← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အပိုင်း (၄၂၇) ဂုဏ်သတင်းကျော်ကြားခြင်း

ကျင်းလွမ်နန်းဆောင်ကြီးအတွင်း၌ မှူးမတ်အပေါင်းတို့သည် စုံညီစွာ ရောက်ရှိနေကြလေပြီ။

ထိုက်ဇီနှင့် စတုတ္ထမင်းသားတို့သည် ကျင်းလွမ်နန်းဆောင်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာကြရာ မှူးမတ်အပေါင်းတို့က လက်နှစ်ဖက်ကို ယှက်ကာ ပြိုင်တူ ကြိုဆိုလိုက်ကြလေသည်။ "ကျွန်တော်မျိုးတို့ ထိုက်ဇီအရှင်မင်းသားနဲ့ စတုတ္ထမင်းသားကို ကြိုဆိုပါတယ်"

ခြေထောက်များ အနည်းငယ် လေထဲမြောက်ကာ ပျော့ခွေနေသော်ငြားလည်း အိမ်ရှေ့စံသည် ယခုအချိန်တွင်မူ အထူးတလည် တည်ငြိမ်စွာ ရပ်တန့်နေပြီး မှူးမတ်များအား လက်သီးဆုပ်ကာ ဂါရဝပြန်ပြုလိုက်လေသည်။ "ဒီတစ်နှစ်ကျော် ကာလအတွင်းမှာ အားလုံးပဲ ပင်ပန်းခဲ့ကြပါပြီ။ ကျွန်တော်က ဖုဟွမ်ကိုယ်စား မှူးမတ်အပေါင်းကို ကျေးဇူးတင်ပါတယ်"

မှူးမတ်များအားလုံးက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြ၏။ "ကျွန်တော်မျိုးတို့က တိုင်းပြည်အတွက် အမှုထမ်းရတာ တာဝန်အရ လုပ်သင့်လုပ်ထိုက်တာပါ။ ထိုက်ဇီရဲ့ ဂါရဝပြုမှုကို မခံယူဝံ့ပါဘူး"

လီကျင့်သည် ဇွတ်အတင်း ဂါရဝပြုလိုက်ပြီးမှ နေရာတွင် ဝင်ထိုင်လိုက်လေသည်။

ကျင်းလွမ်နန်းဆောင်ထက်တွင် လူနှစ်ဦးသာ ထိုင်ခွင့်ရှိလေသည်။ တစ်ဦးမှာ ယုံးကျားဧကရာဇ်ဖြစ်ပြီး အခြားတစ်ဦးမှာ အိမ်ရှေ့စံပင် ဖြစ်သည်။ ကျန်သော မင်းသားများသည် နန်းဆောင်ထဲသို့ ဝင်ရောက်လာပါက မတ်တပ်ရပ်ရုံသာ တတ်နိုင်လေသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကာလအတွင်း နဂါးပလ္လင်နှင့် ဘေးနားရှိ ကုလားထိုင်တို့သည် ဟာလာဟင်းလင်း ဖြစ်နေခဲ့ရာ ယနေ့တွင်မူ ကုလားထိုင်ပေါ်၌ လူတစ်ယောက် ထိုင်နေပြီဖြစ်သဖြင့် မှူးမတ်တို့၏ စိတ်နှလုံးသည်လည်း အထူးတလည် တည်ငြိမ်အေးချမ်းသွားကြတော့သည်။

စစ်တပ်ကြီး စစ်ပွဲအောင်နိုင်ပြီး မကြာမီ မြို့တော်သို့ ပြန်လည်ရောက်ရှိတော့မည့် အရေးကို တွေးတောမိလိုက်လျှင် ပိုလို့ပင် ပျော်ရွှင်ကြည်နူးစရာ ကောင်းနေတော့သည်။

အိမ်ရှေ့စံ ဒဏ်ရာမပျောက်ကင်းသေးသည့် ကိစ္စနှင့် ပတ်သက်၍မူ အသက်အန္တရာယ် မစိုးရိမ်ရသရွေ့ ဖြည်းဖြည်းချင်း ကုသယူလိုက်လျှင် ရနိုင်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် လီကျင့် ပြန်ရောက်လာသည်နှင့် နန်းတွင်းနန်းပြင်ရှိ စိတ်နှလုံးများသည် လုံးဝ တည်ငြိမ်သွားခဲ့လေပြီ။

ချောင်ကောလောင်သည် ရှေ့ဆုံးမှ ထွက်လာပြီး လက်ကိုယှက်ကာ လျှောက်လိုက်လေသည်။ "ကျွန်တော်မျိုး မရဲတရဲ လျှောက်တင်ပါရစေ။ အရှင်မင်းသား ကျန်းမာပါရဲ့လား"

ဤသည်မှာ မှူးမတ်အပေါင်းကို ကိုယ်စားပြုကာ ထိုက်ဇီ၏ ဒဏ်ရာ အခြေအနေ ပြင်းထန်မှု ရှိမရှိကို မေးမြန်းလိုက်ခြင်းပင်။

လီကျင့်က နွေးထွေးစွာ ပြောလိုက်လေသည်။ "ကျွန်တော့်ကိုယ်ပေါ်က ဒဏ်ရာက သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ လအနည်းငယ်လောက် အနားယူလိုက်ရင် မူလအတိုင်း ပြန်ကောင်းလာမှာပါ။ အားလုံးပဲ စိတ်မပူကြပါနဲ့"

ထို့နောက်တွင်တော့ ဌာနအသီးသီးမှ ဝန်ကြီးများသည် ရှေ့သို့ အသီးသီး ရောက်ရှိလာကြပြီး ထိုက်ဇီ၏ ကျန်းမာရေးကို ဂရုတစိုက် မေးမြန်းကြတော့သည်။

လီကျင့်ကလည်း စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီ ပြန်လည်ဖြေကြားလေသည်။

ညီလာခံသို့ တက်ရောက်လာသော အရာရှိပေါင်းမှာ ရာဂဏန်းခန့် ရှိသော်လည်း အမှန်တကယ် လျှောက်တင်ခွင့်ရှိသူမှာ လူနည်းစုသာ ရှိသည်။ အိမ်ရှေ့စံနှင့် အမတ်ကြီးများအကြား အပြန်အလှန် ပြောဆိုမှုများသည် မှူးမတ်များအားလုံး ကြားသိစေရန် ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။ မှူးမတ်များသည် ထိုစကားများကို ကိုယ်တိုင် ကြားသိလိုက်ရသည့်အခါ စိတ်ထဲမှ စိုးရိမ်မှု ထက်ဝက်ကျော် လျော့ပါးသွားကြတော့သည်။

နန်းတွင်း၌ စစ်ဘက်အရာရှိ သိပ်မကျန်တော့ဘဲ ယနေ့တွင် စစ်သူကြီးလျန်လည်း ညီလာခံ တက်ရောက်လာခဲ့သည်။

လီကျင့်သည် စစ်သူကြီးလျန်ကို ကြည့်လိုက်ပြီး ပါးစပ်ဟကာ ပြောလိုက်လေသည်။ "ဒီတစ်ခေါက် ယန်စစ်သည်တွေ မြို့ကို တိုက်ခိုက်တဲ့အချိန်မှာ မြို့တော်ကို ကာကွယ်နိုင်ပြီး ယန်စစ်သည်တွေကို အကြီးအကျယ် ရှုံးနိမ့်သွားစေတာက စစ်သူကြီးလျန်ရဲ့ အကြီးမားဆုံးသော ကောင်းမှုပါပဲ"

စစ်သူကြီးလျန်၏ တုံးတိတိနိုင်ပြီး စကားနည်းသော အကျင့်စရိုက်ကို လူတိုင်း သိရှိကြလေသည်။ သူ၏ စရိုက်အတိုင်းဆိုလျှင် ယခုအချိန်၌ "ဒါတွေက ကျွန်တော်မျိုးရဲ့ တာဝန်ပါ" ဟု ပြန်ဖြေလိုက်လျှင် ပြီးပြည့်စုံနေပြီ ဖြစ်သည်။

