အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အပိုင်း (၄၀၆) ဒဏ်ရာရခြင်း (၁)
လျင်မြန်သော အရိပ်တစ်ခုu စစ်တဲအတွင်းမှ ချက်ချင်း ထွက်လာခဲ့သည်။
ထိုသူမှာ လုမင်ယွိ၏ နောက်လိုက် လုယိပင်။
ဤတိုက်ပွဲတွင် လုအိမ်တော်မှ ကိုယ်ရံတော်များ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြသည်။ ကျန်ရှိနေသူများသည်လည်း စစ်တဲအတွင်းအပြင် စုဝေးနေကြပြီး အကြမ်းဖျင်းအားဖြင့် လူလေးငါးရာခန့်သာ ကျန်တော့သည်။ သူတို့အားလုံးသည်လည်း အနည်းနှင့်အများ ဒဏ်ရာရထားကြသည်။ လုယိသည်ပင် ရင်ဘတ်၌ ဓားဒဏ်ရာ ရထားသဖြင့် အကြမ်းဖျင်း ဆေးထည့်ထားသော်လည်း ရံဖန်ရံခါ သွေးစများ စိမ့်ထွက်နေဆဲပင်။
လုယိသည် လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်သည်။ "လျန်ကျန်းကျွင်းကို တွေ့ရတာ ဝမ်းသာပါတယ်"
စစ်သူကြီးလျန်သည် စကားနည်းသူဖြစ်ပြီး ခေါင်းတစ်ချက်ညိတ်ကာ မေးလိုက်သည်။ "ထိုက်ဇီဖေး အခု ဘယ်လိုနေလဲ"
လုယိက သက်ပြင်းတစ်ချက်ချလိုက်ကာ တိုးတိုးလေး ဖြေလိုက်၏။ "လက်မောင်းက ဒဏ်ရာတော့ သွေးတိတ်သွားပါပြီ။ ဒါပေမဲ့ အခု နှာဖူးက နည်းနည်း ပူနေတယ်"
ဒဏ်ရာရပြီးနောက် ကိုယ်ပူလာခြင်းသည် လက္ခဏာကောင်း တစ်ခုတော့ မဟုတ်ပေ။ စစ်တပ်အတွင်း၌ တစ်နေ့လုံး တိုက်ခိုက်ထားရသဖြင့် လုမင်ယွိသည် အပြင်လည်း မထွက်နိုင်သလို သမားတော်လည်း မရှိပေ။ သည်အတိုင်း ကြိတ်မှိတ်ခံစားနေရသည်။
စစ်သူကြီးလျန်၏ မျက်နှာထား တင်းမာသွားပြီး ချက်ချင်း ပြောလိုက်သည်။ "ထိုက်ဇီဖေးကို အခုချက်ချင်း နန်းတော် ပြန်ပို့လိုက်"
လုယိက ဟုတ်ကဲ့ ဟု ပြန်ဖြေလိုက်သည်။
စစ်သူကြီးလျန်သည် ပင်မတဲအတွင်းသို့ ခြေလှမ်းကျဲများဖြင့် ဝင်သွားလိုက်ရာ အနက်ရောင် ဝတ်စုံဝတ်ထားသူ ဒါဇင်ပေါင်းများစွာ ဝန်းရံထားသော သွယ်လျလျ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ဖြူဖျော့ကာ အေးစက်ပြီး ထက်မြက်သော အသွင်အပြင် ရှိသည်။ ပါးပြင်များ နီရဲနေသော်လည်း မျက်ဝန်းများကတော့ တည်ငြိမ်စူးရှနေဆဲပင်။
ထိုက်ဇီဖေး လုမင်ယွိပင်။
စစ်သူကြီးလျန်သည် ထိုအနက်ရောင် ဝတ်စုံဝတ်ထားသူများ ဘယ်ကလာသည်ကို မမေးတော့ဘဲ လက်ကိုယှက်ကာ ပြောလိုက်သည်။ "ထိုက်ဇီဖေး သည်းခံပါဦး။ ကျွန်တော်မျိုး ထိုက်ဇီဖေးကို နန်းတော် ပြန်ပို့ပေးပါ့မယ်"
ခန္ဓာကိုယ်မှ အပူလှိုင်းများ တစ်ချက်တစ်ချက် ထွက်ပေါ်လာပြီး နှလုံးခုန်နှုန်းလည်း ပုံမှန်ထက် မြန်နေကာ သွေးများသည် နားထင်၌ တဒိတ်ဒိတ် ခုန်နေသဖြင့် ခေါင်းတစ်ခုလုံး ပြည့်ကျပ်နေသလို ခံစားနေရသည်။ ခေါင်းမူးဝေနေမှုသည် လက်မောင်းမှ နာကျင်မှုကိုပင် လွှမ်းမိုးသွားလေသည်။
လုမင်ယွိက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အသံရှတတဖြင့် ပြောလိုက်၏။ "စစ်သူကြီးလျန်ကို ဒုက္ခပေးရပါပြီ"
ဒီနေရာတွင် အမျိုးသမီးဟူ၍ တစ်ယောက်မှ မရှိဘဲ အားလုံးသည် ယောက်ျားသားများသာ ဖြစ်သည်။
စစ်သူကြီးလျန်က လုယိကို တစ်ချက် ကြည့်လိုက်သည်။ လုယိသည် ရှေ့သို့တိုးကာ လုမင်ယွိ၏ ကောင်းမွန်နေသော လက်မောင်းတစ်ဖက်ကို တွဲကူပေးလိုက်သည်။ လုယိ၏ အကူအညီဖြင့် လုမင်ယွိသည် မတ်တပ်ရပ်လိုက်ပြီး ဖြည်းညှင်းစွာ အပြင်သို့ လျှောက်သွားလိုက်သည်။
မိုးချုပ်သွားပြန်ပြီ။
ညလေပြေနှင့်အတူ သွေးညှီနံ့များ ပါလာသဖြင့် ပျို့ချင်စဖွယ် ကောင်းလှသည်။
လုမင်ယွိ၏ မျက်နှာသည် ပိုမို ဖြူဖျော့သွားသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ဆက်လက် လျှောက်လှမ်းလိုက်သည်။
သူမ၏ အခြေအနေအရ မြင်းဆက်စီး၍ မရတော့ပေ။ ကံကောင်းထောက်မစွာ ဒုတိယစစ်သူကြီးလျိုသည် စစ်တပ်အတွင်းမှ မြင်းလှည်းတစ်စီးကို ရှာတွေ့ခဲ့သဖြင့် လုယိ ကိုယ်တိုင် မြင်းလှည်းမောင်းကာ လှုပ်ရှားနိုင်သော ကိုယ်ရံတော်များက မြင်းစီး၍ ဘေးမှ ဝန်းရံလိုက်ပါလာကြသည်။
စစ်သူကြီးလျန်သည် စိတ်မချသဖြင့် သူ့ကိုယ်ပိုင် စစ်သည်များကို ထည့်ပေးလိုက်လေသည်။
လူတစ်စုသည် ညအမှောင်ကို ဖောက်ကာ ကျောင်းတယ်ဂိတ်တံခါးသို့ ပြန်လာခဲ့ကြသည်။
မြို့တံခါးစောင့် စစ်သည်များသည် သတင်းကြိုရထားသဖြင့် တံခါးကို အလျင်အမြန် ဖွင့်ပေးထားကြသည်။ ထို့နောက် လေးစားကြည်ညိုသော အကြည့်များဖြင့် ဝင်ရောက်လာသော လူအုပ်ကြီးကို ကြည့်နေကြသည်။
"ထိုက်ဇီဖေးသာ ညဘက်ကြီး ယန်စစ်တပ်ထဲ ဝင်ပြီး စစ်သူကြီးကို မသတ်ခဲ့ရင် ဒီစစ်ပွဲက ဘယ်အချိန်မှ ပြီးမလဲ မသိဘူး"
"ဟုတ်ပါ့။ ထိုက်ဇီဖေးက ခွန်အားကြီးပြီး သိုင်းပညာ ကောင်းတယ်လို့ ကြားဖူးပေမယ့် ဒီတစ်ခါတော့ လက်တွေ့ မြင်လိုက်ရပြီ။ နှမြောစရာကောင်းတာက ငါတို့ အဲဒီမှာ မရှိလို့ ထိုက်ဇီဖေးရဲ့ စွမ်းရည်ကို ကိုယ်တိုင် မမြင်လိုက်ရတာပဲ"
"ငါ အရင်က စစ်သူကြီးလျန်ကို အလေးစားဆုံးပဲ။ နောက်ဆိုရင်တော့ စစ်သူကြီးလျန်ကို တောင်းပန်ရတော့မယ်။ ငါ့စိတ်ထဲမှာ ထိုက်ဇီဖေးကို ယှဉ်နိုင်တဲ့သူ မရှိတော့ဘူး"
အနောက်နန်းဆောင်ထဲမှာ အေးအေးဆေးဆေး နေလို့ရလျက်နှင့်... ဒဏ်ရာအနာတရ မရှိဘဲ နေလို့ရလျက်နှင့်...
