← Chapters

အခန်း (၇၂၃-၇၂၄)

Vol. 73 Ch. 723-724

အခန်း (၇၂၃-၇၂၄)

Vol. 73 Ch. 723-724

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၃ + ၇၂၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင် ခေါင်းညိတ်သည်။ "ခွင့်ပြုတယ်။"

နှစ်ရက်အကြာတွင် မင်းသမီးယွီကျိန်း ၊ သူမ၏ မယ်တော်နှင့် မောင်တော်တို့သည် အနောက်တောင်ပိုင်းမှ မထွက်ခွာမီ သူမတို့နှင့်အတူ ပါလာခဲ့သော စစ်သည်တစ်ထောင်ကျော်ကို ဦးဆောင်ကာ အန်နမ်နိုင်ငံဆီသို့ ထွက်ခွာသွားကြလေ၏။

ထိုစစ်သည်တစ်ထောင်ကျော်သည် တုပိုင်နှင့်အတူ ရေတွက်၍မရနိုင်သော တိုက်ပွဲပေါင်းများစွာကို ပခုံးယှဉ်တိုက်ပွဲဝင်ခဲ့ကြပြီး အနောက်တောင်ပိုင်းကို ကာကွယ်ရန် အသက်စွန့်ခဲ့ကြသူများ ဖြစ်ကြသည်။

ထို့နောက် မကြာမီမှာပင် ကျန်းနန်နယ်စားမင်းထံမှ စာတစ်စောင် ရောက်ရှိလာခဲ့ရာ ၊ ထိုစာထဲတွင် ဆုတ်ဖြဲထားသော ဝတ်ရုံစတစ်စသာ ပါဝင်သည်။ ဤသည်ကား ဝတ်ရုံကိုဖြတ်၍ သံယောဇဉ်ကို ဖြတ်တောက်လိုက်ခြင်းလော။

**--**--**--**--**--**--**--**

သုံးရက်အကြာတွင် တုပိုင်၏ စစ်တပ်သည် စိချွမ်းနှင့် ဟူနန်ပြည်နယ်များအတွင်းသို့ ဝင်ရောက်လာ၏။

မွန်းတည့်ချိန်၌ မွေးစားအဖေ လီဝမ်ဟွေ့သည် သူ့ထံသို့ ရောက်ရှိလာသည်။

လီဝမ်ဟွေ့ သက်ပြင်းချလိုက်သည်။ "အခုတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီ။ အနောက်တောင်ပိုင်းမှာ အရည်အချင်းရှိတဲ့ သူရဲကောင်းတွေ အများကြီး ရှိနေပြီဆိုတော့ အဖေ ဒီမှာ ဆက်နေလည်း သိပ်ပြီး အသုံးဝင်တော့မှာ မဟုတ်ပါဘူး။ အဖေ မြို့တော်ကိုပဲ ပြန်တော့မယ်။"

မင်းသမီးယွီကျိန်း ထွက်ခွာသွားခဲ့ပြီ ဖြစ်သလို ၊ ယခုအခါ တုပိုင်နှင့် အရင်းနှီးဆုံးသူဖြစ်သည့် မွေးစားအဖေ လီဝမ်ဟွေ့ပါ ထွက်ခွာသွားတော့မည် ဖြစ်လေသည်။

"မွေးစားအဖေ... အဖေပါ ကျွန်တော့်ကို စွန့်ပစ်သွားတော့မလို့လား" တုပိုင် မျက်ရည်ဝဲလျက် တုန်ယင်စွာ မေးမြန်းလိုက်၏။

လီဝမ်ဟွေ့ တုပိုင်ကို စိုက်ကြည့်ရင်း ရှင်းပြလေသည်။ "အဖေက သားရဲ့ မွေးစားအဖေဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ အဖေက တာ့နင်အင်ပါယာရဲ့ မှူးမတ်တစ်ယောက်ပဲ။ အရှင်မင်းကြီးက ပေကျင်းမြို့တော်ကို ပြန်လာဖို့ ခေါ်ဆောင်နေတဲ့အတွက် သွားရောက်ခစားရဖို့က အဖေ့ရဲ့ တာဝန်ပဲ။"

တုပိုင်၏ စိတ်ထဲ၌ စွမ်းအင်ယဉ်ကျေးမှုအကြောင်းနှင့် ဟူနန်နှင့် စိချွမ်းပြည်နယ်တို့တွင် စွမ်းအင်ယဉ်ကျေးမှုကို စတင်မွေးဖွားပေးနိုင်မည့် ကျောက်မျက်နှစ်တုံးအကြောင်းကို ဖွင့်ပြောပြချင်စိတ်များ ရုတ်တရက် ပြင်းထန်စွာ ဖြစ်ပေါ်လာရသည်။

သို့သော်လည်း သူ ကြိတ်မှိတ်၍ ထိန်းချုပ်လိုက်ရပြန်ချေ၏။ ဤကိစ္စသည် အလွန်တရာ အရေးကြီးလွန်းလှပေရာ တစ်ခဏတာ စိတ်ခံစားချက်ကို သည်းမခံနိုင်ပါက ကြီးမားလှသော မဟာအစီအစဉ်ကြီးများအားလုံး ပျက်စီးသွားရပေလိမ့်မည်။

လီဝမ်ဟွေ့ ခပ်လေးလေး ဆက်လက် ဖွင့်ဟလာပြန်သည်။ "ပိုင်အာ... ပုန်ကန်တဲ့ သစ္စာဖောက်ကြီးဆိုတဲ့ နာမည်ဆိုးကို ဘယ်တော့မှ အခေါ်မခံပါနဲ့လို့ အဖေ အရင်ကတည်းက မှာခဲ့ပြီးပြီလေ။ သားက ကလေးကောင်းတစ်ယောက်ဆိုတာကို မွေးစားအဖေ ယုံကြည်ပါတယ်။ ဒါပေမဲ့... အကယ်လို့ တစ်နေ့နေ့မှာ သားက အရှင်မင်းကြီးနဲ့ စစ်တပ်ချင်း ရင်ဆိုင်ရမယ့် အချိန်ရောက်လာခဲ့ရင် ၊ အဲဒီအချိန်က အဖေ သေရမယ့် အချိန်ပဲ။"

ထို့နောက် လီဝမ်ဟွေ့ ထွက်ခွာသွားလေ၏။ လူတစ်ယောက် ၊ မြင်းတစ်ကောင်တည်းဖြင့် မြောက်ဘက်ဆီသို့ အထီးကျန်ဆန်စွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

