← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 31 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 31 Ch. 405-406

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၄၀၅)

ကျိုးရှီကျဲက ယွမ်ကျိုးကို ကြည့်ကာ ပြုံးရင်း

“ယွမ်လေး၊ မင်းရဲ့ ပြင်သစ်စကား တော်တော်ကောင်းတာပဲ။ မနေ့ကတည်းက အဲဒါကို မေးချင်နေတာ” ဟု ပြောလိုက်သည်။

ဒီတစ်ခါတော့ ကျိုးရှီကျဲက ပြင်သစ်ဘာသာဖြင့်အထင်ကြီးစရာကောင်းလောက်အောင် ပြောနေ‌သောကြောင့် ယွမ်ကျိုး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

“‘မင်းရဲ့ ပြင်သစ်စကားကောင်းတယ်’ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ငါ အင်္ဂလိပ်တောင် မပြောတတ်ဘူး။ နိုင်ငံခြားဘာသာဆိုရင် မန်ဒရင်း ဒါမှမဟုတ် ဒေသိယစကား တစ်ခုခုလောက်ပဲ သိတာပါ”

ယွမ်ကျိုးက မျက်နှာအမူအရာကို ထိန်းထားသော်လည်း စိတ်ထဲမှာတော့ ရယ်မောနေလေ၏။

သို့သော် သူ ပတ်ဝန်းကျင်ကို သဲလွန်စရလိုရငြားလေးနက်စွာ လေ့လာကြည့်လိုက်သည်။

“အဲ… သူတို့ ပြင်သစ်လို ပြောနေကြတာပဲ။ ခဏနေပါဦး။ ဟင်းလျာနာမည်တွေကတောင် ပြင်သစ်လို ဖြစ်နေတယ်။ ဒါဆို ငါ ဘာလို့ နားလည်နေရတာလဲ”

ယွမ်ကျိုးက သံသယအပြည့်နှင့် ကြည့်လိုက်သည်။

“ငါက မွေးရာပါ ပြင်သစ်ဘာသာစကားကို နားလည်တဲ့သူ ဖြစ်နေတာလား။ မွေးကတည်းက ဒီဘာသာစကားကို သိနေခဲ့တာလား”ထိုအထိပင် မခန့်မှန်းဘဲ မနေနိုင်တော့ပေ။

ယွမ်ကျိုးက ကျိုးရှီကျဲ၏ မေးခွန်းကို ပြင်သစ်ဘာသာ

နှင့်ယုံကြည်မှုရှိရှိ ဖြေရန် ပြင်ဆင်လိုက်သည်။

“နည်းနည်းပါ သိပ်မများပါဘူး”ပထမဆုံးစကားလုံးထွက်သွားချိန်တွင် သူဟာ ပြင်သစ်စကားကို လုံးဝ မပြောနိုင်ကြောင်း ချက်ချင်း သတိထားမိလိုက်သည်။

ထို့နောက် ယွမ်ကျိုး တိတ်ဆိတ် စနစ်ကို တိုက်ရိုက် ဆင့်ခေါ်လိုက်သည်။

“စနစ်၊ ဒီကိစ္စမှာ မင်းက ငါ့ကို ကူညီပေးထားတာလား”

ယွမ်ကျိုး၏လေသံက အလွန်ပင် လေးနက်နေ‌လေ သည်။

စနစ်က“အနောက်တိုင်းစတိုင် ဟင်းလျာယဉ်ကျေးမှု လေ့လာဖို့ အသုံးပြုတဲ့ CD တွေက ပြင်သစ်ဘာသာနဲ့ ရေးထားတာပါ” ဟုဖြေကြားလိုက်၏။

ထို့ကြောင့် ယွမ်ကျိုး ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကြည့်နေသော CD အားလုံးကို ပြင်သစ်လို ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။ သာမာန်အတိုင်း ဖတ်နိုင်၊ နားလည်နိုင်နေ‌သောအတွက် ဘာသာစကား ပြောင်းလဲနေသည်ကိုပင် မသိခဲ့ပါ။

စနစ်က သတိပေးမှသာ ယွမ်ကျိုး ဒီအချက်ကို သတိရသွားခဲ့သည်။

“ဒါဆို ပြင်သစ်စကားကို ငါ ဘယ်လိုနားလည်နေတာလဲ” ယွမ်ကျိုးက စပ်စုစွာ မေးလိုက်သည်။

စနစ်က“ကျွမ်းကျင်မှုများကို ပိုမိုထိရောက်စွာ သင်ယူနိုင်ဖို့ပါ”ဟု ပြန်ဖြေလိုက်သည်။

“မင်းက အလုပ်တော့ ကောင်းကောင်းလုပ်ထားတာပဲ။ ဒါပေမယ့် စကားပြောစွမ်းရည်ကို ငါ့ဆီ ပေးဖို့တော့ မေ့သွားတယ်ပေါ့”ယွမ်ကျိုးက ပထမပိုင်းကို ရိုးသားစွာ ပြောပြီး နောက်ဆုံးပိုင်းကိုတော့ အလွန်သတိထားပြီး ပြောလိုက်သည်။

စနစ်က“ယဉ်ကျေးမှု လေ့လာတဲ့အခါစကားပြောစွမ်းရည် မလိုအပ်ပါဘူး”

