အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အပိုင်း (၄၄၂) မိုးကြိုးပစ်ခြင်း (၂)
လီဟောက်သည် စိတ်လွတ်နေသည့် သားရဲတစ်ကောင်အလား မျက်ဝန်းများ နီရဲလျက် ရှိနေလေသည်။
လုမင်ယွိကတော့ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ထရပ်လိုက်ကာ လီဟောက်နှင့် မျက်လုံးချင်းဆုံကာ ကြည့်ရင်း အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “စူးဖေးက တကယ်ပဲ သေသွားပြီ။ သူ့ကို ကျွန်မကိုယ်တိုင် သေလမ်းပို့ပေးလိုက်တာ”
လီကျင့်သည် ချက်ချင်း ထရပ်လိုက်ပြီး လီဟောက်နှင့် အကြည့်ချင်းဆုံကာ ပြောလိုက်လေသည်။ “မင်း စိတ်ထဲမှာ မကျေနပ်ရင် ငါ့ဆီပဲ တန်းလာခဲ့လိုက်”
လီဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး လှုပ်ရှား၍ပင် မရတော့ချေ။ ပါးစပ်မှလည်း စကားတစ်ခွန်းမျှ ထွက်မလာတော့ဘဲ နားနှစ်ဖက်ကသာ အသံများကို ကြားနေရလေသည်။
မူလက ဒေါသထွက်နေသော ယုံးကျားဧကရာဇ်သည်လည်း လုမင်ယွိ၏ စကားကြောင့် ထိတ်လန့်အံ့သြသွားပြီး ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်လေသည်။ “ဟွမ်ဟုပ်၊ စူးဖေး တကယ်ပဲ သေသွားပြီလား။ ဒါက ဘယ်လိုဖြစ်ရတာလဲ”
ချောင်မိဖုရားခေါင်က စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ထရပ်ကာ ပြန်လည်ဖြေကြားလိုက်ရတော့သည်။ “ဒီကိစ္စက နန်းတွင်းအရှက်ရစရာ ကိစ္စမို့လို့ ချန်ချဲ့က အရှင်မင်းကြီးကို သီးသန့် လျှောက်တင်မလို့ပါပဲ။ အခုကြည့်ရတာတော့ လူရှေ့မှာ ပြောမှဖြစ်တော့မယ့်ပုံပဲ”
စူးဖေး သေဆုံးခြင်းက နန်းတွင်းထဲတွင် လျှို့ဝှက်ချက် မဟုတ်ဘဲ လူတိုင်း သိရှိပြီးသား ကိစ္စပင်။
သို့သော် ဤကိစ္စ၏ အဖြစ်မှန်ကို မည်သူမျှ ရှင်းလင်းစွာ မပြောခဲ့ကြပေ။ ပြည်တည်နေသော အနာစိမ်းတစ်ခုကို ယခုမှ လူအများရှေ့တွင် ညှစ်ထုတ်လိုက်သကဲ့သို့ လူတိုင်းက မျက်လုံးများပြူးကာ နားစွင့်နေကြတော့သည်။
မယ်တော်ကြီးကျောက်က ဤအချိန်တွင် ထရပ်ကာ ပြောလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ “ဒါက ဘာများ ဖုံးကွယ်ထားစရာ ရှိလို့လဲ။ အိုက်ကျား သဘောအရဆိုရင် စောစောစီးစီး လူသိရှင်ကြား ကြေညာပြီး စူးဖေး လုပ်ခဲ့တဲ့ မကောင်းမှုတွေကို အားလုံးသိအောင် လုပ်လိုက်သင့်တာ”
“စူးဖေးက လုရှီ နန်းတော်ထဲမှာ မရှိတဲ့အချိန် အခွင့်ကောင်းယူပြီး အတွင်းနန်းဆောင်ကုန်းကုန်းကို လာဘ်ထိုးတယ်။ ပြီးတော့ ရွှီအာနဲ့ ရွှမ်းအာကို အဆိပ်ခတ် လုပ်ကြံခဲ့တာ။ ရွှမ်းအာကတော့ ကံကောင်းလို့ လွတ်သွားပေမယ့် ရွှီအာကတော့ အဆိပ်မိသွားခဲ့တယ်။ သနားစရာကောင်းလိုက်တဲ့ ၂နှစ်တောင် မပြည့်သေးတဲ့ ကလေးလေးက အော့အန် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး နေ့တိုင်း အပ်စိုက်ဆေးကု၊ ဆေးရည်စိမ်ပြီး ခါးသက်လွန်းတဲ့ ဆေးရည်တွေကို သောက်ခဲ့ရတာ။ အသက်တစ်ချောင်းတောင် တစ်ဝက်လောက် ပါသွားခဲ့ရတယ်”
“ဒီလို စိတ်ထားယုတ်မာတဲ့ မိန်းမကို စောစောစီးစီး မသတ်ပစ်ဘဲ တခြားလူတွေကို ဒုက္ခပေးအောင် နန်းတော်ထဲမှာ ဆက်ထားရဦးမှာလား”
“ဟွမ်ဟုပ်က စူးဖေးကို ထိုက်ဇီဖေး လက်ထဲအပ်ပြီး စီရင်ခိုင်းမယ်လို့ အတင်းအကျပ် ပြောနေလို့သာ။ မဟုတ်ရင် အိုက်ကျားက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်လိုက်ပြီ”
မယ်တော်ကြီးကျောက်သည် တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး သေဆုံးသွားသော စူးဖေးကို တစ်ဖန်ပြန်လည် ဆွဲထုတ်ကာ အားမနာတမ်း ဆဲဆိုကြိမ်းမောင်းနေတော့သည်။ “ယုတ်မာတဲ့မိန်းမ” ဟု ထပ်ကာထပ်ကာ ဆဲဆိုလိုက်ရမှ ဒေါသပြေသွားတော့သည်။
ယုံးကျားဧကရာဇ်သည် အစပိုင်းတွင် ထိတ်လန့်ဒေါသထွက်နေသော်လည်း ယခုအခါ အသိစိတ် ပြန်ဝင်လာလေသည်။
သူ၏ အကြည့်များသည် ချောင်မိဖုရားခေါင်၏ မျက်နှာကို ဖြတ်ကျော်ကာ ချွေးမတော် လုမင်ယွိ၏ မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။ “မယ်တော်ကြီး ပြောတာတွေက အမှန်တွေလား။ ရွှီအာကို ဒုက္ခပေးတာ စူးဖေးဆိုတာ သေချာလို့လား”
လုမင်ယွိ၏ မျက်နှာပေါ်တွင် ပိုမိုသော ခံစားချက် အမူအရာများ မရှိပေ။ “အဲဒီအချိန်တုန်းက ကျွန်မက စစ်တပ်ကို ဦးဆောင်ပြီး ညဘက် စစ်စခန်းကို ဝင်တိုက်နေလို့ နန်းတော်ထဲမှာ မရှိပါဘူး။ ရွှီအာ အဆိပ်ခတ် လုပ်ကြံခံရတော့ မူဟုပ်နဲ့ အဘွားတော်တို့က စိတ်ပူပြီး တုံးပင်ကျွင်းဝမ်ကို နန်းတော်ထဲမှာ စုံစမ်းစစ်ဆေးခိုင်းပါတယ်။ နောက်ဆုံးမှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အဆိပ်ခတ်သူက စူးဖေး ဖြစ်နေပါတယ်”
“ဖုဟွမ်အနေနဲ့ တုံးပင်ကျွင်းဝမ်ကို နန်းတော်ထဲ ခေါ်ပြီး အကျိုးအကြောင်း မေးမြန်းနိုင်ပါတယ်”
စူးဖေးက လက်လွန်ခဲ့သည် ဆိုလျှင်တောင် လူကို ချန်ထားသင့်သည်။ သူပြန်လာမှ ကိုယ်တိုင် စီရင်ဆုံးဖြတ်မည် မဟုတ်ပါလား။ ထိုက်ဇီဖေး တစ်ယောက်အနေဖြင့် တတိယမင်းသားနှင့် ပဥ္စမမင်းသားတို့၏ မိခင်အရင်း၊ ဧကရာဇ်မင်းမြတ်၏ ကိုယ်လုပ်တော်တစ်ပါးကို ကိုယ်တိုင် ကွပ်မျက်လိုက်သည်ဆိုတော့ မည်သို့သောသဘောမျိုး သက်ရောက်သွားပါသနည်း။
သူ့ကို ဧကရာဇ်မင်းမြတ် တစ်ပါးအနေဖြင့် မျက်လုံးထဲ ထည့်သေးရဲ့လား။
ယုံးကျားဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှ ဒေါသများက လည်ချောင်းဝသို့ ရောက်လာသော်လည်း ခဏမျှ မြိုသိပ်လိုက်ပြီး ပြန်လည် မျိုချလိုက်ရသည်။
လီကျင့်က လက်နှစ်ဖက်ကိုယှက်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ “ဖုဟွမ်၊ သားတော် ပြောစရာ ရှိပါတယ်”
ယုံးကျားဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လီကျင့်ကို ကြည့်လိုက်သည်။ “မင်း ဘာပြောစရာ ရှိလို့လဲ”
လီကျင့်က မျက်လွှာပင့်ကာ ယုံးကျားဧကရာဇ်နှင့် အကြည့်ချင်းဆုံလိုက်၏။ “သားတော်က ပြန်လာတာ နောက်ကျသွားလို့ နောင်တရမိပါတယ်။ မဟုတ်ရင် ကိုယ်တိုင် လက်စားချေမယ့်သူက သားတော် ဖြစ်သင့်တာပါ”
ယုံးကျားဧကရာဇ် “...”
