← Chapters

ခေါင်းကိုင်ဖခင်အဖြစ် ခံယူလိုစိတ်များ

Vol. 26 Ch. 259

ခေါင်းကိုင်ဖခင်အဖြစ် ခံယူလိုစိတ်များ

Vol. 26 Ch. 259

ဤအချိန်တွင် လူထောင်ပေါင်းများစွာ၏ လေးစားကြည်ညိုခြင်းကို ခံရပြီး မြင့်မားသော ရာထူးနေရာတွင် ရှိနေသည့် ရာသီလေးပါးဂိုဏ်း၏ ဂိုဏ်းချုပ်ကျီးဝူချန်သည် သံသယဖြစ်ဖွယ်မရှိလောက်အောင်ပင် မျှော်လင့်ချက် ကင်းမဲ့နေပေ၏။

သူ၏ဂိုဏ်းသည် အလွန်ကြီးမားပြီး ထိပ်သီးကျင့်ကြံသူများနှင့်ပါရမီရှင်များ အမြောက်အများရှိနေသည်။

သို့သော် အသက်သုံးရှိုက်စာအတွင်း... အသက်သုံးရှိုက်စာ အချိန်အတွင်းမှာပင် သူတို့အားလုံး ဖိနှိပ်ခြင်း ခံလိုက်ရသည်။

မြောက်ပိုင်းဒေသတွင် ဤမျှထိ အံ့အားသင့်ဖွယ်ကောင်းသော တည်ရှိမှုမျိုး မည်သည့်အချိန်က ထွက်ပေါ်လာခဲ့သနည်း။ ထို့ပြင် အပေါ်ယံတွင်တော့ သူတို့သည် အိမ်မွေးတိရစ္ဆာန် တစ်စုမျှသာ ဖြစ်နေကြ၏။ ကျီးဝူချန်၏စိတ်နှလုံးသားထဲတွင် ပြင်းထန်သော လှိုင်းလုံးကြီးများ ရိုက်ခတ်နေပြီး အဆုံးမရှိသော ဒီရေများ မြင့်တက်နေသည်။

"စီနီယာ..."

"ငါ့ကို ကြက်သခင်ကြီးလို့ ခေါ်စမ်း..."

ကြက်ပေါက်စတစ်က သူ့ကို အမှားပြင်ပေးလိုက်၏။

"ကြက်... ကြက်သခင်ကြီး...ကျွန်တော်ရဲ့ ရာသီလေးပါးဂိုဏ်းက ဘာကိုပဲလုပ်လုပ် အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့ပြီးတော့ လူကြီးမင်းတို့ကို ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးပါဘူး..."

"အတိတ်က နာကြည်းစရာတွေလည်း မရှိသလို လက်ရှိမှာလည်း ရန်ငြိုးမရှိဘဲနဲ့ ကြက်သခင်ကြီးက ဘာလို့ ကျွန်တော်ရဲ့ရာသီလေးပါးဂိုဏ်းကို ပစ်မှတ်ထားတာလဲ... ဤလူအိုကြီးကို သတ်မယ်ဆိုရင်တောင် နားလည်မှုလေးနဲ့ သေခွင့်ပေးနိုင်မလား..."

တခြားသူတစ်ဦး၏အမိုးအောက်သို့ ရောက်နေချိန်တွင် လူတစ်ယောက်သည် ခေါင်းငုံ့နေရစမြဲပင်။ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းမှုက ကျီးဝူချန်အား ခုခံရန် မည်သည့်အတွေးမျှ မရှိတော့စေဘဲ ဤမိစ္ဆာများက မည်သည်ကြောင့် သူ၏ရာသီလေးပါးဂိုဏ်းအပေါ် အာရုံကျနေသနည်း ဆိုသည်ကိုသာ သူ သိချင်နေခဲ့သည်။ ဤသည်မှာ သူ၏ အတွင်းစိတ်မှ သံသယတစ်ခုသာမက ရာသီလေးပါးဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများ အားလုံး၏ သံသယလည်း ဖြစ်ပေ၏။

