← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အပိုင်း (၃၉၁) စစ်မီး (၁)

လုမင်ယွိသည် ပြောသည့်အတိုင်း လုပ်တတ်သူ ဖြစ်သဖြင့် ထိုနေ့ မွန်းတည့်ချိန်တွင် ကျောက်ယွီကို ကျောင်းဖန်နန်းဆောင်၌ ထမင်းစားရန် ဖိတ်ခေါ်လိုက်လေသည်။

ကျောက်ယွီ၏ မျက်လုံးများသည် မွှေးကြိုင်လှသော အသားဟင်းများပေါ်တွင် ဝေ့ဝဲနေသော်လည်း စိတ်မကောင်းစွာဖြင့် ပြန်ရုတ်သိမ်းလိုက်ပြီး မိမိ၏ ပန်းကန်ထဲမှ ဟင်းသီးဟင်းရွက်များကိုသာ စားလိုက်ရလေသည်။

မုန်ညင်းရွက်၊ ဂေါ်ဖီထုပ်၊ မှို၊ ပဲပင်ပေါက်...

ကျောက်ယွီသည် ပါးစပ်ထဲမှ အသီးအရွက်များကို ကြက်သား၊ ဘဲသား၊ ငါး၊ အသားများဟု စိတ်ကူးယဉ်ပြီး စားသောက်နေရသည်။

ထမင်းတစ်ပန်းကန် ကုန်သွားပြီး နောက်တစ်ပန်းကန် ထပ်ထည့်ရန် ပြင်လိုက်စဉ် လုမင်ယွိက ရက်စက်စွာ တားဆီးလိုက်လေသည်။ "တော်တော်များများ စားပြီးပြီ။ ထပ်မစားနဲ့တော့"

ကျောက်ယွီသည် ဟင်းရည်တစ်ခွက်သာ ထပ်သောက်လိုက်ရပြီး ဗိုက်ဝပြီဟု မှတ်ယူလိုက်ရလေသည်။

အတူတူ ထမင်းစားနေသော ဟွေ့အန်းကုန်းကျူသည် ကျောက်ယွီကို ကြည့်ပြီး ရယ်မောနေလေသည်။ "ကျောက်တိမေ့၊ နင် ဘာလို့ ဒီလောက် ငတ်နေရတာလဲ"

ကျောက်ယွီက သွားများပေါ်အောင် ပြုံးလိုက်ပြီး စည်ဖောင်းနေသော ဗိုက်ကို ပွတ်သပ်လိုက်လေသည်။ "ကျွန်မ ငတ်တာ မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးက ငတ်နေတာပါ"

ကလေးအကြောင်း ပြောလိုက်သည်နှင့် ဟွေ့အန်းကုန်းကျူ၏ မျက်ဝန်းများ မှိန်ဖျော့သွားပြီး အလိုအလျောက် မိမိ၏ ဗိုက်ချပ်ချပ်ကို ငုံ့ကြည့်လိုက်မိသည်။ သက်ပြင်းတိတ်တိတ်လေး ချလိုက်မိလေသည်။

ကျောက်ယွီတောင် ကလေးမွေးတော့မယ်။ သူမရဲ့ ဗိုက်ကတော့ ဆားပေါက်နေတဲ့ မြေကြီးလိုပဲ ဘာအပင်မှ စိုက်လို့ မရဘူး။ တကယ်ကို အားမရစရာပါပဲ။

ကျောက်ယွီသည် နေ့လယ်စာ စားပြီးသည်နှင့် သမ်းဝေနေတော့သည်။

လုမင်ယွိသည် ကြည့်မနေနိုင်တော့ဘဲ ကျောက်ယွီကို ဥယျာဉ်ထဲ လမ်းလျှောက်ခိုင်းလေသည်။ "ဗိုက်က ကြီးနေပြီဆိုတော့ ဖြည်းဖြည်း လျှောက်။ နာရီဝက်လောက် လျှောက်ပြီးရင် ပြန်နားတော့"

ကျောက်ယွီက စားပြီးအိပ် အိပ်ပြီးစား လုပ်နေလို့ ဗိုက်က ဒီလောက် မြန်မြန် ကြီးလာတာကိုး။

ကျောက်ယွီက လျှာထုတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "တစ်ယောက်တည်း မလျှောက်ချင်ဘူး။ အာ့စောင် လိုက်ခဲ့ပါလား"

ယခုအချိန်တွင် နန်းတော်ထဲ၌ အလုပ်မရှိသဖြင့် လုမင်ယွိသည် ဝမ်းသာအားရ သဘောတူလိုက်ပြီး ကျောက်ယွီနှင့်အတူ လမ်းလျှောက်ထွက်ခဲ့လေသည်။

ဥယျာဉ်တော်ထဲတွင် စံပယ်ပန်းများ ပွင့်နေပြီး မွှေးကြိုင်သော ရနံ့များ လေထဲတွင် ပျံ့လွင့်နေသဖြင့် စိတ်ကြည်နူးစရာ ကောင်းလှသည်။

လုမင်ယွိ၏ စိတ်အခြေအနေသည်လည်း အတော်လေး သက်သာသွားလေသည်။

ကျောက်ယွီက တိုးတိုးလေး ပြောလိုက်လေသည်။ "အာ့စောင်၊ နန်းတော်ထဲက ကိစ္စတွေကို အာ့စောင်ပဲ စီမံနေရတာ ပင်ပန်းရပါပြီ။ စိတ်အရမ်း မတင်းထားပါနဲ့။ အားရင် ဥယျာဉ်ထဲ လာပြီး လမ်းလျှောက်ပါ"

ကျောက်ယွီက အဖော်မရှိလို့ ခေါ်တာ မဟုတ်ဘဲ သူမကို စိတ်ပြေလက်ပျောက် ဖြစ်စေချင်လို့ ခေါ်တာကိုး။

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ကျောက်ယွီ၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလိုက်လေသည်။ "နင့်စေတနာကို လက်ခံပါတယ်။ စိတ်မပူပါနဲ့။ ငါ တောင့်ခံထားနိုင်ပါတယ်"

ကျောက်ယွီက တိုးတိုးလေး ရေရွတ်လိုက်လေသည်။ "တောင့်ခံထားနိုင်ပေမဲ့ ပင်ပန်းတာပေါ့။ အာ့စောင်က သံမဏိလူသားမှ မဟုတ်တာ"

သူတပါးရဲ့ ဂရုစိုက်မှုကို ခံရတာ ကောင်းမွန်တဲ့ ခံစားချက်ပါပဲ။

လုမင်ယွိတစ်ယောက် ပြုံးလိုက်မိသည်။

နောက်ကျောဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာသည်။

လုမင်ယွိ မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်ယွီနှင့်အတူ လှည့်ကြည့်လိုက်လေသည်။ ဝဖြိုးပြီး တုံးအပုံပေါက်နေသော လူငယ်တစ်ဦး အပြေးအလွှား လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။

လီချန်ပဲ!

