← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အပိုင်း (၃၉၇) ယုတ်မာသော အစီအစဥ် (၁)

လီချန်၏ အကြည့်များသည် ဟိုဟိုဒီဒီ ရွေ့လျားနေပြီး ခေါင်းဟန့်ကာ ပြန်ဖြေလိုက်၏။ "ကျွန်တော် ဘာမှမသိဘူး"

တကယ်ကို တစ်ခုခု ရှိနေတာပဲ။

မဟုတ်ရင် ဘာကိစ္စမှမရှိဘူးလို့ ဖြေရမှာကို ဘာမှမသိဘူးလို့ မဖြေသင့်ဘူးလေ။

စူးဖေး၏ မျက်လုံးများ တောက်ပလာပြီး လီချန်၏ လက်မောင်းကို ဆုပ်ကိုင်ကာ အလျင်အမြန် တိုးတိုးလေး မေးလိုက်သည်။ "အားချန် မင်းသိထားတာကို အမြန်ပြောပြစမ်း။ ငါတို့က သားအမိအရင်းတွေပဲလေ။ ဒီလောကမှာ အရင်နှီးဆုံးလူတွေပဲ ဘာဖုံးကွယ်စရာ ရှိလို့လဲ။ လုမင်ယွိက ဟန်ဆောင်ဖျားနေတာ မဟုတ်လား"

"သူတနေ့လုံး ပျောက်နေတာက ရောဂါကိုအကြောင်းပြပြီး တစ်ခုခုသွားလုပ်နေတာ မဟုတ်လား ... နေပါအုံး သူတိတ်တိတ်လေး နန်းတော်အပြင် ထွက်သွားတာလား"

လီချန်၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး အလိုလို မော့ကြည့်လိုက်မိလေသည်။ "မူဖေး ဘယ်လိုသိတာလဲ"

"ထင်တဲ့အတိုင်းပဲ"

စူးဖေး၏ မျက်ဝန်းထဲတွင် သံသယဖြစ်ဖွယ် အလင်းရောင်များ တောက်ပလာပြီး ဘာကြံစည်နေမှန်း မသိရပေ။ "သူက မာနကြီးပြီး ကိုယ့်ဟာကို အထင်ကြီးတဲ့မိန်းမပဲ။ ကျန်းတယ်တံခါးမှာ ပြည်သူတွေ အသတ်ခံရတယ်ဆိုတာကြားတော့ သူ သည်းမခံနိုင်တော့တာ သေချာတယ်။ သူ့စိတ်ဓာတ်နဲ့ဆိုရင် နန်းတော်ထဲက တိတ်တိတ်လေးထွက်ပြီး ယန်စစ်သူကြီးကို လုပ်ကြံဖို့ သွားတာဖြစ်မယ်"

လီချန်၏ မျက်လုံးကျဥ်းကျဥ်းလေးများမှာ ပြူးကျယ်သွားပြီး ပါးစပ်ဟသွားလေသည်။ "မူဖေး ဘယ်လိုလုပ်ပြီး အကုန်သိနေတာလဲ"

စူးဖေးက ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။ "ငါက နိုင်ငံရေး နားမလည်ဘူး။ စစ်တိုက်တာ နားမလည်ဘူး။ ဒါပေမဲ့ လုမင်ယွိအကြောင်းကိုတော့ ကောင်းကောင်းသိတယ်"

လီချန်ကလဲ အမှတ်တမဲ့ မေးလိုက်မိလေသည်။ "မူဖေးက အာ့စောင်နဲ့ စကားတောင် သိပ်မပြောဖြစ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်သိနေရတာလဲ"

စူးဖေး "..."

စူးဖေး၏ အပြုံးမှာ တောင့်ခဲသွားပြီး စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ "လုမင်ယွိက သတင်းပေါက်ကြားမှာစိုးလို့ တိတ်တိတ်လေး ထွက်သွားတာဖြစ်မယ်။ အခု အရှေ့နန်းဆောင်မှာ လူမရှိတော့ဘူး။ ရွှီအာနဲ့ရွှမ်းအာပဲ ရှိတော့တာ။ ဒါက ရှားပါးတဲ့ အခွင့်အရေးကောင်းပဲ"

အခွင့်အရေးကောင်း ဟုတ်လား။

ဘာအခွင့်အရေးကောင်းလဲ။

လီချန်မှာ နားမလည် ဖြစ်သွားလေသည်။ "မူဖေး ဘာပြောချင်တာလဲ။ ကျွန်တော် နားမလည်ဘူး"

စူးဖေး၏ မျက်ဝန်းများက တောက်ပသွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "ဘာမှမဟုတ်ပါဘူး သဘောပြောပြတာပါ။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့နော်။ လျှို့ဝှက်ထားရမယ်"

လီချန်က စိတ်ပျက်လက်ပျက် နှာခေါင်းရှုံ့လိုက်လေသည်။ "ကျွန်တော်က ဘယ်သူ့ကိုမှ ပြောပြဖို့ အစီအစဥ် မရှိပါဘူး။ မူးဖေး အတင်းမေးလို့သာ ပြောပြလိုက်ရတာ"

စူးဖေးကလဲ ပြုံးကာချော့လိုက်လေသည်။ "ငါ့ဘာသာ ရိပ်မိတာပါ။ မင်းပြောတာမှ မဟုတ်တာ။ မိုးချုပ်နေပြီ။ မင်း အိပ်ဆောင်ပြန်ပြီး အနားယူတော့ ပင်ပန်းနေအုံးမယ်"

လီချန်သည်လဲ ခေါင်းညိမ့်လိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

စူးဖေးသည် အိပ်ခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်နေပြီး ဘာကြံစည်နေမှန် မသိရပေ။ မကောင်းဆိုးဝါးကဲ့သို့ ရယ်မောလိုက်လေ၏။ "လုမင်ယွိ လုမင်ယွိ ငါဒီလောက်အကြာကြီး သည်းခံလာခဲ့ရတာ နောက်ဆုံးတော့ အခွင့်အရေးရပြီ"

"ဒီတစ်ခါတော့ နင့်ကို မသေမရှင် နာကျင်ရအောင် လုပ်ပစ်မယ် ဟား ဟား ဟား!"

...

