← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အပိုင်း (၄၂၁) ပြန်ရောက်ခြင်း (၂)

ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့ပင်။

ခွဲခွာနေသည်မှာ ကြာပြီဖြစ်သော မိခင်နှင့် အစ်မကြီးကို မြင်လိုက်ရသည်တွင် လီကျင့်၏ ရင်ထဲတွင် ဝမ်းသာပီတိများ လွှမ်းခြုံသွားလေသည်။ "မူဟုပ်... ဟွမ်ကျဲ"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းများသည် နီရဲလာပြီး ငိုတစ်လှည့် ရယ်တစ်လှည့်ဖြင့် ပြေးဝင်လာကာ သားဖြစ်သူကို တင်းကြပ်စွာ ဖက်ထားလိုက်တော့သည်။ "အားကျင့်... သား နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

ဟွေ့အန်းကုန်းကျူသည် အနည်းငယ် နောက်ကျသွားသော်လည်း လီကျင့်၏ လက်မောင်းကို ဆွဲကိုင်ကာ ငိုယိုပြောဆိုလေသည်။ "အာ့တိ... နင် နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ ငါတို့ နေ့တိုင်း ညတိုင်း နင့်ကို သတိရနေခဲ့တာ။ အခုမှပဲ ပြန်တွေ့ရတော့တယ်"

လီကျင့်သည် နှာခေါင်းရှုံ့ကာ ငိုကြွေးနေသော မိခင်နှင့် အစ်မကြီးကို ချော့မြှူလိုက်ရသည်။ "မငိုကြပါနဲ့တော့။ ကျွန်တော် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာ ဝမ်းသာစရာပဲလေ။ ဒီလို ငိုနေကြရင် မသိတဲ့လူတွေက ကျွန်တော် တစ်ခုခု ဖြစ်သွားပြီလို့ ထင်ကုန်ကြပါဦးမယ်"

"ဘာတွေ လျှောက်ပြောနေတာလဲ" ဟွေ့အန်းကုန်းကျူက ငိုတစ်လှည့် ရယ်တစ်လှည့်ဖြင့် လီကျင့်၏ လက်မောင်းကို ရိုက်လိုက်လေသည်။

"အား..." လီကျင့်သည် ညည်းညူလိုက်ရာ ဟွေ့အန်းကုန်းကျူ လန့်သွားတော့သည်။ "ဘာဖြစ်သွားတာလဲ။ ငါ ရိုက်တာ ပြင်းသွားလို့လား"

ချောင်မိဖုရားခေါင်သည် အလျင်အမြန် ခေါင်းမော့ကြည့်လိုက်ရာ သားဖြစ်သူ၏ ပိန်လှီနွမ်းနယ်နေသော ပုံစံကို မြင်လိုက်ရ၏။ ဒဏ်ရာမကျက်သေးဘဲ ခရီးဝေး နှင်လာရသဖြင့် လူရုပ်ပင် မပေါက်တော့ချေ။ မိခင်ဖြစ်သူ၏ ရင်ထဲတွင် ဓားနှင့် မွှန်းသကဲ့သို့ နာကျင်သွားပြီး မျက်ရည်များ စီးကျလာပြန်သည်။ "ကြည့်စမ်းပါဦး... ပိန်လှီပြီး နွမ်းနယ်နေလိုက်တာ။ ဒဏ်ရာ မကျက်သေးဘဲ ခရီးဝေး နှင်လာရတော့ လူရုပ်တောင် မပေါက်တော့ဘူး"

လီကျင့်က ပြုံးရွှင်စွာ နှစ်သိမ့်လိုက်၏။ "နည်းနည်း ပိန်သွားတာပါ။ နန်းတော်ပြန်ရောက်ပြီး ကောင်းကောင်းစား ကောင်းကောင်းအိပ်လိုက်ရင် အရင်လို ပြန်ဖြစ်သွားမှာပါ။ မငိုကြပါနဲ့တော့။ လူတွေအများကြီး ကြည့်နေကြတာ မိဖုရားခေါင်ကြီးနဲ့ ဟွေ့အန်းကုန်းကျူတို့ ဒီလို အမူအရာ ပျက်ယွင်းလို့ ဘယ်ဖြစ်မလဲ"

သားအမိနှစ်ယောက်သည် နားမဝင်ဘဲ ဆက်လက် ဖက်လဲတကင်း ငိုကြွေးနေကြလေသည်။

စတုတ္ထမင်းသားသည် ဘေးတွင် တစ်ယောက်တည်း ကျန်ရစ်နေသော်လည်း မျက်နှာငယ်ခြင်း မရှိပေ။

သွေးတစ်ဝက်တော်သည့် မောင်နှမများ ဖြစ်သဖြင့် လစ်လျူရှုခံရခြင်းမှာ သာမန်ကိစ္စပင်။ သူ့မယ်တော် ရောက်လာရင် သူ့အတွက် ငိုပေးမဲ့သူ ရှိလာမှာပါ... နေပါဦး။ ဒီစကားက တစ်မျိုးကြီး ဖြစ်နေသလိုပဲ။ ဖွီး ဖွီး ဖွီး။

တွေးနေစဉ်မှာပင် ရင်းနှီးကျွမ်းဝင်သော လူရိပ်တစ်ခု အပြေးအလွှား ရောက်ရှိလာပြီး အဝေးကတည်းက စတင် ငိုကြွေးလေတော့သည်။ "အားရှန်း... သား ပြန်ရောက်လာပြီပဲ"

စတုတ္ထမင်းသား "..."

ချင်ဖေးသည် ငိုယိုကာ ပြေးဝင်လာပြီး သားဖြစ်သူကို တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။

စတုတ္ထမင်းသားသည် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး တိုးတိုးလေး ပြောလိုက်ရတော့သည်။ "မူဖေး... ကျွန်တော် မြို့တော်ကနေ ထွက်သွားတာ လေးလပဲ ရှိပါသေးတယ်။ နှစ်နှစ်သုံးနှစ် ကြာသွားတာမှ မဟုတ်တာ။ ဒဏ်ရာလည်း မရဘူး ပိန်လည်း မပိန်သွားဘူး။ အကုန် အကောင်းအတိုင်း ရှိနေတာကို ဘာလို့ ငိုနေရတာလဲ"

ချင်ဖေးသည် ဂရုမစိုက်ဘဲ သားဖြစ်သူကို တင်းကြပ်စွာ ဖက်ထားပြီး မျက်ရည်နှပ်ချေးများဖြင့် ငိုကြွေးလေတော့သည်။

အမွှေးတိုင် တစ်တိုင်စာ ကြာပြီးနောက်မှ ချောင်မိဖုရားခေါင်၏ စိတ်ခံစားချက်များ တည်ငြိမ်သွားပြီး မျက်ရည်သုတ်ကာ ပြောလိုက်သည်။ "ဒီမှာ ဆက်မနေကြနဲ့တော့။ နန်းတော်ထဲ အမြန် ဝင်ကြစို့"

လီကျင့်က ခေါင်းညိတ်လိုက်သည်။

ဟွေ့အန်းကုန်းကျူသည်လည်း မခွဲချင်ခွဲချင်ဖြင့် လက်လွှတ်လိုက်ရသည်။

ဟိုဘက်တွင်လည်း ချင်ဖေးသည် ငိုနေသည်ကို ရပ်လိုက်ပြီး မျက်ရည်သုတ်ကာ ပြောလိုက်လေသည်။ "အားရှန်း... အိပ်ဆောင်ကို အမြန် ပြန်ရအောင်။ သားရဲ့ သားလေးကို သွားကြည့်ရမယ်"

