အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အပိုင်း (၄၃၀) နန်းတော်မှ ထွက်ခွာခြင်း (၁)
ထိုနေ့မှစ၍ ထိုက်ဇီသည် အရှေ့နန်းဆောင်မှ မထွက်ဘဲ ငြိမ်သက်စွာ အနားယူလေသည်။
နန်းတွင်းနိုင်ငံရေး ကိစ္စရပ်များကို စတုတ္ထမင်းသားက တာဝန်ယူ ကြည့်ရှုပေးသည်။ နေ့စဉ် ညီလာခံပြီးသည်နှင့် စတုတ္ထမင်းသားသည် အရှေ့နန်းဆောင်သို့ လာရောက်ကာ အရေးကြီးသော နိုင်ငံရေး ကိစ္စရပ်များကို အိမ်ရှေ့စံအား လာရောက်တင်ပြလေ့ရှိသည်။
စတုတ္ထမင်းသားအပြင် ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည်လည်း အရှေ့နန်းဆောင်သို့ မကြာခဏ ဝင်ထွက်သွားလာပြီး အိမ်ရှေ့စံနှင့် နိုင်ငံရေး ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးကြသည်။
နိုင်ငံရေး ကိစ္စရပ်များကို ဂရုစိုက်စရာ မလိုတော့သလို နန်းတွင်းကိစ္စများကိုလည်း ချောင်မိဖုရားခေါင်က စီမံခန့်ခွဲနေသဖြင့် လုမင်ယွိသည် စိတ်ဖိစီးမှုများကို လျှော့ချလိုက်နိုင်ပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားတော့သည်။ ဤသို့ စိတ်လျှော့လိုက်သည်နှင့် ပင်ပန်းနွမ်းနယ်မှုများ ဝင်ရောက်လာပြီး နေ့လယ်စာ စားပြီးလျှင် နေ့ဝက်ခန့် အိပ်ပျော်သွားတတ်လေသည်။
ချီယွင်သည် ဝမ်းမြောက်ဝမ်းသာ သက်ပြင်းချလိုက်လေ၏။ "ထိုက်ဇီဖေးက အရင်တုန်းက အရမ်းပင်ပန်းပြီး အလုပ်ရှုပ်ခဲ့တာ။ အခု အရာအားလုံးကို ထိုက်ဇီက တာဝန်ယူထားတော့ ထိုက်ဇီဖေးက ဘာမှ တွေးစရာမလိုဘဲ ကောင်းကောင်းစား ကောင်းကောင်းအိပ်လို့ ရပြီပေါ့"
ဟုတ်ပေသည်။
လီကျင့် ပြန်ရောက်လာသည်နှင့် နောက်ကျောဘက်တွင် ခိုင်မာသော တောင်တန်းကြီး ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
သူမက ဘယ်လောက်ပင် သန်မာထက်မြက်ပါစေ ပင်ပန်းနွမ်းနယ်သည့် အချိန်များ ရှိတတ်စမြဲ။ တစ်ခါတစ်ရံတွင်လည်း မှီခိုအားထားစရာ ပခုံးတစ်ဖက်ကို မျှော်လင့်မိတတ်သည်။
လုမင်ယွိက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "ငါက နေ့တိုင်း စားလိုက်အိပ်လိုက်နဲ့ ကလေးထိန်းတာတောင် သူက လုလုပ်နေတော့တာပဲ"
ချီယွင်က ရယ်မောကာ ပြန်ပြောလိုက်၏။ "ထိုက်ဇီက တစ်နှစ်ကျော်လောက် ထွက်သွားတာဆိုတော့ ကလေးတွေက ထိုက်ဇီနဲ့ မရင်းနှီးကြဘူးလေ။ ထိုက်ဇီက ကလေးတွေနဲ့ ရင်းနှီးချင်တာ သဘာဝကျပါတယ်။ ပြီးတော့ ထိုက်ဇီက ကလေးတွေကို လုထိန်းပေးတယ်ဆိုတာ ထိုက်ဇီဖေးကို သနားလို့ပါ။ ထိုက်ဇီရဲ့ စေတနာကို ထိုက်ဇီဖေးက လက်ခံလိုက်ရုံပါပဲ"
လုမင်ယွိက ပြုံးကာ ခပ်တိုးတိုး အင်း ဟု ပြန်ဖြေလိုက်တော့သည်။
နေ့ရက်များက ပျော်ရွှင်သည် မပျော်ရွှင်သည်ကို မေးမြန်းနေစရာ မလိုပေ။ လုမင်ယွိ၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်လျှင် သိနိုင်လေသည်။
ချီယွင်တွင်လည်း လုမင်ယွိအား ပြောပြစရာ သတင်းကောင်းတစ်ခု ရှိနေလေသည်။
"ထိုက်ဇီဖေး... ကျွန်မ ကိုယ်ဝန်ရနေပြီ" ချီယွင်သည် ရှက်သွေးဖြာစွာဖြင့် အသံတိုးတိုး ပြောလိုက်လေသည်။ "ကျွန်မ ပြီးခဲ့တဲ့လက ရာသီမလာဘူး။ မနေ့က ဆေးခန်းက ကောင်လေးကို စမ်းသပ်ခိုင်းတော့ သူက ကျွန်မရဲ့ ကိုယ်ဝန်က နှစ်လကျော်နေပြီလို့ ပြောတယ်"
လုမင်ယွိ၏ မျက်လုံးများက အရောင်လက်သွားပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။ "ဒါ သိပ်ကောင်းတာပေါ့။ နင်နဲ့ လုယိက လက်ထပ်ပြီးတာ နှစ်နှစ်ကျော်ပြီ။ အမြဲတမ်း ခွဲခွာနေရတာ များတယ်။ အခု ကိုယ်ဝန်ရပြီဆိုတော့ တကယ့် သတင်းကောင်းကြီးပဲ"
ခဏရပ်ပြီးနောက် သူမက ဆက်ပြောလိုက်သည်။ "နင် နန်းတော်ထဲမှာ မနေနဲ့တော့။ ဒီနေ့ပဲ နန်းတော်ထဲက ထွက်ပြီး လုယိဆီသွားပြီး ကိုယ်ဝန်စောင့်ရှောက်လိုက်တော့။ ကလေးမွေးပြီးမှ နန်းတော်ထဲ ပြန်ဝင်ခဲ့"
အမှန်တကယ်တော့ ချီယွင် အရှေ့နန်းဆောင်တွင် နေထိုင်ခြင်းသည် စည်းကမ်းနှင့် မညီညွတ်ပေ။
နန်းတွင်းစည်းမျဉ်းအရ သခင်ကို ပြုစုစောင့်ရှောက်သော နန်းတွင်းသူများသည် အိမ်ထောင်ပြုခွင့် မရှိပေ။ သခင်ဖြစ်သူက အထူး ခွင့်လွှတ်ပြီး နန်းတော်မှ ထွက်ခွာခွင့်ပေးမှသာ အိမ်ထောင်ပြုခွင့် ရှိပေသည်။ အိမ်ထောင်ပြုပြီးနောက် နန်းတွင်းသူသည် နန်းတော်ထဲသို့ ပြန်လည်ဝင်ရောက်ခွင့် မရှိတော့ပေ။
လုမင်ယွိသည် ချီယွင်ကို ခေါ်ဆောင်ပြီး နန်းတော်ထဲ ဝင်ရောက်လာခြင်းသည် နန်းတွင်းထုံးစံကို ချိုးဖောက်ခဲ့ခြင်းပင်။ ယခု ချီယွင်က ကိုယ်ဝန်ရလာပြီ ဖြစ်သဖြင့် ဆက်လက်ထားရှိရန် မဖြစ်နိုင်တော့ပေ။
ချီယွင်သည် ထိုအကြောင်းရင်းကို သိသော်လည်း ခွဲခွာရမည်ကို ဝန်လေးစွာဖြင့် ပြောလိုက်လေသည်။ "ကျွန်မ ထိုက်ဇီဖေးကို မခွဲနိုင်ဘူး။ သခင်လေးတွေကိုလည်း မခွဲနိုင်ဘူး"
သခင်နှင့် အစေခံတို့၏ သံယောဇဉ်မှာ နက်ရှိုင်းလှသည်။ လုမင်ယွိကရော ချီယွင်ကို ခွဲခွာချင်ပါမည်တဲ့လား။