လီချန်၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး နဖူးမှ ချွေးစေးများ ပြန်နေလေသည်။ "အာ့စောင်၊ ဒုက္ခရောက်ပြီ။ ယန်စစ်တပ်က မြို့တော်အပြင်ဘက် မိုင် ၅၀ အကွာကို ရောက်နေပြီ။ အချိန်မရွေး မြို့တော်ကို ရောက်လာတော့မယ်"

မိုင် ၅၀ ဆိုတာ မြင်းအမြန်စီးရင် တစ်နာရီကျော်လောက်ပဲ ကြာတာ။ မြို့တော်ကို ရောက်လုနီးပါး ဖြစ်နေပြီလို့ ပြောလို့ရတယ်။

ကျောက်ယွီ အသက်ရှူမှားသွားပြီး နှလုံးခုန်သံ မြန်လာကာ လုမင်ယွိကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။ "အာ့စောင်၊ အခု ဘယ်လိုလုပ်မလဲ"

လုမင်ယွိ၏ မျက်နှာထား မပြောင်းလဲဘဲ တည်ငြိမ်နေလေသည်။ "မကြောက်ကြနဲ့။ လုပ်စရာရှိတာ လုပ်ကြ။ လီချန်၊ မင်း ဝမ်ဟွားနန်းဆောင်ကို သွားစောင့်နေ။ သတင်းထူးရင် လာပြော။ ကျောက်တိမေ့၊ နင် အိပ်ဆောင်ပြန်ပြီး အနားယူလိုက်"

ဒါပဲလား။

လီချန်က ကြောင်သွားလေသည်။ ကျောက်ယွီက မနေနိုင်ဘဲ မေးလိုက်မိလေသည်။ "ဒီလိုဆို ရပြီလား"

"မဟုတ်ရင် ဘာလုပ်ချင်သေးလို့လဲ" လုမင်ယွိက ပြန်မေးလိုက်လေသည်။ "မြို့တံခါး ၄ပေါက်လုံး ပိတ်ထားတယ်။ စစ်သားတွေ စောင့်နေကြတယ်။ စစ်သူကြီးလျန် ကိုယ်တိုင် ကျန်းတယ်တံခါးကို စောင့်ကြပ်နေတယ်။ ယန်စစ်တပ်က ခရီးဝေး နှင်လာရတာဆိုတော့ နည်းနည်းလောက် အနားယူပြီးမှ တိုက်မှာပါ။ ချက်ချင်း တိုက်ရင်တောင် စစ်သည်တော်တွေက အသက်ပေးပြီး ကာကွယ်ကြမှာ။ ငါတို့ လုပ်နိုင်တာက နန်းတော်ထဲမှာ အေးဆေးနေပြီး လူတွေကို တည်ငြိမ်အောင် လုပ်ဖို့ပဲ"

ကြောက်လန့်နေလို့ ဘာထူးမှာလဲ။

ဘာမှ မထူးဘူး။ ဒီလိုအချိန်မျိုးမှာ ပိုပြီး တည်ငြိမ်နေဖို့ လိုတယ်။

ကျောက်ယွီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ "အာ့စောင် ပြောတာ မှန်ပါတယ်။ အာ့စောင် ပြောတဲ့အတိုင်း အိပ်ဆောင်ပြန်ပြီး အနားယူလိုက်ပါ့မယ်" သူမလို ဗိုက်ကြီးသည်တစ်ယောက်က ပြဿနာ မရှာရင်ပဲ တော်လှပြီ။

လုမင်ယွိက လီချန်ကို တစ်ချက် စွေကြည့်လိုက်လေသည်။

လီချန်သည် တုန်လှုပ်သွားပြီး သတိပြန်ဝင်လာသည်။ "ကျွန်တော် အခုပဲ ဝမ်ဟွားနန်းဆောင်ကို သွားလိုက်ပါ့မယ်"

...

ကျောက်ယွီ အိပ်ဆောင်ပြန်သွားသည်။ လီချန် ဝမ်ဟွားနန်းဆောင်သို့ သွားသည်။

လုမင်ယွိသည် ဥယျာဉ်ထဲတွင် ဆက်နေချင်စိတ် မရှိတော့သဖြင့် ကျောင်းဖန်နန်းဆောင်သို့ ပြန်သွားလေသည်။

သတင်းစောင့်ရတာ တကယ့်ကို စိတ်ပင်ပန်းစရာပါပဲ။

ယန်စစ်တပ် မြို့တော်ကို ဝိုင်းရံတော့မည်ဖြစ်သဖြင့် လုမင်ယွိမှာ စိတ်မပူဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။ သို့သော်ငြား နန်းတော်ထဲက လူများအကုန်လုံးက သူမကို ကြည့်နေကြသည်။ သူမအနေဖြင့် နည်းနည်းလေးမှ စိတ်လှုပ်ရှားပြလို့ မဖြစ်ချေ။

သူမက ကျောင်းဖန်နန်းဆောင်ထဲတွင် တည်တည်ငြိမ်ငြိမ် ထိုင်နေခြင်းကသာ လူများကို စိတ်ဓာတ်ခွန်အား ပေးသလို ဖြစ်နေသည်။

ညနေစောင်းတွင် လီချန်က လူလွှတ်ပြီး သတင်းပို့လာသည်။ ယန်စစ်တပ်က ချက်ချင်း မတိုက်ခိုက်သေးဘဲ မြို့တော်အပြင်ဘက် မိုင် ၅၀ အကွာတွင် စခန်းချနေကြောင်း သိရလေသည်။ ဒီညတော့ တိုက်ခိုက်မည့်ပုံ မပေါ်ပေ။

လုမင်ယွိ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။

ဒုတိယမြောက်နေ့တွင်လည်း ယန်စစ်တပ် မတိုက်ခိုက်သေးပေ။

တတိယမြောက်နေ့တွင်လည်း ယန်စစ်တပ် မတိုက်ခိုက်သေးပေ။

နန်းတော်အတွင်း တင်းမာမှုများ တိုးပွားလာလေသည်။

ကျောက်ယွီသည် ဘယ်သူမှ တားစရာ မလိုဘဲ အစားအသောက် ပျက်နေပြီ။ ရက်နည်းနည်းအတွင်း မျက်နှာက ပိန်ကျသွားပြီ။ နန်းတော်ထဲက မိဖုရားများနှင့် အပျိုတော်များဆိုလျှင် ပြောစရာမလိုတော့။

မယ်တော်ကြီးကျောက်သည် အကျင့်တစ်ခု ရလာခဲ့သည်။ နေ့တိုင်း လုမင်ယွိကို ရှို့နင်နန်းဆောင်သို့ ခေါ်ပြီး စကားပြောလေ့ရှိသည်။ လုမင်ယွိက ဘာမှ မပြောလျှင် သူမရဲ့ တည်ငြိမ်တဲ့ မျက်နှာကို ကြည့်ရုံနဲ့ မယ်တော်ကြီးကျောက် စိတ်အေးရလေသည်။

