အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
အပိုင်း (၄၁၅) ကလဲ့စားချေခြင်း (၁)
စူးဖေးသည် အခန်းထဲတွင် အကျဉ်းချခံထားရပြီး အခန်းအပြင်ဘက်၌ ကုန်းကုန်းအများအပြား စောင့်ကြပ်နေကြကာ တံခါးတွင် ကြီးမားလေးလံသော သံသော့ကြီး ခတ်ထားလေသည်။
လုမင်ယွိ ရောက်ရှိလာသည်နှင့် ကုန်းကုန်းများအားလုံး ရှေ့သို့ ချက်ချင်းတိုးကာ အရိုအသေ ပြုလိုက်ကြသည်။ "ကျွန်တော်မျိုးတို့ ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် ခေါင်းကို အသာညိတ်လိုက်ပြီး "တံခါးဖွင့်လိုက်" ဟု လေသံအေးအေးဖြင့် အမိန့်ပေးလိုက်လေသည်။
ထိုအထဲမှ ကုန်းကုန်းတစ်ဦးသည် သော့ကို ထုတ်ယူကာ သော့ခလောက်ကို ဖွင့်ပေးလိုက်သည်။
လုမင်ယွိက တဆက်တည်း ပြောလိုက်သည်။ "မင်းတို့အားလုံး သွားကြတော့။ ချီယွင်က တံခါးဝမှာ စောင့်နေခဲ့"
ကုန်းကုန်းများသည် အမိန့်နာခံကာ ဆုတ်ခွာသွားကြသည်။ ချီယွင်သည် အနည်းငယ် အံ့အားသင့်သွားပြီး လေသံတိုးတိုးဖြင့် "ကျွန်မ ညန်ညန့်ကို အဖော်လိုက်ပေးပါရစေ" ဟု ပြောလိုက်၏။
လူတစ်ယောက်ကို အဆိပ်ရည် တိုက်ရသည့် ညစ်ညမ်းသော အလုပ်မျိုးကို သခင်မအား ကိုယ်တိုင် လုပ်ဆောင်စေ၍ မည်သို့ ဖြစ်ပါမည်နည်း။
လုမင်ယွိက ငြင်းဆန်လိုက်သည်။ "ငါတစ်ယောက်တည်းဆို ရပြီ။ မင်းလည်း နည်းနည်း ဆုတ်နေလိုက်။ အခန်းထဲက အသံတွေကြောင့် လန့်မသွားစေနဲ့"
စကားဆုံးသည်နှင့် ချီယွင်လက်ထဲမှ အရက်အိုးကို လှမ်းယူလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားတော့သည်။ ထိုတံခါးသည် လျင်လျင်မြန်မြနှင့် ပြင်းထန်စွာ ပြန်ပိတ်သွားခဲ့သည်။ လျင်မြန်လွန်းလှသဖြင့် အခန်းထဲမှ အခြေအနေကို မည်သူမျှ မမြင်လိုက်ရပေ။
ချီယွင်သည် သံသယများ ပြည့်နှက်နေသော်ငြားလည်း စကားပို မမေးမြန်းတော့ဘဲ တိတ်ဆိတ်စွာပင် နောက်သို့ သုံးမီတာခန့် ဆုတ်ခွာသွားလိုက်လေသည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဖော်ပြရန်ခက်ခဲသော မွန်းကြပ်သည့်လေထုသည် မျက်နှာကို လာရောက် ရိုက်ခတ်ပြီး ညှီစော်နံစော်များနှင့် ရောနှောနေလေသည်။
တံခါးနှင့် ပြတင်းပေါက်များကို ရက်အနည်းငယ်ကြာအောင် ပိတ်ထားသဖြင့် လေဝင်လေထွက် မကောင်းဘဲ စားသောက်နေထိုင် စွန့်ပစ်မှုအားလုံး အခန်းထဲတွင်သာ ပြုလုပ်ရသဖြင့် ဤကဲ့သို့ အနံ့အသက်ဆိုးများ ရှိနေသည်မှာ ရှောင်လွှဲမရနိုင်ချေ။
မူလက ကုတင်ထက်တွင် လဲလျောင်းနေသော အမျိုးသမီးသည် တံခါးဖွင့်သံ ကြားသည်နှင့် ချက်ချင်း ထလိုက်လေသည်။ ဝင်လာသူ၏ မျက်နှာကို သေချာမြင်လိုက်ရသောအခါ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး အသံကုန် အော်ဟစ်လိုက်တော့သည်။ "လုမင်ယွိ... ဘာလို့ နင်ဖြစ်နေရတာလဲ"
ထိုအမျိုးသမီးမှာ ရက်အနည်းငယ်ကြာ အကျယ်ချုပ် ကျခံနေရသော စူးဖေးပင်။
ရက်ပေါင်းများစွာ နေရောင်ခြည်နှင့် မထိတွေ့ရသဖြင့် စူးဖေးသည် အလွန်ပိန်လှီ နွမ်းနယ်နေပြီး မျက်နှာအရောင်အဆင်း မရှိဘဲ မျက်လုံးအောက်တွင် ညိုမည်းနေကာ ရက်အတော်ကြာ ကောင်းကောင်းမစား ကောင်းကောင်းမအိပ်ခဲ့ရကြောင်း သိသာထင်ရှားနေလေသည်။
စူးဖေး၏ နေ့ရက်များသည် အမှန်တကယ်ပင် ခက်ခဲကြမ်းတမ်းလှသည်။
ထိုနေ့က တုန်းပင်ကျွင်းဝမ် လာရောက်ပြီးနောက်တွင် မည်သူမျှ ပေါ်မလာတော့သလို မည်သူကမှလည်း လာရောက် စစ်ဆေးမေးမြန်းခြင်း မရှိတော့ချေ။ သူမသည် လူတိုင်း၏ မေ့လျော့ခြင်းကို ခံထားရသကဲ့သို့ ဤအခန်းထဲတွင် ပိတ်လှောင်ခံထားရပြီး ခြေတစ်လှမ်းမှ အပြင်ထွက်ခွင့် မရရှိခဲ့ပေ။
တစ်နေ့ သုံးနပ်စလုံး ရေအေးနှင့် ပေါက်စီအေးများကိုသာ စားသောက်ရသည်။
သူမသည် ထမင်းလာပို့သော ကုန်းကုန်းနှင့် ရင်းနှီးအောင် ကြိုးစားပြီး ကိုယ်ပေါ်ရှိ တန်ဖိုးရှိသော လက်ဝတ်ရတနာ အားလုံးကို ပေးအပ်ကာ အပြင်ဘက်တွင် ဘာတွေဖြစ်ပျက်နေသည်ကို မေးမြန်းရန် ကြိုးစားခဲ့သေးသည်။
သို့သော် ကုန်းကုန်းသည် လက်မခံခဲ့ဘဲ အစမှအဆုံး စကားတစ်ခွန်းမှ မဆိုခဲ့ချေ။
သူမသည် တွေးလေလေ ပို၍ ထိတ်လန့်ကြောက်ရွံ့လာလေလေ ဖြစ်ပြီး ယခင်က အဆိပ်ခတ် လုပ်ကြံစဉ်က ကျေနပ်အားရမှုမျိုး မရှိတော့ဘဲ နေ့စဉ်နေ့တိုင်း စိုးရိမ်ပူပန်နေရတော့သည်။ သူမသည် ဇီထန်က ပြစ်မှုအားလုံးကို ခေါင်းခံလိုက်သရွေ့ ဤကိစ္စသည် သူမအပေါ် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ဟုသာ မိမိကိုယ်ကို အကြိမ်ကြိမ် နှစ်သိမ့်နေရသည်။
