အခန်း (၃၇၉-၃၈၀)
Vol. 28 Ch. 379-380
အပိုင်း(၃၇၉)
ကျိပိုတုန်နှင့် အကြည့်ချင်း ဆုံလိုက်သည့် ခဏတွင် လင်ကျဲသည် အပြစ်ရှိစိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
‘ဘာလို့များ သူ့ရှေ့မှာတင် သူ့သမီးကို ဖျက်ဆီးခဲ့မိသလို ငါ ခံစားနေရတာလဲ...’
သူသည် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများဖြင့် သစ္စာရှိ ဖောက်သည်တစ်ဦး ရရှိအောင်... အဟမ်း... ဆွဲဆောင်ခဲ့ရုံသာ ဖြစ်ပြီး၊ တန်ဖိုး သိပ်မကြီးလှသော လက်ဆောင်အချို့ကိုလည်း လက်ခံခဲ့ဖူးသည်။
တကယ်တော့ ၎င်းမှာ လိမ်လည်လှည့်ဖြားသူတစ်ဦး၏ လုပ်ရိုးလုပ်စဉ်နှင့် တော်တော်လေး ဆင်တူနေသည်။ ပထမဆုံး ယုံကြည်မှုရအောင် လုပ်သည်၊ ထို့နောက် နည်းလမ်းမျိုးစုံဖြင့် ပိုက်ဆံတောင်းသည်၊ နောက်ဆုံးတွင် ရှိသမျှအကုန် ခြွေချပြီး ထွက်ပြေးသည်။
သို့သော်လည်း... သူသည် သူမ၏ ပြဿနာများကို အမှန်တကယ် ကူညီဖြေရှင်းပေးခဲ့သည် မဟုတ်ပါလော။
ထို့အပြင် ကျိပိုတုန် ကိုယ်တိုင်လည်း စာအုပ်ဆိုင်သို့ လူကိုယ်တိုင် လာရောက်ခဲ့ပြီး အေးအေးဆေးဆေးပင် ပြန်သွားခဲ့သည်။ နောက်ပိုင်းတွင် ကျိကျစ်ရှို့ကိုလည်း သူနှင့် ပူးပေါင်းဆောင်ရွက်ရန် ခွင့်ပြုခဲ့သေးသည်။ ထိုလုပ်ရပ်က သူ့ကို လူကောင်းတစ်ယောက် ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ခြင်းဟုပင် ယူဆလို့ရသည်။
လင်ကျဲ ထိုနေ့က ကျိကျစ်ရှို့နှင့် ပြောဆိုခဲ့သော စကားများ၊ သူ၏ အပြုအမူများကို အမြန် ပြန်လည် စဉ်းစားကြည့်လိုက်သည်။ ထိုနေ့ပ... သူသည် နော်ဇင်၏ ဤအထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးအပေါ် ရိုင်းရိုင်းစိုင်းစိုင်း မပြောခဲ့ဘဲ လေးစားမှု အတိုင်းအတာတစ်ခုအထိ ပြသခဲ့ကြောင်း သေချာပါသည်။
‘အင်း... ပြီးတော့ ကျိပိုတုန်နဲ့ တွေ့တဲ့အခါ စာအုပ်တစ်အုပ် လက်ဆောင်ပေးမယ်လို့လည်း ငါ ကတိပေးခဲ့သေးတယ်လေ...’
ယခုတစ်ခေါက်တွင် သူသည် လက်ဆောင်ကို အိပ်မက်ဘုံထဲတွင် ထည့်သွင်းကာ ယူဆောင်လာခဲ့သည်။ ကျိပိုတုန်သည် စီးပွားရေးသမားတစ်ဦး ဖြစ်သည့်အတွက် လင်ကျဲက စီးပွားရေးဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်သော 'နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှု' ကို အထူးရွေးချယ်ထားသည်။
နော်ဇင်၏ လက်ရှိ လက်ဝါးကြီးအုပ် စီးပွားရေးစနစ်တွင် ဤစာအုပ်မှာ သိပ်အသုံးမဝင်ဟု ထင်ရသော်လည်း အက်ရှ် ကုန်သည်ကြီးများ အသင်းသည် မြေအောက်သို့ ဒုတိယမြောက် လမ်းကြောင်းသစ်ကို ရှာတွေ့ထားပြီဖြစ်ရာ ရိုးလ်ကုမ္ပဏီ၏ လက်ဝါးကြီးအုပ်မှုမှာ တဖြည်းဖြည်း ပျက်ပြယ်သွားနိုင်ခြေ ရှိသည်။
ထို့အပြင် ကမ္ဘာပေါ်တွင် စီးပွားရေးပညာ၏ အခြေခံကျမ်းဟု သတ်မှတ်ထားသော ဤစာအုပ်သည် ကျိပိုတုန်အတွက် အမြင်သစ်အချို့ ပေးနိုင်မည်မှာ သေချာပါသည်။ အနည်းဆုံးတော့ သူ၏ အရည်အချင်းနှင့်ဆိုလျှင် ဤစာအုပ်ထဲမှ သူလိုအပ်သည်များကို ရယူနိုင်ပေလိမ့်မည်။
လင်ကျဲသည် သူ၏ လက်ဆောင်မှာ အလွန်သင့်တော်ပြီး ဖောက်သည်သစ်တစ်ဦး ရရှိနိုင်မည်ဟု တွေးကာ အစောပိုင်းက အနေရခက်မှုများကို မေ့ပျောက်ရန် ကြိုးစားလိုက်သည်။ ထို့အပြင်... သူသည် ဖိတ်စာဖြင့် လာရောက်သော တရားဝင် ဧည့်သည်တစ်ဦး ဖြစ်ရာ အပြစ်ရှိသလို ခံစားနေစရာ အကြောင်းမရှိပေ။
