နေရာမှာပင် ညီအစ်ကိုများ ဖြစ်လာခြင်း
Vol. 26 Ch. 256
သို့သော် ဤမြင်ကွင်းက ဓားတစ်သောင်းဂိုဏ်းမှ လူများကို ဆွံ့အသွားစေခဲ့သည်။
သူတို့၏မျက်လုံးထဲတွင် ကြက်ပေါက်စတစ်သည် ငြင်းပယ်၍မရနိုင်အောင် စွမ်းအားကြီးမားလှ၏။ သူတို့ဂိုဏ်း၏ဘိုးဘေးသည် မည်မျှထိ စွမ်းအားကြီးမားသနည်း။ ထိုသို့ဆိုသည့်တိုင် သူသည် ကြက်ပေါက်စတစ်၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများကြောင့် သူ၏စွမ်းအားသည် အနည်းဆုံးအနေဖြင့် ယန်သုံးပါးနယ်ပယ် မြင့်မားသောအဆင့်၌ ရှိနေပေမည်။
သို့သော် ထိုကဲ့သို့ တည်ရှိမှုမျိုးက စာခြောက်ရုပ်တစ်ရုပ်အား အမှန်တကယ်ကို မြှောက်ပင့်ဖားယားနေသည်။ ဤသည်မှာ သူတို့၏ရှေ့ရှိ စာခြောက်ရုပ်က ကြက်ထက်ပင် ပို၍စွမ်းအားကြီးမားသည်ဟု ဆိုလိုခြင်း မဟုတ်လော။
သူတိူ့ စိတ်ရှုပ်ထွေးနေစဥ်မှာပင်....
ဤလောကကြီးတွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သူတို့ အလွန်အမင်း သိချင်နေကြ၏။ ပထမဆုံး ကြက် ဘဲ ဝက်နှင့်နွားတစ်စုက သူတို့ကို ရိုက်နှက်ခဲ့ခြင်းမှာ အလွန်ဆိုးရွားနေပြီ ဖြစ်သော်လည်း ယခုအချိန်၌ ထူးဆန်းသော စာခြောက်ရုပ်တစ်ရုပ် ထပ်မံ၍ ထွက်ပေါ်လာသည်။ အရေးကြီးသောအပိုင်းမှာ တစ်ခုထက်တစ်ခု ပို၍ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းနေခြင်းပင်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သူတို့၏လောကအမြင်အပေါ် အမှန်တကယ် စိန်ခေါ်လိုက်သည်ဟုသာ ဆိုနိုင်ပေ၏။
လူများအားလုံး၏ စိတ်ရှုပ်ထွေးနေသော သို့မဟုတ် အံ့အားသင့်နေသော အကြည့်များအောက်တွင်....
ကြက်ပေါက်စတစ်သည် စာခြောက်ရုပ်အတွက် ရွှေဒင်္ဂါးပြားများ ရှာဖွေပေးရန် တခြားနတ်ဆိုးစစ်သူကြီး ဆယ့်တစ်ဦးကို ခေါ်ဆောင်ထားပြီး ဖြစ်သည်။
"အစ်ကိုကြီး... ဆိုရိုးစကားရှိတယ်လေ 'ရန်ဖြစ်ဖူးမှ ပိုခင်ကြတယ်' တဲ့...အရင်က ကျွန်တော်တို့က အသိဉာဏ်ကင်းမဲ့ပြီး အစ်ကိုကြီးကို စော်ကားခဲ့မိတယ်...အခုတော့ အစ်ကိုကြီးရဲ့ ညီငယ်တွေက အစ်ကိုကြီးကို တောင်းပန်ပါတယ်...အစ်ကိုကြီးက ကျွန်တော်တို့အပေါ် အငြိုးမထားဘူးလို့ မျှော်လင့်ပါတယ်..."