"ယန်စစ်တပ်က ဘာလို့ မတိုက်သေးတာလဲ"

မယ်တော်ကြီးကျောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

လုမင်ယွိက တည်ငြိမ်စွာ ဖြေလိုက်လေသည်။ "ယန်ထော်က ကောက်ကျစ်စဉ်းလဲတဲ့သူပါ။ မတိုက်သေးတာက တစ်ခုခု ကြံစည်နေလို့ ဖြစ်မယ်"

မယ်တော်ကြီးကျောက် အသက်ရှူမှားသွားလေသည်။ ဘေးနားတွင် ထိုင်နေသော ချင်ဖေးလည်း မနေနိုင်တော့ဘဲ မေးလိုက်လေသည်။ "ဘာတွေ ကြံစည်နေတာလဲ"

လုမင်ယွိက ချင်ဖေးကို ကြည့်လိုက်လေသည်။ "ကျွန်မလည်း မသိဘူး"

ချင်ဖေးသည် အမြဲတမ်း အပြောခံနေရသဖြင့် စိတ်မဆိုးတော့ဘဲ သက်ပြင်းချလိုက်လေသည်။ "အခု ဘယ်လိုလုပ်ကြမလဲ။ မြို့ထဲမှာ ဒီတိုင်း ထိုင်စောင့်နေရမှာလား"

မုန့်ကွေ့ဖေးနှင့် စူးဖေးတို့လည်း ရောက်နေကြသည်။

ဒီလိုအချိန်မျိုးမှာ ဘယ်သူမှ ရန်ဖြစ်ချင်စိတ် မရှိကြပေ။ အားလုံး စိုးရိမ်ပူပန်နေကြသည်။

စူးဖေးက သက်ပြင်းချလိုက်ပြီး ဝင်ပြောလိုက်လေသည်။ "ကျွန်မ အမြင်အရဆိုရင် ဒီတိုင်း စောင့်နေလို့ မဖြစ်ဘူး။ စစ်သူကြီးလျန်ကို ကျန်းတယ်တံခါး ဖွင့်ခိုင်းပြီး ယန်စစ်တပ်ကို ထွက်တိုက်ခိုင်းရင် ပိုမကောင်းဘူးလား"

မုန့်ကွေ့ဖေးသည် စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သဖြင့် စစ်ရေးအကြောင်း အနည်းငယ် နားလည်လေသည်။ ချက်ချင်း ပြန်လည်ချေပလိုက်လေသည်။ "မြို့တော်ရဲ့ မြို့ရိုးတွေက မြင့်မားထူထဲတယ်။ ခုခံဖို့ လွယ်ကူပြီး တိုက်ခိုက်ဖို့ ခက်ခဲတယ်။ ယန်စစ်တပ်က အတင်းဝင်တိုက်ဖို့ဆိုတာ မလွယ်ဘူး။ စစ်သူကြီးလျန်အတွက် အရေးကြီးဆုံးက မြို့တံခါးကို စောင့်ကြပ်ဖို့ပဲ။ ဘယ်လိုလုပ် တံခါးဖွင့်ပေးပြီး ထွက်တိုက်ခိုင်းရမှာလဲ။ နင် ဘာမှ မသိရင် လျှောက်မပြောနဲ့"

လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "မုန့်ကွေ့ဖေး ပြောတာ အဓိပ္ပာယ် ရှိပါတယ်။ မြို့တံခါး လုံးဝ ဖွင့်ပေးလို့ မဖြစ်ဘူး။ စစ်သူကြီးလျန်က မြို့တံခါးကို လုံလုံခြုံခြုံ စောင့်ကြပ်ထားနိုင်ရင် အကျိုးဆောင်မှု ရမှာပါ။ ယန်စစ်တပ်က ဝင်မတိုက်နိုင်ရင် တခြားနယ်မြေက စစ်ကူတွေ ရောက်လာလိမ့်မယ်။ စိတ်ပူရမှာက ယန်စစ်တပ်လေ။ ကျွန်မတို့ မဟုတ်ဘူး"

စူးဖေး ပါးစပ်ပိတ်သွားတော့သည်။

ထိုစဉ် နန်းတွင်းအပျိုတော်တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "ပဉ္စမမင်းသား ရောက်လာပါတယ်"

လီချန်သည် ကျောင်းဖန်နန်းဆောင်သို့ အရင်သွားပြီး လုမင်ယွိ မရှိမှန်း သိရသဖြင့် ရှို့နင်နန်းဆောင်သို့ လိုက်လာခြင်း ဖြစ်လေသည်။

မယ်တော်ကြီးကျောက်က အလျင်အမြန် ပြောလိုက်လေသည်။ "မြန်မြန် ဝင်ခိုင်းလိုက်"

လီချန် ယူဆောင်လာသော သတင်းမှာ သတင်းကောင်း မဟုတ်ကြောင်း သိသာလှသည်။ "ယန်စစ်တပ် စတင် တိုက်ခိုက်နေပါပြီ"

...

အပိုင်း (၃၉၂) စစ်မီး (၂)

ယခင်က ယန်စစ်တပ်သည် မြို့တော်ကို ဘာလို့များ မတိုက်သေးတာလဲဟု စိုးရိမ်ခဲ့ကြသော်ငြား ယခု တကယ် တိုက်ခိုက်နေပြီ ဆိုလာတော့ လူများက ပိုပြီး စိတ်လှုပ်ရှားလာကြသည်။

အထူးသဖြင့် မယ်တော်ကြီးကျောက်သည် မျက်နှာဖြူဖျော့ပြီး တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

ချင်ဖေးသည် အလျင်အမြန် တွဲကူလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။ "မယ်တော်ကြီး စိတ်မပူပါနဲ့။ စစ်သူကြီးလျန် ရှိနေသရွေ့ ယန်စစ်တပ် မြို့တော်ထဲ ဝင်လို့ရမှာ မဟုတ်ပါဘူး"

မယ်တော်ကြီးကျောက်သည် ချင်ဖေးစကားကို နားမဝင်ဘဲ လုမင်ယွိကို မျှော်လင့်တကြီး ကြည့်လိုက်လေသည်။

လုမင်ယွိသည် လေးလံသော အသံဖြင့် ပြောလိုက်လေသည်။ "စစ်သူကြီးလျန်က မြို့တံခါးကို ကာကွယ်နိုင်မှာပါ။ မယ်တော်ကြီး စိတ်အေးအေးထားပြီး သတင်းကောင်းကို စောင့်နေလိုက်ပါ"

တူညီသော စကားလုံးများကို မတူညီသော လူများက ပြောသည့်အခါ အကျိုးသက်ရောက်မှု ကွာခြားသွားလေသည်။

မယ်တော်ကြီးကျောက်သည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး တုန်လှုပ်နေသော စိတ်နှလုံး တည်ငြိမ်သွားတော့သည်။ "ထိုက်ဇီဖေး ပြောတာ မှန်တယ်။ အားလုံး မကြောက်ကြနဲ့"

ချင်ဖေး "..."