အမှန်တရားကို သိလိုစိတ်ပြင်းပြနေသော်လည်း ဒေါသထွက်နေသည့် သူတို့၏ အကြည့်များအောက်တွင် ကြက်ပေါက်စတစ်က ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုလိုက်သည်။

"ဓားတစ်သောင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်က မင်းတို့ဆီမှာ ဝိုင်အရက်ကောင်းတွေ ရှိတယ်လို့ ပြောခဲ့တယ်...ကြက်သခင်ကြီး ရောက်လာပြီလေ...ကြည့်လိုက်အုံး... တကယ်လို့ မင်းတို့သာ လိမ်လိမ်မာမာနဲ့ လက်နက်ချပြီး ကြက်သခင်ကြီးကို ဝိုင်အရက်ကောင်းတွေ... အစားအသောက်ကောင်းတွေနဲ့ ဧည့်ခံခဲ့မယ်ဆိုရင်... ကြက်သခင်ကြီး ပျော်သွားတာနဲ့ မင်းတို့ကို ဆုလာဘ်ကောင်းကောင်းတွေ ပေးမှာပေါ့..."

"ဒါပေမဲ့ မင်းတို့က အထက်စီးဆန်ဆန် ပြုမူပြီးတော့ ကြက်သခင်ကြီးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လေ..."

"ကြည့်စမ်း... အခုတော့ မင်းတို့အားလုံး အရှက်ရသွားပြီ မဟုတ်လား..."

ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ရာသီလေးပါးဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများအားလုံးသည် အလွန်အမင်း စိတ်ပျက်လက်ပျက် ခံစားလိုက်ရသည်။ မစင်ပုံကြီးကို စားလိုက်ရသည့်အလား သူတို့၏ စိတ်ခံစားချက်များသည် မယုံနိုင်လောက်အောင် ကမောက်ကမ ဖြစ်သွားပေ၏။ သူတို့၏ဂိုဏ်းသို့ အရက်တစ်ခွက် သောက်ရန်လာရုံမျှဖြင့် ဤလူများသည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဗြောင်းဆန်အောင် လုပ်ခဲ့သလော။

ဤသည်မှာ သူတို့အတွက် အမှန်တကယ်ကို ဒေါသထွက်စရာ ကောင်းလှသည်။ ထို့ပြင် လွန်ခဲ့သော အချိန်တခဏကမှ သူတို့သည် ဓားတစ်သောင်းဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် နောက်ထပ်အချိန်တခဏတွင် ဓားတစ်သောင်းဂိုဏ်းက ဤကဲ့သို့သော မိစ္ဆာတစ်စုကို သူတို့၏ဂိုဏ်းသို့ စေလွှတ်လိုက်သည်။

ကတိကဝတ်ပြုထားသော ညီနောင်ဂိုဏ်းဆိုသည်က....

ညီအစ်ကိုများကို ဤကဲ့သို့ အသုံးချခြင်း ဖြစ်သလော....

ဤသည်မှာ သူတို့ကို တမင်သက်သက် ချောက်ချလိုက်ခြင်းပင်။ ဓားတစ်သောင်းဂိုဏ်း၏ဓားချက်တိုင်းက သူတို့၏နှလုံးသားကို ဖောက်ထွင်းဝင်ရောက်သွားပြီး ဓားချက်တိုင်းက သူတို့ကို နှလုံးသွေးယိုစီးစေသည်။

အချိန်တခဏကြာအတွင်းတွင် ရာသီလေးပါးဂိုဏ်းမှ လူများအားလုံး၏စိတ်နှလုံးသားများသည် မယုံနိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့၏။

သို့သော် ကြက်ပေါက်စတစ်သည် သူတို့ မည်သည့်အရာအား တွေးတောနေသည်ကို ဂရုမစိုက်ချေ။ သူက ကျီးဝူချန်၏ မျက်နှာကို ကြက်ခြေတစ်ဖက်ဖြင့်နင်းပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"ကြက်သခင်ကြီးက ညီအစ်ကိုတွေကို ဒီနေရာထိ ခေါ်လာခဲ့တာတောင် ဆီတစ်စက်လေးတောင် မမြင်ရတာကတော့ မသင့်တော်ဘူး မဟုတ်လား..."

