အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အပိုင်း (၄၂၄) ပြန်လည်ဆုံတွေ့ခြင်း (၂)
လရောင်သည် ရေကဲ့သို့ ကြည်လင်နေပြီး ပြတင်းပေါက် ဇကာကွက်များမှတဆင့် ဖြူဖွေးသော အလင်းရောင်များ ကျရောက်နေလေသည်။
အိပ်ခန်းထဲတွင် ဖယောင်းတိုင်နှစ်တိုင် ထွန်းညှိထားပြီး အမွှေးတိုင်အိုးမှ ရင်းနှီးနေသော ရနံ့သင်းသင်းလေးများ ပျံ့လွင့်ထွက်ပေါ်နေသည်။ ကျယ်ဝန်းသော ကုတင်ကြီးကို ပိတ်ပါးစများဖြင့် လွှမ်းခြုံထားပြီး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်နှင့် ကမ္ဘာငယ်လေးတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤကမ္ဘာလေးထဲတွင် တခြားမည်သူမျှ မရှိဘဲ သူတို့ ဇနီးမောင်နှံနှစ်ဦးသာ ရှိလေ၏။
လီကျင့်သည် နူးညံ့အိစက်သော ခေါင်းအုံးပေါ်တွင် ခေါင်းမှီထားပြီး လုမင်ယွိကို ပွေ့ဖက်ထားကာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေသည်။ "စစ်တပ်ထဲမှာ နေခဲ့တာ ဒီလောက်ကြာသွားပြီ။ နေ့တိုင်း စစ်သည်တွေရဲ့ အနံ့အသက်တွေကိုပဲ ရနေပြီး မာကျောကျဉ်းမြောင်းတဲ့ ကုတင်ပေါ်မှာပဲ အိပ်ခဲ့ရတာ။ မိန်းမကို ဖက်ပြီး ကုတင်ပေါ်မှာ အိပ်ရတဲ့ အရသာကိုတောင် မေ့လုနီးပါး ဖြစ်နေပြီ"
လုမင်ယွိသည် တခစ်ခစ် ရယ်မောလိုက်ပြီး ကိုယ်ကိုစောင်းကာ ခေါင်းမော့လိုက်ပြီး လီကျင့်ကို စိတ်ဝင်တစား ကြည့်လိုက်လေသည်။ "ဘယ်လို အရသာမျိုးလဲ"
လီကျင့်က ခပ်တိုးတိုး ရယ်မောလိုက်၏။
လုမင်ယွိသည် မချင့်မရဲဖြင့် ခေါင်းငုံ့ကာ သူ့ကို နမ်းလိုက်လေသည်။ "ရှင် နည်းနည်း ပိန်သွားပြီး ရုပ်ဆိုးသွားပေမဲ့ ကြည့်လို့တော့ ရပါသေးတယ်"
လီကျင့်သည် အထင်သေးခံရ၍ နာကျင်သွားသည့် မျက်နှာပေးမျိုး လုပ်ပြလိုက်လေသည်။ "ကို သိသားပဲ။ မင်းက ကို့ရဲ့ ရုပ်ရည်သွင်ပြင် ယိုယွင်းလာတာကို မနှစ်သက်တော့ဘူးဆိုတာ"
လုမင်ယွိကတော့ ပြုံးလျက်ပင် သူ့ကို မျက်စောင်းထိုးလိုက်လေသည်။ "အဝတ်အစားတွေ မြန်မြန်ချွတ်လိုက်။ ကျွန်မ ကြည့်ချင်လို့"
လီကျင့်သည် လန့်သွားပြီး သတိထားကာ ကြည့်လိုက်လေသည်။ "မင်း ဘာလုပ်မလို့လဲ။ ကို့ကို မကောင်းကြံမလို့လား"
လုမင်ယွိက ခပ်တိုးတိုး ရယ်မောလိုက်ကာ "တော်ပါတော့။ နောက်မနေနဲ့တော့။ အင်္ကျီကြိုးတွေကို မြန်မြန်ဖြည်လိုက်။ ရှင့်ရင်ဘတ်ပေါ်က ဒဏ်ရာအခြေအနေကို ကျွန်မ ကြည့်ချင်လို့"
ယနေ့တွင် ချောင်မိဖုရားခေါင်က ဒဏ်ရာအခြေအနေကို မေးမြန်းခဲ့ရာ လီကျင့်က ပေါ့ပေါ့ပါးပါးပင် ဖုံးဖိပြောဆိုခဲ့သည်။ လုမင်ယွိ ကြားလိုက်သည်နှင့် လီကျင့်၏ ရင်ဘတ်တွင် ဒဏ်ရာရှိနေရုံသာမက တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာအများအပြား ရှိနေမည်ဖြစ်ကြောင်း သိလိုက်လေသည်။
လီကျင့်က ငြင်းဆန်ရန် ကြိုးစားနေဆဲဖြစ်သော်လည်း လုမင်ယွိကတော့ လက်လှမ်းလိုက်ပြီး သူ၏ အင်္ကျီရင်ဘတ်ကို လျင်မြန်စွာ ဆွဲဖွင့်လိုက်လေသည်။
အင်္ကျီရင်ဘတ် လျောကျသွားပြီး ရင်အုပ်က ပေါ်ထွက်လာကာ အညိုရောင် အမာရွတ်တစ်ခုသည် မျက်စိရှေ့သို့ အရင်ဆုံး ရောက်ရှိလာခဲ့သည်။
လုမင်ယွိ၏ မျက်နှာထားသည် အနည်းငယ် တည်သွားပြီး လက်ချောင်းထိပ်လေးများဖြင့် သူ၏ ရင်ဘတ်ကို ဖွဖွလေး ပွတ်သပ်လိုက်ကာ တိုးတိုးလေး မေးလိုက်လေသည်။ "ဒါက မြှားဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်လား"
လီကျင့်က အင်း ဟု အသံပြုလိုက်သည်။
လုမင်ယွိသည် စကားထပ်မပြောတော့ဘဲ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။
စကားလုံးထောင်ပေါင်းများစွာသည် တိတ်ဆိတ်ငြိမ်သက်နေသော အကြည့်များကြားတွင် ပျော်ဝင်နေလေသည်။
"အဲဒီနေ့တုန်းက ရှင် တပ်ကိုဦးဆောင်ပြီး ယန်စစ်သည်တွေကို လိုက်တိုက်ရင်း ဒဏ်ရာရသွားတယ်ဆိုတာ ကြားတော့ ကျွန်မ ရင်ထဲမှာ ပူလောင်ပြီး ခံစားရခက်လိုက်တာ" လုမင်ယွိသည် တိတ်ဆိတ်မှုကို ဖြိုခွဲကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ သူမ၏ အသံထဲတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေ၏။ "လီကျင့် ရှင် ကျွန်မအတွက် ဒီလောက်အများကြီး လုပ်ပေးစရာ မလိုပါဘူး"
လီကျင့်သည် လုမင်ယွိကို စိုက်ကြည့်နေလိုက်သည်။ "အရင်ဘဝတုန်းက ယွဲ့ဖုက ယန်ထော်ရဲ့ လက်ချက်နဲ့ ဆုံးပါးသွားခဲ့ရတယ်။ မင်းလည်း အဲဒီအတွက် နှစ်ပေါင်းများစွာ ဝမ်းနည်းကြေကွဲခဲ့ရတာလေ။ ဒီဘဝမှာ ကို ရှိနေမှတော့ ယွဲ့ဖုကို ကာကွယ်ပေးရမှာပေါ့"
လုမင်ယွိ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာပြီး အသံများ တိမ်ဝင်သွားတော့သည်။ "ကျွန်မအဖေ တစ်ခုခုဖြစ်သွားမှာ ကြောက်ပေမဲ့ ရှင် ဒဏ်ရာရသွားရင်ရော ကျွန်မ ရင်မနာရတော့ဘူးလား"
လီကျင့်သည် သူမကို ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းလိုက်ပြီး အားပါပါဖြင့် နမ်းရှိုက်လိုက်လေသည်။
