အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အပိုင်း (၃၇၆) စီစဥ်ခြင်း
ဇနီးမောင်နှံနှစ်ဦးသည် ငယ်စဥ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြပြီး အလွန်ချစ်ခင်ကြကာ စနောက်လေ့ရှိကြသည်။
ဒီလောက်လေးနက်သော အခြေအနေမျိုးနှင့်ပင် စတုတ္ထမင်းသားသည် နောက်ပြောင်လိုက်မိလေသည်။ "ကျွန်တော်က ဘယ်ချိန်ကများ ရွှတ်နောက်နောက် နေတတ်လို့လဲ။ တစ်ချိန်လုံး တည်တည်ကြည်ကြည် နေလာခဲ့တာပါ"
ကျောက်ယွီသည် လက်ကိုဆန့်လိုက်ပြီး စတုတ္ထမင်းသား၏ တွန့်ချိုးနေသည့် မျက်ခုံးများကို ပွတ်သပ်ပေးလိုက်လေသည်။ "ကြည့်ပါအုံး။ မျက်မှောင်တွေတောင် ကျုံ့နေတာကို တစ်ခုခုဖြစ်တာ သေချာတယ်။ ဖုံးကွယ်မထားပါနဲ့။ မြန်မြန်ပြောပြပါအုံး"
စတုတ္ထမင်းသားသည် ကျောက်ယွီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ဖမိုးကိုနမ်းကာ အိမ်ရှေ့စံ ဒဏ်ရာရသည့်ကိစ္စကို မြန်မြန်ပြောပြလိုက်လေသည်။
ကျောက်ယွီသည် မရယ်နိုင်တော့ချေ။ မျက်မှောင်ကြုတ်လိုက်မိလေ၏။ .”တိုက်ပွဲက ဒီလောက်ပြင်းထန်နေတာလား။ ထိုက်ဇီတောင် ဒဏ်ရာရသွားတယ်ဆိုတော့ အဖေရော ဘယ်လိုနေမလဲ မသိဘူး"
စတုတ္ထမင်းသားက မတော်တဆ ရင်ထဲကစကားကို လွှတ်ခနဲ ပြောထွက်မိသွားတော့သည်။ "ယွဲဖုရဲ့ အကျင့်စရိုက်နဲ့ဆိုရင် မဖြစ်မနေ အခြေအနေမဟုတ်ရင် တပ်ရဲ့အလယ်ဗဟိုမှာ ပုန်းနေမှာ သေချာတယ်။ အန္တရာယ်ရှိရင်တောင် သူ့ခေါင်းပေါ်ရောက်လာမှာ မဟုတ်ဘူး။ စိတ်ချပါ"
ကျောက်ယွီ "..."
ကျောက်ယွီသည် ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားပြီး စတုတ္ထမင်းသား၏ နားရွက်ကို ဆွဲလိမ်လိုက်မိတော့သည်။ "ရှင်က ကိုယ့်ယောက္ခမကို ဒီလို အတင်းပြောရဲတယ်ပေါ့။ ဘယ်လို ဆုံးမခံချင်တာလဲ ပြော"
စနောက်ပြီးသွားသည့်နောက်တွင် စတုတ္ထမင်းသားသည် တည်ငြိမ်စွာ ဆက်ပြောလေ၏။ "မူဟုပ်က အရမ်းစိတ်ပူနေတာ။ အာ့စောင်က ကလေးတွေကိုထားခဲ့ပြီး စစ်တပ်ထဲသွားမယ်ဆိုလို့ ကျွန်တော် တားလိုက်ရတယ်"
"မနက်ဖြန်မနက်စောစော ကျွန်တော် ခရီးထွက်ပြီး စစ်တက်ထဲ သွားလိုက်မယ်။ အာ့ကော ဒဏ်ရာပြင်းထန်ရင် မြို့တော်ကို ပြန်ခေါ်လာပြီး ကုသပေးရမယ်။ဒဏ်ရာမပြင်းထန်ရင် ဟိုမှာပဲ ပြုစုပေးပြီး သက်သာလာမှ ပြန်လာမယ်"
"ကျွန်တော် မရှိတဲ့အချိန် မင်းတစ်ယောက်တည်း အိမ်မှာနေခဲ့ရမှာ။ ကိုယ့်ဟာကိုရော ကလေးကိုပါ ဂရုစိုက်နော်"
ကျောက်ယွီသည် စတုတ္ထမင်းသားက ခရီးထွက်မည်ဟု ထင်မထားသဖြင့် မျက်ဝန်းများနီရဲလာပြီး မျက်ရည်များ စီးကျလာလေတော့သည်။
စတုတ္ထမင်းသားက သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကျွန်တော် စစ်တိုက်ထွက်သင့်တာ။ ဖုဟွမ်က ကျွန်တော့်မှာ သားသမီးမရှိသေးလို့ သနားပြီး မြို့တော်မှာ ချန်ထားခဲ့တာ။ အခု မင်းမှာလဲ ကိုယ်ဝန်၅လကျော်နေပြီ။ သမားတော်စမ်းသပ်ချက်အရ သားလေးမွေးမှာတဲ့ ကျွန်တော် မြို့တော်မှာဆက်နေရင် ကြည့်ကောင်းမှာ မဟုတ်တော့ဘူး"
"မင်း ကျွန်တော့်ကို မခွဲချင်မှန်း သိပါတယ်။ ကျွန်တော်လဲ မခွဲချင်ပါဘူး။ ဒါပေမဲ့ အခုအခြေအနေက မသွားလို့ မဖြစ်တော့ဘူး။ မင်းကိုယ်ဝန်ကို ဂရုစိုက်ပြီး ကျွန်တော်ပြန်လာတာကို စောင့်နေနော်။ အရာအားလုံးအဆင်ပြေရင် သားလေးမွေးတဲ့အချိန် ကျွန်တော် ပြန်ရောက်နေလောက်ပါပြီ"
ကျောက်ယွီသည် ခဏလောက်ငိုပြီးနောက် မျက်ရည်ကို သုတ်လိုက်လေတော့သည်။ "ရှင် နှစ်သိမ့်စရာမလိုပါဘူး။ ရှင့်ကို စိတ်မချလို့ ငိုတာပါ။ အခုအခြေအနေအရ ရှင်သွားမှဖြစ်မယ်ဆိုတာကိုလည်း နားလည်ပါတယ်။ အိမ်တော်က ကိုယ်ရံတော်တွေကို အကုန်ခေါ်သွားနော်။ လမ်းမှာ သတိထားပါ"
ကျောက်ယွီသည် ပုံမှန်အချိန်တွင် ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း အရေးကြုံလာလျှင် ချင်ဖေးထက် ပိုပြီးသဘောပေါက် နားလည်လွယ်လေသည်။
စတုတ္ထမင်းသား စစ်တပ်ထဲသွားပြီး ထိုက်ဇီကို ပြုစုခြင်းသည် ညီအစ်ကိုသံယောဇဥ်ကို ပြသရာရောက်သလို ကြီးမားသောကျေးဇူးလဲ ဖြစ်ရစေသည်။ လူအများအမြင်တွင် သံယောဇဥ်ကြီးသူ ဖြစ်သွားခြင်းပင်။
နောက်ပိုင်း ဒီကျေးဇူးကြောင့် ထိုက်ဇီက စတုတ္ထမင်းသားကို အများကြီး ဒုက္ခပေးတော့မည် မဟုတ်ပေ။
စတုတ္ထမင်းသားသည် စိတ်သက်သာရာရသွားပြီး ကျောက်ယွီကို ဖက်ထားလိုက်တော့၏။ "ကောင်းပြီ မင်းလဲဂရုစိုက်နော်"
...