အမှန်ဆိုလျှင် ကျိပိုတုန်ကသာ အပြစ်ရှိသလို ခံစားရသင့်သည် မဟုတ်ပါလား။
ဤလူကြီးမှာ တကယ့်ကို အကြံအဖန် များလှသည်။ ယခင်က လင်ကျဲသည် ကျိကျစ်ရှို့ ဆိုင်သို့ ခဏခဏ လာနေသည်ကို လူကြီးမိဘများက အဘယ်ကြောင့် လာမမေးမြန်းကြသနည်း။ သို့မဟုတ် တီဗွီထဲကလို 'ငါ့သမီးနဲ့ ဝေးဝေးနေဖို့ ငွေတွေပေးမယ်' ဆိုတဲ့ ဇာတ်လမ်းမျိုး မရှိရသနည်းဟု တွေးမိခဲ့ဖူးသည်။ အခုတော့ သိလိုက်လေပြီ...။ သူမ၏ ဖခင်ဖြစ်သူက ကိုယ်တိုင် တိုက်ပွဲဝင်ပြီး ကားဆရာအဖြစ် ဟန်ဆောင်ကာ စုံစမ်းစစ်ဆေးနေခဲ့ခြင်းပင်...။
‘သူက အခြေခံအကျဆုံး ရိုးသားမှုကိုတောင် မပြခဲ့ဘူး... ဘလက်ကီး စားလိုက်တဲ့ လက်ဆောင်သေတ္တာကို လျော်ကြေးလို့ သတ်မှတ်လိုက်တော့မယ်...’
ထိုသို့ တွေးလိုက်ပြီးနောက် မစ္စတာလင်သည် ကိုယ်ကို အနည်းငယ် မတ်လိုက်ကာ ချောင်းတစ်ချက် ဟန့်လိုက်၏။ သူသည် အမူအရာကို ပြင်လိုက်ပြီး အနေရခက်သော်လည်း ယဉ်ကျေးသော အပြုံးဖြင့် ကျိပိုတုန်ဘက်သို့ ကြည့်ကာ (အစောပိုင်းက မျက်နှာကွယ်ရန် သုံးခဲ့သော) ဝိုင်ခွက်ကို အနည်းငယ် မြှောက်ပြလိုက်သည်။
ခန်းမ၏ ရှေ့ဘက် အလယ်တွင် ရပ်နေသော ကျိပိုတုန်မှာ ခဏမျှ တောင့်ခဲသွား၏။ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ထိုအပြောင်းအလဲမှာ အလွန်ပင် နက်နဲလှပြီး တစ်စက္ကန့်ပင် မပြည့်မီမှာပင် ပြန်လည် ဖုံးကွယ်လိုက်သော်လည်း လင်ကျဲအနေဖြင့် ဝမ်းသာမှုနှင့်... အခြားတစ်ခုခုကို ခပ်ရေးရေး သတိထားမိလိုက်သည်။
လင်ကျဲ အနည်းငယ် အံ့အားသင့်သွား၏။ ထိုခံစားချက်များထဲတွင် စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်မှုများ ပါဝင်နေပုံရပြီး နားလည်ရ ခက်သော်လည်း ကျိပိုတုန်၏ သံမဏိမီးခိုးရောင် မျက်လုံးများကို တောက်ပသွားစေသည်။
‘ဒါပေမဲ့ ငါ့ကို မြင်တာနဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားရအောင် ဘာတွေများ ထူးခြားနေလို့လဲ...’
လင်ကျဲ၏ ဇဝေဇဝါ ဖြစ်မှုမှာ ခဏသာ ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျိပိုတုန်သည် အိမ်ရှင်ပီသစွာဖြင့် သူ၏ ဝိုင်ခွက်ကို ပြန်လည် မြှောက်ပြကာ နှုတ်ဆက်လိုက်သောကြောင့် ဖြစ်သည်။ ထိုထူးဆန်းသော အမူအရာမှာ ထင်ယောင်ထင်မှား ဖြစ်သည်ဟုသာ လင်ကျဲ ယူဆလိုက်သည်။
‘ရိုးလ်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးက ဒီလောက်အလွယ်တကူ စိတ်လှုပ်ရှားပါ့မလား... ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အဆင်ပြေသွားတာဆိုတော့ နောက်ပိုင်းမှာ ရိုးလ်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုပြီး ချောမွေ့သွားမှာပါ...’
လင်ကျဲ ထိုသို့ တွေးနေစဉ်မှာပင် ကျိပိုတုန်မှာ အခြားဧည့်သည်များထံသို့ ရွှေ့သွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် လင်ကျဲသည် သူ အခုလေးတင် ဆုံတွေ့ခဲ့သော အလားအလာရှိသည့် ဖောက်သည်နှစ်ဦးဘက်သို့ ပြန်လှည့်လိုက်သည်။
သို့သော်လည်း... သူ မြင်လိုက်ရသည်မှာ ကြောက်လန့်တကြား ဖြစ်နေသော မျက်နှာပေးဖြင့် ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသည့် သူတို့နှစ်ဦးကိုပင်...။
"ဘာဖြစ်လို့လဲ..."
