← Chapters

အခန်း (၇၂၅-၇၂၆)

Vol. 73 Ch. 725-726

အခန်း (၇၂၅-၇၂၆)

Vol. 73 Ch. 725-726

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၅ + ၇၂၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လီရူဟိုင်၏ ဇနီးဖြစ်သူ ၊ တာ့ယန်တိုင်းပြည်၏ မိဖုရားသည် တုပိုင်ကို ရုတ်တရက် လာရောက်တွေ့ဆုံလေ၏။

"သခင်... ကျွန်မရဲ့ လျှို့ဝှက်အခန်းကို ကျေးဇူးပြုပြီး လိုက်ခဲ့ပေးနိုင်မလား" မိဖုရားလီက ပြောလိုက်သည်။ "မကြာသေးခင်က ဧကရာဇ်နဲ့ အားပြိုင်မှုတွေမှာ သခင်က တော်တော်လေး အသာစီးအယူခံထားရတယ်။ နာမည်ဂုဏ်သတင်းလည်း အများကြီး ထိခိုက်ခဲ့ရတယ်လေ။ အခု သခင့်ကို တွေ့ချင်နေတဲ့သူ တစ်ယောက်ရှိတယ်။ သခင် စိတ်ကို ကြိုတင်ပြင်ဆင်ထားလိုက်ပါ ၊ အဲဒီလူက သခင့်ကို အရမ်းအံ့သြသွားစေနိုင်တယ် ၊ ဒါမှမဟုတ် အကြီးအကျယ် တုန်လှုပ်သွားစေလိမ့်မယ်"

တုပိုင် အံ့အားသင့်သွားရသည်။ မည်သူကများ ထိုမျှလောက် လျှို့ဝှက်ဆန်းကြယ်နေရသနည်း။ တုပိုင် မိဖုရားလီ၏ နောက်မှလိုက်ကာ လီမိသားစု၏ အိမ်တော်ဟောင်းထဲသို့ ဝင်ရောက်သွားလိုက်သည်။

လက်ရှိအချိန်တွင် အိမ်တော်တစ်ခုလုံး၌ မည်သူမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေကာ လူအားလုံးကို ဖယ်ရှားထားပြီး ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး၏ လေထုက ပို၍ပင် ထူးဆန်းလာ၏။ မိဖုရားလီက ပင်မအိမ်ဆောင်ထဲသို့ ဝင်သွားပြီး မြေအောက်လျှို့ဝှက်အခန်း၏ တံခါးကို ဖွင့်လိုက်ရာ မြေအောက်လျှို့ဝှက်လမ်းကြောင်း တစ်ခု ပေါ်လာခဲ့သည်။

"သခင် တစ်ယောက်တည်း ဆင်းသွားလိုက်ပါ။ ကျွန်မ လိုက်မလာတော့ဘူး"

တုပိုင် ခေါင်းညိတ်ကာ လျှို့ဝှက်လမ်းကြောင်းအတိုင်း အောက်သို့ ဆင်းသွားလိုက်၏။ မီတာဆယ်ဂဏန်းခန့် နက်ရှိုင်းသော မြေအောက်လျှို့ဝှက်အခန်းဆီသို့ ရောက်သွားသောအခါ မျက်နှာချင်းဆိုင်တွင် တံခါးတစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရသည်။

တုပိုင်က တံခါးကို ဖွင့်လိုက်၏။ ရုတ်တရက် ဆွဲဆောင်မှုအပြည့်ရှိသော ရင်းနှီးနေသည့် ရနံ့တစ်ခုကို သူ ရှူရှိုက်လိုက်ရသည်။

တစ်ချိန်တည်းတွင် အလွန်တရာ ညို့ယူဖမ်းစားနိုင်သော ကျောပြင်တစ်ခုကိုလည်း မြင်လိုက်ရသည်။ ပြိုင်ဘက်ကင်း အလှပိုင်ရှင်ပင်ဖြစ်၏။

သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် တောင်တန်းမြစ်ချောင်းများသဖွယ် အနိမ့်အမြင့် အကောက်အကွေ့များဖြင့် မှော်ဆန်သော သွေးဆောင်ဖြားယောင်းမှုအပြည့် ရှိနေသည်။

ထိုကျောပြင်ကို မြင်လိုက်ရချိန်တွင် တုပိုင် ချက်ချင်းပင် လွန်စွာတုန်လှုပ်သွားခဲ့ပြီး သူ့မျက်စိကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားရသည်။

ဤမိန်းမက သေသွားခဲ့ပြီ မဟုတ်ပါလား။ သူကိုယ်တိုင် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ အဘယ်ကြောင့် သူ၏ ရှေ့မှောက်တွင် အရှင်လတ်လတ် ပြန်ပေါ်လာရသနည်း။

"ယောက်ျား... မိန်းမမသေသေးတာကို မြင်ရလို့ အံ့ဩသွားတယ် မဟုတ်လား" ထိုမိန်းမက ညို့ယူဖမ်းစားနိုင်သော လေသံဖြင့် ပြောလိုက်သည်။ "အဲဒီအချိန်တုန်းက ရက်စက်တဲ့တစ္ဆေကြီးက မိန်းမကို အတင်းအကျပ် အသက်ရှင်ခိုင်းခဲ့တာလေ။ အဲဒီလို အမူအရာကြီးနဲ့ မကြည့်ပါနဲ့ ၊ မိန်းမက ယောင်္ကျားဆီကို တကူးတက လာခဲ့တာပါ။ အခု တာ့ယန်တိုင်းပြည်လည်း ပျက်စီးသွားခဲ့ပြီဆိုတော့ မိန်းမတို့က ရန်သူတွေ မဟုတ်ကြတော့ပါဘူး"

