အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အပိုင်း (၄၃၉) ဆုလာဘ် (၁)
မိမိ၏ ကောင်းမှုအကျိုးဆောင်မှုကို ထုတ်မကြွားသော ထိုစိတ်ထားသည် သာ့ဝေတိုင်းပြည်၏ ထိုက်ဇီဖေးနှင့် အမှန်တကယ် ထိုက်တန်လှသည်။
လီကျင့်သည် အမှန်တကယ်ပင် ဇနီးကောင်းတစ်ယောက်ကို ရရှိထားလေသည်။
ယုံးကျားဧကရာဇ်၏ မျက်လုံးထဲတွင် အပြုံးရိပ်များ ဖြတ်ပြေးသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လီကျင့်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး ပြုံးလျက် ပြောလိုက်လေသည်။ "ဖုဟွမ် ဆုချချင်တယ်ဆိုရင်တော့ သားတော်မှာ အကြံတစ်ခု ရှိပါတယ်"
ယုံးကျားဧကရာဇ်သည် စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။ "အို... ထိုက်ဇီမှာ ဘာအကြံရှိလို့လဲ။ ပြောကြည့်ပါဦး"
လီကျင့်သည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ကျန်းတယ်ဂိတ် စစ်ပွဲတုန်းက ရှောင်ယွိက လုအိမ်တော်က လျှို့ဝှက်တပ်သားတွေကို ဦးဆောင်ပြီး ယန်စစ်စခန်းကို ညဘက် ဝင်တိုက်ကာ ယန်ထော်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ လျှို့ဝှက်တပ်သား ၂၀၀၀ လောက် ကျဆုံးခဲ့ရပြီး ၅၀၀ ကျော်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့လူတွေလည်း ဒဏ်ရာကိုယ်စီ ရထားကြပါတယ်"
"ရှောင်ယွိရဲ့ သိုင်းပညာက ထူးချွန်ပြီး စိတ်ဓာတ်ခွန်အားကလည်း ယောက်ျားသားတွေထက် သာလွန်ပါတယ်။ သားတော်က ရှောင်ယွိအတွက် ထိုက်ဇီဖေး ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းခွင့်ပြုဖို့ ဖုဟွမ်ဆီ တောင်းဆိုချင်ပါတယ်"
ဘာ...
ထိုက်ဇီဖေး ကိုယ်ပိုင်တပ်ဖွဲ့ ဟုတ်လား။
ထိုက်ဇီမှာ ကိုယ်ပိုင်တပ်ဖွဲ့ ရှိတာ၊ မင်းသားတွေမှာ ကိုယ်ပိုင်တပ်ဖွဲ့ ရှိတာက သဘာဝကျပေမယ့် ထိုက်ဇီဖေးမှာ ကိုယ်ပိုင်တပ်ဖွဲ့ ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးပေ။
လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားကြလေသည်။ မယ်တော်ကြီးကျောက်က ပိုဆိုးပြီး လွှတ်ခနဲ အော်ဟစ်လိုက်လေသည်။ "အဓိပ္ပာယ်မရှိလိုက်တာ... လုရှီက ဘယ်လောက်ပဲ တော်နေပါစေ မိန်းမသားပဲလေ။ မိန်းမသားက စစ်တပ်ကို ဦးဆောင်တယ်ဆိုတာ ဘယ်တုန်းကမှ မကြားဖူးဘူး"
လီကျင့်က မယ်တော်ကြီးကျောက်ကို ကြည့်ကာ မေးလိုက်လေသည်။ "အဘွားတော်ပြောသလိုဆိုရင် ယန်စစ်သည်တွေ မြို့တံခါးကို တိုက်ခိုက်ပြီး ပြည်သူတွေကို သတ်ဖြတ်နေတဲ့အချိန်မှာ ရှောင်ယွိက နန်းတော်ထဲမှာပဲ ပုန်းနေသင့်တာပေါ့။ ဘာကိစ္စ အသက်စွန့်ပြီး ယန်ထော်ကို သွားသတ်နေဦးမှာလဲ"
"တကယ်လို့ ယောက်ျားသားတစ်ယောက်သာ ဒီလို အကျိုးဆောင်မှုကြီး လုပ်ခဲ့မယ်ဆိုရင် နယ်စားပယ်စား ရာထူးတောင် ပေးသင့်ပါတယ်။ ရှောင်ယွိကျမှ ကိုယ်ပိုင်တပ်ဖွဲ့လေး ဖွဲ့စည်းခွင့်တောင်းတာကို အဘွားတော်က ဘာလို့ သဘောမတူနိုင်ရတာလဲ"
မယ်တော်ကြီးကျောက်သည် စကားတစ်ခွန်းမျှ ပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားလေသည်။
ကျိုးကြောင်းဆီလျော်အောင် ရှင်းပြ၍ မရနိုင်တော့သဖြင့် မယ်တော်ကြီးကျောက်သည် သူမ၏ ပင်ကိုယ်စရိုက်အတိုင်း ဇွတ်တရွတ် ငြင်းဆန်တော့သည်။ "မင်း ဘာပြောပြော မိန်းမသားက စစ်တပ်ကို ဦးဆောင်တာ မသင့်တော်ဘူး။ လုရှီကို ဆုချတာ အိုက်ကျား လက်ခံတယ်။ ဒါပေမဲ့ ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းခွင့် ပေးတာကိုတော့ လုံးဝ သဘောမတူနိုင်ဘူး"
ချောင်မိဖုရားခေါင်သည် မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ပြန်လည်မျိုသိပ်လိုက်ရသည်။
ထိုက်ဇီဖေး ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းမည့် ကိစ္စကို လီကျင့်က သူမအား ကြိုတင်အသိပေးခဲ့ခြင်း မရှိသလို လုမင်ယွိကလည်း တစ်လုံးမှ ဟမလာခဲ့ပေ။ သို့သော် လင်မယားနှစ်ယောက်သည် အပြန်အလှန် နားလည်မှု ရှိပြီးသား ဖြစ်ပုံရသည်။
ယုံးကျားဧကရာဇ်၏ သဘောထားကို အရင်ကြည့်ရပေမည်။
လီကျင့်သည် မယ်တော်ကြီးကျောက်နှင့် ဆက်လက်ငြင်းခုံမနေတော့ဘဲ ခါးကိုမတ်ကာ ယုံကြည်ချက်ရှိရှိဖြင့် ဆက်ပြောလိုက်လေသည်။ "ဖုဟွမ်... သားတော်ပြောတာကို နားထောင်ပေးပါ"
"မိန်းမသားက စစ်တပ်ကို ဦးဆောင်တယ်ဆိုတာ အရင်တုန်းက မရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကိစ္စတိုင်းမှာ အစဆိုတာ ရှိစမြဲပါ။ ဖုဟွမ်သာ လွန်ခဲ့တဲ့ ၁၂နှစ်က နောက်ဆုတ်နေခဲ့ရင် ဒီနေ့ သာ့ဝေတိုင်းပြည်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး"
