အခန်း (၄၄၈-၄၅၀)
Vol. 30 Ch. 448-450
အပိုင်း (၄၄၈) ပြန်လည်နိုးထခြင်း (၂)
လီဟောက်သည် နောက်ဆုံးတော့ တုံ့ပြန်မှု ရှိလာခဲ့၏။
သူသည် ယုံးကျားဧကရာဇ်ကို ကြည့်ရင်း မျက်ဝန်းအိမ်များမှ မျက်ရည်များ ဝဲတက်လာသည်။
ယုံးကျားဧကရာဇ်သည် သားသမီးများထဲတွင် သားဦးဖြစ်သော လီယိကို အချစ်ဆုံးဖြစ်ပြီး တရားဝင်သားဖြစ်သော လီကျင့်ကို အလေးထားဆုံး ဖြစ်သည်။ လီဟောက် မွေးဖွားလာချိန်တွင် ယုံးကျားဧကရာဇ်အတွက် ဖခင်တစ်ယောက် ဖြစ်ရခြင်း၏ ခံစားချက်အသစ်အဆန်းများ မရှိတော့ချေ။
သို့သော် လီဟောက်သည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းပြီး တည်ငြိမ်သည်။ စာပေနှင့် သိုင်းပညာ နှစ်မျိုးလုံးတွင် ထူးချွန်သဖြင့် ယုံးကျားဧကရာဇ်သည် သူ့ကို အတော်လေး နှစ်သက်ခဲ့သည်။
လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း လီဟောက်သည် စစ်မြေပြင်တွင် အကြိမ်ကြိမ် အောင်ပွဲခံခဲ့သည်။ ဖခင်တစ်ယောက်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပြီး လီဟောက်အပေါ် လေးစားမှုနှင့် ကျေနပ်မှုများ တိုးပွားလာခဲ့သည်။
ယခု လီဟောက်သည် မိခင်ဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို ခံစားနေရသည်။ ယုံးကျားဧကရာဇ်၏ ရင်ထဲတွင်လည်း လေးလံနေပြီး နေရထိုင်ရ ခက်နေသည်။ သူသည် လက်လှမ်းကာ လီဟောက်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အားဟောက်၊ စိတ်ထဲမှာ မျိုသိပ်မထားနဲ့။ ငိုချင်ရင် အော်ငိုလိုက်ပါ"
လီဟောက်၏ မျက်လုံးများ ချက်ချင်း နီရဲလာပြီး ခေါင်းကို ကုတင်အတွင်းဘက်သို့ လှည့်လိုက်ကာ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။ ပခုံးများ တသိမ့်သိမ့် တုန်ခါနေပြီး ဖိနှိပ်ထားသော ငိုရှိုက်သံများက ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာကာ ယုံးကျားဧကရာဇ်၏ နားထဲသို့ ဝင်ရောက်လာသည်။
ယုံးကျားဧကရာဇ်သည် အသံတိတ် သက်ပြင်းချလိုက်ပြီး မျက်နှာတွင် ဝမ်းနည်းရိပ်များ လွှမ်းခြုံနေလေသည်။
မည်မျှကြာသွားသည်မသိ။ လီဟောက်သည် နောက်ဆုံးတွင် ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်ကာ ခေါင်းပြန်လှည့်လာသည်။
"ဖုဟွမ်" လီဟောက်၏ မျက်ဝန်းများ နီရဲနေပြီး အသံမှာ အက်ကွဲနေလေသည်။
"မူဖေး အမှားလုပ်မိလို့ ဒီလို အဆုံးသတ်သွားရတာပါ။ တခြားသူကို အပြစ်တင်လို့ မရပါဘူး။ ဒီကိစ္စကြောင့် ဖုဟွမ် အရှေ့နန်းဆောင်ကို အမျက်မထွက်ဖို့ တောင်းဆိုပါတယ်"
လီဟောက်က ဤကဲ့သို့ ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော စကားများကို ပြောထွက်လိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပေ။
ထိုအခိုက်အတန့်တွင် ယုံးကျားဧကရာဇ်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားပြီး လီဟောက်၏ ဖြူဖပ်ဖြူရော် မျက်နှာကို စိုက်ကြည့်လိုက်မိ၏။
"အားဟောက်၊ မင်း တကယ်ပဲ အဲဒီလို တွေးတာလား"
လီဟောက်၏ မျက်ဝန်းများ မှေးမှိန်သွားပြီး အသံတွင် နာကျင်မှုများ ပြည့်နှက်နေလေသည်။
"ဒီကိစ္စက အစကနေ အဆုံးထိ မူဖေးရဲ့ အမှားပါ။ အာ့ကောနဲ့ အာ့စောင်ကို ဘယ်လိုလုပ် အပြစ်တင်လို့ ရမှာလဲ။ မူဟုပ်ကိုရော ဘယ်လို အပြစ်တင်ရမှာလဲ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ကျွန်တော့်ကလေးကို အန္တရာယ်ပြုဖို့ ကြံစည်ရင် ကျွန်တော်လည်း ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"
နောက်ဆုံးစကားတွင် အဆုံးမဲ့သော ခါးသီးမှုများ ပါဝင်နေလေသည်။
ယခင်ဘဝက စူးဖေးသည် ယန်အာကို အသုံးချပြီး လုမင်ယွိကို အဆိပ်ခတ်ခဲ့သည်။ လုမင်ယွိသည် မသေမီ စူးဖေးကို ဓားဖြင့်ထိုးကာ သတ်ပစ်ခဲ့သည်။
ယခုဘဝတွင်လည်း စူးဖေးသည် ရွှီအာနှင့် ရွှမ်းအာကို မကောင်းကြံစည်ခဲ့ပြန်သည်။ လုမင်ယွိက သူမကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်ပါမည်နည်း။
သူ့ရင်ထဲက နာကျင်မှုသည် မိခင်ဖြစ်သူ သေဆုံးသွားခြင်းကြောင့် တစ်ခုတည်း မဟုတ်ပေ။ သူနှင့် လုမင်ယွိကြားတွင် မည်သည့်အခါမှ ပြန်လည်သင့်မြတ်နိုင်တော့မည့် အခွင့်အရေး မရှိတော့ခြင်းကြောင့်လည်း ပါဝင်သည်။ စူးဖေးသည် အပြစ်ပေါင်းထောင်သောင်း ကျူးလွန်ခဲ့သည် ဆိုဦးတော့ သူ့ကို မွေးဖွားသန့်စင်ပေးခဲ့သော မိခင်အရင်းပင်။
သားတစ်ယောက်အနေဖြင့် မိခင်ကို သတ်သူအား ကလဲ့စားမချေဘဲ မနေနိုင်ပေ။
ဤကဲ့သို့သော မှောင်မိုက်လေးလံပြီး ရှုပ်ထွေးသော ခံစားချက်များကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောပြ၍ မရနိုင်ပေ။
