ပြဿနာကို လွှဲချခြင်း
Vol. 26 Ch. 257
အချိန်သည် ရက်ကန်းစင်မှ လွန်းပျံကဲ့သို့ ကုန်လွန်သွားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့လေပြီ။
ဤသုံးရက်တာကာလအတွင်း နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် ဓားတစ်သောင်းဂိုဏ်း၏နယ်မြေထဲတွင် အလွန်တရာ သက်သောင့်သက်သာ ရှိနေခဲ့ပြီး အိမ်ပြန်ရမည်ကိုပင် မေ့လျော့နေကြသည်။
နေ့စဉ်ရက်ဆက် ဓားတစ်သောင်းဂိုဏ်းသားများက သူတို့အား အလုပ်အကျွေးပြုနေကြ၏။ သူတို့သည် ဝိုင်အရက်များ သောက်ရင်း စကားစမြည် ပြောဆိုနေကြကာ တစ်ခါတစ်ရံတွင် ဖျော်ဖြေရေးများကိုလည်း ခံစားရင်း အလွန်အမင်း ဇိမ်ကျသောဘဝကို ဖြတ်သန်းနေကြသည်။ မည်မျှထိ သက်သောင့်သက်သာ ရှိလှသနည်းဆိုလျှင် သူတို့ ထွက်ပင်မသွားချင်ကြတော့ချေ။
လူတို့၏ ဝမ်းနည်းခြင်းနှင့်ဝမ်းသာခြင်းတို့သည် တူညီလေ့မရှိဟု ဆိုကြသည်။ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး သက်သောင့်သက်သာ ရှိနေချိန်တွင် ဓားတစ်သောင်းဂိုဏ်းမှ လူများကမူ အလွန်အမင်း ဒုက္ခရောက်နေကြသည်။
အိုး နတ်ဘုရာများ...
သူတို့၏ဓားတစ်သောင်းဂိုဏ်းသည် မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုတစ်ခုပင်။ သို့သော် အဆင့်မြင့်အကြီးအကဲတစ်စုသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးအား အစားအသောက် ကျွေးမွေးရန် တာဝန်ပေးအပ်ခြင်း ခံထားရလေ၏။ ထိုအကြီးအကဲများက သူတို့၏နေ့စဉ်ဘဝနှင့် အစားအသောက်များကို ဂရုစိုက်ပေးနေရသည်။ သူတို့သည် တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီလုံး အသင့်ရှိနေပေးရလေ၏။ သူတို့က ဤနတ်ဆိုးမြို့တော်သို့ ရတနာရှာဖွေရန် လာခဲ့ကြခြင်းပင်။ သို့သော် ယခုချိန်၌ သူတို့သည် ဘာဖြစ်သွားကြပြီနည်း။ သူတို့သည် ကလေးထိန်းများနီးပါး ဖြစ်နေကြလေပြီ။
ဤမျှသာဆိုလျှင် သူတို့အတွက် အဆင်ပြေပေ၏။ အဓိကပြဿနာမှာ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် အရက်မူးလာပါက အကျင့်စရိုက် မကောင်းတော့ချေ။ သူတို့ အရက်မူးသွားသည်နှင့် လွယ်လင့်တကူ ရူးသွပ်စွာ ပြုမူတတ်ကြသည်။ တစ်ကြိမ်တွင် ကြက်ပေါက်စတစ်သည် အရက်မူးသွားပြီး ဓားတစ်သောင်းဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများကို သူ၏ရှေ့တွင် ဖျော်ဖြေမှုတစ်ခုလုပ်ပြရန် အတင်းအကြပ် တောင်းဆိုခဲ့သည်။
ဓားတစ်သောင်းဂိုဏ်းမှ တပည့်များသည် သူတို့ မလုပ်နိုင်ဟု တွေးတောမိကြ၏။ တစ်ဖက်လူက သူတို့အားလုံးကို ကျွမ်းဘားကစားပြရန် အကြံပြုလာခဲ့သည်။
အိုး ဘုရားရေ... သူတို့ ဘာလုပ်နိုင်မည်နည်း...