"ဖုဟွမ်ရဲ့ အမြော်အမြင်က သာမန်လူတွေထက် ကြီးမားပါတယ်။ ဖုဟွမ်ရဲ့ စိတ်ဓာတ်က ကောင်းကင်နဲ့ မြေကြီးလို ကျယ်ပြောပါတယ်။ ဖုဟွမ်က ရှေးရိုးစွဲနေမယ့်လူ မဟုတ်ဘူးဆိုတာ သားတော် ယုံကြည်ပါတယ်။ သားတော်ရဲ့ တောင်းဆိုမှုကို သေချာပေါက် ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဒါဆို သူ သဘောမတူရင် ရှေးရိုးစွဲပြီး သဘောထားသေးသိမ်တဲ့သူ ဖြစ်သွားမှာပေါ့။
ယုံးကျားဧကရာဇ်သည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လီကျင့်၏ မျက်နှာကို စိုက်ကြည့်လိုက်လေသည်။
လီကျင့်သည်လည်း မျက်နှာမလွှဲဘဲ ပြန်လည်ကြည့်ရှုနေလေသည်။
ယုံးကျားဧကရာဇ်သည် ချွေးမဖြစ်သူ လုမင်ယွိဘက်သို့ လှည့်ကာ လေးနက်စွာ မေးလိုက်လေသည်။ "လုရှီ... ဒါက ထိုက်ဇီရဲ့ အကြံလား။ ဒါမှမဟုတ် မင်းကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ချင်တာလား"
လုမင်ယွိက ရှေ့သို့ တစ်လှမ်းတိုးကာ လီကျင့်နှင့် ယှဉ်လျက်ရပ်ပြီး အသံမှန်ဖြင့် ဖြေကြားလိုက်လေသည်။ "ဖုဟွမ်... ဒီကိစ္စကို အရှင်မင်းသားက စတင်အကြံပြုတာပါ။ အာရှီက မူလက ဒီလိုစိတ်ကူး မရှိပါဘူး။ အရှင်မင်းသား ပြောလာမှ ကောင်းမွန်တဲ့ အကြံတစ်ခုလို့ ထင်မိတာပါ"
"အာရှီက ကိုယ်လုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့တာပါ။ ဖုဟွမ် ဆုချချင်တယ်ဆိုရင် ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းခွင့် ပေးသနားပါ။ တကယ်လို့ ဖုဟွမ်က ဒီလို ထုံးစံမရှိဘူးဆိုပြီး သဘောမကျဘူးဆိုရင်လည်း အာရှီတို့ မပြောခဲ့ဘူးလို့သာ သဘောထားလိုက်ပါ"
ဧကရာဇ်မင်းမြတ်၏ သဘောထားကို ခန့်မှန်းရခက်လှသည်။
ယုံးကျားဧကရာဇ်၏ မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင်များ ပျောက်ကွယ်သွားပြီး မျက်လုံးများမှာလည်း နက်ရှိုင်းနေလေသည်။ လူတိုင်း၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး မည်သူမျှ အသံမထွက်ရဲကြတော့ပေ။ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လီဟောက်သည် အံ့အားသင့်မှုမှ တဖြည်းဖြည်း သတိပြန်ဝင်လာပြီး လုမင်ယွိနှင့် လီကျင့်တို့ကို တိတ်တဆိတ် ကြည့်ရှုနေမိသည်။ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေပြီး အချိန်ကြာမြင့်သည်အထိ ငြိမ်သက်မသွားနိုင်ပေ။
လီကျင့်မှာ ဘယ်လိုလုပ် ဒီလိုအတွေးမျိုး ရှိနေရတာလဲ။
စစ်တိုက်တယ်ဆိုတာ ယောက်ျားတွေရဲ့ အလုပ်လေ။ မိန်းမသားက စစ်တပ်ကို ဦးဆောင်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လုမင်ယွိက ခွန်အားကြီးပြီး သိုင်းပညာထူးချွန်ကာ ယောက်ျားသားတွေကို အနိုင်ယူနိုင်တာ မှန်ပေမယ့် ထိုက်ဇီဖေး ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းတယ်ဆိုတာကတော့ အရမ်းကို လွန်လွန်းအားကြီးပါတယ်။ ပိုပြီး အဓိပ္ပာယ်မရှိတာက လုမင်ယွိကိုယ်တိုင်ကလည်း ဒီလိုစိတ်ကူး ရှိနေတာပဲ။
သူမက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖေးလေ။ လောကမှာ အဆင့်အတန်း အမြင့်မားဆုံး အမျိုးသမီး ဖြစ်ပြီး နောင်တစ်ချိန်မှာ ဖီးနစ်ပလ္လင်ပေါ် တက်ကာ တိုင်းပြည်ရဲ့ မိခင် ဖြစ်လာမယ့်သူ။ ယောက်ျားရဲ့ ဘုန်းကံကြောင့် ဇနီးသည် မြင့်မြတ်တယ်ဆိုတာ ဒါကို ပြောတာပဲ။
သူမက ဘာလို့ စစ်တပ်ကို ဦးဆောင်ချင်နေရတာလဲ။
သူမက ရည်မှန်းချက်ကြီးလွန်းပြီး လောဘတက်နေရင် နောင်တစ်ချိန်မှာ လူတွေရဲ့ အတင်းပြောတာ ခံရပြီး သံသယဝင်တာ ခံရမှာကို မကြောက်ဘူးလား။
နေပါဦး... ဖုဟွမ်က ဘာလို့ ဘာမှ မပြောသေးတာလဲ။ တကယ်ကြီး သဘောတူလိုက်တော့မှာလား။
လီဟောက်၏ ရင်ထဲတွင် ရှုပ်ထွေးနေပြီး ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်နေလေသည်။ ဖြစ်နိုင်သည်မှာ သူကိုယ်တိုင် ဝန်မခံချင်သော မနာလိုစိတ်များလည်း ရင်ထဲတွင် ရှိနေနိုင်သည်။
တကယ်လို့ လုမင်ယွိ လက်ထပ်ခဲ့တဲ့သူက သူသာ ဖြစ်ခဲ့မယ်ဆိုရင် လီကျင့်လို လုပ်ပေးနိုင်မှာ မဟုတ်ဘူး...
မင်းသားကြင်ရာတော်များသည်လည်း ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြသည်။
လုမင်ယွိက ဘာလုပ်ချင်နေတာလဲ။ သူက ထိုက်ဇီဖေး ဖြစ်နေပြီလေ။ ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းချင်သေးတာလား။ သူက ကောင်းကင်ကို တက်ချင်နေတာလား။
အခြေအနေသာ ပေးခဲ့လျှင် သူတို့သည် အော်ဟစ်ပြောဆိုမိကြမှာ သေချာသည်။
ယခုအချိန်တွင် ယုံးကျားဧကရာဇ်က ဘာမှမပြောသေးသဖြင့် မည်သူမျှ စတင်ပြီး ပါးစပ်မဟရဲကြပေ။ သူတို့၏ အမြင်တွင် ယုံးကျားဧကရာဇ်သည် ဤကဲ့သို့ အဓိပ္ပာယ်မရှိသော ကိစ္စကို လုံးဝ သဘောတူလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားကြသည်။
နောက်ဆုံးတွင် ယုံးကျားဧကရာဇ်က ပါးစပ်ဟလာခဲ့လေသည်။ "ကောင်းပြီ... ကျန်း ခွင့်ပြုတယ်"
လူတိုင်း "..."