သူမသည် ယုတ်မာသော အစေခံ၏ လှည့်စားခြင်းကို ခံလိုက်ရသော သခင်မတစ်ယောက် ဖြစ်သွားမည်ဖြစ်ပြီး အလွန်ဆုံးရှိလှ စစ်ဆေးမေးမြန်းရန် ပျက်ကွက်မှုဖြင့် လအနည်းငယ်ခန့်သာ အကျဉ်းချခံရမည်ဟု တွေးတောနေမိသည်။ အရှင်မင်းကြီး စစ်ပွဲနိုင်၍ ပြန်လာချိန်နှင့် သူမ၏ သားတော် အကျိုးဆောင်မှုပြုကာ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေပြီး ထိုအချိန်ရောက်လျှင် ချောင်မိဖုရားခေါင်သည် သူမကို ပြန်လွှတ်ပေးရလိမ့်မည်။
သို့သော် သူမသည် ညတိုင်း အိပ်မပျော်ဘဲ စားမဝင် အိပ်မပျော် ဖြစ်နေဆဲပင်။
ယခု လုမင်ယွိ ရောက်လာသောအခါ သူမ ပိုပြီး ကြောက်ရွံ့သွားတော့သည်။
လုမင်ယွိသည် နှုတ်ခမ်းထောင့်များကို အေးစက်စွာ တွန့်ကွေးလိုက်သော်လည်း မျက်ဝန်းထဲတွင် အရယ်အရွှန်း အရိပ်အယောင် တစက်ကလေးမှ မရှိဘဲ ဖြည်းညှင်းစွာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
စူးဖေး၏ အသက်ရှူသံ ရပ်တန့်သွားပြီး အလိုအလျောက် နောက်သို့ ဆုတ်လိုက်သော်လည်း နှစ်လှမ်းခန့်သာ ဆုတ်လိုက်ရပြီး ခြေထောက်သည် ကုတင်နှင့် တိုက်မိသွားသဖြင့် ထပ်မံ ဆုတ်ခွာစရာ နေရာမရှိတော့ချေ။
သူမသည် အရက်အိုးကို ကိုင်ဆောင်ထားသော လုမင်ယွိကို ကြောက်လန့်တကြား ကြည့်လိုက်မိပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ "နင်... နင် ဘာလာလုပ်တာလဲ။ နင့်လက်ထဲက ဘာကြီးလဲ။ နင် ဘာလုပ်မလို့လဲ"
လုမင်ယွိ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်များ ဖြတ်ပြေးသွားပြီး အသံသည် ရေခဲတမျှ အေးစက်လို့နေသည်။ "ရှင် ဘာလုပ်ခဲ့လဲဆိုတာ ကိုယ့်ဘာသာကိုယ် အသိဆုံးပါ။ ရှင် ယုတ်မာတဲ့စိတ်ကို မွေးမြူလိုက်တဲ့ အချိန်ကတည်းက ကိုယ့်ရဲ့ဇာတ်သိမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာ သိထားသင့်တယ်"
"မူဟုပ်က ကိုယ်တိုင် လက်မပါချင်လို့ ကလဲ့စားချေမယ့် အခွင့်အရေးကို ကျွန်မဆီ ချန်ထားပေးခဲ့တာ။ ရှင့်ကို ကျွန်မကိုယ်တိုင် ရှင်းပစ်မယ်"
ပြောပြောဆိုဆိုနှင့် သူမသည် လက်ထဲမှ အရက်အိုးကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
စူးဖေးသည် အဆိပ်အရက်အိုးကို စူးစိုက်ကြည့်နေပြီး ရုတ်တရက် စူးဝါးစွာ အော်ဟစ်လိုက်တော့၏။ "သက်သေအထောက်အထား မရှိဘဲနဲ့ ငါက ရွှီအာကို ဒုက္ခပေးတယ်လို့ ဘာလို့ ပြောရတာလဲ။ ငါ ဘာမှ မလုပ်ခဲ့ဘူး"
"နင် ငါ့ကို သတ်လို့မရဘူး"
"နင် ငါ့ကို တမင်သက်သက် စွပ်စွဲပြီး ဒုက္ခလာပေးတာ။ အရှင်မင်းကြီး သိသွားရင် နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ပြီးတော့ အားဟောက်... သူက စစ်မြေပြင်မှာ အကျိုးဆောင်မှုကြီးတွေ လုပ်ထားတာ။ သူက သာ့ဝေတိုင်းပြည်ရဲ့ အာဇာနည်ပဲ။ စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတာ။ နင်က ဘယ်လိုလုပ် သူ့ရဲ့ မယ်တော်အရင်းကို သတ်ရက်ရတာလဲ"
"လုမင်ယွိ... နင် နောင်တရလိမ့်မယ်။ နင် သေချာပေါက် နောင်တရလိမ့်မယ်"
လုမင်ယွိသည် ရူးသွပ်မတတ် အော်ဟစ်နေသော စူးဖေးကို အေးစက်စွာ ကြည့်နေလိုက်သည်။ အဆိပ်ရည်ကို အတင်းအကျပ် တိုက်ရန် မလောဘဲ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
စူးဖေး၏ စိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီး တုန်ယင်နေသော အသံဖြင့် ဆက်ပြောလိုက်သည်။ "လုမင်ယွိ... အတိတ်ဘဝတုန်းက ကိစ္စတွေက ငါနဲ့ လီချန် နင့်အပေါ် အမှားလုပ်မိခဲ့တာပါ။ ငါ နင့်ကို ဒူးထောက်ပါ့မယ်။ နင့်ကို ဦးချပါ့မယ်။ နင်က သဘောထားကြီးကြီးထားပြီး အပြစ်မယူပါနဲ့တော့နော်"
စကားပြောရင်း သူမသည် ဒူးထောက်ချလိုက်ပြီး ဘုန်းခနဲ ဘုန်းခနဲမြည်အောင် ဦးခေါင်းနှင့် ကြမ်းပြင်ကို ဆောင့်ကာ ဦးချလိုက်တော့သည်။
သေရေးရှင်ရေး အခိုက်အတန့်တွင် အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဆိုပါက ဦးချဖို့မဆိုထားနှင့် လုမင်ယွိ၏ ဖိနပ်အောက်ခြေကို လျှာဖြင့် လျက်ခိုင်းလျှင်ပင် သူမ လိုလိုလားလား ပြုလုပ်ပေလိမ့်မည်။
လုမင်ယွိသည် အရုပ်ဆိုး အကျည်းတန်နေသော စူးဖေးကို ကြည့်ရင်း ရင်ထဲတွင် ကျေနပ်အားရမှု သိပ်မရှိလှဘဲ အတိတ်ဘဝက မိမိအတွက် မတန်မရာ ဖြစ်ခဲ့ရသည်ဟုသာ ခံစားလိုက်ရသည်။
သူမ အတိတ်က တကယ်ကို မျက်ကန်းပြီး အသိဉာဏ်မဲ့ခဲ့တာပဲ။ ဒီလို ပျော့ညံ့ပြီး ယုတ်မာတဲ့ မိန်းမတစ်ယောက်ရဲ့ ဖိအားပေးတာကို ခံခဲ့ရပြီး အဆုံးသတ် မလှခဲ့ရဘူး။
ယခုအချိန်တွင်တော့ သူမ၏ စိတ်နှလုံးသည် သံမဏိကဲ့သို့ အေးစက်မာကျောနေပြီ ဖြစ်သည်။ စူးဖေးကို ကြည့်ရသည်မှာ မကြာမီ ခြေမွခံရတော့မည့် ပိုးကောင်မွှားကောင် တစ်ကောင်ကို ကြည့်နေရသကဲ့သို့ပင်။
