← Chapters

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

အပိုင်း (၃၈၂) ဒဏ်ရာကုသခြင်း (၂)

လီကျင့်သည် မျက်ဝန်းများနီရဲလျက် လှမ်းနှုတ်ဆက်လိုက်သည်။ "စစ်တိ လမ်းတလျှောက်လုံး ပင်ပန်းလာပြီ"

စတုတ္ထမင်းသားသည် အင်္ကျီလက်စဖြင့် မျက်ရည်သုတ်လိုက်ပြီး သွားများပေါ်အောင် ပြုံးလိုက်လေသည်။ "အာ့ကော စစ်တိုက်ရတာနဲ့ယှဥ်ရင် ဘာမှမဟုတ်ပါဘူး"

ညီအစ်ကိုနှစ်ယောက် အချိန်အကြာကြီး ခွဲခွာပြီးမှ ပြန်ဆုံတွေ့ကြသဖြင့် ပြောစရာစကားများ အများကြီး ရှိပေမည်။ လုဖေးသည် အလိုက်တသိဖြင့် စစ်တဲအပြင်ဘက်သို့ ထွက်ပေးလိုက်၏။

စတုတ္ထမင်းသားသည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး လီကျင့်ကို သေချာကြည့်ကာ သက်ပြင်းချလိုက်လေသည်။."အာ့ကောဒဏ်ရာက တကယ်မသေးဘူးပဲ။ တစ်လကျော်တောင် မျက်နှာက ဖြူဖျော့နေတုန်းပဲ။ ကုတင်ပေါ်ကလဲ မဆင်းနိုင်သေးဘူး။ မူဟုပ်သာ အာ့ကောရဲ့ ဒီပုံစံကိုမြင်ရင် ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ မသိဘူး"

ချောင်မိဖုရားခေါင်အကြောင်း ပြောလိုက်သည်နှင့် လီကျင့်၏ ရင်ထဲတွင် စူးရှနာကျင်သွားပြီး သက်ပြင်းချလိုက်လေသည်။ "ငါက သားမိုက်ပါ။ မူဟုပ်ကို စိတ်ပူပင်စေမိတယ်"

စတုတ္ထမင်းသားက ပြုံးကာ နှစ်သိမ့်ပေးလိုက်လေသည်။ "အာ့ကောက သားမိုက်ဆိုရင် သာ့ကောက ဘယ်လိုလုပ်မလဲ"

ပြောပြီးမှ မှားမှန်းသိလိုက်ရသည်။ ညာဘက်ခြေထောက် မသန်မစွမ်းဖြစ်သွားသော ပထမမင်းသားကို လှောင်ပြောင်သလို ဖြစ်နေလေသည်။

စတုတ္ထမင်းသားက နောင်တရသွားပြီး အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်တော့၏။ "ဒါနဲ့ အခု သာ့ကောက ဘယ်မှာဆေးကုသနေတာလဲ"

လီကျင့်က ပြန်ဖြေလိုက်လေသည်။ "သာ့ကောက ဖုဟွမ်နဲ့အတူ ရှိနေတာ"

ပထမမင်းသားက အမြဲတမ်း ဆေးကုသနေရတာ ညာဘက်ခြေထောက်က မသန်တော့ဘူး။ မတ်တပ်ရပ်ရင်တောင် ယိုင်နဲ့နေတာ။ လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့နေပြီး ဓားကိုင်၊ စစ်တိုက်ဖို့ မဖြစ်နိုင်တော့ဘူး။

ယုံးကျားဧကရာဇ်သည် သားကြီးကို သနားသဖြင့် စစ်တပ်ထဲတွင် ဆက်နေခွင့်ပေးထားခြင်း ဖြစ်လေသည်။ လီကျင့်က ပထမမင်းသားဆီ စာရေးလိုက်သေးသည်။ သို့သော်ငြား ပင်လယ်ထဲ ကျောက်ခဲပစ်ချလိုက်သလို ဘာအကြောင်းပြန်စာမှ မရခဲ့ချေ။

စတုတ္ထမင်းသားက သက်ပြင်းချလိုက်လေသည်။ "သာ့ကောက မာနကြီးတယ်။ ခြေထောက်ဒဏ်ရာရတာကို လက်မခံနိုင် ဖြစ်နေမှာ မြို့တော်ကိုလည်း မပြန်ချင်ဘူး။ တကယ်တော့ စစ်တပ်ထဲမှာနေတာက ဆေးကုသဖို့ အဆင်မပြေပါဘူး"

ဟုတ်တာပေါ့။

ဒါပေမဲ့ ပထမမင်းသားက မြို့တော်ကိုပြန်ဖို့ ငြင်းဆန်နေတာ။ လူတွေရဲ့ သနားတဲ့အကြည့် အထင်သေးတဲ့အကြည့်တွေကို မခံနိုင်လို့နေမှာပေါ့။

အရင်တုန်းက တက်ကြွပြီးမာနကြီးတဲ့ အစ်ကိုကြီးက အခု ဘယ်လိုပုံစံဖြစ်နေမလဲ မသိဘူး။

ညီအစ်ကိုနှစ်ယောက်သည် ခဏလောက် တိတ်ဆိတ်သွားပြီး စကားလမ်းကြောင်း ပြောင်းလိုက်ကြပြန်သည်။

"နန်းတော်နဲ့ ညီလာခံအခြေအနေ ကောင်းရဲ့လား" လီကျင့်က မေးလိုက်သည်။

စတုတ္ထမင်းသားက ပြုံးကာခေါင်းညိမ့်လိုက်လေသည်။ "အာ့ကော စိတ်မပူပါနဲ့။ မူဟုပ် နေမကောင်းပေမဲ့ အာ့စောင်ရှိနေတော့ ဘယ်သူမှ မလှုပ်ရဲပါဘူး။ နန်းတော်ထဲမှာ အားလုံးငြိမ်နေကြတယ်။ အမတ်တွေလဲ ရိုးရိုးသားသား အလုပ်လုပ်နေကြတယ်"

လုမင်ယွိအကြောင်း ပြောလိုက်သည်နှင့် လီကျင့်၏ မျက်မှောင်များ ပြေလျော့သွားပြီး မျက်ဝန်းထဲတွင် နူးညံ့မှုများ ပြည့်နှက်လာတော့သည်။ "ရှောင်ယွိက အပြင်ဘက်မှာ မာကျောပေမဲ့ အတွင်းစိတ်က နူးညံ့ပါတယ်။ စိတ်သဘောထား ကောင်းပါတယ်"

စတုတ္ထမင်းသားက ဟီးခနဲ ရယ်မောလိုက်လေသည်။

ကိုယ်ချစ်တဲ့သူ့ရဲ့ မျက်လုံးထဲမှာတော့ အရာရာလှပနေတာပါပဲ။ လုမင်ယွိက ဘယ်နေရာမှာ အတွင်းစိတ်နူးညံ့နေလို့လဲ။ အပြင်ရောအတွင်းပါ မာကျောနေတာကို။ တခြားသူတွေကို မပြောနဲ့အုံး သူ့ရှေ့ရောက်ရင်တောင် သူက ကြောင်သူတော်လေး ဖြစ်သွားရတာ။ စကားပြောရင်တောင် ဆင်ခြင်ရတယ်။ မတော်တဆ လက်ဖက်ရည်ခွက်လို ညှစ်ခံရမှာ စိုးလို့လေ။