နောက်တနေ့တွင် ရာသီဥတု သာယာနေလေသည်။

ကျန်းတယ်တံခါးအပြင်ဘက်တွင် ယန်စစ်တပ်သည် တိုက်ပွဲစတင်ရန် ပြင်ဆင်နေကြ၏။

တညလုံး လက်နက်မချဘဲ အိပ်စက်ခဲ့သော သာ့ဝေစစ်သည်တော်များသည် အမိန့်ပေးသံကြားသည်နှင့် မြို့ရိုးပေါ်သို့ အလျင်အမြန် တက်ရောက်သွားကြသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ငရဲခန်းကဲ့သို့ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို တွေ့မြင်လိုက်ရလေသည်။

လက်နက်မဲ့ပြည်သူ ရာပေါင်းများစွာကို ယန်စစ်တပ်က မြို့တံခါးရှေ့သို့ မောင်းနှင်လာခဲ့သည်။ ငိုကြွေးသံများက ဆူညံလို့နေ၏။

"တောင်းပန်ပါတယ်။ မြို့တံခါးကို ဖွင့်ပေးကြပါ" ကျွန်တော်တို့ကို အသက်ချမ်းသာပေးကြပါ။ ကျွန်တော်တို့ မသေချင်သေးပါဘူး"

ပြည်သူများထဲတွင် အသက်၆၀၊ ၇၀အရွယ် အဘိုးအဘွားများ ၅နှစ်၆နှစ်အရွယ်ကလေးများ ပိန်လှီချိနဲ့နေသော အမျိုးသမီးများပါဝင်ပြီး အဝတ်အစား စုတ်ပြတ်သပ်နေကာ မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာများဖြင့် ရှိနေကြလေသည်။

သူတို့သည် ရှေ့မတိုးချင်ကြသော်ငြားလည်း အနောက်မှ ဓားများ လှံများဖြင့် ချိန်ရွယ်ထားသဖြင့် တစ်လှမ်းချင်း တိုးလာရသည်။ ဒူးထောက်ကာ ဦးခေါင်းဖြင့် မြေပြင်ကိုဆောင့်ပြီး မြို့တံခါးဖွင့်ပေးရန် တောင်းပန်နေကြလေသည်။

မလှုပ်ရှားဘဲငြိမ်နေသူ မငိုကြွေးသူများကို အနောက်မှ ယန်စစ်သားများက ဓားဖြင့် ခုတ်သတ်ပစ်လိုက်ကြသည်။

သူတို့သည် မည်မျှပင် သနားစဖွယ် ငိုကြွေးနေစေကာမူ မြို့တံခါးက ပွင့်မလာခဲ့ပေ။ နောက်ဆုံးတွင် သူတို့သည် ယန်စစ်တပ်၏ ဓားချက်အောက်တွင် သေဆုံးရသည်။ သို့မဟုတ်လျှင်လည်း မြို့စောင့်တပ်၏ မြှားချက်အောက်တွင် သေဆုံးရသည်သာ အဖတ်တင်လေသည်။

၃ရက်ဆက်တိုက် ဒီလိုပင် ဖြစ်ပျက်နေခဲ့၏။

လူပြည်ငရဲခန်းဆိုသည်မှာ ဒီမြင်ကွင်းကို ခေါ်ခြင်းပင် ဖြစ်လိမ့်မည်။

စစ်သည်တော် တစ်ချို့သည် မျက်ဝန်းများနီရဲနေပြီး တစ်ချို့က ခေါင်းကိုလွှဲထားကြ၏။ စိတ်ဓာတ်ပျော့ညံ့သူတစ်ချို့မှာ မခံစားနိုင်တော့ဘဲ ငိုကြွေးနေကြလေသည်။

စစ်သူကြီးလျန်သည် မြို့ရိုးပေါ်တွင် ရပ်နေပြီး တိတ်ဆိတ်စွာ ကြည့်နေလေ၏။ ဓားကို ဆုပ်ကိုင်ထားသော လက်မောင်းတွင် သွေးကြောများ ထောင်တက်နေတော့သည်။

"စစ်သူကြီး ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်တော့ဘူး"

ဒုတိယစစ်သူကြီးလျို၏ နာကျင်သောအသံ ထွက်ပေါ်လာသည်။ "ဒီရက်ပိုင်းအတွင်း မြို့တံခါးမှာ သေဆုံးတဲ့ပြည်သူတွေ များလွန်းနေပြီ။ စစ်သည်တော်တွေ ခံနိုင်ရည် မရှိတော့ဘူး"

ထို့နောက် ဒုတိယစစ်သူကြီးတစ်ဦးကလဲ ဝင်ပြောလိုက်လေသည်။ "ဟုတ်ပါတယ်။ စစ်သည်တော်တွေက ရန်သူနဲ့တိုက်ခိုက်ပြီး သေရမှာကို မကြောက်ကြပါဘူး။ ဒါပေမဲ့ လက်နက်မဲ့ပြည်သူတွေကို မြှားနဲ့ပစ်သတ်ရတာကိုတော့ ဘယ်လိုလုပ်ပြီး လုပ်ရက်နိုင်ကြမှာလဲ"

ကျန်းတယ်တံခါးသည် လုံခြုံနေသော်လည်း စစ်သည်တော်များ၏ စိတ်ဓာတ်သည် ပျက်စီးလုနီးပါး ဖြစ်နေလေပြီ။

ဒီအတိုင်းဆက်သွားလျှင် မတိုက်ခင်ကတည်းက ရှုံးနိမ့်သွားနိုင်သည်။

ဒါက ယန်စစ်တပ်၏ ယုတ်မာသည့် အချက်ပင်။

ဒုတိယစစ်သူကြီးလျိုက ခွင့်တောင်းလိုက်၏။ "ကျန်းကျွင်း ကျန်တော့်ကို စစ်တပ်ထဲက ထုတ်ပေးပါ။ ယန်စစ်တပ်နဲ့ အသေအကြေ သွားတိုက်ပါရစေ"

ထို့နောက် ဒုတိယစစ်သူကြီးတစ်ဦးကလဲ ချက်ချင်းပြောလိုက်သည်။ "ကျန်တော့်ကို သွားခွင့်ပြုပါ"

ကျန်စစ်သူကြီးများကလဲ ဝိုင်းဝန်းတာင်းဆိုကြ၏။ "ကျွန်တော် သွားပါရစေ။ ဒီယန်ကောင်တွေကို မသတ်ရမချင်း ပြန်မလာပါဘူး"

"ကျန်းကျွင်း ကျွန်တော်တို့ကို မြို့ပြင်ထွက်ပြီး တိုက်ခိုက်ခွင့်ပေးပါ"

စစ်သူကြီးလျန်သည် ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။ လည်ချောင်းထဲတွင် သဲများဝင်နေသလို အသံက အက်ကွဲနေသော်ငြား ပြတ်သားနေလေ၏။ "မြို့ပြင်ထွက်ပြီး တိုက်ခိုက်တာက ယန်စစ်တပ်ရဲ့ ထောင်ချောက်ထဲ ဝင်သွားသလို ဖြစ်နေမှာပေါ့"

"ငါတို့လုပ်ရမှာက မြို့တံခါးကို လုံခြုံအောင် ကာကွယ်ဖို့ပဲ။ ယန်စစ်တပ် မြို့ထဲဝင်မလာနိုင်အောင် တားဆီးရမယ်။ မြို့တော်လုံခြုံရေးက ငါတို့လက်ထဲမှာ ရှိနေတာ။ စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး"

"မင်းတို့စိတ်ထဲမှာ နာကျင်နေတာကို ငါသိပါတယ်။ ဒီနာကျင်မှုကို အားအင်အဖြစ်ပြောင်းလဲပြီး ရန်သူတွေကို မြှားနဲ့ပစ်သတ်လိုက်ကြ"

"လာကြစမ်း! စစ်ပွဲစည်တီး! မြှားပစ်!"