နတ်ဆိုးစစ်သူကြီးတစ်စုကို ဦးဆောင်လာသော ကြက်ပေါက်စတစ်သည် ရွှေဒင်္ဂါးပြားအမြောက်အများကို ကိုင်ဆောင်ပြီး စာခြောက်ရုပ်ထံသို့ ချဉ်းကပ်လာကာ ရို့ကျိုးစွာပြုံးပြရင်း သူ၏ တောင်းပန်စကားများကို ပြောဆိုလိုက်၏။
သူ၏ရှေ့တွင် ရွှေဒင်္ဂါးပြားများ အပုံလိုက်ရှိနေသည်ကို မြင်တွေ့ချိန်၌ စာခြောက်ရုပ်၏ မျက်လုံးများ တောက်ပသွားသည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းကာ ရွှေဒင်္ဂါးပြားများကို တိုက်ရိုက်လက်ခံလိုက်သည်။ တစ်ချိန်တည်းမှာပင် စာခြောက်ရုပ်သည် ကြက်ပေါက်စတစ်၏ခေါင်းကို ပုတ်လိုက်ပြီး သူ၏လုပ်ရပ်များအပေါ် အလွန်စိတ်ကျေနပ်ပုံရပေ၏။
ထိုအရာကိုမြင်တွေ့ချိန်၌ ကြက်ပေါက်စတစ်၏ မျက်နှာအမူအယာ ပြောင်းလဲသွားခဲ့သည်။ သူသည် တစ်စုံတစ်ရာကို ဖမ်းဆုပ်မိသွားသည့်အလားပင်။
မြှောက်ပင့်ဖားယားမှုမျိုးစုံသည် ကုန်ကျစရိတ် မရှိသည့်အလား ကြက်ပေါက်စတစ်၏ပါးစပ်မှ စတင်ထွက်ပေါ်လာတော့သည်။ သူသည် ကျောက်စိမ်းသစ်ပင်ကဲ့သို့ ချောမောကြောင်း ပြိုင်ဘက်ကင်းသော ခွန်အားရှိကြောင်းနှင့် သက်ရှိအားလုံးက လေးစားကြကြောင်း သူ့ကို ချီးကျူးလိုက်၏။ ကြက်ပေါက်စတစ်သည် စာခြောက်ရုပ်၏ မညီညာသောကောက်ရိုးများကိုပင် အလွန်ချဲ့ကားသော နည်းလမ်းဖြင့် မြှောက်ပင့်ချီးကျူးနိုင်ခဲ့သည်။
ထိုစကားလုံးများသည် အလွန်ချိုမြိန်လွန်းလှသဖြင့် လူများအားလုံးကို ကြက်သီးထသွားစေခဲ့သည်။
ယခုအချိန်တွင် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များသည် သူတို့ကိုယ်သူတို့နှင့် ဤသတ္တဝါများကြားရှိ ကွာဟချက်ကို ရှင်းလင်းစွာ နားလည်သွားကြ၏။ ဤကွာဟချက်သည် စွမ်းအားအရာတွင် မိုးနှင့်မြေတမျှ ကွာခြားနေရုံသာမဟုတ်ဘဲ သူတို့၏အရှက်မဲ့မှုကိုပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။
အနည်းဆုံးတော့ သူတို့သည် စာခြောက်ရုပ်နှင့် ကျောက်စိမ်းသစ်ပင်ကဲ့သို့ ချောမောခြင်းအကြား မည်သည့်ဆက်စပ်မှုကိုမျှ မမြင်တွေ့နိုင်ကြချေ။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဤကဲ့သို့ သတ္တဝါများကို ရှုံးနိမ့်ခဲ့ခြင်းမှာ မတရားမှုမဟုတ်ဟု သူတို့ ခံစားလိုက်ရသည်။
ကြက်ပေါက်စတစ်၏ ပန်းများကဲ့သို့ လှပပြီး သွက်လက်သော စကားလုံးများကို ရင်ဆိုင်ရချိန်တွင် စာခြောက်ရုပ်သည် ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်သော်လည်း သူ၏အဆက်မပြတ် လင်းလက်နေသော မျက်လုံးများအရ ထိုကိစ္စကို သဘောကျနေပုံရကြောင်း မြင်တွေ့နိုင်သည်။
ကြက်ပေါက်စတစ်သည် အလွန်ဝမ်းသာသွားပေ၏။
ဤအစ်ကိုကြီး၏ စိတ်နေသဘောထားနှင့် နှစ်သက်မှုများကို သူ ဆုပ်ကိုင်ထားနိုင်ပြီဟု ခံစားလိုက်ရသည်။ မကြာမီမှာပင် သူ၏လေသံ ပြောင်းလဲသွားခဲ့သည်။
"အစ်ကိုကြီး... ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကလည်း ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တွေပါပဲ... ဒီဘဝမှာ ကျွန်တော်တို့ရဲ့သခင်ကလွဲရင် ကျွန်တော်တို့က ဘယ်သူ့ကိုမှ အညံ့မခံခဲ့ဖူးဘူး..."
