အမှုမထားခြင်း
Vol. 76 Ch. 1045
ယီထျန်းယွမ်သည် တစ်ဦးပြီးတစ်ဦး လက်ညှိုးထိုးပြလိုက်ရာ ၎င်းတို့အားလုံးကို ဆွဲထုတ်၍ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။ မကြာမီမှာပင် ထိုသူအားလုံးသည် ယုံမင်နတ်ဆိုးမျိုးနွယ် သွေးပါဝင်နေသူများဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရပြီး တစ်ဦးတစ်ယောက်မျှ မှားယွင်းခြင်း မရှိခဲ့ချေ။
ဤကဲ့သို့ ထိတ်လန့်ဖွယ် စွမ်းရည်ကို မြင်တွေ့ရသည့်အခါ လူတိုင်းမှာ မှင်တက်မိသွားကြရသည်။ သူသည် ယုံမင်နတ်ဆိုးမျိုးနွယ်များကို အမြောက်အမြား သတ်ဖြတ်ခဲ့ဖူး၍ ဤကဲ့သို့သော စွမ်းရည်မျိုး ရရှိလာခြင်းလော။ သို့မဟုတ် သွေးရိုးဗီဇ စွမ်းအားများအပေါ် မွေးရာပါ အာရုံခံနိုင်စွမ်း မြင့်မားနေ၍လော။
ထိုအချက်ကို ၎င်းတို့ မသိရှိကြသော်လည်း တစ်ချက်မူ သေချာလှသည်။ ၎င်းတို့ မသိလိုက်ဘဲ ဤမျှများပြားသော ယုံမင်နတ်ဆိုးမျိုးနွယ်များ ခိုးဝင်နေသည်မှာ ထိတ်လန့်စရာ ကောင်းလှသည်။ မိမိ၏ ဘေးနားတွင် လူသားစားဘီလူး တစ်ကောင် ထိုင်နေသည်ဟု တွေးကြည့်ပါက မည်သူမျှ စိတ်အေးလက်အေး နေနိုင်မည် မဟုတ်ချေ။ အရာအားလုံးမှာ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့သဖြင့် မည်သူမျှ မရိပ်မိခဲ့ကြခြင်း ဖြစ်သည်။
“မင်း... မင်းက ဘာအစွမ်းနဲ့ ဒါတွေကို သိနေတာလဲ...” ဘေးနားရှိ မြေကမ္ဘာအရှင်တီကယ်သည် ဒေါသအလွန်ထွက်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ဟစ်အော်လိုက်သည်။
“မင်းတို့ကို ဖော်ထုတ်နိုင်တဲ့ အစွမ်းက ဘာများ ပြဿနာရှိလို့လဲ...”
ယီထျန်းယွမ်က တည်ငြိမ်စွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။
“မင်း အသေဆိုးနဲ့ သေရလိမ့်မယ်... ငါ အာမခံတယ်...”
မြေကမ္ဘာအရှင်တီကယ်၏ မျက်လုံးများမှာ နီမြန်းနေခဲ့သည်။ သူ၏ အပေါင်းအဖော်များမှာ တစ်ဦးပြီးတစ်ဦး ဖော်ထုတ်ခံလိုက်ရသဖြင့် သူ၏ အစီအစဉ်များ အားလုံး ပျက်စီးသွားခဲ့ရပြီ ဖြစ်ရာ အလွန်ပင် ဒေါသထွက်နေတော့သည်။
“စိတ်ချပါ... ငါ မင်းတို့ကို မဖော်ထုတ်နိုင်ရင်တောင် မင်းတို့အားလုံးက အသေဆိုးနဲ့ သေရမှာပါပဲ... မင်းတို့ ယုံမင်နတ်ဆိုးမျိုးနွယ်တွေက တခြားသော ဂြိုဟ်တွေကို အမြဲတမ်း ကျူးကျော်နေခဲ့တာလေ... ငါက အဲဒါတွေအတွက် လက်စားချေမဲ့သူတွေထဲက တစ်ယောက်ပဲ...”
