ဖော်ပြ၍မရနိုင်သော နာကျင်မှု
Vol. 26 Ch. 260
သူ၏လက်ထဲရှိ သုံးပေအောက်သာ မြင့်မားသော ကြေးရုပ်ထုငယ်လေးသည် တန်ချိန်တစ်ထောင်ခန့် အလေးချိန်ရှိနေသကဲ့သို့သာ သူ ခံစားလိုက်ရသည်။ ဤကဲ့သို့ နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုသည် စိတ်ကူး၍မရနိုင်လောက်အောင် တန်ဖိုးရှိသည်။ ထိုရုပ်ထုအကြောင်းကို ပြင်ပမှ သိရှိသွားသည်နှင့် တပြိုင်နက် ထိပ်သီးအင်အားစုကြီးလေးစုပင်လျှင် လှုပ်ရှားလာကြပေလိမ့်မည်။ ဤအချိန်အခိုက်အတန့်တွင် သူသည် သံသယဖြစ်ဖွယ်မရှိလောက်အောင် စိတ်လှုပ်ရှားနေပေ၏။
တစ်ချိန်တည်းမှာပင် ဤအရှင်သခင်များကို ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်သရွေ့ ရာသီလေးပါးဂိုဏ်းသည် အထက်သို့ တက်လှမ်းသွားနိုင်လိမ့်မည်ဟု သူ တွေးတောလိုက်သည်။ ဤအရာကို အလင်းရောင်တစ်ခုအဖြစ် ရှုမြင်ကာ သူသည် လူများကို ရွှေဒင်္ဂါးပြားများ ပို၍စုဆောင်းစေရန် ခိုင်းစေလိုက်ပြီး အမျိုးသမီးတပည့် နောက်ထပ်တစ်သုတ်ကိုလည်း စေလွှတ်ရန် ပြင်ဆင်လိုက်၏။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဂိုဏ်းမှ အမျိုးသမီးတပည့်များကို ဧည့်သည်များနှင့် အဖော်ပြုပေးခိုင်းခြင်းသည် ပြောရမည်ဆိုပါက နားဝင်ဆိုးကောင်း ဆိုးနိုင်သည်။ သို့သော် ဂိုဏ်းအတွက် ရရှိလာမည့် အကျိုးအမြတ်များနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ လုံးလုံးလျားလျား အရေးမပါတော့ချေ။
သူ ထိုသို့မှာပင် တွေးနေစဉ် တပည့်တစ်ဦး ရောက်ရှိလာပြီး သတင်းပို့သည်။
"ဂိုဏ်းချုပ်... ဂိုဏ်းထဲက အကြီးအကဲတစ်ယောက်က နတ်ဆိုးမြို့တော်ထဲမှာ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ခဲ့တာကြောင့် အကူအညီ တောင်းခံနေပါတယ်...ကျေးဇူးပြုပြီးတော့ ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ညွှန်ကြားပေးပါ..."
ဤစကားများက ကျီးဝူချန်၏စိတ်ကို ကြည်လင်သွားစေသည်။ နတ်ဆိုးမြို့တော်အကြောင်း ပြောရမည်ဆိုလျှင် အစစ်အမှန်နတ်ဆိုးအမွေအနှစ်သည် သံသယဖြစ်ဖွယ်မရှိလောက်အောင်ပင် အဖိုးတန်ဆုံးအရာ ဖြစ်ပေမည်။
ထိုအရာသည် အရပ်မျက်နှာအဘက်ဘက်မှ လောဘတကြီးအကြည့်များကို ဆွဲဆောင်ထားပြီး မရေမတွက်နိုင်သော လူများက လိုချင်တပ်မက်နေကြသည်။ သို့သော် အစစ်အမှန်နတ်ဆိုးအမွေအနှစ်အပြင် တခြားရတနာအမြောက်အများလည်း ကျန်ရှိနေဆဲပင်။
နတ်ဆိုးမြို့တော်ထဲရှိ လျှို့ဝှက်နယ်မြေတစ်ခုသည် သာမန်လျှို့ဝှက်နယ်မြေတစ်ခု မဖြစ်နိုင်ပေ။ ထိုအရာ၏တန်ဖိုးကို တိုင်းတာ၍ပင် မရနိုင်ချေ။
"ငါ နားလည်ပြီ...ဒီကိစ္စအတွက် ငါကိုယ်တိုင် အဲ့ဒီနေရာဆီ တပည့်တွေကို ဦးဆောင်ပြီး သွားမယ်...ဒါ့ပြင် အဲ့ဒီ လူကြီးမင်းတွေကို မင်းတို့က သေချာလေး ဧည့်ခံခိုင်းထားရမယ်... နည်းနည်းလေးတောင်မှ လစ်ဟင်းလို့ မဖြစ်ဘူး..."
