အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
အပိုင်း (၄၀၀) ညတိုက်ပွဲ (၁)
ဝမ်ကုန်းကုန်းဆိုသူ လက်ချက်ဖြစ်ရမည်မှာ သေချာနေပြီ။
ချောင်မိဖုရားခေါင်၏ မျက်နှာထား မည်းမှောင်သွားပြီး အမိန့်ပေးလိုက်လေသည်။ "နန်းတော်တံခါးကို အခုချက်ချင်း ပိတ်လိုက်။ ဘယ်သူမှ ဝင်ထွက်ခွင့် မပြုနဲ့။ အိပ်ဆောင်တွေအားလုံးကို ပိတ်ထား။ ဝမ်ကုန်းကုန်းကို အမြန်ဆုံး လိုက်ရှာ။ ရှင်နေရင် လူတွေ့ရမယ်။ သေသွားရင် အလောင်းတွေ့ရမယ်"
နန်းတွင်းအပျိုတော်က အမိန့်နာခံပြီး ထွက်ခွာသွားလေသည်။
မိုးမချုပ်သေးခင်မှာပင် နန်းတော်တံခါး ပိတ်လိုက်ခြင်းက မယ်တော်ကြီးကျောက်ကိုပါ အံ့အားသင့်စေခဲ့သည်။
မယ်တော်ကြီးကျောက်သည် အရှေ့နန်းဆောင်သို့ ကိုယ်တိုင် ရောက်လာလေသည်။
ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်ကို မတားဆီးဘဲ အခန်းထဲသို့ ဝင်ခွင့်ပြုလိုက်လေသည်။
မယ်တော်ကြီးကျောက်သည် ဆေးရည်ပုံးထဲတွင် သတိမေ့နေသော ရွှီအာကို တွေ့လိုက်ရသည်နှင့် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ သူမသည် ပထမဆုံးအကြိမ်အဖြစ် ချောင်မိဖုရားခေါင်နှင့် တူညီသော သဘောထား ရှိလာလေသည်။ "ဘယ်ကောင်က ရွှီအာကို ဒုက္ခပေးရဲတာလဲ။ အဲဒီကောင်ကို ရှာပြီး သတ်ပစ်ကြ"
အော်သံကြောင့် ရွှမ်းအာ လန့်နိုးလာပြီး ငိုကြွေးလေသည်။
ဟွေ့အန်းကုန်းကျူသည် အလျင်အမြန် ချော့မော့သော်လည်း ရွှမ်းအာက လက်မခံဘဲ ယွင်မားမားကို အော်ခေါ်နေလေသည်။
ဟွေ့အန်းကုန်းကျူလည်း ချီယွင်ကို ခေါ်လိုက်ရလေသည်။ "ဒီမှာ လူရှုပ်နေပြီ။ နင် နေခဲ့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ရွှမ်းအာကို ချော့ပြီး သိပ်လိုက်ပါ"
မယ်တော်ကြီးကျောက်၊ ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့အပြင် သမားတော်များ ရှိနေသဖြင့် သူမ မရှိလည်း အဆင်ပြေသည်။
ချီယွင်သည် အမိန့်နာခံလိုက်ပြီး ငိုနေသော ရွှမ်းအာကို ပွေ့ချီကာ မထွက်ခွာမီ ရွှီအာကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ မျက်ဝန်းများ နီရဲလာပြန်သည်။
သခင်မ မထွက်သွားခင် ကလေးနှစ်ယောက်လုံးကို သူမလက်ထဲ အပ်ခဲ့တာ။ သူမရဲ့ ပေါ့ဆမှုကြောင့် လူယုတ်မာတွေ အခွင့်အရေး ရသွားကြတာ။ ကံကောင်းလို့ ရွှီအာ အသက်အန္တရာယ် မရှိတာ။ မဟုတ်ရင် သူမ သခင်မကို မျက်နှာပြရဲမှာ မဟုတ်တော့ဘူး။
ချီယွင်သည် ရွှမ်းအာကို ပွေ့ချီပြီး အိပ်ခန်းထဲသို့ ဝင်သွားကာ ကျောကုန်းလေးကို ပုတ်ပေးရင်း ချော့သိပ်လိုက်လေသည်။
ရွှမ်းအာသည် ရင်းနှီးသော ရင်ခွင်ထဲတွင် လုံခြုံမှု ခံစားရပြီး တဖြည်းဖြည်း အငိုတိတ်သွားလေသည်။ လက်သေးသေးလေးဖြင့် ချီယွင်၏ မျက်ရည်များကို သုတ်ပေးလိုက်သေးသည်။
ချီယွင်သည် နှာခေါင်းရှုံ့လိုက်ပြီး ရွှမ်းအာ၏ ခေါင်းလေးကို မှီကာ အနားယူလိုက်လေသည်။
...
မယ်တော်ကြီးကျောက်သည် စိတ်ကြီးသူ ဖြစ်ပြီး ဒေါသထွက်လာလျှင် ထိန်းချုပ်ရန် ခက်ခဲလေသည်။
သူမသည် ရွှီအာကို ဒုက္ခပေးသူကို ဆဲဆိုပြီးနောက် အစေခံများကို အပြစ်တင်လေတော့သည်။ ထို့နောက် လုမင်ယွိဘက်သို့ လှည့်လာပြန်သည်။ "လုရှီ ဘယ်ရောက်နေလဲ။ ရွှီအာ ဒီလို ဖြစ်နေတာ။ သူက အမေအရင်း ဖြစ်ပြီးတော့ နေမကောင်းဖြစ်လည်း လာကြည့်သင့်တာပေါ့။ ဒီလောက် ဆူညံနေတာတောင် မလာဘူးဆိုတော့ သူ သေနေပြီလား"
ချောင်မိဖုရားခေါင်သည် နားထောင်ရခက်သဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။ "မယ်တော်ကြီး စိတ်လျှော့ပါ။ လုရှီက လွန်ခဲ့တဲ့ ၂ရက်ကတည်းက နန်းတော်ထဲက ထွက်သွားပါပြီ"
ဘာ!
