အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အပိုင်း (၄၃၆) နှစ်သစ်ကူး (၃)
ဒီနှစ်သစ်ကူးတွင် မုန့်ယွင်လော်သည် စိတ်အနှောင့်အယှက် ဖြစ်နေရပြီး ပဉ္စမမင်းသား လီချန်သည်လည်း အလွန်အမင်း စိတ်မွန်းကြပ်နေလေသည်။
လီချန်သည် နှစ်သစ်မကူးမီက အကြီးအကျယ် ဖျားနာခဲ့သဖြင့် အိပ်ဆောင်ထဲတွင်သာ အနားယူနေခဲ့ရ၏။ နှစ်သစ်ကူးပထမနေ့ရောက်မှသာ လူကြားထဲသို့ ထွက်လာနိုင်ခဲ့သည်။ နှစ်သစ်ကူး ပထမနေ့တွင် အိမ်ရှေ့စံသည် မူးမတ်ရာချီကို ဦးဆောင်ကာ ကောင်းကင်ဘုံနှင့် ဘိုးဘေးများကို ပူဇော်ကန်တော့ကြရာ သူနှင့် စတုတ္ထမင်းသားတို့သည် အိမ်ရှေ့စံ၏ နောက်မှ လိုက်ပါခဲ့ကြရလေသည်။
ခန့်ညားချောမောပြီး နတ်ဘုရားတမျှ ကျက်သရေရှိလှသော အိမ်ရှေ့စံအရှင်မင်းသားနှင့် ယှဉ်လိုက်လျှင် သူသည် နေရောင်ခြည် မကျရောက်သော ထောင့်နေရာတွင်သာ ပုန်းအောင်းနေသင့်သည့် ဝဖြိုးဖြိုး ကြွက်တစ်ကောင်နှင့် တူနေတော့သည်။ နေရောင်အောက်သို့ ထွက်ပေါ်လာလျှင်ပင် လူအများ၏ လျစ်လျူရှုခြင်းကို သဘာဝကျကျ ခံလိုက်ရလေသည်။
သူ့ဘဝတွင် အမုန်တီးဆုံးကလည်း လူအများ၏ အရေးလုပ်မခံရခြင်းပင်။
သူသည် အစ်ကိုဖြစ်သူ လီဟောက်အပေါ် မှီခိုနေသော်လည်း အစ်ကိုဖြစ်သူ၏ ထူးချွန်ထက်မြက်မှုကို တိတ်တဆိတ် မနာလိုဝန်တို ဖြစ်မိ၏။ မွေးမိခင်အပေါ် မှီခိုနေသော်လည်း မိခင်၏ မျက်နှာလိုက်မှုကြောင့် မကြာခဏ ဒေါသထွက်ကာ နာကြည်းမုန်းတီးမိခဲ့လေသည်။
စူးဖေး သေဆုံးသွားမှသာလျှင် မိခင်သည် မျက်နှာလိုက်တတ်သော်ငြားလည်း သူ့ကို ချစ်ခင်သေးကြောင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။ မိခင်မရှိတော့သည့်နောက်တွင် သူ ဖျားနာနေသည်ကို မည်သူကမျှ ဂရုမစိုက်ကြတော့သလို တစ်နေ့သုံးနပ် စားသောက်ခြင်း အခြေအနေကိုလည်း မေးမြန်းမည့်သူ မရှိတော့ချေ။ သူသည် အိပ်ဆောင်ထဲတွင် အနားယူနေစဉ် တော်ဝင်သမားတော်မှလွဲ၍ လူမမာမေးလာသူ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ချေ။
နောက်ဆုံးတွင် နန်းတွင်းစားပွဲတော်ပွဲသို့ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့ရသည်။
လီချန်သည် ထိုနေရာတွင် ထိုင်နေသော်လည်း စားပွဲအပြည့် ခင်းကျင်းထားသော အရသာရှိလှသည့် ဟင်းပွဲများကို တစ်ချက်လေးမျှပင် မတို့ထိခဲ့ပေ။ တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က လာရောက်၍ ခွက်ချင်းတိုက် အရက်သောက်ရန် ဖိတ်ခေါ်လျှင်လည်း သူက သောက်သုံးရန် ငြင်းဆန်နေခဲ့လေသည်။
"ဝူတိ... ဒီလောက်လူတွေအများကြီး ကြည့်နေကြတာ။ မင်း မျက်နှာကြီးကို စူပုပ်မနေစမ်းပါနဲ့" ဟု သူ့ဘေးတွင် ထိုင်နေသော စတုတ္ထမင်းသားက လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။
ထိုစကားသည် လီချန်၏ ရင်ထဲမှ ဒေါသမီးကို ချက်ချင်း တောက်လောင်သွားစေတော့သည်။
သူသည် ခေါင်းမော့လိုက်ရာ အုံ့မှိုင်းနေသော မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး ပြန်ပြောလိုက်လေသည်။ "ကျွန်တော့် မူဖေး သေသွားပြီလေ။ ဒါကို ကျွန်တော်က လူတွေကို ပြုံးပြုံးရွှင်ရွှင် ဆက်ဆံပြနေရမှာလား"
လီချန်သည် အများကြီး ပိန်ကျသွားသော်ငြားလည်း ရွယ်တူလူငယ်များနှင့် ယှဉ်လျှင် ပို၍ ဝဖြိုးနေဆဲပင်။ ထိုကျဉ်းမြောင်းသော မျက်လုံးများထဲမှ ထွက်ပေါ်လာသည့် အေးစက်သော အကြည့်များက လူကို နေရထိုင်ရ ခက်စေလေသည်။
စတုတ္ထမင်းသားနှင့် လီချန်တို့၏ ဆက်ဆံရေးမှာ သာမန်မျှသာဖြစ်ပြီး စေတနာသက်သက်ဖြင့် သတိပေးလိုက်ခြင်းသာ ဖြစ်လေသည်။ သူ၏ စေတနာကို အသိအမှတ်မပြုကြောင်း တွေ့လိုက်ရသဖြင့် စကားဆက်မပြောချင်တော့ဘဲ "ငါက သတိပေးလိုက်ရုံပါပဲ။ နားမထောင်ချင်လည်း မင်းသဘောပါပဲကွာ" ဟု ပြောဆိုကာ တစ်ဖက်သို့လှည့်ပြီး အခြားသူများနှင့် စကားပြောဆိုရန် ထွက်သွားတော့သည်။
လီချန်၏ ရင်ထဲမှ နာကြည်းမှုများသည် လည်ချောင်းဝတွင် တစ်ဆို့သွားရတော့၏။
ထိပ်ဆုံးတွင် ထိုင်နေသော လီကျင့်သည် မျက်နှာထားမပျက်ဘဲ လီချန်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လီချန်၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး အလိုလိုသိစိတ်က ခေါင်းကို အမြန်ငုံ့ထားလိုက်မိလေသည်။
သို့သော် အစမှအဆုံးတိုင်အောင် သူသည် တူကို မထိခဲ့ပေ။
နန်းတွင်းစားပွဲတော်သို့ တက်ရောက်ခွင့်ရသူများသည် အနည်းဆုံး အဆင့်(၅)အထက်ရှိသော မူးမတ်များနှင့် စစ်သူကြီးများ ဖြစ်ကြသည်။ ထို့အပြင် လီမျိုးနွယ်ဝင် ဆွေတော်မျိုးတော်များလည်း ပါဝင်ကြလေသည်။ နုံအသူ တစ်ယောက်မှ မပါကြသဖြင့် အားလုံးက ထိုအဖြစ်အပျက်ကို မျက်ဝါးထင်ထင် တွေ့လိုက်ကြသည်။
ဝန်ကြီးလော်နှင့် ချောင်ကောလောင်တို့သည် တစ်ဝိုင်းတည်း အတူထိုင်နေကြပြီး ဝန်ကြီးလော်က ချောင်ကောလောင်ကို ထိုနေရာသို့ ကြည့်ရန် မျက်စိဖြင့် အထာပြလိုက်လေသည်။ ချောင်ကောလောင်က တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ဟွန်းခနဲ ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်၏။