ကိစ္စတော်တော်များများကို စာထဲမှာ ရေးပြီးသားပင်။

သို့သော်ငြား လီကျင့်က တစ်ခုချင်းစီ အသေးစိတ် ထပ်မေးပြန်သည်။ စတုတ္ထမင်းသားကလဲ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးသည်။ နေ့တစ်ဝက်လောက် စကားပြောလိုက်ရသည်တွင် ပါးစပ်များပင် ခြောက်ကပ်သွားတော့သည်။

လီကျင့်က အားမရသေးဘဲ သက်ပြင်းချလိုက်လေ၏။ "ငါထွက်လာတာ တစ်နှစ်ကျော်ပြီ ထွက်လာတုန်းက ရွှီအာနဲ့ရွှမ်းအာက လူတောင်မမှတ်မိသေးဘူး။ အခု သူတို့ စကားပြောတတ်နေပြီ။ လမ်းလျှောက်တတ်နေပြီ။ အဖေကို မေ့နေလောက်ပြီ"

စတုတ္ထမင်းသားက သွားများပေါ်အောင် ပြုံးလိုက်တော့၏။ "မေ့တာမှ အဖေရုပ်ကို မေ့ရုံမကဘူး။ အဖေရှိမှန်းတောင် မေ့နေလောက်ပြီ"

အပြောကလဲ ဆိုးလိုက်တာ။

လီကျင့်သည် ရယ်မောလိုက်ပြီး စတုတ္ထမင်းသားကို အပြစ်မယူတော့ဘဲ ပြုံးလိုက်လေ၏။ "ဒါနဲ့ ကျောက်တိမေ့ ကိုယ်ဝန်ရှိနေတယ်ဆို ဂုဏ်ပြုစကားတောင် မပြောရသေးဘူး"

စတုတ္ထမင်းသားက ပြုံးလိုက်လေသည်။. "သမားတော် စမ်းသပ်ကြည့်တာ သားလေးတဲ့။ ဒါကြောင့် ကျွန်တော် စိတ်ချလက်ချ လာခဲ့တာ။ လမ်းမှာတစ်ခုခုဖြစ်သွားရင်တောင် မျိုးဆက်ကျန်ခဲ့ပြီလေ"

လီကျင့်က ပြုံးကာ မျက်စောင်းထိုးလိုက်လေသည်။ "မင်းက အဖေဖြစ်တော့မဲ့လူတောင် ဖြစ်နေပြီ။ စကားပြောတာ အထိန်းအကွပ်မရှိဘူး"

"အမှန်တိုင်းပြောတာပါ" စတုတ္ထမင်းသားက ရယ်မောလိုက်၏။ "အဲဒီ့တုန်းက ဖုဟွမ်က ကျွန်တော့်မှာ သားသမီးမရှိသေးလို့ မြို့တော်မှာ ထားခဲ့တာ။ အခု ကျွန်တော့်မှာ သားသမီးရတော့မယ်ဆိုတော့ စစ်တပ်ထဲ လာရဲတာပေါ့။ ရောက်လာတော့မှ ပြန်ဖို့အစီအစဥ်မရှိဘူး။ တိုက်ပွဲဝင်ပြီး အကျိုးဆောင်မှု ရယူအုံးမယ်"

လီကျင့်သည် နောက်တစ်ကြိမ် ရယ်မောမိပြန်သည်။

အရင်တုန်းက ညီအစ်ကိုသံယောဇဥ်ရှိပေမဲ့ ဒီလောက်ရင်းနှီးတာမျိုး မဟုတ်ဘူး။ ရင့်ကျက်လာသလို စတုတ္ထညီလေးကလဲ အများကြီး ပြောင်းလဲသွားတယ်။

"အာ့ကော ကျွန်တော် ပြောင်းလဲသွားတယ်လို့ ထင်နေတာလား" စတုတ္ထမင်းသားက ရိပ်မိလေသည်။

လီကျင့်က မငြင်းဘဲ ပြန်ဖြေလိုက်၏။ "ဟုတ်တယ်။ တနှစ်ကျော်မတွေ့ရတာ မင်းအများကြီး ပြောင်းလဲသွားတယ်။ အရွယ်ရောက်လာပြီး သိတတ်လာပြီ"

စတုတ္ထမင်းသား၏ အပြုံးသည် ပျောက်ကွယ်သွားပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ဖြတ်ပြေးသွားလေသည်။

"မနှစ်က သူပုန်ထတုန်းက စစ်သူကြီးစွန်းနဲ့အတူ ကျွန်တော် လိုက်သွားခဲ့တယ်။ နောက်ပိုင်း စစ်သူကြီးစွန်း မတော်တဆ သေဆုံးသွားတော့ စစ်တပ်က ဖရိုဖရဲဖြစ်သွားတယ်။ ကျွန်တော် မဖြစ်မနေ ခေါင်းဆောင်ဖြစ်လာရတယ်။ လပိုင်းအတွင်း စစ်သား၈၀၀၀-၉၀၀၀လောက် သေဆုံးခဲ့တယ်။ အရင်တုန်းက အကောင်းပကတိအတိုင်း ရှိနေတဲ့လူတွေက နောက်တခဏမှာ သွေးအိုင်ထဲ လဲကျသွားတာ။ အဲဒီ့လိုမြင်ကွင်းမျိုး မြင်ဖူးသွားရင် ဘယ်လိုလုပ် အရင်လို ကလေးဆန်လို့ ရတော့မှာလဲ"

"နေ့ဘက်မှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး စစ်သားတွေကို အားပေးရတယ်။ ညဘက်ကြရင် အိပ်မပျော်တော့ဘူး။ ဆံပင်တွေ အများကြီး ကျွတ်တယ်။ တော်သေးတာက ကျွန်တော့်ဆံပင် ထူနေလို့ပဲ မဟုတ်ရင် ထိပ်ပြောင်နေလောက်ပြီ"

စတုတ္ထမင်းသားသည် ပေါ့ပေါ့ပါးပါး ပြောတတ်သူဖြစ်သဖြင့် ခဏလေးနှင့် ပြန်ရယ်မောလိုက်လေသည်။ "ကံကောင်းလို့ စစ်နိုင်သွားတာ။ မဟုတ်ရင် မြို့တော်ကို မျက်နှာမပြရဲဘူး"

"အာ့ကော ဒဏ်ရာရတဲ့သတင်းရလာတော့ အာ့စောင်က ကလေးတွေကို ထားခဲ့ပြီး လာမလို့ လုပ်နေတာ။ ကျွန်တော် တားလိုက်ရတယ်။ လီမိသားစုမှာ ယောက်ျားသား ရှိပါသေးတယ်။ မိန်းမသားတစ်ယောက်ကို ခရီးဝေးလွှတ်လို့ ဘယ်ဖြစ်မလဲ"

