိုသုံးတာဆိုတော့ ငါ ယူရို ၁၀၀၀၀ လောက်ယူသွားလိုက်ရင် ဟိုမှာကတ်လေးကို ပွတ်ဆွဲလိုက်တာနဲ့ ဘာမဆို ဝယ်လို့ရပြီလေ " ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"အမေရိကန်ဒေါ်လာ ၅၀၀၀ အောက် ဒါမှမဟုတ် တူညီတဲ့ ငွေသားပမာဏပဲ ယူလို့ရတယ်"
ရုတ်တရက် ပွင့်နေသော တံခါး၏ အပြင်ဘက်မှ အမျိုးသားတစ် ယောက်၏ အသံ ထွက်ပေါ်လာသည်။
"ဘယ်လို... " ဒီအသံက ရုတ်တရက် ထွက်လာတာကြောင့် ယွမ်ကျိုး ကြောင်တောင်တောင်ဖြစ်သွားသည်။
"ဒေါ်လာ ၅၀၀၀ အောက်ပဲယူသွားလို့ရမှာ မဟုတ်ရင် မင်း ငွေသားကိုင်ဆောင်ခွင့်ပါမစ် လျှောက်ရလိမ့်မယ်" သူ့စားသောက်ဆိုင်ထဲ ဝင်လာသူကတော့
ဝူဟိုင်းပါ။
"အော် ... ငါသိပြီ" ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ယွမ်ကျိုးသည် ဟန်ပင်မဆောင်နိုင်တော့ပဲ စိတ်ညစ်သွားတော့သည်။
"နောက်ပြီး ငွေကြေးလဲလှယ်ဖို့အတွက်ပါ လျှောက်ရအုံးမှာ" ဝူဟိုင်းက သူ့ရဲ့ မုတ်ဆိတ်မွှေး အနည်းငယ်ကို ပွတ်သပ်ပြီး ယွမ်ကျိုးကို ထပ်သတိပေးလိုက်သည်။
"လုပ်ငန်းချိန်လည်းမဟုတ်ဘဲနဲ့ ဒီမှာဘာလို့ရှိနေတာလဲ " ယွမ်ကျိုးက တစ်ချက်လှည့်မကြည့်ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဟင့် ငါဒီနား ဖြတ်သွားရုံပဲ" ဝူဟိုင်း စဉ်းတောင်မစဉ်းစားဘဲ လိမ်ပြောလိုက်သည်။
"အမ် အိုကေ အဲ့ဒါဆိုမင်းဆက်ဖြတ်သွားလိုက်ပါအုံး ငါ ပန်းပုထုသွားထုတော့မယ် " ယွမ်ကျိုးက သူသိပြီဟု ခေါင်းညိတ်ပြလိုက်ကာ ဝူဟိုင်းကို မောင်းထုတ်လိုက်သည်။
"ကောင်းပြီလေ အဲ့ဒါဆိုညနေကျမှ တွေ့ကြတာပေါ့ " ဝူဟိုင်း ဘာမှ မပြောဘဲ လှည့်ထွက်သွားတော့သည်။
"မင်းက အနုနည်းနဲ့ စနောက်ဖို့တမင်သက်သက် လာတယ်ဆိုတာ ငါမသိဘူးများထင်နေလား " ဝူဟိုင်း ထွက်သွားပြီးနောက် ယွမ်ကျိုး အတွေးထဲကနေလှောင်ပြောင်လိုက်သည်။
ယွမ်ကျိုး နိုင်ငံခြားသွားချင်ရသည့် အကြောင်းရင်းကမှာ အတော်လေး ရိုးရှင်းပါသည်။ မူလကတည်းက သူ နိုင်ငံခြားသွားရန် အစီအစဉ်ရှိခဲ့ဖူးသည်။
သို့သော် ယခုအခေါက်ကား စနစ်မှ ပေးအပ်သော ဆုလာဘ်ကြောင့်သွားချင်ခြင်းပင်။
စနစ်က သူ့ကို အနောက်တိုင်းစတိုင် ဟင်းလျာများ၏ ယဉ်ကျေးမှုပုံစံအားလုံးကို ဆုချီးမြှင့်ခဲ့သောကြောင့် ယွမ်ကျိုးအနေနှင့်လည်း အနောက်တိုင်းဟင်းလျာများကို ပြုလုပ်ပေးရပါလိမ့်မည်။ ထို့ကြောင့် သူကိုယ်တိုင် ၎င်းဟင်းလျာတို့ကို နားလည်ထားရန် လိုအပ်သေးသည်။
သူ အခြားသူများကို ပြန်လည်သင်ကြားပေးရန် မလိုသော်လည်း သူ့အမြင်အရ ၎င်းဟင်းလျာများကို ကျွမ်းကျင်ရန်လိုအပ်သည်ဟု ထင်နေလေသည်။
