အခန်း (၃၇၉-၃၈၁)
Vol. 26 Ch. 379-381
အပိုင်း (၃၇၉) စိတ်အနှောင့်အယှက်ဖြစ်စရာ
လီချန်သည် နန်းတွင်းကုန်းကုန်းများနှင့်အတူ ယိဟွားနန်းဆောင်သို့ လိုက်ပါသွားလေသည်။
စူးဖေးသည် တစ်နေ့လုံး ထိတ်လန့်တုန်လှုပ်နေပြီး ထိုင်မရ ထမရ ဖြစ်နေလေသည်။ လီချန်ကို မြင်လိုက်ရသည်နှင့် အလျင်အမြန် လက်ကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။ "အားချန်၊ ဒီနေ့ ဘာမှမဖြစ်ဘူးမလား။ ဟိုလုမင်ယွိက မင်းကို အနိုင်ကျင့်သေးလား"
လီချန်သည် သံသယဖြစ်သွားပြီး စူးဖေးကို ကြည့်ကာ ပြန်မေးလိုက်လေသည်။ "မူဖေးက ကျွန်တော် နိုင်ငံရေး နားလည်လား မမေးဘဲ ဘာလို့ အာ့စောင်က ကျွန်တော့်ကို ဘယ်လို ဆက်ဆံလဲ ဆိုတာ အရင်မေးနေတာလဲ"
အမေပြောနေတဲ့ လေသံက အာ့စောင်က ကျွန်တော့်ကို တမင်သက်သက် ဒုက္ခပေးမယ်လို့ ထင်နေတဲ့ ပုံစံမျိုးနဲ့။
စူးဖေး၏ အကြည့်များ တည်ငြိမ်မှု မရှိဘဲ ဖြေလိုက်လေသည်။ "မင်းက ညီလာခံ တစ်ခါမှ မတက်ဖူးတော့ ပထမဆုံးအကြိမ် ဘာမှ နားလည်မှာ မဟုတ်ဘူးလေ။ ဒါက မေးနေစရာ မလိုဘူး။ မူဖေးက ထိုက်ဇီဖေး မင်းကို တမင်သက်သက် အနိုင်ကျင့်မှာ စိုးရိမ်လို့ပါ"
ဒါမှမဟုတ် လုမင်ယွိက စိတ်မထိန်းနိုင်ဘဲ လီချန်ကို သတ်လိုက်မှာ စိုးလို့လေ။
ဒီလို ဖြစ်နိုင်ခြေကို တွေးလိုက်မိသည်နှင့် စူးဖေးသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး လက်သည်းရှည်များဖြင့် လီချန်၏ လက်ဖမိုးကို ကုတ်ခြစ်လိုက်လေသည်။ အသံကလည်း တုန်ယင်နေလေသည်။ "အားချန်၊ မူဖေး ပြောတာ သေချာမှတ်ထားနော်။ လုမင်ယွိ ခိုင်းတာတွေကို ငြင်းမနေနဲ့။ သူနဲ့ ခွန်းတုံ့ပြန်မပြောနဲ့။ သူ့ကို စိတ်မရှုပ်စေနဲ့။ ပြီးတော့ ကျောင်းဖန်နန်းဆောင် သွားရင် လူများများ ခေါ်သွား။ လုမင်ယွိနဲ့ နှစ်ယောက်တည်း စကားမပြောနဲ့"
လီချန် "..."
ဒီမှာကြားချက်တွေက နားထောင်လေ ထူးဆန်းလေပဲ။
လီချန်နဲ့ လုမင်ယွိက အရင်ကတည်းက ရင်းနှီးတာမှ မဟုတ်တာ။ မတ်နဲ့ မရီးဆိုတာက သွေးသားမတော်စပ်တော့ ရှောင်သင့်တာပဲလေ။
ဒါပေမဲ့ စူးဖေးရဲ့ မျက်လုံးထဲက ထိတ်လန့်မှုတွေက အကြောက်တရားတွေ ပါနေသလိုပဲ။
လုမင်ယွိက အချိန်မရွေး သူ့အသက်ကို နှုတ်ယူသွားနိုင်တဲ့ ငရဲမင်းကြီးကျနေတာပဲ။
လီချန်သည် မျက်လုံးများကို မှေးလိုက်လေသည်။ မူလကတည်းက သေးငယ်သော မျက်လုံးများ ဖြစ်သဖြင့် မှေးလိုက်သောအခါ မျဉ်းကြောင်းနှစ်ခုလို ဖြစ်သွားတော့သည်။ "မူဖေး၊ မူဖေးက ကျွန်တော့်ကို တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ခံစားရတယ်။ အခု စန်းကောလည်း မြို့တော်မှာ မရှိဘူး။ နန်းတော်ထဲမှာ ကျွန်တော်တို့ သားအမိနှစ်ယောက်တည်း ရှိတာ။ ပြောစရာ ရှိရင် ဖုံးကွယ်မထားပါနဲ့။ ပွင့်ပွင့်လင်းလင်း ပြောပြပါ"
စူးဖေးက ဘယ်လိုလုပ် ပြောပြနိုင်ပါမည်နည်း။ "ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ မင်း လျှောက်မတွေးပါနဲ့။ လုရှီက ရည်မှန်းချက်ကြီးပြီး အာဏာသိမ်းချင်နေတာ။ မင်းက ငယ်သေးတော့ သူ့ပြိုင်ဘက် မဟုတ်ဘူးလေ။ မယှဉ်နိုင်ရင် ရှောင်နေတာ အကောင်းဆုံးပဲ"
ပြောရရင် မူဖေးက သူ့ကို မယုံဘဲ ဟိုဝှက်ဒီဝှက် လုပ်နေတုန်းပဲ။
လီချန်၏ ရင်ထဲတွင် ဒေါသများ ထွက်ပေါ်လာပြီး မျက်နှာပျက်သွားတော့သည်။ "မူဖေး မပြောချင်ရင် နောက်ဆို မမေးတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဘာလုပ်လုပ် မူဖေး ဝင်မပါပါနဲ့။ ကျွန်တော်က ၃နှစ်သား မဟုတ်တော့ပါဘူး။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ သိပါတယ်"
ပြောပြီးသည်နှင့် စူးဖေး၏ လက်ကို ဖြုတ်ချကာ လှည့်ထွက်သွားလေသည်။
စူးဖေးသည် စိတ်လောသွားပြီး နောက်ကလိုက်ကာ လီချန်၏ အင်္ကျီလက်စကို ဆွဲထားလိုက်ပြန်သည်။ "မင်း ဒီကောင်စုတ်၊ အမေရင်းကို ဘယ်လို စကားမျိုး ပြောတာလဲ။ မင်းအစ်ကိုသာ ရှိနေရင် မင်းကို ကောင်းကောင်း ဆုံးမလိမ့်မယ်"