လီကျင့်သည် စတုတ္ထမင်းသားကို စိုက်ကြည့်ရင်း ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်လာတော့သည်။ "စစ်တိ မင်း အခု အရမ်းတော်တယ်။ အရင်တုန်းက ငါ မင်းကို အထင်သေးခဲ့မိတယ်။ ရှောင်ယွိကို တားပေးလို့လဲ ကျေးဇူးတင်တယ်။ စစ်တပ်ထဲ လာပေးလို့လဲ ကျေးဇူးတင်တယ်"

အရင်ဘဝတုန်းက သူစောစောစီးစီး သေဆုံးခဲ့တယ်။ စတုတ္ထမင်းသားက နှစ်နည်းနည်း ပိုအသက်ရှင်ပေမဲ့ နယ်စားအိမ်တော်မှာပဲ သေဆုံးသွားခဲ့ရတယ်။

ပြန်လည်မွေးဖွားလာတဲ့ ဘဝမှာတော့ သူနဲ့ စတုတ္ထမင်းသား ပိုပြီးရင်းနှီးလာခဲ့တယ်။

စတုတ္ထမင်းသားက လီကျင့်ကိုကြည့်ပြီး သွားများပေါ်အောင် ပြုံးလိုက်လေသည်။ "ငါတို့က ညီအစ်ကိုအရင်းတွေပဲ။ ကျေးဇူးတင်စကား ပြောနေစရာမလိုပါဘူး။ ဒါနဲ့ အခုပဲ အာ့စောင်ဆီ စာရေးလိုက်မယ်။ အာ့ကောက ကောင်းကောင်းမွန်မွန် ရှိတယ်ဆိုတာကို ပြောပြလိုက်မယ်"

လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးကာခေါင်းညိမ့်လိုက်လေသည်။

-

၁နာရီကြာပြီးသည့်နောက်တွင် စာပို့သမားသည် စစ်တပ်ထဲမှ ထွက်ခွာသွားလေ၏။

လီကျင့်သည် ခန္ဓာကိုယ်အားနည်းနေသဖြင့် ဆေးသောက်ပြီးနောက် အိပ်ပျော်သွားလေသည်။

စတုတ္ထမင်းသားသည် လီကျင့်ဘေးတွင်စောင့်နေပြီး ညဘက်ရောက်သောအခါ လီကျင့်၏ စစ်တဲထဲတွင်ပင် အိပ်လိုက်လေသည်။

လီကျင့်က အားနာသဖြင့် တခြားစစ်တဲတွင်သွားအိပ်ရန် ပြောသော်လည်း စတုတ္ထမင်းသားကတော့ လက်မခံပေ။ "ကျွန်တော်လာတာ အာ့ကောကို ပြုစုဖို့လေ။ အားမနာပါနဲ့။ နောက်ရက်နည်းနည်းနေလို့ အာ့ကော ကုတင်ပေါ်ကဆင်းနိုင်ရင် ကျွန်တော် ဖုဟွမ်ဆီ သွားမယ်"

ဒီလို ညီအစ်ကိုသံယောဇဥ်ကို လီကျင့်သည် မငြင်းဆန်နိုင်တော့ဘဲ လက်ခံလိုက်ရလေသည်။

၂ရက်ကြာပြီးနောက် လုဖေးသည် စစ်တပ်ကိုဦးဆောင်ကာ ထွက်ခွာသွားလေ၏။

စစ်တပ်ထဲတွင် စစ်သားနှစ်ထောင်သာ ကျန်ရစ်ခဲ့သည်။

စတုတ္ထမင်းသားသည် လီကျင့်ကို ပြုစုခြင်းအပြင် အားလပ်ချိန်များတွင် စစ်တပ်ထဲ လျှောက်သွားလေ့ရှိ၏။ တခါတရံ စိတ်ပါလျှင် စစ်သားများနှင့်အတူ လေ့ကျင့်လေ့ရှိသည်။

ဒီအကြောင်းများကို လီကျင့်က မသိဘဲမနေချေ။

တပ်မှူးကျော်က စိတ်မချသဖြင့် တိုးတိုးလေး မေးလိုက်လေသည်။ "စတုတ္ထမင်းသားကို စောင့်ကြည့်ခိုင်းထားလိုက်ရမလား"

လီကျင့်က တည်ငြိမ်စွာ ပြောလိုက်၏။ "ယောက်ျားတစ်ယောက်အနေနဲ့ အကျိုးဆောင်မှုရယူချင်တာ သဘာဝပါပဲ။ သူ စစ်ရေးလေ့ကျင့်တာကို စိတ်ဝင်စားရင် လွှတ်ထားလိုက်ပါ"

စတုတ္ထညီလေးက အစ်ကိုကို လေးစားချစ်ခင်တဲ့စိတ်ရှိမှတော့ သူကလဲ အစ်ကိုတစ်ယောက်အနေနဲ့ သဘောထားကြီးရမှာပေါ့။

...

အပိုင်း (၃၈၃) မမျှော်လင့်သော အပြောင်းအလဲ (၁)

တလကြာပြီးနောက်...

"အာ့ကော ဂရုစိုက်နော်"

စစ်တဲထဲတွင် စတုတ္ထမင်းသား၏ စိုးရိမ်တကြီးအသံကို ကြားနေရသည်။ "အာ့ကောက ဒဏ်ရာရထားတာ ဒီလောက်ပြင်းထန်တာ အခုမှ ကုတင်ပေါ်က ဆင်းနိုင်တာပါ။ သမားတော်က မှာထားတယ် လမမးလျှောက်ဖို့ မလောပါနဲ့အုံး။ အရင်ဆုံး မတ်တပ်ရပ်ကြည့်ပါအုံးတဲ့"

စတုတ္ထမင်းသားသည် လီကျင့်ကို တွဲထားပေးရင်း တရစပ် ပြောနေပြန်သည်။ "အခု စစ်ပွဲအခြေအနေက ကောင်းနေပြီ။ ရှင်းယန်စစ်တပ်နဲ့ ကျောက်မိသားစုစစ်တပ်က ဖုဟွမ်တို့နဲ့ ပေါင်းလိုက်ကြပြီ။ ဒီအခြေအနေအတိုင်းဆိုရင် မကြာခင် ယန်နဲ့ချူကို အပြီးတိုင် သိမ်းပိုက်နိုင်တော့မှာ အာ့ကောက အေးဆေး ဒဏ်ရာကုသနေလိုက်ပါ။ စိတ်မလောပါနဲ့"

လီကျင့်သည် စတုတ္ထမင်းသား၏ အကူအညီဖြင့် စစ်တပ်တဲထဲတွင် တစ်ပတ်လမ်းလျှောက်ကြည့်ရာ နဖူးမှ ချွေးစေးများ ပြန်လာလေသည်။ ဖြူဖျော့နေသောမျက်နှာသည် ပိုပြီးဖြူဖျော့သွားသဖြင့် ပြန်ထိုင်လိုက်ရ၏။

လီကျင့်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ခါးသက်သက် ပြုံးလိုက်လေတော့သည်။ "၂လကျော်နေပြီ။ အခုမှ ကုတင်ပေါ်က ဆင်းနိုင်တာ ဘယ်တော့မှ ဒဏ်ရာအရှင်းပျောက်မလဲ မသိဘူး"

စစ်တဲထဲတွင် ၂လကျော်လှဲနေရပြီးမှ မည်မျှပင် စိတ်ရှည်သူဖြစ်ပါစေ စိတ်မွန်းကြပ်စရာ ကောင်းလှလေသည်။