အနောက်တိုင်းစတိုင် ဟင်းလျာများ၏ယဉ်ကျေးမှုပုံစံ ကို သင်ယူရန် နိုင်ငံခြားသွားသည်က အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ ပြင်သစ်မဆိုထားနှင့် အနောက်တိုင်းနိုင်ငံ အနှံ့ဆိုလျှင်တောင် သူသွားသင့်သည်မဟုတ်ပါလော။
"ပြင်သစ်ကဟင်းလျာတွေကို ကမ္ဘာ့အဆင့်မီ ဟင်းလျာအနေနဲ့ သတ်မှတ်ကြတယ်။ပြီးတော့
မီချယ်လင် ကြယ်သုံးပွင့်အဆင့် စားသောက်ဆိုင် တွေလည်းရှိသေးတယ်။ ငါ အများကြီး သင်ယူနိုင်တာပဲ" ယွမ်ကျိုးက သူ့နဖူးကို ပွတ်ပြီး စိတ်ထဲတွင်တွေးလိုက်သည်။
ပြင်သစ်ကို ခရီးစရိတ်မကုန်ဘဲသွားခွင့်ရသောကြောင့် ရုတ်တရက် ထိုသို့သွားရန် ဆုံးဖြတ်လိုက်ခြင်း မဟုတ်ပေ။ ယွမ်ကျိုး သည် ထို့သို့သောလူမျိုးမဟုတ်။
ရက်တစ်ရက်ဟာ မကြာခင်မှာပင် ကုန်ဆုံးသွား တော့သည်။ ယွမ်ကျိုးလည်း ပြင်သစ်နိုင်ငံ၏ ရာသီဥတုနှင့် ကြိုတင်ကာကွယ်သင့်သည်များကိုစစ်ဆေးပြီး အိပ်ပျော်သွားခဲ့ပါတယ်။
...
နောက်တစ်နေ့မနက်စောစောတွင် ယွမ်ကျိုးသည် မနက်စာမစားမှီ ပုံမှန်အတိုင်း လမ်းလျှောက်ရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် နိုးထလာခဲ့သည်။
တစ်ဖက်တွင် လင်းဟုန်သည်လည်း စောစောထကာ အပြင်သွားရန် ပြင်ဆင်လိုက်သည်။
"ရှောင်လင်း နင် အခုနောက်ပိုင်း သတင်းစာယူတာမတွေ့ရပါလား။မေ့များနေသလား" လင်းဟုန်၏ အနောက်မှာ ရိုးရှင်းစွာ ဝတ်စားထားသော အမျိုးသမီးတစ်ယောက် ထွက်လာပြီးမေးလိုက်သည်။
"မဟုတ်ပါဘူး ကျွန်တော် အခုကစပြီး သတင်းစာဖတ်ဖို့ မလိုတော့တာကြောင့်ပါ" လင်းဟုန် ခဏတာစဉ်းစားပြီး ဖြေလိုက်သည်။
"ဘာဖြစ်လို့လဲ။ သတင်းစာဖတ်တာ မင်းရဲ့အကျင့် လိုဖြစ်နေပြီမဟုတ်ဘူးလား။ အခုမှဘာလို့ ဖတ်ဖို့မလိုတော့တာတုန်း" အမျိုးသမီးက ပို၍ ဇဝေဇဝါဖြစ်လာပြီးမေးလိုက်သည်။
"အခုက သတင်းစာထက်တောင် ပိုတိကျတဲ့ စပီကာတစ်လုံး ရှိနေပြီလေ " လင်းဟုန်ရဲ့ ရွှန်ရွှန်နောက်နောက် အပြုံးတစ်ခုနဲ့ ပခုံးတွန့်ပြလိုက်သည်။
"သေချာလို့လား" အမျိုးသမီးက အတည်ပြုရန် လေးလေးနက်နက် မေးလိုက်ပြန်သည်။
"စိတ်မပူပါနဲ့ ဒေါ်လေးကျန်း။ ရုံးမှာနောက်ထပ် စပီကာ တစ်လုံးရှိပါသေးတယ် " လင်းဟုန်က သူမကို နှစ်သိမ့်ပြီးနောက် ချက်ချင်းထွက်လာခဲ့လိုက်သည်။
လင်းဟုန်ပြောသည့် စပီကာဆိုသည်မှာ ယွမ်ကျိုး စားသောက်ဆိုင်မှ ဖောက်သည်များပင်ဖြစ်သည်။
