အခန်း (၇၂၉-၇၃၀)
Vol. 73 Ch. 729-730
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၉ + ၇၃၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ထိုအရာက အဆိပ်ပြင်းပြင်းထန်ထန် မရှိလှဘဲ အလွန်နည်းပါးသော စွမ်းအင်တစ်မျိုးနှင့် ပို၍တူလေသည်။
မင်းသမီးနင်းရွှဲ့အား ကိုယ်ဝန်မရနိုင်အောင် တားဆီးထားသည်မှာ ထိုစွမ်းအင်မျိုးပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သန္ဓေသားသည် စတင်ဖြစ်တည်လာချိန်တွင် အလွန်တရာ နုနယ်လွန်းလှရာ ထိုမျှလောက် အားနည်းလှသည့် စွမ်းအင်လေးကပင် သန္ဓေသားလေးကို သေဆုံးသွားစေရန် လုံလောက်နေသောကြောင့် ဖြစ်လေသည်။
တစ်စုံတစ်ယောက်က နင်းရွှဲ့ကို ကလေးမမွေးဖွားစေချင်ပေ။
"ဒီအရာကို နောက်ကျိအိပ်မက်လို့ ခေါ်တယ် ၊ သူက အရမ်းကို ရှားပါးတဲ့ ကျောက်သလင်းတစ်မျိုးပဲ" နင်ဇောင်ဝူက ပြောလိုက်သည်။ "သူက အစွမ်းထက်ဆုံး သန္ဓေတားဆေးတစ်မျိုးဖြစ်ပြီးတော့ အရမ်းကို သိမ်မွေ့လွန်းလို့ ရှာဖွေဖော်ထုတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ"
ထို့နောက် သူက အမွှေးတိုင်တစ်တိုင်ကို ထုတ်ယူကာ ပြောလေ၏။ "တစ်ယောက်ယောက်က အမွှေးတိုင်ထဲကို နောက်ကျိအိပ်မက် အမှုန့်တွေ ရောနှောထည့်သွင်းထားခဲ့တယ်။ မင်းသမီးက နေ့တိုင်း တရားထိုင်တဲ့အခါတိုင်း ဒီအမွှေးတိုင်ကို ထွန်းညှိထားတယ်လေ။ အဲတာကြောင့်ပဲ အချိန်တွေ ကြာလာတာနဲ့အမျှ မင်းသမီးက ကိုယ်ဝန်ဆောင်နိုင်စွမ်း ဆုံးရှုံးသွားရတာပါ။"
"ကျွန်တော်မျိုးရဲ့ စိတ်စွမ်းအင်ကို အမြင့်ဆုံးအထိ အသုံးပြုခဲ့တာတောင် ဒီအမွှေးတိုင်ထဲက နောက်ကျိအိပ်မက် စွမ်းအင်ကို မရှာတွေ့ခဲ့ဘူး။ အမွှေးတိုင် ဆယ်တိုင်လောက်ကို ကြိတ်ချေပြီးမှ နောက်ကျိအိပ်မက် ကျောက်သလင်းမှုန့် အနည်းငယ်ကို ထုတ်ယူနိုင်ခဲ့ပြီး ဒီကိစ္စကို အတည်ပြုနိုင်ခဲ့တာပဲ"
မင်းသမီးနင်းရွှဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ သူမကို ကိုယ်ဝန်မရစေချင်သူ ၊ သူမနှင့် တုပိုင်တို့ ကလေးရသွားမည်ကို မလိုလားသူက လောကကြီးတွင် မည်သူများ ဖြစ်နိုင်မည်နည်း။ အဖြေမှာ ရှင်းလင်းပေါ်လွင်နေ၏။
မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။ "ကုသလို့ ရနိုင်ပါသေးလား။ ကျွန်မ ကလေး အရမ်းလိုချင်လို့ပါ"
နင်ဇောင်ဝူက ဖြေသည်။ "ပြန်ကောင်းနိုင်ပါတယ်။ ဒီစွမ်းအင်ကို နေ့စဉ် ဇီဝကမ္မဖြစ်စဉ်ကနေတစ်ဆင့် စွန့်ထုတ်ပစ်နိုင်တယ်။ မင်းသမီးအနေနဲ့ ဒီအမွှေးတိုင်နံ့ကို ထပ်မရှူတော့ဘဲ လအနည်းငယ်လောက် ကျင့်ကြံအားထုတ်လိုက်မယ်ဆိုရင် မိခင်တစ်ယောက်ဖြစ်နိုင်စွမ်း ပြန်ရလာမှာပါ။ ဇီဝကမ္မဖြစ်စဉ်ဆိုတဲ့ စကားလုံးကို တုပိုင်က ကျွန်တော်မျိုးကို ပြောပြဖူးတယ်။"
မင်းသမီးနင်းရွှဲ့ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
သို့သော် ထို့နောက်တွင် ဝမ်းနည်းမှုက ပို၍ နက်ရှိုင်းလာလေသည်။ အတိတ်ကာလကဆိုလျှင် ကိုယ်ဝန်မဆောင်နိုင်ခြင်း ၊ ကလေးမမွေးနိုင်ခြင်းဆိုသည်မှာ သေချာပေါက် ကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်ခဲ့ပေမည်။
သို့သော်လည်း ယခုအခါတွင် သူမ၏ ခင်ပွန်းဖြစ်သူ တုပိုင်မှာ သူပုန်နှင့် သူခိုးအဖြစ် သတ်မှတ်ခံထားရပြီး တာ့နင်အင်ပါယာကြီးမှာလည်း ကြီးမားလှသော အကျပ်အတည်းကြီးတစ်ခုနှင့် ရင်ဆိုင်နေရလေ၏။ သူမ၏ ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဆိုလျှင်ပင် အနာဂတ်တွင် သူမနှင့် တုပိုင်တို့ ကလေးရနိုင်မရနိုင် ဆိုသည်မှာ မရေရာသည့် အခြေအနေတစ်ခု ဖြစ်နေဆဲပင်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်နင်" နင်းရွှဲ့က ပြောလိုက်၏။