ရှည်လျားနက်ရှိုင်းသော အနမ်းများကြားတွင် ငန်ကျိကျိ မျက်ရည်အရသာများ ရောနှောပါဝင်နေသည်။ ပြင်းထန်စွာ ခုန်လှုပ်နေသော နှလုံးသားနှစ်ခုသည်လည်း စည်းချက်ညီစွာ ပေါင်းစပ်သွားကြလေသည်။
အချိန်ကြာမြင့်စွာ ဝေးကွာနေခဲ့ရသဖြင့် ဤကဲ့သို့ ရင်းနှီးကြင်နာမှုသည် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပူနွေးလာစေသည်။ လီကျင့်သည် အသက်ရှူသံများ ပြင်းလာပြီး လက်ကို လုမင်ယွိ၏ အင်္ကျီထဲသို့ ထိုးသွင်းလိုက်လေသည်။
လုမင်ယွိသည် သူ၏လက်ကို ချက်ချင်း ဖမ်းဆွဲလိုက်ရာ ပါးပြင်များသည် နီမြန်းနေပြီး အသံသည်လည်း အနည်းငယ် မြန်ဆန်နေတော့သည်။ "ကျွန်မ လက်မောင်းက ဒဏ်ရာ မပျောက်သေးဘူး။ ရှင့်ရင်ဘတ်မှာလည်း ဒဏ်ရာနဲ့။ အားသုံးလို့ မဖြစ်ဘူး"
လီကျင့်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး လုမင်ယွိကို ရင်ခွင်ထဲတွင် ကျေနပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်။
လုမင်ယွိသည် လက်ကိုဆန့်ကာ လီကျင့်၏ ကိုယ်ပေါ်မှ အမာရွတ်များကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ ကြီးကြီးငယ်ငယ် စုစုပေါင်း (၇) (၈) နေရာခန့် ရှိပြီး သိပ်မပြင်းထန်သော်လည်း အများစုမှာ အမာရွတ်ကျန်ရစ်ခဲ့သည်။ ယခင်ကကဲ့သို့ ချောမွေ့ပြေပြစ်ခြင်း မရှိတော့ပေ။
လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ပခုံးပေါ်က ဒီဒဏ်ရာက မြှားထိပြီး ပွန်းသွားတဲ့ အမာရွတ်လေ"
"ဗိုက်အောက်နားက ဒဏ်ရာက လှံသွားနဲ့ ရှပ်ထိသွားတာ။ ကံကောင်းလို့ ဒဏ်ရာမပြင်းထန်ဘဲ ရက်နည်းနည်းလောက် နားလိုက်တာနဲ့ ပျောက်သွားတယ်"
"ပေါင်အတွင်းဘက်ကတော့ အစတုန်းက မြင်းစီးပြီး စစ်ချီရတော့ ပွန်းပဲ့ရာကနေ အနာဖေးတက်လိုက် ကွာကျလိုက်နဲ့ ထပ်ခါထပ်ခါဖြစ်ပြီး အခုလို ဖြစ်သွားတာ"
ရုတ်တရက် အသံသည် တင်းမာသွားလေသည်။ အကြောင်းမှာ လုမင်ယွိ၏ လက်ချောင်းများက ပေါင်အတွင်းဘက်သို့ လျောကျသွားပြီး သူ့ကို ငှက်မွေးဖြင့် ယားအောင်လုပ်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။ ယားသည့်နေရာကို ကုတ်နေသော်လည်း ပို၍ ယားယံလာသကဲ့သို့ ဖြစ်နေလေသည်။
လုမင်ယွိသည် ပြုံးလျက် မျက်စောင်းထိုးလိုက်ပြီး သူ၏ ခြေထောက်ပေါ်မှ အခြားဒဏ်ရာတစ်ခုကို ထပ်မံစမ်းသပ်လိုက်ပြန်သည်။
"ဒီတစ်နေရာက ဓားဒဏ်ရာလေ။ အဲဒီတုန်းက ဒဏ်ရာနည်းနည်းပြင်းထန်လို့ လဝက်လောက် နားလိုက်ရတယ်" လီကျင့်သည် လေသံတိုးတိုးဖြင့် ပြောရင်း သူမ၏လက်ကို အပေါ်သို့ ဆွဲတင်လိုက်လေသည်။
လုမင်ယွိ "..."
အချိန်အတန်ကြာ ပြီးနောက်။
"မင်း ယန်ထော်ကို ဘယ်လို သတ်ခဲ့တာလဲ" လီကျင့်သည် ကိုယ်ကိုစောင်းလိုက်ပြီး လုမင်ယွိ၏ လက်မောင်းပေါ်မှ အမာရွတ်ကို လက်ဖြင့် ပွတ်သပ်လိုက်လေသည်။
လုမင်ယွိက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အဲဒီညက တကယ်ကို အန္တရာယ်များလွန်းတယ်။ ကျွန်မက လျှို့ဝှက်ကိုယ်ရံတော်တွေကို ဦးဆောင်ပြီး (၂) ရက် (၂) ညလောက် ယန်တပ်စခန်းရဲ့ နောက်ကျောဘက်ကို ကွေ့ပတ်သွားခဲ့ရတာ။ ပြီးတော့ မီးမြှားတွေနဲ့ ရိက္ခာတွေကို မီးရှို့ပြီး ယန်တပ်စခန်းကို ဖျက်ဆီးခဲ့တယ်။ ပြီးမှ ကျွန်မက တပ်ကိုဦးဆောင်ပြီး အလယ်တပ်စခန်းကို ဝင်တိုက်ခဲ့တာ။ ယန်ထော်ဆိုတဲ့လူက တကယ်ကို ရဲရင့်ပြီး ခက်ထန်တဲ့လူပါ။ ကျွန်မ သူ့ရဲ့ လှံချက်ကို အောင့်ခံပြီးတော့မှ သူ့ကို ဓားနဲ့ ပြန်ခုတ်သတ်နိုင်ခဲ့တာ"
"ယန်ထော် သေသွားတော့ ယန်တပ်လည်း စိတ်ဓာတ်ပျက်ပြားပြီး တပ်တွင်း အော်ဟစ်ပုန်ကန်မှုတွေ ဖြစ်ကုန်ရော"
တပ်တွင်း အော်ဟစ်ပုန်ကန်မှု ဟူသော စကားကို ကြားလိုက်သည်နှင့် လီကျင့်၏ မျက်နှာပျက်သွားပြီး အသံပင် တုန်ရီသွားတော့သည်။ "တပ်ထဲမှာ အဲဒီလို ပုန်ကန်မှုမျိုးဖြစ်ရင် စစ်သည်တွေက စိတ်ဖောက်ပြန်ပြီး ရန်သူမိတ်ဆွေ မခွဲခြားနိုင်တော့ဘဲ သတ်ဖြတ်ကြတာ"
လုမင်ယွိသည် ထိုသို့သော ယန်စစ်သည်သောင်းချီရှိသည့် တပ်စခန်းထဲတွင် ရောက်ရှိနေခဲ့သည်ကို တွေးမိရုံနှင့်ပင် ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မိလေသည်။
"ကျွန်မ မထွက်ခွာခင်ကတည်းက လျန်စစ်သူကြီးဆီ စာပို့ထားပြီးသားပါ” လုမင်ယွိက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မီးရောင်ကို အချက်ပြအဖြစ် သတ်မှတ်ပြီး လျန်စစ်သူကြီးက မြို့တံခါးဖွင့်ကာ တပ်လွှတ်ပြီး အတွင်းအပြင် ညှပ်တိုက်ဖို့ စီစဉ်ထားတာလေ"
"ကျွန်မ ဒဏ်ရာရပြီးနောက်ပိုင်း ယန်ထော်ရဲ့ တပ်စခန်းထဲမှာပဲ နေခဲ့ရတယ်။ လျှို့ဝှက်ကိုယ်ရံတော်တွေက အသက်နဲ့ရင်းပြီး ကျွန်မကို ကာကွယ်ပေးခဲ့ကြတယ်။ မိုးလင်းလို့ စစ်ကူရောက်လာတဲ့အထိ တောင့်ခံထားခဲ့ကြတာ"
လုမင်ယွိ၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝဲတက်လာပြီး အသံသည် ပိုမိုတိုးဝင်ကာ ဝမ်းနည်းဖွယ် ကောင်းလာတော့သည်။ "ဒီတိုက်ပွဲမှာ လုမိသားစုရဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေ တစ်ဝက်ကျော်လောက် သေဆုံးခဲ့ရတယ်။ အသက်ရှင်ကျန်ရစ်တာ (၅၀၀) မပြည့်တော့ဘူး။ ပြီးတော့ လူတိုင်းလိုလို ဒဏ်ရာရထားကြတယ်"