လင်ကျဲက သူတို့အနားသို့ သွားပြီး မျက်နှာရှေ့တွင် လက်ယမ်းပြလိုက်၏။
"ဥက္ကဋ္ဌကျိ ပေါ်လာတာကို မြင်ပြီး အံ့ဩသွားကြတာလား"
ပထမဆုံး သတိပြန်ဝင်လာသူမှာ ဖစ်ချ် ဖြစ်သည်။ သူက ခေါင်းကို အမြန်ခါလိုက်သည်။ ကျွမ်းကျင်သူများ မပြောမီကတည်းက 'ပြောင်းပြန်လျှပ်စီး' အကြောင်းကို လင်ကျဲ မည်ကဲ့သို့ သိရသနည်းဟု သူ မမေးရဲပေ။ ထို့ကြောင့် အားနာသလို ရယ်မောလိုက်ရင်း...
"ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်က... ဟိုဟာ... ဒါက သခင်မလေးကျိရဲ့ မွေးနေ့ပွဲဆိုတော့ သူမက ပါတီပွဲရဲ့ ပထမဆုံး ကပွဲမှာ လူကိုယ်တိုင် ပါဝင်မှာပဲလို့ တွေးနေတာပါ... သူက ကိုယ်ပိုင်အဖော်ကို ခေါ်လာမှာလား... ဒါမှမဟုတ် ဧည့်သည်တွေထဲက တစ်ယောက်ယောက်ကို ရွေးမလားဆိုတာ သိချင်နေတာပါ..."
"အင်း..."
လင်ကျဲ မေးစေ့ကို ပွတ်လိုက်မိသည်။ ၎င်းမှာ တကယ့် ပြဿနာတစ်ခုပင်။ ဘာကြောင့်မှန်းမသိ သူ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
ဘေးတွင်တော့ ယက်ဒါမှာ တွေဝေနေပုံ ရ၏။ လင်ကျဲမှာ သူမက သူ့ကို ခဏခဏ ခိုးကြည့်နေသည်ကို သတိထားမိသဖြင့် မေးလိုက်သည်။
"မစ္စယက်ဒါ၊ တစ်ခုခု ပြောချင်လို့လား... မစိုးရိမ်ပါနဲ့၊ သိချင်တာရှိရင် မေးနိုင်ပါတယ်"
ယက်ဒါက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လင်ကျဲအနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"ရှင် မစ္စတာကျိကို သိတာလား... ကျွန်မ ဆိုလိုတာက သာမန် သိကျွမ်းတာမျိုး ဒါမှမဟုတ် စီးပွားရေးအရ ဆက်ဆံတာမျိုး မဟုတ်ဘဲ၊ ရိုးလ်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးနဲ့ ရှင်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိနေသလားလို့ပါ"
သူမက အသံကို ပိုနှိမ့်လိုက်သည်။
"အခုလေးတင်... ရှင် မစ္စတာကျိပိုတုန်ကို ဖန်ခွက်မြှောက်ပြီး နှုတ်ဆက်တာကို ကျွန်မ မြင်လိုက်တယ်... ပြီးတော့ ရှင့်ရဲ့ နာမည်ကို ကြည့်ရင် ရှင်က မြောက်ပိုင်းသားများလား"
ယက်ဒါ့အတွက်မူ 'ပြောင်းပြန်လျှပ်စီး' ကိစ္စမှာ အံ့ဩစရာ ကောင်းနေပြီ ဖြစ်သော်လည်း တစ်မိနစ်ပင် မပြည့်မီမှာပင် လင်ကျဲက ကျိပိုတုန်ကို နှုတ်ဆက်ပြီး ကျိပိုတုန်ကလည်း ပြန်လည် နှုတ်ဆက်သည်ကို မြင်လိုက်ရသည့်အခါ သူမ၏ ဦးနှောက်မှာ လုံးဝ အလုပ်မလုပ်တော့ပေ။
၎င်းမှာ ယဉ်ကျေးမှုအရ ပြန်လည် နှုတ်ဆက်ခြင်းမျိုး မဟုတ်သည်မှာ သေချာသည်။ ကျိပိုတုန်၏ အဆင့်အတန်းအရ မည်သူမဆို နှုတ်ဆက်တိုင်း ပြန်နှုတ်ဆက်လေ့ မရှိပေ။ မာန်မာနဖြစ်စေ၊ မောက်မာမှုဖြစ်စေ ကျိပိုတုန်တွင် ထိုသို့ပြုမူပိုင်ခွင့် အပြည့်အဝ ရှိသည်။ သို့သော် သူက လင်ကျဲကို ပြန်လည် နှုတ်ဆက်ခဲ့သည်။
ကျိပိုတုန်မှာ ဗဟိုခရိုင် ကိုယ်စားလှယ်များကိုပင် ဂရုစိုက်လေ့မရှိပေ။ ကျိပိုတုန်ထံမှ တုံ့ပြန်မှု ရနိုင်သူမှာ လက်ချိုးရေတွက်၍ ရသလောက်သာ ရှိပြီး... လင်ကျဲက ထိုသူများထဲတွင် ပါဝင်နေပုံရသည်။
ယက်ဒါ၏ ခန့်မှန်းချက်မှာ ပို၍ ရှေ့ရောက်သွား၏။
‘မစ္စတာလင်က တကယ့်ကို ထူးခြားတဲ့သူပဲ... သူက ကျိပိုတုန်နဲ့ ရင်းနှီးနေတာဆိုတော့ ကျွမ်းကျင်သူတွေ မပြောခင် လျှပ်စီးအကြောင်း သူ ကြိုသိနေတာက အံ့ဩစရာ မဟုတ်တော့ဘူးပေါ့...’