လီဟောက် နာမည် ကြားလိုက်သည်နှင့် လီချန်သည် အလိုအလျောက် တုန်လှုပ်သွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာသည်။
စန်းကော နန်းတော်ထဲမှာ မရှိတာ သူ ဘာကြောက်ရမှာလဲ။
လီချန်၏ မျက်နှာထား ဆိုးရွားသွားပြီး အင်္ကျီလက်စကို အားကုန် ရုန်းလိုက်လေသည်။ "မူဖေး စိတ်ထဲမှာ စန်းကောပဲ ရှိတာ။ ကျွန်တော်က အသုံးမကျတဲ့ကောင်ပဲလေ။ ဒီလိုဆိုမှတော့ မူဖေးက ကျွန်တော့်ကို ဘာလို့ ဂရုစိုက်နေဦးမှာလဲ"
စူးဖေး မျက်ဝန်းများ နီရဲသွားလေသည်။ "ငါက မင်းရဲ့ အမေရင်းလေ။ ငါ ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ"
သူမသာ လက်ပိုက်ကြည့်နေရင် လုမင်ယွိက ပိုပြီး အတင့်ရဲလာမှာပေါ့။
စူးဖေး၏ မေတ္တာစေတနာကို လီချန် နည်းနည်းလေးမှ အသိအမှတ် မပြုချေ။ စိတ်မရှည်စွာ ပြောလိုက်လေသည်။ "ကျွန်တော် မနက်ဖြန် မနက်စောစောထပြီး ညီလာခံ တက်ရဦးမယ်။ အခု ပြန်အိပ်တော့မယ်။ မူဖေးလည်း စောစော အနားယူလိုက်ပါ"
ထို့နောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
စူးဖေးသည် လိုက်လို့ မမီတော့သဖြင့် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ယိဟွားနန်းဆောင်မှ ထွက်လာသော လီချန်၏ စိတ်အခြေအနေသည် ပိုမို ဆိုးရွားနေလေသည်။
နန်းတော်ထဲတွင် ဘယ်သူမှ သူ့ကို အရေးမလုပ်ကြဘူး။ ရှားရှားပါးပါး စတုတ္ထမင်းသား မြို့တော်က ထွက်သွားလို့ သူ မျက်နှာပွင့်မယ့် အလှည့် ရောက်လာပြီ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ဝမ်းသာစရာ ကိစ္စပဲလေ။ ဒါပေမဲ့ အမေရင်းက နည်းနည်းလေးမှ မဝမ်းသာပေးဘဲ နားမလည်နိုင်တဲ့ စကားတွေပဲ ပြောနေတယ်။
သူက ဘာမှ အမှားလုပ်ထားတာ မဟုတ်ဘူး။ အာ့စောင်က သူ့ကို ဘယ်လောက်ပဲ မုန်းနေပါစေ သူ့ကို ထရိုက်မှာတော့ မဟုတ်ပါဘူး။
လီချန်သည် စိတ်အခြေအနေ မကောင်းသဖြင့် အိပ်ဆောင်ပြန်ရောက်သောအခါ အားရပါးရ စားသောက်လိုက်လေသည်။
သူသည် အသားမပါလျှင် ထမင်းမစားတတ်ပေ။ ထမင်းတစ်နပ်တိုင်း ကြက်သား၊ ဘဲသား၊ ငါး၊ အသားဟင်းများ ပါဝင်ရသည်။ စားသောက်ပြီး ရေချိုးသန့်စင်ကာ ကိုယ်ပိုင်ကုန်းကုန်း ရှောင်ချွန်းကို ခေါ်လိုက်လေသည်။ ရှောင်ချွန်းသည် သခင်ဖြစ်သူ၏ မည်းမှောင်နေသော မျက်နှာကို မြင်လိုက်ရသည်နှင့် ခြေသလုံးများ တုန်ယင်လာတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် ရှောင်ချွန်းသည် မျက်နှာဖြူဖျော့လျက် ပြန်ထွက်လာခဲ့သည်။
လီချန်သည် ငယ်ရွယ်သော နန်းတွင်းအပျိုတော်တစ်ဦးကို အိပ်ခန်းထဲသို့ ထပ်မံ ခေါ်လိုက်ပြန်သည်။
မင်းသားတစ်ပါး ဖြစ်သည့်အလျောက် အချစ်တော်မခံရရင်တောင် ပြုစုမည့် အစေခံများက မရှားပါချေ။ သူ့ရဲ့ အိပ်ဆောင်ထဲမှာ အပျိုတော် ၁၀ယောက်ကျော် ရှိတယ်။ ဒီတစ်ယောက် နာမည်က လျန်အာ တဲ့။ ဒီနှစ် ၁၇နှစ် ရှိပြီ။ ခန္ဓာကိုယ် သွယ်လျပြီး ရုပ်ရည် ချောမောတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေက ဆွဲဆောင်မှု ရှိတယ်။
လီချန်၏ ရင်ထဲတွင် မကောင်းသော စိတ်များ ပြည့်နှက်နေပြီး လျန်အာကို ကုတင်ပေါ်သို့ ဆွဲတင်လိုက်လေသည်။
၁၃နှစ်အရွယ် လူပျိုပေါက်က ခန္ဓာကိုယ် ဖွံ့ဖြိုးစပြုလာပြီး သိသင့်တာတွေ သိနေပြီ။ တတ်သင့်တာတွေ တတ်နေပြီ။ မကြာမီ အိပ်ခန်းထဲမှ ထူးဆန်းသော အသံများနှင့်အတူ လျန်အာ၏ ငိုကြွေး တောင်းပန်သံများ ထွက်ပေါ်လာတော့သည်။
အိပ်ခန်းအပြင်ဘက်တွင် စောင့်နေကြသော နန်းတွင်းကုန်းကုန်းများသည် အဝေးသို့ တိတ်တဆိတ် ရွှေ့သွားကြလေသည်။
အရင်တုန်းကဆိုရင် တော်သေးတယ်။ ဒီတစ်နှစ်ကျော်အတွင်း တတိယမင်းသား နန်းတော်ထဲမှာ မရှိတော့ ပဉ္စမမင်းသားကို ထိန်းချုပ်မယ့်သူ မရှိတော့ဘူး။ ပဉ္စမမင်းသားရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေက ပိုပိုဆိုးလာတယ်။
...
