အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
အပိုင်း (၄၃၃) မျက်နှာသာရဖို့ ယှဉ်ပြိုင်ခြင်း
ချောင်မိဖုရားခေါင်သည် တော်ဝင်သမားတော်များအား ချင်ဖေးကို ကြည့်ရှုစစ်ဆေးပြီး ဆေးညွှန်းရေးပေးရန် အမိန့်ပေးလိုက်ကာ သူမကိုယ်တိုင်လည်း ချင်ဖေးကို နှစ်သိမ့်စကား ပြောကြားရလေသည်။ "မင်း နေမကောင်းဖြစ်နေရင် စိတ်အေးလက်အေး အနားယူလိုက်ပါ။ ရှို့နင်နန်းဆောင်ကိုလည်း မသွားနဲ့ဦး။ မယ်တော်ကြီးက အသက်ကြီးနေပြီဆိုတော့ ရောဂါကူးသွားလိမ့်မယ်"
ထို့နောက် တော်ဝင်သမားတော်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်ပြန်သည်။ "ဒီနေ့ကစပြီး မင်း ဒီမှာပဲ စောင့်ကြည့်ကုသပေးလိုက်။ ချင်ဖေးကို ကောင်းကောင်းလေး ပြုစုကုသပေးလိုက်"
"ပြုစုကုသပေး" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ချင်ဖေး၏ မျက်နှာ အရောင်ပြောင်းသွားတော့သည်။
နန်းတော်ထဲတွင် ကြင်ရာတော်များ နာမကျန်းဖြစ်ခြင်းမှာ သာမန်ကိစ္စပင်။ "ပြုစုကုသပေး" ဟု ဆိုလိုက်လျှင် အချိန်ကြာမြင့်စွာ "အနားယူ" ရတော့မည်ဟု အဓိပ္ပာယ်သက်ရောက်လေသည်။ လွန်ခဲ့သော နှစ်များက မုန့်ကွေ့ဖေးသည် တစ်နှစ်ကျော်ကြာအောင် "ပြုစုကုသ" မှု ခံယူခဲ့ရပြီးမှ သူမ၏ နန်းဆောင်မှ ပြန်လည်ထွက်ခွာခွင့် ရခဲ့သည် မဟုတ်ပါလား။
ချင်ဖေးသည် ချက်ချင်း ကုန်းရုန်းထလိုက်ပြီး အလျင်အမြန် ပြောလိုက်တော့သည်။ "ချန်ချဲ့ရဲ့ ရောဂါက သေးသေးမွှားမွှားလေးပါ။ သုံးလေးရက်လောက်ဆို ကောင်းသွားမှာပါ။ ပြုစုကုသမှု ခံယူရလောက်အောင် မပြင်းထန်ပါဘူး။ ဟွမ်ဟုပ်ညန်ညန်ကို စိတ်ပူစေမိတာ ချန်ချဲ့ရဲ့ အပြစ်ပါ။ ချန်ချဲ့ အခုပဲ ညန်ညန်ကို တောင်းပန်ပါတယ်။ ညန်ညန်က သဘောထားကြီးပါတယ်။ ကျွန်မလို လူနဲ့ ဖက်ပြိုင်မနေပါနဲ့"
တော်ဝင်သမားတော်များသည် အလိုက်တသိဖြင့် ထွက်ခွာသွားကြပြီး ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် တောင်းပန်တိုးလျှိုးနေသော ချင်ဖေးကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး အသံမာမာဖြင့် ပြောလိုက်၏။ "စတုတ္ထမင်းသား ထွက်သွားတာနဲ့ မင်းက ချက်ချင်း အိပ်ရာထဲ လဲတော့တာပဲ။ မသိတဲ့လူတွေက မင်းက သားနဲ့ချွေးမအပေါ် မကျေမနပ် ဖြစ်နေတယ်လို့ ထင်ကုန်ကြလိမ့်မယ်"
ချင်ဖေးသည် အံကို ကြိတ်လိုက်ပြီး ရှက်ရွံ့ဟန်ဆောင်ကာ ပြောလိုက်လေသည်။ "ချန်ချဲ့ ခဏလောက် စိတ်ရှုပ်ထွေးသွားလို့ပါ။ တခြားသဘော မရှိပါဘူး။ အားရှန်းကို နန်းတော်ထဲမှာ ရက်နည်းနည်းလောက် ပိုနေစေချင်ရုံပါ။ မိခင်တစ်ယောက်အနေနဲ့ သားကို နေ့တိုင်း တွေ့ချင်မိတာပါ။ ညန်ညန်လည်း ကိုယ်ချင်းစာ နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်"
ချောင်မိဖုရားခေါင်က မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်လေသည်။ "နန်းတော်မှာ သူ့စည်းကမ်းနဲ့သူ ရှိတယ်။ စတုတ္ထမင်းသားက ကိုယ့်သဘောဆန္ဒနဲ့ကိုယ် နန်းတော်က ထွက်သွားတာကို ပန်ကုံးကတောင် သူ့ရဲ့ အနေအထိုင် တတ်သိမှုကို ချီးကျူးရသေးတယ်။ အားလုံးက မင်းလိုပဲ လျှောက်လုပ်နေကြရင် နန်းတော်မှာ စည်းကမ်းမရှိတော့ဘဲ ရှုပ်ထွေးကုန်မှာပေါ့"
ဤမျှကြီးမားသော ခေါင်းစဉ်ကြီး တပ်လိုက်သဖြင့် ချင်ဖေးခမျာ မခံနိုင်တော့ပေ။
ချင်ဖေးသည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ကုတင်ပေါ်မှဆင်းကာ ဒူးထောက်၍ အပြစ်တောင်းပန်လေတော့သည်။ "ချန်ချဲ့ မိုက်မဲမိပါတယ်။ ညန်ညန် အပြစ်ပေးပါ"
"စတုတ္ထမင်းသားက တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားတယ်။ အရှင်မင်းကြီးနဲ့ ထိုက်ဇီအပေါ် သစ္စာရှိတယ်။ သူ့မျက်နှာကို ထောက်ထားပြီး ပန်ကုံး ဒီတစ်ခါ မင်းကို အပြစ်မယူတော့ဘူး" ချောင်မိဖုရားခေါင်က အေးစက်စွာ ပြောလိုက်လေသည်။ "ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ"
ပြောပြီးသည်နှင့် ချောင်မိဖုရားခေါင်သည် လက်ကိုဝှေ့ယမ်းကာ ထွက်ခွာသွားတော့၏။
ချင်ဖေးသည် ကုတင်ဘေးတွင် လဲကျသွားပြီး အကြီးအကျယ် ငိုကြွေးလေတော့သည်။
သားဖြစ်သူ၏ မသိတတ်မှုကို ဝမ်းနည်း၍ ငိုကြွေးခြင်းလား။ သို့တည်းမဟုတ် မယားငယ်ဘဝ၏ ခါးသီးမှုကို ဝမ်းနည်း၍ ငိုကြွေးခြင်းလားဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
နောက်တစ်နေ့တွင် ပထမမင်းသား ကြင်ရာတော်သည်လည်း သားဖြစ်သူ ထန်အာလေးကို ခေါ်ဆောင်ကာ အိမ်တော်သို့ ပြန်သွားလေသည်။
ရက်အနည်းငယ်ကြာ အကျယ်ချုပ်ကျနေသော မုန့်ယွင်လော်သည်လည်း ငြိမ်ကုပ်နေပြီး ဆူပူသောင်းကျန်းခြင်း မပြုရဲတော့ပေ။ အရှေ့နန်းဆောင်သို့ လူလွှတ်၍ အိမ်တော်ပြန်ချင်ကြောင်း ပြင်းပြင်းထန်ထန် အသိပေးလာလေသည်။
လုမင်ယွိသည် တားမြစ်ခြင်းမရှိဘဲ ပြန်ချင်သည့်အချိန် ပြန်နိုင်ကြောင်း ခွင့်ပြုပေးလိုက်သည်။
မုန့်ယွင်လော်သည် ချက်ချင်းပင် သမီးဖြစ်သူ ကျန်းအာလေးကို ခေါ်ဆောင်ကာ တတိယမင်းသားအိမ်တော်သို့ ပြန်သွားလေတော့သည်။
ပဉ္စမမင်းသား လီချန်သာလျှင် စူးဖေး၏ သေဆုံးမှုကြောင့် စိတ်ထိခိုက်ကာ အမှန်တကယ် အိပ်ရာထဲ လဲနေရပြီး ချက်ချင်း သက်သာလာခြင်း မရှိသေးပေ။ သူ၏ နန်းဆောင်မှ ထွက်ခွာရန်မှာကတော့ ထည့်ပြောရန်ပင် မလိုချေ။
...