လင်ကျဲမှာမူ ဤဘာသာပြန်မှု ပြဿနာကို မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။
"ကျွန်တော်တို့ နာမည်တွေက ပုံစံတူနေပေမဲ့ ကျွန်တော်က မြောက်ပိုင်းသား မဟုတ်ပါဘူး... ပြီးတော့ မစ္စတာကျိနဲ့လည်း သိပ်ပြီး ရင်းနှီးတာမျိုး မရှိပါဘူး... အတိအကျ ပြောရရင် ကျွန်တော်က သခင်မလေးကျိကို သိတာပါ"
ယက်ဒါနှင့် ဖစ်ချ်တို့ နှစ်ဦးလုံး အံ့အားသင့်သွားကြ၏။
"သခင်မလေးကျိကိုလား..."
လင်ကျဲက ခေါင်းညိတ်ပြလိုက်သည်။
"သခင်မလေးကျိက ကျွန်တော့် စာအုပ်ဆိုင်ရဲ့ ဖောက်သည် တစ်ယောက်ပါ... တကယ်တော့ ကျွန်တော်တို့ ဆက်ဆံရေးက ထူးထူးခြားခြား မဟုတ်ပါဘူး... သူ့ကို စာအုပ်အချို့ ရောင်းပေးခဲ့ဖူးပြီး ပြဿနာအချို့ ဖြေရှင်းပေးခဲ့တာပါ... သူက သာမန် ဖောက်သည်တစ်ယောက်ပါ၊ အလွန်ဆုံးရှိလှရင်... ယုံကြည်ရတဲ့ သူငယ်ချင်း တစ်ယောက်ပေါ့... ဒီဖိတ်စာကိုလည်း သူကပဲ ပေးခဲ့တာပါ"
ယက်ဒါသည် ရုတ်တရက် ထူးဆန်းသော မျက်နှာပေး ဖြစ်သွား၏။
"သူငယ်ချင်း သက်သက်ပဲလား"
"ဟုတ်ပါတယ်..."
လင်ကျဲ ခေါင်းညိတ်လိုက်သည်။
"ရှင် ဒီမှာ ရှိနေတာကိုး၊ မစ္စတာလင်... ကျွန်မ ရှင့်ကို လိုက်ရှာနေတာ တော်တော်ကြာပြီ..."
ရုတ်တရက်... အမျိုးသမီး တစ်ဦး၏ အသံမှာ လင်ကျဲ၏ နောက်ဘက်မှ ထွက်ပေါ်လာ၏။ လင်ကျဲ လှည့်ကြည့်လိုက်ရာ အနက်ရောင် ညနေခင်း ဝတ်စုံလှလှလေးကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးငယ်လေးကို တွေ့လိုက်ရသည်။
သူမ၏ ရင်ဘတ်တွင် နှင်းဆီနီတစ်ပွင့်ကို ပန်ထား၏။ ၎င်းကပင် သူမ၏ တောက်ပသော သံမဏိမီးခိုးရောင် မျက်လုံးများနှင့် ဖြူဝင်းသော အသားအရည်ကို ပိုမို ပေါ်လွင်စေသည်။ သူမက လက်သွယ်သွယ်လေးများဖြင့် နားရွက်နားမှ ဆံပင်တိုလေးကို သပ်လိုက်ရာ အနီရောင် ပုံဆောင်ခဲ နားကပ်လေးမှာ ပေါ်ထွက်လာသည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အလိုလို ဖယ်ပေးလိုက်ကြပြီး ဤပါတီပွဲ၏ တကယ့် ဇာတ်လိုက်မင်းသမီးကို လမ်းဖွင့်ပေးလိုက်ကြသည်။
မိန်းကလေးမှာ အနည်းငယ် စိုးရိမ်သော်လည်း မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာပေးဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏ လက်ကို ကမ်းပေးလိုက်၏။
"မစ္စတာလင်... ကျွန်မနဲ့အတူ ဒီပထမဆုံး ကပွဲကို ဆင်နွှဲပေးဖို့ ဖိတ်ခေါ်ပါရစေ..."
"..."