စတုတ္ထမင်းသားက ပြုံးကာ နှစ်သိမ့်လိုက်လေ၏။ "စိတ်အေးအေးထားပြီး ကုသပါ။ ရောဂါအမြစ်တွယ်မကျန်ဖို့က အဓိကပဲ။ တခြားဟာတွေ လျှောက်မတွေးပါနဲ့" ခဏရပ်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်ပြန်သည်။ "သာ့ကောအကြောင်း တွေးကြည့်လိုက်ရင် အာ့ကော စိတ်ထဲမှာ သက်သာသွားလိမ့်မယ်"

ဒီစကားက နားထောင်ရတာ မကောင်းပေမဲ့ အမှန်တရားပဲလေ။

ညာဘက်ခြေထောက် ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်သွားတဲ့ ပထမမင်းသားနဲ့ ယှဥ်လိုက်ရင် ထိုက်ဇီက အများကြီး ကံကောင်းနေပါပြီ။

မနက်ရောညပါ အတူတူနေထိုင်ပြီး တလအကြာတွင် ညီအစ်ကိုနှစ်ယောက်၏ သံယောဇဥ်သည် တိုးပွားလာခဲ့လေသည်။ ဒီလို ပြောထွက်ဖို့ခက်ခဲသည့် စကားများကိုပင် စတုတ္ထမင်းသားက ပြောရဲမိပြီ။

လီကျင့်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွန်းနေပြီး အချိန်အတော်ကြာမှ တိုးတိုးလေး ပြောလိုက်လေ၏။ "မင်း ပြောတာ မှန်ပါတယ်။ ငါ ကံကောင်းပါသေးတယ်"

စတုတ္ထမင်းသားက လီကျင့်ကို ပျော်ရွှင်စေသဖြင့် ထပ်ပြောလိုက်၏။ "ဟုတ်တာပေါ့။ လူက အကောင်းဘက်ကတွေးရတယ်။ အာ့ကောက အရင်တုန်းက စစ်ပွဲတွေ အများကြီး နိုင်ခဲ့တာပဲ။ အကျိုးဆောင်မှု မှတ်တမ်းစာအုပ်တောင် တစ်ထပ်ကြီးဖြစ်နေပြီ။ ယန်နဲ့ချူကို တိုက်ခိုက်တဲ့စစ်ပွဲမှာ အာ့ကောက နာမည်အကြီးဆုံးပဲ။ စန်းကောက ဘယ်လောက်ပဲ ကြိုးစားပါစေ အာ့ကောကို မမှီပါဘူး။ ဘာစိတ်ပူစရာရှိလို့လဲ"

လီကျင့် "..."

လီကျင့်သည် စတုတ္ထမင်းသားကို နှုတ်ဆိတ်ကာဖြင့် ကြည့်နေမိတော့သည်။

စတုတ္ထမင်းသားသည် စကားမှားသွားမှန်းသိသဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ "ဒါနဲ့ မနေ့က အာ့စောင်ဆီက စာရောက်တယ်မလား ဘာတွေရေးထားတာလဲ"

လုမင်ယွိအကြောင်း ပြောလိုက်သည်နှင့် လီကျင့်၏ မျက်နှာအမူအယာမှာ နူးညံ့သွားလေတော့သည်။ "ထွေထွေထူးထူး မဟုတ်ပါဘူး။ ဒဏ်ရာကို ကောင်းကောင်းကုသပြီး မြို့တော်ကို အန္တရာယ်ကင်းကင်း ပြန်လာဖို့ မှာထားတာပါ"

လင်မယားနှစ်ယောက်က မိုင်ပေါင်းများစွာ ဝေးကွာနေပြီး မတွေ့ဆုံနိုင်ကြချေ။ လွမ်းဆွတ်မှု ချစ်ခြင်းမေတ္တာကို စာလွီာမှတဆင့်သာ ပို့ဆောင်ပေးရုံ တတ်နိုင်ကြလေသည်။

စတုတ္ထမင်းသားကတော့ ဟန်ဆောင်ပန်ဆောင် လက်မောင်းကို ပွတ်သပ်လိုက်ပြီး မျက်နှာကိုရှုံ့မဲ့ကာ ငြီးတွားလိုက်လေသည်။ "ကြည့်ပါအုံး။ ကြက်သီးတွေ ထကုန်ပြီ"

လီကျင့်က ရယ်မောမိတော့သည်။

လူတစ်ယောက် ဒဏ်ရာရနေချိန်တွင် စိတ်ဓာတ်ကျလွယ်လေသည်။ ရင်းနှီးသော ညီအစ်ကိုတစ်ယောက် ဘေးတွင်ရှိနေသဖြင့် စိတ်ထဲတွင် လုံခြုံနွေးထွေးမှုကို ခံစားနေရ၏။

ညီအစ်ကိုနှစ်ယောက်သည် ပြောချင်စိတ်မရှိသော အကြောင်းအရာများကို ရှောင်ရှားပြီး ဟိုဟိုဒီဒီ လျှောက်ပြောကာ အချိန်ကုန်ဆုံးလိုက်ကြသည်။

စတုတ္ထမင်းသားက ပြုံးကာပြောလိုက်၏။ "အာ့ကော အာ့ကော ကုတင်ပေါ်ကဆင်းပြီး လမ်းလျှောက်နိုင်ပြီဆိုတော့ ပြဿနာမရှိလောက်တော့ပါဘူး။ ကျွန်တော် နောက်ရက်နည်းနည်းနေရင် ဖုဟွမ်ဆီ သွားမလားလို့"

လီကျင့်က ခေါင်းညိမ့်ပြလိုက်ကာ "ကောင်းတာပေါ့"

စကားပြောနေချိန်မှာပင် ထိုက်ဇီ၏ ကိုယ်ရံတော်တပ်မှူးကျော်သည် အလျင်အမြန် လျှောက်လာပြီး လျှေက်တင်လိုက်လေသည်။ မျက်နှာအမူအယာက တည်ကြည်လေးနက်နေလေ၏။ "ထိုက်ဇီ အရှင်မင်းသား စစ်သူကြီးလုဆီက အရေးပေါ်သတင်း ရောက်လာပါတယ်"

လီကျင့်သည် အလိုလို မျက်မှောင်ကြုတ်မိလိုက်လေသည်။

ဒီလိုအချိန်မျိုးမှာ အရေးပေါ်သတင်း ပို့လာတယ်ဆိုတာ အောင်ပွဲရသတင်းလား။ ဒါမှမဟုတ် တစ်ခုခုမှားယွင်းသွားလို့များလား။

စတုတ္ထမင်းသားသည်လဲ သံသယဖြစ်သွားတော့သည်။ "တစ်ခုခု ဖြစ်လို့များလား"

လီကျင့်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး လေးနက်သည့်လေသံဖြင့် ပြောလိုက်၏။ "စာပို့လာတဲ့သူကို ဝင်လာခိုင်းလိုက်"

