← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 31 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 31 Ch. 409-410

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၄၀၉)

"ငါတို့ စားပြီးသောက်ပြီးပြီဆိုတော့ အခုပဲ ပြန်လိုက်တော့မယ်"

ကျိုးရှီကျဲ၏ နှုတ်ဆက်စကားနှင့်အတူ ယွမ်ကျိုးသည်လည်း မတ်တပ်ရပ်လိုက်၏။

"သွားပြီနော်"

ယွမ်ကျိုးက ချူးရှောင်ကို ကြည့်ရင်း ခေါင်းကို အသာအယာညိတ်ကာ နှုတ်ဆက်လိုက်သည်။

"နောက်မှ တွေ့ကြတာပေါ့"

ချူးရှောင်ကလည်း တည်ငြိမ်စွာ ပြန်လည်ပြောဆိုသည်။

ထို့နောက် ယွမ်ကျိုးသည် ကျိုးရှီကျဲ၏နောက်မှ တံခါးအပြင်သို့ လိုက်ပါထွက်ခွာသွားလေတော့သည်။

"ဟူး..." ထိုအခါမှသာ အန်ဒရူးတစ်ယောက် စိတ်သက်သာရာရသွား၏။

"စားပွဲတွေ ရှင်းလိုက်တော့" ချူးရှောင်ကမူ အနားရှိ စားပွဲထိုးကို အတိုချုံး ခိုင်းစေလိုက်သည်။

"စားဖိုမှူးကြီး... နောက်တစ်ခါ တရုတ်ပြည်သွားရင် ကျွန်တော့်ကိုပါ ခေါ်သွားပေးလို့ ရမလားဟင်"

အန်ဒရူးက ချူးရှောင်နောက်သို့ တစ်လှမ်းချင်း လိုက်ပါရင်း တောင်းဆိုလိုက်သည်။

"အကြောင်းပြချက် ပေးပါဦး" ချူးရှောင်ကမူ ခြေလှမ်းမရပ်ဘဲ တည့်တိုးမေးလိုက်ရာ အင်ဒရူးက ရိုးသားစွာ ပြန်လည်ဖြေကြားလေသည်။

"ဆရာ့လောက်နီးနီး အရသာခံတဲ့အပိုင်းမှာ ကျွမ်းကျင်တဲ့ ဒီလူငယ်က တကယ်ပဲ အဆင့်မြင့်တဲ့ လက်ရာမျိုး ချက်နိုင်လားဆိုတာ ကျွန်တော် ကိုယ်တိုင်သိချင်လို့ပါ"

အန်ဒရူး၏ လေသံမှာ ချူးရှောင်ကို မြှောက်ပင့်ခြင်းမရှိဘဲ အမှန်တကယ်ကို စူးစမ်းချင်စိတ် ပြင်းပြနေခြင်း ဖြစ်၏။

"ကောင်းပြီလေ" ဟုချူးရှောင်ကပြန်ဖြေလိုက်သည်။

ချူးရှောင်ကလည်း သဘောတူလိုက်သဖြင့် အန်ဒရူးတစ်ယောက် စိတ်ထဲမှနေ၍ တိတ်တဆိတ် အောင်ပွဲခံနေတော့သည်။

တစ်ဖက်တွင်မူ ကျိုးရှီကျဲနှင့် ယွမ်ကျိုးတို့သည် ပွဲပြီးသည်နှင့် တရုတ်နိုင်ငံသို့ ပြန်လာခဲ့ကြသည်။

"ယွမ်လေး... ဒီခရီးကနေ မင်း ဘာတွေ တွေးမိသေးလဲ"

ကျိုးရှီကျဲ၏ အမေးကို ယွမ်ကျိုးက ခဏစဉ်းစားပြီး ပြန်ဖြေ၏။ "အင်း... စားဖိုမှူး ဖီးလစ်စ် ခေါ်သွားတဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်ကို မှတ်မိလား"