ညွှန်ကြားချက်တချို့ ပေးပြီးနောက် ကျီးဝူချန်သည် သူ၏လူများကို စုရုံးကာ ဂိုဏ်းမှ ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်နယ်မြေဆီသို့ ထွက်ခွာသွားတော့သည်။
…
တစ်ချိန်တည်းမှာပင်... ဓားတစ်သောင်းဂိုဏ်း၌...
ဂိုဏ်းချုပ်ပိုင်ဝူရှားသည် ဂိုဏ်းအရေးကိစ္စများနှင့် တစ်နေ့တာလုံးနီးပါး အလုပ်များနေပြီးနောက် နောက်ဆုံးတွင် မူလနေရာမှ အရင်းအမြစ်များကို ရှင်းလင်းနိုင်ခဲ့သည်။ ထို့နောက် သူတို့သည် နတ်ဆိုးမြို့တော်၏ နက်ရှိုင်းသော နေရာများသို့ ချီတက်သွားကြ၏။ ထောင်နှင့်ချီသော ပုံရိပ်များ ထွက်ခွာသွားကြပြီး ဤသည်မှာ ကြီးကျယ်ခမ်းနားသော ချီတက်မှုကြီးပင်။
ပိုင်ဝူရှားသည် ကောင်းကင်ယံသို့မော့ကြည့်ကာ သက်ပြင်းချလိုက်၏။
"ငါ တောင်းပန်ပါတယ်... ငါ့ရဲ့ညီအစ်ကို ဝူချန်ရာ..."
ဂိုဏ်းမှ အကြီးအကဲတစ်ဦးက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"ဂိုဏ်းချုပ်... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး... ရာသီလေးပါးဂိုဏ်းက နားလည်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."
ဤစကားများက လူများအားလုံးကို ဝေဝါးသော ခံစားချက်တစ်ခု ပေးစွမ်းနိုင်ခဲ့ပေ၏။
နားလည်ပေးမယ်လား... ဘာကို နားလည်ပေးမှာလဲ... ဓားတစ်သောင်းဂိုဏ်းရဲ့ သစ္စာဖောက်မှုကို နားလည်ပေးမှာလား...
"ထားလိုက်ပါတော့... အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ...ဘဝဆိုတာက ရှေ့ကိုပဲ ကြည့်ရမယ်..အတိတ်မှာပဲ နစ်မြုပ်နေတာက ငါတို့ ကျင့်ကြံသူတွေရဲ့ စရိုက်လက္ခဏာ မဟုတ်ပါဘူး..."
ပိုင်ဝူရှားက သူ့ကိုယ်သူ အားပေးလိုက်သည်။ ထို့နောက် သူသည် လူများအားလုံးကို ဦးဆောင်၍ ရှေ့သို့ လျှင်မြန်စွာ ခရီးဆက်သွားတော့သည်။
သို့သော် သူ၏စိတ်နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုတချို့ကို ခံစားနေရဆဲပင်။
"ညီအစ်ကိုဝူချန်တစ်ယောက် ဘယ်လိုနှိပ်စက်ညှဉ်းပန်းမှုမျိုးကို ခံစားနေရလဲဆိုတာ ငါ မသိဘူး... သူက ဓားတစ်သောင်းဂိုဏ်းအစား အပြစ်တွေကို ခံနေရတာပဲ..."
သူ ထိုသို့ တွေးတောနေစဉ်မှာပင်...
သူ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရှင်းပြ၍မရနိုင်လောက်အောင်ပင် တောင့်တင်းသွားသည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ လုံးလုံးလျားလျား စိတ်လှုပ်ရှားသွားပေ၏။
"ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ..."
အကြီးအကဲတစ်ဦးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"အဲ့ဒါ... အဲ့ဒါက ကျီးဝူချန် မဟုတ်လား..."