မယ်တော်ကြီးကျောက် လန့်သွားပြီး ချောင်မိဖုရားခေါင်ကို ကြည့်လိုက်လေသည်။ "လုရှီက နန်းတော်ထဲက ထွက်ပြီး ဘာလုပ်တာလဲ"
ချောင်မိဖုရားခေါင်က အမှန်အတိုင်း မပြောဘဲ ရှောင်လွှဲလိုက်လေသည်။ "လုရှီ နန်းတော်က ထွက်သွားတာကို ချောင်ကောလောင်တို့လည်း သိပါတယ်။ ပဉ္စမမင်းသားလည်း သိပါတယ်။ ဘာကိစ္စလဲ ဆိုတာတော့ အာရှီ ပြောပြလို့ မဖြစ်ပါဘူး"
မယ်တော်ကြီးကျောက်သည် ခြေဆောင့်ကာ ဆဲဆိုလေသည်။ "ဘာကိစ္စက ကလေးနှစ်ယောက်ထက် အရေးကြီးလို့လဲ။ သူက အမေအရင်း ဖြစ်ပြီးတော့ ကလေးတွေကို ထားခဲ့ပြီး ထွက်သွားရတယ်လို့။ ရွှီအာ တစ်ခုခု ဖြစ်သွားရင် အိုက်ကျား သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
"နင်က ယောက္ခမ ဖြစ်ပြီးတော့ သဘောကောင်းလွန်းနေတယ်။ လုရှီ လုပ်သမျှ အကုန် လွှတ်ပေးထားတာ..."
မယ်တော်ကြီးကျောက် ပေါက်ကွဲလျှင် ဘယ်သူမှ မခံနိုင်ကြပေ။
ဟွေ့အန်းကုန်းကျူသည် မိခင်ကို သနားသဖြင့် ဝင်ပြောလိုက်လေသည်။ "မယ်တော်ကြီး၊ မူဟုပ်ကို မဆူပါနဲ့တော့။ မူဟုပ်က နေမကောင်းဖြစ်နေတာ။ ဒီရက်ပိုင်း နန်းတွင်းကိစ္စတွေကို ဝင်ပါနေရတာ။ ဒီညလည်း အခုထိ မအိပ်ရသေးဘူး။ ရွှီအာ ဒီလို ဖြစ်နေတာ မူဟုပ်က ဘယ်သူ့ထက်မဆို ပိုဝမ်းနည်းနေတာပါ"
မယ်တော်ကြီးကျောက်သည် နှာခေါင်းရှုံ့လိုက်ပြီး ချောင်မိဖုရားခေါင်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ စကားစ ဖြတ်လိုက်ရလေသည်။
ဆေးရည်ပုံးထဲမှ ရေများ အေးစက်လာလေသည်။
သမားတော်ချုပ်ကျိုးနှင့် သမားတော်လီတို့သည် ရေနွေးထပ်ဖြည့်ပေးလိုက်ကြသည်။
ရွှီအာသည် သတိမေ့နေပြီး ရေနွေးနွေးထဲတွင် အိပ်ပျော်သွားလေသည်။ ချောင်မိဖုရားခေါင် အားမရှိတော့သဖြင့် ဟွေ့အန်းကုန်းကျူသည် ဘေးနားမှ ကူညီထိန်းပေးထားရသည်။
နာရီဝက်ခန့် ကြာသောအခါ ချိုင်လန် ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်၊ ဝမ်ကုန်းကုန်းရဲ့ အလောင်းကို ရေကန်ထဲမှာ တွေ့ပါပြီ။ ခန္ဓာကိုယ်မှာ ဒဏ်ရာမရှိပါဘူး။ မျက်နှာ မည်းမှောင်နေတာမို့လို့ အဆိပ်သောက်သေတာ ဖြစ်လောက်ပါတယ်"
ဝမ်ကုန်းကုန်းက ကိုယ့်ဘာသာ အဆိပ်သောက်တာလား။ ဒါမှမဟုတ် သူများက အဆိပ်တိုက်ပြီး ရေကန်ထဲ ပစ်ချလိုက်တာလား။
ချောင်မိဖုရားခေါင်၏ မျက်နှာထား မည်းမှောင်သွားပြီး အေးစက်စွာ အမိန့်ပေးလိုက်လေသည်။ "နန်းတွင်းမှုခင်းသမားတော်ကို ခေါ်ပြီး ဝမ်ကုန်းကုန်းရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို စစ်ဆေးခိုင်းလိုက်"
...
ညဉ့်နက်သန်းခေါင်အချိန်...
ယန်စစ်တပ် စခန်းချရာ နေရာတွင် စစ်တဲများ ပြည့်နှက်နေပြီး အဝေးမှ ကြည့်လျှင် သင်္ချိုင်းကုန်းကြီးသဖွယ် ထင်မှတ်ရလေသည်။
အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လုမင်ယွိသည် မြက်ခင်းထဲတွင် ဝပ်နေပြီး အချိန်ကို စောင့်ဆိုင်းနေလေ၏။
လွန်ခဲ့သော ၂ရက်က သူမသည် လုအိမ်တော် ကိုယ်ရံတော်များကို ဦးဆောင်ပြီး မြို့ပြင်ထွက်ကာ လယ်တောအိမ်သို့ သွားရောက်ခဲ့သည်။ ထိုနေရာတွင် လုအိမ်တော်၏ လျှို့ဝှက်တပ်ဖွဲ့ဝင်များကို စုစည်းခဲ့သည်။
ယန်စစ်တပ်၏ အနောက်ဘက်သို့ ရောက်ရှိရန် သူမသည် လျှို့ဝှက်တပ်ဖွဲ့ဝင် ၂၀၀၀ ကို ဦးဆောင်ကာ မိုင် ၃၀၀ ကျော် ခရီးနှင်ခဲ့ရသည်။
ခရီးတွင်စေရန်အတွက် လူတိုင်း ၃ရက်စာ ရိက္ခာခြောက်များကို သယ်ဆောင်လာခဲ့ကြသည်။ ဗိုက်ဆာလျှင် ရိက္ခာခြောက်စား၊ ရေငတ်လျှင် ရေအေးသောက်ကာ လူတစ်ယောက် မြင်းနှစ်ကောင်နှုန်းဖြင့် မနားမနေ ခရီးနှင်ခဲ့ကြသည်။
မိုးမချုပ်မီ မိုင် ၂၀ အကွာတွင် ခေတ္တနားပြီး အားမွေးခဲ့ကြသည်။
မိုးချုပ်ပြီးနောက် ယန်စစ်တပ်သည် တိုက်ပွဲနားပြီး စစ်တဲထဲသို့ ဝင်ရောက် အနားယူကြသည်။
လုမင်ယွိသည် မြင်းမစီးတော့ဘဲ ခြေလျင်ဖြင့် ဆက်သွားကြလေသည်။ မနက် ၃နာရီခန့်တွင် ယန်စစ်တပ် စခန်းချရာနေရာ အနီးသို့ ရောက်ရှိလာကြသည်။