"အခု ယောင်္ကျားရဲ့အခြေအနေက သိပ်မကောင်းဘူးလို့ ငါကြားတယ်။ လူတိုင်းက ယောင်္ကျားကို ပုန်ကန်သူလို့ သတ်မှတ်ထားကြပြီး ဧကရာဇ်ကလည်း ယောင်္ကျားကို ကမ္ဘာပေါ်မှာ အကြီးဆုံးသူပုန်ကြီး ဖြစ်လာစေဖို့ အသေအလဲ လုပ်နေတယ်လေ။ ယောင်္ကျားရဲ့ မွေးစားအဖေကလည်း ယောင်္ကျားကို စွန့်ခွာသွားခဲ့ပြီ ၊ မင်းသမီးယွီကျိန်းကလည်း ယောင်္ကျားနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ။ နယ်စားမင်း ဆုန်ချွဲကလည်း ယောင်္ကျားနဲ့ လမ်းခွဲသွားခဲ့ပြီဆိုတော့ မိန်းမ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်"

"ယောင်္ကျားရဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်အောင် မိန်းမ ကူညီပေးနိုင်တယ်။ ပြီးတော့ ယောင်္ကျားကို စွန့်ခွာသွားတဲ့သူတွေကိုလည်း နောင်တရသွားအောင် လုပ်ပေးနိုင်တယ်"

"ယောင်္ကျားကို လျှို့ဝှက်ချက်ကြီးတစ်ခု ပြောပြမယ်... ဧကရာဇ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေ။ သူက ဧကရာဇ်ထျန်ယွင်ရဲ့ သွေးသားအရင်း မဟုတ်ဘူး။ သူ့ရဲ့ အဖေအရင်းက ဘယ်သူဖြစ်မလဲဆိုတာ ယောင်္ကျား ခန့်မှန်းကြည့်ပါလား"

ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ဘူးလား။ ထိုသတင်းကို ကြားလိုက်ရသောအခါ တုပိုင်မှာ လုံးဝ အံ့အားသင့်သွားခဲ့သည်။

မည်သို့လုပ်ပြီး ဖြစ်နိုင်မည်နည်း။ အဓိကအချက်မှာ အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်ထျန်ယွင်နှင့် အနည်းငယ် တူနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အဓိပ္ပာယ်ရှိသွားသလိုပင်။

သာမန်အကျိုးစီးပွားများအရဆိုလျှင် ဧကရာဇ်ယုံတယ်သည် တုပိုင်က စိချွမ်းနှင့် ဟူနန်ပြည်နယ်များကို လျောင်တုန်းနှင့် မြောက်ပိုင်းမှ တပ်ဖွဲ့ဝင် သိန်းပေါင်းများစွာဖြင့် ဖလှယ်မည့်အစီအစဉ်ကို သဘောတူသင့်ပေသည်။

သို့သော် သူက ငြင်းပယ်ခဲ့သည်။ ထို့ပြင် သူ၏ ဒေါသသည်လည်း ရုတ်တရက် အလွန်ခက်ထန်စွာ ထွက်ပေါ်လာခဲ့သည်။

တုပိုင်သည် စွမ်းအင်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြာရောင်ကျောက်သလင်းနှင့် အနီရောင်ကျောက်သလင်းများကို ရရှိရန် တစ်လောကလုံး၏ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ စိချွမ်းနှင့် ဟူနန်သို့ စစ်တပ်များ စေလွှတ်ခဲ့သည်။

ဧကရာဇ်ယုံတယ်အနေဖြင့် သူ၏ပလ္လင်နှင့် တိုင်းပြည်အတွက် ဆက်ဆံရေးကို ပြေလည်အောင် ကိုယ်တိုင်ဦးဆောင်ဖြေရှင်းသင့်ပြီး နှစ်ဖက်စလုံးကို အလျှော့ပေးသင့်သည်။

သို့ရာတွင် သူ၏ရွေးချယ်မှုမှာ မီးလောင်ရာလေပင့်ပေးခြင်းဖြစ်ပြီး ကိစ္စရပ်တစ်ခုလုံးကို အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့ကာ တုပိုင်ကို တမင်သက်သက် အကျပ်ရိုက်အောင် ဖိအားပေးနေသကဲ့သို့ ခံစားရသည်။

အစပိုင်းတွင် တုပိုင်မှာ နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ ဧကရာဇ်ယုံတယ်သည် သဘောထားသေးသိမ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သော်လည်း သူသည် မိုက်မဲသူတစ်ယောက်တော့ မဟုတ်သေးပေ။

သို့သော် သူသာ ဧကရာဇ်ထျန်ယွင်၏ သွေးသားအရင်း မဟုတ်ပါက ပလ္လင်သည် ကြီးစွာသော ခြိမ်းခြောက်မှုအောက်သို့ ကျရောက်သွားမည် ဖြစ်သည်။

တစ်စုံတစ်ယောက်ကသာ ထိုလျှို့ဝှက်ချက်ဖြင့် သူ့ကို ခြိမ်းခြောက်လာပါက ဧကရာဇ်ယုံတယ်သည် မည်သည့်အရာကိုမဆို လုပ်ဆောင်လာပေလိမ့်မည်။