ကျန်ရှိသော အိမ်ရှေ့စံနန်းဆောင်မှ အရာရှိများမှာမူ ရာထူးအဆင့်အတန်း မမြင့်မားကြသဖြင့် အနည်းငယ်လှမ်းသော နေရာတွင် ထိုင်နေကြရသည်။ ကျိုးလီနှင့် ဖန်းဇီကျန်းတို့သည် တစ်နှစ်တည်း စာမေးပွဲအောင်မြင်ခဲ့သော ကျင်းရှီများဖြစ်ကြပြီး ယခုအခါ အိမ်ရှေ့စံနန်းဆောင်တွင် အတူတကွ တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်သည်။ ထို့အပြင် ဆွေမျိုးဝေး တော်စပ်ကြသဖြင့် နေ့စဉ်ရက်ဆက် ရင်းနှီးစွာ သွားလာနေကြသူများ ဖြစ်လေသည်။
ကျိုးလီက ဖန်းဇီကျန်းကို လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ပဉ္စမမင်းသားက အိမ်ရှေ့စံအရှင်မင်းသားအပေါ် မကျေမနပ် ဖြစ်နေပုံရတယ်"
ဖန်းဇီကျန်းကလည်း အသံကို နှိမ့်ချလိုက်ပြီး ပြောလိုက်၏။ "ပဉ္စမမင်းသားကို ကြောက်စရာ မလိုပါဘူး။ နောင်တစ်ချိန်မှာ ဒုက္ခဖြစ်လာမှာကိုပဲ စိုးရိမ်ရတာ"
တတိယမင်းသား လီဟောက်သည် လူကောင်းတစ်ယောက် မဟုတ်ပေ။ ယုံးကျားဧကရာဇ်က မည်သို့ တုံ့ပြန်လာမည်ကို ပြောရခက်လှသည်။
ကျိုးလီသည် ထိုစကားကို ကြားလိုက်သည်နှင့် သဘောပေါက်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ "ပြောရမယ်ဆိုရင်တော့ ထိုက်ဇီဖေးက တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်လွန်းအားကြီးပါတယ်။ စူးဖေးက မုန်းစရာကောင်းပြီး သတ်ပစ်သင့်တာ မှန်ပေမဲ့ သူကိုယ်တိုင် ဝင်မလုပ်ခဲ့သင့်ဘူး။ အခုတော့ သူများကို အတင်းပြောစရာ ဖြစ်သွားရပြီ"
ဖန်းဇီကျန်းက ကျိုးလီကို တစ်ချက်ကြည့်လိုက်ပြီး နောက်ပြောင်သော လေသံဖြင့် ပြောလိုက်လေသည်။ "အရင်တုန်းက ထိုက်ဇီဖေးရဲ့ ရှေ့မှောက်မှာတုန်းကတော့ မင်း ပြောတဲ့စကားတွေက ဒီလို မဟုတ်ပါဘူးနော်"
ထိုစဉ်အခါက ကျိုးလီသည် ထိုက်ဇီဖေးအား မိုးပေါ်တွင်မက မြေပြင်တွင်မရှိ ရှားပါးလှသူဟူ၍ အမွှမ်းတင် ချီးကျူးခဲ့ဖူးလေသည်။
ကျိုးလီက မျက်နှာပြောင်တိုက်တတ်သူ ဖြစ်သည့်အားလျော်စွာ နေရခက်ခြင်း မရှိဘဲ လျင်မြန်စွာပင် ရယ်မောလိုက်လေသည်။ "ထိုက်ဇီဖေးရဲ့ စိတ်ကို ငါက ဘယ်မှာ သွားစရဲပါ့မလဲ။ အဲဒီတုန်းကတော့ အလိုက်သင့်လေး မြှောက်ပင့်ပြောဆိုလိုက်တာပါ။ ဒီနေ့ ပြောတဲ့စကားကိုတော့ မင်း အပြင်ကို လျှောက်မပြောနဲ့ဦးနော်"
ဖန်းဇီကျန်းက ရယ်မောကာ ကျော်သွားပေးလိုက်တော့သည်။
...
ညပိုင်းသို့ ရောက်သောအခါ နန်းတော်ထဲတွင် ခမ်းနားထည်ဝါသော စားပွဲတော်ပွဲကို ဆက်လက်ကျင်းပပြန်သည်။ ဤသို့ တစ်နေ့ကုန် အလုပ်ရှုပ်ခဲ့ရသဖြင့် လုမင်ယွိကဲ့သို့ ခွန်အားဗလ ပြည့်ဝသူပင်လျှင် ခံနိုင်ရည်မရှိချင်တော့ပေ။
ရွှီအာနှင့် ရွှမ်းအာတို့သည် တစ်နေကုန် ဆော့ကစားထားကြသဖြင့် ညရောက်သည်နှင့် မတောင့်ခံနိုင်ကြတော့ဘဲ လမ်းခုလပ်မှာပင် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ အိပ်ပျော်သွားကြလေသည်။ လုမင်ယွိသည် နှစ်ခြိုက်စွာ အိပ်မောကျနေသော ကလေးနှစ်ယောက်ကို ဘယ်တစ်ဖက် ညာတစ်ဖက်ဖြင့် ပွေ့ဖက်လျက် အိမ်ရှေ့စံနန်းဆောင်သို့ ဝင်ရောက်လာခဲ့သည်။
ကလေးများကို နေရာချထားပြီးချိန်တွင် လီကျင့်လည်း ပြန်ရောက်လာပြီး သူ၏ မျက်နှာပေါ်တွင်လည်း ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
"ဒီနေ့ တစ်နေ့လုံး တော်တော်လေး ပင်ပန်းတာပဲကွာ" လီကျင့်က ရှေ့သို့ တိုးလာပြီး လုမင်ယွိ၏ ခါးလေးကို ဖက်ကာ သူမ၏ ပခုံးပေါ်တွင် ခေါင်းမှီလိုက်ရင်း အနည်းငယ် ကလေးဆန်စွာ ချွဲနွဲ့လိုက်လေသည်။
ဤသည်မှာလည်း ဇနီးမောင်နှံကြားက ကြည်နူးဖွယ်ရာ အခိုက်အတန့်လေးပင်။
လုမင်ယွိက နှုတ်ခမ်းကို ဖိကာ ပြုံးလိုက်ပြီး လီကျင့်၏ ချောမောသော မျက်နှာလေးကို လက်ဖြင့် အသာကုတ်ခြစ်လိုက်ကာ "ဒီလောက် လူကောင်ကြီးကြီးနဲ့ လာချွဲနေတယ်... မရှက်ဘူးလား"
လီကျင့်က တိုးတိုးလေး ရယ်မောလိုက်လေသည်။ "ကိုယ့်မိန်းမကို ကိုယ်ချွဲတာပဲ... သဘာဝကျပါတယ်ကွာ။ ဘယ်မှာ ရှက်စရာ လိုလို့လဲ"
သူ့ပါးစပ်မှ မှုတ်ထုတ်လိုက်သော လေပူများသည် လုမင်ယွိ၏ နားရွက်နားတွင် ဝေ့ဝဲသွားပြီး ငှက်မွေးလေးတစ်ချောင်းဖြင့် နားရွက်ကို လာရောက်ကလိနေသကဲ့သို့ပင်။
လုမင်ယွိ၏ နားရွက်နောက်ဘက်များသည် ချက်ချင်းဆိုသလို နီရဲသွားပြီး ထိုပန်းဆီရောင်လေးက ပါးပြင်ထက်သို့ ကူးစက်သွားတော့သည်။ မျက်ဝန်းအိမ်များက ရေလှိုင်းလေးများသဖွယ် တုန်ခါသွားပြီး ပြောလိုက်လေသည်။ "ရှင် ပင်ပန်းနေတယ်ဆို။ စောစောစီးစီး အနားယူလိုက်ပါတော့လား"
ထိုပင်ပန်းနွမ်းနယ်မှု အနည်းငယ်သည် ရင်ထဲမှ အချစ်မီးတောက်ကြောင့် ချက်ချင်း လွင့်ပျယ်သွားတော့၏။ လီကျင့်က သွားပေါ်အောင် ပြုံးလိုက်ပြီး လုမင်ယွိကို ပွေ့ချီကာ ကုတင်ထက်သို့ ခေါ်ဆောင်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက်တွင် တုန်ခါနေသော ခြင်ထောင်သည် ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။
နှစ်ဦးသားသည် ရင်းနှီးစွာ ပွေ့ဖက်ထားရင်း စကားစမြည် ပြောဆိုလိုက်သည်။ လုမင်ယွိက ရွှမ်းအာသည် ကျန်းအာကို တွန်းလှဲလိုက်မိသည့် အကြောင်းရင်းကို လီကျင့်အား အရင်ဆုံး ပြောပြလိုက်လေသည်။