စတုတ္ထမင်းသားသည် အံ့သြသွားပြီး "ဒီလောက် မြန်မြန် မွေးပြီလား" ဟု မေးလိုက်မိသည်။

အချိန်တွက်ကြည့်လျှင် ကျောက်ယွီ မွေးဖွားရန် လိုသေးသည်။ ဘာကြောင့် စောစီးစွာ မွေးဖွားရသနည်း။

ချင်ဖေးသည် သက်ပြင်းချလိုက်ပြီး ချောင်မိဖုရားခေါင်ဘက်သို့ တစ်ချက် လှမ်းကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ပြောရရင် ရှည်ပါတယ်။ အရင် ပြန်ကြရအောင်။ နောက်မှ အသေးစိတ် ပြောပြမယ်"

ကြည့်ရတာ သူ မရှိတဲ့ ကာလအတွင်း ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့ပုံရတယ်။

စတုတ္ထမင်းသား ခေါင်းညိတ်လိုက်ပြီး ချင်ဖေးနှင့်အတူ နန်းတော်ထဲသို့ ဝင်ရောက်သွားလေသည်။

လီကျင့်ကတော့ အိမ်ပြန်ချင်စိတ် ပြင်းပြနေသဖြင့် ခြေလှမ်းကျဲကြီးများဖြင့် အိမ်ရှေ့စံအိမ်တော်သို့ ဦးတည်သွားတော့သည်။

ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့သည် အစပိုင်းတွင် နောက်မှ မီအောင် လိုက်ပါသွားကြသော်လည်း နောက်ပိုင်းတွင် မမီတော့ဘဲ ဝေးကွာသွားသည့်လီကျင့်ကို ကြည့်နေလိုက်ရတော့သည်။

ချောင်မိဖုရားခေါင်က မကျေမနပ် ရေရွတ်လိုက်၏။ "ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ။ လုရှီနဲ့ ကလေးတွေက အိမ်ရှေ့စံအိမ်တော်ထဲမှာပဲ ရှိနေတာ ထွက်ပြေးသွားမှာမှ မဟုတ်တာ"

ဟွေ့အန်းကုန်းကျူက မျက်စောင်းထိုးလိုက်သည်။ "မူဟုပ်က အာ့တိကို ပြောရက်တယ်။ ခုနက သမီးက ကျောင်းဖန်နန်းဆောင်မှာ စောင့်ပါလို့ ပြောတာတောင် မရဘဲ နန်းတော်တံခါးဝအထိ လာကြိုတာ ဘယ်သူလဲ"

ဒါကလည်း ဟုတ်တာပဲ။

သားဖြစ်သူကို စောစောစီးစီး တွေ့လိုက်ရမှ စိတ်အေးရတာ။

လီကျင့်သည် သားမယားနှင့် ခွဲခွာနေရသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်၍ မည်မျှ လွမ်းဆွတ်နေမည်ကို ခန့်မှန်းကြည့်နိုင်သည်။

ချောင်မိဖုရားခေါင်သည် သက်ပြင်းချရင်း ဆက်လက် လျှောက်လှမ်းလေသည်။ ဟွေ့အန်းကုန်းကျူက တိုးတိုးလေး မေးလိုက်သည်။ "မူဟုပ်လည်း အိမ်ရှေ့စံအိမ်တော်ကို လိုက်သွားမှာလား။ သူတို့လင်မယား ပြန်ဆုံခါစဆိုတော့ ပြောစရာ စကားတွေ ရှိမှာပဲ။ ကျွန်မတို့ လိုက်သွားရင် အဆင်ပြေပါ့မလား"

ချောင်မိဖုရားခေါင် မကျေမနပ် ဖြစ်သွားသည်။ "ငါတို့သားအမိလည်း ပြန်ဆုံတာပဲလေ။ ငါက မိခင်တစ်ယောက်အနေနဲ့ သားနဲ့ စကားပြောခွင့် မရှိတော့ဘူးလား"

ကောင်းပါပြီ။ သူမ ပါးစပ်ပိတ်ထားလိုက်ပါတော့မယ်။

...

အဝေးကတည်းက အိမ်ရှေ့စံအိမ်တော်၏ တံခါးဝတွင် ရပ်နေသော မိန်းမပျိုတစ်ဦးကို လှမ်းမြင်နေရသည်။

အဝေးကမို့ မျက်နှာကို သေချာမမြင်ရသော်လည်း မည်သူဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။

"ရှောင်ယွိ..." လီကျင့်သည် အော်ခေါ်လိုက်ပြီး စိတ်မထိန်းနိုင်တော့ဘဲ အပြေးသွားလိုက်တော့သည်။ ထိုမိန်းမပျိုသည်လည်း လှုပ်ရှားလာပြီး သူ့ထက်ပင် လျင်မြန်စွာ ပြေးဝင်လာကာ ရင်ခွင်ထဲသို့ တိုးဝင်ဖက်ထားလိုက်လေတော့သည်။

ခြောက်သွေ့နေသော မြစ်ပြင်ကြီးထဲသို့ ရေအလျဉ် ဝင်ရောက်လာသလို။

ပျောက်ဆုံးနေသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ပြန်လည် ဆက်စပ်သွားသလို။

လီကျင့်သည် လုမင်ယွိကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး နှာခေါင်းရှုံ့ကာ မျက်ရည်များ ကျဆင်းလာတော့သည်။ သူ စကားပြောချင်သော်လည်း အသံများ လည်ချောင်းဝတွင် တစ်ဆို့နေပြီး စကားတစ်လုံးမှ ထွက်မလာပေ။

လုမင်ယွိလည်း ထိုနည်းတူပင် ဆို့နင့်နေမိကာ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာသည်။

လီကျင့်... ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီ။

ခွဲခွာနေရသည့် နေ့ရက်များတွင် လွမ်းဆွတ်တမ်းတခဲ့ရသမျှ အားလုံး ယခုအချိန်တွင် ရင်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။

ကလေးငယ်တစ်ဦးသည် သူတို့နှစ်ဦးကြားထဲသို့ အတင်းတိုးဝင်လာသည်။ "မေမေ... သူက ဘယ်သူလဲဟင်"

အသံလေးက နုနယ်ပြီး ချစ်စရာကောင်းလိုက်တာ။

လီကျင့်သည် အံ့သြဝမ်းသာသွားပြီး ငုံ့ကြည့်လိုက်ရာ ဖက်တီးလုံးလေး တစ်လုံးကို တွေ့လိုက်ရ၏။ ထိုဖက်တီးလုံးလေးက သူ့ကို မော့ကြည့်နေသည်။ မျက်လုံးဝိုင်းဝိုင်းလေးများသည် ကြည်လင်တောက်ပနေသည်။

"ဒါ ရွှီအာလား ရွှမ်းအာလား" လီကျင့်သည် ကလေးကို ပွေ့ချီလိုက်ပြီး မေးလိုက်သည်။

ရွှီအာအကြောင်း ပြောလိုက်သည်နှင့် လုမင်ယွိ၏ မျက်ဝန်းများ မှေးမှိန်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒါ ရွှမ်းအာပါ။ ရွှီအာက နေမကောင်းဖြစ်နေတယ်။ ခဏနေကျမှ အသေးစိတ် ပြောပြမယ်"

လီကျင့်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး လုမင်ယွိကို ကြည့်လိုက်သည်။

ထို့နောက် လုမင်ယွိသည် လီကျင့်၏ ပိန်လှီသော ပါးပြင်ကို ကိုင်လိုက်ပြီး ပြောလိုက်လေသည်။ "ရှင် တော်တော် ပိန်သွားပြီး ရုပ်ဆိုးသွားတယ်"

လီကျင့် "..."