မယ်တော်ကြီးကျောက်သည် မျက်နှာပေါ်တွင် ထိတ်လန့် ဒေါသဖြင့် ရုတ်တရက် ထရပ်လိုက်ပြီး "အရှင်မင်းကြီး... ဘယ်လိုလုပ် သဘောတူလိုက်ရတာလဲ။ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် နန်းတော်ရဲ့ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မလဲ"
ချောင်မိဖုရားခေါင်လည်း အလွန် အံ့အားသင့်သွားသော်လည်း မိခင်တစ်ယောက်၏ ဗီဇစိတ်ကြောင့် ချက်ချင်း ပြန်လည်ချေပလိုက်လေသည်။ "မယ်တော်ကြီးရဲ့ စကားက မသင့်တော်ပါဘူး။ လုရှီရဲ့ အကျိုးဆောင်မှုကို လူတိုင်း သိကြတာပဲ။ အရှင်မင်းကြီးက သူ့ကို ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းခွင့် ပေးတာက ထိုက်တန်တဲ့ ဆုလာဘ်တစ်ခုပါ။ ဘယ်နေရာက ဂုဏ်သိက္ခာ ကျစရာ ရှိလို့လဲ"
မယ်တော်ကြီးကျောက်သည် ဒေါသမျက်လုံးများဖြင့် ကြည့်လိုက်ပြီး "မင်းလည်း မသိဘူးလို့ အိုက်ကျား ထင်ထားတာ။ အခုကြည့်ရတာ မင်းက သိရုံတင်မကဘူး သဘောပါ တူနေတာပဲ။ အိုက်ကျား ကြည့်ရတာ မင်း ခေါင်းမူးနေပြီနဲ့ တူတယ်"
"ဒါက သာ့ဝေတိုင်းပြည်၊ လီမျိုးနွယ်ရဲ့ တိုင်းပြည်။ လုရှီက လီအိမ်တော်ရဲ့ ချွေးမလေ။ သူက ကိုယ်ပိုင်တပ်ဖွဲ့ကို ဦးဆောင်ပြီး နောင်တစ်ချိန်မှာ ရည်မှန်းချက်တွေ ကြီးလာရင် နန်းတော်ကို ဒုက္ခပေးလာမှာ ဘယ်သူ တားနိုင်မှာလဲ"
ချောင်မိဖုရားခေါင်သည် အဆူခံလိုက်ရသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားလေသည်။
လူအများရှေ့တွင် မယ်တော်ကြီးကျောက်ကို ပြန်လည်မချေပတော့ဘဲ ပြောလိုက်ရတော့သည်။ "မယ်တော်ကြီး စိတ်လျှော့ပါ။ တကယ်လို့ အရှင်မင်းကြီး သဘောမတူရင် ဒီကိစ္စက ပြီးသွားမှာပါ။ အရှင်မင်းကြီး သဘောတူလိုက်မှတော့ အရှင်မင်းကြီးမှာ အကြောင်းပြချက် ရှိမှာပါ"
ဟုတ်တာပေါ့။
သဘောမတူရင် ပြီးပြီပဲ။
ဒီလိုကိစ္စကို ဘယ်လိုလုပ် သဘောတူလိုက်ရတာလဲ။
ဒီလို ထုံးစံတစ်ခု စတင်လိုက်ပြီဆိုရင် နောက်ဆို တခြား မင်းသားကြင်ရာတော်တွေကလည်း ကိုယ်ပိုင်တပ်ဖွဲ့ လိုချင်တယ်ဆိုပြီး ဆူပူလာရင် ဘယ်လိုလုပ်မလဲ။ သူတို့အားလုံးက စစ်သူကြီးမျိုးရိုးတွေဖြစ်ပြီး နောက်ခံမိသားစုတွေကလည်း အင်အားကြီးမားကြတာလေ။ သူတို့ကို လွှတ်ထားပေးလို့ ဘယ်ဖြစ်မလဲ။
မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်ဘက်သို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး "အရှင်မင်းကြီးက ခုနတုန်းက လျှာကျွံသွားတာ ဖြစ်မှာပါ။ ဒီစကား ရှို့နင်နန်းဆောင်ထဲက မထွက်ခင်မှာ အမိန့်ကို မြန်မြန် ပြန်ရုပ်သိမ်းလိုက်ပါ"
ယုံးကျားဧကရာဇ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "မယ်တော်ကြီး စိတ်အေးအေးထားပါ။ ကျန်းက ကတိပေးပြီးမှတော့ ပြန်ရုပ်သိမ်းစရာ အကြောင်းမရှိပါဘူး"
"ထိုက်ဇီဖေးမှာ တကယ်ပဲ ကြီးမားတဲ့ အကျိုးဆောင်မှုရှိပါတယ်။"
"နန်းတွင်းကိစ္စတွေကို စီမံခန့်ခွဲပြီး လူတွေကို စိတ်ငြိမ်အောင် ထိန်းပေးတာက သူ့တာဝန်ဆိုပေမယ့် ညဘက် ယန်စစ်စခန်းကို ဝင်တိုက်ပြီး ယန်ထော်ကို လုပ်ကြံသတ်ဖြတ်တာ၊ ယန်စစ်တပ်ကို ဖရိုဖရဲ ဖြစ်အောင် လုပ်ပြီး မြို့တော်ကို ကယ်တင်ခဲ့တာတွေက စစ်သူကြီးတွေတောင် လုပ်ချင်ပေမယ့် မလုပ်နိုင်ခဲ့တဲ့ ကိစ္စတွေပါ။ ထိုက်ဇီ ပြောတာ မှန်ပါတယ်။ တကယ်လို့ သူသာ ယောက်ျားလေး ဖြစ်ခဲ့မယ်ဆိုရင် ကျန်းက သူ့ကို နယ်စားပယ်စား ရာထူး ပေးသင့်ပါတယ်။"
"အခုက သူ့ကို ကိုယ်ပိုင်တပ်ဖွဲ့လေး တစ်ဖွဲ့ပဲ ပေးတာပါ။ ကျန်း ခွင့်ပြုတယ်"
...
အပိုင်း (၄၄၀) ဆုလာဘ် (၂)
ဧကရာဇ်မင်းမြတ်၏ စကားတစ်ခွန်းသည် တန်တစ်ထောင်မက လေးလံပေသည်။
ယုံးကျားဧကရာဇ် ခွင့်ပြုလိုက်ပြီဖြစ်ရာ မည်သူက ကန့်ကွက်နေပါစေ အလကားသာ ဖြစ်တော့သည်။
လီကျင့်သည် စိတ်သက်သာရာ ရသွားပြီး ချက်ချင်း လက်နှစ်ဖက်ကိုယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ "ဖုဟွမ်က ဉာဏ်ပညာကြီးမားလှပါတယ်။ သားတော်က ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"
လုမင်ယွိ၏ နှလုံးခုန်သံများ မြန်ဆန်နေသော်လည်း မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်ပြီး ပြုံးကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ "အာရှီက ဖုဟွမ်ရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်"
မယ်တော်ကြီးကျောက်သည် ရင်ဘတ်ကို ဖိထားပြီး အသက်ရှူပင် မဝချင်တော့ပေ။ ချင်ဖေးက အလျင်အမြန် ဝင်ကူတွဲပေးလိုက်ရသည်။ မယ်တော်ကြီးကျောက်သည် မောဟိုက်နေပြီး ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ရကာ မျက်နှာပျက်နေလေသည်။
ဆဲရေးတိုင်းထွာလိုသော စကားများသည် လျှာဖျားတွင် တစ်ဝဲလည်လည် ဖြစ်နေသော်လည်း အပြင်သို့ ထွက်မလာတော့ပေ။
ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်၏ စိတ်သဘောထားကို ကောင်းစွာ သိရှိသူဖြစ်၍ မယ်တော်ကြီးကို ဂရုစိုက်ရန် ချင်ဖေးကို မျက်ရိပ်ပြလိုက်လေသည်။ ထို့နောက် လီကျင့်ကို ကြည်လင်သော မျက်နှာထားဖြင့် မေးလိုက်လေသည်။ "ဒီကိစ္စကို မင်းက အကြံပြုတာ၊ ကျန်းကလည်း ခွင့်ပြုလိုက်ပြီ။ အခု ကျန်း မေးမယ်... ထိုက်ဇီဖေး ကိုယ်ပိုင်တပ်ဖွဲ့ရဲ့ စစ်စခန်းကို ဘယ်မှာ ထားမှာလဲ။ လူအင်အား ဘယ်လောက် ခေါ်မှာလဲ။ နောက်ဆို ဘယ်လို လေ့ကျင့်ပေးပြီး ဘယ်လို တာဝန်ထမ်းဆောင်ခိုင်းမှာလဲ။ ဒီကိစ္စတွေကို မင်း စဉ်းစားထားပြီးပြီလား"
