ဝမ်ကန်း ရောက်ရှိလာခြင်း
Vol. 37 Ch. 396
အခြေစိုက်စခန်း တည်ဆောက်ပြီးစီးသွားပြီးနောက် ကုန်သည်အသင်းနှင့် ပတ်သက်သည့် ကိစ္စများမှာ ခေတ္တမျှ အေးဆေးသွား၏။
သူတော်စင် ဆရာကြီးများနှင့် ဆရာများက စီစဉ်ပေးထားသည့် နေအိမ်များအပေါ် အလွန် ကျေနပ်ကြသည်။
နောက်ပိုင်းတွင် သူတို့က တစ်ဦးပြီးတစ်ဦး လာရောက် အခြေချကြမှာ ဖြစ်ကာ ကုန်သည်အသင်း တရားဝင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ကြပေလိမ့်မည်။
ထို့ပြင် ထန်ထျန်း၏ ကျော်ကြားမှု မြင့်တက်နေသည့် ဤကာလအတွင်း နယ်ပယ်အသီးသီးမှ ဆရာ အများအပြားက ထျန်းရှထုန် ထံသို့ သူတို့ဘာသာ လာရောက် ပူးပေါင်းကြ၏။
သူတို့၏ ရည်ရွယ်ချက်များမှာ မတူညီကြသော်လည်း အခြေခံအားဖြင့်တော့ မကြာမီ ခရီးစတင်တော့မည့် ဤသင်္ဘောကြီးပေါ်သို့ တက်လိုခြင်းပင် ဖြစ်သည်။
သို့သော် ထန်ထျန်းက ချက်ချင်း လက်မခံသေးဘဲ သူတို့၏ အချက်အလက်များကိုသာ မှတ်တမ်းတင်ထားလိုက်၏။ ဝမ်ကန်းတို့ ရောက်လာမှသာ ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
စောင့်ဆိုင်းနေသည့် ရက်များအတွင်း ထန်ထျန်းက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့၏။
ရွှေအင်မော်တယ် အစောပိုင်း အဆင့်မှာ တည်ငြိမ်စွာ တိုးတက်နေသည်။
ကောင်းကင်မှ ရတနာများစွာ၏ အကူအညီဖြင့် သူ၏ ကျင့်ကြံမှု အမြန်နှုန်း မှာ ကြောက်ခမန်းလိလိ ဖြစ်နေဆဲပင်။
လဝက် ခန့် အကြာတွင် ရွှေအင်မော်တယ် အစောပိုင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ အဆင်ပြေချောမွေ့စွာ တက်လှမ်းနိုင်တော့မှာ ဖြစ်၏။
ထိုအချိန်မှာပင် ဝမ်ကန်းက ထျန်းဖူနန်းတော် သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့တော့သည်။
"သခင်"
ဝမ်ကန်းက ဒူးတစ်ဖက် ထောက်ကာ နှုတ်ဆက်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
သူကထျန်းဖူနန်းတော် ပေါ်သို့ တက်လှမ်းနိုင်မည့်နေ့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။
ထန်ထျန်းက ကုန်သည်အသင်းကို လွှဲပြောင်းယူပြီးနောက် တစ်နှစ်ခန့်အတွင်းမှာပင် အတိုင်းအတာနှင့် ပမာဏမှာ အဆပေါင်း ဆယ်ဂဏန်းမက ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ထျန်းဖူနန်းတော် တွင် အခြေချနိုင်ခြင်းမှာ နတ်သက်ကြွေသကဲ့သို့ပင် အဆင့်မြင့်လှ၏။
