← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အအပိုင်း (၄၄၅) မင်းဧကရာဇ်၏ အရှိန်အဝါ (၁)

လုလင်း ထွက်ခွာသွားသည်ကို ကွမ်းပင်းနယ်စားမှာ မျက်လုံးများ ပြူးကျယ်လျက် ငေးကြည့်ကျန်ရစ်ခဲ့သည်။

ဒါက ဘယ်လို အဓိပ္ပာယ်လဲ။

လုမင်ယွိက လူသတ်တာတောင် အကျိုးဆောင်မှုရသွားတာလား။

စူးဖေးကတော့ ဒီအတိုင်း အလကား သေသွားတာပေါ့။

ကွမ်းပင်းနယ်စား၏ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာပြီး ရှေ့တွင် ရှိနေသူသည် ကိုးပါးသော နဂါးများ၏ သခင် ဧကရာဇ်မင်းမြတ် ဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ “အရှင်မင်းကြီး၊ ဒီရှင်းယန်ဝမ်က ပါးစပ်ဟတာနဲ့ ထိုက်ဇီဖေးကိုပဲ ကာကွယ်ပေးနေတာ။ အရှင်မင်းကြီးက ဒီအတိုင်းပဲ သူ့ကို လွှတ်ထားတော့မှာလား”

ယုံးကျားဧကရာဇ်သည် ဒေါသကြောင့် မျက်နှာနီရဲနေသော ကွမ်းပင်းနယ်စားကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်လေသည်။ “စူးဖေး ဘာကြောင့် အသတ်ခံရလဲ ဆိုတာ မင်းလည်း ကြားပြီးသားပဲ။ ငါကိုယ်တိုင် ပြန်ရောက်လာရင်တောင် သူ့ကို မသတ်ရင် လူအများရဲ့ ပါးစပ်ကို ပိတ်ဖို့ ခက်လိမ့်မယ်”

“ဒါဆိုရင်လည်း အရှင်မင်းကြီး ပြန်လာတဲ့အထိ စောင့်သင့်တာပေါ့” ကွမ်းပင်းနယ်စားက အသံခပ်မာမာဖြင့် ပြောလိုက်သည်။ “ဘယ်မှာလဲ ထိုက်ဇီဖေးက နောက်နန်းဆောင်က ကိုယ်လုပ်တော်တွေကို စီရင်ခွင့် ရှိတယ်ဆိုတာ။ ဒီလို စံနမူနာတစ်ခု စဖွင့်လိုက်ရင် နောက်နန်းဆောင်က အာဏာလုလာမယ့် အန္တရာယ် ရှိတယ်။ အရှင်မင်းကြီးက သဘောထားကြီးလို့ အပြစ်မယူချင်ပေမယ့် ကျွန်တော်မျိုးတို့လို အရာရှိတွေကတော့ မင်းအာဏာ ကျဆင်းသွားမှာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး”

“ထိုက်ဇီဖေးက သာ့ဝေတိုင်းပြည်အတွက် အကျိုးဆောင်မှုပြုခဲ့ရင် ဆုချသင့်တာ မှန်ပါတယ်။ ဒါပေမဲ့ လူ့အသက်ကို ဥပဒေမဲ့ သတ်ဖြတ်တာကိုတော့ အပြစ်ပေးသင့်ပါတယ်”

ကွမ်းပင်းနယ်စားသည် သစ္စာရှိသော အမတ်ကောင်းတစ်ဦး၏ ဟန်ပန်ဖြင့် စိတ်အားထက်သန်စွာ ပြောဆိုနေလေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့နှစ်ဦး ခင်မင်ရင်းနှီးခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ တစ်ဖက်လူတွင် အမွေးဘယ်နှစ်ပင် ပေါက်နေသည် အထိ ရှင်းရှင်းလင်းလင်း သိနေခြင်းပင်။

ယုံးကျားဧကရာဇ်သည် စိတ်လှုပ်ရှားသွားခြင်း မရှိသည့်အပြင် ကွမ်းပင်းနယ်စားကို စောင်းငဲ့ကြည့်လိုက်လေသည်။ “ဒီလောက် နှစ်တွေ ကြာနေပြီ။ မင်းက စူးဖေးကို သတိရနေတုန်းပဲလား”

ကွမ်းပင်းနယ်စား “...”

ကွမ်းပင်းနယ်စား၏ နဖူးပေါ်မှ ချွေးများ ချက်ချင်း စီးကျလာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်တော့သည်။ “ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက်ပဲ တစ်ချိန်လုံး တွေးပေးနေတာပါ။ ကိုယ်ရေးကိုယ်တာ သံယောဇဉ် နည်းနည်းလေးမှ မရှိပါဘူး”

ယုံးကျားဧကရာဇ်သည် ရာဇပလ္လင်ပေါ်တွင် ၁၂နှစ်ကြာ ထိုင်ခဲ့ပြီးနောက် မင်းဧကရာဇ်၏ အရှိန်အဝါသည် နေ့စဉ်နှင့်အမျှ ကြီးမားလာသလို စိတ်သဘောထားသည်လည်း ခန့်မှန်းရ ပိုခက်ခဲလာသည်။ အကယ်၍ သူသာ ယုံးကျားဧကရာဇ်ကို ယခင်ကကဲ့သို့ ရဲဘော်ရဲဘက်လို၊ စကားပြောရာတွင် အကန့်အသတ်မရှိ၊ လှပသော ကိုယ်လုပ်တော်များကိုပင် မျှဝေခံစားနိုင်သော လီယွမ်ဟု ဆက်လက် သဘောထားနေပါက သူသည် လုံးဝ မှားယွင်းသွားပေလိမ့်မည်။

ကွမ်းပင်းနယ်စားသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ကာ တောင်းပန်လိုက်ပြီး အမူအရာမှာ အလွန် ရိုကျိုးနေလေသည်။

ယုံးကျားဧကရာဇ်သည် စကားမပြောပေ။

မမြင်ရသော ဖိအားသည် ခေါင်းပေါ်တွင် တွဲလောင်းကျနေသော ကျောက်တုံးကြီးကဲ့သို့ မည်သည့်အချိန်တွင် ပြုတ်ကျလာမည် မသိပေ။

ကွမ်းပင်းနယ်စား၏ နဖူးပေါ်မှ ချွေးစေးများမှာ မိုးရေကဲ့သို့ စီးကျလာတော့သည်။

အချိန်အတော်ကြာမှ ယုံးကျားဧကရာဇ်က သက်ပြင်းချလိုက်သည်။ “ဒီမှာ တခြားလူမှ မရှိတာ။ ငါတို့နှစ်ယောက်ကြား စကားပြောရင် မင်းဧကရာဇ်နဲ့ အမတ် စည်းမျဉ်းစည်းကမ်းတွေ လိုက်နာနေစရာ မလိုပါဘူး။ မင်း မြန်မြန် ထလိုက်ပါ”

အရင်တုန်းကသာ ဆိုရင် ကိုယ်တိုင် တွဲထူပေးတာ၊ ဒါမှမဟုတ် ခြေထောက်နဲ့ ကန်ပြီး ထခိုင်းတာ လုပ်မှာ သေချာတယ်။

ကွမ်းပင်းနယ်စားသည် ရင်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာပြီး အရှင်မင်းကြီး၏ ကျေးဇူးကို ကျေးဇူးတင်စကား ဆိုကာ မတ်တပ်ထရပ်လိုက်သည်။ မျက်လွှာပင့်လိုက်ပြီး ယုံးကျားဧကရာဇ်နှင့် ထပ်မံ အကြည့်ချင်း ဆုံလိုက်၏။