ဟု ဖြေလိုက်သည်။

ထိုစကားလုံးများကြောင့် ယွမ်ကျိုး ချက်ချင်း အံ့အားသင့်သွားရသည်။

ခဏအကြာမှာတော့

“စနစ်ရေ… အဲဒါက တကယ်ကို ကျိုးကြောင်းဆီလျော်လွန်းတယ်။ ငါ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး”ဟုပြောလိုက်သည်။

ထို့နောက် အမြဲလိုလို ဖြစ်နေကျအတိုင်း စနစ်က ဘာမှ မဖြစ်သလို ထပ်မံ ပျောက်ကွယ်သွားခဲ့သည်။

လက်တွေ့အချိန်သို့ ပြန်ရောက်လာသောအခါ ယွမ်ကျိုးက ကျိုးရှီကျဲကို ရှင်းပြလိုက်သည်။

“ကျွန်တော် ပြင်သစ်စကား မပြောတတ်ပါဘူး။ နားထောင်တတ်၊ ဖတ်တတ်ရုံပဲ တတ်တာပါ”ဟု သာမာန် လေသံနှင့် ပြောလိုက်သည်။

“တကယ်လား။ နားထောင်ပြီး နားလည်နိုင်တာလား”ကျိုးရှီကျဲက စိတ်ဝင်တစား မေးလိုက်သည်။

“အဓိပ္ပာယ်ကို သိချင်တာလား”ယွမ်ကျိုးက ဇဝေဇဝါနှင့် ပြန်မေးလိုက်သည်။

“ဟုတ်တယ်။ ဒီစကားလုံးကို တိုက်ရိုက် ဘာသာပြန်ဖို့ အရမ်းခက်တယ်လို့ ထင်တယ်။ အရင်တစ်ခါတုန်းက ဒီအဘိုးကြီးကတောင် နားမလည်နိုင်ခဲ့ဘူး”ကျိုးရှီကျဲက သူ့၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“အဓိပ္ပာယ်ကတော့ ‘မတရားတဲ့သူဟာ ဖျက်ဆီးခံရဖို့ ကံကြမ္မာရှိတယ်’ ဒါမှမဟုတ် ‘လူတစ်ယောက်ကို မင်းကို ဆက်ဆံသလိုပဲ ပြန်ဆက်ဆံရမယ်’ လို့ထင်တာပဲ”

ဟု ယွမ်ကျိုးက ပြောလိုက်သည်။

“ဟုတ်တယ်။ ယွမ်လေး၊ မင်း ပြင်သစ်စကားက အရမ်းတော်တယ်။ ဒါပေမယ့်… မင်း တကယ်မပြောတတ်ဘူးပေါ့”ကျိုးရှီကျဲက မယုံနိုင်သလို မေးလိုက်သည်။

သူ့အမြင်အရတော့ ဖတ်နိုင် နားထောင်နိုင်လျှင်စကားမပြောနိုင်ဆိုသည်မှာ မဖြစ်နိုင်သလိုပင်။

သို့သော် အမှန်ကားယွမ်ကျိုးသည် ပြင်သစ်စကားကို လုံးဝ မပြောတတ်‌ပေ။

“မဟုတ်ဘူး၊ ငါ မ‌ေပြာနိုင်ဘူး”ယွမ်ကျိုးက ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်။

“ဟားဟား… ဒါဆို မင်း စကားမပြောတတ်ဘဲ ဘယ်လိုလုပ်ပြီး ပြင်သစ်စကားကို နားလည်လာတာလဲ”ဟင်းလျာများစားရန် ခေါ်သွားရင်း ကျိုးရှီကျဲက စိတ်ဝင်စားစွာ မေးလိုက်သည်။

“ကြည့်ရင်းနဲ့ပါ”ယွမ်ကျိုးက ခဏစဉ်းစားပြီး လေးနက်သည့် လေသံနှင့် ပြန်ဖြေလိုက်သည်။

“စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်လေးပဲ။ ဒီဟာကို လာမြည်းကြည့်ပါ”ကျိုးရှီကျဲက သူ့ရှေ့က ပန်းကန်များကို လက်ညှိုးထိုးပြောလိုက်သည်။

“အမ်…"ယွမ်ကျိုးက ခေါင်းညိတ်ရင်း အရသာကို သေချာခံစားကြည့်လိုက်သည်။

လူကြီးတစ်ယောက်၊ လူငယ်တစ်ယောက် နှစ်ယောက်စလုံးက ညီလာခံခန်းမအတွင်း လှည့်လည်သွားလာရင်း ဟင်းလျာမျိုးစုံကို မြည်းစမ်းကြည့်နေကြသည်။

တစ်ခါတစ်ရံမှာတော့ ကျိုးရှီကျဲက စားဖိုမှူးတချို့ကို ယွမ်ကျိုးနှင့် မိတ်ဆက်ပေးတတ်သည်။

အရသာကတော့ ပြောစရာမလိုအောင် ထူးခြားလှသည်။

ဒါဟာပဲ ကျိုးရှီကျဲ က ယွမ်ကျိုးကို ထိုနေရာသို့ ခေါ်လာရခြင်း၏ အဓိကရည်ရွယ်ချက်ပင်။ အစစ်မှန်ဆုံးနေရာတွင် အစစ်မှန်ဆုံး ပြင်သစ်ဟင်းလျာများအားကိုယ်တိုင် မြည်းစမ်းနိုင်စေချင်သောကြောင့်ဖြစ်၏။