ယုံးကျားဧကရာဇ်ရှေ့တွင် သူသည် အရှေ့နန်းဆောင်အတွက် ကိုယ်တိုင် ရှေ့နေလိုက်ပေးခဲ့သည်။ အကြောင်းမှာ သူသည် ယခုအချိန်တွင် အတောင်အလက် မစုံသေးဘဲ အရှေ့နန်းဆောင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးသောကြောင့် ဖြစ်သည်။ သည်းခံပြီး ခေါင်းငုံ့ကာ ယုံးကျားဧကရာဇ်၏ သနားညှာတာမှုကို ရယူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထင်ထားသည့်အတိုင်းပင် ယုံးကျားဧကရာဇ်သည် သူ့ကို ကြည့်သော အကြည့်များ ပိုမို နူးညံ့လာသည်။
"အားဟောက်၊ မင်း နားလည်ပေးနိုင်တာ ကောင်းပါတယ်။ ကျန်းက မင်းအမေ သေတာကို စိတ်မကောင်း မဖြစ်တာ မဟုတ်ဘူး။ မင်းကို မချစ်တာ မဟုတ်ဘူး။ ဒါပေမဲ့ စူးဖေးက အမှားကို အရင်စလုပ်ခဲ့တာ။ ထိုက်ဇီဖေးကလည်း တာ့ဝေအတွက် အကျိုးဆောင်မှုကြီး လုပ်ပေးထားတယ်။ ကျန်း သူ့ကို အပြစ်ပေးလိုက်ရင် ထိုက်ဇီက ကျေနပ်မှာ မဟုတ်ဘူး။ မိဖုရားခေါင်က ကျေနပ်မှာ မဟုတ်ဘူး။ ရှင်းယန်ဝမ်ကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
"လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ရအောင်"
လီဟောက်သည် နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်ပြီး ငိုတာထက်ပင် ဆိုးရွားသော အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။
"ဖုဟွမ်၊ သားတော် ဒီနေ့ပဲ အိမ်ပြန်ချင်ပါတယ်"
ယုံးကျားဧကရာဇ်က သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ။ မင်း တတိယမင်းသားအိမ်တော်ကို ပြန်ပြီး ခဏလောက် အေးအေးဆေးဆေး အနားယူလိုက်ဦး။ စိတ်တည်ငြိမ်သွားမှ နန်းတော်ထဲ ပြန်ဝင်လာခဲ့"
လီဟောက်သည် တိုးတိုးလေး ဖြေကြားလိုက်ပြီး ထပ်မံ တောင်းဆိုလိုက်သည်။
"မူဖေးက သားတော်ကို မွေးဖွားပြုစုပေးခဲ့တာပါ။ အခု မူဖေးကို ဘယ်မှာ မြှုပ်ထားလဲဆိုတာတောင် သားတော် မသိရပါဘူး။ မူဖေးရဲ့ အုတ်ဂူရှေ့သွားပြီး ကန်တော့ခွင့်ပြုဖို့ ဖုဟွမ်ကို တောင်းဆိုပါတယ်"
ယုံးကျားဧကရာဇ်က ခေါင်းညိတ်ပြီး ခွင့်ပြုလိုက်သည်။
သားအဖနှစ်ယောက် စကားထပ်မပြောကြတော့ဘဲ ခဏလောက် တိတ်ဆိတ်သွားကြပြီးမှ ယုံးကျားဧကရာဇ်က ပြောလိုက်လေသည်။
"နောက်ရက်နည်းနည်းလောက်နေပြီး ကျန်း အားတဲ့အခါ မင်းနဲ့အတူတူ လိုက်ခဲ့မယ်"
လီဟောက်၏ မျက်ဝန်းများ မျက်ရည်စများဖြင့် လက်ခနဲ ဖြစ်သွားပြီး အသံမှာ တုန်ယင်နေလေသည်။
"ကျေးဇူးတင်ပါတယ် ဖုဟွမ်"
...
ယုံးကျားဧကရာဇ်သည် လီဟောက်ကို နှစ်သိမ့်ပြီးနောက် ထွက်ခွာသွားလေသည်။
ယုံးကျားဧကရာဇ် ထွက်သွားသည်နှင့် မုန့်ယွင်လော်သည် အိပ်ဆောင်ထဲသို့ အပြေးဝင်လာပြီး လီဟောက်ကို စိုးရိမ်တကြီး ကြည့်ရှုလိုက်သည်။
"အရှင်မင်းသား၊ အခု ဘယ်လို နေသေးလဲ"
မုန့်ယွင်လော်သည် မှန်မကြည့်မိသဖြင့် မိမိပုံစံ မည်မျှ စုတ်ပြတ်သတ်နေသည်ကို မသိချေ။
လီဟောက်က မုန့်ယွင်လော်ကို တစ်ချက် ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ငါ သတိမေ့နေတာ ဘယ်လောက်ကြာသွားပြီလဲ"
နောက်ဆုံးတော့ စကားပြောလာပြီ။
မုန့်ယွင်လော်က ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "တစ်ရက်နဲ့ တစ်ည ရှိပြီ။ စောစောက သတိရတုန်းကလည်း စကားမပြောဘူး။ ကျွန်မ ဘာပြောပြော ပြန်မတုံ့ပြန်ဘူး။ စိတ်ဖောက်ပြန်သွားတဲ့လူလိုပဲ။ ကျွန်မ အရှင်မင်းသားကို ကြည့်ပြီး လန့်သေတော့မလို့"
"အရှင်မင်းသား ကျွန်မကို အပြစ်တင်နေမှန်း သိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘာဖြစ်နေမှန်းတောင် မသိဘဲ အရှေ့နန်းဆောင်ထဲ ခေါ်သွားခံလိုက်ရတာ။ နောက်ပိုင်း မူဖေးကို အဆိပ်အရက် တိုက်ပြီး သတ်လိုက်တာလည်း ကျွန်မ မသိလိုက်ဘူး။ နောက်တစ်နေ့ကျမှ သတင်းဆိုး ကြားရလို့ အရှေ့နန်းဆောင်ကို သွားပြီး ပြဿနာရှာခဲ့တာ"
"ဒီနန်းတော်ထဲမှာ လူတိုင်းက လုမင်ယွိ မျက်နှာကြည့်ပြီး နေနေရတာ။ ဘယ်သူမှ ကျွန်မလို တတိယမင်းသားကြင်ရာတော်ကို အရေးမစိုက်ကြဘူး။ ကျွန်မ ခဏလောက် ငိုယိုအော်ဟစ်ပြီးတာနဲ့ အရှေ့နန်းဆောင်ကနေ မောင်းထုတ်ခံလိုက်ရတာ"
"ကျွန်မ မူဖေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့လို့ အရှင်မင်းသားအပေါ် အားနာမိပါတယ်။ အရှင်မင်းသား နေကောင်းအောင် အရင်နေပါ။ နေကောင်းလာရင် ကြိုက်သလို အပြစ်ပေးပါ။ ကျွန်မ ဘာမှ မငြင်းပါဘူး"
ပြောရင်းနှင့် သူမသည် 'ဟီး' ခနဲ ထပ်ငိုပြန်တော့သည်။
လီဟောက်က သက်ပြင်းချလိုက်ပြီး လက်လှမ်းကာ မုန့်ယွင်လော်၏ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
"ငါ မင်းကို အပြစ်မတင်ပါဘူး"