"ရွှမ်းအာက အားသန်တယ်လေ။ ဆော့ပြီဆိုရင် အလေးအပေါ့ မဆင်ခြင်တတ်ဘူး။ ဒီနေ့ ကျန်းအာကို မြေကြီးပေါ် တွန်းလှဲလိုက်မိတယ်"
"ကျွန်မက ရွှမ်းအာကို တောင်းပန်ခိုင်းပါတယ်။ မုန့်ယွင်လော်က စကားပြောတာ အငေါ်တူးပြီး ရွဲ့စောင်းပြောနေလို့ ကျွန်မ ဒေါသထွက်လာတာနဲ့... အာဏာပြပြီး တစ်ခါလောက် ပြန်နှိပ်ကွပ်လိုက်မိတယ်"
လီကျင့်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။ "သူ့အကျင့်က မခံချင်စိတ်များပြီး ကိစ္စတိုင်းမှာ အနိုင်လိုချင်နေတာလေ။ ဒါပေမဲ့ နေရာတိုင်းမှာ မင်းကို မယှဉ်နိုင်တော့ စိတ်ထဲမှာ အမြဲတမ်း မကျေမနပ် ဖြစ်နေတာ။ အခုက အခွင့်ကောင်းယူပြီး ပေါက်ကွဲတာနေမှာပါ။ မင်း သူ့ကို ဂရုမစိုက်ဘဲ နေလိုက်တာ မှန်တယ်"
ထိုစကားသည် နားထောင်ရသည်မှာ ကျိုးကြောင်းဆီလျော်မှု မရှိသော်ငြားလည်း အလွန်ပင် ကျေနပ်အားရဖွယ် ကောင်းလှသည်။ လုမင်ယွိသည်လည်း အသံမထွက်ဘဲ ခပ်ဖွဖွ ပြုံးလိုက်မိလေသည်။
လီကျင့်က လီချန်၏ အကြောင်းကို လေသံတိုးတိုးဖြင့် ပြောပြလာသည်။
"လီချန်က စိတ်ထဲမှာ အငြိုးအတေး ထားနေပုံရတယ်။ ဒီနေ့ ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေက အဆိပ်တွေ သုတ်လိမ်းထားသလိုပဲ"
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပြောလိုက်၏။ "စူးဖေးကို သတ်တာ ကျွန်မလေ။ သူ နာကြည်းတယ်ဆိုရင် ကျွန်မဆီပဲ တည့်တည့်လာပါစေ"
"သူ ဘယ်လိုတွေးတယ်ဆိုတာ သူ့ကိစ္စပါ" လီကျင့်၏ အသံသည်လည်း တည်ငြိမ်သွားပြီး "စူးဖေးက သေသင့်လို့ သေတာပဲ။ ဖုဟွမ် ပြန်ရောက်လာရင်တောင် ကိုယ်တို့လင်မယားနှစ်ယောက် ခါးကို မတ်မတ်ထားပြီး ဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို ဖုဟွမ်ကို လျှောက်တင်လိုက်ရုံပဲ"
လုမင်ယွိက ခေါင်းမော့ကာ လီကျင့်ကို လေးလေးနက်နက် ကြည့်လိုက်လေသည်။ "စူးဖေးကို သတ်လိုက်တဲ့အတွက် ကျွန်မ နည်းနည်းလေးမှ နောင်တမရပါဘူး။ ဒါပေမဲ့ ရှင်လည်း စိတ်ကို ပြင်ဆင်ထားမှ ဖြစ်မယ်။ ဒီကိစ္စကြောင့် ဖုဟွမ်က အိမ်ရှေ့စံနန်းဆောင်အပေါ် သေချာပေါက် မကျေမနပ် ဖြစ်လာလိမ့်မယ်"
နန်းတော်ထဲတွင် ဧကရာဇ်ဟူ၍ တစ်ပါးတည်းသာ ရှိပြီး သာ့ဝေတိုင်းပြည်တွင်လည်း အိမ်ရှေ့စံတစ်ပါးသာ ရှိလေသည်။
လီကျင့်သည် အိမ်ရှေ့စံအဖြစ် တစ်ရက်တာ ရှိနေသရွေ့ ယုံးကျားဧကရာဇ်၏ ဘုန်းတန်ခိုးအောက်တွင် ခစားနေရမည်။ စူးဖေးကို ကွပ်မျက်လိုက်သည့်ကိစ္စသည် ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် ဆူးတစ်ချောင်း ဖြစ်လာမည်မှာ သေချာလှသည်။ မည်သို့ပင်ဆိုစေကာမူ စူးဖေးသည် ယုံးကျားဧကရာဇ်၏ မိန်းမဖြစ်ပြီး မင်းသားနှစ်ပါးကိုလည်း မွေးဖွားပေးခဲ့သူ ဖြစ်သည်။ မည်မျှကြီးမားသော အပြစ်ကို ကျူးလွန်ခဲ့သည်ဖြစ်စေ ယုံးကျားဧကရာဇ် ပြန်လာပြီး ကိုယ်တိုင် အပြစ်ပေးသည်ကို စောင့်ဆိုင်းသင့်ပေသည်။
သို့သော် လုမင်ယွိက ကိုယ်တိုင်ကိုယ်ကျ လက်ဝင်ကာ စူးဖေးကို ကွပ်မျက်လိုက်သည်။ ယုံးကျားဧကရာဇ်သည် သေချာပေါက် လီကျင့်အပေါ် ဒေါသပုံချပေလိမ့်မည်။
လီကျင့်က ရှေ့သို့တိုးလာပြီး လုမင်ယွိ၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်လေသည်။ "ကိုယ် စောစောပြန်မရောက်လာခဲ့လို့ အဲဒီမြွေပွေးမကို ကိုယ်တိုင် မသတ်လိုက်ရတာကိုပဲ နောင်တရမိတယ်"
"အခုဆိုရင် ကိုယ့်ရဲ့ အင်အားတွေလည်း တောင့်တင်းခိုင်မာနေပြီ။ ဖုဟွမ်က မကျေနပ်ရင်တောင်မှ ကိုယ့်ကို အိမ်ရှေ့စံအရာကနေ ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး"
...
အပိုင်း (၄၃၇) မြို့တော်သို့ ပြန်လာခြင်း (၁)
နွေဦးကာလ ၃လပိုင်းတွင် ပန်းများ ဖူးပွင့်ဝေဆာ၍ မြက်ခင်းများ စိမ်းလန်းစိုပြေနေကာ ငှက်ကလေးများ၏ တေးသီသံများ ပျံ့လွင့်နေပြီး နွေဦး၏ အငွေ့အသက်များ လွှမ်းခြုံနေလေသည်။
ကောင်းကင်ဘုံသားတော်သည် စစ်ပွဲမှ အနိုင်ရရှိပြီး မြို့တော်သို့ ပြန်လည်ရောက်ရှိလာလေသည်။
စစ်သည်အင်အား တစ်သိန်းကျော်သည် ခရီးရှည် ချီတက်လာခဲ့ကြပြီးနောက် မြို့တံခါးအပြင်ဘက်တွင် တစ်ညတာ အနားယူခဲ့ကြသည်။ ယနေ့မနက်စောစောတွင် ပြောင်လက်နေအောင် တိုက်ချွတ်ထားသော သံချပ်ကာများကို ဝတ်ဆင်ကာ မြင်းကောင်းများကို စီးနင်းထားကြလေသည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် မည်းမှောင်နေသော လူအုပ်ကြီးကို တွေ့ရပြီး မွန်းကြပ်ပြီး ကျောချမ်းဖွယ်ရာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ယုံးကျားဧကရာဇ်သည်လည်း သံချပ်ကာကို ဝတ်ဆင်ထားပြီး မြင်းကောင်းတစ်ကောင်ကို စီးနင်းထားလေသည်။ သူ့နောက်တွင် မြင်းစီးကာ လိုက်ပါလာသော ပထမမင်းသားနှင့် တတိယမင်းသားတို့ ရှိနေကြသည်။ ရှင်းယန်ဝမ်၊ ကွမ်းပင်းနယ်စားနှင့် ဖူယန်မြို့စား အစရှိသူတို့သည်လည်း အနောက်မှ ကပ်၍ လိုက်ပါလာကြလေသည်။
အိမ်ရှေ့စံလီကျင့်သည် အရပ်ဘက်စစ်ဘက် မူးမတ်ရာချီကို ဦးဆောင်ကာ မြို့ပြင်သို့ ထွက်၍ ကြိုဆိုလေသည်။