ဒီတိုက်ပွဲက တကယ့်ကို ပြင်းထန်လွန်းလှသည်။
လီကျင့်သည် သူမကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီလိုပြောရင် တစ်ကိုယ်ကောင်းဆန်ရာ ကျမလားတော့ မသိဘူး။ လုမိသားစုရဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေက မင်းကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့လို့ ကို ကျေးဇူးတင်ပါတယ်"
"လူရာဂဏန်းလောက် ကျန်နေသေးတာပဲ တော်ပါသေးတယ်။ နောက်ကျရင် ဖြည်းဖြည်းချင်း ထပ်ပြီးလူသစ်စုဆောင်း လေ့ကျင့်ပေးရမယ်။ လုမိသားစုရဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေကို အလင်းထဲထုတ်ပြီး ထိုက်ဇီဖေးရဲ့ ကိုယ်ရံတော်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်မယ်"
သာ့ဝေတိုင်းပြည်တွင် မင်းသားများ၌ ကိုယ်ရံတော်တပ်ဖွဲ့ရှိပြီး စစ်သူကြီးများတွင် ကိုယ်ပိုင်တပ်သားများ ရှိကြသော်လည်း ထိုက်ဇီဖေးတွင် ကိုယ်ရံတော်တပ်ဖွဲ့ ရှိသည်ဟူ၍ကား မကြားဖူးခဲ့ချေ။
လုမင်ယွိသည် အံ့အားသင့်သွားပြီး ခေါင်းမော့ကာ လီကျင့်ကို ကြည့်လိုက်လေသည်။
လီကျင့်၏ မျက်နှာထားသည် လေးနက်နေပြီး နောက်ပြောင်နေသည့်ပုံစံ လုံးဝမရှိပေ။ "ရှောင်ယွိ။ ဒီကိစ္စကို ကို စဉ်းစားပြီးသားပါ။ ဖုဟွမ် မြို့တော်ကို ပြန်ရောက်လာရင် ကို ဖုဟွမ်ကို ပြောလိုက်မယ်"
"မင်းက တိုင်းပြည်အတွက် အကျိုးပြုခဲ့ပြီး သာ့ဝေတိုင်းပြည်ရဲ့ အာဏာစက်အတွက် အသက်နဲ့ရင်းပြီး တိုက်ခိုက်ခဲ့တာလေ။ ဒါက မင်းရသင့်ရထိုက်တဲ့ အရာပါပဲ"
...
အပိုင်း (၄၂၅) ပြန်လည်ဆုံတွေ့ခြင်း (၃)
ဖယောင်းတိုင်မီးသည် အလွှာလိုက်ချထားသော ဇာခန်းဆီးများမှတဆင့် ထိုးဖောက်ထွက်ပေါ်လာပြီး နွေးထွေးသော အလင်းရောင်များက သူတို့နှစ်ဦး၏ မျက်နှာထက်တွင် ထင်ဟပ်နေလေသည်။
လီကျင့်၏ မျက်ဝန်းနက်များသည် မီးရောင်အောက်တွင် ကျောက်ဆောင်တစ်ခုအလား တည်ငြိမ်ခိုင်ခံ့လျက် ရှိသည်။
သူက စနောက်နေခြင်း မဟုတ်သကဲ့သို့ သူမကို ချော့မြှူရန်အတွက် ပြောဆိုနေခြင်းလည်း မဟုတ်ပေ။ သူသည် သူမအား တရားဝင် ကိုယ်ပိုင်အင်အား တစ်ခုကို ပိုင်ဆိုင်ခွင့်ပေးချင်သည်မှာ အမှန်တကယ်ပင်။
သူမ အလိုချင်ဆုံးအရာက မည်သို့သောအရာဖြစ်သည်ကို သူ အမြဲတမ်း သိနေခဲ့သည်။ သူသည် မည်သည့်အခါကမှ သံသယမဝင်ခဲ့ဘဲ သူမ၏ဘေးတွင် အမြဲတမ်း ခိုင်မာစွာ ရပ်တည်ပေးခဲ့သည်။
လုမင်ယွိ၏ ရင်ထဲတွင် ပူလောင်လာပြီး သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
လုမင်ယွိသည် ရုတ်တရက် လက်ကိုဆန့်ကာ လီကျင့်၏ အနည်းငယ် ပိန်သွားသော မျက်နှာချောချောလေးကို ပွတ်သပ်လိုက်လေသည်။ "ထူးဆန်းတယ်။ အခုကြည့်ရတာ ရှင် နည်းနည်းလေးမှ ရုပ်မဆိုးတော့ဘူး။ အရင်ကထက်တောင် ပိုချောလာသလိုပဲ"
လီကျင့်သည် မရယ်မောဘဲ မနေနိုင်တော့ချေ။ သူသည် မျက်နှာပြောင်တိုက်ကာ ရှေ့သို့ တိုးလာလိုက်လေသည်။ "ကိုက မင်းယောက်ျားပဲ။ မင်း ကြိုက်သလို ကိုင်လို့ရတယ်"
လုမင်ယွိသည် မရယ်မောဘဲ မနေနိုင်တော့ချေ။ ခေါင်းကိုမော့ကာ သူ၏နှုတ်ခမ်းထက်တွင် အနမ်းတစ်ခု ပေးလိုက်လေသည်။
နှစ်ဦးစလုံးသည် ဒဏ်ရာများကို ကုသနေရဆဲဖြစ်သောကြောင့် အလွန်အကျွံ စိတ်မလွတ်သင့်ပေ။ ခဏကြာသော် လုမင်ယွိသည် အမောဖြေရင်း ခေါင်းမော့လာကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရှင့်ရဲ့စေတနာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ထိုက်ဇီဖေးက ကိုယ်ရံတော်တပ်ဖွဲ့ ထားတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ ဖုဟွမ်က ဘယ်လောက်ပဲ သဘောထားကြီးပြီး မျှော်မြင်တတ်တယ် ပြောပြော လက်ခံချင်မှ လက်ခံမှာ။ ရှင် အစွမ်းကုန် မကြိုးစားပါနဲ့။ ဖြစ်ဖြစ် မဖြစ်ဖြစ် ကိစ္စမရှိပါဘူး"
ဘယ်လိုပဲဖြစ်ဖြစ် တရားဝင် မဖွဲ့စည်းနိုင်ရင်လည်း တိတ်တိတ်ကလေး ဖွဲ့စည်းလို့ ရတာပဲ။
လီကျင့်သည် သူမ၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်သဖြင့် ပြုံးလိုက်မိ၏။
သူတို့နှစ်ဦး ပြန်လည်မွေးဖွားလာခြင်းသည် ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ ကံကြမ္မာကို ပြောင်းလဲစေခဲ့သည်။ ယခင်ဘဝတုန်းက ယုံးကျားဧကရာဇ်သည် သားတော်နှစ်ပါး သေဆုံးသွားမှုကြောင့် အလွန်အမင်း ဝမ်းနည်းပူဆွေးခဲ့ရပြီး မြို့တော်သို့ ပြန်ရောက်သည့်အချိန်မှ (၂) နှစ်မပြည့်မီမှာပင် နတ်ရွာစံခဲ့ရသည်။
ဒီဘဝမှာတော့ ယုံးကျားဧကရာဇ်သည် အသက်တိုတော့မည် မဟုတ်ပေ။
ဒါက ကောင်းသောအရာဖြစ်သည်မှာ သေချာသည်။ သို့သော်လည်း ဆိုးကျိုးတစ်ခုတော့ ရှိနေသည်။ ယုံးကျားဧကရာဇ် အသက်ရှင်နေသမျှ ကာလပတ်လုံး နန်းပလ္လင်ပေါ်တွင် ဆက်လက်ထိုင်နေဦးမည်။ လီကျင့်သည် သာ့ဝေတိုင်းပြည်၏ အိမ်ရှေ့စံအဖြစ် မည်မျှကြာအောင် ဆက်လက်နေထိုင်ရဦးမည်ကို မသိနိုင်ပေ...
