အခန်း (၃၈၅-၃၈၇)
Vol. 26 Ch. 385-387
အပိုင်း (၃၈၅) မမျှော်လင့်သော အပြောင်းအလဲ (၃)
၃ရက်ကြာပြီးနောက်...
ရှင်းယန်ဝမ်လုလင်းသည် လေးလံသော မျက်နှာထားဖြင့် ယုံးကျားဧကရာဇ်၏ စစ်တဲထဲသို့ ဝင်ရောက်လာသည်။
ယုံးကျားဧကရာဇ်သည် ၂ရက်ဆက်တိုက် မအိပ်ရသေးသဖြင့် မျက်လုံးများ နီရဲနေပြီး မုတ်ဆိတ်မွေးများလည်း ရှည်ထွက်နေလေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စစ်တဲထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။
ခြေသံကြားသောအခါ ယုံးကျားဧကရာဇ်သည် လှည့်ကြည့်လိုက်ပြီး လုလင်းကို သက်ပြင်းချကာ ပြောလိုက်လေသည်။ "ထိုက်ဇီက စာပို့လာပါတယ်။ လွန်ခဲ့တဲ့ ၂ရက်ကတည်းက စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ကို ပြန်သွားပြီတဲ့"
"သူ့ဘေးနားမှာ စစ်သား ၂ထောင်ပဲ ရှိတာ။ လမ်းမှာ ယန်စစ်သားတွေ ဒါမှမဟုတ် ယန်နိုင်ငံရဲ့ သူပုန်တွေနဲ့ တွေ့ရင် ပြဿနာပဲ"
ယုံးကျားဧကရာဇ်က သားကို စိတ်ပူသလို လုလင်းကလည်း သားမက်ကို စိတ်ပူနေလေသည်။ "ယန်ထော်က စစ်တပ်ကို ဦးဆောင်ပြီး သာ့ဝေတိုင်းပြည်ထဲ ဝင်သွားတယ်လို့ ကြားကတည်းက ကျွန်တော်မျိုးလည်း စစ်တပ်နဲ့အတူ မြို့တော်ကို ပြန်ချင်စိတ် ပေါက်နေတာပါ"
"ဒီတိုက်ပွဲက အရေးကြီးတဲ့ အချိန်ရောက်နေပြီ။ အောင်ပွဲရဖို့ နီးကပ်နေပြီမို့လို့ လက်လွှတ်လိုက်လို့ မဖြစ်ဘူး။ စစ်တပ်ကြီးက ရွေ့လို့မရပေမဲ့ ထိုက်ဇီအရှင်မင်းသား မြို့တော်ကို ပြန်တာကတော့ သင့်တော်ပါတယ်"
"အရှင်မင်းကြီး စိတ်မပူပါနဲ့။ ထိုက်ဇီအရှင်မင်းသားက စစ်တိုက်တာ တစ်နှစ်ကျော်နေပြီဆိုတော့ စစ်ရေးအတွေ့အကြုံ ရနေပါပြီ။ ပြီးတော့ အမြော်အမြင်ရှိပြီး ပြတ်သားတယ်။ လမ်းမှာ မတော်တဆမှု ကြုံခဲ့ရင်တောင် အရှင်မင်းသားက အဆင်ပြေအောင် ဖြေရှင်းနိုင်မှာပါ"
ယုံးကျားဧကရာဇ်သည် ခါးသက်သက် ပြုံးလိုက်လေသည်။ "တားလို့လည်း မမီတော့ပါဘူး။ ထားလိုက်ပါတော့။ သူ ကျန်းမာရေး ဂရုစိုက်ပါစေလို့ပဲ ဆုတောင်းရတော့မှာ"
ပထမမင်းသား ညာဘက်ခြေထောက် မသန်မစွမ်း ဖြစ်သွားသည့် ကိစ္စကို တွေးမိတိုင်း ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် နာကျင်ခံစားရလေသည်။ ထိုက်ဇီ ရင်ဘတ် မြှားမှန်သည့် သတင်း ကြားရတုန်းကလည်း ရင်ကွဲမတတ် ခံစားခဲ့ရသည်။
သို့သော် သူသည် စစ်တပ်ကြီးကို ဦးဆောင်နေရသဖြင့် စစ်တဲကို စွန့်ခွာသွား၍ မရနိုင်ပေ။ ထိုက်ဇီကို သွားရောက် ကြည့်ရှုခိုင်းရုံသာ တတ်နိုင်ခဲ့သည်။ ထိုက်ဇီ အသက်အန္တရာယ် မစိုးရိမ်ရမှ စိတ်အေးနိုင်ခဲ့သည်။
အခု ထိုက်ဇီက ဒဏ်ရာမပျောက်သေးဘဲ မြို့တော်ကို ပြန်သွားပြီဆိုတော့ ယုံးကျားဧကရာဇ် ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။
လုလင်းက ပြောလိုက်လေသည်။ "အခု စိတ်ပူနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ချူစစ်ပွဲကို အမြန်ဆုံး အနိုင်တိုက်ပြီး မြို့တော်ကို ပြန်ဖို့ပဲ စဉ်းစားရတော့မှာ"
ယုံးကျားဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး ယန်စစ်သား ငါးသောင်းကို ဦးဆောင်ကာ မြို့တော်သို့ သွားနေသော ယန်ထော်ကို အံကြိတ်ကာ ပြောလိုက်လေသည်။ "ဒီယန်ထော်က ထိုက်ဇီကို ဒဏ်ရာရအောင် လုပ်ရုံမကဘူး။ အခု မြို့တော်ကိုပါ သွားတိုက်မယ်တဲ့။ တကယ်ပဲ မုန်းစရာကောင်းလိုက်တာ။ ငါ ကိုယ်တိုင် သူ့ခေါင်းကို ဖြတ်ပစ်မယ်"
မြို့တော်အကြောင်း ပြောမိသည်နှင့် လုလင်း မျက်မှောင်ကြုတ်လိုက်မိလေသည်။ "သာ့ဝေတိုင်းပြည် တည်ထောင်ကတည်းက မြို့တော်က အေးချမ်းနေခဲ့တာ။ ယန်စစ်တပ်က မြို့တော်ကို ဝိုင်းရံလိုက်ရင် လူထုတွေ ကြောက်လန့်တုန်လှုပ်ကုန်ကြမှာ"
ဘယ်နေရာမှာပဲ စစ်ဖြစ်ဖြစ် မြို့တော်မှာတော့ တစ်ခါမှ မဖြစ်ဖူးဘူး။
ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲတွင် ခါးသက်မှုများ ဖြတ်ပြေးသွားပြီး တည်ငြိမ်သောအသံဖြင့် ပြောလိုက်လေသည်။ "စစ်သူကြီးလျန် ရှိနေသရွေ့ မြို့တော်က ခံနိုင်မှာပါ။ နန်းတော်ထဲမှာတော့..." ယုံးကျားဧကရာဇ်က လုလင်းကို တစ်ချက် ကြည့်လိုက်လေသည်။ "မယ်တော်ကြီးက အိုမင်းနေပြီ။ မိဖုရားခေါင်ကလည်း နေမကောင်းဖြစ်နေတယ်။ ထိုက်ဇီဖေးကိုပဲ အားကိုးရတော့မှာ"