လီရူဟိုင်၏ ဇနီး ၊ တာ့ယန်တိုင်းပြည်၏ မိဖုရားလီ အရိုအသေပေးလျက် လျှောက်တင်လာ၏။ "သခင်... ကျွန်မတို့ လီမိသားစုက သခင့်ကို အမြဲတမ်း ထောက်ခံပြီး ၊ အချိန်တိုင်း နောက်ကနေ လိုက်ပါသွားမှာပါ။"

မြို့စားမင်း ကျီရှီရှောင်လည်း ခေါင်းညိတ် ကတိပြုလာသည်။ "ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကလည်း သခင့်အပေါ် အမြဲတမ်း သစ္စာရှိနေမှာပါ။"

ရှာမန် နိုင်ငံတော်ဆရာသခင်ကြီးလည်း အလေးအနက် ကတိပေးလာပေ၏။ "ကျွန်တော်တို့ ရှာမန် ဘုန်းတော်ကြီးတွေကလည်း သခင့်အပေါ် အမြဲတမ်း သစ္စာရှိနေမှာပါ။"

တုပိုင် တည်ကြည်စွာ အမိန့်ပေးလိုက်သည်။ "ငါ ဒီလောက်အထိ ကြီးမားတဲ့ ပေးဆပ်မှုတွေကို လုပ်ခဲ့ပြီးပြီ။ နောက်ထပ် စမ်းသပ်မှုအတွက် နိုင်ငံတော်ဆရာသခင်နဲ့ စစ်ခုန်းယဲ့... မင်းတို့ သေချာ ဂရုစိုက်ပြီး လုပ်ဆောင်ကြပါ။"

ရှာမန် နိုင်ငံတော်ဆရာသခင်ကြီး အရိုအသေပေးလျက် အမိန့်ခံယူလိုက်လေ၏။ "အမိန့်တော်အတိုင်းပါ သခင်။"

**--**--**--**--**--**--**--**

ရက်အနည်းငယ် အကြာတွင်...

"သခင်... ဝမ်းသာစရာပါ ၊ သတင်းကောင်းပါဗျာ..."

ထိုအချိန်၌ စစ်ခုန်းယဲ့သည် အပြေးအလွှား ရောက်ရှိလာပြီး တုပိုင်အား စကားတစ်ခွန်းမျှ မဟဘဲ ဆွဲခေါ်သွားလေသည်။

"သခင်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ ၊ မြန်မြန်လာပါဗျာ" စစ်ခုန်းယဲ့ အလောတကြီး တိုက်တွန်းလာ၏။

စစ်ခုန်းယဲ့မှာ အလွန်တရာ စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလျက် အာမေဍိတ်သံဖြင့် ပြော၏။ "သခင်... သခင် လုံးဝ ယုံနိုင်မှာ မဟုတ်ဘူး ၊ တကယ်ကို ယုံနိုင်မှာ မဟုတ်ဘူး။"

ထို့နောက် သူသည် တုပိုင်အား စမ်းသပ်ခန်း၏ အနက်ရှိုင်းဆုံးသော နေရာဆီသို့ အသည်းအသန် ဆွဲခေါ်သွားလေ၏။

စစ်ခုန်းယဲ့ ဂုဏ်ယူဝင့်ကြွားစွာ အစီရင်ခံလေသည်။ "သခင် ပေးခဲ့တဲ့ မိစ္ဆာပုံဆောင်ခဲက အရမ်းကို... အရမ်းကို အစွမ်းထက်လွန်းတယ်။ အရင်တုန်းက အမှောင်ဒြပ်စင် ၊ ဖျက်ဆီးခြင်းမြှားထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။"

မိစ္ဆာပုံဆောင်ခဲဆိုသည်မှာ ဝိညာဉ်မိစ္ဆာ၏ သွေးပုံဆောင်ခဲပင် ဖြစ်ပြီး ၊ တုပိုင် စစ်ခုန်းယဲ့အား စမ်းသပ်ရန်အတွက် အပိုင်းငယ်လေး တစ်ပိုင်း ဖြတ်ပေးထားခဲ့ခြင်း ဖြစ်သည်။

စစ်ခုန်းယဲ့၏ စိတ်ထဲတွင် ဉာဏ်ကြီးရှင်ဆန်သော အကြံဉာဏ်များစွာ ရှိနေခဲ့သော်လည်း သူသည် မှန်ကန်သော လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်ခဲ့ချေ။

ယခုအခါတွင်မူ အသက် တစ်ရာ့ငါးဆယ် အရွယ်ရှိပြီဖြစ်သော ရှာမန် နိုင်ငံတော်ဆရာသခင်ကြီး ပေါ်ထွက်လာခဲ့ပြီး စစ်ခုန်းယဲ့၏ ဝိညာဉ်ရေးရာ ဆရာသခင်အဖြစ် ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။

စစ်ခုန်းယဲ့ထံတွင် နေ့စဉ်နှင့်အမျှ ရေတွက်၍မရနိုင်သော ဉာဏ်ကြီးရှင်ဆန်သည့် အကြံဉာဏ်များ ပေါ်ထွက်နေတတ်ပြီး နေ့တိုင်း မရပ်မနား နှုတ်မှ ရေရွတ်နေတတ်ရာ ၊ ပုံမှန်အားဖြင့် မည်သူမျှ သူဆိုလိုသည်ကို နားမလည်နိုင်ကြသကဲ့သို့ လမ်းညွှန်မှုပေးရန်ဆိုသည်မှာ ပို၍ပင် ဝေးကွာလှပေ၏။

သို့သော် ဤရှာမန် နိုင်ငံတော်ဆရာသခင်ကြီးမူ စစ်ခုန်းယဲ့၏ ဗလုံးဗထွေးစကားများကို အလွယ်တကူ နားလည်နိုင်ပြီး သူ့အား လမ်းကြောင်းမှန်သို့ ညွှန်ပြပေးနိုင်နေသည်။ သူတို့နှစ်ဦးသည် လျင်မြန်စွာပင် ရင်းနှီးသော မိတ်ဆွေများ ဖြစ်သွားခဲ့ကြပြီး ၊ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက ရက်အနည်းငယ်အတွင်းမှာပင် ရလဒ်များ ထွက်ပေါ်လာသည်

စစ်ခုန်းယဲ့သည် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ကျောက်မျက်ကိရိယာတစ်ခုကို ထုတ်ယူပြသလိုက်သည်။ ဖွဲ့စည်းတည်ဆောက်ပုံမှာ အလွန်တရာ ရှုပ်ထွေးလှပြီး အမျိုးမျိုးသော လျှို့ဝှက်ရွှေများနှင့် ကျောက်မျက်များ ပါဝင်နေသော်လည်း အဓိက သော့ချက်မှာ အခြားကမ္ဘာမှ စွမ်းအင်ယဉ်ကျေးမှု၏ အရင်းအမြစ်ဟု အိပ်မက်စနစ်က တင်စားခေါ်ဝေါ်ထားသော အပြာရောင် ကျောက်မျက်ပင် ဖြစ်ပေ၏။