ထားလိုက်ပါတော့။ ဒီလို တွေးမိတာက ယုံးကျားဧကရာဇ်ကို စောစောသေစေချင်နေသလို ဖြစ်နေလိမ့်မယ်။ မတွေးတာပဲ ကောင်းပါတယ်။
ဇနီးမောင်နှံနှစ်ဦးသည် ခေါင်းချင်းဆိုင်ကာ ဆက်လက် စကားစမြည် ပြောဆိုနေကြသည်။
"စူးဖေး သေသွားပြီလား" လီကျင့်၏ အသံထဲတွင် အေးစက်မှုများ ပါဝင်နေလေသည်။
လုမင်ယွိက အေးစက်စက်ပင် ပြန်ဖြေလိုက်လေသည်။ "သေပြီ။ ကျွန်မ ကိုယ်တိုင် သတ်လိုက်တာ။ အဲဒီညမှာပဲ နန်းတော်အပြင်ထုတ်ပြီး မြှုပ်နှံလိုက်ပြီ"
လီကျင့်သည် နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းထဲတွင် ရွံရှာမုန်းတီးမှုများ ဖြတ်ပြေးသွားလေသည်။ "ဒီလိုသေသွားတာ သူ့အတွက် သက်သာလွန်းတယ်။ စိတ်ထားယုတ်မာတဲ့ ဒီမိန်းမယုတ်က မင်း နန်းတော်က ထွက်သွားတဲ့အချိန်မှာ ရွှီအာကို လုပ်ကြံရဲတယ်။ ကံကောင်းလို့ ရွှီအာ ဘာမှမဖြစ်သွားတာ။ မဟုတ်ရင် သူ့ကို အပိုင်းပိုင်းအစစ ခုတ်ဖြတ်ပစ်ရင်တောင် ကို့ရင်ထဲက အမုန်းတရားက ပြေပျောက်မှာ မဟုတ်ဘူး"
လုမင်ယွိသည် ခဏလောက် တိတ်ဆိတ်နေပြီးမှ လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ "လီချန်က စူးဖေးသေသွားတဲ့သတင်းကို ကြားတော့ သတိလစ်သွားတယ်။ ပြီးတော့ သူ့အိပ်ဆောင်ထဲမှာ အကျယ်ချုပ် ချထားလိုက်တယ်။ မုန့်ယွင်လော်လည်း အိမ်ရှေ့စံနန်းတော်ကို လာသောင်းကျန်းလို့ အကျယ်ချုပ် ချထားလိုက်တယ်"
"သူတို့က ဘာပြဿနာမှ ကြီးကြီးမားမား ရှာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်တပ်ကြီး ပြန်ရောက်လာပြီး လီဟောက် နန်းတော်ထဲ ပြန်ရောက်လို့ စူးဖေးက ကျွန်မလက်ချက်နဲ့ သေသွားတယ်ဆိုတာ သိရင်တော့ လွယ်လွယ်နဲ့ ကျေအေးမှာ မဟုတ်ဘူး..."
"ကို့ရင်ထဲက ဒေါသက မပြေပျောက်သေးဘူး" လီကျင့်၏ မျက်ဝန်းနက်များထဲတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားလေသည်။ "သူ လာရင်လာပါစေ။ စောင့်နေလိုက်မယ်"
ရွှီအာသည် စူးဖေး၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရပြီး မကြာမီမှာပင် စူးဖေးသည် လုမင်ယွိ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။ သူတို့နှစ်ဖက်ကြားတွင် ရန်သူကြီးများ ဖြစ်သွားကြပြီ။ နောင်တွင် နဂါးနှင့်ကျား တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ ရှောင်လွှဲ မရနိုင်တော့ပေ။
လုမင်ယွိသည် ဆက်မပြောတော့ဘဲ လီကျင့်၏ ပခုံးပေါ်တွင် ခေါင်းမှီကာ တိတ်ဆိတ်စွာ နေလိုက်လေသည်။
တင်းမာနေသော အာရုံကြောများ ဖြည်းညှင်းစွာ လျော့ကျသွားပြီး အိပ်ချင်စိတ်များ ရုတ်တရက် ဝင်ရောက်လာတော့သည်။
လုမင်ယွိသည် မည်သည့်အချိန်က အိပ်ပျော်သွားသည်မသိ။ လီကျင့်သည် ခေါင်းကိုစောင်းကာ သူမ၏ ပါးပြင်ကို နမ်းရှိုက်လိုက်ပြီးနောက် အတူတကွ အိပ်ပျော်သွားလေတော့သည်။
...