သို့သော် ထင်မှတ်မထားသည်မှာ စကားနည်းသော စစ်သူကြီးလျန်သည် ယနေ့တွင် စကားများနေခြင်းပင်။ "ထိုက်ဇီရဲ့ ချီးကျူးမှုကို ကျွန်တော်မျိုး မခံယူဝံ့ပါဘူး။ အဲဒီနေ့တုန်းက ကျွန်တော်မျိုးက စစ်သည်တွေကို ဦးဆောင်ပြီး ကျန်းတယ်တံခါးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားရတာပါ။ စိတ်ဖိစီးမှုက မနည်းလှပါဘူး"

"ထိုက်ဇီဖေးက ကျွန်တော်မျိုးဆီ စာပို့ပြီး ယန်စစ်သည်တွေ ဘယ်လိုပရိယာယ်ပဲ သုံးလာပါစေ မြို့တံခါးကို လုံခြုံအောင် စောင့်ရှောက်ဖို့က ပထမ ဦးစားပေးပဲလို့ သတိပေးခဲ့ပါတယ်။ မကြာခင်မှာပဲ ယန်စစ်သည်တွေက အပြစ်မဲ့ ပြည်သူတွေကို မောင်းနှင်ပြီး မြို့တံခါးကို တိုက်ခိုက်ခိုင်းကာ ရက်ရက်စက်စက် သတ်ဖြတ်ပြခဲ့ကြပါတယ်"

"အဲဒီအချိန်တုန်းက စစ်သည်တွေရဲ့ စိတ်ဓာတ်တွေ ယိမ်းယိုင်ပြီး မြို့တံခါးက ကျလုနီးပါး ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်မျိုးလည်း မတတ်သာဘဲ ရက်စက်တဲ့ အမိန့်ကို ထုတ်ပြန်ပြီး စစ်သည်တွေကို မြှားနဲ့ပစ်ခတ် တားဆီးခိုင်းခဲ့ရပါတယ်"

"မြို့တံခါးကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် တိုက်ခိုက်ဖို့ မောင်းနှင်ခံရတဲ့ ပြည်သူတွေအားလုံး သေဆုံးခဲ့ရပါတယ်။ စစ်သည်တွေရဲ့ စိတ်ထဲမှာ နာကျင်ခံစားရသလို ကျွန်တော်မျိုး စိတ်ထဲမှာလည်း အလွန်ပဲ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ မြို့တော် လုံခြုံရေးအတွက် မလုပ်မဖြစ် လုပ်ခဲ့ရတာပါ။ ထိုက်ဇီဖေးသာ အဲဒီလိုစာမျိုး ကြိုတင် မရေးပေးခဲ့ရင် ကျွန်တော်မျိုး စိတ်ဒွိဟဖြစ်ပြီး အချိန်မီ အမိန့်မပေးနိုင်ခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်ကို တွေးရဲစရာတောင် မရှိပါဘူး"

"နောက်ရက်အနည်းငယ်ကြာတော့ ထိုက်ဇီဖေးက စာထပ်ပို့လာပြန်ပါတယ်။ အဲဒီတော့မှ ထိုက်ဇီဖေးက ကိုယ့်အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ လုအိမ်တော်က လျှို့ဝှက်အစောင့်တွေကို ကိုယ်တိုင်ဦးဆောင်ပြီး မြို့တံခါးအပြင် ထွက်သွားကာ မိုင်ပေါင်းရာချီ ကွေ့ပတ်ပြီး ယန်စစ်တပ်ရဲ့ နောက်ကျောဖက်ကနေ စစ်စခန်းကို ညအချိန် ဝင်ရောက်စီးနင်းပြီး ယန်စစ်တပ်ရဲ့ စစ်သူကြီးကို လုပ်ကြံခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်"

"ထိုက်ဇီဖေးက တစ်ချက်တည်းနဲ့ အောင်မြင်ခဲ့ပြီး ယန်ထော် သေဆုံးပြီးတဲ့နောက်မှာ ယန်စစ်သည်တွေရဲ့ စိတ်ဓာတ်တွေ ပျက်ပြားပြီး စစ်စခန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်ကြတာပါ။ ဒါကြောင့်မလို့သာ ကျွန်တော်မျိုးက စစ်သည်တွေကို ဦးဆောင်ပြီး ယန်စစ်သည်တွေကို အနိုင်ယူနိုင်ခဲ့တာပါ"

"ဒီတစ်ခေါက် မြို့စောင့်တာဝန်မှာ အဓိက အကျိုးဆောင်သူနေရာကို ကျွန်တော်မျိုး မခံယူဝံ့ပါဘူး။ တကယ်တမ်း အဓိက အကျိုးဆောင်သူ ဖြစ်သင့်တာက ထိုက်ဇီဖေးပါ"

စကားနည်းသူက ရုတ်တရက် စကားကို ခမ်းခမ်းနားနား ပြောလိုက်သည်တွင် ပိုလို့ပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေတော့သည်။

မှူးမတ်များအားလုံးသည် ရင်ထဲတွင် တက်ကြွလှုပ်ရှားသွားကြပြီး အိမ်‌ရှေ့စံကို မော့ကြည့်လိုက်ကြလေသည်။

အိမ်ရှေ့စံသည် မည်သူ့ထက်မဆို ပို၍ ဂုဏ်ယူနေတော့သည်။ ဟုတ်ပေသည်။ အကယ်၍ လုမင်ယွိသာ ယန်ထော်ကို ရဲရဲတောက် လုပ်ကြံခြင်းမျိုး မပြုလုပ်ခဲ့ပါက ယန်စစ်သည်များ ဤမျှမြန်ဆန်စွာ ရှုံးနိမ့်သွားမည် မဟုတ်ပေ။ ပြည်သူများနှင့် စစ်သည်များ မည်မျှ ထပ်မံ သေဆုံးရဦးမည်ကို မသိနိုင်ချေ။

ဒါသည် အတုမရှိသော သာ့ဝေတိုင်းပြည်၏ ထိုက်ဇီဖေးပင်။ ဘယ်သူမှ ယှဉ်နိုင်မည် မဟုတ်။

ဒါသည် သူ ဘဝနှစ်ခုလုံး စွဲလမ်းနှစ်သက်ခဲ့ရသော လုမင်ယွိပင်။

လီကျင့်၏ ရင်ထဲတွင် ပူနွေးနေသော်လည်း အသံကတော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ "ထိုက်ဇီဖေးရဲ့ စွမ်းဆောင်မှုကို အားလုံးလည်း မျက်မြင်ကိုယ်တွေ့ပါပဲ။ ဖုဟွမ် ပြန်ရောက်လာတဲ့အခါကျရင် ကျွန်တော်ကိုယ်တိုင် ထိုက်ဇီဖေးအတွက် ဆုတောင်းခံပေးပါ့မယ်။ စစ်သူကြီးလျန်လည်း ကြီးမားတဲ့ အကျိုးဆောင်မှု ရှိတာမို့ ဖုဟွမ် မြို့တော်ကို ပြန်ရောက်လာရင် သေချာပေါက် ဆုချီးမြှင့်မှာပါ"

စစ်သူကြီးလျန်သည် လက်နှစ်ဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ "ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ် အရှင်မင်းသား"

ဤပြဇာတ်ကြီး တစ်ခုလုံးကို မှူးမတ်များအားလုံးက မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပြီး စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိကြသည်။

ကြည့်ကြပါဦး။ စစ်သူကြီးလျန်က ကြည့်ရတာ ရိုးအတဲ့ပုံ ပေါက်နေပေမယ့် တကယ်တမ်းကျတော့ အလုပ်လုပ်ရာမှာ အတော်လေး စနစ်ကျတာပဲ။ အချိန်အကြာကြီး ဧကရာဇ်မင်းမြတ်ရဲ့ ကျွန်ရင်းအဖြစ် နေထိုင်လာခဲ့ပြီး ယုံးကျားဧကရာဇ်ရဲ့ ယုံကြည်မှုကို အခံရဆုံး ဖြစ်ခဲ့တယ်။ အခုတော့ ထိုက်ဇီဆီမှာ မသိမသာ ခိုလှုံဝင်ရောက်လာခဲ့ပြီ။ ဒီနေ့ ညီလာခံမှာ ထိုက်ဇီဖေးအတွက် ဂုဏ်သတင်း မြှင့်တင်ပေးနေတာက ထိုက်ဇီရဲ့ မျက်နှာကို လိုချင်တာ သိသာလိုက်တာ။

ထိုက်ဇီက ဇနီးသည်ကို အသက်တမျှ ချစ်မြတ်နိုးကြောင်း ဘယ်သူက မသိဘဲ နေမှာလဲ။ ထိုက်ဇီဖေးကို ချီးကျူးတာက ထိုက်ဇီကို ချီးကျူးတာထက် ပိုပြီးတော့တောင် ထိုက်ဇီကို ပျော်ရွှင်စေတာပဲလေ။

ယနေ့ ပြီးဆုံးသွားသည်နှင့် ထိုက်ဇီဖေး လုမင်ယွိ၏ ကျော်ကြားသော ဂုဏ်သတင်းအရှိန်အဝါသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားပေတော့မည်။

...