တစ်ပြိုင်နက်တည်း လုပ်ငန်းတူ လုပ်ဖော်ကိုင်ဖက်များကို သွားရောက်တွေ့ဆုံစေခြင်းကလည်း ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။

တစ်နေ့လုံး မသိမသာနှင့်ပဲ ကုန်ဆုံးသွားခဲ့သည်။

“ကဲ… သွားကြရအောင်။ ဟိုတယ်ကို ပြန်ကြရအောင်”

အခြားသူများအား နှုတ်ဆက်ပြီးနောက် ကျိုးရှီကျဲက ယွမ်ကျိုးကို ပြောလိုက်သည်။

“အမ်… ဒီနေ့ ငါ တော်တော် ဗိုက်ပြည့်နေပြီ”ယွမ်ကျိုးက မသိစိတ်ကနေ ပြောထွက်သွားသည်။

“ကောင်းပြီ။ ဒါဆို ညစာ မစားတော့ဘူးပေါ့။ ငါလည်း ပိုက်ဆံစုရမယ်”ကျိုးရှီကျဲက ပြုံးရင်း စနောက်လိုက်သည်။

“ဟုတ်တယ်။ ငါ အပြင်မှာ နည်းနည်း လျှောက်လည်ချင်တယ်”ယွမ်ကျိုးက ဟိုတယ်ဝင်ပေါက်ဘက်ကို လျှောက်သွားရင်း ရုတ်တရက် ပြောလိုက်သည်။

“ကောင်းပြီ။ မင်း တစ်ခုခု လုပ်လာရင် ငါတော့ ရှောင်နေမယ်နော်”ကလေးဆန်သော စိတ်နေစိတ်ထားနှင့်ကျိုးရှီကျဲက ချက်ချင်း စနောက်လိုက်သည်။

“အဲ့လိုမရှိပါဘူး။ ဝင်ပေါက်နားမှာပဲ လျှောက်သွားမှာ”ယွမ်ကျိုးက ခေါင်းခါလိုက်သည်။

“ရှိနိုင်တယ်နော်။ မင်း အခု ပြင်သစ်မှာ ရှိနေတာ မမေ့နဲ့၊ ကောင်လေး”ကျိုးရှီကျဲက ရယ်လိုက်ရင်း အပေါ်ထပ်ကို တန်းတက်သွားသည်။

သို့သော် ယွမ်ကျိုးကတော့ ဝင်ပေါက်နားမှာပဲ ရပ်နေပြီး ကိုယ်ဘာလုပ်သင့်လဲဆိုတာကို တိတ်တဆိတ် စဉ်းစားနေခဲ့သည်။

မိနစ်အနည်းငယ်ကြာသောအခါ ဘေးနားက တံခါးစောင့်တစ်ယောက် သူ့ဆီကို လာရောက်ခဲ့သည်။“ဆရာ၊ ကျွန်တော် ဘာကူညီပေးရမလဲ”

အရပ်ရှည်ရှည်၊ ရွှေရောင်ဆံပင်နှင့် ချောမောသော တံခါးစောင့်က ယဉ်ကျေးစွာ မေးလိုက်သည်။

ယွမ်ကျိုးက သူပြောတာကို နားလည်လိုက်သည်။

သို့သော်… နားလည်နိုင်သည်နှင့် ပြန်ပြောနိုင်ခြင်းကတစ်ခါတစ်လေ မတူ‌ပေ။

သူ ခေါင်းလှည့်ပြီး တံခါးစောင့်ကို တိတ်တဆိတ် ကြည့်လိုက်ရင်း တစ်ချိန်တည်းမှာပဲ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို စဉ်းစားနေမိသည်။

“တစ်ခါတစ်လေ ပြင်သစ်စကား နားလည်နိုင်တာက မကောင်းဘူးပဲ… အခု ငါ ဘယ်လို ပြန်ဖြေရမလဲ”ယွမ်ကျိုးက စကားမပြောနိုင်ဘဲ စိတ်ထဲမှနေ၍ ညည်းညူလိုက်သည်။

နောက်ဆုံးတွင်သူ နားထောင်တတ်ရုံပဲသာ တတ်နိုင်ပြီး စကားပြောရန်တော့ မတတ်နိုင်ပါ‌ပေ။

ယွမ်ကျိုးက အပြင်တွင် အရှက်ရစရာအခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရချိန်၊ ကျိုးရှီကျဲက သူ့အခန်းထဲ ပြန်ရောက်ပြီးနောက် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

“ဘာလဲ၊ ငါ့ကို ဖုန်းဆက်ဖို့ အချိန်ရှိသေးတာလား”

ဖုန်းမျက်နှာပြင်ပေါ်က ‘ချူးရှောင်’ ဆိုသော အမည်ကို မြင်လိုက်၍ ကျိုးရှီကျဲက ဖုန်းကိုဖြေပြီး စနောက်လိုက်သည်။

“မင်း အခု ပြင်သစ်မှာ ရှိနေတာ ငါ သိတယ်။ ပတ်ဝန်းကျင်ကို မင်း ကျင့်သားရနေပြီလား”ချူးရှောင်က စကားစမြည်ပြောရန် ဖုန်းဆက်လာသကဲ့သို ပုံမှန် လေသံနှင့် မေးလိုက်သည်။

"ဒီအဘိုးကြီးက ဒီကိုလာလည်တာပါပဲ။ ဒီနေ့ မင်းကိုတော့ မတွေ့ဘူးနော်" လို့ ကျိုးရှီကျဲက မေးလိုက်သည်။