ယနေ့ညတွင် ပြန်လည်ဆုံတွေ့ကြသည့် နောက်ထပ် ဇနီးမောင်နှံတစ်တွဲမှာ စတုတ္ထမင်းသား ဇနီးမောင်နှံတို့ပင်။
ကျောက်ယွီသည် မီးဖွားပြီးစ မီးတွင်းကာလတွင် ရှိနေသေးသဖြင့် အလွန်အကျွံ နီးစပ်၍ မရနိုင်သေးပေ။
စတုတ္ထမင်းသားသည် လပေါင်းများစွာ အောင့်အီးသည်းခံထားခဲ့ရသဖြင့် စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေလေ၏။ ကျောက်ယွီသည် သူ အောင့်အီးထားရသည်ကို တွေ့သောအခါ စိတ်မကောင်းဖြစ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျွန်မဘေးနားက အပျိုတော်တွေထဲက ရှင် သဘောကျတဲ့သူ ရှိရင် စာကြည့်ဆောင်ကို ခေါ်သွားပြီး ကောင်းကောင်း ပြုစုခိုင်းလိုက်ပါလား"
စတုတ္ထမင်းသားသည် တစ်ချက်လောက် စိတ်လှုပ်ရှားသွားသော်လည်း လျင်မြန်စွာပင် ထိန်းချုပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။ "မလိုပါဘူးကွာ။ မင်း မီးတွင်းကာလ ပြီးသွားမှပဲ ငါ့ရဲ့ အလွမ်းတွေကို ဖြေဖျောက်ပေးတော့"
ကျောက်ယွီသည် သဝန်တိုတတ်သူ ဖြစ်သည်။ ပုံမှန်အချိန်များတွင် သူက အခြားလှပသော နန်းတွင်းသူ တစ်ဦးဦးကို တစ်ချက်ကြည့်လိုက်မိလျှင်ပင် နေ့တစ်ဝက်လောက် စိတ်ကောက်တတ်သူ ဖြစ်သည်။ သူမက ပါးစပ်ဖြင့်သာ သဘောထားကြီးဟန် ပြောနေသော်လည်း သူက တကယ်လက်ခံလိုက်လျှင် မည်မျှလောက် ငိုကြွေးမည်ကို မသိနိုင်ပေ။
ကျောက်ယွီသည် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အလွန်ဝမ်းမြောက်သွားသော်လည်း မျက်နှာတွင်မူ သဘောထားကြီးဟန် ဆောင်နေလိုက်လေသည်။ "ကျွန်မက မီးတွင်းကာလ ပြည့်ဖို့ လဝက်လောက် လိုသေးတာနော်။ ရှင် အဲဒီလောက်အကြာကြီး အောင့်ထားနိုင်ပါ့မလား"
စတုတ္ထမင်းသားသည် နောက်ပြောင်သော လေသံဖြင့် ရယ်မောလိုက်လေသည်။ "မအောင့်နိုင်လည်း အောင့်ရမှာပေါ့။ မဟုတ်ရင် ငါက အပျိုတော်ကို ခေါ်ပြီး စာကြည့်ဆောင်ကို သွားလိုက်တာနဲ့ မင်းက အိပ်ဆောင်တစ်ခုလုံး ပြောင်းပြန်လှန်သွားအောင် ငိုနေမှာမလား"
ကျောက်ယွီသည် ရယ်မောကာ သူ့ကို နှာခေါင်းရှုံ့ပြလိုက်၏။ သူမ၏ မျက်နှာအမူအရာတွင် ချွဲနွဲ့မှုနှင့် ပျော်ရွှင်မှုများ အပြည့်ပါဝင်နေလေသည်။
စတုတ္ထမင်းသားသည် ရှေ့သို့တိုးကပ်သွားပြီး အချိန်အတော်ကြာအောင် နမ်းရှိုက်လိုက်လေသည်။
ရုတ်တရက် "ဝါး" ခနဲ ငိုသံကြီး ထွက်ပေါ်လာသည်။ ကြည်နူးနေသော ဇနီးမောင်နှံနှစ်ဦးမှာ လန့်ဖျပ်သွားကြတော့၏။ ကျောက်ယွီသည် စတုတ္ထမင်းသားကို အလျင်အမြန် တွန်းလိုကာ ပြောလိုက်ရတော့သည်။ "ချန်းအာကို မြန်မြန်သွားချီလိုက်"
စတုတ္ထမင်းသားသည် လျင်မြန်စွာ ပြေးသွားပြီး ရတနာတစ်ပါးကို ကိုင်တွယ်သကဲ့သို့ သားဖြစ်သူကို ဂရုတစိုက် ပွေ့ချီလိုက်လေသည်။ ချန်းအာသည် လူကောင်သေးသော်လည်း ငိုသံမှာ မသေးလှဘဲ နားစည်ကွဲမတတ်ပင်။
စတုတ္ထမင်းသားမှာ ကလေးတစ်ခါမှ မချော့ဖူးပေ။ ကျယ်လောင်သော ငိုသံနှင့် ချန်းအာ၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်ရင်း ခေါင်းကြီးချင်လာတော့သည်။ "သန်းခေါင်ကျော်နေပြီ။ ချန်းအာက ဘာလို့ ရုတ်တရက် ထငိုရတာလဲ"
ကျောက်ယွီက မျက်စောင်းထိုးလိုက်ကာ "ကလေးငိုတာက ရှူးပေါက်တာ၊ အီးပါတာ ဒါမှမဟုတ် ဗိုက်ဆာတာပဲ ဖြစ်မှာပေါ့။ အထိန်းတော်က အပြင်ခန်းမှာ စောင့်နေတယ်။ ရှင် ချန်းအာကို အပြင်ခေါ်သွားပြီး အထိန်းတော်ကို နို့တိုက်ခိုင်းလိုက်။ ပြီးမှ ပြန်ခေါ်လာခဲ့"
စတုတ္ထမင်းသားသည် ရတနာကို ကိုင်ဆောင်ထားသည့် ပုံစံဖြင့်ပင် သားဖြစ်သူကို ပွေ့ချီကာ အပြင်သို့ ထွက်သွားလိုက်လေသည်။
အထိန်းတော်က ချန်းအာကို နို့တိုက်လိုက်သောအခါ ငိုသံသည် လျင်မြန်စွာ ရပ်တန့်သွားတော့သည်။
စတုတ္ထမင်းသားသည် နဖူးမှ ချွေးများကို သုတ်လိုက်၏။ "သားက တစ်ချက်ထငိုတာနဲ့ ငါ့တစ်ကိုယ်လုံး ချွေးပြန်သွားတာပဲ"
ကျောက်ယွီက နှုတ်ခမ်းကို ဖိကာ ရယ်မောလိုက်တော့သည်။ "အစတုန်းက ကျွန်မလည်း မသိဘူး။ ချန်းအာ ငိုလိုက်တာနဲ့ ပြာယာခတ်သွားတာပဲ။ ဒီလဝက်လောက်နေမှပဲ ဖြည်းဖြည်းချင်း အသားကျလာတော့တယ်"
"မင်းက မီးဖွားပြီးစ အနားယူနေရတုန်းပဲ။ ကလေးကို အထိန်းတော်တွေကိုပဲ ပြုစုခိုင်းလိုက်ပါ" စတုတ္ထမင်းသားသည် ဇနီးဖြစ်သူကို သနားသွားပြီး နှုတ်မှ ပြောလိုက်လေသည်။ "နောက်ဆိုရင် ချန်းအာကို မင်းအခန်းထဲမှာ မသိပ်နဲ့တော့"
ကျောက်ယွီသည် မည်သို့ ခွဲနိုင်ပါမည်နည်း။ ချက်ချင်းပင် ငြင်းလိုက်လေသည်။ "မဖြစ်ဘူး။ သူ့ကို တစ်ခဏလေး မမြင်ရရင်တောင် ကျွန်မ ရင်ထဲမှာ ဟာတာတာနဲ့ နေလို့မကောင်းဘူး"
စတုတ္ထမင်းသားသည် လက်မြှောက်ကာ အရှုံးပေးလိုက်ရတော့သည်။ "ကောင်းပါပြီကွာ။ မင်းသဘောအတိုင်းပါပဲ"
ဇနီးမောင်နှံနှစ်ဦးသည် အတူထိုင်ကာ ခွဲခွာနေရစဉ်အတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောဆိုနေကြသည်။
စတုတ္ထမင်းသားက လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "...အာ့စောင်က တကယ်ပဲ ကိုယ်တိုင် စူးဖေးကို ကွပ်မျက်လိုက်တာလား"
ကျောက်ယွီသည် ခေါင်းညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျွန်မလည်း မူဖေး ပြောပြလို့ သိရတာ။ စူးဖေးက (၂) နှစ်အရွယ် ကလေးကိုတောင် လုပ်ကြံရဲတယ်။ တကယ့်ကို မြွေပွေးမလို စိတ်ထားယုတ်မာတာပဲ။ တကယ်လို့များ တစ်ယောက်ယောက် ကျွန်မရဲ့ ချန်းအာကို မကောင်းကြံရဲရင် ကျွန်မလည်း ကိုယ်တိုင် သတ်ပစ်မှာပဲ"
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် လူသတ်ချင်စိတ်များ ပြင်းထန်နေလေသည်။
စတုတ္ထမင်းသားသည် သက်ပြင်းချလိုက်လေသည်။ "စူးဖေးတစ်ယောက်တည်း သေတာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ စန်းကောက အရမ်း သိတတ်လိမ္မာတာ။ သူ ပြန်ရောက်လာရင် အိမ်ရှေ့စံနန်းတော်နဲ့ နဂါးနှင့်ကျား တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်။ မင်းနဲ့ငါလည်း သတိထားပြီး နေရမယ်။ ကြားထဲကနေ အပါမခံရစေနဲ့"
ကျောက်ယွီက အင်း ဟု အသံပြုလိုက်သည်။
ချန်းအာ ဗိုက်ဝပြီး ပြန်အိပ်သွားသည့်အချိန်တွင် သန်းခေါင်ကျော် (၃) ချက်တီးနေပြီ ဖြစ်သည်။
ကျောက်ယွီက စတုတ္ထမင်းသားကို စာကြည့်ဆောင်တွင် သွားအိပ်ရန် တိုက်တွန်းသော်လည်း စတုတ္ထမင်းသားကမူ "မင်းတို့သားအမိ ဒီမှာရှိနေတာ။ ငါက ဘယ်သွားရမှာလဲ" ဟု ပြောဆိုလေသည်။
ရလဒ်အနေဖြင့် ချန်းအာသည် နောက်ထပ် နှစ်ကြိမ် ထပ်နိုးလာခဲ့ပြန်သည်။
နောက်တစ်နေ့ မနက်စောစောတွင် စတုတ္ထမင်းသားသည် သမ်းဝေရင်း မျက်ကွင်းညိုကြီးများဖြင့် အိမ်ရှေ့စံနန်းတော်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် အိမ်ရှေ့စံမင်းသားသည် ကာမဂုဏ်ခံစားထားသော မျက်နှာအမူအရာ၊ အာနည်းချိနဲ့နေသည့် ခြေလှမ်းများနှင့် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
စတုတ္ထမင်းသား "..."