လုမင်ယွိသည် စကားတစ်ခွန်းမှ မဆိုချေ။
စူးဖေး၏ စိတ်ထဲမှ မျှော်လင့်ချက် မီးတောက်လေးသည် ပိုမိုတောက်ပလာပြီး ဒူးထောက်လျက်ပင် ခေါင်းမော့ကြည့်လိုက်ရာ လုမင်ယွိ၏ အေးစက်သော အကြည့်များနှင့် တည့်တည့်တိုးလေသည်။ ထိုအကြည့်များသည် လူသေကောင် တစ်ကောင်ကို ကြည့်နေသည်နှင့် မခြားနားပေ။
စူးဖေးသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး စိတ်ဓာတ်ကျကာ မျှော်လင့်ချက်မဲ့သွားသည့်အဆုံး ရူးသွပ်မတတ် ထပ်မံ အော်ဟစ်ဆဲဆိုပြန်တော့သည်။ "လုမင်ယွိ... နင်က တကယ်ကို ရက်စက်ယုတ်မာတဲ့ မိန်းမပဲ။ ငါက နင့်ရဲ့ ယောက္ခမ ဖြစ်ခဲ့ဖူးတာတောင် နင်က ငါ့ကို လက်ပါရဲတယ်။ ကောင်းကင်ကြီးက မျက်စိမပါဘူး။ နင့်လို မိန်းမကိုမှ ထိုက်ဇီဖေး ဖြစ်ခွင့်ပေးရတယ်လို့။ ဖွီး... နင် ကောင်းကောင်း မသေပါစေနဲ့လို့ ငါ ကျိန်စာတိုက်တယ်"
"ကျွန်မ ကောင်းကောင်းသေရမလား မသေရဘူးလား ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ရှင်ကတော့ မနက်ဖြန်က နေမင်းကြီးကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး" လုမင်ယွိသည် ဆက်နားထောင်ရန် စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့ဘဲ ရူးသွပ်နေသော စူးဖေး၏ စကားကို အေးစက်စွာ ဖြတ်ပြောလိုက်လေသည်။
စူးဖေးသည် အံကိုကြိတ်ကာ အသေအလဲ ပြေးဝင်လာပြီး အတူတူ သေပွဲဝင်မည့် ဟန်ပန်မျိုးဖြင့် တိုက်ခိုက်လေတော့သည်။
လုမင်ယွိသည် ခြေထောက်ကို ဆန့်ထုတ်ကာ အားကုန် ကန်ထုတ်လိုက်သည်။
ခြေထောက်သည် စူးဖေး၏ ဝမ်းဗိုက်တည့်တည့်ကို ထိမှန်သွားတော့သည်။
စူးဖေးသည် ပေအနည်းငယ်ခန့် လွင့်စင်သွားပြီး နံရံနှင့် ဝုန်းခနဲ ဝင်ဆောင့်မိသွားတော့သည်။ နာကျင်စွာ အော်ဟစ်ပြီးနောက်တွင် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
လုမင်ယွိ၏ ကန်ချက်သည် အားကုန်သုံးထားပြီး နည်းနည်းလေးမှ လျှော့မထားချေ။ ထိုကန်ချက် တစ်ချက်တည်းနှင့်ပင် စူးဖေး၏ ကိုယ်တွင်းကလီစာများ ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။ စူးဖေး ထပ်မံ အော်ဟစ်မညည်းညူမီမှာပင် လုမင်ယွိသည် မတ်တပ်ထရပ်လိုက်ပြီး အရက်အိုးကို ဆွဲကိုင်ကာ သူမအနားသို့ ရောက်သွားပြီး ဒူးထောက်လိုက်လေသည်။
စူးဖေးသည် အလွန်တရာ ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ကို နောက်သို့ အတင်းအကျပ် ဆုတ်ခွာရန် ကြိုးစားလေသည်။ သို့သော် လုမင်ယွိက ညှာတာမှုကင်းမဲ့စွာဖြင့် သူမ၏ မေးစေ့ကို ဖမ်းဆွဲလိုက်ပြီး အရက်အိုး၏ နှုတ်သီးကို ပါးစပ်နားသို့ တေ့လိုက်တော့သည်။
စူးဖေး၏ မေးစေ့သည် လှုပ်ရှား၍ မရတော့ဘဲ မျက်နှာတစ်ခုလုံး နီရဲကာ ခရမ်းရောင်သမ်းလာပြီး မျက်ဝန်းထဲတွင်တော့ အသနားခံသည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
လုမင်ယွိ... ငါ့ကို လွှတ်ပေးပါနော်။
ငါတို့ အတိတ်ဘဝတုန်းက ယောက္ခမနဲ့ ချွေးမ ဖြစ်ခဲ့တာကို ထောက်ထားပြီးတော့၊ အားဟောက်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ငါ့ကို လွှတ်ပေးပါနော်။
လုမင်ယွိသည် မမြင်ချင်ယောင်ဆောင်ကာ စူးဖေး၏ မေးစေ့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အိုးထဲမှ အဆိပ်ဝိုင်များကို စူးဖေး၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။
စူးဖေးသည် ရုန်းကန်၍ မရတော့ဘဲ အဆိပ်ရည်များ လည်ချောင်းထဲသို့ စီးဝင်သွားသည်ကို ငြိမ်ခံလိုက်ရတော့သည်။ လည်ချောင်းတစ်လျှောက် ပူလောင်သွားပြီး မကြာမီတွင် ဝမ်းဗိုက်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ ပူနွေးပြီး ညှီစော်နံသော အရည်များသည် လည်ချောင်းဝမှ ပြန်လည်န်ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာကာ မြင်ကွင်းများ အမှောင်ကျသွားတော့သည်။
ဒါက သေခြင်းတရားရဲ့ အရသာလား။
တကယ် အေးစက်တာပဲ။
တကယ် ကြောက်စရာ ကောင်းလိုက်တာ။
ငါ မသေချင်ဘူး... ငါ မသေချင်ပါဘူး။
စူးဖေး၏ ပါးစပ်ထဲမှ စီးကျလာသော သွေးမည်းများသည် ရင်ဘတ်မှ အင်္ကျီစကို စိုရွှဲသွားစေသည်။ မျက်လုံးအိမ်များ ပြူးကျယ်လျက် မကြာမီမှာပင် အသက်ရှူ ရပ်တန့်သွားတော့သည်။
လုမင်ယွိသည် လက်ကို လွှတ်လိုက်ရာ အရက်အိုးသည် ကြမ်းပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ကျသွားပြီး စူးဖေး၏ ခန္ဓာကိုယ်သည်လည်း ဘေးသို့ ယိုင်လဲကျသွားလေတော့သည်။
...