လီကျင့်သည် ဝမ်းနည်းပက်လက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ကိုယ် သိပါတယ်။ မင်းက ကိုယ့်ရဲ့ မျက်နှာကိုပဲ ကြိုက်တာမလား"

ရင်းနှီးကျွမ်းဝင်သော အသံနေအသံထားကြောင့် လုမင်ယွိ ရယ်မောလိုက်မိတော့သည်။

လီကျင့်က "ရှောင်ယွိ... မင်းလည်း ပိန်သွားတယ်" ဟု စိတ်မကောင်းစွာ ပြောလိုက်သည်။

ဒဏ်ရာရထားတာရယ် ဒဏ်ရာကုသနေရတာရယ်ကြောင့် ဘယ်လိုလုပ် မပိန်ဘဲ နေမှာလဲ။

လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒါဆိုရင် နှစ်ယောက်လုံး အတူတူပါပဲ။ ဘယ်သူ့ဘယ်သူမှ အပြစ်မပြောကြေး"

ရွှမ်းအာသည် လစ်လျူရှုခံထားရသဖြင့် မကျေမနပ် ဖြစ်လာပြီး ထပ်မေးတော့သည်။ "မေမေ... သူက ဘယ်သူလဲလို့"

လုမင်ယွိသည် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ရွှမ်းအာ... ဒါ သမီးရဲ့ ဖေဖေလေ။ ဖေဖေလို့ ခေါ်လိုက်ဦး"

ရွှမ်းအာသည် သံသယဖြင့် ခေါင်းစောင်းကြည့်လိုက်ပြီး နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ "မတူပါဘူး" စာကြည့်ခန်းထဲတွင် ဖေဖေပုံတူ ပန်းချီကား ရှိပြီး ရွှမ်းအာ မကြာခဏ ကြည့်ဖူးသည်။ သို့သော် ယခု ဖေဖေသည် ပန်းချီကားထဲက ဖေဖေနှင့် မတူပေ။

လီကျင့်သည် သဘောကျသွားပြီး ရွှမ်းအာ၏ နှာခေါင်းလေးကို တို့ထိလိုက်သည်။ "ဖေဖေက ပိန်သွားလို့ ပန်းချီကားနဲ့ မတူတာပါ။ နောက်ကျရင် ဖေဖေ ဝလာရင် အရင်လို ပြန်ဖြစ်သွားမှာပါ"

ရွှမ်းအာသည် သေချာစိုက်ကြည့်ပြီးမှ "ဖေဖေ" ဟု ခေါ်လိုက်လေတော့သည်။

...

အပိုင်း (၄၂၂) ပြန်ရောက်ခြင်း (၃)

လီကျင့်သည် "အေး" ဟု ကျယ်လောင်စွာ ထူးလိုက်လေသည်။

ခွဲခွာခြင်း၏ ဝမ်းနည်းမှုအားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ရင်ထဲတွင် ဝမ်းသာပီတိများဖြင့် ပြည့်နှက်သွားတော့သည်။

သွေးသည် ရေထက် ပစ်သည်။ သားအဖ သံယောဇဉ်သည် သဘာဝတရားပင်။ ရွှမ်းအာသည် အော်ခေါ်လိုက်ပြီးနောက် လီကျင့်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ မတော်တဆ လီကျင့်၏ ရင်ဘတ်မှ ဒဏ်ရာနှင့် တိုက်မိသွားသည်။

လီကျင့်သည် မျက်မှောင်တစ်ချက်ပင် မကြုတ်လိုက်ပေ။

လုမင်ယွိသည် ဂရုစိုက်တတ်သူ ဖြစ်သဖြင့် ရွှမ်းအာကို ပွေ့ချီရန် ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ "ရှင့်ဒဏ်ရာ မကျက်သေးဘူး။ ရွှမ်းအာကို ကျွန်မ ချီမယ်"

လီကျင့်သည် ရှောင်တိမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မင်းလက်မောင်းလည်း ဒဏ်ရာရထားတာပဲ။ အားမစိုက်နဲ့။ ကိုယ်ပဲ ချီထားလိုက်မယ်"

ဒီလိုပြောမှပဲ နှစ်ယောက်စလုံး သနားစရာ ကောင်းနေမှန်း သိလိုက်ရသည်။

ဇနီးမောင်နှံနှစ်ဦးသည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြ၏။

ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့ ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ ချောင်မိဖုရားခေါင်သည် သားဖြစ်သူကို သနားသဖြင့် ရွှမ်းအာကို လှမ်းချီလိုက်ကာှ "ရွှမ်းအာက ဖက်တီးလုံးလေး ဖြစ်နေပြီ။ ငါ ချီတာတောင် လက်ညောင်းတယ်။ သား ဒဏ်ရာရှိနေတာ အားမစိုက်နဲ့"

မိခင်သည် သားကို ချစ်တာ ဘယ်လောက်ချစ်ချစ် မဝနိုင်ပေ။

လီကျင့်သည် ချောင်မိဖုရားခေါင်၏ စေတနာကို လက်ခံလိုက်သည်။ "မူဟုပ်က သားကို ချစ်လို့ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်"

အားလုံး အိမ်ရှေ့စံအိမ်တော်ထဲသို့ ဝင်ရောက်သွားကြသည်။

လီကျင့်သည် ရွှီအာကို စိတ်ပူနေသဖြင့် "ရွှီအာ ဘာဖြစ်တာလဲ" ဟု မေးလိုက်လေသည်။

ချောင်မိဖုရားခေါင်၏ မျက်နှာ ညှိုးငယ်သွားပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ပြောရရင် ရှည်ပါတယ်။ အဲ့ဒီနေ့က လုရှီ စစ်တပ်ဦးဆောင်ပြီး ယန်ထော်ကို လုပ်ကြံဖို့ ထွက်သွားတုန်း ကလေးနှစ်ယောက် အိမ်ရှေ့စံအိမ်တော်မှာ ကျန်ခဲ့တာ။ မထင်မှတ်ဘဲ စူးဖေးက ယုတ်မာတဲ့စိတ် မွေးပြီး ကုန်းကုန်းတစ်ယောက်ကို လာဘ်ထိုးပြီး ရွှီအာနဲ့ ရွှမ်းအာကို အဆိပ်ခတ်ခိုင်းခဲ့တာ..."