ထိုက်ဇီဖေးသည် မြို့တော်မှထွက်ကာ မိုင်ပေါင်းရာချီ ခရီးနှင်ပြီး ယန်စစ်တပ်ကို ညဘက် ဝင်ရောက်တိုက်ခိုက်ကာ စစ်သူကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဒီလို သတ္တိမျိုးက မိန်းမသား မပြောနှင့် ယောက်ျားသားတွေတောင် မရှိကြပေ။
...
မြင်းလှည်းသည် ကျောင်းတယ်ဂိတ်တံခါးမှ နန်းတော်သို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့သည်။
လမ်းခရီးတွင် ၆နာရီနီးပါး ကြာမြင့်ခဲ့သည်။
သန်းခေါင်ကျော် အချိန်ရောက်မှ နန်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ နန်းတော်စည်းကမ်းအရ မြင်းလှည်း ဝင်ခွင့်မရှိသဖြင့် စစ်သူကြီးလျန်၏ စစ်သည်များက တံခါးဖွင့်ပေးရန် အော်ဟစ်တောင်းဆိုလိုက်သည်။
နန်းတော်တံခါးစောင့် ကုန်းကုန်းသည် အိမ်ရှေ့နန်းတော်သို့ သတင်းပို့ရန် အပြေးအလွှား သွားလေသည်။
ချောင်မိဖုရားခေါင်သည် တစ်နေ့တစ်ညလုံး စောင့်ဆိုင်းနေခဲ့ပြီး ယခုညတွင် မအိပ်နိုင်တော့ဘဲ ၄နာရီခန့်သာ အိပ်ပျော်သွားပြီး လန့်နိုးလာခဲ့သည်။ "ချိုင်လန်... ဘာဖြစ်လို့လဲ"
ချိုင်လန်သည် ဝမ်းသာအားရဖြင့် အလျင်အမြန် ပြောလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန်... ထိုက်ဇီဖေး ပြန်ရောက်လာပါပြီ"
လုမင်ယွိ ပြန်ရောက်လာပြီ...
ချောင်မိဖုရားခေါင်သည် အလွန် ဝမ်းသာသွားပြီး ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားကာ ထိုင်ရာမှ ချက်ချင်း ထလိုက်ပြီး "သူ အခု ဘယ်မှာလဲ"
ချိုင်လန်က ပြန်ဖြေလိုက်သည်။ "နန်းတော်တံခါးဝမှာပါ။ ထိုက်ဇီဖေး ဒဏ်ရာရလာလို့ မြင်းလှည်းပေါ်က ဆင်းပြီး လမ်းမလျှောက်နိုင်ဘူးလို့ ကြားပါတယ်..."
"ဝေါယာဉ်ကို လွှတ်ပြီး သွားကြိုခိုင်းလိုက်" ချောင်မိဖုရားခေါင်က စဉ်းစားမနေဘဲ ဖြတ်ပြောလိုက်သည်။ "ပြီးတော့ တော်ဝင်သမားတော်ချုပ်ကျိုးကို ခေါ်ပြီး ထိုက်ဇီဖေးရဲ့ ဒဏ်ရာကို ကုသပေးခိုင်းလိုက်"
ချောင်မိဖုရားခေါင် နိုးလာသည်နှင့် တစ်ခန်းတည်း အိပ်နေသော ဟွေ့အန်းကုန်းကျူလည်း နိုးလာခဲ့သည်။
လုမင်ယွိ ပြန်ရောက်လာကြောင်း ကြားသိရသဖြင့် ဟွေ့အန်းကုန်းကျူလည်း ဝမ်းသာသွားပြီး ချောင်မိဖုရားခေါင်နှင့်အတူ စောင့်မျှော်နေလိုက်သည်။
အမွှေးတိုင်နှစ်တိုင်စာ မပြည့်မီမှာပင် လုမင်ယွိသည် ဝေါယာဉ်စီး၍ အိမ်ရှေ့နန်းတော်သို့ ဝင်ရောက်လာခဲ့သည်။ ဟွေ့အန်းကုန်းကျူက ရှေ့သို့ ပြေးထွက်သွားပြီး လုမင်ယွိကို တွဲကူပေးလိုက်သည်။ "ညီမလေး... ဘယ်နား ဒဏ်ရာရတာလဲ။ အခု ဘယ်လိုနေလဲ"
ချောင်မိဖုရားခေါင်လည်း စိုးရိမ်တကြီး ရှေ့သို့တိုးလာပြီး လုမင်ယွိ၏ မျက်နှာကို ကြည့်ကာ စိုးရိမ်သော အသံဖြင့် ပြောလိုက်သည်။ "မင်း မျက်နှာတွေ အရမ်း နီနေပါလား"
တစ်နေ့လုံး တောင့်ခံထားသော လုမင်ယွိသည် ရင်းနှီးကျွမ်းဝင်သော အိမ်ရှေ့နန်းတော်သို့ ရောက်ရှိလာပြီး ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရမှ တင်းထားသော စိတ်များ လျော့ကျသွားတော့သည်။
သူမသည် အားမရှိသော အပြုံးလေး ပြုံးပြလိုက်ပြီးနောက် မျက်လုံးများ မှိတ်ကျသွားကာ သတိလစ်သွားတော့သည်။
သတိလစ်နေချိန်တွင် အရာအားလုံးကို မသိတော့သည်တော့ မဟုတ်ပေ။
စိတ်အာရုံများ ဝေဝါးနေပြီး တိမ်တိုက်ပေါ်တွင် ပျံဝဲနေသကဲ့သို့ ခံစားရသည်။ တစ်ကိုယ်လုံး တိမ်တိုက်များ ဖုံးလွှမ်းနေပြီး အသံများ တိုးတိုးတိတ်တိတ် ကြားနေရသည်။
"မြန်မြန် လာကြပါဦး..."