ယုံးကျားဧကရာဇ် ဘာမှ ပြန်မပြောနိုင်တော့ပေ။
တောင့်တောင့်ကြီး ရပ်နေသော လီဟောက်သည်လည်း စကားမပြောပေ။ သူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မျက်နှာထား တင်းမာနေပြီး ဘာစကားကို ကြားကြား တုံ့ပြန်မှု မရှိတော့ချေ။ ထို့နောက် ရုတ်တရက် ဘာလက္ခဏာမှမပြဘဲ လဲကျသွားလေတော့သည်။
လူတိုင်းသည် ဤရုတ်တရက် အပြောင်းအလဲကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားကြတော့၏။
လုမင်ယွိက အနီးဆုံးတွင် ရှိနေသဖြင့် အလိုအလျောက် ဝင်ရောက်တွဲကူရန် လက်လှမ်းလိုက်မိသည်။ လီဟောက်၏ ဝတ်ရုံလက်ကို မထိမိခင်မှာပင် လက်ကို ပြန်ရုတ်သိမ်းလိုက်တော့သည်။
လီကျင့်သည်လည်း လျင်မြန်စွာ လက်လှမ်းပြီး ဝင်ရောက်တွဲကူလိုက်သော်လည်း စားပွဲတစ်လုံး ခံနေသဖြင့် လီဟောက်၏ ရင်ဘတ်အင်္ကျီစကိုသာ လှမ်းဆွဲမိလိုက်သည်။ ‘ဗြိ’ ခနဲ အသံနှင့်အတူ လီဟောက်၏ ရင်ဘတ်အင်္ကျီစ ပြဲထွက်သွားပြီး လီကျင့်၏ လက်ထဲတွင် အဝတ်စုတ်တစ်စ ကျန်ရစ်ခဲ့လေသည်။
လီဟောက်သည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။
မုန့်ယွင်လော်သည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ပြေးဝင်လာကာ လီဟောက်၏ ကိုယ်ပေါ်သို့ ပစ်လှဲချလိုက်သည်။ ထိုအမူအရာမှာ လီဟောက် အသက်ထွက်သွားပြီ ဟူသော ပုံစံမျိုးပင်။ နားကွဲမတတ် စူးရှသော ငိုကြွေးသံကြီးက လူအများ၏ နားစည်ကို ဖောက်ထွက်သွားတော့မတတ်ပင်။
ဤနန်းတွင်းစားပွဲတော်သည်လည်း ဆက်လက် ကျင်းပနိုင်တော့မည် မဟုတ်ပေ။
ယုံးကျားဧကရာဇ်သည် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး ပြောလိုက်ရတော့သည်။ “လာကြပါဦး။ တော်ဝင်သမားတော်ကို ခေါ်လိုက်”
...
လီဟောက်ကို ဘေးခန်းဆောင်သို့ သယ်ဆောင်သွားကြပြီး မုန့်ယွင်လော်သည်လည်း ငိုကြီးချက်မနှင့် လိုက်ပါသွားလေသည်။
မယ်တော်ကြီးကျောက်သည် အလွန် စိတ်ပျက်သွားပြီး ပွစိပွစိ ပြောချင်နေသော်လည်း မျက်နှာ မည်းမှောင်နေသော ယုံးကျားဧကရာဇ်ကို ကြည့်ကာ ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ချောင်မိဖုရားခေါင်၏ အကြည့်များက လူအများ၏ မျက်နှာအမူအရာများကို ဖြတ်ကျော်သွားပြီးနောက် အမိန့်ပေးလိုက်၏။ “မင်းတို့အားလုံး ကိုယ့်နန်းဆောင်ကိုယ် ပြန်ကြတော့။ ဒီနေ့ ရှို့နင်နန်းဆောင်ထဲက ကိစ္စကို ဘယ်သူမှ လျှောက်မပြောရဘူး။ တကယ်လို့ ကောလာဟလ သတင်းတွေ ထွက်လာရင် ပန်ကုံး အလွတ်ပေးမှာ မဟုတ်ဘူး”
စူးဖေးကို ပြတ်ပြတ်သားသား ကွပ်မျက်လိုက်ခြင်းကြောင့် လူတိုင်းသည် လုမင်ယွိကို ပိုမိုကြောက်ရွံ့လာကြသည်သာမက ချောင်မိဖုရားခေါင်ကိုပါ ပိုပြီး လေးစားကြောက်ရွံ့လာကြသည်။ လူတိုင်းက အမိန့်ကို နာခံပြီး အသီးသီး ပြန်လည် ထွက်ခွာသွားကြတော့သည်။
ရှို့နင်နန်းဆောင်မှ ထွက်လာပြီးနောက် မည်သူမျှ စကားပြောချင်စိတ် မရှိကြဘဲ လူစုခွဲလိုက်ကြသည်။
စတုတ္ထမင်းသားက သက်ပြင်းချလိုက်ပြီး ကျောက်ယွီကို တိုးတိုးလေး ပြောလိုက်၏။ “နောက်ဆိုရင် ဒီနန်းတော်ထဲမှာ အေးအေးဆေးဆေး နေရဖို့ မစဉ်းစားနဲ့တော့”
ကျောက်ယွီကလည်း တိုးတိုးလေး ရေရွတ်လိုက်သည်။ “အေးဆေးတာ မအေးဆေးတာ ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ။ ကျွန်မတို့က ဝေးဝေးမှာ ရှောင်နေလိုက်ရုံပေါ့”
စတုတ္ထမင်းသားက သူမကို စွေကြည့်လိုက်ကာ “ပြောတာတော့ လွယ်တာပေါ့။ တကယ် ပြဿနာတက်လာရင် ရှောင်ချင်လို့တောင် ရမှာမဟုတ်ဘူး”
ကျောက်ယွီသည်လည်း အနည်းငယ် စိတ်ညစ်သွားပြီး သက်ပြင်းချလိုက်မိတော့သည်။
ရှို့နင်နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်က ခဏလောက် စဉ်းစားလိုက်ပြီး လီကျင့်နှင့် လုမင်ယွိကို ပြောလိုက်၏။ “မင်းတို့နှစ်ယောက်လည်း အရှေ့နန်းဆောင်ကို အရင် ပြန်နှင့်ကြ”
လီကျင့်သည် ချောင်မိဖုရားခေါင်ကို စိတ်မချသဖြင့် မပြန်ချင်ဘဲ ဖြစ်နေလေသည်။ “စန်းတိက သတိမရသေးတော့ သားတော် စိတ်ထဲမှာ အရမ်း စိုးရိမ်နေမိတယ်။ ဒီမှာပဲ စောင့်နေတာက စိတ်ပိုအေးရတယ်”
ဒီမှာ ဆက်နေရင် ယုံးကျားဧကရာဇ် မျက်စိနောက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေရုံပဲ ရှိမှာ။ အခုထိ မသွားသေးဘူးလား။
ချောင်မိဖုရားခေါင်သည် မသိမသာ လီကျင့်ကို မျက်စောင်းထိုးလိုက်ပြီး လုမင်ယွိကို မျက်ရိပ်ပြလိုက်လေသည်။
