အပိုင်း (အပို)
Vol. 73 Ch. 730.0
ကုန်းကုန်းဧကရာဇ်။ အပိုင်း (အပို)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
သို့သော်လည်း ကလေး အရွယ်ရောက်လာလေလေ ရွှီရှူကျွင်းမှာ ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာရလေလေ ဖြစ်သည်။ ကလေးမှာ အသက်ကြီးလာသည်နှင့် ပို၍ ချောမောလာကာ သူ၏ မျက်ခုံးများကြားရှိ ဆွဲဆောင်မှုမှာ နင်တောက်ရွှမ်နှင့် ပို၍ တူလာပြီး သူ၏ စရိုက်လက္ခဏာကလည်း ပို၍ ဆင်တူလာလေသည်။
ထိုအချိန်က ရွှီရှူကျွင်းမှာ စိတ်ကူးယဉ်မှုများ ပြည့်နှက်နေဆဲဖြစ်ပြီး သူမသား၏ စရိုက်လက္ခဏာသည် သူ၏ အဘိုးဖြစ်သူထံမှ အမွေရရှိလာခြင်း ဖြစ်နိုင်သည်ဟု တွေးတောနေခဲ့သေး၏။
သို့သော်လည်း မကြာမီကမှ တစ်စုံတစ်ယောက်က ဤထင်ယောင်ထင်မှားဖြစ်မှုကို လုံးဝ ဖျက်ဆီးပစ်ခဲ့လေသည်။
တုဟွေးက ဧကရာဇ်ယုံတယ်ထံသို့ တိုက်ရိုက်ရောက်လာကာ သူ၏ ဘဝဇစ်မြစ်ကို ဖွင့်ဟပြောဆိုခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် နင်တောက်ရွှမ်နှင့် သက်ဆိုင်သော ထူးခြားသည့် မျိုးရိုးဗီဇ အမှတ်အသားတစ်ခုကို ရှာတွေ့ခဲ့သည်။
ဧကရာဇ်ယုံတယ်က မယုံကြည်နိုင်သေးချေ။ သူက မယ်တော်ကြီးထံ ချဉ်းကပ်၍ မေးမြန်းခဲ့ရာ မယ်တော်ကြီးက နာကျင်စွာဖြင့် ထိုကိစ္စကို ဝန်ခံခဲ့လေ၏။
ထိုအချိန်က မယ်တော်ကြီးသည် သူမ၏ သားတော်ကို ကာကွယ်ပေးလိုဆဲဖြစ်ပြီး သူမကိုယ်တိုင် တစ်စစီ ကြေမွသွားရမည်ဆိုလျှင်တောင်မှ သူ့ကိုတော့ လုံးဝ အပျက်စီးခံမည်မဟုတ်ဟု ဆုံးဖြတ်ထားခဲ့သည်။
ဤအကြောင်းကြောင့်ပင် သူမ၏ အမြင်တွင် တုပိုင်မှာ သူမ၏ သားတစ်ဝက်လို ဖြစ်နေသော်လည်း တုပိုင်အား တောင်းပန်ရန် သူမ ဝန်မလေးခဲ့ပေ။
ယခုအခါတွင်တော့ သူမ၏ နှလုံးသားမှာ လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ သူမ မွေးဖွားခဲ့သူမှာ သားတစ်ယောက် မဟုတ်ဘဲ တိရစ္ဆာန်တစ်ကောင် ၊ တိရစ္ဆာန်တစ်ကောင်သာ ဖြစ်၏။
**--**--**--**--**--**--**--**
နောက်ဆုံးတွင်တော့ မယ်တော်ကြီးသည် ပန်းကန်လုံးထဲရှိ ဆေးရည်များကို သောက်ချလိုက်လေတော့သည်။
“ငါ့မှာ အပြစ်ရှိတယ်… ငါ့မှာ အပြစ်ရှိတယ်”
“တာ့နင် တော်ဝင်မျိုးနွယ်စုရဲ့ ဘိုးဘေးတို့… ရှင်တို့ဆီကို သွားတွေ့ဖို့ ကျွန်မမှာ မျက်နှာမရှိတော့ပါဘူး။ ကျွန်မက တိုင်းပြည်ကြီးကို တိရစ္ဆာန်တစ်ကောင်ရဲ့ လက်ထဲကို ထည့်ပေးလိုက်မိပြီ”
မယ်တော်ကြီးက ဆေးကို သောက်ပြီးနောက် သူမ၏ မျက်နှာမှာ တဖြည်းဖြည်း နီမြန်းလာလေသည်။ ထို့နောက် တိတ်ဆိတ်စွာ လှဲလျောင်းလျက် သေမင်းကို စောင့်ဆိုင်းနေလိုက်တော့၏။
လေထုထဲတွင် သဲ့သဲ့မျှ မွှေးပျံ့နေသော ရနံ့တစ်ခု ရှိနေပြီး ဤသည်မှာ ဝိညာဉ်ကြွေဆေး၏ ထူးခြားချက်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဤဆေးကို မှူးမတ်မျိုးနွယ်ဝင် အမျိုးသမီးများစွာက နှစ်သက်ကြခြင်း ဖြစ်ပြီး သေဆုံးခြင်းကပင် အလွန် လှပနေတတ်သည်။
လက်ရှိအချိန်တွင် ဧကရာဇ်ယုံတယ်မှာ လုံးဝ တည်ငြိမ်သွားခဲ့ပြီ ဖြစ်လေသည်။ သူသည် အလွန်အမင်း ဝမ်းနည်းနေသော်လည်း သူကိုယ်သူ ဝမ်းနည်းလာစေရန် အတင်းအကျပ် ဖိအားပေးနေပုံရပြီး တကယ်တမ်းတွင်တော့ သူ ထိုမျှလောက် ဝမ်းနည်းမနေခဲ့ပေ။