ယခင်ဘဝက လုယိ စောစီးစွာ သေဆုံးခဲ့ပြီး ချီယွင်သည် အိမ်ထောင်မပြုဘဲ သူမ သေဆုံးချိန်အထိ ဘေးနားတွင် အဖော်ပြုပေးခဲ့သည်။ ဒီတစ်ဘဝတွင် ချီယွင်သည် လုယိနှင့် လက်ထပ်ခဲ့ပြီး ယခု ကိုယ်ဝန်ရရှိနေလေပြီ။ လုမင်ယွိအတွက် ချီယွင်၏ ပျော်ရွှင်မှုက ပိုအရေးကြီးလေသည်။
လုမင်ယွိက ချီယွင်၏ လက်ကို ဆုပ်ကိုင်ကာ နူးညံ့စွာ ပြောလိုက်လေ၏။ "ငါလည်း နင့်ကို မခွဲနိုင်ပါဘူး။ ဒါပေမဲ့ နင်က အခု ကိုယ်ဝန်နဲ့ဆိုတော့ အရှေ့နန်းဆောင်မှာ နေဖို့ အဆင်မပြေဘူး။ မင်းသားအိမ်တော်မှာ သွားပြီး ကိုယ်ဝန်စောင့်ရှောက်လိုက်ပါ။ လင်မယားနှစ်ယောက်လည်း အတူတူနေရတာပေါ့။ ကလေးမွေးပြီးရင် အရှေ့နန်းဆောင်ထဲ ပြန်လာခဲ့။ ငါ နင့်အတွက် နို့ထိန်းနှစ်ယောက် ဆုချလိုက်မယ်"
အရှေ့နန်းဆောင်တွင် အလုပ်အကျွေးပြုမည့် နန်းတွင်းသူများ များပြားလှသဖြင့် ပင်ပန်းသော အလုပ်များကို ချီယွင် လုပ်စရာ မလိုပေ။ နောက်ပိုင်းတွင် သူမ၏ ဘေးနား၌ နေပြီး စကားပြောဖော် လုပ်ပေးရုံသာ ရှိလေသည်။
ချီယွင်သည် အံ့ဩဝမ်းသာ ဖြစ်သွားပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။ "ထိုက်ဇီဖေး တကယ် ပြောတာလား။ ကျ... ကျွန်မ တကယ် ပြန်လာလို့ ရသေးတာလား"
"သေချာပေါက် ပြန်လာရမှာပေါ့" လုမင်ယွိသည် တမင် မျက်နှာတည်ကာ ပြောလိုက်လေသည်။ "နင်က ငါ့ရဲ့ အပါးတော်မြဲ အစေခံပဲ။ သခင်ကို စွန့်ပစ်ချင်လို့လား"
ချီယွင်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး ဝမ်းသာလွန်း၍ မျက်ရည်ကျလာတော့သည်။ "ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ထိုက်ဇီဖေးကို ဦးညွှတ် ဂါရဝပြုပါတယ်"
ဒူးထောက်ရန် ပြင်လိုက်သော်လည်း လုမင်ယွိက လက်တစ်ဖက်ဖြင့် တားဆီးလိုက်သည်။ "နင်က ကိုယ်ဝန်နဲ့။ လျှောက်မလှုပ်ရှားနဲ့။ မြန်မြန် မတ်တပ်ရပ်လိုက်။ အဝတ်အစားနဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့ လက်သွက်ခြေသွက်ရှိတဲ့ နန်းတွင်းသူ နှစ်ယောက်ကို ရှာလိုက်။ ငါ အခုပဲ နန်းတော်ပြင်ပကို စာပို့ပြီး လုယိကို ညနေစောင်းကျရင် နန်းတော်တံခါးဝမှာ လာစောင့်ခိုင်းလိုက်မယ်"
...
ညနေစောင်းတွင် နန်းတော်တံခါးဝ၌။
လုယိသည် နန်းတော်တံခါးဝတွင် ရပ်လျက် လည်ပင်းကို ဆန့်ကာ မကြာခဏ မျှော်ကြည့်နေလေသည်။
လုယိနှင့်အတူ လိုက်ပါလာသော ကိုယ်ရံတော်အချို့သည် တစ်ယောက်တစ်ပေါက် စနောက်ကြလေသည်။ "ကြည့်ပါဦး။ တပ်မှူးလုက ပုံမှန်ဆို မျက်နှာတည်ကြီးနဲ့ ကြောက်စရာ ကောင်းတာ။ ဒီနေ့တော့ ပါးစပ်ကြီး ဖြဲပြီး ရယ်နေလိုက်တာ အရူးကျနေတာပဲ"
"ဘယ်သူမဆို ပျော်မှာပဲလေ။ လက်ထပ်ပြီးတာ ဒီလောက်ကြာမှ သားတစ်ယောက် ရတော့မှာကိုး"
"ဒါက မသေချာသေးပါဘူး။ ချီယွင်က သမီးလေး မွေးလာမလား ဘယ်သူသိမှာလဲ"
လုယိက ပြုံးကာ မျက်စောင်းထိုးလိုက်လေသည်။ "သမီးမွေးတော့ ဘာဖြစ်လဲ။ သမီးလေးက လိမ္မာပြီး ချစ်ဖို့ကောင်းတယ်။ ငါကတော့ အတူတူပဲ ပျော်တာပဲ"
ထိုကိုယ်ရံတော်က သွားဖြဲကာ ရယ်မောလိုက်သည်။ "သမီးမွေးတာ ကောင်းတာပေါ့။ ငါ စိုးရိမ်တာက သမီးလေးက အမေနဲ့ မတူဘဲ အဖေဖြစ်တဲ့ မင်းနဲ့ တူနေမှာကိုပဲ။ ကြီးလာရင် ယောက်ျားမရဘဲ နေဦးမယ်"
ကျန်သော ကိုယ်ရံတော်များသည် တံတွေးများနှင့် ဝိုင်းထွေးကြတော့သည်။
ဘာတွေ လာပြောနေတာလဲ။
သမီးလေးမွေးရင် သေချာပေါက် ဖြူဖြူဖွေးဖွေး ချစ်စရာလေး ဖြစ်မှာ။ ကြီးလာရင် အလှလေး ဖြစ်လာမှာ။ ဘယ်လိုလုပ် ယောက်ျားမရဘဲ နေမှာလဲ။
လုယိသည် ခြေထောက်နှင့် ကန်လိုက်လေသည်။ "ငါ့သမီးကို တစ်သက်လုံး အပျိုကြီးထားရလည်း ကျေနပ်တယ်။ တကယ်လို့ ယောက်ျားမရရင် နောက်ကျ မင်းရဲ့ သားကို သမက်အဖြစ် ဖမ်းခေါ်ထားလိုက်မယ်"
ကိုယ်ရံတော်များအားလုံး ရယ်မောလိုက်ကြသည်။
ယန်နှင့်စစ်ပွဲအတွင်းတွင် လုမိသားစု၏ လျှို့ဝှက်အစောင့်များသည် အများအပြား သေဆုံးဒဏ်ရာရခဲ့ကြသည်။ ယခင်က ကိုယ်ရံတော်များလည်း အများအပြား သေဆုံးဒဏ်ရာရခဲ့ကြသည်။ ယခုရက်ပိုင်းအတွင်း အများစုသည် ဒဏ်ရာကုသနေကြရသည်။ လမ်းလျှောက်နိုင် လှုပ်ရှားနိုင်သူများသည် ယနေ့ လုယိနှင့်အတူ လိုက်ပါလာကြခြင်း ဖြစ်သည်။
လုယိသည်လည်း ယခင်က ဒဏ်ရာရခဲ့သော်လည်း ကံကောင်းထောက်မစွာ ဒဏ်ရာမပြင်းထန်ပေ။ ယခုရက်ပိုင်းအတွင်း ဆေးကုသပြီး ကောင်းကောင်းစား ကောင်းကောင်းအိပ်သဖြင့် သက်သာလုနီးပါး ဖြစ်နေပြီ။ ယနေ့ ချီယွင်ကို လာကြိုသဖြင့် အဝတ်အစားသစ်များ ဝတ်ဆင်ထားပြီး မျက်နှာပေါ်မှ မုတ်ဆိတ်မွှေးများကိုလည်း သပ်ရပ်စွာ ရိတ်သင်ထားသည်။ ဖွာလန်ကြဲနေသော ဆံပင်များကိုလည်း သပ်ရပ်စွာ စည်းနှောင်ထားသဖြင့် ငါးနှစ် ခြောက်နှစ်ခန့် ပိုနုပျိုသွားသကဲ့သို့ ထင်ရသည်။
"ဟိုမှာ ကြည့်။ နန်းတော်တံခါး ပွင့်လာပြီ။ ဧကန္တ မရီး ထွက်လာပြီ ထင်တယ်"
ကိုယ်ရံတော်တစ်ဦးက ဝမ်းသာအားရ အော်ပြောလိုက်၏။
လုယိသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