ချင်ဖေး နေမကောင်းဖြစ်သွားသဖြင့် ရက်အနည်းငယ်လောက် ငြိမ်သက်နေလေသည်။
မယ်တော်ကြီးကျောက်၏ ဘေးနားတွင် ချင်ဖေး မရှိတော့သဖြင့် အနည်းငယ် အထီးကျန်ဆန်နေတော့သည်။ အရှေ့နန်းဆောင်တွင် ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ ဒဏ်ရာကုသနေကြရသည်။ ရွှီအာလေးမှာလည်း နေမကောင်းဖြစ်နေပြီး ရွှမ်းအာလေးကိုလည်း အပြင်မထွက်ရအောင် သတိထား စောင့်ရှောက်နေကြရသည်။ မိသားစုလေးယောက်လုံး အရှေ့နန်းဆောင်မှ အပြင်မထွက်ကြပေ။
စူးဖေးကတော့ သေဆုံးသွားလေပြီ။ မုန့်ကွေ့ဖေးကလည်း ဂါရဝပြုရန် မလာသလောက်ပင်။ နန်းတော်ထဲမှ ငယ်ရွယ်သော ကိုယ်လုပ်တော်များကိုလည်း မယ်တော်ကြီးကျောက်က အထင်မကြီးပေ။ ချောင်မိဖုရားခေါင်နှင့် ယောက္ခမ ချွေးမကြားတွင် စိတ်ဝမ်းကွဲစရာများ ရှိနေသဖြင့် တွေ့ဆုံသည့်အခါ ဟန်ပြစကားများသာ ပြောဆိုကြသည်။
ကြည့်ရသည်မှာ ဝမ်ကျဲယွီသာလျှင် စိတ်ချမ်းသာစရာ အကောင်းဆုံး ဖြစ်နေသည်။
ဝမ်ကျဲယွီသည် အနောက်နန်းဆောင်တွင် အမြဲတမ်း နှိမ့်ချစွာ နေထိုင်လေ့ရှိသည်။ သမီးမိန်းကလေး မွေးဖွားပြီးနောက် ပိုလို့ပင် အေးဆေးတည်ငြိမ်စွာ နေထိုင်လေသည်။ ရှို့နင်နန်းဆောင်နှင့် ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်ခြင်းမှလွဲ၍ အခြားနေရာများသို့ သွားလာခြင်း မရှိသလောက်ပင်။ နေ့စဉ်နေ့တိုင်း မိမိ၏ နန်းဆောင်ထဲတွင်သာ သမီးလေးကို ဂရုတစိုက် ပြုစုပျိုးထောင်နေလေသည်။
မယ်တော်ကြီးကျောက်သည် ဝမ်ကျဲယွီကို သိပ်ဘဝင်မကျပေ။ ဝမ်ကျဲယွီ ဂါရဝပြုရန် လာရောက်သည့်အခါတိုင်း တွေ့ဆုံခြင်းပင် မပြုပေ။ ဝမ်ကျဲယွီကလည်း ရှို့နင်နန်းဆောင်၏ အပြင်ဘက်မှသာ ဂါရဝပြုပြီး တိတ်ဆိတ်စွာ ပြန်သွားလေ့ရှိသည်။
ဒီရက်ပိုင်းအတွင်း မယ်တော်ကြီးကျောက်သည် ပျင်းရိငြီးငွေ့နေသဖြင့် ဝမ်ကျဲယွီကို သမီးတော်လေး ဖျင်အန်းကို ခေါ်ဆောင်၍ စကားလာပြောရန် မှာကြားလိုက်လေသည်။
ဝမ်ကျဲယွီသည် နူးညံ့သိမ်မွေ့ပြီး စကားနည်းလေသည်။ တစ်နှစ်အရွယ် မင်းသမီးလေးသည် ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေး ဖြစ်ပြီး စပျစ်သီးကဲ့သို့ မည်းနက်တောက်ပြောင်နေသော မျက်လုံးဝိုင်းဝိုင်းလေးများ ပိုင်ဆိုင်ထားသည်။ နှုတ်ခမ်းနီနီလေးဖြင့် ရယ်မောလိုက်သည့်အခါ အလွန် ချစ်စဖွယ်ကောင်းပြီး နှစ်လိုဖွယ် ဖြစ်နေတော့သည်။
မင်းသမီးလေးကို နို့ထိန်းမေမေက တွဲပေးထားပြီး နန်းဆောင်အတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။ လက်မောင်းတုတ်တုတ်လေးများကို ဝှေ့ယမ်းကာ မကြာခဏ တခစ်ခစ် ရယ်မောနေတတ်သ၏။
ခြောက်ကပ်နေသော ရှို့နင်နန်းဆောင်သည် ရုတ်တရက် သက်ဝင်လှုပ်ရှားလာတော့သည်။
မယ်တော်ကြီးကျောက်က သဘောကျစွာ ချီးကျူးလိုက်လေသည်။ "ရှောင်ဖျင်အန်းလေးက မွေးလာကတည်းက ကျန်းမာပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာပဲ။ သန်မာပြီး ဖြတ်လတ်ချက်ချာတယ်။ ဒါတွေအားလုံး မင်းရဲ့ ကုသိုလ်တွေပဲ"
ဝမ်ကျဲယွီသည် ချီးကျူးခံရသဖြင့် အားနာဟန်ဖြင့် ထရပ်ကာ ပြုံးလျက် ပြောလိုက်လေသည်။ "မယ်တော်ကြီးက ချီးကျူးလွန်းနေလို့ ချန်ချဲ့ မခံယူဝံ့ပါဘူး။ ချန်ချဲ့မှာ တခြားစွမ်းရည် မရှိပါဘူး။ စိတ်နှစ်ထားတာက ကလေးအပေါ်မှာပါပဲ။ ကလေး ဘေးကင်းကျန်းမာတာက ချန်ချဲ့ရဲ့ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ"
မယ်တော်ကြီးကျောက်က ရယ်မောကာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ဖျင်အန်းလေးကို မတွေ့ဖူးသေးဘူး။ အရှင်မင်းကြီး ပြန်လာရင် သူ့ကို ဘယ်လောက်တောင် သဘောကျမလဲ မသိဘူး။ မင်းရဲ့ ကံကောင်းခြင်းတွေက နောက်မှ လာမှာ"
စူးဖေးက သေပြီ။ မုန့်ကွေ့ဖေးက အိုပြီ။ ချင်ဖေးကလည်း သိပ်ပြီး မျက်နှာသာ မရတော့ဘူး။ ချောင်မိဖုရားခေါင်ကလည်း အသက်ကြီးပြီ။
