ဖိတ်ကြားမထားသော ဧည့်သည်
Vol. 26 Ch. 255
ခန်းမဆောင်အတွင်း၌ အခြေအနေသည် လေးလံထိုင်းမှိုင်းနေပြီး ကြက်ပေါက်စတစ်၏ ရက်စက်ကြမ်းကြုတ်သော ရယ်မောသံသာလျှင် ပဲ့တင်ထပ်နေသည်။
သူသည် အလွန်အားနည်းပုံရသည်မှာ သိသာထင်ရှားသည်။
သို့သော် ယခုအချိန်တွင် လူများအားလုံး၏စိတ်ထဲ၌ သူသည် ပြိုင်ဘက်ကင်း နတ်ဆိုးသားရဲတစ်ကောင်နှင့် တူညီနေကာ သူတို့ကို ဖိနှိပ်ထားပြီး ထိတ်လန့်သွားစေခဲ့သည်။
ဓားတစ်သောင်းဂိုဏ်းမှ တပည့်များ၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ ရစ်သိုင်းလွှမ်းခြုံနေပေ၏။
သူတို့၏ဂိုဏ်းသည် တစ်ချိန်က မည်မျှထိ အဆင့်အတန်း မြင့်မားခဲ့သနည်း....
ဤသည်က အင်အားစုများစွာ၏ မျက်လုံးထဲတွင် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်လုံး ဖြစ်ခဲ့သည်။
သို့သော် ယခုအချိန်၌ သူတို့သည် အိမ်မွေးတိရစ္ဆာန်တစ်စု၏ ဖိနှိပ်ခြင်းကို ခံနေရပြီး ခေါင်းပင် မမော့နိုင်ကြတော့ချေ။
ဤမြင်ကွင်းက ကြက်ပေါက်စတစ်ကို ဒေါသထွက်သွားစေသည်။
"တော်လိုက်တဲ့ကောင်လေးတွေ... မင်းတို့အားလုံးမှာ ဒီလိုခိုင်မာတဲ့ကျောရိုး ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီနေ့ ကြက်သခင်ကြီးက ကရုဏာထားပြီးတော့ မင်းတို့ရဲ့ မောက်မာမှုကို ဖြည့်ဆည်းပေးမယ်..."
သူ၏စကားသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်....
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချက်ချင်းဒူးထောက်လိုက်သည်။
"ကြက်... ကြက်သခင်ကြီး...ကျေးဇူးပြုပြီးတော့ အရှင်က သနားကရုဏာထားပြီး ကျွန်တော့်ရဲ့ ဓားတစ်သောင်းဂိုဏ်းကို ချမ်းသာပေးပါ..."
ဤလူမှာ တခြားသူမဟုတ်ဘဲ လက်ရှိ ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်ပိုင်ဝူရှားပင်။ သူသည် ယခုချိန်၌ ကြက်ပေါက်စတစ် နင်းထားသော ပိုင်ရှန်၏ဖခင်လည်း ဖြစ်ပေ၏။
ပိုင်ဝူရှား ဒူးထောက်လိုက်သည်ကို မြင်တွေ့ချိန်၌ တပည့်များအားလုံး အံ့အားသင့်သွားကြသည်။
ပိုင်ရှန်၏မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသများဖြင့် ပြည့်နှက်နေပေ၏။
"အဖေ... အဖေ..."
ပထမဆုံး ဦးညွှတ်မည့်သူမှာ သူ၏ဖခင် ဖြစ်နေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့မိချေ။ ဤဦးညွှတ်ခြင်းက သူ၏ခါးကို ကိုင်းညွှတ်သွားစေရုံသာမက ဂိုဏ်း၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းသွားစေခဲ့သည်။
ပိုင်ဝူရှားက ခါးသီးစွာ ပြုံးလိုက်သည်။
သူ့သားဖြစ်သူ၏ စိတ်ပျက်နေသော အကြည့်ကို ရင်ဆိုင်ရချိန်တွင် သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ကျင့်ကြံခြင်းလောကမှာ ခွန်အားကြီးတဲ့သူကိုပဲ လေးစားကြတယ်...အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိတယ်...မောက်မာမှုနဲ့ ဂုဏ်သိက္ခာဆိုတာက ခွန်အားကြီးတဲ့သူတွေမှသာ ပိုင်ဆိုင်ဖို့ ထိုက်တန်တဲ့ အရာတွေပဲ...ငါတို့ရဲ့ ဓားတစ်သောင်းဂိုဏ်းထက် ပိုပြီးအင်အားကြီးတဲ့သူကို အညံ့ခံတာက ရှက်စရာ မဟုတ်ဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူများအားလုံး၏စိတ်နှလုံးသားများ တုန်ရီသွားကြသည်။
ဤစကားများသည် အလွန်သဘာဝကျလှသဖြင့် သူတို့ ငြင်းပယ်၍မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့၏ဂိုဏ်းချုပ်က ဦးဆောင်လိုက်သဖြင့် တခြားလူများလည်း နားလည်သွားကြသည်။ အသက်ရှင်နေခြင်းနှင့် နှိုင်းယှဉ်လျှင် ယာယီဂုဏ်သိက္ခာကျဆင်းမှု သို့မဟုတ် အရှက်ရမှုဆိုသည်မှာ မည်သည်ကြောင့် အရေးကြီးမည်နည်း။
"ကြက်သခင်ကြီး..."