နောက်တစ်နေ့တွင် လီချန်သည် စောစောထပြီး ဝမ်ဟွားနန်းဆောင်သို့ သွားလေသည်။
အမတ်မင်းများသည် နန်းတော်ထဲသို့ ရောက်ရှိနေကြပြီး စုဝေးကာ ဆွေးနွေးနေကြသည်။ လီချန်ကို မြင်လိုက်ရသောအခါ လက်ယှက်ကာ နှုတ်ဆက်ကြလေသည်။
လီချန်အတွက်တော့ ဒီလို ခံစားချက်မျိုးက အဆန်းတကြယ် ဖြစ်နေလေသည်။ ဖုဟွမ် မရှိဘူး။ အစ်ကိုတော်တွေလည်း မရှိကြဘူး။ အခု နန်းတော်ထဲမှာ ဦးဆောင်နိုင်တဲ့ ယောက်ျားသားဆိုလို့ သူတစ်ယောက်တည်း ရှိတော့တာ။
မျက်စိရှေ့မှ လူတွေအားလုံးက သာ့ဝေတိုင်းပြည်ရဲ့ အရေးပါတဲ့ အမတ်ကြီးတွေ။ အားလုံးက သူ့ကို လက်ယှက်ပြီး ခေါင်းငုံ့နှုတ်ဆက်နေကြတာ မြင်ရတော့ သူ့စိတ်ထဲမှာ ကျေနပ်ပီတိ ဖြစ်မိသွားတယ်။
လီချန်က ပြောလိုက်လေသည်။ "အားလုံး မတ်တပ်ရပ်ကြပါ"
အမတ်မင်းများသည် နှုတ်ဆက်ပြီးနောက် ဆက်လက် ဆွေးနွေးကြလေသည်။
လီချန်သည် အားတင်းပြီး မျက်လုံးပြူးကာ နားစွင့်နေလေသည်။
သို့သော် နေ့တစ်ဝက်လောက် နားထောင်ပြီးတာတောင် ခေါင်းထဲမှာ ဂျီအသံတွေပဲ မြည်နေပြီး ဘာမှ နားမလည်ခဲ့ချေ။
လီချန်သည် စိတ်ဓာတ်ကျသွားပြီး လေးလံသော ခြေလှမ်းများဖြင့် ကျောင်းဖန်နန်းဆောင်သို့ သွားလေသည်။
ချောင်မိဖုရားခေါင် နေမကောင်းဖြစ်နေသဖြင့် ဟွေ့အန်းကုန်းကျူသည် ပြုစုစောင့်ရှောက်ပေးနေသည်။ ကျောင်းဖန်နန်းဆောင်တွင် ကိစ္စများကို စီမံနေသူမှာ လုမင်ယွိသာ ဖြစ်လေသည်။ မတ်နှင့် ခယ်မ တွေ့ဆုံကြသောအခါ လုမင်ယွိသည် အေးစက်ပြီး ရွံရှာသော ပုံစံဖြင့် ရှိနေပြန်သည်။
လီချန်၏ ရင်ထဲတွင် မွန်းကျပ်သွားပြန်သည်။
သူက အဲဒီလောက်တောင် ရွံစရာ ကောင်းနေလို့လား။
လုမင်ယွိက အေးစက်စက် မေးလိုက်လေသည်။ "ဒီနေ့ ညီလာခံမှာ ဘာကိစ္စတွေ ရှိလဲ"
လီချန်က တစ်ခုချင်းစီ ပြန်ပြောပြလေသည်။
လုမင်ယွိက မေးလိုက်ပြန်သည်။ "စစ်သတင်း ရောက်လာသေးလား"
လီချန်က ဖြေလိုက်လေသည်။ "လောလောဆယ် မရှိသေးပါဘူး။ စစ်သတင်း ရောက်လာရင် ချက်ချင်း လာပို့လိုက်ပါ့မယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး မျက်လုံးဖြင့် လီချန်ကို ထွက်သွားတော့ဟု အမူအရာ ပြလိုက်လေသည်။
လီချန်သည် သည်းမခံနိုင်တော့ဘဲ လုမင်ယွိကို မော့ကြည့်ကာ မေးလိုက်လေသည်။ "အာ့စောင်၊ ကျွန်တော့်ကို အရမ်း မုန်းနေတာလား"
လုမင်ယွိသည် စိတ်ကြီးသည်ဟု နာမည်ကြီးသော်လည်း ပထမမင်းသား၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့အပေါ် ယဉ်ကျေးမှု မပျက်ခဲ့ပေ။
သူ့အလှည့်ရောက်တော့ လုမင်ယွိက သူ့ကို ရေပုပ်မြောင်းကို ကြည့်သလို၊ အမှိုက်ပုံကို ကြည့်သလို ကြည့်နေတာ တကယ်ပဲ စိတ်ပျက်စရာ ကောင်းတယ်။
လုမင်ယွိသည် နှုတ်ခမ်းမဲ့လိုက်သော်လည်း မျက်လုံးထဲတွင် အပြုံးအရိပ်အယောင် မရှိပေ။ "မင်းက ကိုယ့်ကိုယ်ကိုယ် သိသားပဲ"
လီချန် "..."
လီချန်သည် ဒေါသထွက်လွန်းသဖြင့် ပါးဖောင်းဖောင်းလေးများ နီရဲလာတော့သည်။ "ဘာဖြစ်လို့လဲ။ ကျွန်တော်နဲ့ အာ့စောင်က မျက်နှာချင်းဆိုင် တွေ့ဖူးတာတောင် ဘယ်နှစ်ခါမှ မရှိဘူး။ စကားလည်း မပြောဖူးဘူး။ ဒီနှစ်ရက်အတွင်း အလုပ်သဘောအရ တွေ့ရတာပါ။ အာ့စောင်က ဘာလို့ ကျွန်တော့်ကို ဒီလောက် မုန်းနေရတာလဲ"
လုမင်ယွိက အေးစက်စက် ပြောလိုက်လေသည်။ "လူတစ်ယောက်ကို မုန်းတာ အကြောင်းပြချက် လိုလို့လား"
လီချန် "..."
...
အပိုင်း (၃၈၀) စစ်သတင်း
လီချန်သည် မျက်နှာပျက်လျက် နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
လုမင်ယွိသည် ရင်ထဲမှ အသက်ရှူကျပ်နေသည်များကို ရှူထုတ်လိုက်လေသည်။
နန်းတော် တည်ငြိမ်ရေးနှင့် အခြေအနေ အရပ်ရပ်အတွက် လီချန်ကို ဘယ်လောက်ပဲ မုန်းတီးပါစေ လူသတ်ချင်စိတ်ကို ထိန်းချုပ်ထားရမည်။ လီချန်ကို လက်စားချေဖို့ နောက်ဆို အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ လောလောဆယ်တော့ ဒီလိုပဲ နေလိုက်ဦးမယ်။
မွန်းတည့်ချိန်တွင် လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ အိပ်ခန်းသို့ သွားလေသည်။
၂ရက် ကြာပြီးနောက် ချောင်မိဖုရားခေါင်၏ ရောဂါသည် သက်သာမလာသည့်အပြင် ပိုမို ဆိုးရွားလာသည်။ အခန်းထဲတွင် ဆေးနံ့များဖြင့် ပြည့်နှက်နေပြီး ချောင်မိဖုရားခေါင်သည် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေသည်။ ဟွေ့အန်းကုန်းကျူသည် ဘေးနားမှ ပြုစုပေးနေလေသည်။
လုမင်ယွိ ရောက်လာသည်နှင့် ချောင်မိဖုရားခေါင်သည် အားတင်းကာ ဆေးသောက်လိုက်ပြီး စကားပြောရန် ထထိုင်လေသည်။
လုမင်ယွိသည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "မူဟုပ် နေမကောင်းဖြစ်နေတာ ကောင်းကောင်း အနားယူပါ။ နန်းတော်ထဲမှာ အာရှီ ရှိပါတယ်။ အားလုံး အဆင်ပြေပါတယ်။ မူဟုပ် စိတ်မပူပါနဲ့"
ချောင်မိဖုရားခေါင်သည် ထထိုင်ရန် အားမရှိတော့သဖြင့် လဲလျောင်းလျက် ခါးသက်သက် ပြုံးကာ ညည်းတွားလိုက်လေသည်။ "ပန်ကုံးက တကယ်ပဲ အသုံးမကျပါဘူး။ အရေးကြီးတဲ့အချိန် ရောက်မှ နေမကောင်းဖြစ်ရတယ်လို့။ အရာအားလုံး မင်းကိုပဲ အားကိုးရတော့မယ်"