သူ ဖန်တီးထားသော ထိုကျောက်မျက်ကိရိယာသည် မည်သည့် တုံ့ပြန်မှုမျှ မရှိသေးသကဲ့သို့ ထူးခြားသည့် အင်္ဂါရပ်တစ်ခုမျှလည်း ရှိပုံမပေါ်ချေ။

စစ်ခုန်းယဲ့ လက်ခမောင်းခတ်လျက် ကြွားဝါလိုက်၏။ "ကဲ... အခု အံ့ဖွယ်ရာ တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြည့်ရမယ့် အချိန်ရောက်ပြီ။"

ထို့နောက် သူသည် ဝိညာဉ်မိစ္ဆာ၏ သွေးပုံဆောင်ခဲ အပိုင်းငယ်လေးတစ်ခုကို ထုတ်ယူလိုက်လေသည်။ ယင်းမှာ ပုစဉ်းရင်ကွဲတောင်ပံတစ်ခုကဲ့သို့ ပါးလွှာပြီး အလေးချိန်အားဖြင့် ၁ မီလီဂရမ်ခန့်သာ ရှိ၏။

စစ်ခုန်းယဲ့သည် ထိုဝိညာဉ်မိစ္ဆာ သွေးပုံဆောင်ခဲလေးအား ကျောက်မျက်ကိရိယာငယ်လေး၏ အတွင်းသို့ ထည့်သွင်းလိုက်သည်။

ရုတ်တရက်...

"ဖောင်းးး ဖြောင်းးး ဖြောင်းးး"

ထိုကျောက်မျက်နှစ်ခုထံမှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊ ယင်းမှာ မီတာဆယ်ဂဏန်းကျော် ရှည်လျားကာ ဗို့အား သောင်းဂဏန်းကျော် ရှိသဖြင့် အဆင့်မြင့် သိုင်းပညာရှင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလေ၏။

ဤကျောက်မျက်ကိရိယာ အတွင်းရှိ လက်ချောင်းတစ်ချောင်း အရွယ်အစားခန့်သာ ရှိသော အပြာရောင် ကျောက်မျက်လေးက ဤမျှလောက် ကြီးမားလှသော စွမ်းအင်ပမာဏကို ထုတ်လွှတ်ပေးလိုက်ခြင်းပင် ဖြစ်လေ၏။

စစ်ခုန်းယဲ့က တက်ကြွစွာ ရှင်းပြလေသည်။ "ဒီအပြာရောင် ကျောက်မျက်တွေက အစတုန်းကတော့ ဘာမှ အသုံးမဝင်ဘူး။ ဒါပေမဲ့ မိစ္ဆာပုံဆောင်ခဲနဲ့ တွေ့ဆုံသွားတဲ့ အချိန်မှာတော့ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ချက်ချင်း ပေါက်ကွဲထွက်လာတော့တာပဲ။ ဒါမှမဟုတ်လည်း အံ့မခန်း လျှပ်စီးကြောင်းတွေ ပေါက်ကွဲထွက်လာတာပေါ့။"

စစ်ခုန်းယဲ့ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြော၏။ "ဒါတင် မကသေးဘူး ၊ သခင်က သခင်မလေးနီရှန်က တစ်ဆင့် ကျွန်တော့်ဆီကို ကြယ်ငါးပွင့် စွမ်းအင်အစီအရင် ပုံစံကြမ်းကို ပို့ပေးခဲ့တယ်လေ။ အဲဒါကမှ တကယ့် ကောင်းကင်ဘုံကိုတောင် အာခံနိုင်တဲ့ လက်နက်ပဲ။ အဲဒါကမှ ကောင်းကင်နဲ့ မြေကြီးကို တကယ် ဖျက်ဆီးပစ်နိုင်တဲ့ အရာပဲ။ ပေမင်ဓားဂိုဏ်းက အဲဒီကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကြီးကို အားကိုးပြီးတော့ တစ်ကမ္ဘာလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်နေတာလေ။"

သူ၏ မျက်ဝန်းများ အရောင်လဲ့သွားကာ ဆက်ပြော၏။ "နောင်တစ်ချိန်မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်က စွမ်းအင် မှော်ပညာ အမျိုးအစားစုံကို စုဆောင်းပြီး သေးငယ်တဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင် တစ်ခု တည်ဆောက်ဖို့ပဲ။ အဲဒါက ရွှေ့ပြောင်းလို့ရတဲ့ စွမ်းအင်လက်နက် တစ်ခု ဖြစ်လာမှာ ၊ အကယ်လို့ အဲဒါသာ အောင်မြင်သွားခဲ့ရင်..."

အောင်မြင်သွားခဲ့လျှင်လော။ အထူးတလည် ပြောဆိုနေရန်ပင် မလိုအပ်တော့ချေ။

ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော လက်နက် ၊ စွမ်းအင် အမြောက်ကြီးသည် မည်သည့် ဟောင်ဝစ်ဇာ အမြောက်ကြီးထက်မဆို များစွာ ပိုမို အစွမ်းထက်လှပေလိမ့်မည်။

တုပိုင် ပြတ်သားစွာ ညွှန်ကြားလိုက်၏။ "ဒီ ကြယ်ငါးပွင့် စွမ်းအင်အစီအရင် လက်နက်အကြောင်း အခုလောလောဆယ် ငါ မပြောသေးဘူး။ ခုနက မင်း ငါ့ကို အံ့သြသွားစေခဲ့တဲ့ လျှပ်စီး ကျောက်မျက် ကိရိယာကိုပဲ အမြန်ဆုံး လက်နက်တစ်ခု ဖြစ်လာအောင် ချက်ချင်း ပြောင်းလဲလိုက်စမ်းပါ။"

စစ်ခုန်းယဲ့ ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်သည်။ "ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရေတွက်လို့မရတဲ့ အကြံဉာဏ်တွေ ရှိနေပြီးသားပါ။ လျှပ်စီး ကျောက်မျက်နဲ့ လျှပ်စီးဓားတွေကို ဖန်တီးလို့ ရတယ်။ သခင်... သခင့်ရဲ့ သွေးမိစ္ဆာစစ်သည်တွေက ဒီလျှပ်စီးဓားကို ကိုင်ဆောင်ထားမယ်ဆိုရင် ဘယ်လိုနေမလဲ ဆိုတာကို မြင်ယောင်ကြည့်လိုက်ပါ။ သူတို့ ရန်သူနဲ့ အနီးကပ် တိုက်ခိုက်ရတဲ့ အချိန်မှာ ဘယ်ပြိုင်ဘက်က ယှဉ်နိုင်တော့မှာလဲ။ ရန်သူက ဘယ်လောက်ပဲ ခိုင်မာတဲ့ သံချပ်ကာကို ဝတ်ဆင်ထားပါစေ ၊ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ၊ တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်မှာပဲ။"