"သားတော် မူးမတ်အရာရှိတွေကို ဦးဆောင်ပြီး ဖုဟွမ် စစ်ပွဲအောင်နိုင်ပြီး ပြန်လာတာကို လာရောက်ကြိုဆိုပါတယ်" လီကျင့်သည် ခါးကိုကိုင်းကာ အရိုအသေပြုရင်း ပြောလိုက်လေသည်။
အရပ်ဘက်စစ်ဘက် မူးမတ်အရာရှိအပေါင်းသည် တပြိုင်နက် လက်ကိုယှက်ကာ အရိုအသေပြုလိုက်ကြပြီး ကျယ်လောင်သောအသံဖြင့် နှုတ်ဆက်လိုက်ကြသည်။ "အရှင်မင်းကြီး စစ်ပွဲအောင်နိုင်ပြီး မြို့တော်သို့ ပြန်လာတာကို ကြိုဆိုပါတယ်"
ယုံးကျားဧကရာဇ်သည် တိုင်းတပါးသို့ စစ်ထွက်ခဲ့သည်မှာ ၂နှစ် ရှိပြီဖြစ်၍ အသားများ မည်းညစ်လာပြီး လူလည်း ပိန်သွားလေသည်။ မုတ်ဆိတ်မွှေးများ ရှည်လျားနေပြီး မျက်လုံးများမှာ တောက်ပနေကာ ဧကရာဇ်မင်းမြတ်၏ အရှိန်အဝါသည် ယခင်ကထက် ပိုမိုကြီးမားလာလေသည်။
"ထိုက်ဇီ ထပါ။ ချစ်ရတဲ့မင်းသားတို့ အားလုံးလည်း ထကြပါ" ယုံးကျားဧကရာဇ်၏ အကြည့်သည် လျှပ်စီးကဲ့သို့ စူးရှနေပြီး လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်လေသည်။ ထိုစူးရှသော မျက်လုံးအစုံဖြင့် အကြည့်ခံလိုက်ရသဖြင့် လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြလေသည်။
လီကျင့်က ပထမမင်းသားနှင့် တတိယမင်းသားကို ပြုံးရယ်ကာ လက်နှစ်ဖက်ကိုယှက်ကာ နှုတ်ဆက်ပြီး ပြောလိုက်လေသည်။ "အစ်ကိုကြီးနဲ့ စန်းတိတို့ ဖုဟွမ်နဲ့အတူတူ စစ်ထွက်ရတာ ပင်ပန်းသွားကြပြီ"
ပထမမင်းသားနှင့် တတိယမင်းသားတို့သည် တပြိုင်နက် လက်နှစ်ဖက်ယှက်ကာ ပြန်လည်နှုတ်ဆက်လိုက်ကြပြီး အချင်းချင်း လျင်မြန်စွာ အကဲခတ်လိုက်ကြလေသည်။
၂နှစ်တာ စစ်ပွဲကာလသည် လူတိုင်း၏ မျက်နှာပေါ်တွင် ဖျောက်ဖျက်၍မရသော အမှတ်အသားများကို ချန်ထားရစ်ခဲ့သည်။ ထိုက်ဇီလီကျင့်သည် နိုင်ငံ၏ အိမ်ရှေ့စံတစ်ပါးပီပီ တည်ငြိမ်သော အရှိန်အဝါရှိပြီး ယခင်ကထက်ပင် ပို၍ တောက်ပနေလေသည်။ ခြေထောက်တွင် ဒဏ်ရာရထားသော ပထမမင်းသားမှာမူ အတော်လေး ပိန်သွားပြီး မျက်နှာတွင် ညို့မှိုင်းသော အရိပ်အယောင်များ ရှိနေလေသည်။
အပြောင်းအလဲ အကြီးမားဆုံးမှာတော့ တတိယမင်းသား လီဟောက်ပင်။
အသက်(၂၀)အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော လီဟောက်သည် ခန္ဓာကိုယ် ထွားကျိုင်းသန်မာလာပြီး မျက်လုံးများက တည်ကြည်ပြတ်သားနေကာ ဓားအိမ်မှ ကျွတ်ထွက်လာသော ဓားတစ်လက်ကဲ့သို့ စူးရှထက်မြက်နေလေသည်။
လီကျင့်နှင့် လီဟောက်တို့၏ အကြည့်များသည် လေထဲတွင် ဆုံတွေ့သွားကြပြီး ခဏတာအတွင်း မိုးကြိုးပစ်ကာ လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားလေသည်။ မကြာမီတွင်ပင် သူတို့သည် ဘာမှမဖြစ်ခဲ့သလို ကိုယ်စီ အကြည့်လွှဲလိုက်ကြလေသည်။
ပထမမင်းသားသည် ထိုမြင်ကွင်းကို အကုန်အစင် မြင်တွေ့လိုက်ရပြီး ရင်ထဲတွင် ပိုဒေါသထွက်ကာ နာကြည်းမိလေသည်။
ထိုက်ဇီနှင့် တတိယမင်းသားတို့သည် တစ်ယောက်ကိုတစ်ယောက် အကြီးမားဆုံး ပြိုင်ဘက်ဟု သဘောထားကြပြီး သူကဲ့သို့ အစ်ကိုကြီးကို မည်သူကမျှ မျက်လုံးထဲပင် မထည့်ကြပေ။
စတုတ္ထမင်းသားက အနားသို့ တိုးကပ်လာပြီး ရင်းရင်းနှီးနှီးဖြင့် ပြောလိုက်လေသည်။ "သာ့ကော... သကော့နဲ့ မတွေ့ရတာ ၂နှစ်တောင် ရှိပြီပဲ။ ကျွန်တော် စိတ်ထဲမှာ သာ့ကောကို အမြဲ သတိရနေတာ"
ပထမမင်းသားက စိတ်အားထက်သန်နေသော စတုတ္ထမင်းသားကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး မလိုလားသောလေသံဖြင့် ပြန်ပြောလိုက်လေသည်။ "စစ်တိ သတိရပေးတာ ကျေးဇူးပါပဲ"
ဟွန်း... ထိုက်ဇီ ဒဏ်ရာရတုန်းကတော့ ထိုက်ဇီကို ပြုစုဖို့ စစ်တပ်ထဲကို တကူးတက ပြေးသွားခဲ့သေးတာ။ ပြီးတော့ ထိုက်ဇီနဲ့အတူတူ မြို့တော်ကို ပြန်ပြီး ကယ်ဆယ်ရေး လာလုပ်တယ်။ အစကနေ အဆုံးထိ ဒဏ်ရာရနေတဲ့ သူ့လို အစ်ကိုကြီးကို လာကြည့်ဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး။
သောက်သုံးမကျတဲ့ ညီအစ်ကို သံယောဇဉ်ပဲ။
ပထမမင်းသားက မျက်နှာထားတင်းတင်းဖြင့် ဆက်ဆံလိုက်သဖြင့် စတုတ္ထမင်းသားသည်လည်း သူများ၏ တင်ပါးကို မျက်နှာအပူခံပြီး ကပ်မနေချင်တော့ဘဲ ပါးစပ်ပိတ်သွားတော့သည်။
ယုံးကျားဧကရာဇ်၏ အကြည့်သည် လူတိုင်း၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားပြီး "အားလုံး ကျန်းနဲ့အတူ မြို့ထဲ ဝင်ကြစို့" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
လူအများက တပြိုင်နက် ပြန်လည်ဖြေကြားလိုက်ကြပြီး ဘေးသို့ ဖယ်ပေးလိုက်ကြလေသည်။ ယုံးကျားဧကရာဇ်သည် မြင်းဇက်ကြိုးကို ဆွဲကာ ရှေ့ဆုံးမှ မြို့တံခါးထဲသို့ ဝင်ရောက်သွားလေသည်။ မြို့တံခါးစောင့်နေသော စစ်သည်များသည် အစောကြီးကတည်းက ဒူးထောက်ထားကြပြီး ဖြစ်သည်။ မရေမတွက်နိုင်သော ပြည်သူများသည် ခေါင်းပြူကြည့်ရန် တိုးဝှေ့နေကြသော်လည်း ဘေးနှစ်ဖက်ရှိ စစ်သည်များက တားဆီးထားကြလေသည်။ မည်သူက စတင်အော်ဟစ်လိုက်သည် မသိ၊ "အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ" ဟူသော အသံထွက်ပေါ်လာပြီးနောက် လူတိုင်းက လိုက်ပါအော်ဟစ်ကြလေသည်။
အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ...