...
အပိုင်း (၄၂၆) ပြန်လည်ဆုံတွေ့ခြင်း (၄)
လီကျင့်၏ ပုံစံကို ကြည့်လိုက်သည်နှင့် စတုတ္ထမင်းသားသည် နားမလည်စရာ အကြောင်းမရှိပေ။ သူသည် မျက်စပစ် နှာခေါင်းရှုံ့ကာ ရယ်မောလိုက်လေတောသည်။ "အာ့ကောမှာ ဒဏ်ရာရှိသေးတယ်လေ။ လမ်းခရီးမှာလည်း ပင်ပန်းလာခဲ့တာဆိုတော့ ကောင်းကောင်း အနားယူသင့်တယ်။ အလုပ်သိပ်မကြိုးစားပါနဲ့"
ကျွတ်။ ကျွတ်။ ဒဏ်ရာရထားတာတောင် ဒီလောက်စွမ်းဆောင်နိုင်တာ လေးစားစရာပဲ။
လီကျင့်သည် မြို့ရိုးထက်ပင် မျက်နှာပြောင်တိုက်တတ်သူဖြစ်ရာ ဤကဲ့သို့သော နောက်ပြောင်မှုကို စိတ်ထဲမထားဘဲ ရယ်မောကာ ပြန်လည်တုံ့ပြန်လိုက်လေသည်။ "စစ်တိမေ့က မီးဖွားပြီးစ အနားယူနေတာလေ။ မင်းက ဘာလို့ တစ်ညလုံး မအိပ်ရတဲ့ ပုံစံပေါက်နေရတာလဲ"
စတုတ္ထမင်းသားသည် ခါးသက်သက် ပြုံးလိုက်လေသည်။ "မပြောပါနဲ့တော့ကွာ။ ချန်းအာက တစ်ညလုံး သုံးခါလောက် နိုးတယ်။ ငါ အိပ်လို့မှ မကြာသေးဘူး။ သူက ဆူညံပြီး နှိုးပြန်ရော။ အဲဒီငိုသံကြီးက ကြေးခေါင်းလောင်းသံထက်တောင် ကျယ်သေးတယ်"
လီကျင့်သည် ရယ်မောလိုက်လေသည်။ "ကလေးငိုသံကျယ်တာက ကျန်းမာရေးကောင်းတယ်ဆိုတဲ့ လက္ခဏာပဲ။ ကောင်းတဲ့ကိစ္စပါ"
မကြာမီတွင် လုမင်ယွိသည် ရွှမ်းအာကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
လုမင်ယွိသည် ရက်အနည်းငယ်ကြာ ဒဏ်ရာကုသနေရသဖြင့် မျက်နှာသည် ဖြူဖျော့နေခဲ့သော်လည်း ယနေ့တွင်တော့ သိသာထင်ရှားစွာပင် ပန်းရောင်သန်းနေလေသည်။ မျက်နှာအသွင်အပြင်မှာ အံ့ဩစရာကောင်းလောက်အောင် ကြည်လင်နေလေသည်။
စတုတ္ထမင်းသားသည် လီကျင့်ကို နောက်ပြောင်သော အကြည့်ဖြင့် ထပ်မံကြည့်လိုက်ပြန်သည်။
လီကျင့်ကတော့ စတုတ္ထမင်းသား၏ နောက်ပြောင်သော အကြည့်ကို မမြင်သကဲ့သို့ ဟန်ဆောင်လိုက်ပြီး လုမင်ယွိကို ပြုံးကာ ပြောလိုက်၏။ "ကိုတို့ ရှို့နင်နန်းဆောင်ကို သွားပြီး ဂါရဝပြုကြရအောင်"
လုမင်ယွိသည် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ လီကျင့်ကို ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် အပြစ်တင်မိလိုက်သည်။
သူ့ကို ကောင်းကောင်း "အနားယူပါ" ဟု ပြောထားသော်လည်း မနက်စောစောတွင် နောက်ထပ် နှစ်ကြိမ်လောက် ထပ်မံသောင်းကျန်းခဲ့သေးသည်။ အခု သူ လမ်းလျှောက်နေတဲ့ ပုံစံကို ကြည့်ပါဦး။ ခြေလှမ်းတွေ ပေါ့ပါးပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေတာ သူများရယ်စရာ ဖြစ်မှာတောင် မကြောက်ဘူး။
လီကျင့်က ပြုံးလျက် ရွှမ်းအာကို လက်ယပ်ခေါ်လိုက်သည်။ "ရွှမ်းအာ ဖေဖေ့ဆီ လာပါဦး"
ရွှမ်းအာသည် ဖခင်ရင်းအပေါ်တွင် စိမ်းနေသေးသဖြင့် လီကျင့်အနားသို့ မကပ်ချင်ပေ။ လုမင်ယွိက သူမ၏လက်ကို ဆွဲခေါ်လာမှသာ လီကျင့်သည် သမီးဖြစ်သူ၏ အခြားလက်ဖောင်းဖောင်းလေးတစ်ဖက်ကို ဆွဲကိုင်ခွင့် ရသွားတော့သည်။
စတုတ္ထမင်းသားကတော့ မိသားစုသုံးယောက်၏ နောက်မှ လိုက်ပါလာရင်း စိတ်ထဲတွင် အားကျနေမိတော့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ချန်းအာသည် ငယ်လွန်းသေးပြီး ကျောက်ယွီသည်လည်း မီးဖွားပြီးစ အနားယူနေရသဖြင့် သူ တစ်ယောက်တည်းသာ ဂါရဝပြုရန် သွားရလေသည်။
...