ကျီးဝူချန်သည် ကြက်တစ်ကောင် ဆန်စေ့ကောက်သည့်အလား ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။

"မသင့်တော်ပါဘူး..."

ကြက်ပေါက်စတစ်က ထပ်မံ၍ ပြောဆိုသည်။

"ဒါဆိုရင် နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ မင်း သိတယ်မလား..."

ကျီးဝူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"လာကြစမ်း... လူကြီးမင်းတို့အတွက် စားသောက်ပွဲတစ်ခုကို ပြင်ဆင်လိုက်ကြစမ်း... ဝိုင်အရက်ကောင်းတွေနဲ့ အစားအသောက်ကောင်းတွေ အားလုံးကို စီစဉ်လိုက်စမ်း..."

"ဒါ့ပြင်... ဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုနဲ့ လှပချောမောတဲ့ အမျိုးသမီးတပည့်တွေကို ခေါ်လာခဲ့ပြီးတော့ လူကြီးမင်းတို့ကို ဖျော်ဖြေဖို့ သူတို့ကို ကခိုင်းလိုက်စမ်း..."

ကြက်ပေါက်စတစ်သည် ကျီးဝူချန်အား စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်၏။

ဤကောင်လေးသည် မည်သည့်အရာအား လုပ်ဆောင်ရမည်ကို သိရှိထားသည်။ သို့သော် သူ ပြောဆိုသော 'ဆီ' ဆိုသည်မှာ ဝိုင်အရက်ကောင်းများနှင့် စားသောက်ဖွယ်ရာများသက်သက် မဟုတ်ချေ။

"မင်းတို့ရဲ့ဂိုဏ်းထဲမှာ ရှိတဲ့ ရွှေဒင်္ဂါးတွေ အားလုံးကို လွှဲပြောင်းပေးစမ်း..."

စာခြောက်ရုပ်အစ်ကိုကြီးက ရွှေဒင်္ဂါးပြားများအတွက်သာ လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ထိုအစွမ်းထက်တည်ရှိမှုကြီးကို အရင်မဖြေရှင်းပေးလျှင် သူ့အနေဖြင့် သာယာပျော်ရွှင်စွာ နေရဲမည် မဟုတ်ချေ။

ဤစကားကို ကြားသောအခါ ကျီးဝူချန်၏အတွေးများ အချိန်တခဏတာမျှ ရပ်တန့်သွားပေ၏။

ရွှေဒင်္ဂါးတွေလား... အဲ့ဒါက သူ နားလည်ထားတဲ့ ရွှေဒင်္ဂါးပြားမျိုးကို ပြောတာလား...

"ဘာလဲ... ပြဿနာ တစ်ခုခု ရှိလို့လား..."

ကြက်ပေါက်စတစ်၏လေသံတွင် စိတ်ကျေနပ်မှု မရှိတော့ချေ။

"မရှိပါဘူး..."

ကျီးဝူချန်သည် ကစားစရာ ဗုံငယ်လေးတစ်ခုအလား သူ၏ခေါင်းကို ခပ်သွက်သွက်ခါယမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော ဤလူများသည် သာမန် ရွှေနှင့်ငွေကဲ့သို့သော လောကီဆန်သည့် အရာများကို မည်သည်ကြောင့် စိတ်ဝင်စားသည်ကို သူ နားမလည်နိုင်ခဲ့ချေ။ သို့ရာတွင် သူ၏စိတ်နှလုံးသားထဲတွင် သံသယများ ရှိနေလျှင်ပင် သူ ထပ်မံ၍ မမေးရဲခဲ့ချေ။