နင်ဇောင်ဝူက ပြောလေသည်။ "ဒါဆို ကျွန်တော်မျိုး သွားတော့မယ် ၊ မင်းသမီး... ဂရုစိုက်ပါဦး" ထို့နောက် နင်ဇောင်ဝူ ထွက်ခွာသွားလေတော့၏။
--------------
ညဉ့်နက်ယံအချိန်၌ မင်းသမီးနင်းရွှဲ့သည် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလွန့်ရင်း အိပ်မပျော်နိုင်ဘဲ အခြေအနေကို မည်သို့ ပြင်ရမည်နည်းကို ခေါင်းစားစွာ စဉ်းစားနေလေသည်။
ဤအခန်းသည် ထိုစဉ်က သူမနှင့် တုပိုင်တို့၏ မင်္ဂလာဦးညအခန်း ဖြစ်ပြီး အနီရောင် မင်္ဂလာစာလုံးကြီးကိုပင် မဖြုတ်ရသေးချေ။ ထိုစဉ်က တုပိုင်နှင့်အတူ မင်္ဂလာပွဲဆင်နွှဲခဲ့ရသည့် မြင်ကွင်းကို သူမ ပြန်လည်သတိရမိသွားကာ ရင်ထဲတွင် ထုံကျဉ်သွားရလေ၏။
နင်းရွှဲ့၏ စရိုက်လက္ခဏာမှာ သူရဲကောင်းဆန်ပြီး အပြစ်ကင်းစင်မှုများ ပြည့်နှက်နေကာ ဧကရာဇ်ထျန်ယွင်၏ စရိုက်လက္ခဏာများကို များစွာ အမွေရရှိထားပေသည်။
သူမသည် သိပ်ပြီး ဉာဏ်ကောင်းလှသူ တစ်ယောက် မဟုတ်ဘဲ လူများနှင့် ကိစ္စရပ်များအပေါ်တွင် သူမ၏ အလိုလိုသိစိတ်ကိုသာ ပို၍ ယုံကြည်တတ်လေသည်။
ထို့ကြောင့် ဉာဏ်ကောင်းသူများပင် ထိုးထွင်းမသိမြင်နိုင်သော ကိစ္စရပ်များစွာတွင် သူမက သဲလွန်စများကို မြင်တွေ့နိုင်စွမ်း ရှိနေ၏။ နောင်တော်ဧကရာဇ်သည် မူမမှန်ချေ ၊ အလွန်ကို မှားယွင်းနေလေ၏။
သူမ ကိုယ်ဝန်မရစေရန်နှင့် ကလေးမမွေးနိုင်စေရန်အတွက်သာ နောက်ကျိအိပ်မက် ကျောက်သလင်းမှုန့်ကို အမွှေးတိုင်ထဲတွင် သူ အမှန်တကယ် ထည့်ထားခဲ့ခြင်း ဖြစ်သည်။ ကလေးတစ်ယောက် မွေးဖွားလာခြင်းက ဧကရာဇ်ယုံတယ်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်ဟု နင်းရွှဲ့ ခံစားရလေသည်။
ထိုစဉ်မှာပင် နင်းရွှဲ့၏ ရင်ထဲတွင် ရုတ်တရက် တင်းကျပ်သွားလေသည်။ နောက်တစ်စက္ကန့်၌ မင်းသမီးနင်းရွှဲ့၏ ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာ၏။
သူသည် နက်နဲလျှို့ဝှက်သောသူ တစ်ဦးဖြစ်ပြီး နင်းရွှဲ့ တစ်ခါမျှ မမြင်ဖူးခဲ့သော ယွီမဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လေ၏။
နင်းရွှဲ့က သူမ၏ ဓားကို ရုတ်တရက် ဆွဲထုတ်ရန် ပြင်လိုက်သည်။
“အလကားပါပဲ” လျှို့ဝှက်ဆရာသခင်က ပြောလိုက်၏။ “အင်အားတွေ အလဟဿ မဖြုန်းတီးပါနဲ့ မင်းသမီး... မင်းသမီးရဲ့ အဆင့်က ကျွန်တော့်ထက် အများကြီး ကွာခြားလွန်းတယ်။ ခုခံတာနဲ့ မခုခံတာက ဘာမှ ကွာခြားသွားမှာ မဟုတ်ဘူး”
မျက်စိတစ်မှိတ်အတွင်းမှာပင် လျှို့ဝှက်ဆရာသခင်၏ သေးသွယ်သောဓားက မင်းသမီးနင်းရွှဲ့၏ နဖူးကို ထိသွားလေတော့သည်။
“စိတ်မပူပါနဲ့ မင်းသမီး... မင်းသမီး သေဆုံးရတဲ့အခါ ဘာနာကျင်မှုမှ ရှိမှာမဟုတ်ဘူး” လျှို့ဝှက်ဆရာသခင်က ပြောလေသည်။ “အိပ်ပျော်သွားသလိုမျိုးပဲ ဖြစ်နေလိမ့်မယ် ၊ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးရဲ့ အမြင်မှာ မင်းသမီးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ ဖြစ်နေမှာမို့လို့ပဲ”
ထို့နောက် ချက်ချင်းပင် ဤလျှို့ဝှက်ဆရာသခင်၏ သေးသွယ်သောဓားက ခပ်ဖွဖွလေး ထိခတ်သွားလေ၏။
ချက်ချင်းပင် မင်းသမီးနင်းရွှဲ့မှာ သူမ၏ နဖူးပြင်ပေါ်၌ မည်သည့် အမာရွတ်မျှ မကျန်ရစ်စေဘဲ တိုက်ရိုက် မေ့လဲသွားလေတော့သည်။
လျှို့ဝှက်ဆရာသခင်က လက်အိတ်များကို စွပ်လိုက်ပြီး မင်းသမီးနင်းရွှဲ့၏ ပါးစပ်လေးကို ညှစ်ကာ အဆိပ်တစ်မျိုး တိုက်ကျွေးလိုက်ပြီးနောက် အဆိပ်များ ဝမ်းဗိုက်ထဲသို့ ဝင်သွားစေရန် လက်ဖက်ရည်ကိုပါ ထပ်တိုက်လိုက်လေသည်။
ထို့နောက် ချက်ချင်းပင် မင်းသမီးနင်းရွှဲ့၏ လက်ရေးဖြင့် ရေးသားထားသော သေတမ်းစာတစ်စောင်ကို စားပွဲပေါ်တွင် တင်ထားလိုက်၏။
ထိုလက်ရေးမှာ မင်းသမီးနင်းရွှဲ့၏ လက်ရေးနှင့် တစ်ပုံစံတည်း ထပ်တူကျနေလေသည်။