မဟုတ်သေးပေ။ ခြိမ်းခြောက်ခြင်းသက်သက်မဟုတ်ဘဲ ပူးပေါင်းကြံစည်မှုပင် ဖြစ်ပေလိမ့်မည်။ ဧကရာဇ်ယုံတယ်သည် ကောင်းကင်ဘုံမျှ ကြီးမားသော အကျိုးအမြတ်များကို မြင်တွေ့သွားသောကြောင့် တုပိုင်ကို သေစေလိုချင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တုပိုင်နှင့် သူ၏ကြားတွင် ရန်ငြိုးရန်စများလည်း ရှိခဲ့သည်။ သူ၏ သေးသိမ်သော စရိုက်လက္ခဏာကြောင့် တုပိုင်ကို လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက မုန်းတီးနေခဲ့ခြင်း ဖြစ်သည်။

"သူ့အဖေအရင်းက ဘယ်သူလဲဆိုတာ သိချင်လား" လီဝမ်ဝမ်က ညုတုတုလေသံဖြင့် ပြောလိုက်သည်။ "တစ်ယောက်ယောက်က ရှင့်ကို ပြောပြစေချင်တာလား... အရမ်းလွယ်ပါတယ်။ ကျွန်မနဲ့ အတူအိပ်လေ... အဲဒီကျရင် ပြောပြမယ်"

တုပိုင်၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ပြောလိုက်သည်။ "သူ့အဖေအရင်းက နင်တောက်ရွှမ်လား"

လီဝမ်ဝမ် အံ့အားသင့်သွားပြီးနောက် ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။ "ယောက်ျား... ရှင်က အရမ်းတော်တာပဲ ၊ အဖြေကို တစ်ခါတည်းနဲ့ ခန့်မှန်းနိုင်တယ်ပေါ့"

ရုတ်တရက် အရာအားလုံးက ရှင်းလင်းသွားသည်။ ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် တော်ဝင်မိသားစုမှ ဆင်းသက်လာပြီးနောက် လွန်ခဲ့သော နှစ်တစ်ရာကျော်က သူ၏ ဘိုးဘေးကြီးသည် ပဒေသရာဇ်နယ်ပယ်များကို လျှော့ချရန် ကြိုးပမ်းမှုတွင် ကျရှုံးခဲ့ကာ ဧကရာဇ်ထျန်ယွင်၏ ဘိုးဘေးကြီးလည်းဖြစ်သော ကျင်းမင်းသား၏ ဖယ်ရှားခြင်းကို ခံခဲ့ရသည်။

နင်တောက်ရွှမ်၏ အဘိုးနှင့် ဖခင်တို့မှာ ပင်လယ်ရပ်ခြားသို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး တာ့နင်အင်ပါယာ၏ ပလ္လင်ကို ပြန်လည်ရယူရန် အမြဲတမ်း ဆန္ဒရှိနေခဲ့ကြသည်။

နင်တောက်ရွှမ်၏ လက်ထက်တွင် ယခင်မျိုးဆက် ပေမင်ဂိုဏ်းချုပ်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့ပြီး သူ၏ အံ့မခန်း ပါရမီစွမ်းရည်များအပြင် အစဉ်မပြတ်သော စွန့်စားခန်းများ ၊ ရက်စက်သော စိတ်နှလုံးနှင့် အလွန်တရာ ဉာဏ်ကောင်းမှုတို့ကြောင့် ၂၁ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။

ယခင်က သူသည် သာမန်လောကီရေးရာများကို စွန့်လွှတ်ထားသူဖြစ်ကြောင်းနှင့် တာ့နင်ပလ္လင်အပေါ် စွဲလမ်းမှုများကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း အမြဲပြောဆိုခဲ့သည်။ ယခုကြည့်ရသည်မှာ လုံးဝ ဟာသတစ်ခုသာ ဖြစ်နေသည်။ သူသည် ကမ္ဘာပေါ်တွင် အလောဘအကြီးဆုံးသူဖြစ်ပြီး ပေမင်ဂိုဏ်းချုပ်ရာထူးကိုသာ ရယူလိုခြင်း မဟုတ်ပေ။ ဧကရာဇ်ပါ ဖြစ်နေလို၏။

တုပိုင် မေးလိုက်၏။ “နင်တောက်ရွှမ်နဲ့ လက်ရှိ မယ်တော်ကြီးကြားမှာ ဖောက်ပြန်မှုတွေ ရှိနေတာလား”

လီဝမ်ဝမ် ဖြေလိုက်သည်။ “အဓမ္မပြုကျင့်တာ။ နင်တောက်ရွှမ်က ငယ်ရွယ်တဲ့ မိဖုရားကို အဓမ္မပြုကျင့်ခဲ့တာ။ သူက ကြက်ငှားပြီး ဥ ၊ ဥခိုင်းရုံတင် မကဘူး ၊ ဧကရာဇ်ထျန်ယွင်ကိုလည်း လက်စားချေချင်လို့လေ”

ထိုအကောင်မှာ အမှန်တကယ်ပင် ကိုယ်ကျင့်တရား စည်းမျဉ်းဟူ၍ မရှိချေ။ တုပိုင် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ “ပထမဧကရာဇ်က ဒီကိစ္စကို သိသလား”

လီဝမ်ဝမ် ရှင်းပြလေ၏။ “ဧကရာဇ်ထျန်ယွင်က သိမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အိမ်ရှေ့စံမင်းသားက သူနဲ့ စရိုက်လက္ခဏာမတူပေမဲ့ မျက်နှာအချိုးအစားကတော့ ခပ်ဆင်ဆင်ပဲလေ”

