စွမ်းအားကြီးမားသော ခေါင်းဆောင်
Vol. 26 Ch. 251
မျိုးနွယ်စုခေါင်းဆောင်ငါးဦးသည် သူတို့၏လူများကို နတ်ဆိုးမြို့တော်အတွင်းသို့ ခေါ်ဆောင်သွားပြီးနောက်တွင် အစိမ်းရောင်နတ်ဆိုးမျိုးနွယ်မှ အကြီးအကဲတချို့သည် ယခင်မြင်ကွင်းထဲ၌ နစ်မြောနေဆဲပင်။
မည်မျှထိ ကြာမြင့်ခဲ့ပြီနည်း....
သူတို့၏ ဂိုဏ်းတူညီအစ်ကိုများအကြား၌ ဤမျှထိ သဟဇာတဖြစ်သော မြင်ကွင်းမျိုးကို သူတို့ အမှန်တကယ် မမြင်တွေ့ဖူးကြချေ။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသာ တစ်သွေးတည်းတစ်သားတည်း စည်းလုံးနိုင်မည်ဆိုလျှင် မည်သည့် ကြီးမားသော လုပ်ငန်းစဉ်ကိုမျှ မအောင်မြင်နိုင်ရန် အကြောင်းမရှိဟု သူတို့ ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် အကြီးအကဲတစ်ဦးသည် နေရာတစ်နေရာကို ချက်ချင်းရွေးချယ်ကာ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ခင်းကျင်းရန် ပြင်ဆင်လိုက်၏။ သူ့ထံ၌ ခွန်အားများဖြင့် ပြည့်ဝနေသည်။
ဝမ်ချန်သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရှိ တခြားမျိုးနွယ်စုများမှ လူအားလုံး နတ်ဆိုးမြို့တော်အတွင်းသို့ ဝင်ရောက်သွားပြီး ပြန်ထွက်မလာတော့ကြောင်း သေချာစေရန် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ၏လက်အောက်ငယ်သားများကို စုစည်းလိုက်ချိန်၌ အကြီးအကဲတချို့သည် မြေပုံတစ်ခုကို အလေးအနက်ထား၍ လေ့လာနေကြပြီး အဆင့်မြင့်ဂိုဏ်းသားများက ပစ္စည်းများကို ရွှေ့ပြောင်းနေကြသည်အား မြင်တွေ့မိပေ၏။
သူက ချက်ချင်းဆိုသလိုပင် မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးမြန်းလိုက်သည်။
"မင်းတို့တွေက ဘာလုပ်နေကြတာလဲ..."
အကြီးအကဲတစ်ဦးက တုံ့ပြန်အဖြေပေးသည်။
"ခေါင်းဆောင်ကို အစီရင်ခံပါတယ်... ကျွန်တော်တို့က တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ခင်းကျင်းနေတာပါ..."
ထိုစကားများကြောင့် ဝမ်ချန်၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
"သောက်ကျိုးနည်း....မင်းတို့ကို တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ဘယ်သူက ခင်းကျင်းခိုင်းလို့လဲ... အစိမ်းရောင်နတ်ဆိုးမျိုးနွယ်တစ်စုလုံး ငါနဲ့အတူ ဆုတ်ခွာဖို့ အခုပဲ ငါအမိန့်ပေးတယ်..."
ထိုအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် အဆင့်မြင့်ဂိုဏ်းသားများအားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။
လူတစ်ဦးက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
"ခေါင်းဆောင်... ဘာဖြစ်လို့လဲ..."
ဝမ်ချန်၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။
"ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး...အရင်ဆုံး ငါနဲ့အတူ ဆုတ်ခွာကြစို့... ပြီးမှ ငါပြောပြမယ်..."
