အခန်း (၄၁၂-၄၁၄)
Vol. 28 Ch. 412-414
အပိုင်း (၄၁၂) ဝမ်းမြောက်ဖွယ်သတင်း (၁)
လုမင်ဖန်းသည် အောင့်အီးမထားနိုင်တော့ဘဲ လုမင်ယွိကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။
သို့သော် လုမင်ယွိသည် အပြစ်ရှိစိတ် သို့မဟုတ် နောင်တရသည့် အရိပ်အယောင် လုံးဝမရှိဘဲ တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ "အဲဒီတုန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့လို့ ကျွန်မ ဝမ်းသာမိပါတယ်"
"အန္တရာယ်များလှပေမယ့် ယန်ထော်ကို သတ်နိုင်ခဲ့တယ်။ ယန်တပ်တွေကို ဆုတ်ခွာအောင် လုပ်နိုင်ခဲ့တယ်။ ပြည်သူတွေကို ဒုက္ခထဲက ကယ်တင်နိုင်ခဲ့ပြီး မြို့တော်ကို တည်ငြိမ်အေးချမ်းစေခဲ့တယ်။ အရာအားလုံးက တန်ဖိုးရှိပါတယ်"
ယန်ထော်ကို ကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့တာ။ ဒဏ်ရာရလည်း တန်ပါတယ်လေ။
လုမင်ဖန်းသည် နဖူးကို ပွတ်သပ်လိုက်ပြီး မတတ်သာသည့်အဆုံး သက်ပြင်းချကာ ပြောလိုက်လေသည်။ "တော်ပါတော့ တော်ပါတော့။ ဒီလိုအခြေအနေ ရောက်နေမှတော့ ညီမလေး ပြောသမျှ အမှန်တွေချည်းပါပဲ"
ရှန်းလန်သည် အောင့်အီးမထားနိုင်တော့ဘဲ ရယ်မောလိုက်မိလေသည်။
အိပ်ဆောင်အတွင်းမှ မှုန်မှိုင်းလေးလံနေသော လေထုသည် ရုတ်တရက် ပေါ့ပါးသွားတော့သည်။
လုမင်ဖန်းသည်လည်း ပြုံးလိုက်ပြီး လုမင်ယွိကို တိုးတိုးလေး မှာကြားလိုက်သည်။ "စစ်မေ့ မာန်တင်းမနေပါနဲ့တော့။ ဒီတစ်ခေါက် ဒဏ်ရာက ပြင်းထန်ပြီး သွေးထွက်လွန်ထားတာ။ လအနည်းငယ်လောက် ကောင်းကောင်း အနားယူလိုက်ပါ။ ဘယ်အချိန် လုံးဝပြန်ကောင်းသွားမှ အရှေ့နန်းဆောင်က ထွက်ပါ"
ရှန်းလန်ကလည်း အသံတိုးတိုးဖြင့် ဝင်ပြောလေသည်။ "သာ့ကျဲ ပြောတာ ဟုတ်ပါတယ်။ စစ်မေ့က သံနဲ့လုပ်ထားတာမှ မဟုတ်တာ။ ဒဏ်ရာရရင် ကောင်းကောင်း ကုသရမှာပေါ့။ နန်းတွင်းကိစ္စတွေကို ချောင်မိဖုရားခေါင်က ထိန်းထားပေးလိမ့်မယ်။ ညီမလေးက စိတ်အေးလက်အေး အနားယူနေလိုက်ပါ"
နန်းတွင်းနန်းပြင်ရှိ လူတိုင်းက လုမင်ယွိကို ကျောရိုးသဖွယ် အားကိုးနေကြသည်။ လုမိသားစု တစ်ခုလုံးသည်လည်း လုမင်ယွိအတွက် ဂုဏ်ယူကြသလို တစ်ဖက်တွင်လည်း သူမ အလွန်ပင်ပန်းရသည့်အတွက် စိတ်မကောင်း ဖြစ်နေကြသည်။
ဤတစ်ကြိမ်တွင် လုမင်ယွိကို တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကို ဦးစားပေးရန် ခိုင်မာစွာ တောင်းဆိုနေကြခြင်း ဖြစ်သည်။
ဆွေမျိုးသားချင်းများထံမှ ဂရုစိုက်မှုသည် အလွန်ပင် နွေးထွေးလှလေသည်။
လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ကောင်းပါပြီ။ ကျွန်မ အစ်မတို့စကား နားထောင်ပါ့မယ်။ ဘယ်မှမသွားဘဲ ဘာမှဝင်မပါဘဲ ငြိမ်ငြိမ်လေး လှဲပြီး အနားယူနေလိုက်ပါ့မယ်"
လုမင်ဖန်းက ရွှီအာအကြောင်းကို မေးမြန်းလိုက်ပြန်သည်။ "....ရွှီအာကော အခု ဘယ်လိုနေသေးလဲ"
လုမင်ယွိက သက်ပြင်းတစ်ချက် ချလိုက်လေသည်။ "ရွှီအာက ငယ်သေးတော့ ဆေးပြင်းတွေ သုံးလို့မရဘူး။ ဖြည်းဖြည်းချင်းပဲ အဆိပ်ထုတ်ရမှာ။ ကျွန်မက ကုတင်ပေါ်က မဆင်းနိုင်တော့ သူ့ကို သွားမကြည့်နိုင်ဘူး။ ကျွန်မစိတ်ထဲမှာ သူ့ကိုပဲ အမြဲ တွေးပူနေမိတယ်"
ရှန်းလန်၏ မျက်ဝန်းထဲတွင် အမုန်းတရားများ ဖြတ်ပြေးသွားပြီး အသံတိုးတိုးဖြင့် ဒေါသတကြီး ပြောလိုက်လေသည်။ "စူးဖေးကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး"
မိဖုရားများအားလုံး အရှေ့နန်းဆောင်မှ ပြန်လည်ထွက်ခွာခွင့် ရရှိသွားကြပြီ ဖြစ်သော်လည်း စူးဖေးနှင့် ပဉ္စမမင်းသားတို့သာ ဆက်လက်၍ အကျဉ်းချခံထားရဆဲ ဖြစ်သည်။ ဤသည်မှာ ဘာအဓိပ္ပာယ်လဲဆိုသည်ကို လူတိုင်း ကောင်းစွာ သိရှိကြလေသည်။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်စူးရှသော အရောင်များ လက်ခနဲဖြစ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်မ ကုတင်ပေါ်က ဆင်းနိုင်တာနဲ့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ သွားရှင်းပစ်မယ်"
စကားလုံးများထဲတွင် ပါဝင်နေသော သတ်ဖြတ်လိုစိတ်သည် လူကို တုန်လှုပ်သွားစေသည်။
လုမင်ဖန်းနှင့် ရှန်းလန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘယ်သူကမှ လုမင်ယွိကို ညှာတာပေးရန် ဝင်မပြောကြချေ။
ကလေးကို ရက်ရက်စက်စက် လက်လွန်ရဲသည့် ဤကဲ့သို့သော အဆိပ်ပြင်းသည့်လူမျိုးကို ဤလောကကြီးထဲတွင် ဆက်လက် အသက်ရှင်ခွင့် လုံးဝ မပေးသင့်ပေ။
လုမင်ယွိသည် အားတင်းကာ စကားပြောနေသော်လည်း မကြာမီတွင် မျက်နှာထက်၌ ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်လာတော့သည်။
ရှန်းလန်သည် လုမင်ယွိကို သနားကြင်နာစွာ ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "စစ်မေ့ ဘာမှမဖြစ်တော့ဘူးဆိုတော့ အစ်မတို့လည်း စိတ်ချသွားပါပြီ။ နောက်ရက်နည်းနည်း ကြာမှ အစ်မတို့ သဝဏ်လွှာပို့ပြီး နန်းတော်ထဲ လာကြည့်ကြတာပေါ့"
လုမင်ယွိသည် အားတင်းကာ ပြုံးလိုက်လေသည်။ "ကောင်းပါပြီ။ အဲဒီကျရင် စန်းကျဲ၊ ဝူမေ့နဲ့ လျို့တိတို့ကိုပါ ခေါ်လာခဲ့ပါ"
...