မွန်းတည့်ချိန်တွင် ထိုက်ဇီသည် အရှေ့နန်းဆောင်၌ စားပွဲသောက်ပွဲ ပြုလုပ်လေသည်။

စာပေနှင့် စစ်ဘက်ဆိုင်ရာ အရာရှိအပေါင်းတို့သည် အရှေ့နန်းဆောင်သို့ ဝင်ရောက်ကာ စားပွဲသောက်ပွဲ တက်ရောက်ကြသည်။ အရှေ့နန်းဆောင်မှ လက်အောက်ငယ်သား အရာရှိများသည် နေရာအသီးသီးသို့ ခွဲသွားကြပြီး အရာရှိများကို ဧည့်ခံကာ နေရာချထားပေးကြသည်။

ပြောရလျှင် အရှေ့နန်းဆောင်မှ အရာရှိငယ်များမှာလည်း အနည်းငယ် စိတ်ဆင်းရဲစရာ ကောင်းလှသည်။ အရှေ့နန်းဆောင်သို့ ဝင်ရောက်လာသည်မှာ လအနည်းငယ်သာ ရှိသေးပြီး အရာထင်အောင် ဘာမှမလုပ်ရသေးခင်မှာပင် ထိုက်ဇီသည် စစ်တပ်နှင့်အတူ လိုက်ပါကာ စစ်ထွက်သွားခဲ့ပြီး တစ်ခါသွားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့လေသည်။

တိုင်းပြည်၏ အရေးကိစ္စရပ်များကို အတွင်းဝန်အမတ်များက တာဝန်ယူရပြီး အရှေ့နန်းဆောင်တွင် အိမ်ရှေ့စံ မရှိသဖြင့် နိုင်ငံရေး ကိစ္စရပ်များတွင် ပါဝင်ခွင့်လည်း မရရှိခဲ့ကြပေ။

ဤတစ်နှစ်ကျော် ကာလအတွင်း အရှေ့နန်းဆောင်မှ အရာရှိများသည် အရှေ့နန်းဆောင်၏ ပိုင်နက်လေးကိုသာ စောင့်ထိန်းရင်း အပြစ်လည်း မရှိ ကုသိုလ်လည်း မရ ဖြစ်နေခဲ့ကြသည်။ သဘာဝကျစွာပင် မျက်နှာပန်း သိပ်မလှခဲ့ကြချေ။ ယခုအခါ အိမ်ရှေ့စံ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သဖြင့် အရှေ့နန်းဆောင်မှ လူများသည်လည်း ခါးကို မတ်မတ်ထားနိုင်ကြပြီဖြစ်ပြီး မျက်နှာပွင့်လန်းကာ ဂုဏ်ယူဝင့်ကြွားနေကြသည့် ခံစားချက်မျိုး ရရှိနေကြတော့သည်။

နန်းတွင်းစားပွဲသောက်ပွဲတွင် လေထုအခြေအနေမှာ များစွာ ပေါ့ပါးသက်သာနေလေသည်။

ဂီတသံစဉ်နှင့် အကအလှများ၊ အရသာရှိသော စားကောင်းသောက်ဖွယ်များနှင့်အတူ မှူးမတ်များသည်လည်း သုံးယောက်တစ်စု နှစ်ယောက်တစ်စု စကားစမြည် ပြောဆိုနေကြသည်မှာလည်း ကိစ္စမရှိပေ။

စတုတ္ထမင်းသားနှင့် လီကျင့်တို့သည် စားပွဲဝိုင်းတစ်ခုတည်းတွင် အတူထိုင်နေကြပြီး ရင်းနှီးသော ပုံစံဖြင့် မကြာခဏဆိုသလို တီးတိုး စနောက်ပြောဆိုနေကြလေသည်။

"တကယ်ကို ထင်မထားဘူး။ ဒီနေ့ ညီလာခံမှာ အပေါ်လွင်ဆုံး ဖြစ်သွားတာက အာ့စောင် ဖြစ်နေမယ်လို့လေ" စတုတ္ထမင်းသားက ပြုံးရယ်ကာ စနောက်လိုက်သည်။ "ဒီနေ့ပြီးရင် ထိုက်ဇီဖေးရဲ့ ဂုဏ်သတင်းကို မသိတဲ့သူ ရှိမှာမဟုတ်တော့ဘူး။ အာ့ကောအနေနဲ့ တောင့်ခံထားမှ ဖြစ်မယ်နော်။ မဟုတ်ရင် ယောက်ျားတို့ရဲ့ ဩဇာအာဏာ ကျဆင်းသွားလိမ့်မယ်"

လီကျင့်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်လေသည်။ "အာ့ကောကတော့ မိန်းမယူတဲ့ နေ့ကတည်းက ယောက်ျားတို့ရဲ့ ဩဇာအာဏာဆိုတာ တက်မလာခဲ့ပါဘူးကွာ"

စတုတ္ထမင်းသားသည် သောက်လက်စ အရက်များ သီးသွားပြီး ချောင်းဆိုးရင်း တဟားဟား အော်ရယ်မိတော့သည်။

လီကျင့်ကတော့ ရှက်ရကောင်းမှန်း သိဖို့နေနေသာသာ မျက်နှာပြောင်ပြောင်ဖြင့် ပြောဆိုရဲပေသည်။

လီကျင့်သည် အမှန်တကယ်ပင် မျက်နှာပြောင်တိုက်ပြီး ရှက်စရာဟု အနည်းငယ်မျှပင် မခံစားရချေ။ သူသည် ယခုအချိန်တွင် အရက်သောက်၍ မရသဖြင့် လက်ထဲတွင် ကိုင်ထားသည်မှာ လက်ဖက်ရည်ကြည်သာ ဖြစ်လေသည်။ စားပွဲသောက်ပွဲ၏ လေထုက လူကို မူးယစ်စေသည်လား မသိ။ လက်ဖက်ရည်ကြည်ကို သောက်လိုက်လျှင်ပင် မူးဝေဝေနှင့် ကြည်နူးဖွယ်ရာ ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။

လုမင်ယွိ၏ မျက်နှာလေးသည် မျက်စိရှေ့တွင် မရပ်မနား လှုပ်ရှားနေသယောင်ပင်။

လွမ်းဆွတ်တောင့်တစိတ်များက ရုတ်တရက် ရင်ထဲသို့ တိုးဝင်လာခဲ့လေသည်။

လီကျင့်က စတုတ္ထမင်းသားကို တိုးတိုးလေး မှာကြားလိုက်လေသည်။ "ငါ ပင်ပန်းနေပြီ။ အိပ်ဆောင်ပြန်ပြီး အနားယူလိုက်ဦးမယ်။ မင်းပဲ ကျန်ခဲ့ပြီး နန်းတွင်းစားပွဲသောက်ပွဲကို ကူပြီးကြည့်ရှုပေးလိုက်ဦး" ပြောပြီးသည်နှင့် တိတ်တဆိတ် ထကာ ထွက်ခွာသွားတော့သည်။

ထိုကဲ့သို့ပင် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးသွားလေတော့သည်။

စတုတ္ထမင်းသား "..."