ချင်ဖေးသည် နှုတ်ခမ်းမဲ့လိုက်ပြီး လက်ကိုလွှတ်ကာ သူ့နေရာတွင် ပြန်ထိုင်လိုက်လေသည်။

မယ်တော်ကြီးကျောက်သည် စဉ်းစားလိုက်ပြီး မုန့်ကွေ့ဖေးကို ပြောလိုက်လေသည်။ "အပြင်မှာ စစ်ဖြစ်နေတာ။ ပထမမင်းသားကြင်ရာတော်နဲ့ ကလေးကို နန်းတော်ထဲ ခေါ်လိုက်ပါ။ နန်းတော်က ပိုလုံခြုံတယ်"

စစ်သူကြီးလျန်က သာ့ဝေတိုင်းပြည်အတွက် အသက်ပေး တိုက်ခိုက်နေတာ။ သူ့သမီးကိုတော့ ကောင်းကောင်း ဂရုစိုက်ပေးရမှာပေါ့။

မုန့်ကွေ့ဖေးက ခေါင်းညိတ်လိုက်လေသည်။

အားလုံးသည် ထိုင်နေကြသော်လည်း စိတ်က ယန်စစ်တပ် တိုက်ခိုက်သည့် ကိစ္စဆီ ရောက်နေသဖြင့် စကားပြောချင်စိတ် မရှိကြပေ။ လုမင်ယွိသည် ပထမဆုံး ထရပ်လိုက်သည်။ "မယ်တော်ကြီး၊ မြေးချွေးမ ကျောင်းဖန်နန်းဆောင် ပြန်လိုက်ပါဦးမယ်။ သတင်းထူးရင် ရှို့နင်နန်းဆောင်ကို ချက်ချင်း လာပို့ခိုင်းလိုက်ပါ့မယ်။ ဘယ်လိုသတင်းပဲ ဖြစ်ဖြစ် မယ်တော်ကြီး စိတ်ခိုင်ခိုင်ထားပါ"

မယ်တော်ကြီးကျောက်သည် လုမင်ယွိကို မပြန်စေချင်သေးပေ။ "မိဖုရားခေါင်က နေမကောင်းဘူးဆိုတော့ ကောင်းကောင်း အနားယူရမှာ။ မင်း ရှို့နင်နန်းဆောင်မှာပဲ နေလိုက်ပါလား။ တစ်ခုခုဆို တိုင်ပင်ရလွယ်တာပေါ့"

လုမင်ယွိက နူးညံ့စွာ ပြောလိုက်လေသည်။ "နန်းတွင်းအပျိုတော်ကြီးတွေက ကျောင်းဖန်နန်းဆောင်မှာ သတင်းပို့ရတာ ကျင့်သားရနေပြီ။ မြေးချွေးမလည်း ဟိုမှာပဲ နေသားကျနေပြီ။ မယ်တော်ကြီး ကောင်းကောင်း အနားယူပါ။ လျှောက်မတွေးပါနဲ့"

ပြောပြီးသည်နှင့် နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

လုမင်ယွိ ထွက်သွားသည်နှင့် မယ်တော်ကြီးကျောက်သည် စကားပြောချင်စိတ် မရှိတော့ဘဲ မုန့်ကွေ့ဖေးနှင့် စူးဖေးတို့ကို ပြန်ခိုင်းလိုက်လေသည်။ ချင်ဖေးတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး မယ်တော်ကြီးကျောက်ကို အဖော်ပြုပေးနေလေသည်။

...

လုမင်ယွိ ကျောင်းဖန်နန်းဆောင်သို့ ရောက်သောအခါ ချောင်မိဖုရားခေါင်ကို အရင်သွားကြည့်လေသည်။

ချောင်မိဖုရားခေါင်သည်လည်း သတင်းကြားပြီးပြီ ဖြစ်ရာ စိုးရိမ်တကြီး မေးလိုက်လေသည်။ "ယန်စစ်တပ်က တကယ် တိုက်ခိုက်နေပြီလား။ ကျန်းတယ်တံခါးက ခံနိုင်ပါ့မလား"

လုမင်ယွိက ပြုံးကာ နှစ်သိမ့်လိုက်လေသည်။ "ကျန်းတယ်တံခါးမှာ စစ်သားအများဆုံး ချထားပါတယ်။ စစ်သူကြီးလျန် ကိုယ်တိုင် စောင့်ကြပ်နေတာဆိုတော့ ခံနိုင်မှာပါ။ မူဟုပ် စိတ်မပူပါနဲ့"

ချောင်မိဖုရားခေါင်က ခါးသက်သက် ပြုံးလိုက်လေသည်။ "ပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပန်ကုံး စိတ်ထဲမှာ မတင်မကျ ဖြစ်နေတုန်းပဲ" ခဏရပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ "ဒီရက်ပိုင်း ကိစ္စတွေအကုန်လုံး မင်းပဲ ဒိုင်ခံဖြေရှင်းနေရတာ ပင်ပန်းရပါပြီ"

လုမင်ယွိက ချောင်မိဖုရားခေါင်၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "မပင်ပန်းပါဘူး။ မူဟုပ် မြန်မြန် နေကောင်းဖို့ပဲ မျှော်လင့်ပါတယ်"

ချောင်မိဖုရားခေါင်၏ လက်သည် အေးစက်နေ၏။

လုမင်ယွိ၏ လက်သည် နွေးထွေးပြီး အားပါလေသည်။

လုမင်ယွိ ဆုပ်ကိုင်ထားသဖြင့် ချောင်မိဖုရားခေါင်၏ လက်သည် လျင်မြန်စွာ နွေးထွေးလာလေသည်။

ချောင်မိဖုရားခေါင်သည် စိတ်တည်ငြိမ်သွားပြီး မယ်တော်ကြီးကျောက် အကြောင်း မေးမြန်းလေသည်။ လုမင်ယွိက ရယ်မောကာ ပြောလိုက်လေသည်။ "မယ်တော်ကြီးက အရင်တုန်းက ချွေးမတော်ကို မကြည့်ချင်ပေမဲ့ အခုကျတော့ ခင်နေပြီ။ နေ့တိုင်း လာတွေ့ခိုင်းတယ်။ ဒီနေ့ ယန်စစ်တပ် တိုက်ခိုက်တဲ့ သတင်းကြားတော့ ချွေးမတော်ကို ရှို့နင်နန်းဆောင်မှာပဲ နေခိုင်းနေတာ"