သမိုင်းတစ်လျှောက်မှ ကြီးမြတ်သော ဧကရာဇ်များအကြောင်းကို သူ တွေးတောလိုက်မိ၏။ ချင်ဧကရာဇ်ဆိုလျှင်လည်း သူ၏ မိခင်အရင်းကို ဤနည်းဖြင့်ပင် ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလော။
ဟန်ဝူဧကရာဇ်ဆိုလျှင်လည်း သူ၏ သားတော်နှင့် ဇနီးသည်တို့ကို သေဆုံးစေရန် ဖိအားပေးခဲ့သေးသည် မဟုတ်ပါလော။ သို့သော်လည်း သူတို့သည် ခေတ်အဆက်ဆက်မှ ဧကရာဇ်များ ဖြစ်နေကြဆဲပင်။
ယခု သူသည် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်ရာ သူသည် လူသားတစ်ယောက် မဟုတ်တော့ဘဲ နဂါးတစ်ကောင် ဖြစ်နေပြီဖြစ်၏။ နဂါးဆိုသည်မှာ သေမျိုးများကဲ့သို့ မဟုတ်လေဘဲ ရက်စက်ကြမ်းကြုတ်ပြီး ခံစားချက်ကင်းမဲ့လေသည်။
ဧကရာဇ်ယုံတယ်က သူ အသွင်ပြောင်းလဲသွားပြီဟု ခံစားလိုက်ရသည်။ “ငါ့ကို စောင့်ကြိုနေတာက ခေတ်အဆက်ဆက် ကြီးမားတဲ့ ရည်မှန်းချက်ကြီးပဲ။ ဒီစတေးမှုတွေ အားလုံးက တန်ဖိုးရှိပါတယ် ၊ ပြီးတော့ အားလုံးက ကောင်းကင်ဘုံက ပေးတဲ့ စမ်းသပ်မှုတွေပဲ”
ဧကရာဇ်ယုံတယ်က ဒူးထောက်ချလိုက်ပြီး ပြောလေ၏။ “မယ်တော်ကြီး အနားယူပါတော့ ၊ မနက်ဖြန်မနက်ကျမှ သားတော် ပြန်လာခဲ့ပါ့မယ်” ထို့နောက် သူက မယ်တော်ကြီး၏ ခေါင်းအုံးပေါ်တွင် သေတမ်းစာတစ်စောင်ကို တင်ထားလိုက်သည်။
ထိုအရာကိုလည်း တုဟွေးက ပြင်ဆင်ပေးထားခဲ့ခြင်းဖြစ်ပြီး တစ်ခုခု လိုအပ်လာပါက အသုံးပြုရန်အတွက် ဧကရာဇ်ယုံတယ်က သူ၏ အနီးအနားတွင် အမြဲဆောင်ထားခဲ့ခြင်း ဖြစ်သည်။
သေတမ်းစာ၏ အကြောင်းအရာမှာလည်း အလွန် ရိုးရှင်းလှသည်။
‘ငါကိုယ်တော်မက တုပိုင်ကို သားတစ်ဝက်လို သဘောထားခဲ့ပေမဲ့ တုပိုင်က စိချွမ်းနဲ့ ဟူနန်ကို စစ်တပ်တွေ စေလွှတ်ပြီး ပုန်ကန်ဖို့ ကြံစည်နေခဲ့တယ်။ ဒီအတွက် ငါကိုယ်တော်မ အလွန်အမင်း ဝမ်းနည်းရပါတယ်။ သမီးတော် နင်းရွှဲ့ကလည်း တပ်တွေ ဆုတ်ခွာသွားစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရလို့ ငါတို့မိသားစုက အလွန်အမင်း နာကျင်ကြေကွဲရပါတယ်။”
“သားတစ်ဝက်လို သဘောထားခဲ့ရတဲ့ တုပိုင်က ပုန်ကန်ခဲ့လို့ ငါကိုယ်တော်မက ပထမဧကရာဇ်နဲ့ နင်မိသားစုရဲ့ ဘိုးဘေးတွေအပေါ်မှာ တောင်းပန်ချင်တဲ့အတွက် မြေအောက်က ပထမဧကရာဇ်ဆီကို လိုက်သွားတော့မယ်။ တကယ်လို့ တုပိုင်ကသာ နောင်တရနိုင်မယ်ဆိုရင် ငါကိုယ်တော်မနဲ့ နင်းရွှဲ့တို့ရဲ့ သေဆုံးရမှုက တန်ဖိုးရှိသွားပါလိမ့်မယ်။’
‘သားတော် တုပိုင်… ငါကိုယ်တော်မနဲ့ နင်းရွှဲ့တို့ကို အလဟဿ အသေမခံပါနဲ့။’
သေတမ်းစာ၏ လက်ရေးမှာလည်း မယ်တော်ကြီး၏ လက်ရေးနှင့် တစ်ပုံစံတည်း ထပ်တူကျနေလေသည်။
နင်းရွှဲ့နှင့် မယ်တော်ကြီးတို့ သေဆုံးသွားကြောင်း သတင်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မယ်တော်ကြီး၏ သေတမ်းစာနှင့် မင်းသမီးနင်းရွှဲ့၏ သေတမ်းစာတို့မှာလည်း ပျံ့နှံ့သွားမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ထိုအချိန်တွင် အရာအားလုံးက ပြောင်းပြန်လန်သွားပေတော့မည်။ ထိုအခိုက်အတန့်၌ တုပိုင်မှာ သူပုန်နှင့် သူခိုးဆိုသည့် အရှက်ရဖွယ် နာမည်ဆိုးဖြင့် သံမှိုရိုက် သတ်မှတ်ခံလိုက်ရပေတော့မည်။