ယန်စစ်တပ်သည် လုံခြုံရေး တင်းကျပ်ထားပြီး ညဉ့်နက်သန်းခေါင်အချိန်တွင် ကင်းလှည့်နေသူများ ရှိနေလေသည်။ လျှို့ဝှက်တပ်ဖွဲ့ဝင်များသည် လူစုခွဲလိုက်ပြီး အမှောင်ထဲတွင် ပုန်းခိုနေကြသည်။ အချိန်များ ကုန်ဆုံးသွားပြီး ညအမှောင်ထုသည် ပိုမို နက်ရှိုင်းလာလေသည်။
မနက် ၄နာရီ ထိုးလေပြီ။
ယန်စစ်သားများ အိပ်မောကျနေချိန် ဖြစ်သည်။
ကင်းလှည့်နေသော ယန်စစ်သားများသည်လည်း သံမဏိလူသား မဟုတ်သဖြင့် အိပ်ငိုက်နေကြသည်။ မျှော်စင်ပေါ်မှ စစ်သားများသည်ပင် ငိုက်မြည်းနေကြသည်။
ထုံးစံအတိုင်း ယန်စစ်တပ်၏ လှည့်ကင်းက ကျန်းတယ်တံခါးဘက်သို့ ဦးတည်နေလေ့ရှိသည်။ သာ့ဝေစစ်တပ်က မြို့တံခါးဖွင့်ပြီး ဝင်တိုက်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။
စစ်တပ်အနောက်ဘက်တွင် လူတစ်စု ပုန်းခိုနေမည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပေ။
"ဟိုဘက်က ယန်စစ်တပ်ရဲ့ ရိက္ခာထားတဲ့ နေရာပါ"
လုယိက အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ "အကုန် အဆင်သင့် ဖြစ်နေပါပြီ။ ထိုက်ဇီဖေး အမိန့်ပေးဖို့ပဲ လိုပါတော့တယ်"
ညဘက် စစ်တပ်ကို ဝင်တိုက်သည့်အခါ အချိန်တိုအတွင်း ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ရမည်။ အကောင်းဆုံး နည်းလမ်းကတော့ ရိက္ခာဂိုဒေါင်ကို မီးရှို့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ရိက္ခာဂိုဒေါင်သည် စစ်တပ်၏ အနောက်ဘက်တွင် ရှိတတ်သည်။
လုယိသည် ကိုယ်ရံတော်အချို့ကို ဦးဆောင်ပြီး စစ်တပ်အနီးသို့ သွားရောက်လေ့လာကာ ရိက္ခာဂိုဒေါင် တည်နေရာကို အတည်ပြုနိုင်ခဲ့သည်။
လုမင်ယွိ ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး အမိန့်ပေးလိုက်လေသည်။ "ပထမအဖွဲ့က ရိက္ခာဂိုဒေါင်ကို မီးရှို့။ ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့။ စစ်သူကြီးတဲကို ဝင်စီးမယ်"
လျှို့ဝှက်တပ်ဖွဲ့ဝင် ၂၀၀၀ ကို အဖွဲ့ ၄ဖွဲ့ ခွဲလိုက်သည်။ တစ်ဖွဲ့လျှင် လူ ၅၀၀ ပါဝင်သည်။
ဒီတပ်ဖွဲ့ဝင်များသည် လုမိသားစုက နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားသူများ ဖြစ်ကြသည်။ သိုင်းပညာ ကျွမ်းကျင်ပြီး သေရမှာ မကြောက်ကြပေ။ တစ်ယောက်လျှင် ၁၀ယောက်နှင့် ညီမျှလေသည်။ ဒီည တိုက်ပွဲတွင် လုမိသားစု၏ အင်အားအကုန် ထုတ်သုံးရပေမည်။ ဘယ်နှယောက် အသက်ရှင်ကျန်ရစ်မလဲ ဆိုတာ မသိနိုင်ပေ။
လုမင်ယွိ၏ နှာခေါင်းထိပ်များ မွှန်သွားသလို ခံစားလိုက်ရသော်လည်း ခံစားချက်များကို မေ့လျော့ထားလိုက်ပြီး တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ စစ်တပ်ထဲသို့ ဝင်ရောက်သွားလေသည်။
တပ်ဖွဲ့ဝင်များသည် လက်ထဲတွင် အထူးပြုလုပ်ထားသော မီးမြှားများကို ကိုင်ဆောင်ထားကြသည်။ ဒီမြှားများကို မီးရှို့လိုက်လျှင် နာရီဝက်ခန့် လောင်ကျွမ်းနေပြီး ရေလောင်း၍ မငြိမ်းပေ။ သဲနှင့် ပက်မှသာ ငြိမ်းသတ်နိုင်သည်။ အလွန် အစွမ်းထက်သော လက်နက် ဖြစ်လေသည်။
လုယိသည် မီးမြှားကို မီးညှိလိုက်ပြီး ရိက္ခာဂိုဒေါင်ဘက်သို့ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်လေသည်။
မီးမြှားရာပေါင်းများစွာသည် တစ်ပြိုင်နက်တည်း ပျံဝဲသွားကြတော့သည်။
...
အပိုင်း (၄၀၁) ညတိုက်ပွဲ (၂)
ပထမဆုံး မီးမြှားသည် စစ်တဲတစ်ခုပေါ်သို့ ကျရောက်ပြီး လောင်ကျွမ်းသွားလေသည်။
ဆက်တိုက်ဆိုသလိုပင်။ ဒုတိယ၊ တတိယ... အချိန်တိုအတွင်း မီးမြှားရာပေါင်းများစွာ ကျရောက်လာပြီး စစ်တဲဒါဇင်ချီ မီးလောင်ကျွမ်းသွားတော့သည်။
စစ်တဲထဲတွင် အိပ်မောကျနေသော ယန်စစ်သားများသည် လန့်နိုးလာကြပြီး အော်ဟစ်ဆူညံသွားကြလေသည်။ "မီးလောင်နေပြီ!"
"တစ်ယောက်ယောက် လာတိုက်နေပြီ!"
"မြန်မြန် မီးငြိမ်းကြ!"