စကားမဆုံးခင်မှာပင် လီကျင့်၏ မျက်နှာထား ပြောင်းလဲသွားသည်။ "ရွှီအာ ဘယ်လိုနေသေးလဲ"

"မပူပါနဲ့" လုမင်ယွိက ဝင်ပြောလိုက်သည်။ "ရွှမ်းအာက ဘာမှ မဖြစ်ပါဘူး။ ရွှီအာက အဆိပ်မိသွားပေမယ့် အဆိပ်မပြင်းပါဘူး။ တော်ဝင်သမားတော်တွေက အပ်စိုက်ကုသပေးနေပြီး ဆေးရည်စိမ်တာ၊ ဆေးသောက်တာတွေ လုပ်ပေးနေပါတယ်။ အခုဆိုရင် တော်တော် သက်သာလာပါပြီ။ ဒါပေမဲ့ ကုတင်ပေါ်က မဆင်းနိုင်သေးသလို အခန်းထဲကလည်း အပြင်မထွက်ရသေးဘူး။ ရှင် သားကို တွေ့ချင်ရင် ခဏနေ သွားတွေ့လိုက်လေ"

လီကျင့်သည် စိတ်ပူပန်လွန်းသဖြင့် ဆက်မစောင့်နိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်သည်။ "အခုပဲ သွားတွေ့မယ်"

လုမင်ယွိသည် လီကျင့်၏ စိတ်ဆန္ဒကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ကျွန်မ လိုက်ပို့ပေးမယ်"

ရွှမ်းအာက "ကိုကို" ဟု အော်ခေါ်လိုက်၏။ ချောင်မိဖုရားခေါင်လည်း မြေးတော်လေးကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ လွမ်းဆွတ်နေသဖြင့် ပြောလိုက်လေသည်။ "ပန်ကုံးလည်း ရွှီအာကို လိုက်ကြည့်မယ်"

ဟွေ့အန်းကုန်းကျူက ပြောစရာမလိုဘဲ အတူလိုက်ပါသွားလေသည်။

ရွှီအာသည် ဆေးရည်စည်ပိုင်းထဲတွင် ကိုယ်လုံးတီးဖြင့် စိမ်နေပြီး အိပ်ချင်မူးတူး ဖြစ်နေစဉ် ခြေသံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ကြီး ဝိုင်းရံလာသည်ကို တွေ့လိုက်ရသည်။

မေမေ၊ ဘွားဘွား၊ ဒေါ်ဒေါ်၊ ညီမလေး။

နေပါဦး... ဒီလူက ဘယ်သူလဲ။

ရွှီအာသည် မျက်လုံးကို ပြူးကာ ကြည့်လိုက်သည်။ မျက်ရည်ဝဲနေသော လီကျင့်ကို ကြည့်ပြီး "ခင်ဗျားက ဘယ်သူလဲ" ဟု မေးလိုက်လေသည်။

မောင်နှမနှစ်ယောက်သည် မူလက တစ်ပုံစံတည်း တူညီကြပြီး ဖခင်ဖြစ်သူပင် ဘယ်သူက အစ်ကို ဘယ်သူက ညီမ ခွဲခြားမရပေ။ အဆိပ်မိပြီးနောက် ရွှီအာသည် သိသိသာသာ ပိန်ကျသွားပြီး မျက်နှာလေး သေးသွားကာ ခန္ဓာကိုယ်လည်း ပိန်လှီသွားသည်။ ပိန်သွားသဖြင့် ရွှီအာသည် ပို၍ ချောမောလာသော်လည်း ဖြူဖျော့ပြီး အားနည်းနေပုံ ပေါက်နေလေသည်။

ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ် ရွှမ်းအာနှင့် သိသိသာသာ ကွာခြားသွားသည်။

လီကျင့်၏ လည်ချောင်းထဲတွင် တစ်စုံတစ်ခု ပိတ်ဆို့နေသကဲ့သို့ ဖြစ်နေပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ "ရွှီအာ... ဖေဖေက မင်းရဲ့ ဖေဖေလေ"

ရွှီအာသည် ရွှမ်းအာ ပြောသကဲ့သို့ပင် "မတူပါဘူး" ဟု ပြောလိုက်သည်။

လီကျင့်၏ မျက်ရည်များ စီးကျလာပြီး သားဖြစ်သူ၏ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ စကားဆက်မပြောနိုင်တော့ပေ။

လုမင်ယွိသည် နှာခေါင်းရှုံ့ကာ အပြုံးပုဒ်တစ်ခုကို ညှစ်ထုတ်ပြီး ရွှီအာကို ချော့မြှူလိုက်သည်။ "ဖေဖေက နေမကောင်းလို့ ပိန်သွားတာလေ။ ပန်းချီကားထဲကလောက် မချောတော့ဘူး။ ရွှီအာ နေမကောင်းလို့ ပိန်သွားသလိုပေါ့"

ရွှီအာသည် ထိုအခါမှ "ဖေဖေ" ဟု လိမ်လိမ်မာမာ ခေါ်လိုက်တော့သည်။

ချောင်မိဖုရားခေါင်သည် ခေါင်းကို တစ်ဖက်သို့ လှည့်ကာ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ရသည်။

...

လူတိုင်း၏ စိတ်ခံစားမှုများ ငြိမ်သက်သွားချိန်တွင် နာရီဝက်ခန့် ကြာသွားလေပြီ။

ရွှီအာသည် ဆေးရည်စိမ်ပြီးနောက် အဝတ်အစား ဝတ်ဆင်ကာ ဆေးသောက်ပြီး ဖခင်၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ လဲလျောင်းနေလေသည်။ လုမင်ယွိက ရွှမ်းအာကို ချီထားပြီး ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့လည်း ဘေးတွင် ထိုင်နေကြသည်။

ယခုအချိန်တွင် မိဖုရားခေါင်၊ အိမ်ရှေ့စံ၊ မင်းသမီး၊ အိမ်ရှေ့စံမိဖုရား ဟူသော ဂုဏ်ပုဒ်များ မရှိတော့ဘဲ မိသားစုဝင်များ ဆုံတွေ့ကြပြီး အလွမ်းသယ်နေကြခြင်းသာ ဖြစ်သည်။

"အားကျင့်... ရင်ဘတ်က ဒဏ်ရာအပြင် တခြား ဘယ်နေရာတွေ ထိခိုက်သေးလဲ" ချောင်မိဖုရားခေါင်က သားဖြစ်သူကို စိုးရိမ်တကြီး မေးလိုက်သည်။ သားဖြစ်သူ အသက်ကြီးနေပြီ မို့လို့သာ မဟုတ်လျှင် အဝတ်အစားများ ချွတ်ကြည့်ချင်နေလေပြီ။

လီကျင့်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ "စစ်တိုက်တယ်ဆိုတာ တစ်ခါတလေ ဒဏ်ရာအသေးစားလေးတွေ ရတတ်တာပဲလေ။ အကုန် ပျောက်ကင်းသွားပါပြီ။ အမာရွတ်တောင် မကျန်ပါဘူး။ မူဟုပ် စိတ်မပူပါနဲ့"

ဟွေ့အန်းကုန်းကျူက ကြားဖြတ်မေးလိုက်ပြန်သည်။ "ယန်စစ်သည်တွေကို လိုက်တိုက်တုန်းက နင် ဘယ်လို ဒဏ်ရာရသွားတာလဲ"

လီကျင့်သည် ထိုနေ့က အဖြစ်အပျက်ကို ပြန်တွေးမိပြီး ကြောက်လန့်တကြား ဖြစ်မိသေးသည်။ သူက လေသံတိုးတိုးဖြင့် ဖြေလိုက်၏။ "ယန်ထော်က နာမည်မကြီးပေမယ့် တော်တော် ကောက်ကျစ်ပြီး ဉာဏ်များတဲ့လူပဲ။ သူက အသေခံတပ်သားတွေကို တိတ်တဆိတ် လေ့ကျင့်ပေးထားတယ်။ အဲ့ဒီ အသေခံတပ်သားတွေက စစ်မြေပြင်ရောက်ရင် ဓားတွေ လှံတွေကို မကြောက်ဘဲ ရူးသွပ်နေသလိုပဲ အလယ်တပ်ကို ဝင်တိုက်ကြတာ။ ကျွန်တော့် ဘေးနားက ကိုယ်ရံတော်တွေ တော်တော် အငိုက်မိသွားပြီး တပ်ပျက်လုနီးပါး ဖြစ်သွားသေးတယ်"