လင်ကျဲ တစ်ယောက် အနက်ရောင် ဇာလက်အိတ် စွပ်ထားသော ကမ်းလင့်လာသည့် လက်ကလေးကို ကြည့်ကာ ခေါင်းကို တဗျင်းဗျင်း ကုတ်ချင်စိတ်များ ပေါ်လာ၏။ ပတ်ဝန်းကျင်ရှိ အခြားဧည့်သည်များ၏ အကြည့်အားလုံးက သူ့ထံသို့ ရောက်ရှိနေသည်ကိုလည်း သူ ခံစားလိုက်ရသည်။
နေရာနှင့် လေထုမှာ လုံးဝ ကွဲပြားနေသော်လည်း ၎င်းမှာ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့စဉ်ကနှင့် တူနေသည်ဟု လင်ကျဲ အံ့ဩစွာ ခံစားလိုက်ရသည်။
ထိုစဉ်က တစ်ကိုယ်လုံး မိုးရေများ စိုရွှဲနေပြီး သနားစရာကောင်းသော အခြေအနေဖြင့် စာအုပ်ဆိုင်ထဲသို့ ဝင်လာခဲ့စဉ်ကလည်း ကျိကျစ်ရှို့သည် ယခုကဲ့သို့ပင် အနက်ရောင် ညနေခင်း ဝတ်စုံမျိုးကို ဝတ်ထားခဲ့သည် မဟုတ်ပါလော...။
စိတ်ထဲ၌ နိမိတ်များ မကောင်းနေသည့်တိုင် လင်ကျဲထံတွင် ဘာရွေးစရာ ရှိတော့လို့နည်း။ သူ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး မပြုံးချင် ပြုံးချင် ပြုံးပြလိုက်၏။
"သေချာတာပေါ့"
***
အပိုင်း(၃၈၀)
‘ဘယ်လိုဖြစ်ပြီး ဒီအခြေအနေအထိ ရောက်သွားရတာလဲ...’
လူအုပ်ကြီး၏ စူးစိုက်ကြည့်နေမှုအောက်တွင် သခင်မလေးကျိ၏ ခါးသိမ်သိမ်လေးကို ဖက်ကာ၊ ကျန်လက်တစ်ဖက်ဖြင့် သူမ၏ လက်သွယ်သွယ်လေးများကို ကိုင်ထားရင်း အိုးတိုးအမ်းတမ်းဖြင့် ပထမဆုံးကပွဲကို ဦးဆောင်နေရစဉ် လင်ကျဲ ထိုကဲ့သို့ မတွေးပဲ မနေနိုင်တော့ချေ။
ပတ်ဝန်းကျင်ရှိ ဧည့်သည်များမှာ သူတို့၏အကြည့်များကို လျှို့ဝှက်ထားသည်ဟု ထင်နေကြသော်လည်း တကယ်တမ်းတွင်မူ အလွန်ပင် သိသာလွန်းလှသည်။ သူ၏ နောက်ခံကို စပ်စုစုံစမ်းနေကြသည့် တိုးတိုးတိတ်တိတ် စကားသံများကိုလည်း သူ ကြားနေရသည်။ အချို့ဆိုလျှင် သူနှင့်အတူရှိနေခဲ့သည့် ဖစ်ချ်နှင့် ယက်ဒါတို့ထံ တိုက်ရိုက်သွားရောက်ကာ သတင်းအချက်အလက်ရရန် မေးမြန်းနေကြပြီ ဖြစ်သည်။
သို့သော်လည်း... သူတို့၏ ကြိုးပမ်းမှုများက အလကားသာ။
အဘယ်ကြောင့်နည်း။ လင်ကျမှာ အမှန်စင်စစ် အာဏာလည်းမရှိ၊ ပိုက်ဆံလည်းမရှိသည့် သာမန်စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက် ဖြစ်နေလို့ပင်။ သူသည် စိတ်ကောင်းလေး ရှိတာက လွဲလို့ "အိတ်ကပ်ဟောင်းလောင်း" သာမန်လူတစ်ယောက်ဖြစ်ပြီး အထောက်အထားသည်ပင် လိမ်လည်ဖန်တီးထားခြင်း ဖြစ်သည်။
သို့သော်လည်း... သူ့ စာအုပ်ဆိုင် ဖောက်သည်အချို့မှာ ထူးခြားသောအဆင့်အတန်း ရှိကြသည်မှာတော့ အမှန်ပင်။ ဥပမာ- သူ့ကို အထောက်အထား အတုလုပ်ပေးခဲ့သော ချယ်ရီဆိုလျှင် အက်ရှ် ကုန်သည်ကြီးများ အသင်း၏ ဒုတိယဌာနခွဲမှူး သုံးဦးအနက် တစ်ဦးဖြစ်သည်။ သူ အမြဲတမ်း ဖုန်းဆက်ပြီး "နှောင့်ယှက်" လေ့ရှိသော ဂျိုးဇက်မှာလည်း ဗဟိုရဲတပ်ဖွဲ့၏ လျှို့ဝှက်စုံစမ်းရေးဌာန ခေါင်းဆောင်ဖြစ်ပြီး၊ ယခုအခါ ထင်ရှားသော ဘာသာရေးခေါင်းဆောင်ဖြစ်နေသည့် ဖာသာဗင်းဆင့်လည်း ရှိသေးသည်။
ပုံမှန်ဖောက်သည်များလည်း ရှိသေးသည်။ အထင်ရှားဆုံး ပုံမှန်ဖောက်သည်ကတော့ အခု သူနှင့်အတူ ကနေသည့် သခင်မလေးကျိပင်။
သို့သော်လည်း... ထိုအရာက သူ ကိုယ်တိုင်ထံတွင် အာဏာရှိသည်ဟု မဆိုလိုချေ။ သိပ်အရေးမပါသည့် သဘာဝလွန် စွမ်းအား အချို့ကို ပိုင်ဆိုင်ထားတာက လွဲလျှင် မစ္စတာလင်မှာ တကယ့်ကို ရိုးရှင်းလှသည့် သာမန်လူ တစ်ယောက်သာ ဖြစ်သည်။
လင်ကျဲသည် စိတ်ထဲတွင် မျက်နှာပျက်နေမိသော်လည်း၊ ရုတ်တရက် အတွေးတစ်ခုဝင်လာကာ မျက်ခုံးပင့်လိုက်မိ၏။ ဤမျှ ထင်ထင်ရှားရှား ဖြစ်နေခြင်းက... ကောင်းသည့်အချက် ဖြစ်နိုင်သည်။
‘မဟုတ်ဘူး... ဒါက တကယ့်ကို ကောင်းမွန်လွန်းတယ်...’