နန်းတွင်းအခြေအနေမှာ ဤသို့ဖြစ်နေသဖြင့် ကျောက်ယွီ မွေးဖွားထားသော မြေးတော်လေး၏ သုံးရက်မြောက် ရေချိုးမင်္ဂလာပွဲသည်လည်း အလွန် ရိုးရှင်းလေသည်။
မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့သည် လူလွှတ်ကာ တန်ဖိုးကြီးမားသော သက်ရှည်ရွှေခလောက်နှင့် ရွှေလက်ကောက်၊ ခြေကျင်းများကို လာရောက် ပေးပို့ကြသည်။
နန်းတွင်းရှိ မိဖုရားအသီးသီးကလည်း လက်ဆောင်ပစ္စည်းများကို လာရောက် ပေးပို့ကြသည်။ သို့သော် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဂုဏ်ပြုသူမှာ မရှိသလောက် နည်းပါးလှသည်။
လုမင်ယွိသည် ဒဏ်ရာကုသနေဆဲဖြစ်သဖြင့် ချီယွင်ကို စေလွှတ်ကာ လက်ဆောင် ပေးပို့လိုက်သည်။
ဒေါသထွက်စရာ ကောင်းသည်မှာ မုန့်ယွင်လော်သည်လည်း လာရောက်ခြင်း မရှိဘဲ လူလွှတ်၍သာ လက်ဆောင်ပို့လိုက်ခြင်းပင်။
ကျောက်ယွီ၏ စိတ်ထဲတွင် ဒေါသထွက်သွားပြီး မကျေမနပ် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "အာ့စောင်က ဒဏ်ရာရထားလို့ လှုပ်မရလို့ မလာနိုင်တာလေ။ သူကရော ဖျားနေတာလား ဒဏ်ရာရနေတာလား"
ဟွေ့အန်းကုန်းကျူသည် ပြုံးကာ ကျောက်ယွီကို နှစ်သိမ့်လိုက်လေသည်။ "မုန့်ရှီရဲ့ စိတ်ဓာတ်ကို နင် မသိတာမှ မဟုတ်တာ။ နင်က သားယောက်ျားလေး မွေးလို့ သူ မနာလိုဖြစ်နေတာ။ ဘယ်လာချင်ပါ့မလဲ။ သူလာရင်လည်း လူကို စိတ်အနှောင့်အယှက် ဖြစ်စေဦးမှာ။ မလာတာကမှ ပိုကောင်းသေးတယ်။ မျက်စိအေးတာပေါ့"
ဒါလည်း ဟုတ်တာပဲ။
ကျောက်ယွီသည် ချက်ချင်း စိတ်ပြေသွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "ချန်းအာ တစ်လပြည့်တဲ့အချိန်ကျရင်တော့ သေသေချာချာလေး စည်စည်ကားကား ကျင်းပရမယ်"
စတုတ္ထမင်းသား မထွက်ခွာခင်က သားတော်အတွက် နာမည် ပေးထားခဲ့သည်။ တော်ဝင်မိသားစု၏ ဒီမျိုးဆက် မြေးတော်များသည် ဝမ် (ဘုရင်/ကျောက်စိမ်း) အက္ခရာကို အမှီပြု၍ မှည့်ခေါ်ကြသည်။ ပထမမင်းသားအိမ်တော်၏ သားကြီးကို လီထန်ဟု ခေါ်ပြီး ထိုက်ဇီ၏ သားကြီးကို လီရွှီဟု ခေါ်သည်။
မွေးဖွားပြီး သုံးရက်သာ ရှိသေးသော ဤကောင်လေးဝဝကစ်ကစ်ကို လီချန်းဟု အမည်ပေးထားပြီး ငယ်နာမည်ကိုတော့ ချန်းအာ ဟု ခေါ်လေသည်။
ဟွေ့အန်းကုန်းကျူသည် ကလေးအချစ်ဆုံးဖြစ်ရာ ဝဝကစ်ကစ် နူးညံ့အိစက်နေသော ချန်းအာကို မြင်သောအခါ အလွန် သဘောကျသွားပြီး ပွေ့ဖက်ထားကာ လက်မှ မချချင်တော့ပေ။
ကျောက်ယွီက ကောက်ကျစ်စဉ်းလဲသည့်စိတ် မရှိဘဲ စိတ်ထဲရှိတာကို ပြောတတ်သူမို့ ပါးစပ်ဟသည်နှင့် ပြောလိုက်တော့သည်။ "ဟွမ်ကျဲက ကလေး ဒီလောက်ချစ်တာ။ ရုပ်ရည်ချောမောတဲ့ အပျိုတော်တစ်ယောက်ကို ရွေးပြီး ဖုမာကို ပြုစုဖို့ ပေးလိုက်ပါလား။ နောက်ကျရင် ကလေးမွေးလာတဲ့အခါ ကိုယ့်ရင်ခွင်ထဲ ခေါ်ပြီး မွေးစားလိုက်ရုံပဲလေ"
ပထမမင်းသား ကြင်ရာတော်သည် ကျောက်ယွီကို တိတ်တဆိတ် ကြည့်လိုက်မိလေသည်။
ယောက်မများအဖြစ် အချိန်အကြာကြီး ပေါင်းသင်းလာခဲ့ကြသဖြင့် ပထမမင်းသား ကြင်ရာတော်သည် ကျောက်ယွီ၏ စိတ်နေစိတ်ထားကို ရှင်းလင်းစွာ သိရှိလေသည်။ ကောင်းမွန်စွာ ပြောရလျှင် စိတ်ရင်းဖြောင့်ပြီး ပြောရဲဆိုရဲ ရှိသည်ဟု ဆိုနိုင်သည်။ ရိုင်းရိုင်းပြောရလျှင်တော့ စကားပြောရင် ဦးနှောက်မသုံးခြင်း ဖြစ်သည်။
ယခုကဲ့သို့ပင်။ ကျောက်ယွီက ပါးစပ်ထဲ ရှိတာ ပြောလိုက်သော်လည်း ဘေးတွင် ထိုင်နေသော သူမက ဤစကားကို ကြားရသည့်အခါ မည်မျှ နေရခက်သွားမည်ကို လုံးဝ ထည့်မတွေးခဲ့ပေ။
ဟွေ့အန်းကုန်းကျူသည် တစ်ဝက်မှာ ဝမ်းနည်းစိတ်၊ တစ်ဝက်မှာ ဂုဏ်ယူစိတ်ဖြင့် ပြောလိုက်လေသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါ အပျိုတော်နှစ်ယောက် ရွေးပြီး စာကြည့်ဆောင်ထဲ ပို့ပေးဖူးတယ်။ ဖုမာက လက်မခံဘဲ ပြန်လွှတ်ခိုင်းတယ်။ သူ ပြောတာက ငါတို့မှာ ကလေးမရရင်တောင် နောက်ကျရင် ဝူမိသားစုထဲက လိမ္မာပါးနပ်တဲ့ ကလေးတစ်ယောက်ကို ရွေးပြီး မွေးစားလိုက်မယ်တဲ့"
ပထမမင်းသား ကြင်ရာတော်မှာ အားကျသွားရတော့သည်။
ဝူဖုမာက ဟွေ့အန်းကုန်းကျူအပေါ် တကယ် ကောင်းတာပဲနော်။
ဒါပေါ့လေ။ ဒါကလည်း ဟွေ့အန်းကုန်းကျူရဲ့ ဂုဏ်ဒြပ်မြင့်မားလွန်းလို့ ဝူမိသားစုက ဘယ်သူမှ ဝင်မပြောရဲကြတာကြောင့်လည်း ပါတာပေါ့။ မဟုတ်ရင် ဝူဖုမာက ဘယ်လောက်ပဲ ချစ်မြတ်နိုးပါစေ မိဘတွေရဲ့ ဖိအားပေးမှုကြောင့် မယားငယ်ယူပြီး ကလေးမွေးရမှာပဲ။
ကျောက်ယွီ၏ မျက်နှာတွင်လည်း အားကျသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ "ဖုမာက ကုန်းကျူအပေါ် သံယောဇဉ်ကြီးမားလိုက်တာ။ ဒီလို ခင်ပွန်းမျိုး ရထားတာ ဒီတစ်သက် တန်ပါပြီ"
ဟွေ့အန်းကုန်းကျူက ပြုံးကာ စနောက်လိုက်လေသည်။ "ဒီစကားပြောပုံက စစ်တိကို အပြစ်တင်နေသလိုပဲ။ စစ်တိက နင့်အပေါ် မကောင်းလို့လား"
"အခုကတော့ ကောင်းတာပေါ့" ကျောက်ယွီက သတိလက်လွတ်ဖြင့် ရင်ထဲကစကားများကို ပြောထွက်သွားတော့သည်။ "ကျွန်မတို့ လက်ထပ်ထားတာ နှစ်နှစ်တောင် မပြည့်သေးဘူး။ လင်မယား သံယောဇဉ် အခိုင်မာဆုံးအချိန်ပဲလေ။ ကျွန်မ နည်းနည်းပါးပါး ဆိုးရင်တောင် သူက အပြစ်မမြင်ဘူး"
"နောက်နှစ်နည်းနည်းလောက် ကြာသွားရင် လင်မယားသံယောဇဉ်က တဖြည်းဖြည်း ပါးလျလာမှာ။ အဲဒီကျရင် သူက ကိုယ်လုပ်တော် ယူချင်တယ်ဆိုရင် ကျွန်မက ဘယ်တားလို့ရမှာလဲ"
ပထမမင်းသား ကြင်ရာတော် "..."