နောင်တွင် အနောက်နန်းဆောင်၌ မျက်နှာသာရမည့်သူမှာ ငယ်ရွယ်ချောမောပြီး နူးညံ့သိမ်မွေ့သော ဝမ်ကျဲယွီသာ ဖြစ်ပေလိမ့်မည်။
ယခင်က မယ်တော်ကြီးကျောက်သည် ဝမ်ကျဲယွီကို သိပ်မကြိုက်ခဲ့ပေ။ အဓိက အကြောင်းရင်းမှာ ဝမ်ကျဲယွီသည် ချောင်မိဖုရားခေါင်၏ လူဖြစ်နေသောကြောင့်ပင်။ ထိုအချက်ကို ဖယ်ထားလိုက်လျှင် ဝမ်ကျဲယွီသည် အပြစ်ပြောစရာ မရှိပေ။
သန်စွမ်းကျန်းမာသော မင်းသမီးလေးကို ကြည့်ရင်း နောင်တွင် ယုံးကျားဧကရာဇ် ပြန်ရောက်လာလျှင် ဝမ်ကျဲယွီသည် မင်းသားလေးတစ်ပါး ထပ်မံမွေးဖွားပေးနိုင်ဦးမည်ဟု တွေးမိလေသည်။
ထိုသို့ တွေးမိလိုက်သည်နှင့် မယ်တော်ကြီးကျောက်သည် ဝမ်ကျဲယွီကို ပိုပြီး ကြည်ဖြူလာကာ အများအပြား ဆုချလိုက်လေသည်။
ဝမ်ကျဲယွီကတော့ ယဉ်ကျေးစွာ ငြင်းပယ်လိုက်လေသည်။ "ချန်ချဲ့မှာ အကျိုးဆောင်မှုလည်း မရှိ၊ အရည်အချင်းလည်း မရှိပါဘူး။ မယ်တော်ကြီးရဲ့ ဆုလာဘ်တွေကို မယူရက်ပါဘူး။ မယ်တော်ကြီး ဆုချချင်ရင် အဝတ်အစားချုပ်ဖို့ ပိတ်စကောင်းကောင်းလေးတွေပဲ ပေးပါ။ ချန်ချဲ့ မင်းသမီးလေးအတွက် အဝတ်အစားသစ်တွေ ချုပ်ပေးချင်လို့ပါ"
နူးညံ့သိမ်မွေ့ပြီး ရိုးသားဖြောင့်မတ်သည်။ လောဘစိတ် လုံးဝမရှိပေ။
မယ်တော်ကြီးကျောက်သည် အလွန်ဝမ်းသာသွားပြီး အဝတ်အစားချုပ်ရန် ပိတ်စများကို ဆုချလိုက်လေသည်။
ခုနစ်ရက် ရှစ်ရက်ခန့် ကြာပြီးနောက် ချင်ဖေးသည် နေပြန်ကောင်းလာပြီး ရှို့နင်နန်းဆောင်သို့ ဂါရဝပြုရန် ရောက်လာခဲ့သည်။ ထိုအခါမှ မယ်တော်ကြီးကျောက်၏ ဘေးနားတွင် "အချစ်တော်သစ်" တစ်ဦး ရောက်ရှိနေကြောင်း အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
ဝမ်ကျဲယွီသည် ဘေးနားတွင် ပြုံးရွှင်စွာ ထိုင်နေပြီး မယ်တော်ကြီးကျောက်က မင်းသမီးလေးကို ပွေ့ဖက်ကာ ကလေးစကားများကို နားထောင်ရင်း တဟားဟား ရယ်မောနေလေသည်။
ချင်ဖေးသည် အန္တရာယ်ကို အာရုံခံမိလိုက်ပြီး မသိမသာ မျက်စောင်းထိုး ကြည့်လိုက်၏။
ဝမ်ကျဲယွီက ပြုံးရွှင်စွာ ထရပ်ပြီး နှုတ်ဆက်လိုက်ရာ ချင်ဖေးက ဟန်ဆောင်ပြုံးကာ ပြောလိုက်လေသည်။ "ဒီရက်ပိုင်း ငါ နေမကောင်းဖြစ်နေလို့ ရှို့နင်နန်းဆောင်ကို လာပြီး ဂါရဝမပြုနိုင်ခဲ့ဘူး။ ကံကောင်းလို့ မင်းက နေ့တိုင်းလာပြီး မယ်တော်ကြီး အပျင်းပြေအောင် စကားပြောပေးလို့ တော်သေးတာပေါ့"
ဝမ်ကျဲယွီသည် ချင်ဖေး၏ စကားအဓိပ္ပာယ်ကို နားမလည်သကဲ့သို့ နူးညံ့စွာ ပြုံးလျက် ပြောလိုက်လေသည်။ "ချန်ချဲ့က ပါးစပ်မသွက်ပါဘူး။ စကားပြော မကောင်းပါဘူး။ မယ်တော်ကြီးက မင်းသမီးလေးကို တွေ့ချင်လို့ ချန်ချဲ့ကို ခေါ်တာပါ။ အခု ချင်ဖေး ရှိနေပြီဆိုတော့ ချန်ချဲ့ ရှို့နင်နန်းဆောင်ကို ခဏခဏ လာစရာ မလိုတော့ပါဘူး"
ဒီစကားကို ကြားရမှ နည်းနည်း အဆင်ပြေသွားသည်။
ချင်ဖေးသည် နေရာပြန်ရပြီဟု ယူဆကာ မာန်တက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် မယ်တော်ကြီးကျောက်က ရယ်မောကာ ပြောလိုက်လေသည်။ "အိုက်ကျား ချင်ဖေးရဲ့ မျက်နှာကို နေ့တိုင်းကြည့်နေရတာ ရိုးအီနေပြီ။ ပြောစရာ စကားလည်း မရှိတော့ဘူး။ မင်း ဖျင်အန်းလေးကို ခေါ်ပြီး လာခဲ့။ အိုက်ကျား မင်းကိုကြည့်လိုက် မြေးမလေးကိုကြည့်လိုက်နဲ့ စိတ်ချမ်းသာရတာပေါ့"
ချင်ဖေး "..."
ချင်ဖေး၏ မျက်နှာသည် ရောင်ကိုင်းလာမတတ် ဖြစ်သွားပြီး ခေါင်းငိုက်စိုက်ကျကာ ထိုင်ချလိုက်ရတော့သည်။ ချွဲနွဲ့ပြီး ပြောချင်သော်လည်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်၍ မိန်းမပျိုလေးကဲ့သို့ မပြုမူနိုင်တော့ပေ။
ဝမ်ကျဲယွီသည် လှောင်ပြောင်ခြင်း မပြုဘဲ နူးညံ့သိမ်မွေ့စွာ ပြုံးလျက် ပြောလိုက်လေသည်။ "မယ်တော်ကြီးက မြှောက်ပြောလွန်းပါပြီ။ ချန်ချဲ့ ငြင်းပယ်ရင် ရိုင်းရာကျနေပါလိမ့်မယ်။ နောက်ဆိုရင် မျက်နှာပြောင်တိုက်ပြီး မကြာခဏ လာခဲ့ပါ့မယ်။ မယ်တော်ကြီး အပျင်းပြေအောင် အဖော်ပြုပေးပါ့မယ်"
...