ပိုင်ဝူရှားသည် မလှမ်းမကမ်းသို့ လက်ညှိုးညွှန်ပြပြီး အံ့အားတသင့် အော်ဟစ်လိုက်သည်။ လူများအားလုံးသည် သူ လက်ညှိုးညွှန်ပြသည့် နေရာသို့ ကြည့်လိုက်ကြသည်။ မိုးကောင်းကင်ယံတွင် ပုံရိပ်ဆယ်ခုကျော်သည် လျင်မြန်စွာ ချဉ်းကပ်လာပေ၏။
ဤသည်မှာ အမှန်တကယ်ကို လျှို့ဝှက်နယ်မြေဆီသို့ ဦးတည်သွားနေသော ကျီးဝူချန်ပင်။
ပိုင်ဝူရှားက ကျီးဝူချန်တို့အုပ်စုကို ရှာဖွေတွေ့ရှိသွားသည့် အချိန်အခိုက်အတန့်တွင် ကျီးဝူချန်သည်လည်း ပိုင်ဝူရှားတို့အုပ်စုကို ရှာဖွေတွေ့ရှိသွားသည်။
"ရောင်းရင်းပိုင်..."
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျီးဝူချန်နှင့် သူ၏နောက်ရှိ လူများသည် ပိုင်ဝူရှားတို့၏ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
"ရောင်း... ရောင်းရင်းကျီး..မတွေ့ရတာ ကြာပြီပဲ..."
ပိုင်ဝူရှားသည် မူလက လူအုပ်ကြီး၏နောက်တွင် ပုန်းအောင်းချင်ခဲ့သော်လည်း သူ၏နာမည်ကို ခေါ်ဆိုခြင်း ခံလိုက်ရလေပြီ။ ဤအချိန်မှ သူ ပုန်းအောင်းပါက အလွန်အမင်း အရှက်မဲ့ပြီး တာဝန်မဲ့ရာကျပေမည်။ သူက ချက်ချင်းဆိုသလိုပင် အတင်းအကြပ် ပြုံးပြကာ ပြောဆိုလိုက်၏။ ဓားတစ်သောင်းဂိုဏ်းမှ တခြားတပည့်များအားလုံးသည် အနည်းငယ် ရှက်ရွံ့မှုကို ခံစားရကာ သူတို့၏အကြည့်များကို ရှောင်ဖယ်လိုက်ကြသည်။
ကျီးဝူချန်က နောက်ထပ်အချိန်တခဏတွင် သူတို့ကို ပြစ်တင်စွပ်စွဲလိမ့်မည်ဟု သူတို့ ထင်မှတ်ထားစဉ်မှာပင်...
သူက စိတ်အားထက်သန်စွာဖြင့် ပြောဆိုလိုကိသည်ကို သူတို့ ကြားလိုက်ရပေ၏။
"ရောင်းရင်းပိုင်... ညီအစ်ကိုတွေဆိုတာ ဒါမျိုးဖြစ်နေရမှာ....မင်းက ငါ့ရဲ့အချစ်ဆုံး သူငယ်ချင်းနဲ့ ညီအစ်ကိုပဲ...ငါက မင်းကို ကျေးဇူးတင်စကားပြောဖို့ နောက်နေ့မှ လာလည်ဖို့ကို စဉ်းစားနေတာ... ဒါပေမဲ့ ဒီနေရာမှာ မင်းနဲ့လာတွေ့လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက ငါတို့ ညီအစ်ကိုတွေရဲ့ ကံကြမ္မာရေစက်ပဲ..."
ဤစကားများက ပိုင်ဝူရှား ဦးဆောင်သော ဓားတစ်သောင်းဂိုဏ်းမှ တပည့်များအားလုံးကို ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားစေခဲ့သည်။ သူတို့ လုပ်နိုင်သည်မှာ မည်သည့်အရာမျှ မရှိတော့ချေ။ တစ်ဖက်လူသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် ခနဲ့တဲ့တဲ့ စကားများကို အသုံးပြုနေခြင်းပင်။ သူတို့ ဘာတတ်နိုင်မည်နည်း။ သူတို့ဘက်က အရင်မှားယွင်းခဲ့ခြင်း ဖြစ်သောကြောင့် သူတို့သည် ဤကိစ္စကို သည်းခံရပေမည်။
ပိုင်ဝူရှားသည် တစ်စုံတစ်ခုကို ရှင်းပြလိုသော်လည်း တွေဝေတုံ့ဆိုင်းနေပေ၏။
"ရောင်းရင်းကျီးကြီး... ငါ..."