လီကျင့်သည် ကြိုတင်စဉ်းစားထားပြီးဖြစ်၍ ချောမွေ့စွာ ဖြေကြားလိုက်လေသည်။ "သားတော် စဉ်းစားထားပြီးသားပါ။ ထိုက်ဇီဖေး ကိုယ်ပိုင်တပ်ဖွဲ့ကို လုအိမ်တော်က လျှို့ဝှက်တပ်သားတွေနဲ့ အဓိက ဖွဲ့စည်းမှာပါ။ နောက်ပိုင်းကျရင် ရှင်းယန်ဝမ်ရဲ့ စစ်တပ်ထဲက အရည်အချင်းရှိတဲ့ စစ်သည်တွေကို ရွေးထုတ်ပြီး ရှောင်ယွီရဲ့ လူယုံတွေကို ဦးဆောင် လေ့ကျင့်ခိုင်းမှာပါ"
"စစ်သည်တွေကို ဘယ်မှာ ထားမလဲဆိုတာကတော့ ရှောင်ယွီ သဘောပါပဲ"
နန်းတော်ထဲတွင် တော်ဝင်အစောင့်တပ်ဖွဲ့ ရှိပြီး အိမ်ရှေ့စံနန်းဆောင်တွင်လည်း ထိုက်ဇီ၏ ကိုယ်ပိုင်တပ်ဖွဲ့ ရှိလေသည်။ လုမင်ယွိ၏ ကိုယ်ပိုင်တပ်ဖွဲ့သည် နန်းတော်ထဲတွင် ရှိနေမည် မဟုတ်သလို ရှိစရာလည်း မလိုအပ်ပေ။
ယုံးကျားဧကရာဇ်သည် ထိုစကားကို ကြားသောအခါ စိတ်အေးသွားတော့သည်။
ချောင်မိဖုရားခေါင်နှင့် အခြားသူများသည်လည်း သဘောပေါက်သွားကြပြီး သက်ပြင်းချနိုင်သွားကြလေသည်။
ကိုယ်ပိုင်တပ်ဖွဲ့က နန်းတော်ပြင်ပမှာ ထားမှာဆိုတော့... လုမင်ယွိက နန်းတော်ပြင်ပကို ထွက်ခဲတာပဲ၊ ကိုယ်ပိုင်တပ်ဖွဲ့ကို သုံးဖို့ အခွင့်အရေး ဘယ်မှာ ရှိတော့မှာလဲ။ ဒီလိုတွေးကြည့်ရင် ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းတယ်ဆိုတာက ဂုဏ်ပြုရုံသက်သက်ပဲ ဖြစ်ပြီး လက်တွေ့မှာ ထူးပြီး အာဏာရှိလာတာ မဟုတ်ဘူးပဲ။
သည်လို တွေးမိတော့မှ လူတိုင်း လက်ခံနိုင်သွားကြလေသည်။
မယ်တော်ကြီးကျောက်လည်း အသက်ရှူ ချောင်သွားတော့သည်။
လူ့သဘာဝဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။ ရုတ်တရက် ကြားလိုက်ရချိန်တွင် လက်မခံနိုင်ကြသော်လည်း တစ်ဖက်လူက ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်သည့်အခါ လက်ခံနိုင်သွားကြလေသည်။
လုမင်ယွိက ပြုံးကာ စကားဆက်ပြောလိုက်လေသည်။ "မြို့တံခါးအပြင်ဘက်မှာ အာရှီပိုင်တဲ့ လယ်ယာမြေတချို့ ရှိပါတယ်။ နောက်ဆိုရင် အာရှီရဲ့ ကိုယ်ပိုင်တပ်ဖွဲ့ကို အဲဒီ လယ်ယာမြေတွေမှာပဲ နေရာချထားပါ့မယ်။ အရေးကြီးကိစ္စ မရှိရင် အာရှီက ကိုယ်ပိုင်တပ်ဖွဲ့ကို လှုပ်ရှားခိုင်းမှာ မဟုတ်ပါဘူး"
မြို့တံခါးထဲတောင် ဝင်မလာဘူးဆိုတော့ နန်းတော်နဲ့ ပိုဝေးသွားပြီပေါ့။
မယ်တော်ကြီးကျောက်တစ်ယောက် နောက်ထပ် သက်ပြင်းချလိုက်ပြန်သည်။ သူမ၏ စိတ်သက်သာရာ ရသွားမှုသည် သိသာလွန်းလှသဖြင့် လူတိုင်း ကြားလိုက်ရသော်လည်း မကြားချင်ယောင် ဆောင်နေလိုက်ကြသည်။
ယုံးကျားဧကရာဇ်သည်လည်း ချွေးမဖြစ်သူက အနေအထိုင် တတ်သည်ဟု ယူဆကာ စိတ်ထဲမှ မကျေနပ်မှုများ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ပြုံးရယ်ကာ ပြောလိုက်လေသည်။ "ယန်နဲ့ ချူက ငြိမ်းချမ်းသွားပြီ။ သာ့ဝေတိုင်းပြည်မှာ နောက်ထပ် စစ်ပွဲကြီးတွေ ရှိတော့မှာ မဟုတ်ဘူး။ ကျန်းကတော့ တိုင်းပြည်အေးချမ်းသာယာပြီး ထိုက်ဇီဖေးရဲ့ ကိုယ်ပိုင်တပ်ဖွဲ့တွေ တစ်နေ့ကုန် အလုပ်လက်မဲ့ ဖြစ်ပြီး အားနေပါစေလို့ပဲ ဆုတောင်းပါတယ်"
ထိုစကားသည် ရယ်မောဖွယ် ကောင်းလှသည်။
ရှို့နင်နန်းဆောင်ထဲမှ တင်းမာနေသော လေထုသည် ပြေလျော့သွားပြီး လူတိုင်းက အလိုက်သင့် ရယ်မောလိုက်ကြလေသည်။
လုမင်ယွိသည် ခါးကိုမတ်ကာ အရိုအသေပြုလိုက်သည်။ "ဖုဟွမ်က အာရှီကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"
ယုံးကျားဧကရာဇ်က ရယ်မောလိုက်လေသည်။ "မိသားစုအချင်းချင်းပဲ ကျေးဇူးတင်မနေပါနဲ့တော့။ ရှင်းယန်ဝမ်က ရှင်းယန်တပ်ဖွဲ့ကို ဦးဆောင်ပြီး အကြီးအကျယ် အကျိုးပြုခဲ့တာ။ မင်းအဖေကို ဘာဆုချရမလဲဆိုပြီး ကျန်း ခေါင်းစားနေတာ။ အခုတော့ ကောင်းသွားပြီ။ ဒီကိစ္စကို မင်းအဖေရှေ့မှာ ကြွားလိုက်ရင် မင်းအဖေက ကျန်းဆီကနေ ဆုတောင်းရဲတော့မှာ မဟုတ်ဘူး"
လုမင်ယွိက နှုတ်ခမ်းကို ဖိကာ လီကျင့်ဘက်သို့ လှည့်ကြည့်ပြီး ပြုံးလိုက်လေသည်။
ထိုအပြုံးသည် နွေဦးပန်းများထက် ပိုမို တောက်ပလှပပြီး ကြယ်ရောင်များကဲ့သို့ လက်ခနဲ ဖြစ်သွားသည်။
လီဟောက်၏ နှလုံးသားသည် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရပြီး တိတ်တဆိတ် အကြည့်လွှဲလိုက်လေသည်။
မုန့်ယွင်လော်မှာ နှုတ်ခမ်းကို ပြတ်မတတ် ကိုက်ထားပြီး ရင်ထဲမှ အမုန်းတရားများသည် အစိုင်အခဲ ဖြစ်လာတော့သည်။
ပထမမင်းသား ကြင်ရာတော်ကတော့ အားကျနေပြီး ခေါင်းငုံ့သွားလေသည်။
ကျောက်ယွီတစ်ယောက်သာ သူမ၏ အားကျစိတ်ကို ဖုံးကွယ်မထားဘဲ လုမင်ယွိအနားသို့ တိုးကပ်ကာ ရယ်ရယ်မောမော ပြောလိုက်လေသည်။ "အာ့စောင်က နောက်ဆို ကိုယ်ပိုင်တပ်ဖွဲ့ ရှိတော့မှာပေါ့။ တကယ်လို့ အာ့ကောက အာ့စောင်ကို အနိုင်ကျင့်ရဲရင် ကိုယ်ပိုင်တပ်ဖွဲ့ကို ခေါ်ပြီး အာ့ကောကို ဝိုင်းရိုက်ခိုင်းလိုက်။ တွေးကြည့်ရင်တောင် အရမ်း ကျေနပ်စရာကောင်းနေပြီ"
လီကျင့်က ချောင်းဟန့်လိုက်ကာ "ရှောင်ယွီက ကိုယ့်ကို ရိုက်ချင်ရင် ကိုယ်တိုင် လုပ်လိုက်ရုံပဲ။ ကိုယ်ပိုင်တပ်ဖွဲ့ ခေါ်စရာ မလိုပါဘူးကွာ"
လူတိုင်း ဟားတိုက် ရယ်မောလိုက်ကြလေသည်။
ရှို့နင်နန်းဆောင်ထဲတွင် လေးလံအုံ့မှိုင်းနေသော လေထုများ လွင့်ပျယ်သွားလေသည်။
ယုံးကျားဧကရာဇ်က ပြောလိုက်လေသည်။ "ကလေးတွေ ဘယ်ရောက်သွားလဲ။ မြန်မြန် ခေါ်လာခဲ့။ ကျန်း ကြည့်ချင်ပြီ"
မယ်တော်ကြီးကျောက်သည် စိတ်ထဲတွင် မကျေနပ်သေးသော်လည်း အခြေအနေက အတည်ဖြစ်သွားပြီဖြစ်၍ ဘာမှမတတ်နိုင်တော့ပေ။ အပြင်ရောက်နေသော ကလေးများကို ပြန်ခေါ်လာရန် အမိန့်ပေးလိုက်လေသည်။
...
