သူ့ကို ပိတ်ခိုင်းလိုက်
Vol. 37 Ch. 397
တစ်ရက်ခန့် အနားယူပြီးနောက် ဝမ်ကန်းက ထျန်းရှထုန်၏ အမာခံ ဝန်ထမ်းများကို ခေါ်ဆောင်ကာ အပူတပြင်း ပြင်ဆင်မှုများ စတင်တော့သည်။
ထန်ထျန်းကမူ အရာအားလုံးကို ဝမ်ကန်းထံ လွှဲအပ်ထားပြီး သူကိုယ်တိုင်မှာတော့ ငြိမ်သက်စွာဖြင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေ၏။
သူက ပိုက်ဆံ ထောက်ပံ့ပေးရန်သာ တာဝန်ယူထားခြင်း ဖြစ်သည်။
သူ၏ အိတ်အတွင်း၌ တာအို ကျောက်စိမ်း ဆယ်ဘီလီယံ ခန့်သာ ရှိသေးသော်လည်း စနစ် ရှိနေသရွေ့ ၎င်းမှာ ပို၍သာ များပြားလာမှာ ဖြစ်သည်။
ထရီလီယံ ဆယ်ဂဏန်းမကဘဲ ကွာထရီလီယံ ပေါင်းများစွာ ဖြစ်လာရန်မှာလည်း အချိန်တစ်ခုသာ လိုအပ်ပေသည်။
လုံလောက်သော ရန်ပုံငွေ အာမခံချက်အောက်တွင် ဝမ်ကန်း၏ စွမ်းရည်မှာ အပြည့်အဝ ထွက်ပေါ်လာတော့သည်။
ကုန်ပစ္စည်း လက်ဝါးကြီးအုပ်ခြင်း သို့မဟုတ် ထောက်ပံ့ရေး လမ်းကြောင်း ဖြတ်တောက်ခြင်း စသည့် ကိစ္စများမှာ ပြဿနာ မဟုတ်တော့ပေ။
စီးပွားရေးလုပ်ငန်းရှင် အများအပြားမှာ ရွှမ်ယွင်မျှော်စင်၏ သြဇာအာဏာကို ကြောက်ရွံ့သဖြင့် ထျန်းရှထုန်နှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြသော်လည်း အချို့မှာမူ ကြီးမားသော အကျိုးအမြတ်ကို မက်မောသဖြင့် ထန်ထျန်း၏ သင်္ဘောပေါ်သို့ တက်လာကြ၏။
အချို့မှာမူ အပြင်ပန်းတွင် ရွှမ်ယွင်မျှော်စင်ကို ကတိပေးထားသော်လည်း အခြားသော နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ထန်ထျန်းနှင့် သွယ်ဝိုက် ပူးပေါင်းဆောင်ရွက်ကြသည်။
ရွှမ်ယွင်မျှော်စင် အနေဖြင့်လည်း သူတို့၏ အမှားကို ဖမ်းဆုပ်၍ မရနိုင်သဖြင့် ထျန်းရှထုန်က သူတို့ ချမှတ်ထားသော ကာကွယ်ရေးစည်းကို အလျင်အမြန် ဖောက်ထွက်သွားသည်ကို ကြည့်နေရုံမှအပ အခြားမတတ်နိုင်ပေ။
ရွှမ်ယွင်မျှော်စင် အတွင်း၌...