အဆိုပါ ဖီးလစ်စ်မှာ ကျိုးရှီကျဲ၏တပည့်နှင့် ခင်မင်သူဖြစ်ရာ ၎င်းတို့အား ဟင်းလျာအသစ်များ ကျွေးမွေးပြီးနောက် သူ၏ကိုယ်ပိုင်ဥယျာဉ်သို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်ခဲ့ဖူးသည်။ ၎င်းဥယျာဉ်မှာ မြို့ပြင်တွင်ရှိပြီး အတော်လေး ကျယ်ဝန်းသလို စည်းစနစ်ရှိပေသည်။

"ဒီဟင်းသီးဟင်းရွက်တွေ အကုန်လုံး သူကိုယ်တိုင် စိုက်တာလား"

ယွမ်ကျိုး၏ စပ်စုမှုကို ဖီးလစ်စ်က အပြုံးလေးနှင့်ပင် ပြန်ဖြေသည်။

"မဟုတ်ဘူးဗျ၊ လူငှားစိုက်တာ။ တစ်ခါတလေတော့ လာကြည့်ဖြစ်တာပေါ့။ လိုအပ်တဲ့အခါ ဟင်းသီးဟင်းရွက်တွေကို လတ်ဆတ်‌နေ

အောင်လို့ တစ်ရက်ကြိုပြီး လာခူးလေ့ရှိတယ်"

ယွမ်ကျိုးသည် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုရင်း အစားအစာအတွက် မွေးမြူထားသော တိရစ္ဆာန်ငယ်လေးများကိုပါ အသေးစိတ် လေ့လာခဲ့သည်။

"ဘာဖြစ်လို့ ဥယျာဉ်ကို ဒီလောက် စိတ်ဝင်စားနေရတာလဲ" ဟုကျိုးရှီကျဲက မေးသည့်အခါ ယွမ်ကျိုးက သူ၏ စိတ်ရင်းအတိုင်းပင် ပြန်ဖြေ၏။

"ဟင်းသီးဟင်းရွက်တွေနဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးကို ကျွန်တော်ကိုယ်တိုင် မြင်ချင်လို့ပါဗျာ"

ဒါကို ကျိုးရှီကျဲကလည်း သဘောတူကာ ခေါင်းညိတ်ပြသည်။

"ဟုတ်တယ် အဲ့ဒီနေရာက သီးသန့်ဆန်တဲ့ ခံစားချက်မျိုးကို ပေးနိုင်တယ်။ ဒါပေမဲ့ ငါတို့ ဇာတိမြေမှာလည်း ဒီလိုပုံစံမျိုးတွေ ရှိတယ်လေ။ ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်ခူးပြီး ချက်ချင်း ချက်စားလို့ရတဲ့ စားသောက်ဆိုင်မျိုးတွေပေါ့" ဟု ဆိုကာ ခရီးစဉ်၏ အတွေ့အကြုံများကို အမှတ်ရနေလေတော့သည်။

လေယာဉ်ခရီးစဉ်များ အဆင့်ဆင့်ပြောင်းစီးကာ အချိန်များလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်သည်နှင့် ယွမ်ကျိုးသည် အသက်ကို ဝဝရှူလိုက်၏။

"အင်း... အရင်အတိုင်းပါပဲလား။ မီးခိုးနံ့တွေ၊ မြူနံ့တွေနဲ့ ဒီခံစားချက်ကို ရင်းနှီးနေတုန်းပဲ" ဟု ယွမ်ကျိုးက ခပ်အေးအေးပင် ပြောလိုက်သည်။

"ဟားဟား... ဟုတ်တယ်ကွ" ကျိုးရှီကျဲက ပြုံးလျက် ခေါင်းညိတ်သည်။

"ကဲ... သွားကြစို့၊ သွားရမယ့်လမ်းက အဝေးကြီး ကျန်သေးတယ်" ဟု ဆိုကာ ရှေ့ရှိကားဆီသို့ ညွှန်ပြလေသည်။

လေယာဉ်ဖြင့် နောက်တစ်ကြိမ်ထွက်ခွာပြီးနောက် ၎င်းတို့ ချန်ဒူးမြို့သို့ ရောက်ရှိချိန်တွင် ည ၁၁ နာရီ ရှိပြီဖြစ်သည်။ လမ်းဆုံတစ်ခု၌ ယွမ်ကျိုး ရပ်နေစဉ်တွင်သန်းခေါင်ယံ ခေါင်းလောင်းသံ မြည်ဟည်းလာ၏။