ယုံးကျားဧကရာဇ်၏ အကြည့်များသည် ထက်ရှပြီး လူ့စိတ်ကို ထွင်းဖောက်မြင်နိုင်သယောင်ပင်။

ကွမ်းပင်းနယ်စား၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ရှက်ရွံ့သောအမူအရာဖြင့် အသံနှိမ့်ကာ ပြောလိုက်လေသည်။ “အရှင်မင်းကြီး စောစောက ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်မျိုး နေစရာ နေရာမရှိအောင် ရှက်မိပါတယ်။ ဟိုးအရင်တုန်းက စူးရှီက အရှင်မင်းကြီးကို ဆက်သတဲ့ အလှမယ်လေးပါ။ ကျွန်တော်မျိုးက ရမ္မက်စိတ် ခဏဝင်ပြီး စူးရှီကို ထိပါးခဲ့မိတယ်။ ဒါပေမဲ့ စူးရှီက အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်သွားပြီးတဲ့နောက် ကျွန်တော်မျိုး သူ့ကို ဘယ်တော့မှ ထပ်ပြီး သတိမရတော့ပါဘူး”

“ဒီည နန်းတော်ထဲ ဝင်လာတာက တတိယမင်းသားရဲ့ လုံခြုံရေးကို စိုးရိမ်လို့ရယ်၊ အရှင်မင်းကြီးအတွက် မတရားဘူးလို့ ခံစားရလို့ရယ်ပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်မျိုးရဲ့ သစ္စာတရားကို နေမင်း လမင်းတွေက သက်သေပါပဲ”

ယုံးကျားဧကရာဇ်၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး အသံမှာလည်း မတိုးမကျယ် ထွက်ပေါ်လာသည်။ “စူးဖေးက သေပြီးသွားပြီ။ သေလူက ပြန်မရှင်လာနိုင်ဘူး။ ဘာတွေပဲ ထပ်ပြောနေနေ အကျိုးမရှိတော့ဘူး။ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့။ စူးဖေးအကြောင်း ဘယ်သူမှ ထပ်ပြောတာ ငါ မကြားချင်တော့ဘူး”

ကွမ်းပင်းနယ်စား၏ ရင်ထဲမှ အေးစက်မှုသည် နောက်စေ့အထိ ပျံ့နှံ့သွားပြီး ရိုသေစွာ ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်။ ဒီနေ့ ကျွန်တော်မျိုး စိတ်လောပြီး ရိုင်းပျမိတာကို အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ”

“မိုးချုပ်နေပါပြီ။ ကျွန်တော်မျိုး အိမ်တော်ကို ပြန်ခွင့်ပြုပါဦး”

ယုံးကျားဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ “ကောင်းပြီ။ မင်း အိမ်ပြန်ပြီး အနားယူလိုက်ဦး။ ရက်အနည်းငယ်ကြာရင် ငါ မင်းကို နန်းတော်ထဲ ပြန်ခေါ်လိုက်မယ်”

ကွမ်းပင်းနယ်စားသည် နှုတ်ဆက်ပြီးနောက် ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာသွားလေသည်။

ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက်မှ ကွမ်းပင်းနယ်စားသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

မှောင်မည်းသော ညဉ့်ကာလ၏ လွှမ်းခြုံမှုအောက်တွင် ခမ်းနားထည်ဝါသော ဝမ်ဟွားနန်းဆောင်ကြီးသည် သားရဲကောင်ကြီးတစ်ကောင်ကဲ့သို့ တည်ရှိနေပြီး ကျယ်ဝန်း၍ အလင်းရောင် ထွက်ပေါ်နေသော နန်းဆောင်တံခါးပေါက်သည် သားရဲကြီးက ပါးစပ်ကို ဟထားသကဲ့သို့ပင်။ လူတစ်ယောက်လုံးကို ဝါးမြိုပစ်လိုက်နိုင်သည့်အလား။

ကွမ်းပင်းနယ်စားသည် အသံမထွက်ဘဲ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိတော့သည်။

ထို့နောက် ခြေလှမ်းများကို အရှိန်တင်ကာ လျှောက်သွားလိုက်တော့သည်။

လာတုန်းကတော့ ဒေါသအဟုန် ပြင်းပြင်း၊ အရှိန်အဝါ ကြီးကြီးနှင့်။ ပြန်တော့ ရင်ထဲတွင် အေးစက်နေပြီး အိမ်ရာမဲ့ ခွေးတစ်ကောင်ကဲ့သို့ပင်။

...

ကွမ်းပင်းနယ်စားသည် စိတ်ဓာတ်ကျနေသောပုံစံဖြင့် အိမ်တော်သို့ ပြန်ရောက်လာခဲ့လေသည်။

ကွမ်းပင်းနယ်စားကတော်က သူ့ကို အတွင်းခန်းမဆောင်တွင် ထိုင်စောင့်နေသည်။ သူ၏ မျက်နှာအမူအရာ မကောင်းသည်ကို မြင်သောအခါ လှောင်ပြုံးဖြင့် ပြောလိုက်လေသည်။ “ကျွန်မက ဟိုရယ်ကို နန်းတော်ထဲ မသွားဖို့ ပြောသားပဲ။ ဟိုရယ်က ဇွတ်သွားတာကိုး။ အခု ဘယ်လိုလဲ။ အရှင်မင်းကြီးက မောင်းထုတ်လိုက်ပြီ မဟုတ်လား”

ကွမ်းပင်းနယ်စားသည် ဒေါသထွက်ပြီး ရှက်ရမ်းရမ်းကာ ကွမ်းပင်းနယ်စားကတော်ကို စိုက်ကြည့်လိုက်ပြီး “ငါ အရှင်မင်းကြီးရှေ့မှာ မျက်နှာပျက်ခဲ့ရတာကို မင်းက ဝမ်းသာအားရ ဖြစ်နေတယ်ပေါ့”

“မင်းလည်း စဉ်းစားကြည့်လေ။ စူးဖေးက ယွင်လော်ရဲ့ ယောက္ခမ၊ ငါတို့ သမက် တတိယမင်းသားရဲ့ မိခင်အရင်း။ ငါက ယောက္ခမတစ်ယောက်အနေနဲ့ ကာကွယ်ပေးမယ့် ပုံစံတောင် မပြရင် နောက်ကျ ယွင်လော် တတိယမင်းသားအိမ်တော်မှာ ဘယ်လို နေရမလဲ”

သမီးအကြောင်း ပြောလိုက်သည်နှင့် ကွမ်းပင်းနယ်စားကတော်သည် ချက်ချင်း ဝမ်းနည်းသွားပြီး မျက်ဝန်းအိမ်များ နီရဲလာတော့သည်။ “ကျွန်မတို့ လင်မယား ဘာဝဋ်ကြွေးတွေ ရှိနေလဲ မသိပါဘူး။ သမီးတစ်ယောက်တည်း ရှိတာကို တတိယမင်းသားနဲ့ လက်ထပ်ရတယ်။ စူးဖေးလို ယောက္ခမမျိုးနဲ့ သွားတိုးတယ်။ စူးဖေး လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် အခု သူ့ဟာသူ ခံရတာ။ အခုတော့ ယွင်လော်ပါ ရောပြီး ပါသွားပြီ”

ကွမ်းပင်းနယ်စားသည် စိတ်ရှုပ်ထွေးနေပြီး နှာခေါင်းရှုံ့လိုက်လေသည်။ “ဒီအချိန်ကျမှ ငိုဖို့ သိတယ်။ ငိုလို့ ဘာထူးမှာလဲ။ ငိုလို့ ပြဿနာ ပြေလည်သွားမယ်ဆိုရင် ငါ အရှင်မင်းကြီးရှေ့မှာ ငိုနေတာ ကြာလှပြီ”

ကွမ်းပင်းနယ်စားကတော်သည် သူ၏ ရုပ်ကို မကြည့်ချင်သဖြင့် ‘ထွီ’ ခနဲ တံတွေးထွေးလိုက်တော့သည်။ “ဖွီး။ ရှင့်ရဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေကို အရှင်မင်းကြီးက မသိဘူးများ မှတ်နေလား”

“ဒီလောက် နှစ်တွေ ကြာတာတောင် ရှင့်စိတ်ထဲမှာ စူးရှီဆိုတဲ့ အောက်တန်းစားမကို သတိရနေတုန်းပဲ။ မဟုတ်ရင် သမီးကို တတိယမင်းသားနဲ့ ပေးစားဖို့ ဒီလောက် ပျော်ပျော်ကြီး စီစဉ်မှာ မဟုတ်ဘူး”