အပိုင်း (၄၃၄) နှစ်သစ် (၁)
အချိန်များ တစ်ခဏချင်း ကုန်ဆုံးသွားပြီး နှစ်သစ်သို့ ရောက်လာခဲ့ပြန်သည်။
ယုံးကျား ၁၂ နှစ်မြောက် နှစ်သစ်ကူးတွင် အိမ်ရှေ့စံလီကျင့်သည် ဧကရာဇ်မင်းမြတ် ကိုယ်စား နတ်ဘုရားများနှင့် ဘိုးဘွားများကို ပူဇော်ကန်တော့ခဲ့လေသည်။
အိမ်ရှေ့စံလီကျင့်သည် အရှေ့နန်းဆောင်တွင် ဒဏ်ရာကုသနေရသဖြင့် သာမန်အချိန်များတွင် အပြင်လူများနှင့် တွေ့ဆုံလေ့ မရှိပေ။ နှစ်လကျော် ကြာပြီးနောက် ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့လေသည်။ ပိန်လှီသွားသော မျက်နှာသည်လည်း ပြန်လည်ပြည့်ဖြိုးလာပြီး တောက်ပသော အဝါရောင် အိမ်ရှေ့စံဝတ်စုံကို ဝတ်ဆင်ထားကာ ကျက်သရေရှိပြီး ခန့်ညားထည်ဝါနေ၏။ ယခင်ကထက်ပင် ပိုမို ကြည့်ကောင်းနေတော့သည်။
မှူးမတ်များ အားလုံး၏ စိတ်ထဲတွင် အလွန် ဝမ်းမြောက်နေကြသည်။
အရှင်အိမ်ရှေ့စံသည် ပြင်ပစစ်ပွဲများတွင် ကြီးမားသော အောင်မြင်မှုများကို ရယူခဲ့ပြီး အိမ်ရှေ့စံမိဖုရား(ထိုက်ဇီဖေး)သည်လည်း မြို့တော်တွင် ကြီးမားသော အကျိုးဆောင်မှုများကို ပြုလုပ်ခဲ့သည်။ လုမျိုးနွယ်သည် ယန်ချူစစ်ပွဲကြီးတွင် မရေမတွက်နိုင်သော စစ်ရေးအောင်မြင်မှုများကို ရယူနိုင်ခဲ့ပြီး ချောင်ကောလောင်သည်လည်း အရပ်ဘက်အရာရှိများကို ဦးဆောင်ကာ နိုင်ငံရေးကိစ္စများကို တာဝန်သိသိသဖြင့် ကြိုးစားပမ်းစား စီမံခန့်ခွဲနေခဲ့သည်။
အရှေ့နန်းဆောင်၏ အိမ်ရှေ့စံ နေရာသည် တောင်ကြီးတစ်လုံးပမာ ခိုင်ခံ့နေပြီ ဖြစ်သည်။
တတိယမင်းသား လီဟောက်သည် ချူနိုင်ငံကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်သုံးတပ်တွင် အထူးချွန်ဆုံး ဖြစ်ခဲ့လျှင်ပင် စတုတ္ထမင်းသား လီရှန်းသည် မယ်တော်ကြီးကျောက်နှင့် ဇနီးသည်၏ မိသားစု အရှိန်အဝါအကြောင့် ကျော်ကြားလာလျှင်ပင် အရှေ့နန်းဆောင်၏ နေရာကို လှုပ်ခါနိုင်မည် မဟုတ်တော့ပေ။
ရည်မှန်းချက်ကြီးမားသော ပထမမင်းသားမှာမူ ညာဘက်ခြေထောက် ကျိုးသွားကတည်းက လူတိုင်း၏ စိတ်ထဲတွင် စာရင်းထဲမှ ဖျက်ပစ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
လုမင်ယွိသည်လည်း ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်၏။ မျက်နှာသည် ပန်းဆီရောင်သန်းနေပြီး မျက်ဝန်းနက်နက်ထဲတွင် အကြည့်တို့က တလက်လက် တောက်ပလို့နေသည်။ သစ်ကိုင်းထက်တွင် ပွင့်လန်းနေသော ပန်းပွင့်လေးတစ်ပွင့်နှယ် တင့်တယ်လှပနေတော့သည်။
ပို၍ ဝမ်းသာစရာ ကောင်းသည်မှာ ရွှီအာလေး၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက် အကြွင်းအကျန်များကို ရှင်းထုတ်နိုင်ခဲ့ပြီး လန်းဆန်းတက်ကြွစွာ ပြန်လည် လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း မောင်နှမနှစ်ယောက်၏ ခန္ဓာကိုယ် အနေအထားမှာ သိသိသာသာ ကွာခြားသွားခဲ့သည်။ တစ်ယောက်က ဝပြီး တစ်ယောက်က ပိန်နေသည်။
ချောင်မိဖုရားခေါင်သည် ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသလို ရယ်လည်း ရယ်ချင်နေမိသည်။ "အရင်တုန်းက မောင်နှမနှစ်ယောက် အတူရှိနေရင် ဘယ်သူက အစ်ကို ဘယ်သူက ညီမလေးမှန်း ခွဲမရဘူး။ အခုတော့ ကောင်းသွားပြီ။ တစ်ချက်ကြည့်လိုက်တာနဲ့ ခွဲလို့ရသွားပြီ"
နှစ်သစ်သို့ ရောက်လာသည်နှင့် ရွှမ်းအာလေးသည် စကားပြော ပိုသွက်လာသည်။ ချောင်မိဖုရားခေါင်၏ လက်ကို ဆွဲကာ မျက်လုံးဝိုင်းကြီးများ ပုတ်ခတ်ပုတ်ခတ် လုပ်လျက် မေးလိုက်လေသည်။ "အဘွားက သမီး ဝလို့ မချစ်တော့တာလား"
ချောင်မိဖုရားခေါင်သည် ရယ်မောလိုက်ပြီး ရွှမ်းအာလေးကို ပွေ့ချီကာ ပေါင်ပေါ်တွင် တင်လိုက်လေသည်။ "ငါတို့ ရွှမ်းအာလေးက ဘယ်နားများ ဝလို့လဲ။ ဒီလောက် ချစ်ဖို့ကောင်းပြီး လှနေတာကို။ တလောကလုံးမှာ ဒုတိယတစ်ယောက် ရှာလို့တောင် မရဘူး"
ရွှမ်းအာလေးသည် ချီးကျူးခံရသဖြင့် ကျေနပ်ပီတိ ဖြစ်သွားလေသည်။
ရွှီအာလေးသည် မကျေမနပ်ဖြစ်ကာ ခေါင်းကို တိုးဝှေ့လျက် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်လေသည်။ "သားသားလည်း အဘွား ချီတာ လိုချင်တယ်"
လုမင်ယွိက ရယ်မောကာ ပြောလိုက်လေသည်။ "သားတို့နှစ်ယောက်လုံးက လေးနေတာ။ အဘွားက ဘယ်လိုလုပ် ချီနိုင်မှာလဲ။ ရွှီအာ မေမေ့ဆီ လာခဲ့"
ချောင်မိဖုရားခေါင်က ချက်ချင်း ပြောလိုက်လေသည်။ "ပန်ကုံးက နေ့တိုင်း ကောင်းကောင်းစား ကောင်းကောင်းအိပ်နေတာ။ အားအင်တွေ အများကြီး ရှိတယ်။ ဘာလို့ မချီနိုင်ရမှာလဲ" ပြောပြောဆိုဆို လက်လှမ်းကာ ရွှီအာလေးကို ပွေ့ချီပြီး အခြားတစ်ဖက် ပေါင်ပေါ်တွင် တင်လိုက်လေသည်။
နှစ်သစ်ကူး အချိန်အခါသမယတွင် စကားများများ ပြောလျှင် စိတ်ညစ်စရာ ဖြစ်တတ်သည်။ ချောင်မိဖုရားခေါင်ကလည်း ရှားရှားပါးပါး ပျော်ရွှင်နေသဖြင့် လုမင်ယွိသည် ဆက်လက် စကားမပြောတော့ဘဲ ငြိမ်နေလိုက်သည်။ အမွှေးတိုင် တစ်တိုင်စာခန့် ကြာပြီးနောက် ရွှမ်းအာလေးကို ပြန်လည် ချီယူလိုက်လေသည်။
...