လုမင်ယွိက ခေါင်းအသာညိတ်လိုက်ပြီး လီကျင့်၏ ဝတ်ရုံလက်ကို ဆွဲကာ နှုတ်ဆက်ထွက်ခွာသွားတော့သည်။
လီကျင့်သည်လည်း လုမင်ယွိနှင့်အတူ လိုက်ပါသွားရတော့သည်။
ဇနီးမောင်နှံနှစ်ဦးသည် ကလေးများကို ခေါ်ဆောင်ကာ အရှေ့နန်းဆောင်သို့ ပြန်လာခဲ့ကြလေသည်။ နို့ထိန်းမေမေများက ကလေးများကို ထမင်းကျွေးရန် ခေါ်သွားကြပြီး ဇနီးမောင်နှံနှစ်ဦးမှာ ခံတွင်းမတွေ့ကြသဖြင့် မျက်နှာချင်းဆိုင်ထိုင်ကာ နှုတ်ဆိတ်နေမိကြသည်။
“ကံကောင်းလို့ ကိုယ် ဖုဟွမ်ဆီက ဆုလာဘ်ကို ကြိုတောင်းထားမိတာ” လီကျင့်သည် ရုတ်တရက် အသံနှိမ့်ကာ ရယ်မောလိုက်လေသည်။ “မဟုတ်ရင် ဖုဟွမ်က စူးဖေး သေသွားတာ သိတာနဲ့ မင်းကို ဒေါသထွက်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး”
အခုတော့ ဧကရာဇ်မင်းမြတ် နှုတ်က ထွက်ပြီးသားမို့ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ပေ။
လုမင်ယွိသည် လီကျင့်၏ ကျေနပ်နေသော ပုံစံကို ကြည့်ပြီး လေးလံနေသော စိတ်များ ပေါ့ပါးသွားကာ ပြုံးရယ်လိုက်မိတော့သည်။ “ရှင်က ဖုဟွမ် ရှင့်ကို ဒေါသထွက်မှာ မကြောက်ဘူးလား”
လီကျင့်က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ “နည်းနည်းလေးမှ မပူဘူးဆိုရင်တော့ လိမ်ရာကျမှာပေါ့။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီပဲ။ ပူနေလည်း အလကားပါပဲ။ ကောင်းတဲ့ဘက်က တွေးကြည့်ရအောင်လေ။ စူးဖေး သေသွားတော့ မင်း ရင်ထဲက အမုန်းတွေ လျော့သွားပြီ။ အခု နေရတာ ပိုပြီး စိတ်ချမ်းသာတယ် မဟုတ်လား”
လုမင်ယွိက သေသေချာချာ စဉ်းစားကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ လောကကြီးထဲမှာ ဒီလူ မရှိတော့ဘူး ဆိုတာ တွေးလိုက်တာနဲ့ ကျွန်မစိတ်ထဲမှာ ပေါ့ပါးလွတ်လပ်သွားသလို ခံစားရတယ်”
လေထုကအစ လတ်ဆတ်သန့်ရှင်းသွားသယောင်ပင်။
လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ “ဒါဆိုရင် ပြီးတာပါပဲ”
နှစ်ယောက်စလုံး လီဟောက် အကြောင်းကို ထည့်မပြောကြတော့ပေ။
ယခင်ဘဝကတည်းက ရှိခဲ့သော ရန်ကြွေးများသည် ယခုဘဝတွင်တော့ သေမှကျေမည့် ပွဲပင် ဖြစ်လေတော့သည်။
...
အပိုင်း (၄၄၃) မုန်တိုင်း (၁)
ရှို့နင်နန်းဆောင်။
လီဟောက်သည် ကုတင်ပေါ်တွင် တောင့်တောင့်ကြီး လဲလျောင်းနေပြီး ချောမောသော မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေကာ သွေးရောင် လုံးဝ မရှိတော့ပေ။
တော်ဝင်သမားတော်ချုပ်ကျိုးသည် ကုတင်ဘေးတွင် ထိုင်ကာ ရွှေအပ်ကို ကိုင်၍ လေးနက်သော အမူအရာဖြင့် လျင်မြန်စွာ ထိုးစိုက်လိုက်လေသည်။ ရွှေအပ်အရှည်ကြီး အရေပြားထဲသို့ စူးဝင်သွားသည့် ခဏ၌ လီဟောက်၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသယောင် ရှိလေသည်။
မျက်လုံးများ ရောင်ကိုင်းနေသော မုန့်ယွင်လော်သည်လည်း ချက်ချင်း အားတက်သွားတော့သည်။ “အရှင်မင်းသား… အရှင်မင်းသား”
သူမမှာ စိတ်လှုပ်ရှားစွာဖြင့် ကုတင်ပေါ်သို့ ပြေးတက်လုနီးပါးပင်။
သမားတော်ချုပ်ကျိုးသည် အနည်းငယ် စိတ်ရှုပ်သွားပြီး လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ “စန်းဟွမ်စစ်ဖေး (တတိယမင်းသား ကြင်ရာတော်)၊ အရှင်မင်းသားအတွက် စိုးရိမ်နေတာကို ကျွန်တော်မျိုး နားလည်ပါတယ်။ ဒါပေမဲ့ အခုက အပ်စိုက်ကုသနေတဲ့အချိန်မို့ အာရုံလွဲလို့ မရပါဘူး။ ကျေးဇူးပြုပြီး စိတ်ကို လျှော့ထားပါ”
မုန့်ယွင်လော်သည် မည်မျှပင် ဒေါသထွက်နေပါစေ ယခုအချိန်တွင် မပေါက်ကွဲရဲသဖြင့် ရှိုက်ကြီးတငင် ဖြေကြားလိုက်ပြီး ခပ်လှမ်းလှမ်းတွင် သွားထိုင်လိုက်ရတော့သည်။ သူမ၏ မျက်လုံးများကတော့ သတိမရသေးသော ခင်ပွန်းသည်အပေါ်တွင်သာ ကပ်ငြိနေလေသည်။
ဒီလောက်ထိ ဖြစ်သွားမယ်မှန်း သိရင် သူမ အဲဒီစကားတွေကို ထုတ်မပြောမိပါဘူး။
တကယ်လို့ လီဟောက်သာ ဒေါသအလွန်အကျွံထွက်ပြီး တစ်ခုခု ဖြစ်သွားခဲ့ရင် သူမနဲ့ ကျန်းအာတို့ ဘယ်လိုလုပ်ကြမလဲ။
ပြီးတော့ ဒီနေ့ လီဟောက်ရဲ့ လုပ်ရပ်ကြောင့် အိမ်ရှေ့စံနန်းဆောင်နဲ့ လုံးဝ ရန်ဘက် ဖြစ်သွားခဲ့ပြီ။ နောက်နောင် ဘယ်လို ဆက်လုပ်ကြမလဲ။
မုန့်ယွင်လော်သည် တွေးလေ ဝမ်းနည်းကြေကွဲလေ ဖြစ်လာပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
သမားတော်ချုပ်ကျိုး “...”
