အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အပိုင်း (၄၁၈) ဂယက်ရိုက်ခြင်း (၂)
အခု မလုပ်သေးပေမယ့် နောက်မှ လုပ်ချင်ရင် ဘယ်လိုလုပ်မလဲ။
ချင်ဖေးသည် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး မယ်တော်ကြီးကျောက်၏ စကားအတိုင်း လိုက်ပြောလိုက်သည်။ "ချန်ချဲ့က အရှေ့နန်းဆောင်ကို ဒုက္ခရောက်စေမယ့် ကိစ္စမျိုး ဘယ်လိုလုပ် လုပ်ရဲပါ့မလဲ။ လုံးဝတောင် တွေးမတွေးဖူးပါဘူး"
မယ်တော်ကြီးကျောက်က ပြုံးလိုက်၏။ "ဒါဆို ကောင်းပါတယ်။ အိုက်ကျားက နင့်ကို ကာကွယ်ပေးတယ် ဆိုပေမယ့် တစ်ချို့ကိစ္စတွေကို နင် ကိုယ်တိုင် သေချာမြင်အောင် ကြည့်တတ်ရမယ်။ အရှင်မင်းကြီးက အိမ်ရှေ့စံကို ခန့်အပ်လိုက်ပြီ။ အိမ်ရှေ့စံကလည်း ဒီတစ်ခေါက် စစ်ထွက်တာ အကျိုးဆောင်မှုတွေ အများကြီး ပြုလုပ်ခဲ့ပြီး စစ်တပ်ထဲမှာလည်း အရှိန်အဝါ ကြီးမားလာပြီ။ နောက်ဆိုရင် ဒီတိုင်းပြည်က အိမ်ရှေ့စံရဲ့လက်ထဲ ရောက်မှာ သေချာသလောက်ပဲ။ လုမင်ယွိကလည်း နောင်တစ်ချိန် မိဖုရားခေါင် ဖြစ်လာမယ့်သူပဲ"
"သူ့ရဲ့ စိတ်နေစိတ်ထားကို နင်လည်း သိတာပဲ။ နောက်ဆိုရင် သူ့ကို နည်းနည်း အလျှော့ပေးလိုက်ပါ။ အိုက်ကျားလည်း အသက်ကြီးနေပါပြီ။ နင်တို့သားအမိကို အမြဲတမ်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
မယ်တော်ကြီးကျောက် အိုမင်းသွားပြီဟု ပြောလျှင် လုံးဝ မမှန်ချေ။
အရေးကြီးသည့် ကိစ္စများတွင် မယ်တော်ကြီးကျောက်သည် အမြင်ရှင်းပြီး သေချာကိုင်တွယ်တတ်သေးသည်။
ချင်ဖေး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး နူးညံ့စွာ ပြန်ဖြေလိုက်သည်။ "မယ်တော်ကြီးက ချန်ချဲ့နဲ့ စတုတ္ထမင်းသားကို ဒီလောက် ဂရုစိုက်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ မယ်တော်ကြီး စိတ်ချပါ။ ချန်ချဲ့ အပြောအဆို အနေအထိုင် ဆင်ခြင်ပြီး ထိုက်ဇီဖေးကို သွားမစပါဘူး"
မယ်တော်ကြီးကျောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် အားနေတာပဲ။ အိုက်ကျားနဲ့အတူ ချန်းအာကို သွားကြည့်ရအောင်"
ချင်ဖေးက ပြုံးရွှင်စွာ လက်ခံလိုက်ပြီး မယ်တော်ကြီးကျောက်ကို တွဲကူကာ စတုတ္ထမင်းသား၏ အိပ်ဆောင်သို့ ထွက်ခွာသွားကြလေသည်။
မင်းသားများသည် နန်းတော်အပြင်ထွက်ကာ အိမ်တော်သီးခြား ဆောက်လုပ်နေထိုင်ကြသဖြင့် နန်းတော်ထဲရှိ သူတို့၏ နေအိမ်များသည် မူလက အလွတ်ဖြစ်နေသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း မင်းသားကြင်ရာတော်များ နန်းတော်ထဲသို့ ဝင်ရောက်လာကြပြီး သက်ဆိုင်ရာ ခင်ပွန်းသည်များ၏ အိပ်ဆောင်များတွင် နေထိုင်ကြသည်။
မယ်တော်ကြီးကျောက်သည် မျက်နှာလိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကျောက်ယွီအပေါ် အချစ်ပိုမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ကျောက်ယွီသည် ချန်းအာကို မွေးဖွားပြီး ရက်ပိုင်းအတွင်း ရှို့နင်နန်းဆောင်မှ ဆုလာဘ်များသည် မပြတ်မလပ် ရောက်ရှိလာခဲ့သည်။
ထို့အပြင် မယ်တော်ကြီးကျောက်သည် နေ့စဉ်နေ့တိုင်း စတုတ္ထမင်းသား၏ အိပ်ဆောင်သို့ သွားရောက်လည်ပတ်လေ့ ရှိသည်။ အကြောင်းပြချက်ကလည်း ခိုင်လုံပြီး ပြောရဲဆိုရဲ ရှိလှသည်။
ဘွားအေက အခုမှ မွေးတဲ့ မြစ်လေးကို ချစ်တာ ဘာဖြစ်လဲ။
သူက အားနေလို့ သွားကြည့်တာ ဘယ်သူက တားရဲမှာလဲ။
ချင်ဖေးသည် ချွေးမဖြစ်သူအပေါ် အနည်းငယ် မကျေမနပ် ဖြစ်သော်လည်း ချန်းအာကိုတော့ အလွန် ချစ်ခင်သည်။ ချန်းအာကို ကြည့်ပါဦး။ ဖြူဖြူဖွေးဖွေး ဝတုတ်လေးနဲ့ ကျန်းမာပြီး ချစ်စရာကောင်းလိုက်တာ။
ချင်ဖေးသည် ချန်းအာကို ပွေ့ချီထားရင်း ကြည့်လေလေ သဘောကျလေလေ ဖြစ်နေပြီး ကျောက်ယွီကိုလည်း ကြင်နာစွာ ပြောဆိုလိုက်သည်။ "ချန်းအာကို နို့ထိန်းက ကြည့်ပေးထားလိမ့်မယ်။ မင်းက မီးတွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကျန်းမာအောင် နေ"
လူတစ်ယောက်က ဟန်ဆောင်နေသည်လား၊ တကယ် စိတ်ရင်းနှင့် ဂရုစိုက်သည်လား ဟူသည်ကို တစ်ချက်ကြည့်ရုံနဲ့ သိသာသည်။