ကြင်ရာတော်များ တစ်ယောက်ပြီးတစ်ယောက် နန်းတော်အတွင်းသို့ ဝင်ရောက်လာပြီး ဂါရဝပြုကြသည်။ ပထမမင်းသားကြင်ရာတော်၊ တတိယမင်းသား ကြင်ရာတော်နှင့် စတုတ္ထမင်းသားကြင်ရာတော်တို့လည်း ရောက်ရှိလာကြသည်။
မိန်းမသုံးယောက် ဆုံလျှင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်ဟု ဆိုကြသည်။ နန်းဆောင်ထဲတွင် အဘွားကြီးများ၊ လူလတ်ပိုင်းများ၊ လူငယ်များ၊ ကလေးများ စသည်ဖြင့် မိန်းမသားများ စုံလင်နေကြရာ တစ်ယောက်တစ်ခွန်း ပြောရုံဖြင့်ပင် အလွန် စည်ကားနေတော့သည်။
ချင်ဖေးက မုန့်ဖေးကို ရင်းနှီးစွာ ပြုံးပြလျက် ဦးစွာ စကားစလိုက်လေသည်။ "ကြားတာတော့ အရှင်မင်းကြီးက တပ်ဆုတ်ပြီး ပြန်လာနေပြီတဲ့။ နောက်ထပ် သုံးလလောက်ဆိုရင် မြို့တော်ကို ရောက်တော့မှာ။ ပထမမင်းသားလည်း ပြန်လာနိုင်တော့မယ်"
သားဖြစ်သူနှင့် မတွေ့ရသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်သဖြင့် မုန့်ဖေး၏ စိတ်ထဲတွင် သတိရ လွမ်းဆွတ်နေမိသည်။ ထို့ကြောင့် ချင်ဖေးကို မျက်နှာထားတင်းတင်း မလုပ်ဘဲ ပြုံးလျက် သက်ပြင်းချလိုက်လေသည်။ "ကျွန်မလည်း အရှင်မင်းကြီးနဲ့ ကျွန်မရဲ့သား စောစောပြန်ရောက်လာဖို့ မျှော်လင့်နေတာပါ။ မဟုတ်ရင် ဒီနန်းတော်ကြီးထဲမှာ ခြောက်ကပ်လွန်းတယ်"
ကြင်ရာတော် တစ်ပါးအနေဖြင့် ယုံးကျားဧကရာဇ် ပြန်လာမည့်အရေးကို မည်သူက မမျှော်လင့်ဘဲ နေပါမည်နည်း။
ချင်ဖေးသည် နူးညံ့စွာ ပြုံးနေသော ဝမ်ကျဲယွီကို မသိမသာ လှမ်းကြည့်လိုက်ပြီး မနာလိုဝန်တိုစိတ်ဖြင့် ပြောလိုက်ပြန်သည်။ "နန်းတော်ထဲမှာ ငယ်ရွယ်ချောမောတဲ့ မိန်းကလေးတွေ အများကြီးပဲ။ ကျွန်မတို့က အဘွားအရွယ်တွေ ဖြစ်နေပြီ။ အရှင်မင်းကြီး ပြန်ရောက်လာရင်တောင် ကျွန်မတို့အလှည့် ရောက်မှာ မဟုတ်ပါဘူး"
ဤစကားသည် မုန့်ဖေး၏ နှလုံးသားကို ဆူးနှင့်ထိုးလိုက်သလိုပင်။
မုန့်ဖေးသည်လည်း ဝမ်ကျဲယွီကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။
ဝမ်ကျဲယွီသည် ငယ်ရွယ်ပြီး အခြေခံကောင်းမွန်သူ ဖြစ်သည်။ ကလေးမွေးပြီးနောက် ခန္ဓာကိုယ် အချိုးအစား လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ငယ်ရွယ်နုပျိုပြီး လှပသော မျက်နှာလေးသည် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး၏ ကျက်သရေကို ပေါင်းစပ်ထားသဖြင့် ပိုမို ဆွဲဆောင်မှု ရှိနေသည်။ တောက်ပသော အဝတ်အစားများ မဝတ်ဆင်ထားဘဲ ရိုးရှင်းသော လက်ဝတ်ရတနာများကိုသာ ဝတ်ဆင်ထားသော်လည်း လူအများ၏ အာရုံကို ဖမ်းစားနိုင်စွမ်း ရှိနေသည်။
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ မနက်က ဆံပင်ဖြူအချို့ကို တွေ့လိုက်ရသဖြင့် ဒေါသတကြီး ဖြစ်ခဲ့ရသည်။ အချိန်အကြာကြီး ပြင်ဆင်ပြီးမှ မျက်လုံးထောင့်မှ အရေးအကြောင်းများကို ဖုံးကွယ်နိုင်ခဲ့သည်။
အိုမင်းရင့်ရော်ပြီး အလှအပ ပျက်စီးခြင်းသည် မည်မျှ ကြောက်စရာကောင်းသော စကားလုံးများ ဖြစ်ပါသနည်း။
ပို၍ ကြောက်စရာ ကောင်းသည်မှာ လူလတ်ပိုင်းအရွယ် ယုံးကျားဧကရာဇ်သည် နုနယ်ပျိုမြစ်သော အလှပဂေးလေးများကို စိတ်ကြိုက် ရွေးချယ်နိုင်ခြင်းပင်။
မုန့်ဖေး၏ မျက်လုံးများ အပူလောင်ခံလိုက်ရသလို ဖြစ်သွားပြီး အကြည့်ကို လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းလိုက်လေသည်။ ထို့နောက် ပွဲကောင်းကြည့်နေသော ချင်ဖေးကို ပြောလိုက်၏။ "ကြားတာတော့ မယ်တော်ကြီးက မင်းသမီးလေးကို အရမ်းချစ်တယ်ဆို။ နေ့တိုင်း မင်းသမီးလေးကို လာဖို့ ခေါ်နေတာပဲ။ ဝမ်ကျဲယွီလည်း ရှို့နင်နန်းဆောင်မှာ နေရတာဆိုတော့... ကြည့်ရတာ နောက်ဆို မင်းကိုယ်စား မယ်တော်ကြီးကို ပြုစုမယ့်သူ ရှိလာပြီနဲ့ တူတယ်"
ချင်ဖေး "..."
ချင်ဖေးသည် အနာပေါ် တုတ်ကျသွားသဖြင့် မျက်နှာထား မကောင်းတော့ပေ။ ဟန်ဆောင်ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ဒါကတော့ မုန့်ဖေး စိတ်ပူစရာ မလိုပါဘူး။ ဒီလို အားနေတဲ့အချိန်မှာ နာမည်ကြီး သမားတော်တွေ၊ ဆေးနည်းတွေကို ရှာဖွေတာ ပိုကောင်းမယ် ထင်တယ်။ ပထမမင်းသားရဲ့ ခြေထောက်ကို ကုသပေးနိုင်မလား ဘယ်သူသိမှာလဲ"
မုန့်ဖေးသည် ဘယ်တုန်းကမှ အလျှော့ပေးတတ်သူ မဟုတ်ပေ။ ချက်ချင်းပင် အေးစက်စက် ပြုံးကာ ပြန်လည် တိုက်ခိုက်တော့သည်။ "ကြားတာတော့ ကျောက်ရှီ နန်းတော်ထဲ ဝင်လာရင် ရှို့နင်နန်းဆောင်နဲ့ ကျောင်းဖန်နန်းဆောင်ကိုပဲ သွားပြီး မင်းရဲ့ နန်းဆောင်ကိုတော့ ဂါရဝပြုဖို့ မလာဘူးဆို။ ဒီလို မသိတတ်တဲ့ ချွေးမကို မင်းလည်း ကောင်းကောင်း မဆုံးမဘူးလား"
ကျောက်ယွီအကြောင်း ပြောလိုက်သည်နှင့် ချင်ဖေး၏ ရင်ထဲတွင် မွန်းကြပ်သွားတော့သည်။