ထိုအချိန်တွင် လူများအားလုံး ဒူးထောက်လိုက်ကြပြီး သူတို့၏အညံ့ခံမှုကို ဖော်ပြလိုက်ကြသည်။
ကြက်ပေါက်စတစ်၏အပြုံးသည် တဖြည်းဖြည်း ပို၍ပီပြင်ထင်ရှားလာပေ၏။ ယခုအချိန်တွင် သူသည် နတ်ဆိုးမျိုးနွယ်၏ ဂုဏ်ကျက်သရေရှိသော အထွတ်အထိပ်ကာလသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။ သူ၏အမိန့်စကားတစ်ခွန်းတည်းဖြင့် သောင်းနှင့်ချီသောလူများက လိုက်နာကြပေလိမ့်မည်။
ဤအရာကို တွေးတောမိချိန်၌...
သူ အော်ဟစ်ရယ်မောလိုက်သည်။
"အရမ်းကောင်းတယ်... မင်းတို့က ငါ့ကို ကြက်သခင်ကြီးလို့ ခေါ်မှတော့ ငါက အသိအမှတ်မပြုဘဲ မနေနိုင်ဘူး..."
"မင်းတို့ရဲ့ သိုလှောင်အိတ်အားလုံးကို လွှဲပြောင်းပေးကြစမ်း... ပြီးတော့ ဒီနေ့ကစပြီး မင်းတို့က ကြက်သခင်ကြီးရဲ့ညီငယ်လေးတွေ ဖြစ်လာပြီ... တစ်ခုခုဖြစ်ရင် ကြက်သခင်ကြီးရဲ့ နာမည်ကိုသာ ပြောလိုက်..ငါက မင်းတို့ကို ကာကွယ်ပေးမယ်..."
ဤစကားများက ဓားတစ်သောင်းဂိုဏ်းမှ တပည့်များကို အံ့အားသင့်သွားစေရုံသာမက တခြားနတ်ဆိုးစစ်သူကြီးများကိုလည်း စိတ်ရှုပ်ထွေးသွားစေသည်။
နတ်ဆိုးစစ်သူကြီးတစ်ဦးက တီးတိုးမေးမြန်းလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်တို့က ဒီတစ်ကြိမ်မှာ သူတို့ကို သတ်ဖြတ်ဖို့ လာခဲ့တာ မဟုတ်ဘူးလား...ဘာလို့ ညီငယ်လေးတွေကို လက်ခံနေတာလဲ..."
ဤသတင်းကြောင့် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များ၏စိတ်နှလုံးသားများ ကဆုန်စိုင်းခုန်ပေါက်သွားကြသည်။
"ကြက်... ကြက်သခင်ကြီး...ဒါက ကျွန်တော့်ရဲ့ သိုလှောင်အိတ်ပါ..."
"ဒီနေ့ကစပြီး ကျွန်တော်က ကြက်သခင်ကြီးကို ရိုသေလေးစားသွားပါ့မယ်..."
"ကြက်သခင်ကြီးကသာ ကျွန်တော့်ကို အနောက်ဘက်သွားခိုင်းရင် ကျွန်တော်က အရှေ့ဘက်ကို လုံးဝ မသွားပါဘူး... ကြက်သခင်ကြီးကသာ ခွေးတစ်ကောင်ကို ချေမှုန်းခိုင်းရင် ကျွန်တော်က ကြက်တစ်ကောင်နောက်ကို ဘယ်တော့မှ မလိုက်ပါဘူး..."