“ကျွန်မက ရှင့်ကို ပြောရမှာတောင် ပျင်းနေပြီ။ အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားပါတယ်။ ရှင့်ရဲ့ ဟန်ဆောင်မှုတွေကို အရှင်မင်းကြီး မမြင်ဘူးလို့ ထင်နေလား”

ကွမ်းပင်းနယ်စားက ဟိန်းဟောက်လိုက်သည်။ “ဘာတွေ လာပြောနေတာလဲ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့ ဟောင်းနွမ်းနေတဲ့ ကိစ္စတွေကို ဘာပြောစရာ ရှိလို့လဲ”

ကွမ်းပင်းနယ်စားကတော်က အေးစက်စွာ ရယ်မောလိုက်ကာ “ရှင့်စိတ်ထဲမှာ ဘာရှိလဲဆိုတာ ရှင် အသိဆုံးပါ။ တကယ်လို့ သမီးအတွက် စေတနာ အမှန်နဲ့ ဆိုရင် ဒီနေ့ကစပြီး အိမ်မှာပဲ ငြိမ်ငြိမ်လေး နေပြီး အရှင်မင်းကြီးက အကျိုးဆောင်မှုအလိုက် ဆုချီးမြှင့်တာ၊ ဘွဲ့ပြန်ပေးတာကို စောင့်နေလိုက်။ တတိယမင်းသားက မုန့်မိသားစုရဲ့ မျက်နှာကို ထောက်ပြီး ယွင်လော်ကို နှိပ်စက်ရဲမှာ မဟုတ်ဘူး”

ကွမ်းပင်းနယ်စားက စိတ်မရှည်စွာ နှာခေါင်းရှုံ့လိုက်ပြီး စာကြည့်ဆောင်ဘက်သို့ လှည့်ထွက်သွားတော့သည်။

ကွမ်းပင်းနယ်စားကတော်၏ အသံက နောက်ကျောဘက်မှ လွင့်ပျံလာသေးသည်။ “ကျွန်မ အစေခံကောင်လေး ချောချောလေးတွေ ဝယ်ထားပြီး စာကြည့်ဆောင်ထဲမှာ ထားပေးထားတယ်။ ကိုယ်လုပ်တော် ချောချောလေးတွေ လိုချင်ရင်လည်း အတွင်းဆောင်ထဲမှာ အများကြီးပဲ။ ကြိုက်သလိုသာ ပျော်ပါးလိုက်တော့”

တကယ့်ကို မိန်းမမြတ်ကြီး ပါလား။

ကွမ်းပင်းနယ်စားသည် ဒေါသတကြီး ပြန်လှည့်လာပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ ရက်စက်စွာ ပြုံးလျက် ကွမ်းပင်းနယ်စားကတော်ကို ဆွဲကိုင်လိုက်ကာ “ငါက အပြင်မှာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့တာ ၂နှစ်ကျော် ကြာသွားပြီ။ ဒီနေ့မှ ပြန်ရောက်တာ။ ဖူရန်နဲ့ ကောင်းကောင်း ရင်းရင်းနှီးနှီး နေရမှာပေါ့”

ပြောရင်းဆိုရင်းဖြင့် ကွမ်းပင်းနယ်စားကတော်ကို အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

လင်မယားနှစ်ယောက်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက အခန်းခွဲ အိပ်ခဲ့ကြခြင်း ဖြစ်သည်။

ကွမ်းပင်းနယ်စားက သူ့ကို ဒီလောက်အထိ ရွံရှာဖွယ်ကောင်းအောင် လုပ်လိမ့်မည်ဟု ကွမ်းပင်းနယ်စားကတော်မှာ ထင်မှတ်မထားခဲ့ပေ။ ဒေါသထွက်လွန်းသဖြင့် လက်လှမ်းကာ ကွမ်းပင်းနယ်စား၏ မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်တော့သည်။ “သွားစမ်း။ ရှင် စာကြည့်ဆောင်ကို သွား။ ဘယ်သူ့ကို အိပ်ချင်အိပ်။ ဒီမှာ လာပြီး ကျွန်မကို မစော်ကားနဲ့”

ကွမ်းပင်းနယ်စားသည် သွေးဆူလာပြီး ဒေါသစိတ်များ တက်လာကာ ကွမ်းပင်းနယ်စားကတော်ကို အိပ်ခန်းထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားတော့သည်။ “မင်းက ငါ့ရဲ့ တရားဝင် ဇနီးမယားပဲ။ ငါ အိပ်တော့ ဘာဖြစ်လဲ”

ခဏအကြာတွင် အိပ်ခန်းထဲမှ ဆဲဆိုသံများနှင့် ရုန်းကန်သံများ ထွက်ပေါ်လာတော့သည်။

တံခါးအပြင်ဘက်တွင် စောင့်နေကြသော အစေခံမလေးများမှာ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။

...

အပိုင်း (၄၄၆) မိုးကောင်းကင်အာဏာ (၂)

ဖူယန်မြို့စားအိမ်တော်။

ကိုယ်ရံတော်တစ်ဦးသည် အိမ်တော်ထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်လာပြီး လေသံတိုးတိုးဖြင့် သတင်းပို့လိုက်လေသည်။

"ရှင်းယန်ဝမ်နဲ့ ကွမ်းပင်းနယ်စားတို့ နန်းတော်ထဲ ဝင်သွားကြပြီး ဝမ်ဟွားနန်းဆောင်ကို ရောက်သွားကြပါတယ်။ အမွှေးတိုင်တစ်တိုင်စာတောင် မကြာပါဘူး။ ရှင်းယန်ဝမ်က ပြန်ထွက်လာပါတယ်။ ကွမ်းပင်းနယ်စားကတော့ နောက်ကျမှ ထွက်လာပါတယ်။ ရှင်းယန်ဝမ် ထွက်သွားတုန်းက မျက်နှာရွှင်လန်းနေပါတယ်။ ဒါပေမဲ့ ကွမ်းပင်းနယ်စားကတော့ မျက်နှာပျက်နေတယ်။ ကြည့်ရတာ အဆူခံလိုက်ရပုံပါပဲ"

ဖူယန်မြို့စားသည် တွေးတွေးဆဆနှင့် ခေါင်းတစ်ချက်ညိတ်ကာ ကိုယ်ရံတော်ကို ပြန်ထွက်သွားရန် လက်ပြလိုက်လေသည်။ "နန်းတော်ထဲက လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်နေလိုက်။ ထူးခြားမှုရှိရင် ချက်ချင်း လာသတင်းပို့"

ကိုယ်ရံတော် ထွက်သွားသည်နှင့် ဖူယန်မြို့စားကတော်က စိတ်လောကြီးစွာ မေးမြန်းလိုက်တော့သည်။ "ဟိုရယ် နန်းတော်ထဲ ဝင်ကြည့်ဦးမလား"

ဖူယန်မြို့စားသည် မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "ဟွန်း... ကွမ်းပင်းနယ်စားက သူ့ရည်းစားဟောင်း သေသွားလို့ စိတ်ပူပြီး နန်းတော်ထဲ ပြေးဝင်သွားတာလေ။ အရှင်မင်းကြီးက အစကတည်းက စိတ်မကြည်မလင် ဖြစ်နေတာ။ သူ့ကို တွေ့တော့ မဆူဘဲနေပါ့မလား။ စူးဖေး သေတာ မသေတာ ငါနဲ့ ဘာဆိုင်လို့လဲ"

ထိုစကားကလည်း ဟုတ်နေပြန်သည်။

ဖူယန်မြို့စားကတော်သည် ခဏလောက် စဉ်းစားပြီးမှ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ "ဟိုရယ် ပြောတာ ဟုတ်ပါတယ်။ ဒီကိစ္စက ကျွန်မတို့ ဖူယန်အိမ်တော်နဲ့ မဆိုင်ပါဘူး။ ကျွန်မတို့ ဝင်မပါတာ ကောင်းပါတယ်"