လုမင်ယွိသည် စောင်ကို သေချာခြုံပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မူဟုပ် ကျန်းမာရေး ကောင်းလာဖို့က အာရှီအတွက် အကြီးမားဆုံး နှစ်သိမ့်မှုပါပဲ"
ချောင်မိဖုရားခေါင်၏ ယုံကြည်မှုနှင့် ပံ့ပိုးမှု မရှိပါက သူမသည် ထိုက်ဇီဖေး တစ်ယောက်အနေဖြင့် အာဏာကို လွယ်လွယ်ကူကူ ရယူနိုင်မည် မဟုတ်ပေ။
ဟွေ့အန်းကုန်းကျူသည် ဟန်ဆောင်ပန်ဆောင် ရယ်မောလိုက်လေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ သမီးအမြင်အရဆိုရင် အာ့တိမေ့က နန်းတွင်းကိစ္စ စီမံတာ မူဟုပ်ထက်တောင် သွက်လက်ချက်ချာပါသေးတယ်။ ညီလာခံကိစ္စတွေကိုလည်း ဝူတိက နေ့တိုင်း သတင်းလာပို့တော့ ညီမလေးက အကုန်သိနေတာပါ။ မူဟုပ် စိတ်ချလက်ချ အနားယူပါ"
ချောင်မိဖုရားခေါင်သည် စိတ်မချနိုင်သေးဘဲ မေးလိုက်ပြန်သည်။ "ရွှီအာနဲ့ ရွှမ်းအာရော နေကောင်းကြလား"
လုမင်ယွိက ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ချီယွင်နဲ့ နို့ထိန်းတွေက ကလေးတွေနားမှာ အမြဲရှိပါတယ်။ ချွေးမတော်လည်း အားတဲ့အချိန် သွားကစားပေးပါတယ်။ ဒါပေမဲ့ ကလေးတွေက အဘွားကိုပဲ လွမ်းနေကြတာ။ တစ်နေ့ကို ၇၊ ၈ခါလောက် မေးကြတယ်။ မူဟုပ် မြန်မြန် နေကောင်းအောင် လုပ်ပါ။ မြေးတွေက အဘွားကို လွမ်းနေပြီ"
ချောင်မိဖုရားခေါင်သည် နောက်ဆုံးတွင် ပြုံးနိုင်ခဲ့လေသည်။ "ဟုတ်ပါတယ်။ ၂ရက်လောက် မတွေ့ရတာ ပန်ကုံးလည်း လွမ်းနေပြီ"
ကလေးတွေက ငယ်သေးတော့ အိပ်ခန်းထဲ ဝင်လို့ မရဘူး။ ရောဂါကူးသွားမှာ စိုးလို့လေ။
သူမ ကောင်းကောင်း အနားယူမှ ဖြစ်မယ်။ မဟုတ်ရင် မြေးတွေကို တွေ့ရမှာ မဟုတ်ဘူး။
လုမင်ယွိသည် အစားအသောက် ပြင်ဆင်ရန် အမိန့်ပေးလိုက်လေသည်။
ဒီရက်ပိုင်းအတွင်း ချောင်မိဖုရားခေါင်သည် ထမင်းတစ်စေ့မှ မစားခဲ့ပေ။ ဒီနေ့မှ စားချင်စိတ် ရှိလာခြင်း ဖြစ်လေသည်။ ပူပုနွေးနွေး ဆန်ပြုတ်ရည်သည် အစာအိမ်ထဲသို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ထဲတွင် အားအင်အနည်းငယ် ပြန်လည်ပြည့်ဖြိုးလာလေသည်။
...
ညနေခင်းတွင် စစ်သတင်း ထပ်မံရောက်ရှိလာသည်။
"...ထိုက်ဇီအရှင်မင်းသား ရင်ဘတ် မြှားမှန်ပြီး သွေးအများကြီး ထွက်သွားလို့ လောလောဆယ် သတိမရသေးပါဘူး။ ဒါပေမဲ့ သမားတော်တွေ ပြောတာက အသက်အန္တရာယ် မစိုးရိမ်ရပါဘူးတဲ့။ လအနည်းငယ်လောက် အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ"
ဒါက ကံဆိုးမိုးမှောင်ကျတဲ့အထဲက ကံကောင်းခြင်းပါပဲ။
ချောင်မိဖုရားခေါင်သည် မျက်ဝန်းများ နီရဲလျက် ဟွေ့အန်းကုန်းကျူကို ဖက်ကာ ငိုကြွေးလိုက်လေသည်။
လုမင်ယွိ၏ နှာခေါင်းထိပ်များ ရှုံ့တွသွားပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ခဏနေမှ ပြန်လှည့်လာပြီး ပြောလိုက်လေသည်။ "အရှင်မင်းသား အသက်အန္တရာယ် မရှိရင် ပြီးတာပါပဲ"
သတင်းလာပို့သော နန်းတွင်းကုန်းကုန်းက တိုးတိုးလေး ဆက်ပြောလိုက်လေသည်။ "စစ်သတင်းထဲမှာ ပါတာက ယန်စစ်တပ် စစ်ရှုံးသွားလို့ အောင်ပွဲရဖို့ သေချာသလောက် ရှိနေပါပြီတဲ့။ နောက်ပိုင်းမှာ စစ်တပ်နှစ်ခု ပေါင်းပြီး ယန်နဲ့ ချူစစ်တပ်ကို လိုက်လံချေမှုန်းတော့မှာပါ"
စစ်ရှုံးသွားတဲ့ စစ်သားတွေကိုလည်း လျှော့တွက်လို့ မရဘူး။
သာ့ဝေတိုင်းပြည်က ယန်နဲ့ ချူကို အပြီးတိုင် ချေမှုန်းပြီး နယ်မြေချဲ့ထွင်ဖို့အတွက် အချိန်နဲ့ စစ်သားအင်အား အများကြီး လိုအပ်ဦးမယ်။ ဒီလုပ်ငန်းစဉ်က လနဲ့ချီပြီး ကြာမြင့်နိုင်တယ်။
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။ "မင်း ပြန်သွားပြီး ပဉ္စမမင်းသားကို ပြောလိုက်ပါ။ ညီလာခံမှာ ထူးခြားမှု ရှိရင် ချက်ချင်း လူလွှတ်ပြီး သတင်းပို့လို့"
နန်းတွင်းကုန်းကုန်းက အမိန့်နာခံပြီး ထွက်ခွာသွားလေသည်။
ချောင်မိဖုရားခေါင်သည် ငိုကြွေးပြီးနောက် ပင်ပန်းသွားသဖြင့် အိပ်ပျော်သွားလေသည်။
ဟွေ့အန်းကုန်းကျူသည် မျက်ဝန်းများ နီရဲလျက် လုမင်ယွိကို ပြောလိုက်လေသည်။ "အာ့တိ အသက်အန္တရာယ် မရှိဘူး ဆိုပေမဲ့ ဒဏ်ရာက မသေးလှဘူး။ စစ်သတင်းထဲမှာ ပြောထားတာ သတိမရတာ ၃ရက်ရှိနေပြီတဲ့"
လုမင်ယွိ၏ ရင်ထဲတွင် စူးရှနာကျင်သွားပြန်သည်။
သူမသည် စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သဖြင့် လူရှေ့တွင် မျက်ရည်မကျတတ်ပေ။ ဘယ်လောက်ပဲ နာကျင်ဝမ်းနည်းနေပါစေ တောင့်ခံထားပြီး ဟွေ့အန်းကုန်းကျူထက်ပင် ပိုမို တည်ငြိမ်နေလေသည်။ "အရှင်မင်းသား အသက်အန္တရာယ် မရှိရင် ရပါပြီ။ သမားတော်တွေ ပြုစုနေတာပဲ။ ဖြည်းဖြည်းချင်း ကုသရင် ပြန်ကောင်းလာမှာပါ"
ဟွေ့အန်းကုန်းကျူသည် ယောက်မဖြစ်သူ အေးစက်လွန်းသည်ဟု ထင်မြင်မိပြီး စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိလေသည်။
သို့သော် ယခုအချိန်တွင် လူတိုင်း စိတ်လှုပ်ရှားနေကြပြီး လုမင်ယွိကိုသာ အားကိုးနေရသဖြင့် ဟွေ့အန်းကုန်းကျူသည် ပါးစပ်ဖျား ရောက်နေသော စကားများကို ပြန်မျိုချလိုက်ရလေသည်။
...