"ရောင်းရင်းပိုင်... ဘာမှမပြောပါနဲ့....ဒီခင်မင်ရင်းနှီးမှုကို ငါ မှတ်ထားလိုက်ပြီ...ငါတို့ရဲ့ ဆက်ဆံရေးနဲ့ဆိုရင် ကျေးဇူးတင်တယ်လို့ ပြောဖို့က အရမ်းသူစိမ်းဆန်လွန်းနေမယ်..."
"ဒါပေမဲ့လည်း ငါ ကျေးဇူးတင်တယ်လို့ ပြောချင်သေးတယ်...တကယ်လို့ မင်းသာ အဲ့ဒီအရှင်သခင်တွေကို ငါ့ရဲ့ရာသီလေးပါးဂိုဏ်းဆီ လာလည်ဖို့ အကြံမပြုခဲ့ဘူးဆိုရင်... ငါတို့ဂိုဏ်းကဒီအခွင့်အရေးကို ရခဲ့မှာ မဟုတ်ဘူး..."
"ဒါပေမဲ့... မင်း လူအိုကြီး... အဲ့ဒီစီနီယာတွေ လာလည်တဲ့အချိန်မှာ ငါ ပြင်ဆင်ထားဖို့အတွက် အနည်းဆုံးတော့ မင်း ငါ့ကို ကြိုပြီးအသိပေးသင့်တယ်..."
"ဒါက ငါတို့နဲ့ အဲ့ဒီစီနီယာတွေကြားမှာ ကြီးမားတဲ့ နားလည်မှုလွဲမှားတာတွေကိုတောင် ဖြစ်စေခဲ့တော့မလို့ပဲ..."
အစပိုင်းတွင် ပိုင်ဝူရှားအပါအဝင် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များအားလုံးသည် ကျီးဝူချန်က ခနဲ့တဲ့တဲ့ ပြောနေသည်ဟု ထင်မှတ်ထားခဲ့ကြ၏။ သူသည် သူတို့အား ထိုကိစ္စကို ခနဲ့တဲ့တဲ့ ပြောနေခြင်း ဖြစ်သည်ဟုသာ ယူဆထားကြသည်။ သို့သော် သူတို့သည် နားထောင်ရင်းနှင့် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
ကျီးဝူချန်က အလွန်စိတ်အားထက်သန်စွာ ပြောဆိုနေသည်။ သူသည် ခနဲ့တဲ့တဲ့ ပြောဆိုနေပုံ လုံးဝမပေါက်ဘဲ အသံထွက်မလာသည်အထိ စိတ်အားထက်သန်နေခြင်း ဖြစ်ပေ၏။
ဒါ့ပြင် ဘာအခွင့်အရေးလဲ...
သူတို့သည် သိပ်နားမလည်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။ ယခုချိန်၌ ပိုင်ဝူရှားပင်လျှင် အနည်းငယ် စိတ်ရှုပ်ထွေးသွားလေပြီ။ သူက သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။
"ရောင်းရင်းကျီး... သေချာ ရှင်းပြစမ်းပါ... ဘာတွေ ဖြစ်နေတာလဲ..."
ကျီးဝူချန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ငါရှေ့မှာ ဟန်ဆောင်နေတုန်းလား...အဲ့ဒီစီနီယာတွေက မင်းကို အကျိုးအမြတ်တွေ အများကြီး ပေးခဲ့မှာ သေချာတယ်...ဟုတ်တယ်မလား...သူတို့က ငါ့ကို ဘာတွေ ဆုချခဲ့လဲဆိုတာ မင်း သိလား..."
သူသည် ထိုစကားကို ပြောဆိုနေရင်းဖြင့် နံဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်၏။ တခြားမည်သူတစ်ဦးတစ်ယောက်မျှ အာရုံစိုက်ခြင်း မရှိသည်ကို မြင်တွေ့ချိန်၌ သူက ပိုင်ဝူရှားအနီးသို့ ချဥ်းကပ်သွားပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောဆိုလိုက်သည်။
"ကြည့်စမ်း...ဒီပစ္စည်းပဲ...ဒီအင်မော်တယ်ရွှေရုပ်ထုက ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်ပေးနိုင်တယ်..."
"ဒါကို တစ်ကြိမ် အသက်သွင်းလိုက်တာနဲ့ ဆယ့်နှစ်နာရီ ခံတယ်..ဒီရုပ်ထုကို အသက်သွင်းပြီးသွားရင် အားပြန်ဖြည့်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်ဖြည့်ဖို့ပဲ လိုအပ်တာ..."