ထိုအချိန်၌ တစ်လောကလုံးက တုပိုင်အား ဝိုင်းဝန်းတိုက်ခိုက်ကြမည့် အချိန် တရားဝင် ရောက်ရှိလာမည်ဖြစ်ပြီး သူ၏ နာမည်ဆိုးသည်လည်း နှစ်ထောင်ပေါင်းများစွာတိုင်အောင် အပုပ်နံ့ထွက်ကာ ကျန်ရစ်နေတော့မည်ဖြစ်၏။
ဧကရာဇ်ယုံတယ်က မယ်တော်ကြီး၏ ချီနင်းနန်းဆောင်မှ ထွက်ခွာလာပြီး ခြေလှမ်းတစ်ရာအကွာရှိ နန်းတွင်းအပျိုတော် အားလုံးကို ပြောလိုက်လေသည်။ “မယ်တော်ကြီး အိပ်ပျော်သွားပြီ။ ဘယ်သူမှ ဆူဆူညံညံ အသံတွေ မလုပ်ကြနဲ့။ မယ်တော်ကြီး အနှောင့်အယှက်ဖြစ်သွားရင် အားလုံး အပြစ်ပေးခံရမယ်။ တစ်နာရီခြားတစ်ခါ အပေါ့ပါးဆုံး ခြေသံနဲ့ သွားပြီး မယ်တော်ကြီး စောင်ကန်ထားလား ၊ နေရထိုင်ရ မသက်မသာ ဖြစ်နေလားဆိုတာ သွားကြည့်ကြ”
“အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်”
နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများအားလုံး အရိုအသေပေးလိုက်ကြလေသည်။
သူတို့၏ အမူအရာနှင့် အကြည့်များအားလုံးက ဧကရာဇ်ထံသို့ အဓိပ္ပာယ်တစ်မျိုးကို ဖော်ပြနေကြ၏။ အရှင်မင်းမြတ်က တကယ်ကို သားကောင်းပီသလေ၏။
**--**--**--**--**--**--**--**
ချီနင်းနန်းဆောင် တစ်ခုလုံး၌ မယ်တော်ကြီးမှလွဲ၍ မည်သူမျှ မရှိဘဲ တိတ်ဆိတ်လွတ်ဟာနေလေသည်။
မယ်တော်ကြီး သေဆုံးသွားကြောင်းကို မည်သည့် နန်းတွင်းအပျိုတော် ၊ မိန်းမစိုးကိုမျှ ဧကရာဇ်က ချက်ချင်း ပေးသိမည် မဟုတ်ပေ။ တစ်နာရီခန့် ကြာပြီးမှသာ သိရှိသွားစေရန် ဖန်တီးထားခြင်းက မယ်တော်ကြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်ဟူသော အကြောင်းပြချက်ကို ပို၍ ခိုင်လုံစေမည် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ဧကရာဇ် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် မယ်တော်ကြီး သေဆုံးသွားမည်ဆိုလျှင် ကိစ္စများက သံသယဝင်ဖို့ ကောင်းနေပေလိမ့်မည်။
ဧကရာဇ် ထွက်ခွာသွားပြီး ခဏအကြာတွင် ချီနင်းနန်းဆောင်အတွင်းသို့ အခြား လူရိပ်တစ်ခု ဝင်ရောက်လာလေ၏။ သူမ၏ မျက်နှာမှာ အလွန် ရိုးစင်းပုံရသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာမူ အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းလှပေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် အခြားလူရိပ်တစ်ခု ထပ်မံ ဝင်ရောက်လာသည်။ မဟာဆရာသခင် နင်ဇောင်ဝူပင် ဖြစ်လေ၏။
“နင် မိစ္ဆာမလေး ၊ ဒီအစီအစဉ်ကို ဘာလို့ ငါ့ကို ကြိုမပြောခဲ့တာလဲ” နင်ဇောင်ဝူက ဒေါသတကြီးဖြင့် တီးတိုးရေရွတ်လိုက်၏။
လီဝမ်ဝမ်က ပြတ်သားစွာ ပြောလိုက်သည်။ “ဆရာသခင်နင်… ရှင်က နင်းရွှဲ့အပေါ် အရမ်းကို ဂရုစိုက်ပြီး မယ်တော်ကြီးအပေါ်ကိုလည်း အရမ်း သစ္စာရှိလွန်းတယ်။ တကယ်လို့ ကျွန်မသာ ရှင့်ကို ကြိုပြောပြထားခဲ့ရင် ရှင်က စိတ်ပူပြီး ပြာယာခတ်နေလိမ့်မယ်။ အဲဒီအခါကျရင် အားနည်းချက်တွေ ပေါ်သွားဖို့ အရမ်းလွယ်ကူသွားမှာပေါ့”