ယောက္ခမနှင့် ချွေးမကြား ဆက်ဆံရေးသည် မူလက အဆင်ပြေခဲ့သော်လည်း နှစ်မကုန်ခင်က ပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်း ရေခဲမှတ်အထိ အေးစက်သွားခဲ့သည်။ သူမက မျက်နှာထားတင်းတင်း လုပ်ပြသော်လည်း ကျောက်ယွီက ခေါင်းငုံ့ပြီး တောင်းပန်ခြင်း မပြုခဲ့ပေ။ တွေ့ဆုံသည့် အခါတိုင်း နှစ်ဖက်စလုံးက မနွေးမအေး ဆက်ဆံကြပြီး စကားအနည်းငယ်သာ ပြောဆိုကြသည်။
ပိုပြီး ဒေါသထွက်စရာ ကောင်းသည်မှာ သားဖြစ်သူကလည်း ချွေးမ၏ မြှောက်ပင့်ခြင်းကို ခံထားရခြင်းပင်။ သူမ ရှေ့တွင် နားဝင်ချိုသော စကားများကို အများကြီး ပြောသော်လည်း လက်တွေ့ လုပ်ဆောင်မှုမှာ တစ်ခုမှ မရှိပေ။
အခြားတစ်ဖက်တွင်တော့ လုမင်ယွိနှင့် ယောက်မများသည် အလွန် သင့်မြတ်ညီညွတ်စွာ စကားပြောဆိုနေကြသည်။
နှစ်သစ်ကူး အချိန်အခါတွင် မည်သူကမျှ စိတ်ညစ်စရာများကို ပြောချင်ကြမည် မဟုတ်ပေ။ ကလေးအကြောင်း ပြောကြသည်မှာ တစ်နေ့လုံး ပြောမကုန်နိုင်အောင်ပင်။
ချန်းအာလေးသည် ငယ်သေးသဖြင့် ကျောက်ယွီ၏ ရင်ခွင်ထဲတွင် လဲလျောင်းကာ လက်သီးဆုပ်လေးကို အရသာရှိစွာ စုပ်နေလေသည်။
ရွှီအာနှင့် ရွှမ်းအာတို့သည်လည်း ငြိမ်ငြိမ်မနေနိုင်တော့ဘဲ တစ်နေရာတွင် စုစည်းလိုက်ကြသည်။ ထန်အာကို ခေါ်လိုက်၊ ကျန်းအာကို လှမ်းခေါ်လိုက်၊ နောက်ဆုံးတွင် လမ်းလျှောက်တတ်ခါစ အဒေါ်လေး ဖျင်အန်းမင်းသမီးလေးကိုပါ ခေါ်လိုက်ကြသည်။
ကလေးများသည် စည်ကားသိုက်မြိုက်စွာ အတူတကွ ကစားနေကြပြီး နို့ထိန်းမေမေ တစ်သိုက်ကလည်း နောက်မှ လိုက်ပါ စောင့်ရှောက်နေကြရသည်။
လုမင်ယွိကတော့ စိတ်မချနိုင်သဖြင့် မကြာခဏ လှမ်းကြည့်နေရသည်။
ချောင်မိဖုရားခေါင်သည်လည်း စိတ်မချသဖြင့် ချိုင်လန်ကို တိုးတိုးလေး မှာကြားလိုက်လေသည်။ "ချိုင်လန်၊ နင် သွားပြီး ရွှီအာနဲ့ ရွှမ်းအာကို ကြည့်ထား။ ဘာအစာမှ ပါးစပ်ထဲ မထည့်စေနဲ့။ ထိခိုက်မိတာမျိုးလည်း မဖြစ်စေနဲ့"
ချိုင်လန်သည် စေ့စပ်သေချာပြီး သွက်လက်ချက်ချာသူ ဖြစ်သဖြင့် ချောင်မိဖုရားခေါင်၏ အနားတွင် အားအကိုးရဆုံး အပျိုတော်ဖြစ်သည်။
ချိုင်လန်က ပြုံးရွှင်စွာဖြင့် အမိန့်ကို နာခံပြီး ကလေးများရှိရာသို့ သွားလိုက်တော့၏။
ချောင်မိဖုရားခေါင်က လုမင်ယွိကို ညည်းညူကာ ပြောလိုက်လေသည်။ "မြွေကိုက်ခံရဖူးရင် လွန်ကြိုးမြင်တာနဲ့ ကြောက်တယ် ဆိုသလိုပဲ။ အခု ရွှီအာနဲ့ ရွှမ်းအာကို မျက်စိရှေ့က ပျောက်သွားတာနဲ့ ပန်ကုံး ရင်ထဲမှာ မသိုးမသန့် ဖြစ်နေတော့တာပဲ"
လုမင်ယွိက မတတ်သာသည့် အပြုံးဖြင့် ပြောလိုက်လေသည်။ "ဟုတ်ပါတယ်။ ကျွန်မလည်း စိတ်မချနိုင်ပါဘူး။ ဒီခဏလေးအတွင်းမှာတောင် ခုနစ်ကြိမ် ရှစ်ကြိမ်လောက် လှမ်းကြည့်ပြီးပြီ"
ဒါကြောင့် စူးဖေးဆိုတဲ့ မိန်းမယုတ်က အချက်တစ်ထောင်လောက် စိပ်ပိုင်းပြီး အသတ်ခံသင့်တာ။ အဆိပ်သင့်ပြီး သေသွားတာတောင် သူ့အတွက် သက်သာလွန်းနေသေးတယ်။
ချောင်မိဖုရားခေါင်သည် ထိုနာမည်ကို ထုတ်မပြောချင်သလို လုမင်ယွိသည်လည်း ထပ်တူပင်။ ယောက္ခမနှင့် ချွေးမတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နားလည်မှု ရှိစွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်ကြလေသည်။
ရုတ်တရက် ကလေးများ ရှိရာဘက်မှ ငိုသံများ ထွက်ပေါ်လာခဲ့၏။
လုမင်ယွိသည် နားပါးပြီး တုံ့ပြန်မှု အမြန်ဆုံး ဖြစ်သဖြင့် ပထမဆုံး ထရပ်ကာ သွားကြည့်လိုက်သည်။
ပထမမင်းသား ကြင်ရာတော်နှင့် မုန့်ယွင်လော်တို့သည်လည်း စိတ်မရှည်တော့ဘဲ အလျင်အမြန် ထရပ်ကာ နောက်မှ လိုက်သွားကြသည်။
သတိရှိပြီး နှိမ့်ချစွာ နေထိုင်တတ်သော ဝမ်ကျဲယွီသည် ကလေးငိုသံကို ကြားလိုက်ရသည်နှင့် စိတ်ပူသွားပြီး လူအများ သတိထားမိမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်တော့သည်။
...
အပိုင်း (၄၃၅) နှစ်သစ် (၂)
ကလေးငါးယောက်တွင် အသက်အကြီးဆုံး ထန်အာလေးသည် သုံးနှစ်မပြည့်သေးသလို အသက်အငယ်ဆုံး ဖျင်အန်းမင်းသမီးလေးမှာလည်း တစ်နှစ်ကျော်သာ ရှိသေးသည်။ စကားမပီကလာ ပြောနေကြသော ကလေးတစ်သိုက်သည် အားအင်များ ပြည့်ဝပြီး ဆော့ကစားရန် ဝန်မလေးကြပေ။ တစ်နေရာတည်း စုမိသောအခါ တွန်းလိုက်တိုက်လိုက်ဖြင့် အလွန် ဆူညံပွက်လောရိုက်နေတော့သည်။
နို့ထိန်းမေမေတစ်သိုက်က မျက်တောင်မခတ် စောင့်ကြည့်နေကြသော်လည်း နောက်ဆုံးတွင် မထိန်းနိုင်ဖြစ်သွားကြသည်။
ကျန်းအာလေးသည် မည်သူနှင့် တိုက်မိသည်မသိ ဖင်ထိုင်ရက် လဲကျသွားကာ အော်ဟစ် ငိုကြွေးလေတော့သည်။
ကိုယ့်ကလေး ငိုတာ မဟုတ်ရင် ပြီးတာပဲဟု တွေးကာ ဝမ်ကျဲယွီသည် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
ပထမမင်းသား ကြင်ရာတော်သည် မျက်မှောင်ကြုတ်လျက် ပထမဆုံး လှမ်းဟောက်လိုက်လေသည်။ "ထန်အာ... သား ညီမလေးကို အနိုင်ကျင့်လိုက်တာလား"