အော်ဟစ်သံများနှင့် ခြေသံများသည် ဆူညံပွက်လောရိုက်သွားတော့သည်။
ယန်စစ်သား အများအပြားသည် အိပ်မက်လှလှ မက်နေရာမှ လန့်နိုးလာကြပြီး မျက်လုံးဖွင့်လိုက်သည်နှင့် မီးပင်လယ်ကြီးကို တွေ့လိုက်ရ၏။ အမှောင်ထဲတွင် ပုန်းခိုနေသော ရန်သူများသည် အသံမထွက်ဘဲ မီးမြှားများကို ဆက်တိုက် ပစ်ခတ်နေကြသည်။
ပိုဆိုးသည်မှာ ထိုမီးမြှားများ ကျရောက်သည့်နေရာတိုင်း မီးထတောက်ပြီး ရေနှင့်လောင်းသော်လည်း မငြိမ်းဘဲ ပိုမို ပြင်းထန်လာခြင်းပင်။
မကြာမီ ရိက္ခာဂိုဒေါင်လည်း မီးလောင်သွားတော့သည်။ ဒါက တကယ့် အသက်အန္တရာယ်ပင်။ မီးတောက်များသည် ကောင်းကင်သို့ ထိုးတက်သွားပြီး တစ်ခွင်လုံး လင်းထိန်သွားလေသည်။
စစ်တပ်တစ်ခုကို အမြန်ဆုံး ဖရိုဖရဲ ဖြစ်စေသည့် နည်းလမ်းမှာ ဘာနည်းလမ်းဖြစ်ပါဦးမည်နည်း။
အဖြေကတော့ ရိက္ခာကို မီးရှို့ခြင်း ဖြစ်လေသည်။
ရိက္ခာမရှိရင် စစ်သားတွေနဲ့ စစ်မြင်းတွေ ငတ်ပြတ်ကုန်မှာ။ စစ်တိုက်ဖို့ မပြောနဲ့။ ရက်နည်းနည်း ခံဖို့တောင် မလွယ်ဘူး။
ယန်စစ်သားများသည် ရိက္ခာမီးလောင်နေသည်ကို တွေ့လိုက်ရသောအခါ စိတ်ပူသွားကြပြီး မီးငြိမ်းသတ်ရန် ပြေးလာကြသည်။ အချို့ကတော့ အမှောင်ထဲတွင် ပုန်းခိုနေသော ရန်သူများကို လိုက်ရှာကြသည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် စစ်သားအချို့ တွန်းတိုက်မိပြီး လဲကျကာနင်းမိသူ နင်းမိ၊ အော်ဟစ်သူ အော်ဟစ်နှင့် ရှုပ်ထွေးနေတော့သည်။
"ကျွန်တော်တို့ အခု ဝင်တိုက်မလား"
မီးမြှားပစ်သော လျှို့ဝှက်တပ်ဖွဲ့ဝင်က လုယိကို တိုးတိုးလေး မေးလိုက်လေသည်။
လုယိသည် မြှားတစ်စင်း ထုတ်ယူပြီး မီးရှို့ကာ ပစ်လွှတ်လိုက်ရင်း ခေါင်းမလှည့်ဘဲ ပြောလိုက်လေသည်။ "ယန်စစ်သားတွေ ငါတို့ကို မတွေ့ခင် ဆက်ပစ်နေကြ။ ပြီးရင် လူစုခွဲပြီး ပုန်းခိုနေကြ။ ဒါမှမဟုတ် နေရာအနှံ့ ပြေးလွှားပြီး တိုက်ခိုက်ကြ"
ဒီတပ်ဖွဲ့ဝင် ၅၀၀ က ယန်စစ်တပ်ကို အာရုံလွှဲဖို့ တာဝန်ယူထားရသည်။
ကျန်တပ်ဖွဲ့ဝင် ၁၅၀၀နှင့် လုအိမ်တော် ကိုယ်ရံတော် ၁၀၀ ကတော့ လုမင်ယွိ နောက်ကနေ လိုက်ပြီး တခြားဘက်မှနေ၍ စစ်တပ်ထဲ ဝင်ရောက်ကာ စစ်သူကြီးတဲဆီ ဦးတည်သွားလိုက်ကြသည်။
ပုံမှန်အားဖြင့် စစ်သူကြီးတဲက စစ်တပ်၏အလယ်ဗဟိုမှာ ရှိတတ်ပြီး လုံခြုံရေး အတင်းကျပ်ဆုံး နေရာလည်း ဖြစ်သည်။
ဒီည စစ်တပ်က အလစ်ဝင်တိုက်ခံရပြီး ရိက္ခာမီးလောင်နေသဖြင့် ရန်သူက ဘယ်နှယောက်မှန်း မသိနိုင်ချေ။ ယန်စစ်သားများမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး မျက်လုံးဖွင့်လိုက်သည်နှင့် မီးငြိမ်းဖို့ ပြေးကြတော့သည်။
လုမင်ယွိသည် အဝင်လမ်းကြောင်းက သေချာ တွက်ချက်ထားပြီးဖြစ်သဖြင့် လမ်းတွင် စစ်သည်အများအပြားကို မတွေ့ရချေ။ တွေ့ရင်လည်း ချက်ချင်း သတ်ပစ်လိုက်ကြသည်။
လုမင်ယွိ၏ လက်ထဲက ဓားရှည်က ဝှေ့ယမ်းလိုက်တိုင်း သွေးတွေ ဖြာထွက်သွားသည်။ သေမင်းတမန် ဆင်းလာသလို ကြောက်စရာ ကောင်းလွန်းလှသည်။ လုမင်ယွိ ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဓားသွားလို ထက်မြက်ပြီး လျှပ်စီးလို လျင်မြန်စွာဖြင့် စစ်တပ်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်သွားကြတော့သည်။
ဒါက လုမင်ယွိ ကြိုတင် စီစဉ်ထားသည့် အစီအစဉ်ပင်။
စစ်တပ် ဖရိုဖရဲ ဖြစ်နေစဉ် စစ်သူကြီးတဲကို တန်းသွားပြီး ယန်ထော်ကို လုပ်ကြံမည်။ အရာအားလုံးက မြန်မြန်ဆန်ဆန် ဖြစ်ရမည်။ ယန်စစ်သားများက များသော်လည်း ဖရိုဖရဲ ဖြစ်နေသည်တွင် စုရုံးရန် အချိန်ရမည်မဟုတ်။ ထို့ကြောင့် ရန်သူ အများကြီးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။
မြန်မြန်!
မြန်မြန် သွားကြ!
ရှေ့က ပိတ်ရပ်နေတဲ့ အရိပ်မည်းမှန်သမျှ ဓားနဲ့ ခုတ်သတ်ပစ်!