တတိယမင်းသား ကြင်ရာတော်က တကယ်ပဲ နားမလည်တာလား။ အပ်စိုက်ကုသနေတဲ့အချိန်မှာ တိတ်ဆိတ်ဖို့ လိုတယ်ဆိုတာကိုလေ။
သမားတော်ချုပ်ကျိုးသည် နှင်ထုတ်ချင်စိတ်ကို အောင့်အီးမြိုသိပ်လိုက်ပြီး အာရုံကို ပြန်စုစည်းကာ ဆက်လက်၍ အပ်စိုက်ကုသနေလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကုသမှု ပြီးဆုံးသွားလေသည်။ သူသည် နဖူးပေါ်မှ ချွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး ရွှေအပ်များကို သိမ်းဆည်းလိုက်သည်။ မျက်လုံးများ ရောင်ကိုင်းနေသော မုန့်ယွင်လော်က တိုးတိုးလေး မေးလာသည်။ “သမားတော်ချုပ်ကျိုး၊ အရှင်မင်းသား ဘယ်တော့လောက် သတိရလာမလဲ”
သမားတော်ချုပ်ကျိုးက လေးနက်စွာ ဖြေကြားလိုက်၏။ “တတိယမင်းသားက ဝမ်းနည်းလွန်းပြီး ဒေါသအလွန်အကျွံထွက်လို့ သတိလစ်သွားတာပါ။ ကျွန်တော်မျိုး အပ်စိုက်ကုသပေးထားပါပြီ။ ဘယ်အချိန် သတိရမလဲ ဆိုတာတော့ အတိအကျ ပြောလို့ မရသေးပါဘူး”
ပြောလိုက်တော့လည်း အပိုစကားတွေချည်းပဲ။
မုန့်ယွင်လော်သည် သမားတော်ချုပ်ကျိုးကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ “ဒါတွေ ကျွန်မ နားမထောင်ချင်ဘူး။ အရှင်မင်းသား ဘယ်တော့ သတိရမလဲ ဆိုတာပဲ မေးနေတာ”
သမားတော်ချုပ်ကျိုးက ရှက်ရွံ့ဟန်ဆောင်ကာ ပြောလိုက်လေသည်။ “ကျွန်တော်မျိုး အရည်အချင်း ညံ့ဖျင်းလို့ပါ။ တခြားသမားတော်တွေကို ခေါ်ပြီး ကုသကြည့်ပါလား”
မုန့်ယွင်လော် “...”
တော်ဝင်ဆေးကုဌာနတွင် သမားတော်ချုပ်ကျိုး၏ ဆေးပညာသည် အတော်ဆုံးဖြစ်သည်။ သမားတော်ချုပ်ကျိုးတောင် မတတ်နိုင်ရင် တခြားသမားတော်တွေက ဘာလုပ်ပေးနိုင်မှာလဲ။
မုန့်ယွင်လော်သည် ပါးစပ်ပိတ်သွားပြီး ဒေါသလည်းထွက်၊ ဘာလုပ်ရမှန်းလည်း မသိဘဲ ကုတင်ဘေးတွင် မှောက်ကာ ထပ်မံငိုကြွေးပြန်တော့သည်။
...
ထိုအချိန်တွင် ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် တည်ငြိမ်လေးနက်နေပြီး ယုံးကျားဧကရာဇ်၏ မျက်နှာထားမှာမူ ရေကဲ့သို့ အေးစက်တည်ငြိမ်နေလေသည်။
ဧကရာဇ်နှင့် မိဖုရားခေါင် နှစ်ပါးစလုံး စကားမပြောကြပေ။ ဘေးနားတွင် ခစားနေကြသော နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများမှာ ခေါင်းငုံ့ထားကြပြီး အသက်ပင် ပြင်းပြင်း မရှူရဲကြချေ။ အချိန်မည်မျှ ကြာသွားသည်မသိ။ အတွင်းနန်းဆောင်ကုန်းကုန်း တစ်ဦး ဝင်ရောက်လာပြီး လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး၊ တုံးပင်ကျွင်းဝမ်က ဝင်ရောက်ခစားခွင့် တောင်းခံနေပါတယ်”
ယုံးကျားဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ “ဝင်ခိုင်းလိုက်”
ဘယ်လိုပဲဖြစ်ဖြစ် စူးဖေးသည် သူ့ကို နှစ်ပေါင်းများစွာ ပြုစုခဲ့ပြီး သားတော်နှစ်ပါး မွေးဖွားပေးခဲ့သူ ဖြစ်သည်။ ယနေ့ ရုတ်တရက် စူးဖေး၏ သေဆုံးသတင်းကို ကြားလိုက်ရသဖြင့် ယုံးကျားဧကရာဇ်၏ စိတ်အခြေအနေမှာ ကောင်းမွန်ခြင်း မရှိပေ။
ချောင်မိဖုရားခေါင်က ချက်ချင်း ထရပ်လိုက်လေသည်။ “ချန်ချဲ့ ခဏ ရှောင်ပေးပါ့မယ်”
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။ ချောင်မိဖုရားခေါင် ထွက်သွားပြီးနောက် တုံးပင်ကျွင်းဝမ်သည် ဝင်ရောက်လာပြီး လက်နှစ်ဖက်ယှက်ကာ အရိုအသေ ပြုလိုက်လေသည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ယုံးကျားဧကရာဇ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။ “စူးဖေးက ရွှီအာကို အဆိပ်ခတ် လုပ်ကြံတဲ့ကိစ္စကို မင်း ကိုယ်တိုင် စစ်ဆေးခဲ့တာပဲ။ အခု အမှန်အတိုင်း ပြန်လျှောက်တင်စမ်း။ နည်းနည်းလေးမှ ဖုံးကွယ်ထားတာမျိုး မရှိစေနဲ့”
တုံးပင်ကျွင်းဝမ်သည် ကြိုတင်ပြင်ဆင်လာခဲ့ပြီးဖြစ်ရာ အမှုတွဲမှတ်တမ်းကို ဆက်သလိုက်လေသည်။ အမှုတွဲမှတ်တမ်းထဲတွင် အသေးစိတ် မှတ်တမ်းများနှင့် ထွက်ဆိုချက်များ အားလုံး ပါဝင်လေသည်။ စုံစမ်းစစ်ဆေးမှု ဖြစ်စဉ်မှာ ရှုပ်ထွေးခြင်း မရှိလှဘဲ အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း ရှင်းလင်းစွာ ပြောပြနိုင်ခဲ့သည်။
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ပြောင်းလဲသွားပြီး ရှုပ်ထွေးသော အကြည့်များဖြင့် တုံးပင်ကျွင်းဝမ်ကို စိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်လေသည်။ “စူးဖေးက ဘာလို့ ရွှီအာကို လုပ်ကြံရတာလဲ”
တုံးပင်ကျွင်းသည် ယုံးကျားဧကရာဇ်၏ ဝမ်းကွဲညီအစ်ကို တော်စပ်ပြီး ငယ်စဉ်ကတည်းက ယုံးကျားဧကရာဇ်၏ နောက်သို့ လိုက်ပါကာ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ ညီရင်းအစ်ကိုကဲ့သို့ ရင်းနှီးသည်ဟု ပြောလျှင်လည်း မမှားပေ။
ယုံးကျားဧကရာဇ်က ဤသို့မေးလာသောအခါ တုံးပင်ကျွင်းကသာ ရဲရဲဝံ့ဝံ့ ဖြေကြားရဲလေသည်။ “တတိယမင်းသားက ယန်ချူတိုက်ပွဲမှာ ထူးချွန်ပြောင်မြောက်စွာ အမှုထမ်းခဲ့လို့ နာမည်ကောင်း ရခဲ့တယ်။ စူးဖေးက အဲဒီအရှိန်အဝါကို အခွင့်ကောင်းယူပြီး ရည်မှန်းချက်ကြီးလာတာပါ။ ဒါပေမဲ့ နည်းလမ်းကတော့ မိုက်မဲလွန်းတယ်။ ရွှီအာကို လုပ်ကြံလိုက်ရင် အိမ်ရှေ့စံနေရာ လစ်လပ်သွားမယ်လို့ ထင်နေတာ။ ဒါဆိုရင် တတိယမင်းသားက ထီးနန်းဆက်ခံခွင့် ရလာမယ်လို့ တွေးနေတာလေ။ တကယ့်ကို မိုက်မဲတဲ့ မိန်းမယုတ်ပါပဲ”
ယုံးကျားဧကရာဇ်၏ မျက်နှာထားမှာ အလွန် ဆိုးရွားသွားတော့သည်။
တုံးပင်ကျွင်းဝမ်က ယုံးကျားဧကရာဇ်၏ မျက်နှာထားကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ “အရှင်မင်းကြီးက ရွှီအာ အဆိပ်မိထားတဲ့ ပုံစံကို မျက်မြင်ကိုယ်တွေ့ မမြင်လိုက်ရလို့ပါ။ အဲဒီလောက် ငယ်ရွယ်တဲ့ ကလေးလေးက အသက်တစ်ဝက်လောက် ပါသွားခဲ့ရတာ။ ကျွန်တော်မျိုး နှစ်ခေါက်လောက် တွေ့ဖူးတယ်။ ရင်ထဲမှာ မကောင်းလိုက်တာမှ လွန်ရောပဲ”
“တကယ်လို့ တစ်ယောက်ယောက်ကသာ ကျွန်တော်မျိုးရဲ့ သားကို အဲဒီလို လုပ်ရဲရင် ကျွန်တော်မျိုး ကိုယ်တိုင် အဲဒီလူကို အပိုင်းပိုင်း ခုတ်ပစ်လိုက်မှာ”
ယုံးကျားဧကရာဇ် “...”