"ဒီပစ္စည်းက အခုချိန်မှာ ရာသီလေးပါးဂိုဏ်းရဲ့ အဖိုးတန်ဆုံး ရတနာပဲ... ငါက ဘယ်သူ့ကိုမှ ဒီအကြောင်း ပြောပြမှာ မဟုတ်ဘူး...ဒါပေမဲ့ ငါတို့က ညီအစ်ကိုတွေလေ....ရောင်းရင်းပိုင် ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးတဲ့ ဝှက်ဖဲတစ်ခုပဲ... အခုက ဒါကို ထုတ်ပြရမယ့် အချိန်မဟုတ်ဘူး... မင်း မှတ်ထားအုံး... မင်းရဲ့ ညီအစ်ကိုအတွက် ဒီကိစ္စကို လျှို့ဝှက်ချက်အနေနနဲ့ ထိန်းသိမ်းပေးထားရမယ်..."
သူသည် စကားပြောနေရင်းနှင့် ပိုင်ဝူရှား၏ပခုံးကို တည်ကြည်လေးနက်သော အမူအယာဖြင့် ပုတ်လိုက်၏။ ထို့နောက် သူက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဒါနဲ့... ငါ့ထက်အရင် အဲ့ဒီစီနီယာတွေကို မင်းက သိကျွမ်းခဲ့တာလေ.... မင်းရော သူတို့ဆီကနေ ဘာရတနာတွေ ရခဲ့လဲ...မင်းရဲ့ ညီအစ်ကိုကို အမြင်ကျယ်သွားအောင် မင်း ပြသပေးနိုင်မလား..."
ပိုင်ဝူရှားက တုံ့ပြန်အဖြေမပေးခဲ့ချေ။ ပို၍ တိကျစွာပြောရလျှင် သူသည် ယခုအချိန်၌ ထုံကျင်နေလေပြီ။
ဒါဆို... အဲ့ဒီအရှင်သခင်တွေက ငါ့ရဲ့နေရာမှာ ဘေးကပ်ဆိုးတစ်ခု ဖြစ်ခဲ့ပေမယ့် ရာသီလေးပါးဂိုဏ်းကို ရောက်သွားတဲ့အချိန်မှာတော့ သူတို့က အရမ်းကို ရက်ရောခဲ့ကြတာပေါ့...
ကျီးဝူချန်၏ရှင်းပြပေးမှုအရ ဤအင်မော်တယ်ရွှေရုပ်ထုကို ဘိုးဘေးကျင့်ကြံသူတစ်ဦးအဖြစ် အသုံးပြုနိုင်ပေမည်။ ဤကဲ့သို့ အမြင့်မြတ်ဆုံး ရတနာသည် ထိပ်သီးအင်အားစုကြီးလေးစုကိုပင် မနာလိုဖြစ်စေပြီး လှုပ်ရှားစေနိုင်သည်။ သို့သော် ဤကဲ့သို့ အမြင့်မြတ်ဆုံး ရတနာမျိုးသည် ဤအတိုင်း အလကား ပေးအပ်ခြင်း ခံခဲ့ရသလော။
ဆိုလိုသည်မှာ အကယ်၍ သူသာ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်ကို အဝေးသို့ မပို့ခဲ့လျှင် ဤရတနာသည် ထိုကြီးမြတ်သောပုဂ္ဂိုလ်ထံမှ ဓားတစ်သောင်းဂိုဏ်းအတွက် ဆုလာဘ်တစ်ခု ဖြစ်လာနိုင်ခြင်းပင်။
ဤအခြေအနေကို တွေးတောမိချိန်၌ ပိုင်ဝူရှားသည် အသက်ရှူမဝလောက်အောင်ပင် ရင်ကွဲနာကျသွားခဲ့သည်။ သူသည် အခွင့်အရေးတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားမိပေ၏။ သူ၏ရှေ့တွင်ရတနာကို ကြွားလုံးထုတ်နေသော ကျီးဝူချန်ကို ကြည့်ရင်း သူ၏နှလုံးသား ပို၍ပင် နာကျင်လာခဲ့သည်။
ဤသည်မှာ သူ ဖော်ပြရန်မစွမ်းသော နာကျင်မှုတစ်ခုပင်။ ဤသည်က သူ၏ရတနာ ဖြစ်သင့်သည် မဟုတ်လော။
Thank For Reading.