ထို့နောက် သူ ဆက်လက် အစီရင်ခံလေ၏။ "ဒါပေမဲ့ ဒါက အစပဲ ရှိပါသေးတယ်။ နောက်ထပ် ကျွန်တော် အနီရောင် ကျောက်မျက်ကို ဆက်ပြီး သုတေသန လုပ်သွားဦးမှာ။ အဲဒါက သေချာပေါက် ပိုပြီး ကြီးမားတဲ့ အံ့အားသင့်စရာတွေကို ယူဆောင်လာပေးဦးမှာ။"

"အတိုချုပ် ပြောရရင် သခင် ပေးခဲ့တဲ့ ဝိညာဉ်မိစ္ဆာ ပုံဆောင်ခဲက စွမ်းအင် ကျောက်မျက်တွေ အားလုံးအတွက် ဓာတ်ကူပစ္စည်း တစ်ခုပဲ"

သူ ဆက်လက်၍ သုံးသပ်ပြသည်။ "အခု ကျွန်တော် သံသယဝင်နေတာ တစ်ခုက ဗိုက်ကင်းနိုင်ငံရဲ့ သံချပ်ကာ စစ်သင်္ဘောတွေမှာ ပါဝင်တဲ့ လျှို့ဝှက် စွမ်းအင် အူတိုင်ထဲမှာ အရေးအကြီးဆုံး အစိတ်အပိုင်းက သခင် ပေးခဲ့တဲ့ မိစ္ဆာပုံဆောင်ခဲပဲ ဖြစ်ရမယ်။ အဲဒါက စွမ်းအင် ကျောက်မျက်တွေကို ပြင်းထန်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်ပေါ်စေပြီး အလွန်တရာ အစွမ်းထက်တဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ပေးလိုက်တာပဲ။"

"သခင်... မိစ္ဆာကျောက်မျက်သာ ရှိမယ်ဆိုရင် ကောင်းကင်ဘုံကိုတောင် အာခံနိုင်တဲ့ လက်နက် အားလုံးကို ပိုင်ဆိုင်သွားပြီလို့ ဆိုရမှာပဲ။"

တုပိုင် အံ့အားသင့်ကာ တုန်လှုပ်သွားရလေ၏။ ဝိညာဉ်မိစ္ဆာ သွေးကျောက်မျက်က အလွန် အစွမ်းထက်ကြောင်းကို သူ သိရှိထားသော်လည်း ၊ ဤမျှလောက်အထိ အစွမ်းထက်ကာ စွမ်းအင် ဓာတ်ပြုမှုများ အားလုံးအတွက် ဓာတ်ကူပစ္စည်း တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယင်းသည် အခြားသော ကမ္ဘာများ အားလုံးရှိ စွမ်းအင် ပေါက်ကွဲမှုများအတွက် အခြေခံ ဒြပ်စင် တစ်ခုပင် ဖြစ်သည်။

ယခင်က တုပိုင် ဝိညာဉ်မိစ္ဆာ သွေးကျောက်မျက်မှ အပိုင်းငယ်လေး တစ်ပိုင်းကို ဖြတ်ပေးလိုက်ချိန်တွင် ဗိုက်ကင်းနိုင်ငံက မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်၍ ဝယ်ယူရန် ဆန္ဒရှိနေခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

တုပိုင် စိတ်ဝင်တစား မေးမြန်းလိုက်၏။ "ငါတို့ဆီမှာ ဒီအနီရောင် ကျောက်မျက်နဲ့ အပြာရောင် ကျောက်မျက်တွေ အများကြီး ရှိလား။"

"အများကြီး မရှိဘူး ၊ အရမ်းကို နည်းပါတယ်" ဟု စစ်ခုန်းယဲ့ ပြန်ဖြေသည်။ "စမ်းသပ်မှုတွေ လုပ်ဖို့အတွက်တော့ အဆင်ပြေပေမယ့် လက်နက်တွေကို အမြောက်အမြား ထုတ်လုပ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။"

ထိုစဉ် အိပ်မက်စနစ်က ထောက်ပြလာ၏။ "ဒီကျောက်မျက် နှစ်မျိုးက တစ်မျိုးက စိချွမ်းက မြေအက်ကွဲကြောင်းထဲမှာ ရှိပြီး ၊ နောက်တစ်မျိုးက ဟူနန်က မြေအက်ကွဲကြောင်းရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ ရှိတယ်။ အဲဒါတွေကလည်း စွမ်းအင် ဥက္ကာခဲ တစ်မျိုးပါပဲ။ တူးဖော်ရပါမယ်။"

**--**--**--**--**--**--**--**

တုပိုင်၏ စစ်တပ် နှစ်ခုသည် စိချွမ်းနှင့် ဟူနန်သို့ ဝင်ရောက်သွားပြီးနောက် အင်ပြည့်အားပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြရာ ရက်အနည်းငယ် အတွင်းမှာပင် ပြည်နယ်မြို့တော် အများစုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်လေ၏။

ပြည်နယ်နှစ်ခုမှ စစ်တပ်များမှာ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။

ယခုတစ်ကြိမ် စစ်တပ်စေလွှတ်လိုက်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ ကမ္ဘာကြီး ပြိုကျပျက်စီးသွားသကဲ့သို့ပင် ပြင်းထန်လှပေသည်။

ရေတွက်၍မရနိုင်သော ပြည်သူလူထု၏ ထင်မြင်ယူဆချက် ဝေဖန်မှုများက ဆူနာမီလှိုင်းလုံးကြီး တစ်ခုကဲ့သို့ ရိုက်ခတ်လာ၏။ ရေတွက်၍မရနိုင်သော တိုက်ခိုက် စွပ်စွဲသည့် စကားလုံးများ ထွက်ပေါ်လာသည်။

ပုန်ကန်သူနှင့် နိုင်ငံတော် သစ္စာဖောက် ဆိုသည့် ခေါင်းစဉ်များက တုပိုင်၏ ခေါင်းပေါ်သို့ ရူးသွပ်မတတ် စုပုံကျဆင်းလာလေ၏။