ဒါက သူမရဲ့ နှလုံးသားကို တည့်တည့်ထိုးစိုက်လိုက်တာပဲ။
ပထမမင်းသား ကြင်ရာတော်သည် မနေနိုင်တော့ဘဲ ချောင်းတစ်ချက် အသာဟန့်လိုက်လေသည်။ "ဒီအကြောင်းတွေ ပြောနေတာ စိတ်မဝင်စားစရာကြီး။ တခြားအကြောင်း ပြောင်းပြောကြရအောင်"
ထိုအခါမှ ကျောက်ယွီသည် မိမိစကားမှားသွားကြောင်း သတိထားမိသွားပြီး လျှာလေးတစ်လစ်ထုတ်ကာ ပြောလိုက်လေသည်။ "တောင်းပန်ပါတယ် သာ့စောင်။ ကျွန်မက ပါးစပ်ထဲ ရှိတာ လျှောက်ပြောလိုက်မိတာပါ။ သာ့စောင့်ကို ရည်ရွယ်တာ မဟုတ်ပါဘူး"
ပထမမင်းသား ကြင်ရာတော်သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ပြတ်သားစွာပင် စကားလမ်းကြောင်း လွှဲလိုက်လေတော့သည်။
သူတို့ စကားစမြည် ပြောဆိုနေစဉ်မှာပင် နန်းတွင်းအပျိုတော်တစ်ယောက် အလျင်အမြန် ရောက်လာပြီး သတင်းပို့လေသည်။ "ကျွန်မ သတင်းတစ်ခု ကြားခဲ့ပါတယ်။ ထိုက်ဇီနဲ့ စတုတ္ထမင်းသားတို့ စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ကို ပြန်လာနေကြပြီတဲ့"
ဘယ်လို...
ကျောက်ယွီသည် စိတ်လှုပ်ရှားသွားပြီး ထထိုင်လိုက်မိ၏။ လှုပ်လိုက်သည်နှင့် အား... ဟု အော်ဟစ်လိုက်မိတော့သည်။
ဟွေ့အန်းကုန်းကျူက အလျင်အမြန်ပင် ဆူလိုက်လေသည်။ "နင် မြန်မြန်ပြန်လှဲနေလိုက်။ ဘာတွေ စိတ်လှုပ်ရှားနေတာလဲ"
ထို့နောက်တွင်တော့ အလောတကြီး မေးမြန်းလိုက်သည်။ "ဒီသတင်းကို ဘယ်က ကြားလာတာလဲ။ တကယ် ဟုတ်လို့လား"
နန်းတွင်းအပျိုတော်က ရိုသေစွာ ပြန်ဖြေလိုက်လေသည်။ "ဒီသတင်းက ကျောင်းဖန်နန်းဆောင်ကနေ ထွက်လာတာဆိုတော့ မှားနိုင်စရာ မရှိပါဘူး"
ကျောက်ယွီကို မဆိုထားနှင့်။ ဟွေ့အန်းကုန်းကျူပင် အောင့်အီးမထားနိုင်တော့ဘဲ ချက်ချင်း မတ်တပ်ထရပ်လိုက်လေသည်။ "ငါ အခုပဲ မူဟုပ်ဆီသွားပြီး အကျိုးအကြောင်း မေးကြည့်လိုက်ဦးမယ်"
ကျောက်ယွီက အလောတကြီး ပြောလိုက်သည်။ "ဟွမ်ကျဲ သေချာမေးပြီးရင် ကျွန်မဆီ လူလွှတ်ပြီး ပြန်ပြောပြဦးနော်"
ပထမမင်းသား ကြင်ရာတော်သည်လည်း စိတ်လှုပ်ရှားနေတော့သည်။ "ပထမမင်းသားရော ပြန်ပါလာမလား မသိဘူး။ ဟွမ်ကျဲ ကျေးဇူးပြုပြီး စုံစမ်းပေးပါဦး။ ကျွန်မလည်း ဒီမှာပဲ သတင်းစောင့်နေလိုက်ပါ့မယ်"
ဟွေ့အန်းကုန်းကျူသည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။
...