ယုံးကျားဧကရာဇ်သည် စိတ်လှုပ်ရှားလာပြီး တုံးပင်ကျွင်းဝမ်ကို မျက်စောင်းထိုးလိုက်သည်။ “စူးဖေး အမှားလုပ်ခဲ့ရင်တောင် ကွပ်မျက်မယ်ဆိုရင် ငါ ပြန်လာတဲ့အထိ စောင့်သင့်တာပေါ့။ အားဟောက်ကို သူ့အမေနဲ့ နောက်ဆုံးအနေနဲ့ ပေးတွေ့ပြီးမှ သေခွင့်ပေးသင့်တာ။ အားဟောက်က သံယောဇဉ်ကြီးပြီး မိဘကို သိတတ်တဲ့ ကလေး။ ရုတ်တရက် ဒီသတင်းဆိုးကို ကြားလိုက်ရတော့ ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မလဲ”
တုံးပင်ကျွင်းဝမ်က သက်ပြင်းချလိုက်ကာ “အရှင်မင်းကြီးရဲ့ စေတနာကို ကျွန်တော်မျိုး နားလည်ပါတယ်။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီပဲလေ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို အကြံပေးချင်တာ တစ်ခုရှိပါတယ်။ စူးဖေးက သေလည်း သေသွားပြီ။ သူ့အတွက်နဲ့ အိမ်ရှေ့စံနန်းဆောင်နဲ့ စိတ်ဝမ်းကွဲရတာ မတန်ပါဘူး”
“တတိယမင်းသားကတော့ ခဏတာ ဝမ်းနည်းပူဆွေးနေတာ သဘာဝပါပဲ။ အချိန်ကြာလာရင် တဖြည်းဖြည်း မေ့ပျောက်သွားမှာပါ”
ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် တစ်စုံတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားရပြီး ပေါ့ပါးသော စကားလုံး အနည်းငယ်ဖြင့် ဖြေဖျောက်၍ ရနိုင်မည် မဟုတ်ပေ။
သူသည် ကိုက်ခဲနေသော နဖူးကို နှိပ်နယ်လိုက်ပြီး “ငါ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်။ မင်း ပြန်လိုက်တော့” ဟု ပြောလိုက်လေသည်။
တုံးပင်ကျွင်းဝမ်းကလည်း ရိုသေစွာ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
ရှို့နင်နန်းဆောင်မှ ထွက်လာပြီးနောက် တုံးပင်ကျွင်းဝမ်သည် သက်ပြင်းရှည်ကြီး ချလိုက်မိတော့သည်။
အိမ်ရှေ့စံမင်းသားက လီယန့်ကို အိမ်ရှေ့စံနန်းဆောင်၏ အရာရှိအဖြစ် ခန့်အပ်ပေးခဲ့ပြီး မိတ်ဖွဲ့လိုကြောင်း ပြသခဲ့သည်။ ဒီကျေးဇူးကို သူ မျက်ကွယ်ပြု၍ မရပေ။ ယနေ့တော့ ဒီကျေးဇူးကို ပြန်ဆပ်လိုက်ပြီဟု မှတ်ယူရမည်။
...
နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို စိတ်ဝင်စားသူများက မသိဘဲ မနေကြပေ။
ညဉ့်နက်ချိန်တွင်တော့ သတင်းသည် ရှင်းယန်ဝမ်အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။
လုလင်းမှာ အံ့သြမိရင်းက ဒေါသ ထွက်သွားတော့သည်။
စူးရှီ ဆိုတဲ့ မိန်းမယုတ်။ ဒီလို သေသွားတာတောင် သူ့အတွက် သက်သာလွန်းနေသေးတယ်။
“ယိဖု စိတ်လျှော့ပါ” လုဖေးက လျင်မြန်စွာ တိုးတိုးလေး ပြောလိုက်ရသည်။ “ရွှီအာက ဒုက္ခအများကြီး ခံစားခဲ့ရပေမယ့် အခုတော့ အန္တရာယ်ကင်းသွားပါပြီ။ ဟိုမိန်းမယုတ်လည်း စစ်မေ့ကိုယ်တိုင် ကွပ်မျက်လိုက်လို့ မြေကြီးထဲရောက်တာ ကြာနေပြီ”
လုလင်းက နှာခေါင်းရှုံ့လိုက်၏ “တတိယမင်းသားက နန်းတွင်းစားပွဲတော်မှာ ရုန်းရင်းဆန်ခတ်လုပ်ပြီး နေရာမှာတင် သတိလစ်သွားတယ်တဲ့။ အရှင်မင်းကြီးက သားကို ချစ်တော့ သေသွားတဲ့ စူးဖေးကို သတိရပြီး အိမ်ရှေ့စံနဲ့ ထိုက်ဇီဖေးကို အပြစ်တင်တော့မှာ သေချာတယ်”
“ငါ အခုပဲ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကို သွားတွေ့မယ်။ ငါ့သမီးက ဒီလို မတရားအလုပ်ခံ၊ အနိုင်ကျင့်ခံရတာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ”
လုဖေးက ကမန်းကတန်း တားလိုက်လေသည်။ “အခု မိုးချုပ်နေပြီ။ နန်းတော်တံခါးတွေလည်း ပိတ်ထားလောက်ပြီ။ မနက်ဖြန်မှ ဝင်တွေ့လည်း နောက်မကျပါဘူး”
“ငါ တစ်ခဏလေးတောင် မစောင့်နိုင်ဘူး” လုလင်း၏ စိတ်ကြီးပုံက ဘယ်သူမှ တားလို့မရပေ။
လုဖေးသည် မတတ်သာသည့်အဆုံး လိုက်လျောလိုက်ရတော့သည်။ “ဒါဆိုရင် ကျွန်တော် ယိဖုနဲ့အတူ လိုက်ခဲ့မယ်”
သူသည် ပြောရင်းဖြင့် ဇနီးဖြစ်သူ ရှန်းလန်ကို အားနာစွာ ကြည့်လိုက်သည်။
လင်မယားနှစ်ယောက် ကြာရှည်စွာ ခွဲခွာနေရပြီးမှ ပြန်ဆုံတွေ့ရသော်လည်း ဒီညတော့ အိမ်မှာနေပြီး သူမကို အဖော်ပြုပေးနိုင်မည် မဟုတ်ပေ။
ရှန်းလန်က ပြုံးလိုက်ပြီး သန်စွမ်းတုတ်ခိုင်သော သားလေးကို ပွေ့ချီလျက် တိုးတိုးလေး ပြောလိုက်လေသည်။ “စိတ်ချလက်ချ သွားလိုက်ပါ”
လုလင်းနှင့် လုဖေး သားအဖနှစ်ယောက်သည် မြင်းကို အပြင်းနှင်ကာ နန်းတော်သို့ ထွက်ခွာသွားကြသည်။
နန်းတော်တံခါးကြီးကို သော့ခတ်ထားပြီး ဖြစ်သည်။ အနီရောင် တံခါးမကြီး၏ အပြင်ဘက်တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ရှိနေလေသည်။ လုလင်း၏ အကြည့်များ ဝေ့ဝဲသွားပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ အေးစက်စွာ ပြုံးလိုက်မိတော့သည်။
...