နင်ဇောင်ဝူက ပြောလေ၏။ “ဒါကြောင့် မင်းက နောက်ကျိအိပ်မက် ကျောက်သလင်းအကြောင်းကို ငါ့ကို ပြောပြခဲ့တာပေါ့။ ပြီးတော့ ကျန့်ရှီးအိမ်တော်မှာ မင်းသမီးနင်းရွှဲ့နဲ့ သွားတွေ့ဖို့ ငါ့ကို အချိန်ကိုက် လွှတ်လိုက်တယ်။ ပြီးတာနဲ့ မယ်တော်ကြီးနဲ့ သွားတွေ့ဖို့ အချိန်ကိုက် ဖန်တီးပေးပြီး မင်းသမီးနင်းရွှဲ့ ကိုယ်ဝန်မရနိုင်တဲ့ အကြောင်းကို ပြောပြခိုင်းခဲ့တယ်။”
“ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ ဧကရာဇ်ယုံတယ် ဖြစ်နိုင်တယ်ဆိုတာကိုပါ မယ်တော်ကြီးကို အရိပ်အမြွက် ပြောပြစေခဲ့တယ်။ ဧကရာဇ်ယုံတယ်က မင်းသမီးနင်းရွှဲ့ကို လုပ်ကြံဖို့ လူလွှတ်လိမ့်မယ်ဆိုတာကို မင်း သိနေခဲ့တာပဲ။ မင်းက ဧကရာဇ်ယုံတယ်ကို အမေရင်းကို ပြန်သတ်မယ့် မိစ္ဆာချောက်ကမ်းပါးထဲကို တစ်ဆင့်ချင်း တွန်းချခဲ့တာပဲ”
လီဝမ်ဝမ်က မှုန်ကုပ်ကုပ်လေး လုပ်ပြကာ ပြောလေ၏။ “ဆရာသခင်နင် ၊ ရှင့်ရဲ့ တပည့်မလေးက ရက်စက်လွန်းတယ်လို့ အပြစ်မတင်ပါနဲ့။ ရန်သူက ယုတ်မာနေမှတော့ ကိုယ်က သူ့ထက်ပိုပြီး ယုတ်မာပြမှ ရမှာပေါ့။ ဒါ့အပြင် ဧကရာဇ်ယုံတယ်က အစကတည်းက သူ့အမေကို သတ်ချင်တဲ့စိတ် ရှိနေပြီးသားပါ။”
“မဟုတ်ရင် ဝိညာဉ်ကြွေအမွှေးနံ့ကို ဘာလို့ သူ့အနားမှာ အမြဲ ဆောင်ထားရမှာလဲ။ မယ်တော်ကြီးရဲ့ အမိန့်စာတုကိုရော ဘာလို့ အသင့် ယူလာရတာလဲ။ သူက မယ်တော်ကြီးကို သတ်ဖို့ အကြောင်းပြချက် တစ်ခုလောက်ပဲ လိုအပ်နေခဲ့တာပါ။ ဒီနေ့ မသတ်ရင် မနက်ဖြန် သတ်မှာပဲ။ မနက်ဖြန် မသတ်ရင် သန်ဘက်ခါ သတ်မှာပဲ”
“တကယ်လို့ ကျွန်မက အစီအစဉ် အပြည့်အစုံကိုသာ ရှင့်ကို ပြောပြလိုက်ရင် ရှင်က မင်းသမီးနင်းရွှဲ့နဲ့ မယ်တော်ကြီးကို အန္တရာယ်ကြားထဲ အဝင်ခံပါ့မလား။ အဲဒီလိုဆိုရင် အစီအစဉ်က ပျက်စီးသွားမှာပေါ့”
နင်ဇောင်ဝူ တိတ်ဆိတ်သွားလေသည်။ ဤမိစ္ဆာမလေး၏ စကားများက ရင်နာစရာ ကောင်းလှသော်လည်း အမှန်တရားပင် ဖြစ်နေ၏။
“ကောင်းပြီ ၊ ဆရာသခင်နင်… အချိန်မရှိတော့ဘူး” လီဝမ်ဝမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ဒီဝိညာဉ်ကြွေဆေးက အရမ်း အဆိပ်ပြင်းပြီး ဖြေဆေးလည်း မရှိဘူး။ မယ်တော်ကြီးရဲ့ အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အစာအိမ်ထဲက ဆေးရည်တွေကို ပြန်စုပ်ထုတ်ရမယ်။ ပြီးရင် အစာအိမ်ထဲမှာ ကျန်နေတဲ့ အဆိပ်တွေကို တတ်နိုင်သမျှ ပြယ်သွားအောင် ခြေဖျက်ပေးနိုင်တဲ့ ဆေးရည်ကို တိုက်ရမယ်”
ထို့နောက် လီဝမ်ဝမ်နှင့် နင်ဇောင်ဝူတို့က ပိုက်လုံးတစ်ခုကို ထုတ်ယူကာ မယ်တော်ကြီး၏ အစာအိမ်ထဲသို့ ထည့်သွင်းလိုက်ပြီး အတွင်းအားကို အသုံးပြု၍ အစာအိမ်ထဲရှိ အရာအားလုံးကို စုပ်ထုတ်လိုက်ကြလေသည်။ ထိုနည်းဖြင့် ထပ်ခါတလဲလဲ ဆေးကြော၍ ထပ်ခါတလဲလဲ စုပ်ထုတ်ပစ်ကြလေ၏။
နောက်ဆုံးတွင် အစာအိမ်ထဲရှိ ဝိညာဉ်ကြွေဆေး အဆိပ် ၉၅ ရာခိုင်နှုန်းခန့်ကို ဆေးကြောဖယ်ရှားနိုင်ခဲ့လေသည်။
ထို့နောက် ကျန်ရှိနေသော ၅ ရာခိုင်နှုန်းသော ဝိညာဉ်ကြွေဆေးကို ခြေဖျက်နိုင်ရန် ဆေးရည် လောင်းထည့်လိုက်ကြ၏။