"ပိုက်ဆံနဲ့ ပေါက်လိုက်တာလား"
ဖုန်းယွီချင်းက အဓိက ထိုင်ခုံတွင် ထိုင်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေ၏။ သူမ၏ မျက်နှာထက်တွင် ထူးခြားသော အရိပ်အယောင် မရှိပေ။
သို့သော် အခြားသော ရွှမ်ယွင်မျှော်စင် အဆင့်မြင့် အကြီးအကဲ များမှာမူ မျက်နှာ ပျက်နေကြသည်။
"ဟုတ်ပါတယ်"
တစ်ဦးက စကားစလိုက်၏။ "လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူတို့က သာမန် ကုန်ပစ္စည်း ထောက်ပံ့မှု ရဖို့အတွက်တင် တာအိုကျောက်စိမ်း ဘီလီယံပေါင်းများစွာ သုံးပစ်ခဲ့တာ"
" တကယ်ကို ရူးနေသလိုပဲ"
"လုပ်ငန်းရှင် တော်တော်များများက ဒီလောက်များတဲ့ ပိုက်ဆံကို မငြင်းနိုင်တော့ဘဲ သူတို့နဲ့ တိတ်တဆိတ် ပူးပေါင်းကုန်ကြပြီ"
ဖုန်းယွီချင်းက ထိုစကားကို ကြားပြီးနောက် နုနယ်သော လက်ချောင်းလေးများဖြင့် ဝိုင်ခွက်ကို ပွတ်သပ်နေ၏။
"ကလေးကလား ဆန်လိုက်တာ"
သူမ၏ မျက်နှာထက်တွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။
"သူတို့ ဘယ်လို နည်းလမ်းကောင်းတွေ သုံးမလဲလို့ ငါက ထင်နေတာ၊ တကယ်တော့ ဒီလို ကလေးဆန်တဲ့ နည်းလမ်းကို သုံးတာကိုး။"
"ပိုက်ဆံနဲ့ ပြဿနာကို ဖြေရှင်းတာက အစောပိုင်းမှာ တည်ငြိမ်ဖို့ပဲ လုပ်နိုင်မှာပါ။ သူက ဒီလိုမျိုး အမြဲ လုပ်နိုင်ပါ့မလား။"
"အချိန် နည်းနည်း ကြာလာတာနဲ့အမျှ ငါတို့ ကိုယ်တိုင် ဘာမှ လုပ်စရာ မလိုဘဲ သူတို့ဘာသာ ပျက်စီးသွားလိမ့်မယ်"
ဖုန်းယွီချင်းက ခေါင်းခါလိုက်၏။ ထန်ထျန်း၏ လုပ်ရပ်အပေါ် သူမက အလွန် စိတ်ပျက်နေပုံ ရသည်။
သို့သော် ရွှမ်ယွင်မျှော်စင် အကြီးအကဲ က မျက်မှောင်ကြုတ်ကာ "ဒါပေမဲ့ ထန်ထျန်း အခုလို လုပ်လိုက်တာက အစောပိုင်း ကုန်ပစ္စည်း ထောက်ပံ့မှုမှာတော့ ပြဿနာ မရှိတော့ဘူး။"
" ပြီးတော့ ထိပ်တန်း သူတော်စင် ဆရာကြီး ၁၈ ဦး ရှိနေတာဆိုတော့ သူ့ကို အချိန်တိုအတွင်း အရှုံးပေးအောင် လုပ်ဖို့ ခက်လိမ့်မယ်"
ဖုန်းယွီချင်းက အသာအယာ ပြုံးလျက် "ဒါဆိုလည်း ဖြည်းဖြည်းချင်းပေါ့။"
"ရန်သူကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သူတို့ တဖြည်းဖြည်း ပျက်စီးသွားတာကို ကြည့်ရတာလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။"
"ဒီလိုမျိုး ဆက်သွားရင် ထန်ထျန်းရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်အထိ ခံမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ဖုန်းယွီချင်း၏ စကားကို ကြားရမှ ရွှမ်ယွင်မျှော်စင် အကြီးအကဲ များမှာ စိတ်သက်သာရာ ရသွားကြသည်။
အမှန်တော့ သူတို့သည်လည်း ထန်ထျန်းကို အရေးတယူ မလုပ်ကြပေ။ ထိုက်ယိမဟာမိတ် ပင်လျှင် သူတို့လက်အောက်တွင် ရှုံးနိမ့်ခဲ့ရဖူးရာ ထျန်းရှထုန် က ဘာဖြစ်နိုင်ဦးမှာနည်း။
သူတို့၏ ဖိအားမှာ ဖုန်းယွီချင်းက ၁၀ ရက်အတွင်း ထန်ထျန်းကို နှင်ထုတ်ရန် ပြောခဲ့ခြင်းကြောင့်သာ ဖြစ်၏။
ယခု ထိုဖိအား မရှိတော့သဖြင့် သူတို့လည်း ပွဲကြည့်ရန်သာ ပြင်လိုက်ကြသည်။
"ထန်ထျန်း အခု ဘာလုပ်နေလဲ"
ဖုန်းယွီချင်းက မေးလိုက်၏။
အကြီးအကဲ က "ထျန်းရှထုန် ကတော့ အပူတပြင်း ပြင်ဆင်နေတုန်းပဲ၊ မကြာခင် ဖွင့်နိုင်တော့မယ် ထင်တယ်။ "
"ထန်ထျန်းကတော့..."