"ကြက်သခင်ကြီး... ကျွန်တော်တို့ စတွေ့ကတည်းက ကြက်သခင်ကြီးက ဥာဏ်ပညာရှိတဲ့ အုပ်စိုးသူတစ်ယောက် ဖြစ်မယ်ဆိုတာ ကျွန်တော် သိခဲ့တယ်..."
"တစ်ကြိမ် ကြက်သခင်ကြီးဖြစ်ရင် အမြဲတမ်း ကြက်သခင်ကြီးပါပဲ..."
"ဒါက ကျွန်တော့်ရဲ့ လောကီပိုင်ဆိုင်မှုတွေ အားလုံးပါပဲ... ကျေးဇူးပြုပြီး လက်ခံပေးပါ ကြက်သခင်ကြီး..."
ဤအချိန်အခိုက်အတန့်တွင် ယခင်က သူ့ကို ကြက်သခင်ကြီးဟုခေါ်ရန် ဆန္ဒမရှိခဲ့သော လူအမြောက်အများသည် ယခုအချိန်၌ သူတို့၏ သိုလှောင်အိတ်များကို စိတ်အားထက်သန်စွာဖြင့် လွှဲပြောင်းပေးလာကြ၏။ ခြေတစ်လှမ်း နောက်ကျသွားပါက ကြီးမားသော ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
ဤအရာမှတဆင့် ဂုဏ်သိက္ခာထိန်းသိမ်းခြင်းကဲ့သို့ အခြေခံစည်းမျဉ်းတစ်ခုသည် ချိုးဖျက်ရန် တစ်ကြိမ်သာ ခက်ခဲကြောင်း မြင်တွေ့နိုင်ပေမည်။ ပထမအဆင့်ကို အောင်မြင်စွာ ချိုးဖောက်ပြီးသည်နှင့် အခြေခံစည်းမျဉ်း၏အောက်ခြေကန့်သတ်ချက်သည် တိုင်းတာ၍မရနိုင်သော ချောက်ကမ်းပါးများနှင့် တူညီနေသည်။
လူတချို့က သူတို့၏သစ္စာရှိမှုကို ပြသရန် သူတို့၏ဘိုးဘေးများထံမှ သိုလှောင်အိတ်များကိုပင် ဆွဲဖြုတ်ခဲ့ကြ၏။
သူ၏ရှေ့တွင် သပ်ရပ်စွာစီရီထားသော သိုလှောင်အိတ်များကို ကြည့်ကာ ကြက်ပေါက်စတစ်သည်လည်း အံ့အားသင့်သွားခဲ့သည်။
အမှန်အားဖြင့် သူသည် သခင်မလေး ပိုင်လင်းအတွက် ခြိမ်းခြောက်မှုဖြစ်စေသော မည်သူ့ကိုမဆို သုတ်သင်ရှင်းလင်းရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်လော။ မည်သည်ကြောင့် ဤလူများကို သူ၏ညီငယ်များအဖြစ် သူ ရုတ်တရက်ကြီး လက်ခံမိသနည်း။
သို့သော် ကြက်သခင်ကြီး၏စကားသည် သူ၏ ကတိကဝတ်ပင်။ အကယ်၍ သူ ပြောခဲ့သည့်စကားများကို မလိုက်နာပါက နောင်တစ်ချိန်တွင် ဤလောက၌ သူ မည်သို့ ရပ်တည်နိုင်မည်နည်း။
ဤအရာကိုတွေးတောရင်း သူ၏မျက်လုံးများ မိန်းမောတွေဝေသွားခဲ့သည်။ မကြာမီမှာပင် သူ၏မျက်လုံးများ တောက်ပသွားပြီး အကြံတစ်ခု ရသွားပေ၏။ သူသည် သူ၏ညီအစ်ကိုများကို ရှင်းပြနေရင်း သိုလှောင်အိတ်များကို စုဆောင်းလိုက်သည်။
"ငါတို့နတ်ဆိုးမျိုးနွယ် အထွတ်အထိပ်ကို ရောက်နေချိန်က ဘယ်လောက်တောင် ဂုဏ်ကျက်သရေ ရှိခဲ့တယ်ဆိုတာ မင်းတို့ တွေးကြည့်ကြစမ်း..."
"သခင်ရဲ့ အမိန့်တစ်ခွန်းတည်းနဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေ သန်းထောင်နဲ့ချီပြီး အညံ့ခံခဲ့ကြတယ်..."
"အခု သခင် ပြန်ရောက်လာပြီဆိုတော့ သူ့ရဲ့လက်အောက်မှာ အသုံးဝင်တဲ့လူ သိပ်မရှိဘူးလေ..."