အပိုင်း (၄၁၃) ဝမ်းမြောက်ဖွယ်သတင်း (၂)
ဟွေ့အန်းကုန်းကျူသည် ကျောင်းဖန်နန်းဆောင်တွင် သွားရောက်မေးမြန်းသော်လည်း လူမရှိသဖြင့် အရှေ့နန်းဆောင်သို့ ချက်ချင်း ဦးတည်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် အမှန်တကယ်ပင် အရှေ့နန်းဆောင်သို့ ရောက်ရှိနေပြီး ကုတင်ဘေးတွင် ထိုင်ကာ လုမင်ယွိနှင့် စကားပြောနေလေသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော အပြုံးပန်းနှင့် ပျော်ရွှင်မှုများ လွှမ်းခြုံနေလေ၏။ ကုတင်ပေါ်တွင် ဒဏ်ရာကုသရန် လဲလျောင်းနေသော လုမင်ယွိ၏ မျက်ခုံးများ ပြေလျော့နေပြီး နှုတ်ခမ်းထောင့်များလည်း တွန့်ကွေးလို့နေလေသည်။
"ဟွေ့အန်း နင် လာတာ ကွက်တိပဲ" ချောင်မိဖုရားခေါင်က ပျော်ရွှင်စွာဖြင့် ဟွေ့အန်းကုန်းကျူကို လက်ယပ်ခေါ်လိုက်လေသည်။ "နင့်ကို ပြောပြစရာ သတင်းကောင်းတစ်ခု ရှိတယ်။ အားကျင့်က စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ကို ပြန်လာနေပြီ။ အခု သာ့ဝေနယ်နိမိတ်ထဲတောင် ဝင်ရောက်လာပြီတဲ့။ ဘာအနှောင့်အယှက်မှ မရှိဘူးဆိုရင် မကြာခင် မြို့တော်ကို ပြန်ရောက်တော့မယ်"
ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ကျွန်မက စစ်တိမေ့ဆီကနေ သတင်းကြားလို့ မူဟုပ်ဆီ လာပြီး အမှန်အမှား လာမေးတာ။ မူဟုပ်က အခုလို ပြောလိုက်တော့မှပဲ ကျွန်မရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ အာ့တိ တကယ် ပြန်လာတော့မှာပေါ့နော်"
လီကျင့် ထွက်သွားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမသည် အစ်မကြီးတစ်ယောက် အနေဖြင့် မောင်လေး၏ ဘေးကင်းလုံခြုံရေးအတွက် အမြဲတမ်း စိတ်ပူနေခဲ့ရသည်။
ယန်ချူစစ်ပွဲကြီးလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ယန်တပ်များ ရှုံးနိမ့်သွားပြီး လီကျင့်လည်း ပြန်လာတော့မည်။
သတင်းကောင်းများသည် တစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့လေသည်။
ချောင်မိဖုရားခေါင်၏ မျက်နှာတစ်ခုလုံးတွင် အပြုံးပန်းများ ဝေဆာနေတော့၏။ "ဟုတ်တယ်။ အားကျင့်က ရုတ်တရက်ကြီး ပြန်လာမယ်လို့ မထင်မှတ်ထားဘူး "
"သူက ယန်တပ်တွေ မြို့တော်ကို တိုက်ခိုက်နေတယ်ဆိုတာ သိသွားလို့ အခုလို အလျင်စလို ပြန်လာတာ ဖြစ်လိမ့်မယ်" လုမင်ယွိသည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူမ၏ အသံမှာ တိုးလျသွားလေသည်။ "ဒီလို ခရီးဝေး နှင်လာရတာက အပင်ပန်းဆုံးပဲ။ သူ ခံနိုင်ရည် ရှိပါ့မလား မသိဘူး"
လီကျင့်၏ ဒဏ်ရာအကြောင်း ပြောလိုက်သည်နှင့် ချောင်မိဖုရားခေါင်သည် ဆက်လက် မပြုံးနိုင်တော့ပေ။ ဟွေ့အန်းကုန်းကျူသည်လည်း မျက်မှောင်ကြုတ်သွားပြီး တီးတိုးရေရွတ်လိုက်လေသည်။ "ဟုတ်သားပဲ။ အာ့တိ ကိုယ်ပေါ်မှာ ဒဏ်ရာ ရှိသေးတာကို။ ဒီလို ခရီးကြမ်း နှင်လာတာ ဘယ်ခံနိုင်ရည် ရှိပါ့မလဲ။ ဒဏ်ရာတွေ ပိုဆိုးမလာရင် တော်ပါပြီ"
ချောင်မိဖုရားခေါင်သည် ထိုင်မနေနိုင်တော့ဘဲ ချက်ချင်း ထရပ်လိုက်လေသည်။ "ဒါဆို ဘယ်လိုလုပ်ကြမလဲ။ အားကျင့်က ယန်တပ်တွေ မြို့တော်ကို တိုက်ခိုက်နေတာ စိုးရိမ်ပြီး အသည်းအသန် ပြန်လာတာ နေမှာ။ ပန်ကုံး အခုပဲ သူ့ဆီ စာပို့ပြီး မြို့တော်က အခြေအနေ ပြေလည်သွားပြီ ဆိုတာ ပြောလိုက်မယ်။ သူ အဲဒီလောက် အလျင်စလို ပြန်လာစရာ မလိုတော့ဘူးလို့..."
"မူဟုပ် စိတ်မလောပါနဲ့ဦး"
လုမင်ယွိက ချောင်မိဖုရားခေါင်ကို ညင်သာစွာ နှစ်သိမ့်လိုက်၏။ "အရှင်မင်းသားက အတိမ်အနက် မသိတဲ့သူ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ဂရုစိုက်မှာပါ။ ပြီးတော့ အခုမှ စာပို့ရင်လည်း အသွားအပြန် အချိန်အတော်ကြာဦးမှာ။ စာက အရှင်မင်းသားလက်ထဲ ရောက်တဲ့အချိန်ကျရင် သူက မြို့တော်ကို ရောက်လုနီးပါး ဖြစ်နေလောက်ပြီ"
ဟွေ့အန်းကုန်းကျူသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဝင်ရောက်နှစ်သိမ့်လေသည်။ "အာ့တိမေ့ ပြောတာ ဟုတ်ပါတယ်။ မူဟုပ် စိတ်လျှော့ပါ"
ချောင်မိဖုရားခေါင်က ခါးသက်သက် ပြုံးလိုက်လေသည်။ "ပန်ကုံးက ဘယ်လိုလုပ် စိတ်လျှော့နိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ဒီစာကိုတော့ ပို့လိုက်ရမှာပဲ"
ပြောပြောဆိုဆိုနှင့် ဟွေ့အန်းကုန်းကျူကို လုမင်ယွိနှင့် စကားပြောရန် ထားခဲ့ပြီး သူမကတော့ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။
ဟွေ့အန်းကုန်းကျူ "..."
ဟွေ့အန်းကုန်းကျူသည် ပြောစရာ စကားမဲ့သွားပြီး လုမင်ယွိနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
လုမင်ယွိက ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "ထားလိုက်ပါတော့။ မူဟုပ် သဘောအတိုင်းပါပဲ။ အသုံးဝင်ဝင် မဝင်ဝင် အနည်းဆုံးတော့ မူဟုပ် စိတ်သက်သာရာ ရသွားတာပေါ့"
ဟွေ့အန်းကုန်းကျူက မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။ "မူဟုပ်က ဒီလို စိတ်သဘောထား ရှိတာ။ ငယ်ငယ်ကတည်းက ဒီလိုပါပဲ။ ငါနဲ့ အာ့တိ နည်းနည်းလေး နေမကောင်းဖြစ်တာနဲ့ မူဟုပ်က အရမ်း စိတ်ပူတတ်တာ။ တစ်ညလုံး မအိပ်ဘဲ ငါတို့ကို စောင့်ပေးနေတတ်တယ်"
သားသမီးဆိုတာ မိခင်ရဲ့ ရင်နှစ်သည်းချာတွေပဲလေ။
ဒီအချက်က ချောင်မိဖုရားခေါင်ဆီမှာ အထူးသဖြင့် ပေါ်လွင်နေလေသည်။
ချောင်မိဖုရားခေါင်သည် ဉာဏ်ပညာကြီးမားသူ၊ ပြတ်သားသူတစ်ယောက် မဟုတ်သော်လည်း အမှန်တကယ် ကောင်းမွန်သော မိခင်တစ်ဦး ဖြစ်သည်။ သားဖြစ်သူ၏ ပျော်ရွှင်မှုအတွက် ချွေးမဖြစ်သူကို အကြိမ်ကြိမ် သည်းခံခွင့်လွှတ်ပေးခဲ့သည်။
ဒီမိခင်မေတ္တာတရားက တကယ်ကို တန်ဖိုးကြီးမားလှသည်။
လုမင်ယွိက ပြုံးကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ဒီနေ့က ချန်းအာရဲ့ သုံးရက်မြောက် ရေချိုးမင်္ဂလာပွဲလေ။ ဟွမ်ကျဲ ကိုယ်တိုင် သွားခဲ့တာဆိုတော့ ချန်းအာကို တွေ့ခဲ့မှာပေါ့။ သူ့ရုပ်လေးက ဘယ်လိုနေလဲ"