ဧကရာဇ်ယုံတယ်သည် ဧကရာဇ်ထျန်ယွင်၏ သွေးသားရင်းမဟုတ်သော်လည်း မျက်နှာအချိုးအစားသည် အနည်းငယ် တူနေ၏။ အဘယ်ကြောင့်ဆိုသော် နင်တောက်ရွှမ်နှင့် ဧကရာဇ်ထျန်ယွင်တို့က ဝမ်းကွဲညီအစ်ကိုများ ဖြစ်နေသောကြောင့်ပင်။

တုပိုင် မျက်လုံးများမှိတ်ကာ နင်တောက်ရွှမ်၏ ရုပ်သွင်ကို ပြန်လည်စဉ်းစားကြည့်လိုက်ရာ ဧကရာဇ်ထျန်ယွင်နှင့် မတူသကဲ့သို့ ခံစားရလေသည်။

သို့သော် သူက တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သိုင်းပညာများဖြင့် ရုပ်သွင်ကို ပြောင်းလဲနိုင်နေပြီ မဟုတ်ပါလော။ တရားကျင့်ကြံခြင်းကမ္ဘာထဲသို့ ဝင်ရောက်သွားပြီးနောက် တုပိုင်သည် နင်တောက်ရွှမ်နှင့် ဧကရာဇ်ထျန်ယွင်တို့၏ မျက်နှာကောက်ကြောင်းများကို ပုံဖော်ကြည့်လိုက်လေ၏။

မျက်နှာများက သိပ်မတူညီသော်ငြားလည်း မျက်နှာနှစ်ခုကြားရှိ ဆင်တူမှုက အလွန်မြင့်မားနေဆဲ ဖြစ်ပေသည်။

ပထမဧကရာဇ်ထျန်ယွင်က မသိခဲ့သော်လည်း မယ်တော်ကြီးကတော့ သိသာစွာပင် သိနေခဲ့၏။ သို့သော်လည်း သူမ၏ သားတော်အတွက်ကြောင့် လျှို့ဝှက်ထားရန်သာ ရွေးချယ်ခဲ့မည်မှာ အသေအချာပင်။

သို့ရာတွင် အလွန်နားလည်ရခက်သော ကိစ္စတစ်ခု ရှိနေသေးလေသည်။ ဧကရာဇ်ယုံတယ်သည် နင်တောက်ရွှမ်၏ သွေးသားအရင်း ဖြစ်နေပါလျက်နှင့် နင်တောက်ရွှမ်သည် အဘယ်ကြောင့် ဂျာချင်အင်ပါယာကို အသုံးပြုကာ တာ့နင်အင်ပါယာကို ဖျက်ဆီးပြီး နန်ကျင်းမှ ယန်မင်းသားကို ဧကရာဇ်အဖြစ် တင်မြှောက်ခွင့်ပြုခဲ့ရပါသနည်း။

ဤသည်မှာ ပိုမိုရှုပ်ထွေးနေသည် မဟုတ်ပေလော။

ထိုအချိန်က ဧကရာဇ်ယုံတယ်သည် ပလ္လင်ပေါ်သို့ပင် တက်ရောက်နေပြီ ဖြစ်သည်။

လီဝမ်ဝမ် ပြုံးလျက်မေးလေသည်။ “ယောက်ျား... ရှင် အံ့ဩနေတယ် မဟုတ်လား။ ဧကရာဇ်ယုံတယ်က နင်တောက်ရွှမ်ရဲ့ သားဖြစ်နေလျက်နဲ့ အရှေ့ဘက်ပြည်ထောင်စုက ဘာလို့များ ဂျာချင်အင်ပါယာကို သုံးပြီး တာ့နင်အင်ပါယာကို ဖျက်ဆီးပြီးတော့ နန်ကျင်းက ယန်မင်းသားကို ပလ္လင်ပေါ် တက်စေခဲ့ရတာလဲဆိုတာကိုပေါ့”

တုပိုင် ခေါင်းညိတ်ကာ မေးလိုက်၏။ “ယန်မင်းသားကလည်း နင်တောက်ရွှမ်ရဲ့ တရားမဝင် သားများဖြစ်နေမလား”

လီဝမ်ဝမ် ခေါင်းညိတ် ထောက်ခံလိုက်သည်။ “ယန်မင်းသားတင် မကဘူး ၊ လျောင်မင်းသားကလည်း ပါသေးတယ်။ ဘာလို့လဲဆိုတော့ ပလ္လင်ကို ဆက်ခံနိုင်တဲ့ အလားအလာနဲ့ မင်းသားသုံးပါး ရှိနေတာလေ။ သူတစ်ယောက်တည်း တရားမဝင် သားတစ်ယောက်ရှိရုံနဲ့ မလုံလောက်ဘူးပေါ့။ လက်ရှိ မယ်တော်ကြီးက သူ့ရဲ့အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရတာဆိုပေမဲ့ ယန်မင်းသမီးကတော့ အခုချိန်ထိ သူ့ရဲ့ချစ်သူ ဖြစ်နေတုန်းပဲ”

တုပိုင် လုံးဝ အံ့အားသင့်သွားရ၏။ ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံသာ ဖြစ်သော်လည်း အမှန်တရားက သူထင်ထားသည်ထက် ပိုနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ဤသည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။ ထိုအချိန်က နင်တောက်ရွှမ်၏ ဆွဲဆောင်မှုက အဆုံးအစမဲ့ ကြီးမားလှပေသည်။

ကျီယင်ယင်နှင့် ကျီကျန်ယန်တို့ နှစ်ဦးစလုံးက သူ့အပေါ် စွဲလမ်းခဲ့ကြပြီး မိစ္ဆာမိုချိုဆိုလျှင် သူ့အတွက် ပို၍ပင် ရူးသွပ်ခဲ့ရသည် မဟုတ်ပါလော။