ယနေ့တွင် ရှို့နင်နန်းဆောင်၌ အထူးတလည် စည်ကားနေလေသည်။
နန်းတော်ထဲတွင် လမ်းလျှောက်နိုင်သူအားလုံး ရောက်ရှိနေကြပြီး တစ်ယောက်တစ်ပေါက်ဖြင့် ရယ်မောပြောဆိုသံများ မပြတ်ထွက်ပေါ်နေသည်။
ယခင်က နန်းတော်တစ်ခုလုံးတွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး လူတိုင်း ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြသည်။ ယခုအခါ မြို့တော်၏ ဝိုင်းရံပိတ်ဆို့မှုသည် ပြေလည်သွားပြီဖြစ်ပြီး သေသင့်သော စူးဖေးသည်လည်း သေဆုံးသွားပြီ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည်လည်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ပြီ။
ချူပြည်နယ်ဘက်မှလည်း အောင်ပွဲရ သတင်းများ ဆက်တိုက် ရောက်ရှိလာခဲ့ပြီး (၂)လအတွင်းတွင် စစ်တပ်ကြီးသည် မြို့တော်သို့ ပြန်လည်ချီတက်လာတော့မည်။ ဝမ်းမြောက်စရာ သတင်းကောင်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသဖြင့် နန်းတော်အတွင်းရှိ တင်းမာသော လေထုသည် များစွာ လျော့ပါးသွားခဲ့သည်။ လူတိုင်းသည်လည်း ပြောဆိုရယ်မောရန် စိတ်ပါဝင်စားလာကြသည်။
ချင်ဖေး၏ စိတ်အခြေအနေသည်လည်း အထူးကောင်းမွန်နေပြီး ရယ်သံများမှာ အထူးပေါ့ပါးနေလေသည်။
မုန့်ဖေးကတော့ သိပ်ပြီး မပျော်ရွှင်လှပေ။
အိမ်ရှေ့စံနှင့် စတုတ္ထမင်းသားတို့ ပြန်ရောက်လာကြသော်လည်း ပထမမင်းသားသည် စစ်တပ်ထဲတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။ ပထမမင်းသား၏ ခြေထောက်ဒဏ်ရာ အခြေအနေ မည်သို့ရှိသည်ကို မသိရသေးပေ... ပထမမင်းသား၏ ခြေထောက်အကြောင်း တွေးမိလိုက်သည်နှင့် မုန့်ဖေးသည် ရယ်မောနိုင်ခြင်း မရှိတော့ပေ။
နန်းတွင်းအပျိုတော်တစ်ဦးက ရိုသေစွာ လာရောက်သတင်းပို့လေသည်။ "မယ်တော်ကြီးကို လျှောက်တင်ပါတယ်။ ထိုက်ဇီက ထိုက်ဇီဖေး၊ စတုတ္ထမင်းသားတို့နဲ့အတူ ဂါရဝပြုဖို့ ရောက်လာပါပြီ"
မယ်တော်ကြီးကျောက်သည် အလွန်ဝမ်းသာသွားပြီး "မြန်မြန် ဝင်ခိုင်းလိုက်" ဟု ပြောလိုက်လေသည်။
ခဏကြာသော် အိမ်ရှေ့စံမင်းသားနှင့် လူအုပ်ကြီးသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာကြသည်။
အိမ်ရှေ့စံနှင့် စတုတ္ထမင်းသားတို့သည် အတူတကွ ဒူးထောက်လိုက်ပြီး မယ်တော်ကြီးကျောက်ကို ဦးခိုက်လိုက်ကြသည်။ "အဘွားတော်ကို မြေးတော်တို့ ဦးခိုက်ဂါရဝပြုပါတယ်"
"မြေးတော် ဒီလောက်ကြာအောင် ခွဲခွာနေရတော့ စိတ်ထဲမှာ အဘွားတော်ကို အမြဲသတိရနေတာပါ"
မယ်တော်ကြီးကျောက်သည် မြေးတော်နှစ်ယောက်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အလွန်ဝမ်းသာသွားပြီး ကိုယ်တိုင်ထကာ နှစ်ယောက်စလုံးကို တွဲထူပေးလိုက်လေသည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက်၏ လက်ကို ဆုပ်ကိုင်လျက် ပြုံးကာ ပြောလိုက်လေသည်။ "ကောင်းတယ်၊ ကောင်းတယ်။ အားလုံး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာကြတာ ကောင်းတာပေါ့"
သေချာ ကြည့်ရှုပြီးနောက် မယ်တော်ကြီးကျောက်၏ မျက်ခုံးများ တွန့်ချိုးသွားပြန်သည်။ "နင်တို့နှစ်ယောက်ကို ကြည့်ပါဦး။ မျက်နှာတွေက တစ်ယောက်ထက်တစ်ယောက် ပိုပြီး ဖောသွပ်နေသလိုပဲ။ မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား"
ညီအစ်ကိုနှစ်ယောက်သည် နားလည်မှုရှိစွာဖြင့် တစ်ပြိုင်နက်တည်း ဖြေလိုက်ကြ၏။ "ခရီးဝေး နှင်လာရတာဆိုတော့ အရမ်း ပင်ပန်းနေလို့ပါ။ နှစ်ရက်လောက် နားလိုက်ရင် ကောင်းသွားမှာပါ"
မယ်တော်ကြီးကျောက်သည် ထိုမျှ လွယ်လွယ်ကူကူ လှည့်စား၍ မရပေ။ လီကျင့်ကို အဓိကထား ကြည့်လိုက်ပြီး "ထိုက်ဇီမှာ ဒဏ်ရာရှိနေတာ။ ကောင်းကောင်း အနားယူသင့်တယ်။ အလွန်အကျွံ စိတ်မလွတ်စေနဲ့"
လီကျင့်သည် မျက်နှာထားမပျက်ဘဲ လက်ခံလိုက်လေသည်။
လူတိုင်းသည် ခေါင်းကို တဖက်သို့လှည့်ကာ ရယ်မောလိုက်ကြသည်။
လုမင်ယွိ၏ ပါးပြင်များ ပူနွေးလာတော့သည်။ သို့သော် မယ်တော်ကြီးကျောက်က တဲ့တိုးမပြောဘဲ ဝေ့ဝိုက်ပြောဆိုခြင်း ဖြစ်သဖြင့် သူမအနေဖြင့် ရှင်းပြ၍ မရနိုင်ပေ။ မကြားချင်ယောင်ဆောင်နေလိုက်ရုံသာ ရှိတော့သည်။
ချောင်မိဖုရားခေါင်သည် သားဖြစ်သူကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေမိသည်။
လူအများရှေ့တွင် သားဖြစ်သူ၏ မျက်နှာကို ထောက်ထားရမည် ဖြစ်သလို ချွေးမဖြစ်သူ၏ မျက်နှာကိုလည်း ထောက်ထားရပေမည်။ ချောင်မိဖုရားခေါင်က ချောင်းတစ်ချက်ဟန့်ကာ ပြုံးလျက် ပြောလိုက်လေသည်။ "အားကျင့်က ဒဏ်ရာကုသနေရတာ ကြာပြီ။ အခု ခန္ဓာကိုယ် အားနည်းနေတော့ မျက်နှာအသွင်အပြင်က အရင်ကလောက် မကောင်းတာ အမှန်ပဲ။ မူဟုပ်က အားကျင့်ကို ချစ်လို့ ကြည့်ပြီး စိတ်မကောင်းဖြစ်နေတာပါ"
ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်က အခြေအနေ မကောင်းစေမည့် စကားများ ဆက်ပြောလာမည်ကို စိုးရိမ်သဖြင့် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်တော့သည်။ "အရှင်မင်းကြီးက ချူပြည်နယ်ရဲ့ မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပြီ။ နောက်ထပ် အချိန်တစ်ခုကြာရင် စစ်တပ်ကြီးက မြို့တော်ကို ပြန်လည်ချီတက်လာတော့မယ်"
မယ်တော်ကြီးကျောက်၏ အာရုံသည် တကယ်ပင် ပြောင်းလဲသွားပြီး ပျော်ရွှင်စွာ ပြောလိုက်လေသည်။ "ဒါက တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပဲ။ ကြားတာတော့ တတိယမင်းသားက ချူပြည်နယ်ရဲ့ မြို့တော်ကို ပထမဆုံး ဝင်တိုက်နိုင်ခဲ့ပြီး ချူဘုရင်ကို ကိုယ်တိုင် ခေါင်းဖြတ်သတ်နိုင်ခဲ့တယ်တဲ့။ ထိပ်ဆုံးကနေ အကျိုးပြုခဲ့တာပေါ့"
တတိယမင်းသားအကြောင်း ပြောလိုက်သည်နှင့် လူတိုင်းသည် ကွပ်မျက်ခံလိုက်ရသော စူးဖေးကို ချက်ချင်း သတိရသွားကြပြီး လုမင်ယွိကို တစ်ချက်စီ ခိုးကြည့်လိုက်ကြလေသည်။
လုမင်ယွိ၏ မျက်နှာထားသည် မပြောင်းလဲဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ "တတိယမင်းသားက အကျိုးပြုခဲ့တာဆိုတော့ မြို့တော်ပြန်ရောက်ရင် ဖုဟွမ်က သေချာပေါက် ဆုချီးမြှင့်မှာပါ။ စူးဖေးညန်ညန်လည်း သေလွန်ပြီးတဲ့နောက် သိရင် စိတ်ချသွားလောက်ပါပြီ"
လူတိုင်း "..."