ဤနည်းဖြင့် မယ်တော်ကြီးမှာ သေဆုံးနိုင်မည် မဟုတ်တော့ချေ။ သူမက သတိလစ်နေဆဲဖြစ်သော်လည်း အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့က တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာခဲ့လေပြီ။
နာရီဝက်ကျော် အချိန်အတွင်း ဤအခန်းထဲသို့ မည်သူမျှ ဝင်လာရန် မဝံ့ရဲကြပေ။
မယ်တော်ကြီး၏ အသက်ကို ကယ်တင်ပြီးနောက် လီဝမ်ဝမ်က ရုတ်တရက် မယ်တော်ကြီး၏ အဝတ်အစားများကို ချွတ်ပစ်လိုက်လေသည်။
နင်ဇောင်ဝူ ချက်ချင်း လှည့်ထွက်သွားလိုက်၏။
“မင်း ဘာလုပ်နေတာလဲ” နင်ဇောင်ဝူက မေးလိုက်သည်။
လီဝမ်ဝမ်က ပြောလေ၏။ “မယ်တော်ကြီးအတွက် အတုအယောင် သေဆုံးမှု ဖန်တီးပေးနေတာလေ။ သူက မင်းသမီးနင်းရွှဲ့နဲ့ မတူဘူး ၊ သူ့မှာ သိုင်းပညာ မရှိဘူး။ တကယ်လို့ သေချာ မလုပ်ဘဲ အတုအယောင် သေဆုံးမှု ဖန်တီးလိုက်ရင် တကယ် သေသွားနိုင်တယ်။ ပြင်းထန်တဲ့ ဆေးတွေကိုလည်း တိုက်လို့ မရဘူး။ မီးနတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်ကို သုံးမှ ရလိမ့်မယ်”
နင်ဇောင်ဝူက မေးလိုက်သည်။ “မယ်တော်ကြီးကို တိုက်ရိုက် မကယ်ထုတ်တော့ဘူးလား”
လီဝမ်ဝမ်က ပြောလိုက်၏။ “နန်းတော်ထဲမှာ ဖန်းမိသားစုရဲ့ မဟာဆရာသခင် ဘယ်နှယောက်တောင် ရှိနေသလဲ။ မယ်တော်ကြီးနဲ့ မင်းသမီးနင်းရွှဲ့ကို ခေါ်ထုတ်သွားဖို့ဆိုတာ ဘယ်လောက်တောင် လွယ်ကူနေလို့လဲ။ အယောင်ပြထွက်ပြေးတဲ့ နည်းဗျူဟာကို သုံးမှ ရမယ်။ အရေးအကြီးဆုံးက ရုပ်သေးဧကရာဇ်ယုံတယ်ကို အရင်ဆုံး ကောင်းကင်ဘုံအထိ တက်သွားစေချင်တယ်။ ပြီးမှ ငရဲကို လုံးဝ ကျဆင်းသွားစေချင်တာ။ ဒါက အနာကျင်ရဆုံးပဲ ၊ ပြီးတော့ ကျွန်မယောက်ျားအတွက်လည်း အကျိုးအရှိဆုံးပဲ” ထို့နောက် လီဝမ်ဝမ်က ဆံပင်မွေးမျှ သေးငယ်သော အပ်တစ်ဗူးကို ထုတ်ယူလိုက်ပြီး အပ်တစ်ချောင်းစီတွင် မတူညီသော ဆေးရည်များ ပါရှိနေလေသည်။
“ရွှစ်… ရွှစ်… ရွှစ်…”
လီဝမ်ဝမ်သည် အလွန်တရာ သေးငယ်လှသော ဆေးအပ်များကို မယ်တော်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ နှလုံး ၊ ဝမ်းဗိုက်အောက်ပိုင်း စသည့် နေရာဆယ်ခုကျော်နှင့် တစ်ကိုယ်လုံးရှိ သွေးကြောများအတွင်းသို့ ထိုးသွင်းလိုက်လေ၏။ မယ်တော်ကြီး၏ ဦးခေါင်းထဲသို့ပင် ဆေးအပ်သုံးချောင်း တိုက်ရိုက် ထိုးသွင်းလိုက်သေး၏။
ဤငွေအပ်များက မယ်တော်ကြီး၏ အသက်ရှူနှုန်း ၊ နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းများအားလုံးကို ပိတ်ဆို့လိုက်သည်။ ထိုအခါ မယ်တော်ကြီးသည် တစ်ဖန် အသက်ရှူရပ်သွားပြီး နှလုံးခုန်လည်း ရပ်တန့်သွားလေတော့သည်။
ထို့နောက် လီဝမ်ဝမ်က မယ်တော်ကြီးကို အဝတ်အစားများ ပြန်ဝတ်ပေးလိုက်၏။
နင်ဇောင်ဝူ မေးလိုက်သည်။ “ဒီနည်းလမ်းက အားနည်းချက် မရှိနိုင်ဘူးလား”
“အားနည်းချက် မရှိဘဲ ဘယ်နေပါ့မလဲ” လီဝမ်ဝမ်က ပြောလိုက်၏။ “သေရာကနေ တကယ် ပြန်ရှင်လာနိုင်တဲ့ တစ်ဦးတည်းသောသူက ကျွန်မယောက်ျားပဲ။ ဒါက အတုအယောင် သေဆုံးမှုသက်သက်ပဲ။ အတုဖြစ်နေသရွေ့တော့ အားနည်းချက် ရှိမှာပဲ။ ဒါပေမဲ့ ဧကရာဇ်ယုံတယ်က အပြစ်ရှိစိတ် ဖြစ်နေတာဆိုတော့ မယ်တော်ကြီးနဲ့ နင်းရွှဲ့တို့ရဲ့ အလောင်းတွေကို သေချာ စစ်ဆေးခိုင်းပါ့မလား။ သူက ချက်ချင်း မြေမြှုပ်ပစ်ဖို့ပဲ စဉ်းစားမှာပါ”