ယီထျန်းယွမ်သည် ခြိမ်းခြောက်မှုများကို အနည်းငယ်မျှ မကြောက်ရွံ့ချေ။ သူ ဤသို့ လုပ်ဆောင်လိုက်ခြင်းက ယုံမင်နတ်ဆိုးမျိုးနွယ်များကို အလွန်အမင်း ဒေါသထွက်စေမည်ကို သူ သိရှိသည်။ သူသာ ရှိနေသရွေ့ ၎င်းတို့ ခိုးသွင်းထားသော လူများမှာ တစ်ဦးပြီးတစ်ဦး ဖော်ထုတ်ခံရမည် ဖြစ်ရာ ၎င်းတို့၏ အစီအစဉ်များမှာ အရာမထင် ဖြစ်သွားပေလိမ့်မည်။
မြေကမ္ဘာအရှင်တီကယ်သည် သူ့အား အေးစက်စွာ စိုက်ကြည့်နေသော်လည်း ဘာမျှ ဆက်မပြောတော့ချေ။ သူ၏ မျက်ဝန်းထဲမှ ဒေါသမီးများဖြင့်သာ သတ်ဖြတ်နိုင်မည်ဆိုပါက ယီထျန်းယွမ်မှာ ပြာဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“မစိုးရိမ်ပါနဲ့... မင်းက ဒီတိုက်ပွဲမှာ အကြီးမားဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တာပဲ... ငါတို့ နတ်ဘုရားနယ်မြေထဲမှာဆိုရင် ဘယ်သူကမှ မင်းကို ဘာမှ မလုပ်နိုင်စေရဘူး...”
အကြီးအကဲ ကောက်ဟွမ်လည်း ဒေါသထွက်နေခဲ့သည်။ ဤယုံမင်နတ်ဆိုးမျိုးနွယ်များမှာ ၎င်းတို့အား အထင်သေးစွာဖြင့် ခိုးဝင်လာခဲ့ကြသည် မဟုတ်ပါလား။
ထို့နောက် အကြီးအကဲ ကောက်ဟွမ်သည် မြေကမ္ဘာအရှင်တီကယ်၏ ဦးခေါင်းကို ဖမ်းကိုင်ကာ ဝိညာဉ်ရှာဖွေခြင်းကို ပြင်းပြင်းထန်ထန် စတင်လိုက်သည်။ မြေကမ္ဘာအရှင်တီကယ်မှာ ဖိနှိပ်ခြင်း ခံထားရသဖြင့် မည်သို့မျှ မလှုပ်ရှားနိုင်ဘဲ အတင်းအကျပ် ရှာဖွေခြင်းကို ခံနေရတော့သည်။
ဝိညာဉ်ရှာဖွေခြင်းအောက်တွင် သူ၏ မျက်လုံးများမှာ အပေါ်သို့ လန်တက်သွားပြီး သတိလစ်မတတ် ဖြစ်သွားခဲ့သည်။ နောက်တစ်ခဏ၌ သူ၏ မျက်နှာရှိ အပေါက် ခုနစ်ပေါက်မှ သွေးများ စီးကျလာပြီး သူ၏ ဦးခေါင်းမှာ “ဘုန်း” ခနဲ အသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။
“အကြီးအကဲ ကောက်ဟွမ်... ဘယ်လိုလဲ...”
ကျန်ရှိသော အကြီးအကဲ လေးဦးက လာရောက် မေးမြန်းကြသည်။
“တန်ဖိုးရှိတဲ့ အချက်အလက်က အရမ်း နည်းတယ်... တချို့ အပိုင်းတွေကို အပြီးတိုင် ပိတ်ဆို့ထားသလိုပဲ... နက်နက်ရှိုင်းရှိုင်း စစ်ဆေးလို့ မရဘူး...” အကြီးအကဲ ကောက်ဟွမ်က ခေါင်းခါရင်း ဆိုလိုက်သည်။ “ဒီကောင်တွေက တကယ်ကို ကြိုတင် ပြင်ဆင်လာကြတာပဲ... ကိုယ့်မှတ်ဉာဏ်ကို ကိုယ်တိုင် ပြန်ပြင်ထားကြတော့ ရှာဖွေရ ခက်ခဲလှတယ်...”