ခဏကြာသောအခါ ကလေးများ ရောက်လာကြသည်။
ယုံးကျားဧကရာဇ်က တစ်ချက်ကြည့်လိုက်ပြီး ဟားဟား ရယ်မောကာ "ကျန်း ထွက်သွားတုန်းက ထန်အာ၊ ရွှီအာနဲ့ ရွှမ်းအာ (၃)ယောက်ပဲ ရှိတာ။ အခု ပြန်လာတော့ ၃ယောက် တိုးလာပါရောလား"
(၂)နှစ်ကျော်အတွင်း နန်းတော်ထဲတွင် ကလေးများ ဆက်တိုက် မွေးဖွားလာကြသည်။ ကျန်းအာ၊ ဖျင်အန်းကုန်းကျူနှင့် လပိုင်းသာ ရှိသေးသော ချန်းအာတို့ ဖြစ်ကြသည်။
ထန်အာသည် အကြီးဆုံးဖြစ်၍ ရှေ့ဆုံးထွက်ကာ ဦးချကန်တော့လိုက်လေသည်။ "မြေးတော်က အဘိုးတော်ကို ဂါရဝပြုပါတယ်"
ထန်အာသည် ရုပ်ရည်ချောမောပြီး ယဉ်ကျေးသိမ်မွေ့သည်။ အနည်းငယ် ကြောက်ရွံ့နေပုံ ပေါက်သော်လည်း မယားငယ်က မွေးသော သားတစ်ယောက်အနေဖြင့် ကြည့်လျှင် မဆိုးလှပေ။
ယုံးကျားဧကရာဇ်က အလွန် ကျေနပ်သွားပြီး "လျန်ရှီက ထန်အာကို ကောင်းကောင်း ပြုစုပျိုးထောင်ထားတာပဲ။ ကျန်း ဆုချရမယ်" ဟု ပြောလိုက်သည်။ လျန်စစ်သူကြီးချုပ်က အကျိုးဆောင်ထားသဖြင့် သူ့မျက်နှာကို ထောက်ပြီး ပထမမင်းသား ကြင်ရာတော်ကို မျက်နှာသာ ပေးလိုက်ခြင်း ဖြစ်လေသည်။
ပထမမင်းသား ကြင်ရာတော်က အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ထို့နောက် ရွှီအာနှင့် ရွှမ်းအာတို့ အတူတူ ထွက်လာပြီး ဂါရဝပြုကြလေသည်။
မောင်နှမနှစ်ယောက် ယှဉ်လျက် ဒူးထောက်ကာ "အဘိုးတော်" ဟု ခေါ်လိုက်ကြသည်။
ယုံးကျားဧကရာဇ်သည် မြေးနှစ်ယောက်ကို ကြည့်ကာ သဘောကျပြီး ရယ်မောနေလေသည်။ လက်ယပ်ခေါ်လိုက်ပြီး "ကျန်း ထွက်သွားတုန်းက မင်းတို့လေးတွေက သေးသေးလေးတွေ ရှိသေးတာ။ အခုတော့ အများကြီး ကြီးလာကြပြီပဲ။ ကောင်းတယ် ကောင်းတယ်"
အနားရောက်လာမှ ယုံးကျားဧကရာဇ်သည် တစ်ခုခု လွဲနေသည်ကို သတိထားမိလိုက်သည်။ "ရွှီအာက ဘယ်လိုဖြစ်လို့ ရွှမ်းအာထက် အများကြီး ပိန်နေရတာလဲ"
ရယ်သံများ ရပ်တန့်သွား၏။
ချောင်မိဖုရားခေါင်က မျက်နှာညှိုးသွားပြီး "ဒီကိစ္စမှာ အကြောင်းအရင်း ရှိပါတယ်။ အားတဲ့အချိန်ကျမှ ချန်ချဲ့ သေချာ လျှောက်တင်ပါ့မယ်" ဟု တိုးတိုးလေး ပြောလိုက်လေသည်။
ယုံးကျားဧကရာဇ်သည် ဉာဏ်ကောင်းသူပီပီ တစ်ခုခု မူမမှန်သည်ကို ရိပ်မိလိုက်ပြီး မျက်မှောင်ကြုတ်သွားလေသည်။ တစ်ချက် ဝေ့ကြည့်လိုက်ရာ မိဖုရားများကြားတွင် စူးဖေး မရှိသည်ကို ရုတ်တရက် သတိထားမိလိုက်လေသည်။
ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် လေးလံသွားသော်လည်း ဆက်မမေးတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် ကျန်းအာက ဦးချကန်တော့လေသည်။
ချူပြည်မြို့တော်ကို တိုက်ခိုက်ရာတွင် လီဟောက်သည် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး ထိပ်တန်းအကျိုးဆောင် ဖြစ်ခဲ့သည်။ ယုံးကျားဧကရာဇ်သည် သဘာဝအားဖြင့် ရဲရင့်သော စစ်သည်များကို နှစ်သက်သူဖြစ်ရာ မိမိသားက ထိုသို့ ထူးချွန်သည်ကို တွေ့ရသဖြင့် ပို၍ ကျေနပ်နေလေသည်။ ထို့ကြောင့် ကျန်းအာကို ကြည့်ရသည်မှာလည်း မျက်စိပသာဒ ဖြစ်နေလေသည်။ "ကျန်းအာဆိုတဲ့ နာမည်လေး ပေးထားတာ ကောင်းလိုက်တာ။ ရုပ်လေးကလည်း ချောတယ်"
ကျန်းအာသည် ချောမောကြောင်း ချီးကျူးခံရခဲသဖြင့် ကျေနပ်ပီတိ ဖြစ်သွားလေသည်။
ချန်းအာက အငယ်ဆုံးဖြစ်ပြီး စတုတ္ထမင်းသားက ကိုယ်တိုင်ပွေ့ချီကာ ယုံးကျားဧကရာဇ်ရှေ့သို့ ခေါ်လာလေသည်။ ယုံးကျားဧကရာဇ်က ဝဖြိုးပြီး ဖွေးဥနေသော မြေးတော်ကို ကြည့်ကာ တရစပ် ချီးကျူးလိုက်လေသည်။
နောက်ဆုံးမှ ဖျင်အန်းမင်းသမီးလေး အလှည့်ရောက်လေသည်။
မင်းသမီးလေးသည် တစ်နှစ်ကျော် အရွယ် ရှိပြီဖြစ်၍ လမ်းကောင်းကောင်း လျှောက်တတ်နေပြီ ဖြစ်သည်။ ဒူးထောက်ကာ ဦးခေါင်းသုံးကြိမ်ချပြီး "ဖုဟွမ်" ဟု ချိုသာစွာ ခေါ်လိုက်လေသည်။
မင်းသမီးလေးသည် စကားလုံး ရိုးရိုးရှင်းရှင်း အနည်းငယ်သာ ပြောတတ်သေးသည်။ ဤသည်ကို ဝမ်ကျဲယွီက အထူးတလည် သင်ကြားပေးထားခြင်း ဖြစ်လေသည်။
ယုံးကျားဧကရာဇ်သည် ကြားလိုက်ရသည်နှင့် အရည်ပျော်သွားပြီး မင်းသမီးလေးကို ကိုယ်တိုင် ပွေ့ချီလိုက်လေသည်။ တစ်ချက် ကြည့်လိုက်ပြီး ပြုံးကာ ပြောလေသည်။ "ဖျင်အန်းလေးက မျက်ခုံးမျက်လုံး သန့်ပြန့်တယ်။ ကြီးလာရင် သူ့အမေလိုပဲ အလှပဂေးလေး ဖြစ်လာမှာ"
ပြောရင်းဆိုရင်း မျက်လုံးများက ဝမ်ကျဲယွီထံသို့ ရောက်ရှိသွားလေသည်။
(၂)နှစ်ကျော်အတွင်း ယုံးကျားဧကရာဇ်သည် စစ်တိုက်နေရသဖြင့် အနားတွင် အိပ်ယာဝင် ပြုစုမည့် မိန်းမပျို တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ စိတ်ထဲတွင် သမီးငယ်လေးကို သတိရရုံသာမက သမီးလေး၏ မိခင်ကိုလည်း လွမ်းဆွတ်တောင့်တနေမိသည် မဟုတ်ပါလား။
...