ဧကရာဇ်သည် မယ်တော်ကြီးကို သတ်လိုက်သည်ဟူသော ကိစ္စကို မည်သူ့ကိုမျှ မသိစေလိုပေ။ ဖန်းမိသားစု၏ မဟာဆရာသခင်များရှေ့တွင်ဖြစ်စေ ၊ တုဟွေး၏ ရှေ့တွင်ဖြစ်စေ ဧကရာဇ်ယုံတယ်က မယ်တော်ကြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းသာ ဖြစ်သည်ဟု အခိုင်အမာ ငြင်းဆိုမည်သာ ဖြစ်လေသည်။
အရာအားလုံးကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် လီဝမ်ဝမ်က အထူး ဖော်စပ်ထားသော နံ့သာအမွှေးအကြိုင်များကို ထုတ်ယူကာ မယ်တော်ကြီး၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်သို့ နည်းနည်းချင်းစီ ပွတ်သပ်လိမ်းကျံပေးလိုက်လေ၏။
ဤနည်းဖြင့် မယ်တော်ကြီး၏ ခန္ဓာကိုယ်၌ ထူးခြားသော မွှေးရနံ့များဖြင့် ပြည့်နှက်သွားပြီး ထိုအနံ့မှာ ဝိညာဉ်ကြွေဆေး၏ အနံ့နှင့် တစ်ပုံစံတည်း ထပ်တူကျနေလေတော့သည်။
နင်ဇောင်ဝူသည် သူ၏ စိတ်စွမ်းအင် အားလုံးကို အသုံးပြုကာ မယ်တော်ကြီး၏ အနီးသို့ ကပ်၍ စစ်ဆေးကြည့်လိုက်ရာ သူမတွင် သိမ်မွေ့လွန်းလှပြီး လုံးဝ မသိသာလောက်အောင် မှေးမှိန်နေသော အသက်စွမ်းအင်ငွေ့လေး တစ်မျှင် ကျန်ရှိနေသေးကြောင်းကို ခံစားသိရှိလိုက်ရလေ၏။
နင်ဇောင်ဝူ ပြော၏။ “ဒီလောက်ဆို အရမ်း အန္တရာယ်များနေတုန်းပဲ။ တကယ်လို့ ဖန်းမိသားစုရဲ့ မဟာဆရာသခင်တွေက မယ်တော်ကြီး မသေသေးဘူးဆိုတာကို သိသွားခဲ့ရင် သူတို့က မယ်တော်ကြီးကို တိုက်ရိုက် သတ်ပစ်ကြလိမ့်မယ်။ အဲဒီလိုဆိုရင် အားထုတ်ထားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်”
လီဝမ်ဝမ်က ပြောလိုက်သည်။ “မဟာဆရာသခင်နင်… ဒါက ရှင်က သိပြီးသားဖြစ်နေလို့ ရှာတွေ့သွားတာပါ။ လောကကြီးမှာ ပြီးပြည့်စုံတဲ့ နည်းဗျူဟာဆိုတာ မရှိပါဘူး။ ဒုတိယအချက်အနေနဲ့ ကျွန်မရဲ့ လက်ရှိကိုယ်ပွားက မယ်တော်ကြီးအနားက နန်းတွင်းအပျိုတော်ပဲလေ။ ရှင့်မှာလည်း ထူးခြားတဲ့ သားရဲအရေခွံ မျက်နှာဖုံး ရှိသလို မီးနတ်ဘုရားဂိုဏ်းမှာလည်း ရှိပါတယ်။ မယ်တော်ကြီးကို မြေမမြှုပ်မချင်း ကျွန်မတို့ စောင့်ကြည့်နေမှာပါ။ ကဲ… ဆရာသခင်နင် ၊ ကျွန်မတို့ သွားသင့်ပြီ” လီဝမ်ဝမ်က ပြတ်သားစွာ ပြောလိုက်၏။
ထို့နောက် သူတို့နှစ်ဦးသည် ချီနင်းနန်းဆောင်အတွင်းမှ ပျောက်ကွယ်သွားကြလေတော့၏။ မယ်တော်ကြီးမှာ နှလုံးခုန်သံ ၊ အသက်ရှူသံ လုံးဝမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းနေလေသည်။ သူမ တစ်ကိုယ်လုံးမှာ လုံးဝ သေဆုံးသွားသည့်အလား ဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ်မှ ထူးခြားသော မွှေးရနံ့များ ထွက်ပေါ်နေလေ၏။
နာရီဝက်ခန့် ကြာပြီးနောက် လီဝမ်ဝမ်နှင့် နန်းတွင်းအပျိုတော် လေးဦးတို့သည် ချီနင်းနန်းဆောင် အပြင်ဘက်သို့ ရောက်ရှိလာကြပြီး အပျိုတော်များ တာဝန်ချိန် အပြောင်းအလဲ လုပ်ကြလေသည်။
“အချိန်ကျပြီ ၊ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်အရ မယ်တော်ကြီးကို သွားပြီး ပြုစုစောင့်ရှောက်ရမယ့် အချိန်ရောက်ပြီ”
တာဝန်ကျ အပျိုတော်ခေါင်းဆောင်က ပြောလိုက်၏။