"အသေခံတပ်သားတွေထဲမှာ မြှားပစ်ကျွမ်းကျင်တဲ့လူတွေ ပါလာတယ်။ ကံကောင်းလို့ ကျွန်တော့် သံချပ်ကာထဲမှာ သံကြိုးအင်္ကျီ ဝတ်ထားလို့သာ။ အဲ့ဒီမြှားက အသက်အန္တရာယ် ထိခိုက်တဲ့နေရာကို မထိသွားဘူး။ ဒါပေမဲ့ ကျွန်တော် နှစ်လနီးပါး ကုတင်ပေါ်မှာ လဲနေခဲ့ရတယ်"

အားလုံး နားထောင်ရင်း ထိတ်လန့်သွားကြသည်။

ချောင်မိဖုရားခေါင်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ရသည်။ "တကယ် ကောင်းကင်ဘုံက ကူညီမလို့ပဲ"

ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့ ရှေ့တွင် လုမင်ယွိ ဘာမှ မပြောနိုင်ဘဲ လီကျင့်ကို နက်နက်ရှိုင်းရှိုင်း ကြည့်နေလိုက်မိသည်။

ထိုအကြည့်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နှင့် ဝမ်းနည်းစိတ်များ ပါဝင်နေသည်ကို လီကျင့်တစ်ယောက်သာ နားလည်လေသည်။

လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး လုမင်ယွိကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

လုမင်ယွိ၏ မျက်ဝန်းထဲတွင်လည်း အပြုံးရိပ်များ ယှက်သန်းသွားတော့သည်။

ဇနီးမောင်နှံနှစ်ဦး မျက်လုံးချင်း စကားပြောနေကြသည်မှာ အခန်းထဲတွင် အနည်းငယ် ပူအိုက်လာသလိုပင်။ ဟွေ့အန်းကုန်းကျူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ချောင်မိဖုရားခေါင်ကို မျက်ရိပ်ပြလိုက်တော့သည်။ "ကျွန်မတို့ ပြန်သင့်ပြီမလား"

ချောင်မိဖုရားခေါင်သည် မပြန်ချင်သဖြင့် မမြင်ချင်ယောင်ဆောင်ကာ ဆက်လက် မေးမြန်းလေသည်။ "လမ်းခရီးကြမ်းတော့ ဒဏ်ရာပြန်ကြွသေးလား"

လီကျင့်က ချောင်မိဖုရားခေါင်ကို ပြုံးကာ နှစ်သိမ့်လိုက်သည်။ "ကျွန်တော်စီးတဲ့ မြင်းလှည်းကို သေချာ ပြင်ဆင်ထားပါတယ်။ မြင်းလှည်းပေါ်မှာ ကုတင်ကျဉ်းလေး ထားပေးထားပြီး မွေ့ရာအထူကြီး ခင်းထားပါတယ်။ စစ်တပ်က ခရီးနှင်ရတာ ပင်ပန်းပေမယ့် ကျွန်တော်က နေ့တိုင်း ကုတင်ပေါ်မှာ လဲလျောင်းလိုက်ပါလာတာဆိုတော့ မပင်ပန်းပါဘူး။ တော်ဝင်သမားတော် နှစ်ယောက်လည်း ကျွန်တော့်ဘေးမှာ ရှိနေပြီး နေ့တိုင်း သွေးခုန်းနှုန်းစမ်း၊ ဆေးစာရေး၊ ဆေးကျိုပေးနေကြတာ တစ်ရက်မှ မပျက်ပါဘူး"

"ပြောတာတော့ လွယ်တာပေါ့။ ဒဏ်ရာရထားတာကို ကောင်းကောင်း မနားဘဲ ခရီးဝေး နှင်လာရတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ဒီလောက် နှိပ်စက်နေတာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ" ချောင်မိဖုရားခေါင်က နှာသံကြီးဖြင့် ပြောလိုက်သည်။ "ကိုယ့်အတွက် မစဉ်းစားရင်တောင် ကိုယ့်မိခင်အတွက် ထည့်စဉ်းစားပေးသင့်တယ်။ ပြီးတော့ ဇနီးနဲ့ သားသမီးတွေ၊ အစ်မအရင်းတွေက နင့်ကိုပဲ အားကိုးနေကြရတာ။ နောက်ဆိုရင် ဒီလို လုံးဝ မလုပ်ပါနဲ့တော့"

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျွန်တော် ကတိပေးပါတယ်။ နောက်ဆိုရင် ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်။ မပျောက်မချင်း အိမ်ရှေ့စံအိမ်တော်ကနေ ခြေတစ်လှမ်းမှ အပြင်မထွက်ပါဘူး" လီကျင့်သည် ချောင်မိဖုရားခေါင်ကို ချော့မော့ ပြောဆိုလိုက်ရသည်။

လုမင်ယွိသည် ဝင်ပြောစရာ စကားမရှိတော့ပေ။

သို့သော် လုမင်ယွိသည် စိတ်ဆိုးခြင်း မရှိပေ။

သူမလည်း မိခင်တစ်ယောက် ဖြစ်နေပြီမို့ ချောင်မိဖုရားခေါင်၏ စိုးရိမ်ပူပန်မှုနှင့် သံယောဇဉ်ကို နားလည်ပေးနိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် လီကျင့် ပြန်ရောက်လာပြီပဲ။ ဇနီးမောင်နှံနှစ်ဦး စကားပြောချင်လျှင် အချိန်တွေ အများကြီး ရှိပါသေးတယ်။ အခုချက်ချင်း ပြောရမယ်လို့ မဆိုလိုပါဘူးလေ။

...

အပိုင်း (၄၂၃) ပြန်လည်ဆုံတွေ့ခြင်း (၁)

ကြာမြင့်စွာ ခွဲခွာခဲ့ရပြီးနောက် ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်သဖြင့် ပြောမကုန်နိုင်အောင်ပင် ဖြစ်နေတော့သည်။

မိုးပင်ချုပ်လုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ချောင်မိဖုရားခေါင်သည် အားရကျေနပ်ခြင်း မရှိသေးဘဲ နှုတ်မှ ပြောဆိုလာလေသည်။ "စားဖိုဆောင်ကို ညစာပြင်ခိုင်းလိုက်။ ဒီည ပန်ကုံးနဲ့ ဟွေ့အန်းတို့ အရှေ့နန်းဆောင်မှာပဲ ညစာစားကြမယ်"

လုမင်ယွိသည် ပြုံးလျက်ပင် ပြန်ပြောလိုက်လေသည်။ "အာရှီ အခုပဲ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"

ထို့နောက် ဟွေ့အန်းကုန်းကျူကို ရယ်မောကာ ပြောလိုက်ပြန်သည်။ "ဖုမာလည်း ရုံးဆင်းလောက်ပြီ။ ကျွန်မ လူလွှတ်ပြီး ဖုမာကို အရှေ့နန်းဆောင်ကို ဖိတ်လိုက်ပါ့မယ်။ လူများတော့ ပိုစည်ကားတာပေါ့"