အပိုင်း (၄၄၁) မိုးကြိုးပစ်ခြင်း (၁)
“မင်းက ကျန်းအတွက် ဒီလောက် လှပပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်ပါး မွေးပေးခဲ့တာ။ ကျန်း သိပ်သဘောကျတာပဲ” ယုံးကျားဧကရာဇ်၏ အကြည့်များသည် ဝမ်ကျဲယွီအပေါ်တွင် ကပ်ငြိနေလေသည်။
ဝမ်ကျဲယွီ၏ ပါးပြင်များသည် နီရဲသွားပြီး ရှက်ရွံ့စွာဖြင့် မျက်လွှာချကာ ပြန်လည်ဖြေကြားလိုက်၏။ “ချန်ချဲ့က အရှင်မင်းကြီးအတွက် မင်းသားလေး မမွေးပေးနိုင်ခဲ့လို့ အလွန်ပဲ ရှက်ရွံ့မိပါတယ်”
ယုံးကျားဧကရာဇ်က ရယ်မောလိုက်ကာ “ကျန်းမှာ သားတော် ၅ယောက် ရှိပြီးသားပဲ။ သာ့ဝေတိုင်းပြည်မှာ မင်းသားတွေ မရှားပါဘူး။ မင်းက ဘာဖြစ်လို့ ရှက်နေရမှာလဲ။ မင်းသမီးလေး မွေးတာကိုလည်း ကျန်းက ဝမ်းသာတာပဲ”
မင်းသမီးငယ်လေးက နို့နံ့သင်းနေသော အသံလေးဖြင့် “ဖုဟွမ်” ဟု ထပ်မံခေါ်လိုက်ပြန်သည်။
ယုံးကျားဧကရာဇ်သည် သဘောကျစွာ ရယ်မောလိုက်ပြီး သမီးငယ်လေး၏ မျက်နှာလေးကို နမ်းရှိုက်လိုက်လေသည်။ မျက်နှာပြင်တစ်ခုလုံးရှိ မုတ်ဆိတ်ငုတ်တိုများသည် မင်းသမီးငယ်လေး၏ နူးညံ့သော မျက်နှာပြင်ကို ထိုးမိသွားသဖြင့် ချက်ချင်းပင် အနီရောင်အရာကွက်များ ကျန်ရစ်ခဲ့တော့သည်။
မင်းသမီးငယ်လေးက နှုတ်ခမ်းမဲ့ကာ ငိုတော့မည့်ဟန် ပြုလေရာ ယုံးကျားဧကရာဇ်သည် မင်းသမီးလေးကို ဝမ်ကျဲယွီထံသို့ ကမန်းကတန်း ပြန်ပေးလိုက်ရတော့သည်။ ဝမ်ကျဲယွီက သမီးလေးကို လှမ်းယူလိုက်သည့်အချိန်တွင် အခွင့်ကောင်းယူကာ ဝမ်ကျဲယွီ၏ လက်ကို ဆုပ်ကိုင်ညှစ်လိုက်လေ၏။
ဝမ်ကျဲယွီ၏ မျက်နှာပြင်သည် ရှက်သွေးများဖြင့် နီမြန်းသွားတော့သည်။
မုန့်ဖေး၏ စိတ်ထဲတွင်တော့ မနာလိုဝန်တိုမီးများ တဟုန်းဟုန်း တောက်လောင်နေပြီး မျက်နှာထားပင် ပျက်ယွင်းသွားရလေသည်။ သူမ၏ လက်သည်းရှည်များဖြင့် ထိုမိန်းမပျိုလေး၏ နုနယ်ပျိုမြစ်သော မျက်နှာကို ကုတ်ဖဲ့ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့၏။
ချင်ဖေး၏ စိတ်ထဲတွင်လည်း သဝန်တိုစိတ်များ ဖြစ်ပေါ်နေလေသည်။
မုန့်ဖေးနှင့် ချင်ဖေးတို့ကို မဆိုထားနှင့်။ ချောင်မိဖုရားခေါင်ပင်လျှင် ယုံးကျားဧကရာဇ်၏ မျက်လုံးရိုင်းများဖြင့် ကြည့်နေသည့် အမူအရာကို မြင်ရသည်မှာ စိတ်ချမ်းသာစရာ မကောင်းလှပေ။
စစ်ထွက်သွားသည်မှာ ၂နှစ်ကျော် ကြာမြင့်ခဲ့ပြီး ယနေ့မှ နန်းတော်သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။ နန်းတော်သို့ ပြန်ရောက်သည့် ပထမဆုံးညတွင် ကျောင်းဖန်နန်းဆောင်၌ လာရောက် အနားယူသင့်သည် မဟုတ်ပါလား။ သို့မဟုတ်ပါက သူမကဲ့သို့ မိဖုရားခေါင်တစ်ပါး၏ မျက်နှာကို ဘယ်နားသွားထားရပါမည်နည်း။
ယုံးကျားဧကရာဇ်၏ ပုံစံကို ကြည့်ရသည်မှာ အလှအပမက်မောမှုကြောင့် အသိစိတ်များ လွင့်ပါးနေပြီး ဤအရာများကို လုံးဝ တွေးတောမိပုံ မရပေ။
အမုန်းတီးရဆုံး အချက်မှာ မယ်တော်ကြီးကျောက်က ဤအချိန်၌ ဝင်ရောက်ပြောဆိုလိုက်ခြင်းပင်။ “ဒီရက်ပိုင်းတွေမှာ ရှောင်ဖျင်အန်းက နေ့တိုင်း အိုက်ကျားကို အဖော်ပြုပေးလို့ အိုက်ကျား စိတ်ချမ်းသာရပါတယ်။ အရှင်မင်းကြီးက သန်စွမ်းကျန်းမာတုန်းပဲ ရှိသေးတာ။ နောက်နောင် ငယ်ရွယ်တဲ့ ကိုယ်လုပ်တော်တွေနဲ့ ပိုပြီးရင်းရင်းနှီးနှီးနေပြီး မြေးတော်လေးတွေ ထပ်မွေးပေးရင် အိုက်ကျား ကျေနပ်ပါပြီ”
ယုံးကျားဧကရာဇ်က ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်များ တွန့်ရှုံ့သွားပြီး အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်ကာ မမြင်ရသည်က အကောင်းဆုံးဟု သဘောပိုက်လိုက်တော့သည်။
ယုံးကျားဧကရာဇ်သည် အသစ်ကို နှစ်သက်သော်လည်း အဟောင်းကို မမေ့တတ်သူ ဖြစ်သဖြင့် မုန့်ဖေးကို ဂရုစိုက်ရန် မေ့လျော့ခြင်း မရှိပေ။ သူ၏ အကြည့်များက မုန့်ဖေး၏ မျက်နှာပေါ်တွင် ဝဲပျံသွားပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။ “မုန့်ဖေးက တော်တော်လေး ပိန်ပြီး နွမ်းနယ်သွားတာပဲ”
မုန့်ဖေးသည် မျှော်လင့်တကြီးဖြင့် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီးမှ နောက်ဆုံးတွင် ယုံးကျားဧကရာဇ်၏ အာရုံစိုက်မှုနှင့် ဂရုစိုက်မှုကို ရရှိလိုက်သဖြင့် နှာခေါင်းများ ရှုံ့မဲ့သွားကာ မျက်ဝန်းအိမ်များ နီရဲလာပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်တော့သည်။ “အရှင်မင်းကြီး စစ်ထွက်သွားပြီးတဲ့နောက် ချန်ချဲ့စိတ်ထဲမှာ အရှင်မင်းကြီးကိုပဲ တမ်းတနေမိပြီး ထမင်းမဝင် ရေမဝင်နဲ့ အိပ်မပျော် စားမဝင် ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်း အားယိ ခြေထောက်ဒဏ်ရာ ရသွားတယ်လို့ ကြားလိုက်ရတော့ ချန်ချဲ့ရင်ထဲမှာ ဓားနဲ့မွှန်းသလို ခံစားရပြီး အဲဒီတုန်းကတည်းက အိပ်ရာထဲ လဲတော့တာပါပဲ”