စစ်ပွဲစည်သံ သုံးချက်ထွက်ပေါ်လာသည်။ ဒုန်း! ဒုန်း! ဒုန်း!

စစ်သည်တော်များ၏ ရင်ထဲတွင် လေးလံသွားတော့သည်။ သူတို့သည် မျက်ဝန်းများနီရဲလျက် နေရာယူပြီး လေးမြှားကို မြှောက်ကိုင်လိုက်ကြလေသည်။

စစ်ပွဲစည်သံ ရပ်တန့်သွားသည်နှင့် မြှားများက ပျံဝဲသွားပြီး တရှပ်ရှပ် ကျရောက်သွားတော့သည်။

ပြည်သူများကို မောင်းနှင်လာသော ယန်စစ်သားများမှာ မြားထိမှန်ကုန်ကြ၏။ တပြိုင်နက်တည်းမှာပင် ပြည်သူများသည်လဲ မြှားထိမှန်ကုန်ကြသည်။ ပိုဆိုးသည်မှာ မြှားပစ်လိုက်သည်နှင့် ယန်စစ်တပ်များသည် ပြည်သူများကို ဓားဖြင့် ခုတ်သတ်လိုက်ကြခြင်းပင်။ အော်ဟစ်ငိုကြွေးသံများ ဆူညံသွားတော့သည်။

မြို့ရိုးပေါ်မှ စစ်သည်တော်များသည် မျက်ဝန်းများနီရဲနေသလို မြို့ရိုးအောက်က ယန်စစ်သားများကလဲ မျက်လုံးများ နီရဲနေကြသည်။ အလောင်းများပြန့်ကြဲနေပြီး သွေးချောင်းစီးနေတော့သည်။

...

တိုက်ပွဲသည် ညနေစောင်းအထိ ကြာမြင့်ခဲ့လေသည်။

ယန်စစ်တပ်သည် နောက်ဆုံးတွင် တပ်ဆုတ်သွားခဲ့ပြီး အလောင်းများစွာ ကျန်ရစ်ခဲ့၏။ ထိုအလောင်းများထဲတွင် ထက်ဝက်ခန့်မှာ သာ့ဝေပြည်သူများ ဖြစ်ကြပြီး ကျန်ထက်ဝက်မှာ ယန်စစ်သားများ ဖြစ်ကြသည်။

ပြင်းထန်သော သွေးညှီနံ့များသည် လေနှင့်အတူ ပျံ့လွင့်လာပြီး ပျို့အန်ချင်စရာ ကောင်းလှလေသည်။

တစ်စုံတစ်ယောက်က စတင်အန်လိုက်ပြီးနောက် မြို့ရိုးပေါ်မှ စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် အေ့အန်လိုက်ကြသည်။ တစ်ချို့မှာ မျက်နှာအုပ်ပြီး အော်ဟစ်ငိုကြွေးနေကြ၏။

"ငါက သာ့ဝေစစ်သားတစ်ယောက်ဖြစ်ပြီး သာ့ဝေပြည်သူတွေကို သတ်ဖြတ်နေရတယ်လို့"

"သေသင့်တဲ့ ယန်ကောင်တွေ! ငါသူတို့ကို အပိုင်းပိုင်း ခုတ်ပစ်မယ်"

စစ်သူကြီးလျန်၏ ရင်ထဲတွင် နာကျင်မှုများ ပြည့်နှက်နေပြီး မြို့ရိုးအောက်မှ ငရဲခန်းသဖွယ် မြင်ကွင်းကို ကြည့်ရဲနိုင်စွမ်းပင် မရှိတော့ချေ။ ယန်စစ်တပ်က ကောက်ကျစ်စဥ်းလဲသည်။ တကယ်တပ်ဆုတ်သွားခြင်း မဟုတ်ဘဲ အမှောင်ထဲတွင်ပုန်းပြီး စောင့်ကြည့်နေခြင်း ဖြစ်နိုင်သည်။ မြို့တံခါးဖွင့်ပြီး အလောင်းကောက်လျှင် အလစ်ဝင်တိုက်ခံရနိုင်သည်။

စစ်သူကြီးလျန်သည် ကွဲရှနေသည့်အသံဖြင့် အမိန့်ပေးလိုက်၏။ "တပ်ဖွဲ့တစ်ဖွဲ့ မြို့တံခါးမှာ ကျန်ရစ်ခဲ့ ကျန်တဲ့လူတွေ ထမင်းသွားစားပြီး အနားယူကြ"

ထို့နောက်တွင်တော့ လှည့်ထွက်သွားတော့၏။

ဒုတိယစစ်သူကြီးလျိုသည် နောက်မှလိုက်ပါသွားပြီး စိုးရိမ်တကြီး ပြောလိုက်လေတော့သည်။ "ကျန်းကျွင်း ဒီအတိုင်း နေ့တိုင်းဆက်ဖြစ်နေရင် မကောင်းတော့ဘူး။ တစ်ခုခု ကြံစည်မှဖြစ်မယ်"

...

အပိုင်း (၃၉၈) ယုတ်မာသော အကြံအစည် (၂)

စစ်သူကြီးလျန်သည် ဘာမှပြန်မပြောဘဲ ခြေလှမ်းကြဲကြီးများဖြင့် ထွက်သွားလိုက်လေသည်။ ဒုတိယစစ်သူကြီးလျိုသည် စစ်သူကြီးလျန်နောက်သို့ လိုက်ပါလာခဲ့ပြီး သက်ပြင်းတစ်ချက် ချလိုက်ရလေသည်။

မြို့တော်၏ စစ်အင်အားအများစုသည် ကျန်းတယ်တံခါးတွင် စုစည်းနေကြ၏။ ကွင်းပြင်တွင် စစ်သားများ အနားယူ အိပ်စက်နေကြသည်။ စစ်သူကြီးလျန်အတွက် စစ်တဲတစ်ခု သီးသန့်ထားရှိ၏။

စစ်သူကြီးလျန်သည် စစ်တဲထဲသို့ ဝင်ရောက်သွားပြီး မုန့်တစ်လုံးစားကာ ရေနွေးတစ်ခွက် သောက်လိုက်သည်။ ထို့နောက် ဆက်မစားနိုင်တော့ချေ။