သူတို့သည် မျက်ရည်များဝဲနေရင်း ဖျော်ဖြေပေးခဲ့ရပေသည်။
ဤကဲ့သို့ အဖြစ်အပျက်များသည် ရေတွက်၍ပင် မရနိုင်တော့ချေ။ တစ်ဂိုဏ်းလုံးသည်လည်း နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကြောင့် ကမောက်ကမ ဖြစ်နေရသည်။ ဓားတစ်သောင်းဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများအားလုံး စိုးရိမ်ပူပန်နေကြ၏။ အကယ်၍ သူတို့သာ ဤကဲ့သို့ ဆက်လက်၍ ဒုက္ခပေးခြင်းခံနေရမည်ဆိုလျှင် ဓားတစ်သောင်းဂိုဏ်းသည် မကြာမီ ပျက်စီးသွားနိုင်သည်။
မကြာသေးမီကပင် တပည့်တချို့သည် ဂိုဏ်းမှ ထွက်ခွာသွားချင်ကြောင်း သွယ်ဝိုက်၍ အရိပ်အမြွက် ပြလာခဲ့ကြသည်။ အဆင့်မြင့်အကြီးအကဲတစ်စုသည် အမှန်တကယ်ကို ချောင်ပိတ်မိနေကြလေပြီ။ သူတို့သည် လျှို့ဝှက်အခန်းငယ်လေးတစ်ခန်းထဲတွင် ပုန်းအောင်းကာ ထိုကိစ္စကို တန်ပြန်ဖြေရှင်းမည့် နည်းလမ်းများအား လျှို့ဝှက်စွာ ဆွေးနွေးနိုင်ရုံသာ ရှိတော့ပေ၏။
"ဂိုဏ်းချုပ်... ကျေးဇူးပြုပြီးတော့ ဒီကိစ္စကိုဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုကို စဉ်းစားပေးပါအုံး..."
"ဓားတစ်သောင်းဂိုဏ်းက ငါတို့ရဲ့အိမ်ပါ... ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ငါတို့ရဲ့အိမ် ပျက်စီးသွားလိမ့်မယ်..."
အကြီးအကဲတစ်ဦးက နှလုံးကွဲကြေမတတ် ဆို့နင့်သောလေသံဖြင့် ပြောဆိုလိုက်၏။
ဂိုဏ်းချုပ်ပိုင်ဝူရှားက ပြောဆိုသည်။
"ငါက ဘာလုပ်နိုင်မှာလဲ..ငါတို့က အဲ့ဒီဆယ့်နှစ်ယောက်ထဲက တစ်ယောက်နဲ့တောင် ယှဉ်နိုင်တာမဟုတ်ဘူး... အခုဆိုရင် သူတို့တောင် မျက်နှာချိုသွေးနေရတဲ့ စာခြောက်ရုပ်ကပါ ဒီနေရာမှာ ရောက်နေသေးတယ်...ငါတို့ရဲ့ ဘိုးဘေးကလည်း သတိလစ်နေတုန်းပဲ... အခုထိ နိုးမလာသေးဘူး..."
ဂိုဏ်းချုပ်သည်လည်း စိုးရိမ်ပူပန်နေကာ သူ အလွန်အမင်း မွန်းကြပ်နေသကဲ့သို့ ခံစားနေရသည်။ သူတို့၏ ဓားတစ်သောင်းဂိုဏ်းသည် မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုတစ်စုပင်။
ပုံမှန်အားဖြင့် သူတို့သာလျှင် အာဏာပြလေ့ရှိသူများ ဖြစ်ကြပြီး ဤကဲ့သို့ အနိုင်ကျင့်ခံရဖူးသည်မှာ မည်သည့်အချိန်က ရှိခဲ့ဖူးသနည်း။
သို့သော် ကံမကောင်းစွာဖြင့် သူတို့ထံတွင် ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းမရှိသေးချေ။ အခြေခံအကြောင်းအရင်းမှာ သူတို့ အနိုင်မယူနိုင်သောကြောင့်ပင်။ သူတို့သည် တစ်ဖက်လူများကို မည်သို့မျှ အနိုင်မယူနိုင်ကြချေ။ နှစ်ဖက်အကြား၌ တူညီသောအဆင့်အတန်း လုံးဝရှိမနေပေ။
"ငါတို့ ထွက်ပြေးကြရင်ရော....ဘယ်လိုသဘော ရလဲ..."