" ဝမ်ကန်း ရောက်လာပြီးကတည်းက ထုန်းရှန့်တောင် ကို ပြန်သွားပြီး ကျင့်ကြံနေတာ။ "
"ရှင့်ပေါင်ကျွန်း မှာ သူ့ကို မမြင်ရတာ ကြာပြီ"
ဖုန်းယွီချင်းက နှာခေါင်းရှုံ့ကာ "သူက တော်တော် စိတ်အေးလက်အေး ရှိတာပဲ။"
"ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို တခြားလူ လက်ထဲ လုံးဝ အပ်ထားရဲတယ်ပေါ့။ "
"ငါက သူ့ကို ကလေးဆန်တယ်လို့ ပြောရမလား၊ မိုက်မဲတယ်လို့ ပြောရမလား မသိတော့ဘူး။"
"ဒီလိုလူမျိုးကတောင် ငါ့ကို လူပုံအလယ်မှာ လျစ်လျူရှုရဲတယ်ပေါ့..."
ဖုန်းယွီချင်းက ထန်ထျန်းအပေါ် အငြိုးအတေး အရှိဆုံးမှာ ထိုနေ့က လူပုံအလယ်တွင် လျစ်လျူရှုခံခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်က သူမက စိတ်ဝင်တစားဖြင့် ဤလူငယ်လေးကို လာကြည့်ခဲ့ခြင်း ဖြစ်သော်လည်း မထင်မှတ်ဘဲ ဤလူငယ်က မည်သည့် ကြောက်ရွံ့မှုမှ မရှိသည့်အပြင် အခြေခံ ယဉ်ကျေးမှုပင် မရှိသည်ကို တွေ့လိုက်ရ၏။
အရှင်ချီ ပင်လျှင် သူမကို မျက်နှာသာ ပေးရသည် မဟုတ်လား၊ ထန်ထျန်းက ဘာကို အားကိုးနေသနည်း။
သူမက ထန်ထျန်းကို သူမရှေ့တွင် ဒူးထောက် တောင်းပန်စေရမည်ဟု ဆုံးဖြတ်ထားသည်။
"ဆက်ပြီး ပိတ်ဆို့ထားလိုက်၊ ငါတို့ရဲ့ အမိန့်ကို ဖီဆန်တဲ့သူတွေ၊ ဟန်ပြ လုပ်နေတဲ့သူတွေကိုပါ နာမည်ပျက်စာရင်း သွင်းလိုက်။"
ဖုန်းယွီချင်းက အေးစက်စွာ ပြောလိုက်၏။ "ဒီလိုအချိန်မှာ ငါတို့ကို ဆန့်ကျင်ရဲတယ်ဆိုရင် ကုန်သွယ်ရေးလောကကနေ ထွက်ခွာဖို့ ပြင်ထားလိုက်ကြပေါ့။ "
"ပြီးတော့ မကြာခင်မှာ အထူး အစီအစဉ်တွေနဲ့ လျှော့စျေးတွေ ပေးလိုက်။"
"သူ့မှာ ကုန်ပစ္စည်း ရှိလည်း ဘာထူးမှာလဲ၊ ရောင်းထွက်ဖို့လည်း လိုဦးမယ်လေ။"
"ငါ သူ့ကို ငါတို့နဲ့အတူ စျေးနှုန်းစစ်ပွဲ ဆင်နွှဲလာအောင် လုပ်မယ်။"
"သူက အရိုးရှင်းဆုံးနဲ့ အကြမ်းတမ်းဆုံး နည်းလမ်းကို ကြိုက်တယ်ဆိုမှတော့ ရွှမ်ယွင်မျှော်စင် က ဘာကြောင့် ကုန်သွယ်ရေးလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်သလဲဆိုတာကို အဲဒီနည်းလမ်းနဲ့ပဲ သင်ခန်းစာ ပေးလိုက်မယ်"
ရွှမ်ယွင်မျှော်စင် အကြီးအကဲ က ခေါင်းညိတ်လိုက်၏။
အချိန်ကန့်သတ်ချက် မရှိတော့သဖြင့် ထန်ထျန်းကို ဖြည်းဖြည်းချင်း နှိပ်စက်ရန် သူ ယုံကြည်ချက် အပြည့် ရှိနေသည်။
ငွေအင်အားချင်း ယှဉ်မည်လား။
ရွှမ်ယွင်မျှော်စင်က မည်သူ့ကိုမှ မကြောက်ပေ။
.....