သူသည် ဖယောင်းတိုင် မီးရောင်အောက်တွင်ထိုင်ပြီး သေတ္တာငယ်တစ်ခုကို ဖွင့်ကြည့်လိုက်လေသည်။ သေတ္တာထဲတွင် ထိုက်ဇီဖေး လုမင်ယွိကိုယ်တိုင် ရေးသားပေးပို့ထားသော စာနှစ်စောင် ရှိလေသည်။ ပထမတစ်စောင်သည် လွန်ခဲ့သော ရက်အနည်းငယ်က ရောက်ရှိလာခြင်းဖြစ်ပြီး စာကြောင်းရေ နည်းပါးလှ၏။

"ယန်ထော်က ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဥ်းလဲတဲ့သူပါ။ မြို့တော်ကို တိုက်ခိုက်ရင် ယုတ်မာတနည်းလမ်းတွေ သုံးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စစ်သူကြီးလျန်အနေနဲ့ မြို့တော်ကို ကာကွယ်ဖို့က အဓိကပါပဲ"

"ပြဿနာ တစ်စုံတစ်ရာဖြစ်လာရင် ကျွန်မ တာဝန်ယူပါမယ်"

ဤစာရောက်လာပြီး နောက်ရက်အနည်းငယ်အကြာမှာ ယန်စစ်တပ်က ပြည်သူများကို ဒိုင်းကာအဖြစ်သုံးပြီး တိုက်ခိုက်လာခဲ့သည်။

စစ်သူကြီးလျန်က မြှားပစ်ရန် အမိန့်ပေးလိုက်သည့်အချိန်တွင် သူ့ရင်ထဲ၌ နာကျင်မိသော်ငြား အသံကတော့ ပြတ်သားနေခဲ့လေသည်။

ဒုတိယစာတစ်စောင်ကတော့ မနေ့ညက ရောက်လာခဲ့ခြင်းပင်။ ဒါကလဲ လုမင်ယွိကိုယ်တိုင် ရေးသားထားခြင်းဖြစ်သည်။

"လျန်ကျန်းကျွင်း စစ်ပွဲအခြေအနေကို တည်ငြိမ်အောင် ထိန်းထားပါ။ ကျွန်မ ဒီည နန်းတော်ကထွက်ပြီး ယန်စစ်တပ်ရဲ့ အနောက်ဘက်ကို သွားပတ်မယ်။ ညဘက် ယန်စစ်တပ်ကို ဝင်တိုက်ပြီး ယန်ထော်ကို လုပ်ကြံမယ်"

"မီးရှူးမီးပန်းကို အချက်ပေးတဲ့အနေနဲ့ သုံးမယ်။ ယန်စစ်တပ်ထဲမှာ မီးလောင်နေတာတွေ့ရင် စစ်သူကြီးယန်က မြို့ပြင်ထွက်ပြီး တိုက်ခိုက်ပေးပါ။အတွင်းအပြင် ညှပ်တိုက်ပြီး ယန်စစ်တပ်ကို ချေမှုန်းကြမယ်"

ဒီစာကို လက်ခံရရှိပြီးနောက် ၂ရက်နှင့်တည ကြာမြင့်သွားခဲ့သည်။

ထိုက်ဇီဖေးက ယန်စစ်တပ် အနောက်ဘက်ကို သွားပတ်ဖို့ မိုင်၂၀၀ကျော် ခရီးနှင်ရမှာ။ အဆင်ပြေရင် ဒီည စတင်လှုပ်ရှားတော့မယ်။

စစ်သူကြီးလျန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဒုတိယစစ်သူကြီးလျိုကို ခေါ်လိုက်ကာ တိုးတိုးလေး အမိန့်ပေးလိုက်လေသည်။

ဒုတိယစစ်သူကြီးလျိုသည် စိတ်ဓာတ်တက်ကြွသွားပြီး မျက်လုံးများ တောက်ပလာကာ လက်နှစ်ဖက်ယှက်ပြီး အမိန့်နာခံလိုက်လေ၏။ "ကျွန်တော်မျိုး အမိန့်နာခံပါတယ်။ အခုပဲ စစ်သားတွေကို သွားပြောလိုက်ပါမယ်"

စစ်သူကြီးလျန်က လေးနက်စွာ ပြောလိုက်လေသည်။ "မှတ်ထားနော်။ လူတိုင်း အဝတ်အစားမလဲဘဲ အိပ်ခိုင်းထား။ စစ်ပွဲစည်သံကြားတာနဲ့ ချက်ချင်းစုရုံးပြီး မြို့ပြင်ထွက်မယ်"

"ငါက မြို့ထဲမှာ ကျန်နေခဲ့ရမှာဆိုတော့ ယန်စစ်တပ်ကို သွားတိုက်ရမဲ့တာဝန်က မင်းအပေါ် ရောက်နေပြီ။ ဒီကိစ္စ အရမ်းအန္တရာယ်များတယ်။ မင်း ..."

ဒုတိယစစ်သူကြီးလျိုက စကားဖြတ်ပြောလိုက်၏။ "ကျွန်တော်မျိုး အသက်ပေးပြီး ယန်စစ်တပ်ကို ချေမှုန်းပါ့မယ်"

စစ်သူကြီးလျန်၏ ရင်ထဲတွင် သွေးများဆူပွက်လာသော်လည်း စကားနည်းသူဖြစ်သဖြင့် ဘာမှဆက်မပြောတော့ဘဲ ဒုတိယစစ်သူကြီးလျို၏ ပုခုံးကို ပုတ် ပေးလိုက်လေသည်။

ဒုတိယစစ်သူကြီးလျို၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝဲလာသော်ငြား ပြတ်သားမှုများသာ ကျန်ရစ်ခဲ့၏။

သူသည် စစ်တဲထဲမှ ထွက်ခွာသွားပြီး စစ်သူကြီးများကိုခေါ်ကာ အမိန့်ပေးလိုက်လေသည်။ မကြာမီ စစ်သားများသည် အမိန့်ရရှိသွားကြပြီး လက်နက်များကိုပွေ့ဖက်ကာ ရင်ထဲတွင် စိတ်လှုပ်ရှားနေကြတော့သည်။

"နောက်ဆုံးတော့ ငါတို့ မြို့ပြင်ထွက်ပြီး တိုက်ခိုက်ရတော့မယ်!"

"သေချင်းဆိုးကောင်တွေ ဒီညတော့ အသေအကြေ သတ်ပစ်မယ်!"

"ဟုတ်တယ်။ မြန်မြန်သတ်ပစ်မှ ကျေနပ်နိုင်မှာ!"