တိတ်ဆိတ်သည့် လမ်းမပေါ်တွင် ခရီးဆောင်အိတ်ဘီးသံ "ဟွာလ... ဟွာလ" မှလွဲ၍ ဘာမျှမကြားရချေ။ ထိုစဉ် မှောင်ရိပ်ထဲမှ အရိပ်တစ်ခု ပေါ်လာသဖြင့် ယွမ်ကျိုး အံ့အားသင့်သွားကာ ခေတ္တရပ်လိုက်ပြီးမှရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

"ဝုဒ်... ဝုဒ်..."

"မင်းကိုး... ဘော့က်ရာ။ ညဉ့်နက်နေပြီကို ဘာလို့ ဆိုင်မှာမစောင့်ဘဲ ဒီအထိ ထွက်လာတာလဲ"

၎င်းမှာ ယွမ်ကျိုးကျွေးထားသည့် ခွေးလေး ဘော့က် ပင် ဖြစ်သည်။ သူသည် ဝမ်းသာနေဟန် ရှိသော်လည်း ခပ်တည်တည်ပင် ထိုင်နေကာ အမြီးကို လုံးဝမလှုပ်ရှားချေ။

"မင်းကတော့ ခွေးဖြစ်ပြီး မာနကြီးနေတုန်းပဲလား။ ငါ့ကို ကြိုဆိုဖို့ အမြီးလေး လှုပ်ပြရမှာတောင် ဒီလောက် ခက်‌နေရသလား"

ယွမ်ကျိုးက စနောက်လိုက်သော်လည်း ဘော့က်ကမူ ဂရုမစိုက်ဘဲ ရှေ့မှဦးဆောင်ကာ ထွက်သွားသည်။ ဆိုင်နောက်ဖေးတံခါးသို့ ရောက်သောအခါမှ သူ၏ ဗလာဖြစ်‌နေသောပန်းကန်လုံးဘေးတွင် ထိုင်ချလိုက်ပြီး ရှေ့ဆက်မတိုးတော့ချေ။

"ဪ... ငါ့ကို ကြိုတယ် မှတ်နေတာ။ တကယ်တော့ ဗိုက်ဆာလို့ လာခေါ်တာကိုး" ယွမ်ကျိုးက နဖူးကို လက်ဖြင့်ပုတ်ကာ အကူအညီမဲ့စွာ ရေရွတ်လိုက်၏။

"အေးပါ... ခဏနေရင် စားစရာ ယူလာပေးပါ့မယ်။ မင်းကတော့ လူတစ်ယောက်လို ပြုမူနေတာပဲ"

စကားဖြင့်သာ လှောင်နေသော်လည်း ခွေးလေးတစ်ကောင်၏ စောင့်ကြိုမှုက ယွမ်ကျိုးကို နွေးထွေးစေခဲ့သည်။ ဆိုင်တံခါးကို ဖွင့်ကာ မီးဖွင့်လိုက်သည့်အခါ ဘာမှမပြောင်းလဲဘဲ ရှိနေသည့် မီးဖိုချောင်ကို တွေ့ရ၏။ ဖုန်ကိစ္စကိုမူ 'စနစ်' ရရှိပြီးနောက်ပိုင်း ယွမ်ကျိုး စိတ်ပူစရာ မလိုတော့ချေ။

"အရင်လိုပါပဲလား"

ယွမ်ကျိုးသည် ပြုံးလိုက်မိနေသည်။ ထို့နောက် သူသည် အပေါ်ထပ်သို့တက်ကာ ရေမိုးချိုးပြီးနောက် ညလည်စာချက်ရန် ပြန်ဆင်းလာ၏။

"ဒီညတော့ ခေါက်ဆွဲပြုတ်နဲ့ ကြက်ဥကြော်ပဲ စားတော့မယ်"