ချင်းရွှီခြံဝင်း ...
ထန်ထျန်းက ရက်အနည်းငယ် ကျင့်ကြံပြီးတိုင်း ခြံဝင်းသို့ ပြန်လာကာ ကုန်သည်အသင်း၏ အခြေအနေကို မေးမြန်းလေ့ ရှိသည်။
ဤကာလအတွင်း သူ၏ အိတ်ထဲမှ တာအို ကျောက်စိမ်းမှာ ၁၀ ဘီလီယံ ခန့် ရှိနေပြီ ဖြစ်၏။
ငွေများက တဖြည်းဖြည်း ကုန်ဆုံးနေသဖြင့် ရင်းနှီးမြှုပ်နှံမှုမှာ ဘီလီယံ ပေါင်းများစွာ ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ဤမျှ ကြီးမားသော ရန်ပုံငွေ အင်အားကြောင့် ကုန်သည်အသင်းမှာ အခြေခံအားဖြင့် အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ကာ စစ်ဆေးမှုအချို့ ပြီးလျှင် တရားဝင် ဖွင့်လှစ်နိုင်တော့မှာ ဖြစ်၏။
"ရွှမ်ယွင်မျှော်စင် က ဒီရက်ပိုင်းမှာ လျှော့စျေး အစီအစဉ်တွေ လုပ်နေတယ်၊ ဒါက ရှားရှားပါးပါး ကိစ္စပဲ။ ဒါကြောင့် သူတို့ ဆိုင်မှာ လူတွေ အရမ်း စည်ကားနေပါတယ်။"
" ကျွန်တော်တို့ ဖွင့်တဲ့အခါ စျေးနှုန်းကို ထင်ထားတာထက် ပိုလျှော့ရနိုင်တယ်"
ဝမ်ကန်းက ပြောသည်။
ထန်ထျန်းက ခေါင်းညိတ်ကာ "ကိစ္စမရှိပါဘူး။"
"ကုန်သွယ်ရေးလောကရဲ့ စနစ်ကို ပျက်မှာ မစိုးရိမ်ရင် ငါက အလကားတောင် ပေးချင်တာ"
သူ၏ ငွေရှာသည့် နည်းလမ်းမှာ ဝယ်ယူခြင်း ဖြစ်ပြီး ရောင်းချခြင်း မဟုတ်ပေ။
ဝမ်ကန်းကမူ ခါးသက်သက် ပြုံးလိုက်၏။
သူ၏ သခင်ဖြစ်သူ၏ အတွေးများမှာ အမြဲတမ်း မထင်မှတ်စရာပင်။
"အင်း... စျေးလျှော့တာက ပြဿနာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အစောပိုင်းမှာ အရင်းရဖို့ မမျှော်လင့်ထားဘူးလေ။"
" ဒါပေမဲ့ ရွှမ်ယွင်မျှော်စင် အခုလို လုပ်တာက သက်ရောက်မှုတော့ ရှိမှာပဲ။ "
"ဖောက်သည် အများကြီးကို သူတို့ဆီ ဆွဲခေါ်သွားလိမ့်မယ်"
ဝမ်ကန်းက ဆက်ပြောသည်။
ထန်ထျန်းက "ဪ..." ဟု ရေရွတ်လိုက်ကာ ခဏ စဉ်းစားပြီးမှ "ဖောက်သည်တွေ ပါသွားမှာ စိုးရိမ်တယ် ဆိုရင်တော့..."