အပိုင်း (၄၁၆) ကလဲ့စားချေခြင်း (၂)
စူးဖေး သေဆုံးသွားခဲ့ပြီ။
နေ့စဉ်နေ့တိုင်း ငိုယိုကာ သနားစရာဟန်ဆောင်တတ်ပြီး အပြင်ပန်းတွင် ပျော့ညံ့သော်လည်း အတွင်းစိတ် ယုတ်မာသော ထိုအမျိုးသမီးသည် နောက်တစ်ကြိမ် သူမလက်ချက်ဖြင့် သေဆုံးသွားပြန်သည်။
လုမင်ယွိသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။
ယခုအချိန်ရောက်မှသာ သူမသည် အတိတ်က အဖြစ်အပျက်များနှင့် လုံးဝအဆက်အသွယ် ဖြတ်တောက်နိုင်တော့သည်။
သူမ မတ်တပ်ထရပ်လိုက်ပြီး စူးဖေး၏ ရုပ်အလောင်းကို အေးစက်စွာ တစ်ချက်ကြည့်ကာ နောက်သို့ ပြန်မလှည့်ဘဲ ထွက်ခွာခဲ့တော့သည်။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မိုးစက်မိုးပေါက်များ ပါဝင်သော ဆောင်းဦးလေအေးသည် မျက်နှာကို လာရောက် ရိုက်ခတ်လေသည်။
တကယ့်ကို လန်းဆန်းသွားတာပဲ။
ချီယွင်သည် အလျင်စလို ပြေးလာခဲ့သည်။ "ညန်ညန်"
တံခါးဝမှတစ်ဆင့် အထဲသို့ လှမ်းကြည့်လိုက်ရာ စူးဖေးသည် ပက်လက်လန်ကာ သေဆုံးနေလေပြီ။ ချီယွင်သည် လူသေကောင်ကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးသဖြင့် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိတော့သည်။
လုမင်ယွိကတော့ ဘာမှမဟုတ်သလိုသာ ပြောလိုက်၏။ "ကိစ္စပြီးသွားပြီ။ စူးဖေးရဲ့ အလောင်းကို သိမ်းခိုင်းလိုက်တော့"
ချီယွင်သည် အခန်းထဲကို တစ်ချက် ထပ်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်မ သွားသိမ်းလိုက်ပါ့မယ်"
လုမင်ယွိက တားမြစ်လိုက်လေသည်။ "နင့်ကို သွားခိုင်းရင် နင် အနည်းဆုံး ၁၀ရက်လောက် အိပ်မက်ဆိုး မက်နေလိမ့်မယ်။ မတတ်နိုင်ဘဲ ကြိုးစားမနေနဲ့။ နန်းတော်ထဲက အလောင်းသိမ်းဖို့ တာဝန်ရှိတဲ့ နန်းတွင်းသူတွေကိုပဲ ခေါ်လိုက်"
ချီယွင် "..."
ကောင်းပါပြီ။ သူမ တကယ်ပဲ နည်းနည်း ကြောက်မိသည်။
ချီယွင် ခေါင်းညိတ် လက်ခံလိုက်ပြီး ကုန်းကုန်းတစ်ယောက်ကို ခေါ်ကာ အမိန့်ပေးလိုက်သည်။ ထို့နောက်တွင်တော့ လုမင်ယွိနှင့်အတူ အိပ်ဆောင်သို့ ပြန်လိုက်လာခဲ့သည်။
လုမင်ယွိက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "နင်လည်း ပြန်နားတော့လေ။ ငါ ခဏလောက် တစ်ယောက်တည်း နေချင်လို့"
ချီယွင်သည် သခင်မကို စိုးရိမ်တကြီး ကြည့်လိုက်ပြီးမှ နောက်ဆုတ် ထွက်ခွာသွားလေသည်။
အခန်းထဲတွင် ဖယောင်းတိုင် မီးထွန်းမထားသဖြင့် မှောင်မည်းနေသည်။
လုမင်ယွိသည် ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး တစ်ကိုယ်လုံး အမှောင်ထုထဲတွင် နစ်မြုပ်နေလေတော့သည်။
...
ချောင်မိဖုရားခေါင်သည် သတင်းရရှိပြီးနောက် ကျေနပ်အားရသွားသည်။ စူးဖေး သေဆုံးသွားသည့် ပုံစံကို မျက်မြင်ကိုယ်တွေ့ မမြင်လိုက်ရသည်ကိုသာ နှမြောမိတော့သည်။
"မနက်ဖြန် မနက်ကျရင် ပဉ္စမမင်းသားကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်"
ချောင်မိဖုရားခေါင်က အမိန့်ထုတ်ပြန်လိုက်လေသည်။
နောက်တစ်နေ့ မိုးလင်းသည်နှင့် ပဉ္စမမင်းသားကို ပြန်လွှတ်ပေးလိုက်သည်။ ရက်အတော်ကြာ အမှောင်ထဲတွင် နေခဲ့ရပြီး ယခု ရုတ်တရက် နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသဖြင့် လီချန်၏ မျက်လုံးသေးသေးလေးများသည် ဖွင့်၍မရတော့ဘဲ အင်္ကျီလက်စဖြင့် ကာကွယ်လိုက်ရသည်။
"ရှောင်ချွန်း... ဒီကို လာခဲ့"
ကုန်းကုန်းလေး ရှောင်ချွန်းသည် အလျင်အမြန် ရှေ့တက်ကာ ဂါရဝပြုလိုက်သည်။
လီချန်သည် ခဏလောက် အသားကျအောင် နေလိုက်ပြီးမှ အင်္ကျီလက်စကို ချလိုက်လေသည်။ သူသည် သိသိသာသာ ပိန်သွားပြီး ယခင်ကလောက် မဝတော့ဘဲ တုံးအသည့်ပုံစံလည်း ပေါက်မနေတော့ချေ။ သူက မျက်နှာမသာမယာဖြင့် ရှောင်ချွန်းကို မေးလိုက်သည်။ "အခု နန်းတော်ထဲမှာ အခြေအနေ ဘယ်လိုရှိလဲ။ ရွှီအာရော ဘယ်လိုနေသေးလဲ"
ရှောင်ချွန်းက တိုးတိုးလေး ဖြေလိုက်သည်။ "ထိုက်ဇီဖေးက ပြန်ရောက်နေပါပြီ။ ဒါပေမဲ့ ဒဏ်ရာကို ကုသနေတုန်းပါပဲ။ မြေးတော်လေးကတော့ အဆိပ်မိပြီးကတည်းက လူလုံးမပြတော့ပါဘူး။ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျွန်တော်မျိုးလည်း မသိပါဘူး"
အိမ်ရှေ့စံအိမ်တော်သည် လုံခြုံရေး တင်းကျပ်လှပြီး ရေတစ်ပေါက်ပင် မတိုးနိုင်သဖြင့် သတင်းစုံစမ်းရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
ပဉ္စမမင်းသား အိမ်ရှေ့စံအိမ်တော်တွင် အကျယ်ချုပ် ကျခံခဲ့ရစဉ်က သတင်းအစအန ပျောက်သွားသကဲ့သို့ပင်။ ပဉ္စမမင်းသား အိမ်ရှေ့စံအိမ်တော်ထဲတွင် ဘယ်လိုနေခဲ့ရသည်ကို မည်သူမျှ မသိကြပေ။ ဒီနေ့မနက် အစောကြီး ကျောင်းဖန်နန်းဆောင်မှ နန်းတွင်းသူများ သတင်းလာပို့မှသာ ရှောင်ချွန်းသည် သခင်ဖြစ်သူကို လာကြိုရန် အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
လီချန်သည် ရှောင်ချွန်းကို မျက်စောင်းထိုးလိုက်ပြီး ဆဲဆိုလိုက်တော့သည်။ "အသုံးမကျတဲ့ ခွေးကောင်"
ရှောင်ချွန်းခမျာ ပြန်မပြောရဲဘဲ ကြောက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။
လီချန်သည် နေရာတွင် ခဏလောက် ရပ်နေပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ "ငါ့အပြင် တခြား ဘယ်သူတွေ အိမ်ရှေ့စံအိမ်တော်ကနေ ပြန်လွတ်လာသေးလဲ"
ဒီကိစ္စကိုတော့ ရှောင်ချွန်း သိထားသဖြင့် အလျင်အမြန် ဖြေကြားလိုက်သည်။ "လွန်ခဲ့တဲ့ ရက်နည်းနည်းကတည်းက မုန့်ဖေးနဲ့ ချင်ဖေးတို့ အိမ်ရှေ့စံအိမ်တော်ကနေ ပြန်ထွက်လာကြပါပြီ။ တခြား မင်းသားကြင်ရာတော်တွေလည်း ပြန်လွတ်လာပါပြီ"
လီချန်၏ မျက်နှာပေါ်မှ အသားများ တုန်ခါသွားပြီး နှလုံးခုန်သံများ စည်းချက်လွတ်သွားတော့သည်။ "မင်း ဘာပြောလိုက်တာလဲ။ သူတို့က စောကြီးကတည်းက ထွက်လာပြီးပြီ ဟုတ်လား။ ဒါဆို မူဖေးရော"
ရှောင်ချွန်းသည် ခေါင်းမော့ပြီး လီချန်၏ မျက်နှာကို မကြည့်ရဲတော့ပေ။ "ကျွန်တော်မျိုး ကြားတာတော့ စူးဖေးနဲ့ အရှင်မင်းသားပဲ အိမ်ရှေ့စံအိမ်တော်ကနေ ပြန်မလွတ်လာတာပါ"
လီချန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားတော့သည်။
သူသည် သာမန်အချိန်တွင် တုံးအသည်ဟု ထင်ရသော်လည်း ဤမျှ ထင်ရှားနေသော အချက်အလက်များကို မရိပ်မိဘဲ မနေနိုင်ပေ။ ရွှီအာ အဆိပ်ခတ်ခံရသည့် ကိစ္စသည် သူ၏ မယ်တော်နှင့် ပတ်သက်နေသည်လား...