ကျောက်ယွီသည် စိတ်ပျော်ရွှင်သွားပြီး ပြုံးရွှင်စွာ လက်ခံလိုက်သည်။
မယ်တော်ကြီးကျောက်သည် ပါးစပ်စည်းမရှိဘဲ ကျောက်ယွီကို မေးလိုက်သည်။ "စူးဖေး အသတ်ခံရတဲ့ကိစ္စ နင် သိပြီးပြီမလား"
ကျောက်ယွီက ခေါင်းညိတ်လိုက်သည်။ "သိပါပြီ။ ဝူတိက ဝမ်းနည်းလွန်းလို့ သတိလစ်သွားပြီး သူ့အိပ်ဆောင်ကို ပြန်ပို့လိုက်ရတယ်လို့လည်း ကြားပါတယ်"
မယ်တော်ကြီးကျောက်သည် မနေနိုင်မထိုင်နိုင် ပွစိပွစိ ပြောလိုက်ပြန်သည်။ "စူးဖေးက သေသင့်သေထိုက်တာ။ နည်းနည်းလေးမှ သနားစရာ မလိုဘူး။ ပဉ္စမမင်းသားကိုတော့ နည်းနည်း ဖျောင်းဖျရမယ်။ ဒီကိစ္စကြောင့် မိဖုရားခေါင်နဲ့ ထိုက်ဇီဖေးအပေါ် အငြိုးအတေး မထားမိစေနဲ့"
ဘယ်လိုလုပ် အငြိုးအတေး မထားဘဲ နေနိုင်မှာလဲ။
မိခင်ကို သတ်တဲ့ ရန်ငြိုးကို ဘယ်လိုလုပ် မေ့ပစ်နိုင်မှာလဲ။
နောင်ကျရင် ဒီနန်းတော်ထဲမှာ ဘယ်လောက်တောင် ဂယက်ရိုက်ဦးမလဲ မသိနိုင်ဘူး။
ကျောက်ယွီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း အပြင်ပန်းတွင် ထုတ်မပြဘဲ လိမ်လိမ်မာမာ လက်ခံလိုက်သည်။ "မယ်တော်ကြီး ပြောတာ မှန်ပါတယ်။ မြေးချွေးမတော် မှတ်သားထားပါ့မယ်"
စကားပြောနေစဉ်မှာပင် နန်းတွင်းသူတစ်ဦး ရောက်လာပြီး သတင်းပို့လိုက်သည်။ "... စန်းဟွမ်စစ်ဖေးက အရှေ့နန်းဆောင်မှာ ငိုယိုသောင်းကျန်းနေပါတယ်။ မိဖုရားခေါင်ကြီးလည်း အရှေ့နန်းဆောင်ကို ရောက်သွားပါပြီ"
မယ်တော်ကြီးကျောက်က မျက်မှောင်ကြုတ်လိုက်သည်။
ချင်ဖေးသည် အပူသည် ရောင်ရှာရသည်ကို အကြိုက်ဆုံး ဖြစ်သဖြင့် ချက်ချင်း ပြောလိုက်သည်။ "ချန်ချဲ့ မယ်တော်ကြီးကို တွဲပြီး သွားကြည့်ပါ့မယ်"
မယ်တော်ကြီးကျောက်က 'အင်း' ဟု ပြန်ဖြေလိုက်ပြီး ကျောက်ယွီကို ကောင်းကောင်းနားနေရန် မှာကြားကာ မျက်နှာထား တင်းတင်းဖြင့် ထွက်ခွာသွားလေသည်။
ကျောက်ယွီသည် မီးတွင်းထဲမှာ ရှိနေသေးသဖြင့် အတူလိုက်ပါပြီး ပွဲမကြည့်နိုင်သည်ကိုသာ မကျေမနပ် ဖြစ်နေရသည်။ သူမသည် မယ်တော်ကြီးကျောက်နှင့် ချင်ဖေး ထွက်ခွာသွားသည်ကို မျှော်လင့်တကြီး ကြည့်နေလိုက်ပြီး ကိုယ်ပိုင် အစေခံကို ခေါ်လိုက်ကာ ပြောလိုက်၏။ "အရှေ့နန်းဆောင် အပြင်ဘက်ကို လူလွှတ်ပြီး အခြေအနေ သွားနားထောင်ခိုင်း။ သတင်းရရင် ချက်ချင်း လာပြန်ပြော"
...
အရှေ့နန်းဆောင်။
ရွှီအာနှင့် ရွှမ်းအာကို ချီယွင်က အခန်းထဲတွင် ချော့မြှူထားသော်လည်း အပြင်ဘက်မှ ငိုယိုအော်ဟစ်သံများကို သဲ့သဲ့ကြားနေရဆဲပင်။
"ယွင်မားမား..." ရွှီအာသည် ချီယွင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တိုးတိုးလေး ပြောလိုက်သည်။ "သား ကြောက်တယ်"
ရွှမ်းအာကလည်း အတင်းတိုးဝှေ့လာပြီး အသံသေးသေးလေးဖြင့် ပြောလိုက်သည်။ "သမီးလည်း ကြောက်တယ်"
ချီယွင်သည် ရယ်မောလိုက်ပြီး သခင်လေးနှစ်ယောက်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ကာ ဂရုတစိုက် ချော့မြှူလိုက်သည်။ "မကြောက်ပါနဲ့။ ယွင်မားမား ဒီမှာ ရှိတယ်လေ"
အမွှေးတိုင် တစ်တိုင်စာ မတိုင်မီက မုန့်ယွင်လော်သည် အရှေ့နန်းဆောင်ထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး စူးဖေး ဘယ်ရောက်သွားလဲဟု လုမင်ယွိကို မေးမြန်းခဲ့သည်။ လုမင်ယွိကလည်း အေးဆေးစွာ ဖြေကြားလိုက်သည်။ "စူးဖေး အပြစ်ဝန်ခံပြီး အဆိပ်အရက် သောက်ပြီး သေဆုံးသွားပြီ။ မနေ့ညကပဲ နန်းတော်ပြင်ပ ပို့ပြီး မြှုပ်နှံလိုက်ပြီ"
မုန့်ယွင်လော်သည် ကမ္ဘာကြီး ဂျွမ်းပြန်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်စိရှေ့တွင် အမှောင်ကျသွားသည်။ ဘေးနားရှိ လူများက အချိန်မီ ဝင်ရောက် တွဲကူလိုက်လို့သာ ကြမ်းပြင်ပေါ်သို့ လဲကျမသွားခြင်း ဖြစ်သည်။
လုမင်ယွိသည် ကလေးများ လန့်သွားမည်စိုးသဖြင့် ချီယွင်ကို ကလေးများ အပြင်မထွက်လာစေရန် မှာကြားကာ အိပ်ဆောင်အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။