"ထိုက်ဇီဖေး သွေးထွက်လွန်ပြီး ဖျားနေပြီ..."
"ဆေးစာ မြန်မြန်ရေး။ သူ့ကို ကယ်မှဖြစ်မယ်..."
ဘယ်လောက်ကြာသွားမှန်း မသိတော့။
တစ်စုံတစ်ယောက်က သူမ၏ ပါးစပ်ထဲသို့ ဆေးရည်များ ခွံ့ပေးနေသည်။ သူမသည် မသိမသာ ပါးစပ်ဟပြီး ခါးသက်သော ဆေးရည်များကို မျိုချလိုက်သည်။ နားထဲတွင် ဝမ်းသာအားရ အသံများ ကြားလိုက်ရသည်။ "တော်သေးတာပေါ့။ ထိုက်ဇီဖေး ဆေးသောက်နိုင်ပြီ"
"ဆေးဝင်ရင် ပြီးတာပါပဲ။ အားလုံး ထွက်သွားကြတော့။ ထိုက်ဇီဖေး နားပါစေ"
တကယ် ဆူညံတာပဲ။
သူမ ကောင်းကောင်း မအိပ်ရသည်မှာ ကြာပြီ။ ယခုအချိန်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
သတိပြန်ဝင်လာသောအခါ မည်မျှ ကြာသွားပြီမှန်း မသိတော့ပေ။
လုမင်ယွိသည် မျက်လုံးကို အားယူ ဖွင့်လိုက်သည်။
အရင်ဆုံး မြင်လိုက်ရသည်မှာ တော်ဝင်သမားတော်ချုပ်ကျိုး၏ မျက်နှာပင်။
တော်ဝင်သမားတော်ချုပ်ကျိုးက နူးညံ့စွာ ပြောလာ၏။ "ထိုက်ဇီဖေး သတိလစ်နေတာ ၂ရက်နဲ့ ၂ည ရှိသွားပြီ။ အခု အဖျားကျသွားပါပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါပေမဲ့ လက်မောင်းက ဒဏ်ရာက မသေးလှဘူး။ အချိန်ယူပြီး ကုသမှ ရမယ်"
အဖျားကျသွားသည်က ကောင်းသော ကိစ္စပင်။
သို့သော် ခန္ဓာကိုယ်ကတော့ ပင်ပန်းနွမ်းနယ်နေဆဲပင်။ မြင်းခွာရာ အများအပြား နင်းခြေခံထားရသကဲ့သို့ ကိုက်ခဲနာကျင်နေပြီး အားအင် မရှိတော့ပေ။
လုမင်ယွိ ပါးစပ်ဟလိုက်ရာ အသံက ဝင်နေလေသည်။ "တော်ဝင်သမားတော်ချုပ်ကျိုးကို ဒုက္ခပေးရပါပြီ"
တော်ဝင်သမားတော်ချုပ်ကျိုးသည် ကုတင်ဘေးတွင် အမြဲစောင့်နေခဲ့သဖြင့် မျက်လုံးများ နီရဲနေပြီး အိပ်ရေးပျက်ထားပုံ ပေါ်သည်။ "ဒါ ကျွန်တော်မျိုးရဲ့ တာဝန်ပါ"
လုမင်ယွိ၏ အကြည့်သည် တော်ဝင်သမားတော်ချုပ်ကျိုးကို ကျော်လွန်ပြီး ချီယွင်၏ မျက်နှာပေါ်သို့ ရောက်ရှိသွားသည်။
ချီယွင်၏ မျက်နှာသည် အလွန် ပိန်ကျသွားပြီး မျက်လုံးများ နီရဲရောင်ရမ်းနေသည်မှာ ဘယ်နှခါ ငိုထားမှန်း မသိတော့ပေ။ "ထိုက်ဇီဖေး သတိရလာပါပြီ။ ဒီ၂ရက် ၂ညလုံး ကျွန်မ သေမလောက် စိတ်ပူနေရတာ"
လုမင်ယွိသည် ခေါင်းမူးနေသဖြင့် ခေါင်းမယမ်းနိုင်ဘဲ အားယူ ပြုံးလိုက်ရသည်။ "မကြောက်ပါနဲ့။ ငါ ကောင်းကောင်း ရှိပါသေးတယ်။ ရွှီအာနဲ့ ရွှမ်းအာရော... မတွေ့ရတာ ကြာလို့ လွမ်းနေပြီ။ သူတို့ကို မြန်မြန် ခေါ်လာခဲ့ပါဦး"
...
အပိုင်း (၄၀၇) ဒဏ်ရာရခြင်း (၂)
ချီယွင်၏ မျက်နှာသည် အလွန်ဖြူဖျော့နေပြီး မျက်ဝန်းထဲတွင် ပြင်းထန်သော အပြစ်ရှိစိတ်များ နောင်တများ ပြည့်နှက်နေလေသည်။ နှုတ်ခမ်းများ လှုပ်ခါနေသော်လည်း စကားမပြောနိုင်မှီမှာပင် မျက်ရည်များ ဒလဟော စီးကျလာလေတော့သည်။
လုမင်ယွိသည် ထိတ်လန့်သွားပြီး နှလုံးသားတစ်ခုလုံး လေးလံသွားတော့၏။ "ဘာဖြစ်တာလဲ ... ကလေးတစ်ခုခု ဖြစ်လို့လား"
"အားလုံး ကျွန်မရဲ့ အပြစ်ပါ!" ချီယွင်သည် ကုတင်ဘေးတွင် ဒူးထောက်ချလိုက်ပြီး မျက်ရည်ဖြင့် ငိုကြွေးကာ ပြောလိုက်လေသည်။ "လွန်ခဲ့တဲ့၄ရက်က ကျွန်မ သခင်လေးနှစ်ယောက်နဲ့ ဥယျာဥ်ထဲ ခေါ်သွားခဲ့တုန်းက အိမ်သာတက်ချင်လို့ ခဏလေးထွက်သွားမိတာပါ။ အဲဒီ့အချိန်မှာ တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး သခင်လေးကို ဒုက္ခပေးဖို့ လုပ်ခဲ့ပါတယ်"
“ပန်းပင်တွေကို ပြုစုတဲ့ ဝမ်ကုန်းကုန်းက တမင်သက်သက် သခင်လေးတွေနားကို ဝါးကစားစရာလေးနဲ့ လာမြူဆွယ်ခဲ့တယ်။ ရွှီအာက အဲဒီ့ဝါးကစားစရာလေးတွေနဲ့ ခဏဆော့ပြီး ပါးစပ်ထဲ ထည့်ခဲ့မိတယ်။ အိမ်ရှေ့နန်းတော်ကို ပြန်ရောက်တာနဲ့ ရွှီအာက အော့အန်ပြီး ဝမ်းသွားတော့တာပဲ။ သမားတော်တွေက အဆိပ်မိတာလို့ ပြောကြတယ် ..."