"ဒါက သခင့်အတွက် အခြေခံအုတ်မြစ်တစ်ခုကို ရှာဖွေပေးတာလို့ ငါ ယူဆတယ်..."
"ပြီးတော့ သူတို့ရဲ့အညံ့ခံမှုက သခင်မလေးအတွက် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ငါတို့ သွယ်ဝိုက်ပြီး ဖယ်ရှားလိုက်တာပဲ..."
ကြက်ပေါက်စတစ်သည် ထိုစကားများကို ပို၍ပြောဆိုလေလေ သူ၏မျက်လုံးများ ပို၍ တောက်ပလာလေလေပင်။ သူသည် အမှန်တကယ်ကို ပါရမီရှင်တစ်ဦး ဖြစ်ပေ၏။ ဘက်စုံထောင့်စုံမှ ချို့ယွင်းချက်မရှိသော ဤကဲ့သို့ အကြံအစည်မျိုးကို သူ မည်သို့ တွေးတောနိုင်ခဲ့သနည်း။
ကြက်ပေါက်စတစ်၏ ရှင်းပြချက်ကို နားထောင်ရင်း နတ်ဆိုးစစ်သူကြီးများအားလုံး၏မျက်နှာပေါ်၌ နားလည်သဘောပေါက်သွားသော အမူအယာများ ချက်ချင်းထင်ဟပ်လာကြသည်။ ကြက်ပေါက်စတစ်သည် အစ်ကိုကြီး ဖြစ်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤကဲ့သို့ တွေးတောဆင်ခြင်နိုင်စွမ်းကို သူတို့ ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်မှာ သေချာပေါက်ပင်။
ကြက်ပေါက်စတစ်သည် စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်စွာဖြင့် သိုလှောင်အိတ်များကို စုဆောင်းနေစဉ်မှာပင်....
ရုတ်တရက် မိုးကောင်းကင်ယံကြီးသည် အကြောင်းပြချက်မရှိဘဲ မှောင်မိုက်သွားပေ၏။ တံခါး၏အပြင်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
ထိုလေသည် ထူးဆန်းနေပြီး လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးကို ရှင်းပြ၍မရနိုင်သော အေးစက်မှုကို ခံစားမိစေသည်။ သူတို့အားလုံး ပြတင်းပေါက်ဆီသို့ မော့ကြည့်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုခုမှ ချဉ်းကပ်လာသကဲ့သို့ သူတို့ ဝိုးတဝါး ခံစားလိုက်ရသည်။
ဤအခြေအနေအောက်တွင် လေများပင် အေးခဲသွားသကဲ့သို့ ထင်ရပေ၏။ လူအများ၏ခန္ဓာကိုယ်များမှ အလိုအလျောက် ဇောချွေးများ ထွက်လာကြပြီး သူတို့၏ စိတ်မသက်မသာဖြစ်မှုကို ဖုံးကွယ်ရန် တံတွေးများကို မြိုချလိုက်ကြသည်။
နောက်ဆုံး၌...
လူများအားလုံး၏အကြည့်အောက်တွင် ပုံရိပ်တစ်ခုက ဒယိမ်းဒယိုင်ဖြင့် ဝင်ရောက်လာခဲ့သည်။ ယခုရောက်လာသူကို မြင်လိုက်ရသည်နှင့် တပြိုင်နက် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ခန္ဓာကိုယ်များ တောင့်တင်းသွားကြ၏။ သူတို့၏စိတ်ထဲတွင် ရှင်းပြ၍မရနိုင်သော အေးစက်မှုတစ်ခု မြင့်တက်လာပြီး အထူးသဖြင့် ကြက်ပေါက်စတစ်၏ကြက်မွှေးများပင် ထောင်မတ်သွားပေ၏။
အကြောင်းအရင်းကမူ ဤဖိတ်ကြားမထားသော ဧည့်သည်သည် စာခြောက်ရုပ် ဖြစ်နေသောကြောင့်ပင်။
စာခြောက်ရုပ်သည် ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် ပင်မခန်းမဆောင်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။ သူသည် လူများအားလုံး၏အကြည့်များကို လုံးဝသတိမထားမိပုံရပြီး ကြက်ပေါက်စတစ်၏ အနောက်ရှိ တိုက်ပွဲမှ သိမ်းဆည်းရမိသော ပစ္စည်းများကိုသာ ကြည့်ရှုနေသည်။