ထိုအော်ဟစ်သံများသည် မိုးကောင်းကင်ထက်သို့ ထိုးဖောက်သွားလေသည်။
မြင်းကောင်းကို စီးနင်းထားသော ယုံးကျားဧကရာဇ်သည် နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။
ဘဝတစ်ဝက်ကို စစ်မြေပြင်တွင် ကုန်ဆုံးခဲ့ရပြီး မင်းဆက်သစ်ကို တည်ထောင်နိုင်ခဲ့သည်။ ယန်ပြည်နှင့် ချူပြည်ကို တိုက်ခိုက်သိမ်းပိုက်ကာ ပြည်မကြီးတစ်ခုလုံးကို စည်းလုံးညီညွတ်စေခဲ့ပြီး ကြီးမားသော အောင်မြင်မှုများကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒီအချိန်တွင်တော့ သူသည် ချီးကျူးဂုဏ်ပြုမှု အားလုံးနှင့် ထိုက်တန်ပေသည်။
...
အနောက်နန်းဆောင်တွင်လည်း ထိုနည်းတူပင် ဆူညံပွက်လောရိုက်နေလေသည်။
ယုံးကျားဧကရာဇ်သည် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ။
လူတိုင်းသည် ရှို့နင်နန်းဆောင်တွင် စုဝေးရောက်ရှိနေကြပြီး မယ်တော်ကြီးကျောက်၏ ဘေးတွင် ဝိုင်းရံကာ ပြုံးရွှင်သော မျက်နှာများဖြင့် မြှောက်ပင့်စကားများ မရပ်မနား ပြောဆိုနေကြလေသည်။ မယ်တော်ကြီးကျောက်၏ ရယ်သံသည် အကျယ်လောင်ဆုံး ဖြစ်လေသည်။
သူမ၏ ဆွေမျိုးအသိုင်းအဝိုင်းက အကောင်းဆုံး မဟုတ်သလို သူမကိုယ်တိုင်ကလည်း ထက်မြက်သူတစ်ယောက် မဟုတ်ပေ။ သို့သော် သူမသည် သားကောင်းတစ်ယောက်ကို မွေးဖွားပေးခဲ့ပြီး ဂုဏ်ရှိန်ကြီးမားသော သာ့ဝေတိုင်းပြည်၏ မယ်တော်ကြီး ဖြစ်လာခဲ့သည်။ မိခင်တစ်ယောက်အနေဖြင့် ကိုယ့်သားကို အားကိုးရခြင်းသည် ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စပင်။
"အရှင်မင်းကြီးက ဘယ်အချိန် နန်းတော်ထဲ ဝင်လာမှာလဲ" တစ်နာရီမျှသော အချိန်တိုအတွင်းတွင် မယ်တော်ကြီးကျောက်သည် (၈)ကြိမ်မြောက် မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
ကြည်လင်ဝင်းပနေသော ချောင်မိဖုရားခေါင်က ပြုံးကာ "ထိုက်ဇီက မူးမတ်ရာချီကို ဦးဆောင်ပြီး အရှင်မင်းကြီးကို သွားကြိုတာပါ။ အချိန်ကို တွက်ကြည့်မယ်ဆိုရင် မွန်းမတည့်ခင် နန်းတော်တံခါးကို ဝင်လာလောက်ပါပြီ။ မူဟုပ် စိတ်မပူပါနဲ့။ ဒီနေ့ အရှင်မင်းကြီးကို တွေ့ရမှာပါ" ဟု ပြန်ပြောလိုက်လေသည်။
"အိုက်ကျားက ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ" မယ်တော်ကြီးကျောက်က ပြုံးရင်း သက်ပြင်းချကာ ပြောလေသည်။ "အရှင်မင်းကြီး ထွက်သွားတာ ၂နှစ်ကျော်တောင် ရှိနေပြီ။ အိုက်ကျားက နေ့တိုင်း သတိရနေပြီး တစ်ခုခု ဖြစ်မှာစိုးလို့ စိတ်ပူနေခဲ့ရတာ။ အခုတော့ အဆင်ပြေသွားပါပြီ။ အရှင်မင်းကြီး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီဆိုတော့ အိုက်ကျားက အရှင်မင်းကြီးကို ချက်ချင်းပဲ တွေ့ချင်နေမိပြီ"
ချင်ဖေးက ပြုံးကာ စကားဝင်ထောက်လိုက်လေသည်။ "အရှင်မင်းကြီး နန်းတော်ကို ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်မယ့် အလုပ်က မယ်တော်ကြီးကို လာပြီး ဂါရဝပြုမှာ သေချာပါတယ်။ မယ်တော်ကြီးက စိတ်အေးအေးထားပြီး အရှင်မင်းကြီးကို စောင့်နေလိုက်ပါ"
ခရီးဝေးထွက်ပြီး စစ်တိုက်ရာမှ ပြန်လာသော သားဖြစ်သူသည် ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်ရမည့်အလုပ်မှာ မိခင်ကို လာတွေ့ခြင်း မဟုတ်ပါလား။
ထို့ကြောင့် နန်းတော်ထဲရှိ လူအကုန် ရှို့နင်နန်းဆောင်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ သို့မှသာ အရှင်မင်းကြီးကို စောစီးစွာ မြင်တွေ့ခွင့် ရနိုင်မည် ဖြစ်လေသည်။
မုန့်ဖေးမှာ စကားပြောရန် စိတ်မပါဘဲ အပြင်ဘက်သို့သာ မကြာခဏ လှမ်းမျှော်ကြည့်နေလေသည်။ နောက်တစ်ခဏတွင် ယုံးကျားဧကရာဇ်နှင့် ပထမမင်းသားတို့ သားအဖနှစ်ယောက် တံခါးဝ၌ ပေါ်လာတော့မယောင်ပင်။
ဝမ်ကျဲယွီသည် ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ကိုယ်တိုင် စတင်စကားပြောလေ့ မရှိပေ။ သူမသည် သမီးတော်လေးကို ပွေ့ဖက်ထားပြီး သမီးလေး၏ နူးညံ့သော ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးနေလေသည်။
သမီးလေး မွေးဖွားပြီးကတည်းက ဖခင်အရင်းကို တစ်ခါမျှ မမြင်ဖူးသေးပေ။
အရှင်မင်းကြီး ပြန်ရောက်လာပြီးနောက် သူမ မွေးဖွားထားသော ဖျင်အန်းလေးကို မြင်မြင်ချင်း ချစ်ခင်နှစ်သက်ပါစေဟုသာ ဆုတောင်းနေမိလေသည်။
မင်းသားကြင်ရာတော်များသည်လည်း ယနေ့ နန်းတော်ထဲသို့ ရောက်ရှိနေကြသည်။ လုမင်ယွိနှင့် ကျောက်ယွီတို့သည် အတည်ငြိမ်ဆုံး ဖြစ်ပြီး ပထမမင်းသား ကြင်ရာတော်နှင့် မုန့်ယွင်လော်တို့ကတော့ အလွန်အမင်း စိတ်လှုပ်ရှားနေကြလေသည်။ လင်မယားချင်း ခွဲခွာခဲ့ရသည်မှာ ၂နှစ်ကျော် ရှိပြီဖြစ်ရာ မည်သူက စိတ်ထဲတွင် သတိမရဘဲ လွမ်းဆွတ်မနေဘဲ ရှိပါမည်နည်း။
စောင့်ဆိုင်းရသည့် အရသာသည် ခံစားရ အခက်ခဲဆုံးပင်။
သာမန်ရက်များဆိုလျှင် နေ့တစ်ဝက်အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတတ်သည်။ ယနေ့တွင်တော့ အချိန်ကုန်လွန်သည်မှာ အလွန် နှေးကွေးနေသကဲ့သို့ပင်။