သူသည် နိုင်ငံကို ကယ်တင်ခဲ့သော သူရဲကောင်းကြီး တစ်ဦး အဖြစ်မှ ထီးနန်းကို လုယူရန် ကြိုးစားနေသည့် သစ္စာဖောက်ကြီး တစ်ဦး အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မြို့တော်ရှိ ဧကရာဇ်ကမူ ဆန့်ကျင်ဘက် အနေဖြင့် အလွန်တရာ တည်ငြိမ်နေပုံ ရလေ၏။ သူက အမိန့်တော် တစ်ရပ် ထုတ်ပြန်ကာ တုပိုင်အား မေးမြန်းခဲ့သည်။ "စိချွမ်း ဘုရင်ခံလား။ ဟူနန် ဘုရင်ခံက ဥပဒေကို ချိုးဖောက်ပြီး ဘာတွေများ လုပ်ခဲ့လို့လဲ။ ကိုယ်တော် အဲဒီနှစ်ယောက်ကို ရာထူးကနေ ချက်ချင်း ဖယ်ရှားလိုက်မယ်။ အကယ်လို့ တစ်ခုခု နားလည်မှုလွဲနေတာ ရှိခဲ့ရင် အပြည့်အဝ ဆွေးနွေး တိုင်ပင်လို့ ရပါတယ်။ ချစ်ခင်ရတဲ့သူတွေကို နာကျင်စေပြီး ရန်သူတွေကို ဝမ်းသာစေမယ့် အလုပ်မျိုးတွေကို ကျေးဇူးပြုပြီး မလုပ်ပါနဲ့။"

ဧကရာဇ်ယုံတယ်၏ အလွန်တရာ သနားစရာကောင်းသော ဟန်ဆောင် သရုပ်ဆောင်မှုက လူတိုင်း၏ ကိုယ်ချင်းစာ တရားကို ချက်ချင်း ရိတ်သိမ်းသွားနိုင်ခဲ့လေ၏။

မင်းသမီးနင်းရွှဲ့ကလည်း သူမ၏ ခင်ပွန်း တုပိုင်သည် တာ့နင်အင်ပါယာကို ဘယ်သောအခါမျှ သစ္စာဖောက်မည် မဟုတ်သကဲ့သို့ ဘယ်တော့မှလည်း ပုန်ကန်မည် မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။

သို့သော်လည်း သူမ၏ စကားများမှာ အမတ်များ၏ ဒေါသတကြီး ဝေဖန်မှုများအောက်တွင် လုံးဝ နစ်မြုပ် ပျောက်ကွယ်သွားခဲ့ရ၏။

နှင်းပွင့်များသဖွယ် များပြားလှသော အသနားခံစာများ နန်းတော်အတွင်းသို့ ပျံသန်း ဝင်ရောက်လာခဲ့ပြီး မင်းသမီးနင်းရွှဲ့နှင့် တုပိုင်တို့ကြား ရှင်းလင်းပြတ်သားသော စည်းမျဉ်းတစ်ခု တားရန် ဖိအားပေးလာကြလေရာ ဧကရာဇ်ယုံတယ်က မင်းသမီးနင်းရွှဲ့အား ထပ်မံ ဆင့်ခေါ်လိုက်ရတော့သည်။

"နင်းရွှဲ့... မင်းနဲ့ တုပိုင်တို့ လမ်းခွဲပြီး လုံးဝကို စည်းသားလိုက်သင့်ပြီ" ဧကရာဇ်ယုံတယ် အကြံပြု၏။ "အဲဒီလိုလုပ်မှပဲ မင်းက ကျီလျောင်နယ်စပ်မြို့ရဲ့ အုပ်ချုပ်ရေးမှူး အဖြစ် ဆက်ပြီး နေလို့ရမှာလေ။ အဲဒီလိုမှ မဟုတ်ရင် မြောက်ပိုင်း စစ်သည်သိန်းချီက မင်းရဲ့ လက်ထဲမှာ ရှိနေတော့ ပေကျင်းမြို့က ပြည်သူတွေအတွက် လုံခြုံမှု ရှိဖို့ ခက်ခဲသွားလိမ့်မယ်။ ပြီးတော့ အမတ်တွေကို ဖြေရှင်းဖို့ကလည်း ခက်ခဲတယ်။"

မင်းသမီးနင်းရွှဲ့ ပြတ်သားစွာ တုံ့ပြန်လိုက်သည်။ "အစ်ကိုတော် ဧကရာဇ်... ကျွန်မရဲ့ ခင်ပွန်းက ပုန်ကန်လိမ့်မယ် ဆိုတာကို ကျွန်မ လုံးဝ မယုံကြည်ပါဘူး။"

ဧကရာဇ်ယုံတယ် မျက်မှောင်ကြုတ်လျက် ထောက်ပြလိုက်၏။ "သူ့ရဲ့ စစ်တပ်က စိချွမ်းနဲ့ ဟူနန် တစ်ဝက်လောက်ကို သိမ်းပိုက်ထားပြီးပြီလေ။ မင်းက သူ မပုန်ကန်ဘူးလို့ ပြောနေတုန်းပဲလား။"

မင်းသမီးနင်းရွှဲ့က ခိုင်မာသော လေသံဖြင့် လျှောက်တင်လေ၏။ "အဲဒါက သူ့မှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိနေလို့ ဖြစ်ရမယ်။ အကယ်လို့ ခမည်းတော်သာ ဆိုရင် ဒီပြည်နယ် နှစ်ခုကို သူ့ကို ပေးလိုက်မှာပဲ။ ဒီလို အခြေအနေအထိကို သေချာပေါက် ရောက်လာမှာ မဟုတ်ဘူး။ အစ်ကိုတော် ဧကရာဇ်... အခု အစ်ကိုတော် အခြေအနေကို ပြန်လည် ထိန်းချုပ်ဖို့ အချိန်ရပါသေးတယ်။ ဒါကြောင့် အမြန်ဆုံး အမိန့်တော် ထုတ်ပြန်ပြီး ဟူနန်နဲ့ စိချွမ်း ပြည်နယ်တွေက အစ်ကိုတော် တုပိုင်ကို ပေးသနားလိုက်တဲ့ နယ်မြေတွေ ဖြစ်တယ်လို့ တစ်ကမ္ဘာလုံးကို ရှင်းပြပေးပါ။ ဒါမှသာ ပုန်ကန်သူနဲ့ သစ္စာဖောက် ဆိုတဲ့ ခေါင်းစဉ်ဆိုးကြီးက သူ့ရဲ့ ခေါင်းပေါ်ကို ကျရောက်လာမှာ မဟုတ်ဘူး။"