အာ့ကော ပင်ပန်းနေတာ မဟုတ်ကြောင်း သူ အာမခံရဲသည်။ တိတ်တဆိတ် ထွက်ပြေးပြီး အာ့စောင်နှင့် သွားရောက် ကြည်နူးချင်နေသည်က သိသာလှသည်။

ဒီလို ကာမဂုဏ်လိုက်စားသော ဧကရာဇ်စရိုက်မျိုးက အမှန်တကယ် အထင်သေးစရာပင်။

...

အပိုင်း (၄၂၈) အတူရှိနေခြင်း

လုမင်ယွိကတော့ ကလေးနှစ်ယောက်နှင့်အတူ နေ့လယ်ခင်း တရေးတမော အိပ်စက်လိုက်သည်။

တံခါးတွန်းဖွင့်သံကို ကြားလိုက်ရသဖြင့် လုမင်ယွိမှာ အနည်းငယ် အံ့ဩသွားပြီး ထထိုင်လိုက်၏။ "နန်းတွင်းစားပွဲသောက်ပွဲက ဒီလောက်စောစော ပြီးသွားပြီလား"

စားပွဲသောက်ပွဲ မပြီးခင် ထွက်ပြေးလာသော အိမ်ရှေ့စံ၏ မျက်နှာတွင် အပြစ်ရှိသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ ပြုံးရယ်ကာ ပြောလိုက်လာသည်။ "ကို အဲဒီမှာ ရှိနေရင် လူတိုင်းက လှုပ်ရရှားရ ခက်နေကြတာ။ ဒါကြောင့် အစောကြီး ပြန်လာခဲ့တာ။ စစ်တိက ကျန်ခဲ့ပြီး ကြည့်ရှုပေးလိမ့်မယ်"

ပြောရင်းဆိုရင်းနှင့် သူသည် ရှေ့သို့ တိုးကပ်လာကာ လုမင်ယွိကို ပွေ့ဖက်လိုက်လေသည်။

လုမင်ယွိ "..."

ရင်းနှီးပြီးသားဖြစ်သော နွေးထွေးသည့် ရင်ခွင်သည် ချက်ချင်းဆိုသလို သူမကို လွှမ်းခြုံသွားတော့သည်။ ပါးစပ်ဖျားအထိ ရောက်လာပြီးသော ဆူပူကြိမ်းမောင်းမည့် စကားလုံးများသည်လည်း ရပ်တန့်သွားကြသည်။

"ရှောင်ယွိ... ကိုယ် မင်းကို လွမ်းတယ်" လီကျင့်သည် သူမ၏ လည်တိုင်ကြားသို့ ခေါင်းတိုးဝင်လိုက်ပြီး အသက်ရှူသံများသည် သူမ၏ နားထဲသို့ ရိုက်ခတ်နေသည်။

လုမင်ယွိသည် မနေနိုင်ဘဲ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ "ခွဲနေတာမှ နေ့ဝက်ပဲ ရှိသေးတာကို"

"နေ့ဝက်ပဲ ခွဲရလည်း လွမ်းတာပဲ" လီကျင့်သည် သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူမ၏ နားနားကပ်ကာ ပြောလိုက်ပြန်သည်။ "အခု ပြန်စဉ်းစားကြည့်လိုက်ရင် အရင်တုန်းက တစ်နှစ်ကျော် ကာလကို ကိုယ် ဘယ်လိုဖြတ်သန်းခဲ့ရမှန်းတောင် မသိတော့ဘူး။ စစ်တပ်ထဲမှာ ညတိုင်းညတိုင်း မင်းကို လွမ်းနေခဲ့တာ"

"ညဘက်ပဲ လွမ်းတာလား" လုမင်ယွိက နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အသံထဲတွင် ချွဲနွဲ့သည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေလေသည်။

လီကျင့်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမ၏ နှုတ်ခမ်းကို ဖိကပ်စုပ်ယူလိုက်သည်။ အချိန်အတော်ကြာ နမ်းရှိုက်ပြီး အလွမ်းပြေသွားမှသာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "နေ့ခင်းဘက်က စစ်ချီတက်ရတယ်။ တိုက်ခိုက်ရတယ်။ အလုပ်ရှုပ်ပြီး ပင်ပန်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် နှစ်ပိုင်းခွဲပြီး သုံးချင်တာတောင် မလောက်ဘူး။ တကယ်ကို လွမ်းဖို့ အချိန်မရှိတာ"

ဒါသည် တကယ်ကို ရိုးသားလွန်းသည့် အမှန်တရားစကားပင်။

လုမင်ယွိသည် တခစ်ခစ် ရယ်မောလိုက်မိတော့သည်။

ကုတင်ပေါ်တွင် အိပ်နေကြသော ရွှီအာနှင့် ရွှမ်းအာတို့သည် ကိုယ်စီ လှုပ်ရှားလာကြသည်။

လီကျင့်သည် အလျင်အမြန်ပင် အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကိုယ်တို့ ကိုယ့်အိပ်ခန်းဆီ ပြန်ကြရအောင်။ ကလေးတွေ နိုးသွားဦးမယ်"

သူလုပ်ချင်သော ကိစ္စသည် ကလေးနှစ်ယောက် ရှေ့တွင် လုပ်ရန် အမှန်တကယ် မသင့်တော်ပေ။

လုမင်ယွိ၏ နားရွက်များ ပူနွေးလာပြီး ပါးပြင်များသည် မက်မွန်ပွင့်များကဲ့သို့ နီမြန်းလာတော့သည်။ သူမသည် လီကျင့်ကို မျက်စောင်းထိုးလိုက်ပြီး "ရှင်က နေကောင်းသေးတာ မဟုတ်ဘူး။ ကောင်းကောင်း အနားယူသင့်တယ်။ အလိုလိုက်လွန်းလို့ မဖြစ်ဘူး။ မနေ့ညကမှ ပြန်တွေ့တာမို့လို့ ခွင့်လွှတ်လိုက်တာ။ ဒီနေ့တော့ ရှင် မမွှေရဘူးနော်"

လီကျင့်က ပြတ်ပြတ်သားသားပင် ကတိပေးလိုက်လေသည်။ "ကောင်းပြီ။ မင်းသဘောအတိုင်းပဲ" ထို့နောက်တွင်တော့ မခို့တရို့ ပြုံးကာ စနောက်လိုက်ပြန်သည်။ "ကိုယ်က မင်းနဲ့ အခန်းပြန်ပြီး စကားပြောချင်ရုံ သက်သက်ပါ။ မင်းက ဘာတွေ လျှောက်တွေးနေတာလဲ။ မဟုတ်မှလွဲရော ကိုယ်က နေ့ခင်းကြောင်တောင် အချစ်နယ်ကျွံမယ်လို့ ထင်နေတာလား။ မင်းက ကိုယ့်ကို သိပ်အထင်သေးတာပဲ။ ကိုယ်က အဲဒီလို အလှအပကို မက်မောပြီး ကျန်းမာရေးကို ဂရုမစိုက်ဘဲ အလိုလိုက်တတ်တဲ့သူမျိုးလား"

သေချာပေါက်။ ဟုတ်တာပေါ့။

တစ်စုံတစ်ယောက်ကတော့ ဇနီးသည်ကို အခန်းထဲသို့ လှည့်ဖြားခေါ်ဆောင်သွားပြီး အတည်ပေါက်စကား နှစ်ခွန်းမပြောရသေးခင်မှာပင် ကုတင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။ တစ်နာရီကျော်ကြာအောင် လှုပ်ရှားပြီးမှသာ ငြိမ်သက်သွားခဲ့သည်။

ရလဒ်အနေဖြင့် ညနေစောင်းတွင် ချောင်မိဖုရားခေါင်သည် အရှေ့နန်းဆောင်သို့ အိမ်ရှေ့စံအား လာရောက်ကြည့်ရှုသည့်အချိန်ထိ အိမ်ရှေ့စံကတော့ ကုတင်ပေါ်တွင် အိပ်ပျော်နေဆဲပင်။

ထိုက်ဇီဖေးကတော့ မျက်နှာလေးများ နီမြန်းကာ ထွက်လာပြီး ချောင်မိဖုရားခေါင်ကို ဂါရဝပြုလိုက်လေသည်။ "မူဟုပ် ခဏလောက် စောင့်ပါဦးနော်။ အရှင်မင်းသားက နေ့ခင်းအိပ်ရာက မနိုးသေးပါဘူး။ အာရှီ အခုပဲ အရှင်မင်းသားကို နှိုးခိုင်းလိုက်ပါ့မယ်"