"သူတို့ကို ပိတ်ခိုင်းလိုက်ရုံပေါ့~"
ဝမ်ကန်းမှာ ချက်ချင်း ကြောင်သွား၏။
"ပိတ်ခိုင်းမယ်"
"ဘယ်လို ပိတ်ခိုင်းမှာလဲ။ "
"အရှင်ချီ ရဲ့ အရှိန်အဝါနဲ့ ဖိအားပေးမှာလား၊ ဒါပေမဲ့ ဒါကလည်း လုံလောက်မှာ မဟုတ်ဘူးလေ"
သူက ထန်ထျန်း၏ စကားကို နားမလည်နိုင် ဖြစ်နေ၏။
ထန်ထျန်းက ခေါင်းခါလျက် "သူ ဘယ်လောက် အစွမ်းထက်နေပါစေ သူက ပစ္စည်းရောင်းတဲ့သူပဲ။"
"မင်းက သူ့ဆိုင်ထဲက ပစ္စည်းတွေကို အကုန် ဝယ်ပစ်လိုက်ရင် ရောင်းစရာ ပစ္စည်း မရှိတော့ဘူးလေ၊ အဲဒီအခါ သူ ဘယ်သူ့ကို ရောင်းမလဲ။"
"မပိတ်လို့ ဘာလုပ်မှာလဲ"
ဝမ်ကန်းမှာ လုံးဝ ဆွံ့အသွားတော့သည်။
ဤကဲ့သို့သော လုပ်ရပ်မျိုး...
စဉ်းစားလို့ မရတာ မဟုတ်ဘဲ တစ်ခါမှ မတွေးဖူးခြင်းသာ ဖြစ်၏
ပြိုင်ဘက်ကို ပိတ်သွားအောင် ဤနည်းလမ်းမျိုး မည်သူ သုံးဖူးသနည်း။
ပိတ်သွားအောင် လုပ်နိုင်သည် ဆိုဦးတော့၊ နောက်ပိုင်းမှာကော ဘယ်လိုလုပ်မလဲ။
ဤနည်းလမ်းကို အမြဲတမ်း သုံးနိုင်ပါ့မလား။
"သခင်... ဒါက..."
"ရွှမ်ယွင်မျှော်စင်ရဲ့ ကုန်ပစ္စည်း သိုလှောင်မှုကို ကြည့်ရင် သူတို့ ပိတ်သွားဖို့အတွက် အနည်းဆုံး ဘီလီယံ ပေါင်း ဆယ် နဲ့ချီ လိုလိမ့်မယ်..."
ဝမ်ကန်းက သတိပေးလိုက်၏။
သို့သော် ထန်ထျန်းကမူ အလွန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အင်း... ကောင်းတယ်၊ တော်တော် ကောင်းတယ်။"
"ဒါဆို ဒီအတိုင်းပဲ လုပ်လိုက်ကြစို့၊ ငါတို့ရဲ့ ကုန်ပစ္စည်း သိုလှောင်မှုအတွက်လည်း အဆင်ပြေသွားတာပေါ့။"
" ဒီနည်းလမ်းက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"
ထန်ထျန်း၏ ဂုဏ်ယူနေသော အမူအရာကို ကြည့်ကာ ဝမ်ကန်းမှာ စိတ်ညစ်သွားတော့သည်။
ဤကဲ့သို့သော နည်းလမ်းမျိုးကို ကြုံလိုက်ရလျှင် ဖုန်းယွီချင်း ပင်လျှင် ကြောင်သွားမှာ အသေအချာပင်။