"မရှိဘူးဆိုရင်လည်း သွားလုပ်တော့လေ..." ကြက်ပေါက်စတစ်က သူ၏ကြက်ခြေထောက်ကို မြှောက်ပေးပြီး မြန်မြန်ထွက်ခွာသွားရန် ပြောဆိုလိုက်သည်။

ရာသီလေးပါးဂိုဏ်း၏ လုပ်ဆောင်နိုင်စွမ်းမှာ အလွန်မြင့်မားသည်ဟု ဆိုရပေမည်။ မကြာမီမှာပင် ခန်းမထဲတွင် စားပွဲရှည်ကြီးတစ်ခုကို ခင်းကျင်းလိုက်၏။ စားပွဲပေါ်တွင် တောက်ပနေသော အဖိုးတန် စားသောက်ဖွယ်ရာများဖြင့် ပြည့်နှက်နေလေသည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ပျော်ရွှင်နေကြ၏။ သူတို့သည် အသားများကို အားရပါးရကိုက်စားကာ ဝိုင်အရက်များကို တစ်ကျိုက်တည်း မော့သောက်နေကြသည်။ သူတို့၏နံဘေးတွင် ဆွဲဆောင်မှုရှိသော အလှတရားများရှိသည့် မိန်းမလှဆယ်ယောက်ကျော်ကလည်း သူတို့ကို ဖျော်ဖြေရန် ကပြနေကြ၏။

"ဟူး...ဟူး...ဟူး.."

ထိုမြင်ကွင်းမှတဆင့် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ စိတ်လှုပ်ရှားနေသော အသံများကို ကြားနေရပြီး အမှန်တကယ်ကို ပြိုင်ဘက်ကင်းသော နတ်ဆိုးမိစ္ဆာများနှင့် တူညီနေသည်။ သူတို့၏ ကြက်နှင့်ဘဲ ခြေသည်းများသည် နူးညံ့ပြီး ဖြူဖွေးသွယ်လျသော ခြေတံများဆီသို့ တဖြည်းဖြည်း ဆန့်တန်းသွားသည်။ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် ပျော်ရွှင်မှုကို ရှာဖွေရသော နေရာများတွင် ဝါရင့်သူများ ဖြစ်နေကြောင်း သိသာထင်ရှားသည်။

စာခြောက်ရုပ်ကလည်း ခြောက်ကပ်ကပ် ရယ်မောသံများကို ထုတ်လွှတ်လိုက်၏။ သူ၏ရှေ့တွင် ရွှေဒင်္ဂါးပြားများ အပုံလိုက် စုပုံနေသည်။ သူက ထိုအရာများကို သိုလှောင်အိတ်ထဲသို့ တစ်ပြားချင်း ထည့်လိုက်သည်။ စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကောက်ကြောင်းရှိသည့် အမျိုးသမီးတစ်ဦးသည် သူ၏ရင်ခွင်ထဲ၌ မှီလျောင်းထားပြီး သူ့ဆီသို့ ကြည့်နေသော သူမ၏အကြည့်များသည် ချည်မျှင်များကိုပင် ညှို့ငင်နိုင်စွမ်း ရှိပုံရပေ၏။

"အစ်ကိုကြီး..."

နူးညံ့ပြီးချိုသာသော ခေါ်သံက စာခြောက်ရုပ်၏ မျက်လုံးများကို နက်ရှိုင်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပသွားစေသည်။ ရွှေဒင်္ဂါးပြားများ ရေတွက်နေသော သူ၏လုပ်ဆောင်ချက်ပင်လျှင် အလိုအလျောက် ရပ်တန့်သွားသည်။

ယနေ့တွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး အလွန်အမင်း ပျော်ရွှင်နေခဲ့ကြသည်။ စားသောက်ပွဲ အဆုံးသတ်ခါနီးအချိန်တွင် ကျီးဝူချန်သည် သတိကြီးစွာထား၍ ရှေ့သို့တက်လှမ်းလာခဲ့ပေ၏။

"ကြက်သခင်ကြီး... ပျော်ရွှင်ရဲ့လား..."