ထိုစကားငါးလုံးကြောင့် မုန့်ယွင်လော်၏ ကိုယ်လုံးလေး တုန်ခါသွားပြီး မယုံနိုင်စွာဖြင့် မော့ကြည့်လိုက်မိသည်။ မျက်ရည်များကြားမှ လီဟောက်၏ မျက်နှာသည် ဝေဝါးနေသော်လည်း မျက်ဝန်းနက်များထဲမှ သနားကြင်နာမှုများကိုတော့ အထင်းသား မြင်နေရသည်။
"ယွင်လော်၊ မူဖေး သေဆုံးရတာ မင်းအမှား မဟုတ်ပါဘူး။ ငါ မင်းကို အပြစ်မတင်ဘူး" လီဟောက်၏ အသံသည် နက်ရှိုင်းပြီး နူးညံ့နေလေသည်။ "မင်း ပြောသလိုပဲ။ နန်းတော်ထဲမှာ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေး ရှိနေတာ။ မင်းက မင်းသားကြင်ရာတော် တစ်ယောက်အနေနဲ့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
"အရင်တုန်းက ငါ စိတ်မပါဘဲ မင်းအပေါ် ကောင်းကောင်း မဆက်ဆံခဲ့မိဘူး။ မင်း စိတ်မချမ်းသာဘဲ ငါနဲ့ အမြဲတမ်း ရန်ဖြစ်နေခဲ့ရတယ်"
"ဒီနေ့ကစပြီး ငါ ဘယ်သူ့ကိုမှ စိတ်ထဲ မထားတော့ဘူး။ ငါ့စိတ်ထဲမှာ မင်းကိုပဲ တွေးတော့မယ်။ မင်းနဲ့ ကျန်းအာအပေါ်ပဲ ကောင်းကောင်း ဆက်ဆံတော့မယ်"
မုန့်ယွင်လော်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ခါသွားပြီး မျက်ရည်များ တသွင်သွင် စီးကျလာပြန်သည်။
ဒီတစ်ခါ ကျဆင်းလာသော မျက်ရည်များကတော့ ပျော်ရွှင်ခြင်း မျက်ရည်များ ဖြစ်ပေသည်။
သူမသည် လီဟောက်၏ အင်္ကျီလက်စကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ခေါင်းကို လီဟောက်၏ လက်မောင်းပေါ် မှီထားကာ ရင်ထဲတွင် ကြာမြင့်စွာ မျိုးသိပ်ထားခဲ့ရသော ဝမ်းနည်းမှုများကို အကုန်အစင် ငိုထုတ်လိုက်တော့သည်။
လီဟောက်သည် အော်ဟစ်ငိုကြွေးနေသော ဇနီးသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေမိ၏။
ကွမ်းပင်းနယ်စားသည် ယခုတိုက်ပွဲတွင် အကျိုးဆောင်မှု များစွာ ပြုလုပ်ခဲ့သဖြင့် မကြာမီ ရာထူးပြန်လည် ရရှိတော့မည်။ မုန့်မိသားစု၏ တပ်ဖွဲ့သည် တာ့ဝေတိုင်းပြည်၏ အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်နေဆဲပင်။ ပထမမင်းသား ညာဘက်ခြေထောက် ဒဏ်ရာရပြီးကတည်းက ကွမ်းပင်းနယ်စားသည် သမက်တော် ဖြစ်သူ သူ့အပေါ် ပိုမို ရင်းနှီးလာခဲ့သည်။
သူ အာဏာလုရန်၊ အိမ်ရှေ့စံနေရာ လုယူရန်အတွက် ကွမ်းပင်းနယ်စား၏ အကူအညီ မပါလျှင် မဖြစ်ပေ။
ကွမ်းပင်းနယ်စားကို ထောက်ထားပြီး မုန့်ယွင်လော်ကို ချော့မော့ထားရမည်။
ထိုအချိန်တွင် ဝဖြိုးသော လူငယ်တစ်ဦး တံခါးပေါက်တွင် ပေါ်လာသည်။ မျက်ဝန်းများတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေပြီး ခဏလောက် တွန့်ဆုတ်နေပြီးမှ သတ္တိမွေးကာ လျှောက်လာခဲ့သည်။
"စန်းကော" ဟု တိုးတိုးလေး ခေါ်လိုက်လေသည်။
ခွဲခွာခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လီဟောက်သည် စကားမပြောဘဲ လီချန်ကို စိုက်ကြည့်နေမိသည်။
လီချန်သည် အကြည့်ခံနေရသဖြင့် ကြက်သီးမွေးညင်းများ ထလာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။ သူသည် စိတ်လှုပ်ရှားလာလျှင် အင်္ကျီစကို ဆွဲတတ်သည့် အကျင့်ရှိသည်။ ခဏလေးအတွင်းမှာပင် သပ်ရပ်နေသော အင်္ကျီစသည် ကြေမွသွားလေသည်။
လီဟောက်၏ အကြည့်သည် လီချန်၏ အင်္ကျီစပေါ်သို့ ရောက်ရှိသွားပြီး စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာသည်။
ယခင်က ဒေါသများသည် စူးဖေးသေဆုံးပြီးနောက် အရေးမပါတော့သကဲ့သို့ ဖြစ်သွားသည်။ မူဖေး သေဆုံးသွားပြီ ဖြစ်ရာ ဤလောကတွင် သူ့အတွက် အရင်းနှီးဆုံး လူသားမှာ လီချန်သာ ကျန်တော့သည်။
သွေးသည် ရေထက်ပျစ်သော ညီအစ်ကိုအရင်း ဖြစ်ပြီး လက်မောင်းကျိုးသွားသော်လည်း အကြောကတော့ ဆက်နေဆဲပင်။
...
အပိုင်း (၄၄၉) ယှဉ်ပြိုင်ခြင်း
လီဟောက် နောက်ဆုံးတော့ စကားပြောလာလေသည်။
"ဝူတိ၊ ဒီနားလာခဲ့"
လီချန်၏ မျက်လုံးများ အရောင်လက်သွားပြီး ကုတင်ဘေးသို့ အလျင်အမြန် ပြေးလာခဲ့သည်။
"စန်းကော၊ ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးလား"
လွန်ခဲ့သော နှစ်နှစ်ကျော်က လီဟောက်သည် အကြောင်းပြချက်မရှိဘဲ သူ့ကို ရိုက်နှက်ခဲ့သဖြင့် သူသည် ရက်ပေါင်းများစွာ အိပ်ရာထဲ လဲခဲ့ရသည်။ ထို့နောက် လီဟောက် မြို့တော်မှ ထွက်ခွာသွားစဉ်ကလည်း သူ့ကို တွေ့ဆုံခြင်း မရှိခဲ့ချေ။
ထိုကိစ္စသည် လီချန်၏ စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့လေသည်။
ထို့အပြင် ဒီနှစ်နှစ်အတွင်း သူသည် လီဟောက်ထံသို့ စာများစွာ ရေးခဲ့သော်လည်း လီဟောက်က တစ်စောင်မျှ စာပြန်ခြင်း မရှိခဲ့ပေ။ သူ့ကို လုံးဝ အဆက်အသွယ်ဖြတ်လိုက်သည့် ပုံစံမျိုး ဖြစ်နေသဖြင့် သူသည် စိတ်ဆိုးသလို ဝမ်းနည်းသလို ခံစားခဲ့ရသည်။