"အဲဒီလို တွေးတာ မှန်တယ်" ဖူယန်မြို့စားက စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံမှာကြားလိုက်လေသည်။ "အရှေ့နန်းဆောင်နဲ့ တတိယမင်းသားက ရန်သူတွေ ဖြစ်ကုန်ကြပြီ။ နောင်တစ်ချိန်ကျရင် သေချာပေါက် တိုက်ပွဲဖြစ်လာလိမ့်မယ်။ အရှင်မင်းကြီးက ဒီကိစ္စကြောင့် အရှေ့နန်းဆောင်ကို မကျေမနပ် ဖြစ်တာကလည်း ဖြစ်သင့်တဲ့ကိစ္စပဲ။ ဒါပေမဲ့ ဒါတွေအားလုံး ငါတို့နဲ့ မဆိုင်ဘူး"

"မယ်တော်ကြီးကျောက်က ငါ့ကူးမူ (အဒေါ်)။ ငါတို့ကျောက်မိသားစုက အရှင်မင်းကြီးရဲ့ ဆွေမျိုးတွေပဲ။ ငါတို့ အေးအေးဆေးဆေး နေရင် တစ်သက်လုံး စည်းစိမ်ချမ်းသာ ခံစားရမှာ"

လိုရင်းတိုရှင်း ပြောရလျှင် ပါးစပ်ပိတ်ပြီး စကားနည်းနည်းပြောခြင်းက ဘေးကင်းစေသည်ပင်။

ဖူယန်မြို့စားကတော်သည် အကြံဉာဏ်ကို နားထောင်တတ်သူ ဖြစ်သဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။ "ဟိုရယ် ပြောတာ ဟုတ်ပါတယ်"

ဖူယန်မြို့စားက ဆက်ပြောလေသည်။ "ဒီရက်ပိုင်း နန်းတော်ထဲမှာ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ငါ အိမ်မှာပဲ ခဏလောက် ပုန်းနေလိုက်ဦးမယ်။ အရှင်မင်းကြီး စိတ်ကြည်မှ နန်းတော်ထဲ ဝင်မယ်။ မင်းလည်း နန်းတော်ထဲဝင်ဖို့ မလောနဲ့ဦး။ အခြေအနေ ကြည့်ရသေးတာပေါ့"

ဖူယန်မြို့စားကတော်သည် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ကျွန်မတို့ သမက်တော်လေးများ အခွင့်အရေး ရှိမလားလို့..."

"ဘာအခွင့်အရေး ရှိရမှာလဲ" ဖူယန်မြို့စားသည် ဇနီးသည်ကို မျက်စောင်းဖြင့်ကြည့်ကာ ပြောလိုက်လေသည်။ "ဒီလိုကိစ္စမျိုး မင်း စိတ်ကူးထဲတောင် မထည့်နဲ့"

"အရှေ့နန်းဆောင်က အင်အားကြီးမားတယ်။ အရပ်ဘက်မှာ ချောင်ကောလောင်တို့ ဝန်ကြီးလော်တို့ ရှိတယ်။ စစ်ရေးဘက်မှာ ရှင်းယန်ဝမ် သားအဖ ရှိတယ်။ ထိုက်ဇီလီကျင့်က ယန်ချူတိုက်ပွဲမှာ အကျိုးဆောင်မှုကြီးကြီးမားမား ပြုလုပ်ခဲ့လို့ ဂုဏ်သတင်း ကြီးမားလာတယ်။ ထိုက်ဇီဖေး လုမင်ယွိက ပိုပြီး ရက်စက်တဲ့သူ။ စစ်တပ်ကို ဦးဆောင်ပြီး ညဘက် ဝင်တိုက်ခိုက်တယ်။ ယန်ထော်ကို ဓားနဲ့ပိုင်းပြီး သတ်ခဲ့တာ။ နန်းတော်တွင်းရော အပြင်မှာပါ ဘယ်သူက သူ့ကို မကြောက်ဘဲ နေမလဲ။ မြို့တော်က ပြည်သူတွေက ထိုက်ဇီဖေးဆိုရင် ချီးကျူးမဆုံး ဖြစ်နေကြတာ"

"ဘယ်သူက ထိုက်ဇီနေရာကို လှုပ်ခါနိုင်မှာလဲ"

"တတိယမင်းသား၊ စတုတ္ထမင်းသား မပြောနဲ့။ အရှင်မင်းကြီးတောင်မှ အိမ်ရှေ့စံ လဲလှယ်ဖို့ စိတ်ကူးလို့ မရဘူး"

အရှေ့နန်းဆောင်သည် အတောင်အလက် စုံနေပြီဖြစ်ရာ တခြားသူများ ခြယ်လှယ်ခံရနိုင်သည့် ပျော့ညံ့သူ မဟုတ်တော့ပေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အာဏာဟူသည် အခြားသူများ လက်ထဲတွင် ရှိနေခြင်းထက် မိမိလက်ထဲတွင် ရှိနေခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။

ဖူယန်မြို့စားကတော်သည် အဆူခံလိုက်ရသဖြင့် အနည်းငယ် ဝမ်းနည်းသွားပြီး တီးတိုး ရေရွတ်လိုက်လေသည်။ "ကျွန်မက ဒီအတိုင်း ပါးစပ်ထဲ ရှိတာ ပြောလိုက်တာပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး"

ဖူယန်မြို့စားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်လေသည်။ "ပါးစပ်ထဲ ရှိတာ ပြောရင်လည်း မဖြစ်ဘူး။ တကယ်လို့ ဒီစကားက နန်းတော်ထဲ ရောက်သွားရင် ဒါမှမဟုတ် ထိုက်ဇီနဲ့ ထိုက်ဇီဖေးတို့ နားထဲ ရောက်သွားရင် အထင်လွဲမှုတွေ ဖြစ်ကုန်လိမ့်မယ်။ ရှင်းပြလို့ရမှာ မဟုတ်ဘူး"

ဖူယန်မြို့စားကတော်သည် လိမ်လိမ်မာမာပင် ပါးစပ်ပိတ်နေလိုက်တော့သည်။

...

ပထမမင်းသားအိမ်တော်။

ပထမမင်းသား ကြင်ရာတော်သည် ပထမမင်းသား ရေချိုးသည်ကို ကိုယ်တိုင် စောင့်ကြည့်ပေးလိုက်သည်။ ပထမမင်းသားသည် အဝတ်အစားများ ချွတ်လိုက်ပြီး ရေနွေးကန်ထဲတွင် ထိုင်နေ၏။ ခန္ဓာကိုယ်ပေါ်တွင် ကြီးငယ်မဆို ဒဏ်ရာပေါင်း တစ်ဆယ်ကျော်မျှ ရှိလေသည်။ အထင်ရှားဆုံးနှင့် အကြောက်မက်ဖွယ် အကောင်းဆုံးမှာ ညာဘက်ခြေထောက်ပေါ်မှ ဓားဒဏ်ရာပင်။

ဒီဓားဒဏ်ရာကြောင့်ပင် ပထမမင်းသား၏ ခြေထောက်ပြတ်လုနီးပါး ဖြစ်ခဲ့ရပြီး ခြေထောက်မသန်စွမ်းသူ ဖြစ်သွားခဲ့ရလေသည်။

ပထမမင်းသား ကြင်ရာတော်သည် ထိုဓားဒဏ်ရာကို လက်ဖြင့် ပွတ်သပ်လိုက်ရင်း မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။ "အရှင်မင်းသား ပင်ပန်းသွားပါပြီ"

ပထမမင်းသား၏ မျက်ဝန်းများသည် မှေးမှိန်နေပြီး အသံထဲတွင် ခါးသီးမှုများ ပြည့်နှက်နေလေသည်။ "အဲဒီတုန်းက ငါ ဒဏ်ရာပြင်းထန်ပြီး စစ်တဲထဲမှာပဲ နေခဲ့ရတာ။ တော်ဝင်သမားတော်တွေက မပြောရဲပေမယ့် ငါ့ခြေထောက် ပြန်မကောင်းတော့ဘူး ဆိုတာ ငါ့စိတ်ထဲမှာ သိနေပါတယ်"