ယခု ကြည့်ရသည်မှာ သူသည် ခံစားချက်ရေးရာများတွင် တုပိုင်ထက်ပင် ပို၍ အောက်တန်းကျနေကာ သူ၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိနေသည်။

ယခင်က တုပိုင် အလွန်ထူးဆန်းနေခဲ့သည်မှာ အရှေ့ဘက်ပြည်ထောင်စုသည် တာ့နင်အင်ပါယာကို တိုက်ရိုက် ဖျက်ဆီးပြီး အစားထိုးမည့်အစား အဘယ်ကြောင့် ယင်း၏ အခွံကြီးကို ထိုမျှလောက် စွဲလမ်းနေခဲ့ရသနည်း ဆိုခြင်းပင်။

နောက်ဆုံးတွင်တော့ တာ့နင်အင်ပါယာသည် အရှေ့ဘက်အင်ပါယာ၏ အကြီးဆုံး စီးပွားရေးဗဟိုချက် ဖြစ်နေခြင်းအပြင် နင်တောက်ရွှမ်၏ စွဲလမ်းမှုလည်း ပါဝင်နေခြင်းကြောင့် ဖြစ်ကြောင်း ပေါ်လွင်လာ၏။

သူသည် တာ့နင်အင်ပါယာကို ဖျက်ဆီးလိုခြင်း မဟုတ်ဘဲ ပလ္လင်ကို ပြန်လည်ရယူလိုခြင်းသာ ဖြစ်လေသည်။

လီဝမ်ဝမ်က ဆက်ပြောလေသည်။ “ဘာလို့လဲဆိုတော့ ယောက်ျားက အရမ်းစွမ်းလွန်းနေလို့လေ။ ရှင်က ဂျာချင်အင်ပါယာကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့တယ်။ ဒါကြောင့် ဖန်းအုပ်စုရဲ့ အစီအစဉ်တွေ ပျက်စီးသွားပြီး နန်ကျင်းက ယန်မင်းသားလည်း အေးစက်သွားခဲ့ရတာပေါ့။ အဲဒီတော့ သူတို့က မြောက်ပိုင်းက ဧကရာဇ်ယုံတယ်ဆီကို အာရုံပြောင်းသွားကြတာပဲ”

တုပိုင် မျက်မှောင်ကြုတ်လျက် ဆိုလေသည်။ "ဧကရာဇ်ယုံတယ်က ငါ့ကို အရမ်းမုန်းတီးနေခဲ့တာ။ ပြီးတော့ ဖန်းအုပ်စုက သူ့ရဲ့ မျိုးရိုးမှန်ကိုသုံးပြီး သူ့ကို အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အရှေ့ဘက်ပြည်ထောင်စုရဲ့ အင်အားတွေနဲ့လည်း သွေးဆောင်ဖြားယောင်းခဲ့တာပဲ။ ဒါကြောင့် နှစ်ဖက်စလုံးက သဘောတူသွားကြပြီး ငါ့ကို ငရဲဘုံရှစ်ထပ်အထိ ရောက်အောင် ပူးပေါင်းသတ်ဖြတ်ချင်နေကြတာပေါ့"

လီဝမ်ဝမ် ခေါင်းညိတ်ထောက်ခံလိုက်၏။ "ဟုတ်တယ်... တာ့နင်အင်ပါယာမှာ ယောက်ျားရဲ့ ဂုဏ်သတင်းက နတ်ဘုရားတစ်ပါးလို အရမ်းကို ကြီးမားနေလွန်းလို့လေ။ တာ့ယန်တိုင်းပြည်ကို ဖျက်ဆီးခဲ့ရုံတင်မကဘူး ၊ ဂျာချင်အင်ပါယာကိုပါ နှိမ်နင်းခဲ့ပြီး တာ့နင်အင်ပါယာတစ်ခုလုံးကို ကိုယ်တိုင်ကယ်တင်ခဲ့တာမလား။ ဒါကြောင့် သူတို့က စစ်တပ်တွေ မစေလွှတ်ခင် ယောက်ျားကို အရင်ဆုံး နာမည်ဖျက်ကြလိမ့်မယ်။ အပြစ်တွေပုံချပြီး သူပုန်ကြီးဖြစ်လာအောင် လုပ်မယ်။ ဂုဏ်သတင်းတွေ အကုန်ပျက်စီးသွားပြီး လူတိုင်းက ယောက်ျားကို သစ္စာဖောက်သွားအောင် လုပ်ကြမှာပဲ"

ထို့ကြောင့် ဧကရာဇ်ယုံတယ်သည် နန်းတော်ထဲတွင် ဒေါသထွက်နေဟန် သရုပ်ဆောင်နေခဲ့သော်လည်း အပြင်လူများရှေ့တွင်မူ တုပိုင်အပေါ် ကျေးဇူးတင်နေသည့်ဟန် ပြသခဲ့ကာ နယ်မြေများခွဲပေး၍ မင်းသားဘွဲ့နှင်းအပ်ပြီး ခေါင်းငုံ့ခံနေခဲ့ခြင်း ဖြစ်လေသည်။

တုပိုင်က စိချွမ်းနှင့် ဟူနန်သို့ စစ်တပ်များ စေလွှတ်လိုက်သောအခါတွင်လည်း ဧကရာဇ်ယုံတယ်မှာ ဒေါသထွက်မည့်အစား သနားစရာကောင်းသော အသွင်အပြင်ကိုသာ ဖန်တီးယူခဲ့သည်။