ရင်းနှီးသော ပုံရိပ်တစ်ခုသည် နန်းတော်တံခါးဝမှ ထွက်ပေါ်လာလေသည်။ ထိုအမျိုးသမီးသည် ကိုယ်လုံးကိုယ်ပေါက် သွယ်လျပြီး ရုပ်ရည်ချောမောကာ မျက်ဝန်းနက်လေးများက တည်ငြိမ်နေသည်။ နှုတ်ခမ်းထောင့်တွင် အပြုံးလေးများ ချိတ်ဆွဲထားသည်မှာ ချီယွင်မှလွဲ၍ တခြားသူ မဖြစ်နိုင်ပေ။
လုယိသည် ရှေ့သို့ တိုးသွားပြီး ချီယွင်၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ ပျော်လွန်းသဖြင့် အသံများပင် တုန်ယင်နေလေသည်။ "ချီယွင်... မင်း တကယ် ကိုယ်ဝန်ရတာလား။ ငါ့ကို မလိမ်ပါဘူးနော်"
ချီယွင်က မျက်စောင်းထိုးလိုက်ကာ "ဒီလိုကိစ္စမျိုးကို ကျွန်မက ဘယ်လိုလုပ် နောက်ပြောင်ရဲမှာလဲ။ တကယ်တော့ ပြီးခဲ့တဲ့လကတည်းက ကျွန်မ ရိပ်မိနေတာ။ ဒါပေမဲ့ အဲဒီတုန်းက နန်းတော်ထဲမှာ အခြေအနေ ရှုပ်ထွေးနေပြီး ထိုက်ဇီဖေးဘေးနားမှာ လူမရှိရင် မဖြစ်လို့ ကျွန်မ ဘာမှမပြောဘဲ နေလိုက်တာ။ အခု ထိုက်ဇီ ပြန်ရောက်လာပြီဆိုတော့ ထိုက်ဇီဖေးလည်း စိတ်ချလက်ချ အနားယူလို့ရပြီ။ ကျွန်မရှိလည်း ကိစ္စမရှိတော့ဘူးလေ။ ဒါကြောင့် ကျွန်မ စိတ်ချလက်ချ ထွက်လာခဲ့တာ"
လုယိသည် ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးရယ်နေပြီး ခေါင်းကို တငြိမ့်ငြိမ့် လုပ်နေတော့သည်။ "ဟုတ်တယ် ဟုတ်တယ်။ မင်း စဉ်းစားတာ အရမ်း ပြည့်စုံတာပဲ။ အခု နန်းတော်က ထွက်လာတာ အကောင်းဆုံးပဲ"
မည်သို့ပင်ဖြစ်စေ ချီယွင် ပြောသမျှ အကောင်းချည်းပင်။
ချီယွင်၏ နောက်တွင် မားမားကြီးနှစ်ယောက် ပါလာခဲ့သည်။
ထိုမားမားကြီးနှစ်ယောက်စလုံးသည် ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းနှင့် မီးဖွားခြင်းတို့တွင် ကျွမ်းကျင်သော နန်းတွင်းမားမားကြီးများ ဖြစ်ကြသည်။ လုမင်ယွိက ကလေးမွေးဖွားပြီးသည်အထိ ချီယွင်ကို ပြုစုစောင့်ရှောက်ရန် အထူး ရွေးချယ်ပေးလိုက်ခြင်း ဖြစ်သည်။
ဒါတင်မကသေးပေ။ လုမင်ယွိသည် ကိုယ်ဝန်ဆောင်များ စားသုံးရန်နှင့် အသုံးပြုရန် ပစ္စည်းများကိုလည်း အများအပြား ဆုချလိုက်သေးသည်။
အိမ်ရှေ့စံကလည်း ဆုတော်ငွေများစွာ ချီးမြှင့်လိုက်သည်။ ထိုဆုလက်ဆောင်များသည် မြင်းလှည်းတစ်စီး အပြည့်ပင် ဖြစ်နေတော့သည်။
အစေခံတစ်ယောက်အတွက် ဤမျှလောက် ဂုဏ်ပြုချီးမြှင့်ခံရခြင်းမျိုးက လောကတွင် ရှားပါးလှပေတော့သည်။
...
အပိုင်း (၄၃၁) နန်းတော်မှ ထွက်ခွာခြင်း (၂)
ချီယွင် ထွက်ခွာသွားသည်နှင့် လုမင်ယွိ၏ ဘေးနားတွင် ရုတ်တရက် ခြောက်ကပ်သွားသယောင်ပင်။
ရေဆာလောင်သည့် အချိန်တွင် တိတ်ဆိတ်စွာ လက်ကမ်းပေးလာတတ်သော လက်ဖက်ရည် ကြည်တစ်ခွက် လျော့နည်းသွားခဲ့သည်။ စကားပြောချင်သည့် အချိန်တွင် ငြိမ်သက်စွာ နားထောင်ပေးတတ်သော နားတစ်စုံ လျော့နည်းသွားခဲ့သည်။ ကိုယ်ကို လှည့်ကြည့်လိုက်သည့် အချိန်တွင် ရင်းနှီးကျွမ်းဝင်ပြီး စိတ်ကို အေးချမ်းစေသော အပြုံးပန်းတစ်ပွင့် လျော့နည်းသွားခဲ့လေသည်။
အရှေ့နန်းဆောင်တွင် ခစားပြုစုကြသော နန်းတွင်းသူ နန်းတွင်းသားများ များပြားလှသော်ငြားလည်း မည်သူကမျှ ချီယွင်၏ နေရာကို အစားထိုးနိုင်ခြင်း မရှိကြပေ။
ရွှီအာနှင့် ရွှမ်းအာတို့သည်လည်း နေသားမကျဖြစ်နေကြပြီး နေ့စဉ်နေ့တိုင်း အကြိမ်ကြိမ် မေးမြန်းတတ်ကြလေသည်။ "ယွင်မားမားကော"
"သူ ဘယ်သွားတာလဲ။ သားသားတို့က ယွင်မားမားကို လွမ်းတယ်"
လုမင်ယွိက ညင်သာစွာ ချော့မော့ပြောဆိုရသည်။ "ယွင်မားမားက ကိုယ်ဝန်ရှိနေလို့ နန်းတော်အပြင်ထွက်ပြီး ကိုယ်ဝန်စောင့်ရှောက်ရမှာ။ နောက်လနည်းနည်းကြာလို့ ယွင်မားမား ကလေးမွေးပြီးသွားရင် သားတို့သမီးတို့နဲ့ အဖော်လုပ်ပေးဖို့ နန်းတော်ထဲကို ပြန်လာလိမ့်မယ်"
ရွှီအာနှင့် ရွှမ်းအာတို့သည် ပါးစပ်လေးများကို စူလိုက်ကြပြီး တစ်ယောက်တစ်လှည့် ငိုယိုအော်ဟစ်ကြလေသည်။ ရက်ပေါင်းများစွာ ဆက်တိုက် မေးမြန်းပြီးနောက်မှသာ ချီယွင် နန်းတော်မှ ထွက်ခွာသွားသည့် အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံသွားကြတော့သည်။
လုမင်ယွိသည်လည်း လီကျင့်ကို ညည်းညူကာ ပြောလေတော့သည်။ "ကျွန်မနဲ့ ချီယွင်က သခင်နဲ့အစေခံအဖြစ် နှစ်ပေါင်းများစွာ မနက်ရောညပါ အတူရှိခဲ့တာလေ။ သူထွက်သွားတော့ ကျွန်မလည်း ရင်ထဲမှာ ဟာတာတာနဲ့ တော်တော်လေးကို နေသားမကျဖြစ်မိတယ်"
ချီယွင်သည် သူမ၏ ဘေးနားတွင် အဖော်ပြုပေးခဲ့သည့် အချိန်ကာလမှာ အခြားမည်သူထက်မဆို ပိုမိုများပြားလေသည်။ သူမ၏ ဖခင်ရင်းက သူမကို ချစ်ခင်မြတ်နိုးသော်လည်း စစ်တပ်တွင်သာ အနေများပြီး စစ်ပွဲများဆီသို့ အချိန်တိုင်း လှည့်လည်သွားလာနေရသည်။ မောင်နှမအချင်းချင်း ဆိုသည်မှာလည်း တစ်နေ့ကုန် တပူးပူးတတွဲတွဲ နေနိုင်ကြသည် မဟုတ်ပေ။ ချီယွင်တစ်ယောက်သာလျှင် နှစ်ပေါင်းများစွာ တစ်ရက်မခြား သူမ၏ ဘေးနားတွင် ရှိနေပေးခဲ့သည်။ အစောကြီးကတည်းကပင် သူမ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့လေပြီ။