သူသည် ဗီရိုကိုဖွင့်ကာ ဘာစားရမလဲ ချက်ချင်းဆုံးဖြတ်လိုက်သည်။ ခေါက်ဆွဲနယ်ကာ ဟင်းရည်ပြုတ်ရင်း ကြက်ဥကို ဒယ်အိုးထဲ ခွဲထည့်လိုက်ရာ ဆီပူသံ တဒိုင်းဒိုင်းနှင့်အတူ ကြက်ဥကြော်နံ့က တစ်အိမ်လုံး ပျံ့နှံ့သွား၏။ နှာခေါင်းပိတ်မတပ်ဘဲ လွတ်လပ်စွာ ချက်ပြုတ်ရသည်မှာ ယွမ်ကျိုးအတွက် အကောင်းဆုံးပင် ဖြစ်သည်။ ခေါက်ဆွဲပြုတ် ပြုတ်ပြီးနောက် စားရန်ပြင်နေစဉ်မှာပင် စနစ်ထံမှ တာဝန်တစ်ခု ထွက်ပေါ်လာသည်။

[ဒုတိယစမ်းသပ်မှု] ဟင်းလျာအမည်နှင့် မတူသည့် ဟင်းငါးမျိုး ချက်ပြုတ်ရန်။

"ဟမ်။ ဟင်းနာမည်နဲ့ မတူရဘူးလား" ယွမ်ကျိုးက စူးစမ်းစွာ မေးလိုက်သည်။

"ဟုတ်ကဲ့" ဟု စနစ်က ပြန်ဖြေ၏။

"ဒါဆို... 'ဖားကိတ်'ရော ရမလား" ဟု ယွမ်ကျိုးက ရုတ်တရက် သတိရကာ မေးလိုက်သည်။

"ရပါတယ်"စနစ်က ရနိုင်ကြောင်း ပြန်‌ဖြေလေသည်။

(စာကြွင်း)

'ဖားကိတ်' ဆိုသည်မှာ ယူနန်ပြည်နယ်၊ လီကျင်းခရိုင်၏ ဒေသထွက်မုန့် ဖြစ်သည်။ ဂျုံမှုန့်ပန်ကိတ်အတွင်း အသားနှင့် ဟင်းသီးဟင်းရွက်များ ထည့်ထားပြီး ပုံစံမှာ ဖားပါးစပ်နှင့် တူသဖြင့် ဤသို့ခေါ်ခြင်း ဖြစ်သည်။ တကယ်တမ်း ဖားသား လုံးဝမပါဝင်သည့် ဟင်းလျာတစ်မျိုးပင် ဖြစ်လေတော့သတည်း။

အပိုင်း (၄၀၉)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၄၁၀)

"ဖားကိတ်ကို ထည့်တွက်မယ်ဆိုရင် (ပေကျင်းရိုးရာမုန့်)ရော ရလား"

ယွမ်ကျိုးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်၏။

"ဟုတ်ကဲ့၊ အဲဒါကလည်း လိုအပ်ချက်နဲ့ ကိုက်ညီပါတယ်" စနစ်က ပြောလိုက်သည်။

"ဒါဆို ဟင်းလျာနာမည်နဲ့ မကိုက်ညီရင် ရပြီပေါ့၊ ဟုတ်လား"

ယွမ်ကျိုးက ထိုကဲ့သို့သော ဟင်းလျာအမည်များကို စဉ်းစားနေစဉ်မှာပင် စနစ်က

"ဟင်းလျာတစ်ခုချင်းစီရဲ့ အမည်မှာ တိရစ္ဆာန်တစ်ကောင်ရဲ့ အမည် ပါဝင်ရပါမယ်" ဟု ထပ်လောင်းအသိပေးလာသည်။

ယွမ်ကျိုးသည် စိတ်ထဲမှ အသုံးမဝင်သော အတွေးများကို ဖယ်ရှားကာ ခဏတာ စဉ်းစားလိုက်၏။ ထို့နောက် သူက ရုတ်တရက် တုံ့ပြန်လိုက်သည်။

"နေပါဦး။ ဒီလိုအပ်ချက်က အစတုန်းက မစ်ရှင်မှာ မပါဘူးလေ"

ယွမ်ကျိုးသည် စနစ်ထဲ၌ ချို့ယွင်းချက်တစ်ခုကို ရှာတွေ့ပြီဟု သေချာစွာ ပြောဆိုလိုက်သည်။