လုလင်းက ခေါင်းညိတ်လိုက်လေသည်။ "အရှင်မင်းကြီး စိတ်ချပါ။ ရှောင်ယွိက စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ သူ တောင့်ခံထားနိုင်မှာပါ"
ဒီလိုအချိန် ရောက်လာတော့မှ စစ်သူကြီးမျိုးရိုးက ဆင်းသက်လာပြီး သိုင်းပညာကျွမ်းကျင်ကာ စိတ်ဓာတ်မာကျောတဲ့ ချွေးမ ရထားတာ ကံကောင်းတယ်လို့ ပြောရမယ်။
ယုံးကျားဧကရာဇ်သည် စိတ်သက်သာရာ ရသွားပြီး တင်းမာနေသော စိတ်များ ပြေလျော့သွားလေသည်။
ထိုစဉ် နန်းတွင်းကုန်းကုန်းတစ်ဦး ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး၊ ပထမမင်းသား ဝင်ခွင့်တောင်းနေပါတယ်"
ယုံးကျားဧကရာဇ် မျက်မှောင်ကြုတ်လိုက်သော်လည်း ခေါင်းညိတ်လိုက်လေသည်။ "ဝင်ခိုင်းလိုက်"
လုလင်းသည် အလိုက်တသိဖြင့် ထွက်ခွာသွားလေသည်။ စစ်တဲအပြင်ဘက်သို့ ရောက်သောအခါ မျက်နှာချင်းဆိုင် လျှောက်လာသော ပထမမင်းသားနှင့် ဆုံမိကြလေသည်။
ပထမမင်းသားနှင့် ရင်းနှီးသူများသည် ယခု ပထမမင်းသား၏ ပုံစံကို မြင်လျှင် အံ့သြသွားကြမည်မှာ အမှန်ပင်။
ပထမမင်းသားသည် မူလက ချောမောခန့်ညားပြီး သန်စွမ်းသော လူငယ်တစ်ယောက် ဖြစ်သော်လည်း ယခုအခါတွင် ပိန်လှီချည့်နဲ့နေပြီး မျက်လုံးများထဲတွင် မည်းမှောင်သော အရိပ်အယောင်များ ရှိနေလေသည်။ ညာဘက်လက်က ဂျိုင်းထောက်ကို အားပြုပြီး နှေးကွေးစွာ လျှောက်လှမ်းနေလေသည်။
ဘေးနားမှ နန်းတွင်းကုန်းကုန်းသည် တွဲကူရန် ပြင်လိုက်သော်လည်း ပထမမင်းသားက မျက်စောင်းထိုးလိုက်သဖြင့် ပြန်ဆုတ်သွားရလေသည်။ "ငါ့ဘာသာ လျှောက်နိုင်တယ်"
ကုန်းကုန်းသည် လက်ပြန်ရုတ်လိုက်ရသော်လည်း ချော်လဲသွားမှာ စိုးရိမ်သဖြင့် မျက်လုံးကတော့ ပထမမင်းသားဆီက မခွာရဲပေ။
ပထမမင်းသားသည် သူ့မာနနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်နေမှန်း သိသာလှသည်။
ဒါပေမဲ့ ဒီလိုပုံစံနဲ့က ဘယ်လိုလုပ် ဂုဏ်သိက္ခာ ရှိနိုင်တော့မှာလဲ။
လုလင်းသည် ရင်ထဲတွင် သနားမိသွားပြီး လက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။ "အရှင်မင်းသားကို ဂါရဝပြုပါတယ်"
ပထမမင်းသားသည် ဘာမှ မကြားရသလိုပင် လုလင်းကို ကျော်ကာ လျှောက်သွားလေသည်။
နန်းတွင်းကုန်းကုန်းသည် အလျင်အမြန် လိုက်ပါသွားပြီး လုလင်းကို တောင်းပန်တိုးလျှိုးစွာ တစ်ချက် ကြည့်လိုက်လေသည်။ ပထမမင်းသားက ဒဏ်ရာရပြီးနောက် စိတ်အပြောင်းအလဲ မြန်နေတာမို့လို့ပါ။
လုလင်းသည် စိတ်ထဲမထားဘဲ မိမိ၏ စစ်တဲသို့ ပြန်သွားလေသည်။
ကျန်းကျုံးနှင့် လုဖေးတို့သည် စစ်တဲထဲတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ "အရှင်မင်းကြီးက ယွဲ့ဖု (ယိဖု) ကို ဘာကိစ္စ ခေါ်တာလဲ"
လုလင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ "ထိုက်ဇီအရှင်မင်းသားက စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ကို ပြန်သွားပြီ"
ကျန်းကျုံးနှင့် လုဖေးသည် ကြောင်သွားပြီးမှ ပြိုင်တူ ပြောလိုက်ကြလေသည်။ "ထိုက်ဇီအရှင်မင်းသားက တကယ့် ယောက်ျားကောင်းပဲ"
သူတို့ရဲ့ ဇနီးမယားတွေက မြို့တော်မှာ ရှိနေကြတာလေ။ ယန်ထော်က မြို့တော်ကို သွားတိုက်မယ်ဆိုတဲ့ သတင်း ကြားကတည်းက သူတို့တွေ စားမဝင် အိပ်မပျော် ဖြစ်နေခဲ့ကြတာ။ ထိုက်ဇီ မြို့တော်ကို ပြန်သွားပြီ ဆိုတော့မှ စိတ်အေးသွားကြတာ။
လုလင်းက တိုးတိုးလေး ပြောလိုက်လေသည်။ "ထိုက်ဇီအရှင်မင်းသားက ဒဏ်ရာမပျောက်သေးဘဲ ခရီးကြမ်း နှင်နေရတာ။ လမ်းမှာ အန္တရာယ်ကင်းပါစေလို့ပဲ ဆုတောင်းရမယ်"
လုဖေးက ဝင်ပြောလိုက်လေသည်။ "ကျွန်တော်သာဆိုရင်လည်း ဘာမှမပြောဘဲ ချက်ချင်း မြို့တော်ကို ပြန်ပြေးမှာ"
ကျန်းကျုံးက ခေါင်းညိတ်ထောက်ခံလိုက်လေသည်။ "ယောက်ျားကောင်းဆိုတာ လုပ်သင့်တာ လုပ်ရမယ်။ ကျွန်တော်သာဆိုရင်လည်း ပြန်မှာပဲ"
လုလင်း "..."
ကောင်းပါပြီ။ သူလည်း ဝန်ခံပါတယ်။ ထိုက်ဇီ မြို့တော်ကို ပြန်သွားမှန်း သိရတော့ သူလည်း စိတ်အေးသွားတယ်။
လုမင်ယွိက ဘယ်လောက်ပဲ တော်နေပါစေ မိန်းမသားပဲလေ။ နန်းတော်ထဲမှာ နေရတာ။ စစ်တိုက်တဲ့ ကိစ္စက စစ်သူကြီးလျန်ကို အားကိုးရမှာ။ ထိုက်ဇီ ပြန်ရောက်သွားရင် တခြားနယ်မြေက စစ်ကူတွေကို အမိန့်ပေးလို့ ရပြီ။ မြို့တော်က ၁လ၊ ၂လလောက် တောင့်ခံနိုင်ရင် အဆင်ပြေသွားမှာပါ။
...