ထိုဖောက်သည်နှစ်ယောက်သည် နေ့တိုင်း မနက်စာလာစားကြပြီး အချိန်တိုင်း ၎င်းတို့ထံတွင် ကြိုတင်ပြင်ဆင်ထားသကဲ့သို့ နောက်ဆုံးရသတင်းများကို ကြာရတတ်သည်။ တစ်ချိန်တည်းမှာပဲ သူတို့ရရှိလာသော နောက်ဆုံးရ သတင်းအစုံကို ဝေဖန်သုံးသပ်ကြသေးသည်မဟုတ်ပါလော။
လင်းဟုန် ဆိုင်သို့ရောက်လာသည်နှင့် နောက်ဆုံးရသတင်းတင်ဆက်သူ နှစ်ယောက်ကိုတွေ့လိုက်ရသည်။
လင်းဟုန်အပြင် နောက်ထပ်လူနှစ်ယောက်ရှိပြီး ရုံးဝတ်စုံအပြည့်နှင့် နက်တိုင်တပ်ထားသော နောက်ထပ်လူနှစ်ယောက်ရှိသေးသည်။
အရပ်ရှည်သောသူမှာ လျိုဇီမင်းဖြစ်ပြီး အရပ်ပုပု နှင့် ခန့်ခန့်ညားညား တစ်ယောက်မှာ ပန်နင် ဖြစ်သည်။ အခု ၎င်းတို့နှစ်ဦးသားအပူတပြင်းပြောဆိုနေကြပြီး ဘေးတွင် အခြားသူများက အာရုံစိုက်ကာ နားထောင်နေကြသည်။
"ဒီနေ့ Sohuက သတင်းအသစ်ဖတ်ပြီးပြီလား" လျိုဇီမင်း ခေါင်းလှည့်ကာ စကားစလိုက်သည်။
"အင်း ငါလည်းဖတ်ပြပြီး ဒီလူ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘူးလို့ခံစားနေရတယ်။ဟုတ်တယ်မလား။သူကိုသူ ဂရုစိုက်တယ်ဆိုရင် သန်းခေါင်လောက်ကို ဘယ်သူကဘားသွားမှာလဲ။အခုလို အစော်ကားခံရတာ အံ့သြစရာတောင် မရှိဘူး။" ပန်နင်က ရိုင်းစိုင်းစွာ လှောင်ပြောင်လိုက်သည်။
"ဟား ... ဟား ... ဟား ၊အဲ့သတင်းအောက်က ပထမဦးဆုံး ကောမန့်ကမင်း မဟုတ်လား" လျိုဇီမင်း ရုတ်တရက် ထရယ်ပြီးပြော လိုက်သည်။
"အံ့ဩစရာပဲ။ အဲ့လူက ဘားကိုသွားတာ မူးတဲ့အထိ အရက်အတင်းတိုက်တာခံလိုက်ရတယ်တဲ့။ ပြီးတော့သူ့ကို အမျိုးသမီးခြောက်ယောက်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်တဲ့လေ။ ဟူး.... ငါလည်း အဲ့လိုအခွင့်အရေးမျိုး လိုချင်လိုက်တာကွာတစ်ယောက် လောက်ရရင်ကိုတော်ပါပြီ " ပန်နင်က သက်ပြင်းချပြီး ပြောလိုက်သည်။
"သွားစမ်းပါ။ မင်း ဒီလောက်ချောတဲ့ဟာ ဒါပေမယ့် သတိထားအုံး၊ တော်ကြာမင်းလည်းသူ့လို ဖြစ်နေအုံးမယ်" လျိုဇီမင်းက လေးနက်စွာ ပြောလိုက်သည်။
"အေး ဟုတ်တယ် အဲ့လိုဖြစ်တာထက် နာမည်ပျက်တာကပိုဆိုးတယ် မတွေးရဲစရာပဲ" ပန်နင်က ရုတ်တရက် မကျေမနပ် လေသံနဲ့ ပြောလိုက်တယ်။
"အင်းဟုတ်တယ်။ သူတို့က လုံးဝကို ခွဲခြားဆက်ဆံခံ နေရတာ၊ကိုလံဘီယာ တက္ကသိုလ်မှာတောင် အဲ့လိုဖြစ်ခဲ့ဖူးတယ်တဲ့ " လျိုဇီမင်းကလည်း သူ့ရဲ့ မကျေနပ်ချက်ကို ပြသကာ ခေါင်းခါလိုက်သည်။
...
ထိုလူနှစ်ယောက်က သတင်းအမျိုးမျိုး ပြောပြတဲ့ စပီကာတွေလိုပါပဲ။ သူတို့က အကောင်းဆုံး လူသားပုံသဏ္ဍာန် သတင်းထုတ်လွှင့်သူတွေပါ။
ထို့ကြောင့် လင်းဟုန်သည် သတင်းစာကို မလိုအပ်တော့ပေ။
အပိုင်း(၄၀၂)
ပြီးပါပြီ။