လီကျင့်သည် လုမင်ယွိ ဤကဲ့သို့ သက်ပြင်းချ ညည်းညူနေသည်ကို မြင်တွေ့ရခဲသဖြင့် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်မိသလို အနည်းငယ်လည်း သဝန်တိုမိလေသည်။ "ကိုယ် တစ်နှစ်ကျော်လောက် ထွက်သွားတုန်းကရော မင်း ကိုယ့်ကို ဒီလောက်တောင် လွမ်းခဲ့လား"
လုမင်ယွိသည် ရိုးသားစွာပင် ခေါင်းခါယမ်းပြလိုက်လေသည်။ "မလွမ်းပါဘူး"
လီကျင့်သည် ဟန်ဆောင်ကာ သူမကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီး ကျားရဲတစ်ကောင်အလား ခုန်အုပ်လိုက်ကာ သူမကို အငမ်းမရ နမ်းရှိုက်လိုက်တော့သည်။
လုမင်ယွိ၏ ရယ်မောသံများသည် လျင်မြန်စွာပင် တိမ်ဝင်ပျောက်ကွယ်သွားရလေသည်။
အချိန်အတော်ကြာပြီးနောက် လုမင်ယွိသည် မျက်နှာလေးများ နီရဲလျက် မော့ကြည့်လာပြီး သူ့လက်ကို ဆုပ်ကိုင်ထားလိုက်လေသည်။ "မကဲနဲ့တော့။ တော်ဝင်သမားတော်ချုပ်ကျိုး မှာထားတဲ့စကားကို ရှင် မေ့သွားပြန်ပြီလား"
ဒဏ်ရာ မပျောက်ကင်းသေးသဖြင့် ကာမဂုဏ် ခံစားခြင်းငှာ မသင့်တော်သေးပေ။
လီကျင့်သည် မတတ်သာသည့်အဆုံး စိတ်ကိုလျှော့ချလိုက်ပြီး သူမကို ငြိမ်သက်စွာ ပွေ့ဖက်ထားလျက် ဆံနွယ်ကြားမှ သင်းပျပျ ရနံ့လေးကို ရှူရှိုက်နေလိုက်လေသည်။ လုမင်ယွိသည်လည်း သူ၏ ရင်ခွင်ကျယ်ကြီးထဲတွင် ခေါင်းကို မှီတွယ်ထားလိုက်သည်။
သူတို့နှစ်ဦးသည် ဤအတိုင်း တိတ်ဆိတ်စွာ ပွေ့ဖက်ထားကြပြီး စကားတစ်ခွန်းမှ မဆိုကြသော်လည်း ငြိမ်းချမ်းမှုနှင့် ကျေနပ်မှုကို ခံစားနေကြရလေသည်။
အချိန်အတော်ကြာမှ လီကျင့်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။ "မင်း ချီယွင်ကို စိတ်မချဖြစ်နေရင် လူလွှတ်ပြီး မကြာမကြာ သွားကြည့်ခိုင်းလိုက်လေ။ နောက်နှစ် ချီယွင် ကလေးမွေးပြီးရင် သူ့ကို နန်းတော်ထဲ ပြန်ခေါ်လိုက်ပေါ့"
လုမင်ယွိက "အင်း" ဟု ခပ်တိုးတိုးပြန်ဖြေလိုက်၏
ဒေါက် ဒေါက် ဒေါက်။
တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လီကျင့်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အသံမြှင့်ကာ မေးလိုက်လေသည်။ "ဘယ်သူလဲ"
"အရှင်မင်းသားကို လျှောက်တင်ပါတယ်" ရှောင်ယွမ်ကုန်းကုန်း၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။ "စတုတ္ထမင်းသားနဲ့ စစ်ဟွမ်စစ်ဖေးတို့ ရောက်လာပါတယ်"
သူတို့ ဇနီးမောင်နှံနှစ်ဦး အတူတကွ ရောက်လာသည်မှာ ဆွေးနွေးစရာ ကိစ္စရှိသောကြောင့် ဖြစ်ကြောင်း ထင်ရှားလှသည်။
လုမင်ယွိနှင့် လီကျင့်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် ကိုယ်စီ ခန့်မှန်းလိုက်ကြလေသည်။
"သူတို့ကို အတွင်းနန်းဆောင်မှာ ခဏစောင့်ခိုင်းလိုက်။ ငါတို့ ခဏနေရင် လာခဲ့မယ်"
...
လက်ဖက်ရည်တစ်အိုးစာ အချိန်ခန့် ကြာမြင့်ပြီးနောက် လုမင်ယွိနှင့် လီကျင့်တို့သည် အတွင်းနန်းဆောင်သို့ အတူတကွ သွားရောက်ခဲ့ကြသည်။
စတုတ္ထမင်းသားနှင့် ကျောက်ယွီ ဇနီးမောင်နှံနှစ်ဦးသည် မူလက အတူတကွ မှီတွယ်လျက် တိုးတိုးတိတ်တိတ် စကားပြောဆိုနေရာမှ ခြေသံကြားလိုက်ရသည်တွင် ပြိုင်တူ ထရပ်ကာ ကြိုဆိုလိုက်ကြလေသည်။
"အာ့ကော၊ အာ့စောင်" စတုတ္ထမင်းသားက ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်လေသည်။ "ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် မဖိတ်ဘဲနဲ့ ရောက်လာမိလို့ နှောင့်ယှက်မိသလို ဖြစ်သွားပြီ"
ချန်းအာသည် လွန်ခဲ့သော ရက်အနည်းငယ်က လပြည့်သွားပြီ ဖြစ်သဖြင့် ကျောက်ယွီသည် မီးနေသည်ဘဝမှ လွတ်မြောက်ကာ နောက်ဆုံးတော့ အပြင်ထွက်၍ လမ်းလျှောက်နိုင်ပြီ ဖြစ်လေသည်။ ဖြူဖွေးနုဖတ်သော မျက်နှာချောချောလေးသည် ယခင်ကထက် အနည်းငယ် ပြည့်ဖြိုးလာပြီး မျက်နှာအသွေးအရောင်မှာလည်း မနာလိုချင်စဖွယ် ကောင်းလောက်အောင် ကြည်လင်နေတော့သည်။ သူမက ပြုံးရွှင်စွာဖြင့် ပါးစပ်ဟကာ ပြောလိုက်လေသည်။ "ကျွန်မနဲ့ အရှင်မင်းသား ဒီနေ့လာတာက အာ့ကောနဲ့ အာ့စောင်ကို နှုတ်ဆက်မလို့ပါ။ ကျွန်မတို့ ဒီနေ့ပဲ ချန်းအာကို ခေါ်ပြီး နန်းတော်ထဲကနေ အိမ်တော်ကို ပြန်ကြတော့မလို့"
လုမင်ယွိသည် ဇနီးမောင်နှံနှစ်ဦး လာရောက်ရသည့် ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်သဖြင့် ဤစကားကို ကြားရသောအခါ အံ့ဩခြင်း မရှိတော့ဘဲ ပြုံးကာ ပြောလိုက်လေသည်။ "ဘာလို့ ဒီလောက် အလောတကြီး ပြန်ချင်ရတာလဲ။ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေလည်း ဘာမှမဖြစ်ပါဘူး"
စတုတ္ထမင်းသားက ရယ်မောကာ ပြောလိုက်၏။ "အိမ်တော်ခွဲထွက်ပြီးသား မင်းသားတွေက နန်းတော်ထဲမှာ နေတာ စည်းကမ်းနဲ့ မညီပါဘူး။ အရင်တုန်းက ယန်စစ်သည်တွေ မြို့ကို တိုက်ခိုက်လို့ မင်းသားကြင်ရာတော်တွေ အားလုံး နန်းတော်ထဲ ဝင်နေကြရတာလေ။ ယွီပြောင်ကျဲက နန်းတော်ထဲမှာ ကလေးမွေးခဲ့ပြီး အခု မီးထွက်တဲ့ရက်လည်း ပြည့်သွားပြီ။ ကျွန်တော်တို့လည်း အိမ်တော်ပြန်သင့်ပါပြီ"