ဧည့်သည်များမှာ စပ်စုလိုစိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူ့ နောက်ခံကို စတင်စုံစမ်းနေကြပြီ ဖြစ်သည်။ သူတို့၏ အဆင့်အတန်းနှင့်ဆိုရင် သူ့ နောက်ခံကို ရှာဖွေဖို့ဆိုတာ အလွန်လွယ်ကူပေလိမ့်မည်။
ထိုအခါ မွေးနေ့ပွဲ၏ ပထမဆုံးကပွဲ၌ သခင်မလေးကျိ၏ အဖော်အဖြစ် ကိုယ်တိုင်ဖိတ်ကြားခံရသူမှာ ဆိုင်းဘုတ်တောင်မရှိသေးသည့် စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ကြောင်း၊ သခင်မလေးကျိကလည်း ထိုဆိုင်၏ ဖောက်သည်တစ်ယောက်ဖြစ်ကြောင်း သူတို့ သိသွားကြလိမ့်မည်။
ဒီနည်းဖြင့် သူတို့သည် သာမန်စာအုပ်ဆိုင်လေးက ကျိကျစ်ရှို့ကို မည်ကဲ့သို့ ဆွဲဆောင်နိုင်ခဲ့သနည်း ဆိုသည်ကို သေချာပေါက် သိချင်လာကြလိမ့်မည်။
ထို့အပြင်... 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' က သူ့ စာအုပ်များကို ဖြန့်ချိပေးနေကြောင်း သတင်းသာ ပျံ့နှံ့သွားလျှင် လင်ကျဲ၏ စာအုပ်ဆိုင်မှာ နာမည်ကြီးလာဖို့သာ ရှိပေတော့မည်။
နော်ဇင်တွင် ရိုးလ်ကုမ္ပဏီ ဆိုသည်မှာ ဈေးကွက်တစ်ခုလုံး၏ ခေတ်ရေစီးကြောင်းကို ကိုယ်စားပြုသည်။ ဤပါတီပွဲကို တက်ရောက်လာကြသည့် ဧည့်သည်များမှာလည်း နယ်ပယ်အသီးသီးတွင် အောင်မြင်နေသူများဖြစ်ပြီး ကျိပိုတုန်၏ ဖိတ်ကြားချက်ကို ရရှိထားသည့် လူများ ဖြစ်သည့် အတွက် သူတို့က ရိုးလ်၏ ခြေလှမ်းကို စောင့်ကြည့်ကြမည်မှာ အသေအချာပင်။ အချိန်တန်လျှင် သူတို့သည်လည်း လေအဟုန်လို အလျင်အမြန် လှုပ်ရှားလာကြလိမ့်မည်။
ထို့အပြင်... သူနှင့် ကျိကျစ်ရှို့တို့၏ ဆက်ဆံရေးအပေါ် မှန်းဆချက်များမှာလည်း လင်ကျဲအတွက် အလွန်အကျိုးရှိပေလိမ့်မည်။
စာအုပ်တွေကို စိတ်ဝင်စားသူ နည်းချင်နည်းနိုင်သော်လည်း အတင်းအဖျင်းဆိုလျှင်တော့... လူတိုင်းက စိတ်ဝင်တစား ရှိကြမှာ သေချာသည်။
၎င်းမှာ မတော်တဆဖြစ်ရပ်ဆိုသော်လည်း... သူ့ စာအုပ် ဖြန့်ချိရေး လုပ်ငန်း အတွက်တော့ တကယ့်ကို ကောင်းမွန်သည့် အစပျိုးခြင်းပင်။
လင်ကျဲ တစ်ယောက် ဤခန်းမဆောင်ကြီးအတွင်းရှိ လူအားလုံးကို မည်သို့အသုံးချရမည်နှင့် စမ်းသပ်ရောင်းချမည့် စာအုပ်ငါးမျိုး၏ ရောင်းအားမှာ မည်သို့ရှိမည်ကို ပျော်ရွှင်စွာ တွေးတောနေမိသည်။
‘တကယ်လို့ ရောင်းအားမကောင်းရင် နောက်တစ်သုတ်မှာ ဘယ်စာအုပ်တွေကို ရွေးရမလဲ... ဒါပေမဲ့ ရောင်းအားမကောင်းရင်တောင် ရိုးလ်ကုမ္ပဏီက ရောင်းပေးတာဆိုတော့ ပိုက်ဆံအများကြီး ရနိုင်သေးတာပဲ။...အကယ်လို့ ရောင်းအားကောင်းခဲ့ရင်ရော... ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ နည်းဗျူဟာကိုပဲ ဆက်သုံးရမလား၊ ဒါမှမဟုတ် မွန်းကို ထပ်ပြီးလေ့ကျင့်ပေးပြီး ရိုးလ်ကုမ္ပဏီရဲ့ အကူအညီနဲ့ ဆိုင်ခွဲတွေ ဖွင့်ဖို့ ပြင်ဆင်ခိုင်းရမလား...’
"မစ္စတာလင်... တစ်ခုခုကို တွေးပြီး ပျော်နေတာလားဟင်..."
