မင်း ခုဏက ဘာပြောလိုက်တာလဲ
Vol. 26 Ch. 258
"လမ်းပြစမ်း..."
ကြက်ပေါက်စတစ်က သူ၏အတောင်ပံငယ်လေးကို ခတ်လိုက်၏။ ထို့နောက် သူက စာခြောက်ရုပ်ဘက်သို့လှည့်ကာ မေးမြန်းလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ချင်လား..."
စာခြောက်ရုပ်က တုံ့ပြန်အဖြေမပေးဘဲ သူ၏ရွှေဒင်္ဂါးပြားများကို ရေတွက်ရန်သာ အာရုံစိုက်နေဆဲပင်။
ဤအရာက ပိုင်ဝူရှားအား မယုံနိုင်လောက်အောင် စိုးရိမ်ပူပန်သွားစေသည်။ စာခြောက်ရုပ်သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကဲ့သို့ ပြဿနာမရှာသော်လည်း အလွန်အမင်း နက်နဲသိမ်မွေ့သည်။ ကြက်ပေါက်စတစ်နှင့်တခြားအိမ်မွေးတိရစ္ဆာန်များ၏ သဘောထားအရ အကယ်၍ ဤတစ်ယောက်ကသာ သဘောမတူပါက အစီအစဉ်သည် ရပ်တန့်သွားနိုင်ခြေ ရှိနေသည်မှာ သိသာထင်ရှားပေ၏။ ထို့ပြင် အကယ်၍ စာခြောက်ရုပ်သာ နောက်ချန်နေရစ်ခဲ့မည်ဆိုလျှင် သူတို့သည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို မည်သို့ပြောင်းရွှေ့နိုင်မည်နည်း။
ဤအရာကို တွေးတောမိချိန်၌ သူ စိတ်လှုပ်ရှားသွားသည်။
"အရှင်... အဲ့ဒီရာသီလေးပါးဂိုဏ်းက ဝိုင်အရက်ကောင်းတွေကို ထုတ်လုပ်ရုံတင်မကဘူး.... အဲ့ဒီဂိုဏ်းမှာ ရွှေဒင်္ဂါးတွေ အများကြီး စုဆောင်းထားတယ်လို့ ကောလဟာလတွေ ကြားဖူးတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် စာခြောက်ရုပ်သည် သူ၏ရွှေဒင်္ဂါးပြားများအား ရေတွက်နေခြင်းကို ရပ်တန့်လိုက်၏။
ကြက်ပေါက်စတစ်နှင့် စာခြောက်ရုပ်သည် ရက်ပေါင်းများစွာ အတူရှိနေခဲ့ကြသဖြင့် သူသည် စာခြောက်ရုပ်အကြောင်းကို အနည်းငယ်မျှ နားလည်လာခဲ့လေပြီ။ အစ်ကိုကြီးသည် သွေးဆောင်ခံလိုက်ရပြီဖြစ်ကြောင်း သူ သိရှိထားသည်။ သူက ချက်ချင်းဆိုသလိုပင် ပြောဆိုသည်။
"အစ်ကိုကြီး... စိတ်မပူပါနဲ့... ကျွန်တော်က ရာသီလေးပါးဂိုဏ်းက ရွှေဒင်္ဂါးတွေအားလုံးကို အစ်ကိုကြီးအတွက် သေချာပေါက် ရှာဖွေပေးပါ့မယ်..."