မုန့်ယွင်လော်သည် ရုန်းကန်ပြီး နောက်မှ လိုက်ပါသွားကာ ငိုယိုအော်ဟစ် သောင်းကျန်းလေတော့သည်။ လုမင်ယွိကို ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးသူဟု စွပ်စွဲပြောဆိုလေသည်။
လုမင်ယွိကတော့ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "စူးဖေးက ရွှီအာကို အဆိပ်ခတ်ရဲမှတော့ ကိုယ့်ဇာတ်သိမ်း ကိုယ်သိသင့်တယ်။ နင်က ငါ့ကို ရက်စက်တယ်လို့ ပြောတယ်ပေါ့။ ငါ နင့်ကို ပြန်မေးမယ်။ တကယ်လို့ နင့်သမီး ကျန်းအာကို တစ်ယောက်ယောက်က အဆိပ်ခတ်လို့ သေလုမျောပါး ဖြစ်နေရင် အဆိပ်ခတ်တဲ့လူကို နင် ခွင့်လွှတ်မှာလား"
မုန့်ယွင်လော်သည် မျက်ရည်များ နှပ်များဖြင့် စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။ "ဘယ်သူကများ ငါ့သမီးကို အဆိပ်ခတ်ရဲလို့လဲ။ အရှင်လတ်လတ် အရေခွံ ဆုတ်ပစ်မယ်"
ပြောပြီးမှ တစ်ခုခု မှားနေမှန်း သိလိုက်သည်။
ထင်သည့်အတိုင်းပင် လုမင်ယွိက အေးစက်စွာ ရယ်မောလိုက်သည်။ "ဒါကြောင့် ငါက စူးဖေးကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးလိုက်တာ နင် ကျေးဇူးတင်သင့်တယ်"
ဘာကို ကျေးဇူးတင်ရမှာလဲ။
သူမသည် ယောက္ခမ ဖြစ်သူ စူးဖေးကို အစကတည်းက မကြည်ဖြူခဲ့ဘဲ ရွံရှာမုန်းတီးခဲ့သည်။ သို့သော် လီဟောက်က အလွန် သိတတ်လိမ္မာသော သားတစ်ယောက် ဖြစ်သည်။ သာမန်အချိန်တွင် စူးဖေးက မျက်ရည်တစ်စက် ကျလိုက်သည်နှင့် လီဟောက်က ရင်ကွဲမတတ် ခံစားရပြီး မိခင်ဖြစ်သူ ပြောသမျှ အကုန် လိုက်လျောလေ့ ရှိသည်။
လီဟောက်နှင့် စူးဖေးတို့ နောက်ပိုင်းတွင် ပြဿနာတက်ပြီး စိတ်ဝမ်းကွဲခဲ့ကြသော်လည်း စူးဖေး နေမကောင်း ဖြစ်သည်နှင့် လီဟောက်သည် နန်းတော်ထဲသို့ ချက်ချင်း ပြေးဝင်လာပြီး မိခင်ကို ပြုစုယုယခဲ့သည်။
လီဟောက် စစ်ထွက်သွားချိန်တွင် သူမသည် ချွေးမတစ်ယောက်အနေနှင့် "နုနယ်ပျော့ညံ့သော" ယောက္ခမကို ပြုစုစောင့်ရှောက်ရန်မှာ တာဝန်တစ်ခုပင်။
အခု စူးဖေးက နန်းတော်ထဲမှာ သေသွားပြီ။ လီဟောက် ပြန်ရောက်လာရင် ဘယ်လောက်တောင် ရင်ကွဲပက်လက် ဖြစ်မလဲ။ ဘယ်လောက်တောင် ဒေါသထွက်မလဲ။ အဲ့ဒီအချိန်ကျရင် သူမအပေါ် ဒေါသပုံချမှာ မဟုတ်ဘူးလား။
မူလကတည်းက ခိုင်မြဲမှု မရှိလှသော လင်မယား သံယောဇဉ်သည် ဒီလို ဒဏ်ချက်မျိုးကို ခံနိုင်ရည် ရှိပါမည်တဲ့လား။
မုန့်ယွင်လော်သည် တွေးလေ ဝမ်းနည်းလေ ဖြစ်ပြီး ကြမ်းပြင်ပေါ်သို့ ထိုင်ချကာ ငိုကြွေးလိုက်တော့သည်။ "နင်ကတော့ ရှင်းသွားပြီပေါ့။ ငါ့ကျတော့ ဘယ်လိုလုပ်မလဲ။ တတိယမင်းသား ထွက်သွားတုန်းက စူးဖေးက ကောင်းကောင်းကြီး ရှိနေသေးတာ။ ပြန်လာတော့ စူးဖေးက မြေကြီးထဲ ရောက်နေပြီ။ အဲ့ဒီကျရင် ငါက သူ့ကို ဘယ်လို ရှင်းပြရမလဲ..."
ထိုအချိန်တွင် ချောင်မိဖုရားခေါင် ရောက်ရှိလာသည်။
ချောင်မိဖုရားခေါင်သည် မုန့်ယွင်လော်၏ ပုံစံကို မြင်သောအခါ ဒေါသကြောင့် မျက်နှာမည်းသွားတော့သည်။ "မိုက်ရိုင်းလိုက်တာ... နင်က မင်းသားကြင်ရာတော် ဖြစ်ပြီးတော့ ဒီလို လမ်းဘေးဈေးသည်မလို ပုံစံမျိုး လုပ်နေရသလား"
"အခုချက်ချင်း ထစမ်း။ ကိုယ့်အိပ်ဆောင် ကိုယ်ပြန်တော့"
မုန့်ယွင်လော်သည် မျက်နှာကို အုပ်ကာ ဆက်လက် အော်ဟစ်ငိုကြွေးနေဆဲပင်။
ထိုအချိန်တွင် မယ်တော်ကြီးကျောက်နှင့် ချင်ဖေးတို့လည်း ရောက်ရှိလာကြသည်။
မယ်တော်ကြီးကျောက်လည်း မျက်နှာမည်းသွားသည်။ "တကယ်ကို ရိုင်းစိုင်းတာပဲ။ လာကြစမ်း... စန်းဟွမ်စစ်ဖေးကို ပြန်ပို့လိုက်ကြ"
အမိန့်ပေးလိုက်သည်နှင့် သန်မာတောင့်တင်းသော မားမားနှစ်ယောက် ပြေးဝင်လာပြီး မုန့်ယွင်လော်၏ လက်မောင်းတစ်ဖက်စီကို ဆွဲကိုင်ကာ အားစိုက်ပြီး "တွဲထူ" လိုက်ကြသည်။
မုန့်ယွင်လော်သည် ရုန်းကန်မရဘဲ ဆက်လက် ငိုယိုအော်ဟစ်ချင်သော်လည်း မားမားတစ်ယောက်က လက်ကိုင်ပုဝါကို လုံးချေပြီး သူမ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ဝူး... ဝူး... ဝူး... ဟူသော အသံသာ ထွက်ပေါ်လာနိုင်ပြီး မတတ်သာဘဲ အရှေ့နန်းဆောင်မှ "ပြန်ပို့" ခြင်းကို ခံလိုက်ရတော့သည်။
...