အရင်က အိမ်မက်ထဲမှာတောင် ယခုကဲ့သို့ အောင်မြင်မှုမျိုး ရလိမ့်မည်ဟု သူ မမက်ဖူးခဲ့ပေ။
အရာအားလုံးမှာ ထန်ထျန်း ပေးခဲ့ခြင်း ဖြစ်သည်။
"ပင်ပန်းသွားကြ ပြီ။"
ထန်ထျန်းက ပြုံးလျက် ဝမ်ကန်းကို ထူပေးလိုက်၏။
ဝမ်ကန်း၏ အနောက်မှ ကျင့်ကြံသူ တစ်ရာကျော်မှာလည်း ထန်ထျန်း၏ အချက်ပြမှုဖြင့် မတ်တပ်ရပ်လိုက်ကြသည်။
ဤသူများမှာ ထျန်းရှထုန် ကုန်သည်အသင်းအတွင်းမှ စေ့စေ့စပ်စပ် ရွေးချယ်ထားသည့် အမာခံ အင်အားစုများ ဖြစ်ကြ၏။ အားလုံးက စီးပွားရေး ပါရမီရှင်များ မဟုတ်ကြသော်လည်း အရည်အချင်းပိုင်းတွင်မူ မည်သည့် ပြဿနာမှ မရှိကြပေ။
"လမ်းမှာ အခက်အခဲတွေ အများကြီး ရှိခဲ့မှာပဲ။"
"အရင်ဆုံး နားနားနေနေ နေကြဦး၊ အားအင်တွေ ပြည့်ဝလာပြီဆိုမှ ငါ မင်းတို့ကို ကုန်သည်အသင်း အခြေစိုက်စခန်းဆီ ခေါ်သွားမယ်"
ထန်ထျန်းက ပြုံးလျက် ပြော သည်။
ဝမ်ကန်းက ကပျာကယာ အရိုအသေပေး ကာ "သခင် အတွက် အမှုထမ်းရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"
ထန်ထျန်းက လက်ကာပြကာ သူတို့ကို ထုန်းရှန့်တောင် ခြေရင်းတွင် ခေတ္တ နားခိုင်းလိုက်သည်။
ဧည့်ခံကျွေးမွေးပြီးနောက် ထန်ထျန်း၊ ဝမ်ကန်းနှင့် လီဟုန် သုံးဦးတို့က စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
ထန်ထျန်းက ထျန်းဖူနန်းတော် ၏ အခြေအနေအရပ်ရပ်ကို ဝမ်ကန်းအား ပြောပြထားပြီး ဖြစ်သည်။
"ဘယ်လိုလဲ... ဒီရွှမ်ယွင်မျှော်စင်ကို ယှဉ်ဖို့ ယုံကြည်ချက် ရှိရဲ့လား"
ထန်ထျန်းက လနတ်သမီး ဝိုင် ကို အေးအေးဆေးဆေး သောက်ကာ ပြုံးလျက် မေးလိုက်၏။
သို့သော် ဝမ်ကန်းက ထိုစကားကို ကြားပြီးနောက် မျက်မှောင် ကြုတ်သွားသည်။
"အကယ်၍ အခြေအနေက သခင် ပြောသလိုဆိုရင်တော့ ရွှမ်ယွင်မျှော်စင်ကို စိန်ခေါ်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါလိမ့်မယ်။"
သူက ဖြည်းဖြည်းချင်း ဆက်ပြောသည်။ "ကုန်သည်အသင်း တစ်ခုအတွက် အရေးအကြီးဆုံးက ကုန်ပစ္စည်း ထောက်ပံ့ရေး လမ်းကြောင်းပဲ။ "
"ကျွန်တော်တို့က သူတော်စင် ဆရာကြီးတွေနဲ့ ဆရာတွေကိုပဲ အားကိုးပြီး ထိပ်တန်း ကုန်သည်အသင်းကြီး တစ်ခုအဖြစ် ရပ်တည်ဖို့ မဖြစ်နိုင်ဘူး။"
" အကယ်၍ ရွှမ်ယွင်မျှော်စင်က ကုန်ပစ္စည်း ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ရင် ကျွန်တော်တို့ အလွန် အကျပ်ရိုက်သွားလိမ့်မယ်။ "
"အဲဒီအခါ အရှုံးပေါ်ဖို့ကတော့ ရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲ"