အင်္ကျီပေါ်တွင် သွေးများ မည်မျှ ပေကျံနေသွားပြီကို မသိတော့ချေ။
လုမင်ယွိသည် ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားပြီး တုံ့ဆိုင်းခြင်း မရှိ၊ လက်တွန့်ခြင်း မရှိဘဲ ရှေ့ဆက်တိုးနေလေသည်။
စစ်သူကြီးတဲ အနီးတွင် စောင့်ကြပ်နေသူများသည် ယန်စစ်တပ်၏ လက်ရွေးစင်များ ဖြစ်ကြပြီး တုံ့ပြန်မှု မြန်ဆန်ကြသည်။ အနက်ရောင် ဝတ်စုံဝတ် လူအုပ်ကြီး စစ်သူကြီးတဲဆီ ပြေးလာသည်ကို တွေ့လိုက်ရသည်နှင့် အော်ဟစ်လိုက်ကြလေသည်။ "လုပ်ကြံသူတွေ စစ်သူကြီးကို သတ်မလို့ လာနေပြီ!"
"နေရာယူကြ! စစ်သူကြီးကို ကာကွယ်ကြ!"
ယန်နိုင်ငံ ရှုံးနိမ့်သွားပြီ ဖြစ်ပြီး ယန်ဘုရင်လည်း လက်နက်ချလိုက်ပြီ။ လက်နက်မချချင်သော စစ်သားများကို ယန်ထော်က ခေါ်ထုတ်လာခဲ့သည်။ နိုင်ငံပျောက်ဆုံးသွားသော ယန်စစ်သားများသည် အသိုက်ပျက်သွားသော သားရဲများကဲ့သို့ သာ့ဝေတိုင်းပြည် မြို့တော်အပြင်ဘက်သို့ ရောက်ရှိလာပြီး ပြည်သူများကို သတ်ဖြတ်လုယက်ကာ ဒေါသဖြေဖျောက်နေကြသည်။
လုမင်ယွိသည် တစ်ကိုယ်လုံး သွေးဆူပွက်နေသော်လည်း ဦးနှောက်ကမူ ကြည်လင်ပြတ်သားနေလေသည်။ ရှေ့တိုးလာသော ယန်စစ်သားများနှင့် အချိန်ကုန်ခံ တိုက်ခိုက်မနေတော့ပေ။
ဘယ်သူမှ သူမကို တားဆီးနိုင်စွမ်း မရှိကြပေ။
သူမသည် စစ်သူကြီးတဲဆီ တည့်တည့် ဝင်ရောက်သွားလေသည်။
ထိုစဉ် အေးစက်သော ဓားအလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး သူမ၏ ရင်ဘတ်ဆီ တိုးဝင်လာသည်။
သူမ လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း ဒုတိယ ဓားချက်က ဆက်တိုက် ရောက်ရှိလာပြန်သည်။ တိုက်ခိုက်မှုက အလွန် လျင်မြန်ပြင်းထန်လှသည်။
လုမင်ယွိ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
ဒီလှံကိုင်ထားတဲ့လူက သာမန်မဟုတ်ဘူး။ သိုင်းပညာ အလွန် ကျွမ်းကျင်တဲ့သူပဲ။
ဒီလူက ယန်ထော်များလား။
လုမင်ယွိသည် ဆက်တိုက် ရှောင်တိမ်းရင်း အခွင့်အရေးရသည်နှင့် ဓားရှည်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်လေသည်။ ဓားနှင့် လှံ ထိပ်တိုက်တွေ့ဆုံသွားပြီး စူးရှသော အသံ ထွက်ပေါ်လာသည်။
အချိန်တိုအတွင်း လုမင်ယွိနှင့် လှံကိုင်ထားသူတို့ မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်ကြသည်။
ထိုသူသည် အရပ်ရှည်ပြီး သူမထက် ခေါင်းတစ်လုံးခန့် ပိုမြင့်ကာ ခန္ဓာကိုယ် ထွားကျိုင်းလေသည်။ မျက်နှာတွင် မုတ်ဆိတ်မွေးတိုများ ရှိပြီး မျက်လုံးများက ရက်စက်ကြမ်းကြုတ်ကာ သားရဲတစ်ကောင်နှင့် တူလေသည်။
တစ်ချက်ကြည့်ရုံနှင့် ကျောချမ်းသွားစေသည်။
လုမင်ယွိ၏ ရင်ထဲတွင် ပြင်းထန်သော အမုန်းတရားများ ထွက်ပေါ်လာသည်။
ရှာနေစရာ မလိုတော့ဘူး။ ဒီလူက ယန်ထော်ပဲ။
အရင်ဘဝတုန်းက ဖခင်အရင်း လုလင်းက ယန်ထော်လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ ဒီဘဝမှာ ယန်ထော်က ခင်ပွန်းသည် လီကျင့်ကို ဒဏ်ရာရစေခဲ့တယ်။
သူက လူတွေကို သတ်ဖြတ်လုယက်ဖို့ ဦးဆောင်ခဲ့တယ်။ ကျန်းတယ်တံခါး အပြင်ဘက်မှာ သာ့ဝေပြည်သူတွေကို သတ်ဖြတ်ပြီး သာ့ဝေစစ်တပ်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ ကြိုးစားခဲ့တယ်။ မြို့တော်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။
ဒီည သူ့ကို သတ်ရမယ်!