ချောင်မိဖုရားခေါင် နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ "ထားလိုက်ပါတော့။ သူ့ကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ ပန်ကုံး ရွှီအာကို အရင် သွားကြည့်လိုက်မယ်"

တစ်စုံတစ်ရာ ပြောချင်သော်လည်း နောက်ဆုံးတွင်တော့ သည်းခံလိုက်ရလေသည်။

ကိုယ့်သားအကြောင်း ကိုယ်အသိဆုံးပင်။ ဒီလောက် အလိုလိုက်နေမှတော့ ချွေးမတော်ကိုလည်း အပြစ်တင်၍ မရပေ။

ချောင်မိဖုရားခေါင်သည် ပါးစပ်က မပြောဘဲ သည်းခံထားသမျှ စကားလုံးများ အားလုံးသည် မျက်လုံးနှင့် မျက်ခုံးများကြားတွင် ချိတ်ဆွဲထားသကဲ့သို့ ထင်ရှားနေလေသည်။ လုမင်ယွိကလည်း မမြင်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ သူမ၏ မျက်နှာသည်လည်း ပူနွေးကာ နေရခက်သွားရတော့သည်။

ပြောရလျှင် လီကျင့်တစ်ယောက်တည်းကို အပြစ်တင်၍ မရပေ။ သူမ၏ စိတ်ဆန္ဒ မခိုင်မာမှုကြောင့်လည်း ပါသည်။ ယောက်ျားချောလေး၏ မြှူဆွယ်မှုကြောင့် ခေါင်းမူးသွားခြင်းပင်။

ချောင်မိဖုရားခေါင်သည် သားဖြစ်သူအပေါ်ထားသော မေတ္တာစိတ်ကြောင့် တစ်ခွန်းမှ မပြောဘဲ သည်းခံနေခဲ့ရသည်။ တကယ်ကို ခက်ခဲရှာပေမည်။

...

မိုးချုပ်ခါနီးမှသာ လီကျင့်သည် ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။

အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်ယွမ်သည် သခင်ဖြစ်သူကို အဝတ်အစား လဲလှယ်ပေးပြီးနောက် ဂရုတစိုက် တွဲကူပေးလိုက်လေသည်။ "အရှင်မင်းသား အရမ်း ပင်ပန်းနေမှာပဲ။ အခု လမ်းလျှောက်ဖို့ အားရှိမှာ မဟုတ်ဘူး။ ကျွန်တော်မျိုး အရှင်မင်းသားကို စားသောက်ဆောင်ဆီ တွဲပို့ပေးပါ့မယ်"

လီကျင့်က ရယ်မောကာ ဆဲရေးလိုက်လေသည်။ "သွားစမ်း။ မင်းကများ သခင်ကို လာနောက်ပြောင်ရဲတယ်!"

ညနေခင်း တစ်ခုလုံး အိပ်စက်ပြီးနောက် သူသည် အားအင်များ ပြည့်ဖြိုးကာ တက်ကြွလန်းဆန်းနေပြီ မဟုတ်ပါလား။

ရှောင်ယွမ်သည် ပါးစပ်သွက်သွက်ဖြင့် ပြန်ပြောပြီးနောက် အသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် ရောက်နေတာ ကြာပါပြီ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အရှင်မင်းသားကို နှိုးခွင့်မပေးဘဲ အခု စားသောက်ဆောင်မှာ အရှင်မင်းသားကို စောင့်နေပါတယ်"

လီကျင့်သည် ခေါင်းညိတ်လိုက်ပြီး စားသောက်ဆောင်သို့ လျှောက်လှမ်းသွားလိုက်သည်။

ယနေ့ ရွှီအာသည် ရှားရှားပါးပါး အပြင်သို့ ရောက်ရှိနေပြီး ချောင်မိဖုရားခေါင်၏ ပေါင်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ ပိန်လှီဖြူဖပ်နေသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ ပြည့်နှက်နေသည်။

ရွှမ်းအာသည်လည်း လုမင်ယွိ၏ ဘေးတွင် ထိုင်နေသည်။

လီကျင့် ရောက်လာသည်နှင့် လူတိုင်း၏ အကြည့်များက သူ့ထံသို့ ရောက်ရှိလာကြသည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် ဖခင်အရင်းဖြစ်သူနှင့် စိမ်းသက်နေကြသေးသဖြင့် "ဖေဖေ" ဟု တစ်ချက်ခေါ်ပြီးနောက် အကြည့်လွှဲသွားကြလေသည်။

လီကျင့်နှင့် လုမင်ယွိတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ နေ့လယ်ခင်းက ချစ်ရည်လူးခဲ့သော ပုံရိပ်များသည် ခေါင်းထဲသို့ ရောက်ရှိလာပြီး နှစ်ယောက်စလုံး ရှက်သွေးဖြာသွားကြတော့သည်။

လီကျင့်သည် ချောင်မိဖုရားခေါင်၏ ဘေးသို့ အမြန်သွားရောက် ထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်လေသည်။ "မူဟုပ် ရောက်နေတာ ဘာလို့ လူလွှတ်ပြီး မခေါ်ခိုင်းတာလဲ"

ပြုံးရွှင်နေသော သားဖြစ်သူ၏ မျက်နှာကို ကြည့်ရင်း ချောင်မိဖုရားခေါင်၏ ရင်ထဲမှ မကျေနပ်ချက်များ အားလုံးသည် ပျောက်ကွယ်သွားပြီး ပြုံးကာ ပြန်ပြောလိုက်လေသည်။ "အရေးတကြီး ပြောစရာ ကိစ္စမရှိလို့ အလောတကြီး မခေါ်ခိုင်းတာပါ"

ခဏရပ်ပြီးနောက် သွယ်ဝိုက်သော နည်းဖြင့် သတိပေးလိုက်လေသည်။ "မင်းတို့လင်မယားက အချိန်အကြာကြီး ခွဲခွာနေရပြီးမှ ပြန်တွေ့ကြတာဆိုတော့ ချစ်မဝ ဖြစ်နေကြမှာပေါ့။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါဦး"

လီကျင့်ကို မဆိုထားနှင့် လုမင်ယွိပင်လျှင် သွေးအားနည်းပြီး ခန္ဓာကိုယ်ကို ပြန်လည် ပြုစုပျိုးထောင်နေရချိန် ဖြစ်သည်။ အဘယ်မှာ ဤကဲ့သို့ ကာမဂုဏ်ကို မက်မောနေ၍ ဖြစ်ပါမည်နည်း။

လီကျင့်သည် မျက်နှာပြောင်ပြောင်ဖြင့် လက်ခံလိုက်လေသည်။ "မူဟုပ် ပြောတဲ့စကားတွေကို ကို မှတ်သားထားလိုက်ပါ့မယ်"

လုမင်ယွိ "..."