"ဒါပေမဲ့ အစ်ကိုကြီးအတွက်တော့ ကျွန်တော်တို့က တကယ်ကို လေးစားမိတယ်..."
"ကျွန်တော်တို့အားလုံးက သခင်တစ်ယောက်တည်းကို အလုပ်အကျွေးပြုနေကြတာဆိုတော့ ကျွန်တော့်မှာ ရဲတင်းတဲ့ အကြံပြုချက်တစ်ခု ရှိတယ်..."
အချိန်တခဏကြာမျှ ရပ်နားပြီးနောက် သူ၏ ကြက်မျက်လုံးများ ကလယ်ကလယ်ဖြစ်သွားကာ ပြောဆိုလိုက်၏။
"တကယ်လို့ အစ်ကိုကြီးသာ စိတ်မဆိုးဘူးဆိုရင် ကျွန်တော်တို့ သွေးသောက်ညီအစ်ကိုတွေ လုပ်ကြမယ်လေ....ဘယ်လိုသဘောရလဲ..."
"ကျွန်တော်တို့ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးက အစ်ကိုကြီးကို ကျွန်တော်တို့ရဲ့အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်..."
"တစ်ကြိမ် အစ်ကိုကြီးဖြစ်ရင် အမြဲတမ်း အစ်ကိုကြီးပါပဲ..."
"အစ်ကိုကြီးကသာ မိန်းမလှလေးတွေကို ကြိုက်တယ်ဆိုရင် အစ်ကိုကြီးကို အလုပ်အကျွေးပြုဖို့ မိန်းမချောလေးတစ်ထောင် ဒါမှမဟုတ် ရှစ်ရာလောက်ကို ကျွန်တော်တို့ သေချာပေါက် ရှာပေးပါ့မယ်..."
"အစ်ကိုကြီးကသာ ရွှေဒင်္ဂါးပြားတွေကို ကြိုက်တယ်ဆိုရင် နောင်အနာဂတ်မှာ ကျွန်တော်တို့က အစ်ကိုကြီးအတွက် ရွှေဒင်္ဂါးပြားတွေ ပိုပြီးစုဆောင်းပေးပါ့မယ်..."