"ဟုတ်တယ်။ ငါတို့ မတွေ့ဖြစ်ခဲ့ဘူးထင်တယ်" ချူးရှောင်က တည်ငြိမ်သေချာစွာ ပြန်ဖြေလိုက်သည်။

"ဒါဆို ငါ့ကို တိုက်ရိုက်ပြောလိုက်။ ဘာကိစ္စလဲ" ကျိုးရှီကျဲက အဓိကအချက်ကို ချက်ချင်း‌ မေးလိုက်သည်။

"မင်းဘက်မှာ လူဘယ်နှစ်ယောက်ရှိလဲ" ချူးရှောင်က ရုတ်တရက် မေးလိုက်သည်။

"နှစ်ယောက်ပဲ" လို့ ကျိုးရှီကျဲက မျက်ခုံးအနည်းငယ်တွန့်ပြီး ရိုးသားစွာ ဖြေလိုက်သည်။ ယွမ်ကျိုးလည်း ရှိ‌နေသည်ကို သူ မမေ့သေးပါ။

"ဒါဆို ငါ မင်းတို့ကို ညစာကျွေးချင်ရင် အံ့ဩမသွားနဲ့နော်" လို့ ချူးရှောင် ပြောလာချိန်တွင် သူ့စကားထဲက ယဉ်ကျေးမှုအောက်မှာ မာနတစ်စိတ်က မဖုံးကွယ်နိုင်အောင် ထင်ရှားနေခဲ့သည်။

"ကိုယ်တိုင်ချက်မလို့လား" လို့ ကျိုးရှီကျဲက ချူးရှောင်၏အကြံကို ချက်ချင်းနားလည်သွားပြီး မေးလိုက်သည်။

"ဟုတ်တယ်။ ဒါဆို ငါရဲ့သီးသန့်ဟင်းလျာကို ကျွေးပါ့မယ်" လို့ ချူးရှောင်က အတည်ပြုသလို ပြောလိုက်သည်။

"အိုကေ၊ ပြဿနာမရှိဘူး" ကျိုးရှီကျဲက စဉ်းစားချိန်မယူဘဲ ဖိတ်ကြားချက်ကို တိုက်ရိုက်လက်ခံလိုက်သည်။

ယွမ်ကျိုးကို အမြင်မေးဖို့တောင် မလိုအပ်ဘူးပေ။ သူ ဆုံးဖြတ်ပြီးသားဖြစ်သည်။

"ဒါဆို သုံးရက်အကြာ နေ့လယ်ကျရင် ငါ့စားသောက်ဆိုင်မှာ တွေ့ကြမယ်" လို့ ချူးရှောင်က သူ့လိပ်စာကို ပြောပြလိုက်သည်။

"ခဏနေဦး" ဖုန်းချခါနီးမှာပဲ ကျိုးရှီကျဲက သူ့ကို ဟန့်တားလိုက်သည်။

"ဘာကိစ္စလဲ?" ဒီတစ်ခါတော့ ချူးရှောင်က မေးလိုက်ရသည်။

"မင်း ငါ့ကို ညစာကျွေးမယ်ဆိုတော့၊ မင်းအိမ်ပြန်ရောက်တဲ့အခါ ငါလည်း မင်းကို ပြန်ကျွေးချင်တယ်။မင်းဘယ်လိုထင်လဲ" လို့ ကျိုးရှီကျဲက ယုံကြည်ချက်အပြည့်နှင့်ပြောလိုက်သည်။

"ကောင်းပြီ" လို့ ဖုန်းတစ်ဖက်က ချူးရှောင်ကသဘောတူလိုက်သည်။

"ဒါဆို အားလုံးအဆင်ပြေပြီ" ကျိုးရှီကျဲက ကျေနပ်စွာ ပြုံးပြီး ဖုန်းကို ချလိုက်သည်။

"သူက တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ…" လို့ ချူးရှောင်က ယွမ်ကျိုးကို သတိရသွားသည်။

ဟင်းလျာများ မြည်းစမ်းသည့်အခါ အားသာချက်၊ အားနည်းချက်များကို တိတိကျကျ ပြောနိုင်တဲ့သူပထမဆုံးစားဖူးသော ဟင်းဖြစ်လျှင်ပင် သူ့အတွက် ချွင်းချက် မဟုတ်ပေ။

တကယ်တော့ ထိုနေ့က ချူးရှောင်လည်း နှီးဖလှယ်ပွဲကို သွားခဲ့ပြီး၊ ယွမ်ကျိုးနှင့်ဥက္ကဋ္ဌ ကျိုးရှီကျဲတို့ကိုပါ တွေ့သည်။

သို့သော် သူက နှုတ်ဆက်ရန် မသွားဘဲ၊ အဝေးကနေ တိတ်တိတ်လေးသာ စောင့်ကြည့်နေခဲ့သည်။

ထိုအကြောင်းအရာက ချူးရှောင်အတွက် သူတို့ကို ညစာကျွေးရန် ဆုံးဖြတ်ရသည့် အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့သည်။

အပိုင်း (၄၀၅)

ပြီးပါပြီ။

၄၀၆ မှ ၄၁၀

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၄၀၆)

ကျိုးရှီကျဲ ဖုန်းချလိုက်သည်နှင့် ယွမ်ကျိုးဘက်တွင်လည်း ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု တွေ့သွားခဲ့သည်။