သို့သော် စနစ်က "မန်ထိုပြုလုပ်နည်း အမျိုးတစ်ရာ့ရဲ့ ဆုလာဘ်အပြင်၊ Host က မစ်ရှင်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့အတွက် ဒီအထူးလိုအပ်ချက်ကို ထည့်သွင်းပေးတာပါ။ ဒါဟာ မစ်ရှင်ကို ပိုပြီး ကောင်းကောင်း ပြီးမြောက်စေဖို့ပါပဲ" ဟု ပြန်လည်ဖြေကြားသည်။

"အစကတည်းက မေ့သွားပြီး အခုမှ ပြင်လိုက်တာ ဖြစ်ရမယ်" ယွမ်ကျိုးက အတည်ပေါက်ဖြင့် ပြောလိုက်၏။ သို့သော်လည်း စနစ်ဘက်မှ တုံ့ပြန်မှု မရှိတော့ချေ။

"စနစ်ရေ... ငါ့ကို ချီးကျူးလိုက်ရုံနဲ့ မင်းရဲ့ အမှားကို ငါလျစ်လျူရှုထားမယ်လို့ မထင်လိုက်နဲ့။ မန်ထိုလုပ်နည်းက ဆုရခဲ့တာ ကြာလှပြီ" ယွမ်ကျိုး၏ ရည်ရွယ်ချက်မှာ အပိုဆုလာဘ် တစ်ခုခု ထပ်ရနိုင်မလားဟု စမ်းကြည့်ခြင်းပင် ဖြစ်သည်။

ထိုအခါ စနစ်က "ရန်လိုသူများသည် စကားများလွန်းခြင်းကြောင့် သေဆုံးကြသည်" ဟူသော စာသားထုတ်ပြလိုက်လေသည်။

"ဒါပေမဲ့ ကျွန်တော်က ဇာတ်လိုက်ပုံစံကို သုံးနေတာလေ" ယွမ်ကျိုး ခဏတာ ကြောင်အသွားသော်လည်းယုံကြည်ချက်ရှိရှိ ပြန်ပြောလိုက်၏။

ဟာသပဲ! စကားပြောစွမ်းရည် ညံ့ဖျင်းပြီးအသက်ရှင်‌နေသည့် ဇာတ်လိုက်များစွာရှိသည်မဟုတ်ပါလား။ ဥပမာအားဖြင့် Naruto တို့၊ Luffy တို့ကဲ့သို့သော ဇာတ်လိုက်များပင်။ ထို့ကြောင့် ယွမ်ကျိုးသည်လည်း မိမိကိုယ်မိမိ ဇာတ်သိမ်းအထိ အသက်ရှင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်နေတော့သည်။

သူသည် ခေါက်ဆွဲကို "ရှလွတ်" ဟူသော အသံဖြင့် မြန်မြန်စားလိုက်ပြီး၊ အနားရှိ ခွေးလေးကို ကြည့်ကာ "ဒီနေ့ ခေါက်ဆွဲပြုတ်အရည်ပဲရမယ်။ မင်း နည်းနည်းလောက် သောက်မလား" ဟု မေးလိုက်သည်။

သို့သော် ဘော့က် ကမူ ယွမ်ကျိုးကို တစ်ချက်ကြည့်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်သွားလေတော့သည်။ ထို့နောက် ယွမ်ကျိုးသည်လည်း အမြန်ဆုံး အိပ်စက်အနားယူလိုက်လေသည်။

နောက်တစ်နေ့ နံနက်တွင် ယွမ်ကျိုးသည် လန်းဆန်းစွာ နိုးထလာ၏။

"တကယ့်ကို နေလို့ကောင်းတဲ့နေ့လေးပဲ။ ဒီနေ့တော့ ဟင်းပွဲအသစ်တစ်မျိုး ချက်လို့ရပြီ" ယွမ်ကျိုးက မီးခိုးရောင်ကောင်းကင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