နောက်တနေ့မနက်တွင် စတုတ္ထမင်းသားသည် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ကို နှုတ်ဆက်လေသည်။
ချင်ဖေးက တညလုံး ငိုထားသဖြင့် မျက်လုံးများ ယောင်ယမ်းနေ၏။ သို့သော်ငြား သားဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်စွမ်း မရှိသဖြင့် စိတ်မပါဘဲ သဘောတူလိုက်ရလေသည်။ စတုတ္ထမင်းသားကို ဂရုစိုက်ရန် အကြိမ်ကြိမ် မှာကြားနေလေတော့၏။
လုမင်ယွိသည်လဲ တညလုံး အိပ်မပျော်သဖြင့် မျက်လုံးတွင် သွေးကြောမျှင်များ ယှက်သမ်းနေသော်ငြား တည်ငြိမ်နေလေသည်။ "စစ်တိ ပင်ပန်းရပါပြီ။ စစ်တပ်ထဲရောက်ရင် စာရေးပြီး အကြောင်းကြားပေးပါနော်"
"စစ်တိမေ့ကို စိတ်မပူပါနဲ့။ အာ့စောင် ဂရုစိုက်ပေးပါ့မယ်"
စတုတ္ထမင်းသားက ခေါင်းညိမ့်လိုက်ပြီး မကြာခင်မှာပင် ထွက်ခွာသွားလေတော့သည်။
စတုတ္ထမင်းသား ထွက်သွားသည်နှင့် ချင်ဖေးသည် အားအင်ကုန်ခမ်းသွားသလိုဖြစ်ပြီး မျက်နှာပေါ်တွင်လည်း အလင်းများ မရှိတော့ချေ။ စကားပြောချင်စိတ်လဲ မရှိတော့ပေ။
စူးဖေးသည် ချင်ဖေး၏ပုံစံကို ကြည့်မရသဖြင့် တမင်သက်သက် ပြောလိုက်လေတော့သည်။ "မင်းသားတွေအကုန်လုံး စစ်တပ်ထဲ ရောက်နေကြတာပဲ။ စတုတ္ထမင်းသားမှာလဲ သားသမီး ရတော့မှာဆိုတော့ စိတ်ပူစရာ မလိုတော့ပါဘူး။ စစ်တပ်ထဲသွားတာ ဘာဖြစ်လို့လဲ"
ချင်ဖေးသည် ဒေါသထွက်သွားပြီး စူးဖေးကို စိုက်ကြည့်လိုက်လေသည်။
လီဟောက်က စစ်ပွဲနိုင်ပြီး အကျိုးဆောင်ခွင့်ရထားသဖြင့် စူးဖေးသည်လဲ ခါးမတ်နိုင်နေပြီဖြစ်၏။ ချင်ဖေးကို အရင်ကလို မျက်နှာချိုသွေးစရာ မလိုတော့ချေ။ ခေါင်းပေါ်က ဆံထိုးကို ပွတ်သပ်လိုက်လေသည်။
ချောင်မိဖုရားခေါင်၏ အသံက ပေါ်ထွက်လာခဲ့၏။ "စတုတ္ထမင်းသား မရှိတော့ရင် ညီလာခံမှာကြည့်ပေးမဲ့သူ မရှိလို့ မဖြစ်ဘူး။ ပဥ္စမမင်းသားကို စတုတ္ထမင်းသားနေရာမှာ အစားထိုးပြီး နေ့တိုင်း ညီလာခံတက်ခိုင်းမယ်"
ဒီလိုကောင်းတဲ့ကိစ္စ ရှိသေးပါလား။
စူးဖေးသည် ဝမ်းသာသွားပြီး အလျင်အမြန် ထရပ်ကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က ပဥ္စမမင်းသားကို ယုံကြည်ပေးတာ သူ့ရဲ့ ကံကောင်းခြင်းပါပဲ။ ချန်ချဲ့က ပဥ္စမမင်းသားကိုယ်စား ကျေးဇူးတင်ပါတယ်"
ချောင်မိဖုရားခေါင်သည် တညလုံး မအိပ်ရသေးသဖြင့် စိတ်အခြေအနေ မကောင်းလှပေ။ စကားအများကြီးပြောချင်စိတ် မရှိဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်တော့သည်။ "ဒါက ထိုက်ဇီဖေးရဲ့ အကြံဉာဏ်ပါ။ မင်း ကျေးဇူးတင်ချင်တယ်ဆိုရင် ထိုက်ဇီဖေးကိုပဲ တင်လိုက်ပါ"
စူးဖေး "..."
လုမင်ယွိက ဘယ်လိုလုပ်ပြီး ဒီလောက် သဘောကောင်းနေနိုင်မှာလဲ။
ယုံးကျားဧကရာဇ်တို့ သားအဖတွေ မြို့တော်မှာ မရှိတဲ့အချိန် အခွင့်ကောင်းယူပြီး လီချန်ကို သတ်ပစ်ဖိူ့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်။
စူးဖေး၏ အပြုံးသည် နှုတ်ခမ်းထောင့်တွင် တောင့်ခဲသွားပြီး လုမင်ယွိကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
လုမင်ယွိကတော့ ဂရုမစိုက်ဘဲ အမိန့်ပေးလိုက်လေ၏။ "ပဥ္စမမင်းသားကို ကျောင်းဖန်နန်းဆောင်ဆီ လာခိုင်းလိုက်ပါ"
နန်းတွင်းအပျိုတော်တစ်ဦးက ထွက်ခွာသွားလေသည်။
အမွှေးတိုင်တစ်တိုင်စာ ကြာပြီးနောက်တွင် ၁၃နှစ်အရွယ် ပဥ္စမမင်းသား လီချန်သည် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာခဲ့၏။
လီချန်သည် အရပ်အနည်းငယ်ရှည်လာပြီး ခန္ဓာကိုယ်ကလဲ ကြီးထွားလာလေသည်။ လူက ဝလာသဖြင့် အနည်းငယ် တုံးအသယောင်ပေါက်နေပြီး လမ်းလျှောက်သည်ကလဲ နှေးကွေးနေသည်။ မျက်လုံးကျဥ်းကျဥ်းလေးများသည် ပွင့်မလာသကဲ့သို့ ဖြစ်နေလေ၏။
အိမ်ရှေ့စံ ဒဏ်ရာရသည့်သတင်းသည် နန်းတော်ထဲတွင် ပျံ့နှံ့နေပြီဖြစ်ရာ လီချန်လဲ သိပြီးသားဖြစ်လေသည်။
စူးဖေး၏ နှစ်ပေါင်းများစွာ သွေးထိုးမှုကြောင့် လီချန်သည် ထိုက်ဇီဖေးကို ရန်သူလို သဘောထားခဲ့သည်။ ထိုက်ဇီ ဒဏ်ရာရသည်ကို နည်းနည်းလေးမှ ဝမ်းမနည်းဘဲ ရင်ထဲတွင် ကြိတ်ပျော်နေလေသည်။
သို့သော်ငြား သူသည် ထိုအပျော်များကို ထုတ်ဖော်ပြသလောက်သည်အထိတော့ မတုံးအသေးချေ။
လီချန်က လက်နှစ်ဖက်ကိုယှက်ကာ ဂါရဝပြုလိုက်၏။
ချောင်မိဖုရားခေါင်သည် ခေါင်းကိုက်နေပြီး စကားပြောရန်အားမရှိသဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။