စာပို့လာသူမှာ ရှင်းယန်ဝမ်၏ လူယုံတစ်ဦး ဖြစ်လေသည်။ လီကျင့်လဲ မြင်ဖူးသူ ဖြစ်၏။

ထိုလူယုံသည် လမ်းတလျှောက် မြင်းကို အမြန်စီးနှင်းလာပြီး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ဒူးထောက်ဂါရဝပြုမည် ပြင်လိုက်စဥ်တွင် လီကျင့်က တားမြစ်လိုက်လေသည်။ "ဂါရဝပြုစရာ မလိုပါဘူး။ ထိုင်ပြီးပြောပါ"

ဘေးနားက နန်းတွင်းကုန်းကုန်းသည် ရေနွေးတစ်ခွက် ငဲ့ပေးလိုက်လေသည်။ ထိုလူယုံသည် ၂ရက်၂ညလုံး မအိပ်ရသေးသဖြင့် မျက်လုံးများထဲတွင် သွေးကြောမျှင်များ ယှက်သမ်းနေပြီး လည်ချောင်းများ ခြောက်ကပ်နေပြီဖြစ်သည်။ အားနာမနေတော့ဘဲ ရေကိုမော့သောက်လိုက်ပြီး ရင်ဘတ်ထဲက ဝါးကျည်တောက်တစ်ခုကို ထုတ်ပေးလိုက်လေသည်။ "စစ်သူကြီးက အရှင်မင်းသားဆီ ပေးခိုင်းလိုက်လို့ပါ"

နန်းတွင်းကုန်းကုန်းသည် ဝါးကျည်တောက်ကိုယူပြီး အထဲမှ သရေစာရွက်ကို ထုတ်ပေးလိုက်လေသည်။

လီကျင့်သည် စာရွက်ကိုယူပြီး ဖတ်ကြည့်လိုက်ရာ မျက်နှာအရောင် ပြောင်းသွားပြီး ရုတ်တရက် ထရပ်မိတော့သည်။ သွေးများဆောင့်တက်သွားသဖြင့် မူးဝေသွားကာ လဲကျလုနီးပါး ဖြစ်သွားခဲ့၏။ စတုတ္ထမင်းသားက အလျင်အမြန် လှမ်းတွဲလိုက်သဖြင့် လဲမကျသွားခြင်းသာ ရှိလေသည်။

"အာ့ကော" စတုတ္ထမင်းသား၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး မေးလိုက်တော့သည်။ "ဘာဖြစ်လို့လဲ"

လီကျင့်၏ မျက်ဝန်းနက်များထဲတွင် ဒေါသနှင့်ထိတ်လန့်မှုများ ဖြတ်ပြေးသွားပြီး အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ယန်နိုင်ငံက မြို့တွေဆက်တိုက်ကျဆုံးသွားပြီ။ ယန်ဘုရင်က သာဝေ့တိုင်းပြည်ကို လက်နက်ချ အရှုံးပေးလိုက်ပြီ။ ဒါပေမဲ့ ယန်ထော်ကတော့ အရှုံးမပေးဘဲ ယန်နိုင်ငံရဲ့ နောက်ဆုံးလက်ကျန် စစ်သားငါးသောင်းကို ဦးဆောင်ပြီး သာ့ဝေတိုင်းပြည်ရဲ့ မြို့တော်ဆီကို ချီတက်သွားတယ်တဲ့"

ဘာ!

စတုတ္ထမင်းသား၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားပြီး ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ အသံပါတုန်ရီလာတော့သည်။ "ဒါက ဘယ်တုန်းက ဖြစ်တာလဲ။ ယန်ထော်က ဘယ်နေရာရောက်နေပြီလဲ"

လီကျင့်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ရင်ဘတ်များ နိမ့်ချီမြင့်ချီဖြစ်နေကာ ခဏအကြာမှ မျက်လုံးပြန်ဖွင့်လိုက်ပြီး လေးလံသောလေသံဖြင့် ပြောလိုက်လေသည်။ "စစ်သူကြီးလုက ယန်စစ်တပ်ကို လိုက်တိုက်တော့ ယန်ဘုရင်က လက်နက်ချဖို့ ရည်ရွယ်ခဲ့တယ်။ အဲဒါကြောင့် ယန်ထော်က စစ်သားတွေကို တိတ်တဆိတ် ခေါ်ထုတ်သွားပြီး ထွက်ပြေးသွားတာ။ ဒါကြောင့် ယန်ဘုရင်က ဒီလောက်မြန်မြန် စစ်ရှုံးသွားတာ"

"စစ်သူကြီးလုက ယန်ဘုရင်ကို ဖမ်းမိထားပေမဲ့ ယန်ထော်ကို ရှာမတွေ့ဘူး။ ယန်ဘုရင်ကို စစ်ဆေးမေးမြန်းမှ သိရတာက ယန်ထော်ထွက်သွားတာ လွန်ခဲ့တဲ့ ရက်၂၀ကတည်းကတဲ့။ သာ့ဝေတိုင်းပြည်ထဲ ဝင်သွားပြီတဲ့"

စတုတ္ထမင်းသားသည် အသက်ရှူမှားသွားပြီး မျက်နှာပျက်သွားတော့သည်။

ဒီယန်ထော်က ယန်ဘုရင်ရဲ့ ဝမ်းကွဲညီအစ်ကို နာမည်မကြီးပေမဲ့ ကောက်ကျစ်စဥ်းလဲပြီး ဉာဏ်များတဲ့သူ တော်တော်ဒုက္ခပေးတဲ့ကောင်။

လီကျင့်တောင် ယန်ထော်လက်ချက်နဲ့ သေလုနီးပါးဖြစ်ခဲ့ရတာ။

ရှင်းယန်ဝမ် လုလင်းက ယန်စစ်တပ်ကို လိုက်တိုက်တာ သမက်အတွက် လက်စားချေချင်တဲ့သဘောလည်း ပါတယ်။ ဒဏ်ရာရထားတဲ့ ယန်ထော်က နောက်ကွယ်မှာ ပုန်းနေပြီး ယန်တိုင်းပြည်ရဲ့ နောက်ဆုံးလက်ကျန်စစ်သားတွေကို ခေါ်ထုတ်ပြီး သာ့ဝေတိုင်းပြည်ထဲကို ဝင်သွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။

သာ့ဝေတိုင်းပြည်ရဲ့ စစ်အင်အားက အလွန်ဆုံး ယန်နဲ့ချူနယ်စပ်ကို ရောက်နေကြတာ သာ့ဝေတိုင်းပြည်ထဲမှာ ပြန့်ကျဲနေတဲ့ တိုက်ခိုက်ရေးစွမ်းရည် မမြင့်မားတဲ့ စစ်သားတွေပဲ ကျန်တော့တာ။ မြို့တော်မှာတော့ စစ်သားနည်းနည်း ကျန်သေးတယ်။ ကိုယ်ရံတော်တပ်က နှစ်သောင်းကျော်ရှိနေမယ် မြို့စောင့်တပ်နဲ့ပေါင်းလိုက်ရင် စုစုပေါင်း လေးသောင်းကျော်လောက်ပဲ ရှိမယ်။ ငါးသောင်းမပြည့်ဘူး။

ယန်ထော်ရဲ့ ရည်ရွယ်ချက်က ရှင်းတယ်။ သာ့ဝေတိုင်းပြည်ရဲ့ တခြားမြို့တွေကို မတိုက်ခိုက်ဘဲ မြို့တော်ကို တန်းသွားတာ။