ဟွေ့အန်းကုန်းကျူက ပြုံးကာ ဖြေလိုက်သည်။ "ချန်းအာပုံစံက ဝဝကစ်ကစ်နဲ့ အရမ်းချစ်ဖို့ ကောင်းတယ်။ စစ်တိ ငယ်ငယ်တုန်းကထက် ပိုချစ်ဖို့ကောင်းတယ်"
လုမင်ယွိက ရယ်မောလိုက်လေသည်။ "စစ်တိမေ့ ရှေ့မှာတော့ ဟွမ်ကျဲ အဲဒီလို လျှောက်မပြောနဲ့နော်"
ကျောက်ယွီက တခြားသူတွေ စတုတ္ထမင်းသားအကြောင်း မကောင်းပြောတာကို လုံးဝ သည်းမခံနိုင်သူ ဖြစ်သည်။
ဟွေ့အန်းကုန်းကျူက ဂရုမစိုက်ဘဲ ပြုံးကာ ပြောလိုက်လေသည်။ "ဘာကြောက်စရာ ရှိလို့လဲ။ ငါက အမှန်အတိုင်း ပြောတာပဲကို။ စစ်တိ မွေးတုန်းက ပိန်ပိန်ညောင်ညောင်နဲ့ ရုပ်ဆိုးလိုက်တာ မျောက်ကလေးကျနေတာပဲ။ ကြီးလာတော့မှ ရုပ်ရည် ပြောင်းလဲသွားလို့ တော်သေးတာပေါ့။ မဟုတ်ရင် မိန်းမတောင် ရမှာမဟုတ်ဘူး။ စစ်တိမေ့ တစ်ယောက်ပဲ စစ်တိကို ရတနာလို သဘောထားနေတာ"
ဟော... ပြောရင်းပြောရင်းနဲ့ ပိုဆိုးလာပြီ။
လုမင်ယွိက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်လေသည်။ ဟွေ့အန်းကုန်းကျူနှင့် အချိန်ကြာကြာ ပေါင်းသင်းဆက်ဆံလာပြီးနောက် ဟွေ့အန်းကုန်းကျူသည် ဘဝင်မြင့်ပြီး မောက်မာသော်လည်း ဟာသဉာဏ်ရွှင်ပြီး ပျော်ရွှင်စရာကောင်းသည့် အချက်များကို တွေ့ရှိလာရသည်။
ဟွေ့အန်းကုန်းကျူက မုန့်ယွင်လော် အကြောင်းကို ပြောလာပြန်သည်။ "ဒီနေ့ ချန်းအာရဲ့ ရေချိုးမင်္ဂလာပွဲမှာ နင်က ဒဏ်ရာရထားလို့ မသွားနိုင်ဘူး ဆိုပေမယ့် စန်းတိမေ့က ဘာမှမဖြစ်ဘဲနဲ့ ပေါ်မလာဘူးလေ။ စစ်တိမေ့ကို တော်တော် ဒေါသထွက်အောင် လုပ်လိုက်တာပဲ"
အကြောင်းရင်းကို နည်းနည်းလောက် စဉ်းစားကြည့်လိုက်တာနဲ့ သိသာနေတာပဲ။
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေသည်။ "စန်းတိမေ့ရဲ့ စိတ်သဘောထားက အပ်နဖားပေါက်လောက်ပဲ ရှိတာလေ။ စစ်တိမေ့ သားယောက်ျားလေး မွေးလို့ မနာလိုဖြစ်ပြီး မသွားချင်တာ နေမှာပါ"
"ဟုတ်တာပေါ့" ဟွေ့အန်းကုန်းကျူက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "ငါလို ကလေးမရနိုင်တဲ့လူတောင် ပျော်ပျော်ရွှင်ရွှင် သွားခဲ့တာပဲ။ သူကမှ တမင်သက်သက် လုပ်ရတယ်လို့။ တခြားသူတွေ သူ့ကို သဘောထားသေးသိမ်မှန်း မသိမှာစိုးလို့ နေမှာ"
လုမင်ယွိသည် ထပ်မံ၍ ရယ်မောလိုက်ရပြန်သည်။
...
ထိုနေ့ မွန်းလွဲပိုင်းတွင် ချောင်မိဖုရားခေါင်သည် လူလွှတ်ကာ စာပို့လိုက်လေသည်။
၇ ရက်ကြာပြီးနောက် လုမင်ယွိသည် နောက်ဆုံးတွင် ကုတင်ပေါ်မှ ဆင်းနိုင်ပြီ ဖြစ်သည်။
ပထမဆုံး လုပ်သည့်အလုပ်မှာ ရွှီအာကို သွားတွေ့ခြင်းပင်။ ချီယွင်သည် စိတ်မချသဖြင့် သူမကို အတင်း တွဲထူပေးလေသည်။ "ထိုက်ဇီဖေးက အားနည်းနေသေးတယ်။ အားစိုက်လို့ မဖြစ်ဘူး။ ကျွန်မ တွဲပေးပါ့မယ်"
လုမင်ယွိသည်လည်း ချီယွင်၏ စေတနာကို မငြင်းဆန်ရက်သဖြင့် သူမ၏ တွဲထူမှုကို ခံယူကာ ရွှီအာ့အခန်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်သည်။
ရွှီအာသည် နိုးမလာသေးဘဲ ခန္ဓာကိုယ်လေးကို ကွေးကာ အိပ်ပျော်နေရှာ၏။ မျက်နှာလေးမှာ လက်ဖဝါးလောက်ပင် မရှိတော့ဘဲ ပိန်ကျသွားကာ အရောင်အဝါ ကင်းမဲ့နေလေသည်။
လုမင်ယွိ၏ နှာခေါင်းများ ရှုံ့မဲ့သွားပြီး မျက်ဝန်းအိမ်များ ပူနွေးလာကာ ကုတင်ဘေးတွင် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး ရွှီအာ၏ မျက်နှာလေးကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ရွှီအာသည် သတိလက်လွတ်ဖြင့် တိုးဝှေ့လာပြီး မျက်နှာကို လုမင်ယွိ၏ လက်ဖဝါးထဲတွင် အပ်ထားလိုက်သည်။
"ရွှီအာ တော်တော် ပိန်သွားတာပဲ" လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။
ချီယွင်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရွှီအာက နေ့တိုင်း အပ်စိုက်ကုသပြီး ဆေးရည်စိမ်ရတယ်။ ဆေးလည်း သောက်ရသေးတယ်။ အစာစားချင်စိတ်က အရင်လို မဟုတ်တော့ဘူး။ တစ်နေ့ သုံးနပ်စလုံး ဆန်ပြုတ်ပဲ သောက်နေရတာ။ ဒီနှစ်ရက်မှ အသားဟင်း နည်းနည်းပါးပါး စားနိုင်လာတာ"
လုမင်ယွိ၏ ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး ရွှီအာ၏ မျက်နှာလေးကို ပွတ်သပ်ပေးလိုက်သည်။ "သူ နေကောင်းလာရင် ဖြည်းဖြည်းချင်း ပြန်အတိုးချပြီး ကျွေးရမယ်"
ရွှီအာသည် ဝေဝါးစွာ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် မေမေ ဟု အရင် ခေါ်လိုက်လေသည်။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာပြီး တိုးတိုးလေး ထူးလိုက်သည်။
"မေမေ"
ရွှီအာသည် ရုတ်တရက် သတိဝင်လာသကဲ့သို့ ထထိုင်လိုက်ပြီး လုမင်ယွိ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မေမေ ဟု တရစပ် ခေါ်နေလေတော့သည်။
လုမင်ယွိသည် ရှိုက်သံဖြင့် ပြန်ထူးလိုက်ပြီး ရွှီအာကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ "ရွှီအာ မငိုနဲ့တော့နော်။ နောက်ဆို မေမေ သားနားမှာ နေ့တိုင်း နေပေးမယ်"
သွေးသည် ရေထက် ပျစ်ပေသည်။ သားအမိသံယောဇဉ်သည် သဘာဝတရားပင်။ ရွှီအာသည် မိခင်ဖြစ်သူကို မတွေ့ရသည်မှာ လဝက်ကျော် ကြာမြင့်နေပြီဖြစ်ရာ ယခုအချိန်တွင် လုမင်ယွိ၏ ရင်ခွင်ထဲသို့ တိုးဝင်ချင်နေတော့သည်။
ရွှီအာသည် ပုံမှန်အချိန်တွင် လူကြီးပေါက်စလေးကဲ့သို့ နေတတ်သော်လည်း ယခုအချိန်တွင်တော့ မိခင်ရင်ခွင်ထဲ၌ အလွန် သနားစရာကောင်းအောင် ဖြစ်နေရှာလေသည်။ "မေမေ... သား မေမေ့ကို လွမ်းတယ်"
လုမင်ယွိက တိုးတိုးလေး ချော့မြှူလိုက်၏။ "မေမေလည်း သားကို လွမ်းပါတယ်"
ချီယွင်က အလျင်အမြန် သတိပေးလိုက်လေသည်။ "ထိုက်ဇီဖေး... ဘယ်ဘက်လက်မောင်းမှာ ဒဏ်ရာ ရှိသေးတယ်နော်။ အားစိုက်လို့ မဖြစ်ဘူး"
လုမင်ယွိ၏ ရင်ထဲတွင် ကြင်နာမြတ်နိုးမှုများ ပြည့်လျှံနေသည်။ "စိတ်ချပါ။ ငါ ခံနိုင်ပါတယ်"
မကြာမီတွင် ရွှမ်းအာလည်း ရောက်ရှိလာပြီး ခြေထောက်လေးများဖြင့် ကုတင်ပေါ်သို့ တက်ကာ ခေါင်းလေးကို တိုးဝှေ့လာတော့သည်။ ခေါင်းလုံးလုံးလေး နှစ်လုံးသည် တစ်ခုနှင့်တစ်ခု ထိကပ်သွားပြီး မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ပျော်ရွှင်စွာ မှီတွယ်လိုက်ကြလေတော့သည်။
...