ထိုအချိန်မှာပင် အကြီးအကဲတစ်ဦးက အကြံပြုလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ်... ဒီနေရာက ငါတို့ ဓားတစ်သောင်းဂိုဏ်းရဲ့ ယာယီစခန်းတစ်ခုပဲလေ...ဒါကို စွန့်ပစ်လိုက်ရရင်လည်း ကိစ္စမရှိဘူး... အလွန်ဆုံး စခန်းချဖို့ နေရာသစ်တစ်ခုကို ရှာလိုက်ရုံပေါ့..."
"ဒါ့ပြင်... ဒီမြို့ကြီးက အရမ်းကြီးမားပြီးတော့ နတ်ဆိုးချီတွေကလည်း နတ်ဘုရားစိတ်အာရုံနဲ့ ရှာဖွေမှုတွေကို ပိတ်ဆို့ပေးနိုင်တဲ့ လုပ်ဆောင်ချက် ရှိတယ်..."
"ငါ မှန်းဆကြည့်ရသလောက်... ငါတို့ ထွက်ပြေးနေသရွေ့ သူတို့က ငါတို့ကို အချိန်တိုအတွင်းမှာ ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူအများသည် စိတ်လှုပ်ရှားသွားသော အရိပ်အယောင်များကို ပြသလာကြ၏။
သို့သော် ထိုအကြံကို ဂိုဏ်းချုပ် ပိုင်ဝူရှားက လျှင်မြန်စွာ ငြင်းပယ်လိုက်လေသည်။
"ငါတို့ ဓားတစ်သောင်းဂိုဏ်းမှာ ကြီးမားတဲ့ လူအင်အားရှိတယ်....ဒီတစ်ကြိမ် ခေါ်ဆောင်လာတဲ့ လူတွေအားလုံးက ဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေဖြစ်ပြီးတော့ သူတို့ထဲက တစ်ယောက်ကိုမှ ဆုံးရှုံးခံလို့ မဖြစ်ဘူး..."
"တကယ်လို့ ဂိုဏ်းတစ်ဂိုဏ်းလုံးသာ ဆုတ်ခွာသွားမယ်ဆိုရင်... အဲ့ဒါက သူတို့ကို သတိပေးလိုက်သလိုမျိုး သေချာပေါက် ဖြစ်သွားလိမ့်မယ်... ပြီးတော့ ပြောင်းပြန်အကျိုးသက်ရောက်နိုင်တဲ့ အန္တရာယ်လည်း ရှိတယ်..."
လူများအားလုံး တိတ်ဆိတ်သွားကြ၏။ အချိန်တခဏအကြာတွင် တစ်စုံတစ်ယောက်က ထပ်မံ၍ ပြောဆိုသည်။
"ငါ လေ့လာမိသလောက် အဲ့ဒီလူတွေက တော်တော်လေး ဆော့ကစားကြပြီးတော့ အကန့်အသတ်မဲ့တဲ့ စွမ်းအားတွေ ရှိကြတယ်... သူတို့ကို အာရုံလွှဲဖို့ ဂိုဏ်းတစ်ဂိုဏ်းကို ရှာလို့ရကောင်းရနိုင်တယ်..."
"တကယ်လို့ သူတို့သာ အဲ့ဒီဂိုဏ်းကို စိတ်ဝင်စားပြီး အဲ့ဒီမှာ အချိန်အကြာကြီး နေဖြစ်သွားမယ်ဆိုရင်... ငါတို့က ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဆုတ်ခွာဖို့ အခွင့်အရေးရပြီးတော့ သူတို့ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်လိမ့်မယ်..."