ဤသို့ဖြင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့သည် ပိုင်ဝူရှား စီစဉ်ပေးသော လမ်းပြများ၏နောက်သို့ လိုက်ကာ ဓားတစ်သောင်းဂိုဏ်းမှ ကြီးကျယ်ခမ်းနားစွာ ထွက်ခွာသွားကြသည်။ ဤလူစု ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ ဓားတစ်သောင်းဂိုဏ်းမှ ဂိုဏ်းသားများအားလုံး နောက်ဆုံးတွင် အလွန်အမင်း ပျော်ရွှင်သွားကြပြီး စိတ်သက်သာရာရစွာဖြင့် ငိုကြွေးလိုက်ကြ၏။ ဤကာလအတွင်း သူတို့သည် မည်မျှထိကြီးမားသော နာကြည်းစရာများနှင့် အနိုင်ကျင့်ခံရမှုများကို ခံစားခဲ့ရကြောင်းအား ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
နောက်ဆုံးတွင် ပိုင်ဝူရှားက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဂိုဏ်းကို နေရာပြောင်းရွှေ့ဖို့အတွက် ဂိုဏ်းသားတွေအားလုံးကို မြန်မြန် အသိပေးလိုက်ကြစမ်း..."
အချိန်အတော်ကြာသည်အထိ အထက်မှ အောက်ခြေထိတိုင် ဓားတစ်သောင်းဂိုဏ်းတစ်ဂိုဏ်းလုံးမှ လူများထံတွင် စိတ်သက်သာရာရသွားသော အပြုံးများနှင့် ပြည့်နှက်နေပေ၏။ ဤအချိန်ကာလကို ပြန်လည်၍အမှတ်ရကြည့်မည်ဆိုလျှင် သူတို့၏ဘဝတစ်သက်တာလုံးအတွက် အိပ်မက်ဆိုးတစ်ခုဟု မှတ်ယူနိုင်သည်။ ယခုတော့ ဤအိပ်မက်ဆိုးကြီးသည် နောက်ဆုံးတွင် အဆုံးသတ်သွားတော့ပေမည်။
…
ရာသီလေးပါးဂိုဏ်း... ထိပ်သီးအင်အားစုကြီးလေးစု၏အောက်ရှိ ပထမတန်းစား အင်အားစုတစ်စုအနေဖြင့် ရာသီလေးပါးဂိုဏ်း၏စွမ်းအားသည် သံသယဖြစ်ဖွယ်မရှိလောက်အောင်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤတစ်ကြိမ် နတ်ဆိုးမြို့တော်သို့ လာရောက်ခဲ့သော ရာသီလေးပါးဂိုဏ်းကို ဂိုဏ်းချုပ်ကျီးဝူချန် ကိုယ်တိုင် ဦးဆောင်လာခဲ့သည်။ သို့ရာတွင် အမှန်အားဖြင့် ရာသီလေးပါးဂိုဏ်း၏ ဘိုးဘေးကြီး ကျီးဟောက်သည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ သတင်းများကို လျှို့ဝှက်စွာ ရှာဖွေနေခဲ့သည်မှာ အချိန်တော်တော်ကြာမြင့်နေလေပြီ။
တစ်ယောက်က ပွင့်လင်းစွာ တစ်ယောက်က လျှို့ဝှက်စွာဖြင့် ရောက်ရှိလာပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြီးပြည့်စုံစွာ ကူညီထောက်ပံ့ပေးခဲ့ကြသည်။
ဤအချိန်တွင် ရာသီလေးပါးဂိုဏ်း၏ စခန်းချသောနေရာ၌...