ဖုမာကို မျက်နှာသာပေးခြင်းသည် ဟွေ့အန်းကုန်းကျူကို မျက်နှာသာပေးခြင်းပင် ဖြစ်လေသည်။

ဟွေ့အန်းကုန်းကျူသည် စိတ်နှလုံး ရွှင်လန်းသွားပြီး ပြုံးရွှင်စွာဖြင့်ပင် လက်ခံလိုက်လေသည်။

ဝူဖုမာ ရောက်ရှိလာသောအခါ အရှေ့နန်းဆောင်သည် ပိုမိုစည်ကား သွားတော့သည်။ ရွှီအာသည် ခန္ဓာကိုယ် အားနည်းနေသေးသဖြင့် အပြင်သို့ ပွေ့ချီထုတ်မရဘဲ လုမင်ယွိ၏ ချော့မြှူမှုဖြင့် အိပ်ခန်းထဲတွင်သာ နေရစ်ခဲ့ရသည်။

ရွှမ်းအာသည် မိဘများနောက်သို့ လိုက်ပါကာ စားသောက်ခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။ သူမ၏ ဖောင်းကားနေသော မျက်နှာလေးမှာ ပျော်ရွှင်ကြည်နူးနေပြီး ခဏနေလျှင် မိခင်ရင်းကို ကြည့်လိုက်၊ ခဏနေလျှင် ဖခင်ရင်းကို ကြည့်လိုက်နှင့် ဖြစ်နေလေသည်။

လီကျင့်မှာ သမီးဖြစ်သူ၏ ချစ်စဖွယ်ပုံစံကြောင့် နှလုံးသားများ အရည်ပျော်ကျမတတ် ဖြစ်သွားရပြီး သူမ၏ ပါးပြင်လေးကို ငုံ့ကာ နမ်းရှိုက်လိုက်လေသည်။ ရွှမ်းအာသည် ချက်ချင်းပင် အခြားပါးတစ်ဖက်ကို ထပ်ပေးလိုက်ရာ လီကျင့်မှာ ရယ်မောလိုက်မိပြီး ခေါင်းငုံ့ကာ ထပ်မံနမ်းရှိုက်လိုက်ပြန်သည်။

ရွှမ်းအာသည် အခွင့်အရေးရသည်နှင့် အဆစ်ပါ တောင်းဆိုတော့မည့်နှယ် ဖခင်ဖြစ်သူ၏ ခြေထောက်ပေါ်သို့ တက်ထိုင်လိုက်တော့သည်။

လုမင်ယွိသည် ရယ်မောကာ ရွှမ်းအာကို မျက်စောင်းထိုးပြီး ပြောလိုက်လေသည်။ "သမီးက ဒီလောက်လေးတာ။ ဖေဖေ လေးလံနေပါဦးမယ်။ မြန်မြန်ဆင်း"

လီကျင့်က ချက်ချင်းပင် ဝင်ပြောလေသည်။ "နည်းနည်းလေးမှ မလေးပါဘူး။ ဖေဖေ့ပေါင်ပေါ်မှာပဲ ထိုင်နေ။ ဆင်းစရာမလိုဘူး"

လုမင်ယွိသည် ပြုံးလျက်ပင် မျက်စောင်းထိုးလိုက်လေသည်။ "ရှင် သူ့ကို အရမ်း အလိုမလိုက်နဲ့"

လီကျင့်သည် ဖောင်းကားနေသော သမီးငယ်လေးကို ပွေ့ဖက်ထားလိုက်ပြီး ရင်ထဲတွင် ကြည်နူးမှုများဖြင့် ပျော့ပျောင်းနေတော့သည်။ "ကိုယ် ကလေးနဲ့ မတွေ့ရတာ ဒီလောက်ကြာနေပြီပဲ။ ခဏလောက် အလိုလိုက်လိုက်ရုံနဲ့ ဘာမှမဖြစ်ပါဘူး"

လုမင်ယွိသည် နှာခေါင်းထိပ်လေးများ ယားယံကာ ဝမ်းနည်းသွားသဖြင့် စကားထပ်မဆိုတော့ချေ။

ရွှမ်းအာကတော့ မျက်လုံးဝိုင်းလေးများကို ကလယ်ကလယ်လုပ်ကာ မေမေနှင့် မေမေကြားတွင် ဟိုကြည့်ဒီကြည့် လုပ်နေလေသည်။ တစ်ခွန်းဆို တစ်ခွန်း ပြတ်သားသည့် မိခင်ဖြစ်သူသည် ယနေ့တွင် ဖခင်၏ စကားကို နားထောင်နေသည်မှာ သူမအဖို့ အံ့ဩစရာ ဖြစ်နေပုံရသည်။

လီကျင့်သည် ခေါင်းငုံ့ကြည့်လိုက်ရာ သမီးဖြစ်သူ၏ အထင်ကြီး အားကျနေသော အကြည့်ကို မြင်လိုက်ရသဖြင့် မရယ်မောဘဲ မနေနိုင်တော့ချေ။ သူသည် လက်ကိုဆန့်ကာ သမီးဖြစ်သူ၏ ပါးပြင်လေးကို ပွတ်သပ်လိုက်ပြီး အသံကို တမင်နှိမ့်ကာ ပြောလိုက်လေသည်။ "သမီးက မေမေ့စကား နားထောင်ရမယ်။ ဖေဖေလည်း မေမေ့စကားကို နားထောင်ရတာ"

ရွှမ်းအာသည် စိတ်ပျက်သွားသည့်ဟန်ဖြင့် "ဟုတ်" ဟု အသံပြုလိုက်သည်။

ထိုသက်ဝင်လှုပ်ရှားနေသော မျက်နှာအမူအရာလေးကြောင့် လူတိုင်းမှာ သဘောကျစွာ ရယ်မောလိုက်ကြလေသည်။

ချောင်မိဖုရားခေါင်သည် လုမင်ယွိက ကလေးများကို တင်းတင်းကျပ်ကျပ် ဆုံးမလွန်းသည်ဟု စိတ်ထဲတွင် အမြဲတမ်း အပြစ်တင်ချင်နေခဲ့သော်လည်း ပုံမှန်အချိန်များတွင် သည်းခံကာ ထုတ်မပြောခဲ့ပေ။ ယခုအချိန်တွင်မူ တစ်ဝက်ပြောင် တစ်ဝက်နောက်သလိုဖြင့် ပြောလိုက်တော့သည်။ "ကလေးက ငယ်ပါသေးတယ်။ ဘာမှ နားလည်တာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း သင်ပေးလို့ ရပါတယ်။ အရမ်းကြီး တင်းကျပ်မနေပါနဲ့။ ကြည့်ပါဦး ရွှမ်းအာ ကြောက်နေတာကို"

လုမင်ယွိသည် ပြုံးရုံသာပြုံးပြီး စကားပြန်မပြောချေ။

လီကျင့်က သဘာဝကျကျပင် ဝင်ပြောလိုက်လေသည်။ "ကလေးက ငယ်နေသေးလို့ စည်းကမ်းသတ်မှတ်ပေးရတာပါ။ ဆုံးမသင့်တဲ့အချိန်မှာ စိတ်မပျော့သင့်ပါဘူး။ မဟုတ်ရင် ဆိုးသွမ်းပြီး ထင်ရာစိုင်းတဲ့ အကျင့်တွေ ပါသွားလိမ့်မယ်"