လှံရှည်ကိုင်ထားသော ယန်ထော်၏ ရင်ထဲတွင်လည်း ထိတ်လန့်နေလေသည်။
ရှေ့မှ အနက်ရောင် ဝတ်စုံဝတ်ထားသူသည် အရပ်ပုပြီး သာမန်ယောက်ျားလေးထက် သေးငယ်ကာ ခန္ဓာကိုယ် သွယ်လျလေသည်။ မျက်နှာကို အနက်ရောင် အဝတ်ဖြင့် စည်းနှောင်ထားပြီး မျက်လုံးတစ်စုံသာ ဖော်ထားလေသည်။
ထိုမျက်လုံးများသည် ဓားသွားကဲ့သို့ စူးရှပြီး လူသတ်ချင်စိတ်များ ပြည့်နှက်နေလေ၏။
သူက ကိုယ့်ခွန်အားကို ကိုယ်ယုံကြည်မှု ရှိတယ်။ သိုင်းပညာမှာလည်း ယန်စစ်တပ်ထဲမှာ ပြိုင်ဘက်မရှိဘူး။ လှံရှည်ကိုင်ပြီး တိုက်ပွဲဝင်တာ ဘယ်တုန်းကမှ မရှုံးဖူးဘူး။
ဒါပေမဲ့ ဒီလုပ်ကြံသူရဲ့ ခွန်အားက သူ့ထက်တောင် သာလွန်နေတယ်။ ဓားနဲ့လှံ ထိပ်တိုက်တွေ့တော့ လက်ကောက်ဝတ်တွေ ထုံကျင်သွားပြီး လှံတောင် လွတ်ကျလုနီးပါး ဖြစ်သွားတယ်။
ဒီလူက ဘယ်သူလဲ။
သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကြီး စစ်သူကြီးတွေက ချူနိုင်ငံဘက် ရောက်နေတာ။ မြို့တော်မှာ ကျန်ခဲ့တာဆိုလို့ ကျန်းတယ်တံခါး စောင့်နေတဲ့ စစ်သူကြီးလျန် တစ်ယောက်ပဲ ရှိတာ။ ဒီလူက ဘယ်ကနေ ရောက်လာတာလဲ။
ယန်ထော် စဉ်းစားဖို့ အချိန်မရလိုက်။ ရန်သူက ဓားဝှေ့ယမ်းပြီး လျင်မြန်စွာ တိုက်ခိုက်လာပြန်သည်။
ဘေးနားမှ ယန်စစ်သားများသည် အကူအညီပေးရန် ပြေးလာကြသည်။ လျှို့ဝှက်တပ်ဖွဲ့ဝင်များသည် အသံမထွက်ဘဲ ရှေ့တိုးလာပြီး ယန်စစ်သားများကို တားဆီးလိုက်ကြသည်။ လုမင်ယွိနှင့် ယန်ထော် တိုက်ခိုက်နေသည်ကို ဘယ်သူမှ ဝင်မပါနိုင်ကြပေ။
လုမင်ယွိ၏ ဓားကွက်များသည် ကြမ်းတမ်းပြီး ယန်ထော်၏ လည်ပင်းနှင့် ရင်ဘတ်ကိုသာ ချိန်ရွယ်တိုက်ခိုက်နေလေသည်။
ယန်ထော်သည် ခုခံလေ ထိတ်လန့်လေ ဖြစ်နေပြီး လှံကိုင်ထားသော ညာဘက်လက်သည် တုန်ယင်လာတော့သည်။ အားကုန်ခမ်းတော့မည့် လက္ခဏာပင်။
သိုင်းပညာအရဆိုရင် သူက ဒီလုပ်ကြံသူကို မကြောက်ပါဘူး။ ကြောက်စရာ ကောင်းတာက ဒီလုပ်ကြံသူရဲ့ ခွန်အားပဲ။ လက်နက်ချင်း ထိမိလိုက်တာနဲ့ ကြီးမားတဲ့ အားအင်တစ်ခု သက်ရောက်လာပြီး သူ့ညာဘက်လက်က နာကျင်လွန်းလို့ လှံကိုတောင် မကိုင်နိုင်တော့ဘူး။
နည်းနည်းလေး လျှော့လိုက်တာနဲ့၊ နောက်ဆုတ်လိုက်တာနဲ့ ခေါင်းပြတ်သွားမယ် ဆိုတာ သူ သေချာသိတယ်။
သေရေးရှင်ရေး အခြေအနေ ရောက်လာတော့ ယန်ထော် ဘာမှ ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။ "လာကြ..."
စကားမဆုံးမီ အေးစက်သော ဓားအလင်းရောင်က မျက်နှာဆီ တိုးဝင်လာသည်။ ယန်ထော် မတတ်သာဘဲ နောက်ဆုတ် ရှောင်လိုက်ရသည်။ နောက်ထပ် ဓားချက် ရောက်လာပြန်သည်။ သူ ထပ်ရှောင်ရသည်။
နောက်ထပ် ဓားချက် ရောက်လာပြန်သည်။ သူ ထပ်ရှောင်မည် ပြုစဉ် ဓားလမ်းကြောင်း ရုတ်တရက် ပြောင်းသွားပြီး သူ့လက်မောင်းကို ခုတ်ပိုင်းလိုက်တော့သည်။
…
အပိုင်း (၄၀၂) ခေါင်းဖြတ်သတ်ခြင်း
မီးတောက်များသည် ညကောင်းကင်ကြီးကို လင်းထိန်သွားစေသည်။
မြို့ရိုးပေါ်မှ စစ်သည်များသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်။ "ယန်စစ်တပ်ထဲ မီးလောင်နေပြီ!"
တစ်ညလုံး မအိပ်ခဲ့သော စစ်သူကြီးလျန်သည် မြို့ရိုးပေါ်သို့ တက်ရောက်ကာ စစ်ပွဲစည်တီးလိုက်လေသည်။ ဒုန်း ဒုန်း ဒုန်း...
ကွင်းပြင်တွင် အိပ်ပျော်နေကြသော စစ်သားများသည် ရုတ်တရက် ထရပ်လိုက်ကြပြီး စစ်မြင်းပေါ်သို့ ခုန်တက်ကာ မြို့ပြင်ထွက်ရန် စုရုံးလိုက်ကြလေသည်။
မြို့တံခါး ပွင့်သွားသည်နှင့် စစ်သားများသည် စီတန်းပြီး အပြင်သို့ ထွက်ခွာသွားကြလေသည်။
ဒုတိယစစ်သူကြီးလျိုသည် ရှေ့ဆုံးမှ ဦးဆောင်ပြီး အော်ဟစ်လိုက်လေသည်။ "ငါတို့နဲ့အတူ ယန်ကောင်တွေကို သတ်ကြမယ်ဟေ့!"
စစ်သားများကလည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြလေသည်။ "ယန်ကောင်တွေကို သတ်ကြ!"
အော်ဟစ်သံများသည် ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
မြို့ပြင်ထွက်သွားသော စစ်သားအရေအတွက် ၁သောင်းကျော် ရှိသည်။ ဒီည ဘယ်နှယောက်များ အသက်ဆုံးရှုံးရမလဲ မသိနိုင်ပေ။
စစ်သူကြီးလျန်၏ မျက်ဝန်းထဲတွင် မျက်ရည်များ စီးကျလာလေသည်။ စစ်သားအားလုံး မြို့ပြင်ထွက်သွားသည်အထိ သူသည် စစ်ပွဲစည်ကို ဆက်တိုက် တီးခတ်နေလေသည်။
"အမိန့်ပေးလိုက်! မြို့တံခါး ပိတ်လိုက်တော့!" စစ်သူကြီးလျန် အံကြိတ်ကာ အမိန့်ပေးလိုက်လေသည်။
အမိန့်ရသည်နှင့် လေးလံသော မြို့တံခါး ပြန်ပိတ်သွားလေသည်။
ထို့နောက် အခြား အမိန့်များ ဆက်တိုက် ထွက်ပေါ်လာသည်။
"ကျန်တဲ့ မြို့တံခါး ၃ပေါက်ဆီ သတင်းပို့လိုက်။ တံခါးတစ်ပေါက်စီမှာ လူ ၁၀၀၀ စီထားခဲ့ပြီး ကျန်တဲ့လူတွေ ကျန်းတယ်တံခါးဆီ လာကူညီကြ"
"ညီလာခံကို သတင်းပို့လိုက်။ ယန်စစ်တပ်ကို ညဘက် ဝင်တိုက်နေပြီ ဆိုတဲ့အကြောင်း ပြောလိုက်"
"ဒီအချိန်ကစပြီး မြို့တံခါးကို သေချာ စောင့်ကြပ်ရမယ်။ ငါ့အမိန့်မရဘဲ ဘယ်သူမှ မြို့တံခါး မဖွင့်ရဘူး"
...