ဤအကြံအစည် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူများအားလုံး၏မျက်လုံးများ တောက်ပသသွားကြသည်။ ဘေးအန္တရာယ်ကို လွှဲပြောင်းပေးမည့် ဤအစီအစဉ်သည် အလွန်ကောင်းမွန်ပေ၏။
ယေဘုယျ အကြမ်းဖျင်းအစီအစဥ်ကို သတ်မှတ်ပြီးနောက် နောက်တစ်ဆင့်မှာ တိကျသော အသေးစိတ်အချက်အလက်များကို အကောင်အထည်ဖော်ရန်ပင်။ ပထမအချက်အနေဖြင့် ထိုဂိုဏ်း၏အရွယ်အစားသည် အလွန်သေးငယ်၍ မရပေ။ အကယ်၍ ဂိုဏ်းသည် အလွန်သေးငယ်နေမည်ဆိုလျှင် ထိုအစွမ်းထက်ပုဂ္ဂိုလ်များသည် စိတ်ဝင်စားမည် မဟုတ်ချေ။ အနည်းဆုံးအနေဖြင့် ထိုဂိုဏ်းသည် ဓားတစ်သောင်းဂိုဏ်းနှင့် တူညီသော အဆင့်အတန်းတွင် ရှိရပေမည်။
ဒုတိယအနေဖြင့် ပစ်မှတ်သည် သူတို့နှင့် အလွန်ဝေးလွန်းခြင်း သို့မဟုတ် အလွန်နီးလွန်းခြင်း မရှိရချေ။ အကယ်၍ ထိုဂိုဏ်းသည် အလွန်ဝေးနေမည်ဆိုလျှင် ထိုလူများအပေါ် သူတို့၏ နားလည်ထားမှုအရ သွားရန်ပင် စိတ်ကူးကြမည် မဟုတ်ချေ။ အကယ်၍ ထိုဂိုဏ်းသည် အလွန်နီးကပ်နေမည်ဆိုလျှင် ဓားတစ်သောင်းဂိုဏ်းသည် ပြောင်းရွှေ့ရန် အခက်အခဲ ရှိပေလိမ့်မည်။ ထို့ပြင် ထိုဂိုဏ်းတွင် ဤအစွမ်းထက်ပုဂ္ဂိုလ်များ စိတ်ဝင်စားစေမည့် တစ်စုံတစ်ရာ ရှိနေရပေမည်။
သူတို့အားလုံးသည် ဂိုဏ်းများအနက်မှ စစ်ထုတ်ကာ ရွေးချယ်ခဲ့ကြ၏။ နောက်ဆုံးတွင် ရာသီလေးပါးဂိုဏ်းသည် အသင့်တော်ဆုံး ဖြစ်သည်ဟု သူတို့ ခံစားလိုက်ရသည်။ ရာသီလေးပါးဂိုဏ်းသည်လည်း မြောက်ပိုင်းဒေသရှိ ထိပ်တန်းအင်အားစုတစ်ခုဖြစ်ပြီး ဓားတစ်သောင်းဂိုဏ်းနှင့် ဆက်ဆံရေး ကောင်းမွန်သည်။ နှစ်ဖက်လုံးသည် မကြာခဏဆိုသလို အပြန်အလှန် ဆက်သွယ်မှု ရှိကြပြီး ဂိုဏ်းနှစ်ခုလုံးမှ တာအိုလက်တွဲဖော်များ ဖြစ်လာခဲ့ကြသည့် တပည့်အတော်များများပင် ရှိနေသည်။
ပစ်မှတ်ကို သတ်မှတ်ပြီးနောက် ပိုင်ဝူရှားသည် တွေဝေတုံ့ဆိုင်းသွားပေ၏။
"ဒီရာသီလေးပါးဂိုဏ်းနဲ့ ငါတို့ ဓားတစ်သောင်းဂိုဏ်းက ညီနောင်ဂိုဏ်းတွေလို့ သတ်မှတ်လို့ရတယ်...ဒီလိုမျိုး ညီအစ်ကိုတွေကို ချောက်ချတာက ကျင့်ဝတ်နဲ့ မညီဘူးများ ဖြစ်နေမလား..."