ဘယ်သူမှ အိပ်ချင်စိတ်မရှိကြချေ။ ဓားနှင့်လှံများကို ကိုင်ဆောင်ကာ အသင့်ပြင်နေကြလေသည်။

...

တစ်ချိန်တည်းတွင် နန်းတော်ထဲတွင်လည်း အခြေအနေ မကောင်းလှပေ။

တနေ့လုံး အားတင်းထားရသဖြင့် ပင်ပန်းနေသော ချောင်မိဖုရားခေါင်သည် အိပ်ပျော်လုနီးပါး ဖြစ်နေချိန်တွင် အရှေ့နန်းဆောင်မှ သတင်းရောက်လာလေသည်။ "ဟွမ်ဟုပ်ညန်ညန် မင်းသားလေး အန်ပြီး ဝမ်းသွားနေပါတယ်"

ချောင်မိဖုရားခေါင်မှာ လန့်ဖျန့်သွားပြီး ရုတ်တရက် ထရပ်လိုက်လေသည်။ "နေ့ခင်းတုန်းက ကောင်းနေသေးတာကို ဘာလို့ ရုတ်တရက်ကြီး နေမကောင်း ဖြစ်ရတာလဲ"

ဟွေ့အန်းကုန်းကျူသည်လဲ စိတ်ပူသွားလေသည်။ "ကလေးက ငယ်သေးတာ အန်လိုက် ဝမ်းသွားလိုက် ဖြစ်နေရင် ဘယ်ခံနိုင်ပါ့မလဲ"

သတင်းလာပို့သော နန်းတွင်းအပျိုတော်သည် ချွေးစေးများ ပြန်နေလေတော့သည်။ "ကျွန်တော်မျိုးမလဲ မသိပါဘူး။ ယွင်မားမားက သမားတော်သွားခေါ်ခိုင်းပြီး ဟွမ်ဟုပ်ညန်ညန်ကို လာအကြောင်းကြားခိုင်းလိုက်တာပါ"

စကားမဆုံးမှီတွင် ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်ကို တွဲကူပြီး အရှေ့နန်းဆောင်သို့ အပြေးအလွှား သွားလေတော့သည်။

လုမင်ယွိသည် ၂ရက်လုံးလုံး ပေါ်မလာခဲ့ချေ။ ယခုတော့ ရွှီအာက နေမကောင်း ဖြစ်နေသည်ပင် ပေါ်မလာပေ။ အရှေ့နန်းဆောင်က လူများကလဲ ရိပ်မိနေကြပြီဖြစ်သည်။ ထိုက်ဇီဖေး နန်းတော်ထဲတွင် မရှိတော့တာ သေချာသည်။ မဟုတ်လျှင် ဒီလိုပုန်းကွယ်နေစရာအကြောင်း မရှိချေ။

ရွှီအာသည် နှစ်ကြိမ်အန်ပြီးဖြစ်ရာ ဗိုက်ထဲတွင်လည်း ဘာမှမရှိတော့ဘဲ ပျို့အန်နေလေ၏။

ချီယွင်သည် မျက်ရည်များကျဆင်းလျက် ရွှီအာကို ပွေ့ဖက်ထားလေသည်။

မောင်နှမနှစ်ယောက် သံယောဇဥ် ကြီးမားကြသည်။ ရွှမ်းအာသည် ရွှီအာကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးကာ ကိုကိုဟု တကြော်ကြော် အော်ခေါ်နေလေသည်။

နို့ထိန်းမေမေက ရွှမ်းအာကို ချော့နေရသည်။ "မငိုနဲ့နော်။ သမားတော်က ကုပေးနေတာ မင်းသားလေး ဘာမှမဖြစ်ပါဘူး"

နန်းတော်ထဲရှိ သမားတော်အကုန်လုံး ရောက်နေကြသည်။ သမားတော်ချုပ်ကျိုး၊ ကလေးအထူးကုသမားတော်ဝူ၊ သမားတော်လီတို့ အပါအဝင် အကုန်ရောက်နေကြသည်။

သမားတော်များသည် အလှည့်ကျ သွေးခုန်နှုန်း စမ်းသပ်ကြည့်ကြပြီး ဆေးစာရေးရန် တိုင်ပင်နေကြ၏။

ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့ ရောက်လာချိန်တွင် ဆေးစာမရေးရသေးချေ။ သမားတော်ချုပ်ကျိုးနှင့်အဖွဲ့သည် ဂါရဝပြုရန် ပြင်လိုက်ချိန်တွင် ချောင်မိဖုရားခေါင်က တားလိုက်တော့သည်။ "ဂါရဝပြုမနေနဲ့တော့။ ဆေးစာရေးဖို့ပဲ လုပ်ကြ"

ထို့နောက်တွင်တော့ ရွှီအာကို လှမ်းပြီးပွေ့ဖက်လိုက်လေသည်။

ရွှီအာသည် အန်ချလိုက်ရာ ချောင်မိဖုရားခေါင်၏ ပုခုံးမှာ ပေကျံသွားတော့သည်။

ချောင်မိဖုရားခေါင်၏ မျက်ရည်များက စီးကျလာပြီး ရွှီအာ၏ ကျောကုန်းလေးကို ပုတ်ပေးရင်း ချော့မော့နေလေ၏။ "ရွှီအာ မကြောက်နဲ့နော်။ အဘွား ဒီမှာရှိတယ်။ ဆေးသောက်လိုက်ရင် ကောင်းသွားမှာ"

ရွှီအာသည် အားအင်ကုန်ခမ်းနေပြီး စကားပင် မပြောနိုင်တော့ချေ။

ရွှမ်းအာသည် အသံဝင်သွားသည်အထိ ငိုကြွေးနေလေ၏။ ဟွေ့အန်းကုန်းကျူက သနားသွားပြီး ရွှမ်းအာကို ပွေ့ချီလိုက်ကာ ချီယွင်ကို မေးလိုက်တော့သည်။ "ကောင်းကောင်းမွန်မွန်နေရင်းက ဘာလို့ ရုတ်တရက် နေမကောင်း ဖြစ်သွားတာလဲ"

ရွှီအာနှင့် ရွှမ်းအာတို့သည် မွေးတုန်းက သေးငယ်သော်ငြား ဂရုတစိုက် မွေးမြူထားသဖြင့် ယခု ၂နှစ်ပြည့်ကာနီးတွင် ရွယ်တူကလေးများထက် ထွားကြိုင်းသန်မာပြီး ဖျားနာခဲလေသည်။

ဒီနေ့လို ရုတ်တရက် အသည်းအသန် အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးချေ။