"ဟုတ်ပါတယ်။ ကျွန်မတို့က အာ့ကောနဲ့ အာ့စောင်ကို အရင်လာနှုတ်ဆက်တာ။ ခဏနေရင် ကျောင်းဖန်နန်းဆောင်နဲ့ ရှို့နင်နန်းဆောင်ကို သွားပြီး မူဟုပ်နဲ့ အဘွားတော်ကို နှုတ်ဆက်မလို့" ကျောက်ယွီက ရယ်မောကာ စကားဖြတ်ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် မင်းသားအိမ်တော်က နန်းတော်နဲ့ နီးနီးလေးပဲဟာ။ ကျွန်မ နောက်ဆို ချန်းအာကို ခေါ်ပြီး ဂါရဝပြုဖို့ နန်းတော်ထဲ ခဏခဏ လာခဲ့မယ်"
ဇနီးမောင်နှံနှစ်ဦးသည် ထွက်ခွာရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သဖြင့် လီကျင့်လည်း ဇွတ်အတင်း ဆွဲမထားတော့ဘဲ ပြုံးကာ ပြောလိုက်လေသည်။ "ဒါဆိုလည်း ကောင်းပါပြီ"
လုမင်ယွိက ရှေ့သို့ တိုးသွားပြီး ကျောက်ယွီ၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် ပြောလိုက်လေသည်။ "ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်။ နောက်ဆို နန်းတော်ထဲ ခဏခဏ လာရမယ်"
ကျောက်ယွီက အလွန် ချစ်စဖွယ်ကောင်းအောင် ရယ်မောလိုက်လေသည်။ "ဒါကတော့ သေချာတာပေါ့။ အဲဒီကျရင် အာ့စောင်က ကျွန်မ လာတာ များလွန်းတယ်ဆိုပြီး မငြိုငြင်ရင် ပြီးတာပဲ"
စတုတ္ထမင်းသား ဇနီးမောင်နှံ ထွက်ခွာသွားပြီးနောက် လုမင်ယွိသည် ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "စစ်တိနဲ့ စစ်တိမေ့က အနေအထိုင် တတ်တယ်။ တော်တော်လေး အလိုက်ကမ်းဆိုး သိကြတာပဲ"
အိမ်ထောင်ပြုပြီးသား မင်းသားများအနေဖြင့် နန်းတော်ထဲတွင် အကြာကြီး နေထိုင်ရန် မသင့်တော်သည်မှာ အမှန်ပင်။
အကယ်၍ စတုတ္ထမင်းသားသာ မျက်နှာပြောင်တိုက်ပြီး ဆက်နေမည် ဆိုလျှင်လည်း လီကျင့်နှင့် လုမင်ယွိတို့သည် ပါးစပ်ဟပြီး နှင်ထုတ်မည် မဟုတ်ပေ။ သို့သော်လည်း စတုတ္ထမင်းသား ဇနီးမောင်နှံက အလိုက်တသိဖြင့် နန်းတော်မှ ထွက်ခွာရန် ဦးဆောင် ပြုမူလာခြင်းက အလွန်ပင် နှစ်ထောင်းအားရစရာ ကောင်းလှသည်။
လီကျင့်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "အရင်တုန်းက ကို စစ်တိကို နည်းနည်း အထင်သေးမိခဲ့တယ်။ ဒီတစ်နှစ်ကျော်အတွင်းမှာ စစ်တိရဲ့ လုပ်ရပ်တွေက နေရာတိုင်းမှာ ချီးကျူးစရာတွေချည်းပဲ"
စစ်သည်များကို ဦးဆောင်ပြီး ဓားပြနှိမ်နင်းခဲ့သည့် အကျိုးဆောင်မှုကို မဆိုထားနှင့်။ ခရီးမိုင်ထောင်ချီ သွားလာပြီး စစ်တပ်သို့ လာရောက်ခဲ့သည့် သံယောဇဉ်ကပင် စိတ်နှလုံးကို လှုပ်ရှားစေရန် လုံလောက်နေပေပြီ။
အရှားပါးဆုံး အချက်မှာ စတုတ္ထမင်းသားသည် အကျိုးဆောင်မှုကို အကြောင်းပြုပြီး မာန်မာန မတက်လာဘဲ အပြုအမူများမှာ ယခင်အတိုင်း သတိရှိကာ အနေအထိုင် မှန်ကန်နေခြင်းပင်။
အခြားတစ်ဖက်တွင် စတုတ္ထမင်းသား ဇနီးမောင်နှံသည်လည်း အရှေ့နန်းဆောင်မှ ထွက်လာပြီးနောက် တိုးတိုးတိတ်တိတ် တိုင်ပင်ပြောဆို နေကြလေသည်။
"မင်းကြည့်လေ ငါပြောတာ မမှားပါဘူး" စတုတ္ထမင်းသားက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "ငါတို့က အလိုက်တသိနဲ့ နန်းတော်က ထွက်မယ်ဆိုတော့ အကြာကြီးနေပြီး သူများအမုန်းခံရမယ့် ဘေးကနေ ကင်းဝေးတာပေါ့"
ကျောက်ယွီက ခေါင်းညိတ်ကာ ပြုံးလိုက်လေသည်။ "ကျွန်မတို့ ထွက်သွားရင် သာ့စောင်နဲ့ စန်းစောင်တို့လည်း နန်းတော်ထဲမှာ ကပ်နေဖို့ အကြောင်းပြချက် မရှိတော့ဘူး။ အားလုံး ထွက်သွားကြရင် အာ့ကောနဲ့ အာ့စောင်လည်း မျက်စိအရှုပ်သက်သာပြီး စိတ်အေးလက်အေး ဒဏ်ရာကုသလို့ ရတာပေါ့"
လူများလျှင် ပြဿနာများတတ်သည်ပင်။
မင်းသားကြင်ရာတော် အားလုံး နန်းတော်ထဲတွင် နေထိုင်ကြရာ နေ့စဉ်ရက်ဆက် စကားများ ရန်ဖြစ်မှုများ ရှိနေတတ်သည်။ ကိစ္စတစ်ခုခု ရှိလျှင် လူအုပ်ကြီး ရောက်လာတတ်သည်။ တစ်ယောက်တစ်မျိုး စိတ်ထား မတူကြပေ။ အားလုံး ထွက်သွားကြသည်ကသာ ပိုပြီး အေးချမ်းလိမ့်မည်။
ကျောင်းဖန်နန်းဆောင်သို့ သွားရောက်သည့် ခရီးစဉ်မှာလည်း အလွန် ချောမွေ့လေသည်။
ချောင်မိဖုရားခေါင်သည် ယခင်က မယားငယ်မှ မွေးဖွားသော မင်းသားများအပေါ် "တန်းတူညီမျှ ဆက်ဆံသည်" ဟု ဆိုသော်လည်း အရှင်းဆုံး ပြောရလျှင် ဟန်ပြသက်သက်သာ ဖြစ်လေသည်။ ယခုအခါတွင်တော့ စတုတ္ထမင်းသားအပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားပြီး ပစ္စည်းအများအပြား ဆုချကာ စတုတ္ထမင်းသား ဇနီးမောင်နှံအား ဂါရဝပြုရန် နန်းတော်ထဲသို့ မကြာခဏ လာရောက်ရန် မှာကြားလိုက်လေသည်။
စတုတ္ထမင်းသားသည် ပင်ကိုကပင် နှုတ်ချိုသူ ဖြစ်သဖြင့် ပြုံးရွှင်စွာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ "မူဟုပ်က ဒီလို ချစ်ခင်ကြင်နာပြီး ဂရုစိုက်ပေးတာကို ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်လုံး စိတ်ထဲမှာ မှတ်ထားပါ့မယ်။ နောက်ဆိုရင် မကြာခဏ လာပြီး ဂါရဝပြုရင်း မူဟုပ်ကို ကောင်းကောင်း ပြုစုပါ့မယ်"
ရှို့နင်နန်းဆောင်သို့ ရောက်ရှိ၍ နှုတ်ဆက်ကြသောအခါ မယ်တော်ကြီးကျောက်သည် အထူးတလည် နှမြောတသ ဖြစ်နေတော့သည်။