ယွမ်ကျိုးသည် အရပ်ရှည်ရှည်၊ ရွှေရောင်ဆံပင်နှင့် ချောမောသော တံခါးစောင့်ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ခေါင်းကိုခါပြကာ ဟိုတယ်ဘက်သို့ ပြန်လှည့်သွားလိုက်သည်။

“‌ကောင်းမွန်သောခရီးဖြစ်ပါစေ”တံခါးစောင့်က သွားဖြူဖြူများကို ဖော်ပြရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ယွမ်ကျိုးက ယဉ်ကျေးသမှုဖြင့် ခေါင်းညိတ်ပြကာ ဟိုတယ်ထဲသို့ ဝင်သွားသည်။

“ဒင်း—”

ယွမ်ကျိုးက ဓာတ်လှေကားရှိရာသို့သွားကာ အထဲကို ဝင်လိုက်သည်။

ဓာတ်လှေကားဖြင့် အထပ်ပေါင်းများစွာ တက်လာပြီးမှ ယွမ်ကျိုး အနည်းငယ် သတိပြန်ဝင်လာသည်။

“နေဦး… ငါဘာလို့ ပြန်ဝင်လာတာလဲ။ တံခါးစောင့်ကို ငြင်းပြီး ဒီအတိုင်း ထွက်သွားလို့ရတာပဲဟာ”သူ့နဖူးကို လက်တစ်ဖက်နှင့် ပွတ်သပ်ရင်း ဇဝေဇဝါဖြစ်‌နေသည်။

“ငါ အခုတလော ရူးချင်‌နေသလိုပဲ”ယွမ်ကျိုးက ကိုယ့်ဘာသာကိုယ် တီးတိုးရေရွတ်လိုက်သည်။

နဖူးပုတ်လိုက်သည့် အချိန် ယွမ်ကျိုးက ခေါင်းမော့ကြည့်လိုက်ရာ စောင့်ကြည့်ကင်မရာကို မြင်သွားခဲ့သည်။ ချက်ချင်းပင် သူ၏မျက်နှာအမူအရာက တည်ငြိမ်သွားခဲ့သည်။

“သေစမ်း… ဒီလိုနေရာမှာတောင် ကင်မရာရှိနေတာလား။ တော်သေးတာပေါ့ ငါဘာပြောနေလဲဆိုတာ ဘယ်သူမှ မကြားနိုင်လို့”ယွမ်ကျိုး စိတ်ထဲမှာသာ တွေးလိုက်သည်။

ဓာတ်လှေကားထဲရှိ‌နေချိန်အတွင်း ယွမ်ကျိုးက တည်ငြိမ်စွာ နေခဲ့ပြီး ဓာတ်လှေကားအတွင်းမှထွက်လာသည်အထိ မည်သည့်အမူအရာမှ မပြခဲ့ပေ။

“ဟမ် မင်း ပြန်လာတာ မြန်လှချည်လား။ ဒါဆိုလည်း ငါ့အခန်းထဲ လာခဲ့ဦး”ဓာတ်လှေကားထဲမှ ယွမ်ကျိုး ထွက်လာသည့်အချိန်မှာပဲ ကျိုးရှီကျဲက သူ့ကို မြင်၍ပြောလိုက်သည်။

“အမ်… ထွက်ပြီးပြီးချင်း ပြန်လာတာ”ယွမ်ကျိုးက ခေါင်းညိတ်ရင်း ဖြေလိုက်သည်။

“စောစောပြန်လာတာ ကောင်းတယ်။ ဒီနေ့တော့ ကောင်းကောင်းနားယူ မနက်ဖြန် အရသာရှိတဲ့ဟင်း တစ်ပွဲစားဖို့ ငါခေါ်သွားမယ်”အခန်းထဲ ဝင်လိုက်သည်နှင့်ကျိုးရှီကျဲက ပြုံးရင်း ပြောလိုက်သည်။

“မင်းတောင် အရသာရှိတယ်လို့ ပြောတယ်ဆို‌တော့

အတော်လေး ကောင်းမဲ့ပုံပဲ ” ယွမ်ကျိုးက လေးနက်သည့် မျက်လုံးအကြည့်နှင့် ပြန်ပြောလိုက်သည်။

“ဟားဟား… မှန်တယ်။ မီရှယ်လင်းကြယ်သုံးပွင့်ရထားတဲ့ စားသောက်ဆိုင်ပဲ၊ စားဖိုမှူးကလည်း သုံးပွင့်ရထားတဲ့သူပဲ”ကျိုးရှီကျဲက ချူးရှောင်ဖြစ်ကြောင်းကိုတော့ တိုက်ရိုက် မဖော်ပြခဲ့ပေ။

“ဒါဆိုရင်တော့ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တာပေါ့ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ”ယွမ်ကျိုးက ချက်ချင်း ကျေးဇူးတင်လိုက်သည်။

“မင်းကလည်း လွယ်လွယ် ကျေးဇူးတင်နေတာပဲ။မသိရင်ငါက မင်းကို ပြုစုချင်နေတဲ့ပုံပေါက်နေတယ် ”ကျိုးရှီကျဲက လေသံမာမာ ပြန်ပြောလိုက်သည်။