သူ့အနေဖြင့် ရံဖန်ရံခါ စိတ်မကျေနပ်မှုများ ရှိခဲ့သော်လည်း အစ်ကိုဖြစ်သူကို ဘယ်တုန်းကမှ မလွန်ဆန်ခဲ့ဖူးပေ။ အစ်ကိုက သူ့အပေါ် ဘာဖြစ်လို့ ဒီလို လုပ်ရက်ရတာလဲ။
ယခု အစ်ကိုဖြစ်သူက သူ့ကို စကားစပြောလာပြီ ဖြစ်ရာ သူသည် မပျော်ရွှင်ဘဲ အဘယ်မှာ နေပါမည်နည်း။
လီချန် ပျော်ရွှင်နေသည်ကို ကြည့်ပြီး လီဟောက်၏ စိတ်ထဲတွင် ခါးသက်သက် ခံစားလိုက်ရသည်။
"မူဖေး ဆုံးသွားပြီ။ နောက်ဆိုရင် ငါတို့ ညီအစ်ကိုက အရင်းနှီးဆုံး လူတွေ ဖြစ်သွားပြီ။ မင်းမှာ အခက်အခဲရှိရင် ငါ့ဆီ တိတ်တိတ်ကလေး လာပြော"
လီချန်က ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ပြီး သေဆုံးသွားသော မိခင်ကို သတိရကာ မျက်လုံးများ နီရဲလာတော့သည်။
"စန်းကော၊ ကျွန်တော် နန်းတော်ထဲက ထွက်ဖို့ အခွင့်အရေး မရှိတော့ မူဖေးရဲ့ အုတ်ဂူ ဘယ်မှာ ရှိလဲဆိုတာတောင် မသိရဘူး။ အစ်ကို သွားကန်တော့တဲ့အခါကျရင် ကျွန်တော့်ကိုပါ ခေါ်သွားပေးပါနော်"
လီဟောက်က ခေါင်းညိတ်လိုက်သည်။
မုန့်ယွင်လော်သည် အချိန်အတော်ကြာ ငိုကြွေးပြီးနောက် စိတ်တည်ငြိမ်သွားပြီ ဖြစ်ရာ အင်္ကျီလက်ဖြင့် မျက်ရည်သုတ်လိုက်ပြီး အသံအက်အက်ဖြင့် မေးလိုက်သည်။ "အရှင်မင်းသား၊ ကျွန်မတို့ ဘယ်တော့ အိမ်ပြန်ကြမလဲ"
လီဟောက်က တိုးတိုးလေး ဖြေလိုက်သည်။
"ဒီနေ့ ပြန်မယ်"
မုန့်ယွင်လော်မှာ လန့်သွားပြီး ချက်ချင်း ပြောလိုက်မိသည်။ "အရှင်မင်းသား ကျန်းမာရေးက ကောင်းသေးတာ မဟုတ်ဘူး။ နှစ်ရက်လောက် နေပြီးမှ ပြန်သင့်တာ"
"မလိုတော့ဘူး" လီဟောက်၏ အသံတွင် ပြတ်သားမှုများ ပါဝင်နေသည်။ "ငါ နန်းတော်ထဲမှာ တစ်ခဏလေးတောင် မနေချင်တော့ဘူး။ ဒီနေ့ပဲ ပြန်ကြမယ်"
မုန့်ယွင်လော်သည် မလွန်ဆန်နိုင်သဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။
လီချန်ကတော့ နှမြောတသ ဖြစ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"စန်းကော၊ စန်းကော ထွက်သွားရင် ကျွန်တော် တစ်ယောက်တည်း နန်းတော်ထဲမှာ အထီးကျန်နေမှာ။ ဒါဆိုရင် ကျွန်တော်လည်း နန်းတော်ထဲက ထွက်ပြီး ကိုအစ်ကို့အိမ်မှာ လိုက်နေလို့ ရမလား"
နန်းတော်ထဲတွင် လူအများအပြား ရှိသော်လည်း သူ့ကို ဂရုစိုက်မည့်သူ မရှိပေ။ သူ နေမကောင်းဖြစ်လျှင်တောင် လာကြည့်မည့်သူ မရှိ။ သူ့ဘေးနားတွင် ကုန်းကုန်းများနှင့် နန်းတွင်းသူများသာ ရှိလေသည်။
လီဟောက်သည် လီချန်၏ သနားစရာ မျက်နှာလေးကို ကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ"
လီချန်မှာ အပျော်လွန်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် စန်းကော"
လီဟောက်က မုန့်ယွင်လော်ဘက် လှည့်ပြီး ပြောလိုက်သည်။
"ကျန်းအာကော... သူ့ကို ခေါ်လာခဲ့။ ငါက အဖေရင်း ဖြစ်ပြီးတော့ ကိုယ့်သမီးကိုတောင် သေချာ မကြည့်ရသေးဘူး"
မုန့်ယွင်လော် ထွက်သွားပြီး ခဏအကြာတွင် နို့ထိန်းသည် ကျန်းအာကို ပွေ့ချီပြီး ဝင်လာခဲ့သည်။
ကျန်းအာသည် မျက်လုံးမှေးမှေး၊ အသားဖြူဖြူနှင့် ချစ်စရာ ကောင်းလေသည်။
"ကျန်းအာ၊ ဖေဖေလို့ ခေါ်လိုက်လေ" မုန့်ယွင်လော်က ကျန်းအာကို ဆွဲခေါ်ပြီး ပြောလိုက်သည်။
ကျန်းအာသည် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ကြောက်ရွံ့စွာဖြင့် "ဖေဖေ" ဟု ခေါ်လိုက်သည်။
ထိုအချိန်ကျမှ လီဟောက်သည် ဖခင်တစ်ယောက် ဖြစ်ရသည့် ခံစားချက်ကို ရရှိလိုက်ပြီး ပြုံးကာ ထူးလိုက်သည်။ လက်လှမ်းပြီး ကျန်းအာ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ ကျန်းအာသည် လူစိမ်းနှင့် မရင်းနှီးသဖြင့် အနောက်သို့ တွန့်ဆုတ်သွားသည်။
မုန့်ယွင်လော် စိတ်ဆိုးသွားပြီး ကျန်းအာကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
"ဒါ နင့်အဖေလေ။ ဘာကြောက်စရာ ရှိလို့လဲ"
ကျန်းအာသည် အဆူခံလိုက်ရသဖြင့် နှုတ်ခမ်းမဲ့ပြီး ငိုတော့သည်။
ကလေးငိုသံ စူးစူးဝါးဝါးကြောင့် လီဟောက် စိတ်ရှုပ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းအာသည် ပိုကြောက်သွားပြီး မုန့်ယွင်လော်လက်ထဲမှ ရုန်းထွက်ကာ နို့ထိန်းရင်ခွင်ထဲသို့ ပြေးဝင်သွားတော့သည်။
မုန့်ယွင်လော် ပိုဒေါသထွက်သွားပြီး ဆူပူရန် ပြင်လိုက်၏။
လီဟောက်က လှမ်းတားလိုက်သည်။ "ကလေးက မွေးကတည်းက ငါ့ကို မမြင်ဖူးတော့ စိမ်းနေတာ မဆန်းပါဘူး။ နောက်ကျရင် ငါ အိမ်မှာ အနားယူရင်း သူနဲ့ အချိန်ပိုပေးလိုက်ရင် သူ ငါ့ကို မကြောက်တော့ပါဘူး။ မင်းလည်း စိတ်မဆိုးနဲ့တော့။ ပစ္စည်းတွေ သိမ်းခိုင်းလိုက်။ အခုပဲ ပြန်ကြမယ်"
...