ချီယွင်က မျက်ရည်ကိုသုတ်လိုက်ပြီး ပြန်ဖြေလိုက်၏။ "ဒီနေ့ ဥယျာဥ်ထဲမှာ သွားကစားကြတာ ပုံမှန်ပါပဲ။ အရှေ့နန်းဆောင် ပြန်ရောက်လာပြီး နာရီဝက်လောက်ကြာတော့ မင်းသားလေးက ဗိုက်နာတယ်လို့ပြောပြီး အန်လိုက်၊ ဝမ်းသွားလိုက် ဖြစ်တော့တာပဲ။ ကျွန်မ ကြည့်ရတာ မသင်္ကါလို့ သမားတော်ကို ချက်ချင်း သွားခေါ်ခိုင်းလိုက်တာပါ"

ဟွေ့အန်းကုန်းကျူက မျက်မှောင်ကြုတ်လိုက်၏။ "ထိုက်ဇီဖေးရော ကလေးက ဒီလောက်ဖြစ်နေတာ သူဘယ်ရောက်နေတာလဲ"

ချီယွင်က ပြန်မဖြေနိုင်တော့ချေ။

ချောင်မိဖုရားခေါင်သည် သက်ပြင်းချလိုက်ပြီး ဟွေ့အန်းကုန်းကျူ ပြောလိုက်လေသည်။ "ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး။ လုရှီက လွန်ခဲ့တဲ့ ၂ရက်ကတည်းက နန်းတော်က ထွက်သွားပြီ"

ဟွေ့အန်းကုန်းကျူမှာ အံ့အားသင့်သွားလေတော့သည်။ "သူက နန်းတော်က ထွက်သွားပြီး ဘာလုပ်တာလဲ"

ချောင်မိဖုရားခေါင်သည် ဆက်မပြောတော့ဘဲ ရွှီအာ၏ ကျောကုန်းကိုသာ ပုတ်ပေးနေလိုက်သည်။ ရွှီအာသည် သတိလစ်မတတ် ဖြစ်နေပြီး ထပ်အန်လိုက်ပြန်သည်။ ချောင်မိဖုရားခေါင်မှာ အသည်းခိုက်မတတ် ခံစားရပြီး မျက်ရည်များ တွင်တွင်ကျနေလေတော့၏။

ဟွေ့အန်းကုန်းကျူသည် သံသယဖြစ်နေသော်လည်း မေးမထွက်တော့ချေ။ သမားတော်များကိုသာ လှည့်ကာ ဆဲလိုက်လေတော့သည်။ "မင်းတို့ ဆေးစာတွေ မထွက်လာသေးဘူးလား။ တကယ် အသုံးမကျတဲ့ဟာတွေ ရွှီအာ တစ်ခုခုဖြစ်သွားရင် မင်းတို့ခေါင်းကို အရင်ဖြတ်ပစ်မယ်"

ကံဆိုးကြသည့် သမားတော်များမှာ ဒူးထောက်ပြီး တောင်းပန်ကြလေတော့၏။

ချောင်မိဖုရားခေါင်သည် စိတ်ပူနေလေတော့သည်။ "ဒီလိုအချိန်မှာ ပြဿနာမရှာပါနဲ့တော့။ ဆေးစာရေးခိုင်းလိုက်ပါအုံး"

ဟွေ့အန်းကုန်းကျူကလဲ ပါးစပ်ပိတ်သွားတော့သည်။

ဆေးစာထွက်လာပြီးနောက် သမားတော်ကြီးကိုယ်တိုင် ဆေးကျိုပြီး ရွှီအာကို တိုက်ကျွေးလေသည်။ လူတိုင်းက စိတ်အေးသွားမည်ပြုစဥ်တွင် ရွှီအာသည် ဆေးရည်များကို ပြန်အန်ထုတ်လိုက်ပြန်လေသည်။

...

အပိုင်း (၃၉၉) ယုတ်မာသော အကြံအစည် (၃)

ချောင်မိဖုရားခေါင်၏ မျက်နှာသည် သွေးဆုတ်ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ "မြန်မြန် ဆေးကျိုကြစမ်း"

သမားတော်လီသည် ကြိုတင် ပြင်ဆင်ထားသဖြင့် ဆေးရည် ၃ပန်းကန်စာ ကျိုထားလေသည်။ နောက်ထပ် ဆေးရည်တစ်ပန်းကန်ကို ယူလာပြီး ရွှီအာကို ဂရုတစိုက် တိုက်ကျွေးလိုက်သည်။

ရွှီအာ၏ မျက်နှာလေး ဖြူဖျော့နေပြီး ဆေးရည်များကို ထပ်မံ အန်ထုတ်လိုက်ပြန်သည်။

ဒီတစ်ခါတော့ ဟွေ့အန်းကုန်းကျူပါ သည်းမခံနိုင်တော့ဘဲ မျက်ဝန်းများ နီရဲလျက် ငိုကြွေးလေတော့သည်။ "ရွှီအာ ဘာလို့ ထပ်အန်ရတာလဲ"

သူမသည် သမားတော်လီနှင့် အဖွဲ့ကို ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "မင်းတို့ ဘာဆေးတွေ တိုက်နေတာလဲ။ ရွှီအာက ဆေးတောင် မသောက်နိုင်တော့ဘူး။ ဆေးစာ ပြန်ရေးကြစမ်း"

သမားတော်များ ဒူးထောက်ပြီး တောင်းပန်ကြလေသည်။

ချီယွင်သည်လည်း မျက်ဝန်းများ နီရဲလျက် ဒူးထောက်လိုက်လေသည်။ "ကျွန်တော်မျိုးမ အပြစ်ပါ။ မင်းသားလေးကို ကောင်းကောင်း မပြုစုနိုင်ခဲ့ပါဘူး"

ရွှမ်းအာသည် ငိုကြွေးရလွန်းသဖြင့် အသံမထွက်တော့ဘဲ ကိုကို၊ ကိုကို ဟုသာ တိုးတိုးလေး ညည်းတွားနေလေသည်။

အရှေ့နန်းဆောင် တစ်ခုလုံး မှောင်မိုက်သော တိမ်တိုက်များ ဖုံးလွှမ်းထားသကဲ့သို့ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေလေသည်။

သမားတော်ချုပ်ကျိုးနှင့် အဖွဲ့သည် အားတင်းပြီး တိုင်ပင်ဆွေးနွေးကြကာ ဆေးစာအသစ် ရေးကြလေသည်။ ဒီတစ်ခါတော့ သောက်ဆေး မဟုတ်ဘဲ ရေနွေးထဲ ဆေးထည့်ပြီး စိမ်ရသည့် နည်းလမ်းကို အသုံးပြုကြသည်။

ရွှီအာ၏ အဝတ်အစားများကို ချွတ်လိုက်ပြီး ဆေးရည်ပုံးထဲတွင် စိမ်ပေးလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် ဆေးရည်ပုံးဘေးတွင် ထိုင်ပြီး ရွှီအာ၏ ခန္ဓာကိုယ်လေးကို ထိန်းထားပေးရင်း သတိမေ့မြောနေသော မြေးလေးကို ကြည့်ကာ ရင်ကွဲမတတ် ခံစားနေရ၏။