နောက်တစ်ရက်တွင် ရှန်းလန်သည် နန်းတော်ထဲသို့ ဝင်ရောက်လာသည်။
ယောက်မနှစ်ယောက် တွေ့ဆုံကြသောအခါ ပိန်လှီချည့်နဲ့နေသော တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရင်ထဲတွင် စိတ်မကောင်း ဖြစ်မိကြလေသည်။
"အာ့စောင်၊ တော်တော် ပိန်သွားတာပဲ" လုမင်ယွိက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။
ရှန်းလန်က ခါးသက်သက် ပြုံးလိုက်လေသည်။ "အမှန်အတိုင်း ပြောရရင် လွန်ခဲ့တဲ့ ရက်နည်းနည်းက အာ့ကော ဒဏ်ရာရတယ် ဆိုတဲ့သတင်း ကြားကတည်းက စိတ်ပူပြီး ထမင်းမစားနိုင် အိပ်မပျော်နိုင် ဖြစ်နေတာ" ခဏရပ်ပြီး စိတ်မကောင်းစွာ ပြောလိုက်ပြန်သည်။ "ထိုက်ဇီအရှင်မင်းသားရဲ့ ဒဏ်ရာက အာ့ကောထက် ပိုပြင်းထန်တယ်။ ဒီရက်ပိုင်း နင် စိတ်ဆင်းရဲနေမှာပဲ"
လုမင်ယွိ၏ မျက်ဝန်းအိမ်များ ပူနွေးလာပြီး အင်း ဟု ပြန်ဖြေလိုက်လေသည်။
ချောင်မိဖုရားခေါင်က နေမကောင်း ဖြစ်နေပြီ။ သူမက လူတွေကို တည်ငြိမ်အောင် ထိန်းထားရမယ်။ လူရှေ့မှာ တည်ငြိမ်ချင်ယောင် ဆောင်နေရမယ်။ ကလေးတွေရှေ့မှာလည်း ပုံမှန်အတိုင်း ပြုံးရယ်နေရမယ်။ ဝမ်းနည်းတဲ့ပုံ မပြရဘူး။
ညဘက်ရောက်ရင် သန်းခေါင်ကျော်တဲ့အထိ အိပ်မပျော်ဘူး။ အစားအသောက်လည်း ပျက်နေတယ်။ ရက်နည်းနည်းအတွင်း လူက ပိန်ကျသွားပြီ။
ဒီလို ရင်ထဲက ခံစားချက်တွေကို တစ်ယောက်နဲ့ တစ်ယောက်ပဲ နားလည်နိုင်ကြတာ။
ခဏလောက် တိတ်ဆိတ်သွားပြီးမှ လုမင်ယွိက ပြောလိုက်ပြန်သည်။ "အခု စစ်ပွဲနိုင်ဖို့ သေချာသလောက် ရှိနေပါပြီ။ နောက်ပိုင်း တိုက်ပွဲတွေက သိပ်မခက်ခဲတော့ပါဘူး"
ရှန်းလန်က အားတင်းပြီး ပြန်ဖြေလိုက်လေသည်။ "ဟုတ်ပါတယ်။ သူတို့တွေ စောစောစီးစီး အောင်ပွဲခံပြီး ပြန်လာကြဖို့ပဲ မျှော်လင့်ပါတယ်။ ဘာဆုလာဘ်မှ မလိုချင်ပါဘူး။ အာ့ကော အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာရင် ကျေနပ်ပါပြီ"
ခဏလောက် ထိုင်နေကြပြီးနောက် ကလေးနှစ်ယောက် ရောက်လာကြသည်။
ကလေးများရှေ့မှာတော့ စစ်တိုက်သည့်အကြောင်း၊ ဒဏ်ရာရသည့်အကြောင်းတွေ မပြောဖြစ်ကြတော့ပေ။ လုမင်ယွိက ပြုံးကာ ကလေးများကို ရှန်းလန်အား နှုတ်ဆက်ခိုင်းလေသည်။ "ကဲ၊ ကျို့မူ(ကြီးတော်)ကို နှုတ်ဆက်လိုက်ကြဦး"
ရွှီအာနှင့် ရွှမ်းအာသည် ယှဉ်ရပ်ပြီး လက်သီးဆုပ်လေးများဖြင့် ဂါရဝပြုလိုက်ကြလေသည်။ "ကျို့မူကို နှုတ်ဆက်ပါတယ်"
ရှန်းလန်သည် သဘောကျစွာ ရယ်မောလိုက်ပြီး မောင်နှမနှစ်ယောက်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှုံ့လိုက်လေသည်။ ထို့နောက် လုမင်ယွိကို ပြုံးကာ ပြောလိုက်လေသည်။ "ဒီနေ့ နန်းတော်ထဲ လာတာ ကျွမ်းအာကို မခေါ်ရဲဘူး။ မဟုတ်ရင် သူပါ လိုက်မယ်လို့ ဂျီကျနေမှာ"
ကျွမ်းအာသည် ရွှီအာတို့မောင်နှမထက် လပိုင်းသာ ငယ်ပြီး တစ်နှစ်ပြည့်တော့မည် ဖြစ်သည်။ ဒီအရွယ် ကလေးများသည် မိခင်ကို အကပ်ဆုံး အရွယ်ဖြစ်ပြီး အမြီးလေးလို တစ်ကောက်ကောက် လိုက်တတ်ကြသည်။
ရှန်းလန်က ကျွမ်းအာ နေ့လယ်စာ စားပြီး အိပ်ပျော်နေချိန် နန်းတော်ထဲ လာခဲ့ခြင်း ဖြစ်သည်။ ကျွမ်းအာ နိုးလို့ အမေကို မတွေ့ရင် ဆူညံပွက်လောရိုက်နေတော့မှာ။
လုမင်ယွိ၏ မျက်ဝန်းထဲတွင်လည်း အပြုံးရိပ်များ ထင်ဟပ်လာလေသည်။ "ကျွမ်းအာကို မတွေ့တာ ကြာပြီ။ နောက်တစ်ခါ နန်းတော်ထဲ လာရင် ခေါ်လာခဲ့ပါ"
ရွှီအာနှင့် ရွှမ်းအာသည် ကျွမ်းအာကို မှတ်မိကြပြီး ညီလေး၊ ညီလေးဟု အော်ခေါ်နေကြလေသည်။
ရှန်းလန်က ပြုံးကာ ပြောလိုက်လေသည်။ "ကောင်းပါပြီ။ နောက်ရက်နည်းနည်းနေရင် ကျွမ်းအာကို ခေါ်လာပြီး ကစားခိုင်းပါ့မယ်"
ရှန်းလန်သည် သားဖြစ်သူကို စိတ်ပူသဖြင့် တစ်နာရီခန့် စကားပြောပြီး ပြန်သွားလေသည်။
လုမင်ယွိသည် ရှန်းလန်ကို နန်းတော်တံခါးဝအထိ လိုက်ပို့ပေးသည်။ ယောက်မနှစ်ယောက် လက်ချင်းချိတ်ကာ တိုးတိုးလေး နှုတ်ဆက်လိုက်ကြလေသည်။ "အာ့စောင်၊ ကျန်းမာရေး ဂရုစိုက်ပါ"
"ရှောင်ယွိ၊ နင်လည်း ဂရုစိုက်နော်။ ဘယ်သူမှ သံမဏိလူသား မဟုတ်ပါဘူး။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်မှ ဖြစ်မယ်"
ဒါမှ သူမကို တကယ် ချစ်ခင်တဲ့သူ။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝဲလာပြီး ခေါင်းညိတ်ပြလိုက်လေတော့သည်။
...