အပိုင်း (၄၁၄) သားအမိ
သမားတော်ချုပ်ကျိုးနှင့် တော်ဝင်သမားတော်လီတို့သည် ရွှီအာကို အပ်စိုက်ကုသပေးရန် ရောက်ရှိလာခဲ့ကြသည်။
ရွှီအာသည် ကုတင်ပေါ်တွင် လိမ်လိမ်မာမာလေး လှဲလျောင်းနေရင်း လက်တစ်ဖက်က လုမင်ယွိ၏ အင်္ကျီလက်စကို ဆွဲထားကာ မိခင်ဖြစ်သူကို သနားစဖွယ် မျှော်လင့်တကြီး ကြည့်နေရှာ၏။
လုမင်ယွိခမျာ ရင်ထဲ၌ ဆို့နင့်ကြေကွဲသွားရပြီး ပြုံးကာ ချော့မြှူပြောလိုက်လေသည်။
"မေမေ ဒီမှာပဲ ရှိတယ်လေ... ဘယ်မှ မသွားပါဘူး... သမားတော်ချုပ်ကျိုးက သားကို အပ်စိုက်ကုပေးမလို့မို့ မေမေက နေရာဖယ်ပေးရဦးမှာ... ဒါကြောင့် လက်လွှတ်လိုက်ဦးနော်... ဟုတ်ပြီလား"
ထိုအခါမှသာ ရွှီအာသည် တွယ်တာသံယောဇဉ် မပြတ်နိုင်သည့်ပုံစံဖြင့် လက်ကို လွှတ်ပေးလိုက်လေသည်။
လုမင်ယွိသည် ကုတင်ဘေးတွင် ရပ်လျက် ရှည်လျားသေးသွယ်သော ရွှေအပ်များ ရွှီအာ၏ ခန္ဓာကိုယ်ထဲသို့ တစ်ချောင်းပြီးတစ်ချောင်း စိုက်ဝင်သွားသည်ကို ကြည့်နေမိ၏။ ရွှီအာက လိမ္မာစွာဖြင့် မလှုပ်မယှက် ငြိမ်သက်နေပြီး ငိုပင်မငိုသည်ကို မြင်ရသောအခါ နှလုံးသားထဲမှ နာကျင်ကြေကွဲရသည်မှာ ဆိုဖွယ်ရာ မရှိတော့ချေ။
ရွှမ်းအာကလည်း မထွက်သွားဘဲ လုမင်ယွိ၏ ဘေးတွင်ရပ်ကာ ရံဖန်ရံခါ တီးတိုးမေးလေသည်။ "ကိုကို... နာလားဟင်"
ရွှီအာက တိုးတိုးလေး ပြန်ဖြေလေသည်။ "နည်းနည်းလေးပဲ နာတာပါ"
ချီယွင်မှာ စိတ်မကောင်းဖြစ်ရသည့်ကြားမှ ရယ်ချင်သွားပြီး လုမင်ယွိကို တိုးတိုးဆိုလေသည်။ "သာမန်အချိန်တွေတုန်းက ကျွန်မ မေးရင် ရွှီအာက အမြဲတမ်း မနာဘူးလို့ပဲ ပြောတာပါ"
ယနေ့တွင်တော့ မိခင်အရင်း ရှိနေသည်မို့ အထူးတလည် ချွဲနွဲ့နေခြင်း ဖြစ်လေသည်။
လုမင်ယွိမှာ ရယ်ချင်မိသော်လည်း ပိုလို့ပင် စိတ်မကောင်း ဖြစ်ရလေ၏။
ချီယွင်ပြောသည်ကို နားထောင်ရခြင်းက တခြားစီဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါမှသာ ရွှီအာ ခံစားနေရရှာသော ဒုက္ခများကို သိရှိနားလည်လိုက်ရတော့သည်။
အပ်စိုက်ကုသပြီးနောက် လုမင်ယွိက ရွှီအာ၏ အဝတ်အစားများကို ချွတ်ပေးပြီး ဆေးစိမ်စည်ပိုင်းထဲသို့ ပွေ့ချီထည့်ပေးလိုက်၏။ ရွှီအာမှာ မူလက ပြည့်ပြည့်ကလေး ဖြစ်သော်လည်း ယခုအခါ နံရိုးများကို စမ်းမိသည်အထိ ပိန်ကျသွားရှာလေသည်။ ရွှမ်းအာနှင့် ရွှီအာမှာ မူလက တစ်ပုံစံတည်း တူညီကြသော်လည်း ယခုအချိန်တွင်မူ သိသာထင်ရှားစွာ ကွဲပြားသွားခဲ့ချေပြီ။
ထိုသို့ အလုပ်ရှုပ်နေရင်းဖြင့် မွန်းတည့်ချိန်သို့ပင် နီးကပ်လာခဲ့လေသည်။
လုမင်ယွိသည် ကလေးများနှင့်အတူ နေ့လယ်စာ စားလိုက်၏။
ယနေ့တွင် ရွှီအာ၏ ခံတွင်းမှာ အလွန်ကောင်းမွန်နေပြီး ပုံမှန်ထက် ထမင်းပန်းကန်လုံးအသေး တစ်လုံး ပိုစားလေသည်။ မျက်နှာလေးမှာ သွေးရောင်လွှမ်းလာပြီး နဖူးပေါ်တွင်လည်း ချွေးစက်ကလေးများ သီးလာခဲ့၏။
လုမင်ယွိက ပြုံးလျက် ရွှီအာ၏ ချွေးများကို သုတ်ပေးကာ ပြောလိုက်လေသည်။
"ဒီနေ့ အများကြီး စားထားတယ်ဆိုတော့ ဗိုက်အစ်မနေစေနဲ့ဦး... အခု အိပ်ချင်နေပြီလား... တစ်ရေးလောက် အိပ်လိုက်ဦးမလား"
ရွှီအာ၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်ကြွင်းအဆိပ်ကျန်များ မကုန်စင်သေးရာ အလွယ်တကူပင် မောပန်းနွမ်းနယ်တတ်လေသည်။ ယခုလည်း အမှန်တကယ် အိပ်ချင်နေပြီ ဖြစ်သော်လည်း မျက်လုံးမှိတ် အိပ်စက်လိုက်ရမည်ကို နှမြောနေပုံရ၏။ လုမင်ယွိ၏ အင်္ကျီလက်စကို ဆွဲလျက် တိုးတိုးလေး ပြောရှာသည်။
"မေမေ... သား မအိပ်ချင်သေးဘူး"
သူ မျက်လုံးမှိတ်အိပ်ဖို့ မရဲပါဘူး... တကယ်လို့ အိပ်ပျော်သွားပြီး မေမေ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ...