အရှေ့နန်းဆောင်။
ယနေ့တွင် ရာသီဥတုက သာယာလှသည်။ နေ့လယ်စာ စားပြီးနောက် ရွှီအာနှင့် ရွှမ်းအာတို့ မောင်နှမနှစ်ယောက် ပြေးလွှားဆော့ကစားနေကြသဖြင့် ခြံဝင်းထဲတွင် ရယ်မောသံများဖြင့် ဖုံးလွှမ်းနေလေသည်။
ပျော်ရွှင်နေသော ကလေးမျက်နှာလေးနှစ်ခုသည် နေရောင်အောက်တွင် တောက်ပနေသည်။ ရံဖန်ရံခါ လှည့်ကြည့်ပြီး "မေမေ" ဟု လှမ်းခေါ်တတ်ကြသည်။
လုမင်ယွိကလည်း ပြုံးပြီး "မေမေ ဒီမှာ ရှိတယ်" ဟု ပြန်ထူးလိုက်သည်။
သူမက ထိုသို့ ပြန်ထူးလိုက်သည်နှင့် ကလေးများသည် စိတ်ချလက်ချဖြင့် ဆက်လက် ဆော့ကစားကြပြန်သည်။
လုမင်ယွိသည် သားသမီးများကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားကာ မျက်ဝန်းများမှာလည်း နူးညံ့နေလေသည်။
နန်းတွင်းသူတစ်ယောက် အမြန်လျှောက်လာပြီး တိုးတိုးလေး သတင်းပို့လိုက်သည်။
"ထိုက်ဇီဖေးညန်ညန်၊ ဟွမ်ဟုပ်ညန်ညန်ဆီက စကားပါးလိုက်ပါတယ်။ တတိယမင်းသားနဲ့ ကြင်ရာတော်တို့ နန်းတော်ထဲကနေ အိမ်ပြန်သွားကြပါပြီတဲ့။ ပဉ္စမမင်းသားလည်း တတိယမင်းသားအိမ်တော်မှာ လိုက်နေဖို့ ပါသွားပါတယ်တဲ့"
လုမင်ယွိ၏ အပြုံး အနည်းငယ် တန့်သွားပြီး ခေါင်းညိတ်လိုက်သည်။
"သိပြီ"
နန်းတွင်းသူသည် ပါးစပ်ပိတ်ပြီး ဘေးသို့ ဆုတ်သွားသည်။
ရွှီအာနှင့် ရွှမ်းအာတို့သည် တစ်နာရီခန့် ဆော့ကစားပြီးနောက် အိပ်ချင်လာကြသဖြင့် လုမင်ယွိက ကလေးနှစ်ယောက်ကို ခေါ်ပြီး အိပ်ဆောင်ထဲ ဝင်ကာ သိပ်လိုက်သည်။
လုမင်ယွိက စိတ်ကို တည်ငြိမ်အောင် ထားနိုင်သော်လည်း ချောင်မိဖုရားခေါင်ကတော့ မနေနိုင်ဘဲ အရှေ့နန်းဆောင်သို့ ရောက်ရှိလာလေသည်။
လုမင်ယွိက ရှေ့တိုးပြီး နှုတ်ဆက်လိုက်သည်။
"အာရှီ မူဟုပ်ကို ဂါရဝပြုပါတယ်"
ချောင်မိဖုရားခေါင်က စိတ်မရှည်တော့ပေ။ "ဒီအချိန်ရောက်မှ ဒီလို ယဉ်ကျေးမှုတွေ လုပ်နေရသေးလား"
လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်သည်။ "တတိယမင်းသားက နန်းတော်ထဲမှာ သနားအောင် လုပ်မနေဘဲ ချက်ချင်း ထွက်သွားတာလေ။ မူဟုပ် ဘာများ စိတ်ပူစရာ ရှိလို့လဲ"
ချောင်မိဖုရားခေါင်က အပြစ်တင်သံဖြင့် ပြောလိုက်သည်။ "ပန်ကုံး ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။ ဒီနေ့ မင်းက မပေါ်လာတော့ လီဟောက် သတိရလာတုန်းက ပုံစံကို မမြင်လိုက်ရဘူး။ စကားမပြော မရယ်မပြုံး မလှုပ်မယှက်နဲ့ ကြည့်ရတာ အရမ်း ကြောက်စရာကောင်းတယ်"
"အရှင်မင်းကြီး ရောက်လာတော့ သူ့ပုံစံကို မြင်ပြီး ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်သွားလဲ မသိဘူး။ ငါတို့ကို အကုန် မောင်းထုတ်ပြီး သူတို့နှစ်ယောက်တည်း အကြာကြီး စကားပြောနေကြတာ။ ဘာတွေ ပြောလဲ ဘယ်သူမှ မသိရဘူး"
"ပြီးတော့ လီဟောက်က အိမ်ပြန်မယ်လို့ ဇွတ်ပြောတာ။ လီချန်ကလည်း လိုက်သွားတယ်"
"ဒီကိစ္စကို အရှင်မင်းကြီး သိရင် အရှေ့နန်းဆောင်က သဘောထားသေးသိမ်ပြီး ညီအစ်ကို မောင်နှမတွေကို လက်မခံနိုင်ဘူးလို့ ထင်သွားလိမ့်မယ်"
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး အသံတွင် အေးစက်မှုများ ပါဝင်နေလေသည်။ "ဒါက လီဟောက်ရဲ့ ရည်ရွယ်ချက်ပဲလေ။ သူက သည်းခံပြီး နောက်ဆုတ်ပြလေ အရှေ့နန်းဆောင်က အနိုင်ကျင့် ဗိုလ်ကျသလို ဖြစ်လေပဲ။ ဖုဟွမ်ရဲ့ စိတ်နေစိတ်ထားအရ အရှင်မင်းသားနဲ့ ကျွန်မအပေါ် ပိုပြီး အမြင်မကြည် ဖြစ်လာလိမ့်မယ်"
ချောင်မိဖုရားခေါင် "..."
ချောင်မိဖုရားခေါင်သည် ဒေါသထွက်လွန်း၍ တီးတိုး ရေရွတ်လိုက်သည်။ "ဒီကောင်စုတ်ကတော့လေ။ မြို့တော်ကနေ နှစ်နှစ်လောက် ခွဲခွာသွားပြီး တိုက်ပွဲနည်းနည်း အနိုင်ရတာနဲ့ ဉာဏ်နီဉာဏ်နက်တွေ များလာလိုက်တာ"
လုမင်ယွိက နှစ်သိမ့်လိုက်သည်။ "မူဟုပ် စိတ်မပူပါနဲ့။ လီဟောက်က အိမ်ရှေ့စံ နေရာကို အမြဲတမ်း မျှော်မှန်းခဲ့တာပါ။ အရင်တုန်းက သူ့ဆန္ဒကို ဖုံးကွယ်ထားခဲ့တာ။ ပြီးတော့ ပထမမင်းသားက သူ့ထက် ပိုထင်ပေါ်နေခဲ့တာကိုး။ စူးဖေး မသေရင်တောင် သူနဲ့ အရှေ့နန်းဆောင် ထိပ်တိုက်တွေ့ဖို့က ကြာမယ်မထင်ပါဘူး"
"အခုက အစပဲ ရှိပါသေးတယ်။ သူ ဘယ်လိုပဲ လာလာ ကျွန်မတို့မှာ ဖြေရှင်းနည်း ရှိပါတယ်"
"အရှင်မင်းသားက စစ်ထွက်ပြီး အကျိုးဆောင်မှုကြီး လုပ်ခဲ့တယ်။ နန်းတွင်းက အရပ်ဘက်အမတ်တွေရော စစ်ဘက်အရာရှိတွေရော အားလုံးက သူ့ဘက်မှာ ရှိနေတယ်။ သူ့ကို ထောက်ခံသူတွေ အများကြီးပဲ။ ဘယ်သူမှ သူ့ရဲ့ အိမ်ရှေ့စံ နေရာကို လှုပ်ခါနိုင်မှာ မဟုတ်ဘူး။ မူဟုပ် စိတ်ကို တည်ငြိမ်အောင် ထားပါ"
"အခု လောလောဆယ် ကျွန်မတို့က အသာစီး ရနေတာပါ။ ကျွန်မတို့က သဘောထားကြီးသလို နေလိုက်ရင် ရပြီ။ ဘာမှ လုပ်စရာ မလိုဘူး။ ဘာမှ ပြောစရာ မလိုဘူး"
ချောင်မိဖုရားခေါင်သည် မူလက စိတ်ရှုပ်ထွေးနေသော်လည်း လုမင်ယွိ ပြောလိုက်မှ စိတ်အေးသွားတော့သည်။
"မင်းပြောတာ မှန်တယ်။ အရှင်မင်းကြီးက စူးဖေးသေလို့ စိတ်မကြည်မလင် ဖြစ်နေတာ။ ဒီအချိန်မှာ ငါတို့ ဘာပြောပြော အမှားပဲ ဖြစ်မှာ"
"ထားလိုက်ပါတော့။ သူတို့ နန်းတော်က ထွက်သွားတာလည်း ကောင်းပါတယ်။ မျက်စိအောက်က အဝေးရောက်သွားတော့ ပန်ကုံး စိတ်ချမ်းသာတာပေါ့"
လုမင်ယွိက ပြုံးလိုက်သည်။ "မူဟုပ် ပြောတာ ဟုတ်ပါတယ်"
ဒီအားပြိုင်မှုက ယခုမှ စမှတ်ပင်။
...