ချောင်မိဖုရားခေါင်က သားဖြစ်သူကို တစ်ချက် စွေကြည့်လိုက်လေသည်။ "မင်း ပြောတဲ့အတိုင်းဆိုရင် မင်းတို့မောင်နှမနှစ်ယောက်က လောကမှာ အဆိုးသွမ်းဆုံးနဲ့ ထင်ရာစိုင်းဆုံး ဖြစ်နေသင့်တာပေါ့"

လီကျင့်က ပါးစပ်ဖြဲကာ ရယ်မောလိုက်လေသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မူဟုပ်က ကျွန်တော်တို့ မောင်နှမတွေကို သေချာ ပြုစုပျိုးထောင်ပေးခဲ့တာလေ။ လောကမှာ ပြိုင်ဘက်ကင်းပြီး ရှာမှရှားပါပဲ"

ကြာရှည်စွာ ဝေးကွာနေခဲ့ရသည့် ရင်းနှီးကျွမ်းဝင်သော မြှောက်ပင့်စကားသည် ဟိန်းထွက်လာတော့သည်။

ချောင်မိဖုရားခေါင်သည် အသံထွက် ရယ်မောလိုက်မိပြီး နောက်ဆုံးတော့ ဆက်ပြီးပွစိပွစိ မပြောတော့ချေ။

နှစ်နှစ်နီးပါး ကြာမြင့်ပြီးနောက် ဤမြင်ကွင်းသည် မျက်စိရှေ့တွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ လုမင်ယွိသည်လည်း ရင်းနှီးနွေးထွေးမှုကို ခံစားလိုက်ရပြီး နှုတ်ခမ်းကို ဖိကာ အသာပြုံးလိုက်မိတော့သည်။

...

ညစာသုံးဆောင်ပြီးနောက်တွင် ချောင်မိဖုရားခေါင်သည် နောက်ဆုံးတော့ နေရာမှထကာ ပြန်လည်ထွက်ခွာသွားလေသည်။

လုမင်ယွိနှင့် လီကျင့်တို့သည် ချောင်မိဖုရားခေါင်နှင့် အခြားသူများကို အရှေ့နန်းဆောင်အပြင်အထိ လိုက်ပါပို့ဆောင်ပေးလိုက်ကြသည်။ လူများ ပြန်သွားကြသောအခါ ဇနီးမောင်နှံနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး နားလည်မှုအပြည့်ဖြင့် လက်ချင်းချိတ်ကာ အိပ်ဆောင်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းပြန်လာခဲ့ကြသည်။

ရွှမ်းအာသည် တစ်နေ့ကုန် ဆော့ကစားထားသဖြင့် အထိန်းတော်က ရေချိုးပေးပြီး အဝတ်အစား လဲလှယ်ပေးကာ သိပ်လိုက်သောအခါ အိပ်ပျော်သွားလေတော့သည်။

ရွှီအာသည် ပုံမှန်ဆိုလျှင် စောစောအိပ်တတ်သော်လည်း ယနေ့တွင် လုံးဝ မအိပ်ဘဲ မိဘနှစ်ပါးကို မရရအောင် စောင့်ဆိုင်းနေခဲ့သည်။

စောင့်ရင်း စောင့်ရင်းဖြင့် ချီယွင်သာ ရောက်လာခဲ့သည်။

ချီယွင်သည် ရွှီအာကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ပြီး ကျောကုန်းလေးကို ဖွဖွပုတ်ပေးကာ နူးညံ့စွာ ချော့မြှူလိုက်လေသည်။ "မိုးအရမ်းချုပ်နေပါပြီ။ ရွှီအာလေး လိမ္မာတယ် အိပ်လိုက်တော့နော်။ မနက်ဖြန် မနက်ကျမှ ဖေဖေနဲ့ မေမေကို တွေ့ရလိမ့်မယ်"

ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့သည် မြင်းလှည်းကို အတူစီးကာ ကုန်းကျူအိမ်တော်သို့ ပြန်လာခဲ့ကြ၏။ ဒီလပိုင်းအတွင်းတွင် ဇနီးမောင်နှံနှစ်ဦးသည် အတူနေရချိန်နည်းပြီး ခွဲခွာရချိန် များပြားခဲ့သဖြင့် မြင်းလှည်းထဲတွင် ခေါင်းချင်းဆိုင်ကာ လက်ချင်းဆုပ်ကိုင်လျက် ရင်းနှီးစွာ တီးတိုးစကားဆိုနေကြလေသည်။

"မူဟုပ်က တကယ် ရယ်စရာကောင်းတယ်" ဝူဖုမာက အသံတိုးတိုးဖြင့် ရယ်မောပြောဆိုလေသည်။ "အရှေ့နန်းဆောင်မှာ နေ့တစ်ဝက်လောက် နေပြီးမှ ပြန်လာတော့တယ်"

သူများလင်မယား နှစ်ယောက် ကြာကြာခွဲခွာပြီးမှ ပြန်ဆုံတွေ့ရတာမို့ သီးသန့်စကားတွေ ဘယ်လောက် ပြောချင်နေမလဲ ဆိုတာကိုလည်း ထည့်မစဉ်းစားဘူးလေ။ ချောင်မိဖုရားခေါင်က အတင်းကပ်နေပြီး ပြန်ဖို့ငြင်းဆန်နေသည်မှာ ရယ်စရာကောင်းသလို လက်လန်စရာလည်း ကောင်းလှသည်။

ဟွေ့အန်းကုန်းကျူကတော့ မိခင်ရင်းဘက်ကနေ ကာကွယ်ပြောဆိုလေသည်။ "မူဟုပ်က နေ့တိုင်း အာ့တိကို သတိရနေတာ။ ဒီနေ့ ပြန်တွေ့ရတော့ မောင်လေးနဲ့ စကားများများ ပြောချင်တာ မဆန်းပါဘူး။ သူတို့လင်မယားနှစ်ယောက်က ညဘက်ကျရင် အတူတူရှိနေမှာပဲ။ တစ်ညလုံး စကားပြောချင်ရင်တောင် ရတာပဲကို။ ဘာတွေ လောစရာ ရှိလို့လဲ"

ဝူဖုမာနှင့် ဟွေ့အန်းကုန်းကျူတို့သည် ပေါင်းသင်းလာသည်မှာ နှစ်များစွာ ကြာမြင့်ပြီဖြစ်၍ သူမ၏ စိတ်သဘောထားကို ကောင်းစွာ သိရှိထားပြီး ပြန်လည်ငြင်းခုံမနေတော့ပေ။ သူသည် ခပ်တိုးတိုး ရယ်မောလိုက်ပြန်သည်။ "ကိုယ်တို့လည်း မတွေ့ရတာ ရက်နည်းနည်း ကြာနေပြီပဲ။ ပြန်ရောက်ရင် ကိုယ်တို့လည်း တစ်ညလုံး စကားပြောကြတာပေါ့"

ပြောရင်းဖြင့် သူ၏ လက်ချောင်းများက ဟွေ့အန်းကုန်းကျူ၏ လက်ဖဝါးပြင်လေးကို ပွတ်သပ်ကစားလိုက်လေသည်။