ဒါက မြို့တော်ကိုဝင်ပြီး စစ်တပ်ကြီးကို ပြန်လှည့်လာအောင်လုပ်တာလား။ ဒါမှမဟုတ် သေအတူရှင်မကွာ တိုက်ခိုက်မလို့လား။

လီကျင့် စိုးရိမ်သည်မှာ မဆန်းတော့ချေ။ စတုတ္ထမင်းသားကပင် ဒီလိုသတင်းမျိုး ကြားလိုက်ရတော့ ကြောက်လန့်တုန်လှုပ်နေမိတော့သည်။

"ဖုဟွမ်နဲ့ ရှင်းယန်ဝမ်တို့က အခုလှည့်ပြန်ရင် အချိန်မီပါအုံးမလား" စတုတ္ထမင်းသား၏ ဦးနှောက်ထဲတွင် ရှုပ်ထွေးနေပြီး တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။

"မမီတော့ဘူး!" လီကျင့်၏ မျက်ဝန်းနက်များထဲတွင် နာကျင်မှုနှင့် ဒေါသများ ဖြတ်ပြေးသွားပြီး အသံက တင်းမာနေတော့သည်။ "မီရင်တောင်မှ ဒီလိုအချိန်မှာ မြို့တော်ကို ပြန်လို့မရဘူး"

.ယန်နိုင်ငံက လက်နက်ချလိုက်ပြီ။ ချူနိုင်ငံကလဲ နောက်ဆုံးအချိန် ရောက်နေပြီ။ အခုအချိန်မှာ စစ်တပ်ကြီးပြန်လှည့်လိုက်ရင် အရင်တုန်းက တိုက်ခိုက်ခဲ့တာတွေ အလကားဖြစ်ကုန်မှာ ဖုဟွမ်ရဲ့ စိတ်ထားနဲ့ဆိုရင် မြို့တော်ကိုကယ်ဖို့ ပြန်လှည့်မှာမဟုတ်ဘူး"

ဟုတ်တာပေါ့။ ဒီလောက်ရှင်းလင်းနေတဲ့ အမှန်တရားကို ယုံးကျားဧကရာဇ်လို ထက်မြက်တဲ့သူက မသိဘဲနေပါ့မလား။

လီကျင့်ကိုယ်တိုင်သာဆိုလျှင်လည်း ဒီလိုအမိန့်မျိုး ပေးမည် မဟုတ်ပေ။

ဒီလိုဆိုလျှင် ယန်စစ်သားငါးသောင်းသည် သာ့ဝေတိုင်းပြည်ထဲတွင် မည်မျှမွှေနှောက်နေမည် မသိတော့ချေ။ မြို့တော်က ခုခံနိုင်ပါမည်တဲ့လား။ တခြားနယ်မြေက စစ်ကူများ ရောက်လာသည်အထိ တောင့်ခံနိုင်ပါမည်လား။

...

အပိုင်း (၃၈၄) မမျှော်လင့်သော အပြောင်းအလဲ (၂)

လီကျင့်၏ ချောမောသော မျက်နှာသည် ဖြူဖျော့သွားပြီး စာရွက်ကို ဆုပ်ကိုင်ထားသော လက်များသည် သွေးကြောများ ပေါ်လာသည်အထိ အားပါနေလေသည်။

စတုတ္ထမင်းသား၏ ရင်ထဲတွင် ထိတ်လန့်နေပြီး အလျင်အမြန် ပြောလိုက်လေသည်။ "မြို့တော်မှာ စစ်အင်အား လေးသောင်းကျော် ကျန်နေသေးတယ်။ မြို့ရိုးတွေက မြင့်မားခိုင်ခံ့တယ်။ မြို့ပတ်ရေမြောင်းတွေလည်း ရှိတယ်။ ယန်ထော်မှာ စစ်သား ငါးသောင်းပဲ ရှိတာ။ ဘယ်လိုလုပ် မြို့တော်ကို သိမ်းနိုင်မှာလဲ။ အာ့ကော စိတ်မပူပါနဲ့"

လီကျင့်ကို နှစ်သိမ့်ပေးနေတာလား။ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေတာလား မသိပေ။

ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။

မြို့တော်ဆိုတာ လီမိသားစု စတင်ကြီးပြင်းလာတဲ့ နေရာ။ လီမိသားစုက နှစ် ၂၀၀ လောက် အုပ်ချုပ်လာတာ။ အရင်မင်းဆက်တုန်းက တိုင်းပြည်ဆူပူအုံကြွမှုတွေ ဖြစ်တုန်းကတောင် မြို့တော်က ငြိမ်သက်နေခဲ့တာ။ လီမိသားစုရဲ့ စစ်တပ်က ကာကွယ်ပေးထားလို့ ပြည်သူတွေ အေးအေးချမ်းချမ်း နေခဲ့ရတာ။ သာ့ဝေတိုင်းပြည် တည်ထောင်တဲ့အထိ ဘာမှ မဖြစ်ခဲ့ဘူး။

မြို့တော်က ပြည်သူတွေက ချမ်းသာကြွယ်ဝပြီး အေးချမ်းတဲ့ ဘဝမှာ နေသားကျနေကြပြီ။ ရုတ်တရက် ယန်စစ်တပ်က ဝိုင်းရံလိုက်ရင် လူတွေ ကြောက်လန့်တကြား ဖြစ်ကုန်ကြမှာ သေချာတယ်။

စစ်တိုက်တော်တဲ့ စစ်သူကြီးတွေ အကုန်လုံးက ယုံးကျားဧကရာဇ်နဲ့အတူ ပါသွားကြပြီ။ မြို့တော်မှာ ကျန်ခဲ့တာ အသက်ကြီးနေတဲ့ စစ်သူကြီးအိုကြီးတွေပဲ ရှိတော့တာ။ စစ်တိုက်တော်တဲ့ စစ်သူကြီးစွန်းကလည်း မနှစ်က စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပြီ။ အခု စစ်တပ်ကို ဦးဆောင်နိုင်တာဆိုလို့ စစ်သူကြီးလျန် တစ်ယောက်ပဲ ကျန်တော့တယ်။

နန်းတော်ထဲမှာ အသုံးမကျတဲ့ ပဉ္စမမင်းသားနဲ့ မိန်းမသားတွေ၊ ကလေးတွေပဲ ရှိတော့တာ။ ဒီသတင်းကြားရင် ဘယ်လောက်တောင် ထိတ်လန့်သွားကြမလဲ။

တကယ်လို့... တကယ်လို့များ ယန်စစ်တပ်က မြို့တော်ကို သိမ်းပိုက်လိုက်ရင်... မဖြစ်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။

မြို့တော်က သေချာပေါက် တောင့်ခံနိုင်မှာ။

လီကျင့်သည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး မျက်နှာထား တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။ "စစ်တိ၊ မင်း ငါ့အစား ဖုဟွမ်ဆီ စာရေးပေးပါ။ ယန်နဲ့ ချူစစ်ပွဲက အဆုံးအဖြတ် အခြေအနေ ရောက်နေပြီ။ လက်လွှတ်လို့ မဖြစ်ဘူး။ ငါတို့ ညီအစ်ကိုနှစ်ယောက် မြို့တော်ကို ပြန်ပြီး ကယ်တင်ဖို့ ချက်ချင်း ခရီးထွက်မယ်"