စစ်တဲထဲတွင်...
ပထမမင်းသားသည် ဂျိုင်းထောက်ကို အားပြုရင်း လက်နှစ်ဖက်ယှက်ကာ ဂါရဝပြုလိုက်လေသည်။ "ခမည်းတော်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်၏ မျက်မှောင်များ ပြေလျော့သွားပြီး အနည်းငယ် အပြစ်တင်လိုက်လေသည်။ "မင်းကို ကျန်းမာရေး ဂရုစိုက်ပါလို့ ပြောထားရက်နဲ့။ နေ့တိုင်း ဂျိုင်းထောက်နဲ့ လျှောက်သွားနေတယ်။ ဒီလိုဆို ဘယ်တော့မှ ခြေထောက်ပြန်ကောင်းမှာလဲ"
ပထမမင်းသားသည် ခါးသက်သက် ပြုံးလိုက်လေသည်။ "သားတော်ရဲ့ ခြေထောက်က ပြန်မကောင်းနိုင်တော့ပါဘူး"
ယုံးကျားဧကရာဇ်သည် ထိုကဲ့သို့ အားငယ်သော စကားများကို မကြားချင်သဖြင့် မျက်နှာထား တင်းသွားပြီး ပြောလိုက်လေသည်။ "အသက်ရှင်နေတာက ဘာနဲ့မှ မလဲနိုင်ဘူး"
"စစ်မတိုက်နိုင်တော့ရုံပဲ ရှိတာ။ မင်းက ငါ့ရဲ့ သားကြီးလေ။ သာ့ဝေတိုင်းပြည်ရဲ့ ပထမမင်းသားပဲ။ နောက်ပိုင်း တိုင်းပြည်အေးချမ်းသွားရင် မင်းကို ချမ်းသာတဲ့ နယ်မြေတစ်ခု ပေးပြီး နယ်စားအဖြစ် ခန့်အပ်မယ်။ တစ်သက်လုံး စည်းစိမ်ချမ်းသာ ခံစားရမှာ"
ဒါပေမဲ့ သူလိုချင်တာ ချမ်းသာတဲ့ နယ်မြေ မဟုတ်ဘူးလေ။
သူက လူမှန်းသိကတည်းက ထီးနန်းကို မျှော်မှန်းခဲ့တာ။
လီကျင့် ထိုက်ဇီ ဖြစ်သွားတုန်းက သူ နာကျင်ခဲ့ပေမဲ့ မျှော်လင့်ချက် မကုန်ဆုံးခဲ့ဘူး။ စစ်မြေပြင်မှာ အကျိုးဆောင်မှု ရယူပြီး ရှေ့ဆက်ဖို့ ကြိုးစားခဲ့တာ။
အခုတော့ အကုန် ပြီးဆုံးသွားပြီ။
လီကျင့် စစ်မြေပြင်မှာ သေဆုံးသွားရင်တောင် ဖုဟွမ်က ခြေထောက်မသန်တဲ့ သားကို ထိုက်ဇီအရာ ပေးမှာ မဟုတ်ဘူး။
မှောင်မိုက်သော ခံစားချက်များ၊ ဒေါသများနှင့် ဝမ်းနည်းမှုများသည် ရင်ထဲတွင် ရောပြွမ်းနေလေသည်။
ပထမမင်းသားသည် ခေါင်းငုံ့ထားလိုက်ပြီး မျက်ဝန်းထဲမှ ဝမ်းနည်းမှုများကို ဖုံးကွယ်ထားလိုက်လေသည်။ "ဖုဟွမ်ရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်"
ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို နှစ်သိမ့်စကား ပြောကြားလိုက်လေသည်။
ထိုစဉ် တတိယမင်းသား လီဟောက် ရောက်လာကြောင်း လျှောက်တင်လာလေသည်။
...
အပိုင်း (၃၈၆) ရန်စခြင်း
လီဟောက်သည် ခြေလှမ်းကျဲကြီးများဖြင့် စစ်တဲထဲသို့ ဝင်ရောက်လာပြီး လက်နှစ်ဖက်ယှက်ကာ ဂါရဝပြုလိုက်လေသည်။ "ဖုဟွမ်ကို ဂါရဝပြုပါတယ်"
လွန်ခဲ့သော နှစ်ဝက်အတွင်း လီဟောက်သည် စစ်ပွဲကြီးတစ်ခုကို အနိုင်တိုက်ခိုက်ခဲ့ပြီးနောက် ဂုဏ်သတင်း ကျော်ကြားလာခဲ့သည်။ နှစ်ဝက်အတွင်း အကျိုးဆောင်မှုများ မနည်းမနော ရယူနိုင်ခဲ့လေသည်။
သွေးနှင့် ချွေးများဖြင့် ရင်းနှီးပြီးနောက် ယခု လီဟောက်သည် သွေးထားသော ဓားတစ်လက်ပမာ ထက်မြက်တောက်ပနေလေသည်။
ယုံးကျားဧကရာဇ်က ချောမောခန့်ညားပြီး အရောင်အဝါ တောက်ပနေသော တတိယသားတော်ကို ကြည့်လိုက်ပြီး ရင်ထဲတွင် သဘောကျ ကျေနပ်နေလေ၏။ "မြန်မြန် ထပါဦး။ မင်းက စစ်တဲထဲမှာ မနေဘဲ ဘာလို့ ဒီကို ရောက်လာတာလဲ"
လီဟောက်သည် မော့ကြည့်လိုက်ပြီး မျက်ဝန်းများ တောက်ပကာ ပြောလိုက်လေသည်။ "ဖုဟွမ်၊ နောက်ရက်နည်းနည်းနေရင် ချူနိုင်ငံရဲ့ မြို့တော်ကို တိုက်ခိုက်တော့မှာ။ သားတော်က ရှေ့တန်းကနေ တိုက်ခိုက်ပေးချင်ပါတယ်"
ယုံးကျားဧကရာဇ်သည် ရယ်မောလိုက်လေသည်။ "မင်းက တိုက်ပွဲဝင်ချင်ရင် စစ်သူကြီးတွေ စုဝေးပြီး ဆွေးနွေးတဲ့အချိန်ကျမှ ပြောသင့်တာ။ အခု သီးသန့် လာပြောတာကို ငါက ခွင့်ပြုလိုက်ရင် တခြားစစ်သူကြီးတွေအတွက် မတရားသလို ဖြစ်နေမှာပေါ့"
စစ်တပ်ကြီးက ချူနိုင်ငံရဲ့ မြို့တော်အနား ရောက်နေပြီ။ ဆက်တိုက် တိုက်ခိုက်လိုက်ရင် ချူနိုင်ငံကို အပြီးတိုင် ချေမှုန်းနိုင်ပြီး သမိုင်းဝင် အောင်မြင်မှုကို ရရှိနိုင်မှာ။
ဒီလိုအချိန်မျိုးမှာ ဘယ်သူကများ ချူနိုင်ငံရဲ့ မြို့တော်ကို ပထမဆုံး သိမ်းပိုက်သူ မဖြစ်ချင်ဘဲ နေမှာလဲ။
လီဟောက်သည် အားနာဟန် မပြဘဲ ပြုံးကာ ပြောလိုက်လေသည်။ "သားတော်က ငယ်ပါသေးတယ်။ ရှင်းယန်ဝမ်၊ ဖူယန်မြို့စားနဲ့ ကွမ်းပင်းနယ်စားတို့ကို မယှဉ်နိုင်ပါဘူး။ သားတော် အားကိုးစရာဆိုလို့ ဖုဟွမ်ရဲ့ မေတ္တာပဲ ရှိတာပါ"
ဒီမြှောက်ပင့်စကားက ယုံးကျားဧကရာဇ်၏ အကြိုက်ကို ထိမိသွားလေသည်။