မုန့်ဖေးသည် အပြင်းအထန် နေမကောင်း ဖြစ်ပြီးနောက်တွင် ကျန်းမာရေးက ယခင်နှင့်မတူဘဲ ယိုယွင်းလာခဲ့သည်။ ယနေ့တွင် မိတ်ကပ်များဖြင့် သေသေချာချာ ပြင်ဆင်ထားသော်လည်း မျက်လုံးထောင့်မှ တိုးပွားလာသော အရေးအကြောင်းများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ရုပ်သွင်ပျိုမြစ်မှုသည် အိုမင်းလွယ်ပြီး အလှတရားသည် အချိန်နှင့်အမျှ ပျောက်ကွယ်သွားတတ်စမြဲပင်။ ဤသည်မှာ လောကရှိ လှပသူအားလုံး မလွန်ဆန်နိုင်သော ဝမ်းနည်းဖွယ်ရာ အမှန်တရားပင်။
ယုံးကျားဧကရာဇ်သည် လေသံတိုးတိုးဖြင့် နှစ်သိမ့်စကား အနည်းငယ် ပြောကြားပြီးနောက် ချင်ဖေးဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။ “ဒီနေ့ မူဟုပ် ကျန်းမာပြီး မျက်နှာအဆင်း ကြည်လင်နေတာကို တွေ့ရတော့ ကျန်း ဝမ်းသာမိပါတယ်။ ထက်ဝက်လောက်က မင်းရဲ့ အားထုတ်မှုတွေပါပဲ။ ကျန်း စိတ်ထဲမှာ မှတ်ထားပါတယ်”
ချင်ဖေးသည် ကျေးဇူးတင်ဝမ်းမြောက်သည့် အမူအရာကို ထုတ်ဖော်ပြသလိုက်လေသည်။ “ချန်ချဲ့က မယ်တော်ကြီးကို ပြုစုစောင့်ရှောက်ခွင့် ရတာက ဘဝဆက်ဆက် ကုသိုလ်ထူးလို့ပါပဲ။ အားထုတ်မှုရဲ့ အကျိုးကျေးဇူး ဆိုတာကိုတော့ ချန်ချဲ့ မခံယူရဲပါဘူး”
ကျန်ရှိနေသော ကိုယ်လုပ်တော်များကိုမူ ဧကရာဇ်မင်းမြတ်က သဘာဝကျစွာပင် လစ်လျူရှုထားလိုက်တော့သည်။
ချောင်မိဖုရားခေါင်က ပြုံးလျက် ပြောလိုက်လေသည်။ “မွန်းတည့်နေပါပြီ။ ချန်ချဲ့က စားဖိုဆောင်ကို နန်းတွင်းစားပွဲတော် ပြင်ဆင်ခိုင်းထားပါတယ်။ အခုပဲ ပွဲတော်တည်ဖို့ ပြင်လိုက်ပါ့မယ်”
ယုံးကျားဧကရာဇ်က ခေါင်းအနည်းငယ် ညိတ်လိုက်၏။
...
နန်းတွင်းစားပွဲတော်ကို ရှို့နင်နန်းဆောင် အတွင်း၌ပင် ခင်းကျင်းထားပြီး ပုံမှန်အတိုင်းပင် လူနှစ်ဦးလျှင် စားပွဲတစ်ဝိုင်း ကျစီ ဖြစ်လေသည်။
မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်ကို သူမ၏ ဘေးနားသို့ တိုက်ရိုက် ခေါ်ယူလိုက်ပြီး သားအမိနှစ်ယောက် စားပွဲတစ်ဝိုင်းတည်း အတူထိုင်လိုက်ကြသည်။
ချောင်မိဖုရားခေါင်က နှုတ်မှဖွင့်ဟ၍ ဝမ်ကျဲယွီကို ခေါ်လိုက်ရာ ဝမ်ကျဲယွီသည် အံ့သြဝမ်းသာ ဖြစ်သွားသော်လည်း မုန့်ဖေးနှင့် ချင်ဖေးတို့၏ စားမတတ် ဝါးမတတ် ကြည့်နေသော အကြည့်များအောက်တွင် ချောင်မိဖုရားခေါင်၏ ဘေး၌ ဝင်ထိုင်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ယခုအချိန်တွင် သဘောထားကြီးစွာဖြင့် ဝမ်ကျဲယွီအပေါ် အထူးတလည် ကြင်နာဖော်ရွေနေတော့သည်။ “မင်းက မင်းသမီးလေးကို မွေးဖွားပေးခဲ့တဲ့ အားထုတ်မှု ရှိတယ်လေ။ အရှင်မင်းကြီးက မင်းကို သတိရနေပြီး မင်းကိုပဲ ပိုကြည့်ချင်နေတာ။ မင်း ပန်ကုံးရဲ့ ဘေးမှာပဲ ဝင်ထိုင်နေလိုက်”
ချောင်မိဖုရားခေါင်က ဤသို့ မြှောက်စားပေးသဖြင့် ဝမ်ကျဲယွီမှာ ကျေးဇူးတင်မဆုံး ဖြစ်နေသည်ကို အထူးတလည် ပြောပြနေစရာ မလိုတော့ပေ။
ယုံးကျားဧကရာဇ်ကလည်း ချောင်မိဖုရားခေါင်သည် သူတစ်ပါးစိတ်ကို နားလည်ပေးတတ်သည်ဟု ခံစားလိုက်ရပြီး ဒီညတော့ ကျောင်းဖန်နန်းဆောင်၌ အိပ်စက်ကာ မိဖုရားခေါင်ကို မျက်နှာသာ ပေးရဦးမည်ဟု တွေးတောလိုက်လေသည်။
မင်းသားနှင့် မင်းသားကြင်ရာတော်များမှာ လင်မယားစုံတွဲလိုက် တစ်ဝိုင်းစီ အတူတကွ ထိုင်လိုက်ကြသည်။
လီကျင့်သည် အဝကျယ်အင်္ကျီလက်အောက်မှနေ၍ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားလိုက်လေသည်။ လုမင်ယွိက ခေါင်းငဲ့ကာ လီကျင့်ကို တစ်ချက် ပြုံးပြလိုက်သည်။ လီကျင့်ကလည်း ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ ဇနီးမောင်နှံကြားမှ ချစ်ခင်ကြင်နာမှုတို့သည် အကြည့်ချင်း ဖလှယ်လိုက်သည့် ခဏတာအတွင်း တိတ်တဆိတ် စီးဆင်းသွားကြတော့သည်။
ပထမမင်းသားနှင့် ပထမမင်းသား ကြင်ရာတော်တို့မှာ ကြာရှည်စွာ ခွဲခွာနေရပြီးမှ ပြန်လည် ဆုံတွေ့ကြရသဖြင့် ယနေ့တွင် အထူးတလည် ရင်းနှီးကျွမ်းဝင်နေကြသည်။
ပထမမင်းသား ကြင်ရာတော်သည် ပိန်ကျသွားသော ခင်ပွန်းသည်ကို ကြည့်ရင်း စိတ်နှလုံး နာကျင်စွာဖြင့် ပြောလိုက်လေသည်။ “အရှင်မင်းသား ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပိန်သွားရတာလဲ”
ပထမမင်းသားသည် ဇနီးသည်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်၏။ “မင်းက ကိုယ့်ကို ဂရုစိုက်ပေးလို့ တော်ပါသေးတယ်”
ထိုစကားမှာ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကို သနားခြင်းများ ပါဝင်နေလေသည်။
ပထမမင်းသား ကြင်ရာတော်သည် စိတ်ထဲတွင် မကောင်းဖြစ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။ “အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာတာပဲ တော်ပါပြီ။ နောက်ပိုင်း ကောင်းကောင်း အနားယူလိုက်ရင် ပြန်ကောင်းလာမယ့်ရက် ရောက်လာမှာပါ”