ထိုစကားကို ကြားလိုက်ရသူတိုင်း ကျောချမ်းသွားကြလေသည်။
ကြည့်ရသည်မှာ လုမင်ယွိက တတိယမင်းသား နန်းတော်ပြန်ရောက်လာပြီး လက်စားချေမှာကို နည်းနည်းလေးမှ ကြောက်ရွံ့ခြင်း မရှိပုံရသည်။
လီကျင့်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ပြုံးလျက် စကားဆက်လိုက်လေသည်။ "စန်းတိက ရဲရင့်ပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်တယ်။ ဒီလို အကျိုးပြုခဲ့တာ။ သူ မြို့တော်ပြန်ရောက်ရင် ကျွန်တော်က ပထမဆုံး သူ့အတွက် ဆုတောင်းပေးမှာပါ"
ကဲ... လင်မယားနှစ်ယောက်စလုံးက တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်နေကြမှတော့ တခြားသူတွေ ဘာပြောစရာ ရှိဦးမှာလဲ။
ချင်ဖေးသည် မုန့်ဖေး၏ နှလုံးသားကို ထိုးဆွချင်သဖြင့် တမင်ရည်ရွယ်ကာ ရယ်မောပြောဆိုလိုက်လေသည်။ "ဘာအကျိုးပြုမှုမှ မရှိရင်တောင် စစ်မြေပြင်ကနေ ကိုယ်လက်အင်္ဂါ မပျက်စီးဘဲ ပြန်လာနိုင်တာက ကံကောင်းခြင်း တစ်မျိုးပါပဲ"
မုန့်ဖေးသည် ချင်ဖေးကို မည်းမှောင်စွာ စိုက်ကြည့်လိုက်လေသည်။ "နင် ဒီစကားပြောတာ ဘာသဘောလဲ။ ပထမမင်းသား ခြေထောက်ဒဏ်ရာရတာကို လှောင်ပြောင်တာလား"
မယ်တော်ကြီးကျောက်ဟူသော ကျောထောက်နောက်ခံ ရှိနေပြီး သားဖြစ်သူလည်း ဘေးတွင် ရှိနေသဖြင့် ချင်ဖေးသည် ခါးကို မတ်မတ်ထားကာ မုန့်ဖေးကို နည်းနည်းလေးမှ မကြောက်ပေ။ "မုန့်ဖေးက ဘယ်နားကနေ ကျွန်မ လှောင်ပြောင်တယ်လို့ ကြားလိုက်တာလဲ။ ဟွမ်ဟုပ်ညန်ညန် တရားစီရင်ပေးပါဦး။ ချန်ချဲ့ ပြောတဲ့စကားထဲမှာ ဘယ်နေရာက မှားနေလို့လဲ"
ချောင်မိဖုရားခေါင်သည် မုန့်ဖေးကို မနှစ်သက်သလို မီးလောင်ရာလေပင့် လုပ်တတ်သော ချင်ဖေးကိုလည်း သဘောမကျပေ။ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "မုန့်ဖေးက နားမထောင်ချင်မှတော့ မင်း လျှော့ပြောလိုက်ပေါ့"
ထိုအခါမှ ချင်ဖေးသည် ပါးစပ်ပိတ်သွားတော့သည်။
ပထမမင်းသားကြင်ရာတော်သည် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ နေနေလေသည်။
မုန့်ဖေး၏ ရင်ထဲတွင် ဒေါသများ ဆူပွက်လာပြီး ပထမမင်းသားကြင်ရာတော်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကာ မျက်စောင်းထိုးလိုက်တော့သည်။ ဒီချွေးမကတော့ အ၊ သလိုလို ဘာလိုလိုနဲ့။ သူများတွေ ခေါင်းပေါ်တက်နင်းနေတာတောင် လေတစ်လုံးမှ မလွှတ်ဘူး။
ချောင်မိဖုရားခေါင်က ပြုံးလျက် တိုက်တွန်းလိုက်လေသည်။ "ထိုက်ဇီနဲ့ စတုတ္ထမင်းသားတို့ ဒီနေ့ မှူးမတ်တွေကို သွားတွေ့ရဦးမယ်။ ပြီးတော့ နန်းတွင်းစားပွဲလည်း တည်ခင်းရဦးမယ်။ ဒီမှာ အချိန်ဖြုန်းမနေနဲ့တော့။ ကျင်းလွမ်ခန်းမဆောင်ကို မြန်မြန်သွားကြ။ ထိုက်ဇီဖေးက ဒီမှာပဲနေခဲ့ပြီး စကားပြောကြတာပေါ့"
လီကျင့်နှင့် စတုတ္ထမင်းသားတို့သည် တစ်ပြိုင်နက်တည်း လက်ခံလိုက်ကြပြီး လက်အုပ်ချီကာ နှုတ်ဆက်ထွက်ခွာသွားကြသည်။
စတုတ္ထမင်းသားသည် အတော်လေး နောက်ပြောင်ချင်စိတ် ရှိသူဖြစ်ပြီး လီကျင့်၏ လက်မောင်းကို တမင်တွဲကာ လေသံတိုးတိုးဖြင့် ရယ်မောပြောဆိုလိုက်လေသည်။ "အာ့ကော ခြေမခိုင်ဘဲ လဲကျသွားမှာစိုးလို့။ ကျွန်တော် တွဲပေးမယ်နော်"
လီကျင့်သည် ပြုံးလျက် သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း မငြင်းဆန်ဘဲ စတုတ္ထမင်းသား တွဲထားသည်ကို လွှတ်ပေးထားလိုက်တော့သည်။
ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အကြည့်ကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်ကာ လုမင်ယွိကို ပြုံးလျက် ပြောလိုက်လေသည်။ "သမားတော်ချုပ်ကျိုးက အရှေ့နန်းတော်မှာ ရွှီအာကို ပြုစုစောင့်ရှောက်ပေးနေတာ။ ထိုက်ဇီကိုပါ တစ်ခါတည်း စမ်းသပ်ကုသပေးခိုင်းလိုက်ရင် အဆင်ပြေတာပေါ့"
လုမင်ယွိသည် ပြုံးလျက် ဟုတ်ကဲ့ ဟု ဖြေကြားလိုက်လေတော့သည်။
...