"ဘာလို့ ဒီလောက် အလောတကြီး ပြန်ချင်ရတာလဲ" မယ်တော်ကြီးကျောက်သည် မကျေမနပ်ဖြင့် မျက်နှာကို တင်းထားလိုက်လေသည်။ "ထိုက်ဇီနဲ့ ထိုက်ဇီဖေးက မင်းတို့ကို နန်းတော်က ထွက်ခိုင်းနေတာလား။ အိုက်ကျား အခုပဲ လူလွှတ်ပြီး သူတို့ကို ခေါ်လိုက်မယ်။ သူတို့ ဘာသဘောထား ရှိလဲဆိုတာ မေးကြည့်ရမယ်"
စတုတ္ထမင်းသားက အလျင်အမြန် ပြုံးကာ ပြောလိုက်လေသည်။ "အဘွားတော် အထင်မလွဲပါနဲ့။ ကျွန်တော်နဲ့ ယွီပြောင်ကျဲက ပြန်ချင်လို့ပါ။ နန်းတော်က ကောင်းပေမယ့် အကြာကြီးနေဖို့ မသင့်တော်ပါဘူး။ စတုတ္ထမင်းသားအိမ်တော်ကမှ ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ အိမ်ပါ"
ဤစကားသည် ချင်ဖေး၏ နှလုံးသားကို ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
ချင်ဖေး၏ မျက်ဝန်းအိမ်များ ရုတ်တရက် နီရဲလာပြီး လက်ကိုင်ပုဝါဖြင့် မျက်လုံးကို အုပ်ကာ ရှိုက်သံဖြင့် ပြောလေတော့သည်။ "မင်းက နန်းတော်ထဲမှာ ကြီးပြင်းလာတာလေ။ ဒီနေရာက ဘာလို့ မင်းရဲ့အိမ် မဟုတ်ရမှာလဲ။ မင်းရဲ့ မေမေအရင်းရော အဘွားအရင်းရော နန်းတော်ထဲမှာ ရှိနေတာ။ အရှင်မင်းကြီး ပြန်ရောက်လာရင် မင်းရဲ့ ဖေဖေအရင်းလည်း နန်းတော်ထဲမှာပဲ ရှိမှာ။ မင်းက ဘာလို့ နန်းတော်ထဲမှာ မနေနိုင်ရတာလဲ"
"အမေ ထင်တာတော့ ထိုက်ဇီက မင်းကို သဘောမကျလို့ တမင်သက်သက် မောင်းထုတ်နေတာပဲ နေမှာ"
…
အပိုင်း (၄၃၂) နန်းတော်မှ ထွက်ခွာခြင်း (၃)
ချင်ဖေး၏ ငိုယိုပြောဆိုနေသော စကားများကြောင့် စတုတ္ထမင်းသားခမျာ ခေါင်းပင်ကြီးလာရတော့သည်။
"မူဖေးကလည်း ဒီစကားတွေက ဘယ်ကစပြီး ပြောရတာလဲ" စတုတ္ထမင်းသားက အလျင်အမြန် နှစ်သိမ့်ပြောဆိုလိုက်လေသည်။ "ကျွန်တော်နဲ့ အာ့ကောက ညီအစ်ကိုအရင်းတွေပါ။ သံယောဇဉ်လည်း ကြီးမားကြပါတယ်။ အာ့ကောက ကျွန်တော့်ကို ဆွဲထားလို့မနိုင် ဖြစ်နေတာ။ ဘယ်လိုလုပ် မောင်းထုတ်ရမှာလဲ။ ကျွန်တော်ကိုယ်တိုင်က ပြန်ချင်လို့ပါ"
ကျောက်ယွီကလည်း ဝင်ပြောလိုက်လေသည်။ "ကျွန်မ နန်းတော်ထဲမှာ နေတာ ကြာလှပါပြီ။ အိမ်တော်ကို ပြန်ချင်နေပြီ"
နန်းတော်ထဲတွင် မည်မျှပင် နေလို့ကောင်းပါစေ။ မိမိ၏ အိမ်တော်တွင် နေရသလောက်တော့ လွတ်လပ်မည် မဟုတ်ပေ။
နန်းတော်ထဲတွင် နေထိုင်ရသည်မှာ ခေါင်းပေါ်တွင် မယ်တော်ကြီးကျောက်နှင့် ချင်ဖေးတို့ ရှိနေကြသည်။ ချောင်မိဖုရားခေါင်နှင့် ထိုက်ဇီဖေးတို့ ရှိနေကြသည်။ ပြီးတော့ စိတ်အပြောင်းအလဲ မြန်ပြီး ဒေါသကြီးသည့် မုန့်ကွေ့ဖေးလည်း ရှိနေသေးသည်။ ပထမမင်းသား ကြင်ရာတော်နှင့် တတိယမင်းသား ကြင်ရာတော်တို့ကလည်း သာမန်ကြောင်သူတော်များ မဟုတ်ကြပေ။ စကားပြောဆို ပြုမူသည့်အခါတိုင်း အစစအရာရာ သတိထားနေရသည်။
စတုတ္ထမင်းသားအိမ်တော်ကို ပြန်ရတာက ဘယ်လောက် ကောင်းလိုက်သလဲ။ သူမက အိမ်ရှင်မလေ။ ဘယ်သူကမှ သူမကို လာထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ပြောချင်တာ ပြောလို့ရတယ်။ စားချင်တာ စားလို့ရတယ်။ လုပ်ချင်တာ လုပ်လို့ရတယ်။
သို့သော်ငြား ကျောက်ယွီ၏ ရင်ထဲမှလာသော ဆန္ဒစကားကို ချင်ဖေးက လုံးဝ နားမဝင်ပေ။ ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့က သဘောထားသေးသိမ်ပြီး လက်မခံနိုင်ဖြစ်နေသည်ဟုသာ တဖက်သတ် စွပ်စွဲနေလေသည်။ အရှေ့နန်းဆောင်သို့ သွားရောက်ကာ ပြဿနာရှာရန် ဆူပူသောင်းကျန်းနေတော့သည်။
မယ်တော်ကြီးကျောက်သည် မွေးဖွားပြီးစ မြစ်တော်လေးကို နှမြောတသ ဖြစ်နေပြီး စတုတ္ထမင်းသား ဇနီးမောင်နှံ နန်းတော်မှ ထွက်ခွာသွားမည်ကိုလည်း သဘောမကျပေ။ ထို့ကြောင့် မျက်နှာတည်ကြီးဖြင့် အမိန့်ပေးလိုက်လေသည်။ "အိုက်ကျားရဲ့ အမိန့်ကို သွားပြန်ကြားလိုက်။ အရှေ့နန်းဆောင်ကို သွားပြီး ထိုက်ဇီနဲ့ ထိုက်ဇီဖေးကို ခေါ်ခဲ့။ အိုက်ကျား သူတို့ ဇနီးမောင်နှံကို မေးစရာရှိတယ်လို့ ပြောလိုက်"
စတုတ္ထမင်းသားသည် စိုးရိမ်စိတ်ကြောင့် ချွေးများပင် ထွက်လာတော့သည်။ "အဘွားတော် အမိန့်ကို ပြန်ရုပ်သိမ်းပေးပါ။ နန်းတော်က ထွက်ပြီး အိမ်တော်ပြန်ဖို့က ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ သဘောဆန္ဒပါ။ ကျွန်တော်တို့ အရှေ့နန်းဆောင်နဲ့ ကျောင်းဖန်နန်းဆောင်ကိုတောင် သွားပြီး နှုတ်ဆက်ခဲ့ပြီးကြပါပြီ။ အဘွားတော်က အခုလို လုပ်လိုက်ရင် ပြဿနာတွေ ပိုရှုပ်ကုန်ပါလိမ့်မယ်။ ကျွန်တော်တို့ ဇနီးမောင်နှံက အာ့ကော၊ အာ့စောင်နဲ့ မူဟုပ်ကိုပါ ပြစ်မှားမိသလို ဖြစ်သွားပါလိမ့်မယ်"
ကျောက်ယွီသည်လည်း ချက်ချင်း ဒူးထောက်ချလိုက်တော့သည်။ "အဘွားတော် တကယ်ပဲ ကျွန်မတို့ကို ချစ်တယ်ဆိုရင် ပြန်ခွင့်ပြုလိုက်ပါ။ တကယ်လို့ ဒီကိစ္စသာ ပြဿနာ ကြီးကျယ်သွားရင် နောက်ဆို ကျွန်မတို့ ဇနီးမောင်နှံ နန်းတော်ထဲ ဝင်ဖို့ မျက်နှာတောင် ရှိတော့မှာ မဟုတ်ဘူး"