ကလေးများသည် မူလက မိခင်ရင်ခွင်ထဲတွင် ရှိနေကြသော်လည်း ခဏကြာသောအခါ မနေနိုင်ကြတော့ဘဲ အတူတူ ဆူညံစွာ ဆော့ကစားကြတော့သည်။ မုန့်ယွင်လော်သည် ကျန်းအာကို သွားမဆော့စေချင်သဖြင့် ကျန်းအာကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်ထားလေသည်။
ကျန်းအာသည် ဝမ်းကွဲမောင်နှမများ ဆော့ကစားနေသည်ကို မျှော်လင့်တကြီး ကြည့်နေပြီး စိတ်က ထိုနေရာသို့ ရောက်နှင့်နေလေပြီ။ သူမသည် မိခင်၏ လက်မောင်းကို မရပ်မနား လှုပ်ခါပြီး "သမီးလည်း သွားဆော့ချင်တယ်" ဟု သနားစရာမျက်နှာလေးဖြင့် တောင်းဆိုလိုက်လေသည်။
မုန့်ယွင်လော်သည် မျက်မှောင်ကြုတ်လိုက်ပြီး "နင့်အားက သူများလောက် မရှိဘူး။ ဟိုရောက်လို့ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ။ သွားမဆော့ရဘူး" ဟု လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
ကျန်းအာသည် လက်မခံဘဲ နှုတ်ခမ်းစူကာ ငိုရန် ပြင်လိုက်လေသည်။
ကျောက်ယွီသည် ကြည့်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။ "ကလေးတွေ အတူတူ ဆော့ချင်နေတာပဲ။ ကျန်းအာကို သွားခွင့်ပြုလိုက်ပါတော့။ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ ကိစ္စသေးသေးလေးကို မှတ်ထားတုန်းလား။ ရှင့်ရဲ့ စိတ်သဘောထားက တကယ်ပဲ အပ်ဖျားလောက်ပဲ ရှိတာပဲ"
ရွှမ်းအာ တွန်းတာ တစ်ခါလောက် ခံလိုက်ရတာလေးပဲမလား။ ကလေးတွေ ရန်ဖြစ်လိုက် ကစားလိုက်နဲ့ ခဏနေရင် ပြန်တည့်သွားကြတာပဲ။ လူကြီးတွေကသာ အငြိုးအတေး ထားနေကြတာ ရယ်စရာ ကောင်းလိုက်တာ။
မုန့်ယွင်လော်သည် မျက်နှာပျက်သွားပြီး ကျောက်ယွီကို မျက်စောင်းထိုးလိုက်လေသည်။
ကျောက်ယွီက သူမကို မကြောက်ပေ။ ကျန်းအာကို လက်ယပ်ခေါ်လိုက်ပြီး ပြောလိုက်လေသည်။ "ကျန်းအာ လာခဲ့။ စတုတ္ထဒေါ်လေး ခေါ်သွားပေးမယ်"
ကျန်းအာသည် အလွန်ပျော်ရွှင်သွားပြီး မိခင်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ စတုတ္ထအဒေါ်၏ ရင်ခွင်ထဲသို့ အမြန်ပြေးဝင်သွားလေသည်။ ကျောက်ယွီကလည်း ပြုံးရွှင်စွာဖြင့် ကျန်းအာကို ပွေ့ဖက်ပြီး သွားကစားလေသည်။
မုန့်ယွင်လော်သည် ကလေးကို ပြန်ခေါ်လို့ မရတော့သဖြင့် ဒေါသထွက်ကာ "ဟွန်း" ခနဲ အသံပြုလိုက်ပြန်သည်။
လုမင်ယွိက သူမဘက်သို့ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
မုန့်ယွင်လော်သည် ချက်ချင်း မျက်နှာထားတင်းလိုက်ပြီး တစ်ဖက်သို့ လှည့်သွားလေသည်။
လုမင်ယွိသည်လည်း သူမကို ဂရုစိုက်မနေချင်တော့ဘဲ ပထမမင်းသား ကြင်ရာတော်ဘက်သို့ လှည့်ကာ စကားပြောလိုက်လေသည်။
နောက်ထပ် နှစ်နာရီကျော်ခန့် စောင့်ဆိုင်းပြီးနောက်တွင် အတွင်းနန်းဆောင်ကုန်းကုန်းတစ်ယောက် အလျင်အမြန် ဝင်ရောက်လာပြီး သတင်းပို့လေသည်။ "မယ်တော်ကြီးကို လျှောက်တင်ပါတယ်... အရှင်မင်းကြီးက မင်းသားတွေနဲ့အတူ နန်းတော်တံခါးကို ဝင်လာပြီး ရှို့နင်နန်းဆောင်ဘက်ကို လာနေပါပြီ"
အားလုံးမှာ အလွန် ဝမ်းသာသွားကြလေသည်။
မယ်တော်ကြီးကျောက်သည် ရုတ်တရက် ထရပ်လိုက်ပြီး အပြင်သို့ လျင်မြန်စွာ လျှောက်သွားလေရာ ချောင်မိဖုရားခေါင်ပင် နောက်မှ မမီချင်တော့ပေ။ မိဖုရားများနှင့် မင်းသားကြင်ရာတော်များ အားလုံးလည်း ထရပ်ကြပြီး ကြိုဆိုရန် အပြင်သို့ ထွက်လာကြလေတော့သည်။
...
အပိုင်း (၄၃၈) မြို့တော်သို့ ပြန်လာခြင်း (၂)
မယ်တော်ကြီးကျောက်သည် ရှို့နင်နန်းဆောင်ထဲမှ လျင်မြန်စွာ ထွက်လာပြီး ရှေ့သို့ တိုးထွက်ကာ ကြိုဆိုလေသည်။
ယုံးကျားဧကရာဇ်၏ အရိပ်ကို မြင်လိုက်ရသည်နှင့် မယ်တော်ကြီးကျောက်၏ မျက်လုံးများသည် နီရဲလာပြီး မျက်ရည်များ စီးကျလာတော့သည်။ သူမ၏ မျက်လုံးထဲတွင် အခြားမည်သူ့ကိုမျှ မမြင်တော့ဘဲ ယုံးကျားဧကရာဇ်၏ ရှေ့သို့ တည့်တည့်ပြေးဝင်သွားပြီး သားဖြစ်သူကို ပွေ့ဖက်ထားလိုက်တော့သည်။ "နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပေါ့"
ကြာမြင့်စွာ ခွဲခွာပြီးမှ ပြန်လည်ဆုံတွေ့ရသော ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားမှုများ ပြင်းထန်နေသဖြင့် နန်းတွင်းစည်းမျဉ်းများကိုပင် ဂရုမစိုက်နိုင်တော့ပေ။
ယုံးကျားဧကရာဇ်သည် လက်ဆန့်ကာ မယ်တော်ကြီးကျောက်ကို ပွေ့ဖက်လိုက်ရာ မိခင်၏ ခေါင်းပေါ်မှ ဆံပင်ဖြူများကို မြင်လိုက်ရသဖြင့် နှာဖျားဝတွင် မွှန်သွားတော့သည်။ "သားတော်က သားဆိုးသားမိုက်ပါ။ မယ်တော်ကြီးကို နေ့တိုင်း စိတ်ပူပင်စေပြီး ဆံပင်တွေတောင် ဖြူကုန်ပြီ"
မယ်တော်ကြီးကျောက်သည် စကားမပြောနိုင်တော့ဘဲ သားဖြစ်သူကို ပွေ့ဖက်ကာ အော်ဟစ်ငိုကြွေးတော့သည်။
မုန့်ဖေးနှင့် ချင်ဖေးတို့ မဆိုထားနှင့် ချောင်မိဖုရားခေါင်ပင်လျှင် အနားသို့ တိုးမကပ်နိုင်ဘဲ ကြာမြင့်စွာ ခွဲခွာနေရသည့် ခင်ပွန်းသည်ကို တိတ်ဆိတ်စွာ ကြည့်နေရုံသာ တတ်နိုင်လေသည်။
ပထမမင်းသား ကြင်ရာတော်သည် ပထမမင်းသား၏ ရှေ့သို့ ရောက်သွားပြီး အသံထွက်အောင် မငိုနိုင်သေးခင်မှာပင် ပထမမင်းသား၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ လင်မယားနှစ်ယောက်သည် အတွေးပေါင်းစုံဖြင့် ဝမ်းနည်းပက်လက် ဖက်ကာ ငိုကြွေးကြလေသည်။