လုမင်ယွိက ခေါင်းညိမ့်လိုက်ပြီး လီချန်ကို ပြောလိုက်၏။ "စစ်တိက ဒီနေ့ပဲ စစ်တပ်ထဲ သွားတော့မယ်။ အနည်းဆုံး သုံးလေးလလောက်မှ ပြန်ရောက်မယ်။ ဒီနေ့ကစပြီး မင်း ညီလာခံ တက်ရမယ်။ အမတ်မင်းတွေ ဆွေးနွေးတာကို နားထောင်ပြီး မှတ်ထားပါ။ ညီလာခံပြီးရင် ကျောင်းဖန်နန်းဆောင်ကိုလာပြီး ကြားခဲ့မြင်ခဲ့တာတွေကို မူဟုပ်ကို ပြန်ပြောပြပေးရမယ်"
ဘာ မူဟုပ်ကို ပြောပြပေးရမှာလဲ။ သူမဘာသာ အာဏာလိုချင်လို့ လီချန်ကို သတင်းပေးအဖြစ် အသုံးချနေတာ သက်သက်ပဲ။
စူးဖေးသည် မကျေမနပ်ဖြစ်ကာ ဝင်ပြောလိုက်လေ၏။ "ပဥ္စမမင်းသားက မငယ်တော့ပါဘူး။ ညီလာခံတက်ခိုင်းမှတော့ တာဝန်ထမ်းဆောင်ဖို့ သင်ပေးလို့ရပါပြီ"
လုမင်ယွိသည် စူးဖေးကို အေးစက်စက် ကြည့်လိုက်လေသည်။ "မူဟုပ်က ဒီလိုစီစဥ်တာ သူ့အကြောင်းနဲ့သူ ရှိပါတယ်။ ပဥ္စမမင်းသားက ငယ်ပါသေးတယ်။ နောက်မှ တာဝန်ထမ်းဆောင်တာကို သင်လဲ နောက်မကျပါဘူး"
စူးဖေးသည် လုမင်ယွိ၏ အေးစက်သောမျက်လုံးများနှင့် ဆုံလိုက်သည်တွင် အားလျော့သွားပြီး လေသံကလဲ ပျော့ပျောင်းသွားတော့သည်။ "ထိုက်ဇီဖေးပြောတာ မှန်ပါတယ်။ ချန်ချဲ့ စကားများသွားပါတယ်"
လုမင်ယွိကလဲ အေးစက်စက် ပြောလိုက်လေသည်။ "စကားများမှန်းသိရင် နောက်ဆိုရင် လျှော့ပြောပါ"
စူးဖေးမှာ မျက်နှာ နီရဲသွားလေတော့၏။
လီချန်သည် မိခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိပြီး သတ္တိမွေးကာ လုမင်ယွိကိုကြည့်ပြီး ပြောလိုက်တော့သည်။ "မူဖေးက အာ့စောင်ရဲ့ လူကြီးတစ်ဝက်လောက် ဖြစ်နေပါပြီ။ အာ့စောင် မူဖေးကိုပြောရင် ယဥ်ကျေးသင့်ပါတယ် ..."
လုမင်ယွိ၏ အေးစက်သွားသော အကြည့်အောက်တွင် လီချန်၏ အသံသည်လဲ တဖြည်းဖြည်း တိုးဝင်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။
...
အပိုင်း (၃၇၇) တည်ငြိမ်မှု (၁)
လီချန်နှင့် လုမင်ယွိတို့ တွေ့ဆုံမည့် အခွင့်အရေးသည် အလွန်နည်းပါးလေသည်။ တွေ့ဆုံသည့် အကြိမ်တိုင်းတွင်လည်း အဆုံးသတ်က မကောင်းခဲ့ချေ။
လီချန်၏ အမြင်တွင် လုမင်ယွိသည် လှပသော်လည်း အလွန်အမင်း အနိုင်ကျင့် ဗိုလ်ကျတတ်သူဖြစ်သည်။ ဆူးတွေပြည့်နေသော နှင်းဆီပန်းကဲ့သို့ပင်။ အဝေးက ကြည့်လျှင် အဆင်ပြေသော်လည်း အနားကပ်သွားလျှင် ဆူးစူးခံရနိုင်လေသည်။
ထို့အပြင် လုမင်ယွိသည် သူ့ကို အကြောင်းရင်းမရှိ မုန်းတီးနေသလို ခံစားနေရသည်။ သူလည်း အငြိုငြင်မခံချင်သဖြင့် အတတ်နိုင်ဆုံး ရှောင်ရှားခဲ့လေသည်။ ပုံမှန်အချိန်ဆိုလျှင် လုမင်ယွိနှင့် မျက်နှာချင်းမဆိုင်မိအောင် ရှောင်သွားတတ်သည်။
ဒီနေ့တွင်တော့ မရီးနှင့် မတ် နှစ်ယောက်သား ရှားရှားပါးပါး ထိပ်တိုက်ဆုံတွေ့နေကြပြီ။
လုမင်ယွိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်လေသည်။ လီချန်၏ အသက်ရှူသံ ရပ်တန့်သွားပြီး နောက်ကို ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်လေသည်။ ထိုအသုံးမကျသော ပုံစံသည် တကယ်ပင် စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်နေတော့သည်။
စူးဖေးသည် ရင်ထဲတွင် ကြောက်လန့်တုန်လှုပ်နေလေသည်။ လုမင်ယွိ စိတ်ဆိုးပြီး လီချန်ကို ထရိုက်လိုက်မည်ကို စိုးရိမ်နေလေသည်။
သူမသည် မျက်နှာပျက်မှာကို ဂရုမစိုက်နိုင်တော့ဘဲ လီချန်၏ အင်္ကျီလက်စကို ဆွဲကာ ပြောလိုက်လေသည်။ "အားချန်၊ မင်း ဘယ်လိုဖြစ်ပြီး ထိုက်ဇီဖေးကို ဒီလို စကားမျိုး ပြောရတာလဲ။ မြန်မြန် တောင်းပန်လိုက်စမ်း"
လီချန်သည် မကျေမနပ်ဖြင့် လက်ယှက်ကာ တောင်းပန်လိုက်လေသည်။ "စောစောက စကားမှားသွားပါတယ်။ အာ့စောင် စိတ်ထဲမထားပါနဲ့"
လုမင်ယွိ၏ မျက်နှာပေါ်တွင် ခံစားချက်မရှိဘဲ ပြောလိုက်လေသည်။ "အခုလို အခြေအနေမျိုးမှာ ငါတို့တွေ စည်းလုံးညီညွတ်မှ ဖြစ်မယ်။ စိတ်ထဲမှာ မကျေနပ်တာ ရှိရင်လည်း ဖုဟွမ်နဲ့ အရှင်မင်းသားတို့ ပြန်လာမှ ရှင်းကြတာပေါ့"
လီချန်၏ ပါးဖောင်းဖောင်းလေးများ တုန်ခါသွားပြီး ခေါင်းငုံ့ကာ ဖြေလိုက်လေသည်။ "သာ့ဝေတိုင်းပြည်အတွက် အားဖြည့်ပေးခွင့်ရလို့ ကျွန်တော် ဝမ်းသာနေတာပါ။ မကျေနပ်စရာ အကြောင်း မရှိပါဘူး။ အာ့စောင် အထင်မလွဲပါနဲ့"
ဒါကတော့ လီချန်၏ရင်ထဲက စကားအမှန်ပင်။
တစ်နေ့လုံး စာကြည့်ဆောင်ထဲတွင် စာဖတ်နေရတာ ပျင်းစရာ ကောင်းလှသည်။ ညီလာခံတက်ခွင့် ရခြင်းသည် သူ့အတွက် အဆန်းတကြယ် ဖြစ်နေလေသည်။
လုမင်ယွိသည် ဆက်မပြောတော့ချေ။
လီချန်သည် စိတ်သက်သာရာ ရသွားပြီး သတိမထားမိအောင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ လုမင်ယွိနှင့် ဝေးရာသို့ ရွှေ့လိုက်လေသည်။
...