သူ၏ ခေါင်းထဲတွင် မြင်ကွင်းတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ထိုနေ့က မယ်တော်သည် အာ့စောင် လုမင်ယွိ နန်းတော်ထဲတွင် ရှိမရှိ အကြိမ်ကြိမ် မေးမြန်းခဲ့သည်... ထိုအချိန်ကတည်းက မယ်တော်သည် လုပ်ကြံရန် ကြံစည်နေခဲ့ပြီလား။
အခုရော... မူဖေး ဘယ်ရောက်နေပြီလဲ။
လီချန်၏ အသက်ရှူသံများ မြန်ဆန်လာပြီး အသံကုန် အော်ဟစ်မေးမြန်းလိုက်သည်။ "မူဖေးရော"
ရှောင်ချွန်း၏ ခေါင်းသည် ရင်ဘတ်ထိအောင် ငုံ့ကျသွားတော့သည်။ "အရှင်မင်းသား စိတ်ကို တည်ငြိမ်အောင် ထားပါ။ ကျွန်တော်မျိုး ကြားတာတော့ မနေ့က အိမ်ရှေ့စံအိမ်တော်ကနေ အလောင်းတစ်ခု သယ်ထုတ်သွားပြီး ညတွင်းချင်းပဲ နန်းတော်အပြင်ကို ပို့ပြီး မြှုပ်နှံလိုက်တယ်တဲ့..."
လီချန်၏ ဦးနှောက်ထဲတွင် ဗုံးကွဲသွားသကဲ့သို့ ဖြစ်သွားတော့သည်။
သူသည် ရှောင်ချွန်း၏ အင်္ကျီစကို လှမ်းဆွဲလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ "မင်း ဘာပြောလိုက်တာလဲ။ ဘာအလောင်းလဲ။ မူဖေးက ဘယ်လိုလုပ် သေမှာလဲ။ မင်း ပေါက်ကရတွေ လျှောက်ပြောနေတာပဲ။ ဒီခွေးကောင်... ငါ မင်းရဲ့ လျှာကို ဖြတ်ပစ်မယ်"
ရှောင်ချွန်းသည် ခြေဖျားထောက်လိုက်ရပြီး မျက်နှာတစ်ခုလုံး နီရဲလာကာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ "ကျွန်... ကျွန်တော်မျိုးလည်း မသိပါဘူး။ ကျွန်တော်မျိုး ကြားတာပါ... မှားချင်လည်း မှားနေမှာပါ။ အရှင်မင်းသား ကျောင်းဖန်နန်းဆောင်ကို သွားပြီး မိဖုရားခေါင်ကြီးကို မေးကြည့်ပါလား။ ဒါမှမဟုတ် ထိုက်ဇီဖေးကို မေးကြည့်ပါလား..."
လီချန်သည် ရှောင်ချွန်းကို ရက်စက်စွာ စိုက်ကြည့်နေပြီး မျက်လုံးများ နီရဲကာ လူသားစားတော့မည့် ဝံပုလွေတစ်ကောင်အလား ဖြစ်နေလေသည်။
ထို့နောက် ရှောင်ချွန်းကို တွန်းထုတ်လိုက်ပြီး ရှေ့သို့ အမြန် လျှောက်သွားတော့သည်။ လျှောက်ရင်း လျှောက်ရင်းဖြင့် ပြေးလွှားသွားလေတော့သည်။
ရှောင်ချွန်း၏ နဖူးပေါ်တွင် ချွေးစေးများ ပြည့်နေပြီး အနားကပ်ကာ မလိုက်ရဲသဖြင့် ခပ်လှမ်းလှမ်းမှ ပြေးလိုက်လာခဲ့သည်။ လီချန်သည် ကျောင်းဖန်နန်းဆောင်သို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။ တံခါးစောင့် နန်းတွင်းသူများက တားမြစ်သော်လည်း လီချန်က ဂရုမစိုက်ဘဲ အတင်း ဝင်ရောက်သွားခဲ့သည်။
လီချန်ကသာ အတင်းဝင်ရဲသော်လည်း ရှောင်ချွန်းမှာတော့ ထိုမျှ သတ္တိမရှိသဖြင့် မျက်နှာငယ်လေးဖြင့် အပြင်တွင် ကျန်ရစ်ခဲ့ရသည်။
...