ကြက်ပေါက်စတစ်၏ သွေးသောက်ညီအစ်ကိုများ ဖြစ်လာရန် အကြံပြုချက်ကို ကြားပြီးနောက် စာခြောက်ရုပ်၏မျက်တွင်းဟောက်ပက်တွင် တွေးတောမှုများဖြင့် တောက်ပနေသည်။ စာခြောက်ရုပ်သည် သူတို့က သူ့အတွက် ရွှေဒင်္ဂါးပြားများ စုဆောင်းပေးမည်ဟု ကြားပြီးနောက် တောင့်တောင့်တင်းတင်းဖြင့် ခေါင်းညိတ်လိုက်၏။
ထိုအရာကိုမြင်တွေ့ချိန်၌ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး အလွန်အမင်း ဝမ်းသာသွားကြသည်။ ယခင်က စာခြောက်ရုပ်သည် သူတို့ကို သတ်လုနီးပါး ဖြစ်ခဲ့သော်လည်း သူတို့သည် မည်သည့် အငြိုးအတေးကိုမျှ မထားရှိခဲ့ကြချေ။
နတ်ဆိုးမျိုးနွယ်များအကြားတွင် စွမ်းအားကြီးသူကို အမြဲတစေ လေးစားလေ့ရှိပေ၏။ စာခြောက်ရုပ်သည် သူတို့ထက် ပို၍စွမ်းအားကြီးမားသည်။ အကယ်၍ သူတို့၏ပဋိပက္ခတွင် သူက သူတို့ကို သတ်ဖြတ်ခဲ့မည်ဆိုပါက ဤသည်မှာ သူတို့၏စွမ်းရည် နိမ့်ကျနေခြင်းကြောင့်ဟုသာ ဆိုလိုပေလိမ့်မည်။ ယခုအချိန်၌ ဤကဲ့သို့ တည်ရှိမှုမျိုးနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခြင်းအတွက် သူတို့ အလွန် ပျော်ရွှင်နေကြ၏။
ကြက်ပေါက်စတစ်က အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူ၏ကြက်တောင်ပံကို ခတ်လိုက်သည်။
"မင်းတို့ကောင်တွေ... ငါတို့က စာခြောက်ရုပ် အစ်ကိုကြီးနဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာတော့မယ်ဆိုတာ မင်းတို့ မမြင်ဘူးလား..."
"မင်းတို့က ဘာလို့ အမွှေးတိုင်အိုးနဲ့ ကြက်သွေးကို အမြန်မပြင်ဆင်ကြသေးတာလဲ..."
"ငါတို့ကို သွေးသစ္စာဆိုခွင့် ပေးစမ်းပါ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များအားလုံး စကားမပြောနိုင် ဖြစ်သွားကြသည်။
ဂိုဏ်းချုပ်ပိုင်ဝူရှား၏မျက်လုံးများ တောက်ပသွားပြီး သူက ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"ကြက်သခင်ကြီး... တကယ်ပဲ ကြက်သွေးကို သုံးမှာလား..."
ကြက်ပေါက်စတစ်သည် ယခုအချိန်တွင် သူ ကြက်ပုံစံဖြင့် ရှိနေကြောင်းကို ရုတ်တရက် သတိရသွားပေ၏။ သူ၏ မျက်လုံးများတွင် အဆင်မပြေမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ထားလိုက်ပါတော့... ငါတို့ ညီအစ်ကိုတွေ သစ္စာဆိုတဲ့အချိန်မှာ ရိုးသားမှုက အရေးကြီးဆုံးပဲ...လောကီ စည်းမျဉ်းစည်းကမ်းတွေနဲ့ အလုပ်မရှုပ်တာကောင်းတယ်"
"အစ်ကိုကြီး... ကျွန်တော်တို့ တိုက်ရိုက်ပဲ သွေးသောက်ညီအစ်ကိုတွေ လုပ်ကြရအောင်..."
စာခြောက်ရုပ်၏သဘောတူညီချက်ကို ရရှိပြီးနောက် ထူးဆန်းသောပုံစံရှိသည့် သတ္တဝါ ဆယ့်သုံးကောင်သည် တန်းစီလိုက်ကြ၏။
"အထက်ကောင်းကင်နဲ့ အောက်မြေပြင်ကို သက်သေတည်ပြီးတော့..."
"ကျွန်တော့်ရဲ့ အစ်ကိုကြီး စာခြောက်ရုပ်နဲ့ ကျွန်တော် ကြက်ပေါက်စတစ်..."