ရာသီဥတုက သိပ်မကောင်းသော်လည်း သူ၏ လေ့ကျင့်ခန်းလုပ်ခြင်းကိုမူ မတားဆီးနိုင်ချေ။ သူသည် လေ့ကျင့်ခန်းလုပ်ပြီးနောက် မနက်စာ ပြင်ဆင်ရန် ဆိုင်တံခါးကို ဖွင့်လိုက်၏။ သူ့ကို တစ်ပတ်ခန့် မတွေ့ရသဖြင့် လွမ်းဆွတ်နေမည့် ဖောက်သည်များအား မြင်စေချင်သောကြောင့် ဖြစ်သည်။

"မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ငါ့မှာတော့ မင်းကို ဂြိုလ်သားတွေ ပြန်ပေးဆွဲသွားပြီလို့ ထင်နေတာ" ဝူဟိုင်းက အပြေးအလွှား ရောက်လာပြီး သွားများကို ကြိတ်ကာ ပြောလိုက်သည်။

"ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့ကတော့ မင်းကို ကြွက်သားအပြည့်နဲ့ လူမိုက်တွေ ပြန်ပေးဆွဲသွားတာလားလို့တောင် ထင်နေကြတာ" ဟု လင်းဟုန်ကပါ နောက်ပြောင်လိုက်၏။

"ကျွန်တော့်ကို ပြန်ပေးဆွဲမယ်ဆိုရင်တော့ ပြန်ပေးသမားက ချောမောလှပတဲ့ မိန်းကလေးတွေပဲ ဖြစ်မှာ သေချာတယ်" ယွမ်ကျိုးက မျက်ခုံးတွန့်ပြရင်း တည်ကြည်စွာ ပြောလိုက်သည်။

"သူဌေးယွမ်ရယ်... ကျွန်မတို့ရဲ့ လွမ်းဆွတ်နေတဲ့ နှလုံးသားတွေကို ကုသပေးဖို့ အရသာရှိတဲ့ အစားအစာတွေပဲ ချက်ပေးပါတော့နော်" မန်မန်ကပါ လက်မောင်းများကိုရင်ဘတ်တွင်ပိုက်ရင်း ဝင်ပြောလေသည်။

"ဟုတ်တယ်။ ကျတော်တို့အားလုံး ခင်ဗျားကိုစောင့်နေရတာ" ဟု ဝူကျိုးကပါ ဝင်ပြောလေသည်။

"ရှင်က ပုံမှန်လည်းလာမစားပဲနဲ့ ဘာတွေမျှော်လင့်နေတာလဲ " ကျောက်ယင်ကျွင်းက ဝူကျိုးကိုကြည့်ရင်း ဇဝေဇဝါဖြစ်သွားသည်။

"မင်းနာမလည်ပဲနဲ့ဝင်မပြောနဲ့ ငါက မစားရလည်း ကြည့်နေရရုံနဲ့တင် ကျေနပ်တယ်" ဟု ဝူကျိုးက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

"ဒီနေ့ မနက်စာကတော့ 'ဖားကိတ်' ပါ" ဟု ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ကြေညာလိုက်၏။

"ဟင်းပွဲအသစ်လား။ အားပါး... ငါတော်တော် ကံကောင်းတာပဲ" ဟု ဟင်းပွဲသစ်များ၏ မင်းသားလေးဟု တင်စားရမည့် မာကျစ်သာက ဝမ်းသာအားရ ဆိုသည်။

သို့သော်လည်း တန်းစီနေသည့် မိန်းကလေးအချို့မှာမူ 'ဖား' ဟူသော အမည်ကြောင့် တွန့်ဆုတ်သွားကြ၏။

"ဖားသားနဲ့ လုပ်ထားတာလား" ဟုပင် စိုးရိမ်တကြီး မေးမြန်းနေကြသည်။

"အသားဆိုရင်တော့လက်ခံနိုင်သေးတယ်။ အရေပြားပါပါတယ်ဆို...ဟူး ငါတော့မတွေးရဲတော့ဘူး" ဟု ယွမ်ယွမ်နှင့် အတူပါလာသော အရပ်ရှည်ရှည်မိန်းကလေးက ပြောလာ၏။

"ဖားတွေက ချစ်ဖို့ကောင်းသလို အရသာလည်း ရှိမှာပါ" ဟု ယွမ်ယွမ်ကမူ ယွမ်ကျိုး၏ လက်ရာကို ယုံကြည်‌