ကျိကျစ်ရှို့က သတိထားမိသွားပြီး တိုးတိုးလေး မေးလိုက်၏။ လူငယ်လေး၏ နှုတ်ခမ်းများမှာ ပျော်ရွှင်သော အပြုံးတစ်ခုဖြင့် ကွေးညွှတ်နေပြီး၊ သခင်မလေးကျိနှင့် ကနေရခြင်းကို ဂုဏ်ယူဝင့်ကြွားနေသည့်ပုံ ပေါက်နေသော်လည်း၊ တကယ်တမ်းတွင်မူ သူသည် သူမကို ကြည့်မနေပေ။ သူက အခြားအရာတစ်ခုကို တွေးတောရင်း စိတ်လွင့်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
ကကွက်များကို ကြည့်လျှင် မစ္စတာလင်သည် ကခြင်း၌ သိပ်ပြီး မကျွမ်းကျင်ကြောင်း မည်သူမဆို သိနိုင်သည်။ 'သိပ်မကျွမ်းကျင်ဘူး' ဆိုသည်မှာ မကတတ်ခြင်း မဟုတ်ဘဲ သူ၏ လှုပ်ရှားမှုများမှာ အခြေခံအကျဆုံးသာ ဖြစ်နေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
သို့သော် စိတ်လွင့်နေစဉ်မှာပင် မည်သည့်အမှားအယွင်းမျှမရှိဘဲ ဤကကွက်များကို အဆုံးထိ ကနိုင်ခြင်းမှာ တကယ့်ကို ချီးကျူးစရာပင်။ ထို့အပြင်... သူသည် ပတ်ဝန်းကျင်မှ လူအုပ်ကြီးနှင့် မတိုက်မိအောင်လည်း ရှောင်ရှားနိုင်သေးသည်။
"ဟင်..."
လင်ကျဲ တစ်ယောက် သတိပြန်ဝင်လာကာ အတွေးများကို ဘေးဖယ်ထားလိုက်ပြီး အပြုံးကို ထိန်းလိုက်၏။ သူက တေးသံနှင့်အညီ ကျိကျစ်ရှို့ကို တစ်ပတ်လှည့်လိုက်ရင်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"အော်... အဟမ်း... ကျွန်တော် သီးနှံစိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ ကိစ္စတွေကို တွေးနေတာပါ... ပြုစုပျိုးထောင်တာ၊ မျိုးစေ့ချတာနဲ့ ရိတ်သိမ်းတာတွေပေါ့..."
"ရှင်..."
ကျိကျစ်ရှို့မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ အလေးအနက် ခေါင်းညိတ်လိုက်၏။
"မစ္စတာလင်က ဒီနယ်ပယ်မှာပါ ဗဟုသုတ ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး... ကျွန်မတို့လို သာမန်လူတွေက မစ္စတာလင်ရဲ့ ပညာအရည်အချင်းကို ဘယ်လိုမှ မမီနိုင်ပါဘူး"
‘အာ... သခင်လေးကျိက တကယ်ကြီး ယုံသွားတာလား...’
လင်ကျဲသည် ကျိကျစ်ရှို့၏ မျက်နှာကိုကြည့်ကာ ဟန်ကိုယ်ဖို့ လေသံဖြင့်...
"မဟုတ်ပါဘူးဗျာ... ကျွန်တော်က အားလပ်ချိန် အများကြီးရှိတော့ စာအုပ်တွေ အများကြီး ဖတ်ဖြစ်တာပါ... နောက်ပြီး မှတ်ဉာဏ်ကလည်း နည်းနည်း ကောင်းတာကိုး"
ပထမတော့ ကျိကျစ်ရှို့သည် လင်ကျဲနှင့် ဤမျှနီးကပ်စွာ ရှိနေရသဖြင့် စိုးရိမ်နေခဲ့သော်လည်း လင်ကျဲက သူမအပေါ် ယခင်အတိုင်း ဆက်ဆံသည်ကို မြင်သောအခါ သတ္တိရှိလာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါဆို မစ္စတာလင်ရဲ့ အက ပညာကလည်း စာအုပ်တွေထဲကပဲ ရတာလားဟင်"
လင်ကျဲ ခဏမျှ တုံ့ဆိုင်းသွား၏။
"အင်း... တစ်စိတ်တစ်ပိုင်းပေါ့"
သူသည် ကပညာကို အထူးတလည် သင်ယူခဲ့ဖူးခြင်း မရှိသော်လည်း အခြေခံကကွက်များကိုတော့ သိထားသည်။ ကမ္ဘာမြေမှာတုန်းက လင်ကျဲသည် သူ၏ လူမှုဗေဒဆိုင်ရာ ရိုးရာဓလေ့ လေ့လာမှုများ တိုးတက်စေရန်အတွက် လူကုံထံပွဲအချို့ကို တက်ရောက်ပြီး လူအချို့နှင့် မိတ်ဖွဲ့ရန် လိုအပ်ခဲ့သည်။ အရှက်မရစေရန်အတွက် သူသည် ကိုယ်တိုင်လေ့လာမှုနှင့် လေ့ကျင့်မှုများဖြင့် ကတတ်အောင် သင်ယူခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ ကူးပြောင်းလာပြီးနောက် စာအုပ်ဆိုင်ထဲမှာ သုံးနှစ်ကြာ အချိန်ဖြုန်းခဲ့ရသဖြင့် သူသည် ကကွက်များကို အနည်းငယ် မေ့လျော့နေပြီ ဖြစ်သည်။
"လူသားတွေဟာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေ အပါအဝင် အရာအားလုံးကို မှတ်တမ်းတင်ဖို့ စာအုပ်တွေကို အသုံးပြုကြတယ်..."