ယုံးကျားဧကရာဇ်သည် ဝမ်းသာအားရ ပြုံးလိုက်လေသည်။ "ကောင်းပြီလေ။ မင်းကို ခွင့်ပြုလိုက်မယ်။ ချူနိုင်ငံ မြို့တော်ကို တိုက်ခိုက်တဲ့အခါ မင်းက ရှေ့တန်းကနေ ဦးဆောင်တိုက်ခိုက်ရမယ်"
လီဟောက်သည် ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ပထမမင်းသားသည် ထိုမြင်ကွင်းကို အေးစက်စက် ကြည့်နေပြီး ရင်ထဲတွင် မနာလိုဝန်တိုစိတ်များဖြင့် ပြည့်နှက်နေလေသည်။
သူ့ခြေထောက်သာ ကောင်းနေသေးရင် ချူနိုင်ငံ မြို့တော်ကို တိုက်ခိုက်မယ့် အခွင့်အရေးက လီဟောက်ဆီ ရောက်လာစရာ အကြောင်း မရှိဘူး။ အခုတော့ သူက ဘာမှ လုပ်မရဘဲ လီဟောက် နာမည်ကြီးနေတာကို လက်ပိုက်ကြည့်နေရုံပဲ ရှိတော့တယ်။
ပိုပြီး ဒေါသထွက်စရာ ကောင်းတာက မူလက သူ့ဘက်မှာ ရှိနေတဲ့ ကွမ်းပင်းနယ်စားက အခု လီဟောက်ဘက်ကို ပါသွားတာပဲ။ လီဟောက်က ကျောက်မိသားစု စစ်တပ်ကို ဦးဆောင်ထားပြီး ကွမ်းပင်းနယ်စားရဲ့ ပံ့ပိုးမှုကိုပါ ရထားတော့ အရမ်းကို အင်အားကြီးနေပြီ။
ယုံးကျားဧကရာဇ်သည် အလုပ်ကိစ္စ ရှိသေးသဖြင့် သားနှစ်ယောက်ကို ပြန်ခိုင်းလိုက်လေသည်။
ပထမမင်းသားသည် ဂျိုင်းထောက်ကို အားပြုရင်း တရွေ့ရွေ့ဖြင့် စစ်တဲထဲမှ ထွက်လာခဲ့သည်။
လီဟောက်သည် ခြေလှမ်းကျဲကြီးများဖြင့် လိုက်လာပြီး အလိုက်တသိဖြင့် ပထမမင်းသား၏ လက်ကို တွဲကူလိုက်လေသည်။ "သာ့ကောရဲ့ ခြေထောက်ဒဏ်ရာ မပျောက်သေးဘူး။ ဖြည်းဖြည်း လျှောက်ပါ"
ပထမမင်းသားက နှာခေါင်းရှုံ့လိုက်ပြီး လီဟောက်၏ လက်ကို ရုန်းဖယ်လိုက်လေသည်။ "ငါ့ဘာသာ လျှောက်နိုင်တယ်။ လဲကျရင်တောင် မင်း လာတွဲစရာ မလိုဘူး။ မင်းရဲ့ ဟန်ဆောင်ကောင်းမှုတွေ မလိုချင်ဘူး"
လီဟောက်သည် မတတ်နိုင်သလို ပခုံးတွန့်လိုက်လေသည်။ "ကျွန်တော်က စေတနာနဲ့ ကူညီတာပါ။ သာ့ကောက ဘာလို့ အမြဲတမ်း ရန်သူလို သဘောထားနေရတာလဲ"
ပထမမင်းသားက ထပ်မံ နှာခေါင်းရှုံ့လိုက်ပြန်သည်။ "တော်လိုက်ပါတော့။ ဖုဟွမ် ဒီမှာ မရှိဘူး။ မင်းရဲ့ ဟန်ဆောင်မှုတွေကို သိမ်းထားလိုက်။ ငါက ခြေထောက်ကျိုးနေပေမဲ့ မင်းရဲ့ သနားမှုကို မလိုအပ်ဘူး"
စကားလုံးတွေ ဘယ်လောက်ပဲ ပြင်းထန်ပါစေ ဘာမှ ထူးမှာ မဟုတ်ဘူးလေ။
လီဟောက်၏ အကြည့်များသည် ပထမမင်းသား၏ ညာဘက်ခြေထောက်ပေါ်သို့ ရောက်သွားပြီး ပြုံးစိစိဖြင့် ပြောလိုက်လေသည်။ "သာ့ကောရဲ့ စိတ်ဓာတ်က တကယ်ပဲ မာကျောတာပဲ။ လေးစားပါတယ်။ နောက်ရက်နည်းနည်းနေရင် ခြေထောက် ပြန်ကောင်းလာပြီး ဓားကိုင်စစ်တိုက်နိုင်ဦးမှာပါ"
ယုံးကျားဧကရာဇ် ရှေ့မှာတော့ ဟန်ဆောင်ကောင်းနေပြီး ကွယ်ရာကျတော့ ပထမမင်းသားကို တမင်သက်သက် ရန်စနေလေသည်။
ပထမမင်းသားသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာပြာနှမ်းသွားပြီး ဂျိုင်းထောက်ကို မြှောက်ကာ ရိုက်ရန် ပြင်လိုက်လေသည်။
လီဟောက်သည် လျင်မြန်စွာ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်လေသည်။
ပထမမင်းသားသည် အားစိုက်လွန်သွားပြီး ညာဘက်ခြေထောက် ထောက်ကန်မထားနိုင်သဖြင့် ညာဘက်သို့ ယိုင်လဲကျသွားတော့သည်။ လီဟောက်သည် အချိန်မီ လှမ်းဖမ်းလိုက်သဖြင့်သာ မြေကြီးပေါ် လဲကျမသွားခြင်း ဖြစ်သည်။ "သာ့ကောက ဒီလိုပုံစံ ဖြစ်နေပြီကို ငြိမ်ငြိမ်လေး နေပါတော့လား"
"ပြန်ရောက်ရင် သမားတော်ကို ပြဦး။ ညာဘက်ခြေထောက်က မသန်တော့ဘူး။ တခြားနေရာတွေပါ ထပ်မထိခိုက်စေနဲ့"
ပထမမင်းသား၏ လူသတ်ချင်နေသော အကြည့်အောက်တွင် လီဟောက်သည် အင်္ကျီလက်စကို သေသပ်အောင် ပြုပြင်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
ပထမမင်းသားသည် နေရာမှာတင် ရပ်ကျန်ခဲ့သည်။
အတောင်ပံကျိုးသွားသော လင်းယုန်တစ်ကောင် မြေကြီးပေါ် ပြုတ်ကျသွားသကဲ့သို့ပင်။ ယခင်က ဂုဏ်သိက္ခာများ မရှိတော့ဘဲ သနားစရာ ကောင်းနေတော့သည်။
ဘေးနားမှ နန်းတွင်းကုန်းကုန်းသည် ကြောက်ရွံ့စွာဖြင့် ရှေ့တိုးလာပြီး တွဲကူလိုက်လေသည်။ "ကျွန်တော်မျိုး အရှင်မင်းသားကို စစ်တဲအထိ လိုက်ပို့ပေးပါ့မယ်"
ပထမမင်းသားသည် ကုန်းကုန်းကို တွန်းထုတ်လိုက်ပြီး ဂျိုင်းထောက်ကို ဆုပ်ကိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "ထွက်သွား! အကုန် ထွက်သွားကြ!"