အပိုင်း (၃၈၁) ဒဏ်ရာကုသခြင်း (၁)
၁လအကြာတွင်...
ရှင်းယန်စစ်တပ်၏ စစ်တဲထဲမှ ကုန်းကုန်းလေးရှောင်ယွမ်၏ အသံသည် ထွက်ပေါ်လာ၏။ "အရှင်မင်းသား ဆေးသောက်ရမဲ့အချိန် ရောက်ပါပြီ"
ထိုက်ဇီ အရှင်မင်းသားက အင်းဟု ပြန်ဖြေလိုက်သည်။ အသံသည် အနည်းငယ် အားနည်းနေသယောင်ပင်။
ရှောင်ယွမ်သည် ရင်ထဲတွင် စိတ်မကောင်းဖြစ်မိလေသည်။
လွန်ခဲ့သော တလကျော်က ထိုက်ဇီ အရှင်မင်းသားသည် စစ်တပ်ကိုဦးဆောင်ကာ ယန်စစ်တပ်ကို လိုက်လံတိုက်ခိုက်ရာတွင် သေမှာမကြောက်သော ယန်စစ်တပ်၏ အသေခံတပ်သားများ၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံခဲ့ရသည်။ အသက်နှင့်ရင်းပြီး တိုက်ခိုက်မှုအောက်တွင် ထိုက်ဇီ၏ ကိုယ်ရံတော်များသည် သေကြေဒဏ်ရာ အများအပြား ရရှိခဲ့ကြသည်။ ထိုက်ဇီ အရှင်မင်းသားသည်လဲ လေးသည်တော်၏ ပစ်ခတ်မှုကြောင့် ရင်ဘတ်ကို မြှားမှန်ခဲ့လေသည်။
ကံကောင်းသည်မှာ ထိုက်ဇီမင်းသား၏ သံချပ်ကာတွင် သရေအင်္ကျီတစ်ထပ် ခံဝတ်ထားသဖြင့် မြှားချက်သည် ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့လေသည်။
အရှင်မင်းသားသည် ၄ရက်လုံးလုံး သတိမေ့မြောနေခဲ့ပြီးမှ ပြန်လည်နိုးထလာခဲ့၏။ ဒီတလကျော်လုံး စစ်တဲထဲတွင် အနားယူ ကုသနေခဲ့ရပြီး ယခုချိန်ထိ ကုတင်ပေါ်က မဆင်းနိုင်သေးပေ။
ရှောင်ယွမ်သည် ဆေးခွက်ကိုကိုင်ကာ ဂရုတစိုက် လျှောက်လာခဲ့လေသည်။
လီကျင့်သည် တခြားကုန်းကုန်းနှစ်ယောက်၏ အကူအညီဖြင့် ထထိုင်လိုက်ပြီး ဆေးခွက်ကို လှမ်းယူလိုက်ရာ အနည်းငယ်လှုပ်ရှားလာရုံဖြင့် ရင်ဘတ်မှ ဒဏ်ရာသည် အသည်းခိုက်မတတ် နာကျင်သွားတော့သည်။
လီကျင့်သည် အသက်ရှူသွင်းလိုက်ပြီး ဖြူဖျော့နေသောမျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားလေသည်။
ရှောင်ယွမ်သည် စိုးရိမ်တကြီး ပြောလိုက်လေသည်။"အရှင်မင်းသား မလှုပ်ပါနဲ့။ ကျွန်တော်မျိုး တိုက်ပါ့မယ်"
လီကျင့်က ခါးသက်သက်ပြုံးလိုက်ပြီး အတင်းမလုပ်တော့ဘဲ ရှောင်ယွမ် တိုက်ကျွေးသောဆေးကို သောက်လိုက်လေသည်။ အညိုရောင်ဆေးရည်သည် အလွန်ခါးသက်လှသဖြင့် နှာခေါင်းကို ပိတ်ထားပြီးမှ မျိုချရတော့သည်။ ဆေးသောက်ပြီးသွားသောအခါ ငရဲခန်းမှ လွတ်မြောက်လာသလို ခံစားလိုက်ရလေသည်။
ဆေးသောက်ပြီးနောက်တွင် လီကျင့်သည် အသက်ရှူထုတ်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။ "မြို့တော်က စာရောက်လာသေးလား"
စစ်တိုက်နေချိန်တွင် စာပို့ဆက်သွယ်ရေးသည် မလွယ်ကူပေ။ ယခင်က တလလျှင် အိမ်မှစာတစ်စောင် ရောက်လေ့ရှိသည်။ သူဒဏ်ရာရပြီးနောက် တလအတွင်း စာနှစ်စောင် ရောက်လာခဲ့ပြီ။
ဒဏ်ရာရချိန်တွင် သူသည် ပုံမှန်အချိန်ထက် ပိုပြီးအားငယ်တတ်လေသည်။ လီကျင့်သည် ဇနီးသည်နှင့် ကလေးများ မိခင်ဖြစ်သူတို့ကို တစ်ရက်ထက်တစ်ရက် ပိုမိုလွမ်းဆွတ်လာလေတော့သည်။
ရှောင်ယွမ်က ပြန်ဖြေလိုက်လေသည်။ "လောလောဆယ်တော့ ရောက်မလာသေးပါဘူး"
လီကျင့်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "မင်းငါ့ကိုယ်စား ယောက်ဖရဲ့စစ်တဲကို သွားကြည့်ပေးအုံး"
ရှောင်ယွမ်သည် အမိန့်ကိုနာခံပြီး ထွက်ခွာသွားလေသည်။ နာရီဝက်ခန့်အကြာတွင်တော့ ပြန်ရောက်လာပြီး လုဖေးလဲ သူနှင့်အတူ ပါလာခဲ့၏။
လီကျင့်သည် တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်လေသည်။ "ဒဏ်ရာတွေ သက်သာသွားပြီလား"
လုဖေးက ပြုံးကာ ခေါင်းညိမ့်ပြလိုက်၏။ "အပေါ်ယံ ပွန်းပဲ့ဒဏ်ရာလောက်တော့ ပျောက်တာကြာပါပြီ။ တကယ်တော့ လွန်ခဲ့တဲ့လဝက်လောက်ကတည်းက စစ်တိုက်ထွက်ချင်နေတာ ယိဖုက ခွင့်မပြုလို့ စစ်တဲထဲမှာပဲ အချိန်ကုန်နေရတာ"
ထို့နောက် လီကျင့်ကို စိုးရိမ်တကြီး မေးလိုက်လေသည်။ "အရှင်မင်းသားရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ။ ကုတင်ပေါ်က ဆင်းလို့ရပြီလား"