ဧကရာဇ်ယုံတယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သူ စိချွမ်းကို လိုချင်တယ် ဆိုလို့ ငါကိုယ်တော်က ပေးရမယ်။ သူ ဟူနန်ကို လိုချင်တယ် ဆိုလို့ ငါကိုယ်တော်က ထပ်ပေးရဦးမယ်။ ဒါဆို နောင်တစ်ချိန်ကျရင် သူက ငါကိုယ်တော်ရဲ့ ထီးနန်းကိုပါ လိုချင်လာရင်ရော။ အဲဒီအခါကျရင်လည်း ငါကိုယ်တော်က လက်နှစ်ဖက်နဲ့ ပင့်ပြီးဆက်သရဦးမှာလား။"

မင်းသမီးနင်းရွှဲ့ မလျှော့တမ်း ဆက်လက် လျှောက်တင်၏။ "အခု မောင်တော်တုပိုင်က လူပေါင်း သောင်းသောင်းလောက်ရဲ့ စွပ်စွဲ ပြစ်တင်တာကို ခံနေရပြီ။ လူတိုင်းက သူ့ကို တာ့နင်အင်ပါယာရဲ့ အကြီးဆုံး ပုန်ကန်သူကြီး ၊ သစ္စာဖောက်ကြီး ဆိုပြီး ဝေဖန်နေကြတယ်။ အစ်ကိုတော်က သူ့ကို နှိပ်ကွပ်ဖို့ ကြိုးစားနေတာလား။ တကယ်လို့ သူ့ကိုသာ နှိပ်ကွပ်လိုက်မယ်ဆိုရင် တာ့နင်အင်ပါယာကြီး တကယ် ပျက်စီးသွားလိမ့်မယ်။ အစ်ကိုတော် ဧကရာဇ်က ဘာလို့ ဒီလောက်တောင် ဉာဏ်ပညာ မရှိရတာလဲ။"

ဧကရာဇ်ယုံတယ် ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားကာ ၊ သူ၏ မျက်ဝန်းများမှာ မိုးအုံ့လိုက် နေသာလိုက် ဖြစ်နေသကဲ့သို့ မတည်မငြိမ် ဖြစ်နေပြီး ဖြည်းညင်းစွာ အမိန့်ပေးလိုက်လေ၏။ "နင်းရွှဲ့... မင်း တုပိုင်နဲ့ လမ်းခွဲပြီး လုံးဝကို စည်းသားလိုက်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ကျီလျောင်နယ်စပ်မြို့ရဲ့ အုပ်ချုပ်ရေးမှူး ရာထူးကို စွန့်လွှတ်လိုက်တော့။"

**--**--**--**--**--**--**--**

မင်းသမီးနင်းရွှဲ့ မယ်တော်ကြီး၏ နန်းဆောင်သို့ သွားလိုက်သည်။ "မယ်တော်... တုပိုင် ပုန်ကန်လိမ့်မယ် ဆိုတာကို မယ်တော် ယုံကြည်လား"

မယ်တော်ကြီး ခေါင်းရမ်းလျက် ပြန်ဖြေလေ၏။ "ဒီကလေး ပုန်ကန်လိမ့်မယ် ဆိုတာကို မယ်တော် မယုံကြည်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အပြုအမူက ဧကရာဇ်အပေါ်မှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေခဲ့တယ်။"

မင်းသမီးနင်းရွှဲ့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်တင်သည်။ "ကျွန်မရဲ့ ခင်ပွန်း မြို့တော်ကနေ ထွက်ခွာသွားတုန်းက သူ ဘယ်တော့မှ ပုန်ကန်မှာ မဟုတ်ဘူးလို့ အလေးအနက် ကတိပေးခဲ့တယ်။ ကျွန်မ သူ့ကို ယုံကြည်တယ်။"

မယ်တော်ကြီး သံသယဖြင့် မေးခွန်းထုတ်လာ၏။ "ဘာဖြစ်လို့ သူက စိချွမ်းနဲ့ ဟူနန်ကို အတင်းအကျပ် လိုချင်နေရတာလဲ။ မိသားစုအချင်းချင်း ကောင်းကောင်းမွန်မွန် ဆွေးနွေး တိုင်ပင်လို့ မရတဲ့ ကိစ္စများ ရှိနေလို့လား။ စစ်တပ် စေလွှတ်မှပဲ ရတော့မယ့် အခြေအနေလား။"

မင်းသမီးနင်းရွှဲ့ ပြန်လည် ရှင်းပြလျှောက်တင်လေ၏။ "တုပိုင်မှာ မလွှဲမရှောင်သာတဲ့ အကြောင်းပြချက် တစ်ခု ရှိနေတယ် ဆိုတာကို ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်တယ်။ အကယ်လို့ သူသာ ပုန်ကန်ချင်တယ်ဆိုရင် မြို့တော်မှာ ရှိနေတဲ့ ဧကရာဇ်ကို တိုက်ရိုက် ဓားစာခံ လုပ်ပြီး မှူးမတ်တွေကို ချုပ်ကိုင်ထားလို့ ရတာပဲ။ ဘာဖြစ်လို့ လျောင်တုန်းကို စွန့်လွှတ်ပြီး သိန်းနဲ့ချီတဲ့ စစ်တပ်ကြီးကိုပါ စွန့်လွှတ်ကာ သူ့ရဲ့ အနောက်တောင်ပိုင်းကို ပြန်သွားရမှာလဲ။ ဒါဆိုရင် အစကတည်းက လျောင်တုန်းတိုက်ပွဲကြီးကို သူ ဘာဖြစ်လို့ ဆင်နွှဲခဲ့သေးလဲ။"

ထို့နောက် မင်းသမီးနင်းရွှဲ့ ဆက်လက် ထောက်ပြ၏။ "ပြီးတော့ အစ်ကိုတော် ဧကရာဇ်ရဲ့ တုံ့ပြန်မှုကလည်း ပုံမှန် မဟုတ်ဘူး။ သူက အမြင်ကျဉ်းမြောင်းပေမယ့် အရမ်းကို ပါးနပ်တယ်။ အခုလို အချိန်မျိုးမှာ တုပိုင်ကို ဘယ်တော့မှ အတင်းအကျပ် ဖိအားပေးလို့ မရဘူး ဆိုတာကို သူ ကောင်းကောင်း သိတယ်။"