သွေးများ ခေါင်းပေါ်ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။
လုမင်ယွိသည် ဘယ်ကခွန်အားရောက်လာမှန်း မသိဘဲ ရုတ်တရက် ထထိုင်လိုက်လေသည်။ "ရွှီအာ အခု ဘယ်လိုနေလဲ"
ချီယွင်သည် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး ထကာ လုမင်ယွိကို တွဲကူပေးရင်း အလောတကြီး ပြောလိုက်သည်။ "ထိုက်ဇီဖေး စိတ်မပူပါနဲ့။ ရွှီအာက အဆိပ်မိတာ သိပ်မပြင်းပါဘူး။ ရက်ဆက်တိုက် ဆေးရည်စိမ်ပြီး အဆိပ်ထုတ်နေတာ အခုသက်သာလာပါပြီ။ တော်ဝင်သမားတော်ချုပ်ကျိုး ပြောတာက ရွှီအာက ငယ်သေးလို့ ဆေးပြင်းတွေ သုံးလို့မရဘူးတဲ့။ အဆိပ်အကြွင်းအကျန်တွေ ကုန်ဖို့ဆိုရင် အနည်းဆုံး တလနှစ်လေလောက် ကြာအုံးမယ်တဲ့။ ဒါပေမဲ့ အခု ရွှီအာ စိုးရိမ်စရာ မလိုတော့ပါဘူး"
တဒိုင်းဒိုင်းခုန်နေသော နှလုံးသားသည် ဖြည်းညင်းစွာ ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။
လုမင်ယွိသည် မမှန်မကန်ဖြစ်နေသော အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး ချီယွင်၏ အကူအညီဖြင့် ကုတင်ပေါ်သို့ ဖြေးညင်းစွာ ပြန်လဲချလိုက်၏။ မူးဝေနေသောခေါင်းသည်လဲ ချက်ချင်း ကြည်လင်သွားတော့သည်။ "ရွှမ်းအာရော ဘာဖြစ်သွားသေးလဲ"
ချိယွမ်က တိုးတိုးလေး ဖြေလိုက်၏။ "ရွှမ်းအာက ဝါးကစားစရာကို မကိုင်ခဲ့လို့ ဘာမှမဖြစ်ပါဘူး"
လုမင်ယွိမှာ စိတ်သက်သာရာရသွားပြီးမှ မိမိကိုယ်ကို အပြစ်တင်နေသော ချီယွင်ကို နှစ်သိမ့်ပေးလိုက်လေသည်။ "နင်က အလင်းထဲမှာရှိနေပြီး မကောင်းကြံတဲ့သူက အမှောင်ထဲမှာ ပုန်းနေတာလေ။ ဒါက နင့်အပြစ်မှ မဟုတ်တာ ကိုယ်ဟာကို အပြစ်မတင်ပါနဲ့တော့"
ချီယွင်သည် ရက်ပေါင်းများစွာ အိပ်မပျော်စားမဝင် ဖြစ်နေခဲ့သဖြင့် လူက ပိန်ကျသွားပြီး မျက်နှာမှာလဲ ဖြူဖျော့နေလေသည်။
သခင်ဖြစ်သူ၏ နှစ်သိမ့်စကားကို ကြားရသောအခါ ချီယွင်သည် ပိုပြီးဝမ်းနည်းသွားကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ "ထိုက်ဇီဖေး နန်းတော်က ထွက်သွားတုန်းက သခင်လေးနှစ်ယောက်ကို ကျွန်မဆီ အပ်ထားခဲ့တာ ရက်နည်းနည်းပဲရှိသေးတယ်။ ရွှီအာက ဒီလိုဖြစ်သွားပြီ။ ကျွန်မ ဘယ်လိုမျက်နှာနဲ့ ထိုက်ဇီဖေးကို ကြည့်ရတော့မှာလဲ"
လုမင်ယွိက တိုးတိုးလေး ပြောလိုက်လေသည်။ “ရွှီအာက ဘာမှမဖြစ်တော့ဘူးလေ။ ငါလဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီပဲ။ အားလုံးကောင်းကောင်းမွန်မွန် ရှိနေတာက ဘာနဲ့မှမလဲနိုင်တဲ့ အရာပါပဲ”
ချီယွင်က ငိုရင်းဖြင့် ခေါင်းညိမ့်လိုက်လေသည်။
လုမင်ယွိက ဆက်မေးလိုက်၏။ "ဘယ်သူက ဒီလောက်ရက်စက်တာလဲ။ ကလေးကိုတောင် အဆိပ်ခတ်ရက်တယ်"
ချီယွင်က မျက်ရည်သုတ်ရင်း ဖြေလိုက်သည်။ "အဲဒါတော့ ကျွန်မလဲ မသိဘူး။ ဟွမ်ဟုန်ညန်ညန်က အနောက်နန်းဆောင်က လူတွေအားလုံးကို အရှေ့နန်းဆောင်ထဲမှာ ဖမ်းချုပ်ထားပြီး တစ်ယောက်ချင်း စစ်ဆေးနေတယ်။ ဒါပေမဲ့ အတွင်းရေးကိုတော့ ဘယ်သူမှ မသိကြသေးဘူး"
ချောင်မိဖုရားခေါင်သည် ရှားရှားပါးပါး ပြတ်သားပြီး တင်းမာသော သဘောထားကို ပြသလိုက်ခြင်းပင်။ ယခုအချိန်ထိ လူတိုင်းက အရှေ့နန်းဆောင်တွင် အချုပ်ခံထားရပြီး မည်သူမှ ထွက်မလာကြသေးပေ။
လုမင်ယွိသည် ခဏလောက် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။ "တခြားလူကိုခေါ်ပြီး ပြုစုခိုင်းလိုက်မယ်။ နင်နေ့ဝက်လောက် အနားယူလိုက်အုံး။ ဗိုက်ဝအောင်စားပြီးမှ ငါ့ဆီ ပြန်လာခဲ့"
ချီယွင်သည် သခင်ဖြစ်သူ၏ နှင်ထုတ်မှုကြောင့် အနားယူရန် ထွက်သွားပြီး တခြားအပျိုတော်နှစ်ယောက်က ဝင်လာခဲ့သည်။
လုမင်ယွိသည် ရုတ်တရက် နိုးလာသဖြင့် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေကာ မကြာမီ ပြန်လည်အိပ်ပျော်သွားတော့သည်။
ပြန်နိုးလာသောအခါ ၄နာရီခန့် ကြာမြင့်သွားခဲ့သည်။
...