ချောင်မိဖုရားခေါင်သည် အားတင်းပြီး လီချန်ကို မှာကြားလိုက်ပြန်သည်။ ထို့နောက် ချိုင်လန်ကို လီချန်နှင့်အတူ ဝမ်ဟွားနန်းဆောင်သို့ လိုက်ပို့ခိုင်းပြီး အတွင်းဝန်အမတ်များကို အမိန့်တော် ပြန်တမ်း ထုတ်ပြန်လိုက်လေသည်။
စူးဖေးနှင့် အခြားသူများလည်း အခွင့်ကောင်းယူပြီး ထွက်ခွာသွားကြလေသည်။
ချောင်မိဖုရားခေါင်သည် အောင့်ထားသမျှ အသက်ရှူထုတ်လိုက်ပြီး ဇာမဏီသလွန်ပေါ်တွင် နှုံးခွေစွာ ထိုင်လိုက်လေသည်။ မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သော အနီရောင်များ ယှက်သန်းနေလေသည်။
လုမင်ယွိသည် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရပြီး ချောင်မိဖုရားခေါင်၏ နဖူးကို စမ်းကြည့်လိုက်ရာ အလွန် ပူကျစ်နေသည်ကို တွေ့လိုက်ရလေသည်။
လုမင်ယွိသည် ချက်ချင်း အမိန့်ပေးလိုက်လေသည်။ "လာကြစမ်း။ သမားတော်ချုပ်ကျိုးကို သွားခေါ်လိုက်"
ချောင်မိဖုရားခေါင်သည် ခေါင်းကိုက်နေပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲကာ အားအင်မရှိတော့သဖြင့် စကားပင် မပြောနိုင်တော့ချေ။
လက်ဖက်ရည်တစ်အိုးစာ ကြာပြီးနောက် သမားတော်ချုပ်ကျိုးသည် ကျောင်းဖန်နန်းဆောင်သို့ အလျင်အမြန် ရောက်ရှိလာသည်။ သွေးခုန်နှုန်း စမ်းကြည့်လိုက်ရာ ချောင်မိဖုရားခေါင် အဖျားကြီးနေကြောင်း တွေ့ရှိရလေသည်။ သမားတော်ချုပ်ကျိုးသည် ဆေးစာရေးပေးပြီး လုမင်ယွိကို တိုးတိုးလေး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က စိတ်ပူလွန်းပြီး အတွင်းအပူအပြင်အပူတွေ ပေါင်းမိသွားတာပါ။ ကောင်းကောင်း အနားယူဖို့ လိုပါတယ်"
လုမင်ယွိသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ ချောင်မိဖုရားခေါင်ကို အိပ်ဆောင်ထဲသို့ တွဲပို့ပေးလိုက်လေသည်။
ဆေးကျိုပြီးသောအခါ လုမင်ယွိ ကိုယ်တိုင် ချောင်မိဖုရားခေါင်ကို တိုက်ကျွေးလေသည်။
ခါးသက်သော ဆေးရည်ကို သောက်ပြီးနောက် ချောင်မိဖုရားခေါင်သည် အနည်းငယ် လန်းဆန်းလာပြီး အားနာစွာ ပြောလိုက်လေသည်။ "ပန်ကုံးက တကယ်ပဲ အသုံးမကျပါဘူး။ ဒီလိုအချိန်မျိုးမှာ နေမကောင်းဖြစ်ရတယ်လို့။ နန်းတော်ထဲက ကိစ္စတွေကို မင်းပဲ တာဝန်ယူလိုက်တော့"
လုမင်ယွိသည် လက်ကိုင်ပုဝါဖြင့် ချောင်မိဖုရားခေါင်၏ နှုတ်ခမ်းထောင့်မှ ဆေးရည်များကို သုတ်ပေးလိုက်လေသည်။ "မူဟုပ် စိတ်ချလက်ချ အနားယူပါ။ အာရှီ ရှိနေသရွေ့ နန်းတော်နဲ့ ညီလာခံမှာ ဘာပြဿနာမှ မဖြစ်စေရပါဘူး"
အရေးကြုံလာတိုင်း လုမင်ယွိက အမြဲတမ်း ပြတ်သားပြီး အားကိုးရသူပင်။
ချောင်မိဖုရားခေါင်သည် စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ "ရွှီအာနဲ့ ရွှမ်းအာကိုလည်း မင်းပဲ ဂရုစိုက်ရမှာဆိုတော့ ပင်ပန်းရပါပြီ"
လုမင်ယွိက နူးညံ့စွာ ပြောလိုက်လေသည်။ "ဒါတွေက အာရှီ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပါ။ မပင်ပန်းပါဘူး။ ဒါပေမဲ့ အာရှီက မူဟုပ်နားမှာ အမြဲတမ်း စောင့်နေလို့ မရဘူး။ ဟွမ်ကျဲကို နန်းတော်ထဲ ခေါ်ပြီး မူဟုပ်ကို ပြုစုခိုင်းရင် ကောင်းမလား"
စကားဆုံးသည်နှင့် ဟွေ့အန်းကုန်းကျူ ရောက်လာကြောင်း အစေခံတစ်ဦး လာရောက် သတင်းပို့လေသည်။
သားအမိချင်း စိတ်ချင်းဆက်နေသည် ဆိုသော စကားမှာ မှန်ကန်လှပေသည်။
ဟွေ့အန်းကုန်းကျူသည် မနက်က ထိုက်ဇီ ဒဏ်ရာရသည့် သတင်းကို ကြားလိုက်ရပြီး ထိတ်လန့်သွားကာ ပထမဆုံး တွေးမိသည်မှာ မိခင်ဖြစ်သူ ခံနိုင်ရည် ရှိပါ့မလား ဆိုသည်ပင်။
နန်းတော်ထဲသို့ အပြေးအလွှား ရောက်လာပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ချောင်မိဖုရားခေါင်ကို တွေ့လိုက်ရသည့်အခါ ဟွေ့အန်းကုန်းကျူ၏ နှာခေါင်းထိပ်များ ရှုံ့တွသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ "မူဟုပ်!"