သောကြောင့် မျှော်လင့်ချက်အပြည့်ဖြင့် ပြောနေသော်လည်း ဘေးရှိ သူငယ်ချင်းဖြစ်သူကတော့ အကူအညီမဲ့စွာ ကြည့်နေမိသည်။

တစ်ဖက်တွင်မူ ဖားသားနှင့် တကယ်လုပ်ထားခြင်းဖြစ်ပါက စားမည်မဟုတ်ဟု အဆိုပါမိန်းကလေးက တိတ်တဆိတ် ဆုံးဖြတ်ထားလေသည်။

"အားလုံးပဲခင်ဗျာ... မနက်စာရောင်းချိန် စတင်တော့မှာမို့လို့ တန်းစီပေးကြပါရှင့်"

တန်းစီကော်မတီထံမှ အသံထွက်ပေါ်လာ၏။ ထိုကော်မတီကို ဝူကျိုး၊ ဝူဟိုင်း၊ လင်းဟုန်၊ စွန်းမင်၊ ကျန်းချန်ရှီးနှင့် ယင်းယာတို့ကဲ့သို့သော ယွမ်ကျိုးဆိုင်၏ ဝါရင့်စားသောက်ဖွယ်ရာ ဝါသနာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

၎င်းတို့သည် နေ့စဉ်တန်းစီခြင်းစနစ်ကို စနစ်တကျရှိစေရန် တာဝန်ယူပေးကြသဖြင့် ဝန်ထမ်းမလေး ကျိုကျာအတွက် အလုပ်ပိုမရှုပ်တော့ချေ။ အမှန်စင်စစ် ၎င်းတို့သည် အပြန်အလှန် အကျိုးအတွက် လုပ်ဆောင်‌နေကြခြင်း ဖြစ်၏။ အားလုံးက အချိန်ကုန်သက်သာအောင် စည်းကမ်းလိုက်နာကြပါက မိမိတို့နောက်ကျသည့်အခါတွင်လည်း ဟင်းပွဲများကို စိတ်ချလက်ချ စားခွင့်ရနိုင်မည်ဟု ယူဆကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ဆိုင်ရှေ့ရှိ အများသုံးအသုံးအဆောင်အချို့ကို ပြုပြင်ရန်အတွက်လည်း ထိုသူဌေးအသိုင်းအဝိုင်းက စီစဉ်ထားကြလေသည်။

"အားလုံးပဲ... နံပါတ်စဉ်အလိုက် တန်းစီပြီး ဆိုင်ထဲကို ဝင်လို့ရပါပြီရှင်" ကျိုကျာက ပြုံးရွှင်စွာဖြင့် ဖိတ်ခေါ်လိုက်၏။

"ဟေး... မင်းကတော့ လူလည်ပဲ။ ငါခေါ်တုန်းကတော့ အမြဲငြင်းပြီး အခုတော့ ဒီမှာ အခြေချနေတာကိုး"

လင်းဟုန်နှင့်အတူ ပါလာသည့် သူငယ်ချင်းဖြစ်သူက လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။ ထိုသူမှာ ကောရှင်း ဖြစ်၏။ သူသည် လင်းဟုန်နှင့် အရပ်အမောင်းချင်း တူသော်လည်း ပိုမိုပိန်ပါးပြီး မျက်နှာတွင်လည်း မကျေနပ်သည့်အမူအရာ အမြဲရှိနေတတ်သည်။ ၎င်း၏ ဆံပင်မှာ ခရမ်းရင့်ရောင်ဖြစ်ပြီး ဖက်ရှင်ကျကာ ပေါင်းရသင်းရခက်မည့်ပုံစံမျိုး ဖြစ်လေသည်။

"ဒီနေ့ ငါကျွေးမှာမို့လို့ ငါ့မျက်နှာကို ထောက်ထားပေးပါဦး ကွာ... ဟုတ်ပြီလား" လင်းဟုန်က ကောရှင်း၏ ပုခုံးကိုဖက်ကာ ဆိုင်ထဲသို့ ခေါ်ဆောင်လာခဲ့၏။