လုမင်ယွိ မျက်လုံးကို ဖွင့်လိုက်သည်နှင့် ကုတင်ဘေးတွင် ရင်းနှီးသော မျက်နှာနှစ်ခုကို တွေ့လိုက်ရ၏။
"မူဟုပ်။ ဟွမ်ကျဲ"
လုမင်ယွိသည် ထရန်ကြိုးစားလိုက်သော်လည်း ချောင်မိဖုရားခေါင်က တားလိုက်၏။ "မင်းဒဏ်ရာက ပြင်းနေတာ သေချာအနားယူရမယ်။ လှုပ်လှုပ်ရှားရှား မလှုပ်နဲ့"
ဟွေ့အန်းကုန်းကျူက သက်ပြင်းချလိုက်၏။ "ဒီတခါတော့ နင် ငါ့ကို တကယ်လန့်သေအောင် လုပ်တာပဲ။ လွန်ခဲ့တဲ့ရက်က နင် ပြန်ရောက်လာတော့ သတိမေ့နေပြီး တကိုယ်လုံး ပူကျစ်နေတာလေ။ ငါနဲ့မူဟုပ် လန့်သွားကြတာ"
ပုံမှန်အားဖြင့် သမီးယောင်းမနှစ်ယောက်သည် သင့်မြတ်ကြသော်လည်း ရံဖန်ရံခါ အမြင်မကြည် ဖြစ်တတ်ကြသည်။ ဟွေ့အန်းကုန်းကျူသည် တခါတရံ တွေးမိသည်မှာ အာ့တိသာ နူးညံ့သိမ်မွေ့ပြီး ယဥ်ကျေးသော မိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့လျှင် ကောင်းမည်ဟု တွေးမိတတ်သည်။
သို့သော်ငြား လုမင်ယွိ သတိလစ်သွားသည့်အချိန်တွင်မှ သူမက သိလိုက်ရသည်။ လုမင်ယွိသည် သူမအပါအဝင် လူတိုင်း၏ ကျောရိုးဖြစ်နေပြီဆိုတာကိုပင်။
လုမင်ယွိ လဲကျသွားသည်နှင့် လူတိုင်း၏ စိတ်နှလုံးသည် ကစဥ့်ကလျား ဖြစ်သွားကြလေသည်။
ဟွေ့အန်းကုန်းကျူး၏ လေသံတွင် ကြောက်ရွံ့မှုအနည်းငယ် ပါဝင်နေပြီး ရိုးသားဟန်ရှိ၏။
လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး တိုးတိုးလေး ပြောလိုက်တော့သည်။ "ဟွမ်ကျဲကို စိတ်ပူစေမိပါပြီ။ အားလုံး ကျွန်မအပြစ်ပါ"
ဟွေ့အန်းကုန်းကျူက အားယူကာ ပြုံးလိုက်သည်။ "နင် ဒီတစ်ခါ အကျိုးဆောင်မှု ကြီးကြီးမားမား လုပ်ခဲ့တာပဲ။ နင်သာ စစ်သည်တွေကိုခေါ်သွားပြီး ညဘက်ကြီး ယန်စစ်တပ်ကို မတိုက်ခိုက်ခဲ့ရင် ... ယန်စစ်သူကြီးကို မသတ်ခဲ့ရင် တိုက်ပွဲက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး"
ချောင်မိဖုရားခေါင်၏ မျက်နှာသည်လဲ ကြည်လင်လာသည်။ "ဟုတ်တယ်။ မင်းသာ သာ့ဝေတိုင်းပြည်အတွက် အကျိုးဆောင်ခဲ့လို့ ဒဏ်ရာရလာတာ သေချာအနားယူရမယ်"
ခဏလောက် တိတ်ဆိတ်နေပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ရွှီအာ အဆိပ်မိတဲ့ကိစ္စကို တုံးပင်ကျွင်းဝမ်ကို စစ်ခိုင်းပြီးသွားပြီ။ မင်း လုံးဝ ထင်မှတ်ထားမှာ မဟုတ်ဘူး။ အဆိပ်ခတ်တဲ့သူက ..."
"စူးဖေး!" လုမင်ယွိက ရုတ်တရက် စကားဖြတ်ပြောလိုက်၏။
ချောင်မိဖုရားခေါင်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ မေးလိုက်၏။ "မင်း ဘယ်လိုသိတာလဲ"
သူမသည် သတင်းများကို ပိတ်ပင်ထားပြီး ဘယ်သူ့ကိုမှ စုံစမ်းခွင့်မပေးထားချေ။ ချီယွင်ကပင် မသိချေ။
လုမင်ယွိက ယခုမှ နိုးလာသည်တွင် မည်သို့များ သိရှိသွားပါသနည်း။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ကျွန်မဘာသာ ခန့်မှန်းကြည့်တာပါ"
မုန့်ကွေ့ဖေးသည် ပထမမင်းသား ခြေထောက်ကျိုးသွားသည့်ကိစ္စကြောင့် စိတ်ထိခိုက်နေဆဲပင်။ ချင်ဖေးကတော့ စိတ်ကူးသာရှိပြီး သတ္တိမရှိပေ။ သူမကို အရိုးထဲစွဲအောင် မုန်းတီးနေပြီး ၂နှစ်အရွယ် ကလေးတစ်ယောက်ကို အဆိပ်ခတ်ရက်သူမှာ စူးဖေးကလွဲလျှင် ဘယ်သူမှ မဖြစ်နိုင်ပေ။
ဒီလိုဖြစ်မှန်းသိခဲ့လျှင် စောစောကတည်းက စူးဖေးကို သတ်ပစ်ခဲ့သင့်သည်။
ချောင်မိဖုရားခေါင်သည် စူးဖေးအကြောင်း ပြောသည့်အခါ မုန်းတီးမှုနှင့်ဒေါသများ ပြည့်နှက်နေပြီး အံကြိတ်ကာ ပြောလိုက်တော့၏။ "ဒီစူးဖေးက ပုံမှန်ဆိုရင်တော့ သနားကမားပုံစံလေးနဲ့ ဒီလောက်စိတ်ပုတ်စိတ်ယုတ်ရှိမယ်လို့ ထင်မထားမိဘူး"
ချောင်မိဖုရားခေါင်သည် ပြင်းထန်စွာ စစ်ဆေးမေးမြန်းခဲ့ပုံကို ပြောပြလိုက်သည်။ "... ပန်ကုံးက တုံးပင်ကျွင်းဝမ်ကို နန်းတော်ထဲကိုခေါ်ပြီး မိဖုရားတွေ မင်းသားကြင်ရာတော်တွေကို တစ်ယောက်ချင်း စစ်ဆေးခိုင်းတယ်။ ယိဟွားနန်းဆောင်က အပျိုတော်တွေကို အဓိကထား စစ်ဆေးခဲ့တာ"
"အဲဒီ့ ဇီထန်က စူးဖေးရဲ့ လူယုံလေ။ စူးဖေးအစား အပြစ်ခံယူသွားတယ်။ တုံးပင်ကျွင်းဝမ်က ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် သူက ထွက်ဆိုချက် မပြောင်းဘူး။ ပန်ကုံးလဲ သူ့ကို သတ်ပစ်လိုက်ပြီ"
"ပြီးတော့ ဇီစူး သူလဲ အတူတူ သတ်ခံလိုက်ရပြီ"
"စူးဖေးကိုတော့ ပန်ကုံးကိုယ်တိုင် သွားစစ်ဆေးတယ်။ သူက ငြင်းတယ်။ ပန်ကုံးက သူ့ကို မတရားစွပ်စွဲပြီး အသက်အန္တရာယ် ပေးချင်နေတာပါတဲ့လေ"