ထို့နောက် နန်းတွင်းအပျိုတော် လေးဦးသည် ချီနင်းနန်းဆောင် အတွင်းသို့ ခြေသံဖော့ကာ ဝင်ရောက်သွားကြပြီး မယ်တော်ကြီးမှာ မလှုပ်မယှက် လှဲလျောင်းနေသည်ကို မြင်တွေ့လိုက်ကြရသည်။
နန်းတွင်းအပျိုတော် တစ်ဦးက ပြောလိုက်၏။ “မယ်တော်ကြီး ဘာမှမဖြစ်ပါဘူး ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပါ”
နန်းတွင်းအပျိုတော် ရှောင်ချုံးအဖြစ် ဟန်ဆောင်ထားသော လီဝမ်ဝမ်က ပြောလိုက်သည်။ “ဟင်… ဒါက ဘာအနံ့လဲ ၊ အရမ်းမွှေးနေတာပဲ”
ခက်ရှိအချိန်တွင် လီ့ထံ၌ မည်သည့် ဆွဲဆောင်မှုရှိသော အငွေ့အသက်မျှ မရှိတော့ဘဲ သာမန် နန်းတွင်းအပျိုတော် တစ်ဦးနှင့် မည်သို့မျှ မကွာခြားတော့ချေ။ သူမ ဟန်ဆောင်ထားသော အပျိုတော်လေးမှာ အပြစ်အနာအဆာ ကင်းလုနီးပါး ဖြစ်နေပြီး နန်းတွင်းအပျိုတော်မှာလည်း သာမန်အပျိုတော်လေး တစ်ဦးသာ ဖြစ်ရာ သူမ၏ အားနည်းချက်များကို မည်သူကမျှ ဂရုစိုက်မည် မဟုတ်ပေ။
အပျိုတော်ခေါင်းဆောင်မှာ ဗဟုသုတ ပိုကြွယ်ဝသူဖြစ်ရာ ဝိညာဉ်ကြွေဆေး၏ အနံ့ကို ချက်ချင်း သိရှိသွားပြီး သူမ၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
သူမက မြန်မြန်ဆန်ဆန် ရှေ့သို့ တိုးသွားကာ မယ်တော်ကြီး၏ နှာခေါင်းဝသို့ လက်လှမ်း၍ စမ်းသပ်ကြည့်လိုက်ရာ မယ်တော်ကြီးမှာ အသက်ရှူရပ်နေပြီ ဖြစ်လေတော့သည်။
မယ်တော်ကြီး၏ လည်ပင်းသွေးကြောကို စမ်းကြည့်လိုက်ရာ သွေးခုန်နှုန်း လုံးဝ မရှိတော့ချေ။
ကုတင်ဘေးတွင် သောက်လက်စ ဝိညာဉ်ကြွေဆေးပုလင်း တစ်ပုလင်း ရှိနေပြီး ခေါင်းအုံးပေါ်တွင်တော့ သေတမ်းစာတစ်စောင် ရှိနေသည်။
ရုတ်တရက် တာဝန်ကျ နန်းတွင်းအပျိုတော်ခေါင်းဆောင်မှာ အလွန်အမင်း ထိတ်လန့်သွားကာ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ခွေကျသွားလေတော့၏။
အချိန်အတော်ကြာမှသာ သူမသည်ချီနင်းနန်းဆောင်ထဲမှ အပြေးအလွှား ထွက်သွားလေသည်။ ဆယ့်ငါးမိနစ်ခန့် အကြာတွင် ဧကရာဇ်သည် ချီနင်းနန်းဆောင်သို့ အပြေးအလွှား ရောက်ရှိလာလေသည်။ မီတာအနည်းငယ်အကွာမှစ၍ သူက အကြိမ်ကြိမ် လဲကျသွားခဲ့ပြီး နောက်ဆုံးတွင်တော့ အခြားသူများက ဝိုင်းဝန်းတွဲကူပေးမှသာ ချီနင်းနန်းဆောင်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လေ၏။
နန်းတွင်းသမားတော် အတော်များများက မယ်တော်ကြီး၏ ကုတင်ဘေးတွင် ဒူးထောက်ကာ သွေးခုန်နှုန်းကို စမ်းသပ်ခြင်း ၊ အသက်ရှူသံကို နားထောင်ခြင်းနှင့် မျက်လုံးသူငယ်အိမ်များကို စစ်ဆေးခြင်းတို့ ပြုလုပ်နေကြလေသည်။
နောက်ဆုံးတွင်တော့ သမားတော်များအားလုံးက တညီတညွတ်တည်း အတည်ပြုလိုက်ကြလေသည်။
“မယ်တော်ကြီး နတ်ရွာစံသွားပါပြီ။”
မယ်တော်ကြီးက ဝိညာဉ်ကြွေဆေးကို သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် ဧကရာဇ်ယုံတယ်မှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး ပြန်မထနိုင်တော့ချေ။ သူက အသည်းအသန် အန်ချလိုက်ရာ သွေးများ အန်ကျလာလေ၏။
“အရှင်မင်းမြတ်… ဒါက မယ်တော်ကြီးရဲ့ သေတမ်းစာပါ”