လီချန်တစ်ယောက် ကျောင်းဖန်နန်းဆောင်ထဲသို့ အတင်း ပြေးဝင်သွားခဲ့၏။
ထိုအချိန်တွင် နန်းဆောင်ထဲ၌ အိမ်တော်ထိန်းများ ရှိနေကြပြီး တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံနေကြသည်။ ချောင်မိဖုရားခေါင်သည် ဇမဏီသလွန်ပေါ်တွင် ထိုင်နေပြီး ဟွေ့အန်းကုန်းကျူလည်း ဘေးတွင် ရှိနေလေသည်။
လီချန် ဝင်ရောက်လာသောအခါ အိမ်တော်ထိန်းများအားလုံး လန့်ဖျပ်သွားပြီး ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
ချောင်မိဖုရားခေါင်သည် မျက်မှောင်ကြုတ်လိုက်ပြီး လေသံမာမာဖြင့် ငေါက်ငမ်းလိုက်သည်။ "ပဉ္စမမင်းသား... မင်းမှာ ကိစ္စရှိလို့ လာတာဆိုရင် ဘာလို့ အကြောင်းမကြားရတာလဲ။ ကျောင်းဖန်နန်းဆောင်ကို အတင်းဝင်လာတာ ဘာသဘောလဲ။ ဒီလောက်နှစ်တွေအများကြီး စာဖတ်လာတာ အလကားပဲလား"
ဟွေ့အန်းကုန်းကျူကလည်း မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။ "ဝူတိ... မူဟုပ်ကို အမြန် တောင်းပန်လိုက်"
လီချန်သည် မကြားချင်ယောင်ဆောင်ကာ မျက်နှာတစ်ခုလုံး နီရဲနေပြီး ရင်ဘတ်များ နိမ့်လိုက်မြင့်လိုက် ဖြစ်နေကာ အသက်ရှူသံများ မြန်ဆန်နေလေသည်။ "ကျွန်တော့် မူဖေးရော... သူ ဘယ်မှာလဲ"
ချောင်မိဖုရားခေါင်၏ မျက်နှာထား အေးစက်သွားပြီး ဦးစွာ အမိန့်ပေးလိုက်သည်။ "အားလုံး ထွက်သွားကြ"
အိမ်တော်ထိန်းများ အားလုံး ထွက်သွားကြမှ ချောင်မိဖုရားခေါင်က အေးစက်စွာ ပြောလိုက်သည်။ "မင်း မလာလည်း ပန်ကုံးက မင်းကို ပြောပြမလို့ပါပဲ"
"စူးဖေးက စိတ်နှလုံး ယုတ်မာပြီး သူ့နားက နန်းတွင်းသူကို ခိုင်းပြီး ဝမ်ကုန်းကုန်းကို လာဘ်ထိုးခဲ့တယ်။ ရွှမ်းအာက ကိစ္စမရှိပေမယ့် ရွှီအာက အဆိပ်မိသွားတယ်။ ကံကောင်းလို့ အဆိပ်မပြင်းလို့ အသက်မသေခဲ့တာ"
"ဒီလို ယုတ်မာတဲ့လူကို ပန်ကုံးက ဆက်ပြီး အသက်ရှင်ခွင့် မပေးနိုင်ဘူး"
"မနေ့ညက ထိုက်ဇီဖေး လုရှီက အဆိပ်အရက် သွားပို့တယ်။ စူးဖေးက အပြစ်ကို ဝန်ခံပြီး အဆိပ်အရက် သောက်လိုက်တယ်။ မနေ့ညကပဲ အဆိပ်မိပြီး သေဆုံးသွားတယ်။ အလောင်းကိုလည်း နန်းတော်ပြင်ပ ပို့ပြီး မြှုပ်နှံလိုက်ပြီ"
"မင်းက သားတစ်ယောက်အနေနဲ့ မိခင်အတွက် ဦးချပြီး ကန်တော့ချင်တယ်ဆိုရင် ပန်ကုံး မတားပါဘူး။ မင်း သွားလို့ရတယ်"
လီချန်သည် မျက်လုံးပြူးကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး တစ်စုံတစ်ခု ပြောချင်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာဘဲ မတ်တပ်ရပ်လျက်ပင် နောက်ပြန် လဲကျသွားတော့သည်။
ချောင်မိဖုရားခေါင်သည် ကျန်းမာရေး မကောင်းသလို ဟွေ့အန်းကုန်းကျူကလည်း အဝေးတွင် ရှိနေသဖြင့် မည်သူမျှ မထိန်းလိုက်နိုင်ပေ။ လီချန်သည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
ဟွေ့အန်းကုန်းကျူက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး မေးလိုက်သည်။ "မူဟုပ်... အခု ဘယ်လိုလုပ်မလဲ"
ချောင်မိဖုရားခေါင်ကတော့ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "သူ့ကို ပြန်သယ်သွားခိုင်းလိုက်။ ပြီးရင် တော်ဝင်သမားတော် ခေါ်ပေးလိုက်"
ဟွေ့အန်းကုန်းကျူ "..."
...
အပိုင်း (၄၁၇) ဂယက်ရိုက်ခြင်း (၁)
အရှေ့နန်းဆောင်။
ချီယွင်သည် လေသံတိုးတိုးဖြင့် သတင်းပို့လိုက်သည်။ "...ပဉ္စမမင်းသား မူးလဲသွားပြီးတော့ သူ့အိပ်ဆောင်ကို ပြန်ပို့လိုက်တယ်။ ဟွမ်ဟုပ်ညန်ညန်က တော်ဝင်သမားတော်ကို လွှတ်ပြီး ပဉ္စမမင်းသားကို ကုသပေးခိုင်းပါတယ်"
လုမင်ယွိသည် ခေါင်းကို အသာညိတ်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။ "နောက်ဆိုရင် ပဉ္စမမင်းသားကို မျက်ခြေမပြတ် စောင့်ကြည့်ထား။ ထူးခြားမှုရှိရင် ချက်ချင်း သတင်းလာပို့"
ချီယွင်သည် လေးနက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
စူးဖေးသည် ထိုမျှ ယုတ်မာသော အပြုအမူကို လုပ်ခဲ့သဖြင့် သေသင့်သေထိုက်သည့်အတိုင်း ဖြစ်ရခြင်းပင်။ သို့သော် ပဉ္စမမင်းသားအတွက်မူ ထိုက်ဇီဖေးသည် သူ့မယ်တော်ကို သတ်ခဲ့သော ရန်သူဖြစ်သွားပြီမို့ သေချာပေါက် အငြိုးအတေး ထားရှိပေလိမ့်မည်။
ထိုက်ဇီဖေးသည် မည်သည့် လက်တုံ့ပြန်မှုကိုမှ မကြောက်သော်လည်း ရွှီအာနှင့် ရွှမ်းအာတို့က ငယ်ရွယ်သေးသဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ထားမှ ရမည်။
ပြီးတော့...
တတိယမင်းသား လီဟောက်လည်း ရှိသေးသည်...
ချီယွင်သည် ခဏလောက် တွေဝေနေပြီးမှ နောက်ဆုံးတွင် လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ "စူးဖေး သေသွားပြီဆိုတော့ ညန်ညန်က တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့နဲ့ မေ့ပျောက်လို့မရနိုင်တဲ့ ရန်ငြိုးဖွဲ့လိုက်သလို ဖြစ်သွားပါပြီ။ ပဉ္စမမင်းသားက ငယ်ရွယ်ပြီး တုံးအပေမယ့် သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ တတိယမင်းသားကိုတော့ လျှော့တွက်လို့ မရပါဘူး"