ဒီအထိပြောပြီးနောက်တွင် ချောင်မိဖုရားခေါင်သည် အံကိုကြိတ်လိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသများ တောက်လောင်လာသည်။ "သူဘယ်လိုပဲငြင်းငြင်း ပန်ကုံး သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး"
"ပန်ကုံး သူ့ကို ဆန့်ထားတာ မင်းပြန်လာရင် ကိုယ်တိုင်စီရင်ပါစေတော့"
သက်သေအထောက်အထား ခိုင်လုံမှုမရှိလျှင်ပင် စူးဖေးကို သတ်ရပေမည်။ ဒါမှ စိတ်ကျေနပ်မှု ရနိုင်သလို နောက်နောင် ဒုက္ခမပေးနိုင်အောင် ရှင်းထုတ်ပြီးသား ဖြစ်လိမ့်မည်။
ယုံးကျားဧကရာဇ်က မည်သို့ပင် ဆူပူကြိမ်းမောင်းပါစေ တတိယမင်းသားနှင့် ပဥ္စမမင်းသားတို့က မည်မျှပင် မုန်းတီးပါစေ သူမကို လုံးဝခွင့်လွှတ်ပေးလို့ မရပေ။
လုမင်ယွိ၏ မျက်ဝန်းများက အေးစက်သွားလေသည်။ "ကျေးဇူးတင်ပါတယ် မူဟုပ်။ စူးဖေးကို ကျွန်မအတွက် ချန်ထားပေးလို့ပါ"
ချောင်မိဖုရားခေါင်သည် စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "မင်း စိတ်မလောပါနဲ့အုံး။ စူးဖေးက အိမ်ရှေ့စံနန်းဆောင်ထဲမှာ အကျယ်ချုပ်မိနေတာ ဘယ်မှသွားလို့ မရဘူး။ မင်း အရင်ဆုံး နေကောင်းအောင်လုပ်အုံး။ လမ်းလျှောက်နိုင်ပြီဆိုမှ သူ့ကို သွားရှင်းပေါ့"
လုမင်ယွိသည် ယခုအချိန်တွင် ကုတင်ပေါ်က မဆင်းနိုင်သေးသဖြင့် ခေါင်းညိမ့်သဘောတူလိုက်သည်။
ချောင်မိဖုရားခေါင်ကလဲ နူးညံ့စွာ ပြောလိုက်လေသည်။ "မင်း ကလေးတွေကို စိတ်ပူနေမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ရွှီအာက သတိမေ့နေတာကြပြီ။ မနေ့ကမှ သတိရလာတာဆိုတော့ သိပ်မလန်းဆန်းသေးဘူး။ ဟိုဒီရွှေ့လို့ မကောင်းဘူး။ အရင်ဆုံး ရွှမ်းအာကို တွေ့လိုက်အုံး"
ချောင်မိဖုရားခေါင်က အမိန့်လှမ်းပေးလိုက်သည်။
မကြာခင်တွင် နို့ထိန်းမေမေသည် ရွှမ်းအာကို ပွေ့ချီကာ ဝင်ရောက်လာခဲ့လေသည်။
"မေမေ ..."
ရွှမ်းအာသည် မိခင်ကိုမြင်သည်နှင့် နို့ထိန်းမေမေလက်ထဲက ရုန်းကာပြေးဆင်းလာပြီး ကုတင်ဘေးသို့ ပြေးသွားလိုက်လေတော့သည်။ "မေမေ!"
...
အပိုင်း (၄၀၈) ဒဏ်ရာရခြင်း (၃)
"မေမေ ..." ထိုအသံလေး တစ်ချက်ကြောင့် လုမင်ယွိ၏ ရင်ထဲတွင် ဆို့နစ်သွားပြီး မျက်ရည်များ ဝဲတက်လာတော့သည်။
ခွဲခွာနေရသည့် ရက်ပိုင်းလေးက ၃နှစ်လောက်ကြာသွားသလို ခံစားလိုက်ရ၏။
"ရွှမ်းအာ" လုမင်ယွိ၏ အသံသည် မသိမသာ တုန်ယင်နေ၏။ "မေမေ့ဆီ လာပါအုံး"
ရွှမ်းအာသည် ကုတင်ပေါ်သို့ ချက်ချင်းတက်လာပြီးမိခင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်တော့သည်။
ဟွေ့အန်းကုန်းကျူက မြန်မြန်သတိပေးလိုက်၏။ "နင့်လက်မှာ ဒဏ်ရာရထားတယ်လေ ရွှမ်းအာနဲ့ မထိနဲ့အုံး"
လုမင်ယွိသည် ကောင်းနေသည့် လက်မောင်းတစ်ဖက်ဖြင့် သမီးဖြစ်သူကို ပွေ့ဖက်ထားလိုက်ပြီး ပြုံးကာပြောလိုက်လေသည်။ "ကိစ္စမရှိပါဘူး။ ဘယ်ဘက်လက်မောင်းပဲ။ ဒဏ်ရာရထားတာပါ။ ညာဘက်လက်မောင်းက ကောင်းပါသေးတယ်!"
ပုံမှန်ဆိုလျှင် သွက်လက်ပြီး အဆော့သန်သော ရွှမ်းအာသည် ယခုအချိန်တွင်တော့ ငြိမ်သက်နေပြီး မိခင်၏ ရင်ခွင်ထဲတွင် တွယ်ကပ်နေလေသည်။ ထို့နောက် နှုတ်ခမ်းလေးကိုစူကာ သနားစဖွယ် အသံလေးဖြင့် ပြောလိုက်၏။ "မေမေ သမီး မေမေ့ကို လွမ်းတယ်"
လုမင်ယွိသည် မျက်ရည်ကျမလိုဖြစ်သွားပြီး ရွှမ်းအာ၏ နဖူးလေးကို နမ်းကာပြောလိုက်၏။ "ရွှမ်းအာ လိမ်မာတယ်။ မေမေ အရေးကြီးကိစ္စရှိလို့ နန်းတော်ထဲက ထွက်သွားရတာပါ။ မေမေလဲ သမီးကို အမြဲတမ်း သတိရနေတာပါ"
ရွှမ်းအာသည် ခေါင်းလေးကိုမော့လာပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ပြောလိုက်၏။ "ကိုကို နေမကောင်းဘူး"
စကားလုံးအနည်းငယ်လေးက လုမင်ယွိ၏ နှလုံးသားကို ဆွဲကိုင်လှုပ်ခါလိုက်သလို နာကျင်ရစေသည်။ သူမသည် မျက်ရည်မကျအောင် ထိန်းထားပြီး နှစ်သိမ့်လိုက်၏။ "ရွှမ်းအာ မကြောက်နဲ့နော်။ ကိုကို့ရောဂါက မကြာခင် ပျောက်သွားတော့မှာ ကိုကို နေကောင်းရင် သမီးတို့အတူတူ ပြန်ဆော့လို့ရပြီ"
ရွှမ်းအာက ငိုရင်း ခေါင်းညိမ့်ကာ လုမင်ယွိ၏မျက်နှာနှင့် ပါးချင်းအပ်ထားလိုက်လေသည်။
ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့လဲ စိတ်မကောင်း ဖြစ်သွားကြတော့၏။