အပိုင်း (၄၅၀) လျစ်လျူရှုခံရခြင်း (၁)
လီဟောက် နန်းတော်ထဲမှ ထွက်ခွာသွားပြီဟူသော သတင်းသည် လီကျင့်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
လီကျင့်သည် အရှေ့နန်းဆောင်၏ အရာရှိများနှင့် တိုင်ပင်ဆွေးနွေးနေခြင်း ဖြစ်ပြီး သတင်းကြားလိုက်ရသောအခါ မျက်နှာထား မပြောင်းလဲဘဲ ခေါင်းညိတ်ရုံသာ ညိတ်လိုက်လေသည်။ "ဒီကိစ္စကို ငါ သိပြီ"
သတင်းလာပို့သော ကုန်းကုန်း ထွက်သွားသည်နှင့် အရှေ့နန်းဆောင်၏ အရာရှိများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ခဏလောက် စဉ်းစားတွေးတောလိုက်ကြသည်။
ဇန်းဇီကျန်းက စတင် ပြောကြားလိုက်လေသည်။ "အရှင်မင်းသား၊ သူတစ်ပါးကို ဒုက္ခပေးလိုစိတ် မရှိရင်တောင် သူတစ်ပါး ဒုက္ခပေးလာမှာကို ကာကွယ်နိုင်မယ့် စိတ်တော့ ရှိရပါမယ်"
ကျိုးလီက ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။ "တတိယမင်းသားက စူးဖေး သေဆုံးသွားတဲ့အတွက် အရှေ့နန်းဆောင်ကို သေချာပေါက် အငြိုးထားမှာပါ။ ပေါ်ပေါ်ထင်ထင် ဘာမှမလုပ်ပေမယ့် နောက်ကွယ်ကနေ ဒုက္ခပေးမှာ စိုးရိမ်ရပါတယ်။ အရှင်မင်းသား သတိထားမှ ဖြစ်ပါမယ်"
ကျောက်ရွေ့နှင့် လီယန်တို့သည် အရှေ့နန်းဆောင်သို့ ရောက်ရှိလာကတည်းက ထိုက်ဇီအတွက်သာ အစွမ်းကုန် ကြိုးစားပေးနေသူများ ဖြစ်သည်။ ယခုအချိန်တွင် ပြင်ပလူ မရှိသဖြင့် ဝင်ရောက် အကြံပေးကြသည်။ "သူတို့ ပြောတာ ဟုတ်ပါတယ်"
"အရှင်မင်းသား ပိုသတိထားပါ"
ဝန်ကြီးဆွန်းသည် တည်ငြိမ်ရင့်ကျက်သူ ဖြစ်ပြီး ပုံမှန်အားဖြင့် စကားနည်းသည်။ သူသည် ကျဲပါးသော မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်မျိုး ထင်တာကတော့ လှုပ်ရှားတာထက် ငြိမ်နေတာ ပိုကောင်းပါတယ်။ အရှင်မင်းသားအနေနဲ့ လောလောဆယ် ဘာမှ မလုပ်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် အရှင်မင်းကြီးရဲ့ သံသယကို ခံရပါလိမ့်မယ်။ အရှင်မင်းသားက အရှေ့နန်းဆောင်ရဲ့ အိမ်ရှေ့စံပါ။ နန်းတွင်းရော နန်းပြင်ရော နာမည်ကောင်း ရှိပြီးသားပါ။ သဘောထားကြီးပြီး ကြင်နာတတ်တယ်လို့ နာမည်ကြီးပါတယ်။ အရှင်မင်းသား စိတ်ရှည်သည်းခံနိုင်သရွေ့ ဘယ်သူမှ ဖြိုလှဲလို့ ရမှာ မဟုတ်ပါဘူး"
"အရှင်မင်းသားက ညီအစ်ကို မောင်နှမ သံယောဇဉ် ကြီးမားကြောင်း ပြသတဲ့အနေနဲ့ တတိယမင်းသားအိမ်တော်ကို လူလွှတ်ပြီး အားဆေးတွေ ဘာတွေ ပို့ပေးသင့်ပါတယ်။ အရှင်မင်းကြီးက အရှင်မင်းသားရဲ့ မောင်နှမ သံယောဇဉ်ကို မြင်တွေ့နိုင်အောင် လုပ်ရပါမယ်"
ချင်း(ဂျင်း)က ရင့်လေ စပ်လေ ဆိုသကဲ့သို့ပင်။
လီဟောက်က "သည်းခံပြီး နောက်ဆုတ်" ပြသော် အစ်ကိုဖြစ်သူက "ညီငယ်ကို ဂရုစိုက်" ပြလိုက်လျှင် တရားမျှတမှုဘက်တွင် ရပ်တည်ပြီးသား ဖြစ်သွားမည်။ ယုံးကျားဧကရာဇ်၏ အမြင်မကြည်လင်မှုများ ပျောက်ကွယ်သွားစေပြီး လီဟောက်ကို ပြောစရာ စကားမရှိအောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။
ကွယ်ရာတွင် မည်သို့လုပ်မည် ဆိုသည်မှာ တခြားကိစ္စ တစ်ခု ဖြစ်လေသည်။
လီကျင့်သည် ဝန်ကြီးဆွန်းကို သဘောကျစွာ ကြည့်လိုက်လေသည်။
"ဝန်ကြီးဆွန်း ပြောတာ မှန်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ စိတ်ကူးထားတာပါ"
ဝန်ကြီးဆွန်းက အသာအယာ ပြုံးလိုက်သည်။ "အရှင်မင်းသားက ကြိုတင် ကြံစည်ထားပြီးသားဆိုတော့ ကျွန်တော်မျိုးက မလိုအပ်ဘဲ စကားများမိပါပြီ"
...