လုမင်ယွိက ယန်ထော်၏ ညာလက်မောင်းကို ဖြတ်တောက်ပစ်လိုက်၏။ ယန်ထော်သည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး လှံရှည်ဖြင့် ပြန်လည် ထိုးစိုက်လိုက်လေသည်။ လုမင်ယွိသည် မျက်ဝန်းများ အေးစက်နေပြီး မိမိ၏ လက်မောင်းကို အထိုးခံကာ ရှေ့ဆက်တိုးသွားလိုက်သည်။
ဓားတစ်ချက်ဖြင့် ယန်ထော်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်တော့သည်။
ယန်ထော်သည် အော်ပင် မအော်နိုင်တော့ဘဲ ပါးစပ်မှ သွေးများ အန်ထုတ်ကာ လဲကျသွားတော့သည်။ သေဆုံးချိန်ထိ မျက်လုံးများ ပြူးကျယ်နေဆဲပင်။
ယန်ထော်သည် လုပ်ကြံသူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ။
ယန်စစ်သားများသည် ရူးသွပ်သွားကြပြီး အသက်ကို ပဓာနမထားဘဲ ဝိုင်းဝန်း တိုက်ခိုက်လာကြသည်။ လျှို့ဝှက်တပ်ဖွဲ့ဝင်များသည်လည်း လုမင်ယွိကို ဝိုင်းရံကာကွယ်ထားကြသည်။
လုမင်ယွိမှာ အသက်ပြင်းပြင်း ရှူထုတ်လိုက်လေသည်။
သူမ၏ ဘယ်ဘက်လက်မောင်းကို လှံရှည် ထိုးစိုက်ခံထားရသဖြင့် သွေးများ ပန်းထွက်နေပြီး နာကျင်နေလေသည်။ သွေးထွက်လွန်ပြီး အားကုန်သွားမည်ကိုသာ စိုးရိမ်ရသည်။
ကံကောင်းသည်မှာ မလာခင်ကတည်းက လူတိုင်း အနာကျက်ဆေးနှင့် ပတ်တီးများ ယူဆောင်လာခဲ့ကြသည်။
သူမသည် ညာဘက်လက်ဖြင့် ဆေးမှုန့်ထုတ်ကာ အနာပေါ် ဖြူးလိုက်သည်။ ထို့နောက် လက်တစ်ဖက်တည်းဖြင့် ပတ်တီးစည်းလိုက်လေသည်။ သွေးများ စိုရွှဲနေသော်လည်း ဂရုမစိုက်နိုင်တော့ပေ။
သူမသည် ပတ်တီးကို တင်းကျပ်စွာ စည်းလိုက်သည်။ ထို့နောက် ယန်ထော်၏ ရင်ဘတ်မှ ဓားကို ဆွဲထုတ်လိုက်ပြီး ခေါင်းကို ဖြတ်ပစ်လိုက်လေသည်။
ဘေးနားမှ လျှို့ဝှက်တပ်ဖွဲ့ဝင်များက အော်ဟစ်လိုက်ကြလေသည်။ "ယန်ထော် သေပြီ! လက်နက်ချရင် အသက်ချမ်းသာပေးမယ်!"
တပ်ဖွဲ့ဝင်အားလုံး လိုက်လံ အော်ဟစ်ကြလေသည်။
နေရာအနှံ့ ပျံ့နှံ့နေသော တပ်ဖွဲ့ဝင်များသည် ဝမ်းသာအားရ လိုက်လံ အော်ဟစ်ကြလေသည်။ "ယန်ထော် သေပြီ! လက်နက်ချရင် အသက်ချမ်းသာပေးမယ်!"
ဖရိုဖရဲ ဖြစ်နေသော ယန်စစ်တပ်သည် ခေါင်းဆောင် သေဆုံးသွားသည့် သတင်း ကြားလိုက်ရသဖြင့် ပိုမို ရှုပ်ထွေးသွားကြသည်။ တစ်စုံတစ်ယောက် စတင် အော်ဟစ်လိုက်ပြီးနောက် လူအများအပြား လိုက်လံ အော်ဟစ်ကြသဖြင့် ကြောက်မက်ဖွယ်ရာ အသံများ ထွက်ပေါ်လာတော့သည်။
လုမင်ယွိမှာ မျက်နှာပျက်သွားတော့သည်။
စစ်တပ်တွင်း ပုန်ကန်မှု!