တုပိုင်အား မင်းသားဘွဲ့ကို တိုက်ရိုက် ပေးအပ်လောက်အောင် သူ သဘောထားကြီးနေခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်တော့ချေ။ ဤသည်က သူ၏ စရိုက်လက္ခဏာနှင့် လုံးဝကိုက်ညီမှု မရှိခဲ့ပေ။

တုပိုင် လှောင်ပြုံးပြုံးလျက် မှတ်ချက်ချလိုက်သည်။ "ငါ ဧကရာဇ်ယုံတယ်ကို တကယ်ပဲ အထင်သေးမိသွားတာ။ သူက ခေါင်းမာရုံတင်မကဘူး ၊ တော်တော်လေးလည်း အကြံအစည် ကြီးမားလှတယ်"

လီဝမ်ဝမ် ပြုံးစစဖြင့် တုံ့ပြန်လေ၏။ "ကျွန်မရဲ့ ချစ်လှစွာသော ယောက်ျားကိုတောင် အတိတ်က လှည့်စားနိုင်ခဲ့မှတော့ သူက တကယ်ကို အံ့မခန်းဖြစ်နေမှာပေါ့"

တုပိုင် အေးစက်စက် လေသံဖြင့် ကြိမ်းဝါးလိုက်သည်။ "နင်တောက်ရွှမ်ရဲ့ ဒီမျိုးမစစ်က ပထမဧကရာဇ် ချန်ရစ်ခဲ့တဲ့ ပလ္လင်ကိုတောင် ခိုးယူရဲတယ်ဆိုတော့ သူ့အလောင်းကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပစ်ရမယ်"

လီဝမ်ဝမ်၏ လှပသော မျက်နှာလေးမှာ ရုတ်တရက် ဝမ်းနည်းငိုကြွေးတော့မည့်ဟန် ဖြစ်သွားကာ ညည်းတွားလာ၏။ "ယောက်ျား... ဒီလောက်ကြာအောင် စကားတွေ ပြောနေတာတောင် ရှင်က အဲဒီ မိစ္ဆာဧကရာဇ်အကြောင်းပဲ ပြောနေတော့တာပဲ။ တခြားသူတွေ ဘာဖြစ်နေလဲဆိုတာကို ဂရုမစိုက်ဘူး။ ဒါက ကျွန်မကို တကယ် ဝမ်းနည်းစေတယ်နော်"

တုပိုင် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "မင်းကို ငါကိုယ်တိုင် သတ်ခဲ့တာလေ။ မင်း ဘာလို့ မသေသေးတာလဲဆိုတာကို ငါ ဂရုစိုက်သင့်တယ် မဟုတ်လား"

လီဝမ်ဝမ် ရှင်းပြလေ၏။ "အဲဒီအချိန်တုန်းက ရှင့်ရဲ့ ငရဲမီးတောက်တွေက ကျွန်မရဲ့ လက်မောင်းကို လောင်ကျွမ်းစေခဲ့တယ်။ အသက်ရှင်ဖို့အတွက် ကိုယ့်လက်မောင်းကို ပြန်ဖြတ်ပစ်ခဲ့ရတာပဲ။ တကယ်တော့ တွင်းနက်ကြီးထဲမှာ အက်ကွဲကြောင်းတစ်ခု ရှိနေခဲ့တယ်။ ကျွန်မ အဲဒီအက်ကွဲကြောင်းထဲ ဝင်ပုန်းပြီး သေချင်ယောင်ဆောင်နေခဲ့တာပါ။ ရှင်တို့အားလုံး ထွက်သွားမှ ကျွန်မလည်း ဒဏ်ရာတွေနဲ့ ထွက်လာခဲ့ရတာလေ"

တုပိုင် မေးခွန်းထုတ်လိုက်သည်။ "ဒါဆို မင်း လီမိသားစုဆီ မပြန်ဘူးပေါ့"

လီဝမ်ဝမ် ခေါင်းရမ်းလျက် ဖြေလေသည်။ "အစကတော့ ပြန်သွားချင်ခဲ့တာပါ။ ဒါပေမဲ့ အဖေက ကျွန်မ သေသွားပြီဆိုတဲ့ သတင်းကို ကြားတော့ တော်တော်လေး စိတ်သက်သာရာ ရသွားတာကို သိလိုက်ရတယ်။ အဲဒီတော့ ကျွန်မ ပြန်သွားစရာ မလိုတော့ဘူးဆိုတာ နားလည်လိုက်တယ်"

လီရူဟိုင်သည် လီကျန့်အပေါ် အလွန် မျက်နှာသာပေးတတ်သော်လည်း လီဝမ်ဝမ်နှင့်ပတ်သက်လာလျှင်မူ သူ၏သဘောထားမှာ အနည်းငယ် ရှုပ်ထွေးနေတတ်ပေသည်။

ပထမအချက်အနေဖြင့် လီဝမ်ဝမ်သာ အလွန်တော်နေပါက လီကျန့်၏ အဆင့်အတန်းကို ထိခိုက်စေရန် လွယ်ကူလှသည်။ ထို့ပြင် မီးနတ်ဘုရားသူတော်စင်မယ်အနေဖြင့် မီးနတ်ဘုရားဂိုဏ်းအတွင်း သူမ၏ အဆင့်အတန်းမှာ လီရူဟိုင်ထက်ပင် ပိုမိုမြင့်မားနေခဲ့၏။ တိုင်းပြည်ကို အမှန်တကယ် တည်ထောင်ပြီးနောက် လီရူဟိုင်က မီးနတ်ဘုရားဂိုဏ်း၏ အင်အားများကို နှိမ်နင်းသွားမည်ဖြစ်ရာ ထိုအချိန်ရောက်လျှင် လီဝမ်ဝမ်သည် သူ၏ လမ်းခုလတ်မှ အတားအဆီးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