ထန်ထျန်းက အသာအယာ ပြုံးလိုက်၏။ အပေါ်ယံကြည့်လျှင်တော့ ထိုသို့ပင် ဖြစ်ပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ ထျန်းရှထုန် ၏ ရပ်တည်မှုမှာ ပို၍ ခက်ခဲလာမှာ ဖြစ်သည်။
"ဒါဆို မင်းမှာ ဘာအကြံကောင်း ရှိလဲ"
ထန်ထျန်းက မေးလိုက်၏။
ဝမ်ကန်းက ခဏ စဉ်းစားကာ "နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး။"
"ကုန်သည်ဆိုတာ အခြေခံအားဖြင့် အမြတ်အစွန်း နောက်ကိုပဲ လိုက်ကြတာပါ။ "
"ကျွန်တော်တို့က သူတို့အတွက် ပိုမိုများပြားတဲ့ အကျိုးအမြတ်တွေကို ပေးနိုင်သရွေ့ ကျွန်တော်တို့ဘက်မှာ ရပ်တည်မယ့်သူတွေ ရှိလာမှာပဲ။ "
"ပြီးတော့ အခု သခင် ရဲ့ နောက်မှာ အားကောင်းတဲ့ ကျောထောက်နောက်ခံ ရှိနေတာဆိုတော့ ရွှမ်ယွင်မျှော်စင်ရဲ့ ကာကွယ်ရေးကို ဖောက်ထွက်ဖို့ တခြား နည်းလမ်းတွေကိုလည်း သုံးလို့ရပါတယ်။ "
"ဥပမာ..."
ဝမ်ကန်းက အားတက်သရော ပြောပြနေပြီး ဖြစ်နိုင်ခြေရှိသော နည်းလမ်းများစွာကို တကယ်ပင် စဉ်းစားနိုင်ခဲ့သည်။
သို့သော် ထန်ထျန်းကမူ သူ့ကို ဤမျှအထိ ပင်ပန်းစေရန် ရည်ရွယ်ချက် မရှိပေ။
သူ လိုချင်သည်မှာ အမြန်နှုန်း ဖြစ်၏။
ခုနက မေးသည်မှာ ဝမ်ကန်းကို စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။
ရလဒ်အရဆိုလျှင် ဤလူ၏ အရည်အချင်းမှာ ပတ်ဝန်းကျင်နှင့် အဆင့်အတန်း ပြောင်းလဲမှုကြောင့် ကျဆင်းသွားခြင်း မရှိသည်ကို တွေ့ရ၏။
"ကောင်းပြီ... တော်တော် ကောင်းတယ်။"
ထန်ထျန်းက ချီးကျူးလိုက်သည်။
ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်ကာ "ဒါပေမဲ့ ငါ့ရဲ့ အတွေးကတော့ ရိုးရိုးလေး ရပ်တည်နေဖို့တင် မဟုတ်ဘူး။"
"ငါက ထျန်းရှထုန် ကို အချိန်တိုအတွင်းမှာ ရွှမ်ယွင်မျှော်စင်ကို လုံးဝ အလဲထိုးစေချင်တာ။ "
"ပြီးရင် ထျန်းဖူနန်းတော် ရဲ့ ကုန်သွယ်ရေးလောကကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပစ်ချင်တယ်။"
" အရင်က ချင်းယွဲ့ဂိုဏ်း မှာ လုပ်ခဲ့သလိုမျိုးပေါ့"
ဝမ်ကန်းမှာ ချက်ချင်းပင် ကြောင်အသွား၏။
"ဗျာ..."
သူ၏ မျက်နှာ မှာ ပို၍ ကြုတ်သွားတော့သည်။
"ဒါကိုတော့ ကျွန်တော် သေချာ စဉ်းစားရပါဦးမယ်။ "
"အဓိကကတော့ သခင် အနေနဲ့ ဘယ်လောက် အချိန်အတွင်းမှာ ဒီပန်းတိုင်ကို ရောက်ချင်သလဲဆိုတာပဲ... "
"ဟင်း... ထည့်သွင်း စဉ်းစားရမယ့် အချက်တွေက အများကြီးပဲ..."