လုမင်ယွိသည် ခေါင်းကို လှည့်ကာ ရွှမ်းအာနှင့် စကားပြောနေလိုက်တော့သည်။

ချောင်မိဖုရားခေါင်သည် ပြောသင့်သလောက် ပြောပြီးသည်နှင့် ဆက်လက်မပြောတော့ဘဲ ညစာပြင်ဆင်ခိုင်းလိုက်လေသည်။

ညစာ စားပြီးနောက် လုမင်ယွိက ရွှီအာနှင့် ရွှမ်းအာကို ခေါ်ဆောင်ကာ အိပ်ဆောင်သို့ ပြန်သွားလိုက်သည်။ ချောင်မိဖုရားခေါင်နှင့် သားဖြစ်သူတို့ သားအမိချင်း သီးသန့်စကားပြောနိုင်ရန် အလိုက်တသိ ဖယ်ပေးလိုက်ခြင်းပင်။

လုမင်ယွိနှင့် ကလေးများ ထွက်သွားသည်နှင့် ချောင်မိဖုရားခေါင်သည် ပိုမို ပွင့်လင်းစွာ ပြောဆိုလာတော့သည်။ သားဖြစ်သူကို မကျေမနပ် မျက်စောင်းထိုးကာ "ကာမဂုဏ်ဆိုတာ အရိုးကိုခြစ်တဲ့ ဓားသွားလိုပဲ။ မင်း ခန္ဓာကိုယ်တောင် ပြန်မကောင်းသေးတာ နည်းနည်းပါးပါး ချင့်ချိန်ဦးမှပေါ့။ ဒီလောက်တောင် အလိုလိုက်နေတာ ခန္ဓာကိုယ် ထိခိုက်မှာ မကြောက်ဘူးလား"

လီကျင့်သည် နှာခေါင်းကို ပွတ်သပ်ရင်း ငြိမ်ကုပ်စွာ ဆူပူသမျှကို ခံယူနေလိုက်၏။

"ပြီးတော့ လုရှီက အရင်တုန်းက သွေးတွေ အများကြီး ထွက်ထားတာ။ အခု ကြည့်ရတာ ဘာမှမဖြစ်သလို ထင်ရပေမယ့် တကယ်တမ်းကျတော့ ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ" ချောင်မိဖုရားခေါင်က သတိပေးလိုက်လေသည်။ "အခု အခြေအနေနဲ့ မတော်တဆ ကိုယ်ဝန်ရသွားရင် သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။ မင်း ကိုယ့်အတွက် မစဉ်းစားရင်တောင် လုရှီအတွက် စဉ်းစားပြီး ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်"

ဒါကတော့ အမှန်တရားပင်။

လီကျင့်သည် နောက်ပြောင်လိုစိတ်များ ပျောက်ကွယ်သွားပြီး လေးလေးနက်နက် ပြန်ဖြေလိုက်လေသည်။ "မူဟုပ် သတိပေးတာ မှန်ပါတယ်။ သားတော် မစဉ်းစားမဆင်ခြင်မိဘဲ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီညကစပြီး သားတော် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီး ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"

ထိုအခါမှ ချောင်မိဖုရားခေါင် ကျေနပ်သွားတော့သည်။ "မင်း အလေးအပေါ့ကို သိရင် ပြီးတာပါပဲ။ သာ့ဝေတိုင်းပြည်က ဒီစစ်ပွဲ ပြီးသွားရင် ပြည်မကြီးတစ်ခုလုံးကို စုစည်းနိုင်တော့မှာ။ တိုင်းပြည်လည်း အေးချမ်းသွားပြီ။ နောက်ဆိုရင် တိုက်စရာ စစ်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူး။ မင်း ထိုက်ဇီ တစ်ယောက်အနေနဲ့ မြို့တော်ကနေ ထွက်ခွာစရာ မလိုတော့ဘူး။ မင်းတို့လင်မယားနှစ်ယောက် ထာဝရ အတူတူ နေထိုင်သွားရမယ့် နေ့ရက်တွေက အများကြီး ကျန်ပါသေးတယ်"

မိခင်အရင်းမို့လို့သာ သားဖြစ်သူအတွက် စိတ်ရင်းစေတနာဖြင့် ပြောဆိုဆုံးမခြင်း ဖြစ်သည်။

လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မူဟုပ်ရဲ့ စေတနာတွေကို သားတော် ရင်ထဲမှာ အမြဲ မှတ်သားထားပါတယ်"

ဒီတစ်ဘဝတွင် သူသည် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သဖြင့် မူဟုပ်သည်လည်း ယခင်ဘဝကကဲ့သို့ စောစီးစွာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတော့မည် မဟုတ်ပေ။ သူသည် မိခင်အရင်းကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရှည်ရှည် နေထိုင်သွားစေရမည်။

ချောင်မိဖုရားခေါင်သည် လီကျင့် စိတ်ထဲတွင် ဘာတွေ တွေးနေမှန်း မသိသဖြင့် ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ငါက မင်းရဲ့ အမေအရင်းပဲ။ မင်းကို မချစ်ရင် ဘယ်သူ့ကို ချစ်ရမှာလဲ။ မင်း ရင်ထဲမှာ မှတ်ထားသည်ဖြစ်စေ မမှတ်ထားသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ အဓိကက မင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ပါပဲ"

လီကျင့်သည် လေးလေးနက်နက် ခေါင်းညိတ်ကာ ကတိပေးလိုက်လေတော့သည်။

...

အပိုင်း (၄၂၉) ငြိမ်သက်စွာ အနားယူခြင်း

"မေမေ။ ဖေဖေကော"

အိပ်ဆောင်အတွင်းမှ ရွှမ်းအာ၏ နုနယ်ပျော့ပျောင်းသော အသံလေး ထွက်ပေါ်လာ၏။

လုမင်ယွိသည် ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ် သမီးလေးကို ပွေ့ဖက်ထားရင်း စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်လေသည်။ "သမီးဖေဖေက အဘွားတော်နဲ့ စကားပြောနေတယ်လေ"

ရွှမ်းအာသည် လူကြီးလေး တစ်ယောက်လို ခေါင်းညိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "ဖေဖေက စကားနားမထောင်လို့ နေမှာပေါ့"

သူမ ဆော့ကစားသည့် အချိန်တိုင်း မိခင်ဖြစ်သူ၏ ဆူပူဆုံးမမှုကို အချိန်အကြာကြီး ခံရသကဲ့သို့ ဖခင်ဖြစ်သူသည်လည်း အဘွားဖြစ်သူ၏ ဆူပူဆုံးမမှုကို ခံနေရသည်မှာ သေချာသည်ဟု တွေးလိုက်ခြင်းပင်။

လုမင်ယွိသည် ပြုံးလိုက်မိပြီး ရွှမ်းအာ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ရွှီအာသည်လည်း ခေါင်းကို တိုးကပ်လာသဖြင့် လုမင်ယွိက ရွှီအာ၏ ဆံပင်လေးများကိုပါ ပွတ်သပ်ပေးလိုက်လေသည်။ ထိုအခါမှ ရွှီအာသည် ကျေနပ်သွားပြီး မိခင်ဖြစ်သူ၏ ဘေးတွင် မှီတွယ်လိုက်တော့သည်။

"ဖေဖေ ပြန်လာတာ ကလေးတို့ ပျော်လား" လုမင်ယွိက သားသမီးနှစ်ယောက်ကို နူးညံ့စွာ မေးလိုက်သည်။

ကလေးနှစ်ယောက်စလုံးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။

ရွှမ်းအာက ထပ်မံဖြည့်စွက် ပြောလိုက်သေးသည်။ "ဖေဖေ ပြန်လာရင် မေမေက သမီးတို့ကို မဆူတော့ဘူးလေ"

လုမင်ယွိမှာ ရယ်မောလိုက်မိတော့သည်။ "မေမေက မဆူတတ်ပါဘူး။ သမီးက အရမ်းဆော့ပြီး မေမေ စိတ်ဆိုးအောင် လုပ်လို့သာ မျက်နှာတည်ပြီး ဆုံးမရတာလေ။ သမီးသာ နောက်ဆိုရင် လိမ္မာပြီး စကားနားထောင်ရင် မေမေက သမီးကို မဆူပါဘူး"

ရွှမ်းအာ၏ နှုတ်ခမ်းလေးများသည် ပျားရည်သုတ်ထားသကဲ့သို့ ချိုမြိန်လှပြီး ကြက်ကလေး စပါးကောက်သကဲ့သို့ ခေါင်းညိတ်ပြလိုက်လေသည်။ "သမီး နောက်ဆိုရင် မေမေစကား နားထောင်ပါ့မယ်"

ယခုရက်ပိုင်းအတွင်း ရွှီအာသည် ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက် အကြွင်းအကျန်များကို ဖယ်ရှားနေရသဖြင့် အတော်လေး ပိန်လှီသွားခဲ့သည်။ ရွှမ်းအာသည်လည်း ညအိပ်ရာဝင်ချိန် တစ်ချိန်တည်းမှာပင် ရုတ်တရက် အသိဉာဏ် ဝင်လာသကဲ့သို့ ယခင်ကထက် များစွာ လိမ္မာရေးခြား ရှိလာခဲ့သည်။