သူ နေ့ခင်းဘက်ကတည်းက ထွက်ပြေးချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင်ငါးဦးက သူ့ကို အစည်းအဝေးတစ်ခုသို့ အတင်းအကြပ် ဆွဲခေါ်သွားခဲ့ကြ၏။
စာခြောက်ရုပ်၏ ကြောက်မက်ဖွယ်ကောင်းပုံနှင့် လျှို့ဝှက်ဆန်းကြယ်သော ကျုံးချင်၏အကြောင်းကို တွေးတောမိတိုင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး အကြောက်တရားကြောင့် တုန်ရီသွားသည်။
သူသည် ဤနေရာတွင် အချိန်တခဏမျှပင် ထပ်မနေလိုတော့ချေ။
အကယ်၍ သူသာ နောက်ထပ်တစ်စက္ကန့်လောက် ထပ်နေလိုက်လျှင် နောက်ထပ်အချိန်တခဏ၌ သူ၏ဦးခေါင်းကို တစ်စုံတစ်ယောက်က လာရောက်ယူဆောင်သွားမည်အား သူ ကြောက်ရွံ့နေခဲ့သည်။
ဝမ်ချန်က ဤမျှထိ အလေးအနက်ထား၍ ပြောဆိုနေသည်ကို မြင်တွေ့ချိန်၌ အကြီးအကဲများသည် အံ့အားသင့်ကာ သံသယဖြစ်နေကြသော်လည်း သူ၏အမိန့်ကို ချက်ချင်းလိုက်နာခဲ့ကြသည်။
"ဒါပေမဲ့ ခေါင်းဆောင်... ကျွန်တော်တို့က တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တကယ်ကြီး မခင်းကျင်းတော့ဘူးလား...အခု ကျွန်တော်တို့ ဆုတ်ခွာသွားရင် တခြားမျိုးနွယ်စုခေါင်းဆောင်ငါးဦး ထွက်လာတဲ့အချိန်မှာ ရှင်းပြဖို့ ခက်ခဲလိမ့်မယ်..."
"ဘာသောက်ရေးစိုက်စရာရှိလို့ ရှင်းပြရမှာလဲ...သူတို့ မြို့ထဲကနေ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာတောင် မေးခွန်းထုတ်စရာ ဖြစ်နေပြီ...ငါနဲ့အတူ မြန်မြန်လေး ဆုတ်ခွာကြရအောင်... အခု မဆုတ်ခွာရင် နောက်ကျသွားလိမ့်မယ်..."
"သွားကြစို့..."
ဝမ်ချန်က အမိန့်ပေးလိုက်ပြီးနောက် သူကိုယ်တိုင် ပထမဆုံး ထွက်ပြေးသွားခဲ့သည်။
သူသည် ကျုံးချင်ကို စိတ်အနှောင့်အယှက်ဖြစ်ပေးမိမည်ကိုပင် ကြောက်ရွံ့နေသဖြင့် မိုးကောင်းကင်ယံမှ ပျံသန်းဝံ့ခြင်းပင်မရှိဘဲ တောင်တန်းတစ်သိန်းဆီသို့သာ အပြေးသွားခဲ့သည်။
ယခင်က ပိုင်လင်း ကြုံတွေ့ခဲ့ရသော စိုးရိမ်ပူပန်မှုများသည် ယခုချိန်၌ သူ့ထံတွင် အပြည့်အဝ ပေါ်လွင်နေပေ၏။
အစိမ်းရောင်နတ်ဆိုးမျိုးနွယ်၏ အဆင့်မြင့်ဂိုဏ်းသားများသည် သူတို့၏ခေါင်းဆောင် ထွက်ပြေးသွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
ဝမ်ချန်၏စကားလုံးများတွင် အကြောက်တရားများ ပါဝင်နေပြီး ဤနေရာ၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခု ရှိနေသည့်အလားပင်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သူတို့၏စိတ်နှလုံးသားများ ချမ်းစိမ့်တုန်ရီသွားသည်ကို ခံစားမိပေ၏။
"ခေါင်းဆောင်... ကျွန်တော့်ကို စောင့်ပါအုံး..."
ထိုအခိုက်တွင် တစ်စုံတစ်ယောက်က တိုးညှင်းစွာ အော်ခေါ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုလူက ဝမ်ချန်၏နောက်သို့ လျှင်မြန်စွာ လိုက်ပါသွားခဲ့သည်။
ထို့နောက် တစ်ယောက်မှ နှစ်ယောက် နှစ်ယောက်မှ သုံးယောက် စသဖြင့် အသီးသီး လိုက်ပါသွားကြသည်။
မကြာမီမှာပင် ဆယ်နှင့်ချီသောလူများ ဝမ်ချန်၏ နောက်မှ လိုက်ပါသွားကြသည်။
သူတို့သည် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို နားမလည်ကြသော်လည်း....
မည်သို့ပင်ဆိုစေကာမူ ဝမ်ချန်သည် သူတို့၏ ခေါင်းဆောင်ဖြစ်ပြီး သူတို့ကို ဒုက္ခပေးမည့်ပုံ မရှိပေ။
သို့ရာတွင် သူတို့တစ်ယောက်စီတိုင်း၏ စိတ်နှလုံးသားထဲတွင် သံသယများဖြင့် ပြည့်နှက်နေပေ၏။
မည်ကဲ့သို့ အန္တရာယ်မျိုးက သူတို့၏ ခေါင်းဆောင်ကို ဤမျှထိ ထိတ်လန့်သွားစေနိုင်သနည်း....