အထက်ပါ အကြောင်းအရာမှာ အလွန် ရိုးရှင်းလှပေသည်။ “ယောက်ျား တုပိုင်... ဆုတ်ခွာလိုက်ပါတော့။ သူပုန်တစ်ယောက် မလုပ်ပါနဲ့ ၊ ခမည်းတော်ကို ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါစေ။ ကျွန်မမှာ ရှင့်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ ၊ ဒါပေမဲ့ သူက ဒီလောကကြီးထဲကို မျက်နှာပြပြီး မလာဝံ့တော့ဘူး ၊ နင်းရွှဲ့ ဆုံးမတောင်းပန်ပါတယ်”
နင်းရွှဲ့တွင် ကိုယ်ဝန်မရှိပေ။ သနားစရာကောင်းသော အကျိုးသက်ရောက်မှုကို ပိုမိုတိုးပွားစေရန်နှင့် တုပိုင်၏ အပြစ်များကို ပိုမိုကြီးမားလာစေရန်အတွက် ဤ သေတမ်းစာထဲတွင် နင်းရွှဲ့က ကိုယ်ဝန်ရှိနေသည်ဟု ရေးသားထားခြင်း ဖြစ်လေသည်။
အရာအားလုံးကို စီစဉ်ပြီးနောက် လျှို့ဝှက်ဆရာသခင်က ပြောလိုက်၏။ “မင်းသမီး... မကြာခင် ၊ နာရီဝက်အတွင်းမှာ မင်းသမီး သွေးထွက်လွန်ပြီး သေဆုံးသွားလိမ့်မယ်။ ဒါပေမဲ့ မင်းသမီးက ဘာမှသိလိုက်မှာ မဟုတ်ဘူး ၊ အိပ်ပျော်နေရင်း သေသွားသလိုမျိုးပဲ”
ထို့နောက် ထိုလျှို့ဝှက်ဆရာသခင်သည် အရိပ်အယောင်မျှပင် မကျန်ရစ်စေဘဲ ပျောက်ကွယ်သွားလေတော့သည်။
**--**--**--**--**--**--**--**
ခဏအကြာတွင် ပြိုင်ဘက်ကင်းလောက်အောင် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော လူရိပ်တစ်ခုက မင်းသမီးနင်းရွှဲ့၏ အခန်းထဲတွင် ပေါ်လာလေ၏။
သူမက မင်းသမီးနင်းရွှဲ့၏ ပါးစပ်လေးကို ညှစ်ကာ ဆေးတစ်မျိုးကို အရင်တိုက်ကျွေးလိုက်ပြီးနောက် နောက်ထပ်ဆေးတစ်မျိုးကို ထပ်မံ တိုက်ကျွေးလိုက်လေသည်။
“ဒီလိုဆိုရင် နင်က လုံးဝ သေဆုံးသွားသလိုမျိုး နေ့ရက်အနည်းငယ်လောက် အိပ်ပျော်သွားလိမ့်မယ်။ နင် နိုးလာတဲ့အခါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိစ္စတွေ အားလုံးကို နင့်ရဲ့ ဦးနှောက်က လုံးဝ မေ့ပျောက်သွားလိမ့်မယ် ၊ ပြီးတော့ တခြား နောက်ဆက်တွဲ ဆိုးကျိုးတချို့လည်း ရှိလာနိုင်တယ်”
ထို့နောက် သူမက မင်းသမီးနင်းရွှဲ့ကို မျက်နှာပေါက်ခုနစ်ပေါက်မှ သွေးထွက်နေသည့် ထင်ယောင်ထင်မှား အသွင်အပြင်ကို ဖန်တီးပေးလိုက်လေသည်။ “မင်းသမီး... မကြာခင် နင့်ယောက်ျားနဲ့ ပြန်လည်ဆုံစည်းရတော့မှာပါ”
**--**--**--**--**--**--**--**
နံနက်စောစောအချိန် ၊ နန်းတော်အတွင်း၌ ဧကရာဇ်သည် မယ်တော်ကြီးနှင့်အတူ သားကောင်းပီသစွာ နံနက်စာ သုံးဆောင်နေပြီး သူတို့၏ နံနက်စာမှာ အလွန် ရိုးရှင်းနေဆဲ ဖြစ်လေသည်။
“မယ်တော်ကြီး... နင်းရွှဲ့ကို တုပိုင်နဲ့ လုံးဝ အဆက်အသွယ် ဖြတ်ဖို့ မယ်တော်ကြီး ဖျောင်းဖျပေးမှ ဖြစ်လိမ့်မယ်” ဧကရာဇ်က ပြောလိုက်၏။
မယ်တော်ကြီးက ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလေ၏။ “သားတော်... မင်းက အဆုံးထိသွားတော့မာလား"
ဧကရာဇ်က တီးတိုးပြောလေသည်။ “မယ်တော်ကြီး... သားတော်လည်း အတင်းအကျပ် ဖိအားပေးခံနေရတာပါ။ တုပိုင်ကို သူပုန်နဲ့ သူခိုးအဖြစ် မဖန်တီးဘူးဆိုရင် သားတော်လည်း ဆက်ပြီး အသက်ရှင်နေနိုင်တော့မှာ မဟုတ်ဘူး။ မယ်တော်ကြီးက သားတော် ပျက်စီးသွားပြီး မြေမြှုပ်စရာ နေရာတောင် မရှိဘဲ သေဆုံးသွားရမယ့် အဖြစ်ကို ကြည့်ရက်လို့လား”
မယ်တော်ကြီးက ငိုကြွေးလျက် ပြောလေ၏။ “ဒါပေမဲ့ တုပိုင်က အမေ့ရဲ့ သားတစ်ဝက်လို ဖြစ်နေပြီလေ”
ဧကရာဇ်က ပြောလိုက်သည်။ “မယ်တော်ကြီး... သားတော်ကမှ မယ်တော်ကြီးရဲ့ သားအရင်းပါ ၊ မယ်တော်ကြီးရဲ့ သွေးသားရင်းချာပါ။ တုပိုင်က ဂျာချင်အင်ပါယာကို ဖျက်ဆီးလိုက်ပြီဆိုတော့ ယန်မင်းသားအတွက် အခွင့်အရေး မရှိတော့ဘူး။ အနာဂတ်မှာ တစ်မိသားစုလုံးက သားတော်ကိုပဲ ထောက်ခံကြလိမ့်မယ်။ မယ်တော်ကြီးလည်း ခမည်းတော်ရဲ့ အကြောင်းကို သိသားပဲ။ သူပဲလေ... သားတော်ကတော့ ရုပ်သေးရုပ် မလုပ်နိုင်ဘူး။ ဖန်းကျိုးနဲ့ တုဟွေးကလည်း မဝံ့ရဲကြပါဘူး...”