ကြက်ပေါက်စတစ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

နောက်ထပ်အချိန်တခဏတွင် ကျီးဝူချန်က လိမ္မာပါးနပ်စွာဖြင့် အကြံပြုရန် ဟန်ပြင်လိုက်သည်။ သူတို့သည် စားသောက်ခဲ့ကြပြီး အဆုံးစွန်ထိ ပျော်ရွှင်ခဲ့ကြသည်ဖြစ်ရာ သူတို့ ထွက်သွားသင့်ပြီ မဟုတ်လော။

သို့သော် ကြက်ပေါက်စတစ်က သူ၏အတောင်ပံငယ်လေးကို ဝှေ့ယမ်းလိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။ နောက်ထပ်အချိန်တခဏတွင် သေးငယ်သော ကြေးရုပ်ထုလေးတစ်ခုသည် လေဟာနယ်ထဲမှတဆင့် ကျီးဝူချန်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

"ဒီနေ့ ကြက်သခင်ကြီးက ပျော်တယ်..ဒီအရုပ်လေးကို မင်းကို ငါ ဆုချမယ်...ဒါက အင်မော်တယ်ရွှေရုပ်ထုပဲ... ဒီရုပ်ထုပေါ်ကို နှလုံးသွေးတစ်စက် ချလိုက်မယ်ဆိုရင် မင်းက ပစ္စည်းကို သန့်စင်နိုင်ပြီးတော့ ယန်သုံးပါးနယ်ပယ် ဒုတိယကနေ တတိယအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်ပေးနိုင်တယ်..."

"ဒီရုပ်ထုရဲ့စွမ်းအားတွေအတွက် ကြာချိန်က ဆယ့်နှစ်နာရီပဲ..."

"ဒါကိုအသုံးပြုပြီးသွားရင် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ စွမ်းအားတွေကို ပြန်ပြီးဖြည့်တင်းပေးလိုက်ရုံပဲ..."

ကျီးဝူချန်သည် သူ၏လက်ထဲရှိ သေးငယ်သော ကြေးရုပ်ထုလေးကို တွေဝေမိန်းမောစွာ စူးစိုက်၍ကြည့်နေမိသည်။ အချိန်တခဏအတွင်းတွင် သူ မူလက ပြောလိုခဲ့သော သူတို့ကို ထွက်သွားရန် တောင်းဆိုမည့် စကားများသည် ထွက်မလာနိုင်တော့ချေ။

ဤမျှ သေးငယ်သော အရုပ်လေးတစ်ရုပ်က ယန်သုံးပါးနယ်ပယ် ဒုတိယမှ တတိယအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်ပေးနိုင်သလော....

အိုး ဘုရားရေ...

သူတို့၏ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သူတို့၏ ဘိုးဘေးကြီးသာလျှင် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိထားရပေမည်။ ထို့ပြင် ယခုချိန်၌ ဤရုပ်ထုငယ်လေးက သူတို့၏ဘိုးဘေးကြီးနှင့် တိုက်ရိုက် ယှဉ်ပြိုင်နိုင်သည့်အပြင် ပို၍ပင် သန်မာအားကောင်းနေသလော။

ဤအင်မော်တယ်ရွှေရုပ်ထုသည် ရာသီလေးပါးဂိုဏ်း၏ ယေဘုယျအခြေခံအုတ်မြစ်ကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ တိုက်ရိုက်မြှင့်တင်ပေးနိုင်သည်ဟု ဆိုလျှင် ပုံကြီးချဲ့ပြောဆိုခြင်း မဟုတ်ချေ။

ထို့ပြင် ဤမျှထိ အဖိုးတန်သော ပစ္စည်းတစ်ခုသည် ကြက်ပေါက်စတစ်၏ပါးစပ်ထဲတွင် ရုပ်ထုငယ်လေးတစ်ခုမျှသာ ဖြစ်နေသည်။