ချောင်မိဖုရားခေါင်သည် မျက်ဝန်းများ နီရဲလျက် အားတင်းပြုံးကာ ပြောလိုက်လေသည်။ "ဘာမှ မဖြစ်ပါဘူး။ အဖျားဝင်တာပါ။ ဆေးသောက်လိုက်ရင် ကောင်းသွားမှာပါ"
ဟွေ့အန်းကုန်းကျူ ငိုချင်လာသော်လည်း လုမင်ယွိက တားလိုက်လေသည်။ "မူဟုပ် နေမကောင်းဖြစ်နေတာ။ ဟွမ်ကျဲက ဘေးနားမှာ ကောင်းကောင်း ပြုစုပေးပြီး နှစ်သိမ့်ပေးလိုက်ပါ။ ငိုမနေပါနဲ့။ မူဟုပ် စိတ်မကောင်းဖြစ်နေပါဦးမယ်"
ဟွေ့အန်းကုန်းကျူသည်လည်း သဘောပေါက်သဖြင့် မျက်ရည်ကို အောင့်ထားပြီး ခေါင်းညိတ်လိုက်လေသည်။
လုမင်ယွိက တိုးတိုးလေး ပြောလိုက်လေသည်။ "ကျွန်မ အပြင်ထွက်ပြီး နန်းတွင်းကိစ္စတွေ သွားစီစဉ်လိုက်ဦးမယ်။ မူဟုပ်ဆီမှာ တစ်ခုခု ဖြစ်ရင် ဟွမ်ကျဲ လူလွှတ်ပြီး လာခေါ်လိုက်ပါ"
ဟွေ့အန်းကုန်းကျူက အင်း ဟု ပြန်ဖြေလိုက်လေသည်။ "နန်းတွင်းကိစ္စတွေကို စိတ်ချလက်ချ သွားလုပ်ပါ။ မူဟုပ်နားမှာ အစ်မ ရှိတယ်"
လုမင်ယွိ ထွက်သွားပြီးနောက် အခန်းထဲတွင် သားအမိနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
ချောင်မိဖုရားခေါင်သည် အောင့်မထားနိုင်တော့ဘဲ ငိုကြွေးလိုက်လေသည်။
ဟွေ့အန်းကုန်းကျူသည် မျက်ဝန်းများ နီရဲလျက် ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လိုက်လေသည်။ "အာ့တိက ကံကောင်းတဲ့သူပါ။ နတ်ဘုရားတွေ စောင့်ရှောက်မှာပါ။ မူဟုပ် အခု လဲကျလို့ မဖြစ်ဘူး။ ကျန်းမာရေး ဂရုစိုက်ရမယ်။ နန်းတော်ထဲက လူတွေအကုန်လုံးက မူဟုပ်ကို ကြည့်နေကြတာ။ မူဟုပ်က အားလုံးရဲ့ ကျောရိုးပဲလေ"
ချောင်မိဖုရားခေါင်သည် ကိုယ့်ကိုယ်ကိုယ် သိလေသည်။ "ထိုက်ဇီဖေးကမှ တကယ့် ကျောရိုးပါ"
ဟုတ်ပါသည်။ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး ထိုက်ဇီလည်း ဒဏ်ရာရသွားသည်။ ဝမ်းနည်းပူဆွေးမှု အဖြစ်ရဆုံး လုမင်ယွိသည် တစ်ညတည်းနှင့် တည်ငြိမ်သွားခဲ့ပြီ။ ကလေးနှစ်ယောက်ကို ပြုစုရမယ်။ နန်းတွင်းကိစ္စတွေ စီမံရမယ်။ ညီလာခံကို စောင့်ကြည့်ရမယ်။ နေမကောင်းဖြစ်နေတဲ့ ချောင်မိဖုရားခေါင်ကိုလည်း ဂရုစိုက်ရဦးမယ်။
ဒီလို စိတ်ဓာတ်ကြံ့ခိုင်တဲ့ လုမင်ယွိမှသာ သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖေး ဖြစ်ထိုက်တာ။
ဟွေ့အန်းကုန်းကျူသည် သက်ပြင်းချလိုက်လေသည်။ "အာတိမေ့ ပင်ပန်းရပါပြီ"
...
ထိုက်ဇီ ဒဏ်ရာရသည့် သတင်းကို နန်းတော်ထဲရှိ လူတိုင်း သိရှိသွားကြပြီ။
ယနေ့ သတင်းလာပို့သော အတွင်းနန်းဆောင်ကုန်းကုန်းများနှင့် အပျိုတော်ကြီးများသည် စိတ်လှုပ်ရှားနေကြပြီး တီးတိုးပြောဆိုနေကြလေသည်။
"ထိုက်ဇီအရှင်မင်းသားရဲ့ ဒဏ်ရာက ပြင်းထန်လား မသိဘူး"
"ပထမမင်းသားက ခြေထောက်တစ်ဖက် ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်သွားပြီ။ လမ်းလျှောက်နိုင်ရုံပဲ ရှိတော့တာ။ ထိုက်ဇီအရှင်မင်းသားကရော ဘယ်နေရာ ဒဏ်ရာရတာလဲ မသိဘူး။ ပထမမင်းသားလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်"
"ဟွမ်ဟုပ်ညန်ညန်လည်း နေမကောင်းဘူးလို့ ကြားတယ်။ ဘယ်လိုလုပ်ကြမလဲ"
"ငါတို့ ဒီမှာ စောင့်နေတာ နာရီဝက်လောက် ရှိပြီ။ ဟွမ်ဟုပ်ညန်ညန် နေမကောင်းဖြစ်နေတော့ ငါတို့ကို တွေ့ဖို့ အချိန်မရှိလောက်ဘူး။ ပြန်ပြီး အလုပ်သွားလုပ်ရင် ကောင်းမလား"
"ရှူး! ထိုက်ဇီဖေး လာနေပြီ။ ပါးစပ်ပိတ်ထားကြ!"