လီဟောက်အကြောင်း ပြောလိုက်သည်နှင့် လုမင်ယွိ၏ မျက်နှာထား အေးစက်သွားပြီး လေသံက ပိုပြီး အေးစက်လာသည်။ "စိတ်မပူပါနဲ့။ ငါ့စိတ်ထဲမှာ အစီအစဉ် ရှိပါတယ်"
စူးဖေး သူမလက်ချက်ဖြင့် သေသွားသည်ကို လီဟောက် သိသွားလျှင် မည်သို့ တုံ့ပြန်မည်နည်း။
သိပ်စဉ်းစားနေစရာ မလိုဘဲ ခန့်မှန်းကြည့်နိုင်သည်။
လီဟောက်သည် သူမအပေါ် အပြစ်ရှိစိတ် အနည်းငယ် ရှိကောင်း ရှိနိုင်သည်။ သို့သော် စူးဖေး သေဆုံးသွားပြီ ဖြစ်သဖြင့် မည်မျှပင် အပြစ်ရှိစိတ် ရှိပါစေ မယ်တော်ကို သတ်သည့် ရန်ငြိုးလောက်တော့ ကြီးမားလိမ့်မည် မဟုတ်ပေ။ လီဟောက်၏ စိတ်နေစိတ်ထားအရ သေချာပေါက် သူမကို လက်တုံ့ပြန်ရန် ကြိုးစားပေလိမ့်မည်။
သူမကလဲ စောင့်နေလိုက်မည်။
ချီယွင်သည် လုမင်ယွိ၏ အေးစက်တည်ငြိမ်သော မျက်နှာကို ကြည့်ရင်း ပြောစရာ စကားလုံးများကို ပြန်မျိုချလိုက်ရတော့၏။
လူတိုင်း ကိုယ်လုပ်ခဲ့တဲ့ အလုပ်အတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမည်။ စူးဖေးသည် ရွှီအာကို ဒုက္ခပေးခဲ့သဖြင့် လုမင်ယွိသည် လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။ လီဟောက် မည်သို့ တုံ့ပြန်မည်ကို ဂရုမစိုက်ဘဲ စူးဖေးကို သတ်ကို သတ်ရမည်။
လီဟောက် မြို့တော်သို့ ပြန်ရောက်လာလျှင် နန်းတွင်း၌ ဂယက်ရိုက်မှုကြီး ဖြစ်လာမှာ သေချာသည်။
နန်းတွင်းသူတစ်ဦးသည် လေသံတိုးတိုးဖြင့် ဝင်ရောက် သတင်းပို့လာသည်။ "ညန်ညန်... မြေးတော်လေးနှစ်ပါးလုံး နိုးလာပါပြီ။ ညန်ညန့်ကို တွေ့ချင်လို့ ဂျီကျနေကြပါတယ်"
လုမင်ယွိ၏ အတွေးစများ ချက်ချင်း ပျောက်ကွယ်သွားပြီး ပြုံးရွှင်စွာ ထရပ်လိုက်လေသည်။ "ငါ အခုပဲ လာခဲ့မယ်"
ချီယွင်က အလျင်အမြန် သတိပေးလိုက်သည်။ "ညန်ညန် လက်မောင်းက ဒဏ်ရာ မကျက်သေးပါဘူး။ အားမစိုက်ပါနဲ့။ သတိထားပါဦး"
"သိပါတယ်" လုမင်ယွိက ရယ်မောကာ ပြန်ပြောလိုက်သည်။ "တစ်နေ့လုံး ပွစိပွစိ ပြောနေတာ နားထဲမှာ အသားမာတက်နေပြီ။ ငါ နားငြီးလာရင် နင့်ကို အိမ်တော် ပြန်ပို့လိုက်မယ်"
ဘေးနားရှိ နန်းတွင်းသူများသည် တိုးတိုးတိတ်တိတ် ရယ်မောလိုက်ကြပြီး ရင်ထဲတွင် အားကျစိတ်များကို မထိန်းချုပ်နိုင်ကြချေ။
ထိုက်ဇီဖေးသည် တင်းမာခက်ထန်ပြီး လူတိုင်းက ကြောက်ရွံ့ရိုသေကြရသည်။ အိမ်ရှေ့စံအိမ်တော်တွင် အမှုထမ်းနေသော နန်းတွင်းသူများသည် သတိထားနေရပြီး သာမန်အချိန်များတွင် သခင်မရှေ့၌ စကားပြောရန် မဝံ့ရဲကြပေ။ ချီယွင်တစ်ယောက်တည်းသာ ခြွင်းချက်ပင်။
ဒီလို လွတ်လွတ်လပ်လပ် ရယ်မောပြောဆိုခြင်းမျိုးကို ချီယွင်တစ်ယောက်တည်းသာ အခွင့်ထူး ရရှိခြင်း ဖြစ်သည်။
ချီယွင်သည် နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။ "ကျွန်မလည်း ပွစိပွစိ မလုပ်ချင်ပါဘူး။ ညန်ညန် ကိုယ်တိုင်က သတိမထားလို့လေ။ မနေ့က မြေးတော်လေးတွေကို ချီတုန်းက ဘယ်ဘက်လက်က ခဏခဏ အားစိုက်မိနေတာ ဒဏ်ရာပျောက်ဖို့ မကောင်းဘူး..."
တကယ်ပဲ ထပ်ပြီး ပွစိပွစိ လုပ်ပြန်ပြီ။
လုမင်ယွိသည် နဖူးကို ပွတ်လိုက်ပြီး ခေါင်းကိုက်သလို ပုံစံလုပ်ပြကာ အရှုံးပေးလိုက်ရတော့သည်။ လူတိုင်း ထပ်မံ ရယ်မောလိုက်ကြပြန်သည်။
...
လီချန်သည် အိမ်ရှေ့စံအိမ်တော်မှ ထွက်ခွာပြီးနောက် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ကာ ချောင်မိဖုရားခေါင်ကို မေးမြန်းခဲ့ပြီးနောက် မူးလဲကာ အိပ်ဆောင်သို့ ပြန်ပို့ခံရခြင်းကို လူအများအပြား မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြသည်။ ထို့ကြောင့် စူးဖေး သေဆုံးသွားသည့် သတင်းသည် တမင်တကာ ဖြန့်ဝေစရာမလိုဘဲ ပျံ့နှံ့သွားခဲ့လေသည်။
မုန့်ဖေးကတော့ သတင်းကြားပြီးနောက် အေးစက်စွာ ရယ်မောလိုက်၏။ "ကြည့်စမ်းပါဦး။ ဒီနန်းတော်ထဲမှာ လုရှီရဲ့လောကကြီး ဖြစ်နေပါပြီကော။ ထိုက်ဇီဖေးက တကယ့်ကို အာဏာပြင်းတာပဲ။ အရှင်မင်းကြီးရဲ့ ကြင်ရာတော်ကိုတောင် သတ်ချင်တိုင်း သတ်ရဲတယ်"
"နောင်တစ်ချိန် လုရှီက ဇာမဏီပလ္လင်ပေါ် ရောက်သွားရင် မိုးခေါ်ချင် မိုးရွာ၊ လေခေါ်ချင် လေလာ ဖြစ်တော့မှာပဲ"
ဘေးတွင် ထိုင်နေသော ပထမမင်းသားကြင်ရာတော်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။
မုန့်ဖေးသည် ဒေါသတကြီး ပြောဆိုပြီးနောက် ချွေးမဖြစ်သူ၏ ပုံစံကို မြင်သောအခါ ဒေါသထွက်လာတော့သည်။ "နင်က အ သွားပြီလား။ ထိုင်နေတာ စကားတစ်ခွန်းမှ မပြောဘူး"
ပထမမင်းသားကြင်ရာတော်သည် ခေါင်းမော့လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ "မူဖေးတောင် ဘာမှမလုပ်နိုင်တာ ချွေးမတော်က ဘာလုပ်နိုင်မှာမို့လို့လဲ"
မုန့်ဖေး "..."