...
ဒီဖြစ်ရပ်ကို ကိုယ်ရံတော်များ မြင်တွေ့လိုက်ကြပြီး မကြာမီ လျန်သာ့လန်နှင့် လျန်အာ့လန်တို့၏ နားထဲသို့ ရောက်ရှိသွားတော့သည်။
လျန်သာ့လန်သည် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေလေသည်။
လျန်အာ့လန်ကတော့ မနေနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်လေသည်။ "ပထမမင်းသားက ဒီလို ဒဏ်ရာရထားတာကို တတိယမင်းသားက သည်းမခံတဲ့အပြင် တမင်သက်သက် ရန်စသေးတယ်။ ဒါ ဘယ်လို ညီအစ်ကိုတွေလဲ"
လျန်သာ့လန်သည် စိတ်လှုပ်ရှားနေသော ညီဖြစ်သူကို ကြည့်လိုက်လေသည်။ "အသံတိုးတိုး ပြောစမ်းပါ။ သူများ ကြားသွားရင် ပြဿနာ တက်နေဦးမယ်"
လျန်အာ့လန်က နှာခေါင်းရှုံ့လိုက်သော်လည်း အသံကို လျှော့လိုက်လေသည်။ "အရင်တုန်းက တတိယမင်းသားက သိုသိုသိပ်သိပ် နေခဲ့တာ။ ဒီနှစ်ဝက်အတွင်း နာမည်ကြီးလာပြီး ပထမမင်းသားကိုတောင် မျက်လုံးထဲ မထည့်တော့ဘူး"
လျန်သာ့လန်က သက်ပြင်းချလိုက်လေသည်။ "ဒါတွေက ငါတို့ ပြောရမယ့် စကား မဟုတ်ဘူး။ ငါတို့က အမတ်တွေလေ။ တော်ဝင်မိသားစု ကိစ္စတွေကို ဝင်ပါခွင့် မရှိဘူး။ ပါးစပ်ပိတ်ထား"
"သူများရှေ့မှာ ကျွန်တော် တစ်လုံးမှ မပြောပါဘူး" လျန်အာ့လန်က စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။ "ဒါက ညီအစ်ကိုနှစ်ယောက်တည်း ရှိလို့ ရင်ဖွင့်တာပါ"
လျန်သာ့လန်သည် ခဏလောက် တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်လေသည်။ "ကံတရားဆိုတာ လှည့်ပတ်နေတာပဲ။ အရင်တုန်းက ပထမမင်းသား အဆင်ပြေနေတုန်းက တတိယမင်းသားကို မျက်လုံးထဲ ထည့်ခဲ့လို့လား။ အခု ပထမမင်းသား ဒုက္ခရောက်နေတော့ တတိယမင်းသားက နာမည်ကြီးလာပြီး ပထမမင်းသားကို ပြန်နင်းတာ မဆန်းပါဘူး"
"ပြောရရင် ဒါတွေက ငါတို့နဲ့ မဆိုင်ဘူး"
"ပထမမင်းသားက ခြေထောက်တစ်ဖက် မသန်တော့ဘူးဆိုတော့ ထီးနန်းလုဖို့ အခွင့်အရေး မရှိတော့ဘူး"
"တတိယမင်းသားကျတော့ အကျိုးဆောင်မှုတွေ အများကြီး ရထားတာတောင် မကျေနပ်နိုင်သေးဘူး။ ချူနိုင်ငံ မြို့တော်ကို တိုက်ခိုက်တဲ့နေရာမှာ ရှေ့တန်းကနေ ဦးဆောင်ချင်နေသေးတယ်။ ကွမ်းပင်းနယ်စားက ပထမမင်းသားကို ပစ်ပယ်ပြီး တတိယမင်းသားကို ပံ့ပိုးပေးနေတယ်။ တတိယမင်းသားကလည်း ကျောက်မိသားစု စစ်တပ်ထဲမှာ စစ်သူကြီးတွေနဲ့ ရင်းနှီးအောင် ပေါင်းသင်းပြီး လူတွေကို စည်းရုံးနေတယ်။ သူ ဘာကြံစည်နေလဲ ဆိုတာ မင်း မသိဘူးလား"
"နောက်ပိုင်းကျရင် တတိယမင်းသားနဲ့ ထိုက်ဇီ တစ်ပွဲတစ်လမ်း နွှဲရလိမ့်မယ်"
"ထိုက်ဇီက ဉာဏ်ကောင်းပြီး ထက်မြက်တယ်။ လုမိသားစုရဲ့ ပံ့ပိုးမှုကိုလည်း ရထားတယ်။ နောက်ပိုင်း ဧကရာဇ်ကောင်း တစ်ပါး ဖြစ်လာမှာ။ ပထမမင်းသား စောစောစီးစီး လက်လျှော့လိုက်တာ ကောင်းပါတယ်။ ခြေထောက်မသန်တဲ့ နယ်စားမင်းသားတစ်ပါးကို ထိုက်ဇီက လက်ခံပေးနိုင်မှာပါ။ ဒီလိုကြည့်ရင် ပထမမင်းသားအတွက် ကောင်းတဲ့အချက် ဖြစ်နေတာပဲ"
လျန်အာ့လန် "..."