“သူ့အကြောင်း မပြောနဲ့ ၊ သူ့အကြောင်း မပြောနဲ့...” မယ်တော်ကြီးက ရင်နာစွာဖြင့် ပြောလေ၏။
“ကောင်းပါပြီ ၊ ကောင်းပါပြီ ၊ သူ့အကြောင်း မပြောတော့ပါဘူး” ဧကရာဇ် ပြောသည်။ “မယ်တော်ကြီး... တုပိုင်နဲ့ သားတော်ကြားမှာ မယ်တော်ကြီး တစ်ယောက်ကိုပဲ ရွေးချယ်ခွင့် ရှိတယ်။ မယ်တော်ကြီးသာ သူ့ကို ချစ်တယ်ဆိုရင် သားတော်က မြေမြှုပ်စရာ နေရာတောင် မရှိဘဲ သေရလိမ့်မယ်”
မယ်တော်ကြီး ငိုကြွေးရင်း ပြောလိုက်၏။ “ကောင်းပါပြီ ၊ ကောင်းပါပြီ ၊ နင်းရွှဲ့နဲ့ တုပိုင်တို့ကိစ္စကို အမေ ဖျောင်းဖျပေးပါ့မယ်”
ထိုစဉ် မိန်းမစိုးတစ်ဦးက အပြေးအလွှား ဝင်လာပြီး အထိတ်တလန့် အော်ပြောလေသည်။ “မယ်တော်ကြီး... အရှင်မင်းမြတ်... ဒုက္ခပါပဲ ၊ ဒုက္ခပါပဲ ၊ မင်းသမီးနင်းရွှဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါပြီ”
ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မယ်တော်ကြီးမှာ ရုတ်တရက် မေ့လဲကျသွားလေတော့သည်။ ဧကရာဇ်ယုံတယ်၏ လက်ထဲရှိ ပန်းကန်လုံးမှာလည်း ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် ကျကွဲသွားကာ သူ၏ မျက်ဝန်းမှ မျက်ရည်များ ပေါက်ကွဲထွက်ကျလာလေ၏။
“နှမတော်... ငါ့ရဲ့ တစ်ဦးတည်းသော နှမတော်...”
“ဘုရားရေ... နှမတော် ၊ သနားစရာကောင်းတဲ့ ငါ့နှမတော်လေး”
ထို့နောက် ဧကရာဇ်က အပြေးအလွှား သွားကာ မယ်တော်ကြီးအား တွဲထူလိုက်ပြီး အသံကျယ်လောင်စွာဖြင့် ငိုကြွေးလေတော့သည်။
**--**--**--**--**--**--**--**
မကြာမီအချိန်အတွင်းမှာပင် မယ်တော်ကြီးက တိတ်ဆိတ်စွာ သတိပြန်လည်လာခဲ့လေသည်။
ဧကရာဇ်က မင်းသမီးနင်းရွှဲ့၏ သေတမ်းစာအတုကို ဆက်သလိုက်၏။
စာထဲတွင် ရှင်းလင်းစွာ ရေးသားထားလေသည်။ “ယောက်ျား တုပိုင်... ဆုတ်ခွာလိုက်ပါတော့။ သူပုန်တစ်ယောက် မလုပ်ပါနဲ့ ၊ ခမည်းတော်ကို မြေအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါစေ။ ကျွန်မမှာ ရှင့်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ ၊ ဒါပေမဲ့ သူက ဒီလောကကြီးထဲကို မျက်နှာပြပြီး မလာဝံ့တော့ဘူး ၊ နင်းရွှဲ့ ဆုံးမတောင်းပန်ပါတယ်”
ဧကရာဇ်က အလွန်အမင်း ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလိုက်လေသည်။ “ငါ့ရဲ့ အရူးမလေး... မင်းက ဘာလို့ ဒီလို လမ်းဆုံးကို ရွေးချယ်သွားရတာလဲ။ ဘာဖြစ်လို့ ဒီလို သေလမ်းကို ရွေးသွားရတာလဲ။ မင်းအတွက်နဲ့ တုပိုင်က ဘယ်လိုလုပ်ပြီး ဆုတ်ခွာပေးမှာလဲ”
မယ်တော်ကြီးသည် သေတမ်းစာကို မြင်သောအခါ သွေးတစ်ပွက် အန်ထုတ်လိုက်မိပြီး အလွန်အမင်း ငိုကြွေးလျက် ပြောလေ၏။ “သမီးတော်လေး... အားလုံးက မယ်တော့်အပြစ်တွေပါ ၊ အားလုံးက မယ်တော့်အပြစ်တွေပါ။ မယ်တော်က သမီးနဲ့ တုပိုင်ကို ချက်ချင်း ကွာရှင်းခွင့် ပေးလိုက်သင့်တာ။ သမီးလေး ဒီလို အဆုံးအစမဲ့ စော်ကားခံရပြီး မတရားခံရတာတွေက မယ်တော့်ရဲ့ အပြစ်တွေပါပဲ”
ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို မယ်တော်ကြီးက သတိထားမိသွားလေသည်။ နင်းရွှဲ့တွင် ကိုယ်ဝန် လုံးဝ မရှိခဲ့ပေ။ သေတမ်းစာထဲတွင် သူမက တုပိုင်၏ ကလေးကို ကိုယ်ဝန်ဆောင်ထားရသည်ဟု အဘယ်ကြောင့် ရေးသားထားရသနည်း။