ယနေ့ညတွင် အစိမ်းရောင်နတ်ဆိုးမျိုးနွယ်သည် အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့ကြသည်။
ဝမ်ချန်နှင့် သူ၏ယုံကြည်ရသော လက်အောက်ငယ်သားများသည် တစ်ညတည်းဖြင့် မိုင်သုံးထောင်ခန့် ထွက်ပြေးခဲ့ကြပြီး နောက်မှလိုက်လာသူ မရှိသည်ကို မြင်တွေ့သောအချိန်မှသာ ရပ်တန့်လိုက်ကြ၏။
သူတို့သည် အမောဖြေပြီးနောက် သူတို့၏စိတ်ထဲမှ သံသယများကို ထိန်းချုပ်မထားနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် မေးခွန်းများ မေးမြန်းလိုက်ကြသည်။
"ခေါင်းဆောင်... တကယ်တမ်းက ဘာဖြစ်ခဲ့တာလဲ... ဘယ်အရာက ခေါင်းဆောင်ကို ဒီလောက်ထိတောင် ကြောက်ရွံ့သွားစေတာလဲ..."
ဝမ်ချန်သည် အလျင်စလို တုံ့ပြန်အဖြေမပေးခဲ့ချေ။
ထိုအစား သူသည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ်ခန့် ရှိုက်လိုက်ပြီး ထိုအချိန်မှသာ သူ၏စိတ်ထဲ၌ ဖိစီးနေသော ကျောက်တုံးကြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
ထို့နောက် သူက လူအုပ်ကြီးကို ကြည့်ကာ စိတ်သက်တောင့်သက်သာဖြစ်သွားသော လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့ ငရဲတံခါးဝကို ဖြတ်လျှောက်ခဲ့ပြီးပြီဆိုတာ မင်းတို့ သိကြရဲ့လား..."
"ခေါင်းဆောင်...ဒီစကားမျိုး ဘာလို့ပြောတာတာလဲ..."
လူများအားလုံးက နားမလည်နိုင်စွာဖြင့် ဝမ်ချန်ကို ကြည့်လိုက်ကြသည်။
ဝမ်ချန်သည် သူ၏စကားလုံးများကို ဂရုတစိုက် ရွေးချယ်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။
"ဒီနေ့ ငါ ကင်းလှည့်ထွက်သွားရင်းနဲ့ ပိုင်လင်းရဲ့ လျှို့ဝှက်ချက်ကို နောက်ဆုံးတော့ ငါ ရှာတွေ့ခဲ့တယ်..."
ဤစကား ထွက်ပေါ်လာသည်နှင့် လူများအားလုံး ပို၍ပင် စိတ်ရှုပ်ထွေးသွားကြသည်။
"ပိုင်လင်းရဲ့ လျှို့ဝှက်ချက်လား... ခေါင်းဆောင်... ပိုင်လင်းမှာ လျှို့ဝှက်ချက်ရှိရင်တောင် ကျွန်တော်တို့ကို ဒီလိုမျိုး ဖြစ်သွားစေမှာ မဟုတ်ဘူးမလား..."
"ငတုံးငအတွေ... ငါတို့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက ပိုင်လင်းကို လိုက်လံသတ်ဖြတ်ဖို့ လုပ်ကြံသူတွေကို သုံးလေးကြိမ်လောက် စေလွှတ်ခဲ့ပေမဲ့.... သူတို့အားလုံး ဘာလို့ ကျရှုံးခဲ့ရလဲဆိုတာ မင်းတို့ သိကြလား..."
မဟာအကြီးအကဲက တွေးတောလိုက်သည်။
'ဒီကိစ္စက အပြာရောင်နတ်ဆိုးမျိုးနွယ်နဲ့ သက်ဆိုင်နေတာ မဟုတ်ဘူးလား...'
"အပြာရောင်နတ်ဆိုးမျိုးနွယ်က လူတွေက ပိုင်လင်းကို ကာကွယ်ဖို့ လူတွေကို စေလွှတ်ခဲ့တယ်... အဲဒါကြောင့် တခြားမျိုးနွယ်စုခြောက်စုနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီးတော့ နောက်ဆုံးမှာ သူတို့ရဲ့ မျိုးနွယ်စု ပျက်စီးသွားခဲ့ရတယ် မဟုတ်လား..."
"ခေါင်းဆောင်...ဒီကိစ္စရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ တခြားဇာတ်လမ်းတစ်ပုဒ် ရှိနေတာများလား..."
"အမှန်ပဲ..."