ဂိုဏ်းချုပ်ကျီးဝူချန်နှင့် ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များသည် အရန်ခန်းမတစ်ခုထဲတွင် အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။ ထိုအရန်ခန်းမသည် အလွန်ကြီးမားပြီး စတုရန်းမီတာတစ်ထောင်ကျော် ကျယ်ဝန်းပေ၏။ ခန်းမနံရံများ၏ တိုင်များပေါ်တွင် လက်ရာမြောက်သော နဂါးပုံစံများကို ထွင်းထုထားသည်။
ခန်းမတစ်ခုလုံးမှာ အနည်းငယ် ယိုယွင်းပျက်စီးနေပုံရသည်။ အတိတ်ရှိတိုက်ပွဲသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဆိုးမြို့တော်တစ်ခုလုံး ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်။ မြို့တစ်မြို့လုံးကို ကြည့်လိုက်မည်ဆိုလျှင် နေရာတိုင်းတွင် လူသူကင်းမဲ့ပြီး ပျက်စီးနေသော မြင်ကွင်းများသာ ရှိနေသည်။ ကောင်းမွန်သော အခြေအနေကို ထိန်းသိမ်းထားနိုင်သည့် အဆောက်အအုံများမှာ အမှန်တကယ်ကို များများစားစား မရှိတော့ချေ။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤခန်းမသည် ပျက်စီးနေသော်လည်း သေချာစွာ ရှင်းလင်းပြီးနောက်တွင် နေထိုင်ရန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ခန်းမထဲတွင် လူတစ်ရာကျော် ရှိနေပေ၏။ သူတို့အားလုံးသည် ပြောင်းလဲနေသော ရာသီများကို ကိုယ်စားပြုသည့် အစိမ်း အပြာ အနီနှင့် အဖြူဟူသော အရောင်လေးရောင်ပါရှိသည့် ရာသီလေးပါးဂိုဏ်းဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
အရန်ခန်းမထဲတွင် ဂိုဏ်းချုပ်ကျီးဝူချန်သည် မြင့်မားသော စင်မြင့်ပေါ်ရှိ ကျားပုံစံထွင်းထုထားသော ရွှေနက်ရောင်ကုလားထိုင်ပေါ်တွင် ထိုင်နေပေ၏။
ဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်များသည် သူ၏အောက်ရှိ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသည်။
ခန်းမထဲရှိအခြေအနေမှာ အလွန်တည်ကြည်လေးနက်နေသည်။ အကြီးအကဲတစ်ဦးက ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်... လောလောဆယ် နတ်ဆိုးမြို့တော်ထဲမှာ လေပြင်းတွေ တိုက်ခတ်နေပြီးတော့ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေ စုရုံးနေကြတယ်..."
"အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ရာသီလေးပါးဂိုဏ်းရဲ့ မျှော်လင့်ချက်က တော်တော်လေး နည်းပါးတယ်..."
"ကျွန်တော်အနေနဲ့ကတော့ မဟာမိတ်ဖွဲ့ပြီးတော့ အသုံးပြုလို့ရနိုင်တဲ့ အင်အားစုတွေ အားလုံးကို ပေါင်းစည်းသင့်တယ်လို့ အကြံပြုချင်တယ်... အဲ့ဒီလိုလုပ်မှသာ ကျွန်တော်တို့က အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရလာမှာပါ..."
ဤသည်မှာ ဤတစ်ကြိမ် ရာသီလေးပါးဂိုဏ်း အစည်းအဝေး၏ အဓိက အကြောင်းအရာပင်။ မြောက်ပိုင်းဒေသသည် အလွန်ကျယ်ဝန်းပြီး အင်အားစုများစွာ ရှိပေ၏။ ရာသီလေးပါးဂိုဏ်းသည် ဤနေရာသို့ မလာရောက်မီကတည်းက သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ကျင့်ကြံသူအမြောက်အများ စုဝေးလာချိန်မှသာ ဤလောကကြီးတွင် ပုန်းကွယ်နေသော အရှင်သခင်များဖြင့် ပြည့်နှက်နေကြောင်း သူတို့ နားလည်သဘောပေါက်သွားခဲ့ကြသည်။
ထိပ်သီးအင်အားစုကြီးလေးစုကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်ပင် တချို့သော အစွမ်းထက်လေလွင့်ကျင့်ကြံသူများနှင့် ဂိုဏ်းများ၏ အခြေခံအုတ်မြစ်များသည် သူတို့၏ဂိုဏ်းထက် သာလွန်နေသည်။
ဤအခြေအနေက ရာသီလေးပါးဂိုဏ်းသား၏နှလုံးသားပေါ်သို့ အရိပ်မည်းကြီးတစ်ခု ကျရောက်သွားစေပေ၏။ သူတို့ဂိုဏ်း၏အင်အားနှင့်ဆိုလျှင် အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် ယှဉ်ပြိုင်ရန် သူတို့ထံတွင် အရည်အချင်း မရှိကြပေ။
ထိုကြောင့် မဟာမိတ်ဖွဲ့ခြင်း မူဝါဒကို ဆွေးနွေးရန် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စတုတ္ထအကြီးအကဲက ပြောဆိုသည်။
"ဂိုဏ်းချုပ်... ဓားတစ်သောင်းဂိုဏ်းနဲ့ ကျွန်တော်တို့ ရာသီလေးပါးဂိုဏ်းက အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့ကြတယ်...တကယ်လို့ ကျွန်တော်တို့က မဟာမိတ်ဖွဲ့ရမယ်ဆိုရင် ဓားတစ်သောင်းဂိုဏ်းက ကျွန်တော်တို့ရဲ့ ပထမဆုံး ရွေးချယ်မှုပဲ..."