ထိုအချိန်တွင် နန်းတွင်းသမားတော်အချို့က ကြမ်းပြင်ပေါ်၌ ဒူးထောက်လျက် ပြောလေသည်။ “သနားစရာကောင်းတဲ့ မင်းသမီးလေးမှာ ကိုယ်ဝန်တစ်လ ရှိနေခဲ့တာပါ။ အခုတော့ အလောင်းတစ်လောင်းတည်းနဲ့ အသက်နှစ်ချောင်း သေဆုံးသွားခဲ့ရပါပြီ”
ထိုစကားကြောင့် မယ်တော်ကြီး၏ ကျောပြင်တစ်ခုလုံး ရုတ်တရက် အေးစက်တုန်လှုပ်သွားလေတော့သည်။
အဘယ်ကြောင့်ဆိုသော် မကြာမီကမှ မင်းသမီးနင်းရွှဲ့၏ ခန္ဓာကိုယ်ထဲတွင် နောက်ကျိအိပ်မက် စွမ်းအင် ရှိနေပြီး ကိုယ်ဝန်မရနိုင်ကြောင်း နင်ဇောင်ဝူက လာရောက် သတင်းပို့ထားခဲ့သောကြောင့် ဖြစ်လေသည်။
ထို့အပြင် လွန်ခဲ့သော နာရီအနည်းငယ်ကမှ မဟာဆရာသခင် နင်ဇောင်ဝူသည် လျှို့ဝှက်စွာ လာရောက်၍ ဤကိစ္စကို သတင်းပို့ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်က ဤသည်မှာ သူမ၏ သားတော် ဧကရာဇ်၏ လက်ချက်ဖြစ်မည်ဟု မယ်တော်ကြီးက သံသယဝင်ခဲ့သော်လည်း ဤသည်မှာ သူမ၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်ခဲ့လေသည်။
ထို့ကြောင့် နံနက်စာစားပွဲတွင် ဧကရာဇ်ယုံတယ်အား စကားပြောရန် မယ်တော်ကြီးမှာ တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
ထို့နောက်တွင်တော့ မယ်တော်ကြီးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကာ သူမ၏ မျက်နှာမှာ လုံးဝ ပြောင်းလဲသွားလေတော့သည်။
“ကဲ... ငါကိုယ်တော်မ ပင်ပန်းနေပြီ ၊ အနားယူချင်တယ်။ အားလုံးပဲ ထွက်သွားကြတော့” မယ်တော်ကြီးက ပြောလိုက်၏။
အခြားသူများအားလုံး ထွက်ခွာသွားကြလေသည်။
ဧကရာဇ်ယုံတယ်က ပြောလေ၏။ “မယ်တော်ကြီး အေးအေးချမ်းချမ်း အိပ်ပျော်သွားတဲ့အထိ သားတော် စောင့်ပေးပါ့မယ်”
**--**--**--**--**--**--**--**
မယ်တော်ကြီး၏ အခန်းထဲတွင် ဧကရာဇ်ယုံတယ်နှင့် မယ်တော်ကြီး နှစ်ယောက်တည်းသာ ရှိနေလေတော့သည်။
ဧကရာဇ်ယုံတယ်က ခါးသီးစွာ ငိုကြွေးလျက် ပြောလိုက်၏။ “ငါ့ရဲ့ အရူးမလေး... ငါ့ရဲ့ အရူးမလေး... ငါ့ကို သေမတတ် နာကျင်စေတာပဲ”
“မယ်တော်ကြီး... ကျွန်တော်တို့ သားအမိရဲ့ ကံကြမ္မာက ဘာလို့ ဒီလောက်တောင် ခါးသီးနေရတာလဲ။ နှမတော်နင်းရွှဲ့လည်း ထွက်သွားခဲ့ပြီ ၊ အခုတော့ ကျွန်တော်တို့ သားအမိ နှစ်ယောက်တည်းပဲ ကျန်တော့တယ်”
မယ်တော်ကြီးက ဧကရာဇ်ယုံတယ်အား အေးစက်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်လေသည်။ “တိရစ္ဆာန်... နင်က တိရစ္ဆာန်ပဲ။ နင်းရွှဲ့က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ လုံးဝမဟုတ်ဘူး ၊ နင် သူ့ကို သတ်လိုက်တာပဲ။ သူ့ခန္ဓာကိုယ်ထဲမှာ ဘယ်တော့မှ ကိုယ်ဝန်မရနိုင်စေတဲ့ အရာတစ်ခု ရှိနေခဲ့တယ်။"
"အဲဒါက နင်ပဲ။ နင်က သူ့ကို အဆိပ်ခတ်ပြီး ကလေးမရနိုင်အောင် လုပ်ခဲ့တာ။ သူ့ကို မိခင်တစ်ယောက် မဖြစ်နိုင်အောင် လုပ်ခဲ့ရုံတင်မကဘူး ၊ အခု တုပိုင်ကို လုပ်ကြံဖို့အတွက် နင်က သူ့ကိုပါ သတ်ပစ်ခဲ့တယ်။ သူက နင့်ရဲ့ နှမအရင်းလေ။ နင်က တိရစ္ဆာန်ထက်တောင် ယုတ်မာသေးတယ် ၊ တိရစ္ဆာန်ထက်တောင် ဆိုးဝါးသေးတယ်...”