ထိုက်ဇီဖေး ဆိုသည့် စကားလုံး ၃လုံးသည် ဘာနဲ့မှ မလဲနိုင်လောက်အောင် ထိရောက်မှု ရှိလေသည်။
အပျိုတော်ကြီးများအားလုံး လက်ယှက်ပြီး ရိုသေစွာ နှုတ်ဆက်လိုက်ကြလေသည်။ "ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာ ပြောလိုက်လေသည်။ "နန်းတော်ထဲက ကိစ္စတွေကို မင်းတို့လည်း သိပြီးလောက်ပါပြီ။ မူဟုပ်က ကျန်းမာရေး ဂရုစိုက်ရမှာမို့လို့ ဒီနေ့ကစပြီး နန်းတွင်းကိစ္စတွေကို ငါ့ဆီလာပြီး သတင်းပို့ရမယ်"
"နောက်ပြီး နန်းတော်ထဲမှာ လူများတော့ စကားများတယ်။ မင်းတို့အားလုံး တည်ငြိမ်နေမှ ဖြစ်မယ်။ ပြီးစလွယ် လျှောက်မပြောကြနဲ့။ ဘယ်သူ အတင်းပြောတာ ကြားတာနဲ့ ချက်ချင်း တားမြစ်ရမယ်။ ငါ့နားထဲ ရောက်လာတာနဲ့ အတင်းပြောတဲ့သူရော တာဝန်ခံတဲ့သူပါ အကုန်လုံးကို အပြစ်ပေးမယ်။ ကြားလား"
အပျိုတော်ကြီးများအားလုံး ရင်ထဲတွင် ထိတ်လန့်သွားပြီး ပြိုင်တူ ဖြေလိုက်ကြလေသည်။ "ထိုက်ဇီဖေးညန်ညန်ရဲ့ အမိန့်တော်ကို နာခံပါ့မယ်"
ဒီလို ရက်စက်တဲ့ ဘီလူးမကြီး ရှိနေမှတော့ ဘယ်သူကများ အတင်းပြောရဲမှာလဲ။ ရိုးရိုးသားသားပဲ အလုပ်လုပ်ကြတာပေါ့။
...
အပိုင်း (၃၇၈) တည်ငြိမ်မှု (၂)
လုမင်ယွိသည် ယခင်က နန်းတွင်းကိစ္စအချို့ကို တာဝန်ယူခဲ့ဖူးသည်။ အလုပ်သဘောအရ စကားပြောရာတွင် မလိုအပ်သည်များကို ချန်လှပ်ထားပြီး လိုအပ်သည်ကိုသာ ပြောကြားရမည်။ မပြောစရာမရှိလျှင် ပါးစပ်ပိတ်ထားရမည်။ နန်းတွင်းအထိန်းတော်များသည် ကွယ်ရာတွင် တီးတိုးပြောဆိုကြသော်လည်း သည်လို ပြတ်သားသော ထိုက်ဇီဖေးကို ကြောက်ရွံ့ကြလေသည်။
ယခုအချိန်တွင် အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်ကာ သတင်းပို့ကြပြီး မည်သူမျှ ဉာဏ်များရဲခြင်း မရှိကြပေ။
လုမင်ယွိ၏ စကားလုံးများသည် တိုတိုနှင့် လိုရင်းရောက်ပြီး အလုပ်လုပ်ရာတွင်လည်း လျင်မြန်လှသည်။ တစ်နာရီခန့်သာ ကြာပြီးနောက် နန်းတွင်းကိစ္စ အားလုံးကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
အထိန်းတော်များသည် ကျောင်းဖန်နန်းဆောင်မှ ထွက်ခွာသွားသောအခါ နဖူးမှ ချွေးများကို သုတ်လိုက်ကြပြီး တစ်ယောက်မှ စကားမပြောရဲကြချေ။
လုမင်ယွိ အလုပ်ပြီးသောအခါ မွန်းတည့်ချိန် ရောက်လုနီးပါး ဖြစ်နေပြီ။
ချီယွင်က ရွှီအာနှင့် ရွှမ်းအာကို ခေါ်ဆောင်လာခဲ့သည်။ "မောင်နှမနှစ်ယောက် မေမေကို မတွေ့တာ တစ်မနက်လောက် ရှိပြီဆိုတော့ လာချင်တယ်လို့ ဂျီကျနေကြတယ်။ ကျွန်မ မထိန်းနိုင်တော့လို့ ခေါ်လာလိုက်ရတယ်"
"မေမေ!"
"ချီပါဦး!"
မောင်နှမနှစ်ယောက်သည် ပါးဖောင်းဖောင်းလေးများဖြင့် ချိုမြိန်စွာ ပြုံးပြပြီး မိခင်ရင်ခွင်ထဲသို့ ပြေးဝင်လာကြလေသည်။ လုမင်ယွိသည် ကိုယ်ကို ကိုင်းလိုက်ပြီး ကလေးနှစ်ယောက်လုံးကို ပွေ့ဖက်လိုက်လေသည်။
ဝဖြိုးပြီး နူးညံ့သော ခန္ဓာကိုယ်လေးများကို ဖက်ထားရင်း ကလေးဆီနံ့လေးများကို ရှူရှိုက်လိုက်မိသောအခါ လုမင်ယွိ၏ ရင်ထဲမှ ဂနာမငြိမ်ဖြစ်နေသော ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်လာလေသည်။
သူမသည် သံမဏိလူသား မဟုတ်ပေ။ လီကျင့်၏ ဒဏ်ရာကြောင့် တစ်ညလုံး စိတ်ပူခဲ့ရပြီး မနက်ခင်းတွင်လည်း အလုပ်များနေခဲ့သည်။ စိတ်ဓာတ်ကြံ့ခိုင်မှု တစ်ခုတည်းဖြင့် တောင့်ခံထားခြင်းသာ ဖြစ်လေသည်။ ယခု ကလေးနှစ်ယောက် ရင်ခွင်ထဲ ရောက်လာမှသာ သူမအတွက် အကန့်အသတ်မရှိသော နှစ်သိမ့်မှုနှင့် ခွန်အားများကို ရရှိလိုက်လေသည်။
ကလေးတွေက ငယ်သေးတော့ ဘယ်သူမှ သူတို့နားမှာ အတင်းမပြောရဲကြဘူး။ ပြောရင်လည်း သူတို့က ဒဏ်ရာရတယ် ဆိုတာ ဘာမှန်း နားလည်ကြမှာ မဟုတ်ဘူး။
မောင်နှမနှစ်ယောက်သည် ပုံမှန်အတိုင်း ဆော့ကစားနေကြပြီး မိခင်ရင်ခွင်ထဲ ခဏနေပြီးနောက် ရုန်းထွက်ကာ ခြေထောက်တိုတိုလေးများဖြင့် ပြေးလွှားနေကြတော့သည်။ မတော်တဆ ရွှမ်းအာသည် ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်ပြီး လဲကျသွားကာ ပါးစပ်ဟပြီး အော်ငိုလေတော့သည်။
ရွှီအာသည် ညီမဖြစ်သူ ငိုတာကို တွေ့လိုက်ရသည်နှင့် လိုက်ငိုလေတော့သည်။
လုမင်ယွိသည် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး နှစ်ယောက်လုံးကို ဆွဲဖက်ကာ မျက်ရည်သုတ်ပေးလိုက်လေသည်။
ရွှမ်းအာသည် အချွဲဆုံးဖြစ်ပြီး ရှိုက်ကြီးတငင်ဖြင့် အဘွားကို တောင်းတနေလေသည်။
ချောင်မိဖုရားခေါင်သည် ကလေးအလိုလိုက်ဆုံး ဖြစ်သည်။ ပုံမှန်အချိန်တွင် ကလေး အနည်းငယ် ထိခိုက်မိလျှင်ပင် ချောင်မိဖုရားခေါင်သည် စိုးရိမ်တကြီးဖြင့် အကြာကြီး ချော့တတ်သည်။ ထို့ကြောင့် ရွှမ်းအာသည် အကျင့်ပါနေပြီး အဘွားကို တမ်းတနေခြင်း ဖြစ်လေသည်။