ထန်အာလေးသည် ငယ်စဉ်ကတည်းက ကျန်းမာရေးမကောင်းဘဲ ရောဂါထူပြောသူ ဖြစ်သဖြင့် ရွယ်တူကလေးများလောက် မသန်စွမ်းပေ။ သုံးနှစ်အရွယ် ရောက်မှသာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခြင်း ဖြစ်သည်။ စိတ်ထားအနေဖြင့် ထန်အာလေးသည် ရိုးသားဖြောင့်မတ်ပြီး ညီအစ်ကို မောင်နှမများကြားတွင် မည်သည့်အခါကမျှ ဦးဆောင်ခြင်း၊ လုယူခြင်း မရှိခဲ့ပေ။
ယခုအခါ ထန်အာလေး၏ မျက်နှာနုနုလေးပေါ်တွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားပြီး "မူဖေး... သား ညီမလေးကို မထိပါဘူး" ဟု ပြန်ပြောလိုက်လေသည်။
ထန်အာလေး အနိုင်ကျင့်တာ မဟုတ်ရင် ပြီးတာပဲဟု တွေးကာ ပထမမင်းသား ကြင်ရာတော်လည်း သက်ပြင်းချလိုက်လေသည်။
မုန့်ယွင်လော်သည် ကျန်းအာလေး၏ ဘေးနားသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သမီးဖြစ်သူကို ပွေ့ချီကာ ကျောကို ပုတ်ပေးနေလေ၏။
ကျန်းအာလေးသည် မွေးဖွားစဉ်က မျက်ခုံးမွှေးပါးပါး မျက်လုံးသေးသေးလေးဖြင့် သိပ်မလှပေ။ ယခုအခါ မျက်လုံးနှင့် မျက်ခုံးများ ပီပြင်လာပြီ ဖြစ်သဖြင့် အနည်းငယ် ချစ်စဖွယ် ကောင်းလာသည်။ မုန့်ယွင်လော်၏ စိတ်ထားသည် ကောင်းတစ်လှည့် ဆိုးတစ်လှည့် ဖြစ်ပြီး စိတ်ဆိုးနေလျှင် သမီးဖြစ်သူကို လှည့်မကြည့်သော်လည်း စိတ်ကြည်နေလျှင် အလိုလိုက် အကြိုက်ဆောင်တတ်လေသည်။
ယခုကဲ့သို့ မိခင်ဖြစ်သူက ပွေ့ချီချော့မြှူလိုက်သောအခါ ကျန်းအာလေးသည် ပိုလို့ပင် အော်ဟစ်ငိုကြွေးလေတော့သည်။
လုမင်ယွိမှာ နေရထိုင်ရ ခက်သွားသည်။
သူမ၏ အကြည့်များသည် ရွှီအာနှင့် ရွှမ်းအာတို့၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး မျက်နှာထားတင်းတင်းဖြင့် မေးလိုက်လေသည်။ "ဘယ်သူ ညီမလေးကို အနိုင်ကျင့်လိုက်တာလဲ"
ရွှီအာလေးက ရိုးသားဖြူစင်သော မျက်နှာဖြင့် "သား မဟုတ်ဘူး" ဟု ဖြေလိုက်သည်။
ရွှမ်းအာလေးက နောက်သို့ မဆုတ်ဘဲ ရင်ကော့ကာ ပြောလိုက်လေသည်။ "သမီး လုပ်တာ" မိခင်ဖြစ်သူက ဆူပူကြိမ်းမောင်းခြင်း မပြုရသေးခင်မှာပင် ဆက်ပြောလိုက်ပြန်သည်။ "သမီးက အားသန်လို့ မတော်တဆ တိုက်မိပြီး သူ လဲကျသွားတာ။ သမီး တမင်လုပ်တာ မဟုတ်ပါဘူး"
လုမင်ယွိ "..."
ရွှမ်းအာလေးသည် မွေးရာပါ အားသန်သူ ဖြစ်သည်။ ယခုမှ နှစ်နှစ်ကျော်သာ ရှိသေးသော်လည်း ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးများလောက် အားရှိလေသည်။ သူမသည် ရွှမ်းအာလေးကို အားလျှော့ပြီး ကစားရန် မကြာခဏ မှာကြားရလေ့ရှိသည်။ ရွှမ်းအာလေးက ကောင်းကောင်း နားထောင်သော်လည်း ကစားသည့်အခါ အကုန်မေ့သွားတတ်သည်။ ကျန်းအာလေးကို တိုက်မိပြီး လဲကျသွားသည်မှာ မဆန်းပေ။
လုမင်ယွိသည် ရွှမ်းအာလေးကို စိုက်ကြည့်လိုက်ပြီး အသံမာမာဖြင့် ပြောလိုက်လေသည်။ "ညီမလေးကို မြန်မြန် တောင်းပန်လိုက်။ ပြီးတော့ တတိယဒေါ်လေးကိုလည်း တောင်းပန်လိုက်ဦး"
ရွှမ်းအာလေးသည် ကိုယ်လုပ်သည့်ကိစ္စ ကိုယ်တာဝန်ယူရဲသော ပုံစံဖြင့် ကျယ်လောင်စွာ ပြောလိုက်လေသည်။ "ကျန်းညီမလေး... တောင်းပန်ပါတယ်နော်။ တတိယဒေါ်လေး... တောင်းပန်ပါတယ်"
ကျန်းအာလေးက အော်ဟစ်ငိုကြွေးနေဆဲ ဖြစ်ပြီး မျက်ရည်များ တာကျိုးသကဲ့သို့ စီးကျနေလေသည်။ ကြည့်ရသည်မှာ ချက်ချင်း အငိုတိတ်မည့်ပုံ မပေါ်ပေ။
မုန့်ယွင်လော်သည် ဒေါသများကို မြိုသိပ်ထားလိုက်ရပြီး ဟန်ဆောင်ပြုံးကာ ပြောလိုက်လေသည်။ "ဒီလောက် သေးမွှားတဲ့ကိစ္စလေးကို တောင်းပန်စရာ မလိုပါဘူး။ ဒေါ်လေးက မင်းကို အပြစ်မတင်ပါဘူး။ ဒေါ်လေးရဲ့ အပြစ်ပါ။ ဒီနေ့ ကျန်းအာလေးကို နန်းတော်ထဲ ခေါ်မလာခဲ့သင့်ဘူး"
ရွှမ်းအာလေးသည် ငယ်ရွယ်သေးသဖြင့် စကားလုံး အသွားအလာများကို နားမလည်ဘဲ "ဒေါ်လေးက မင်းကို အပြစ်မတင်ပါဘူး" ဆိုသည့် စကားကိုသာ ကြားလိုက်ရသဖြင့် ဝမ်းသာအားရ လုမင်ယွိကို ပြောလိုက်လေသည်။ "မေမေ... ဒေါ်လေးက သမီးကို အပြစ်မတင်ဘူးတဲ့။ သမီး သွားကစားလို့ ရပြီလား"
လုမင်ယွိ၏ ရင်ထဲတွင် ဒေါသများ ဆူပွက်လာပြီး မျက်နှာ မကောင်းဖြစ်နေသော မုန့်ယွင်လော်ကို တစ်ချက် ကြည့်လိုက်လေသည်။ "ကလေးချင်း ကစားရင်း ထိခိုက်မိတာမျိုး ရှိတတ်ပါတယ်။ ရွှမ်းအာက ငယ်သေးတော့ တမင်လုပ်တာမှ မဟုတ်တာ။ ရှင် ပြောတဲ့စကားက ဘာသဘောလဲ"
အကြည့်ချင်း ဆုံလိုက်သည်နှင့် အာဃာတဟောင်းများ ပြန်လည် နိုးထလာတော့သည်။
မုန့်ယွင်လော်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ယမ်းငွေ့များ ပါဝင်နေသော လေသံဖြင့် ပြောလိုက်လေသည်။ "ကျွန်မက သာမန် မင်းသားကြင်ရာတော် တစ်ပါးပါ။ ထိုက်ဇီဖေးရဲ့ ရှေ့မှာ တခြားသဘောထားမျိုး မရှိရဲပါဘူး။ ကျန်းအာလေးက သနားစရာပါ။ ကျွန်မဗိုက်ထဲက မွေးလာတော့ ရွှမ်းအာလေးလောက် တန်ဖိုးမရှိဘူးလေ။ အထိခိုက်မခံနိုင်တာ မပြောနဲ့။ အရိုက်ခံရရင်တောင် မငိုသင့်ဘူး"
ပြောလေလေ စကားက လမ်းချော်လေလေ ဖြစ်နေသည်။
လုမင်ယွိသည် ဘယ်တုန်းကမှ စိတ်ရှည်သည်းခံတတ်သူ မဟုတ်ပေ။ ဤသို့ စောင်းမြောင်း ပြောဆိုခံရသဖြင့် ဒေါသထွက်လာကာ သည်းမခံနိုင်တော့ပေ။ "နင့်လို အရှုပ်အရှင်း မကွဲပြားတဲ့ အမေမျိုး ရထားတာ ကျန်းအာလေးအတွက် တကယ် သနားစရာပဲ"