"အခု ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက သေသွားတာကမှ အခုလို ပုံစံမျိုးနဲ့ နေရတာထက် ပိုကောင်းဦးမယ်"

ပထမမင်းသား ကြင်ရာတော်သည် မျက်ရည်များ စမ်းချောင်းသဖွယ် စီးကျလာပြီး ပထမမင်းသားကို ဖက်ကာ ငိုကြွေးလေတော့သည်။ "အရှင်မင်းသား ဘယ်လိုလုပ် ဒီလိုပြောရတာလဲ။ အသက်ရှင်နေတာက သေသွားတာထက် ပိုကောင်းတာပေါ့။ အရှင်မင်းသားက ခြေထောက်တစ်ဖက်ပဲ ဒဏ်ရာရတာပါ။ ကျန်တဲ့နေရာတွေက ကောင်းမွန်နေတုန်းပဲလေ။ နောက်ကျရင် ဖုဟွမ်ဆီမှာ နယ်မြေတစ်ခု တောင်းပြီး အရှင်မင်းသားနဲ့အတူတူ လိုက်ခဲ့ပါ့မယ်။ ကျွန်မတို့ ထန်အာကို ခေါ်ပြီး မြို့တော်က ထွက်သွားကြမယ်။ အေးအေးဆေးဆေး နေရတာလည်း ကောင်းတာပါပဲ"

ပထမမင်းသားသည် မိမိကိုယ်ကို ရွံရှာသော မျက်နှာထားဖြင့် အေးစက်စက် ရယ်မောလိုက်လေသည်။ "ငါ့ရဲ့ ဒီပုံစံက ဘာများ ကောင်းစရာ ရှိလို့လဲ"

ပထမမင်းသား ကြင်ရာတော် မည်သို့ပင် နှစ်သိမ့်စေကာမူ ပထမမင်းသားကတော့ မသေရုံတမယ် ပုံစံဖြင့်သာ ရှိနေလေသည်။

ပထမမင်းသား ကြင်ရာတော်သည် မတတ်သာတော့ဘဲ မျက်ရည်များကို သုတ်ကာ ပထမမင်းသားကို အဝတ်အစား လဲလှယ်ပေးလိုက်ရတော့သည်။

ကုတင်ပေါ်သို့ ရောက်သောအခါ ပို၍ နေရခက်သော အခြေအနေနှင့် ကြုံတွေ့ရပြန်သည်။

လင်မယားနှစ်ဦး ကွဲကွာနေသည်မှာ ကြာပြီဖြစ်၍ ပြန်လည်ဆုံတွေ့ချိန်တွင် ချစ်ချစ်ခင်ခင် ပွေ့ဖက်ပြီး ရင်းနှီးသော အပြုအမူများကို ပြုလုပ်သင့်သည် မဟုတ်ပါလား။

သို့သော် ပထမမင်းသားသည် ငါးသေတစ်ကောင်ကဲ့သို့ ငြိမ်သက်စွာ လဲလျောင်းနေပြီး ရင်းနှီးလိုသည့် အရိပ်အယောင် လုံးဝ မပြချေ။

ပထမမင်းသား ကြင်ရာတော်၏ စိတ်ထဲတွင် အံ့သြခြင်းနှင့် ဝမ်းနည်းခြင်းတို့ ဖြစ်ပေါ်လာရသည်။ သူမသည် ရင်းနှီးချစ်ခင်မှုကို အလွန်အမင်း လိုလားနေခြင်း မဟုတ်သော်လည်း ယခုအချိန်တွင် သားတော်ထန်အာ တစ်ယောက်တည်းသာ ရှိသေးသည် မဟုတ်ပါလား။ သူမသည် သားရင်းတစ်ယောက် မွေးဖွားရန် မျှော်လင့်နေသေးလေသည်။

မဟုတ်မှလွဲရော။ ပထမမင်းသား ဒဏ်ရာရခဲ့တာက ညာဘက်ခြေထောက် တစ်ခုတည်း မဟုတ်ဘဲ...

ပထမမင်းသား ကြင်ရာတော်သည် စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်လာပြီး အံကိုကြိတ်ကာ သတ္တိမွေးပြီး ပထမမင်းသားအနားသို့ တိုးကပ်သွားလိုက်သည်။ ခေါင်းကို ပထမမင်းသား၏ ပခုံးပေါ်သို့ မှီလိုက်ပြီး ညာဘက်လက်ကို သူ့ရင်ဘတ်ပေါ်သို့ ညင်သာစွာ တင်လိုက်လေသည်။

ပထမမင်းသားသည် ရေနွေးပူဖြင့် ပက်ခံလိုက်ရသကဲ့သို့ ပထမမင်းသား ကြင်ရာတော်၏ လက်ကို ရုတ်တရက် ပုတ်ထုတ်လိုက်တော့သည်။

ပထမမင်းသား ကြင်ရာတော်သည် မထင်မှတ်ထားသဖြင့် ညာဘက်လက် ပုတ်ထုတ်ခံလိုက်ရပြီး လူပါ တစ်ပတ် လှိမ့်သွားကာ ကုတင်အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။ ကံကောင်းထောက်မစွာ ပထမမင်းသားက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လက်လှမ်းကာ ပထမမင်းသား ကြင်ရာတော်ကို ကုတင်ပေါ်သို့ ပြန်ဆွဲတင်ပေးလိုက်လေသည်။

ပထမမင်းသား ကြင်ရာတော်သည် ရင်တုန်ပန်းတုန် ဖြစ်နေပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။ မျက်ဝန်းထဲတွင် ထိတ်လန့်မှုနှင့် ရှက်ရွံ့မှုများ ပြည့်နှက်နေပြီး မျက်ရည်များက မျက်ဝန်းထောင့်မှ စီးကျလာပြန်သည်။

ပထမမင်းသားသည်လည်း မိမိအပြုအမူ လွန်ကဲသွားမှန်း သိသဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ကာ ခြောက်ကပ်ကပ် အသံဖြင့် တောင်းပန်လိုက်လေသည်။ "တောင်းပန်ပါတယ်။ ငါ တမင် တွန်းလိုက်တာ မဟုတ်ပါဘူး။ ခရီးဝေး နှင်လာရတော့ အရမ်း ပင်ပန်းနေလို့ပါ။ နောက်ရက်နည်းနည်းလောက်နေပြီး အမောပြေမှ..."

ပထမမင်းသား ကြင်ရာတော်သည် ရှက်ရွံ့မှုကို သည်းခံရင်း လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။ "အရှင်မင်းသား ကောင်းကောင်း အနားယူပါ"

ထို့နောက်တွင် သူမသည် ကျောပေးကာ လှည့်အိပ်လိုက်တော့သည်။

ပထမမင်းသား၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေပြီး မျက်လုံးများကို မှိတ်ထားသော်လည်း အတော်ကြာသည်အထိ အိပ်မပျော်နိုင်ခဲ့ပေ။

ပထမမင်းသား ကြင်ရာတော်သည်လည်း အိပ်မပျော်သော်လည်း လှုပ်ပင် မလှုပ်ရဲဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေဟန် ဆောင်နေရလေသည်။

...