ဟွေ့အန်းကုန်းကျူ၏ ပါးပြင်လေးများသည် နီမြန်းသွားပြီး ပြုံးလျက်ပင် ဝူဖုမာကို နှာခေါင်းရှုံ့ကာ ပြောတော့သည်။ "အိုကြီးအိုမတွေ ဖြစ်နေပြီကို။ အီစီကလီ လုပ်တာကိုများ ပျော်စရာမှတ်နေတယ်"

ဝူဖုမာက မျက်နှာပြောင်တိုက်ကာ ပြုံးလိုက်ပြီး လက်ကိုဆန့်ထုတ်၍ ဟွေ့အန်းကုန်းကျူကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

ဟွေ့အန်းကုန်းကျူကလည်း ခင်ပွန်းသည်၏ ရင်ခွင်ထဲတွင် မှီတွယ်ထားရင်း ရုတ်တရက် စကားတစ်ခွန်း ပြောလိုက်သည်။ "နောက်ရက်နည်းနည်းလောက်နေရင် အားလပ်ရက်ရမှာ။ အဲဒီကျရင် ဝူအိမ်တော်ကို တစ်ခေါက်လောက် ပြန်ရအောင်။ ပြီးရင် လိအာကို ကုန်းကျူအိမ်တော်ကို ခေါ်လာပြီး ရက်နည်းနည်းလောက် လာနေခိုင်းရင် ကောင်းမလား"

ဝူမိသားစုသည် ဆွေစဉ်မျိုးဆက် ထွန်းကားပြီး မြေးအဆက်တွင် ယောက်ျားလေးခြောက်ယောက်၊ မိန်းကလေးနှစ်ယောက် စုစုပေါင်း ရှစ်ယောက်ရှိလေသည်။ လိအာသည် ဝူဖုမာ၏ ညီအရင်းမှ မွေးဖွားသော ဒုတိယသားဖြစ်ပြီး တူအရင်းခေါက်ခေါက် ဖြစ်ကာ ရွှီအာနှင့်လည်း ရွယ်တူပင်ဖြစ်သည်။

မွေးစားမည်ဆိုလျှင်တော့ သွေးသားတော်စပ်မှု အနီးစပ်ဆုံး တူကို ရွေးချယ်ရမည်မှာ အမှန်ပင်။ ထို့ပြင် ငယ်ရွယ်သူ ဖြစ်မှသာ နောင်တွင် ကိုယ့်သားအရင်းကဲ့သို့ ပြုစုပျိုးထောင်နိုင်မည် ဖြစ်သည်။

ဝူဖုမာသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခေါင်းမော့ကာ ဟွေ့အန်းကုန်းကျူကို ကြည့်လိုက်မိသည်။

ဟွေ့အန်းကုန်းကျူသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်ပြီး လေသံထဲတွင် ဝမ်းနည်းမှုများ ပါဝင်နေလေသည်။ "ဒီလောက်နှစ်တွေ ကြာခဲ့ပြီ။ ကျွန်မ ဗိုက်က ဘာမှ ထူးခြားမလာဘူး။ ကြည့်ရတာ ကလေးမရနိုင်တော့ဘူး ထင်တယ်။ ကျွန်မလည်း လက်ခံလိုက်ပါပြီ။ လိအာကိုပဲ ခေါ်ပြီး မွေးစားလိုက်ကြရအောင်"

"နောင်ကျရင် ကျွန်မတို့ လိအာကို ကိုယ့်သားအရင်းလို သဘောထားပြီး ပြုစုစောင့်ရှောက်ကြမယ်။ လိအာ ကြီးလာတဲ့အခါကျရင် ကျွန်မ ဖုဟွမ်ကို လျှောက်တင်ပြီး ကုန်းကျူအိမ်တော်ရဲ့ ရာထူးနဲ့ ပိုင်ဆိုင်မှုတွေကို လိအာကိုပဲ လွှဲပေးခိုင်းလိုက်မယ်"

ဝူမိသားစုထဲမှ ကလေးကို ရွေးချယ်မွေးစားခြင်းသည် ဝူမိသားစုအတွက် အကျိုးအရှိဆုံးပင်။ လိအာ၏ မိဘအရင်းများကလည်း သေချာပေါက် သဘောတူကြပေလိမ့်မည်။

ဝူဖုမာကတော့ သိပ်ပြီးသဘောမကျချေ။ "နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ကြည့်ပါဦး။ ပြောမရဘူးလေ။ နောက်ထပ် တစ်နှစ်၊ နှစ်ဝက်လောက်နေရင် မင်း ကိုယ်ဝန်ရလာနိုင်တာပဲ။ ကလေးမရှိရင်လည်း ကိုယ်တို့လင်မယားနှစ်ယောက်တည်း နေရတာလည်း အတူတူပါပဲ။ နောင်ကျလို့ ကိုယ်တို့ အသက်ကြီးသွားရင် တူတွေကိုပဲ ပြုစုစောင့်ရှောက်ခိုင်းလိုက်ရင် ရတာပဲကို"

ဟွေ့အန်းကုန်းကျူသည် ဝူဖုမာကို မျက်စောင်းထိုးလိုက်လေသည်။ "ကျွန်မက သာ့ဝေတိုင်းပြည်ရဲ့ ကုန်းကျူတစ်ပါးပါနော်။ ဘယ်သူမှ လာမပြုစုမှာကို ကြောက်နေရမှာလား။ ကျွန်မက အိမ်တော်ကြီးက အရမ်း တိတ်ဆိတ်ခြောက်ကပ်နေလို့ ပြောနေတာ။ ကလေးတစ်ယောက်လောက် မွေးစားထားရင် အိမ်စည်တာပေါ့"

"ဘာပဲဖြစ်ဖြစ် ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ။ ရှင်သာ ပါးစပ်မဟရဲရင် ကျွန်မ ကိုယ်တိုင် အာ့တိနဲ့ ညီမလေးတို့ကို သွားပြောမယ်။ သူတို့ ခေါင်းညိတ်တာနဲ့ ကျွန်မ လိအာကို ကုန်းကျူအိမ်တော်ကို ခေါ်လာခဲ့မယ်။ နောက်ဆိုရင် ကျွန်မက လိအာရဲ့ အမေရင်းပဲ"

ဟွေ့အန်းကုန်းကျူသည် နောက်ပြောင်နေသည့်အရိပ်အယောင် နည်းနည်းလေးမျှ မရှိဘဲ အတည်ပြောနေပုံရလေသည်။

ဝူဖုမာမှာ သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်လိုက်ရတော့သည်။ ဟွေ့အန်းကုန်းကျူကို ရင်ခွင်ထဲသို့ ပြန်လည်ဆွဲသွင်းလိုက်ပြီး "ဒီလိုလုပ်လိုက်ရတာ မင်းကို စိတ်ဒုက္ခပေးသလို ဖြစ်နေပြီ"

ဟွေ့အန်းကုန်းကျူသည် နှာခေါင်းထိပ်လေးများ ယားယံလာပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရူးကြီး။ ကျွန်မက ဘာနစ်နာစရာ ရှိလို့လဲ။ နစ်နာတာက ရှင်မှ ဟုတ်မှာ"

ဝူဖုမာသည် ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ ဟွေ့အန်းကုန်းကျူကို နမ်းရှိုက်လိုက်လေသည်။ "မင်းကို ဇနီးအဖြစ် ပေါင်းသင်းရတာ ကိုယ့်ဘဝရဲ့ ကံအကောင်းဆုံး အရာပဲ"

...

All Chapters