အပိုင်း (၄၁၉) စူးရော့
မုန့်ယွင်လော် ထွက်ခွာသွားသည်နှင့် လူတိုင်း၏ နားထဲ မျက်စိထဲ ရှင်းသွားတော့သည်။
မယ်တော်ကြီးကျောက်သည် ဒေါသ မပြေနိုင်သေးဘဲ ပါးစပ်ဖွင့်သည်နှင့် ပြောလိုက်တော့သည်။ "ဒီ မုန့်ရှီက ပိုပိုပြီး စည်းကမ်းမရှိ ဖြစ်လာတယ်။ အိမ်ရှေ့စံအိမ်တော်အထိ လာပြီး သောင်းကျန်းနေတယ်။ အဆင့်အတန်း မရှိလိုက်တာ။ အိုက်ကျားရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီး မုန့်ရှီကို သူ့အိပ်ဆောင်ထဲမှာပဲ နေခိုင်းလိုက်။ အပြင်ထွက်ပြီး မျက်နှာပျက်စရာတွေ လာလုပ်မပြနဲ့လို့ ပြောလိုက်"
မယ်တော်ကြီးကျောက်က လူဆိုးလုပ်ပေးရန် ဆန္ဒရှိနေမှတော့ ချောင်မိဖုရားခေါင်ကလည်း ကျေနပ်စွာ လက်ခံလိုက်သည်။
မယ်တော်ကြီးကျောက်က လုမင်ယွိကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "လုရှီ... နင့်ဒဏ်ရာ မကျက်သေးဘူး။ အခု အရေးအကြီးဆုံးက ဒဏ်ရာ ကောင်းကောင်းပျောက်ဖို့ပဲ။ အိမ်ရှေ့စံကလည်း ပြန်လမ်းခရီး ရောက်နေပြီ။ မကြာခင် ပြန်ရောက်လာတော့မှာ။ နောက်ဆိုရင် နန်းတော်တွင်း၊ နန်းတော်ပြင်ပ ကိစ္စတွေကို အိမ်ရှေ့စံကိုပဲ လွှဲပေးလိုက်တော့"
ရုတ်တရက် နားထောင်လိုက်လျှင် ကောင်းသည်ဟု ထင်ရသော်လည်း သေချာစဉ်းစားကြည့်လျှင် လုမင်ယွိ အာဏာမက်ပြီး ဘာမဆို ဝင်စွက်ဖက်ချင်နေသည်ဟု သွယ်ဝိုက် ပြောဆိုနေခြင်း ဖြစ်သည်။
ဒါက "မြင်းကောင်း လိုချင်ပေမယ့် မြင်းကို မြက်မကျွေးချင်ဘူး" ဆိုသည့် စိတ်ဓာတ်မျိုးပင်။
နန်းတော်ထဲတွင် ဦးဆောင်မည့်သူ မရှိချိန်က လုမင်ယွိသည် တာဝန်ယူပြီး လူတိုင်းကို စိတ်ငြိမ်အောင် ထိန်းပေးခဲ့သည်။ ထိုအချိန်က မယ်တော်ကြီးကျောက်သည် တစ်ခွန်းမှ မဟခဲ့။ အခု အခြေအနေ ကောင်းမွန်သွားတော့ လုမင်ယွိက အာဏာပြင်းလွန်းသည်ဟု အပြစ်တင်ပြန်သည်။
ချောင်မိဖုရားခေါင်သည် မျက်မှောင်အနည်းငယ် ကြုတ်ကာ လုမင်ယွိကို လှမ်းကြည့်လိုက်သည်။
ကံကောင်းသည်မှာ လုမင်ယွိသည် ဒေါသထွက်ခြင်းမရှိဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မယ်တော်ကြီး ပြောတာ မှန်ပါတယ်"
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ပြုံးရွှင်စွာဖြင့် အခြေအနေကို ထိန်းပေးလိုက်သည်။ "ဒီလတွေအတွင်းမှာ ပန်ကုံးက နေမကောင်းဖြစ်နေတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ လုရှီက နန်းတွင်းကိစ္စတွေကို စီမံခန့်ခွဲပေးပြီး လူတိုင်း စိတ်ငြိမ်အောင် ထိန်းပေးခဲ့လို့သာ အဆင်ပြေခဲ့တာ။ ဒီတစ်ခေါက် ယန်စစ်သည်တွေကို အနိုင်ယူတဲ့နေရာမှာလည်း လုရှီက ထိပ်ဆုံးက အကျိုးဆောင်မှု ပြုခဲ့တာ။ အရှင်မင်းကြီး ပြန်ရောက်လာရင် ပန်ကုံး ကိုယ်တိုင် လုရှီအတွက် ဆုတောင်းပေးရမယ်"
လုမင်ယွိ လုပ်ခဲ့သမျှ အကျိုးဆောင်မှုတွေက ထင်ရှားနေတာပဲ။ မမြင်ချင်ယောင်ဆောင်လို့ မရပါဘူး။
မယ်တော်ကြီးကျောက်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟွမ်ဟုပ် ပြောတာ မှန်ပါတယ်။ လုရှီက အကျိုးဆောင်မှု ကြီးမားပါတယ်။ သေချာပေါက် ဆုချီးမြှင့်ရမှာပေါ့"
ထို့နောက် ချင်ဖေး၏ တွဲကူမှုဖြင့် ထွက်ခွာသွားလေသည်။
မယ်တော်ကြီးကျောက် ထွက်ခွာသွားမှ ချောင်မိဖုရားခေါင်၏ မျက်နှာထား လျော့ကျသွားပြီး လုမင်ယွိကို ပြုံးကာ တိုးတိုးလေး ပြောလိုက်သည်။ "မယ်တော်ကြီးက အသက်ကြီးနေပြီ။ တစ်ခါတလေကျရင် စိတ်ရှုပ်ထွေးပြီး နားထောင်လို့ မကောင်းတဲ့ စကားတွေ ပြောတတ်တယ်။ နင်က မကြားချင်ယောင် ဆောင်လိုက်ပေါ့"
လုမင်ယွိသည် နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်သည်။ "မယ်တော်ကြီးရဲ့ အတွေးတွေကိုသာ အရာရာ ဂရုစိုက်နေရရင် ကျွန်မ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး"
ဒီစကားကလည်း ယဉ်ကျေးမှု မရှိလှပေ။
ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ လေသံထဲမှ မကျေမနပ်ဖြစ်မှုကို မကြားချင်ယောင်ဆောင်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မင်း အိပ်ဆောင်ထဲ ပြန်ပြီး အနားယူလိုက်ပါတော့"
လုမင်ယွိသည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ချောင်မိဖုရားခေါင်သည် ဆော့ကစားချင်နေသော ရွှမ်းအာကို ချော့မြှူ ခေါ်ဆောင်သွားပြီး ရွှီအာသည်လည်း ဆေးရည်စိမ်ပြီးနောက် အိပ်ပျော်သွားပြီ ဖြစ်သည်။ လုမင်ယွိသည်လည်း စိတ်ချလက်ချဖြင့် နေ့တစ်ဝက်ခန့် အိပ်စက်အနားယူလိုက်သည်။
အိပ်ပျော်နေစဉ် အိမ်မက်မက်လေသည်။
အိမ်မက်ထဲတွင် မျက်နှာထား ကြောက်မက်ဖွယ်ကောင်းပြီး ပါးစပ်ထဲမှ သွေးမည်းများ စီးကျနေသော စူးရှီသည် သူမထံသို့ တစ်လှမ်းချင်း တိုးကပ်လာကာ စူးရှစွာ အော်ဟစ်နေသည်။ "လုမင်ယွိ... နင် ငါ့ကို သတ်တယ်ပေါ့။ ငါ သရဲဖြစ်ရင်တောင် နင့်ကို ခွင့်မလွှတ်ဘူး"
ထိုလက်များသည် မကြာမီ သူမ၏ လည်ပင်းကို လာရောက် ညှစ်လေသည်။
သူမသည် မျက်စိရှေ့မှ ကြောက်မက်ဖွယ် မျက်နှာကို ကြည့်ရင်း ထူးဆန်းစွာဖြင့် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ အေးစက်စွာပင် ရယ်မောလိုက်သည်။ "ငါ့ကို လာရှာချင်ရင် လာခဲ့လိုက်။ နင် သရဲဖြစ်သွားရင်တောင် ငါ နောက်တစ်ခေါက် ထပ်သတ်ပြမယ်"
ထို့နောက် အားကုန် ကန်ထုတ်လိုက်ရာ စူးရှီသည် လွင့်စင်သွားတော့သည်။
စူးဖေးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်သည် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
သူမ၏ နားထဲတွင် နာကျင်စွာ အော်ဟစ်သံများသာ ကျန်ရစ်ခဲ့သည်။
လုမင်ယွိ မျက်လုံး ဖွင့်လိုက်သည်။
ကုတင်ဘေးတွင် စောင့်နေသော ချီယွင်သည် လုမင်ယွိ အိမ်မက်ဆိုး မက်သည်ကို မသိဘဲ ပြုံးရွှင်စွာ ပြောလိုက်သည်။ "ညန်ညန် နိုးလာပြီပဲ။ မင်းသားလေးက နိုးကတည်းက ညန်ညန့်ကို ရှာနေတာ"
လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ကုတင်ပေါ်မှ ဆင်းကာ ရွှီအာ၏ အခန်းသို့ သွားလိုက်သည်။
ရွှီအာသည် လက်သေးသေးလေးများကို ဆန့်တန်းကာ မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။ လုမင်ယွိ ထိုင်လိုက်သည်နှင့် သူမ၏ အင်္ကျီလက်စကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ "မေမေ... သားနားမှာ နေပေးနော်"
လုမင်ယွိ၏ ရင်ထဲတွင် နူးညံ့သွားပြီး ပြုံးကာ ပြောလိုက်သည်။ "ကောင်းပြီ။ မေမေ သားနားမှာပဲ နေပေးမယ်"
...