ချောင်မိဖုရားခေါင်သည် ရယ်မောလိုက်လေသည်။ "မယ်တော်ကြီးက အသက်ကြီးပြီဆိုတော့ အားငယ်တတ်တယ်။ မင်းကို မြင်ရရင် စိတ်အေးသွားလို့ နေမှာပေါ့"

မယ်တော်ကြီးကျောက်တင် မကဘူး။ သူမလည်း အတူတူပါပဲ။

လုမင်ယွိက ဘာမှ မလုပ်ရင်တောင် သူ့ရှေ့မှာ တည်ငြိမ်စွာ ထိုင်နေတာကို မြင်ရရုံနဲ့ စိတ်အေးရတယ်။

ညဘက်ရောက်သောအခါ သတင်းထပ်ရောက်လာသည်။

ယန်စစ်တပ်သည် မြို့ထဲသို့ မဝင်နိုင်ခဲ့ဘဲ သေဆုံးဒဏ်ရာရသူ များပြားကာ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိရလေသည်။

အားလုံး စိတ်သက်သာရာ ရသွားကြလေသည်။

သို့သော် လုမင်ယွိ မျက်မှောင်ကြုတ်လိုက်မိလေသည်။

ယန်ထော်က ကောက်ကျစ်စဉ်းလဲတဲ့သူ။ ဒီလောက် လွယ်လွယ်ကူကူ ဆုတ်ခွာသွားစရာ အကြောင်း မရှိဘူး။ တခြား လှည့်ကွက်တစ်ခုခု ကြံစည်နေတာများလား။

လုမင်ယွိသည် စဉ်းစားပြီးနောက် စာတစ်စောင်ရေးကာ စစ်သူကြီးလျန်ထံ ပေးပို့လိုက်လေသည်။

...

နောက်ရက်များတွင်လည်း ယန်စစ်တပ် တိုက်ခိုက်သော်လည်း အရေးနိမ့်ကာ ဆုတ်ခွာသွားသည့် သတင်းများသာ ကြားရလေသည်။ မူလက စိုးရိမ်ပူပန်နေကြသူများသည် စိတ်အေးသွားကြပြီ။

လူတိုင်းက စစ်သူကြီးလျန်ကို ချီးကျူးနေကြပြီး ပထမမင်းသားကြင်ရာတော် လျန်ရှီသည်လည်း မျက်နှာပွင့်လန်းနေတော့သည်။

လျန်ရှီသည် ဖခင်ဖြစ်သူကို လူတိုင်းက ဝိုင်းဝန်းချီးကျူးနေကြသဖြင့် ဝမ်းသာပီတိ ဖြစ်နေလေသည်။

ပထမမင်းသား ညာဘက်ခြေထောက် ဒဏ်ရာရသွားတုန်းက သူမလည်း နေမကောင်း ဖြစ်ခဲ့ရသည်။ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးနေသော်လည်း ဘဝကို ရှေ့ဆက်လျှောက်လှမ်းရဦးမည်။ ရောဂါပျောက်ကင်းပြီးနောက် အိမ်တော်ထဲတွင် နေထိုင်ကာ သားဖြစ်သူ ထန်အာကို ဂရုစိုက်ခဲ့သည်။

ဒီတစ်ခေါက် နန်းတော်ထဲ ဝင်ရောက် နေထိုင်ရသောအခါ ထန်အာကိုပါ ခေါ်ဆောင်လာခဲ့သည်။

မြို့တော်လုံခြုံရေးသည် စစ်သူကြီးလျန်အပေါ် မူတည်နေသဖြင့် မုန့်ကွေ့ဖေးသည် ချွေးမဖြစ်သူကို ယခင်ကထက် ပိုမို ကောင်းမွန်စွာ ဆက်ဆံပေးလေသည်။ "မတွေ့တာ ကြာပြီ။ ထန်အာက ကြီးလာပြီး လိမ္မာလာတာ မင်းရဲ့ ကုသိုလ်ကြောင့်ပဲ"

အိမ်ထောင်ကျပြီး ဒီလောက် ကြာတာတောင် ယောက္ခမရဲ့ မျက်နှာသာပေးခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ။

လျန်ရှီသည် စိတ်ထဲတွင် ကျိတ်ရယ်လိုက်မိပြီး ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ဒါက အာရှီရဲ့ တာဝန်ပါ။ မူဖေး ဒီလောက် ချီးကျူးနေတာ အားနာစရာ ကောင်းလိုက်တာ"

မုန့်ကွေ့ဖေးက ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "မင်းက ထန်အာနဲ့အတူ နန်းတော်ထဲမှာ နေတာဆိုတော့ လိုအပ်တာ ရှိရင် ပြောနော်။ အားမနာနဲ့"

စကားပြောပုံက နန်းတွင်းကိစ္စတွေကို သူပဲ စီမံနေသလိုမျိုး။

နန်းတွင်းကိစ္စတွေကို လုမင်ယွိက တာဝန်ယူထားတာ။ စားဝတ်နေရေး အသုံးစရိတ်တွေကိုလည်း လုမင်ယွိက ဆုံးဖြတ်တာ။ ယန်စစ်တပ် မြို့တော်နား ရောက်လာကတည်းက လုမင်ယွိက အရှေ့နန်းဆောင်ရဲ့ အသုံးစရိတ်ကို လျှော့ချလိုက်သလို တခြားနန်းဆောင်တွေရဲ့ အသုံးစရိတ်ကိုလည်း ၃၀ ရာခိုင်နှုန်း လျှော့ချလိုက်တယ်။ မုန့်ကွေ့ဖေးက ဘာမှ မပြောရဲပါဘူး။

လျန်ရှီသည် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ပြီး ပြုံးကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "မူဖေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ကျွန်မနဲ့ ထန်အာ နန်းတော်ထဲမှာ နေရတာ အဆင်ပြေပါတယ်။ လိုအပ်တာ မရှိပါဘူး"

သားအမိနှစ်ယောက် ဟိုဟိုဒီဒီ လျှောက်ပြောနေကြပြီး ပြောစရာ ကုန်သွားကြသည်။

မုန့်ကွေ့ဖေးသည် ထန်အာကို လှမ်းကြည့်လိုက်ပြီး ပြုံးကာ ခေါ်လိုက်လေသည်။ "ထန်အာ၊ အဘွားဆီ လာပါဦး"

ထန်အာသည် မွေးကတည်းက ကျန်းမာရေး မကောင်းဘဲ မကြာခဏ နေမကောင်းဖြစ်တတ်သည်။ အခု ၂နှစ်ကျော်ဖြစ်ဆိုသော်လည်း အရပ်အမောင်းက ရွှီအာ၊ ရွှမ်းအာတို့နဲ့ မတိမ်းမယိမ်း ရှိပြီး မျက်နှာလေးက ပိန်နေသည်။