ရွှမ်းအာက ငယ်သေးသဖြင့် အဆိပ်သင့်ခြင်းဆိုသည်ကို ဘာမှန်းနားမလည်သေးချေ။ သူမသိသည်မှာ ရွှီအာ နေမကောင်းဘူးဆိုတာသာ။ ပုံမှန်ဆိုလျှင် အမြဲတမ်း တတွဲတွဲ နေခဲ့ကြသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ရွှီအာ သတိမေ့နေသဖြင့် ရွှမ်းအာ စိတ်ထိခိုက်မည်စိုးပြီး ပေးမတွေ့ခဲ့ကြပေ။
ရွှမ်းအာလဲ စိတ်မကောင်းဖြစ်နေပြီး ထမင်းမစား အိပ်မပျော် ဖြစ်နေခဲ့သည်။ ရက်ပိုင်းလေးအတွင်းမှာပင် သူမ၏ မျက်နှာဖောင်းဖောင်းလေးက ပိန်ကျသွားခဲ့သည်။
သားအမိနှစ်ယောက် အလွမ်းသယ်လိုက်ကြပြီးနောက် ချောင်မိဖုရားခေါင်က ရွှမ်းအာကို ချော့မြူလိုက်လေသည်။ "အပြင်မှာ ရာသီဥတုကောင်းတယ်။ ရွှမ်းအာ ဥယျာဥ်ထဲမှာ သွားဆော့မလား။ မေမေ နားပါစေအုံး"
ရွှမ်းအာက မသွားချင်ဘဲ တိုးတိုးလေး ပြောလိုက်သည်။ "သမီး မေမေ့နားမှာပဲနေမယ်"
ချောင်မိဖုရားခေါင်က ထပ်ပြောမည်ပြင်လိုက်စဥ်တွင် လုမင်ယွိက တိုးတိုးလေး ပြန်ပြောလိုက်၏။ "ကောင်းပါပြီ။ သမီး မေမေ့အနားမှာပဲနေနော်"
ချောင်မိဖုရားခေါင်လဲ လက်လျှော့လိုက်ရတော့သည်။
ရွှမ်းအာသည် မိခင်၏ ရင်ခွင်ထဲတွင်နေရင်း အိပ်ချင်လာပြီး မကြာမီ အိပ်ပျော်သွားတော့သည်။
လုမင်ယွိက လေသံတိုးတိုးဖြင့် မေးလိုက်၏။ "ကျွန်မ သတိလစ်နေတာ ၂ရက်ရှိပြီဆိုတော့ ကျန်းတယ်ဂိတ်တံခါး အပြင်ဘက်က တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ။ နန်းတွင်းအခြေအနေရော"
"ယန်စစ်တပ် ပျက်စီးသွားပြီ တဝက်ကျော် သေဆုံးဒဏ်ရာရတယ်။ ကျန်တဲ့တစ်သောင်းကျော်လဲ လက်နက်ချသွားပြီ"
ဟွေ့အန်းကုန်းကျူက အလျင်အမြန် ဝင်ပြောလိုက်သည်။ "ဒီတိုက်ပွဲမှာ သာ့ဝေဘက်ကလဲ အသေအပျောက် မနည်းလှဘူး"
ဒီတိုက်ပွဲက သာ့ဝေသမိုင်းမှတ်တမ်းတွင် တွင်ကျန်ရစ်မည့် တိုက်ပွဲပင်။
တနေ့တညအတွင်း ယန်စစ်သည် သုံးသောင်းကျော် သေဆုံးခဲ့သည်။ အများစုမှာ စခန်းအတွင်း ရုတ်ရုတ်သဲသဲဖြစ်စဥ် အချင်းချင်း သတ်ဖြတ်မိ၍ သေဆုံးခဲ့ခြင်းပင်။ သာ့ဝေတိုင်းပြည်ဘက်က ထောင်ဂဏန်းသာ ကျဆုံးခဲ့သဖြင့် ကြီးမားသော အောင်ပွဲဟု ဆိုရမည်။
ထိုက်ဇီဖေး လုမင်ယွိသည် အသက်စွန့်ပြီး ယန်စစ်သူကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် သတင်းသည်လဲ မြို့တော်အနှံ့ ပြန့်နှံသွားခဲ့သည်။
"အခုဆိုရင် မင်းရဲ့ဂုဏ်သတင်းက မြို့တော်အနှံ့ ပြန့်နေပြီ။ အရှင်မင်းကြီးနဲ့ ထိုက်ဇီထက်တောင် ကျော်ကြားနေသေးတယ်။ ပြည်သူတွေက မင်းကို ချီးကျူးနေကြတယ်" ချောင်မိဖုရားခေါင်က ပြုံးပြီးပြောလာသည်။
ဟွေ့အန်းကုန်းကျူကလဲ ပျော်ရွှင်စွာ ပြောလိုက်၏။ "ဟုတ်တာပေါ့။ ပြည်သူတွေတင်မကဘူး။ နန်းတွင်းအမတ်တွေလဲ နင့်ကို လေးစားကြည်ညိုနေကြတာ"
ယုံးကျားဧကရာဇ်နှင့် ထိုက်ဇီတို့သည် စစ်တိုက်ခဲ့ပြီး နိုင်ပွဲများ ရရှိခဲ့သော်လည်း ဝေးလံသောအရပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြို့တော်ရှိ ပြည်သူများနှင့် အမတ်များသည် ကိုယ်တွေ့မကြုံရသေးသဖြင့် သိပ်မခံစားမိကြပေ။
ယခုတစ်ကြိမ်တွင် ယန်စစ်တပ်သည် မြို့တော်အနီးသို့ ရောက်ရှိလာပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည်။ ယန်စစ်သည်များ၏ ရက်စက်ကြမ်းကြုတ်မှုကိုလဲ လူတိုင်းက သိရှိခဲ့ကြရသည်။
လုမင်ယွိသည် ယန်စစ်သူကြီးကို လုပ်ကြံသတ်ဖြတ်ပြီး သာ့ဝေတိုင်းပြည်အတွက် အောင်ပွဲကို ယူဆောင်ပေးကာ မြို့တော်ကို ကယ်တင်ပေးခဲ့သည်။ မြို့တော်ရှိ ပြည်သူများ၏ စိတ်ထဲတွင် ထိုက်ဇီဖေးသည် ဒုက္ခများကို ကယ်တင်ပေးသည့် ကွမ်ရင်မယ်တော်သဖွယ် ဖြစ်သွားခဲ့သည်။
နန်းတွင်းအမတ်များသည်လဲ ထိုက်ဇီဖေးအပေါ် အမြင်ပြောင်းသွားကြ၏။ ချောင်ကောလောင်သည်ပင် လုမင်ယွိ၏ စီးပိုးကာ လုပ်ရည်ကိုင်ရည်ရှိသည့် အပြုအမူကို အပြစ်မပြောတော့ပေ။
လုမင်ယွိသည် ယောက္ခမနှင့်ယောက်မတို့၏ စနောက်မှုကို နားထောင်းရင်း ပြုံးလိုက်၏။ ထို့နောက် ပွင့်လင်းစွာ ဝန်ခံလိုက်တော့သည်။ "တကယ်တော့ ကျွန်မလဲ သိပ်မသေချာပါဘူး။ ယန်စစ်သည်တွေက ပြည်သူတွေကို သတ်ဖြတ်နေတာ ကြည့်မနေနိုင်လို့သာ စဥ်းစားလိုက်ရတာပါ"
"ယန်ထော်က ယန်စစ်သည်တွေကြားမှာ သြဇာအာဏာကြီးမားတယ်။ သူသေတာနဲ့ ယန်စစ်တပ်ရဲ့ စိတ်ဓာတ်တွေ ပျက်ပြားသွားတာပဲ"