"ဟူး... ဂိုဏ်းချုပ်.... သေသွားတဲ့ တာအိုရောင်းရင်းတစ်ယောက်က ဆင်းရဲသား တာအိုရောင်းရင်းတစ်ယောက်ထက် ပိုကောင်းတယ်လို့ ဆိုရိုးစကား ရှိတယ်လေ...ညီအစ်ကိုတွေဆိုတာက ဘာလုပ်ဖို့လဲ... သူတို့ကို ချောက်ချဖို့ မဟုတ်ဘူးလား..အခုအချိန်မှာ ငါတို့ရဲ့ ဓားတစ်သောင်းဂိုဏ်းကို ထိန်းသိမ်းတာက အကောင်းဆုံး ဗျူဟာပဲ..."
အကြီးအကဲတစ်ဦးက စိုးရိမ်ပူပန်တကြီး ပြောလိုက်သည်။
သုညဒသမသုညသုံးစက္ကန့်မျှ ပြင်းထန်စွာ ရုန်းကန်ပြီးနောက် ပိုင်ဝူရှားသည် နောက်ဆုံးတွင် သဘောတူရန် ရွေးချယ်လိုက်၏။
"အချိန်ဆွဲနေလို့ မရတော့ဘူး...ကျေးဇူးပြုပြီးတော့ ဂိုဏ်းချုပ်က အခုချက်ချင်း ထွက်ခွာပြီး ငါတို့ရဲ့ဓားတစ်သောင်းဂိုဏ်းကို ဒီဒုက္ခပင်လယ်ကြီးထဲကနေ ကယ်တင်ပေးပါ..."
"ကောင်းပြီလေ..."
ဤတစ်ကြိမ်တွင် ပိုင်ဝူရှားသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေတော့ချေ။
…
ဤအချိန်တွင် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် ဝိုင်အရက်သောက်ကာ ပျော်ရွှင်နေကြ၏။ သူတို့၏ရှေ့တွင် ရှားပါးသော စားသောက်ဖွယ်ရာများနှင့် ဟင်းလျာကောင်းများ အလျှံပယ်ရှိနေပြီး အမျိုးမျိုးသော ရှားပါးဆေးဖက်ဝင် အစားအစာများကို စားပွဲပေါ်တွင် ခင်းကျင်းထားသည်။
စားပွဲပေါ်တွင် ရာနှင့်ချီသော ဟင်းလျာများ ရှိနေသည်။ သူတို့အား ကျွေးမွေးဧည့်ခံရန် တာဝန်ယူထားရသော ဓားတစ်သောင်းဂိုဏ်းမှ သီးသန့် အကြီးအကဲများလည်း ရှိနေသည်။ သူတို့သည် အလွန်အမင်း ဇိမ်ကျကျ နေထိုင်နေကြသည်ဟု ဖော်ပြနိုင်ပေ၏။
စာခြောက်ရုပ်ကမူ ခုံတန်းလျားရှည်ပေါ်တွင် တိတ်တဆိတ် ထိုင်နေသည်။ သူသည် သူ၏လက်ထဲရှိ ရွှေဒင်္ဂါးပြားတစ်ပြားကို ကစားနေကာ ညင်သာစွာ မှုတ်လိုက်၏။ "ဒေါင်..."ဟူသည့် ကြည်လင်သော အသံက သူ့ကို ပျော်ရွှင်စွာဖြင့် မျက်တွင်းဟောက်ပက်များကို မှေးစင်းသွားစေသည်။
ထို့နောက် သူက ထိုအရာကို သူ၏ညာဘက်ခါးပေါ်ရှိ သိုလှောင်အိတ်ထဲသို့ ခန့်ညားစွာ ထည့်လိုက်သည်။ မကြာမီ သူသည် သူ၏ဘယ်ဘက် ခါးပေါ်ရှိ သိုလှောင်အိတ်ထဲမှ တခြားရွှေဒင်္ဂါးပြား တစ်ပြားကို ထုတ်ယူလိုက်ပြန်၏။
မှုတ်ခြင်း... နားထောင်ခြင်း... ပြုံးခြင်း... ထို့နောက် ညာဘက် သိုလှောင်အိတ်ထဲသို့ ထည့်ခြင်း...