ကျီးဝူချန်က ခေါင်းညိတ်လိုက်သည်။ ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့ကို ကျင့်ကြံခြင်းလောကတွင် ညီနောင်ဂိုဏ်းများဟုလည်း လူသိများကြသည်။ ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ အလွန်ကောင်းမွန်သော ဆက်ဆံရေးသည် လူသိများပြီး လှပသော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်လာခဲ့သည်။ အကယ်၍ သူတို့သာ မဟာမိတ်ဖွဲ့ရမည်ဆိုလျှင် ဓားတစ်သောင်းဂိုဏ်းသည် အမှန်တကယ်ကို အလွန်ကောင်းမွန်သော မိတ်ဖက်အင်အားစုတစ်ခု ဖြစ်လာပေမည်။
"ဒီအစည်းအဝေးပြီးရင် ဒီအရှင်က ဆွေးနွေးဖို့အတွက် ဓားတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဖိတ်ကြားလိုက်မယ်..တခြားသူတွေမှာရော ဘာအကြံပြုချင်တာတွေ ရှိသေးလဲ..."
ရာသီလေးပါးဂိုဏ်း၏ အကြီးအကဲများ သူတို့၏ ထင်မြင်ချက်များကို ဖော်ပြနေစဉ်တွင် ရုတ်တရက်ပင် ပင်မခန်းမကြီး တုန်ခါသွားသည်။ ထို့နောက် အရန်ခန်းမ၏ တံခါးသည် ကြီးမားသော စွမ်းအားတစ်ခုကြောင့် တိုက်ရိုက်ပွင့်ထွက်သွားပေ၏။
"ဘုန်း..."
အရန်ခန်းမာတံခါး ရိုက်ချိုးဖွင့်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် မောက်မာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကြက်သခင်ကြီး ရောက်လာပြီ...ဘာလို့ ဒူးထောက်ပြီး မြန်မြန်မကြိုဆိုကြတာလဲ..."
ထို့နောက် ခန်းမထဲသို့ ပုံရိပ်ဆယ့်သုံးခု ခုန်ဝင်လာခဲ့သည်။ ဤသည်မှာ တခြားလူများမဟုတ်ဘဲ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့ပင်။ ဤရုတ်တရက် အပြောင်းအလဲကြောင့် ရာသီလေးပါးဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး အချိန်တခဏကြာခန့် ကြောင်အသွားကြသည်။
အိမ်မွေးတိရစ္ဆာန် တစ်စုလား...
ထို့နောက် လူများအားလုံး ဒေါသထွက်သွားကြသည်။
"ဟမ့်....မင်းတို့က ဘယ်လိုတောင် အတင့်ရဲနေတာလဲ..."
ဒေါသတကြီး နှာမှုတ်သံနှင့်အတူ ယင်သုံးပါးနယ်ပယ် ပထမအဆင့်မှ အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်၏။
"ဒီနေရာက ဘယ်နေရာလဲဆိုတာ မင်းတို့ မမြင်ဘူးလား...ရာသီလေးပါးဂိုဏ်းရဲ့ အရေးကြီးတဲ့နေရာမှာ မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ရမ်းကားရဲတာလဲ..."
ပင်မခန်းမ၏ အပြင်ဘက်၌...