ရွှီအာသည်လည်း အဘွားကို အော်ခေါ်နေလေသည်။
လုမင်ယွိသည် တိုးတိုးလေး ချော့လိုက်လေသည်။ "အဘွား ဒီနေ့ ခေါင်းကိုက်နေတယ်။ အဘွားကို သွားမနှောင့်ယှက်ရဘူး။ မေမေက သားတို့ကို ဥယျာဉ်ထဲ ခေါ်သွားမယ်"
လက်ကို အားစိုက်လိုက်ပြီး ကလေးနှစ်ယောက်လုံးကို ပခုံးပေါ်တင်ကာ တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်လေသည်။
မောင်နှမနှစ်ယောက်သည် ဒီလို ကစားရတာ အကြိုက်ဆုံးဖြစ်သဖြင့် ချက်ချင်း အငိုတိတ်သွားပြီး ပါးစပ်ဟကာ ရယ်မောနေကြတော့သည်။
ကလေးနှစ်ယောက်တွင် အကန့်အသတ်မရှိသော အားအင်များ ရှိနေပြီး သူတို့နှင့် ကစားပေးရန်အတွက် အကန့်အသတ်မရှိသော သည်းခံနိုင်စွမ်းနှင့် ခွန်အားများ လိုအပ်လေသည်။ ကံကောင်းသည်မှာ လုမင်ယွိတွင် အားအင်နှင့် သည်းခံနိုင်စွမ်း အပြည့်ရှိလေသည်။
နေ့လယ်ခင်းရောက်၍ ကလေးများ အိပ်ပျော်သွားသောအခါ လုမင်ယွိက ချောင်မိဖုရားခေါင်ကို သွားကြည့်လိုက်လေသည်။
ဟွေ့အန်းကုန်းကျူက တိုးတိုးလေး ပြောလိုက်လေသည်။ "မူဟုပ် အခုလေးတင် အိပ်ပျော်သွားတာ"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး ဟွေ့အန်းကုန်းကျူနှင့်အတူ အိပ်ခန်းအပြင်ဘက်သို့ တိုးတိုးလေး ထွက်လာပြီး စကားပြောကြလေသည်။
"အာ့တိမေ့၊ နောက်ပိုင်း နန်းတော်ထဲမှာ ပင်ပန်းရတော့မယ်" ဟွေ့အန်းကုန်းကျူက သက်ပြင်းချလိုက်လေသည်။ "မူဟုပ်က အတွေးများတတ်တယ်။ မောင်လေး ဒဏ်ရာရတဲ့ သတင်းက သူ့အသက်တစ်ဝက်လောက်ကို နှုတ်ယူသွားသလို ဖြစ်နေတာ။ နန်းတွင်းကိစ္စတွေကို အာ့တိမေ့ တာဝန်ယူပေးပါ။ ပြုစုတဲ့ကိစ္စကို အစ်မ တာဝန်ယူမယ်။ အစ်မ အိမ်တော်ကို လူလွှတ်ပြီး စာပို့လိုက်ပြီ။ ဒီနေ့ကစပြီး ကျောင်းဖန်နန်းဆောင်မှာ လာနေတော့မယ်"
ဟွေ့အန်းကုန်းကျူ ရှိနေခြင်းသည် လုမင်ယွိအတွက် ဝန်ထုတ်ဝန်ပိုး အများကြီး လျော့ပါးစေသည်။ အနည်းဆုံးတော့ ချောင်မိဖုရားခေါင်၏ ဘေးနားတွင် လူတစ်ယောက် အမြဲရှိနေသဖြင့် သူမအနေဖြင့် ပြုစုဖို့အတွက် စိတ်ပူစရာ မလိုတော့ပေ။
လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် ဟွမ်ကျဲ"
ဟွေ့အန်းကုန်းကျူက မျက်စောင်းထိုးလိုက်လေသည်။ "ငါတို့ကြားမှာ ဒီလို အားနာစကားတွေ ပြောစရာ လိုလို့လား" ခဏရပ်ပြီး စိုးရိမ်ပူပန်စွာဖြင့် သက်ပြင်းချလိုက်ပြန်သည်။ "စစ်သတင်းထဲမှာက ပေါ့ပေါ့ပါးပါးပဲ ရေးထားတယ်။ ထိုက်ဇီ ဒဏ်ရာရတယ်လို့ပဲ ပါတယ်။ ဒဏ်ရာက ပြင်းထန်လား မသိဘူး"
မောင်နှမသံယောဇဉ် နက်ရှိုင်းကြသဖြင့် မောင်ဖြစ်သူ မြှားမှန်ပြီး ဒဏ်ရာရသည့်အခါ အစ်မဖြစ်သူလည်း စိတ်မအေးနိုင်အောင် ဖြစ်ရလေသည်။
လုမင်ယွိ၏ နှာခေါင်းထိပ်များ ရှုံ့တွသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "နှစ်ရက်လောက်နေရင် သတင်းထပ်လာမှာပါ။ လျို့တိက မြင်းအမြန်စီးပြီး စစ်တပ်ထဲကို သွားနေပြီ။ အရှင်မင်းသားကို ပြုစုပေးမှာပါ။ အရှင်မင်းသား ဘာမှ မဖြစ်ပါဘူး။ ကျွန်မတို့ အားတင်းထားမှ ဖြစ်မယ်"
ဟွေ့အန်းကုန်းကျူသည် မျက်ဝန်းများ နီရဲလျက် ခေါင်းညိတ်လိုက်လေသည်။ "အာ့တိမေ့ ပြောတာ ဟုတ်ပါတယ်။ ငါတို့ အားတင်းထားမှ ဖြစ်မယ်။ ဒီတစ်ခေါက် လျို့တိကို ကျေးဇူးတင်ရမယ်။ အရင်တုန်းက သူ့ကို လေလုံးထွားပြီး လူရှုပ်လူပွေလို့ ထင်ခဲ့မိတာ။ အခုကျတော့ ညီအစ်ကိုအရင်း ဖြစ်နေမှန်း သိသာသွားတာပဲ။ အရေးကြုံတော့ အားကိုးရသားပဲ"
လုမင်ယွိက အင်း ဟု ပြန်ဖြေလိုက်လေသည်။
ဟွေ့အန်းကုန်းကျူသည် လီချန် ညီလာခံတက်သည့် ကိစ္စကို စိုးရိမ်နေလေသည်။ "ဝူတိက စာသင်တာလည်း ညံ့တယ်။ နိုင်ငံရေးကိစ္စနဲ့လည်း မထိတွေ့ဖူးဘူး။ သူ ညီလာခံတက်ပြီး ဘာနားလည်မှာလဲ"
လုမင်ယွိက အေးစက်စက် ပြောလိုက်လေသည်။ "သူ့ကို နားလည်ဖို့ မမျှော်လင့်ပါဘူး။ စကားပြန်ပြောတတ်ရင် ရပြီ"
ဟွေ့အန်းကုန်းကျူသည် စဉ်းစားကြည့်ပြီး ရယ်မောလိုက်လေသည်။ "ဒါလည်း ဟုတ်တာပဲ။ ဝူတိက ဟိုမှာ ရပ်နေရုံနဲ့ မျက်လုံးတစ်စုံ နားတစ်စုံ ပိုလာသလို ဖြစ်တာပေါ့"
ဒါက အမတ်တွေကို ယုံကြည်တာ မယုံကြည်တာနဲ့ မဆိုင်ဘူး။ ဘယ်သူမဆို ကိုယ်ကျိုးကြည့်တတ်ကြတာပဲ။ အမတ်တွေက ဒီအချိန်မှာ အာဏာသိမ်းချင်ကြမှာ သဘာဝပဲ။ ဘယ်သူမှ အပြစ်ပြောလို့ မရဘူး။
လုမင်ယွိက လီချန်ကို သွားခိုင်းတာက အမတ်တွေကို သဘောထား ပြလိုက်တာပဲ။ ရှင်တို့ ပြောတာ လုပ်တာတွေကို ကျွန်မ ကြည့်နေတယ်။ စည်းကျော်လို့ မရဘူး ဆိုတာပေါ့။
...