လုမင်ယွိသည် ပြုံးကာ အင်း ဟု ပြောလိုက်ပြီး ရွှမ်းအာကို အကြီးအကျယ် ချီးကျူးလိုက်လေသည်။ ရွှီအာသည်လည်း မျက်လုံးလေးများ ပြူးကာ မိခင်ဖြစ်သူကို မော့ကြည့်ရင်း အင်္ကျီလက်စကို ဆွဲကာ မေးလိုက်သည်။ "မေမေ။ သားကော လိမ္မာလား"

"ရွှီအာလည်း လိမ္မာတာပေါ့" လုမင်ယွိသည် ပြုံးရွှင်စွာဖြင့် ရွှီအာကို ချော့မြှူလိုက်လေသည်။

သားသမီးနှစ်ယောက်စလုံးသည် သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်နေကြပြီး ကလေးစကားသံလေးများဖြင့် ရံဖန်ရံခါ ရယ်စရာ စကားများကို ပြောနေကြသည်။ လုမင်ယွိသည် ကလေးများကို ပွေ့ဖက်ထားရင်း မျက်လုံးနှင့် မျက်ခုံးများကြားတွင် နူးညံ့သိမ်မွေ့မှုများ ပြည့်နှက်လျက် အခန်းတစ်ခုလုံးသည်လည်း ကြည်နူးဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံထားလေသည်။

လီကျင့် ရောက်လာသောအခါ ဤကဲ့သို့ နွေးထွေးသော မြင်ကွင်းလေးကို တွေ့မြင်လိုက်ရပြီး နှလုံးသားတစ်ခုလုံး ချက်ချင်း ပူနွေးသွားတော့သည်။

ဒါသည် လွန်ခဲ့သော တစ်နှစ်ကျော် ကာလအတွင်း သူ အိပ်မက်မက်ပြီး တောင့်တခဲ့ရသော ပုံရိပ်လေးပင်။

သူသည် ကုတင်ဘေးသို့ လျှောက်သွားပြီး သားအမိသုံးယောက်စလုံးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ လုမင်ယွိက ပြုံးကာ သတိပေးလိုက်လေသည်။ "ဂရုစိုက်ပါဦး။ ရင်ဘတ်ပေါ်က ဒဏ်ရာဟောင်းကို ထိခိုက်မိပါဦးမယ်"

လီကျင့်သည် မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "အပေါ်ယံဒဏ်ရာလောက်က ပျောက်သွားတာ ကြာပါပြီ... အား"

မူလက ရွှမ်းအာသည် တင်းကျပ်စွာ ပွေ့ဖက်ခံထားရသဖြင့် နေရထိုင်ရ ခက်နေကာ လက်ဖြင့် တွန်းထုတ်လိုက်ရာ မတော်တဆ ရင်ဘတ်ပေါ်က ဒဏ်ရာနေရာကို တည့်တည့်မတ်မတ် တွန်းမိသွားတော့သည်။ ရွှမ်းအာ၏ အသက်အရွယ် ငယ်သော်လည်း အားကတော့ မငယ်ပေ။ လီကျင့်သည် အားပါပါ တွန်းထုတ်ခြင်း ခံလိုက်ရသဖြင့် နဖူးပေါ်မှ ချွေးစေးများ ချက်ချင်း ကျဆင်းလာတော့သည်။

လုမင်ယွိ လန့်ဖျပ်သွားပြီး ကလေးများကို လွှတ်ပေးလိုက်ကာ လီကျင့်ကို တွဲထူလိုက်လေသည်။ "ရှင် ဘယ်လိုနေသေးလဲ။ မြန်မြန် သမားတော်ချုပ်ကျိုးကို ခေါ်လိုက်"

ရွှမ်းအာသည်လည်း လန့်သွားပြီး ဖောင်းအိနေသော မျက်နှာလေးတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာကာ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာတော့သည်။

လီကျင့်သည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ရင်ဘတ်က နာကျင်မှုကို အောင့်အီးသည်းခံကာ ပြုံး၍ ပြောလိုက်လေသည်။ "ကိုယ် ဘာမှမဖြစ်ပါဘူး။ ကလေးကို မခြောက်ပါနဲ့"

ထိုအခါမှ လုမင်ယွိသည် ရွှမ်းအာ ငိုတော့မည်ကို သတိထားမိလိုက်ပြီး အလျင်အမြန်ပင် နူးညံ့စွာ ချော့မြှူလိုက်လေသည်။ "ဖေဖေ ဘာမှမဖြစ်ပါဘူး။ သမီး မငိုနဲ့နော်"

ရွှမ်းအာသည် ချော့မြှူလိုက်သည်နှင့် မျက်ရည်ပေါက်များ တာကျိုးသကဲ့သို့ ကျဆင်းလာပြီး ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ ရွှီအာသည်လည်း ညီမဖြစ်သူ ဘာကြောင့် ငိုမှန်း နားမလည်သော်လည်း ညီမဖြစ်သူ ငိုသည်နှင့် သူလည်း လိုက်ငိုတော့သည်။

ထို့ကြောင့် ကလေးနှစ်ယောက်စလုံး ပြိုင်တူ အော်ဟစ်ငိုကြွေးကြတော့သည်။

လီကျင့် "..."

မသိသောသူများက သူ ကလေးနှစ်ယောက်ကို ရိုက်နှက်လိုက်သည်ဟု ထင်ကြပေတော့မည်။

လုမင်ယွိက ချီယွင်ကို ခေါ်လိုက်၏။ မှာကြားစရာ မလိုဘဲ ချီယွင်သည် ရွှမ်းအာကို ပွေ့ချီလိုက်ပြီး ဖြစ်သည်။ လုမင်ယွိက ရွှီအာကို ချီလိုက်သည်။ သခင်နှင့် အစေခံ နှစ်ယောက်သားသည် အလွန် နားလည်မှုရှိစွာ တစ်ယောက်တစ်လက် ချော့မြှူလိုက်ကြသည်။

လက်ဖက်ရည်တစ်ပွဲစာ အချိန်ခန့် ချော့မြှူပြီးမှ ကလေးနှစ်ယောက်မှာ အငိုတိတ်သွားကြတော့သည်။ ထို့နောက်တွင်တော့ နို့ထိန်းမေမေများ ရောက်လာပြီး သခင်လေးများကို မျက်နှာသစ် လက်ဆေးပေးကာ စားစရာ မုန့်ပဲသရေစာများဖြင့် ချော့မြှူလိုက်ကြသည်။

လီကျင့်ကတော့ မတတ်သာဘဲ လူအများ အလုပ်ရှုပ်နေကြသည်ကို မျက်လုံးပြူးကာ ကြည့်နေရုံသာရှိတော့သည်။ ရွှမ်းအာနှင့် ရွှီအာတို့ ပျော်ရွှင်စွာ မုန့်စားပြီး လုံးဝ ငြိမ်သက်သွားမှသာ လီကျင့်ခမျာ သက်ပြင်းရှည်ကြီး ချလိုက်နိုင်တော့သည်။

လုမင်ယွိက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "ရှင် ထွက်သွားတုန်းက ကလေးတွေက ရက်တစ်ရာတောင် မပြည့်သေးဘူး။ တစ်ခါသွားတာ တစ်နှစ်ကျော် ကြာသွားတော့ အခု ကလေးတွေက နှစ်နှစ်တောင် ရှိနေပြီ။ အဆော့မက်ဆုံးနဲ့ ထိန်းရအခက်ဆုံး အရွယ်တွေပဲ"

"ဒီရက်ပိုင်း ရှင် ဒဏ်ရာကို ကောင်းကောင်း ကုသရမယ်။ ကျွန်မလည်း အတူတူပဲ။ ကလေးတွေကို အဖော်ပြုပေးဖို့ အချိန်ပိုရတာပေါ့"

လီကျင့်သည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။ "ကလေးနှစ်ယောက်ကို ထိန်းရတာ တကယ် မလွယ်ကူပါလား"

စောစောက ပြိုင်တူ အော်ဟစ်ငိုကြွေးလိုက်ကြသည်မှာ သူ့မှာ ချွေးစေးများပင် ပြန်လာရသည်အထိ။