"ဒါကြောင့် တုပိုင် စိချွမ်းနဲ့ ဟူနန်ကို စစ်တပ် စေလွှတ်လိုက်ပြီးတဲ့နောက်မှာ သူက နှစ်ဖက် ဆက်ဆံရေးကို ပြေလည်အောင် တက်တက်ကြွကြွ ဖြေရှင်းရမယ့်အစား ၊ သူက တုပိုင်ကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ ၊ တာ့နင်အင်ပါယာအတွက် ၊ သူ့ရဲ့ ထီးနန်းအတွက် တုပိုင်ကို ပြန်လည် ဆွဲဆောင်နိုင်မယ့် အမိန့်တော်မျိုး ထုတ်ပြန်သင့်တယ်။"

"အခုတော့ အဲဒီလို လုပ်မယ့်အစား တမင်သက်သက် အားနည်းဟန်ပြပြီး သူ့ရဲ့ သဘောထားကြီးမှုကို အကြိမ်ကြိမ် ပြသနေတယ်။ ပြည်သူလူထုရဲ့ ဒေါသ မီးတောက်တွေက တုပိုင်ဆီကို အပြည့်အဝ လောင်ကျွမ်းသွားစေဖို့ တမင် ဖန်တီးနေသလိုပဲ။ တုပိုင် ပုန်ကန်လာအောင် အတင်းအကျပ် တွန်းအားပေးနေသလိုပဲ။"

မယ်တော်ကြီး ထိုစကားကို ကြားသောအခါ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မေးလိုက်သည်။ "ရွှဲ့အာ... မယ်တော် ဘာလုပ်ပေးရမလဲ။"

မင်းသမီးနင်းရွှဲ့ တောင်းဆိုလာ၏။ "မယ်တော်ကြီးက ဧကရာဇ်ကို သွားပြီး ဖျောင်းဖျပေးပါ။ ဟူနန်နဲ့ စိချွမ်းကို တုပိုင်ကို ပေးလိုက်ဖို့ ပြောပေးပါ။ ဒါမှ ပုန်ကန်သူနဲ့ သစ္စာဖောက် ဆိုတဲ့ နာမည်ဆိုးကြီးက တုပိုင်ရဲ့ ခေါင်းပေါ်ကို ရောက်မလာမှာပါ။"

မယ်တော်ကြီး သက်ပြင်းချလျက် ကတိပေးလေ၏။ "မယ်တော် ကြိုးစားကြည့်ပါ့မယ်။"

နှစ်နာရီ အကြာတွင် မယ်တော်ကြီး ပြန်လည် ရောက်ရှိလာခဲ့သည်။

သူမ၏ မျက်နှာအမူအရာမှာ အလွန်တရာ ဆိုးရွားနေပြီး မျက်ဝန်းများမှာလည်း နီရဲနေလေရာ သေချာပေါက် ငိုကြွေးထားခဲ့ကြောင်း သိသာလှပေ၏။ ထိုသည်များသာမက သူမ၏ မျက်ဝန်းများထဲတွင် ထိတ်လန့် အကြောက်တရား အရိပ်အယောင်များလည်း စွန်းထင်းနေလေသည်။

မယ်တော်ကြီး တုန်ယင်သော လေသံဖြင့် ပြောလာ၏။ "ရွှဲ့အာ... မယ်တော် မင်းရဲ့ အစ်ကိုတော် ဧကရာဇ်ကို ဖျောင်းဖျလို့ မရခဲ့ဘူး။ ဒါမှမဟုတ်ရင်လည်း မင်းရဲ့ အစ်ကိုတော် ဧကရာဇ် စကားကို နားထောင်ပြီး ရွေးချယ်မှု တစ်ခုခုကို ပြုလုပ်လိုက်ပါတော့။"

မင်းသမီးနင်းရွှဲ့မှာ အလွန်တရာ ထက်မြက်သူ ဖြစ်ရာ ချက်ချင်းပင် သံသယဝင်ကာ မေးခွန်းထုတ်လိုက်သည်။ "မယ်တော်... ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိလား။"

မယ်တော်ကြီး ခေါင်းရမ်းလျက် ကမန်းကတမ်း ငြင်းဆိုလိုက်၏။ "မရှိပါဘူး... မရှိပါဘူး။"

ထို့နောက် သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ကာ သစ်သားငါးလေးကို ဆက်တိုက် ခေါက်နေလျက် ရေရွတ်နေလေတော့သည်။

"ဗုဒ္ဓမြတ်စွာဘုရား ကယ်မတော်မူပါ... ဗုဒ္ဓမြတ်စွာဘုရား ကယ်မတော်မူပါ။"

မင်းသမီးနင်းရွှဲ့ ဝမ်းနည်းကြေကွဲဖွယ် လေသံဖြင့် ဆိုလိုက်၏။ "မယ်တော်... ဘုရားလည်း ကျွန်မတို့ကို မကယ်တင်နိုင်တော့ပါဘူး။"

ထို့နောက် သူမသည် နန်းတော်ထဲမှ နာကျင်စွာဖြင့် ထွက်ခွာသွားလေသည်။

**--**--**--**--**--**--**--**

နောက်တစ်နေ့တွင် မင်းသမီးနင်းရွှဲ့သည် ကျီလျောင်နယ်စပ်မြို့၏ အုပ်ချုပ်ရေးမှူး ရာထူးမှ နှုတ်ထွက်လိုက်ပြီး မြို့တော်ရှိ တုပိုင်၏ ကျန့်ရှီးနယ်စားမင်း အိမ်တော်သို့ ပြောင်းရွှေ့သွားခဲ့လေ၏။

လက်ရှိအချိန်တွင် မြောက်ပိုင်းရှိ သိန်းနှင့်ချီသော စစ်တပ်ကြီးသည် ဧကရာဇ်ယုံတယ်၏ လက်ထဲသို့ အပြည့်အဝ ကျရောက်သွားခဲ့ပြီ ဖြစ်လေသည်။

ထိုနေ့၌ပင် လီဝမ်ဟွေ့သည် ပေကျင်းမြို့သို့ ဝင်ရောက်လာခဲ့ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ရာထူးကို လွှဲပြောင်း ရယူလိုက်လေ၏။

**--**--**--**--**--**--**--**

တုပိုင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ပို၍ ပို၍ ခံစားလာရလေ၏။ ဧကရာဇ်ယုံတယ်၏ တုံ့ပြန်မှုများက မှားယွင်းနေသည်။ ထိုနေ့က တုပိုင် ဧကရာဇ်ထံမှ စိချွမ်းနှင့် ဟူနန် ပြည်နယ်များကို တောင်းခံခဲ့စဉ်က ဧကရာဇ်ယုံတယ် ငြင်းပယ်ခဲ့ခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။