စတုတ္ထမင်းသားသည် နောက်ပြောင်ချင်စိတ် မရှိတော့ဘဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ "ဒီမှာ စစ်သား ၂ထောင်ပဲ ရှိတာလေ။ ဒီလောက် နည်းတဲ့ လူအင်အားနဲ့ ပြန်သွားပြီး ဘာလုပ်နိုင်မှာလဲ။ ကျွန်တော့်အမြင်အရဆိုရင် ဖုဟွမ်ဆီကနေ စစ်ကူတောင်းပြီး အတူတူ ပြန်ရင် ပိုမကောင်းဘူးလား"

"မဖြစ်ဘူး!" လီကျင့်၏ မျက်ဝန်းများ တောက်ပနေပြီး အသံက ပြတ်သားနေလေသည်။ "စစ်တပ်ကို ခွဲလိုက်ရင် ယန်နဲ့ ချူက ပြန်တိုက်ခိုက်လာလိမ့်မယ်။ အချိန်တိုအတွင်း ချူနိုင်ငံကို သိမ်းပိုက်ပြီး ပြည်မကြီးကို ငြိမ်းချမ်းအောင် လုပ်ရမယ်။ ဒါမှ ယန်ထော်က ဘယ်လောက်ပဲ တော်နေပါစေ စစ်ကူမရှိဘဲ တစ်ယောက်တည်း ဖြစ်သွားမှာ"

"မြို့တော်က ၂လလောက်... မဟုတ်ဘူး ၁လလောက် တောင့်ခံထားနိုင်ရင် ရပြီ။ တခြားနယ်မြေက စစ်ကူတွေ ရောက်လာပြီး ပေါင်းတိုက်လိုက်ရင် ယန်စစ်တပ်ကို အနိုင်ယူလို့ ရပြီ"

"မြို့တော်ထဲမှာ စစ်သူကြီးလျန် ရှိနေတော့ ပြဿနာ မရှိနိုင်ပါဘူး။ မြို့ပြင်မှာလည်း လူတစ်ယောက်က ဦးဆောင်နေမှ ဖြစ်မယ်။ ငါ ကိုယ်တိုင် ပြန်သွားမှ တခြားနယ်မြေက စစ်ကူတွေကို အမိန့်ပေးလို့ ရမှာ"

ဧကရာဇ်ရဲ့ အမိန့်မပါဘဲ နယ်မြေအသီးသီးက စစ်တပ်တွေက နေရာရွှေ့ပြောင်းလို့ မရဘူး။

ယုံးကျားဧကရာဇ်က မအားဘူး ဆိုတော့ ထိုက်ဇီ ဖြစ်တဲ့ လီကျင့်က ကိုယ်တိုင် သွားပြီး အမိန့်ပေးမှ ရမှာ။

စတုတ္ထမင်းသားက မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။ "ဒါပေမဲ့ အာ့ကောက ဒဏ်ရာ မပျောက်သေးဘူးလေ။ ခရီးကြမ်း နှင်ရင် ခန္ဓာကိုယ်က ခံနိုင်ပါ့မလား..."

"ငါ ခံနိုင်တယ်!" လီကျင့်က စကားဖြတ်ပြောလိုက်လေသည်။ "၂လကျော် အနားယူလိုက်လို့ အပေါ်ယံ ဒဏ်ရာတွေ ပျောက်နေပါပြီ။ ငါ အတင်းအကျပ် မလုပ်ပါဘူး။ မြင်းလှည်းစီးပြီး လိုက်ခဲ့မယ်။ ကိုယ်တိုင် စစ်မတိုက်ပါဘူး။ လိုအပ်တဲ့အချိန်ကျမှ မျက်နှာပြပြီး စစ်သားတွေကို အားပေးရုံပဲ လုပ်မယ်"

စတုတ္ထမင်းသားသည် စိတ်ပူလွန်းသဖြင့် နဖူးမှ ချွေးများ စီးကျလာလေသည်။ "အာ့ကော၊ မဖြစ်ဘူး။ ဒီလိုလုပ်ပါလား။ ကျွန်တော် စစ်တပ်ကို ဦးဆောင်ပြီး ပြန်လိုက်မယ်။ ကျွန်တော် ရှိနေရင်လည်း အတူတူပဲလေ"

"ဘယ်လိုလုပ် တူမှာလဲ" လီကျင့်က ငြင်းဆန်လိုက်လေသည်။ "ငါက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီလေ။ ထိုက်ဇီ တံဆိပ်တုံး ရှိတယ်။ မင်း သွားရင် စစ်သူကြီးတွေက မင်းအမိန့်ကို နာခံချင်မှ နာခံမှာ။ အဲဒီကျမှ နောင်တရနေရင် နောက်ကျသွားပြီ"

စတုတ္ထမင်းသားသည် အာပေါက်မတတ် ပြောသော်လည်း လီကျင့်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်စွမ်း မရှိချေ။ နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေသည်။ "ကောင်းပြီလေ။ ကျွန်တော် ပြောမရမှတော့ အတူတူ ပြန်ကြတာပေါ့။ ဒါပေမဲ့ လမ်းမှာ ကျွန်တော့်စကား နားထောင်ရမယ်။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ်"

လီကျင့်က ခေါင်းညိတ်လိုက်ပြီး စာရေးရန် တိုက်တွန်းလိုက်လေသည်။

...

စတုတ္ထမင်းသားသည် အင်္ကျီလက်စကို ပင့်တင်ပြီး ယုံးကျားဧကရာဇ်ထံ စာရေးလိုက်ရလေသည်။

လီကျင့်သည် စာပို့ခိုင်းလိုက်ပြီး ယုံးကျားဧကရာဇ်၏ အမိန့်ကို မစောင့်တော့ဘဲ ခရီးထွက်ရန် ပြင်ဆင်ခိုင်းလိုက်လေသည်။ စစ်တပ်ကြီး ပြောင်းရွှေ့ရန် အနည်းဆုံး ၃ရက် ကြိုတင် ပြင်ဆင်ရသည်။

ထိုက်ဇီအရှင်မင်းသားသည် စိတ်လောနေသဖြင့် ၂ရက်အတွင်း ခရီးထွက်ရမည်ဟု အမိန့်ပေးလိုက်လေသည်။

ထို့ကြောင့် စစ်တပ်တစ်ခုလုံး အလုပ်ရှုပ်သွားကြလေသည်။

ထိုက်ဇီ၏ ဒဏ်ရာကို ကုသပေးနေသော သမားတော်နှစ်ဦးသည်လည်း ဆေးဝါးများကို သိမ်းဆည်းကာ မြင်းလှည်းပေါ်တင်ပြီး လိုက်ပါခဲ့ကြလေသည်။

၂ရက်အကြာ မနက်စောစောအချိန်တွင် စစ်တပ်ကြီး စတင် ထွက်ခွာခဲ့လေသည်။

စစ်သား ၂ထောင်ထဲတွင် ထိုက်ဇီ၏ ကိုယ်ရံတော်များ ပါသလို ရှင်းယန်စစ်တပ်၏ လက်ရွေးစင်များလည်း ပါဝင်လေသည်။