လုမင်ယွိက ရယ်မောလိုက်လေသည်။ "မလွယ်တာတော့ အမှန်ပဲ။ တစ်ယောက်တည်းတောင် အလုပ်ရှုပ်နေတာ နှစ်ယောက်ဆိုတော့ ပိုဆိုးတာပေါ့။ နေ့တိုင်း ဆူညံပွက်လောရိုက်နေတာ။ အရင်တုန်းကဆို လက်ပါပြီး ရိုက်နှက်ကြသေးတယ်။ တစ်ယောက်ငိုရင် နောက်တစ်ယောက်က ချက်ချင်း လိုက်ငိုတယ်။ တစ်ခါတလေ ကျွန်မ ဒေါသထွက်လွန်းလို့ ရိုက်ချင်စိတ်ပေါက်လာရင် ကိုယ့်ရင်သွေးတွေပဲ သည်းခံရမယ် သည်းခံရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပြီး စိတ်ထိန်းရတယ်"

လီကျင့်သည် သဘောကျစွာ ရယ်မောနေတော့သည်။

"မေမေ ဘာပြောနေတာလဲ" ရွှီအာက ခေါင်းပြူထွက်လာသည်။

ရွှမ်းအာကလည်း မျက်လုံးဝိုင်းလေးများဖြင့် လှမ်းကြည့်လာသည်။ "ဖေဖေ ဘာရယ်တာလဲ"

ဉာဏ်ပညာ ထက်မြက်သော ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့သည် ချက်ချင်းဆိုသလို မေတ္တာရှင် ဖခင်နှင့် မိခင်အဖြစ် ပုံစံပြောင်းသွားကြပြီး ပြိုင်တူ ပြောလိုက်ကြသည်။ "ဘာမှ မပြော (မရယ်) ပါဘူး"

ကလေးနှစ်ယောက်စလုံး အိပ်ပျော်သွားသည့် အချိန်တွင် တစ်နာရီကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

လင်မယားနှစ်ယောက်စလုံး သက်ပြင်းချလိုက်ကြပြီး နောက်ဆုံးတော့ နှစ်ယောက်တည်း ရှိရလေပြီ။

အိပ်ဆောင်သို့ ပြန်ရောက်သောအခါ လီကျင့်က ညည်းညူလိုက်လေသည်။ ”ကိုယ် သူတို့ကို တစ်နာရီကျော်လောက်ပဲ အဖော်ပြုပေးရတာ။ ဘာလို့ စစ်တိုက်တာထက် ပိုပင်ပန်းနေသလို ခံစားရတာလဲ"

လုမင်ယွိမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

လင်မယားနှစ်ယောက် အိပ်ရာဝင်သည့်အခါ လီကျင့်သည် ထပ်မံ၍ မရှုပ်ပွေတော့ဘဲ ဇနီးသည်ကို ဖက်ကာ ရိုးရိုးသားသား အိပ်စက်လေသည်။

လီကျင့် ဤမျှ ရိုးသားနေသည်ကို လုမင်ယွိ အနည်းငယ် အံ့အားသင့်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ဒီည မူဟုပ် ရှင်နဲ့ ဘာတွေ ပြောလိုက်သေးလဲ"

လီကျင့်က အကြောင်းစုံကို လုမင်ယွိအား တစ်လုံးမကျန် ပြန်ပြောပြလိုက်လေ၏။ "... ကိုယ်တို့ လင်မယားက အကြာကြီး ခွဲခွာပြီးမှ ပြန်ဆုံကြတာဆိုတော့ မင်္ဂလာဦးညထက်တောင် ပိုပြီး သာယာနေတာပေါ့။ အရင်တုန်းက ကိုယ် နည်းနည်း စိတ်လောသွားတာ မှန်ပါတယ်။ မူဟုပ် သတိပေးတာ မမှားပါဘူး။ ရေရှည်အတွက် ကြည့်ရမယ်လေ"

ထို့နောက်တွင် သူက တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလိုက်လေသည်။ "ဒီညကစပြီး တစ်ရက်ခြားမှ တစ်ခါ အတူနေကြမယ်။ တကယ်လို့ ကိုယ် မနေနိုင်ရင် မင်း ကိုယ့်ကို ကုတင်ပေါ်ကနေ ကန်ချပစ်လိုက်။ ဒါပေမဲ့ မင်း မနေနိုင်ဘူးဆိုရင်တော့ ဒီစည်းကမ်းကို ဖျက်သိမ်းလိုက်မယ်"

"သွားစမ်းပါ"

လုမင်ယွိသည် ရယ်မောကာ သူ့ကို နှာခေါင်းရှုံ့လေတော့သည်။ လင်မယားနှစ်ယောက် စနောက်ကျီစယ်ပြီးမှသာ ပွေ့ဖက်အိပ်စက်လိုက်ကြသည်။

...

နောက်တစ်နေ့တွင် သမားတော်ချုပ်ကျိုးသည် အိမ်ရှေ့စံအား လာရောက်ကြည့်ရှု စစ်ဆေးလေသည်။

သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် သမားတော်ချုပ်ကျိုးသည် အိမ်ရှေ့စံကို ကာမဂုဏ် ရှောင်ကြဉ်ပြီး ငြိမ်သက်စွာ အနားယူရန် သွယ်ဝိုက်သော နည်းဖြင့် သတိပေးပြန်လေသည်။

ထိုက်ဇီဖေးသည် ရှက်သလိုလို စိတ်ဆိုးသလိုလိုဖြင့် အိမ်ရှေ့သံကို မျက်စောင်းထိုးလိုက်လေသည်။

မနေ့ညကတော့ တရားမျှတဟန်ဆောင်ပြီး ကောင်းကောင်းကြီး ပြောဆိုနေခဲ့တာ။ မနက်စောစောစီးစီး ထလာပြီး မွှေနှောက်လိုက်တာ ခါးတွေ ခြေထောက်တွေ နာကျင်ကိုက်ခဲပြီး မျက်နှာတွေတောင် ဖြူဖပ်ဖြူရော် ဖြစ်ကုန်ပြီ။ သမားတော်ချုပ်ကျိုးကို မဆိုထားနှင့် ဆေးပညာ နားမလည်သော သူများပင် ဘာဖြစ်ခဲ့သည်ကို သိရှိနိုင်ပေသည်။

ထိုက်ဇီသည် မျက်နှာပြောင်တိုက်ပြီး ဘာမှမဖြစ်သလို ပြန်ဖြေလိုက်လေသည်။ "သမားတော်ချုပ်ကျိုးရဲ့ မှာကြားချက်တွေကို ကျွန်တော် မှတ်သားထားပါတယ်။ ကျွန်တော့် ဒဏ်ရာက မပျောက်သေးတော့ ဖြည်းဖြည်းချင်း ကုသရမှာပါ။ ခန္ဓာကိုယ် အားနည်းတာကတော့ ရှောင်လွှဲလို့မရပါဘူး။ သမားတော်ချုပ်ကျိုး ဆေးစာရေးပေးတဲ့အခါ အားဆေးလေး ဘာလေး ထည့်ပေးပါဦး"

အားလုံး "..."

သမားတော်ချုပ်ကျိုးသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ခေါင်းညိတ် လက်ခံလိုက်ရလေသည်။ ဆေးစာရေးပေးသည့်အခါ ခန္ဓာကိုယ် အားဖြည့်ပေးမည့် ဆေးအမယ်အချို့ကို ချင့်ချိန်ပြီး ထည့်သွင်းပေးလိုက်သည်။

ထို့နောက်တွင် ထိုက်ဇီဖေးအား ကိုယ်ဝန်တားဆေး သောက်သုံးသင့်ကြောင်း သွယ်ဝိုက်သော နည်းဖြင့် အကြံပြုလိုက်လေသည်။

ယခုလက်ရှိ သူမ၏ ခန္ဓာကိုယ် အခြေအနေအရ ကိုယ်ဝန်ဆောင်ရန် အမှန်တကယ် မသင့်တော်ပေ။

လုမင်ယွိ၏ မျက်နှာလေး ပူနွေးသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်ရလေတော့သည်။ "သမားတော်ချုပ်ကျိုးကို ဒုက္ခပေးရပါပြီ။ ဆေးစာ တစ်ခါတည်း ရေးပေးပါ"

...

All Chapters