"ကျွန်တော် ကြက်ပေါက်စနှစ်..."
...
"ကျွန်တော် ဘဲခုနစ်..."
...
"ဒီနေ့ ကျွန်တော်တို့က မျိုးရိုးမတူတဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာပါပြီ..."
"ဒီနေ့ကစပြီး ကျွန်တော်တို့ ကံကောင်းခြင်းတွေကို မျှဝေခံစားပြီး အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြမယ်..."
"ကျွန်တော်တို့က နှစ် လ ရက် အတူတူမွေးဖွားလာဖို့ မတောင်းဆိုပါဘူး... ဒါပေမဲ့ ဂုဏ်သတင်းအသစ်တွေကို ဖန်တီးပြီး ထာဝရအသက်ကို အတူတကွ မျှဝေခံစားဖို့ပဲ ဆန္ဒရှိပါတယ်..."
ထူးဆန်းပြီး သမားရိုးကျမဟုတ်သော သစ္စာဆိုပွဲ အခမ်းအနားအပြီးတွင်....
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး စာခြောက်ရုပ်ကိုကြည့်ကာ အော်ဟစ်လိုက်ကြသည်။
"ညီငယ်တွေက အစ်ကိုကြီးကို အရိုအသေပြုပါတယ်..."
သစ္စာဆိုခြင်း လုပ်ငန်းစဉ် တစ်ခုလုံးတွင် စာခြောက်ရုပ်သည် မလှုပ်မယှက် မတ်တတ်ရပ်နေခဲ့သော်လည်း ဤအချိန်တွင် သူ၏ တောင့်တင်းနေသော လက်ကို ဆန့်တန်းကာ ကြက်ပေါက်စတစ်၏ခေါင်းကို ထပ်မံ၍ ပုတ်လိုက်၏။
ဤခေါင်းပုတ်မှုလေးက ကြက်ပေါက်စတစ်ကို ကြက်သွေးများ ထိုးသွင်းခံလိုက်ရသည့်အလား စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
"လာကြစမ်း... ငါတို့ကို ထိုင်ခုံတွေ ယူလာပေးစမ်း..."
ကြက်ပေါက်စတစ်သည် ဓားတစ်သောင်းဂိုဏ်းဝင်များကို သူ၏ကြက်ခြေထောက်များဖြင့် ညွှန်ပြကာ ခိုင်းစေလိုက်၏။ သူတို့သည် "ညီအစ်ကို အစည်းအဝေး" ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုကာ ထိုင်ခုံဆယ့်သုံးလုံး ယူဆောင်လာရန် အမိန့်ပေးလိုက်သည်။
ထိုင်ခုံဆယ့်သုံးလုံးကို တစ်တန်းတည်း စီထားလိုက်သည်။
"အစ်ကိုကြီး... အရင်ထိုင်ပါ..."