ဤှရုပ်ထုသည် အတုဖြစ်နေနိုင်သည်ကိုမူ သူ လုံးဝတွေးထင်မထားခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ရာသီလေးပါးဂိုဏ်းသည် သူတို့၏ မျက်လုံးထဲတွင် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်သဖြင့် ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များသည် သူ့ကို လှည့်စားရန် မလိုအပ်ချေ။

ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်ထဲရှိ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ ပုံရိပ်သည် ရုတ်တရက် ကြီးမားသောအတိုင်းအတာထိရောက်အောင် မြင့်တက်သွားခဲ့သည်ဟု ဆိုရပေမည်။

သူသည် မူလက သူတို့ကို မိစ္ဆာတစ်စုဟုသာ ထင်မှတ်ထားခဲ့၏။ သို့သော် သူတို့သည် ဓနဥစ္စာနတ်ဘုရားတစ်စုဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။ ဤအရာကို တွေးတောမိချိန်၌ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးဆီသို့ ကြည့်နေသော သူ၏အကြည့်တွင် ပြင်းပြသော ပူလောင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ဒီရတနာကို ဆုချပေးတဲ့အတွက် ကြက်သခင်ကြီးကို ကျေးဇူးတင်ပါတယ်..."

ဤအခိုက်အတန့်တွင် သူသည် ကျယ်လောင်စွာ အော်ဟစ်ချင်စိတ်သာ ရှိနေပေ၏။

'တကယ်လို့ ကြက်သခင်ကြီးကသာ ကျွန်တော်ကို မစွန့်ပစ်ဘူးဆိုရင်...ကျွန်တော်က ခင်ဗျားကို ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုဖို့ လိုလားပါတယ်... မဟုတ်ဘူး... ဒါက သူ အရှက်မဲ့တာ မဟုတ်ဘူး... တစ်ဖက်လူက အများကြီး ပေးကမ်းနေလို့ပဲ...'

ကြက်ပေါက်စတစ်က သူ့ကို စကားပြောဆိုရန် အခွင့်အရေး မပေးခဲ့ချေ။

"တခြား ဘာမှမရှိတော့ဘူးဆိုရင် မင်း ထွက်သွားလို့ ရပြီ...ဒီနေ့ညတော့ ငါနဲ့ ငါ့ရဲ့ညီအစ်ကိုတွေက ဒီမိန်းမပျိုလေးတွေရဲ့ အကအခုန်တွေကို လမ်းညွှန်ပေးမယ်..."

"ကြက်သခင်ကြီးဆီကနေ လမ်းညွှန်မှုရတာက သူတို့ရဲ့ကံကောင်းမှုပဲ..."

သူ ထိုစကားကို ပြောဆိုနေရင်းနှင့် ဂိုဏ်း၏ ထိပ်တန်းအဆင့် အမျိုးသမီးတပည့်များကို ပြောဆိုလိုက်သည်။

"ကြက်သခင်ကြီးက မင်းတို့ကို လမ်းညွှန်ပေးမယ်ဆိုတာက မင်းတို့ရဲ့ကံကောင်းမှုကြီးပဲ... မင်းတို့ သေချာနားထောင်ပြီး ကြိုးကြိုးစားစား သင်ယူရမယ်.... လူကြီးမင်းတို့ကိုလည်း ကောင်းကောင်းပြုစုပေးရမယ်...နားလည်ရဲ့လား..."

"နားလည်ပါတယ် ဂိုဏ်းချုပ်..."

သူမတို့၏အဖြေကို ရရှိပြီးနောက် ကျီးဝူချန်က ကမန်းကတန်း ထွက်ပြေးသွားလေတော့သည်။ ပင်မခန်းမထဲမှ ရောက်ရှိလာပြီးနောက်မှသာ ကျီးဝူချန်သည် သူ အိပ်မက်မက်နေသကဲ့သို့ ခံစားမိပေ၏။

All Chapters