ထိုညတွင် ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ မသွားခဲ့ပေ။ ဝမ်ကျဲယွီ သို့မဟုတ် မုန့်ဖေး ထံသို့လည်း မသွားဘဲ ဝမ်ဟွားနန်းဆောင်တွင်သာ တစ်ပါးတည်း အိပ်စက်ခဲ့လေသည်။

နောက်တစ်နေ့ နံနက်တွင် ယုံးကျားဧကရာဇ်သည် အတွင်းဝန်အမတ်များကို နန်းဆောင်သို့ ဆင့်ခေါ်လိုက်လေသည်။

နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ယုံးကျားဧကရာဇ်က ထုတ်မပြောသဖြင့် အမတ်များကလည်း အလိုက်ကမ်းဆိုးမသိ မမေးမြန်းရဲကြဘဲ ဘာမှမသိသကဲ့သို့သာ နေလိုက်ကြတော့သည်။

ယုံးကျားဧကရာဇ်သည် အရင်ဆုံး ချောင်ကောလောင်နှင့် အခြားသူများကို ချီးကျူးစကား ဆိုပြီးနောက် အမတ်များကို စစ်ရေးအကျိုးဆောင်မှုမှတ်တမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် အမိန့်ပေးလိုက်လေသည်။

စစ်ရေးအကျိုးဆောင်မှုမှတ်တမ်း စာအုပ်သည် စုစုပေါင်း ငါးအုပ်ရှိပြီး အတူတကွ ထပ်ထားလိုက်လျှင် ထူထဲသော စာအုပ်ပုံကြီး တစ်ပုံ ဖြစ်လာလေသည်။ ဤအထဲတွင် နှစ်နှစ်ကျော်ကာလအတွင်း စစ်သည်များအားလုံး၏ အကျိုးဆောင်မှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

အထက်တွင် ထိုက်ဇီနှင့် မင်းသားများမှစ၍ အောက်တွင် သာမန်စစ်သည်ငယ်များအထိ ပါဝင်လေသည်။ အကျိုးဆောင်မှု ကြီးမားသူများမှာ မြို့များကို သိမ်းပိုက်ခြင်း၊ ယန်နှင့် ချူ နိုင်ငံတို့မှ စစ်သူကြီးများကို သတ်ဖြတ်ခြင်းတို့ ပါဝင်ပြီး ငယ်သော အကျိုးဆောင်မှုများမှာ ရန်သူ့ခေါင်းအနည်းငယ်ကို ဖြတ်ယူနိုင်ခြင်းတို့ ဖြစ်လေသည်။

အကျိုးဆောင်မှုအလိုက် ဆုချီးမြှင့်ခြင်း ဟူသော စကားလုံးမှာ ပြောရလွယ်သော်လည်း လက်တွေ့ လုပ်ဆောင်ရာတွင် လွယ်ကူသောကိစ္စ မဟုတ်ပေ။ အသေးစိတ် တွက်ချက်ရုံဖြင့်ပင် ငါးရက်၊ ခြောက်ရက်ခန့် ကြာမြင့်ပေလိမ့်မည်။

နေ့တစ်ဝက် ကုန်ဆုံးသွားသောအခါ လူတိုင်း အာခေါင်ခြောက်ပြီး ပင်ပန်းလာကြတော့သည်။

ယုံးကျားဧကရာဇ်က ပြုံးကာ ပြောလိုက်လေသည်။ "ကျန်းက နန်းတွင်းစားသောက်ဖွယ်ရာတွေ ပြင်ဆင်ခိုင်းထားတယ်။ ဒီနေ့ နေ့လယ်စာကို အမတ်မင်းတွေနဲ့အတူတူ သုံးဆောင်မယ်"

အမတ်များကလည်း လက်နှစ်ဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ထိုအချိန်တွင်ပင် လျိုကုန်းကုန်း ဝင်ရောက်လာပြီး ယုံးကျားဧကရာဇ်၏ နားနားကပ်ကာ စကားအနည်းငယ် တိုးတိုးလေး လျှောက်တင်လိုက်လေသည်။

...

အပိုင်း (၄၄၇) ပြန်လည်နိုးထခြင်း (၁)

ချောင်ကောလောင်က အသက်ကြီးပြီဟု ဆိုရသော်ငြား နားပါးသည်ဟု ဆိုရမည်။ ထို့အပြင် သူသည် ယုံးကျားဧကရာဇ်နှင့် အနီးဆုံးနေရာတွင် ရှိနေသဖြင့် နားကိုအနည်းငယ် စွင့်လိုက်ရုံဖြင့် လျိုကုန်းကုန်း လျှောက်တင်နေသည်ကို အလုံးစုံ ကြားသိလိုက်ရသည်။

တစ်ရက်နှင့် တစ်ညလုံးလုံး သတိမေ့မြောနေသော တတိယမင်းသား ပြန်လည်သတိရလာပြီ ဖြစ်သည်။

သတိရလာသော်လည်း စကားမပြော၊ မလှုပ်မယှက်ဘဲ ရွှံ့ရုပ်၊ သစ်သားရုပ်ကဲ့သို့ ဖြစ်နေသည်တဲ့။

တတိယမင်းသားကြင်ရာတော်ကတော့ ငိုလွန်းအားကြီး၍ မျက်လုံးများ မို့အစ်ပြီး အသံများပင် ဝင်နေပြီ ဖြစ်သည်။ ချောင်မိဖုရားခေါင်နှင့် ထိုက်ဇီတို့ ကိုယ်တိုင် သွားရောက် မေးမြန်းကြပြီး ကျန်သော မင်းသား၊ မင်းသားကြင်ရာတော်များလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုက်ဇီဖေး တစ်ယောက်တည်းသာ ပေါ်မလာသေးခြင်းပင်။

ချောင်ကောလောင်သည် ဒီအထိ ကြားလိုက်ရသောအခါ စိတ်ထဲတွင် လေးလံသွားပြီး မျက်လုံးထောင့်မှနေ၍ ယုံးကျားဧကရာဇ်ကို အကဲခတ်လိုက်မိသည်။

ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ထင်ထားသည့်အတိုင်း မကောင်းလှချေ။

ယုံးကျားဧကရာဇ်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အမတ်များကို ပြောလိုက်လေသည်။

"ကျန်း ကိစ္စလေး ရှိလို့ ခဏလောက် သွားလိုက်ဦးမယ်။ မင်းတို့ နန်းဆောင်ထဲမှာပဲ အရင် သုံးဆောင်နှင့်ကြ"

အမတ်မင်းများထဲက မည်သူကမျှ နှုတ်ဖွာပြီး ဘာကိစ္စလဲဟု မေးမြန်းခြင်း မရှိကြဘဲ အားလုံး လက်နှစ်ဖက်ကို ယှက်ကာ ယုံးကျားဧကရာဇ်ကို နှုတ်ဆက်လိုက်ကြသည်။ ယုံးကျားဧကရာဇ် ထွက်ခွာသွားသည်နှင့် ဝန်ကြီးလော်က ချောင်ကောလောင်အနားသို့ အရင်ဆုံး ကပ်သွားပြီး တီးတိုး မေးမြန်းလိုက်လေသည်။ "ပြဿနာ အကြီးအကျယ်များ ဖြစ်မလား မသိဘူး"

ချောင်ကောလောင်၏ မျက်လုံးများက တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ခပ်ပြတ်ပြတ် ပြောလိုက်လေသည်။ "ဒါက အရှင်မင်းကြီးရဲ့ မိသားစုရေးရာ ကိစ္စပါ။ ကျွန်တော်တို့က အမတ်တွေအနေနဲ့ ကိုယ့်တာဝန် ကိုယ်ကျေရင် ရပါပြီ။ ကျွန်တော်တို့ ဝင်မပါသင့်တဲ့ ကိစ္စတွေကို ဝင်မပါတာ အကောင်းဆုံးပါပဲ"

ဝန်ကြီးလော်သည် ချက်ချင်း သဘောပေါက်သွားတော့သည်။

အနောက်နန်းဆောင်တွင် ကြင်ရာတော်တစ်ပါး သေဆုံးသွားခြင်းသည် အရှင်မင်းကြီး၏ မိသားစု ကိစ္စသာ ဖြစ်သည်။ အမတ်များအနေဖြင့် ဝင်ရောက် စွက်ဖက်ရန် မသင့်ပေ။ အကယ်၍ အရှေ့နန်းဆောင် အိမ်ရှေ့စံနှင့် ပတ်သက်ဆက်နွယ်လာလျှင်မူကား တိုင်းပြည်ရေးရာ ကိစ္စ ဖြစ်သွားပေလိမ့်မည်။

ယခုအချိန်တွင် ထိုအခြေအနေထိ မရောက်သေးသဖြင့် အခြေအနေကို စောင့်ကြည့်နေလိုက်ခြင်းကသာ အကောင်းဆုံးပင်။