မယ်တော်ကြီးမှာ အလွန်အမင်း စိတ်ဆင်းရဲပူဆွေးနေပြီး ဧကရာဇ်ယုံတယ်အား လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေ၏။ “ငါ နောင်တရတယ်... ငါ အရမ်း အားနည်းခဲ့တာကို နောင်တရတယ် ၊ ငါ အရမ်း မိုက်မဲခဲ့ပြီးတော့ နင့်လို ယုတ်မာတဲ့ တိရစ္ဆာန် သားတစ်ယောက်အတွက် အရူးအလုပ်တွေ အများကြီး လုပ်ပေးခဲ့မိတာကို နောင်တရတယ်။ နင်က တိရစ္ဆာန်ပဲ... နှမအရင်းကိုတောင် သတ်ရက်တဲ့ နင်က တိရစ္ဆာန်ထက်တောင် ယုတ်မာသေးတယ်။”
ရုတ်တရက် ဧကရာဇ်ယုံတယ်၏ ခြေလက်များ အေးစက်သွားပြီး သူ၏ နှလုံးသားမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင် ပြင်းထန်စွာ တုန်လှုပ်သွားလေတော့သည်။
နင်းရွှဲ့ အဘယ်ကြောင့် ကိုယ်ဝန်မရနိုင်သနည်း ဆိုသည်ကို မယ်တော်ကြီးက မည်သို့ သိရှိသွားရသနည်း။ ဤလျှို့ဝှက်ချက်ကို သူမက မည်သို့လုပ်ပြီး သိသွားရသည်နည်း
သူ၏ စီမံထားမှုများက အလွန်တရာ ပါးနပ်လွန်းလှရာ ဤအချိန်တွင် အားနည်းချက် ပြသရန် မဖြစ်နိုင်ပေ။ သို့သော် ခဏအကြာတွင်တော့ သူ ငြိမ်သက်သွားလေ၏။
မယ်တော်ကြီးက မျက်နှာလွှဲသွားလေသည်။ သူမက သူ၏ မွေးဖွားမှု ဇစ်မြစ်ကိုသာ ဖော်ထုတ်ပြောဆိုလိုက်မည် ဆိုပါက သူ လုံးဝ ပျက်စီးသွားပေတော့မည်။
သူသည် ရွေးချယ်မှုတစ်ခုကို မဖြစ်မနေ လုပ်ဆောင်ရပေမည်။ သူက မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။
“မယ်တော်ကြီး... မယ်တော်ကြီးက ခမည်းတော် ဧကရာဇ်ဟောင်းအပေါ်မှာ အမြဲတမ်း အပြစ်ရှိစိတ်တွေ ၊ လွမ်းဆွတ်တမ်းတမှုတွေ ပြည့်နှက်နေခဲ့တာ မဟုတ်ဘူးလား။ သွားပြီးတော့ သူ့အနားမှာ အဖော်ပြုပေးလိုက်ပါ။”
ထို့နောက် သူက ဆေးပန်းကန်လုံးတစ်လုံးကို ယူဆောင်လာကာ မယ်တော်ကြီး၏ ပါးစပ်ကို အတင်းညှစ်ဖွင့်ပြီး ဆေးရည်များကို အသက်ရှင်လျက်နှင့်ပင် အတင်းအဓမ္မ လောင်းထည့်လိုက်လေတော့သည်။
“တောင်းပန်ပါတယ် မယ်တော်ကြီး... မယ်တော်ကြီးက သားတော့်ကို အတင်းအကျပ် ဖိအားပေးခဲ့တာပါ ၊ မယ်တော်ကြီးက ဖိအားပေးခဲ့တာပါ။”
“မယ်တော်ကြီးက သားတော် အချစ်ရဆုံး မယ်တော်ပါ ၊ မယ်တော်ကြီး ထွက်သွားပြီးတဲ့နောက်မှာ သားတော်က မယ်တော်ကြီးအတွက် အလွန်အမင်း ဝမ်းနည်းပူဆွေးပေးပါ့မယ်။” ဧကရာဇ်ယုံတယ်မှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ရည်များ ပေါက်ကွဲထွက်ကျလာလေ၏။
ဧကရာဇ်ယုံတယ်မှာ မယ်တော်ကြီးအား ဆေးတိုက်နေစဉ် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
မယ်တော်ကြီးမှာ မည်သို့မျှ ရုန်းကန်ခြင်း မရှိဘဲ သူမ၏ သားတော်အား ဝမ်းနည်းကြေကွဲဖွယ် မျက်ဝန်းများဖြင့်သာ ကြည့်နေလေ၏။
သူမအနေဖြင့် ဤသားတော်အကြောင်းကို နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင်ဖြစ်စေ သူသည် ထိုယုတ်မာလှသော လူယုတ်မာကြီး၏ သွေးသားအရင်းအချာ ဖြစ်နေသောကြောင့်ပင်။
“ငါ့ဟာငါပဲ သောက်ပါ့မယ်” မယ်တော်ကြီးက တိုးညှင်းစွာ ပြောလိုက်သည်။ “နင်က ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ထင်ယောင်ထင်မှား အခြေအနေကို ဖန်တီးချင်နေတာ မဟုတ်ဘူးလား။ ဒါဆိုလည်း ငါ့ဟာငါပဲ လုပ်ပါရစေ”
ဧကရာဇ်မှာ ကြက်သေသေသွားရလေ၏။
ထို့နောက် သူက ဆေးပန်းကန်လုံးကို မယ်တော်ကြီးထံသို့ ကမ်းပေးလိုက်သည်။
“ဝိညာဉ်ကြွေအမွှေးနံ့...” မယ်တော်ကြီးက ပန်းကန်လုံးထဲရှိ ဆေးရည်ကို အနံ့ခံကြည့်လိုက်သည်။ “မှူးမတ်မျိုးနွယ်ဝင် အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အခါ ဒီဆေးကို သုံးရတာ နှစ်သက်ကြတယ်။ သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ မျက်နှာက နီမြန်းနေပြီး ခန္ဓာကိုယ်ကနေ ထူးခြားတဲ့ အမွှေးရနံ့တွေ ထွက်ပေါ်နေတတ်တယ်လေ”
“ငါ့မှာ အပြစ်ရှိတယ်... ငါ့မှာ အပြစ်ရှိတယ်။” မယ်တော်ကြီးသည် ဝိညာဉ်ကြွေအမွှေးနံ့များ ရောနှောနေသော ဆေးရည်ပန်းကန်လုံးကို သောက်ချလိုက်လေတော့သည်။