ဝမ်ချန်က မဟာအကြီးအကဲအား သင်ပေး၍ရသေးသည်ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
"ဒီနေ့ ငါက မြေကမ္ဘာနွားနတ်ဆိုးနဲ့ မိုးပြာနဂါးမြင်းတို့ကို တွေ့ခဲ့ရတယ်... အဲ့ဒီအချိန်ကျမှ ငါ နားလည်သွားခဲ့တယ်... ပိုင်လင်းကို ကာကွယ်ပေးနေတဲ့ တခြားသူတစ်ယောက် ရှိနေပြီးတော့ အပြာရောင်နတ်ဆိုးမျိုးနွယ်က မှားယွင်းစွပ်စွဲခံရတဲ့ ဘေးဒုက္ခကို အပြည့်အဝ ခံစားခဲ့ရတာပဲ..."
"အမ်..."
ဤအချိန်အခိုက်အတန့်တွင် အစိမ်းရောင်နတ်ဆိုးမျိုးနွယ်မှ အဆင့်မြင့်ဂိုဏ်းသားများအားလုံး၏မျက်နှာအမူအယာများ အလွန်အမင်း ထူးဆန်းနေသည်။
အပြာရောင်နတ်ဆိုးမျိုးနွယ် တစ်ခုလုံးတွင် လူဦးရေတစ်သိန်းတိတိ ရှိနေပေ၏။
ထိုလူတစ်သိန်းသည် အခြေခံအားဖြင့် အမြစ်ပြန်သုတ်သင်ခံလိုက်ရပြီဖြစ်ရာ ယခုချိန်၌ ဝမ်ချန်က သူတို့ကို တစ်ဖက်လူများ မတရားခံရခြင်းဖြစ်ကြောင်း ပြောဆိုနေသည်။
ဤခံစားချက်မှာ သူတို့အပေါ် အလွန်လွှမ်းမိုးနိုင်သည်။
ထို့ထက်ပို၍ သူတို့သည် အပြာရောင်နတ်ဆိုးမျိုးနွယ်အတွက် ကြီးမားသောမတရားမှုကို ခံစားလိုက်ရ၏။
သို့သော် လူတချို့ထံမှ မေးခွန်းအသစ်များ ထွက်ပေါ်လာခဲ့သည်။
"ခေါင်းဆောင်... ပိုင်လင်းရဲ့နောက်ကွယ်မှာ တခြားလူတစ်ယောက် ရှိနေရင်တောင်.... အခုအချိန်က ကျွန်တော်တို့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ မျိုးနွယ်စုခြောက်စုက အဆင့်မြင့်အကြီးအကဲတွေ စုရုံးပြီးတော့ သူတို့ကို အမြစ်ပြတ်သုတ်သင်ရမယ့်အချိန် မဟုတ်ဘူးလား..."
"ဘာလို့ ကျွန်တော်တို့က..."
"ဘာလို့လဲ..."
'ဘာလို့လဲ' ဟူသောစကားလုံး ထွက်ပေါ်လာပြီးနောက် ထိုလူသည် ကျန်ရှိသော စကားများကို ဆက်မပြောနိုင်တော့ချေ။
သူတို့၏ခေါင်းဆောင်က သူတို့ကို မည်သည်ကြောင့် အသက်လု၍ ထွက်ပြေးစေခဲ့သည်မှာ သိသာထင်ရှားနေသည် မဟုတ်လော....
ဤသည်မှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏မျိုးနွယ်စုခြောက်စုမှ ပေါင်းစပ်အင်အားဖြင့်ပင် ပြိုင်ဘက်ကို အနိုင်မယူနိုင်ကြောင်း ရှင်းလင်းစွာ ဆိုလိုနေခြင်းပင်။
"ဟီး ဟီး...ဒီအချက်ကို မင်းတို့ ရှာတွေ့နိုင်တာက မင်းတို့ သိပ်မတုံးအသေးဘူးဆိုတာကို သက်သေပြနေတာပဲ..."
ဝမ်ချန်က သူတို့ မည်သည့်အရာအား ပြောလိုသည်ကို သိရှိထားသည်။
ထိုစကားတစ်ခွန်းက သူတို့၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။
ဤသည်က သူတို့ကို ပို၍ပင် မယုံကြည်နိုင် ဖြစ်သွားစေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က ဖျော့တော့တော့လေသံဖြင့် မေးမြန်းသည်။
"ခေါင်းဆောင်... ရန်သူက အရမ်းအစွမ်းထက်လွန်းလို့ ကျွန်တော်တို့ မျိုးနွယ်စုခြောက်စု ပူးပေါင်းပြီး တိုက်ခိုက်ရင်တောင် ကျွန်တော်တို့က... သူတို့ရဲ့ ပြိုင်ဘက် မဟုတ်နိုင်ဘူးလို့ ဆိုလိုတာလား..."
ဤစကားကိုကြားချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပေ၏။
ဤအရာမှာ အလွန်လက်တွေ့မဆန်ဟု လူများအားလုံး ခံစားလိုက်ရသည်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း....
မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုပင်။
မျိုးနွယ်စုခြောက်စု၏ ပေါင်းစပ်အင်အားဖြင့် မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် မည်သူက သူတို့၏ပြိုင်ဘက် ဖြစ်နိုင်မည်နည်း...
သို့သော် ဝမ်ချန်၏စကားများသည် သူတို့၏ စိတ်ထဲ၌ နက်ရှိုင်းစွာ ပေါက်ကွဲသွားသော မိုးကြိုးပစ်ခတ်မှုတစ်ခုနှင့် တူညီနေပေ၏။
"အဲ့ဒီလူက ဆန္ဒရှိနေသရွေ့ ငါတို့ရဲ့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက သူ့ရှေ့မှာ မြေမှုန့်တစ်မှုန့်လိုပဲ....ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး..ငါတို့ ပျက်စီးသွားဖို့ဆိုတာက မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပဲ ရှိတယ်..."
ဤအချိန်အခိုက်အတန့်တွင် လူများအားလုံး ဤစကားများကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
ထို့နောက် ဝမ်ချန်က သူ၏ယခင်အတွေ့အကြုံများအား လူများအားလုံးကို ပြန်လည်၍ ပြောပြခဲ့သည်။
ထို့နောက် လူများအားလုံး သူတို့ကိုယ်သူတို့ သံသယဝင်သွားကြ၏။
သူတို့၏မျက်နှာများတွင် ပြင်းထန်သော ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။
ယခင်က ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်၌သာ ရှိခဲ့သော မိန်းကလေးတစ်ဦးသည် သူမအတွက် ရပ်တည်ပေးမည့် ဤမျှထိ စွမ်းအားကြီးမားသော မဟာမိတ်တစ်ဦးကို ရှာတွေ့လိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိကြချေ။
ဤခေတ်ကာလတွင် ပါရမီရှင်များ ဖိနှိပ်ခံရပြီးနောက် ထူးခြားသော အခွင့်အရေးများနှင့် ကြုံတွေ့ကာ အရပ်မျက်နှာအားလုံးကို လွှမ်းမိုးပြီး ရန်သူအားလုံးကို ချေမှုန်း၍ နာကြည်းမှုများအတွက် ကလဲ့စားချေကာ အမှားများကို အမှန်ပြင်သည့် ဇာတ်လမ်းများ မကြာခဏ ထွက်ပေါ်လာခြင်းမှာ အဆန်းမဟုတ်တော့ပေ။
သို့သော် ဤဇာတ်လမ်းသည် သူတို့ထံသို့ အမှန်တကယ် ရောက်ရှိလာကာ အထူးသဖြင့် သူတို့သည် တစ်ဖက်လူ၏ရန်သူများအဖြစ် ရောက်ရှိသွားချိန်တွင် ဤခံစားချက်မှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
အချိန်အတော်ကြာပြီးနောက် အကြီးအကဲတစ်ဦးက ဖျော့တော့တော့လေသံဖြင့် မေးမြန်းလိုက်သည်။
"ခေါင်းဆောင်... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ...မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ပြန်သွားမလား..."
ဝမ်ချန်သည် အဝေးသို့ လှမ်းကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရပေ၏။
"ငါတို့က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ပြန်သွားလို့ မရဘူး...ငါတို့ အရှေ့ပိုင်းဒေသကို သွားကြမယ်...အရှေ့ပိုင်းဒေသက ခေတ်နောက်ကျတယ်... ဆင်းရဲတယ်... ပြီးတော့ အင်အားနည်းပါးတယ်..."
"ပထမအချက်အနေနဲ့ ငါတို့က ရန်သူကို ရှောင်ရှားနိုင်တယ်... ဒုတိယအချက်အနေနဲ့ ငါတို့ရဲ့ အင်အားနဲ့ဆိုရင် လွှမ်းမိုးနိုင်တဲ့ အင်အားစုအသစ်တစ်စုကို ငါတို့ တည်ထောင်နိုင်လိမ့်မယ်..."
"ခေါင်းဆောင်က စွမ်းအားကြီးမားပါပေတယ်..."
ဤအဆိုပြုချက်သည် လူများအားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိခဲ့သည်။