လျန်အာ့လန်၏ မျက်နှာထား ရှုပ်ထွေးသွားပြီး အချိန်အတော်ကြာမှ ပြောလိုက်လေသည်။ "သာ့ကောက သဘောထားကြီးပြီး အမြော်အမြင် ရှိတာပဲ။ ကျွန်တော် မမီပါဘူး"
လျန်သာ့လန်သည် ညီဖြစ်သူ၏ ပခုံးကို ပုတ်လိုက်လေသည်။ "စဉ်းစားမရစရာ မရှိပါဘူး။ အဖေ ပြောတာ မှန်ပါတယ်။ ငါတို့က ဧကရာဇ်ရဲ့ ကျေးကျွန်တွေပဲ။ အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိရင် ပြီးတာပဲ။ ကျန်တာတွေက ငါတို့နဲ့ မဆိုင်ဘူး"
ပထမမင်းသား အဆင်ပြေနေစဉ်က လျန်မိသားစုသည် မျက်နှာချိုမသွေးခဲ့ပေ။
ယခု ပထမမင်းသား ဒုက္ခရောက်နေချိန်တွင် ပထမမင်းသား ကြင်ရာတော်ကို ထောက်ထားပြီး လုံးဝ လစ်လျူရှုမထားဘဲ အနည်းငယ် ဂရုစိုက်ပေးရုံသာ တတ်နိုင်လေသည်။
လျန်မိသားစုတစ်ခုလုံး အနေဖြင့် ခြေထောက်မသန်သော မင်းသားတစ်ပါးကို ပံ့ပိုးပေးရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
...
အပိုင်း (၃၈၇) ထိတ်လန့်ဖွယ် သတင်း (၁)
"ဒုက္ခရောက်ပြီဟ!"
"ဒုက္ခအကြီးကြီး ရောက်ကုန်ပြီ!"
"ယန်စစ်တပ်က မြို့တော်နား ရောက်နေပြီတဲ့!"
"စစ်တပ်ကို ဦးဆောင်လာတဲ့ ယန်စစ်သူကြီးနာမည်က ယန်ထော်တဲ့။ ထိုက်ဇီအရှင်မင်းသားတောင် သူ့လက်ချက်နဲ့ ဒဏ်ရာရခဲ့တာ။ သူက ယန်လက်ရွေးစင် စစ်သားတွေကို ဦးဆောင်ပြီး မြို့တော်ကို တိုက်ခိုက်တော့မှာတဲ့။ အခု ဘယ်လိုလုပ်ကြမလဲ။ ပစ္စည်းတွေ သိမ်းပြီး ထွက်ပြေးကြမလား"
"ထွက်ပြေးလို့ ဘာထူးမှာလဲ။ ခေါင်းပြတ်သွားလည်း ပန်းကန်လုံးလောက် အမာရွတ် ကျန်ရုံပဲ ရှိတာ။ ငါကတော့ ဘယ်မှ မသွားဘူး"
"ပြောတော့ ရဲရင့်လိုက်တာ။ သတ္တိရှိရင် ခြေထောက် မတုန်အောင် အရင်လုပ်ဦး။ စကားပြောရင်လည်း မထစ်အောင် ပြော"
ယန်စစ်တပ် မြို့တော်ကို ဝိုင်းရံတော့မည် ဆိုသည့် သတင်းထက် ပိုပြီး ထိတ်လန့်စရာ ကောင်းတာ ဘာရှိဦးမှာလဲ။
လွန်ခဲ့သော ၂ရက်ကစပြီး ဒီသတင်းက ဘယ်ကနေ စတင်ထွက်ပေါ်လာမှန်း မသိဘဲ လမ်းမပေါ်တွင် ကပ်ရောဂါပိုးကဲ့သို့ ပျံ့နှံ့နေတော့သည်။ မြို့တော်သူမြို့တော်သားများသည် ထိတ်လန့်တုန်လှုပ်နေကြပြီး တွေ့သမျှလူတိုင်း တီးတိုးပြောဆိုနေကြသည်။ ပြောလေ ကြောက်လေ၊ ပြောလေ စိတ်မအေးလေ ဖြစ်နေကြသည်။
နှစ်ပေါင်းများစွာ ကြာအောင် အပြင်မှာ စစ်ပွဲတွေ ဖြစ်နေပေမဲ့ ဒီမြို့တော်ကတော့ စစ်မီးလျှံနဲ့ ဝေးကွာနေခဲ့တာ။ လီမိသားစုရဲ့ ကာကွယ်မှုအောက်မှာ အေးချမ်းနေခဲ့တာ။ ပြည်သူတွေက ဧကရာဇ် စစ်နိုင်တာကို ကျင့်သားရနေပြီ။ တစ်ခါတစ်လေ စစ်ရှုံးရင်တောင် မြို့တော်ကို ထိခိုက်မှု မရှိခဲ့ဘူး။
အခု ယန်စစ်တပ်က မြို့တော်ကို တိုက်ရိုက် ဦးတည်လာနေပြီ။
မြို့ရိုးတွေ ဘယ်လောက်ပဲ မြင့်မားထူထဲနေပါစေ လူတွေရဲ့ စိတ်လှုပ်ရှားမှုကို တားဆီးနိုင်မှာ မဟုတ်ဘူးလေ။
ညီလာခံမှ အမတ်မင်းများသည်လည်း စိတ်လှုပ်ရှားနေကြသည်။
စစ်တိုက်တော်သော စစ်သူကြီးများအားလုံးသည် ဧကရာဇ်နှင့်အတူ ပါသွားကြပြီ။ ကျန်ရစ်သူ အများစုမှာ အသက်ကြီးသူများနှင့် ဒဏ်ရာရထားသူများသာ ဖြစ်သည်။ မြို့တော်တွင် စစ်အင်အား ငါးသောင်း မပြည့်ပေ။ တကယ်တမ်း စစ်တပ်ကို ဦးဆောင်ပြီး မြို့ကို ကာကွယ်နိုင်သူမှာ တော်ဝင်ကိုယ်ရံတော်တပ်မှူး စစ်သူကြီးလျန် တစ်ယောက်သာ ရှိလေသည်။
ဝမ်ဟွားနန်းဆောင်တွင် ဝန်ကြီးများ စုဝေးနေကြပြီး စစ်သူကြီးလျန်ကို ဖိတ်ခေါ်ကာ ဆွေးနွေးတိုင်ပင်နေကြသည်။
ပဉ္စမမင်းသား လီချန်နှင့် ဝူဖုမာတို့လည်း ရောက်ရှိနေကြသည်။ အမတ်မင်းများ ဆွေးနွေးနေကြရာတွင် ငယ်ရွယ်သော လီချန်သည် ဝင်ပြောရန် အခွင့်အရေး မရချေ။ ဝူဖုမာသည်လည်း စာပေသမား ဖြစ်သဖြင့် စစ်ရေးကို နားမလည်ပေ။ နားထောင်ရုံသာ တတ်နိုင်လေသည်။
ချောင်ကောလောင်သည် မျက်မှောင်ကြုတ်ကာ လေးလံသော အသံဖြင့် ပြောလိုက်လေသည်။ "ယန်စစ်တပ်က အမြန်ချီတက်လာတာဆိုတော့ ၂ရက်အတွင်း မြို့တော်ကို ရောက်လာလိမ့်မယ်။ အခု မြို့တော်ကို ကာကွယ်ဖို့ တာဝန်က စစ်သူကြီးလျန် ပခုံးပေါ် ရောက်နေပြီ"
စစ်သူကြီးလျန်သည် စကားနည်းပြီး လိုရင်းကိုသာ ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်"
ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် တည်ငြိမ်စွာ ပြောလိုက်လေသည်။ "မြို့တော်မှာ ရိက္ခာအလုံအလောက် ရှိပါတယ်။ နောက်ထပ် ၆လလောက် ခံပါတယ်"
၆လစာ ရိက္ခာ ရှိတယ်ဆိုရင် တခြားနယ်မြေက စစ်ကူတွေ ရောက်လာတဲ့အထိ တောင့်ခံထားနိုင်တယ်။
စစ်ဘက်ရေးရာဝန်ကြီးဌာန ဝန်ကြီးယန်သည် မုတ်ဆိတ်မွေးကို သပ်ကာ ပြောလိုက်လေသည်။ "စစ်ဘက်ရေးရာဝန်ကြီးဌာနရဲ့ ဂိုဒေါင်တွေထဲမှာ လေးနဲ့မြှားတွေ အပြည့်ရှိပါတယ်။ တိုက်ပွဲပေါင်းများစွာ တိုက်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ မြို့တော်ထဲမှာ စစ်မြင်း မလုံလောက်ဘူး"
စစ်မြင်း အများစုကို ယုံးကျားဧကရာဇ် ယူဆောင်သွားပြီ ဖြစ်ရာ ယခု မြို့တော်ထဲတွင် ကျန်ရှိသော စစ်မြင်း အရေအတွက်မှာ ၁သောင်း မပြည့်ပေ။ သို့သော် မြို့စောင့်တပ်အနေဖြင့် စစ်မြင်း အများအပြား မလိုအပ်ပေ။
ဝန်ထမ်းရေးရာဝန်ကြီးဌာန ဝန်ကြီးက ပြောလိုက်လေသည်။ "ဒီနေ့ကစပြီး မြို့တံခါးတွေ ပိတ်ထားရမယ်။ ဘယ်သူမှ ဝင်ထွက်ခွင့် မပြုရဘူး"
စစ်သူကြီးလျန်က ခေါင်းညိတ်လိုက်လေသည်။ "ယန်စစ်တပ် လာမယ့် လမ်းကြောင်းအရဆိုရင် ကျန်းတယ်တံခါးကို တန်းလာဖို့ သေချာသလောက် ရှိတယ်။ ကျွန်တော် ကိုယ်တိုင် ကျန်းတယ်တံခါးကို သွားပြီး စောင့်ကြပ်မယ်"
မြို့တော်တွင် မြို့တံခါး ၄ပေါက် ရှိသည်။ အကြီးဆုံးနှင့် အစည်ကားဆုံးမှာ ကျန်းယန်တံခါး ဖြစ်သည်။ ကျန်းတယ်တံခါးသည် အသေးဆုံးဖြစ်ပြီး ယန်နိုင်ငံဘက်သို့ မျက်နှာမူထားသည်။ ယန်ထော် စစ်တပ်သည် မြို့တော်ကို တိုက်ခိုက်လျှင် ကျန်းတယ်တံခါးကို တိုက်ခိုက်ခြင်းက အလွယ်ကူဆုံး ဖြစ်လေသည်။
...
ဆွေးနွေးပွဲသည် နေ့တစ်ဝက်ကျော် ကြာမြင့်ခဲ့၏။
စစ်သူကြီးလျန်သည် တာဝန်ကြီးမားသဖြင့် ဆွေးနွေးပွဲ ပြီးသည်နှင့် အလျင်အမြန် ထွက်ခွာသွားလေသည်။
နေ့တစ်ဝက်လောက် ဗိုက်ဟောင်းလောင်း ဖြစ်နေသော လီချန်သည် လေးလံသော ခြေလှမ်းများဖြင့် ကျောင်းဖန်နန်းဆောင်သို့ သွားလေသည်။ ဝူဖုမာသည်လည်း မျက်မှောင်ကြုတ်လျက် လီချန်နှင့်အတူ လိုက်ပါလာသည်။
ဟွေ့အန်းကုန်းကျူနှင့် လီချန်တို့သည် ရင်းနှီးမှု မရှိသဖြင့် စကားပြောခဲကြသည်။ ဝူဖုမာနှင့် လီချန်တို့သည်လည်း သိပ်မရင်းနှီးသဖြင့် လမ်းတစ်လျှောက် စကားသိပ်မပြောဖြစ်ကြချေ။
ကျောင်းဖန်နန်းဆောင်သို့ ရောက်သောအခါ ချောင်မိဖုရားခေါင်ကို မတွေ့ရပေ။
ချောင်မိဖုရားခေါင်သည် ထိုက်ဇီ ဒဏ်ရာရသည့် သတင်းကို ကြားပြီးနောက် အိပ်ရာထဲ လဲနေခဲ့သည်။ အခုမှ သက်သာခါစ ရှိသေးသည်။ ယန်စစ်တပ် မြို့တော်ကို လာတိုက်မယ်ဆိုတဲ့ သတင်း ကြားလိုက်ရတော့ ထိတ်လန့်ကြောက်ရွံ့ပြီး ရောဂါပြန်ထလာခဲ့သည်။
ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်၏ ဘေးနားမှ မခွာဘဲ စောင့်ရှောက်ပေးနေသည်။ ယခု ကျောင်းဖန်နန်းဆောင်တွင် ကိစ္စများကို စီမံနေသူမှာ ထိုက်ဇီဖေး လုမင်ယွိ ဖြစ်လေသည်။
လုမင်ယွိ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပေ။
သူမသည် ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးစွာဖြင့် ကျောင်းဖန်နန်းဆောင်တွင် နေ့စဉ်ကိစ္စများကို စီမံခန့်ခွဲနေပြီး နန်းတော်တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းထားလေသည်။
"အာ့စောင်ကို နှုတ်ဆက်ပါတယ်" လီချန်သည် အကြိမ်ကြိမ် အရိုက်ခံထားရသဖြင့် လုမင်ယွိ ရှေ့ရောက်လျှင် အသက်ပြင်းပြင်း မရှူရဲပေ။ ရိုးရိုးသားသား လက်ယှက်ကာ ဂါရဝပြုလိုက်လေသည်။
ဝူဖုမာကလည်း လက်ယှက်လိုက်လေသည်။ "ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် ဟန်ဆောင်နှုတ်ဆက်နေရန် စိတ်မပါသဖြင့် ခေါင်းတစ်ချက်ညိတ်ကာ တဲ့တိုးမေးလိုက်လေသည်။ "ဒီနေ့ ဝမ်ဟွားနန်းဆောင်မှာ ဆွေးနွေးတာ ဘယ်လို အဖြေထွက်လဲ"
လီချန်သည် ဉာဏ်မကောင်းသော်လည်း မှတ်ဉာဏ်ကောင်းလေသည်။ ဒီနေ့ ဆွေးနွေးခဲ့သမျှကို အလျင်အမြန် ပြန်ပြောပြလိုက်လေသည်။ "...မြို့တော်ကို ကာကွယ်ဖို့အတွက် စစ်သူကြီးလျန်က တာဝန်ယူပါမယ်။ မြို့တံခါး ၄ပေါက်လုံး ပိတ်ထားပြီး စစ်သားအများအပြား ချထားပါတယ်။ ဘယ်တံခါးပဲ အတိုက်ခံရခံရ မီးခိုးလွှတ်ပြီး အချက်ပေးပါမယ်"
"စစ်သူကြီးလျန် ကိုယ်တိုင် ကျန်းတယ်တံခါးကို သွားပြီး စောင့်ကြပ်နေပါတယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။
ဝူဖုမာက ဖြည့်စွက်ပြောကြားလိုက်လေသည်။ "မြို့ထဲမှာ ရိက္ခာက ၆လစာ လုံလောက်ပါတယ်။ လက်နက်တွေလည်း မလိုပါဘူး။ စစ်မြင်းတော့ နည်းနည်း နည်းပါတယ်။ တစ်သောင်းလောက်ပဲ ရှိတာ။ ဒါပေမဲ့ ခုခံကာကွယ်ဖို့အတွက်တော့ လုံလောက်ပါတယ်"
မြို့ထဲကနေ မထွက်ဘဲ ခုခံရုံဆိုရင်တော့ စစ်မြင်း တစ်သောင်းက လုံလောက်ပါတယ်။
သို့သော် လုမင်ယွိ မျက်မှောင်ကြုတ်လိုက်လေသည်။ "မဖြစ်ဘူး။ စစ်မြင်း နည်းလွန်းတယ်"
လီချန်က မနေနိုင်ဘဲ ဝင်ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် မြို့ပြင်ထွက်တိုက်မှာမှ မဟုတ်တာ။ စစ်မြင်း နည်းတာ ဘာဖြစ်လို့လဲ..."
"မတော်တဆ ဆိုတာ ရှိတတ်တယ်" လုမင်ယွိက လီချန်၏ စကားကို ဖြတ်ပြောလိုက်လေသည်။ မျက်နှာထားက အေးစက်နေသည်။ "စစ်တိုက်တယ် ဆိုတာ ဘာဖြစ်မယ်မှန်း ကြိုမသိနိုင်ဘူး။ အခုကတည်းက အပြည့်အစုံ ပြင်ဆင်ထားတာက တိုက်ပွဲဖြစ်ခါနီးမှ မြင်းမရှိလို့ ဗျာများနေတာထက် ပိုကောင်းတယ်"
လီချန် ပါးစပ်ပိတ်သွားတော့သည်။
ဝူဖုမာကတော့ သဘောပေါက်လေသည်။ "ထိုက်ဇီဖေး ပြောတာ မှန်ပါတယ်။ တကယ် အရေးကြီးတဲ့အချိန်ကျမှ စစ်မြင်း မရှိရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။ ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ဘယ်ကနေ စစ်မြင်း ရှာရမလဲ"
စစ်မြင်းဆိုတာ လေ့ကျင့်ပေးထားရတာ။ သာမန်မြင်းတွေက စစ်တိုက်လို့ မရဘူး။ အခုမှ လေ့ကျင့်ပေးဖို့ဆိုတာ အချိန်မမီတော့ဘူး။
လုမင်ယွိက ဒီအချက်ကို တွေးမိကတည်းက ဖြေရှင်းနည်းပါ စဉ်းစားပြီးသား ဖြစ်လေသည်။ "အိမ်တော်တွေမှာ ရှိတဲ့ စစ်မြင်းတွေကို အရင် ငှားလိုက်မယ်။ အရေးပေါ် အခြေအနေအတွက်ပေါ့။ မသုံးရရင် အကောင်းဆုံးပဲ။ တကယ်လို့ သုံးရမယ်ဆိုရင်လည်း ယန်စစ်တပ်ကို အနိုင်တိုက်ပြီးမှ ပြန်ပေးလိုက်မယ်"
သာ့ဝေတိုင်းပြည်တွင် သိုင်းပညာ လိုက်စားမှု များပြားသည်။ ချမ်းသာသော ပြည်သူများသည် မြင်းမွေးခြင်း ဝါသနာပါကြသည်။ အမတ်မင်းများ၏ အိမ်တော်တွင်လည်း မြင်းဇောင်းထဲ၌ စစ်မြင်း ဒါဇင်ချီ ရှိတတ်ကြသည်။
နည်းနည်းချင်း စုလိုက်ရင် စစ်မြင်း ထောင်ချီ ရနိုင်သေးတယ်။
ဝူဖုမာက ချက်ချင်း ထောက်ခံလိုက်လေသည်။ "ဒါ အကြံကောင်းပဲ။ ဒါပေမဲ့ အခု စစ်သူကြီးလျန်က စစ်သည်အင်အား ဖြန့်ကျက်တာနဲ့ အလုပ်ရှုပ်နေတော့ မြင်းသွားငှားဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ ဒီကိစ္စကို ကျွန်တော် တာဝန်ယူပါရစေ"
မြင်းငှားတယ် ဆိုတဲ့ အလုပ်က သိမ်မွေ့သလို လူမုန်းလည်း များတတ်တယ်။ ဂုဏ်သိက္ခာ ကြီးမားပြီး သဘောကောင်းတဲ့ လူတစ်ယောက်က ဦးဆောင်မှ ရမှာ။ ဝူဖုမာက အသင့်တော်ဆုံး လူပုဂ္ဂိုလ် ဖြစ်လေသည်။
လုမင်ယွိက ဝူဖုမာကို အားမနာတော့ချေ။ "ဒါဆို ဖုမာကိုပဲ ဒုက္ခပေးရတော့မယ်"
လီချန်က အလိုအလျောက် ပြောလိုက်လေသည်။ "ကျွန်တော်လည်း ဖုမာနဲ့အတူ လိုက်သွားမယ်လေ" တစ်နေ့လုံး နန်းတော်ထဲ နေရတာ ပျင်းစရာ ကောင်းတယ်။ နန်းတော်ပြင်ထွက်ပြီး မြင်းငှားရင်း စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့။
လုမင်ယွိက လီချန်ကို တစ်ချက် စွေကြည့်လိုက်လေသည်။ "ညီလာခံမှာ လူလိုတယ်။ မင်းက ပုံမှန်အတိုင်း နေ့တိုင်း သွားနားထောင်ရမယ်"
ဘာလို့ အကုန်လုံးက ခင်ဗျားစကား နားထောင်နေရတာလဲ။
တကယ်ကို အာဏာရှင်ဆန်တာပဲ။
လီချန်သည် ရင်ထဲတွင် မကျေမနပ် ဖြစ်နေပြီး လုမင်ယွိကို မော့ကြည့်လိုက်သည်။ စကားမပြောရသေးမီ လုမင်ယွိ၏ စူးရှသော အကြည့်ကြောင့် ပြန်ငြိမ်ကျသွားပြီး တိုးတိုးလေး ပြန်ဖြေလိုက်ရလေသည်။ "ကျွန်တော် အာ့စောင် ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
...