ဝမ်ကန်းက နက်နဲစွာ စဉ်းစားနေတော့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ထန်ထျန်းက သူ့ကို ဆက်ပြီး မစတော့ဘဲ ပြုံးလျက် ပြောလိုက်၏။ "အကယ်၍ ငါက မင်းကို လုံလောက်တဲ့ ရန်ပုံငွေတွေ ပေးမယ်၊ ပြီးတော့ ကုန်သည်အသင်းရဲ့ အရှုံးအမြတ်ကို ဂရုမစိုက်ဘူး ဆိုရင်ကော။ "
"မင်း ဒီအလုပ်ကို အောင်မြင်အောင် လုပ်နိုင်မယ့် ယုံကြည်ချက် ရှိလား"
ဝမ်ကန်းမှာ နောက်တစ်ကြိမ် မှင်သက်သွားပြန်သည်။
"ဗျာ"
သူက စက္ကန့်အနည်းငယ်ခန့် ကြောင်နေပြီးမှ စမ်းတဝါးဝါး မေးလိုက်၏။ "သခင်... လုံလောက်တယ် ဆိုတာက... ဘယ်လောက်လဲ ခင်ဗျ"
ထန်ထျန်းက ပြုံးလျက် "အကန့်အသတ် မရှိဘူး။"
"မင်း သုံးချင်သလောက် သုံးလို့ရတယ်။ "
"မင်း လိုချင်သလောက် ပေးမယ်"
ဝမ်ကန်းမှာ လုံးဝ ဆွံ့အသွားတော့သည်။
အကန့်အသတ်မရှိသော ရန်ပုံငွေ ဆိုသည်မှာ ဘယ်လို အဓိပ္ပာယ်မျိုးနည်း။
ကုန်သွယ်ရေးလောကတွင် ဤအခြေအနေမျိုးမှာ ကျင့်ကြံခြင်းလောက၌ အကန့်အသတ်မဲ့ ကျင့်ကြံမှု စွမ်းအား ရှိနေသကဲ့သို့ပင်
လုံးဝ ပြိုင်ဘက်ကင်းသော တည်ရှိမှုကြီး ဖြစ်၏
မည်သည့် အစီအစဉ်၊ မည်သည့် ပရိယာယ် သို့မဟုတ် မည်သည့် လူမှုဆက်ဆံရေးကိုမျှ ဂရုစိုက်နေရန် မလိုတော့ပေ
ကုန်ပစ္စည်း ထောက်ပံ့ရေး လမ်းကြောင်း မရှိဘူးလား။ ပိုက်ဆံနဲ့ ပေါက်လိုက်
ဆရာတွေ မလုံလောက်ဘူးလား။ ပိုက်ဆံနဲ့ ပေါက်လိုက်
ကုန်ပစ္စည်း မရောင်းရမှာ စိုးရိမ်နေသလား။ ပိုက်ဆံနဲ့ ပေါက်လိုက်
စျေးနှုန်းစစ်ပွဲကို တိုက်ရိုက် ဆင်နွှဲလိုက်ရုံပင်။ အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် ပြိုင်ဘက်အားလုံး ပြန်မထနိုင်တော့သည်အထိ ရိုက်နှက်လိုက်ရုံသာ
သို့သော် ဤကဲ့သို့သော အကျိုးသက်ရောက်မှု ရရှိရန်အတွက် ငွေမည်မျှ လိုအပ်မည်နည်း။
ဝမ်ကန်းက အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်၏။
ရွှမ်ယွင်မျှော်စင် ကဲ့သို့သော ကုန်သည်အသင်းကြီး၏ စုစုပေါင်း တန်ဖိုးမှာ ထရီလီယံ ပေါင်း များစွာ ရှိပေလိမ့်မည်။
ထိုက်ယိမဟာမိတ်၊ စစ်နတ်ဘုရားနန်းတော် ကဲ့သို့သော ထိပ်တန်း အင်အားစုများကိုလည်း လျှော့တွက်၍ မရပေ။ သူတို့က ကုန်သွယ်ရေးလောကတွင် သာမန်သာ ဖြစ်သော်လည်း စုစုပေါင်း ပိုင်ဆိုင်မှုမှာ ဘီလီယံ ပေါင်း ထောင်ချီ ရှိပေလိမ့်မည်။