“အငယ်တစ်ယောက်အနေနဲ့ ဒီကိစ္စမှာ ဥက္ကဋ္ဌနဲ့ ယှဉ်ပြိုင်ဖို့ မသင့်တော်ဘူးလို့ ထင်လို့ပါ။ ဒါကြောင့် ကျေးဇူးတင်တာပါ”ယွမ်ကျိုးက မတုန်မလှုပ်ပဲ ဖြေလိုက်သည်။

“ဒီနေ့ခေတ် လူငယ်တွေ တော်တော် အကျင့်မကောင်းပါလား။ တော်သေးတယ် ဒီအဘိုးကြီး အမြင်စူးရှလို့”

ကျိုးရှီကျဲက မျက်စောင်းတစ်ချက်ထိုးပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”ယွမ်ကျိုးက ရိုးသားစွာသာ ပြန်ဖြေလိုက်သည်။

“ကဲ… အဲဒီအကြောင်း‌ပြောနေတာ ရပ်လိုက်တော့”ခဏနားပြီးနောက် ကျိုးရှီကျဲက ဆက်ပြောသည်။

“ယွမ်လေး ငါမှတ်မိတာမမှားရင် မင်းက အစားအသောက်ကို အရသာခံနိုင်တယ်မလား”

“ဟုတ်တယ်။ ဘယ်အရသာမဆို ခံစားနိုင်တယ်”

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ပြဿနာမရှိဘူး။ သူတို့ ဟင်းလျာ ၁၃ မျိုး ပြင်ဆင်ထားပြီးပြီ”

“မနက်ဖြန် ညနေပိုင်း သွားရမှာလား”ယွမ်ကျိုးက မေးလိုက်သည်။

“မဟုတ်ဘူး၊ နေ့လယ်မှ”ကျိုးရှီကျဲက ပြန်ဖြေသည်။

“ဒါဆို မနက်စာစားတဲ့အခါ မစောင့်နဲ့တော့”ယွမ်ကျိုးက လေးနက်စွာ ပြောလိုက်သည်။

“ဘာလဲ၊ ဝက်ပေါင်ခြောက်က စားရတာအဆင်မပြေလို့လား”ကျိုးရှီကျဲက စိုးရိမ်သလိုလိုက် မေးသည်။

“မဟုတ်ဘူး နေ့လယ်ကျ ပိုစားနိုင်အောင်လို့”ယွမ်ကျိုးက တိတိကျကျ ပြန်ဖြေလိုက်သည်။

“…”

ကျိုးရှီကျဲ ခဏလောက် စကားမပြောနိုင်ဖြစ်သွားသည်။ ယွမ်ကျိုးပြောသည်က အကျိုးအကြောင်းဆီလျော်လွန်းနေ၍ပင် ဖြစ်သည်။

“ဒါဆို ကောင်းသောညလေးဖြစ်ပါစေ ငါ အိပ်ရာဝင်တော့မယ်” သူ့အခန်းအတွင်းသို့မဝင်မှီ ယွမ်ကျိုးက ကျိုးရှီကျဲကို နှုတ်ဆက်လိုက်သည်။

ကျိုးရှီကျဲနှင့် ယွမ်ကျိုးတို့ဘက်က ဟင်းပွဲများအတွက် စိုးရိမ်ပူပန်ခြင်းမရှိသလို ချူးရှောင်သည်လည်း စိတ်လှုပ်ရှားနေခြင်း မရှိပေ။ သို့သော် သူက သတိထားနေဆဲပင်။

“အန်ဒရူး၊ မင်းနဲ့ငါ မနက်ဖြန် ဒီစားပွဲအတွက် ဟင်းလျာကို ငါပြင်မယ် ” ဟု ချူးရှောင်က ယွမ်ကျိုးအတွက် စီစဉ်ပေးထားသည့် စားပွဲကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ကောင်းပြီ” ဟု အင်ဒရူးက ပြန်လည်ဖြေကြားလိုက်သည်။ အင်ဒရူးသည် အသက်လတ်ပိုင်း ဆံပင်ညိုညို နှင့်လူဖြူတစ်ယောက်ဖြစ်ပြီး ရင့်ကျက်သဘောထားရှိကာ ယုံကြည်စိတ်ချရသည့်ပုံပင်။

“မနက်ဖြန်ကျတွေ့မယ်” ဟု ချူးရှောင်က ပြောပြီးနောက် သူ့ကို နှုတ်ဆက်လိုက်သည်။

…

အရသာရှိသော ဟင်းလျာများကို စောင့်ဆိုင်း‌နေ ရ၍လားမသိပေ။ အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။ နေ့လည် ၁၂ နာရီတွင် ချိန်းထားသော်လည်း ထိုနေရာသို့ သွားရောက်ရန် ကားဖြင့်ပင် ၂ နာရီနီးပါး ကြာမြင့်မည်ဖြစ်သည်။

ထို့ကြောင့် ယွမ်ကျိုးသည် စားသောက်ဆိုင်သို့ မသွားမီ မနက်ခင်းတစ်ခုလုံးကို လေ့ကျင့်ခန်းလုပ်နေခဲ့သည်။ထို့နောက် မနက်စာစားပြီး တက္ကစီငှားကာ ထွက်လာခဲ့သည်။

စားသောက်ဆိုင်သည် ပါရီမြို့၏ မြောက်ဘက်တွင် တည်ရှိနေလေ၏။ နေသာသော နေ့တစ်နေ့ဖြစ်ပြီး စားသောက်ဆိုင်၏ အနီရောင်နှစ်ထပ် အဆောက်အဦးပေါ်သို့ နေရောင်ခြည်များက ဖြာကျလျက်ရှိရာ နွေးထွေးသည့် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေ၏။