သို့သော်လည်း တုပိုင် အမှန်တကယ်ပင် ဟူနန်နှင့် စိချွမ်းသို့ စစ်တပ် စေလွှတ်လိုက်သောအခါ ၊ အခြေအနေ အရပ်ရပ်ကို ထောက်ထား၍ ဧကရာဇ်သည် ဤဒေါသကို မျိုသိပ်ထားပြီး တုပိုင်နှင့် အဆက်အသွယ် မပြတ်တောက်သွားစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသင့်ပေသည်။

ဧကရာဇ်သည် အမြင်ကျဉ်းမြောင်းသူ ဖြစ်သော်လည်း သရုပ်ဆောင် အလွန်ကောင်းမွန်လှပေ၏။

သူ၏ ကိုယ်ပိုင် အကျိုးစီးပွားဘက်မှ ရပ်တည်၍ ကြည့်မည်ဆိုလျှင် တုပိုင်အား အတင်းအကျပ် ဖိအားပေးခြင်းမျိုးကို သူ လုံးဝ ပြုလုပ်လိုမည် မဟုတ်ချေ။ အကယ်၍ တုပိုင်သာ အမှန်တကယ် ပုန်ကန်လိုက်ပါက သူ၏ တိုင်းပြည်နှင့် ထီးနန်းမှာ ချက်ချင်း မှောက်ခုံ ပြိုကျသွားပေလိမ့်မည်။

သူသည် တုပိုင်အပေါ် အဆိုးမြင်သော စကားများကို ပြောဆိုနိုင်သော်လည်း တုပိုင် ပုန်ကန်လာအောင် အတင်းအကျပ် တွန်းအားပေးလိုမည်တော့ သေချာပေါက် မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင်မူ သူသည် မီးလောင်ရာ လေပင့်ပေးရန် တမင်သက်သက် ရည်ရွယ်နေပုံရပြီး တုပိုင်အား နိုင်ငံတော်ကို ဖျက်ဆီးမည့် သစ္စာဖောက်ကြီး ၊ ဧကရာဇ်ကို စော်ကားသူ အဖြစ် အဆက်မပြတ် ပုံဖော် ဖန်တီးနေလေ၏။

ဤသည်မှာ လုံးဝကို ပုံမှန်မဟုတ်သော ကိစ္စရပ်ပင် ဖြစ်သည်။ ယခုအချိန်၌ တာ့နင်အင်ပါယာ တစ်ခုလုံးတွင် တုပိုင်အား ကျိန်ဆဲထားသော ဆောင်းပါးမည်မျှ ရှိနေမည်နည်း။ ပြည်နယ်မြို့တော်တိုင်း၌ ရေတွက်၍မရနိုင်သော ပြည်သူများ တံတွေးနှင့် ထွေးရန်အတွက် တုပိုင်၏ ပုံတူပန်းချီကားများစွာကို ချိတ်ဆွဲထားကြလေ၏။

မြို့တော်ကို ကယ်တင်ပြီး တာ့နင်အင်ပါယာကို ကာကွယ်ကာ ဂျာချင်အင်ပါယာကို မဖျက်ဆီးမီ အချိန်က ၊ လူမည်မျှလောက်က တုပိုင်အား နတ်ဘုရားတစ်ပါးကဲ့သို့ မှတ်ယူခဲ့ကြပြီး သူတို့၏ အိမ်များတွင် တုပိုင်၏ ပုံတူပန်းချီကားများနှင့် ရုပ်တုများကိုပင် ကိုးကွယ်ခဲ့ကြသနည်း။ ယခုအချိန်တွင်မူ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များ လှုံ့ဆော်မှုအောက်တွင် သူတို့သည် တုပိုင်၏ ပုံတူပန်းချီကားများကို မီးရှို့ပြီး ရုပ်တုများကို ရိုက်ချိုး ဖျက်ဆီးနေကြတော့သည်။

**--**--**--**--**--**--**--**

နန်ကျင်းမြို့ အတွင်း၌ တုဟွေးနှင့် ဖန်းကျိုး ၊ ထို့အပြင် ဖန်းမိသားစုဝင် အားလုံးသည် အချင်းချင်း ဂုဏ်ပြု အောင်ပွဲခံနေကြလေ၏။

"နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီပဲ။"

"ကျန်းနန်နယ်စားမင်း ဆုန်ချွဲက တုပိုင်နဲ့ လမ်းခွဲသွားပြီ။"

"မင်းသမီးယွီကျိန်းက သူ့ရဲ့ စစ်တပ်နဲ့အတူ အနောက်တောင်ပိုင်းကနေ ထွက်သွားခဲ့ပြီ။ ကျန်းနန်နယ်စားမင်း အိမ်တော်က လူတွေ အားလုံးလည်း ထွက်သွားကြပြီ။"

"လီဝမ်ဟွေ့လည်း အနောက်တောင်ပိုင်းကနေ ထွက်သွားပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ကြီးကြပ်ရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ဖို့ ပေကျင်းမြို့ကို ထွက်သွားပြီ။"

"မင်းသမီးနင်းရွှဲ့လည်း ရာထူးကနေ နှုတ်ထွက်သွားပြီ။"

"ခွေးသူခိုးလေး တုပိုင်ကတော့ လူပေါင်း သောင်းသောင်းလောက်ရဲ့ လက်ညှိုးထိုး အပြစ်တင်တာကို ခံနေရပြီး လူတိုင်းက သူ့ကို စွန့်ပစ် သစ္စာဖောက်သွားကြပြီ ဟားဟားဟာ။"

ဖန်းကျိုး ဂုဏ်ယူဝင့်ကြွားစွာ ဆို၏။ "စစ်ပွဲ မစခင်မှာ တုပိုင်ကို သစ္စာဖောက်ကြီး တစ်ယောက် ဖြစ်သွားအောင် လုပ်မယ်ဆိုတဲ့ သခင်လေးဖန်းချန်ရဲ့ ရည်ရွယ်ချက်က အောင်မြင်သွားပြီ။ ဒီကိစ္စမှာ တုဟွေးက အကျိုးဆောင်မှု အများဆုံးပဲ။"

တုဟွေး ရယ်မောလျက် ပြောလေသည်။ "အခု ကျွန်တော်တို့က ဧကရာဇ်ဆီကနေ တုပိုင်ဟာ ပုန်ကန်သူ သစ္စာဖောက်ကြီး ဖြစ်တယ်လို့ လုံးလုံးလျားလျား ကြေညာမယ့် အမိန့်တော် ထွက်လာဖို့ကိုပဲ စောင့်နေရုံပဲ။ အဲဒီအခါကျရင် အနောက်တောင်ပိုင်းကို ဖျက်ဆီးပစ်ဖို့ အမိန့်ပေးလို့ ရပြီပဲ။"

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၃ + ၇၂၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters