← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အပိုင်း (၃၈၈) ထိတ်လန့်ဖွယ်သတင်း (၂)

ဝူဖုမာသည် လီချန်၏ အသုံးမကျသောပုံစံကိုကြည့်ပြီး စိတ်ထဲတွင် ရယ်မောမိလေသည်။

မယ်တော်ကြီးကျောက်သည် တသက်လုံး နန်းတွင်းထဲတွင်သာ နေခဲ့ရပြီး မယ်တော်ကြီး ဖြစ်လာသည့်အခါတွင်လည်း နန်းတော်ထဲ၌သာ အာဏာပြတတ်သည်။ အရေးကြီးသော ကိစ္စများကြုံလာလျှင် အကြံဉာဏ်မရှိတော့ချေ။ ချောင်မိဖုရားခေါင်က မယ်တော်ကြီးကျောက်ထက် အနည်းငယ်သာသော်လည်း ကံဆိုးစွာဖြင့် အိပ်ရာထဲ လဲနေရသည်။

ယခု နန်းတော်ထဲတွင် လူများကို ဦးဆောင်နိုင်ပြီး စိတ်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သူမှာ ထိုက်ဇီဖေး လုမင်ယွိတစ်ယောက်သာ ရှိတော့သည်။

လီချန်သည် မင်းသားတစ်ပါးဖြစ်သော်လည်း အရည်အချင်းမရှိဘဲ အရွယ်မရောက်သေးပေ။ အမတ်မင်းများ၏ အမြင်တွင် ထိုက်ဇီဖေးသည် ပဥ္စမမင်းသားထက် ပိုမိုအားကိုးထိုက်သူ ဖြစ်လေသည်။

လုမင်ယွိသည် လီချန်၏ အတွေးများကို ဂရုမစိုက်ဘဲ ဝူဖုမာကို နူးညံ့စွာ ပြောလိုက်၏။ "အချိန်မဆွဲပါနဲ့တော့။ ဖုမာ အခုချက်ချင်း နန်းတော်ထဲကထွက်ပြီး မြင်းငှားတဲ့ကိစ္စကို စီစဥ်လိုက်ပါ။ ငှားလာတဲ့မြင်းတွေကို စာရင်းသေချာမှတ်ပြီး စစ်သူကြီးလျန်ဆီ အပ်လိုက်ပါ"

ဝူဖုမာသည် အမိန့်ကိုနာခံပြီး ထွက်ခွာသွားလေသည်။

လီချန်က လုမင်ယွိ အမိန့်မပေးမီ အလိုအလျောက် နှုတ်ဆက်ပြီး ထွက်ခွာသွားလိုက်၏။

ကျောင်းဖန်နန်းဆောင်မှ ထွက်လာသောအခါ လီချန်သည် မိမိ၏အိပ်ဆောင်သို့ မပြန်ဘဲ ယိဟွားနန်းဆောင်သို့ သွားလေသည်။

မိခင်ဖြစ်သူ စူးဖေးကို တွေ့လိုက်ရသည်နှင့် လီချန်သည် ရင်ထဲရှိ အမုန်းတရားများကို ထုတ်ဖော်ပြောကြားလေတော့သည်။ "... သူက ထိုက်ဇီဖေးဖြစ်နေတော့ ဘာဖြစ်လဲ။ ကျွန်တော်ကလဲ မင်းသားပဲလေ။ အခုလို အခြေအနေမျိုးမှာ ကျွန်တော်က ဦးဆောင်သင့်တာပေါ့။ သူက မိန်းမသားဖြစ်ပြီးတော့ လက်တံရှည်ပြီး ညီလာခံအထိ လှမ်းချယ်လှယ်နေတယ်။ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့ စကားအတိုင်းပဲ"

ဒီစကားက စူးဖေး၏ ရင်ထဲကို ထိသွားသဖြင့် ချက်ချင်း ထောက်ခံလိုက်တော့သည်။ "ဟုတ်တာပေါ့။ ရည်မှန်းချက်ကြီးတဲ့မိန်းမကို နှိမ်ထားမှဖြစ်မယ်။ နောက်ပိုင်း ဒီတိုင်းပြည်က လီမိသားစုပိုင်လား လုမိသားစုပိုင်လားဆိုတာ မသေချာတော့ဘူး"

အရင်ဘဝက သူမ ချွေးမကို ဖိနှိပ်ခဲ့တာ လီမိသားစုရဲ့ထီးနန်းကို ကာကွယ်ချင်လို့ပဲ။ ငယ်ရွယ်တဲ့ လီယန့် နန်းတက်လာရင် မယ်တော်ဖြစ်တဲ့ လုမင်ယွိက နိုင်ငံရေးဝင်စွက်ဖက်ပြီး လီမိသားစုရဲ့ထီးနန်းကို လုယူသွားနိုင်တယ်။ ဒါကြောင့် အစ်ကိုသေရင်ညီဆက်ခံတဲ့ စည်းမျဥ်းအတိုင်း လီချန်ကို ဧကရာဇ် ဖြစ်စေချင်ခဲ့တာ နောက်ပိုင်းကျမှ တူတော်မောင်ကို ထီးနန်းပြန်အပ်ပေးလိုက်ရင်လည်း ရတာပဲ။

ပြန်မအပ်ရင်လည်း သူ့သား ဧကရာဇ် ဖြစ်နေတာပဲလေ။

လီချန်သည် မိခင်၏စကားကို နားထောင်ရင်း ကျေနပ်နေလေသည်။ သားအမိနှစ်ယောက် အတူတူထိုင်ပြီး ၁နာရီခန့်ဆဲဆိုပြီးမှ ဒေါသပြေသွားကြလေသည်။

စူးဖေးသည် လီချန်၏ အင်္ကျီကော်လံကို ပြုပြင်ပေးရင်း တိုးတိုးလေး မှာကြားလိုက်လေသည်။"မင်းစိတ်ထဲမှာ မကျေနပ်တာ ငါ သိပါတယ်။ ဒါပေမဲ့ အခုက စိတ်ကောက်နေရမဲ့ အချိန်မဟုတ်ဘူး။ လက်က ခြေထောက်ကို မနိုင်ဘူးဆိုတဲ့အတိုင်း ခဏလောက် သည်းခံလိုက်ပါ"

"ဘာပဲဖြစ်ဖြစ် ညီလာခံတက်ခွင့်ရတာ ကောင်းပါတယ်။ တာဝန်ထမ်းဆောင်တာကို ကောင်းကောင်းသင်ယူထား နောက်ပိုင်း မင်းအစ်ကိုပြန်လာရင် မင်းလဲ တနေရာကနေ ကူညီနိုင်တာပေါ့"

လီဟောက်၏ ဂုဏ်သတင်းသည် ပိုမိုကြီးမားလာသည်။ ယုံးကျားဧကရာဇ်၏ အလေးပေးမှုကို ခံနေရသည်။ စူးဖေးသည် လီဟောက်အကြောင်းပြောတိုင်း ဂုဏ်ယူဝင့်ကြွားနေတတ်၏။

လီချန်ကတော့ မနာလိုစိတ်ဖြစ်သွားပြီး အင်းဟုသာ ပြန်ဖြေလိုက်လေသည်။

...

အိပ်ခန်းထဲတွင် ချောင်မိဖုရားခေါင်သည် ဖြူဖျော့နေသောမျက်နှာထားဖြင့် ကုတင်ပေါ်တွင် လဲလျောင်းလို့နေသည်။

ဟွေ့အန်းကုန်းကျူက ဘေးနားမှမခွာဘဲ ပြုစုပေးနေသဖြင့် သိသိသာသာ ပိန်ကျသွားပြီး မျက်နှာလဲ မကောင်းလှပေ။

ယခုအချိန်တွင် ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်ကို စိတ်ရှည်လက်ရှည် နှစ်သိမ့်ပေးနေလေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ ယန်နိုင်ငံက လုံးဝရှုံးနိမ့်သွားပါပြီ။ ယန်ဘုရင်တောင် ဖုဟွမ်ဆီမှာ လက်နက်ချလိုက်ပြီ။ ယန်ထော်ဆိုတဲ့လူက နောက်ဆုံးထွက်သက်မှာ ရုန်းကန်နေတာပါ။ မြို့တော်မှာ လူတွေ သောင်းချီရှိပါတယ်။ စစ်သားလေးသောင်းကျော် ရှိတယ်။ ယန်စစ်သားငါးသောင်းလောက်က မြို့တော်ကို ဘယ်လိုလုပ် သိမ်းနိုင်မှာလဲ"

"ဟွမ်ကျဲပြောတာ မှန်ပါတယ်။ ယန်စစ်တပ်က နောက်ဆုံးထွက်သက်မှာ ရုန်းကန်နေတာပါ။ ကြောက်စရာမလိုပါဘူး မူဟုပ် စိတ်မပူပါနဲ့"

လုမင်ယွိ၏ အသံက တံခါးဝမှ ထွက်ပေါ်လာသည်။ ကုတင်ပေါ်မှ ချောင်မိဖုရားခေါင်သည် အလိုလို မော့ကြည့်လိုက်သည်တွင် လုမင်ယွိက ဘယ်ဘက်လက်ဖြင့် ရွှီအာ ညာဘက်လက်ဖြင့် ရွှမ်းအာကိုဆွဲကာ ဝင်လာသည်ကို တွေ့လိုက်ရလေသည်။

ရွှီအာနှင့်ရွှမ်းအာတို့သည် လူကြီးစကားများကို နားမလည်ကြပေ။ ကုနင်ပေါ်သို့ ပြေးတက်သွားပြီး အဘွား အဘွားဟု ချစ်စဖွယ် ခေါ်လိုက်ကြလေသည်။

မြေးနှစ်ယောက် ရောက်လာခြင်းသည် ချောင်မိဖုရားခေါင်၏ ကြောက်ရွံ့နေသော စိတ်နှလုံးကို အကြီးအကျယ် နှစ်သိမ့်ပေးလိုက်လေ၏။

ချောင်မိဖုရားခေါင်က အားတင်းပြီး ရွှီအာ၏ပါးလေးကို ကိုင်လိုက် ရွှမ်းအာ၏ပါးလေးကိုကိုင်လိုက် လုပ်ပြီးမှ လုမင်ယွိကို ပြောလိုက်လေသည်။ "ပန်ကုံးက နေမကောင်းဖြစ်နေတာ ကလေးတွေကို ရောဂါကူးကုန်မယ်။ နို့ထိန်းတွေကို ခေါ်သွားခိုင်းလိုက်ပါ"

ချောင်မိဖုရားခေါင်သည် နေ့တိုင်း ထိုကဲ့သို့ပင်။ တစ်ချက်ကြည့်ပြီးသည်နှင့် ကလေးများကို ပြန်ခိုင်းတတ်သည်။

မြေးများကို အလွန်တရာ ချစ်မြတ်နိုးသည့် အဘွားတစ်ယောက်ပင်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်နှင့် မငြင်းခုန်တော့ဘဲ ပြုံးကာပြောလိုက်လေသည်။ "မူဟုပ် သဘောအတိုင်းပါပဲ"

ဘေးနားမှ နို့ထိန်းများသည် ကလေးများကို ချော့မော့ကာ ခေါ်ထုတ်သွားလေ၏။ မောင်နှမနှစ်ယောက် ထွက်သွားသည်နှင့် ဆူညံနေသောအိပ်ခန်းသည် တိတ်ဆိတ်သွားတော့သည်။

ချောင်မိဖုရားခေါင်သည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး နန်းတွင်းကိစ္စများကို မေးမြန်းလေ၏။ လုမင်ယွိကလဲ အရေးကြီးသည်များကို ရွေးချယ်ပြီး ပြောပြလိုက်လေသည်။ "... မူဟုပ် စိတ်ချလက်ချ အနားယူပါ။ စစ်သူကြီးလျန်ရှိနေသရွေ့ မြို့တော်ကို ကာကွယ်နိုင်မှာပါ"

ချောင်မိဖုရားခေါင်သည် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ "ကံကောင်းလို့ လျန်ကျန့် ရှိနေသေးတာ"

ချောင်မိဖုရားခေါင်သည် လီမိသားစုသို့ ရောက်လာစဥ်က စစ်သူကြီးလျန်၏နာမည်မှာ လျန်ကျန့် မဟုတ်သေးပေ။ နောက်ပိုင်း နှစ်အနည်းငယ်အကြာတွင် ယုံးကျားဧကရာဇ်နှင့်အတူ စစ်တိုက်ရင်း အသက်ဘေးက ကာကွယ်ပေးခဲ့သဖြင့် ယုံးကျားဧကရာဇ်က ကျေးဇူးတင်သောအားဖြင့် မင်းဆက်အသစ် တည်ထောင်သောအခါ တော်ဝင်ကိုယ်ရံတော် တပ်မှူးရာထူးကို ပေးအပ်ခဲ့သည်။ ထို့အပြင် ပထမမင်းသားကိုလဲ စစ်သူကြီးလျန်၏ သမီးနှင့် လက်ဆက်ပေးခဲ့သည်။

ထိုကဲသို့သော ယုံကြည်မှုနှင့် မျက်နှာသာပေးမှုသည် အိမ်တော်ကျွန်ဖြစ်ခဲ့ဖူးသော စစ်သူကြီးလျန်အတွက် တောင်လောက်ကြီးမားသော ကျေးဇူးတရားပင်။ စစ်သူကြီးလျန်၏ သစ္စစောင့်သိမှုကို လူတိုင်းသိကြလေသည်။

ချောင်မိဖုရားခေါင်သည်လဲ စစ်သူကြီးလျန်ကို ယုံကြည်အားကိုးလေသည်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ မျက်နှာအမူအယာ ပြေလျော့သွားသည်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားပြီး ပေါ့ပေါ့ပါးပါးကိစ္စများကို ပြောပြကာ အဖော်ပြုပေးလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် ချွေးမ၏ လက်ဖမိုးကို အသာအယာပုတ်ပြီး တိုးတိုးလေး ပြောလာ၏။ "မင်းရဲ့စေတနာကို ပန်ကုံး သိပါတယ်။ အခု နန်းတွင်းရောနန်းပြင်မှာပါ လူတွေ စိတ်လှုပ်ရှားနေကြတယ်။ မင်းပဲ ထိန်းထားနိုင်တာ။ အားတဲ့အချိန် ကောင်းကောင်းအနားယူ ပန်ကုံးဆီမှာ ဟွေ့အန်းရှိနေရင် ရပါပြီ။ ပန်ကုံးအတွက် စိတ်မပူနဲ့"

လူဆိုသည်မှာ ကိုယ်ချင်းစာစိတ် ရှိကြသည်ပင်။

သူ့ကို ကိုယ်ချင်းစာရင် သူကလဲ မိမိကို ကိုယ်ချင်းစာလိမ့်မည်။

ဒီတစ်နှစ်အတွင်းတွင် သမီးယောက္ခမနှစ်ယောက်သည် သားအမိလို မရင်းနှီးသော်ငြား အပြန်အလှန် လေးစားနားလည်ပေးကြပြီး ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့သည်။

လုမင်ယွိက ပြုံးကာပြန်ပြောလိုက်၏။ "ဟွမ်ကျဲက သူ့တာဝန်သူ ကျေတာပါ။ အာရှီကလဲ လုပ်သင့်တာလုပ်တာပါ။ မူဟုပ်နဲ့ နေ့တိုင်းစကားလာပြောရတာ မပင်ပန်းပါဘူး"

ခေိာင်မိဖုရားခေါင်က ဘယ်လိုပြောပြော သူမကတော့ နေ့တိုင်းလာကြည့်မှာပင်။

စကားပြောနေစဥ် နန်းတွင်းအပျိုတော်တစ်ဦး ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "မယ်တော်ကြီးက ထိုက်ဇီဖေးကို ရှို့နဥ်နန်းဆောင်သို့ ကြွပါလို့ မှာလိုက်ပါတယ်"

လုမင်ယွိက ထရပ်လိုက်လေသည်။ "ကျွန်မ အခုပဲ သွားလိုက်မယ်"

...

မယ်တော်ကြီးကျောက်သည် ရိုးသားသူတစ်ယောက်ဟု ပြောရမည်။

ယခင်က လုမင်ယွိကို မကြိုက်သဖြင့် ပါးစပ်ဖွင့်လိုက်သည်နှင့် အပြစ်ပြောတတ်ပြီး အမြဲတမ်း ဒုက္ခပေးလေ့ရှိသည်။

ယခု ယုံးကျားဧကရာဇ်တို့ သားအဖလေးယောက်လုံး မြို့တော်တွင် မရှိတော့ဘဲ ကျန်ရစ်သည့် တစ်ဦးတည်းသော ပဥ္စမမင်းသား လီချန်ကလဲ အသုံးမကျ ချောင်မိဖုရားခေါင်ကလဲ နေမကောင်းသဖြင့် မယ်တော်ကြီးကျောက်သည် အားကိုးရာမဲ့နေပြီး ကြောက်လန့်တုန်လှုပ်နေချိန်တွင် လုမင်ယွိနှင့် စကားပြောချင်လာတော့သည်။

"ယန်စစ်တပ်တွေ ဝင်လာပြီလား" မယ်တော်ကြီးကျောက်က တွေ့တွေ့ခြင်း မေးလိုက်လေသည်။

လုမင်ယွိက ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။ "ကင်းထောက်တွေရဲ့ သတင်းအရ ယန်စစ်တပ်က နောက်ထပ်၂ရက်လောက်နေမှ မြို့တော်ကို ရောက်မှာပါ။ မယ်တော်ကြီး စိတ်အေးအေးထားပါ"

မယ်တော်ကြီးကျောက်၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေလေသည်။ "နောက်ထပ်၂ရက်ဆို ရောက်တော့မှာပေါ့။ ကြားတာတော့ ယန်စစ်သားတွေက အရပ်၈ပေလောက်ရှည်ပြီး လူသားစားတဲ့ အရိုင်းအစိုင်းတွေဆို။ အိုက်ကျား ဘယ်လိုလုပ်မကြောက်ဘဲ နေနိုင်မှာလဲ"

အရပ်၈ပေလောက်ရှည်တဲ့ လူသားစား အရိုင်းအစိုင်းတွေတဲ့လား။

လုမင်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး ချင်ဖေးကို ကြည့်လိုက်လေသည်။

ချင်ဖေးသည် ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့စွာ ရှင်းပြလေ၏။ "ကျွန်မလဲ သူများပြောတာ ကြားလို့ပါ။ မယ်တော်ကြီး ပျင်းနေမှာစိုးလို့ ပြောပြလိုက်တာ။ မယ်တော်ကြီးက အတည်မှတ်သွားလိမ့်မယ်လို့ မထင်ထားဘူး"

အရေးကြီးတဲ့အချိန်ကြရင် ဘာမှအသုံးမကျဘဲ အတင်းပြောတာကြတော့ ထိပ်ဆုံးကပဲ။

လုမင်ယွိက အေးစက်စက် ပြောလိုက်လေ၏။ "တကယ်ပျင်းနေရင် တခြားအလုပ်ရှာလုပ်ပါ။ ဒီလို အဓိပ္ပါယ် မရှိတဲ့စကားတွေ လျှော့ပြောတာကောင်းမယ်"

ချင်ဖေး "..."

အပိုင်း (၃၈၉) မောင်နှမ

ချင်ဖေးသည် ဒေါသထွက်နေသော်လည်း မျက်နှာတွင် မဖော်ပြရဲသဖြင့် ခေါင်းညိမ့်ကာ အောင့်သက်သက်ဖြင့် ပြန်ပြောရတော့သည်။ "ထိုက်ဇီဖေးပြောတာ မှန်ပါတယ်"

ချောင်မိဖုရားခေါင် နေမကောင်းဖြစ်ကတည်းက နန်းတွင်းကိစ္စများကို လုမင်ယွိကသာ တာဝန်ယူ စီမံနေခဲ့သည်။

ချင်ဖေးသာမက မယ်တော်ကြီးကျောက်သည်ပင် လုမင်ယွိကို ယဥ်ကျေးစွာ ဆက်ဆံနေရပြီ ဖြစ်သည်။

ချင်ဖေးလည်း ထပ်ပြီး ငြိမ်နေလိုက်ရလေသည်။ မယ်တော်ကြီးကျောက်သည် ချင်ဖေးကို မကူညီဘဲ သက်ပြင်းချကာ ပြောလိုက်လေ၏။ "ယန်စစ်တပ်က အရှိန်ပြင်းပြင်းနဲ့ လာနေပြီဆိုတော့ မြို့တော်က အန္တရာယ်ရှိနေပြီ။ အားလုံးစည်းလုံးမှ တောင့်ခံနိုင်မှာ အိုက်ကျားက စစ်တိုက်တဲ့အကြောင်း နားမလည်ဘူး။ နန်းတော်ထဲကကိစ္စတွေကို ထိုက်ဇီဖေးကိုပဲ အားကိုးရတော့မယ်"

နန်းတော်ထဲတွင် ဦးဆောင်မည့်သူ လိုအပ်လေသည်။ ချောင်မိဖုရားခေါင်က အိပ်ရာထဲလဲနေသဖြင့် အသုံးမဝင်တော့ နေကောင်းလျှင်ပင် လုမင်ယွိလောက် ပြတ်သားမှုမရှိပေ။

မယ်တော်ကြီးကျောက်သည် အိုမင်းသော်ငြားလည်း စိတ်မရှုပ်ထွေးသေးပေ။ လုမင်ယွိကို အားကိုးရမှန်းသိသဖြင့် လေးစားမှုပေးထားခြင်း ဖြစ်လေသည်။

လုမင်ယွိကတော့ ပြုံးကာ လိုရင်းကိုသာ ပြောလိုက်လေသည်။ "မြေးချွေးမ ရှိနေသရွေ့ မယ်တော်ကြီး စိတ်ချလက်ချ အနားယူပါ"

မယ်တော်ကြီးကျောက်သည် စိတ်သက်သာရာရသွားပြီး မြို့တော်ကာကွယ်ရေးအကြောင်း မေးမြန်းလေသည်။ လုမင်ယွိက အရေးမကြီးသည်များကိုသာ ရွေးချယ်ပြီး ပြောပြလိုက်သည်။ မယ်တော်ကြီးကျောက် မေးစရာမရှိတော့သည့်အချိန်မှ လုမင်ယွိက နှုတ်ဆက်ကာ ရှို့နဥ်နန်းဆောင်မှ ထွက်ခွာသွားလေ၏။

လုမင်ယွိ ထွက်ခွာသွားသည်နှင့် ချင်ဖေးသည် အောင့်အီးထားသမျှ စကားများကို ထုတ်ပြောလေတော့သည်။ "ဒီနေ့လိုဖြစ်မယ်မှန်းသိရင် အားရှန်းကို မြို့တော်ကနေ ထွက်ခွာခွင့် မပြုခဲ့ပါဘူး"

အာဏာကိုဆုပ်ကိုင်ပြီး အကျိုးဆောင်မှုရယူဖို့ အခွင့်ရေးကောင်းကြီးကို လက်လွှတ်လိုက်ရတာ နှမြောစရာပါပဲ။

မယ်တော်ကြီးကျောက်သည် ချင်ဖေးကို တစ်ချက်စွေကြည့်လိုက်ကာ "အခုမှ ပြောနေလို့ ဘာထူးမှာလဲ။ မြို့တော်မှာ တစ်ခုခုဖြစ်သွားရင် ဘယ်သူမှ ကောင်းကျိုးရမှာ မဟုတ်ဘူး။ နင့်ပါးစပ်ကိုလဲထိန်းအုံး။ နောက်ဆိုရင် လုရှီကို စကားပြောရင် သတိထားပြီး ယဥ်ကျေးအောင်ပြော ဦးနှောက်မရှိသလို လျှောက်ပြောမနေနဲ့"

"ပြဿနာတက်လာရင် နင်ပဲ အရှက်ကွဲမှာ"

ချင်ဖေး "..."

ချင်ဖေးသည် မကျေနပ်ချက်များကို မျိုသိပ်ထားလိုက်ပြီး ခေါင်းညိမ့်လိုက်လေသည်။

မယ်တော်ကြီးကျောက်သည် နန်းတော်ပြင်ပမှ ကျောက်ယွီကို သတိရသွားပြီး ပြောလိုက်လေသည်။ "ယွီအာက မီးဖွားဖို့ တစ်လနှစ်လလောက်ပဲ လိုတော့တာ။ သူ့ကို အပြင်မှာ တစ်ယောက်တည်း ပေးမနေနဲ့တော့။ နန်းတော်ထဲကို ခေါ်လိုက် နင်ဂရုစိုက်ပေးရင် အိုက်ကျားလဲ စောင့်ကြည့်ပေးလို့ရတာပေါ့"

ချင်ဖေးက သဘောတူလိုက်ရသည်။

...

ရှို့နဥ်နန်းဆောင်မှ ထွက်လာပြီးနောက်တွင် လုမင်ယွိသည် အရှေ့ဘက်နန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။

ရွှီအာနှင့်ရွှမ်းအာတို့ ရှိနေသရွေ့ အရှေ့ဘက်နန်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိချေ။

လုမင်ယွိက ခြေချလိုက်သည်နှင့် မောင်နှမနှစ်ယောက်သည် တခစ်ခစ်ရယ်မောကာ ပြေးလာပြီး မိခင်၏ ရင်ခွင်ထဲသို့တိုးဝင်ကာ မေမေဟု အော်ခေါ်လိုက်ကြလေသည်။ ရွှီအာ၏ အသံသည် ကျယ်လောင်သလို ရွှမ်းအာကလဲ အားကျမခံဘဲ ပိုကျယ်အောင် အော်လေသည်။

မောင်နှမနှစ်ယောက် ပြိုင်ဆိုင်နေကြသဖြင့် နားစည်ကွဲမတတ် ဆူညံနေတော့၏။

လုမင်ယွိမှာ ရယ်ရခက်ငိုရခက် ဖြစ်သွားပြီး တမင်သက်သက် မျက်နှာထားတင်းကာ ပြောလိုက်လေသည်။ "မဆူနဲ့! ပါးစပ်ပိတ်ထားကြ!"

မောင်နှမနှစ်ယောက်သည် ဘယ်သူ့ကိုမှ မကြောက်သော်လည်း လုမင်ယွိကိုတော့ ကြောက်ရသည်။ မိခင်ဖြစ်သူက မျက်နှာထား တင်းမာထားသည်ကို မြင်လိုက်ရသည်နှင့် အော်ဟစ်မနေရဲတော့ဘဲ လိမ်မာစွာဖြင့် လုမင်ယွိ၏ လည်ပင်းလေးကိုဖက်ကာ ပါးလေးများကို ကပ်ထားလိုက်ကြသည်။

"မေမေ သမီးလွမ်းတယ်" ရွှမ်းအာက အသံသေးသေးလေးဖြင့် ချွဲနွဲ့လိုက်သည်။

ရွှီအာကလဲ အားကျမခံဘဲ ပြောလေသည်။ "မေမေ သားလဲလွမ်းတယ်"

သံမဏိနှလုံးသားပိုင်ရှင် ဖြစ်နေပါစေ ဒီလိုအခြေအနေမျိုးနှင့် ကြုံလာလျှင်တော့ အရည်ပျော်သွားမည်မှာ အမှန်ပင်။

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ကလေးများ၏ ခေါင်းကိုနမ်းကာ လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။ "မေမေက နေ့တိုင်း အလုပ်တွေရှုပ်နေတော့ သားတို့ကို အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်။ သားတို့မောင်နှမနှစ်ယောက် ယွင်မားမား စကားကို နားထောင်နော်"

နန်းတော်ထဲက အရေးကြီးကိစ္စများစွာကို စီမံခန့်ခွဲရမည်။ ချောင်မိဖုရားခေါင်ကို ပြုစုရမည်။ ညီလာခံကို စောင့်ကြည့်ရမည်။ မယ်တော်ကြီးကျောက်ကို နှစ်သိမ့်ရမည်။ လုမင်ယွိအတွက် နေ့ခင်းဘက်တွင် အားလပ်ချိန်ဟူ၍ မရှိသလောက်ပင်။

ဒီရက်ပိုင်းအတွင်းတွင် ကလေးများကို ချီယွင်ကသာ ပြုစုစောင့်ရှောက်ပေးခဲ့ရသည်။ ရွှီအာနှင့် ရွှမ်းအာသည်လဲ သဘောကောင်းသော ယွင်မားမားကို ခင်တွယ်ကြလေသည်။

"မေမေ သမီး လိမ်မာတယ်" ရွှမ်းအာက ပါးဖောင်းဖောင်းလေးနှင့် မော့လာကာ အလေးအနက် ပြောလိုက်လေသည်။ ချစ်စရာ အလွန်ကောင်းနေတော့၏။

ရွှီအာကလဲ အလုအယက် ပြောလိုက်သည်။ "မေမေ သားက ပိုတောင်လိမ်မာတယ်"

‘ပိုတောင်’ဟူသည့် စကားကိုပင် သုံးတတ်နေလေပြီ။

လုမင်ယွိသည် သဘောကျစွာ ရယ်မောလိုက်လေသည်။ ရင်ထဲက ပင်ပန်းနွမ်းနယ်မှုများ လွင့်ပြယ်သွားတော့သည်။

ဘေးနားမှ ချီယွင်ကလဲ ပြုံးကာပြောလိုက်၏။ "ရွှီအာနဲ့ရွှမ်းအာက ရွယ်တူကလေးတွေထက် ဉာဏ်ကောင်းတယ်။ ၂နှစ်မပြည့်သေး စကားတွေ အကုန်ပြောတတ်နေပြီ"

ဟုတ်တာပေါ့။ လူလည်လေးတွေ ကြနေတာပဲ။

"မေမေ ပျံမယ်" ရွှီအာ၏ မျက်လုံးများက တောက်ပနေလေသည်။

ရွှမ်းအာကလဲ ခေါင်းညိမ့်လိုက်လေ၏။ "သမီးလဲ အမြင့်ကြီးပျံမယ်”

လေထဲသို့မြှောက်ပြီး ကစားခြင်းက မောင်နှမနှစ်ယောက် အကြိုက်ဆုံးစကားနည်း ဖြစ်လေသည်။ မိခင်ဖြစ်သူက ပွေ့ချီပြီး လေထဲသို့မြှောက်လိုက် ပြန်ဖမ်းလိုက် လုပ်ပေးသည်ကို သဘောကျကြသည်။ လုမင်ယွိတစ်ယောက်သာ အားရှိသဖြင့် သူတို့နှင့် ကစားပေးနိုင်လေသည်။

လုမင်ယွိက ပြုံးကာ သဘောတူလိုက်ပြီး ရွှမ်းအာကို ချလိုက်ကာ ရွှီအာကို အရင် မြှောက်တင်ပေးလိုက်သည်။ ရွှီအာ၏ ပျော်ရွှင်နေသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး လုမင်ယွိကလဲ ဦးစွာပြန်ဖမ်းလိုက်လေသည်။ ဘေးနားက နို့ထိန်းမေမေများကတော့ ရင်တမမဖြင့် ကြည့်နေကြရ၏။

ရွှမ်းအာတယောက်မှာ စိတ်မရှည်တော့ဘဲ နှုတ်ခမ်းစူကာ ပြောလိုက်တော့သည်။ "သမီး အရင် ကစားချင်တာ"

ချီယွင်သည် ရယ်မောကာ ရွှမ်းအာကိုဖက်ပြီး ချော့လိုက်လေသည်။ "ရွှမ်းအာ လိမ်မာတယ် အမြဲတမ်း သမီး အရင်ကစားရတာလေ။ ဒီနေ့ ကိုကို့ကို ဦးစားပေးလိုက်ပါ"

ရွှမ်းအာသည် မကျေနပ်သေးဘဲ တစ်ဖက်သို့လှည့်ကာ စိတ်ကောက်နေလေတော့သည်။

လုမင်ယွိက မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

လူတိုင်းက ရွှီအာကို အလေးပေးကြသဖြင့် သူမက သမီးဖြစ်သူကို သနားပြီး ပိုချစ်ပေးခဲ့မိသည်။ ရွှမ်းအာသည် အလိုလိုက်ခံရသဖြင့် ဆိုးသွမ်းလာပြီး အရာရာ ဦးစားပေးခံချင်လာသည်။ ရွှီအာကတော့ အလျှော့ပေးနေရသည်။

ဒီအတိုင်းဆက်သွားလျှင်တော့ မဖြစ်တော့ချေ။

သမီးကလဲ သားသမီး သားကလဲ သားသမီးပင်။ တစ်ဖက်သတ် မျက်နှာလိုက်နေလို့တော့ မဖြစ်ပေ။

လုမင်ယွိက ရွှီအာနှင့် လက်ဖက်ရည်တစ်အိုးစာကြာအောင် ကစားပေးလိုက်၏။ ဆယ်ကြိမ်လောက် မြှောက်ပြီးသော်လည်း မိခင်ဖြစ်သူ လာမချီသေးသဖြင့် ရွှမ်းအာသည် ဒေါသထွက်ပြီး ခြေစောင့်ကာ အော်လိုက်လေတော့သည်။ "မုန်းတယ်! ကိုကို့ကို မုန်းတယ်!"

ရွှီအာသည် လုမင်ယွိ၏ ရင်ခွင်ထဲမှ လျှောဆင်းလာပြီး ညီမလေးဆီ ပြေးသွားကာ လက်ကိုဆွဲလိုက်လေ၏။

ရွှမ်းအာကတော့ ဒေါသတကြီးဖြင့် ရွှီအာ၏ လက်ကို ပုတ်ထုတ်လိုက်ကာ တင်းပါးလွှဲကာ ကျောခိုင်းထိုင်လိုက်လေသည်။

ရွှီအာသည် ညီမလေးကို အလျှော့ပေးနေကြဖြစ်သဖြင့် နောက်ကလိုက်သွားပြန်သည်။ ရွှီအာက ရွှမ်းအာ၏ လက်ကိုဆွဲယူလိုက်ပြီး ကိုက်ရန်ပြင်လိုက်စဥ် ရင်းနှီးသော လက်တစ်ဖက်က တားဆီးလိုက်လေသည်။ "တော်လိုက်တော့!"

လုမင်ယွိ၏ မျက်လုံးများတွင် အပြုံးမရှိတော့ဘဲ ရွှမ်းအာကို စိုက်ကြည့်လိုက်၏။ "အမြဲတမ်း သမီးပဲ အရင်ကစားနေရတာလေ။ ဒီနေ့ ကိုကို့ကို နည်းနည်းလောက် ဦးစားပေးလိုက်တာ ဘာဖြစ်သွားမှာမလို့လဲ။ ဘာလို့ ဒေါသထွက်နေတာလဲ"

ရွှမ်းအာသည် မိခင်၏ ဒေါသတကြီး အော်ဟစ်သံကြောင့် ကြောက်လန့်သွားပြီး တစ်ခွန်းမှ ပြန်မပြောရဲဘဲ မျက်ရည်များသာ တသွင်သွင် စီးကျလာလေတော့သည်။

ရွှီအာက ချက်ချင်း ရွှမ်းအာ၏ ရှေ့တွင် ကာရပ်ပေးလိုက်ပြီး လုမင်ယွိကို ပြောတော့သည်။ "ညီမလေးကို မဆူပါနဲ့"

လုမင်ယွိ "..."

မောင်နှမနှစ်ယောက်က ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နှင့် သံယောဇဥ် ကြီးမားကြသည်။ တစ်ယောက်အဆူခံရလျှင် နောက်တစ်ယောက်က ရှေ့ထွက်ကာ ကာကွယ်ပေးတတ်ကြသည်။

ရွှီအာက ခန္ဓာကိုယ်လေးကို မတ်မတ်ထားပြီး အသံအကျယ်ကြီးဖြင့် ပြောလိုက်သည်။ "နောက်ဆို ညီမလေး အရင်ကစားပါစေ"

လုမင်ယွိမှာ ငိုရခက်ရယ်ရခက်ဖြစ်သွားပြီး ဒူးထောက်ထိုင်ချလိုက်ကာ ရွှီအာ၏ မျက်နှာကို ကြည့်လိုက်လေသည်။ "ရွှီအာ အမြဲတမ်း ညီမလေးက အရင်ကစားရတာလေ။ ဒီနေ့ မေမေက သားကို အရင်ပေးကစားတာ သားက မပျော်ဘူးလား။ အမြဲတမ်း ညီမလေးကို အလျှော့ပေးနေရတာ သားစိတ်မဆင်းရဲဘူးလား"

ဒီလောက် ရှည်လျားသည့်စကားများကို ရွှီအာ နားလည်သော်ငြား ပြန်ပြောပြတတ်ခြင်းတော့ မရှိသေးချေ။ သူက အသံအကျယ်ကြီးဖြင့် ခေါင်းမာစွာ ထပ်ပြောလိုက်လေသည်။ "နောက်ဆို ညီမလေး အရင်ကစားပါစေ"

ရွှမ်းအာသည် စိတ်မဆိုးတော့ဘဲ အစ်ကိုဖြစ်သူ၏ လက်ကိုဆွဲကာ တိုးတိုးလေး ပြောလိုက်၏။ "ကိုကိုက သဘောကောင်းတယ်။ ကိုကိုပဲ အရင်ကစားနော်"

ရွှီ့အာကလဲ သွားများပေါ်အောင် ပြုံးလိုက်ပြီး ညီမဖြစ်သူကို ဖက်ထားလိုက်၏။

ကလေးနှစ်ယောက်က တင်းကြပ်စွာ ဖက်ထားကြလေသည်။

ထိုအခိုက်အတန့်တွင် လုမင်ယွိ၏ မျက်ဝန်းအိမ်များမှာ ပူနွေးလာလေတော့သည်။

...

အပိုင်း (၃၉၀) လွမ်းဆွတ်မှု

ဒီရန်ပွဲလေးက အချိန်တိုအတွင်း ပြီးဆုံးသွားလေသည်။

လုမင်ယွိသည် ရွှမ်းအာကို ပွေ့ချီပြီး ၁၀ကြိမ်ကျော် လေထဲသို့ မြှောက်ပေးလိုက်လေသည်။ ရွှမ်းအာ ကျေနပ်သွားမှ ပြန်ချပေးလိုက်၏။

လုမင်ယွိက ရွှမ်းအာ၏ ပါးဖောင်းဖောင်းလေးကို ပွတ်သပ်ကာ နူးညံ့စွာ ပြောလိုက်၏။ "ရွှမ်းအာ ကိုကိုက သမီးကို အလျှော့ပေးတာလေ။ သမီးက အမြဲတမ်း အနိုင်ကျင့်လို့ မဖြစ်ဘူးနော်"

ရွှမ်းအာက ခေါင်းညိမ့်လိုက်ပြီး ရွှီအာ၏ လက်ကိုဆွဲကာ ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားလေသည်။

လုမင်ယွိမှာ ရယ်ရခက်ငိုရခက် ဖြစ်သွားရလေသည်။

ချီယွင်က တိုးတိုးလေး ရယ်မောလိုက်၏။ "မောင်နှမနှစ်ယောက်က တနေ့ကို အကြိမ်ကြိမ် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သံယောဇဥ် ကြီးမားကြတာပါ။ ထိုက်ဇီဖေး စိတ်ပူစရာ မလိုပါဘူး"

လုမင်ယွိက သက်ပြင်းချလိုက်၏။ "မျက်စိတစ်မှိတ်အတွင်း ကလေးတွေတောင် ကြီးကုန်ပြီ"

လီကျင့် ထွက်သွားတုန်းက ကလေးတွေ ရက်၁၀၀ပြည့်တောင် မပြည့်သေးဘူး။ အခု လမ်းလျှောတ်တတ် စကားပြောတတ်နေပြီ။ လီကျင့် ပြန်လာရင် သူ့ကို အဖေလို့ ခေါ်ပါ့မလားတောင် မသိဘူး။

ချီယွင်သည် သခင်မ၏စိတ်ကို အသိဆုံးဖြစ်သဖြင့် နှစ်သိမ့်လိုက်လေသည်။ "သွေးက ရေထက်ပျစ်တယ်ဆိုတဲ့အတိုင်း ထိုက်ဇီ အရှင်မင်းသား ပြန်ရောက်လာရင် မောင်နှမနှစ်ယောက်စလုံးက သူ့တို့အဖေကို ချစ်သွားမှာပါ"

လုမင်ယွိသည် ခေါင်းညိမ့်လိုက်သော်လည်း လီကျင့်အကြောင်း တွေးလိုက်မိသည့်အခါ ရင်ထဲတွင် လေးလံလာတော့၏။

စတုတ္ထမင်းသား စစ်တပ်ထဲ ရောက်ပြီးနောက် စာရေးပို့ခဲ့သည်။ စာထဲတွင် လီကျင့်၏ ဒဏ်ရာအခြေအနေကို ပေါ့ပေါ့ပါးပါး ရေးထားသော်ငြား သေချာစဥ်းစားကြည့်လျှင် ဒဏ်ရာက မသေးကြောင်း သိသာလေသည်။

ယန်ထော်က ယန်လက်ရွေးစဥ် စစ်သည်များကို ဦးဆောင်ပြီး မြို့တော်ကို တိုက်ခိုက်တော့မည်ဆိုသည့် သတင်း လီကျင့်နားထဲ ရောက်သွားလောက်ပြီ။

လီကျင့်က စိတ်လိုက်မာန်ပါနဲ့ မြို့တော်သို့ ပြန်မလာပါစေနှင့်ဟုသာ ဆုတောင်းရတော့မည်။

သူ့ခန္ဓာကိုယ်နှင့် ခရီးကြမ်းနှင်လို့တော့ မဖြစ်သေးချေ။

ဒီအတွေး ဝင်လာသည်နှင့် လုမင်ယိ၏ ရင်ထဲတွင် စိတ်ပူပန်မှုများ ဖြစ်ပေါ်လာတော့သည်။ နှလုံးခုန်မြန်လာပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

"ထိုက်ဇီဖေး ဘာဖြစ်လို့လဲ" ချီယွင်သည် လုမင်ယွိ၏ စိတ်အခြေအနေ မူမမှန်ဖြစ်နေသည်ကို သတိထားမိလိုက်သည်။

လုမင်ယွိက တိုးတိုးလေး ပြောလိုက်၏။ "ချီယွင် ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ လီကျင့်ရဲ့စိတ်ထားနှင့်ဆိုရင် ယန်စစ်တပ် မြို့တော်ကို လာတိုက်မယ်ဆိုတဲ့သတင်းကြားရင် သူဘယ်လို တုံ့ပြန်မလဲ"

ချီယွင်ကလဲ လွှတ်ခနဲ ပြောလိုက်မိ၏။ "စဥ်းစားစရာ လိုသေးလို့လား။ ထိုက်ဇီ အရှင်မင်းသားက နေနိုင်မှာမဟုတ်ဘူး။ မြို့တော်ကို ချက်ချင်းပြန်လာပြီး ကူညီမှာပေါ့"

ပြောပြီးမှ စကားမှားသွားမှန်း သိလိုက်တော့သည်။ " ယန်နိုင်ငံက ရှုံးနေပြီဆိုတော့ ထိုက်ဇီ အရှင်မင်းသား မရှိလဲ ဖြစ်ပါတယ်။ အခု အရှင်မင်းသားက ဒဏ့ရာရထားတာဆိုတော့ ခရီးကြမ်းနှင်ရင် ဒဏ်ရာပိုဆိုးသွားမှာ ..."

ချီယွင်သည် လုမင်ယွိကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။ "ကျွန်မထင်တာသာမှန်ရင် အရှင်မင်းသား လမ်းခုလတ် ရောက်နေလောက်ပြီ"

လုမင်ယွိ၏ မျက်နှာလေးသည် ဖြူဖျော့သွားပြီး အသံက ခါးသက်လို့နေ၏။ "သူ့ကျန်းမာရေးကို သူဂရုစိုက်ပါစေလို့ ဆုတောင်းရတော့မယ်"

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချီယွင်သည် သက်ပြင်းချလိုက်ပြီး ဆက်မပြောတော့ချေ။

သခင်နှင့်ကျွန်နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လုမင်ယွိက တိုးတိုးလေး ပြောလိုက်လေသည်။ "ဒါက ငါတို့နှစ်ယောက်ပဲ သိတဲ့ကိစ္စ ဘယ်သူ့ကိုမှ မပြောနဲ့။ မူဟုပ်ကိုလည်း မသိစေနဲ့"

"ချောင်မိဖုရားခေါင်က နေမကောင်းဖြစ်နေတာ။ ဒီသတင်းကြားသွားရင် လဲသွားလိမ့်မယ်"

ချီယွင်ကလဲ ခေါင်းညိမ့်ပြလိုက်ပြီး နှစ်သိမ့်စကား ပြောချင်သော်ငြား ဘယ်ကစပြောရမည်မှန်းမသိ ဖြစ်နေလေသည်။

တစ်ဖက်တွင်တော့ လုမင်ယွိက တည်ငြိမ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "လီကျင့်က ပြန်လာမယ်လို့ ဆုံးဖြတ်လိုက်ရင် ဘယ်သူမှ တားလို့ရမှာ မဟုတ်ဘူး။ အခု ဒါတွေတွေးပူနေလို့လည်း ဘာမှထူးမှာ မဟုတ်ဘူး။ စစ်သူကြီးလျန်ဘက်ကို အာရုံစိုက်ထားတာ ပိုကောင်းမယ်။ ယန်စစ်တပ်ကို အမြန်ဆုံး အနိုင်တိုက်နိုင်ရင် မြို့တော်အေးချမ်းသွားမှာ အဲဒီ့အချိန်ကျရင် အရာအားလုံး အဆင်ပြေသွားမှာပါ"

ချီယွင်က ခေါင်းညိမ့်ပြလိုက်၏။

...

ထိုနေ့ညတွင် လုမင်ယွိသည် ကလေးများကို သိပ်ပြီးနောက် တစ်ယောက်တည်း အိပ်မပျော်နိုင် ဖြစ်နေတော့သည်။

မျက်လုံးများကို မှိတ်လိုက်သည်နှင့် လီကျင့်၏ ပုံရိပ်များက ပေါ်လာနေတော့သည်။

တစ်နှစ်ခွဲကျော် ခွဲခွာနေရသော်လည်း သူမသည် လီကျင့်ကို မမေ့ပျောက်ခဲ့ပေ။ သူ့မျက်နှာလေးက သူမ၏ ရင်ထဲတွင် ပိုမိုထင်ရှားလာလေသည်။

သူမသည် လွမ်းဆွတ်တမ်းတတတ်သူ မဟုတ်သော်လည်း လီကျင့်ကို မလွမ်းဘူးဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။

ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန်တွင် သူမ၏ လွမ်းဆွတ်မှုများသည် ဒီရေအလား တိုးဝင်လာပြီး ရင်ထဲတွင် ပြည့်နှက်နေတော့သည်။

သန်းခေါင်ကျော်မှ လုမင်ယွိတစ်ယောက် အိပ်ပျော်သွားလေသည်။

နောက်တနေ့မနက် ၅နာရီတွင် လုမင်ယွိ နိုးလာခဲ့ပြန်သည်။

ဒါက သူမ၏ နှစ်ပေါင်းများစွာကတည်းက အကျင့်တစ်ခုပင်။ ညက မည်မျှပင် နောက်ကျမှအိပ်သည်ဖြစ်စေ မနက်၅နာရီဆိုလျှင် နိုးလာစမြဲပင်။ ကလေးနှစ်ယောက် အိပ်ပျော်နေစဥ် သူမသည် သိုင်းလေ့ကျင့်ရေးအခန်းသို့ သွားလိုက်လေသည်။

နန်းတော်ထဲတွင် နေရသည်မှာ ကိုယ်ပိုင်အိမ်လောက်တော့ မလွတ်လပ်ချေ။ အရှေ့နန်းဆောင်တွင် သိုင်းလေ့ကျင့်ရေးကွင်းပြင် မရှိဘဲ အခန်းငယ်လေးသာ ရှိလေသည်။

လုမင်ယွိသည် ၁နာရီခန့် သိုင်းကစားပြီးနောက် ရေချိုးသန့်စင်လိုက်၏။ ကျောင်းဖန်နန်းဆောင်သို့ ရောက်လာသောအခါ သူမ၏ မျက်နှာသည် ပန်းဆီရောင်သမ်းနေပြီး လန်းဆန်းတက်ကြွနေလေသည်။

မနေ့ညက ၂နာရီလောက်သာ အိပ်ထားရသည်ဟုဆိုလျှင် မည်သူကမှ ယုံမည်မဟုတ်ပေ။

နန်းတွင်းအထိန်းတော်ကြီးများသည် ရိုသေစွာဖြင့် သတင်းပို့ကြလေသည်။ ပုံမှန်အတိုင်း လုမင်ယွိက ၁နာရီခန့်အတွင်း နန်းတွင်းကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်လိုက်သည်။ ထို့နောက် ချောင်မိဖုရားခေါင်ဆီသို့ သွားရောက်ကြည့်ရှုပြီး စကားမပြောရသေးခင်မှာပင် စတုတ္ထမင်းသားကြင်ရာတော် ကျောက်ယွီ ရောက်လာကြောင်း သတင်းပို့လာသည်။

ကျောက်ယွီသည် ကိုယ်ဝန်၈လကျော် ရှိပြီဖြစ်သဖြင့် မျက်နှာက ဝိုင်းစက်နေပြီး ဗိုက်ကြီးကလဲ ကြောက်စရာကောင်းလောက်အောင် ပူထွက်နေလေသည်။

လုမင်ယွိမှာ အံ့သြသွားတော့၏။ "ပြီးခဲ့တဲ့လက တွေ့တုန်းကတောင် ဗိုက်က ဒီလောက်မကြီးသေးပါဘူး။ အခု လဝက်လောက်ပဲရှိသေးတာ ဘာလို့ ဒီလောက်ကြီးလာတာလဲ"

ကျောက်ယွီကလဲ စိတ်ညစ်ညူးစွာဖြင့် ပြောလေ၏။ "ဗိုက်ဆာလို့လေ။ တနေ့ကို၅ ညဘက် သွားရေစာပါ ထပ်စားရတယ်"

ကျောက်ယွီသည် ကိုယ်လုံးကိုယ်ပေါက် သေးသူဖြစ်လေသည်။ ယခု ဗိုက်ပူလာသဖြင့် ဘောလုံးလေးတစ်လုံးလို ဖြစ်နေတော့၏။

လုမင်ယွိသည် အပြုံးရိပ်များ ပျောက်ကွယ်သွားပြီး လေးနက်စွာ ပြောလိုက်တော့သည်။ "ငါ ခြောက်နေတာ မဟုတ်ဘူး။ ဒီအတိုင်း ဆက်စားနေလို့ မဖြစ်ဘူး။ နင့်ဗိုက်က အရမ်းကြီးနေပြီ။ ကလေးက ကြီးမှာသေချာတယ်။ မွေးရခက်လိမ့်မယ် ဆက်မစားနဲ့တော့"

မွေးရခက်ရင် ဒုက္ခရောက်မှာ။

ကျောက်ယွီသည် မျက်နှာမဲ့လိုက်၏။ "ငါလဲ သိပါတယ်။ ဒါပေမဲ့ ပါးစပ်ကို ထိန်းမရဘူး ဖြစ်နေတာ"

လုမင်ယွိက မျက်စောင်းထိုးလိုက်ကာ "လျို့တိမရှိတော့ နင်က အိမ်တော်မှာ ဘုရင်မ ဖြစ်နေတာကိုး။ ဘယ်သူမှ မတားရဲကြဘူးလေ။ မီးဖွားပေးမဲ့ လက်သည်တွေ ပြောရင်လည်း နင် နားထောင်မှာ မဟုတ်ဘူး"

ကျောက်ယွီသည် လျှာထုတ်ပြလိုက်ပြီး ရယ်မောလိုက်လေသည်။

မင်းသားကြင်ရာတော် ကိုယ်ဝန်ရှိလာလျှင် နန်းတော်က မီးဖွားပေးသည့် လက်သည်လေးယောက်ကို လွှတ်ပေးလေ့ရှိသည်။ ထိုလက်သည်များက ကိုယ်ဝန်ဆောင်မိခင်၏ နေထိုင်စားသောက်မှုများကို ဂရုစိုက်ပေးရသည်။

ကျောက်ယွီက အစားအသောက် သောင်းကျန်းသဖြင့် တနေ့ကို ၆နပ်လောက် စားနေသည်။ မီးဖွားပေးသည့် လက်သည်များက တားသော်ငြား ကျောက်ယွီကတော့ နားမထောင်ပေ။

"ငါ တကယ် ဗိုက်ဆာတာ" ကျောက်ယွီက မျက်နှာပြန်မဲ့ထားလိုက်၏။ "ဗိုက်ဆာရင် စားချင်စိတ်ကို ထိန်းလို့မရတော့ဘူး"

လုမင်ယွိက မျက်နှာထားကို တင်းထားလိုက်ကာ "ထိန်းမရလဲ ထိန်းရမယ်။ သမားတော်ခေါ်ပြီး စမ်းသပ်ခိုင်းလိုက်မယ်။ နောက်ပြီး ဒီနေ့ကစပြီး ထမင်းသုံးနပ်ကို ငါနဲ့အတူတူ စားရမယ်။ နင် ဘယ်လောက်စားလဲ ငါ ကြည့်မယ်။ မုန့်တွေ သွားရေစာတွေ အကုန်ဖြတ်ရမယ်"

ကျောက်ယွီနှင့် သံယောဇဥ်ကို မဆိုထားနှင့် စတုတ္ထမင်းသားက လီကျင့်ကို ပြုစုဖို့ရန် စစ်တပ်ထဲသို့ ရောက်နေသည်။ ကျေးဇူးတရားကို ထောက်ထားပြီး ကျောက်ယွီကို မီးဖွားရလွယ်ကူစေရန် ကူညီပေးရပေမည်။

ကျောက်ယွီသည် စိတ်ကြီးသူဖြစ်သော်လည်း လုမင်ယွိရှေ့ရောက်လျှင်တော့ ဂျုံနယ်သလို ပျော့ပျောင်းသွားပြီး ခေါင်းငြိမ့်သဘောတူလိုက်ရလေတော့သည်။

...

All Chapters