သူက ဆက်ပြောသည်။
"စာအုပ်တွေဟာ မျိုးနွယ်စုတစ်ခုရဲ့ ဉာဏ်ပညာအားလုံးကို သယ်ဆောင်ထားပြီး၊ လူတွေကို သူတို့ကိုယ်တိုင် မကြုံဖူးတဲ့ အတွေ့အကြုံသစ်တွေကို ရရှိဖို့ အခွင့်အရေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုနိုင်တယ်... စာအုပ်တွေ ပိုဖတ်လေလေ၊ ဉာဏ်ပညာတွေ ပိုပြီး စုဆောင်းမိလေလေပဲ... အဲဒီအဆင့်ကို ရောက်သွားတဲ့အခါမှာတော့ အရာအားလုံးကို သိနေသူတစ်ယောက်လို ဖြစ်သွားနိုင်တယ်... 'ဗဟုသုတဟာ စွမ်းအားပဲ' ဆိုတဲ့ စကားက အလကား ပြောထားတာ မဟုတ်ဘူးနော်"
‘ဒါကြောင့် အားလုံးပဲ စာအုပ်တွေ အများကြီး ဝယ်ကြစို့...’
နောက်ဆုံးစကားကိုတော့ သူ ထုတ်မပြောပါချေ။
ကျိကျစ်ရှို့က အလေးအနက် ခေါင်းညိတ်လိုက်၏။ သူမ၏ စိတ်ထဲတွင်မူ မစ္စတာလင်မှာ စွမ်းအားကို ဤသို့မြင်ပါသလားဟု တွေးတောနေမိသည်။ သို့သော် သာမန်လူများအတွက် စွမ်းအားကို ဤသို့မြင်ရန်မှာ မဖြစ်နိုင်ပေ။
"ဒါပေမဲ့ ကျွန်မတို့အတွက်တော့ လူတစ်ဦးချင်းစီရဲ့ ဗဟုသုတ လက်ခံနိုင်စွမ်း အကန့်အသတ်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်..."
သူမ၏အသံမှာ တိုးဝင်သွား၏။
"ဒါထက်... တကယ်တော့ လူတစ်ဦးချင်းစီရဲ့ ဗဟုသုတမှာ အကန့်အသတ် ရှိပါတယ်... ဖြစ်နိုင်တာက 'မျိုးနွယ်စု' တစ်ခုလုံးရဲ့ ဗဟုသုတကို ရရှိဖို့ ကြိုးစားတာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်နိုင်မလား"
သူမသည် စာအုပ်ဆိုင်တွင် ရှိစဉ်က မစ္စတာလင် ပြောခဲ့သော စကားများ၏ နက်နဲသော အဓိပ္ပာယ်ကို တွေးတောနေမိသည်။ သူမသည် စကြဝဠာထဲတွင် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သော 'ရိသ်' မျိုးနွယ်စု၏ နောက်ဆုံးကျန်ရစ်သူ ဖြစ်လာခဲ့သည်။ ပထမတော့ သူမသည် ရိသ်မျိုးနွယ်စု၏ စိတ်ထိန်းချုပ်မှု အစွမ်းကို အသုံးပြုနိုင်မည်ဟု ခံစားခဲ့ရသည်။ ဤနည်းဖြင့် သူမ၏ လက်အောက်ငယ်သားများ ကြာူတွင် သစ္စာဖောက်များ ပေါ်ထွက်လာမည် မဟုတ်ပေ။ သို့သော် ထိုသို့ပြုလုပ်ခြင်းမှာ သူမ၏ သိက္ခာနှင့် ဆန့်ကျင်နေသကဲ့သို့၊ ဤနည်းဖြင့် အသုံးပြုခြင်းမှာလည်း မှားယွင်းပြီး ထိရောက်မှုမရှိဟု သူမ ခံစားရသည်။
သို့သော် ယခုအခါ မစ္စတာလင်၏ စကားများက သူမကို သတိပေးလိုက်ပြီ ဖြစ်သည်။
လင်ကျဲက သူမကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်၏။
"မျိုးနွယ်စုတစ်ခုရဲ့ ဗဟုသုတကို ရယူဖို့ဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အကြံဉာဏ်ပဲ... ယဉ်ကျေးမှု ပေါင်းစည်းရေး လေ့လာမှုတွေမှာ ဒါကို အသုံးချနိုင်လိမ့်မယ်... ဒါပေမဲ့ လူသားတွေက အုံနဲ့ကျင်းနဲ့ နေတတ်တဲ့ ပုရွက်ဆိတ်တွေလို စုပေါင်းစိတ်မျိုး မရှိကြဘူး... အဲဒီအစား လူသားတွေဟာ စုပေါင်းဉာဏ်ရည် ရှိကြပြီး၊ လူတစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍကလည်း..."
ကျိကျစ်ရှို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဉာဏ်အလင်း တစ်ချက် ပွင့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
မှန်တယ်၊ စုပေါင်းမှု...
သူမကိုယ်တိုင် မျိုးနွယ်စုတစ်ခု ဖြစ်လာအောင် လုပ်နိုင်ပေသည်။ .
***