စူးဖေး၏ သေဆုံးမှုသည် ကြီးမားသော ဂယက်ရိုက်ခတ်မှု မရှိခဲ့ပေ။
ပဉ္စမမင်းသား လီချန်နှင့် တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်တို့သည် သက်ဆိုင်ရာ အိပ်ဆောင်များတွင် တံခါးပိတ် နေထိုင်နေကြသည်။ တစ်ယောက်က "ရောဂါကုသ" နေပြီး တစ်ယောက်က "ကိုယ့်အပြစ်ကိုယ် ပြန်သုံးသပ်" နေသည်။ အတိုချုပ်ပြောရလျှင် ထိုနေ့မှစ၍ သူတို့နှစ်ဦးစလုံး အပြင်မထွက်ကြတော့ပေ။
အနောက်နန်းဆောင်မှ ကြင်ရာတော်များသည် ပိုပြီး ကြောက်ရွံ့သွားကြကာ လူတိုင်းသည် ကိုယ့်အိပ်ဆောင်ထဲတွင်သာ ငြိမ်ငြိမ်လေး နေနေကြလေသည်။ ဘယ်သူမှ အပြင်ထွက် လမ်းလျှောက်ခြင်း မရှိကြပေ။
နန်းတော်ပြင်ပရှိ စူးမိသားစုသည် သုံးရက်ကြာမှ နာရေးသတင်းကို ရရှိကြသည်။
စူးမိသားစုသည် ရာထူးဂုဏ်ရှိန် မရှိဘဲ စူးဖေးကို အမှီပြု၍သာ စားဝတ်နေရေး ပြည့်စုံသော ဘဝကို ရရှိထားခြင်း ဖြစ်သည်။ မုန့်ဖေးနှင့် ချင်ဖေးတို့ကဲ့သို့ မိဘဆွေမျိုးများကို မကြာခဏ တွေ့ခွင့်ရခြင်းမျိုး မရှိပေ။ စူးမိသားစုသည် နှစ်သစ်ကူးတွင် နန်းတော်ထဲသို့ ဝင်ရောက် ဂါရဝပြုခွင့်ပင် မရရှိပေ။ နောက်ဆုံးအကြိမ် နန်းတော်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ လွန်ခဲ့သော နှစ်နှစ်က ဖြစ်သည်။
စူးဖေး သေဆုံးသည့် သတင်းကို ကြားလိုက်ရသောအခါ စူးမိသားစုတစ်ခုလုံး ကြောင်အမ်းသွားကြသည်။
တတိယမင်းသားသည် စစ်မြေပြင်တွင် အကျိုးဆောင်မှုကြီး ပြုလုပ်ထားသဖြင့် စူးဖေး၏ နန်းတော်တွင်း နေ့ရက်များသည် ပိုမိုကောင်းမွန်လာသင့်ကာ သူတို့ စူးမိသားစုသည်လည်း အရှိန်အဝါ ရရှိသင့်လေသည်။
စူးဖေးက ဘာလို့ ရုတ်တရက် သေသွားရတာလဲ။
ဘယ်သူ့လက်ချက်လဲ။
စူးမိသားစုလည်း ပါဝင်ပတ်သက်ပြီး ဒုက္ခရောက်တော့မှာလား။
စူးအဖေသည် သတ္တိနည်းသူ ဖြစ်သဖြင့် ကြောက်လန့်တကြား ကုလားထိုင်ပေါ်တွင် ပျော့ခွေသွားပြီး အတော်ကြာ လှုပ်ရှားမရ ဖြစ်နေသည်။ သားကြီး စူးသခင်ကြီးသည်လည်း ထိုနည်းတူပင် တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ "အဖေ... ကျွန်တော်တို့ အခု ဘယ်လိုလုပ်မလဲ"
စူးအဖေသည်လည်း ဘာလုပ်ရမှန်း မသိပေ။
သူသည် စာတစ်လုံးမှ မတတ်သော သာမန် လယ်သမားတစ်ဦးသာ ဖြစ်သည်။ အစာရေစာ ရှားပါးသောနှစ်တွင် မတတ်သာဘဲ သမီးဖြစ်သူကို ရောင်းစားလိုက်ရသည်။ ကံကောင်းစွာဖြင့် သမီးဖြစ်သူသည် ရုပ်ရည်ချောမောသဖြင့် ဈေးကောင်းရခဲ့ပြီး စူးမိသားစု သားအဖလေးယောက် အစာရေစာ ရှားပါးသောနှစ်ကို ကျော်ဖြတ်နိုင်ခဲ့သည်။
မထင်မှတ်ဘဲ စူးမိသားစု ကံကောင်းသွားသည်။ ကချေသည်အဖြစ် ရောင်းစားခံရသော သမီးဖြစ်သူသည် လူကြီးလူကောင်းတစ်ဦး၏ မျက်နှာသာပေးမှုကို ခံရပြီး လီမိသားစု အိမ်ထောင်ဦးစီး၏ မယားငယ် ဖြစ်လာခဲ့သည်။ သားတစ်ယောက် မွေးဖွားပေးခဲ့သဖြင့် စူးမိသားစုလည်း အကျိုးခံစားခွင့် ရရှိခဲ့သည်။
နောက်ပိုင်းတွင် လီမိသားစုသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်ခဲ့ပြီး စူးရှီ မွေးဖွားသော သားသည်လည်း မင်းသား ဖြစ်လာခဲ့သည်။ နန်းတော်မှ လက်ချောင်းကြား လျှိုထွက်လာသော အနည်းငယ်မျှသော အရာများသည် စူးမိသားစုအတွက် စားမကုန် သောက်မကုန် ဖြစ်စေခဲ့သည်။
စူးအဖေသည် ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ စူးဖေး သားအမိသုံးယောက် နန်းတော်ထဲတွင် အေးအေးချမ်းချမ်း နေထိုင်ပြီး စူးမိသားစု ကောင်းမွန်စွာ နေထိုင်ရလျှင် ကျေနပ်ပြီ ဖြစ်သည်။
ယနေ့တွင်တော့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားတော့၏။ စူးမိသားစုဝင်များ အားလုံးသည်လည်း ကြောင်အမ်းသွားကြသည်။
စူးဒုတိယသခင်နှင့် စူးတတိယသခင်တို့သည်လည်း သားသမီးများနှင့် ပြည့်စုံနေပြီ ဖြစ်သည်။ ယခုအချိန်တွင် စူးအဖေ၏ ဘေးတွင် ဝိုင်းရံကာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်ကြသည်။ "အဖေ... စူးဖေးညန်ညန်က နန်းတော်ထဲမှာ အပြစ်လုပ်မိလို့ အသတ်ခံရတာလား"
စူးအဖေသည် မျက်လုံးများ ကြောင်တောင်တောင် ဖြစ်နေပြီး အတော်ကြာမှ တုန်တုန်ယင်ယင် ပြောလိုက်သည်။ "မမေးကြနဲ့တော့။ တတိယမင်းသား ပြန်ရောက်လာရင် အကုန် သိရမှာပဲ။ မင်းတို့အားလုံး အခန်းထဲမှာပဲ နေကြ။ စူးအိမ်တော် တံခါးဝကနေ ခြေတစ်လှမ်းမှ အပြင်မထွက်နဲ့"
သူတို့သည် စူးဖေးကို ဘယ်မှာ မြှုပ်နှံထားမှန်း မသိသဖြင့် သွားရောက် ကန်တော့ချင်လျှင်ပင် နေရာရှာမရပေ။ အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေပြီး တတိယမင်းသား ပြန်ရောက်လာတာကို စောင့်တာ အကောင်းဆုံးပဲ။