ညနေစောင်းတွင် လီချန်သည် ဝမ်ဟွားနန်းဆောင်မှ ပြန်ရောက်လာသည်။
တစ်နေ့လုံး နိုင်ငံရေးကိစ္စများကို နားထောင်ခဲ့ရသဖြင့် လီချန်၏ ဦးနှောက်ထဲတွင် ယင်ကောင်များ ပျံသန်းနေသကဲ့သို့ ခံစားရပြီး ခေါင်းကိုက်နေလေသည်။
ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာပြီး လုမင်ယွိကို တွေ့လိုက်ရသည့်အခါ လီချန်၏ ခေါင်းသည် ပို၍ ကိုက်လာတော့သည်။ သူသည် အနားသို့ မကပ်ရဲဘဲ ၃မီတာအကွာတွင် ရပ်လျက် ပြောလိုက်လေသည်။ "အာ့စောင်၊ ကျွန်တော် မူဟုပ်ကို သတင်းပို့စရာ ရှိလို့ပါ"
လုမင်ယွိက အေးစက်စက် ပြောလိုက်လေသည်။ "မူဟုပ် နေမကောင်းလို့ အိပ်ရာထဲ လဲနေတယ်။ မင်း ကြားခဲ့တာတွေကို ငါ့ကို ပြောပြရင် ရပြီ။ ငါ အရေးကြီးတာတွေကို ရွေးပြီး မူဟုပ်ကို ပြန်ပြောပြလိုက်မယ်"
တကယ်ပဲ အာဏာသိမ်းချင်နေတာကိုး။
လီချန်သည် မတော်တဆ ရင်ထဲက စကား လွတ်ထွက်သွားလေသည်။ "အနောက်နန်းဆောင်က နိုင်ငံရေး ဝင်မစွက်ဖက်ရဘူး။ ကျွန်တော် မူဟုပ်ကို ပြောပြတာ ပြဿနာ မရှိပေမဲ့ အာ့စောင်ကို ပြောပြတာက စည်းမျဉ်းနဲ့ မညီဘူး"
လုမင်ယွိက တစ်ချက် စွေကြည့်လိုက်လေသည်။
လီချန်သည် ချက်ချင်း ကြောက်သွားပြီး တစ်နေ့လုံး ကြားခဲ့ရသော နိုင်ငံရေးကိစ္စများကို ရိုးသားစွာ ပြန်ပြောပြလေတော့သည်။
အမတ်တွေ ဆွေးနွေးကြရာတွင် ကိစ္စတစ်ခုကို အချိန်အကြာကြီး ငြင်းခုံကြလေ့ရှိသည်။ တစ်နေ့လုံး နေမှ ကိစ္စ ၅ခုလောက်သာ ဆွေးနွေးဖြစ်ခဲ့သည်။ အရေးအကြီးဆုံး ကိစ္စမှာ စစ်ရိက္ခာ စုဆောင်းခြင်းနှင့် ပို့ဆောင်ခြင်း ဖြစ်လေသည်။
"ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ကြီးက ပြောတယ်။ စစ်တိုက်တာ တစ်နှစ်ကျော် ရှိပြီဆိုတော့ ဘဏ္ဍာတိုက်ထဲမှာ လက်ကျန် နည်းသွားပြီတဲ့။ ၃လစာပဲ ကျန်တော့တယ်။ စစ်ရိက္ခာ ရှာဖွေတာက မခက်ပေမဲ့ ပို့ဆောင်တဲ့ လမ်းခရီးမှာ ကုန်ကျစရိတ် များလွန်းတယ်တဲ့"
"စစ်ဘက်ရေးရာဝန်ကြီးဌာနက ဝန်ကြီးယန်က အကြံပေးတယ်။ ငွေထုတ်ပေးပြီး ရိက္ခာပို့တဲ့သူတွေကို နယ်စပ်မှာ ရိက္ခာဝယ်ခိုင်းလိုက်ရင် ကုန်ကျစရိတ် တစ်ဝက်လောက် သက်သာမယ်တဲ့။ ပိုပြီးလည်း မြန်ဆန်တယ်တဲ့"
လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "ဒါ အကြံကောင်းပဲ"
ယုံးကျားဧကရာဇ်က လူကြည့်မှန်သည်။ စစ်ဘက်ရေးရာ ဝန်ကြီးယန်သည် စစ်ရေး ကျွမ်းကျင်ပြီး ဉာဏ်ကောင်းကာ ရှားပါးသော လူတော်တစ်ယောက် ဖြစ်လေသည်။
ကျန်ကိစ္စ ၄ခုမှာ ပြည်တွင်းရေးရာများ ဖြစ်ကြသည်။ လုမင်ယွိသည် ဘာမှ ထွေထွေထူးထူး မပြောဘဲ မှာကြားလိုက်လေသည်။ "မင်း မနက်ဖြန် ထပ်သွားရမယ်။ မှတ်ထားနော်။ နားထောင်ရုံ ကြည့်ရုံပဲ လုပ်ရမယ်။ ဘာမှ ဝင်မပြောနဲ့"
သိပါပြီ။ စကားပြန်ပဲ လုပ်ရမယ် ဆိုတာကို။
လီချန်သည် စိတ်ပျက်စွာ ခေါင်းညိတ်လိုက်လေသည်။
အရေးကြီးကိစ္စ ပြောပြီးသောအခါ လုမင်ယွိသည် လီချန်၏ မျက်နှာကို မကြည့်ချင်တော့သဖြင့် ပြောလိုက်လေသည်။ "တခြားကိစ္စ မရှိရင် မင်း ပြန်လို့ရပြီ။ တစ်ခုခု ရှိရင် ချက်ချင်း လူလွှတ်ပြီး စာပို့လိုက်"
လီချန်သည် ခေါင်းညိတ်ပြီး ပြန်ထွက်သွားလေသည်။
ကျောင်းဖန်နန်းဆောင် အပြင်ဘက်တွင် နန်းတွင်းအပျိုတော်တစ်ဦး စောင့်နေလေသည်။ လီချန် ထွက်လာသည်နှင့် ထိုအပျိုတော်သည် ရှေ့သို့ တိုးလာပြီး ပြောလိုက်လေသည်။ "အရှင်မင်းသား၊ စူးဖေးညန်ညန်က စောင့်ခိုင်းလိုက်လို့ပါ။ အရှင်မင်းသားကို ယိဟွားနန်းဆောင်သို့ ကြွခဲ့ပါလို့ မှာလိုက်ပါတယ်"
...