မူလက သက်တောင့်သက်သာ နေခဲ့ရသော ထိုက်ဇီ၏ ကိုယ်ရံတော်များသည် တစ်နှစ်ကျော် စစ်တိုက်ပြီးနောက် ၄ပုံ ၁ပုံခန့် သေဆုံးသွားခဲ့ရသည်။ ကျန်ရစ်သူများသည် ဓားသွေးထားသကဲ့သို့ ထက်မြက်ပြီး တည်ငြိမ်ရင့်ကျက်နေကြလေသည်။

လီကျင့်သည် မြင်းမစီးနိုင်သဖြင့် မြင်းလှည်းစီးကာ လိုက်ပါခဲ့ရသည်။

ထိုက်ဇီအရှင်မင်းသား သက်တောင့်သက်သာ ရှိစေရန်အတွက် တပ်မှူးကျော်နှင့် ကိုယ်ရံတော်များသည် မြင်းလှည်းကို ပြုပြင်ထားကြသည်။ ထိုင်ခုံများကို ဖြုတ်လိုက်ပြီး သစ်သားကုတင် ကျဉ်းကျဉ်းလေး တစ်လုံး ထည့်ထားသည်။ ကုတင်ပေါ်တွင် ထူထဲသော မွေ့ရာ ခင်းထားလေသည်။

လီကျင့်သည် ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပါလာသည်။

သမားတော်နှစ်ယောက်သည် ဘေးနားမှ မခွာဘဲ စောင့်ရှောက်ပေးနေကြသည်။

လီကျင့် နေမကောင်းဖြစ်သည်နှင့် သမားတော်များက သွေးခုန်နှုန်း စမ်းသပ်ပေးကြသည်။ မြင်းလှည်းပေါ်တွင် ဆေးဖိုနှင့် ဆေးဝါးများ အသင့်ပါသဖြင့် လိုအပ်လျှင် ချက်ချင်း ဆေးကျိုတိုက်နိုင်သည်။

လီကျင့်သည် မျက်လုံးမှိတ်ပြီး အနားယူနေသော်လည်း မြို့တော်အကြောင်း တွေးမိတိုင်း စိတ်မငြိမ်မသက် ဖြစ်နေရသည်။

သမားတော်က သတိပေးလိုက်လေသည်။ "ထိုက်ဇီအရှင်မင်းသားရဲ့ ဒဏ်ရာက မပျောက်သေးပါဘူး။ အခုလို ခရီးကြမ်း နှင်နေရတာဆိုတော့ စိတ်ကို တည်ငြိမ်အောင် ထားမှ ဖြစ်ပါမယ်။ မဟုတ်ရင် ဒဏ်ရာ ပိုဆိုးသွားပါလိမ့်မယ်"

လီကျင့်က အင်း ဟု ပြန်ဖြေလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်ပြန်သည်။

စတုတ္ထမင်းသားသည် နေ့တစ်ဝက်လောက် မြင်းစီးပြီးနောက် အနားယူချိန်တွင် မြင်းလှည်းပေါ် တက်လာပြီး မေးမြန်းလေသည်။ "အာ့ကော၊ ခံနိုင်ရဲ့လား။ ရင်ဘတ် အောင့်သေးလား"

လီကျင့်သည် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး ပြုံးကာ ဖြေလိုက်လေသည်။ "လမ်းခရီးက ကြမ်းတမ်းတော့ နည်းနည်းတော့ နာတာပေါ့။ ဒါပေမဲ့ ခံနိုင်ပါတယ်။ လမ်းခရီးမှာ မင်းပဲ တာဝန်ယူပေးပါ"

စတုတ္ထမင်းသားက မကျေမနပ် ပြောလိုက်လေသည်။ "ဒီအချိန်ရောက်မှ အားနာစကားတွေ ပြောမနေပါနဲ့။ ယန်စစ်တပ်က မြို့တော်ကို သွားနေတာ။ အစ်ကို စိတ်ပူသလို ကျွန်တော်လည်း စိတ်ပူတာပေါ့။ ကျွန်တော့်အိမ်က မြို့တော်မှာလေ။ ကျွန်တော့်အမေ၊ မိန်းမနဲ့ မွေးလာမယ့် သားလေး အကုန်လုံးက မြို့တော်မှာ ရှိနေတာ။ အခုချက်ချင်းတောင် ပျံသွားချင်စိတ် ပေါက်နေပြီ"

စတုတ္ထမင်းသားသည် ဒုက္ခရောက်နေသည့်ကြားမှ ဟာသလုပ်နိုင်သေးသည်။ ရင်ထဲတွင် သွေးထွက်လုမတတ် စိတ်ပူနေသော်လည်း ပြုံးရွှင်စွာ ပြောဆိုနေလေသည်။

လီကျင့်၏ တင်းမာနေသော စိတ်များသည် အနည်းငယ် ပြေလျော့သွားပြီး နွေးထွေးစွာ ကြည့်လိုက်လေသည်။ "မင်း ပြောတာ မှန်ပါတယ်။ ငါတို့က ညီအစ်ကိုအရင်းတွေပဲ။ အပြန်အလှန် ကူညီရမှာပေါ့။ အားနာစကား မပြောသင့်ပါဘူး"

စတုတ္ထမင်းသားက ပြုံးလိုက်သော်လည်း ငိုတာထက် အနည်းငယ်သာ ပိုကြည့်ကောင်းလေသည်။ "အခု အမိန့်ပေးလိုက်မယ်။ နာရီဝက်လောက် နားပြီးရင် ဆက်သွားကြမယ်"

ဘယ်လောက်ပဲ စိတ်လောနေပါစေ ပျံသွားလို့မှ မရတာ။

စစ်ချီလာသည့်နှုန်းက တစ်နေ့ကို မိုင် ၈၀ ခရီးပေါက်လျှင် မြန်သည်ဟု ပြောရမည်။

လီကျင့်က ခေါင်းညိတ်လိုက်လေသည်။ "စစ်ချီတဲ့ ကိစ္စ မင်းပဲ စီမံလိုက်ပါ။ ငါ ထိုက်ဇီ အမိန့်ပြန်တမ်း ထုတ်ပြီး နယ်မြေအသီးသီးက စစ်တပ်တွေဆီ စာပို့ခိုင်းလိုက်ပြီ။ အဆင်ပြေရင် တစ်လအတွင်း မြို့တော်ကို ရောက်လောက်ပါတယ်"

စစ်သူကြီးလျန် ယန်စစ်တပ်ကို တောင့်ခံထားနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာ။

စတုတ္ထမင်းသားနှင့် လီကျင့်သည် ပြိုင်တူ ဆုတောင်းလိုက်ကြလေသည်။

နန်းတော်အခြေအနေ ဘယ်လိုရှိမလဲ ဆိုတာကိုတော့ သူတို့နှစ်ယောက်လုံး တွေးတောင် မတွေးရဲကြပေ။ အားလုံး တည်ငြိမ်နေပါစေဟုသာ မျှော်လင့်ရတော့သည်။

....

All Chapters