စာခြောက်ရုပ် တုံ့ပြန်အဖြေမပေးမီ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးက သူ့ကို မတင်ပြီး ခုံပေါ်သို့ တင်ပေးလိုက်ကြ၏။ ထို့နောက် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် စိတ်အားထက်သန်စွာဖြင့် နေရာယူလိုက်ကြသည်။
သို့သော် ကြက်များ ဘဲများ နွားများနှင့် ဝက်များသည် ထိုင်ခုံများပေါ်တွင် မည်သို့ ထိုင်နိုင်မည်နည်း။ ကြက်ပေါက်စတစ်၏ခန္ဓာကိုယ်မှာ အလွန်သေးငယ်လွန်းလှသဖြင့် ထိုင်ခုံမှာ သူ့အတွက် ကုတင်တစ်လုံးနှင့် တူညီနေသည်။
သူသည် ခုံအစွန်းတွင် ထိုင်နေပြီး သူ၏ သေးငယ်သော ကြက်ခြေထောက်နှစ်ဖက်ကို တွဲလောင်းချထားသည်။ သူ့ကိုကြည့်ရသည်မှာ မောက်မာထောင်လွှားနေပုံရသော်လည်း အနည်းငယ် ရယ်ရွှင်ဖွယ်ကောင်းအောင် ကိုးရိုးကားရာဖြစ်နေသည်။ အစက်အပြောက်ပါသော ဝက်သုံးကောင်နှင့် နွားနှစ်ကောင်သည် သူတို့၏ ကြီးမားသော အရွယ်အစားကြောင့် သူတို့၏ခန္ဓာကိုယ် အနောက်ပိုင်းမှ တစ်စိတ်တစ်ပိုင်းသည် ခုံရှည်ပေါ်မှ တွဲလောင်းကျနေပေ၏။
ဤသည်က လူအများကို ရယ်ချင်စိတ်ပေါက်စေသော်လည်း မည်သူကမျှ မရယ်ဝံ့ကြချေ။
သူ၏ညီငယ်များ နေရာယူပြီးသည်ကို မြင်သောအခါ ကြက်ပေါက်စတစ်၏အကြည့်က ဝေ့ဝိုက်သွားပြီး စာခြောက်ရုပ်က ထိုင်ခုံပေါ်တွင် မတ်မတ်ရပ်နေဆဲဖြစ်သည်ကို မြင်တွေ့ချိန်၌ သူ ချက်ချင်းခုန်ဆင်းသွားခဲ့သည်။
"အစ်ကိုကြီး... အစ်ကိုကြီးက မတ်တတ်ရပ်နေရင် ညီငယ်တွေက ထိုင်ရဲမှာ မဟုတ်ဘူး..."
ထိုစကားကိုပြောဆိုရင်း သူကိုယ်တိုင် စာခြောက်ရုပ်ကို ထိုင်ခုံပေါ်တွင် နေရာချပေးလိုက်သည်။ သူသည် စာခြောက်ရုပ်၏ ခြေတစ်ဖက်ကို တခြားတစ်ဖက်အပေါ် တင်ပေးလိုက်ကာ အလွန်အမင်း ပုံစံကျသော ခြေချိတ်ထိုင်သည့် ကိုယ်နေဟန်ထားကို ဖန်တီးပေးလိုက်၏။
ထို့နောက် သူသည် စာခြောက်ရုပ်၏ လက်များကို ထိုင်ခုံလက်ရမ်းတွက်ရစ်ပတ်စေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နောက်သို့ မှီထားစေသည်။ စာခြောက်ရုပ်၏ ကိုယ်နေဟန်ထားကို အလွန်မောက်မာနေပုံ ပေါ်လွင်စေပြီးမှသာ သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကြီး... ဒီကိုယ်နေဟန်ထားက အစ်ကိုကြီးရဲ့ အမူအယာနဲ့ တကယ့်ကို လိုက်ဖက်တာပဲ..."
ထိုစကားကို ပြောဆိုပြီးနောက် ကြက်ပေါက်စတစ်သည် သူ၏ထိုင်ခုံသို့ ပြန်သွားပြီး ခြေချိတ်ထိုင်လိုက်၏။ သူသည် ကြက်ခြေထောက်တစ်ဖက်ကို ဆန့်တန်းကာ စည်းမျဉ်းများကို စတင်၍ ထောက်ပြပြီး ဓားတစ်သောင်းဂိုဏ်းမှ တပည့်များကို ပြောဆိုလိုက်၏။
"မင်းတို့အားလုံး သေချာနားထောင်ကြစမ်း...ဒီနေ့ကစပြီးတော့ ငါက မင်းတို့ရဲ့ ကြက်သခင်ကြီးပဲ...ငါ့ရဲ့ဘေးမှာ ငါ့ရဲ့အစ်ကိုကြီးနဲ့ ညီငယ်လေးတွေ ရှိတယ်..."