မုန့်ယွင်လော်ကတော့ မျက်နှာတစ်ခုလုံး မျက်ရည်များ ပေကျံနေပြီး တတိယမင်းသား လီဟောက်၏ ရှေ့သို့ ပြေးဝင်သွားလေသည်။
သူမသည် ခင်ပွန်းသည်၏ ရင်ခွင်ထဲသို့ ဝင်ရောက်ရန် ကြံရွယ်ထားသော်လည်း လီဟောက်က သူမကို ပွေ့ဖက်ပြီး ငိုကြွေးလိုစိတ် မရှိသည့်အပြင် မျက်နှာတွင် စိတ်လှုပ်ရှား လွမ်းဆွတ်သော အရိပ်အယောင်လည်း မတွေ့ရပေ။ အလွန် တည်ငြိမ်အေးဆေးနေလေသည်။ "ဒီ(၂)နှစ်ကျော်အတွင်းမှာ ငါက မြို့တော်နဲ့ဝေးရာကို စစ်ထွက်နေရပြီး မင်း ကလေးမွေးတာတောင် ငါက ဘေးမှာ မရှိနိုင်ခဲ့ဘူး။ မူဖေးနဲ့ ဝူတိကိုပါ ဂရုစိုက်ပေးရလို့ မင်း ပင်ပန်းသွားပါပြီ"
ရေခဲရေတစ်ပုံးနှင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
မုန့်ယွင်လော်သည် မယုံကြည်နိုင်စွာဖြင့် လီဟောက်ကို ကြည့်လိုက်မိ၏။ ငိုကြွေးနေသော သူမနှင့် ယှဉ်လိုက်လျှင် သူ၏ တည်ငြိမ်အေးဆေးမှုသည် သူမကို အရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားစေတော့သည်။
သူက သူမကို နည်းနည်းလေးတောင် မလွမ်းဘူးတဲ့လား။
ဒီအချိန်မှာ သူက ဘယ်လိုလုပ် ဒီလောက် အေးဆေးတည်ငြိမ်နေနိုင်ရတာလဲ။
သူ၏ အကြည့်သည် ဇနီးသည်ဖြစ်သော သူမကို ကျော်လွန်သွားပြီး သူမ၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ထိုအကြည့်တစ်ချက်ကြောင့် မုန့်ယွင်လော်၏ နှလုံးသားသည် ချောက်ကမ်းပါးထဲ ပြုတ်ကျသွားသယောင်ပင်။
သူမ၏ အနောက်တွင် ရှိနေသူမှာ လုမင်ယွိ ဖြစ်လေသည်။
သူမ၏ ခင်ပွန်းသည် (၂)နှစ်ကျော်ကြာ ခရီးထွက်ပြီး ပြန်လာသည့်အခါ ရင်ထဲတွင် အသတိရဆုံးလူမှာ သူမ မဟုတ်သလို သမီးလေးလည်း မဟုတ်ဘဲ လုမင်ယွိ ဖြစ်နေလေသည်။
မကြုံစဖူး မနာလိုဝန်တိုမှုများနှင့် မုန်းတီးမှုများသည် မုန့်ယွင်လော်၏ ရင်ထဲတွင် တောက်လောင်လာလေသည်။ မကြာမီတွင် ထိုမီးတောက်များသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
လီဟောက်... လုမင်ယွိက ရှင့်ရဲ့ မွေးမိခင်ကို ကိုယ်တိုင် သတ်လိုက်တယ်ဆိုတာ သိရင် ရှင် သူ့ကို ဒီလို ကြည့်နိုင်ပါဦးမလား။
အဲဒီအချိန်ကို ကျွန်မ စောင့်နေမယ်။ ရှင် နှလုံးသားကွဲကြေပြီး ဒေါသထွက်ကာ အချစ်ကနေ အမုန်းကို ပြောင်းလဲသွားမယ့်အချိန်ကို ကျွန်မ စောင့်ကြည့်နေလိုက်ဦးမယ်။
လုမင်ယွိသည် ထိုအချိန်မှာပင် မျက်လုံးကို ပင့်ကြည့်လိုက်ရာ လီဟောက်နှင့် အကြည့်ချင်း တိုက်ဆိုင်သွားလေသည်။
(၂)နှစ်ကျော်ကြာ စစ်မြေပြင်တွင် ကျင်လည်ခဲ့ခြင်းက လီဟောက်ကို သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားစေပြီး မျက်လုံးအိမ်နက်များသည် နက်ရှိုင်းလှသည့် ရေကန်နှယ် ဖြစ်နေလေသည်။ သူမ၏ မှတ်ဉာဏ်ထဲရှိ သာ့ဝေတိုင်းပြည်၏ ထိုက်ဇီ ဖြစ်လာပြီးနောက် နဂါးပလ္လင်ပေါ်သို့ တက်ကာ အာဏာကို ချုပ်ကိုင်ခဲ့သော အမျိုးသားနှင့် တစ်ထပ်တည်း ကျနေလေသည်။
စူးဖေးသည် သူမ၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း လီဟောက် မကြာမီ သိရှိရတော့မည်။
ထိုအချိန်ကျလျှင် လီဟောက်သည် မည်မျှ ဒေါသထွက်ပြီး မည်မျှ နာကျင်ခံစားရမည်နည်း။
ထိုမြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် လုမင်ယွိသည် သွေးများ ဆူပွက်လာပြီး အလွန် ကျေနပ်အားရသလို ခံစားလိုက်ရသည်။ သူမသည် မထိန်းနိုင်ဘဲ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး တောက်ပသော အပြုံးတစ်ခုသည် သူမ၏နှုတ်ခမ်းပါးပေါ်တွင် ပွင့်လန်းလာခဲ့လေသည်။
လီဟောက်သည် ထိုအပြုံးကို အမိအရ တွေ့မြင်လိုက်ရပြီး နှလုံးခုန်သံများ မြန်ဆန်သွားရသည်။
ထို့နောက် လီကျင့်က ပြုံးရွှင်စွာ ရှေ့သို့ တိုးလာပြီး လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ လီဟောက်၏ အမြင်အာရုံကို သဘာဝကျကျ ပိတ်ပင်လိုက်လေသည်။ "ကလေးတွေရော"
ဆူညံနေသော ငိုကြွေးသံများကြားတွင် လုမင်ယွိ၏ တိုးတိုးညှင်းညှင်း ရယ်သံလေးသည် ထူးခြားစွာ ကြည်လင်ပြတ်သားနေလေသည်။ "အားလုံး ရှို့နင်နန်းဆောင်ထဲမှာ ဆော့နေကြတယ်"
လီကျင့်က လေသံတိုးတိုးဖြင့် ရယ်မောလိုက်လေသည်။ "ကိုယ် မယ်တော်ကြီးနဲ့ ဖုဟွမ်ကို သွားခေါ်လိုက်ဦးမယ်။ ငိုချင်ရင်လည်း ရှို့နင်နန်းဆောင်ထဲ ရောက်မှ ငိုကြလို့ ပြောရမယ်"
လုမင်ယွိက ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
လီကျင့်က လှည့်လိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်လေသည်။ "မယ်တော်ကြီး မငိုပါနဲ့တော့။ ဖုဟွမ်က စစ်နိုင်ပြီး ပြန်လာတာလေ။ တစ်တိုင်းပြည်လုံး ဝမ်းသာရမယ့် ကိစ္စကြီးပါ။ ရှို့နင်နန်းဆောင်ထဲ အရင် ဝင်ကြရအောင်လေ"
မယ်တော်ကြီးကျောက်သည် အားရပါးရ ငိုကြွေးနေသဖြင့် ချက်ချင်း ရပ်တန့်၍ မရနိုင်သေးပေ။ သို့သော် လီကျင့်၏ စကားကို နားထောင်ပြီး ငိုရင်းနှင့်ပင် ယုံးကျားဧကရာဇ်ကို ဆွဲကာ ရှို့နင်နန်းဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
...