ဧကရာဇ်ယုံတယ်က သေတမ်းစာကို ယူလိုက်သည်။ ထိုစာထဲတွင် တုပိုင် ပုန်ကန်မှုနှင့် နင်းရွှဲ့ သေဆုံးမှုတို့ကြောင့် မယ်တော်ကြီး အလွန်အမင်း စိတ်ဆင်းရဲပူဆွေးရကာ မြေအောက်ရှိ ပထမဧကရာဇ်ထံသို့ လိုက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ရေးသားထားလေသည်။ ထို့အပြင် သေတမ်းစာထဲတွင် တုပိုင်အနေဖြင့် တပ်များ မဆုတ်ခွာပေးပါက သူမ သေရကျိုးနပ်မည်မဟုတ်ကြောင်းကိုလည်း ရေးသားထား၏။
“ဖူး…” ဧကရာဇ်ယုံတယ်က သွေးတစ်ပွက် ထပ်အန်လိုက်ပြီး တိုက်ရိုက် သတိလစ်မေ့မြောသွားလေတော့သည်။
သတိမလစ်မီလေးတွင် ဧကရာဇ်ယုံတယ်က အော်ဟစ်လိုက်လေ၏။ “တုပိုင်… မင်းနဲ့ငါက ကောင်းကင်တစ်ခုတည်းအောက်မှာ အတူမရှင်သန်နိုင်တဲ့ ရန်သူတွေပဲ။”
“လူလာကြစမ်း… ကျန့်ရှီးဘုရင် တုပိုင်ရဲ့ ရာထူးဘွဲ့တွေ အားလုံးကို ရုပ်သိမ်းပြီး သာမန်အရပ်သားအဖြစ် လျှော့ချပစ်ဖို့ အမိန့်ထုတ်လိုက်”
“တုပိုင်က ငါကိုယ်တော်ကို ဆန့်ကျင်ပြီး ပုန်ကန်ထကြွခဲ့ပြီ။ လောကကြီးက တရားမျှတတဲ့ ပြည်သူတွေအားလုံး ငါကိုယ်တော်ရဲ့ အမိန့်ကို နာခံပြီး သူပုန်တုပိုင်ကို ဝိုင်းဝန်းတိုက်ခိုက်ကြစေ။”
နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိလာပြီဖြစ်၏။
လက်ရှိအချိန်၌ ဧကရာဇ်ယုံတယ်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် အပြင်းအထန်ခုန်ပေါက်နေပြီး သူ၏ တစ်ကိုယ်လုံးသည်လည်း တစအဆက်ဆက်ဖြင့် တုန်ခိုက်နေလေ၏။
ဤနေ့ရက်ကို သူ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တုပိုင်ကို ငရဲပြည် အထပ်ဆယ့်ရှစ်လွှာအထိ လုံးဝ ဆွဲချပစ်ရန်နှင့် လောကလူသားများအားလုံး၏ အမြင်တွင် သူ့ကို သူပုန်သူခိုးတစ်ယောက်ဖြစ်လာစေရန် သူ စောင့်ဆိုင်းနေခဲ့သည်မှာ အတော်ကို ကြာမြင့်လှပြီဖြစ်သည်။
မယ်တော်ကြီး၏ သေဆုံးမှုသည် နောက်ဆုံးတွင်တော့ ဧကရာဇ်ယုံတယ်နှင့် တုပိုင်တို့ကြားရှိ အဆုံးအဖြတ်တိုက်ပွဲကို ဆောင်ကြဉ်းလာပြီဖြစ်လေ၏။
“အမိန့်တော်အရ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ၊ မြို့တော်က ပြည်သူသန်းပေါင်းများစွာ အားလုံး မယ်တော်ကြီးနဲ့ မင်းသမီးနင်းရွှဲ့အတွက် သုံးရက်တိတိ ဝမ်းနည်းပူဆွေးကြရမယ်။ သုံးရက်ကြာပြီးတဲ့နောက်မှာ မယ်တော်ကြီးနဲ့ မင်းသမီးနင်းရွှဲ့ကို ဧကရာဇ်မိသားစု သင်္ချိုင်းဂူမှာ မြေမြှုပ်သင်္ဂြိုဟ်ရမယ်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်။”
ဧကရာဇ်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်း မဟုတ်ကြောင်းကို တစ်စုံတစ်ယောက်က ရိပ်မိသွားမည်စိုး၍ မယ်တော်ကြီးနှင့် နင်းရွှဲ့တို့၏ အလောင်းကို မည်သူမျှ ထိတွေ့ခွင့် မပြုခဲ့ချေ။
လီဝမ်ဝမ်မှာ ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ သူမ တစ်ကိုယ်တော် ဖန်တီးခဲ့သော ဤပြဇာတ်ကြီးမှာ အကောင်းဆုံးသော အထွတ်အထိပ်သို့ ရောက်ရှိတော့မည် ဖြစ်၏။
ဧကရာဇ်ယုံတယ် ကောင်းကင်ဘုံမှနေ၍ ငရဲပြည်သို့ ကျဆင်းရတော့ပေမည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (အပို)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team