"အဲဒီ့နေ့ညက ကျွန်မ ကံကောင်းလို့ လုပ်ကြံတာအောင်မြင်သွားတာ။ ပြီးတော့ ယန်ထော်သေပြီလို့ အော်ခိုင်းလိုက်တော့ ယန်စစ်တပ် စိတ်ဓာတ်တွေ ပျက်ပြားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တာလေ။ ယန်စစ်သည် အများစုက စိတ်လွတ်ပြီး လက်နက်တွေနဲ့ အချင်းချင်း ပြန်တိုက်ကြတော့တာပဲ။ ဒါပေမဲ့ တစ်ချို့ကတော့ သတိရှိနေပြီး စစ်တဲကို ဝိုင်းထားကြသေးတယ်။ ကံကောင်းလို့ အချိန်မှီ စစ်ကူရောက်လာတာ မဟုတ်ရင် ကျွန်မ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"
"ကျွန်မ ဒဏ်ရာရပြီး သွေးထွက်လွန်လို့ အဖျားတက်လာတယ်။ အောင်ပွဲရတဲ့အထိ တောင့်ခံထားပြီးမှ နန်းတော်ကို ပြန်လာခဲ့တာပါ"
ချောင်မိဖုရားခေါင်သည် နားထောင်ရင်း ရင်တမမ ဖြစ်သွားတော့သည်။ "တကယ့်ကို အန္တရာယ်များတာပဲ"
ဟွေ့အန်းကုန်းကျူက မနေနိုင်ဘဲ မေးလိုက်သည်။ "အာ့တိမေ့ နင့်ဆီမှာ ဘယ်ကအင်အားတွေ ရှိနေတာလဲ။ ညဘက်ကြီး စစ်တဲထဲ ဝင်တိုက်ရအောင်လေ"
လုမင်ယွိသည်လဲ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောပြလိုက်တော့သည်။ "ကျွန်မအဖေက နှစ်ပေါင်းများစွာ တိတ်တိတ်လေး မွေးမြူထားတဲ့ ကိုယ်ရံတော်တွေပါ။ ကျွန်မ လက်ထပ်တုန်းက ထည့်ပေးလိုက်တာ"
စစ်သူကြီးများက ကိုယ်ပိုင်တပ်မွေးမြူခြင်းသည် လူတိုင်းနားလည်ထားသော ကိစ္စပင်။
သို့သော် လုလင်းက ကိုယ်ရံတော်အားလုံးကို လုမင်ယွိထံ ပေးလိုက်လိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြပေ။
ချောင်မိဖုရားခေါင်က စိတ်ရင်းဖြင့် သက်ပြင်းချကာ ပြောလိုက်လေတော့သည်။ "မင်းကို ဇနီးအဖြစ်ရထားတာ အားကျင့်ရဲ့ ကံကောင်းခြင်းပါပဲ"
ဒီတခါ လုအိမ်တော်ကိုယ်ရံတော်များ အကျိုးဆောင်ခဲ့သော်လည်း အသေအပျောက် များခဲ့သည်။
လုမင်ယွိ၏ မျက်နှာများ ညှိုးငယ်သွားပြီး အသံများ ကွဲအက်နေ၏။ "လုအိမ်တော်က ကိုယ်ရံတော်တွေ တစ်ဝက်ကျော် ကျဆုံးခဲ့တယ်။ ကျွန်မက သာ့ဝေပြည်သူနဲ့ တိုင်းပြည်အတွက် တာဝန်ကျေပေမဲ့ သူတို့အပေါ်တော့ အပြစ်ရှိခဲ့တယ်"
ဟွေ့အန်းကုန်းကျူက သက်ပြင်းချလိုက်လေသည်။ "စစ်တိုက်တယ်ဆိုတာ သေဆုံးမှု မကင်းပါဘူး။ အောင်ပွဲတစ်ခုရဖို့ လူပေါင်းများစွာ စတေးရတယ်ဆိုတာ အလကားပြောတာ မဟုတ်ဘူး။ နင် နေကောင်းရင် သူတို့ကို နေရာချထားပေးပြီး ကျဆုံးသွားတဲ့သူတွေအတွက် လျော်ကြေးကောင်းကောင်း ထောက်ပံ့ကြေးကောင်းကောင်း ပေးလိုက်ပေါ့"
လုမင်ယွိက ခေါင်းညိမ့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "ကျွန်မ ဘာမှမဖြစ်တော့ပါဘူး။ မုန့်ဖေး၊ ချင်ဖေးတို့နဲ့ တခြားသူတွေကို ပြန်လွှတ်ပေးလိုက်ပါတော့"
ချောင်မိဖုရားခေါင်ကလဲ ပြုံးပြီးပြောလိုက်၏။ "ကောင်းပြီ ပန်ကုံး အခုပဲ အမိန့်ထုတ်လိုက်မယ်"
...
နောက်ဆုံးတော့ ထွက်လာရပြီ!
မုန့်ဖေးသည် အခန်းထဲက ထွက်လာသည့်အချိန်တွင် သက်ပြင်းချလိုက်မိ၏။
ရွှီအာကိစ္စက အစအဆုံး သူမနှင့် မဆိုင်ပေ။ ကိုယ့်လိပ်ပြာကိုယ်လုံလျှင် ဘာမှကြောက်စရာမလိုပေ။
သူမ စိုးရိမ်သည်မှာ ချောင်မိဖုရားခေါင်က ဒီကိစ္စကို အခွင့်ကောင်းယူပြီး သူမအပေါ် မဟုတ်မမှန်စွပ်စွဲကာ ရေရွတ်နေမှာကိုပင်။ ကံကောင်းထောက်မစွာ ချောင်မိဖုရားခေါင်က အရင်လို စိတ်သဘောထား ပျော့ပျောင်းနေဆဲပင်။
အကယ်၍ သူမသာ မိဖုရားခေါင်ဖြစ်ခဲ့လျှင်တော့ ပြိုင်ဘက်များကို ရှင်းထုတ်ဖို့ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်ချေ။ ပထမဦးဆုံးအနေဖြင့် ဝမ်ကျဲယွီကို သတ်ပစ်ရလိမ့်မည်။
တွေးရင်းနှင့် မျက်လုံးထောင့်မှနေ၍ ဝမ်ကျဲယွီ၏ အရိပ်ကို မြင်လိုက်ရသည်။
ဝမ်ကျဲယွီသည် သမီးတော်လေးကို ပွေ့ချီထားပြီး စိတ်သက်သာရာ ရနေပုံပေါ်၏။ ရက်ပေါင်းများစွာ အချုပ်ခံထားရသော်လည်း ပိန်လီမသွားပဲ ငယ်ရွယ်နုပျိုလှပနေဆဲပင်။
မုန့်ဖေး၏ ရင်ထဲတွင် မနာလိုဝန်တိုစိတ်များ တက်လာပြီး တမင်သက်သက် အေးစက်စွာ ရယ်မောလိုက်တော့သည်။ ထို့နောက် လူတိုင်းကြားနိုင်သောအသံဖြင့် ပြောလိုက်၏။ "ဟွမ်ဟုန်ညန်ညန်က ငါတို့ကို ဖမ်းချုပ်ထားတာက ထားပါတော့။ ဝမ်ကျဲယွီက ဘာဖြစ်လို့များ အိမ်ရှေ့စံနန်းတော်ထဲမှာ အချုပ်ခံရတာလဲ"
ဝမ်ကျဲယွီက ခေါင်းငုံ့ထားပြီး ဘာမှပြန်မပြောချေ။
နားထဲတွင် မုန့်ဖေး၏ စူးရှသောအသံကို ကြားလိုက်ရလေသည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ ခွေးဖြစ်ရတာလဲ ဒီလောက်ပါပဲလား"
...