ထန်အာ၏ မျက်နှာသွင်ပြင်သည် ကွယ်လွန်သွားသော မိခင်အရင်း (အပျိုတော်ယန်) နှင့် တူသည်။ ရုပ်ရည်အားဖြင့် ပထမမင်းသား ငယ်ငယ်တုန်းကထက် ပိုချောမောသည်။

ထို့အပြင် ထန်အာသည် လိမ္မာပြီး မဆော့ကစားတတ်ပေ။ ယန်ရှီးနန်းဆောင်သို့ ရောက်ကတည်းက ငြိမ်ငြိမ်လေး ထိုင်နေပြီး ပြေးလွှားဆော့ကစားခြင်း မရှိပေ။

မုန့်ကွေ့ဖေး လက်ယပ်ခေါ်လိုက်သည်နှင့် ထန်အာသည် လိမ္မာစွာ ထလာပြီး အဘွား ဟု ခေါ်လိုက်လေသည်။

မုန့်ကွေ့ဖေးသည် ထန်အာကို ဖက်ထားပြီး မေးလိုက်လေသည်။ "နန်းတော်ထဲမှာ နေရတာ ပျော်လား။ ထမင်းရော စားရဲ့လား။ ကြည့်ပါဦး ပိန်လိုက်တာ"

ထန်အာသည် စကားပြော နောက်ကျသဖြင့် စကားလုံး ၂လုံးစီသာ ပြောတတ်သေးသည်။ "ပျော်တယ်"

"ဝတယ်"

ပါးစပ်သွက်ပြီး ဉာဏ်ကောင်းသော ရွှီအာ၊ ရွှမ်းအာတို့နှင့် ယှဉ်လိုက်လျှင် အများကြီး ကွာခြားနေလေသည်။

မုန့်ကွေ့ဖေးသည် မကျေနပ်သဖြင့် လျန်ရှီကို မျက်စောင်းထိုးလိုက်လေသည်။ "ထန်အာက ရွှီအာထက် လဝက်လောက် ကြီးတာတောင် စကားပြောတာ ရွှီအာကို မမီဘူး"

ဟွန်း၊ ခဏလေးတောင် သည်းမခံနိုင်ဘူး။ အပြစ်ရှာတော့တာပဲ။

လျန်ရှီသည် မျက်လွှာချလိုက်ပြီး တိုးတိုးလေး ဖြေလိုက်လေသည်။ "နောက်ဆိုရင် အာရှီ ထန်အာ စကားပြောတာကို သေချာ သင်ပေးပါ့မယ်"

မုန့်ကွေ့ဖေး ဆက်ပြောရန် ပြင်လိုက်စဉ် နန်းတွင်းအပျိုတော်တစ်ဦး အပြေးအလွှား ရောက်လာပြီး ထိတ်လန့်တုန်လှုပ်စွာ လျှောက်တင်လိုက်လေသည်။ "မုန့်ကွေ့ဖေးညန်ညန်၊ ယန်စစ်တပ်က အဆိပ်ခတ်တဲ့ နည်းလမ်းသုံးပြီး မြို့ထဲ ဝင်ဖို့ ကြိုးစားနေတယ်တဲ့"

...

အပိုင်း (၃၉၃) ကောက်ကျစ်စဉ်းလဲသော အစီအစဉ် (၁)

ဘာ!

ယန်စစ်တပ်က မြို့တံခါးကို ချိုးဖောက်ပြီး မြို့ထဲ ဝင်လုနီးပါး ဖြစ်ခဲ့တယ်တဲ့လား။

လျန်ရှီသည် ရုတ်တရက် ထရပ်လိုက်ပြီး မျက်နှာဖြူဖျော့ကာ အသံတုန်ယင်စွာဖြင့် မေးလိုက်လေသည်။ "ဘာ အဆိပ်ခတ်တဲ့ နည်းလမ်းလဲ။ ငါ့အဖေ စစ်သူကြီးလျန် အခု ဘယ်လိုနေလဲ"

စစ်သူကြီးလျန်က ကျန်းတယ်တံခါးကို ကိုယ်တိုင် စောင့်ကြပ်နေရသည်။ တံခါးကျိုးပေါက်သွားလျှင် အရင်ဆုံး အန္တရာယ်ကြုံရမယ့်သူက စစ်သူကြီးလျန်ပင်။ လျန်ရှီမှာ ဖခင်ကို စိတ်ပူလွန်းလို့ အသံပင် ပြောင်းသွားလေသည်။

မုန့်ကွေ့ဖေး၏ မျက်နှာထားလည်း ဆိုးရွားနေလေသည်။ "တကယ် ဘာဖြစ်တာလဲ"

သတင်းလာပို့သော နန်းတွင်းအပျိုတော်က တုန်လှုပ်စွာ ဖြေလိုက်လေသည်။ "ကျွန်မလည်း သေချာ မသိပါဘူး။ ကျောင်းဖန်နန်းဆောင်က ထွက်လာတဲ့ သတင်းကို ကြားတာပါ"

မုန့်ကွေ့ဖေးနှင့် လျန်ရှီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး ကျောင်းဖန်နန်းဆောင်သို့ အလျင်အမြန် သွားကြလေသည်။

သားအမိနှစ်ယောက် လမ်းလျှောက်တာတောင် မစောင့်နိုင်တော့ဘဲ အပြေးအလွှား သွားကြလေသည်။ ကျောင်းဖန်နန်းဆောင်ရှေ့ ရောက်သောအခါ ချင်ဖေးနှင့် ကျောက်ယွီတို့ကို တွေ့လိုက်ရလေသည်။ စူးဖေးကတော့ မုန့်ယွင်လော်နှင့်အတူ နောက်ကျမှ ရောက်လာလေသည်။

ကျောက်ယွီနှင့် လျန်ရှီတို့ နန်းတော်ထဲ ဝင်ရောက် နေထိုင်ပြီးနောက် မုန့်ယွင်လော်သည်လည်း နန်းတော်ထဲသို့ လိုက်ပါ နေထိုင်ခဲ့လေသည်။

ဘယ်သူမှ စကားပြောချင်စိတ် မရှိကြဘဲ ကျောင်းဖန်နန်းဆောင်ထဲသို့ အတူတူ ဝင်သွားကြလေသည်။

လုမင်ယွိနှင့် ဟွေ့အန်းကုန်းကျူတို့က ခန်းမထဲတွင် ထိုင်နေကြသည်။ နေမကောင်းဖြစ်နေသော ချောင်မိဖုရားခေါင်သည်လည်း ဇာမဏီသလွန်ပေါ်တွင် ထိုင်နေလေသည်။

လူတိုင်း ဂါရဝပြုမည် လုပ်စဉ် ချောင်မိဖုရားခေါင်က တားလိုက်လေသည်။ "နေပါစေတော့။ ဒီလိုအချိန်ရောက်မှ ဟန်ဆောင် ဂါရဝပြုမနေပါနဲ့။ ထိုင်ကြပါ"