ရှို့နင်နန်းဆောင်ထဲသို့ ရောက်သောအခါ ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်ကို ဇမဏီသလွန်ပေါ်သို့ တွဲတင်ပေးပြီးနောက် ဒူးထောက်ကာ ဦးသုံးကြိမ်ချကာ ကန်တော့လိုက်လေသည်။
မယ်တော်ကြီးကျောက်သည် ငိုလွန်းသဖြင့် အသံများ အက်ကွဲနေလေသည်။ "ဦးမချပါနဲ့တော့။ မြန်မြန်ထပြီး ထိုင်မှ စကားပြောကြတာပေါ့"
ယုံးကျားဧကရာဇ်သည် ထလာပြီးနောက် မယ်တော်ကြီးကျောက်၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
မယ်တော်ကြီးကျောက်သည် လက်ကိုင်ပဝါဖြင့် မျက်ရည်များကို သုတ်ကာ ယုံးကျားဧကရာဇ်ကို အကဲခတ်ကြည့်လိုက်ရာ သေချာကြည့်မိမှ နောက်တစ်ကြိမ် ငိုကြွေးပြန်တော့သည်။ "ကြည့်ပါဦး... မင်း ဘယ်လိုဖြစ်လို့ ဒီလောက် မည်းပြီး ပိန်သွားရတာလဲ"
ယုံးကျားဧကရာဇ်သည် စိတ်ငြိမ်သွားပြီဖြစ်၍ မယ်တော်ကြီးကျောက်ကို ပြုံးရယ်ကာ နှစ်သိမ့်ပေးလိုက်လေသည်။ "အဝေးရောက်နေတုန်းက တစ်နေ့ကုန် စစ်တပ်ထဲမှာပဲ နေရတာလေ။ စစ်ချီရင်ချီ မဟုတ်ရင် စစ်တိုက်နဲ့ အနားရတယ်လို့ကို မရှိပါဘူး။ နေပူဒဏ် လေဒဏ် ခံရတာလည်း ပုံမှန်ကိစ္စပါပဲ။ မည်းပြီး ပိန်သွားတာက မဆန်းပါဘူး"
အပြင်ထွက် စစ်တိုက်ရသည်မှာ နန်းတော်ထဲတွင် စည်းစိမ်ခံစားရသော ဘဝနှင့် မည်သို့ နှိုင်းယှဉ်၍ ရပါမည်နည်း။
မယ်တော်ကြီးကျောက်သည် ခဏလောက် ငိုကြွေးပြီးနောက် ပထမမင်းသားနှင့် တတိယမင်းသားတို့ကို လှမ်းကြည့်လိုက်လေသည်။ "ပထမမင်းသားလည်း ပိန်သွားတယ်။ တတိယမင်းသားလည်း အများကြီး ပိန်သွားတယ်။ ဒါပေမဲ့ အားလုံး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာကြတာ ကောင်းပါတယ်"
ပထမမင်းသားနှင့် တတိယမင်းသားတို့ အတူတူ လာရောက် ဒူးထောက်ပြီး မယ်တော်ကြီးကျောက်ကို ဦးချကန်တော့ကြလေသည်။
လူအများ၏ ရှေ့မှောက်တွင် လီဟောက်သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် လမ်းလျှောက်လာသော်လည်း ပထမမင်းသား လမ်းလျှောက်ရာတွင် ညာဘက်ခြေထောက်မှာ တစ်ရွတ်ဆွဲနေသဖြင့် ခြေမသန်တော့သည်မှာ သိသာထင်ရှားနေလေသည်။ လီဟောက်နှင့် ယှဉ်လိုက်လျှင် ကွာခြားမှု ကြီးမားနေလေသည်။
မုန့်ဖေးသည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်ဝဲလာပြီး မျက်ရည်များ တသွင်သွင် စီးကျလာလေသည်။
ပထမမင်းသား ကြင်ရာတော်သည် နှာခေါင်းထဲတွင် မွှန်လာသလို ခံစားနေရသော်လည်း စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၍ မုန့်ဖေးထက် ပိုမို တည်ငြိမ်နေလေသည်။ ခေါင်းကို တစ်ဖက်သို့ ခဏလှည့်လိုက်ပြီး ပြန်လှည့်လာသောအခါ တည်ငြိမ်နေပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အသက်ရှင်လျက် ပြန်ရောက်လာသည်က အဓိကပင်။
ပထမမင်းသားနှင့် တတိယမင်းသားတို့ ဦးချပြီးနောက် ကိုယ်စီ ထလိုက်ကြလေသည်။
မယ်တော်ကြီးကျောက်သည် ခဏလောက် ငိုကြွေးပြီးနောက် စိတ်အခြေအနေ အနည်းငယ် တည်ငြိမ်သွားကာ ယုံးကျားဧကရာဇ်ကို မေးလိုက်လေသည်။ "နောက်ဆိုရင် မင်း စစ်တိုက်ထွက်စရာ မလိုတော့ဘူး မဟုတ်လား"
ယုံးကျားဧကရာဇ်ကမျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြန်ဖြေလိုက်၏။ "ယန်ပြည်နဲ့ ချူပြည် နှစ်ပြည်လုံး ရှုံးနိမ့်သွားပြီ။ သာ့ဝေတိုင်းပြည်ကို လက်နက်ချ အညံ့ခံလိုက်ကြပြီ။ အရပ်လေးမျက်နှာ ငြိမ်းချမ်းသွားပြီဖြစ်လို့ အားလုံးက သာ့ဝေတိုင်းပြည်ရဲ့ နယ်မြေတွေ ဖြစ်ကုန်ပြီ။ ရံဖန်ရံခါ ပြည်တွင်းပုန်ကန်မှု တချို့ ရှိလာရင် စစ်သူကြီးတွေ ဒါမှမဟုတ် မင်းသားတွေကို သွားနှိမ်နင်းခိုင်းလိုက်ရင် ရပြီ။ ကျန်းက ဧကရာဇ်မင်းမြတ်တစ်ပါးအနေနဲ့ စစ်ထွက်စရာ မလိုတော့ဘူး"
မယ်တော်ကြီးကျောက်သည် သက်တောင့်သက်သာ ဖြစ်သွားပြီး ထပ်ခါထပ်ခါ ပြောလိုက်တော့သည်။ "ကောင်းတယ် ကောင်းတယ်... နောက်ဆိုရင် အရှင်မင်းကြီးက နန်းတော်ထဲမှာပဲ နေပြီး တိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်ပါတော့"
အသံမထွက်ဘဲ နေခဲ့သော ချောင်မိဖုရားခေါင်က နူးညံ့စွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီး ထာဝရ မပျက်စီးနိုင်တဲ့ အောင်မြင်မှုတွေ တည်ဆောက်နိုင်ခဲ့တာကို ချန်ချဲ့ ဂုဏ်ပြုပါတယ်"
ယုံးကျားဧကရာဇ်သည် ထိုအချိန်ကျမှ ချောင်မိဖုရားခေါင်ကို ကြည့်ရန် အချိန်ရသွားပြီး အသံမှာလည်း အထူး နူးညံ့သိမ်မွေ့နေလေသည်။ "ကျန်း (၂)နှစ်ကျော် ထွက်သွားတုန်း နန်းတွင်းကိစ္စ အဝဝကို မိဖုရားခေါင်က တာဝန်ယူ ဖြေရှင်းပေးခဲ့တာ။ မိဖုရားခေါင် ပင်ပန်းသွားပါပြီ"
ချောင်မိဖုရားခေါင်က ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "ချန်ချဲ့က ပျော့ညံ့ပြီး အသုံးမကျပါဘူး။ အရှင်မင်းကြီးရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး။ ထိုက်ဇီ ဒဏ်ရာရတဲ့ သတင်း နန်းတော်ထဲ ရောက်လာကတည်းက ချန်ချဲ့ နေမကောင်း ဖြစ်ခဲ့တာ။ ထိုက်ဇီဖေးရဲ့ ကျေးဇူးကြောင့် အနောက်နန်းဆောင်ကို ထိန်းသိမ်းနိုင်ခဲ့တာပါ။ ယန်စစ်သည်တွေ မြို့တံခါးဝ ရောက်လာပြီး ပြည်သူတွေကို သတ်ဖြတ်တုန်းကလည်း ထိုက်ဇီဖေးက စစ်သည်တွေကို ဦးဆောင်ပြီး မြို့ပြင်ထွက်ကာ ညဘက် စစ်စခန်းကို ဝင်စီးပြီး ယန်စစ်သူကြီးကို လုပ်ကြံခဲ့တာပါ။ ဒါကြောင့် စစ်သူကြီးချုပ်လျန်က ယန်စစ်တပ်ကို အပြီးအပိုင် ချေမှုန်းနိုင်ခဲ့တာပါ"
"တကယ့် အကျိုးဆောင်က ထိုက်ဇီဖေးပါ။ အရှင်မင်းကြီး ဆုချချင်ရင် လုရှီကိုပဲ ချီးမြှင့်သင့်ပါတယ်"
ပါးစပ်ဟလိုက်သည်နှင့် ချွေးမအတွက် ကောင်းမှုကုသိုလ်ကို လျှောက်တင်ပေးလိုက်ခြင်းပင်။
ယုံးကျားဧကရာဇ်သည် လုမင်ယွိကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် အလွန် နှစ်သက်သဘောကျသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ "လုရှီမှာ အကျိုးဆောင်မှု ရှိတယ်။ ကျန်း သေချာပေါက် ဆုကြီးကြီး ချီးမြှင့်ရမှာပေါ့"
လူတိုင်း၏ အကြည့်များသည်လည်း ထိုနေရာသို့ ရောက်ရှိသွားကြလေသည်။
လူအများ ကြည့်နေကြသည့်ကြားမှ လုမင်ယွိသည် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် အရိုအသေပြုလိုက်လေသည်။ "အာရှီက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖေးပါ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။ ယန်နဲ့ ချူကို တိုက်ခိုက်တဲ့ စစ်ပွဲက အချိန်အကြာကြီး ကြာမြင့်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရတဲ့ စစ်သည်တွေကို ထောက်ပံ့ကူညီဖို့ လိုသလို စစ်ပွဲအောင်နိုင်တဲ့ စစ်သည်တွေကိုလည်း ဆုချီးမြှင့်ဖို့ လိုပါတယ်။ အာရှီ လုပ်ခဲ့တဲ့ ကိစ္စသေးသေးလေးက ပြောပလောက်စရာ မရှိပါဘူး"
...