ချီယွင်သည်လည်း ဘေးနားမှ မခွာဘဲ မျက်ဝန်းများ ရောင်ရမ်းသည်အထိ ငိုကြွေးနေလေသည်။

ရွှမ်းအာသည် ငိုရလွန်းသဖြင့် မောပန်းသွားပြီး ဟွေ့အန်းကုန်းကျူ၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားလေသည်။ ဟွေ့အန်းကုန်းကျူသည် ရွှမ်းအာကို ပွေ့ဖက်ထားရင်း ရွှီအာကို လှမ်းကြည့်နေလေသည်။

ဆေးရည်စိမ်တာ ထိရောက်လို့လား၊ အပူငွေ့ကြောင့်လား မသိပေ။ ရွှီအာ၏ မျက်နှာလေးသည် တဖြည်းဖြည်း နီရောင်သမ်းလာပြီး ကြည့်ရတာ အဆင်ပြေလာလေသည်။

ခဏကြာသောအခါ ရွှီအာ မျက်လုံးပွင့်လာလေသည်။

ချောင်မိဖုရားခေါင်သည် အားတက်သွားပြီး တိုးတိုးလေး မေးလိုက်လေသည်။ "ရွှီအာ၊ သက်သာလား။ ဗိုက်နာသေးလား"

ရွှီအာက မျက်တောင်ခတ်လိုက်ပြီး ဝမ်းနည်းစွာ ခေါင်းညိတ်ပြလိုက်လေသည်။ "နာတယ်"

ချောင်မိဖုရားခေါင်သည် သနားသွားပြီး ချော့မော့လိုက်လေသည်။ "ဆေးရည်ပုံးထဲမှာ ငြိမ်ငြိမ်လေး နေနော်။ ခဏနေရင် ဆေးသောက်ပြီး အိပ်လိုက်။ မနက်ဖြန်ကျရင် ကောင်းသွားမှာ"

ရွှီအာသည် စကားပြန်ပြောရန် အားမရှိသဖြင့် အင်း ဟုသာ ဖြေလိုက်လေသည်။

ချီယွင်သည် မျက်ရည်သုတ်လိုက်ပြီး ရွှီအာကို ထိန်းထားပေးရင်း ပြောလိုက်လေသည်။ "ကျွန်တော်မျိုးမ စောင့်ပေးပါ့မယ်။ ဟွမ်ဟုပ်ညန်ညန် ကျောင်းဖန်နန်းဆောင် ပြန်ပြီး အနားယူလိုက်ပါ"

ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်လေသည်။ "ရွှီအာ ဒီလိုဖြစ်နေတာ ပန်ကုံး ဘယ်လိုလုပ် အိပ်ပျော်မှာလဲ"

ချီယွင်သည် လုမင်ယွိ၏ လူယုံဖြစ်သဖြင့် ချောင်မိဖုရားခေါင်ကလည်း အလေးပေးဆက်ဆံလေ့ရှိသည်။

ယခုအချိန်တွင် ရွှီအာကို စိတ်ပူလွန်းသဖြင့် ချောင်မိဖုရားခေါင်သည် ချီယွင်ကို အပြစ်တင်လိုက်လေသည်။ "အကြောင်းမဲ့သက်သက် ရွှီအာ ဒီလို ဖြစ်လာစရာ အကြောင်း မရှိဘူး။ ရွှီအာနဲ့ ရွှမ်းအာက အတူတူ နေတာလေ။ ရွှမ်းအာက ကောင်းကောင်းမွန်မွန် ရှိနေပြီး ရွှီအာကျမှ အန်လိုက် ဝမ်းသွားလိုက် ဖြစ်နေတာ တစ်ခုခု မှားနေပြီ"

"သေချာ စဉ်းစားကြည့်စမ်း။ ဒီနေ့ ထူးခြားတာ ဘာရှိလဲ"

ချီယွင်သည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေသည်။ "ကျွန်တော်မျိုးမက တစ်နေ့လုံး ကလေးတွေနားမှာ ရှိနေတာပါ။ ဒါပေမဲ့ ဥယျာဉ်ထဲ သွားကစားတုန်းကတော့ အိမ်သာသွားချင်လို့ ခဏလေး ထွက်သွားမိပါတယ်"

နန်းတော်ထဲတွင် နေထိုင်သူများသည် သံသယ စိတ်များ ရှိတတ်ကြသည်။

ချောင်မိဖုရားခေါင် မျက်မှောင်ကြုတ်လိုက်ပြီး နို့ထိန်းမေမေများကို ခေါ်မေးလိုက်လေသည်။

နို့ထိန်းမေမေ ၄ယောက်သည် ကြောက်လန့်တကြား ဒူးထောက်နေကြသည်။ တစ်ယောက်က သတ္တိမွေးပြီး ဖြေလိုက်လေသည်။ "မိန်းကလေးချီယွင် ထွက်သွားတုန်းက မင်းသားလေးနဲ့ မင်းသမီးလေးက ဇရပ်မှာ ဆော့ကစားနေကြတာပါ။ အဲဒီအချိန်မှာ နန်းတွင်းကုန်းကုန်းလေး တစ်ယောက်က ဝါးပုစဉ်းလေး ကိုင်ပြီး ကစားနေတာ တွေ့လို့ မင်းသားလေးကို ပေးလိုက်ပါတယ်"

ရွှမ်းအာက လိပ်ပြာလိုက်ဖမ်းနေတာ။ ရွှီအာက ဝါးပုစဉ်းလေးကို သဘောကျလို့ ယူပြီး ကစားလိုက်တယ်။ ခဏနေတော့ လွှင့်ပစ်လိုက်တာပါပဲ။

နို့ထိန်းမေမေများက ဒါကို အသေးအဖွဲ ကိစ္စဟု ထင်ပြီး ချီယွင်ကို ပြန်မပြောပြခဲ့ကြပေ။

ချောင်မိဖုရားခေါင်မှာ မျက်နှာ ပျက်သွားတော့သည်။

ချီယွင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး နို့ထိန်းမေမေများကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ "ဒီလို ကိစ္စကို ဘာလို့ ဖုံးကွယ်ထားရတာလဲ။ အဲဒီ ဝါးပုစဉ်း ဘယ်မှာလဲ။ အဲဒီ ကုန်းကုန်းက ဘယ်သူလဲ"

ကလေးတွေ ပါးစပ်ထဲ ဝင်မယ့် အစားအသောက်တွေကို သေချာ စစ်ဆေးပြီးမှ ကျွေးလေ့ရှိတယ်။ ကစားစရာတွေကိုလည်း စစ်ဆေးပြီးမှ ပေးကစားတာ။