စစ်တပ်ထဲတွင် ၁နှစ်ကျော်ကြာအောင် ကုသနေခဲ့သော်လည်း ခြေထောက်ဒဏ်ရာမှာ ပျောက်ကင်းမလာခဲ့ပေ။ သူသည် လုံးဝ ခြေထော့နေသူတစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်ရာ မည်သည့်နေရာတွင် ပြန်ကောင်းလာနိုင်မည့် အခွင့်အရေး ရှိတော့ပါမည်နည်း။
ပထမမင်းသားသည် စိတ်ထဲတွင် မှောင်မိုက်လေးလံနေသဖြင့် စကားဆက်မပြောတော့ချေ။
ကြာရှည်စွာ ခွဲခွာရပြီးမှ ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်သော်လည်း လီဟောက်နှင့် မုန့်ယွင်လော်တို့ ဇနီးမောင်နှံမှာတော့ နည်းနည်းလေးမှ ရင်းနှီးပုံ မရပေ။ မုန့်ယွင်လော်၏ စိတ်ထဲတွင် မနာလိုဝန်တိုမှုများနှင့် ဒေါသများ ပြည့်နှက်နေပြီး လီဟောက်ကတော့ ယင်းကို လုံးဝ သတိမထားမိပေ။ သူ၏ စိတ်တစ်ဝက်မှာ လုမင်ယွိတွင် ကိုယ်ပိုင်တပ်ဖွဲ့ မကြာမီ ရရှိတော့မည့် ကိစ္စပေါ်တွင် ရောက်နေပြီး ကျန်စိတ်တစ်ဝက်မှာ မိခင်ဖြစ်သူ ပေါ်မလာရသည့်အကြောင်းအရင်းကို တွေးတော သံသယဝင်နေခြင်း၌ ရောက်ရှိနေလေသည်။
“မူဖေးက ဘယ်ရောက်နေတာလဲ” လီဟောက်က အနားသို့ တိုးကပ်သွားပြီး အသံနှိမ့်ကာ မေးလိုက်လေသည်။ “ဒီလို အခမ်းအနားမျိုးမှာ မူဖေးက ဘာလို့ ထွက်မလာတာလဲ”
မုန့်ယွင်လော်သည် မနာလိုဝန်တိုမီးများဖြင့် အသိစိတ် လွင့်ပါးနေပြီဖြစ်ရာ နှုတ်ခမ်းထောင့်များ တွန့်ကွေးလျက် အေးစက်စွာ ပြုံးလိုက်ပြီး ရက်စက်သော အမှန်တရားကို ထုတ်ဖော် ပြောဆိုလိုက်တော့သည်။ “မူဖေးက သေသွားပြီ။ ထိုက်ဇီဖေး ကိုယ်တိုင် ကွပ်မျက်လိုက်တာ”
လီဟောက် “...”
ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
လီဟောက်၏ ဦးနှောက်ထဲတွင် ‘ဝုန်း’ ခနဲ ဖြစ်သွားပြီး ရုတ်တရက် ဗလာနတ္ထိ ဖြစ်သွားကာ ခန္ဓာကိုယ် ယိမ်းယိုင်သွားတော့သည်။
သူသည် မုန့်ယွင်လော်ကို စိုက်ကြည့်လိုက်ရာ မျက်လုံးများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောက်ပနေပြီး အသံမှာလည်း အလွန်အမင်း အက်ကွဲရှတနေလေသည်။ “မင်း ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက် ပြန်ပြောစမ်း”
မုန့်ယွင်လော်သည် စိုက်ကြည့်ခံလိုက်ရသဖြင့် စိတ်ထဲတွင် ကြောက်လန့်သွားပြီး လက်ဖဝါးတွင် ချွေးစေးများ ပြန်လာတော့သည်။ ထိုအချိန်ကျမှ သူမသည် မဆင်မခြင် စကားပြောမိလိုက်ကြောင်း သတိထားမိသွားတော့၏။ ဘယ်လိုပဲဖြစ်ဖြစ် နန်းတွင်းစားပွဲတော် ပြီးဆုံး၍ အိမ်တော်သို့ ပြန်ရောက်မှ အကျိုးအကြောင်းကို ဖြည်းဖြည်းချင်း ပြောပြသင့်သည် မဟုတ်ပါလား။
“ငါ့ကို ပြောစမ်း။ မူဖေး ဘာဖြစ်သွားတာလဲ” လီဟောက်သည် သွားကြားထဲမှ စကားလုံးများကို ညှစ်ထုတ်လိုက်ရာ လူကို ဝါးမြိုတော့မည့် သားရဲတစ်ကောင်အလားပင်။
မုန့်ယွင်လော်သည် ကြောက်လည်းကြောက်၊ ဝမ်းလည်းနည်းသွားကာ မျက်ရည်များ ချက်ချင်း စီးကျလာပြီး မထိန်းချုပ်နိုင်ဘဲ အသံမြင့်ကာ ပြောလိုက်မိတော့သည်။ “မူဖေးက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သေသွားပြီ။ လုမင်ယွိက အဆိပ်အရက် တိုက်ပြီး မူဖေးကို သတ်လိုက်တာ။ ကျွန်မက မူဖေး အသက်ကို ရန်ရှာခဲ့တာမှ မဟုတ်တာ။ ရှင်က ကျွန်မကို ဘာလို့ လာအော်ဟစ်နေတာလဲ။ အရည်အချင်း ရှိရင် ရှင် အခုပဲ သူ့ကို သွားပြီး လက်စားချေလိုက်လေ...”
လီဟောက်၏ နားထဲတွင် မိုးခြိမ်းသံများ ဆက်တိုက် မြည်ဟီးနေတော့သည်။
မုန့်ယွင်လော် ဘာပြောနေသည်ကို သူ မကြားရတော့ပေ။
ခေါင်းထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
မူဖေး သေပြီ။
သူ့ကို မွေးဖွားသန့်စင်ပေးခဲ့သော မိခင်အရင်းသည် သူ မသိလိုက်သည့် အချိန်လေးအတွင်းမှာပင် တိတ်တဆိတ် သေဆုံးသွားခဲ့ပြီ။
လုမင်ယွိက သူ့ကို မုန်းလျှင် သူ့ကို လာသတ်ပေါ့။ ဘာကြောင့် သူ့မိခင်ကို သတ်ရတာလဲ။
‘ဝုန်း’ ခနဲ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး လီဟောက်၏ ရှေ့မှ စားပွဲခုံ လဲပြိုသွားကာ ပန်းကန်ခွက်ယောက်များ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲ ကွဲအက်ကုန်တော့သည်။ နန်းဆောင်ထဲရှိ လူအားလုံး လန့်ဖျပ်သွားကြပြီး ရုတ်တရက် ထရပ်ကာ စားပွဲကို ကန်မှောက်လိုက်သော လီဟောက်ကို ပြိုင်တူ ကြည့်လိုက်ကြလေသည်။
ယုံးကျားဧကရာဇ်သည် လျင်မြန်စွာ ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ “ရိုင်းစိုင်းလှချည်လား။ မင်း ဒါ ဘာလုပ်တာလဲ”
လီဟောက်သည် ဘာကိုမျှ မကြားသည့်အလား ထိုက်ဇီဖေး၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ “လုမင်ယွိ!”
...