သူသည် လူများအားလုံးကို ဖြတ်ကျော်ကာ ကြက်ပေါက်စတစ်၏ရှေ့သို့ ရောက်လာပြီး နံဘေးရှိ သိုလှောင်အိတ်တစ်လုံးကို ကျွမ်းကျင်စွာ ကောက်ယူလိုက်၏။ ထို့နောက် သူသည် ပတ်ဝန်းကျင်တွင် တခြားမည်သူမျှ မရှိသည့်အလား နံဘေးဘက်တွင် မတ်တတ်ရပ်ကာ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို စတင်၍ မွှေနှောက်ရှာဖွေတော့သည်။
ကြက်ပေါက်စတစ်သည် မလှုပ်ရှားရဲချေ။
စာခြောက်ရုပ်၏စွမ်းအားသည် သူ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေပေ၏။ ရိုးရိုးသားသား ပြောရလျှင် သူ့ကို ကြောက်ရွံ့မှုအား ခံစားရစေနိုင်သူဟူ၍ အလွန်နည်းပါးသည်။ ထို့ပြင် စာခြောက်ရုပ်မှာ ထိုလူများအနက်မှ တစ်ဦးပင်။
ယခင်က သူ၏တံစဉ်ဖြင့် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကို ချိန်ရွယ်လိုက်သောအချိန်၌ ကြက်ပေါက်စတစ်သည် သေမင်းနှင့် အလွန် နီးကပ်နေကြောင်း အမှန်တကယ် ခံစားခဲ့ရသည်။ ယခုအချိန်တွင် စာခြောက်ရုပ်ကို ပြန်မြင်လိုက်ရသောအချိန်၌ သူသည် တုန်လှုပ်ချောက်ချားမှုများကို ခံစားနေရဆဲပင်။
သူတို့နှစ်ဦးလုံးသည် ကျုံးချင်၏ လက်အောက်ငယ်သားများ ဖြစ်ကြသော်လည်း....
ဤစာခြောက်ရုပ်ကို သာမန်အသိအမြင်ဖြင့် တိုင်းတာ၍မရနိုင်ပေ။ သူ၏တံစဉ်ဖြင့် ခုတ်မည်ဟု ပြောဆိုချိန်၌ အမှန်တကယ်ကို ခုတ်ပေလိမ့်မည်။ မခုတ်ပိုင်းမီ သူသည် တစ်ဖက်လူအား စကားတစ်ခွန်းမျှပင် ပြောမည်မဟုတ်ဘဲ အလွန်အမင်း အေးစက်သော နှလုံးသားကို အမှန်တကယ် ပိုင်ဆိုင်ထားသူ ဖြစ်ပေ၏။
ယခုအချိန်တွင် စာခြောက်ရုပ်သည် သိုလှောင်အိတ်များကို နာရီဝက်ခန့် မွှေနှောက်ရှာဖွေပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် ရွှေဒင်္ဂါးပြားများအနက်မှ တစ်ပြားကို ညင်သာစွာ ပွတ်သပ်လိုက်၏။ သူ၏ အကြည့်များသည် ချစ်သူ၏မျက်နှာကို ပွတ်သပ်နေသည့်အလား အလွန်ညင်သာနေသည်။
ထိုမြင်ကွင်းကို ကြက်ပေါက်စတစ် မြင်လိုက်ချိန်၌ သူ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။
'ဒီတော့ ဒီကောင်က ရွှေဒင်္ဂါးပြားတွေကို ကြိုက်တာကိုး...'
စာခြောက်ရုပ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန် ဤအခွင့်အရေးကို သူ အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်မည်ဟု ခံစားလိုက်ရသည်။ အတွေးတစ်ချက်ဖြင့် သူသည် သိုလှောင်အိတ်များစွာကို သူ၏ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းချိတ်ဆွဲလိုက်၏။ ထို့နောက် သူက အောက်ကျို့ခံသောအမူအယာဖြင့် ရှေ့သို့အပြေးသွားလိုက်သည်။
"လူကြီးမင်း... ခင်ဗျားက ဒီလိုအရာမျိုးကို ကြိုက်တာကိုး...ခင်ဗျားလို ဘိုးဘေးတစ်ယောက်က ဒီလိုအလုပ်မျိုးကို ကိုယ်တိုင်လုပ်ရတာ အရမ်းကို ဒုက္ခများလွန်းပါတယ်...ကျွန်တော်တို့က ခင်ဗျားအတွက် စုဆောင်းပေးရမလား..."