ကျန်ရှိသော အမတ်များသည်လည်း အရှေ့နန်းဆောင်ကို ထောက်ခံသော အရပ်ဘက် အမတ်များ ဖြစ်ကြသည်။ ထိုအချိန်တွင် အားလုံး စုဝေးရောက်ရှိလာကြပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတော့သည်။

"ကြားတာတော့ တတိယမင်းသားက မနေ့ကတည်းက သတိမေ့နေတာဆို။ အခု ဘယ်လို နေလဲ မသိဘူး"

"သေချာပေါက် သတိရလောက်ပြီ နေမှာပါ"

"နန်းတော်ထဲမှာ ဘယ်လောက်တောင် ပြဿနာတွေ တက်ကုန်မလဲ မသိဘူး"

"ပြောရမယ်ဆိုရင်တော့ ထိုက်ဇီဖေးကလည်း စိတ်မြန်လက်မြန် ရှိလွန်းအားကြီးပါတယ်။ တကယ်လို့ စူးဖေးကို အရှင်ထားပြီး အရှင်မင်းကြီးကို စီရင်ခိုင်းလိုက်ရင် အခုလို လှိုင်းလေထန်စရာ အကြောင်း မရှိပါဘူး..."

ချောင်ကောလောင်သည် မလေးမပေါ့ ချောင်းတစ်ချက် ဟန့်လိုက်ကာ "မွန်းတည့်နေပြီ။ ကျွန်တော်တို့ အရင်ဆုံး စားသောက်ကြရအောင်။ ဗိုက်ဝမှ အလုပ်ဆက်လုပ်လို့ ရမှာ"

အမတ်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပါးစပ်ပိတ်သွားကြတော့သည်။

...

ကျင့်ရန်နန်းဆောင်။

လီဟောက်သည် မနေ့ နေ့လယ်ကတည်းက သတိမေ့မြောသွားခြင်း ဖြစ်ရာ ယခု သတိပြန်လည်လာချိန်တွင် တစ်ရက်နှင့် တစ်ည ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဒီတစ်ရက်နှင့် တစ်ညလုံး မုန့်ယွင်လော်သည် မျက်စိချက်မှ မမှိတ်၊ မအိပ်ဘဲ ကုတင်ဘေးတွင်သာ စောင့်နေခဲ့သည်။ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများနှင့် မျက်လုံးများ နီရဲနေကာ ကြည့်ရသည်မှာ အတော်လေး ဖရိုဖရဲနိုင်နေတော့သည်။

မုန့်ယွင်လော်သည် ပါးစပ်ဖွင့်လိုက်သည်နှင့် အသံသည် ကျောက်ကြိတ်စက်ဖြင့် ကြိတ်ထားသကဲ့သို့ အက်ကွဲနေလေသည်။ "အရှင်မင်းသား စိတ်ထဲမှာ ဝမ်းနည်းရင် ဝအောင်သာ ငိုချလိုက်ပါ။ ငိုပြီးရင် သက်သာသွားမှာပါ။ အရှင်မင်းသားက ဒီလို စကားမပြော မလှုပ်မယှက်နဲ့ နေနေတော့ ကျွန်မ စိတ်ပူတာပေါ့"

ပြောရင်းနှင့် သူမ ကိုယ်တိုင် ပြန်လည် ငိုကြွေးမိပြန်သည်။

လီဟောက်သည် တောင့်တောင့်ကြီး လဲလျောင်းနေပြီး မျက်ဝန်းများသည် ဗလာနတ္ထိ ဖြစ်နေကာ အာရုံစူးစိုက်မှု မရှိပေ။ ဝိညာဉ်များ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေပြီး ကုတင်ပေါ်တွင် ဝိညာဉ်မဲ့ ခန္ဓာကိုယ်တစ်ခု ကျန်ရစ်ခဲ့သကဲ့သို့ပင်။

ချောင်မိဖုရားခေါင်နှင့် အခြားသူများသည် ကုတင်ဘေးတွင် ရပ်နေကြသည်။

လီဟောက်၏ တစ်ပိုင်းသေနေသော ပုံစံက ကြည့်ရသူအပေါင်းကို စိတ်မကောင်း ဖြစ်စေသည်။

ချောင်မိဖုရားခေါင်သည် မြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် မကောင်းသဖြင့် သမားတော်ချုပ်ကျိုးကို ခေါ်မေးလိုက်လေသည်။ "သမားတော်ချုပ်ကျိုး၊ တတိယမင်းသားက သတိရလာပြီးတာတောင် ဒီပုံစံ ဖြစ်နေတယ်။ စိတ်ဝိညာဉ် လွင့်ပါးသွားသလိုပဲ။ တတိယမင်းသား စိတ်ပြန်လည်လာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်း ရှိမလား"

သမားတော်ချုပ်ကျိုးသည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြီး လျှောက်တင်လိုက်လေသည်။ "တတိယမင်းသားက စိတ်ထိခိုက်လွန်းပြီး သတိလစ်ဟင်းနေတာပါ။ ကျွန်တော်မျိုးနဲ့ တော်ဝင်သမားတော်တွေ တိုင်ပင်ပြီး ဆေးညွှန်း စီစဉ်ထားပါတယ်။ အရင်ဆုံး သုံးရက်လောက် တိုက်ကြည့်ပါဦးမယ်။ နေ့တိုင်း အပ်စိုက်ကုသပေးပါမယ်။ အရှင်မင်းသား အမြန်ဆုံး သတိပြန်လည်လာဖို့ မျှော်လင့်ပါတယ်"

ချောင်မိဖုရားခေါင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။

ထိုက်ဇီလီကျင့်က ကြားဖြတ် ပြောလိုက်လေသည်။ "စန်းတိက ဒီလိုဖြစ်နေတော့ လူမကွာ စောင့်ရှောက်ဖို့ လိုတယ်။ သမားတော်ချုပ်ကျိုး ပင်ပန်းပေမယ့် ကျင့်ရန်နန်းဆောင်မှာပဲ စောင့်ပေးပါဦး"

သမားတော်ချုပ်ကျိုးက အလျင်အမြန် ပြန်လျှောက်တင်လိုက်သည်။ "ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပါ။ ပင်ပန်းတယ်လို့ မပြောဝံ့ပါဘူး"

ပထမမင်းသားသည် ဘေးမှနေ၍ အေးစက်စွာ ကြည့်ရှုနေပြီး စိတ်ထဲတွင် ကျေနပ်အားရနေလေသည်။

သူ့ညာဘက်ခြေထောက် မသန်မစွမ်း ဖြစ်သွားစဉ်က လီဟောက်သည် သူ့ကို မခနဲ့သည့်ရက် မရှိသလောက်ပင်။ ယခုတော့ ဝဋ်လည်ပြီ။ လီဟောက်တစ်ယောက် ကုတင်ပေါ်တွင် မသေမရှင် လဲလျောင်းနေရပြီ မဟုတ်ပါလား။

မုန့်ဖေးသည် အချစ်တော် နေရာမှ လျှောကျသွားသော်လည်း အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။ စူးဖေးကတော့ အသက်ပါ ပေးလိုက်ရပြီ။ မြေကြီးထဲ ရောက်သွားပြီ။

ဟား ဟား!

ကျေနပ်လိုက်တာ!