စစ်တပ်တစ်ခုအတွက် အကြောက်ဆုံးအရာက ရိက္ခာမီးလောင်တာနဲ့ စစ်တပ်တွင်း ပုန်ကန်မှု ဖြစ်တာပါပဲ။
စစ်တပ် ပုန်ကန်မှု ဖြစ်လာရင် စစ်သားတွေက စိတ်ဖောက်ပြန်ပြီး ရန်သူမိတ်ဆွေ မခွဲခြားတော့ဘဲ တွေ့သမျှလူကို လိုက်ခုတ်ကြတော့တာ။ အခု ယန်စစ်တပ်က ပုန်ကန်နေပြီ ဆိုတော့ သူမတို့ ထွက်ပြေးဖို့ မလွယ်ကူတော့ဘူး။
လုမင်ယွိတို့ကို ဝိုင်းထားသော ယန်စစ်သားများသည် မျက်ဝန်းများ နီရဲလျက် ရူးသွပ်စွာ တိုက်ခိုက်လာကြသည်။
လုမင်ယွိသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဓားကို ဆုပ်ကိုင်ကာ ပြန်လည် တိုက်ခိုက်လိုက်လေသည်။
ဘေးနားမှ တပ်ဖွဲ့ဝင်များက တားဆီးလိုက်ကြလေသည်။ "သခင်မ စစ်တဲထဲ ဝင်နေလိုက်ပါ။ ကျွန်တော်တို့ တောင့်ခံထားပါ့မယ်။ စစ်ကူ ရောက်လာတဲ့အထိ စောင့်နေပါ"
လုမင်ယွိသည် ယန်စစ်သား အနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ဘယ်ဘက်လက်မောင်းမှ သွေးများ ပြန်ထွက်လာလေသည်။
အခုက ဇွတ်လုပ်ရမယ့် အချိန် မဟုတ်ဘူး။ ယန်ထော်ကို သတ်ပြီးပြီဆိုတော့ တာဝန်ပြီးဆုံးသွားပြီ။ အခု အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့က အရေးကြီးတယ်။
လုမင်ယွိသည် အံကြိတ်လိုက်ပြီး တပ်ဖွဲ့ဝင်များ၏ ကာကွယ်မှုဖြင့် စစ်တဲထဲသို့ ဝင်သွားလိုက်တော့သည်။
ဒါက ယန်စစ်တပ်ရဲ့ ဗဟိုစစ်တဲ ဖြစ်သဖြင့် အတော်လေး ကျယ်ဝန်းသည်။ တပ်ဖွဲ့ဝင် ဒါဇင်ချီက သူမကို ဝိုင်းရံထားပြီး လူသားဒိုင်းကာသဖွယ် ကာကွယ်ပေးထားကြသည်။
အပြင်ဘက်တွင် စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေလေသည်။
လုမင်ယွိ မျက်မှောင်ကြုတ်လိုက်မိ၏။
တပ်ဖွဲ့ဝင်တစ်ဦးက သူမ၏ လက်မောင်းကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။ "သခင်မ၊ လက်က သွေးပြန်ထွက်နေပြီ"
လုမင်ယွိ ငုံ့ကြည့်လိုက်ပြီး အင်္ကျီထဲမှ ဆေးဘူး ထုတ်ပေးလိုက်လေသည်။ တပ်ဖွဲ့ဝင်က ဆေးဘူးယူပြီး တောင်းပန်လိုက်လေသည်။ "ခွင့်လွှတ်ပါ သခင်မ"
ဒီလိုအချိန်မှာ ယဉ်ကျေးနေစရာ မလိုပါဘူး။
လုမင်ယွိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကျေးဇူးပဲ"
သူမသည် မျက်နှာကို အုပ်ထားသဖြင့် ဖြူဖျော့နေသော မျက်နှာကို ဘယ်သူမှ မမြင်ရပေ။ အသံကတော့ တည်ငြိမ်နေဆဲပင်။
တပ်ဖွဲ့ဝင်သည် ပတ်တီးကို ဖြေလိုက်ရာ သွေးများ ရွှဲနေသည်ကို တွေ့လိုက်ရလေသည်။ သန့်ရှင်းရေး လုပ်ဖို့ အချိန်မရှိ၊ ရေမရှိသဖြင့် ဆေးမှုန့် ဖြူးပြီး ပတ်တီးအသစ်ဖြင့် စည်းပေးလိုက်ရလေသည်။
ပြီးသွားသောအခါ တပ်ဖွဲ့ဝင်၏ နဖူးမှ ချွေးစေးများ ပြန်နေလေသည်။
လုမင်ယွိ နဖူးမှလည်း ချွေးစေးများ ပြန်နေသော်လည်း အသံတစ်ချက် မထွက်ခဲ့ပေ။
တပ်ဖွဲ့ဝင်များသည် စိတ်တည်ငြိမ်သွားကြပြီး လက်နက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြလေသည်။
ယန်ထော် သေသွားပြီ။ ယန်စစ်တပ် ပုန်ကန်နေပြီ။ သာ့ဝေစစ်ကူတွေ လာနေကြပြီ။ ဒီညပြီးရင် ယန်စစ်တပ် ပျက်စီးသွားတော့မှာ။
သူတို့ ဒီမှာ သေသွားရင်တောင် တန်ပါတယ်။
ဒါပေမဲ့ သခင်မကိုတော့ အသက်ပေးပြီး ကာကွယ်ရမယ်။
...
ယန်စစ်တပ်ထဲတွင် မီးများ ဆက်တိုက် လောင်ကျွမ်းနေပြီး ကောင်းကင်ကြီး နီရဲနေလေသည်။
မိုးလင်းစပြုနေပြီ။
လေးလံသော မြင်းခွာသံများကြောင့် မြေကြီး တုန်ခါသွားလေသည်။ မျှော်စင်ပေါ် တက်ကြည့်စရာ မလိုဘဲ စစ်တပ်ကြီး ချီတက်လာမှန်း သိသာလှသည်။ ပုန်ကန်နေသော ယန်စစ်သားများသည် အချင်းချင်း ပြန်လည် တိုက်ခိုက်နေကြသည်။
အလောင်းများနှင့် ကိုယ်လက်အင်္ဂါ အပိုင်းအစများ ပြန့်ကျဲနေပြီး သွေးအိုင်များ ဖြစ်ထွန်းနေ၏။ သွေးညှီနံ့များ လေထဲတွင် ပျံ့လွင့်နေလေသည်။
လုယိသည် ဒဏ်ရာအနည်းငယ် ရထားပြီး စစ်တဲအသေးလေး တစ်ခုတွင် ပုန်းခိုနေရသည်။
တပ်ဖွဲ့ဝင် ၅၀၀ က နေရာအနှံ့ မီးရှို့ပြီး ဆူပူအုံကြွမှု ဖြစ်အောင် လုပ်ခဲ့ကြတယ်။ ယန်ထော် သေသွားလို့ ယန်စစ်တပ် ပုန်ကန်သွားမယ်လို့ ထင်မထားမိခဲ့ဘူး။ ယန်စစ်သားတွေက အချင်းချင်း ပြန်သတ်နေကြတယ်။
ဒီလိုအချိန်မှာ ခေါင်းပြူထွက်တာက မိုက်မဲရာ ရောက်တယ်။ ဒီလို တိတ်တဆိတ် ပုန်းနေတာ အကောင်းဆုံးပဲ။
ကျန်တဲ့ တပ်ဖွဲ့ဝင်တွေလည်း ဉာဏ်ကောင်းပြီး ပုန်းနေကြပါစေလို့ ဆုတောင်းရတော့မှာ။ အလကား အသက်မသေကြပါစေနဲ့။
မြင်းခွာသံ ကြားလိုက်ရသဖြင့် လုယိ၏ မျက်လုံးများ တောက်ပလာတော့သည်။
စစ်ကူ ရောက်လာပြီ!
မြို့ထဲကနေ စစ်ကူတွေ ရောက်လာတာ သေချာတယ်!
...