ညနေစောင်းတွင် လီကျင့်သည် ဝမ်ဟွားနန်းဆောင်သို့ သွားရောက်ခဲ့သည်။
ယုံးကျားဧကရာဇ်သည် အတွင်းဝန်အမတ်များနှင့် စစ်ရေးအောင်မြင်မှုကိစ္စ ဆွေးနွေးနေသည်မှာ တစ်နေကုန် ကြာမြင့်နေပြီ ဖြစ်သဖြင့် အတော်လေး ပင်ပန်းနွမ်းနယ်နေသည်။ ထိုက်ဇီ ရောက်လာကြောင်း ကြားသောအခါ ယုံးကျားဧကရာဇ်သည် မျက်ခုံးပင့်လိုက်သော်လည်း မျက်နှာတွင် ဝမ်းသာခြင်း၊ စိတ်ဆိုးခြင်း အမူအရာများ မပေါ်လွင်ချေ။
"ထိုက်ဇီကို ဝင်ခိုင်းလိုက်ပါ"
ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် အလိုက်တသိဖြင့် နှုတ်ဆက် ထွက်ခွာသွားကြသည်။
လီကျင့်သည် နန်းဆောင်ထဲသို့ ဝင်လာပြီး ချောင်ကောလောင်နှင့် ပခုံးချင်းယှဉ်၍ ဖြတ်လျှောက်သွားသည်။ ချောင်ကောလောင်သည် မသိမသာ မျက်စပစ်ပြလိုက်ရာ လီကျင့်ကလည်း မသိမသာ ခေါင်းညိတ်ပြလိုက်သည်။
ချောင်ကောလောင်သည် ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက် သက်ပြင်းချလိုက်ပြီး ဝန်ကြီးလော်ဘက် လှည့်ကာ ပြုံးပြလိုက်သည်။
"မိုးမချုပ်သေးဘူး။ ချောင်အိမ်တော်မှာ တစ်ခွက်လောက် သွားသောက်ရအောင်"
ဝန်ကြီးလော်က ဝမ်းသာအားရ လက်ခံလိုက်သည်။
အတွင်းဝန်အမတ်များထဲတွင် ဝန်ကြီးလော်နှင့် ချောင်ကောလောင်သည် အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်ကြသည်။ ထို့အပြင် နှစ်ဦးစလုံးသည် ထိုက်ဇီ၏ ဆရာများ ဖြစ်ကြပြီး နိုင်ငံရေး ရပ်တည်ချက်လည်း တူညီကြသည်။
နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ဝန်ကြီးလော် ကောင်းကောင်း သိလေသည်။ ချောင်ကောလောင်က သူ့ကို "တစ်ခွက်လောက် မော့ရအောင်" ဟု ဖိတ်ခေါ်ခြင်းမှာ အမှန်တကယ်တော့ အရှေ့နန်းဆောင်၏ အခက်အခဲကို မည်သို့ ဖြေရှင်းရမည် ဆိုသည်ကို ဆွေးနွေးလိုခြင်းပင်။
ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် နန်းတော်တံခါးမှ အေးဆေးစွာ ထွက်ခွာလာပြီး ချောင်အိမ်တော်၏ မြင်းလှည်းပေါ်သို့ အတူတူ တက်လိုက်ကြသည်။ မြင်းလှည်းမောင်းသူသည် ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ဝဲပျံသွားပြီး ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။
မြင်းလှည်းသည် ဖြည်းညှင်းစွာ ရှေ့ဆက်သွားလေသည်။
ချောင်ကောလောင်သည် ဝန်ကြီးလော်ကို တိုးတိုးလေး ပြောလိုက်လေသည်။
"အရှင်မင်းကြီးက စူးဖေး သေဆုံးသွားတဲ့ သတင်းကို ရုတ်တရက် ကြားလိုက်ရတော့ စိတ်မတည်မငြိမ် ဖြစ်နေတုန်းပဲ။ တတိယမင်းသားကလည်း ကြားထဲက ဝင်ရှုပ်နေတော့ နောက်ပိုင်း ထိုက်ဇီရဲ့ အခြေအနေက လွယ်ကူမှာ မဟုတ်ဘူး"
ဝန်ကြီးလော်က သက်ပြင်းချလိုက်သည်။
"ဒီကိစ္စက လောလို့ မရဘူး။ ဖြည်းဖြည်းချင်း ဖြေရှင်းမှ ရမှာ"
ချောင်ကောလောင်သည် မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။ "လောလို့ မရတာတော့ သေချာတယ်။ မနက်ဖြန် အားရင် အရှေ့နန်းဆောင်ကို သွားပြီး ထိုက်ဇီကို သီးသန့် နားချလိုက်ဦးမယ်"
ဝန်ကြီးလော်က ခေါင်းညိတ်လိုက်သည်။
ဝမ်ဟွားနန်းဆောင်ထဲတွင် လီကျင့်သည် လက်နှစ်ဖက်ယှက် ဂါရဝပြုလိုက်လေသည်။
"သားတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်၏ အကြည့်သည် အရပ်ရှည်ပြီး တည်ငြိမ်နေသော ထိုက်ဇီထံသို့ ရောက်ရှိသွားပြီး စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်လေသည်။
"သားအဖချင်းပဲ။ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ထပါ"
သားအဖနှစ်ယောက် အတူတူ စစ်ထွက်ပြီး အောင်ပွဲခံကာ ပြန်လာကြသည်။ တိုင်းပြည်တစ်ဝန်း ပျော်ရွှင်နေကြချိန်တွင် စူးဖေး၏ သေဆုံးသတင်းကြောင့် ပျော်ရွှင်မှုများ လျော့ပါးသွားခဲ့သည်။ ထို့အပြင် လီဟောက်၏ တိတ်တဆိတ် မျက်ရည်ကျခဲ့မှုကြောင့် ယုံးကျားဧကရာဇ်သည် ထိုက်ဇီအပေါ် မကျေမနပ် ဖြစ်လာခြင်းမှာ မလွှဲမရှောင်သာ ဖြစ်သွားတော့သည်။
ယုံးကျားဧကရာဇ်၏ အေးစက်မှုကို ရင်ဆိုင်နေရသော်လည်း လီကျင့်သည် ထိတ်လန့်ခြင်း မရှိပေ။ ကျေးဇူးတင်စကား ဆိုပြီးနောက် မတ်တပ်ရပ်ကာ ဂရုတစိုက် မေးမြန်းလိုက်လေသည်။
"ဖုဟွမ် မနေ့ကနေ ဒီနေ့အထိ ကောင်းကောင်း မနားရသေးဘူး။ တိုင်းပြည်ရေးရာ ကိစ္စတွေက များပြားပေမယ့် ဖြည်းဖြည်းချင်း လုပ်လို့ ရပါတယ်။ အရမ်း မပင်ပန်းပါစေနဲ့"
ယုံးကျားဧကရာဇ်က အေးစက်စက် ပြန်ဖြေလိုက်သည်။ "ကျန်း ခံနိုင်ရည် ရှိပါသေးတယ်။ မင်းကသာ အရင်တုန်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ။ နှစ်ဝက်လောက် အနားယူထားပေမယ့် အတွင်းဒဏ်ရာက ပျောက်ချင်မှ ပျောက်မှာ။ ပိုပြီး အနားယူလိုက်ဦး။ နန်းတွင်းကိစ္စတွေကို ကျန်း ရှိနေတာပဲ။ မင်း အရမ်း ပင်ပန်းခံပြီး စိတ်ပူနေစရာ မလိုပါဘူး"
စကားအဓိပ္ပာယ်မှာ လီကျင့်ကို အရှေ့နန်းဆောင်ထဲတွင်သာ နေစေပြီး ညီလာခံ တက်ရောက်ခွင့် မပေးတော့သည့် သဘောပင်။
လီကျင့်သည် မျက်နှာထား မပြောင်းလဲဘဲ ပြုံးကာ ပြန်ဖြေလိုက်လေသည်။
"ဖုဟွမ်က သားတော်ကို ဂရုစိုက်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ သားတော်ရဲ့ ကျန်းမာရေးက ကောင်းမွန်နေပါပြီ။ တစ်နေ့လုံး အရှေ့နန်းဆောင်ထဲမှာ ပုန်းပြီး အပျင်းထူနေရမှာ ရှက်စရာ ကောင်းပါတယ်။ ပင်ပန်းတဲ့ အလုပ်တွေ ရှိရင် ဖုဟွမ် သားတော်ကို ပေးလုပ်ပါ။ သားတော်က ဖုဟွမ်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ကူညီမျှဝေပေးချင်ပါတယ်"
ယုံးကျားဧကရာဇ် "..."