စူးသခင်ကြီးသည် မိဘဆုံးပါးသွားသကဲ့သို့ မျက်နှာဖြင့် အခန်းထဲသို့ ပြန်သွားလေသည်။
"အဖေ... အဒေါ် တကယ် သေသွားပြီလား" ၁၄-၁၅နှစ်အရွယ် မိန်းမပျိုလေးတစ်ဦးသည် ကြောက်လန့်တကြား မျက်နှာဖြင့် မေးလိုက်သည်။
ထိုမိန်းမပျိုလေးသည် လှပနုနယ်ပြီး သနားစဖွယ် ကောင်းသည်။ မက်မွန်သီးပုံစံ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး လူကို သနားချင်စဖွယ် ဖြစ်စေသည်။ ငယ်ရွယ်စဉ်က စူးဖေးနှင့် အလွန် တူညီသည်။
သူမသည် စူးသခင်ကြီး၏ တစ်ဦးတည်းသော သမီး စူးရော့ ဖြစ်သည်။
စူးဖေး "ကြီးပွားချမ်းသာ" လာပြီးနောက် မိဘဆွေမျိုးများကို ပြန်လည် ထောက်ပံ့ပေးခဲ့သည်။ စူးရော့သည် ရုပ်ရည်ချောမောပြီး စူးဖေးနှင့် တူညီသဖြင့် စူးမိသားစုဝင်များ အားလုံးက စူးရော့သည် သူမ၏ အဒေါ်ကဲ့သို့ စူးမိသားစုအတွက် စည်းစိမ်ချမ်းသာများ ယူဆောင်ပေးနိုင်မည်ဟု မျှော်လင့်နေကြလေသည်။
ကံမကောင်းသည်မှာ စူးရော့သည် အသက်ငယ်ရွယ်သေးသည်။ လွန်ခဲ့သော သုံးနှစ်က တတိယမင်းသား ကြင်ရာတော် ရွေးချယ်စဉ်က စူးရော့သည် ကလေးမလေးသာ ရှိသေးသည်။ စူးမိသားစုသည် မင်းသားကြင်ရာတော် နေရာကို မမှန်းရဲသော်လည်း နောင်တစ်ချိန် မင်းသား၏ ကိုယ်လုပ်တော် ဖြစ်လာလျှင်ပင် ဘိုးဘွားများ၏ ကောင်းချီးဖြစ်သည်ဟု မှတ်ယူထားကြသည်။
စူးရော့သည်လည်း နန်းတော်ထဲမှ စည်းစိမ်ချမ်းသာများကို မက်မောပြီး အဒေါ်ဖြစ်သူထံသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်နေခဲ့သည်။
ယခု အဒေါ် သေသွားပြီဆိုသဖြင့် သူမသည် နောက်ပိုင်း မည်သို့ ပြုရပါတော့မည်နည်း။
...
အပိုင်း (၄၂၀) ပြန်ရောက်ခြင်း (၁)
စူးသခင်ကြီးသည် ယခုနှစ်တွင် အသက်လေးဆယ်ကျော်ပြီ ဖြစ်ပြီး မြေပိုင်ရှင်သူဌေးကြီး ဖြစ်နေသဖြင့် စားဝတ်နေရေး ပူပန်စရာမလိုဘဲ အေးဆေးတည်ငြိမ်စွာ နေထိုင်လျက်ရှိသည်။ သူ့ဘဝတွင် အဂုဏ်ယူရဆုံးအရာမှာ ညီမကောင်းတစ်ယောက် ရှိနေခြင်းနှင့် သမီးချောလေးတစ်ယောက် မွေးဖွားထားခြင်းပင်။
စူးမိသားစု၏ မျိုးဆက်တွင် သားယောကျာ်းလေးချည်း မွေးဖွားကြပြီး သူတစ်ယောက်တည်းသာ သမီးမိန်းကလေး ရရှိခဲ့သည်။ ထို့အပြင် သမီးဖြစ်သူသည် လှပသော ပန်းပွင့်လေးသဖွယ် ချောမောလှပသည်။ နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် စောင့်ပြီး ညီမဖြစ်သူကို အကူအညီတောင်းကာ သမီးကို တတိယမင်းသား၏ ကိုယ်လုပ်တော်အဖြစ် ထည့်သွင်းပေးလိုက်လျှင် စူးမိသားစုသည် တတိယမင်းသားကို အမှီပြုပြီး တစ်သက်လုံး ကောင်းမွန်စွာ နေထိုင်နိုင်တော့မည်။
စူးဖေး သေဆုံးသည့်သတင်းသည် ရေခဲရေတစ်ပုံးနှင့် လောင်းချလိုက်သကဲ့သို့ စူးသခင်ကြီးကို အေးစက်တောင့်တင်းသွားစေသည်။
စူးရော့က မေးလိုက်သောအခါ စူးသခင်ကြီးသည် ချော့မြှူရန် စိတ်မပါတော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "နင် ငါ့ကို လာမေးနေတယ်။ ငါက ဘယ်သူ့ကို သွားမေးရမလဲ"
စူးရော့သည် ဝမ်းနည်းစွာဖြင့် မျက်နှာကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ တရှုံ့ရှုံ့ ငိုကြွေးလေတော့သည်။
စူးသခင်ကြီးသည် မျက်မှောင်ကြုတ်လျက် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး အလျင်စလို ပြောလိုက်သည်။ "နန်းတော်က လူလွှတ်ပြီး သတင်းလာပို့တာ အမှားတော့ မဖြစ်နိုင်ဘူး။ နင့်အဒေါ် သေချာပေါက် တစ်ခုခု ဖြစ်သွားပြီ"
"နင် အခု ဘာမှ လျှောက်မတွေးနဲ့တော့။ အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေ။ စူးနန်းတွင်းမယ်တော် မရှိတော့ပေမယ့် တတိယမင်းသားနဲ့ ပဉ္စမမင်းသား ရှိသေးတယ်။ သူတို့ ငါတို့ကို ပစ်မထားလောက်ပါဘူး"
တတိယမင်းသားအကြောင်း ပြောလိုက်မှ စူးရော့သည် မျက်ရည်သုတ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ပြောင်ကော(ဝမ်းကွဲအစ်ကို) ဘယ်တော့လောက် မြို့တော်ကို ပြန်ရောက်မလဲ မသိဘူး"
စူးမိသားစုသည် ဘာပဲပြောပြော ဆွေမျိုးတော်စပ်နေသဖြင့် လီဟောက်သည် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ တစ်နှစ်လျှင် နှစ်ခါသုံးခါလောက် စူးအိမ်တော်သို့ လာလေ့ရှိပြီး ရွှေငွေရတနာများနှင့် အဝတ်အထည်များကို လက်ဆောင်ပေးလေ့ ရှိသည်။
လီဟောက်သည် မြင့်မြတ်သော ဂုဏ်ပုဒ်ရှိပြီး ရုပ်ရည်ချောမောကာ စာပေနှင့် စစ်ရေး ကျွမ်းကျင်သူ ဖြစ်သည်။ စူးရော့သည် အရွယ်ရောက်လာပြီ ဖြစ်သဖြင့် ရင်ခုန်သံများ မြန်ဆန်လာကာ "ပြောင်ကော " ဟု ခေါ်ဆိုရာတွင် သံယောဇဉ်များ ပါဝင်နေလေသည်။