အမှန်စင်စစ်တွင်မူ မည်သည့် အသုံးဝင်သော သတင်းအချက်အလက်မျှ မရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ဖမ်းဆီးထားသော အခြားသော ကျင့်ကြံသူများကိုလည်း တစ်ဦးပြီးတစ်ဦး ဝိညာဉ်ရှာဖွေခြင်း ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့သည် အညှာတာမဲ့စွာဖြင့် စွမ်းအားအပြည့် သုံးခဲ့ကြသဖြင့် အချို့မှာ ဦးခေါင်းများ ပေါက်ကွဲသွားခဲ့ကြသည်။
ဤမြင်ကွင်းကို ကြည့်ကာ ပရိသတ်များမှာ ထိတ်လန့်နေကြရသည်။ စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကြီးမှာ ယခုအခါ သစ္စာဖောက်များကို ဖော်ထုတ်ဖမ်းဆီးသည့် မြင်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်းဆိုသည်ကို မသိရှိရသေးသော်လည်း တဖြည်းဖြည်းချင်း ခိုးဝင်ကာ အကြီးအကဲ ရာထူးများအထိ ရယူရန် ကြံစည်နေကြခြင်းမှာ အမှန်ပင် ကြောက်စရာ ကောင်းလှသည်။
“ယုံမင်နတ်ဆိုးမျိုးနွယ်တွေက ငါတို့ဆီအထိ ခိုးဝင်လာကြတယ်... တကယ်ကို အတင့်ရဲလွန်းတယ်...”
နျန်ချီယွီနှင့် အခြားသူများမှာ အလွန်ပင် ဒေါသထွက်နေကြသည်။ ၎င်းတို့ ခေါ်ဆောင်လာသော တာဝန်ရှိသူများထဲတွင်ပင် ယုံမင်နတ်ဆိုးမျိုးနွယ် ပါဝင်နေခြင်းမှာ ၎င်းတို့ကို ပါးရိုက်လိုက်သကဲ့သို့ပင် ဖြစ်သည်။
အထူးသဖြင့် ၎င်းတို့ကို မည်သို့ ဖော်ထုတ်ရမည်ကို မသိရှိကြခြင်းမှာ ပို၍ပင် ဆိုးရွားလှသည်။ ယီထျန်းယွမ်ကဲ့သို့ အာရုံခံစားမှုအပေါ် အခြေခံ၍ ဖော်ထုတ်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ၎င်းမှာ သိုင်းပညာ တစ်မျိုး မဟုတ်ဘဲ အတွေ့အကြုံနှင့် အာရုံခံစားမှုအပေါ်သာ မူတည်နေသောကြောင့်ပင် ဖြစ်သည်။
“တကယ့်ကို ကောင်းမွန်တဲ့ တိုက်ပွဲကြီးတစ်ခုက ကြွက်ချေး တစ်လုံးကြောင့် ပျက်စီးသွားရတာပဲ...”
မြေကမ္ဘာအရှင်ထျန်ချင်းက ဘေးမှနေ၍ အသာအယာ ဆိုလိုက်သည်။ အကယ်၍ မြေကမ္ဘာအရှင်တီကယ်မှာ ယုံမင်နတ်ဆိုးမျိုးနွယ် မဟုတ်ခဲ့ပါက ဤတိုက်ပွဲမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းပေလိမ့်မည်။
မြေကမ္ဘာအရှင်တီကယ်၏ အသန်မာဆုံးသော စွမ်းအားမှာ ယုံမင်နတ်ဆိုးမျိုးနွယ် သွေးများကို ထုတ်ဖော်လိုက်ချိန် ဖြစ်သော်လည်း ထိုစွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် အရာအားလုံးမှာ ပြီးဆုံးသွားခဲ့ရပြီ ဖြစ်သည်။
“ဒါနဲ့... မြေကမ္ဘာအရှင်ထျန်ချင်း... မင်းလည်း ဒါတွေကို ဖော်ထုတ်နိုင်မယ် မဟုတ်လား...”
ယီထျန်းယွမ်က မြေကမ္ဘာအရှင်ထျန်ချင်းကို ကြည့်ကာ မေးလိုက်သည်။
ဤစကားကြောင့် လူတိုင်းမှာ မြေကမ္ဘာအရှင်ထျန်ချင်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ မြေကမ္ဘာအရှင်ထျန်ချင်းကလည်း ဖော်ထုတ်နိုင်စွမ်း ရှိသည်လော။
“ဒါကိုတော့ ငါ မြင်နိုင်ပါတယ်... ဒါပေမဲ့ တိကျမှုအပိုင်းမှာတော့ မင်းလောက် ရှိမယ် မထင်ဘူး...”