အပိုင်း (၄၄၄) မုန်တိုင်း (၂)
မျက်နှာတွင် စိုးရိမ်သော အမူအရာ အပြည့်ဖြင့် မျက်မှောင်ကြုတ်ထားသော ဤအမျိုးသားကြီးမှာ ကွမ်းပင်းနယ်စားမင်းပင် ဖြစ်လေသည်။
ရန်ကြွေးဟောင်း မပြေလည်သေးခင် ရန်ငြိုးသစ် ထပ်ဖြစ်ခဲ့ပြီ။
လုလင်းနှင့် ကွမ်းပင်းနယ်စားတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး လေထဲတွင် မီးပွားများပင် လွင့်ပျံလာတော့မတတ်။
“မိုးချုပ်နေပါပြီ။ ရှင်းယန်ဝမ်က ဘာကိစ္စများ ရှိလို့ နန်းတော်ထဲ အလောတကြီး ဝင်လာတာပါလိမ့်” ကွမ်းပင်းနယ်စားသည် ဒေါသများ အပြည့်ဖြင့် မေးလိုက်ရာ လေသံထဲတွင် ယမ်းငွေ့နံ့များပင် ရနေတော့သည်။ “တတိယမင်းသား သတိလစ်နေတယ်ဆိုတာ ကြားလို့ တမင်သက်သက် လာကြည့်တာများလား”
လုလင်းက မျက်ခုံးပင့်ကာ အေးစက်စွာ ပြုံးလိုက်သည်။ “တတိယမင်းသားရဲ့ အခြေအနေကို ယွဲ့ဖုဖြစ်တဲ့ ခင်ဗျားက ဂရုစိုက်မှာပေါ့။ ကျွန်တော်ကတော့ အိမ်ရှေ့စံနဲ့ ထိုက်ဇီဖေးကိုပဲ စိတ်ပူတယ်။ လူတစ်ချို့က သွေးထိုးလှုံ့ဆော်လို့ အရှင်မင်းကြီးနဲ့ စိတ်ဝမ်းကွဲသွားမှာ စိုးရိမ်လို့လေ”
ကွမ်းပင်းနယ်စားကလည်း ပြန်လည်ကာ အေးစက်စွာ ရယ်မောလိုက်လေသည်။ “ရှင်းယန်ဝမ်ရဲ့ မျက်လုံးထဲမှာတော့ စူးဖေးကို စိတ်တိုင်းကျ ကွပ်မျက်လိုက်တာက ကိစ္စသေးလေးတစ်ခုပဲ ဖြစ်နေတာပေါ့”
“သနားစရာကောင်းတဲ့ တတိယမင်းသားပါပဲ။ စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး သာ့ဝေတိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ယူပေးခဲ့ရတာ။ ပြန်လာတော့ သူ့အမေ သေသွားပြီဆိုတဲ့ သတင်းဆိုးကိုပဲ ကြားလိုက်ရတယ်”
လုလင်းက ကွမ်းပင်းနယ်စားကို စောင်းငဲ့ကြည့်လိုက်သည်။ “စူးဖေး သေသွားတာ အရှင်မင်းကြီး ဝမ်းနည်းမှာပေါ့။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားရဲ့ မယားငယ် သေသွားတာမှ မဟုတ်တာ”
ကွမ်းပင်းနယ်စား “...”
ကွမ်းပင်းနယ်စားနှင့် စူးဖေးတို့ကြားမှ “သံယောဇဉ်ဟောင်း” အကြောင်းကို သိရှိသူ အနည်းငယ် ရှိလေသည်။ ဧကရာဇ်မင်းမြတ်ကို ထောက်ထားသောအားဖြင့် မည်သူမျှ ထုတ်မပြောဘဲ နေခဲ့ကြခြင်းသာ ဖြစ်သည်။
ယခု လုလင်းက ဗြောင်ကျကျ ထုတ်ပြောလိုက်သဖြင့် ကွမ်းပင်းနယ်စား၏ မျက်နှာမှာ နီရဲသွားတော့သည်။
ရှက်ရမ်းရမ်းပြီး ဒေါသထွက်သွားသည်မှာ သေချာလှသည်။
ကွမ်းပင်းနယ်စား၏ အကြည့်များသည် ဓားသွားများကဲ့သို့ လုလင်းထံသို့ ပြေးဝင်သွားလေသည်။
လုလင်းသည် စိတ်ထဲမှ ဒေါသများ အနည်းငယ် ပြေလျော့သွားပြီး ကွမ်းပင်းနယ်စားကို လုံးဝ ဂရုမစိုက်တော့ချေ။
ခဏအကြာတွင် အတွင်းနန်းဆောင်ကုန်းကုန်းတစ်ဦး ထွက်လာခဲ့သည်။ ဧကရာဇ်မင်းမြတ်၏ အပါးတော်မြဲကုန်းကုန်း ဖြစ်သဖြင့် ပုံမှန်အားဖြင့် မာန်မာနထောင်လွှားကာ မည်သည့်အရာရှိကိုမျှ ဂရုစိုက်လေ့မရှိသော်လည်း ယခုအချိန်တွင်တော့ အလွန်ရိုကျိုးနေပြီး မျက်နှာလိုမျက်နှာရ လေသံဖြင့် ပြောလိုက်လေသည်။ “အရှင်မင်းကြီးက ရှင်းယန်ဝမ်နဲ့ မုန့်စစ်သူကြီးတို့ကို ဝင်ခွင့်ပြုလိုက်ပါပြီ”
ကွမ်းပင်းနယ်စားသည် ယန်ချူတိုက်ပွဲတွင် ကြီးမားသော အောင်မြင်မှု ရရှိခဲ့ပြီး စစ်သူကြီးရာထူးကို ပြန်လည် ရရှိခဲ့သည်။ ဘွဲ့တံဆိပ်နှင့် ပတ်သက်၍မူ ဧကရာဇ်မင်းမြတ်၏ ဆုလာဘ်ချီးမြှင့်မှုကို စောင့်ဆိုင်းရဦးမည်။
သို့သော် မျက်စိရှိသူတိုင်း သိကြသည်မှာ မုန့်မိသားစုသည် ကျဆုံးနေသော အခြေအနေမှ လွတ်မြောက်ကာ ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကို ပြန်လည် ရရှိနေပြီ ဖြစ်ကြောင်းပင်။
ကွမ်းပင်းနယ်စားသည် မျက်နှာထား တင်းမာစွာဖြင့် နန်းတော်တံခါးအတွင်းသို့ ဝင်ရောက်သွားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် လုလင်းထက် ခြေတစ်လှမ်း ဦးအောင် လျှောက်လိုက်လေသည်။
လုလင်းသည်လည်း ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ သူသည် အရပ်ရှည်ပြီး ခြေတံရှည်သဖြင့် ခြေလှမ်းသွက်သွက် လှမ်းလိုက်သည်နှင့် ကွမ်းပင်းနယ်စားကို လျင်မြန်စွာ ကျော်တက်သွားတော့၏။ ကွမ်းပင်းနယ်စားက ထပ်မံ၍ ကျော်တက်ချင်ပါက ပြေးလိုက်မှသာ ရတော့မည်။
ကွမ်းပင်းနယ်စား၏ စိတ်ထဲတွင် အောင့်သက်သက် ဖြစ်နေမှုကတော့ ထုတ်ပြောရန်ပင် မလိုတော့ချေ။
သူ နှစ်ပေါင်းများစွာ ထောက်ခံအားပေးခဲ့သော ပထမမင်းသားသည် ယခုအခါ လုံးဝ အသုံးမဝင်တော့ပေ။ လွန်ခဲ့သော ၁နှစ်ကျော်အတွင်း သူသည် စစ်တပ်အတွင်း၌ လီဟောက်ကို ပြောင်းလဲ ထောက်ခံအားပေးခဲ့သည်။ လီဟောက်သည် ဆက်တိုက် စစ်ပွဲများကို အနိုင်ရခဲ့ပြီး ဂုဏ်သတင်းကျော်ကြားလာရာတွင် ကွမ်းပင်းနယ်စား၏ “ကူညီပံ့ပိုးမှု” များ မကင်းပေ။
လီဟောက် သတိမရသေးသဖြင့် ကွမ်းပင်းနယ်စားသည် စိတ်ပူနေပြီး နောက်တစ်နေ့အထိပင် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပေ။ ဤကိစ္စတွင် စူးဖေး၏ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းဒေါသထွက်မှုများ ပါဝင်နေခြင်း ရှိမရှိကိုတော့ ကွမ်းပင်းနယ်စားမှလွဲ၍ မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
...