ရွှီအာ၏ စိတ်ထဲရှိ အတွေးစလေးများမှာ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေလေသည်။
လုမင်ယွိက နူးညံ့စွာ ပြောလိုက်လေ၏။ "စိတ်ချလက်ချသာ အိပ်လိုက်ပါ... မေမေ ဘယ်မှမသွားဘူး... ဒီမှာပဲ သားအနားမှာ စောင့်နေပေးမယ်"
ရွှမ်းအာက အသံကျယ်ကျယ်ဖြင့် ဝင်ပြောလေသည်။ "သမီးလည်း ကိုကို့အနားမှာ စောင့်နေပေးမယ်"
လုမင်ယွိသည် တခစ်ခစ် ရယ်မောလိုက်ပြီး ရွှီအာကို နမ်းလိုက်သလို ရွှမ်းအာကိုလည်း လှမ်းနမ်းလိုက်လေသည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ရွှမ်းအာကို ပွေ့ချီကာ ကုတင်ပေါ်သို့ တင်ပေးလိုက်၏။ မောင်နှမနှစ်ယောက်မှာ ခေါင်းချင်းဆိုင်လျက် အတူတကွ အိပ်ပျော်သွားကြလေသည်။
ထိုအခါမှ ချီယွင်က တိုးတိုးလေး လျှောက်တင်လေသည်။
"ကျွန်မ ဒီမှာ စောင့်နေပေးပါ့မယ်... ထိုက်ဇီဖေးက အိပ်ဆောင်ပြန်ပြီး နားလိုက်ပါဦး"
လုမင်ယွိမှာ ကုတင်ပေါ်မှ ဆင်းကာ လမ်းလျှောက်နိုင်ပြီ ဆိုသော်လည်း ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပျောက်ကင်းခြင်း မရှိသေးချေ။
လုမင်ယွိမှာ ထွက်သွားရန် စိတ်မပါသဖြင့် တိုးတိုးဆိုလေသည်။ "လူတစ်ယောက်လောက် အိပ်လို့ရမယ့် ညောင်စောင်းကျဉ်းလေး တစ်လုံးလောက် သွားသယ်ခိုင်းလိုက်ပါ... ငါ ဒီမှာပဲ အိပ်လိုက်မယ်"
သူမ၏ ဘယ်ဘက်လက်မောင်းတွင် ဒဏ်ရာရထားရာ ကလေးများနှင့် ကုတင်တစ်လုံးတည်း အတူအိပ်လျှင် ထိမိခိုက်မိမည် စိုးရိမ်ရလေသည်။ အကောင်းဆုံး ဖြေရှင်းနည်းမှာ ညောင်စောင်းကျဉ်းလေး တစ်လုံး သယ်လာခြင်းပင်။ သို့မှသာ ဒဏ်ရာကိုလည်း မထိခိုက်နိုင်သလို ကလေးများ မျက်လုံးဖွင့်ကြည့်လိုက်လျှင်လည်း သူမကို မြင်တွေ့နိုင်မည် ဖြစ်ပေသည်။
ချီယွင်မှာ သခင်မ၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် အပျိုတော်များကို ခေါ်ကာ အခန်းထဲသို့ ညောင်စောင်းကျဉ်းတစ်လုံး သယ်ဆောင်လာစေလိုက်၏။
ထိုကဲ့သို့သော ညောင်စောင်းကျဉ်းမျိုးကို ပုံမှန်အားဖြင့် ညဘက် ကင်းစောင့်ရသော အပျိုတော်များ အိပ်စက်လေ့ရှိကြပြီး ကျဉ်းမြောင်းကာ ပေါ့ပါးလေသည်။
လုမင်ယွိသည် သေးငယ်သော ညောင်စောင်းပေါ်တွင် လှဲလျောင်းရင်း ခေါင်းတစ်ချက် စောင်းလိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသော သားသမီးနှစ်ဦးကို မြင်တွေ့လိုက်ရရာ ရင်ထဲ၌ ကြည်နူးမှုနှင့် ကျေနပ်ပီတိတို့ လွှမ်းခြုံသွားရလေသည်။ သူမသည်လည်း မျက်လုံးများကို မှိတ်ကာ အိပ်မောကျသွားလေတော့သည်။
...
ကလေးများ နေ့လယ်ခင်းအိပ်ရာမှ နိုးထလာချိန်တွင် မိခင်ဖြစ်သူကို မြင်လိုက်ရသဖြင့် အမှန်တကယ်ပင် ပျော်ရွှင်သွားကြလေသည်။
ရွှမ်းအာသည် လုံးလုံးလေးဖြင့် ကုတင်ပေါ်မှ လိမ့်ဆင်းလာပြီး ညောင်စောင်းဘေးသို့ ဝပ်ဝပ်ကလေး ရောက်ရှိလာ၏။
ရွှီအာကလည်း ကုတင်အောက်သို့ ဆင်းချင်သော်လည်း တစ်ကိုယ်လုံး အားအင်မရှိသကဲ့သို့ ဖြစ်နေကာ လှုပ်ရှားမှုတိုင်းက နှေးကွေးလေးလံနေရှာသည်။ သူ ထထိုင်လိုက်သည့်အချိန်တွင် လုမင်ယွိက ကုတင်ဘေးသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
"ရွှီအာ... သားက အခု ကုတင်အောက်ဆင်းပြီး လမ်းလျှောက်လို့ မရသေးဘူးလေ... လှဲရတာ ငြီးငွေ့နေရင် ခဏလောက် ထိုင်ဆော့နေနော်"
ရွှီအာက လုမင်ယွိ၏ လက်ကို ဆွဲထားရင်း ပြောရှာသည်။ "မေမေ သားအနားမှာ နေပေးနော်"
"ကောင်းပါပြီ... မေမေ သားအနားမှာ နေပေးမယ်"
လုမင်ယွိက ပြုံးရင်း ကုတင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ရွှမ်းအာသည် ယခင်က အဆိုးဆုံးဖြစ်ပြီး မိခင်ဖြစ်သူကို အချိန်ပြည့် လက်ဝါးကြီးအုပ်ထားတတ်သော်လည်း ယခုအခါ ရွှီအာ့ကို အလျှော့ပေးတတ်နေလေပြီ။ နည်းနည်းလေးမှ ဆူပူအော်ဟစ်ခြင်း မရှိဘဲ တိတ်တိတ်လေးသာ တိုးကပ်လာပြီး မိခင်၏ ဘေးတွင် မှီတွယ်နေရုံဖြင့် ကျေနပ်နေရှာလေသည်။
လုမင်ယွိသည် ကလေးကစားစရာအချို့ကို ယူခိုင်းလိုက်ပြီး တိတ်တဆိတ်ဖြင့် ကလေးများနှင့်အတူ တစ်ညနေခင်းလုံး အဖော်ပြု ကစားပေးနေလိုက်၏။
ညနေစောင်းချိန်တွင် ချောင်မိဖုရားခေါင် ရောက်ရှိလာပြီး လုမင်ယွိနှင့် ကလေးနှစ်ယောက် ပျော်ရွှင်စွာ ကစားနေကြသည်ကို မြင်လိုက်ရသောအခါ များစွာ စိတ်သက်သာရာ ရသွားလေသည်။
"ဒီရက်ပိုင်းတွေမှာ ရွှီအာက ဖျားနာနေတော့ လန်းလန်းဆန်းဆန်းကို မရှိရှာဘူး... ဒီနေ့မှပဲ ရွှီအာ့အပြုံးလေးကို မြင်ရတော့တယ်"
ထို့နောက် အနည်းငယ် မနာလိုဝန်တိုစိတ်ဖြင့် ပြောပြန်လေသည်။
"ပန်ကုံးက အရင်ရက်တွေတုန်းက နေ့တိုင်းလာပေမယ့် ရွှီအာက ဒီလိုမျိုး မပြုံးပြခဲ့ပါဘူး"
အဘွားမည်မျှပင် ကောင်းမွန်စေကာမူ မိခင်အရင်းကိုတော့ မယှဉ်နိုင်ကြောင်း ထင်ရှားလှပေသည်။
လုမင်ယွိက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး ချောင်မိဖုရားခေါင် စိတ်ပျော်ရွှင်စေရန် ချော့မြှူပြောဆိုလိုက်၏။
"ရွှီအာ အချစ်ဆုံးလူက သူ့မေမေ မဟုတ်ပါဘူး... သူ့အဘွားကို အချစ်ဆုံးပါ"
ရွှီအာက ငယ်ရွယ်သေးသူပီပီ လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ချက်ချင်းပင် ထပြောလေသည်။
"သားက မေမေကို ချစ်တာ"
ချောင်မိဖုရားခေါင် "......"