စားသောက်ဆိုင်သည် နှစ်ထပ်သာရှိပြီး ပတ်ပတ်လည်တွင် ဥယျာဉ်များဖြင့် ဝန်းရံထားကာ အအေးဒဏ်ကို ခံနိုင်သော ပန်းအချို့လည်း ပွင့်‌နေလေသည်။

အုတ်နီများ၊ အဖြူရောင်နံရံများ၊ စိမ်းလန်းသော ဥယျာဉ်များနှင့် သဘာဝကို ထိန်းသိမ်းထားပြီးသစ်သားစားပွဲများနှင့် အရာအားလုံးမှာ အလွန်ကို သဟဇာတဖြစ်၍ လှပ‌နေတော့သည်။ ၎င်းသည်အပြင်ဘက်မြင်ကွင်းသာဖြစ်သေးသည်။

“ပတ်ဝန်းကျင်က အတော်ကို လှတာပဲ” ဟု ယွမ်ကျိုးက လမ်းလျှောက်ရင်း ပြောလိုက်သည်။

“ဟုတ်တယ်၊ အရမ်းလှတယ်။ အရင်က ဒီနေရာမှာ မင်းမျိုးမင်းနွယ်တွေနေထိုင်ကြတယ်။ နောက်ပိုင်း‌ကျ‌

တော့အသိမ်းခံခဲ့ရတယ်။ အခုတော့ ပြန်အလှဆင်ပြီး ပြုပြင်မွမ်းမံထားတာကြောင့် ဒီလို လှနေတာ” ဟု ကျိုးရှီကျဲက စားသောက်ဆိုင်၏ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြကာ ရှင်းပြသည်။

“ဒါကြောင့်ကိုး” ဟု ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်လည်ဆိုလိုက်သည်။

သူတို့ နှစ်ဦး စားသောက်ဆိုင်အတွင်းဝင်သွားသည်နှင့် ဆံပင်ညိုညိုနှင့် စားပွဲထိုးမလေးတစ်ဦးက ချက်ချင်း ရောက်လာပြီး ကြိုဆိုလိုက်သည်။

“မင်္ဂလာ နေ့လည်ခင်းပါ၊ မစ္စတာကျိုးနဲ့ မစ္စတာယွမ် ဒီဘက်ကို ကြွပါရှင်” ဟု စားပွဲထိုးမလေးက ပြတင်းပေါက်အနီး နေရောင်ကောင်းစွာ ရရှိသော နေရာတစ်ခုကို ပြသလိုက်သည်။

သူမကို ပြန်လည်ဖြေကြားသူမှာ ကျိုးရှီကျဲဖြစ်ပြီး ယွမ်ကျိုးကတော့ တိတ်တဆိတ်ပင် နားထောင်နေခဲ့သည်။ ယွမ်ကျိုးသည် နားလည်နိုင်သော်လည်း ပြန်လည်ပြောဆိုရန် မလွယ်ကူသေးပေ။

“ဒီနေ့ ကျွေးမယ့် ဟင်းလျာတွေရဲ့ မီနူး ပါ။ ကြည့်ကြည့်ပါဦး” ဟု စားပွဲထိုးမလေးက မီနူးကို ကမ်းပေးလိုက်သည်။

ပထမဟင်းလျာ – Hors-d’oeuvre Froid

(ပျားရည်နှင့်‌ရောနှောချက်ပြုတ်ထားသော အသားဟင်းတစ်မျိုး)

ဒုတိယဟင်းလျာ – Potage (ကြက်သွန်နီဟင်းချို)

တတိယဟင်းလျာ – Hors-d'oeuvre Chaud (အသားနှင့် အာလူး၊သခွားသီး စသော ဟင်းသီးဟင်းရွက်များကို ခရမ်နှင့် ရောကာပြုလုပ်ထားသော အသုပ်တစ်မျိုး)

စတုတ္ထဟင်းလျာ – Poisson

(ငါးကင်အား သံပုရာရည်စမ်းကာတည်ခင်းသည့်ဟင်းလျာ)

ပဉ္စမဟင်းလျာ – Grosse Pièce

(ငန်းအသည်းနှင့်ချက်လုပ်ထားသောဟင်းလျာ)

…

တစ်ဆယ့်သုံးခု‌မြောက်ဟင်းလျာ – အချိုပွဲ (သံပုရာစေ့မုန့်)

“ ကြည့်ရတာ အကုန်လုံးကစားကောင်းမဲ့ပုံ” ဟု မီနူးကို ကြည့်ရင်း ယွမ်ကျိုးက မန်ဒရင်းဘာသာဖြင့် ပြောလိုက်သည်။

“မှန်တယ်၊ စားကောင်းမှာသေချာတယ်။ ဟင်းတွေကိုဒီအစီအစဉ်ထဲကအတိုင်းပဲ ပေးပါ” ဟု ကျိုးရှီကျဲက ယွမ်ကျိုးကို ပြောပြီး နောက်တွင် စားပွဲထိုးမလေးထံသို့ ပြန်လည်ညွှန်ကြားလိုက်သည်။

“ကောင်းပါပြီ၊ ခဏလောက် စောင့်ပေးပါရှင်” ဟု စားပွဲထိုးမလေးက ယဉ်ကျေးစွာ ပြောပြီး ထွက်ခွာသွားသည်။