စတုတ္ထမင်းသားသည်လည်း ဒူးထောက်ချလိုက်ပြီး မျက်ဝန်းအိမ်တွင် မျက်ရည်စများ ဝေ့သီလျက် အသံတုန်တုန်ဖြင့် ပြောလိုက်လေသည်။ "မြေးတော် အဘွားတော်ကို တောင်းပန်ပါတယ်"
မယ်တော်ကြီးကျောက်သည် နားယောင်လွယ်သူ ဖြစ်လေသည်။ စတုတ္ထမင်းသား ဇနီးမောင်နှံက ဤသို့ ဒူးထောက် ငိုယိုနေသည်ကို မြင်ရသောအခါ ဆက်လက် တင်းခံမထားနိုင်တော့ဘဲ သက်ပြင်းချကာ ပြောလိုက်လေသည်။ "တော်ပါပြီ။ တော်ပါပြီ။ အိုက်ကျား မင်းတို့ကို မတားတော့ပါဘူး"
ချင်ဖေးသည် စိတ်လှုပ်ရှားသွားပြီး တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ် စတုတ္ထမင်းသားက လှမ်းကြည့်လိုက်လေသည်။ "မူဖေး... အဘွားတော်တောင် ဘာမှ မပြောတော့ဘူး။ မူဖေးက ထပ်ပြောနေမယ်ဆိုရင် ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်နေတာပဲ"
ချင်ဖေး၏ ငိုယိုနေမှု တစ်ဝက်ခန့်မှာ ဟန်ဆောင်နေခြင်း ဖြစ်လေသည်။ ယခုအခါ သားဖြစ်သူ၏ အပြစ်တင်ခြင်းကို ခံလိုက်ရသောအခါ ဓားဖြင့် အသည်းနှလုံးကို မွှေနှောက်လိုက်သကဲ့သို့ နာကျင်သွားရတော့၏။
ချင်ဖေးသည် သားဖြစ်သူကို အပြစ်မတင်ရက်သဖြင့် ဒေါသများကို ချွေးမဖြစ်သူအပေါ် ပုံချလိုက်ကာ ဒေါသတကြီး ဆဲဆိုလေတော့သည်။ "ဒါတွေအားလုံး နင့်ကြောင့်ဖြစ်ရတာ။ အားရှန်းကို ဘာဆေးတွေ ကျွေးပြီး မျှားလိုက်လဲ မသိဘူး။ သူ့ခမျာ ခေါင်းတောင် မထောင်နိုင်တော့ဘူး။ နန်းတော်ထဲမှာ နေရတာ ဘာမကောင်းလို့လဲ။ အိမ်တော်ကို ပြန်ချင်ရသလဲ။ တကယ့်ကို အသုံးမကျတဲ့ မိန်းမပဲ"
စတုတ္ထမင်းသားနှင့် ကျောက်ယွီတို့ လက်ထပ်ပြီးနောက် ဇနီးမောင်နှံသည် သာယာပျော်ရွှင်ပြီး ချစ်ခင်စုံမက်ကြလေသည်။ မိခင်ဖြစ်သူက ဇနီးသည်ကို ဤသို့ လက်ညှိုးထိုး အပြစ်တင်သည်ကို ကြားရသောအခါ စတုတ္ထမင်းသား၏ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
သို့သော်ငြား သူ ပါးစပ်မဟရသေးခင်မှာပင် ကျောက်ယွီက ယောက္ခမကို ပြန်လည် ချေပလိုက်လေသည်။ "နန်းတော်က ဘယ်လောက်ပဲ ကောင်းကောင်း ကျွန်မတို့ နေသင့်တဲ့နေရာ မဟုတ်ပါဘူး။ ထိုက်ဇီနဲ့ ထိုက်ဇီဖေးကသာ နန်းတော်ထဲမှာ အကြာကြီး နေသင့်တာပါ။ ဒါက သာမန် ပြည်သူတွေရဲ့ အိမ်တွေနဲ့ အတူတူပါပဲ။ အိမ်ရဲ့ အမွေဆက်ခံသူကသာ ဘိုးဘွားပိုင်အိမ်မှာ နေရတာလေ။ ကျန်တဲ့သူတွေက ခွဲထွက်ပြီး သီးသန့်နေရတာပဲ"
"မူဖေးက ကျွန်မတို့ကို နန်းတော်ထဲမှာ အကြာကြီး နေစေချင်တာက မဟုတ်မှလွဲရော ကျွန်မတို့ကို အရှေ့နန်းဆောင်ကို မက်မောနေတယ်ဆိုတဲ့ နာမည်ဆိုး ရစေချင်လို့လား။ မူဖေး စဉ်းစားကြည့်ဖူးလား။ ကျွန်မတို့က မသွားဘဲ တင်းခံနေရင် ထိုက်ဇီက ဘယ်လိုထင်မလဲ။ ထိုက်ဇီဖေးက ဘယ်လိုထင်မလဲ။ မူဟုပ်ကရော ဘယ်လိုထင်မလဲ"
"လူတိုင်းက သတိထား စောင့်ကြည့်နေကြပြီး နောက်ကွယ်မှာ အတင်းအဖျင်း ပြောဆို၊ အရှင်မင်းသားကို ရည်မှန်းချက်ကြီးမားပြီး ယုတ်မာတယ်လို့ ပြောဆိုနေကြမှ မူဖေးက ကျေနပ်မှာလား"
ချင်ဖေး "..."
မယ်တော်ကြီးကျောက် "..."
စတုတ္ထမင်းသား၏ နဖူးပေါ်တွင် ချွေးစီးများ ကျဆင်းလာတော့သည်။
ကျောက်ယွီကတော့ တကယ်ပဲ ဘာမဆို ပြောရဲဆိုရဲ ရှိလွန်းလှသည်။ ချင်ဖေး၏ စိတ်ကူးယဉ် အကြံအစည်များကို လူတိုင်း နားလည်ကြသည်။ သို့သော်လည်း ဒီလောက်ကြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောစရာတော့ မလိုချေ။
စတုတ္ထမင်းသားသည် အကြီးအကျယ် ချောင်းဟန့်လိုက်ပြီး ကျောက်ယွီကို မျက်ရိပ်မျက်ကဲဖြင့် အကြိမ်ကြိမ် တားမြစ်လိုက်လေသည်။
ကျောက်ယွီသည် ဒေါသထွက်လာသည်နှင့် ဒူးထောက်မနေတော့ဘဲ ဝုန်းခနဲ ထရပ်လိုက်ကာ ဒေါသတကြီး ပြောလိုက်လေသည်။ "အရှင်မင်းသားနဲ့ ကျွန်မမှာ ဘာရည်မှန်းချက်မှ မရှိပါဘူး။ ကျွန်မတို့က အေးအေးဆေးဆေး နေချင်ကြတာပါ။ မူဖေးကို အမှန်အတိုင်း ပြောပြပါမယ်။ ကျွန်မ အာ့စောင်ကိုတောင် စောစောစီးစီး ပြောပြထားပြီးပါပြီ။ နောက်နှစ်နည်းနည်း ကြာရင် အရှင်မင်းသားက ဖုဟွမ်ဆီမှာ နယ်မြေအပိုင်စားရဖို့ လျှောက်တင်ပြီး နယ်မြေကို စောစောသွားကာ ကိုယ့်ဘဝနဲ့ကိုယ် နေတော့မှာပါ"
"မူဖေးအနေနဲ့ ဘာအကြံအစည်မှ မရှိတာ အကောင်းဆုံးပါပဲ။ တကယ်လို့ မရှိသင့်မရှိထိုက်တဲ့ အတွေးတွေ ရှိနေရင်လည်း စောစောစီးစီး ဖြတ်တောက်လိုက်တာ ကောင်းပါလိမ့်မယ်။ မူဖေးရဲ့ လောဘစိတ်တွေ ယောင်ယမ်းမှုတွေကြောင့် အရှင်မင်းသားကို သစ္စာဖောက်မယ့် အလုပ်တွေ သွားလုပ်ခိုင်းသလို မဖြစ်စေနဲ့။ မူဖေးက ဘယ်လောက်ကြာကြာ အသက်ရှင်ချင်လဲ ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မကတော့ ကောင်းကောင်းမွန်မွန် အသက်ရှင်ပြီး သားကို အရွယ်ရောက်တဲ့အထိ ပျိုးထောင်ချင်ပါသေးတယ်"
ချင်ဖေး၏ မျက်နှာသည် နီတစ်လှည့် ဖြူတစ်လှည့် ဖြစ်သွားပြီး ဒေါသကြောင့် မျက်လုံးထဲတွင် မီးပွားများ လွင့်စင်မတတ် ဖြစ်သွားတော့သည်။ လက်ညှိုးထိုးကာ "နင်... နင်လို ယောက္ခမကို ပြစ်မှားစော်ကားတဲ့ မိန်းမယုတ်..."