အတွင်းနန်းဆောင်ကုန်းကုန်းက လုလင်းနှင့် ကွမ်းပင်းနယ်စားတို့ကို ဝမ်ဟွားနန်းဆောင်သို့ ခေါ်ဆောင်သွားလေသည်။
လုဖေးမှာ နန်းဆောင်အတွင်းသို့ ဝင်ရောက်ခွင့် မရှိသဖြင့် ဝမ်ဟွားနန်းဆောင်၏ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရသည်။
မိုးချုပ်သွားသည်နှင့် ဝမ်ဟွားနန်းဆောင်အတွင်း၌ ဖယောင်းတိုင်များကို ထွန်းညှိထားလိုက်ရာ ဖယောင်းတိုင်ဆယ်ချောင်းကျော်၏ အလင်းရောင်ကြောင့် နန်းဆောင်အတွင်းသည် နေ့ခင်းအလား လင်းထိန်နေလေသည်။
ယုံးကျားဧကရာဇ်၏ မကြည်လင်သော မျက်နှာထားကို တောက်ပသော ဖယောင်းတိုင်မီးရောင်အောက်တွင် အထင်းသား မြင်တွေ့နေရ၏။
ကိုယ်လုပ်တော် သေဆုံးသွားခဲ့ရပြီး ချွေးမတော်ကိုယ်တိုင်က လက်စတုံး သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ သားတော်ကလည်း သတိမရသေး။ မည်သူ့စိတ်အခြေအနေမှ ကောင်းမွန်နိုင်မည် မဟုတ်ပေ။ ဤကိစ္စမျိုး နန်းတော်အတွင်း ဖြစ်ပွားခဲ့ခြင်းက ဧကရာဇ်မင်းမြတ်၏ မိသားစုအတွက် အရှက်ရစရာ ကိစ္စပင်။
စိတ်အခြေအနေ မကောင်းသော ဧကရာဇ်မင်းမြတ်သည် မျက်နှာထား တင်းမာနေသော ရှင်းယန်ဝမ်နှင့် ဝမ်းနည်းပူဆွေးနေသော ကွမ်းပင်းနယ်စားတို့ကို မြင်လိုက်ရသောအခါ ခေါင်းပိုကိုက်လာရတော့သည်။
ဒီလောက် မိုးချုပ်နေပြီ။ သူတို့နှစ်ယောက် အနားမယူဘဲ နန်းတော်ထဲ ဝင်လာရတာ ဘာကိစ္စ ရှိနိုင်ဦးမှာလဲ။
တစ်ယောက်က သားမက်အတွက် မတရားမှုကို တိုင်ကြားဖို့၊ နောက်တစ်ယောက်က သမီးနဲ့ သားမက်ကို ကာကွယ်ပေးဖို့ ဆိုတာ သေချာနေတာပဲ။
ရှေ့တွင် ရှိနေသော ဤနှစ်ယောက်သည် သာ့ဝေတိုင်းပြည်၏ အားထားရသော အရာရှိကြီးများ ဖြစ်သလို ခမည်းခမက်များလည်း ဖြစ်ကြသည်။ သာမန်အရာရှိများ မဟုတ်သဖြင့် စိတ်ရှိတိုင်း ကြိမ်းမောင်း၍ မရပေ။
“ကျန်း အရင်ကတည်းက ပြောထားသားပဲ။ ခရီးဝေးက ပြန်လာရတာ ပင်ပန်းတယ်။ အိမ်မှာ ၇ရက်လောက် အနားယူပြီးမှ ညီလာခံတက်ပါလို့” ယုံးကျားဧကရာဇ်သည် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ပြီး “ဒီလောက် မိုးချုပ်နေပြီ။ အိမ်မှာ အနားမယူဘဲ ဘာလို့ နန်းတော်ထဲ ဝင်လာကြတာလဲ။ ဘာအရေးကြီးကိစ္စ ရှိလို့ ရက်အနည်းငယ်လောက်တောင် မစောင့်နိုင်ကြတာလဲ” ဟု ညင်သာသော အသံဖြင့် ပြောလိုက်လေသည်။
သာ့ဝေတိုင်းပြည်၏ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အလျှော့ပေး ချော့မော့ပြောဆိုခြင်းကို ခံရသည်မှာ အရာရှိတစ်ယောက်အနေဖြင့် အမြင့်ဆုံးသော ဘဝပင်။
ယုံးကျားဧကရာဇ်သည် ဤကိစ္စကို ညှိနှိုင်းဖြေရှင်းလိုသည့် သဘောထားမှာ သိသာထင်ရှားလှသည်။
ကွမ်းပင်းနယ်စားသည် အနည်းငယ် တွေဝေသွားပြီးမှ ပါးစပ်ဟရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။
လုလင်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ “ကျွန်တော်မျိုး ဒီနေ့ နန်းတော်ထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ကြားသိရပြီး အလွန်အမင်း တုန်လှုပ်မိပါတယ်။ ရက်အနည်းငယ် မပြောနဲ့၊ တစ်ညတောင် မစောင့်နိုင်တော့လို့ အခုချက်ချင်း အရှင်မင်းကြီးကို လာတွေ့တာပါ။ အဲဒီနေ့တုန်းက ရွှီအာကို လုပ်ကြံတာ စူးဖေးလား ဆိုတာကို အရှင်မင်းကြီး ရှင်းရှင်းလင်းလင်း ပြောပြပေးပါ”
ယုံးကျားဧကရာဇ် “...”