“အချိုပွဲစားပြီးရင် ဟင်းပွဲတစ်ခုချင်းစီအပေါ် မင်းဘယ်လိုမြင်လည်း ငါ့ကိုပြောပြ” ဟု ကျိုးရှီကျဲက ယွမ်ကျိုးကို လေးနက်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဥက္ကဋ္ဌ၊ ကျွန်တော် သေချာလေး လုပ်ပါ့မယ်” ဟု ယွမ်ကျိုးက အလေးအနက် ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်” ဟု ဥက္ကဋ္ဌကျိုးက ကျေနပ်စွာ ခေါင်းညိတ်ပြန်သည်။

ထို့နောက် ၎င်းနှစ်ဦးသည် စားပွဲတွင် ထိုင်လျက် ဟင်းလျာများကို တိတ်တဆိတ် စောင့်ဆိုင်းနေလေ၏။

“စားဖိုမှူးကြီး၊ ဟင်းလျာတွေအတွက် ပါဝင်ပစ္စည်းတွေပါ” ဟု အန်ဒရူးက ချက်ပြုတ်ရန် ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို သူ့ထံမှ လက်လွှဲပေးလိုက်သည်။

ချူးရှောင်၏ ညွှန်ကြားချက်များအတိုင်း အရာအားလုံးကို အသေအချာပြင်ဆင်ထားပြီးဖြစ်၏။ဟင်းသီးဟင်းရွက်များကို ဆေးကြောနေချိန်မှလွဲ၍ သူသည် ဟင်းသီးဟင်းရွက်များကို လက်ဖြင့် အချိန်ကြာမြင့်စွာကိုင်ထားခြင်း မပြုပေ။

“အင်း၊ ကောင်းပြီ။ အဲ့မှာပဲထားထားလိုက်” ဟု ချူးရှောင်က မျက်ခုံးအနည်းငယ် တွန့်ကာ ပြောလိုက်သည်။

ပြိုင်ပွဲမှ ပြန်လာပြီးနောက်ပိုင်းတွင် သူသည် ပါဝင်ပစ္စည်းများကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ ကိုင်တွယ်လာသည်။ ဟင်းသီးဟင်းရွက်များကို စားသုံးချိန်မတိုင်မီ တစ်နာရီအလိုမှသာ ခူးဆွတ်ပြီး လက်ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းကိုလည်း ခွင့်မပြုတော့ပေ။

ထိုကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်လာခဲ့သည်။

ကံကောင်းထောက်မစွာ၊ သူ၏ စည်းကမ်းတင်းကျပ်သည့် ပုံစံကို အလုပ်သမားများက ကောင်းစွာ နားလည်ထားပြီးဖြစ်သည်။ ၎င်းတို့သည် တခါတရံ တိတ်တဆိတ် ညည်းညူကြသော်လည်း အလုပ်ကိုတော့ ယခင်ထက် ပိုမိုစိတ်အားထက်သန်စွာ လုပ်ဆောင်နေကြသည်။

“ဒီနေ့ နေသာတဲ့နေ့တစ်နေ့ပဲ” ဟု ချူးရှောင်က ပြတင်းပေါက်အနားတွင် တည်ငြိမ်စွာ ထိုင်နေသော ယွမ်ကျိုးကို ကြည့်ရင်း တွေးမိသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ ဓားကို ကိုင်ယူပြီး ချက်ပြုတ်မှုကို စတင်လိုက်သည်။

ချက်ပြုတ်မည့် ဟင်းလျာများသည် ချူးရှောင် အထူးကျွမ်းကျင်သည့် ဟင်းလျာများ ဖြစ်သည်။

အန်ဒရူးက စိတ်ထဲမှ ရေရွတ်မိသည်။“စားဖိုမှူးကြီး ဒီလို စိတ်ပါလက်ပါ အလုပ်လုပ်နေတာကို ငါမမြင်ရတာ အတော်ကြာပြီ။ ဒီလူနှစ်ယောက်က တကယ် ထူးခြားတဲ့ လူတွေပဲဖြစ်ရမယ်”

ထို့အပြင် ချူးရှောင်၏ နှစ်ရှည်လများသိမ်းဆည်းထားခဲ့သော ငန်းအသည်းကို စဉ်းစားမိသည့်အခါ အန်ဒရူး၏ စိတ်ထဲတွင် ပိုမို စိတ်လှုပ်ရှားလာခဲ့သည်။

“အဲဒီလို အဖိုးတန်တဲ့ ငန်းအသည်းနဲ့ ဧည့်ခံတာဆိုတော့… နောက်ဆုံးတော့ငါလည်း ဒီလိုလက်ရာကိုသင်နိုင်‌တော့မယ်”

ထိုအရာမှာ ထိပ်ဆုံးအဆင့်ပင် ဖြစ်သည်။ စားဖိုမှူးကြီး၏ လက်ထောက်တစ်ဦးအဖြစ် ယခုကဲ့သို့အရေးကြီးသည့် ကိစ္စများကို ကိုယ်တိုင်ကိုင်တွယ်နိုင်ရခြင်းက အန်ဒရူးအတွက် ဂုဏ်ယူစရာ အခွင့်အရေးတစ်ရပ် ဖြစ်နေခဲ့သည်။

အပိုင်း (၄၀၆)

(ပြီးပါပြီ)

All Chapters