စူးသခင်ကြီးသည် စိတ်ရှုပ်ထွေးနေပြီး စိတ်မရှည်စွာ ပြောလိုက်သည်။ "ငါ ဘယ်လိုလုပ် သိမှာလဲ။ နင့်အခန်း နင်ပြန်တော့"
စူးရော့သည် နှုတ်ခမ်းဆူလိုက်ပြီး ကိုယ့်အခန်းကိုယ် ပြန်သွားရတော့သည်။
စူးမိသားစုသည် လယ်ဧက ထောင်ချီ ပိုင်ဆိုင်ပြီး အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ကာ အစေခံများ ဝိုင်းရံလျက် ရှိသည်။ မြေပိုင်ရှင်သူဌေးကြီးများကဲ့သို့ သက်တောင့်သက်သာ နေထိုင်ကြသည်။
စူးရော့သည် ဒီမျိုးဆက်တွင် လူကြီးမိဘများ၏ အချစ်ဆုံးမြေးမလေး ဖြစ်ပြီး အကောင်းဆုံး အစားအသောက် အဝတ်အထည်များကို အသုံးပြုရသည်။ စူးမိသားစုသည် စူးရော့အတွက် စာပေသင်ကြားပေးရန် ဆရာမတစ်ဦးကိုပင် ငှားရမ်းထားပြီး စာဖတ်ခြင်း၊ စာရေးခြင်း၊ စောင်းတီးခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကို သင်ကြားပေးသည်။
မြို့တော်မှ ထိပ်တန်း အထက်တန်းလွှာ မိန်းကလေးများနှင့် ယှဉ်လျှင် စူးရော့သည် အနည်းငယ် နိမ့်ကျသော်လည်း သူမ၏ လှပသော ရုပ်ရည်က အခြားသော အားနည်းချက်များကို ဖုံးကွယ်ပေးထားနိုင်သည်။
စူးရော့သည် အခန်းထဲသို့ ရောက်သောအခါ အဒေါ်အတွက် ခဏလောက် ငိုကြွေးလိုက်သည်။ ထို့နောက် ကြေးမုံပြင်ရှေ့တွင် ထိုင်ကာ ကိုယ့်အနာဂတ်အတွက် တွေးတောနေမိလေသည်။
အဒေါ် မရှိတော့ရင် သူမ ပြောင်ကော ရဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့ဆိုတာ လွယ်ကူတော့မှာ မဟုတ်ဘူး။
စူးမိသားစုသည် အပြင်ပန်းတွင်သာ ကြွယ်ဝချမ်းသာသော်လည်း အစိုးရအရာရှိ တစ်ဦးတစ်ယောက်မျှ မရှိပေ။ မင်းသား၏ ကိုယ်လုပ်တော် ဆိုသည်မှာ အဆင့်လေးဆင့်ရှိသော ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ ဖြစ်သည်။ သာမန်မိသားစုမှ ဆင်းသက်လာသော သူမအနေနှင့် ပြောင်ကော ၏ သနားညှာတာမှုကိုသာ အားကိုးရတော့မည်။
အိမ်ထဲတွင် သူမကို ကူညီပေးနိုင်မည့်သူ မရှိသဖြင့် ပြောင်ကော သူမကို လက်ထပ်ယူလာအောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားရမည်။
စူးရော့သည် စားပွဲပေါ်မှ ပန်းချီကားလိပ်တစ်ခုကို ယူလိုက်၏။ ပန်းချီကားကို ဖြန့်လိုက်ရာ တက်ကြွလန်းဆန်းနေသော လူငယ်ချောလေးတစ်ဦး ပေါ်လာသည်။
စူးရော့တစ်ယောက် တစ်စုံတစ်ခုကို တွေးမိပြီး မျက်နှာရဲသွားသည်။
ကြေးမုံပြင်ထဲမှ မိန်းမပျိုလေးသည် ပါးပြင်နှစ်ဖက် ရဲသွေးသမ်းနေပြီး မျက်ဝန်းထဲတွင် ထူးခြားသော အရောင်အဝါများ တောက်ပနေလေသည်။
...
ငါးရက်ကြာပြီးနောက်။
နေမင်းကြီးသည် ကောင်းကင်ယံတွင် မြင့်မားစွာ တောက်ပနေပြီး နေရောင်ခြည်များက ကျယ်ဝန်းသပ်ရပ်သော လမ်းမကြီးပေါ်သို့ ကျရောက်နေလေသည်။ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများကို ကြားနေရသည်။ ပြည်သူများသည် လမ်းဘေးဝဲယာတွင် ပြည့်ကျပ်နေအောင် စုရုံးနေကြပြီး "အိမ်ရှေ့စံမင်းသား" ဟု အဆက်မပြတ် အော်ဟစ်ကြိုဆိုနေကြသည်။
စစ်သည်တော်များသည် ငွေရောင်သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားပြီး မြင်းများကို စီးနင်းလာကြသည်။ မျက်နှာပေါ်တွင် ခရီးပန်းသော အရိပ်အယောင်များ ရှိသော်လည်း မြို့တော်သို့ ဘေးကင်းစွာ ပြန်ရောက်လာသည့် ပျော်ရွှင်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများကို ပိုမိုတွေ့မြင်ရသည်။
သူတို့ နောက်ဆုံးတော့ ဘေးကင်းစွာ ပြန်ရောက်လာကြပြီ။
ပြင်းထန်သော စစ်ပွဲများကို ဖြတ်သန်းခဲ့ရပြီး သွေးချောင်းစီးသော မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။ ယခု အေးချမ်းတည်ငြိမ်သော မြို့တော်သို့ ပြန်ရောက်လာသောအခါ ရင်ထဲတွင် လှုပ်ရှားသွားပြီး မျက်ရည်ကျလုမတတ် ဖြစ်သွားကြတော့သည်။
ကျယ်ဝန်းသော မြင်းလှည်းတစ်စီးကို အလယ်တွင် ဝိုင်းရံထားကြ၏။ စတုတ္ထမင်းသားသည် မြင်းစီးလျက် မြင်းလှည်းနှင့် ယှဉ်တွဲလိုက်ပါလာသည်။ မောပန်းနွမ်းနယ်နေသော်လည်း မျက်နှာတွင် တက်ကြွသော အမူအရာများ ပေါ်နေလေသည်။
စတုတ္ထမင်းသားက စိတ်အားထက်သန်စွာ အော်ပြောလိုက်သည်။ "အာ့ကော ... ကြားလား။ ပြည်သူတွေ အစ်ကို့ကို ကြိုဆိုနေကြတာ"
မြင်းလှည်း ပြတင်းပေါက် လိုက်ကာပွင့်သွားပြီး ပိန်လှီဖြူဖျော့နေသော ချောမောသည့် မျက်နှာတစ်ခု ပေါ်လာ၏။
ထိုသူမှာ အိမ်ရှေ့စံ လီကျင့်ပင်။
လမ်းခရီးတစ်လျှောက် ပင်ပန်းဆင်းရဲမှုများကို အသေးစိတ် ပြောပြရန် မလိုအပ်ပေ။ လီကျင့်သည် မူလကတည်းက ဒဏ်ရာမကျက်သေးဘဲ လမ်းတစ်လျှောက်လုံး မြင်းလှည်းစီးလာရသဖြင့် ဒဏ်ရာများ ပိုဆိုးလာခဲ့ပြီး သိသိသာသာ ပိန်ကျသွားသည်။