စကားပင် ဆုံးအောင် မပြောနိုင်တော့ဘဲ ရင်ဘတ်ကို ဖိကာ လဲကျသွားလေတော့သည်။
စတုတ္ထမင်းသားသည် မျက်နှာပျက်သွားပြီး ချင်ဖေးကို အပြေးအလွှား ဝင်ထိန်းလိုက်လေသည်။ "မူဖေး"
ချင်ဖေးသည် မူးမေ့သွားခြင်း မဟုတ်ဘဲ အသက်ရှူမြန်ကာ အသက်ရှူကျပ်သွားခြင်းသာ ဖြစ်လေသည်။ စတုတ္ထမင်းသားသည် မိခင်ဖြစ်သူ၏ ကျောကို ပုတ်ပေးလိုက်ပြီး လက်ဖက်ရည်ကြည် တစ်ခွက်ကို ယူကာ တိုက်လိုက်လေသည်။
မယ်တော်ကြီးကျောက်သည်လည်း လန့်ဖျပ်သွားပြီး ကျောက်ယွီကို မကျေမနပ် စိုက်ကြည့်လိုက်လေသည်။ "ကလေးမယွီ။ နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ဒါ နင့်ယောက္ခမလေ။ နင်က ဘယ်လိုလုပ် သူ့ကို ဒီလိုစကားမျိုးတွေ ပြောရတာလဲ"
ကျောက်ယွီသည် ငယ်စဉ်ကတည်းက နန်းတော်ထဲသို့ ဝင်ထွက်သွားလာနေသူ ဖြစ်ပြီး မယ်တော်ကြီးကျောက်သည် သူ့မောင်ဘက်မှ မြေးမလေးကို အမြဲတမ်း နှစ်သက်သဘောကျခဲ့သည်။ မြေးချွေးမများထဲတွင် မယ်တော်ကြီးကျောက်သည် ကျောက်ယွီကို အချစ်ဆုံး ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။
ကျောက်ယွီက ချင်ဖေးကို ဤမျှအထိ ဒေါသထွက်အောင် လုပ်ခဲ့သော်လည်း မယ်တော်ကြီးကျောက်သည် ချက်ချင်း အပြစ်မတင်ခဲ့ပေ။
ကျောက်ယွီက မာကျောသော လေသံဖြင့် ပြောလိုက်လေသည်။ "ကျွန်မ လေသံမကောင်းဖြစ်သွားလို့ မူဖေးကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်မက ရင်ထဲမှာ ရှိတာကို အမှန်အတိုင်း ပြောတာပါ။ ဘာပဲဖြစ်ဖြစ် မူဖေး ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ကျွန်မ ဒီနေ့ အရှင်မင်းသားနဲ့အတူ အိမ်တော်ကို ပြန်ရမှ ဖြစ်မယ်"
ချင်ဖေးသည် လက်ဖက်ရည်ကို လုံးဝ မသောက်နိုင်တော့ဘဲ စတုတ္ထမင်းသား၏ ရင်ခွင်ထဲတွင် ငိုကြွေးလေတော့သည်။ "အားရှန်း... မင်းရဲ့ မိန်းမအလိမ္မာလေးကို ကြည့်ပါဦး။ ရိုသေကိုင်းရှိုင်းဖို့ မပြောနဲ့။ ငါ သူ့ကြောင့် ဒေါသထွက်ပြီး မသေရင်တောင် ကံကောင်းလှပြီ"
ကျောက်ယွီသည် မျက်နှာသုန်မှုန်လျက် စတုတ္ထမင်းသား၏ အင်္ကျီလက်စကို ဆွဲလိုက်လေသည်။ "နန်းတော်ထဲမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ ကျွန်မ အခုပဲ ပြန်ပြီး ပစ္စည်းတွေ သွားသိမ်းတော့မယ်။ ရှင် လိုက်မှာလား"
စတုတ္ထမင်းသား "..."
တစ်ဖက်က မိခင်အရင်း။ တစ်ဖက်က ဇနီးသည်။
စတုတ္ထမင်းသားသည် လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်ပြီး မရပ်မနား ငိုကြွေးနေသော ချင်ဖေးကို တိုးတိုးလေး ပြောလိုက်လေသည်။ "ကျွန်တော် စဉ်းစားပြီးပါပြီ။ ဒီနေ့ပဲ နန်းတော်က ထွက်ပါမယ်။ မူဖေးလည်း စိတ်လျှော့လိုက်ပါတော့။ ဆက်ပြီး မငိုပါနဲ့တော့။ တော်ကြာ လူကြားမကောင်းအောင် ဖြစ်သွားရင် အားလုံး မျက်နှာပျက်ရပါလိမ့်မယ်"
ပြောပြီးသည်နှင့် နောက်သို့ နှစ်လှမ်းဆုတ်ကာ မယ်တော်ကြီးကျောက်ကို အရိုအသေပြု နှုတ်ဆက်လိုက်လေသည်။ ထို့နောက် ဇနီးသည်ကို ခေါ်ကာ လျင်မြန်စွာပင် ထွက်ခွာသွားကြတော့သည်။
ချင်ဖေး "..."
သားမွေးထားရတာ ဘာအသုံးဝင်လို့လဲ။ မိန်းမရတာနဲ့ အမေကို မေ့သွားကြတာပဲ။
ရှို့နင်နန်းဆောင်မှ ဤပြဿနာသည် အရှေ့နန်းဆောင်နှင့် ကျောင်းဖန်နန်းဆောင်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
လီကျင့်သည် စိတ်မကြည်မလင် ဖြစ်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
လုမင်ယွိကတော့ အေးအေးဆေးဆေးပင် ပြောလိုက်၏။ "စစ်တိတို့ ဇနီးမောင်နှံက စိတ်ထားမှန်ကန်နေသရွေ့ ချင်ဖေးတစ်ယောက်တည်း ဘာလှိုင်းလုံးမှ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့က မသိချင်ယောင် ဆောင်နေလိုက်ကြတာပေါ့။ ဒါမှ သူတို့ ဇနီးမောင်နှံ မျက်နှာမပျက်ရမှာ"
လီကျင့်က နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်လေသည်။ "စစ်တိတို့ ဇနီးမောင်နှံ မျက်နှာကို ထောက်ထားပြီး သူ့ကို ဒီတစ်ခါ အပြစ်မယူဘဲ ထားလိုက်မယ်"
မွန်းလွဲပိုင်း ရောက်သောအခါ စတုတ္ထမင်းသား ဇနီးမောင်နှံသည် တစ်လပြည့်ကာစ ချန်းအာလေးကို ခေါ်ဆောင်လျက် အိမ်တော်သို့ ပြန်သွားကြလေသည်။
ချင်ဖေးသည်လည်း ဒေါသထွက်လွန်းသဖြင့် နေရာတွင်ပင် လဲကျသွားခဲ့၏။
ချောင်မိဖုရားခေါင်ခမျာ ကိုယ်တိုင်ဦးစီးပြီး တော်ဝင်သမားတော်များကို ခေါ်ဆောင်ကာ ချင်ဖေး၏ နန်းဆောင်သို့ သွားရောက်ရလေတော့သည်။
...