လီကျင့်သည် ခါးသက်သက်ပြုံးကာ ခေါင်းခါပြလိုက်၏။ "ကုတင်ပေါ်မှာ ထိုင်နေရုံလောက်ပဲ ထိုင်နေရတယ်။ လက်ဆန့်လို့မရသေးဘူး။ အားစိုက်လို့လဲ မရဘူး။ ကြည့်ရတာ သုံးလလောက်မနေရင်တော့ ကုတင်ပေါ်က ဆင်းနိုင်မှာ မဟုတ်ဘူး"
လုဖေးကလဲ နှစ်သိမ့်လိုက်လေသည်။ "ဒါလဲ မဆိုးပါဘူး။ အဲဒီ့နေ့က အရှင်မင်းသား ဒဏ်ရာရတာ တော်တော်ပြင်းထန်တယ်။ နှလုံးနဲ့အဆုတ်ကို မထိသွားတာ တကယ်ပဲ ကံကောင်းလွန်းတာပါ။ အခု စစ်ပွဲနိုင်ဖို့ သေချာနေပြီဆိုတော့ ယန်နဲ့ချူနယ်စပ်ကို ရှင်းလင်းဖို့ကိစ္စကို ယိဖုကပဲ တာဝန်ယူပါလိမ့်မယ်။ အရှင်မင်းသားက ဒီမှာပဲ အေးအေးဆေးဆေး ဆေးကုသနေလိုက်ပါ"
လီကျင့်သည် ဒဏ်ရာရနေသဖြင့် လှုပ်ရှားသွားလာရန် အဆင်မပြေသောကြောင့် စစ်တဲထဲတွင်သာ နေခဲ့ရသည်။ လုလင်းကတော့ စစ်တပ်ကိုဦးဆောင်ကာ ယန်စစ်တပ်၏လက်ကျန်များကို လိုက်လံတိုက်ခိုက်နေသည်။ ဖူယန်မြို့စားသည်လဲ နောက်မဆုတ်တော့ဘဲ ဒီရက်ပိုင်းအတွင်း အလွန်ရဲရင့်ပြနေလေ၏။
ဖူယန်မြို့စားအကြောင်း ပြောသည်နှင့် လုဖေးသည် မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။ "စစ်ပွဲအခြေအနေ မကောင်းတုန်းကဆိုရင် ဖူယန်မြို့စားက အချိန်ကိုက် ဒဏ်ရာအနည်းငယ်ရပြီး စစ်တိုက်မထွက်ဘဲ နေတတ်တယ်။ စစ်ပွဲအခြေအနေကောင်းလာတော့ ရုတ်တရက် ရဲရင့်လာပြီး စစ်ရှုံးလက်ကျန်တွေကို လိုက်တိုက်တယ်။ ယန်မြို့နှစ်မြို့ကို သိမ်းပိုက်နိုင်ပြီး အကျိုးဆောင်မှုတွေ အများကြီး ရထားတယ်"
လီကျင့်က ရယ်မောလိုက်လေသည်။ "လူချင်းက မတူကြဘူးလေ။ ယွဲ့ဖုလိုမျိုး ရဲရင့်တဲ့စစ်သူကြီး ရှိနေသလို ဖူယန်မြို့စားလိုလူမျိုးလဲ ရှိတာပဲ။ ဘာပဲဖြစ်ဖြစ် သူက အမှားမလုပ်ဘဲ ဒုက္ခမပေးရင် ပြီးတာပါပဲ"
ဒုက္ခမပေးရုံ တမယ်ပါ။ အကျိုးဆောင်မှုကို လုယူတတ်သေးတယ်လေ။
လုဖေးသည် စိတ်ထဲတွင် ရေရွတ်လိုက်သော်ငြားလည်း ထုတ်မပြောတော့ချေ။ ဖူယန်မြို့စားသည် မင်းသားများ၏ ဦးလေးတော်စပ်သဖြင့် မျက်နှာထောက်ထားရသေးသည်။
လုဖေးက တိုးတိုးလေး ပြောလိုက်၏။ "တတိယမင်းသားက တိုက်ပွဲတွေဆက်တိုက်နိုင်ပြီး အကျိုးဆောင်မှုတွေ အများကြီး ရထားတယ်။ အရှင်မင်းကြီးက လူရှေ့သူရှေ့မှာ တတိယမင်းသားကို အကြိမ်ကြိမ် ချီးကျူးခဲ့တယ်လို့ ကြားတယ်"
လီကျင့်၏ အပြုံးသည် ပျောက်ကွယ်သွားပြီး မျက်ဝန်းများက တောက်ပလာလေ၏။ "စစ်တိုက်တဲ့နေရာမှာတော့ စန်းတိက သာ့ကောထက်သာသလို ကျွန်တော့်ထက်လဲ သာတယ်လေ"
လူတစ်ချို့သည် မွေးရာပါစစ်သူကြီးများ ဖြစ်ကြသည်။
လီဟောက်သည် ထိုလူမျိုး ဖြစ်လေ၏။ ယခင်က အရည်အချင်းများကို ဖုံးကွယ်ထားသော်လည်း ယခုအခါတွင်တော့ ဖုံးကွယ်ထားလို့ မရလောက်အောင် တောက်ပနေလေ၏။
ဒီအချက်ကို သိလို့လည်း သူက ကိုယ်တိုင်စစ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူက ထိုက်ဇီဖြစ်နေသည့်အလျောက် အကျိုးဆောင်မှုများ အများကြီးရရှိထားသည်။ အရေးကြီးဆုံးတိုက်ပွဲကိုလည်း နိုင်ထားသည်။ လီဟောက်က မည်မျှပင်တော်နေပါစေ သူ့အောက်မှာပင် ရှိနေအုံးမည်။
လုဖေးသည် လီကျင့်ကို စူးစိုက်ကာ ကြည့်လိုက်၏။ "အရှင်မင်းသားက နှိမ့်ချလွန်းနေပါပြီ။ ကျွန်တော့်အမြင်အရဆိုရင်တော့ တတိယမင်းသားက ရဲရင့်ပေမဲ့ အရှင်မင်းသားလောက် မမှီပါဘူး"
သာ့ဝေတိုင်းပြည်တွင် စစ်သူကြီးကောင်းများ ပေါများလှသည်။ စစ်တိုက်တတ်သော မင်းသားတစ်ပါးဖြစ်ရုံနှင့် ဘာမှအထူးအဆန်း မဟုတ်ချေ။ လီကျင့်သည် ထိုက်ဇီဖြစ်သော်လည်း မြို့တော်တွင်မနေဘဲ ကိုယ်တိုင် စစ်တပ်ကိုဦးဆောင်ကာ ယန်စစ်တပ်ကို အနိုင်တိုက်နိုင်ခဲ့သည်။ ဒါမှသာ လူအများ၏ လေးစားမှုနှင့်ယုံကြည်မှုကို ရရှိပေမည်။