ချောင်မိဖုရားခေါင်သည် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မြို့တံခါး ပွင့်လုနီးပါး ဖြစ်သွားတယ်ဆိုတဲ့ သတင်းကြားတော့ ပန်ကုံး စိတ်ပူသွားတယ်။ မင်းတို့လည်း အတူတူပါပဲ။ ဒီကိစ္စကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ လုရှီ၊ ဖြစ်ပျက်ခဲ့တာတွေကို အားလုံး သိအောင် ပြောပြလိုက်ပါ"

လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး လူတိုင်း၏ ကြောက်လန့်နေသော မျက်နှာများကို ကြည့်လိုက်လေသည်။

သူမ၏ ရင်ထဲတွင် ဒေါသအရှိန်အဟုန်က တခြားလူများထက် ပိုပြင်းထန်နေလေသည်။

"ယန်ထော်က အရမ်း ကောက်ကျစ်စဉ်းလဲတဲ့သူပါ။ အရင်ရက်တွေတုန်းက တိုက်ခိုက်တာက ဟန်ပြသက်သက်ပဲ။ တကယ်တမ်းကျတော့ သူ့စစ်တပ် အများစုက မြို့တော်နဲ့ အနီးဆုံး မြို့နယ်တွေကို သွားပြီး ပြည်သူတွေကို ဖမ်းဆီးနေတာ"

"ဒီနေ့ တိုက်ပွဲမှာ ယန်စစ်တပ်က အဲဒီပြည်သူတွေကို ရှေ့ကနေ မောင်းထုတ်ပြီး မြို့တံခါး ဖွင့်ခိုင်းတယ်။ ယန်စစ်သားတွေက အပြစ်မဲ့ပြည်သူတွေရဲ့ အနောက်ကနေ သတ်ဖြတ်နေကြတယ်။ မြို့တံခါး စောင့်နေတဲ့ စစ်သားတွေက ဒီမြင်ကွင်းကို ကြည့်ပြီး စိတ်ဓာတ်ကျသွားကြတယ်။ တိုက်ခိုက်ချင်စိတ် ကုန်ခမ်းသွားပြီး မြို့တံခါး ပွင့်လုနီးပါး ဖြစ်သွားတာ..."

လုမင်ယွိ စကားမဆုံးသေးမီ ကျောက်ယွီသည် ဒေါသတကြီး ထရပ်လိုက်လေသည်။ "ဒီလောက် ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းကို သုံးရတယ်လို့။ တကယ် မုန်းစရာ ကောင်းလိုက်တာ"

လျန်ရှီသည် မျက်နှာအုပ်ပြီး ငိုကြွေးလိုက်လေသည်။ "ယန်စစ်တပ်က ဒီလို ယုတ်မာတဲ့ နည်းလမ်းသုံးမှတော့ အဖေ ဘယ်လိုလုပ် ခုခံနိုင်တော့မှာလဲ"

ဟုတ်ပါသည်။ သာ့ဝေတိုင်းပြည်၏ စစ်သည်တော်များသည် နိုင်ငံနှင့် လူမျိုးကို ကာကွယ်ရန် တာဝန်ရှိသည်။ ကိုယ့်တိုင်းသူပြည်သားများကို ရန်သူများက သတ်ဖြတ်နေသည်ကို လက်ပိုက်ကြည့်နေရသည်က မည်မျှ နာကျင်စရာ ကောင်းလိုက်သနည်း။ စစ်သားများ စိတ်ဓာတ်ကျသွားသည်ကလည်း မဆန်းတော့ချေ။

မြို့တံခါး ပွင့်မသွားတာက စစ်သူကြီးလျန်ရဲ့ အရည်အချင်းကြောင့်လို့ပဲ ပြောရမယ်။

မနက်ဖြန်ကျရင် ယန်စစ်တပ်က ဒီနည်းလမ်းကို ထပ်သုံးရင် ဘယ်လိုလုပ်မလဲ။

စစ်သူကြီးလျန် ဘယ်လို ဖြေရှင်းမလဲ။

ပြည်သူတွေကို ငဲ့ညှာရင် စစ်တိုက်လို့ မရတော့ဘူး။ ပြည်သူတွေကို လစ်လျူရှုလိုက်ရင် စစ်သားတွေရဲ့ စိတ်ဓာတ် ကျဆင်းသွားမယ့်အပြင် တိုင်းပြည်မှာ ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်တယ်။

တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ အစီအစဉ်ပါပဲ။

ယန်ထော်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။

အရင်ဘဝတုန်းက လုလင်းက ယန်ထော်ရဲ့ အစီအစဉ်ကြောင့် သေဆုံးခဲ့ရတယ်။ မသေခင် ယန်ထော်ကို ပြန်သတ်သွားနိုင်ခဲ့လို့ တော်သေးတယ်။ ဒီဘဝမှာ လုလင်းက ယန်ထော်နဲ့ ထိပ်တိုက် မတွေ့ခဲ့ပေမဲ့ လီကျင့် ဒဏ်ရာရသွားခဲ့တယ်။

အခု ယန်ထော်က မြို့တော်အထိ ရောက်လာပြီး ယုတ်မာတဲ့ နည်းလမ်းတွေ သုံးနေပြန်ပြီ။

လုမင်ယွိ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသော်လည်း မျက်နှာထားက အေးစက်တည်ငြိမ်နေလေသည်။ "သာ့စောင် စိတ်မပူပါနဲ့။ လွန်ခဲ့တဲ့ ရက်နည်းနည်းက တိုက်ပွဲတွေ အဆင်ပြေလွန်းနေတော့ ကျွန်မ သံသယဖြစ်ပြီး စစ်သူကြီးလျန်ဆီ စာရေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် မြို့တံခါးကို လုံခြုံအောင် ကာကွယ်ဖို့က အဓိကပဲလို့ မှာလိုက်တယ်"

"နောက်ပိုင်းကျရင် တစ်ယောက်ယောက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်သူကြီးလျန်ကို အပြစ်တင်လာရင် စစ်သူကြီးလျန်က ကျွန်မရဲ့ စာကို ထုတ်ပြလိုက်လို့ ရတယ်။ ဒါက ထိုက်ဇီဖေးရဲ့ အမိန့်ပါလို့ ပြောလိုက်ရင် ရပြီ"

လူတိုင်း အံ့အားသင့်သွားပြီး လုမင်ယွိကို ဝိုင်းကြည့်လိုက်ကြလေသည်။

ချောင်မိဖုရားခေါင်၏ မျက်နှာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်လေသည်။ "ဘယ်လိုလုပ် ဖြစ်မှာလဲ"