ဝမ်ပေါင်ရေကန် ရှိ သေးငယ်သော ကုန်သည်အသင်း အားလုံးကို ပေါင်းလိုက်လျှင် ထရီလီယံ တစ်ထောင် ကျော် ရှိပေလိမ့်မည်
စီးပွားရေး နိယာမများအရ ဝမ်ပေါင်ရေကန် ၏ လက်ရှိ အခြေအနေကို အမြစ်ပြတ် ဖျက်ဆီးပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းရန်အတွက် အနည်းဆုံး တာအို ကျောက်စိမ်း တစ်ဆယ် ထရီလီယံ ခန့် လိုအပ်ပေလိမ့်မည်။
ထန်ထျန်းက သူ၏ ကြွယ်ဝမှုအပေါ် ဤမျှအထိ ယုံကြည်ချက် ရှိနေသည်လား။
ထိုအကြောင်းကို တွေးမိသောအခါ ဝမ်ကန်းသည် ထန်ထျန်း အရင်က သူ့ကို ပြောခဲ့ဖူးသည့် စကားကို ပြန်လည် သတိရသွားသည်။
"ပိုက်ဆံ ကိစ္စကိုတော့ စိတ်မပူနဲ့"
သို့သော် ထိုစကားကို ချင်းယွဲ့ဂိုဏ်း ကဲ့သို့သော နေရာမျိုးတွင် ပြောခြင်းနှင့်ထျန်းဖူနန်းတော် အတွင်း၌ ပြောခြင်းမှာ လုံးဝ မတူညီသော အခြေအနေ နှစ်ခု ဖြစ်ပေသည်။
ဝမ်ကန်းက အသက်ကို ပြင်းပြင်း ရှူလိုက်၏။
"သခင်... အကယ်၍ တကယ်ပဲ အဲဒီလိုဆိုရင်တော့။"
"ပြင်ပက အင်အားကြီး တွေရဲ့ နှောင့်ယှက်မှု မရှိသရွေ့။"
"ကျွန်တော် ယုံကြည်ချက် ရှိပါတယ်၊ တစ်နှစ်အတွင်းမှာပဲ ထျန်းရှထုန် ကုန်သည်အသင်းက ထျန်းဖူနန်းတော် ရဲ့ ကုန်သွယ်ရေးလောက တစ်ခုလုံးကို သိမ်းပိုက်စေရပါမယ်"
ထန်ထျန်းက ခေါင်းညိတ်ပြ၏။
ဤအချိန်အတိုင်းအတာမှာ သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။
ပြင်ပ အင်အားကြီး ဆိုသည်မှာ ဝမ်ကန်း အနေဖြင့် ထျန်းဖူနန်းတော် အထက်ပိုင်း၏ ကြားဝင် စွက်ဖက်မှုကို ဆိုလိုခြင်း ဖြစ်မှာ ဖြစ်သည်။
ဤသည်မှာ ဖြစ်နိုင်ခြေ ရှိပေသည်၊ ဘာပဲဖြစ်ဖြစ် ဤမျှ ကြီးမားသော စျေးကွက်ကြီးကို ကုန်သည်အသင်း တစ်ခုတည်းက ကြီးစိုးသွားမည်ကို သူတို့ ခွင့်ပြုမှာ မဟုတ်ပေ။
သို့သော် ရှင်းဟယ် အင်မော်တယ် ဧကရာဇ် ရှိနေသလို သူကလည်း အမြတ်အစွန်းကို ဂရုမစိုက်သဖြင့် ဆွေးနွေးစရာ နည်းလမ်းများစွာ ရှိနေဆဲ ဖြစ်သည်။
"ကောင်းပြီ... ဒါဆိုရင် ကုန်သည်အသင်းရဲ့ ရှေ့ဆက်ကိစ္စတွေကို...."
"မင်းလက်ထဲပဲ အပ်လိုက်ပြီ"