လီကျင့်က မော့ကြည့်လိုက်ပြီး လုဖေးနှင့် အကြည့်ချင်းဆုံသွားကာ ပြုံးလိုက်လေ၏။ "ယောက်ဖက ဒီလောက်ချီးကျူးနေမှတော့ ကျွန်တော်လဲ မျက်နှာပြောင်တိုက်ပြီး လက်ခံလိုက်တော့မယ်"
လုဖေးသည် ရယ်မောလိုက်ပြီး သက်ပြင်းချလိုက်မိလေသည်။ "ဒီနေရာနဲ့မြို့တော်က ဝေးလွန်းတော့ စာပို့ဆက်သွယ်ရတာ အဆင်မပြေဘူး။ အရှင်မင်းသားနဲ့ကျွန်တော် ဒဏ်ရာရတဲ့သတင်း မြို့တော်ကိုရောက်သွားရင် သူတို့တွေ ဘယ်လောက်တောင် စ်တ်ပူနေကြမလဲ မသိဘူး"
လီကျင့်သည်လဲ သက်ပြင်းချလိုက်လေသည်။ "ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းကတော့ ရှောင်ယွိဆီက စာရောက်လာတယ်။ မူဟုပ် နေမကောင်းဖြစ်နေတယ်တဲ့ အခုသက်သာရဲ့လား မသိဘူး။ ကလေးနှစ်ယောက်ကိုလဲ သူပဲ ကြည့်နေရတာ။ နန်းတော်ထဲက ကိစ္စတွေကိုလဲ သူပဲ တာဝန်ယူနေရတယ်။ ညီလာခံကိစ္စတွေကိုလည်း စောင့်ကြည့်နေရတယ်။ သူတစ်ယောက်တည်း ဒီလောက်များတဲ့ကိစ္စတွေကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ"
လုဖေးသည်လဲ ညီမဖြစ်သူအတွက် စိတ်ပူနေသော်ငြား လီကျင့်ကို နှစ်သိမ့်လိုက်ရလေသည်။ "စစ်မေ့က စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ ခံနိုင်ရည်ရှိမှာပါ။ အရှင်မင်းသား စိတ်မပူပါနဲ့"
စိတ်ပူလဲ ဘာမှမတတ်နိုင်ဘူးလေ။ စိတ်ရှည်ရှည်ထားပြီး ဆေးကုသရုံပဲ ရှိတော့တာပေါ့။
အဲဒီ့နေ့တုန်းက လုလင်းကိုယ်တိုင် ယန်စစ်တပ်ကို လိုက်တိုက်မလို့ လုပ်နေတာ သူက လုလင်းကို တားလိုက်ရတာ။
အရင်ဘဝတုန်းက လုလင်းက ယန်စစ်တပ်ရဲ့ အသေခံတပ်သားတွေ လက်ချက်နဲ့ သေဆုံးခဲ့ရတာ။ ဒီဘဝမှာတော့ ရှောင်ယွိကို ဖခင်ဆုံးရှုံးရတဲ့ ဝမ်းနည်းမှုကို မခံစားစေချင်တော့ဘူး။ ဒါပေမဲ့ ယန်ထော်ရဲ့ အစွမ်းအစကို လျှော့တွက်မိတာတော့ အမှန်ပဲ။
အဲဒီ့ အသေခံတပ်သားနှစ်ထောင်က ယန်ထော် နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားတဲ့လူတွေ တစ်ယောက်ချင်းစီတိုင်းက ရူးသွပ်နေသလိုပဲ။ သေမှာကိုတောင် ဂရုမစိုက်ဘဲ အသက်နဲ့ရင်းပြီး တိုက်ခိုက်ကြတာ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းတယ်။ စစ်သူကြီးကို သတ်ဖို့ပဲ။
ကိုယ်ရံတော်တွေက သူ့ကို ကာကွယ်ပေးရင်း သေဆုံးကုန်ကြတယ်။ စစ်တပ်တစ်ခုလုံးလဲ လူစုကွဲလုနီးပါး ဖြစ်သွားတယ်။ ကံကောင်းတာက ရှင်းယန်စစ်တပ်က ရဲရင့်လိုသာ တောင့်ခံထားနိုင်ခဲ့တာ။ နောက်ဆုံးတော့ ယန်စစ်တပ် ရှုံးနိမ့်သွားတယ်။ ဒါပေမဲ့ သူလဲ လေးသည်တော်ရဲ့လက်ချက်နဲ့ မြှားမှန်သွားခဲ့ရတယ်။
ရင်ဘတ်ကို မြှားမှန်တဲ့အချိန်မှာ သူ့ခေါင်းထဲမှာ ပေါ်လာတဲ့အတွေးကတော့ ကံကောင်းလို့ ရှောင်ယွိမဟုတ်တာ ဆိုပြီးတော့ပေါ့။ မဟုတ်ရင် ဒီမြှားက လည်ပင်းကို ထိသွားလောက်ပြီ။
ဘာပဲဖြစ်ဖြစ် ယွဲဖု အန္တရာယ်ကင်းသွားပြီ။
လီကျင့်သည် စိတ်သက်သာရာရသွားပြီး စကားပြောမည်ပြုစဥ် ရှောင်ယွမ်သည် ဝမ်းသာအားရ ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "အရှင်မင်းသား စတုတ္ထမင်းသား စစ်တပ်ထဲ ရောက်လာပါပြီ။ စစ်တဲအပြင်ဘက်မှာပါ"
လီကျင့်သည် အားတက်သွားလေသည်။ "မြန်မြန်ဝင်လာခိုင်းလိုက်"
ခေါ်စရာပင် မလိုချေ။ စတုတ္ထမင်းသားသည် စိတ်လောကြီးစွာဖြင့် စစ်တဲကိုဖွင့်ကာ ဝင်ရောက်လာလေသည်။ "အာ့ကော!"
"စစ်တိ!"
ညီအစ်ကိုနှစ်ယောက် တွေ့ဆုံလိုက်သည်နှင့် ရင်ထဲတွင် စိတ်လှုပ်ရှားကာ ပြောစရာစကားလုံးများ ပျောက်ရှသွားတော့သည်။ အပြန်အလှန် ခေါ်လိုက်ကြပြီး မျက်ဝန်းများက နီရဲလာကြလေတော့၏။
ယခင်က ပြိုင်ဆိုင်မှုများကို ပြန်စဥ်းစားကြည့်လျှင် ကလေးဆန်ပြီး ရယ်စရာ ကောင်းနေပေသည်။ သွေးက ရေထက်ပျစ်သည်ဆိုသည့်အတိုင်း တွေ့ဆုံချိန်တွင် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများကို ကာယကံရှင်များကသာ သိနိုင်ပေသည်။
...