ချောင်မိဖုရားခေါင်မှာ ငိုရခက် ရယ်ရခက်ဖြစ်သွားပြီး တမင်တကာ သက်ပြင်းရှည်ကြီး ချကာ ပြောလေသည်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... အဘွား သိပါပြီတော်... နောက်ဆိုရင် အဘွားက နည်းနည်းပဲ လာတော့မယ်... ဒါမှ ရွှီအာက အဘွားကို မငြိုငြင်မှာ"
ရွှီအာက ပါးစပ်သေးသေးလေးကို ဟကာ ပြောလေသည်။
"သားက အဘွားကို ချစ်ပါတယ်"
ရွှမ်းအာကလည်း အသံကျယ်ကျယ်ဖြင့် ဝင်ပြော၏။
"သမီးလည်း အဘွားကို ချစ်တယ်"
ချောင်မိဖုရားခေါင်၏ ရင်ထဲမှ အနည်းငယ် ဝန်တိုမိသော ခံစားချက်လေးမှာ ချက်ချင်းပင် ပြေပျောက်သွားရပြီး ရှေ့သို့ ခြေလှမ်းကျဲဖြင့် လျှောက်လာကာ ရွှမ်းအာကို ပွေ့ချီလျက် အားပါးတရ နမ်းလိုက်လေသည်။
"အဘွားက နှစ်ယောက်လုံးကို ချစ်တာပါ"
ရွှမ်းအာက ချက်ချင်းပင် သူမ၏ ဖောင်းအစ်နေသော ပါးလေးဖြင့် အဘွားဖြစ်သူကို ကပ်ကာ ချွဲလိုက်ရာ ချောင်မိဖုရားခေါင်မှာ သဘောကျလွန်းသဖြင့် တဟားဟား ရယ်မောလေတော့သည်။
ချောင်မိဖုရားခေါင်သည် မြေးယောက်ျားလေးကို အလေးထားသော်လည်း မြေးမိန်းကလေးကိုလည်း အလွန်ချစ်ခင်ရှာသည်။ ယေဘုယျအားဖြင့် ပြောရလျှင် လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိပေသည်။
....
မိုးကောင်းကင်ကြီးက လျင်မြန်စွာပင် အမှောင်ထု လွှမ်းခြုံလာခဲ့လေပြီ။
နို့ထိန်းများသည် ကလေးနှစ်ယောက်ကို ရေချိုးသန့်စင်ပေးနေကြ၏။
လုမင်ယွိသည် နောက်ဆုံးတော့ အားလပ်ချိန်ရသွားပြီး ချောင်မိဖုရားခေါင်နှင့် စကားအနည်းငယ် တီးတိုးပြောဆိုလိုက်လေသည်။
ချောင်မိဖုရားခေါင်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး လေးနက်သော အသံဖြင့် ပြောလေသည်။
"စူးရှီဆိုတဲ့ အဲ့ဒီမိန်းမယုတ်က အသက်ရှင်နေတာ တော်တော်ကြာနေပြီ... မင်းလည်း ကုတင်ပေါ်ကဆင်းပြီး လမ်းလျှောက်နိုင်ပြီဆိုတော့ ဒီနေ့ပဲ သူ့ကိစ္စကို အပြတ်ရှင်းလိုက်တော့"
လုမင်ယွိ၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ခေါင်းငြိမ့်လိုက်လေသည်။
"ကျွန်မ ခဏနေရင် သွားလိုက်ပါ့မယ်... မူဟုပ်က သတင်းကောင်းကိုသာ စောင့်နေလိုက်ပါ"
ချောင်မိဖုရားခေါင်သည် မူလက စူးဖေး သေဆုံးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုချင်သော်လည်း လုမင်ယွိက ထိုသို့ပြောလာသဖြင့် ဆက်လက် တင်းခံမနေတော့ပေ။
"ကောင်းပြီလေ... ငါ ဒီမှာပဲ ကလေးတွေကို စောင့်ပေးနေလိုက်မယ်"
ထို့နောက် ခဏလောက် ရပ်တန့်သွားပြီးမှ ဆက်မေးလေသည်။
"ပဉ္စမမင်းသားကိုကျ ဘယ်လို စီစဉ်ထားလဲ"
အဆိပ်ခတ်သည့်ကိစ္စမှာ စူးဖေး၏ လက်ချက်ဖြစ်ပြီး လီချန်နှင့် သက်ဆိုင်ခြင်း မရှိပေ။
လုမင်ယွိသည် လီချန်ကို မုန်းတီးသော်လည်း သူ့ကိုပါ တစ်ပါတည်း သတ်ဖြတ်ပစ်ရန် အစီအစဉ် မရှိသေးချေ။ အကြွေးရှိလျှင် အကြွေးရှင်က ပြန်ဆပ်ရမည် ဖြစ်ရာ စူးဖေးက သေသင့်သော်လည်း လီချန်မှာ လောလောဆယ် သေရမည့်အချိန် မရောက်သေးပေ။
"ဒီညပြီးတာနဲ့ ပဉ္စမမင်းသားကို အိမ်ရှေ့စံနန်းဆောင်ကနေ ပြန်လွှတ်ပေးလိုက်ပါမယ်"
လုမင်ယွိက လေသံအေးအေးဖြင့် ပြောလိုက်လေသည်။
"စူးဖေးက သူ့အပြစ်နဲ့သူမို့ သေသွားရင်တောင် နှမြောစရာ မရှိပါဘူး... ပဉ္စမမင်းသားက သေသေချာချာ စဉ်းစားတွေးခေါ်တတ်ရင် အကောင်းဆုံးပါပဲ... တကယ်လို့ သူ သေချာ မစဉ်းစားတတ်ဘဲ အိမ်ရှေ့စံနန်းဆောင်အပေါ် အငြိုးအတေး ထားလာခဲ့ရင်... နောင်တစ်ချိန် မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်လာခဲ့ရင်တော့ အိမ်ရှေ့စံနန်းဆောင်က မောင်နှမသံယောဇဉ် မထောက်ထားဘူးလို့ လာမပြောနဲ့ပေါ့"
ချောင်မိဖုရားခေါင်သည် ချက်ချင်းပင် သဘောပေါက် နားလည်သွားလေသည်။
ဤကိစ္စသည် လီချန်ကိုယ်တိုင် အမှားကြီး ကျူးလွန်လာမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ လက်စတုန်းရမည်။ သို့မှသာ တရားမျှတမှု ရှိပေလိမ့်မည်။ မည်သို့ပင်ဆိုစေ အိမ်ရှေ့စံနန်းဆောင် ဖြစ်သည့်အတွက် ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်မှသာ အများက လေးစားလက်ခံနိုင်မည် ဖြစ်ပေသည်။
ချောင်မိဖုရားခေါင်က တိုးတိုးဆိုလေသည်။ "မင်းစိတ်ထဲမှာ အတိုင်းအတာ ရှိရင် ပြီးတာပါပဲ"
လုမင်ယွိသည် ထိုင်ရာမှထကာ အပြင်သို့ ထွက်ခွာသွားလေသည်။
ချီယွင်သည် လုမင်ယွိ၏ နောက်မှ အရက်ကရားတစ်လုံး ကိုင်ဆောင်လျက် လိုက်ပါသွားလေ၏။
မိုးကောင်းကင်သည် မှောင်မိုက်နေပြီး တိမ်မည်းများလည်း စုဝေးနေလေသည်။ မည်သည့်အချိန်က စတင်လိုက်သည်မသိ တိတ်တဆိတ် မိုးဖွဲလေးများ ကျဆင်းလာခဲ့၏။ မိုးဖွဲလေးများသည် တဖွဲဖွဲကျဆင်းနေပြီး အေးစိမ့်မှုနှင့်အတူ ဆောင်းဦးလေညင်းပါ ရောနှောကာ မျက်နှာပေါ်သို့ လာရောက် ရိုက်ခတ်နေလေတော့သည်။
...