သူသည် ဤအရာကို အဆုံးမရှိ ထပ်ခါတလဲလဲ ပြုလုပ်နေသော်လည်း မည်သည့်အချိန်မျှ ငြီးငွေ့မသွားချေ။ ဤသည်မှာ သူ၏အကြီးမားဆုံးပျော်ရွှင်မှု ဖြစ်နေသည့်အလားပင်။
ပျော်ရွှင်မှုဆိုသည်မှာ အမှန်အားဖြင့် ရှုထောင့်တစ်မျိုးသာ ဖြစ်ပေ၏။ သူ၏ အဓိကရည်ရွယ်ချက်မှာ သူ၏ပိုင်ဆိုင်မှုများကို စီစစ်ရန်ပင်။
ဤမြင်ကွင်းက ကြက်ပေါက်စတစ်အား အံ့အားသင့်သွားစေပေ၏။ သေးငယ်သော ရွှေဒင်္ဂါးပြားလေးတစ်ပြားတွင် မည်သည့် မှော်စွမ်းရည်မျိုး ရှိနေသည်ကို သူ မသိချေ။ ဤသည်က စာခြောက်ရုပ်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်ကို မည်သည်ကြောင့် ဤမျှထိ စွဲလမ်းသွားစေနိုင်ရသနည်း။
သို့သော် သူ အလျင်အမြန် စိတ်သက်သာရာ ရသွားခဲ့သည်။ လူများအားလုံးတွင် မတူညီသော စိတ်ဝင်စားမှုများနှင့် ဝါသနာများ ရှိကြသည်။ ဤသည်မှာ သူသည် ရင့်ကျက်သော အမျိုးသမီးများကို နှစ်သက်သည်နှင့် တူညီကာ မည်သည့်ဝါသနာတွင်မျှ အမှားအယွင်းမရှိချေ။
"လာကြ... လာကြ... ညီအစ်ကိုတို့... သောက်ကြမယ်..."
သူ၏ ဦးဆောင်မှုအောက်တွင် စားပွဲဝိုင်းရှိ အခြေအနေသည် အလွန်အမင်း သက်ဝင်လှုပ်ရှားနေပေ၏။ ဟင်းလျာများနှင့် ဝိုင်အရက် ငါးခွက်ကို မြည်းစမ်းပြီးနောက် ကြက်ပေါက်စတစ်က မှတ်ချက်ပေးလိုက်သည်။
"ဟင်းလျာတွေက ကောင်းပါတယ်... ဒါပေမဲ့ ဝိုင်အရက်ကတော့... နည်းနည်း စိတ်ပျက်စရာပဲ...ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ဒါက ဂိုဏ်းငယ်လေးတစ်ဂိုဏ်းလေ... ဒါကြောင့် စားစရာနဲ့ သောက်စရာ ရှိတာက လုံလောက်နေပါပြီ... အရမ်းကြီး တောင်းဆိုနေဖို့ မလိုပါဘူး..."
သူ၏ အသံကျရောက်သွားသည်နှင့် တပြိုင်နက် အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပေ၏။
"ကြက်သခင်ကြီး... ဓားတစ်သောင်းဂိုဏ်းရဲ့ ဝိုင်အရက်က တကယ်ကို ပျမ်းမျှအဆင့်လောက်ပဲ ရှိတာပါ... အဲ့ဒါက လူကြီးမင်းတို့ကို စော်ကားမိသလို ဖြစ်သွားမှာပဲ...ဒါပေမဲ့ ဝိုင်အရက်ကောင်းရှိတဲ့ နေရာတစ်ခုကိုတော့ ကျွန်တော် သိထားတယ်..."