စတုတ္ထမင်းသားသည် အစ်ကိုကြီးကို မသိမသာ တံတောင်နှင့် တွတ်လိုက်ပြီး အမူအရာကို ထိန်းသိမ်းရန်နှင့် ဝမ်းသာအားရ ဖြစ်နေသည်ကို မသိသာစေရန် မျက်စပစ်ပြလိုက်လေသည်။

ပထမမင်းသားက အသံတိတ် အေးစက်စက် ပြုံးပြလိုက်သည်။

စတုတ္ထမင်းသားမှာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

သာ့ကောက အစကတည်းက ဆက်ဆံရခက်တဲ့သူ။ အခု ခြေထောက်ဒဏ်ရာရပြီးနောက်ပိုင်း ပိုဆိုးလာတာပဲ။

ပဉ္စမမင်းသား လီချန်သည် မူလက ထောင့်တစ်နေရာတွင် ရပ်နေသော်လည်း ယခုအခါ ကုတင်ဘေးသို့ ရောက်လာခဲ့သည်။ ယခုနှစ်တွင် လီချန်သည် (၁၄) နှစ် ရှိပြီဖြစ်ပြီး အရပ်အမောင်း ထွက်လာသော်လည်း ခန္ဓာကိုယ်က ဝဖြိုးနေဆဲပင်။ ကုတင်ဘေးတွင် ရပ်လိုက်သည်နှင့် လူအများ၏ မြင်ကွင်းတစ်ဝက်ခန့်ကို ပိတ်သွားလေသည်။

"စန်းကော"

လီချန်သည် မျက်လုံးများ နီရဲကာ မျက်ရည်များ ကျဆင်းလာသည်။

"ကျွန်တော် မကောင်းလို့ပါ။ မူဖေးကို ကျွန်တော် သေချာ မစောင့်ကြည့်ခဲ့မိဘူး။ မူဖေး အမှားလုပ်တာကိုလည်း ကျွန်တော် မတားနိုင်ခဲ့ဘူး"

"ဒါပေမဲ့ အခု မူဖေး ဆုံးသွားတာ ကြာပြီ။ မြေကြီးထဲတောင် ရောက်နေပြီ။ စန်းကော ဘယ်လောက်ပဲ ဝမ်းနည်းနေနေ မူဖေးက ပြန်ရှင်လာတော့မှာ မဟုတ်ဘူး"

လီချန်သည် ငိုရှိုက်ရင်း အထပ်ထပ်အခါခါ နှစ်သိမ့်နေသော်လည်း လီဟောက်ကတော့ တုပ်တုပ်မျှ မလှုပ်ပေ။

ထိုအချိန်တွင် ယုံးကျားဧကရာဇ် ရောက်ရှိလာလေသည်။

လီချန်သည် နေရာဖယ်ပေးလိုက်ပြီး ထောင့်တစ်နေရာသို့ သွားကာ မျက်ရည် သုတ်နေလေသည်။

ယုံးကျားဧကရာဇ်သည် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ဖြစ်နေသော သားဖြစ်သူကို တိတ်ဆိတ်စွာ ကြည့်ရှုနေမိကာ မနေနိုင်တော့ဘဲ သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။

"အားဟောက်၊ မင်းက အမြဲတမ်း သိတတ်တဲ့ သားတစ်ယောက်ပါ။ စူးဖေး သေသွားတော့ မင်း စိတ်ထိခိုက်မယ်ဆိုတာ ကျန်း သိပါတယ်"

"ဒါပေမဲ့ စူးဖေးက အမှားကြီး ကျူးလွန်ခဲ့တာ။ ပြစ်ဒဏ်အရဆိုရင် သေဒဏ်ပဲ။ ထိုက်ဇီဖေး လုရှီက လက်မပါရင်တောင် ကျန်းက စူးဖေးကို အရှင်ထားမှာ မဟုတ်ဘူး"

ထိုက်ဇီဖေး လုရှီ ဟူသော စကားလုံးများသည် လီဟောက်၏ အိပ်ပျော်နေသော အာရုံကြောများကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

သူသည် မျက်တောင်ကို ရုတ်တရက် ခတ်လိုက်ပြီး ဗလာဖြစ်နေသော မျက်ဝန်းများတွင် အာရုံစူးစိုက်မှု အနည်းငယ် ပေါ်လာလေသည်။

လီကျင့် "..."

လီကျင့်သည် ရင်ထဲမှ ဒေါသကို ဖိနှိပ်ထားလိုက်ပြီး ယုံးကျားဧကရာဇ်ကို ပြောလိုက်လေသည်။ "ဖုဟွမ်၊ စန်းတိ သတိရလာတာ ဝမ်းသာစရာပါ။ ဖုဟွမ် အရမ်းကြီး စိတ်မပူပါနဲ့။ စန်းတိက စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး"

ယုံးကျားဧကရာဇ်သည် ရှုပ်ထွေးသော အကြည့်ဖြင့် လီကျင့်ကို တစ်ချက်ကြည့်လိုက်ပြီး အင်း ဟု အသံပြုလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး အခြေအနေကို ထိန်းသိမ်းရန် ချက်ချင်း ဝင်ပြောလိုက်သည်။

"တတိယမင်းသားက အခုမှ သတိရလာတာ။ အနားယူဖို့ လိုတယ်။ အားလုံး ဒီမှာ ဝိုင်းအုံမနေကြနဲ့တော့။ ပြန်ကြတော့။ မနက်ဖြန်မှ လာကြည့်ကြ"

အားလုံးက တညီတညွတ်တည်း ပြန်ဖြေကြပြီး အသီးသီး နှုတ်ဆက် ထွက်ခွာသွားကြသည်။

ချောင်မိဖုရားခေါင်က လီကျင့်ကို မျက်စပစ်ပြလိုက်ရာ လီကျင့်ကလည်း သဘောပေါက်ပြီး နှုတ်ဆက်စကား ဆိုကာ ချောင်မိဖုရားခေါင်နှင့်အတူ ထွက်ခွာသွားလေသည်။

အိပ်ဆောင်ထဲတွင် ကုတင်ပေါ်၌ လဲလျောင်းနေသော လီဟောက်၊ ကုတင်ဘေးတွင် ထိုင်နေသော ယုံးကျားဧကရာဇ်နှင့် ဘေးနားတွင် ငိုရှိုက်နေသော မုန့်ယွင်လော်၊ လီချန်တို့သာ ကျန်ရစ်တော့သည်။

"မင်းတို့နှစ်ယောက်လည်း ထွက်သွားကြ" ယုံးကျားဧကရာဇ်က ခေါင်းမလှည့်ဘဲ အမိန့်ပေးလိုက်လေသည်။

"ကျန်း တတိယမင်းသားနဲ့ သီးသန့် စကားပြောချင်တယ်"

မုန့်ယွင်လော်သည် မသွားချင်သော်လည်း လီချန်က သူမထက် အခြေအနေကို ပိုနားလည်သဖြင့် ချက်ချင်း နှုတ်ဆက်ကာ ထွက်ခွာသွားသည်။ မုန့်ယွင်လော်သည် မျက်ရည်စများကို သုတ်လိုက်ပြီး နောက်မှ လိုက်ပါ ထွက်ခွာသွားလေသည်။

အိပ်ဆောင်ထဲတွင် မည်သူမျှ မရှိတော့ချေ။

ယုံးကျားဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အားဟောက်၊ မင်း အမေရင်း မရှိတော့လို့ ဝမ်းနည်းနေတာ ကျန်း နားလည်ပါတယ်။ ကျန်းရော စိတ်ကောင်းမယ် ထင်လား။ မင်းအမေက အပြစ်တွေ အများကြီး ရှိပေမယ့် ကျန်းကို နှစ်ပေါင်း (၂၀) လောက် ပြုစုလာခဲ့တာ"

"လူသေရင် ပြန်မရှင်နိုင်တော့ဘူး။ ကျန်း ဘယ်လောက်ပဲ တန်ခိုးကြီးကြီး သူ့ကို ပြန်ရှင်အောင် မလုပ်ပေးနိုင်ဘူး"

"မင်းလည်း ဒီအမှန်တရားကို လက်ခံရမယ်"

"မင်းမှာ အမေရင်း မရှိတော့ပေမယ့် အဖေရင်း ဖြစ်တဲ့ ကျန်း ရှိသေးတယ်။ မင်းတို့ ညီအစ်ကိုနှစ်ယောက် လိမ်လိမ်မာမာ နေသရွေ့ ကျန်း ရှိနေသမျှ ဘယ်သူမှ မင်းတို့ကို ထိလို့ မရစေရဘူး။ ဒါ ကျန်းရဲ့ ကတိပဲ"

...

All Chapters