မြေကမ္ဘာအရှင်ထျန်ချင်းက ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ပရိသတ်များမှာ အချင်းချင်း ကြည့်လိုက်ကြသည်။ လူနည်းစုသာလျှင် ဤကဲ့သို့ အာရုံခံနိုင်စွမ်း ရှိကြခြင်း ဖြစ်ပေလိမ့်မည်။
“မင်းက ပွင့်ပွင့်လင်းလင်း ဖြေတာပဲ... ငါကတော့ မင်း ဝန်ခံမှာ မဟုတ်ဘူးလို့ ထင်နေတာ...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
“ဝန်မခံစရာ ဘာရှိလို့လဲ... ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ... စိတ်စွမ်းအား နည်းနည်း သန်မာမယ်ဆိုရင် သေချာ အာရုံခံကြည့်ရုံနဲ့ သိနိုင်ပါတယ်...” မြေကမ္ဘာအရှင်ထျန်ချင်းက အကြီးအကဲ ငါးဦးဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲတို့အနေနဲ့ ဒီဘက်မှာ နည်းနည်းလောက် ပိုပြီး ဂရုစိုက်သင့်တယ်... အကြီးအကဲတို့ရဲ့ စိတ်စွမ်းအားက အားနည်းနေလို့ မဟုတ်ပါဘူး... ဒီအတိုင်း နည်းနည်းလေး ပိုပြီး အာရုံစိုက်လိုက်ရုံနဲ့ ဒါတွေကို ရှာတွေ့နိုင်မှာပါ...”
မြေကမ္ဘာအရှင်ထျန်ချင်း၏ စကားမှာ အကြီးအကဲများကို အနည်းငယ်မျှ မျက်နှာသာ မပေးခဲ့ချေ။ ဤသည်မှာ အကြီးအကဲများ ပျင်းရိနေသဖြင့် သေချာ မရှာဖွေခြင်းဖြစ်သည်ဟု ပြောလိုက်ခြင်းပင် ဖြစ်သည်။
အကြီးအကဲ ငါးဦးမှာ ဤသို့ အပြစ်တင်ခံလိုက်ရသဖြင့် မျက်နှာများမှာ မသာမယာ ဖြစ်သွားခဲ့သည်။ ၎င်းတို့မှာ အဆင့်မြင့် အကြီးအကဲများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ အပြစ်တင်ခံရခြင်းကို မည်သို့မျှ နှစ်သက်နိုင်မည် မဟုတ်ချေ။
“ဒါက ငါတို့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ပါ... ငါတို့ ပိုပြီးတော့ ဂရုစိုက်သွားပါ့မယ်...”
အကြီးအကဲ ကောက်ဟွမ်က ငြင်းဆိုခြင်း မရှိဘဲ တိုက်ရိုက် ဝန်ခံလိုက်သည်။
“အခုလေးတင် ငါ သေချာ စစ်ဆေးကြည့်လိုက်တော့ အချိန်နည်းနည်း ပိုပေးပြီး စစ်ဆေးမှသာ ရှာတွေ့နိုင်မဲ့ အခြေအနေမျိုး ဖြစ်နေတာကို တွေ့ရတယ်... ယုံမင်နတ်ဆိုးမျိုးနွယ်တွေရဲ့ ဖုံးကွယ်နိုင်စွမ်းက အရင်ကထက် ပိုပြီး တိုးတက်လာတာကြောင့် ငါတို့ သတိမထားမိခဲ့တာကတော့ အမှန်ပဲ...”
သူသည် မိမိ၏ အမှားကို တိုက်ရိုက် ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်ကြောင့် ပရိသတ်များမှာ အံ့အားသင့်သွားကြသော်လည်း ပိုမို လေးစားသွားကြသည်။ အနည်းဆုံးတော့ သူသည် ဆင်ခြေမပေးဘဲ မိမိ၏ အမှားကို ရဲရဲဝံ့ဝံ့ ဝန်ခံခဲ့ခြင်းပင် ဖြစ်သည်။
ယီထျန်းယွမ်သည် မြေကမ္ဘာအရှင်ထျန်ချင်းကို ကြည့်ကာ သူသည် အလွန်ပင် သန်မာလွန်းသည်ဟု တွေးတောမိလိုက်သည်။ အကြီးအကဲများကိုပင် ဤကဲ့သို့ အပြစ်တင်ရဲသည်မှာ အံ့ဩစရာပင်။
“ဒီမြေကမ္ဘာအရှင်ထျန်ချင်းက နတ်ဘုရားနယ်မြေကြီး ငါးခုထဲကို ဝင်ဖို့ စိတ်ကူးမရှိတာလား...”
ယီထျန်းယွမ်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ မြေကမ္ဘာအရှင်ထျန်ချင်း ဤမျှ အတင့်ရဲနေခြင်းမှာ နတ်ဘုရားနယ်မြေကြီး ငါးခုကို အနည်းငယ်မျှ အမှုမထားသောကြောင့် ဖြစ်နိုင်ပေသည်။