ဤဆေးကို တုဟွေးက ဧကရာဇ်ထံသို့ ပေးအပ်ထားခဲ့ခြင်းဖြစ်ပြီး ဧကရာဇ်က မည်သည့်အချိန်တွင်မဆို အသုံးပြုရန် လိုအပ်လာပါက အသင့်ဖြစ်စေရန် သူ၏ အနီးအနားတွင် အမြဲဆောင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤဆေးကို ယခုလိုအချိန်မျိုးတွင် အသုံးပြုရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဧကရာဇ်ယုံတယ်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ ငိုကြွေးလျက် ပြောလေ၏။ “မယ်တော်ကြီး... မယ်တော်ကြီးက သားတော့်ကို အတင်းအကျပ် ဖိအားပေးခဲ့တာပါ ၊ မယ်တော်ကြီးက ဖိအားပေးခဲ့တာပါ”
မယ်တော်ကြီးက အဆိပ်ရည်များကို ဆက်လက် သောက်သုံးနေရင်း ပြောလိုက်သည်။ “နင်က အဲဒီ လူယုတ်မာကြီးရဲ့ သားဖြစ်နေရင်တောင်မှ ဘာပဲဖြစ်ဖြစ် နင့်မှာ တာ့နင်အင်ပါယာရဲ့ သွေးသားတွေ စီးဆင်းနေသေးတာပဲလို့ ငါတွေးခဲ့မိတယ်။ နင် ရာဇပလ္လင်ကို ဆက်ခံလည်း ကိစ္စမရှိပါဘူးလေ။ ရာဇပလ္လင်ကို ကျန်းဆုန်ဧကရာဇ်ဆီ ပြန်ပေးအပ်လိုက်ရရင်တောင်မှ ကိစ္စမရှိပါဘူး”
မယ်တော်ကြီးသည် သူမ၏ လူငယ်ဘဝ အတိတ်ကာလကို မလွှဲမရှောင်သာ ပြန်လည်တွေးတောမိသွားလေသည်။
ထိုအချိန်က ဧကရာဇ်ထျန်ယွင်သည် ဧကရာဇ်တစ်ပါး မဖြစ်သေးချေ။ သူ့ကို အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ထားသော်လည်း ထိုစဉ်က ဧကရာဇ်ဖြစ်သူက သူ့ကို သိပ်ပြီး သဘောမကျလှပေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ထျန်ယွင်သည် အလွန်တရာ အားနည်းပြီး သနားကြင်နာတတ်လွန်းသည်ဟု ဧကရာဇ်က ခံစားရသောကြောင့် ဖြစ်၏။
သေချာပေါက်ပင် မယ်တော်ကြီးနှင့် ဧကရာဇ်ထျန်ယွင်တို့သည်လည်း လူကြီးများ စီစဉ်ပေးသော အိမ်ထောင်ရေးဖြင့် လက်ထပ်ခဲ့ကြရခြင်းဖြစ်ပြီး လွတ်လပ်သော အချစ်ဆိုသည်မှာ လုံးဝ မရှိခဲ့ချေ။
မယ်တော်ကြီး၏ နာမည်ရင်းမှာ ရွှီရှူကျွင်းဖြစ်ပြီး သူမသည် ဩဇာအာဏာ ကျဆင်းနေသော မှူးမတ်မျိုးနွယ်စုတစ်ခုမှ မွေးဖွားလာခဲ့သူ ဖြစ်လေသည်။
မယ်တော်ကြီး ရွှီရှူကျွင်းသည် အားနည်းသော မိန်းမသားတစ်ဦး ဖြစ်သော်လည်း သူမက သူရဲကောင်းများကို နှစ်သက်သဘောကျကာ ဧကရာဇ်ထျန်ယွင်ကဲ့သို့ အပြစ်ကင်းစင်သော လူငယ်မျိုးကို သဘောမကျခဲ့ပေ။ ထိုစဉ်က ဧကရာဇ်ထျန်ယွင်တွင်လည်း သူ အလွန်ချစ်မြတ်နိုးရသော အမျိုးသမီးတစ်ဦး ရှိနေခဲ့ပြီး ထိုအမျိုးသမီးမှာ အလွန်တရာ အစွမ်းထက်သော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
သူတို့လူနှစ်ဦး၏ အိမ်ထောင်ရေးသည် အစပိုင်းတွင် ပျော်ရွှင်စရာ မကောင်းခဲ့ချေ။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးစလုံးမှာ ကြင်နာတတ်သော နှလုံးသား ပိုင်ရှင်များ ဖြစ်ကြပေသည်။ လက်ထပ်ပြီးနောက်တွင် သူတို့သည် တစ်ဦးလက်ကို တစ်ဦး စတင်ဆုပ်ကိုင်လာခဲ့ကြပြီး တစ်ဦးအကြောင်းကို တစ်ဦး စတင်နားလည်လာခဲ့ကြသည်။
ဤအချိန်တွင် ပြိုင်ဘက်ကင်းလောက်အောင် ချောမောခန့်ညားပြီး ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသားတစ်ဦးသည် ရွှီရှူကျွင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေသည်။ သေချာပေါက်ပင် ထိုစဉ်က သူမသည် အိမ်ရှေ့စံ၏ ကြင်ယာတော် တစ်ဦးသာဖြစ်ပြီး အလွန်လည်း ငယ်ရွယ်နေသေး၏။
နင်တောက်ရွှမ်၏ ဆွဲဆောင်မှုမှာ ဧကရာဇ်ထျန်ယွင်ထက် ဆယ်ဆမျှ ပိုမိုသာလွန်နေပြီး သူ၏ သိုင်းပညာများမှာလည်း အလွန်တရာ အံ့မခန်း ဖြစ်လှပေသည်။ ထို့အပြင် သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ထူးခြားသည့် ယောက်ျားပီသသော အငွေ့အသက်များသည် အမျိုးသမီးများအတွက် အလွန်တရာ ဆွဲဆောင်မှုရှိလွန်းလှ၏။ ရွှီရှူကျွင်းသည်လည်း ငယ်ရွယ်စဉ်က ချွင်းချက်မဟုတ်ခဲ့ဘဲ သူ၏ ဆွဲဆောင်မှုတွင် ကျရှုံးခဲ့ရလေသည်။
သို့သော်လည်း မယ်တော်ကြီးသည် အလွန် ငယ်ရွယ်စဉ်ကပင် အမျိုးသမီးတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် အသိတရားကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့ပေသည်။ နင်တောက်ရွှမ်အပေါ် သူမ၏ နှလုံးသားက အလွန်အမင်း တုန်လှုပ်လှိုက်မောခဲ့ရသော်လည်း သူမသည် အိမ်ထောင်ကျပြီးသူ တစ်ဦးဖြစ်ရာ အခြားအမျိုးသားများနှင့် လုံးဝ ပတ်သက်၍ မရနိုင်ကြောင်းကို သူမ သိရှိထားခဲ့၏။ ထို့ကြောင့် သူမသည် နင်တောက်ရွှမ်နှင့် စကားမပြောဘဲ ၊ မတွေ့ဆုံဘဲ လုံးဝ ဝေးဝေးရှောင်နေရန် ရွေးချယ်ခဲ့လေသည်။