"လုပ်ပါဦး... ဒီလို စုတ်ပြတ်နေတဲ့ဆိုင်က ဘာတွေများ အရသာရှိနိုင်မှာမို့လို့လဲ" ဟု ကောရှင်းက လင်းဟုန်၏ လက်ကို ဖယ်ထုတ်ကာ မထီမဲ့မြင် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ မင်း မှာပြီးရင် ပြန်ချင်လည်း ပြန်လေ၊ ငါတစ်ယောက်တည်း စားလိုက်မယ်" လင်းဟုန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြော၏။ သူသည်လည်း ယွမ်ကျိုး၏ လက်ရာကို အခြားသူအား ရှင်းပြရန် အစီအစဉ်မရှိချေ။

"အေးပါ... ငါတို့ သူငယ်ချင်းသံယောဇဉ်ကြောင့် ငါနေပေးပါ့မယ်" ကောရှင်းက ပုခုံးတွန့်ပြလိုက်သည်။

"သူ့အတွက် ဖားကိတ်တစ်လုံး၊ ကျွန်တော့်အတွက် တစ်လုံး ပေးပါဗျာ။"

"ဟုတ်ကဲ့... ခဏစောင့်ပေးပါဦးရှင်။"

ကျိုးကျားက အလိုက်တသိပင် ဘာမျှထပ်မမေးတော့ချေ။ ကောရှင်းကမူ စားပွဲကို အားပြုကာ ယွမ်ကျိုးကို ကြည့်ရင်း "မင်း ဒီလောက်အိန္ဒြေရနေတာ မြင်ရခဲတယ်နော်" ဟု လင်းဟုန်ကို စနောက်လိုက်သည်။

"လူ့ဘဝမှာ စား၊ ဝတ်၊ နေ၊ ရေး ထဲမှာ 'စား' တာက ပထမဆုံးပဲလေ"

"မင်း အဲဒီလောက်တောင် ကြိုက်နေရင်လည်း ဒီဆိုင်ကိုပဲ ဝယ်လိုက်ပါလား။ အရာအားလုံးမှာ တန်ဖိုးရှိတာပဲ၊ ဘာလို့ ဒီလောက် ဒုက္ခခံနေရတာလဲ" ကောရှင်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သော်လည်း လင်းဟုန်ကမူ ခေါင်းခါရုံမှအပ ဘာမျှပြန်မပြောတော့ချေ။

"ထားလိုက်ပါတော့... မင်းကြိုက်သလိုသာ လုပ်"

ကောရှင်းမှာ ပျင်းရိငြီးငွေ့နေသည့်ပုံဖြင့် ရှည်လျားသော စားပွဲပေါ်၌ မှောက်လျက်သား နေနေတော့သည်။ ယွမ်ကျိုးသည် ဖားကိတ်အခု ၁၀၀ သာ ပြင်ဆင်ထားသော်လည်း လင်းဟုန်ကမူ အခြားသူများထက် စောစီးစွာ စားခွင့်ရခဲ့၏။

"ရှင်တို့နှစ်ယောက်အတွက် ဖားကိတ် ရပါပြီရှင့်"

ကျိုကျာက ပန်းကန်နှစ်ချပ်ကို လာချပေးသည့်အခါ ကောရှင်းက မျက်လုံးလေးအသာမော့ကြည့်ပြီး "ဟမ်... ဒီအရွက်တွေကရော စားလို့ရတာလား။ ကြည့်လို့တော့ တော်တော်လှတာပဲ" ဟု ရေရွတ်လိုက်သည်။

"ဟားဟား... ဟုတ်တယ်။ ကဲ... ငါတော့ စားပြီ"

လင်းဟုန်က သူငယ်ချင်းဖြစ်သူကို ပြန်မဖြေအားတော့ဘဲ ပန်းကန်ကို မိမိဘက်သို့ ဆွဲလိုက်၏။ ကောရှင်းက အစားအစာကို တကယ်စိတ်မဝင်စားကြောင်း မြင်ရမှသာ လင်းဟုန်သည် မိမိ၏ ဖားကိတ်ကို စိတ်အေးလက်အေးဖြင့် အသေးစိတ် စတင်လေ့လာနေလေတော့သည်။

အပိုင်း(၄၁၀)

ပြီးပါပြီ။

All Chapters