လမ်းပြလာခဲ့သော ဓားတစ်သောင်းဂိုဏ်းမှ တပည့်သည် ဤစကားများကို ကြားချိန်၌ ထူးဆန်းသော ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်။ မကြာသေးမီက ဤမိစ္ဆာကောင်များ ဓားတစ်သောင်းဂိုဏ်းသို့ ရောက်လာစဉ်က သူတို့သည်လည်း အလွန်အမင်းမထီမဲ့မြင် ပြုခဲ့ကြသည်ကို သူ ပြန်အမှတ်ရသွားပေ၏။ သို့သော် ရလဒ်သည် မည်သို့ဖြစ်သွားခဲ့သနည်း။ သူတို့၏ ဘိုးဘေး အပါအဝင် ဂိုဏ်းတစ်ဂိုဏ်းလုံးသည် ထိုမိစ္ဆာကောင်များ၏ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
ဤအရာကိုတွေးမိချိန်၌ သူသည် ရာသီလေးပါးဂိုဏ်းအတွက် သုံးစက္ကန့်ခန့် ဝမ်းနည်းမပေးဘဲ မနေနိုင်တော့ချေ။ သို့သော် သူ၏ဝမ်းနည်းမှုသည် သုံးစက္ကန့်သာ ကန့်သတ်ထားပေ၏။ နောက်ထပ်အချိန်တစ်စက္ကန့်တွင် သူ၏ပုံရိပ်သည် မိုးကောင်းကင်ယံသို့ တိုက်ရိုက်ပြေးထွက်သွားတော့သည်။
ဂိုဏ်းချုပ်က သူ့ကို ဤမိစ္ဆာများအား သူတို့၏ ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားပြီးသရွေ့ သူ၏ ကံကြမ္မာသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိမည်ဖြစ်ပြီး သူ ဆုတ်ခွာရန် အခွင့်အရေးကို ရှာဖွေသင့်ကြောင်း ညွှန်ကြားထားခဲ့သည်။ အကယ်၍ သူ ယခုချိန်၌ ထွက်မပြေးလျှင် ဤမိစ္ဆာများက သူ့ကို ကျွမ်းဘားကစားခိုင်းသည်အထိ သူ စောင့်ဆိုင်းနေရမည်လော။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဓားတစ်သောင်းဂိုဏ်းမှ တပည့်သည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လောကကြီး၏အဆုံးစွန်ထိ ထွက်ပြေးကာ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
ထိုယင်သုံးပါးနယ်ပယ် ပထမအဆင့်မှ အကြီးအကဲသည် လှုပ်ရှားလိုက်၏။ သူ၏ချီစွမ်းအားများ မြင့်တက်လာကာ သူ၏ဝတ်ရုံ တဖျပ်ဖျပ်လူးလွန့်လိုက်သည်။ သူသည်လက်သီးတစ်ချက် ထိုးနှက်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသထွက်နေသော နဂါးတစ်ကောင်နှင့် တူညီနေသည်။ သူသည် ဤကောင်စုတ်များကို မည်သည့်အချိန်မျှ မေ့ပျောက်နိုင်မည်မဟုတ်သော သင်ခန်းစာတစ်ခု ပေးလိုသည်။
"ဝုန်း..."
ဤလက်သီးချက်၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။ လေဟာနယ်သည် ဆုတ်ဖြဲခံလိုက်ရပြီး စွမ်းအားဥပဒေသများက ထိုလက်သီးချီစွမ်းအားကို ဝန်းရံသွားသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ထိုနတ်ဆိုးချီစွမ်းအားသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ကြက်ပေါက်စတစ်သည် သူ၏အတောင်ပံများကို ခတ်လိုက်ပြီး သူ၏ခန္ဓာကိုယ် မြေပြင်မှ ကြွတက်သွားသည်။ ထို့နောက် ကြက်ခြေထောက် တစ်ဖက်က အလျားလိုက် ထွက်ပေါ်လာပေ၏။
"ဘုန်း.."