နင်တောက်ရွှမ်က ငယ်ရွယ်သော ရွှီရှူကျွင်း၏ ကိုယ်ကျင့်တရားခံစစ်ကြောင်းကို ဖြိုခွင်းနိုင်ရန် သူ၏ အစွမ်းကုန် ကြိုးစားခဲ့လေ၏။
ထို့ကြောင့် သူက အထူး ဖော်စပ်ထားသော ဆေးဝါးများကို အသုံးပြုကာ ထိုစဉ်က ငယ်ရွယ်သော ရွှီရှူကျွင်းအားအဓမ္မပြုကျင့်ခဲ့လေတော့သည်။
ထိုစဉ်က အမျိုးသမီးတစ်ဦး၏ နှလုံးသားကို ရယူလိုပါက သူမ၏ ခန္ဓာကိုယ်ကို အရင်ဆုံး ရယူရမည်ဟု နင်တောက်ရွှမ်က တွေးထင်ထားခဲ့၏။
သို့သော် ရွှီရှူကျွင်း၏ ဘက်တွင်မူ အရာအားလုံးက ပြောင်းပြန်ဖြစ်နေခဲ့လေသည်။
သူမသည် နင်တောက်ရွှမ်အပေါ် သွေးဆောင်ဖြားယောင်းခံနေရပြီ ဖြစ်သော်လည်း တစ်ဖက်လူက သူမအား အဓမ္မပြုကျင့်လိုက်သောအခါ သူမ၏ စိတ်ထဲတွင် ရှိနေသော နင်တောက်ရွှမ်၏ ပုံရိပ်မှာ လုံးဝ ပျက်စီးသွားရလေတော့သည်။ ထို့အပြင် နင်တောက်ရွှမ်အပေါ် သူမ၏ ကောင်းမွန်သော ခံစားချက်များက ရွံရှာစရာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
ထို့နောက်တွင် ရွှီရှူကျွင်းမှာ အပြင်းအထန် ဖျားနာသွားခဲ့ပြီး သူမ၏ ခင်ပွန်းဖြစ်သူ ပြန်အလာကို စောင့်ဆိုင်းကာ အမှန်အတိုင်း ဝန်ခံပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်သာ ရည်ရွယ်ထားခဲ့လေသည်။
သို့သော်လည်း မကြာမီအချိန်အတွင်းမှာပင် သူမ ကိုယ်ဝန်ရှိနေကြောင်းကို သူမ လုံးဝ မထင်မှတ်ဘဲ သိရှိလိုက်ရလေ၏။
သူမသည် ကြင်နာတတ်ပြီး အားနည်းသော မိန်းမသားတစ်ဦး ဖြစ်လေသည်။ သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းက ကိစ္စမရှိသော်လည်း သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်မှာ အပြစ်ကင်းစင်နေပြီး သူ၏ သွေးသားအရင်းအချာပင် ဖြစ်သည်။
ကြင်နာတတ်ပြီး အားနည်းသော အမျိုးသမီးများသည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရခြင်းကို အနှစ်သက်ဆုံး ဖြစ်ကြ၏။ အိမ်ရှေ့စံမင်းသား ဂျိုဆွန်းပြည်သို့ မထွက်ခွာမီ တစ်ရက်အလိုတွင် အိမ်ရှေ့စံသည် ရွှီရှူကျွင်းနှင့် အတူနေထိုင်ခဲ့ပြီး နင်တောက်ရွှမ်က သူမအား အဓမ္မပြုကျင့်ခဲ့သည့် အချိန်နှင့် နှစ်ရက်ခန့်သာ ကွာဟလေသည်။
ထို့ကြောင့် ဤကလေးငယ်သည် သူမ၏ ခင်ပွန်းဖြစ်သူနှင့်သာ သက်ဆိုင်ပြီး သူမ၏ ခင်ပွန်းနှင့်သာ ရခဲ့ခြင်းဖြစ်သည်ဟု ရွှီရှူကျွင်းက ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့လေသည်။
ဤနည်းဖြင့် သူမသည် ဆက်လက် အသက်ရှင်နေထိုင်ရန် ရွေးချယ်ခဲ့ပြီး ကလေးကို မွေးဖွားခဲ့ကာ နင်တောက်ရွှမ်၏ အဓမ္မပြုကျင့်မှုကို ဖုံးကွယ်ထားခဲ့လေတော့သည်။
သူမ၏ အပြစ်ရှိစိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ဧကရာဇ်ထျန်ယွင်၏ အပြစ်ကင်းစင်မှုများက အမှန်တကယ်ဖြစ်ပြီး သူက အားနည်းသူတစ်ယောက် မဟုတ်ဘဲ အလွန်တရာ သန်မာကာ သဘောထားကြီးပြီး ကြင်နာတတ်သူတစ်ဦးဖြစ်ကြောင်း သူမ ရှာဖွေတွေ့ရှိသွားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဧကရာဇ်ထျန်ယွင်သည် နင်တောက်ရွှမ်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ကြောင်းကို သူမ သိရှိသွားခဲ့၏။
ဤအချိန်မှစ၍ ရွှီရှူကျွင်းသည် သူမ၏ ခင်ပွန်းအပေါ်တွင် လုံးလုံးလျားလျား ချစ်မိသွားခဲ့လေတော့သည်။
ကလေးမွေးဖွားလာပြီးနောက် ကလေး၏ မျက်နှာသွင်ပြင်က ဧကရာဇ်ထျန်ယွင်နှင့် အနည်းငယ် ဆင်တူနေခဲ့လေသည်။ ရွှီရှူကျွင်းမှာ အလွန်အမင်း ပျော်ရွှင်သွားခဲ့ရပြီး ဤကလေးသည် သူမ၏ ခင်ပွန်းဖြစ်သူ၏ သွေးသားသာဖြစ်ရမည်ဟု တွေးတောကာ စိတ်သက်သာရာ ရသွားခဲ့လေတော့၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂၉ + ၇၃၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team