ဝေနိုင်ငံ နယ်နိမိတ်ထဲသို့ ဝင်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် မြို့တော်မှ အောင်ပွဲသတင်းကို ရရှိခဲ့သည်။
ယန်ထော် လုပ်ကြံခံရပြီး သေဆုံးသွားကာ ယန်စစ်သည်များ ရှုံးနိမ့်သွားကြောင်းနှင့် မြို့တော် ပိတ်ဆို့ခံရမှု ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ကြားလိုက်ရသည်။
ထိုသတင်းကောင်းကို ကြားလိုက်ရသောအခါ စစ်သည်တော်အားလုံး စိတ်သက်သာရာ ရသွားကြပြီး ပြုံးရွှင်သွားကြသည်။
လီကျင့်တစ်ယောက်တည်းသာ စိတ်ပူပန်မှု ပိုတိုးလာခဲ့သည်။
လုမင်ယွိသည် စစ်တပ်ကို ဦးဆောင်ပြီး မြို့ပြင်ထွက်ကာ ယန်ထော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း ဒဏ်ရာရရှိခဲ့သည်။ စစ်သတင်းပို့စာတွင် ထိုက်ဇီဖေး၏ ဒဏ်ရာအခြေအနေကို အသေးစိတ် မဖော်ပြထားဘဲ သာမန်ကာလျှံကာသာ ရေးသားထားသည်။ လီကျင့်သည် စိုးရိမ်ပူပန်လွန်းသဖြင့် နှစ်ညဆက်တိုက် အိပ်မပျော်ခဲ့ပေ။
နောက်ဆုံးတွင် စတုတ္ထမင်းသား မကြည့်ရက်တော့ဘဲ ဝင်ပြောရသည်။ "အာ့ကော ... အာ့စောင်က ဒဏ်ရာရတာ မှန်ပေမယ့် အသက်အန္တရာယ် မရှိပါဘူး။ နောက်ပိုင်း ဖြည်းဖြည်းချင်း ကုသယူရင် သုံးလ ငါးလ တစ်နှစ်လောက်ဆို ကောင်းသွားမှာပါ။ အစ်ကိုက မစားနိုင် မအိပ်နိုင် ဖြစ်နေတော့ ကိုယ့်ခန္ဓာကိုယ်ကို ဒုက္ခပေးသလိုပဲ ဖြစ်နေတာ။ ဘာမှ အကျိုးမရှိပါဘူး"
"ဒီတိုင်း ဆက်သွားရင် မြို့တော် မရောက်ခင် အစ်ကို အရင် လဲသွားလိမ့်မယ်။ အဲ့ဒီကျရင် အာ့စောင်က အစ်ကို့ပုံစံကို မြင်ပြီး ပိုစိတ်ပူနေရဦးမယ်။ စိတ်ချလက်ချ အနားယူနိုင်မှာ မဟုတ်တော့ဘူး"
လီကျင့်သည် မျက်ရည်ဝဲလာပြီး ခေါင်းကို အားပါးတရ ညိတ်လိုက်တော့သည်။ ထို့နောက် အတင်းအကျပ် ထမင်းစားပြီး အိပ်စက်ကာ လမ်းခရီးတစ်လျှောက် အနားယူလိုက်ပါလာခဲ့သည်။
မြို့တော်က အန္တရာယ် ကင်းရှင်းသွားပြီ ဖြစ်သဖြင့် အားလုံး၏ ရင်ထဲမှ အလုံးကြီး ကျသွားခဲ့ပြီ။ စိတ်ပူနေသော အိမ်ရှေ့စံမှလွဲ၍ ကျန်လူများအားလုံး စိတ်ပျော်ရွှင်နေကြလေသည်။
အလျင်အမြန် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။
သတင်းရထားသော နန်းတွင်းအမတ်များသည် မနက်စောစောကတည်းက မြို့ပြင်ထွက် ကြိုဆိုနေကြသည်။ အသက်ကြီးရင့်နေပြီဖြစ်သော ချောင်ကောလောင်ပင် ကိုယ်တိုင် လာရောက် ကြိုဆိုလေသည်။
တွေ့ဆုံချိန်တွင် စိတ်လှုပ်ရှား ဝမ်းနည်းဝမ်းသာ ဖြစ်ရသည်များကို အသေးစိတ် ပြောပြရန် မလိုတော့ပေ။
ယခုအခါ လူအုပ်ကြီးသည် နန်းတော်လမ်းမကြီးအတိုင်း နန်းတော်ထဲသို့ ဝင်ရောက်လာကြ၏။
ရင်းနှီးကျွမ်းဝင်သော နန်းတော်တံခါးကို မြင်လိုက်ရသည့် ခဏတွင် လီကျင့်၏ ရင်ထဲ၌ လှိုင်းဂယက်များ ထလာပြီး မျက်ရည်ဝဲလာသည်။
ချောင်ကောလောင်သည် မြင်းလှည်းနားသို့ လျှောက်လာပြီး လက်နှစ်ဖက် ယှက်ကာ ပြောလိုက်၏။ "ကျွန်တော်မျိုးတို့ ထိုက်ဇီကို ကြိုဆိုပါတယ်"
လီကျင့်သည် လှုပ်ရှားနေသည့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်တော် မြို့တော်ကနေ ခွာနေတာ ကြာပြီဆိုတော့ အရင်ဆုံး မယ်တော်ကြီးနဲ့ မူဟုပ်ကို သွားဂါရဝပြုချင်တယ်။ သားနဲ့ဇနီးတွေကိုလည်း တွေ့ချင်တယ်။ ကောလောင်နဲ့ အမတ်မင်းတွေ အရင်ပြန်နှင့်ကြပါ။ မနက်ဖြန် ညီလာခံပြီးရင် နန်းတော်ထဲမှာ စားပွဲသောက်ပွဲ ကျင်းပပြီး အမတ်မင်းတွေကို ဖိတ်ကြားပါ့မယ်"
ချောင်ကောလောင်သည် ပြုံးရွှင်စွာ လက်ခံလိုက်ပြီး လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ "အရှင်မင်းသားက ဒဏ်ရာနဲ့ ခရီးဝေး နှင်လာရတော့ ပင်ပန်းနေမှာပဲ။ နန်းတော် ပြန်ရောက်ရင် စိတ်အေးလက်အေး အနားယူပါ။ ရောဂါအမြစ် မကျန်ပါစေနဲ့"
ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် ရှိမှသာ နဂါးပလ္လင်ပေါ်တွင် ခိုင်မြဲစွာ ထိုင်နိုင်မည်။ ရောဂါအမြစ် ကျန်ခဲ့ပြီး သက်တမ်းတိုသွားလျှင် မကောင်းပေ။
ချောင်ကောလောင်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများကို အထင်းသား မြင်တွေ့နေရ၏။
လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "အဘိုး စိတ်ချပါ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတယ်"
ချောင်ကောလောင်သည် အမတ်များကို ဦးဆောင်ကာ ထွက်ခွာသွားလေသည်။
နန်းတော်တံခါးကြီးက ပွင့်သွားသည်။
စတုတ္ထမင်းသားသည် လီကျင့်ကို တွဲကူကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ နှစ်လှမ်းပင် မလျှောက်ရသေးမီ ရင်းနှီးကျွမ်းဝင်သော လူရိပ်နှစ်ခု ရှေ့တွင် ပေါ်လာပြီး အလျင်အမြန် လျှောက်လှမ်းလာကြသည်။ "အားကျင့်... သား ပြန်ရောက်လာပြီပဲ"
...