မုန့်ဖေးသည် စကားစတစ်ဆို့သွားပြီး ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
ပထမမင်းသားကြင်ရာတော်သည် ယခင်ကထက် သတ္တိပိုကောင်းလာပြီး တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။ "ချွေးမတော် ပြောတာ မှားလို့လား။ မူဖေး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာ ချွေးမတော် သိပါတယ်။ ဒါပေမဲ့ အခြေအနေက လူထက် ပိုအရေးကြီးတယ်။ ချွေးမတော် ခေါင်းငုံ့ခံရမယ်ဆိုရင် မူဖေးလည်း မာနတွေ လျှော့ပြီး ခေါင်းငုံ့ခံပြီး နေတတ်အောင် သင်ယူပါတော့"
မုန့်ဖေးသည် မိမိနားကို မယုံနိုင်အောင် ဖြစ်သွားပြီး လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ "နင် ဘာပြောလိုက်တာလဲ။ သတ္တိရှိရင် နောက်တစ်ခေါက် ထပ်ပြောစမ်း"
ပထမမင်းသားကြင်ရာတော်သည် မုန့်ဖေး၏ လက်ညှိုးထိုးခြင်းကို ခံရသော်လည်း မျက်နှာထား တည်ငြိမ်နေဆဲပင်။ "ချွေးမတော် ပြောတာ မှားလို့လား။ ပထမမင်းသားက ခြေထောက်တစ်ဖက် မသန်မစွမ်း ဖြစ်သွားပြီ။ နောင်တစ်ချိန် အကောင်းဆုံး ရလဒ်ကတော့ ဖုဟွမ်ရဲ့ သနားညှာတာမှုကို ရပြီး နယ်မြေကောင်းကောင်း တစ်ခု ရပြီး စောစောစီးစီး နယ်စားအဖြစ် သွားရောက်နေထိုင်ပြီး တစ်သက်လုံး အေးအေးချမ်းချမ်း နေရဖို့ပါပဲ"
"ဒါမှမဟုတ် မူဖေးက ပထမမင်းသားကို အိမ်ရှေ့စံနေရာ လုယူစေချင်ပြီး သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံ ဖြစ်လာစေချင်သေးတာလား"
"ချွေးမတော်ကတော့ သဘောပေါက်သွားပါပြီ။ မူဖေးက သဘောမပေါက်သေးတာလား။ မူဖေး ဘယ်အချိန်ထိ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေဦးမှာလဲ"
မုန့်ဖေး၏ မျက်နှာသည် နီလိုက်ဖြူလိုက် ဖြစ်နေပြီး လက်ချောင်းများ တုန်ယင်နေကာ စကားအကြာကြီး မပြောနိုင်ဘဲ နောက်ဆုံးတွင် "ထွက်သွား... အခုချက်ချင်း ထွက်သွား" ဟုသာ အော်ဟစ်လိုက်နိုင်တော့သည်။
ပထမမင်းသားကြင်ရာတော်သည် မတ်တပ်ထရပ်ကာ နောက်သို့ နှစ်လှမ်းဆုတ်ပြီး ဂါရဝပြုလိုက်သည်။ "ချွေးမတော် မူဖေးကို မနှောင့်ယှက်တော့ပါဘူး။ အခုပဲ ပြန်ပါတော့မယ်"
ပထမမင်းသားကြင်ရာတော်သည် ယန်ရှီနန်းဆောင်မှ ထွက်ခွာလာပြီးနောက် အနောက်ဘက်မှ ဝုန်းခနဲ အသံကို ကြားလိုက်ရသည်။
ထိုအသံမှာ မုန့်ဖေး ဒေါသတကြီးဖြင့် ကုလားထိုင်ကို ကန်ကျောက်လိုက်သော အသံပင်။
ပထမမင်းသားကြင်ရာတော်သည် ခြေလှမ်းမရပ်တန့်ဘဲ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
မုန့်ဖေးသည် အိုမင်းရင့်ရော်နေပြီ ဖြစ်သလို အချစ်တော်နေရာလည်း ပျောက်ဆုံးသွားပြီ။ သားဖြစ်သူကလည်း အားကိုးမရတော့။ ဒီလိုအချိန်မျိုးမှာ အမြီးကုပ်ပြီး ခေါင်းငုံ့ခံနေရမှာ။
စူးဖေး သေဆုံးခြင်းက သတိပေး ခေါင်းလောင်းသံ တစ်ချက်ပဲ။ မုန့်ဖေးလည်း သတိထားသင့်ပြီ။
...
မယ်တော်ကြီးကျောက် သတင်းကြားသောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ "အဲ့ဒီကောင်မ စောစောစီးစီး သေသင့်တာ"
ကောင်းကောင်းမွန်မွန် ထားပါလျက်နှင့် မြေးတော်လေးကိုတောင် ယုတ်မာတဲ့စိတ် မွေးမြူရဲသေးတယ်။ အရှင်လတ်လတ် အရေခွံဆွာခံရရင်တောင် နည်းသေးတယ်။
ချင်ဖေး၏ စိတ်ခံစားမှုကတော့ ရှုပ်ထွေးနေသည်။
သူမသည် အလှအပဖြင့် ဖမ်းစားတတ်သော စူးဖေးကို အမြဲတမ်း အထင်သေးခဲ့ပြီး မကြာခဏ လှောင်ပြောင်ခဲ့ဖူးသည်။ သို့သော် စူးဖေးသည် အိမ်ရှေ့စံအိမ်တော်တွင် တိတ်တဆိတ် သေဆုံးသွားသည်ကို ကြားလိုက်ရသောအခါ ရင်ထဲတွင် အေးစက်သွားပြီး ယုန်သေတော့ မြေခွေးဝမ်းနည်း ဆိုသကဲ့သို့ ခံစားလိုက်ရသည်။
"မယ်တော်ကြီး... ကျွန်မ မပြောသင့်တဲ့ စကားတစ်ချို့ ပြောချင်ပါတယ်" ချင်ဖေးက သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည်။ "စူးဖေးက သေသင့်တာ မှန်ပါတယ်။ ဒါပေမဲ့ သူက အရှင်မင်းကြီးရဲ့ ကြင်ရာတော် ဖြစ်သလို တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ရဲ့ မွေးမိခင်လည်း ဖြစ်တယ်။ အပြစ်ကြီး ကျူးလွန်ရင်တောင် အရှင်မင်းကြီး ပြန်လာတာ စောင့်ပြီး အရှင်မင်းကြီး ကိုယ်တိုင် အပြစ်ပေးတာ ခံယူသင့်ပါတယ်"
"လုမင်ယွိက ထိုက်ဇီဖေး ဖြစ်ပေမယ့် စူးဖေးကို ကိုယ်တိုင် ကွပ်မျက်လိုက်တာက အရမ်း ရက်စက်လွန်းရာ ကျပါတယ်"
"ဒီနေ့တော့ စူးဖေးပေါ့။ နောက်တစ်ခါ ဘယ်သူ့အလှည့် ရောက်လာမလဲ မသိနိုင်ဘူး"
မယ်တော်ကြီးကျောက်က ချင်ဖေးကို တစ်ချက် ကြည့်လိုက်သည်။ "မိဖုရားခေါင်က စိတ်သဘောထား ပျော့ပျောင်းတော့ ထိုက်ဇီဖေးက ရက်ရက်စက်စက် မလုပ်ရင် အနောက်နန်းဆောင်ကို ဘယ်လို ထိန်းချုပ်နိုင်မှာလဲ။ အိုက်ကျား အမြင်တော့ ဒီတစ်ခေါက် လုရှီ လုပ်တာ နည်းနည်းလေးမှ မမှားဘူး။ စူးရှီလို မိန်းမယုတ်မျိုးကို စောစောစီးစီး သတ်ပစ်တာ ကောင်းတယ်။ ညအိပ်မက်ရှည်နေမှာစိုးလို့"
"တတိယမင်းသားက အရမ်း သိတတ်လိမ္မာတယ်။ တကယ်လို့ သူ ပြန်ရောက်လာပြီး အသေအလဲ တောင်းပန်ရင် ဘယ်လိုလုပ်မလဲ။ အရှင်မင်းကြီးက သံယောဇဉ်ကို ထောက်ထားပြီး စူးရှီကို မသတ်ရက်ရင် ဘယ်လိုလုပ်မလဲ"
"အခုလို သတ်ပစ်လိုက်မှ ပြီးသွားတာ။ လူလည်း သေသွားပြီဆိုတော့ ရှင်းသွားပြီပေါ့"
ချင်ဖေး "..."
ချင်ဖေးသည် စကားအပိတ်ခံလိုက်ရသဖြင့် မျက်နှာမကောင်း ဖြစ်သွားသည်။ "မယ်တော်ကြီး ပြောတာ မှန်ပါတယ်။ ကျွန်မက ခဏတာ စိတ်ပျော့သွားလို့ လျှောက်တွေးမိတာပါ"
မယ်တော်ကြီးကျောက်၏ မျက်နှာထား ပြန်လည် ကောင်းမွန်သွားသည်။ "အိုက်ကျား သိပါတယ်။ နင်က စူးရှီ အသတ်ခံရတာ မြင်ပြီး စိတ်မကောင်း ဖြစ်နေတာ။ နင် ကြောက်စရာ မလိုပါဘူး။ ကြင်ရာတော်ချင်း မတူပါဘူး။ စူးရှီက ကိုယ့်သေတွင်း ကိုယ်တူးတာ။ နင်က အိမ်ရှေ့စံအိမ်တော်ကို ဒုက္ခပေးတဲ့အလုပ် ဘာမှမလုပ်ထားတာ ဘာကြောက်စရာ ရှိလို့လဲ"
...