ဒါက စစ်သူကြီးလျန် ခံရမယ့် အပြစ်တွေကို လုမင်ယွိက ခံယူလိုက်တာပဲ။

စစ်သူကြီးလျန်က ဂုဏ်သိက္ခာ လိုချင်သလို ထိုက်ဇီဖေးကရော ဂုဏ်သိက္ခာ မလိုချင်ဘူးလား။ အခု စစ်တိုက်နေချိန်ဆိုတော့ ဘယ်သူမှ ဂရုမစိုက်နိုင်ပေမဲ့ စစ်ပြီးသွားရင် ဒီကိစ္စကို ပြန်ဖော်ကြမှာ သေချာတယ်။

အဲဒီအချိန်ကျရင် လုမင်ယွိ ဘယ်လို ဖြေရှင်းမလဲ။

ဟွေ့အန်းကုန်းကျူသည်လည်း သဘောပေါက်သဖြင့် မျက်နှာပျက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "အာ့တိမေ့၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဒီကိစ္စက နောက်ပြောင်စရာ မဟုတ်ဘူး"

ဘယ်လိုလုပ် လွယ်လွယ်လေး ပြောထွက်နိုင်ရတာလဲ။

လုမင်ယွိသည် လူအများ၏ အကြည့်အောက်တွင် မတ်တပ်ရပ်လိုက်လေသည်။ မျက်နှာထားက ကျောက်ဆစ်ရုပ်တုလို တည်ငြိမ်အေးစက်နေလေ၏။ "စစ်သူကြီးလျန်က မြို့တော်ကို ကာကွယ်ဖို့ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတာပါ။ ကျွန်မက ထိုက်ဇီဖေး တစ်ယောက်အနေနဲ့ မကောင်းသတင်းလေး နည်းနည်း ခံရတာ ဘာဖြစ်သွားမှာမလို့လဲ။ လူတိုင်းက ကိုယ်လွတ်ရုန်းနေမယ်ဆိုရင် စစ်သူကြီးလျန်နဲ့ စစ်သည်တော်တွေ စိတ်ဓာတ်ကျကုန်မှာပေါ့"

"အခု အရေးကြီးဆုံးက မြို့တံခါးကို ကာကွယ်ဖို့နဲ့ မြို့တော် လုံခြုံရေးပဲ။ ကျန်တာတွေကို ခဏ မေ့ထားလိုက်ပါ"

လျန်ရှီသည် မျက်ဝန်းများ နီရဲလာပြီး လုမင်ယွိကို ဦးညွှတ် ဂါရဝပြုလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် အာ့တိမေ့"

လုမင်ယွိသာ တာဝန်မယူရင် အပြစ်အားလုံးက စစ်သူကြီးလျန် ခေါင်းပေါ် ရောက်လာမှာ။

အခု လုမင်ယွိက ရှေ့ထွက်ကာကွယ်ပေးလိုက်တော့ စစ်သူကြီးလျန် သက်သာသွားပြီ။

ဒီလုပ်ရပ်တစ်ခုတည်းနဲ့တင် အရင်တုန်းက မကျေနပ်ချက်တွေ၊ သံသယတွေ၊ မနာလိုမှုတွေ အကုန်လုံး ပျောက်ကွယ်သွားခဲ့ပြီ။

လျန်ရှီ၏ ရင်ထဲတွင် လုမင်ယွိကို ကျေးဇူးတင်စိတ်များသာ ပြည့်နှက်နေတော့သည်။

လုမင်ယွိ၏ မျက်နှာထား တည်ငြိမ်ပြတ်သားနေလေသည်။ "သာ့စောင် ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်မက ထိုက်ဇီဖေး ဖြစ်တဲ့အတွက် မြို့တော်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဒါတွေက ပြောပလောက်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး"

လျန်ရှီသည် စကားမပြောနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

မုန့်ယွင်လော်သည် လုမင်ယွိကို တိတ်တဆိတ် ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်လေသည်။

သူမသာ ဆိုရင် ပြည်သူတွေရဲ့ အသက်ကို လစ်လျူရှုတယ်ဆိုတဲ့ မကောင်းသတင်းကို ဘယ်တော့မှ ခံယူမှာ မဟုတ်ဘူး။ သူမက လုမင်ယွိကို မမီဘူးဆိုတာ ဝန်ခံရမှာ ရှက်မိတယ်။

ကျောက်ယွီသည်လည်း မျက်ဝန်းများ နီရဲလာပြီး ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "အာ့စောင်၊ ဒီနေ့ကစပြီး အာ့စောင်ကို လေးစားသွားပါပြီ"

လုမင်ယွိက နောက်ပြောင်လိုက်လေသည်။ "နင်ပြောပုံအရဆိုရင် အရင်တုန်းက ငါ့ကို မလေးစားဘူးပေါ့။ ငါက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖေးနော်"

ကျောက်ယွီသည် ငိုရမလို ရယ်ရမလို ဖြစ်သွားပြီး မျက်ရည်သုတ်လိုက်လေသည်။

မုန့်ကွေ့ဖေးနှင့် ချင်ဖေးတို့ ဘာမှ မပြောကြပေ။ စူးဖေးကတော့ လုမင်ယွိ ဒုက္ခရောက်တာကို မြင်ချင်နေသူ ဖြစ်သဖြင့် ချီးကျူးဟန်ဆောင်လိုက်လေသည်။ "ထိုက်ဇီဖေးက သဘောထားကြီးပြီး ရဲရင့်တာ လေးစားစရာပါပဲ။ ဒါပေမဲ့ ယန်စစ်တပ်က အစီအစဉ်နဲ့ လာတာဆိုတော့ မနက်ဖြန်၊ သဘက်ခါကျရင်လည်း ဒီနည်းလမ်းကို သုံးဦးမှာပဲ။ ယန်စစ်သားတွေ ပြည်သူတွေကို သတ်ဖြတ်နေတာကို ဒီတိုင်း ထိုင်ကြည့်နေရမှာလား။ ဖြေရှင်းနည်း တစ်ခုခု စဉ်းစားမှ ဖြစ်မယ်"

ချောင်မိဖုရားခေါင်သည် စိတ်ပူလွန်းသဖြင့် မျက်မှောင်ကြုတ်ထားလေသည်။ "ဟုတ်တာပေါ့။ ယန်စစ်တပ်က ပြည်သူ ဘယ်နှယောက် ဖမ်းထားလဲ မသိဘူး။ နေ့တိုင်း ဒီလို လုပ်နေရင် စစ်သည်တွေ ခံနိုင်ရည် ရှိပါ့မလား"

ယန်စစ်တပ်ကို မနိုင်ခင် သာ့ဝေတိုင်းပြည်ရဲ့ စစ်သည်တွေ စိတ်ဓာတ်ကျသွားမှာ စိုးရိမ်ရတယ်။

လုမင်ယွိ၏ မျက်ဝန်းများ တောက်ပသွားပြီး လေးနက်စွာ ပြောလိုက်လေသည်။ "ချောင်ကောလောင်တို့ ဆွေးနွေးနေကြလောက်ပြီ။ ကျွန်မ မူဟုပ်နဲ့အတူ သွားနားထောင်မယ်"

...

All Chapters