ဤထိုးနှက်ချက်သည် ပြင်းထန်ပြီး တိကျလှသည်။
အရာအားလုံး၏ အရင်းအမြစ်သည် စူးဖေး၏ ယုတ်မာသော စိတ်ထားကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။
ယုံးကျားဧကရာဇ်သည် ပြန်ပြောစရာ စကား မရှိတော့ပေ။
ကွမ်းပင်းနယ်စားသည် အခြေအနေ မဟန်တော့သည်ကို သိလိုက်ပြီး လေးနက်သော အသံဖြင့် ချက်ချင်း ပြောလိုက်လေသည်။ “စူးဖေးက အမှားကြီး ကျူးလွန်ခဲ့တာမို့ ထိရောက်စွာ အပြစ်ပေးပြီး နောင်လူတွေ အတုမယူရဲအောင် လုပ်သင့်ပါတယ်။ ဒါပေမဲ့ စူးဖေးက တတိယမင်းသားနဲ့ ပဥ္စမမင်းသားကို မွေးဖွားပေးခဲ့ပြီး အရှင်မင်းကြီးကိုလည်း နှစ်ပေါင်းများစွာ ပြုစုခဲ့တာမို့ အကျိုးဆောင်မှု အနည်းငယ်တော့ ရှိပါတယ်။ အရှင်မင်းကြီး ကိုယ်တိုင် စီရင်ဆုံးဖြတ်သင့်တာပါ”
“ပြီးတော့ ရွှီအာကလည်း အန္တရာယ်ကင်းကင်း ရှိနေပါသေးတယ်။ ထိုက်ဇီဖေးက စူးဖေးရဲ့ အသက်ကို ဒီတိုင်း ယူလိုက်တာက နည်းနည်းတော့ ရက်စက်လွန်းရာ ကျပါတယ်။ တတိယမင်းသားက သာ့ဝေတိုင်းပြည်အတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့တာပါ။ ဂုဏ်ပြုဆုချီးမြှင့်တာကို မခံစားရသေးဘဲ မိခင်အရင်း အသတ်ခံရတဲ့ သတင်းဆိုးကို အရင် ကြားလိုက်ရတယ်။ တတိယမင်းသားကို တွေးကြည့်ရင် သနားစရာ ကောင်းလွန်းပါတယ်”
ယုံးကျားဧကရာဇ်သည် မသိမသာ ခေါင်းညိတ်လိုက်မိသည်။
လုလင်းသည် စူးရှသော မျက်လုံးများဖြင့် ယုံးကျားဧကရာဇ်ကို ကြည့်လိုက်သည်။ “တတိယမင်းသားက မိခင်အရင်း သေဆုံးသွားလို့ နာကျင်ခံစားနေရတာပါ။ တကယ်လို့ အဲဒီနေ့တုန်းက ရွှီအာသာ အဆိပ်မိတာ ပိုပြင်းထန်ခဲ့ရင် သေလောက်အောင် နာကျင်ခံစားရမှာက အိမ်ရှေ့စံနဲ့ ထိုက်ဇီဖေးတို့ပါ”
“အရှင်မင်းကြီးကို မေးခွင့်ပြုပါ။ တကယ်လို့ တစ်ယောက်ယောက်က မင်းသား၊ မင်းသမီးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရင် အရှင်မင်းကြီးက အဲဒီယုတ်မာတဲ့လူကို ခွင့်လွှတ်ပေးမှာလား”
ဒါကို မေးနေစရာ လိုသေးလို့လား။
အပိုင်းပိုင်း အထစ်ထစ် ခုတ်ထစ်သတ်ဖြတ်ပစ်လိုက်မှ ကျေနပ်နိုင်မည်။
ယုံးကျားဧကရာဇ်သည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ထိုက်ဇီဖေး လက်မပါရင်တောင် ကျန်း ပြန်ရောက်ရင် စူးဖေးကို ချက်ချင်း ကွပ်မျက်ပစ်မှာပါ”
ဒါကတော့ မသေချာဘူး။ မိဘကို သိတတ်တဲ့ တတိယမင်းသား ရှိနေရင် သေချာပေါက် အသေအလဲ တောင်းပန်မှာပဲ။ သူ့ရဲ့ စစ်မှုထမ်း အကျိုးဆောင်မှုတွေကို ထုတ်ပြပြီး စူးဖေးရဲ့ အသက်ကို လဲလှယ်ဖို့ တောင်းဆိုရင် ယုံးကျားဧကရာဇ်က တွေဝေသွားနိုင်တယ်။
လုမင်ယွိက ကိုယ်တိုင် လက်ဝင်ပြီး စူးဖေးကို သတ်လိုက်တာက စူးဖေးကို အသက်ရှင်လမ်း လုံးဝ မပေးချင်လို့ပဲ။
လုလင်းသည် စိတ်ထဲတွင် လှောင်ပြောင်လိုက်သော်လည်း မျက်နှာထားကိုတော့ လျှော့ချလိုက်လေသည်။ “အရှင်မင်းကြီးရဲ့ ဒီစကားကို ကြားရတော့မှ ကျွန်တော်မျိုး စိတ်အေးသွားပါတော့တယ်”
“ထိုက်ဇီဖေးက သာ့ဝေတိုင်းပြည်က ပြည်သူတွေနဲ့ မြို့တော်ရဲ့ လုံခြုံရေးအတွက် အသက်စွန့်ပြီး ယန်စစ်တပ်ကို ညဘက် ဝင်တိုက်ခဲ့တယ်။ ယန်ထော်ကို လုပ်ကြံပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တာပါ။ စူးဖေးက အဲဒီအချိန်ကို အခွင့်ကောင်းယူပြီး မြေးတော်လေးကို လုပ်ကြံခဲ့တာက ယုတ်မာလွန်းပါတယ်။ ထိုက်ဇီဖေးက သားကို ကာကွယ်ချင်တဲ့စိတ်နဲ့ နာမည်ဆိုး ရမယ်ဆိုရင်တောင် ခံယူပြီး ဒီလိုယုတ်မာတဲ့ မိန်းမကို ကွပ်မျက်လိုက်တာပါ။ နန်းတော်ထဲမှာ နောက်ထပ် ပြဿနာတွေ မဖြစ်အောင် တားဆီးလိုက်တာပါပဲ”
“အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားသူမို့ ဒီကိစ္စကြောင့် အိမ်ရှေ့စံနဲ့ ထိုက်ဇီဖေးကို အပြစ်တင်မှာ မဟုတ်လောက်ပါဘူး”
ယုံးကျားဧကရာဇ်က ချောင်းဟန့်လိုက်၏။ “ဒါပေါ့”
လုလင်းသည် မျက်နှာတွင် ရှက်ရွံ့သော အမူအရာ ပေါ်လာပြီး လက်နှစ်ဖက်ယှက်ကာ တောင်းပန်လိုက်ပြန်သည်။ “ကျွန်တော်မျိုး နန်းတော်ထဲ အလောတကြီး ဝင်လာတာက အရှင်မင်းကြီး ထိုက်ဇီဖေးကို အပြစ်ပေးမှာ စိုးရိမ်လို့ပါ။ ကျွန်တော်မျိုးက သဘောထားသေးသိမ်တဲ့ လူတစ်ယောက်လို အရှင်မင်းကြီးရဲ့ သဘောထားကို အထင်လွဲမိလို့ အရမ်း ရှက်မိပါတယ်။ ကျွန်တော်မျိုးရဲ့ မိုက်ရိုင်းမှုကို အရှင်မင်းကြီး အပြစ်ပေးတော်မူပါ”
ယုံးကျားဧကရာဇ်က ညင်သာစွာ ပြောလိုက်သည်။ “မိဘမေတ္တာဆိုတာ လူတိုင်း ရှိကြတာပဲ။ ဘာအမှားမှ မရှိပါဘူး”
“မင်းက သမီးကို ချစ်တယ်ဆိုတာ ငါသိပါတယ်။ စိတ်ချပါ၊ ဒီကိစ္စကြောင့် ငါ ထိုက်ဇီဖေးကို အပြစ်မတင်ပါဘူး”
လုလင်းသည် ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် လက်နှစ်ဖက်ကိုယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်ပြန်လေသည်။ “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဒီလောက် မိုးချုပ်နေပြီမို့ အရှင်မင်းကြီးရဲ့ အနားယူချိန်ကို မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး” ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားလေတော့သည်။
ကွမ်းပင်းနယ်စား “...”
...