မုန့်ယွင်လော်၏ မျက်လုံးများထဲမှ မီးပွားများ လွင့်စင်လာတော့သည်။ "နင် ဘာပြောလိုက်တာလဲ။ သတ္တိရှိရင် နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း"
လုမင်ယွိက အေးစက်စက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ငါ ဘာလို့ မပြောရဲရမှာလဲ။ ကလေးချင်း ဖြစ်တဲ့ကိစ္စကို နင်က လူကြီးချင်း ရန်ငြိုးနဲ့ လာရောချနေတာလေ။ အရှုပ်အရှင်း မကွဲပြားတာ မဟုတ်လို့ ဘာလဲ"
"နင်..." မုန့်ယွင်လော်သည် ဒေါသတကြီးဖြင့် ပြေးဝင်မတတ် ဖြစ်သွားလေသည်။
လုမင်ယွိသည်လည်း အင်္ကျီလက်စကို ခေါက်တင်ကာ အသင့်ပြင်လိုက်၏။
ပွဲကြည့်ရန် ရောက်လာသော ကျောက်ယွီသည် အခြေအနေကို ဝင်ထိန်းလိုက်လေသည်။ "ကလေးတွေ ကစားရင်း ထိခိုက်မိတာက သာမန်ကိစ္စပါ။ နှစ်သစ်ကူး နေ့ကောင်းရက်မြတ်မှာ စိတ်မဆိုးကြပါနဲ့"
ပြောရင်းဆိုရင်း ကျန်းအာလေးကို လှမ်းချီလိုက်ကာ ပြုံးရွှင်စွာ ချော့မြှူလိုက်လေသည်။ "စတုတ္ထဒေါ်လေးကို ပြပါဦး။ မတွေ့တာ ကြာတော့ ကျန်းအာလေးက ပိုလှလာပါလား"
ပထမမင်းသား ကြင်ရာတော်ကလည်း ရွှမ်းအာလေးကို ဆွဲခေါ်လိုက်ပြီး ချော့မော့ပြောဆိုလိုက်သည်။ "အမှားကို ဝန်ခံရဲတာ လိမ္မာတဲ့ကလေးပဲ"
မုန့်ယွင်လော်ကတော့ လုမင်ယွိကို ဆက်လက် စိုက်ကြည့်နေဆဲပင်။
လုမင်ယွိသည်လည်း အလျှော့မပေးဘဲ နှုတ်ခမ်းထောင့်မှ အေးစက်သော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ကျန်းအာနှင့် ရွှမ်းအာတို့မှာမူ ခဏအတွင်း ပြန်လည် တည့်သွားကြလေသည်။ ရွှမ်းအာလေးက လက်လှမ်းကာ ကျန်းအာလေး၏ မျက်ရည်ကို သုတ်ပေးလိုက်ပြီး "တောင်းပန်ပါတယ်နော်" ဟု တိုးတိုးလေး ပြောလိုက်လေသည်။
ကျန်းအာလေး၏ ဖင်မှာလည်း မနာတော့သဖြင့် သဘောထားကြီးစွာ ပြန်ပြောလိုက်လေသည်။ "မနာတော့ပါဘူး"
ညီအစ်မနှစ်ယောက်သည် လက်ချင်းချိတ်ကာ ပြေးထွက်သွားကြပြီး မကြာခင်မှာပင် ရယ်မောသံများ ထွက်ပေါ်လာတော့သည်။
ဤအခြေအနေသည် ရန်ဖြစ်နေသော လူကြီးများကို နေရခက်သွားစေသည်။
ကျောက်ယွီသည် လုမင်ယွိကို မျက်ရိပ်ပြလိုက်ပြီး လက်ကိုဆွဲကာ ခေါ်ထုတ်သွားလေသည်။ "ကလေးတွေတောင် ပြန်တည့်သွားပြီ။ နင်တို့နှစ်ယောက်က ဒီမှာ မျက်လုံးချင်းပြူး ကြည့်နေကြတုန်းလား။ လာပါ... သွားရအောင်။ ကပွဲသွားကြည့်ရအောင်"
လုမင်ယွိသည် မလိုက်ချင်လိုက်ချင်ဖြင့် ကျောက်ယွီနှင့်အတူ ပါသွားလေတော့သည်။
ပထမမင်းသား ကြင်ရာတော်သည်လည်း မုန့်ယွင်လော်ကို တိုးတိုးလေး ဖျောင်းဖျလိုက်လေသည်။ "ကလေးတွေ ကစားရင်း ဖြစ်တဲ့ကိစ္စလေးကို မင်း စိတ်ထဲ ထားမနေပါနဲ့။ ကြက်မတွေလို ရန်လိုနေတာ ကြည့်လို့မကောင်းပါဘူး"
မုန့်ယွင်လော်သည် မကျေနပ်ချက်များ ပြည့်နှက်နေပြီး ဝမ်းနည်းဒေါသထွက်စွာ ပြောလိုက်လေသည်။ "ကျွန်မက ဘယ်လိုလုပ် စိတ်မထားဘဲ နေနိုင်မှာလဲ။ သူက ထိုက်ဇီဖေးလေ။ ယန်စစ်သူကြီးကို လုပ်ကြံပြီး အောင်ပွဲခံခဲ့တာ။ သူ့နောက်မှာ ထိုက်ဇီနဲ့ ဟွမ်ဟုပ်ညန်ညန် ရှိနေတာ။ ကျွန်မက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ပထမမင်းသား ကြင်ရာတော်သည် လက်ကို ချလိုက်ပြီး အေးစက်စွာ ထောက်ခံလိုက်လေသည်။ "ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိရင် စကားပြောတာ ဆင်ခြင်သင့်တာပေါ့"
မုန့်ယွင်လော် "..."
မုန့်ယွင်လော်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
လုမင်ယွိက သူမကို အနိုင်ကျင့်သည်။ ကျောက်ယွီက သူမကို အထင်သေးသည်။ အခု ဒီ သိမ်ငယ်စိတ်များသော ပထမမင်းသား ကြင်ရာတော်ကပါ သူမကို လာပြီး ဆုံးမနေပါလား။
"ဒီစကားက နားထောင်လို့ မကောင်းမှန်း ငါ သိပါတယ်" ပထမမင်းသား ကြင်ရာတော်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ဘဲ အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "ဒါပေမဲ့ ဒါတွေက အမှန်တရားတွေပဲ"
"သူက ထိုက်ဇီဖေးလေ။ ထိုက်ဇီ နန်းတက်ရင် သူက မိဖုရားခေါင် ဖြစ်လာမှာ။ ငါတို့က နောင်ကျရင် နယ်စားမင်းသားရဲ့ ကြင်ရာတော်တွေပဲ ဖြစ်လာမှာ။ အရှင်နဲ့ ကျွန် ကွာခြားချက် ရှိတယ်။ နောက်ဆို ငါတို့က သူ့ကို တွေ့ရင် ဦးညွှတ် ဂါရဝပြုရမှာ"
"ငါတို့ သမီးယောက်မတွေ အားလုံးက စစ်ဗိုလ်ချုပ်မျိုးရိုးတွေချည်းပဲ။ ဒါပေမဲ့ သူ့ကံက ငါတို့ထက် ပိုကောင်းနေတာလေ။ အားကျနေလို့လည်း အလကားပဲ။ မနာလိုဖြစ်နေလို့လည်း ဘာမှ ထူးမလာဘူး"
"နင် မကျေနပ်လည်း မြိုသိပ်ထားရမှာပဲ"
ပြောပြီးသည်နှင့် ပထမမင်းသား ကြင်ရာတော်သည် ထွက်ခွာသွားလေတော့သည်။
မုန့်ယွင်လော် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး မျက်နှာမှာ နီတစ်လှည့် ဖြူတစ်လှည့်ဖြင့် ငူငူငိုင်ငိုင် ရပ်နေမိလေတော့သည်။
...