ဒီကုန်းကုန်းနဲ့ ဝါးပုစဉ်း ပေါ်လာတာက ထူးဆန်းနေတယ်။

နို့ထိန်းမေမေများက ငိုကြွေးပြီး တောင်းပန်ကြလေသည်။ "ယွင်မားမား စိတ်လျှော့ပါ"

"မင်းသားလေးက ဝါးပုစဉ်းကို သဘောကျပြီး လိုချင်တယ်လို့ ဂျီကျနေလို့ပါ။ မင်းသားလေး ငိုမှာစိုးလို့ ပေးကစားလိုက်တာပါ"

"အဲဒီကုန်းကုန်းကလည်း ဥယျာဉ်တော်ထဲမှာ အမြဲတွေ့နေရတဲ့သူပါ။ ရင်းနှီးနေလို့ သံသယ မဝင်မိတာပါ"

"မင်းသားလေးက ကစားပြီးတော့ လွှင့်ပစ်လိုက်ပါတယ်။ ဝမ်ကုန်းကုန်းက ဝါးပုစဉ်းကို ပြန်ကောက်ပြီး ထွက်သွားပါတယ်"

"နေပါဦး။ ကျွန်မ သတိရပြီ။ မင်းသားလေးက ဝါးပုစဉ်းကို ပါးစပ်ထဲထည့်ပြီး တစ်ချက် စုပ်လိုက်သေးတယ်"

နို့ထိန်းမေမေများ တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် လေးလံသွားလေသည်။

၂နှစ်အရွယ် ကလေးတွေက စမ်းသပ်ချင်စိတ် များတယ်။ အရာရာကို ပါးစပ်ထဲ ထည့်လေ့ရှိကြတယ်။

တကယ်လို့ တစ်ယောက်ယောက်က ယုတ်မာတဲ့ စိတ်နဲ့ ဝါးပုစဉ်းပေါ်မှာ အဆိပ်သုတ်ထားရင်...

ဒီနေ့ ရွှီအာ ယူဆော့လို့ ရွှီအာ ခံလိုက်ရတာ။ ရွှမ်းအာသာ ယူဆော့ရင် ရွှမ်းအာ ခံရမှာ။

တကယ်ကို ရက်စက်ယုတ်မာလိုက်တာ။

ဘယ်သူကများ ရွှီအာနဲ့ ရွှမ်းအာကို ဒုက္ခပေးချင်ရတာလဲ။

...

ချီယွင်လည်း သဘောပေါက်သွားပြီး မျက်နှာဖြူဖျော့သွားလေသည်။

ဟွေ့အန်းကုန်းကျူသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်ကာ ပြောလိုက်လေသည်။ "မင်းတို့ရဲ့ ပေါ့ဆမှုအတွက် နောက်မှ အပြစ်ပေးမယ်။ အခု အဲဒီကုန်းကုန်းကို သွားရှာကြ။ ဝါးပုစဉ်းကိုလည်း ပြန်ရှာခဲ့။ သမားတော်တွေကို စစ်ဆေးခိုင်းရမယ်"

ချီယွင်သည် မျက်ဝန်းများ နီရဲလျက် အမိန့်နာခံပြီး နို့ထိန်းမေမေများကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။

ချောင်မိဖုရားခေါင်သည် သမားတော်ချုပ်ကျိုးကို ခေါ်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ "ရွှီအာက ဖျားတာလား။ အဆိပ်မိတာလား"

သမားတော်ချုပ်ကျိုးသည် တွန့်ဆုတ်နေပြီးမှ ဖြေလိုက်လေသည်။ "ကျွန်တော်မျိုး အတိအကျ မပြောရဲပါဘူး။ ဒါပေမဲ့ သမားတော်တွေ အားလုံးရဲ့ အမြင်အရဆိုရင် ရောဂါလက္ခဏာတွေက သာမန်ဖျားနာတာနဲ့ မတူပါဘူး"

ချောင်မိဖုရားခေါင်သည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်စိရှေ့တွင် မဲမှောင်သွားကာ ယိုင်နဲ့သွားတော့သည်။ နန်းတွင်းအပျိုတော်က အချိန်မီ တွဲကူလိုက်လေသည်။

ဟွေ့အန်းကုန်းကျူက အော်ဟစ်လိုက်လေသည်။ "မူဟုပ်!"

ချောင်မိဖုရားခေါင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးဖွင့်ကာ ပြောလိုက်လေသည်။ "ပန်ကုံး ဘာမှ မဖြစ်ဘူး"

ထို့နောက် သမားတော်ချုပ်ကျိုးကို ပြောလိုက်လေသည်။ "မင်းတို့ ရွှီအာကို ကောင်းသွားအောင် ကုပေးရမယ်"

သမားတော်ချုပ်ကျိုးက လေးနက်စွာ ဝန်ခံကတိပေးလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် စိတ်ချပါ။ ကျွန်တော်မျိုးတို့ အစွမ်းကုန် ကြိုးစားပါ့မယ်" ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ "တကယ်လို့ ရောဂါအကြောင်းရင်းကို ရှာတွေ့ရင် ကုသရတာ ပိုလွယ်ကူပါလိမ့်မယ်"

ချောင်မိဖုရားခေါင်သည် ခေါင်းညိတ်လိုက်လေသည်။

သမားတော်ချုပ်ကျိုးက တိုးတိုးလေး နှစ်သိမ့်လိုက်လေသည်။ "ကျွန်တော်မျိုး ရဲရဲတင်းတင်း လျှောက်တင်ပါရစေ။ မင်းသားလေး အဆိပ်မိတယ် ဆိုရင်တောင် အဆိပ်က မပြင်းထန်ပါဘူး။ ခံစားရတာတော့ ရှိမှာပါ။ ဒါပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး"

ဒါက ကံဆိုးမိုးမှောင်ကျတဲ့အထဲက ကံကောင်းခြင်းပါပဲ။

ရွှီအာက ဝါးပုစဉ်းကို ကိုင်ပြီး တစ်ချက်ပဲ စုပ်လိုက်တာ။ တကယ်လို့များ အကြာကြီး စုပ်မိရင်...

ချောင်မိဖုရားခေါင် မျက်ဝန်းအိမ်များ ပူနွေးလာပြီး ဆက်မတွေးရဲတော့ချေ။

မကြာမီ ကုန်းကုန်းကို သွားရှာသော အဖွဲ့ ပြန်ရောက်လာသည်။ "ဟွမ်ဟုပ်ညန်ညန်၊ ဝမ်ကုန်းကုန်းက ညနေကတည်းက ပျောက်နေပါတယ်တဲ့"

...

All Chapters