လူက မရောက်လာသေးသော်လည်း သူ၏အသံက ရောက်လာခဲ့လေပြီ။ ဤသည်မှာ အခြားလူမဟုတ်ဘဲ ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်ဝူရှားပင်။ သူသည် အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ဤအချိန်အခိုက်အတန့်အတွက် တိကျစွာ စောင့်နေခဲ့ခြင်း ဖြစ်ပေ၏။
သူ နီးကပ်စွာ လျှောက်လှမ်းလာသည်နှင့်အမျှ ကြက်ပေါက်စတစ်၏မျက်လုံးများ တောက်ပသည်။
"ဝိုင်အရက်ကောင်း ဘယ်မှာရှိလဲဆိုတာ မင်း သိတယ်ပေါ့...မြန်မြန်ပြောစမ်း..တကယ်လို့ မင်းပြောတာသာ အမှန်ဆိုရင် ကြက်သခင်က မင်းကို ဆုလာဘ်ကောင်းကောင်း ချီးမြှင့်မယ်..."
"ကြက်သခင်ကြီး... ရာသီလေးပါးဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်း ရှိတယ်...အဲ့ဒီဂိုဏ်းမှာ ရာသီလေးပါးဝိုင်အရက်လို့ခေါ်တဲ့ ဝိုင်အရက်တစ်မျိုး ရှိတယ်...အဲ့ဒါက နွေဦး... နွေ... ဆောင်းဦးနဲ့ ဆောင်းရာသီဆိုတဲ့ ရာသီလေးပါးလုံးကနေ စုဆောင်းထားတဲ့ စိတ်ဝိညာဉ်ရေးရာ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အဖိုးတန်ရှားပါးတဲ့ အရက်တစ်မျိုးပါ..."
"ဒီဝိုင်အရက်က ထူးခြားတဲ့ အရသာရှိပြီးတော့ လောကကြီးမှာ ရှားပါးတယ်... ပြီးတော့ နှစ်တစ်ရာအတွင်းမှာ တစ်အိုးထုတ်လုပ်ဖို့တောင် ခက်ခဲတယ်..."
"ရာသီလေးပါးဝိုင်အရက်မှာ နွေဦးရဲ့ နွေးထွေးမှု... နွေရာသီရဲ့ပြင်းရှမှု... ဆောင်းဦးရဲ့ ကြည်လင်ပြတ်သားမှုနဲ့ ဆောင်းရာသီရဲ့ ချမ်းစိမ့်မှုဆိုတဲ့ ရာသီလေးပါးရဲ့ အရသာတွေကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတဲ့ အရသာလေးမျိုး ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတယ်..."
ဤစကားကို ကြားချိန်၌ ကြက်ပေါက်စတစ်သည် တံတွေးမျိုမချဘဲ မနေနိုင်တော့ချေ။ ထိုစကားများကို နားထောင်ရုံဖြင့်ပင် သူ့ကို ထိုဝိုင်အရက်အား မြည်းစမ်းကြည့်ချင်စိတ်များ ပြင်းပြသွားစေပေ၏။
"အဲ့ဒီရာသီလေးပါးဂိုဏ်းက ဘယ်နေရာမှာလဲ..."
သူက စိတ်မရှည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"တကယ်လို့ ကြက်သခင်ကြီးက သွားချင်တယ်ဆိုရင် ကျွန်တော်က အဲ့ဒီနေရာဆီကို ခေါ်သွားပေးဖို့ တစ်ယောက်ယောက်ကို ချက်ချင်းအမိန့်ပေးလိုက်ပါ့မယ်..."
ပိုင်ဝူရှား၏စိတ်နှလုံးသားထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဤကိစ္စသည် မလွယ်ကူခဲ့ချေ။ နောက်ဆုံးတွင် သူသည် ဤပြဿနာရှာသူများကို အဝေးသို့ ပို့ဆောင်ပေးနိုင်လေပြီ။