"သူတို့အားလုံးက မင်းတို့ရဲ့ သခင်တွေပဲ..."
"ငါတို့ရဲ့ အနောက်မှာလည်း သခင်တစ်ယောက် ရှိသေးတယ်... ဒီနေ့ကစပြီး မင်းတို့က ငါတို့ရဲ့စကားကို နားထောင်ရမယ်... ပြီးတော့ ငါတို့ သခင်ရဲ့စကားကို ပိုပြီးနားထောင်ရမယ်..."
"တစ်ယောက်ယောက်ကများ မနာခံဘဲနေရဲရင် ငါတို့က သူ့ရဲ့ခြေထောက်တွေကို ရိုက်ချိုးပြီး အသေသတ်မယ်...သူ့ရဲ့ အရိုးပြာတွေကို ဖြန့်ကြဲပစ်မယ်..."
"ငါ ပြောတာကို မင်းတို့ နားလည်လား..."
သူ စကားပြောဆိုနေစဉ်တွင် သူ၏စူးရှသော ကြက်မျက်လုံးများဖြင့် လက်ရှိနေရာတွင်ရှိသော လူများအားလုံးကို အကဲခတ်နေသည်။ သူ၏အကြည့်မှ ဖိအားအောက်တွင် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များသည် စိတ်ရှုပ်ထွေးသော အမူအယာများဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
အိမ်မွေးတိရစ္ဆာန်တစ်စုအား အညံ့ခံရသည့် ခံစားချက်မှာ စိတ်ကျေနပ်ဖွယ်မရှိသော်လည်း အေးစက်စွာ တောက်ပနေသော ကြက်ခြေထောက်များက သူတို့ကို လိုက်နာရန် အတင်းအကျပ် ခိုင်းစေနေသည်။
"ကျွန်တော်တို့ နားလည်ပါတယ်..."
"အရမ်းကောင်းတယ်..."
ကြက်ပေါက်စတစ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"အခု ငါတို့ ညီအစ်ကိုဆယ့်သုံးယောက်က ကိစ္စတွေကို ဆွေးနွေးနေတယ်... စားစရာ သောက်စရာ တစ်ခုခုကို မြန်မြန်ယူလာခဲ့ကြစမ်း... မင်းတို့က အသိဉာဏ်ကင်းမဲ့တဲ့ ကောင်တွေပဲ... မင်းတို့က တသက်လုံး သတ္တိကြောင်တဲ့ကောင်တွေ ဖြစ်နေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."
ကြက်ပေါက်စတစ်၏ဆဲဆိုမှုများကြားတွင် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များသည် ဒေါသထွက်နေကြသော်လည်း စကားမပြောရဲကြချေ။ သူတို့သည် သတ္တိကြောင်သူများ ဖြစ်နေခဲ့သလော။ အတိတ်တွင် သူတို့ကို မည်သူကများ လေးစားမှု ရိုသေမှုများဖြင့် မဆက်ဆံဘဲ နေဝံ့ခဲ့သနည်း။ သူတို့ အပြင်ထွက်ချိန်၌ သူတို့၏ နှာခေါင်းများဖြင့် မိုးကောင်းကင်သို့ ထိလုမတက်ပင် ခေါင်းမော့ရင်ကော့ထားလေ့ရှိကြ၏။
သို့သော် ယခုအချိန်၌မူ...
ကြက်ပေါက်စတစ်၏စွမ်းအားသည် သူတို့ထက် ပို၍မြင့်မားနေသည် မဟုတ်လော။ ထို့ကြောင့် သူပြောသမျှ အရာအားလုံး အမှန်ဖြစ်သွားလေပြီ။
ဤသို့တွေးတောရင်း တချို့လူများက ထွက်ခွာသွားရန်အတွက် ဝန်လေးစွာဖြင့် ဟန်ပြင်လိုက်ကြ၏။