အရှေ့နန်းဆောင်သည် အတောင်အလက် စုံနေပြီ ဖြစ်ရာ သူသည် ဧကရာဇ် ဖြစ်သော်ငြား အရှေ့နန်းဆောင်၏ သိက္ခာကို ငဲ့ကွက်ရဦးမည်။ အရှေ့နန်းဆောင်၏ နိုင်ငံရေးတွင် ပါဝင်ခွင့်ကို စိတ်တိုင်းကျ အမိန့်ထုတ်ပြီး ရုပ်သိမ်း၍ မရနိုင်ပေ။
ယုံးကျားဧကရာဇ်သည် ရင်ထဲတွင် မကျေမနပ် ဖြစ်နေပြီး မျက်နှာထား တင်းမာသွားလေသည်။ "မင်းမှာ ဒီလို သိတတ်တဲ့ စိတ်ရှိမှတော့ ကျန်းက ဘယ်လိုလုပ် မဖြည့်ဆည်းပေးဘဲ နေမလဲ။ ကျန်းက အသက်အရွယ် ရလာပြီဆိုတော့ တော်ဝင်အုတ်ဂူ ဆောက်ဖို့ အချိန်တန်ပြီ။ ဒီကိစ္စကို မင်းကို လွှဲပေးမယ်"
ရှေးခေတ် မင်းဆက်များကို ကြည့်လျှင် ဧကရာဇ်များ နန်းတက်သည့် နေ့မှစ၍ တော်ဝင်အုတ်ဂူ ဆောက်လုပ်ခြင်းမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ တော်ဝင်အုတ်ဂူ ဆောက်လုပ်ခြင်းသည် ကြီးမားသော စီမံကိန်းကြီး ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်တတ်သည်။
ယုံးကျားဧကရာဇ်သည် မင်းဆက်သစ် တည်ထောင်ပြီးနောက် စစ်ပွဲများ မပြတ် တိုက်ခိုက်ခဲ့ရသည်။ ယခုမှ တိုင်းပြည် တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပြီ ဖြစ်ရာ တော်ဝင်အုတ်ဂူ ဆောက်လုပ်ရန် အချိန်ကောင်း ဖြစ်နေသည်။
သို့သော် နိုင်ငံတစ်ဝန်းလုံး၏ အိမ်ရှေ့စံကို တော်ဝင်အုတ်ဂူ ဆောက်လုပ်ရေး တာဝန် ပေးအပ်ခြင်းသည် နေရာတကာ သုံးမရသော ဓားကို ကြက်သတ်ရာတွင် သုံးသကဲ့သို့ ဖြစ်နေသည်။
သို့သော် ယုံးကျားဧကရာဇ် ကိုယ်တိုင် ပါးစပ်ဖွင့် ပြောဆိုလာသဖြင့် လီကျင့် ငြင်းဆန်၍ မရပေ။ ငြင်းဆန်လျှင် မိဘကို မရိုသေရာ ရောက်ပေမည်။
လီကျင့်သည် မျက်နှာထား မပြောင်းလဲဘဲ လက်နှစ်ဖက်ယှက်ပြီး လက်ခံလိုက်လေသည်။
"သားတော် အမိန့်တော်အတိုင်း လိုက်နာပါမယ်"
ထိုအချိန်တွင် ညစာစားချိန် ရောက်ရှိလာပြီ ဖြစ်သည်။ သားအဖနှစ်ယောက် ကွဲကွာနေသည်မှာ ကြာပြီ ဖြစ်၍ ညစာ အတူစားပြီး လွမ်းဆွတ်သတိရကြောင်း ပြောဆိုကာ သားအဖ သံယောဇဉ် တိုးပွားအောင် ပြုလုပ်သင့်သည် မဟုတ်ပါလား။
သို့သော် ယုံးကျားဧကရာဇ်ကတော့ ထိုဆန္ဒ မရှိပေ။ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
"ကျန်း ယန်ရှီနန်းဆောင်မှာ ညစာ သွားစားမလို့။ မင်း အရင် ပြန်တော့"
...
လီကျင့်သည် မိုးချုပ်ချိန်တွင် အရှေ့နန်းဆောင်သို့ ပြန်ရောက်လာသည်။
ချောင်မိဖုရားခေါင်လည်း ရောက်ရှိနေပြီး လုမင်ယွိနှင့်အတူ ရွှီအာ၊ ရွှမ်းအာတို့ကို ပွေ့ချီကာ စကားပြောနေကြသည်။ လီကျင့် ပြန်ရောက်လာသည်ကို မြင်သောအခါ ချောင်မိဖုရားခေါင် အံ့သြသွားသည်။
"မင်း စောစောက ဝမ်ဟွားနန်းဆောင် သွားတယ် မဟုတ်လား။ ဘာလို့ ဖုဟွမ်နဲ့အတူ ညစာ မစားခဲ့တာလဲ"
လီကျင့်က ခပ်အေးအေး ပြန်ဖြေလိုက်သည်။
"ဖုဟွမ်က ယန်ရှီနန်းဆောင်မှာ ညစာ သွားစားမယ်တဲ့။ အဲဒါကြောင့် ကျွန်တော် ပြန်လာတာ"
ချောင်မိဖုရားခေါင် "..."
ဒီလေအေးက ထင်ထားတာထက် ပိုမြန်မြန် တိုက်ခတ်လာပါလား။
ယုံးကျားဧကရာဇ်သည် လီကျင့်ကို ညစာ အတူစားရန် မခေါ်ထားသည်က ထားပါတော့။ အနောက်နန်းဆောင်သို့ ဝင်လာပြီး ကျောင်းဖန်နန်းဆောင်ကို မလာသလို ငယ်ရွယ်ချောမောသော ဝမ်ကျဲယွီထံသို့လည်း မသွားဘဲ မုန့်ဖေး ရှိရာ ယန်ရှီနန်းဆောင်သို့ သွားသည်တဲ့။
ဒါ သက်သက်မဲ့ မိဖုရားခေါင်နှင့် ထိုက်ဇီ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် တစ်စုံတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာပျက်သွားတော့သည်။
လုမင်ယွိနှင့် လီကျင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် လုမင်ယွိက ပြုံးကာ ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။
"အရှင်မင်းသား ပြန်ရောက်လာပြီဆိုတော့ ကျွန်မ ညစာ ပြင်ခိုင်းလိုက်ပါမယ်။ မူဟုပ်လည်း အရှေ့နန်းဆောင်မှာပဲ ညစာ အတူစားပါလား။ လူများတော့ ပိုမြိုင်တာပေါ့"
ချောင်မိဖုရားခေါင် သတိပြန်ဝင်လာပြီး အပြုံးတစ်ခု ညှစ်ထုတ်လိုက်သည်။
"ကောင်းပြီလေ။ ပန်ကုံးလည်း ဗိုက်ဆာနေပြီ။ ဒီည များများ စားရမယ်"
ဗိုက်မဝရင် ဘယ်ကနေ အားယူပြီး စိတ်ဆိုးနိုင်မှာလဲ။
...