လက်သီးနှင့်ကြက်ခြေသည်းတို့၏ ရိုက်ခတ်မှုသည် လေထုထဲတွင် မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ပေါက်ကွဲသွားသည်။
ထို့နောက် အဋ္ဌမအကြီးအကဲသည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့လွင့်ထွက်သွားသည်။
"ဝေါ့..."
သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး သတိလစ်မေ့မျောသွားပေ၏။
လက်ရှိနေရာတွင် ရှိနေသူများအားလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။ လူများအားလုံးသည် မူလက အဋ္ဌမအကြီးအကဲ လှုပ်ရှားလိုက်ခြင်းမှာ မြေပဲစေ့ကို အခွံခွဲရန် တူကို အသုံးပြုလိုက်သကဲ့သို့ အလွန်အကျွံ ဖြစ်သွားသည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခု၌မူ ထိုအခြေအနေနှင့် လုံးလုံးလျားလျား မတူညီတော့ပုံရသည်။
သို့ရာတွင် နောက်ထပ်အချိန်တခဏ၌ လူများအားလုံး ပို၍ပင် ဒေါသထွက်လာကြသည်။ ရာသီလေးပါးဂိုဏ်း၌ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေပြီး ယခု၌မူ သူတို့သည် သူတို့၏တံခါးဝတွင်ပင် တိုက်ခိုက်ခံနေရလေပြီ။ အဋ္ဌမအကြီးအကဲသည် ချက်ချင်းဆိုသလိုပင် လွင့်ထွက်သွားခဲ့ပေ၏။
သူတို့ ရိုက်နှက်လိုက်သည်မှာ အဋ္ဌမအကြီးအကဲကို ဖြစ်သလော...ထိုသို့ မဟုတ်ချေ။
ဤသည်မှာ သူတို့သည် ရာသီလေးပါးဂိုဏ်းတစ်ဂိုဏ်းလုံး၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
အရေးအကြီးဆုံးအချက်ကမူ ရောက်ရှိလာသူများမှာ အိမ်မွေးတိရစ္ဆာန်များ၏ အသွင်အပြင်နှင့် နတ်ဆိုးငယ်တစ်စုသာ ဖြစ်နေခြင်းပင်။
ဂိုဏ်းချုပ်ကျီးဝူချန်သည် သူ၏လက်ဖြင့် စားပွဲကို ရိုက်ပုတ်ပြီး မတ်တတ်ထရပ်လိုက်၏။ သူက ဒေါသတကြီးဖြင့် ပြောဆိုသည်။
"မင်းတို့ဆီမှာ စွမ်းအားတချို့ ရှိတယ်ဆိုတာကို ငါ ဝန်ခံပါတယ်... ဒါပေမဲ့ အဲ့ဒါနဲ့တင် ငါ့ရဲ့ ရာသီလေးပါးဂိုဏ်းထဲမှာ မင်းတို့ ရမ်းကားလို့ရပြီလို့ ထင်နေရင်တော့ မင်းတို့ တွက်ကိန်းမှားသွားပြီ..."
နောက်ထပ်အချိန်တခဏတွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး လှုပ်ရှားလိုက်ကြသည်။ ထို့နောက် သူတို့အတွက် မည်သည့်အခက်အခဲမျှ မရှိတော့ချေ။ ရာသီလေးပါးဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်များသည် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ကြက် ဘဲ ဝက်များနှင့်နွားခြေရာများဖြင့် ဖုံးလွှမ်းသွားလေသည်။
ကြက်ပေါက်စတစ်က ခြေထောက်တစ်ဖက်ဖြင့် ကျီးဝူချန်၏မျက်နှာပေါ်သို့ နင်းထားပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"မင်း ခုဏက ဘာပြောလိုက်တာလဲ... ကြက်သခင်ကြီးက သေချာမကြားလိုက်ဘူး... နောက်တစ်ခေါက် ထပ်ပြောစမ်း..."
ကျီးဝူချန်၏နဖူးပေါ်မှ အေးစက်သော ချွေးစေးများ ယိုစီးကျလာတော့သည်။