လီဝမ်ဝမ် ဆက်ပြောလေသည်။ "သေချာတာပေါ့... အရေးအကြီးဆုံးအချက်က ကျွန်မ မိစ္ဆာတစ်ကောင် မဖြစ်ချင်တာပဲ။ ကိုယ်က ပြိုင်ဘက်ကင်း အလှပိုင်ရှင်လေ။ လက်ပြတ်နေတဲ့ ပန်းလေးဆိုတာ အရမ်းကို အရုပ်ဆိုးလွန်းတယ်။ ဒါကြောင့် ကျွန်မ မီးနတ်ဘုရားဂိုဏ်းချုပ်ဆီ အဝေးကြီးသွားခဲ့ပြီး လက်အတုတစ်ဖက် တပ်ဆင်ခဲ့တာပဲ"

ထို့နောက် သူမ၏ ကျောက်စိမ်းရောင်လက်လေးကို တုပိုင်၏ ရှေ့သို့ ဆန့်ထုတ်ပြလိုက်လေသည်။

ဤသည်က လက်အတုလား။ အမှန်တကယ်ပင် လှပလွန်းသော လက်များဖြစ်ကြသည်။ ဖြူဖွေးသွယ်လျနေပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့ကာ ဆွဲဆောင်မှုအပြည့် ရှိနေလေ၏။

ချက်ချင်းပင် သူမက လက်ချောင်းလေးများကို ကခုန်နေသကဲ့သို့ ကွေးညွှတ်ပြကာ နူးညံ့စွာ မေးလာသည်။ "ဘယ်လိုလဲ"

တုပိုင် အံ့ဩသွားကာ ပြန်မေးလိုက်၏။ "ဒါက လက်တုကြီးလား"

လီဝမ်ဝမ် ပြုံးလျက် ရှင်းပြသည်။ "တိတိကျကျပြောရရင် ဒါက လက်တုမဟုတ်ပါဘူး၊ တခြားမိန်းမတစ်ယောက်ရဲ့ လက်ပဲ။ ကျွန်မရဲ့ လက်မောင်းမှာ လာတပ်ဆင်ထားရုံလေးပါ"

တုပိုင်မှာ လွန်စွာ တုန်လှုပ်သွားရလေသည်။ အနောက်ဘက်ဒေသမှ မီးနတ်ဘုရားဂိုဏ်းသည် ထိုမျှလောက်ပင် ကောင်းကင်ဘုံကို အံတုနိုင်စွမ်း ရှိနေပြီလော။

ခေတ်သစ်ကမ္ဘာမြေတွင် ဖြတ်တောက်ခံရသော ခြေလက်အင်္ဂါများကို ပြန်လည်ဆက်စပ်သည့် ခွဲစိတ်မှုမှာ အတော်လေး အဆင့်မြင့်နေပြီ ဖြစ်သော်လည်း ယင်းက လူနာ၏ ကိုယ်ပိုင်အင်္ဂါများနှင့်သာ အလုပ်ဖြစ်သည်။ အခြား လူတစ်ယောက်၏ လက်ကို အခြားတစ်ယောက်၏ ပြတ်နေသော လက်မောင်းတွင် သွားဆက်ရန်အထိ အဆင့်မမြင့်သေးချေ။

ယခု မီးနတ်ဘုရားဂိုဏ်းတွင်မူ သူမ၏ လက်မောင်းကို အစားထိုး အသုံးပြုနိုင်နေလေသည်။ တကယ်ကို မယုံနိုင်စရာပင်။ တုပိုင် အတော်ကို အံ့ဩသွားရသည်။

တုပိုင် မေးလိုက်သည်။ "အခု မင်းက မီးနတ်ဘုရားဂိုဏ်းကို ကိုယ်စားပြုနေတာလား"

လီဝမ်ဝမ် ညုတုတုလေသံဖြင့် တုံ့ပြန်လေ၏။ "ကျွန်မက မီးနတ်ဘုရားဂိုဏ်းကို ကိုယ်စားပြုရုံတင် မဟုတ်ပါဘူး ၊ ယောက်ျားရဲ့ အကျိုးစီးပွားတွေကိုပါ ကိုယ်စားပြုပေးနေတာပါ"

တုပိုင် သက်ပြင်းချလျက် မေးလိုက်သည်။ "မင်း အမြဲတမ်း ငါ့ကို ယောက်ျားလို့ ခေါ်နေဖို့ လိုလို့လား"

လီဝမ်ဝမ် ပြုံးလျက် မေးလေသည်။ "ယောက်ျား... လူတွေက သူတို့ဘဝမှာ အချိန်ဘယ်လောက်ကြာကြာ အိပ်စက်ကြသလဲ"

တုပိုင် ချက်ချင်း ဖြေလိုက်၏။ "သုံးပုံတစ်ပုံပေါ့"

လီဝမ်ဝမ် တည်ငြိမ်စွာ ရှင်းပြလာသည်။ "အဲဒီ အိပ်စက်ချိန် သုံးပုံတစ်ပုံအတွင်းမှာ ကျွန်မက နေ့တိုင်း ရှင့်အကြောင်းကို အိပ်မက်မက်တယ်။ ကျွန်မတို့ရဲ့ ဘဝလေးအကြောင်း ၊ အိပ်မက်ကမ္ဘာထဲမှာ ကျွန်မတို့က အရင်းနှီးဆုံး ဇနီးမောင်နှံတွေပဲလေ။ နေ့တိုင်း ဒီလိုချည်းပဲဆိုတော့ နေ့ဘက်ရောက်တဲ့အခါ လက်တွေ့လောကကို ကျွန်မက ဘယ်လိုလုပ် ခွဲခြားနိုင်တော့မှာလဲ။ ကျွန်မဆီမှာ နေ့တိုင်း ရှင့်နဲ့အတူ လင်မယားအဖြစ် နေထိုင်ရတဲ့ အချိန်က သုံးပုံတစ်ပုံ ရှိနေတာပဲ။ ကျွန်မကို ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်း သိစေချင်သေးတာလဲ"

တုပိုင် မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။ "ဒါဆို အဲဒီအချိန်တုန်းက မင်းက ငါ့ကို သတ်တော့မလို့လေ"

"ဘယ်သူကများ လူတွေကို ရက်စက်သွားအောင် လုပ်ခဲ့တာလဲ။ ကျွန်မက လီမိသားစုရဲ့ ကြီးစိုးချယ်လှယ်မှုတွေအောက်မှာ လုံးဝကို နစ်မွန်းနေခဲ့ရတာပါ" လီဝမ်ဝမ်က ပြောလေ၏။ "ပြီးတော့ ရှင့်ကို သတ်ဖို့ အခွင့်အရေးတွေ ဘယ်လောက်တောင် ရခဲ့လဲ ၊ ဒါပေမဲ့ ကျွန်မ မသတ်ခဲ့ပါဘူး။ ရှင်က ကျွန်မကို သတ်ချင်လောက်တဲ့အထိ အရမ်းမုန်းတီးနေခဲ့ပေမဲ့ အချစ်ဆုံး ဇနီးမောင်နှံတွေတောင် သူတို့ဘဝမှာ တစ်ယောက်ကို တစ်ယောက် သတ်ချင်စိတ်တွေ ဆယ်ကြိမ်မက ဖြစ်ဖူးကြတယ်လို့ ကျွန်မ ကြားဖူးပါတယ်"

တုပိုင် လေးနက်စွာ မေးလိုက်သည်။ "ဧကရာဇ်ယုံတယ်က ပထမဧကရာဇ်ရဲ့ သားအရင်း မဟုတ်ဘူးဆိုတာကို မင်း ဘယ်လိုလုပ် သိတာလဲ"

လီဝမ်ဝမ် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြလိုက်၏။ "မီးနတ်ဘုရားဂိုဏ်းရဲ့ အမြင့်ဆုံးအဆင့် လျှို့ဝှက်သတင်းလေ ယောက်ျား။ ရှင့်ရဲ့ ဇနီးလေးက ရှင့်အပေါ် တော်တော်လေး ကောင်းမနေဘူးလား။ ကျွန်မ ဘာဆိုဘာမှ ပြန်မတောင်းဆိုခဲ့သလို ဘာသတ်မှတ်ချက်မှလည်း မထားခဲ့ဘူး။ ဒီထိပ်တန်းလျှို့ဝှက်ချက်ကို ရှင့်ကို ဒီအတိုင်း ပြောပြခဲ့တာပဲ"

တုပိုင် သက်ပြင်းချလျက် မေးလိုက်သည်။ "ပြောပါဦး ၊ မင်း ငါ့ဆီလာတာ ဘာကိစ္စရှိလို့လဲ"

လီဝမ်ဝမ် လေးနက်သော လေသံဖြင့် ရှင်းပြလေ၏။ "ယောက်ျား... ပြည်သူလူထုရဲ့ ဝေဖန်တိုက်ခိုက်မှုတွေက အထွတ်အထိပ် ရောက်သွားတဲ့အခါ ဧကရာဇ်က ရှင့်ကို သူပုန်ကြီးအဖြစ် တရားဝင် ကြေညာပြီး ရှင့်ကို ချေမှုန်းဖို့ အမိန့်ထုတ်လိမ့်မယ်။"

"အဲဒီနောက် အရှေ့ဘက်ပြည်ထောင်စုက ကမ္ဘာမြေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအင်တွေကို သုံးပြီး ရှင့်ရဲ့ အနောက်တောင်ဘက်ဒေသကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်။ ရှင့်လူတွေလည်း အသတ်ခံရလိမ့်မယ်။ အဲဒီနောက်မှာတော့ ဧကရာဇ်ယုံတယ်က တာ့နင်အင်ပါယာတစ်ခုလုံးကို အပြည့်အဝ စည်းလုံးသွားပြီး အရှေ့ဘက်ပြည်ထောင်စုရဲ့ အင်ပါယာထဲကို ဝင်ရောက်သွားလိမ့်မယ်။"

"ပြီးတော့ ဖန်းချန်က အရှေ့တိုင်းကမ္ဘာတစ်ခုလုံးကို တရားဝင် ပေါင်းစည်းသွားမှာပေါ့။ သူရဲ့ နောက်ထပ် ပစ်မှတ်ကတော့ မီးနတ်ဘုရားဂိုဏ်း လွှမ်းမိုးထားတဲ့ နေရာတွေပဲ။ ပြီးရင် အနောက်ကမ္ဘာပေါ့။ သူ့ရဲ့ အန္တိမရည်မှန်းချက်က ကမ္ဘာကြီးတစ်ခုလုံးကို စည်းလုံးပေါင်းစည်းဖို့ပဲလေ"

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၅ + ၇၂၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters