← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 28 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 28 Ch. 381-382

အပိုင်း(၃၈၁)

ထောင့်တစ်နေရာမှ တီးဝိုင်း၏ တေးဂီတသံ ရပ်တန့်သွားသည်နှင့်အတူ ပထမဆုံးသီချင်းမှာလည်း ပြီးဆုံးသွားခဲ့သည်။ ခန်းမဆောင်အတွင်းရှိ ကနေကြသော စုံတွဲများမှာလည်း အမျိုးမျိုးသော အဆုံးသတ်ကကွက်များဖြင့် ရပ်တန့်လိုက်ကြပြီး၊ မိမိတို့၏အဖော်ကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်ကာ ခန်းမအလယ်ရှိ တမင်ဖယ်ပေးထားသော နေရာလေးဆီသို့ အကြည့်များ ပို့လိုက်ကြသည်။

ထိုနေရာတွင် ရှိနေသည့် အသွင်အပြင်အားဖြင့် ကွာခြားလွန်းလှသော စုံတွဲတစ်တွဲမှာလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

ဧည့်သည်အချို့မှာ သူတို့၏ စိတ်ပျက်မှုကို ဖုံးကွယ်ထားကြသော်လည်း၊ အချို့ကမူ မခန့်လေးစားအကြည့်များကို အထင်အရှား ပြသနေကြသည်။

ဤကဲ့သို့သော 'အထက်တန်းလွှာ' လူမှုပွဲလမ်းသဘင်များတွင် ကပွဲဆိုသည်မှာ လူမှုဆက်ဆံရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတစ်ယောက်၏ ကကွက်များကို ကြည့်ရုံဖြင့် ထိုသူ၏ နောက်ခံအကြောင်းအရာကို အနည်းနှင့်အများ ခန့်မှန်းနိုင်သည်။

ဤပွဲမတိုင်မီက လူအများအပြားမှာ ယခုမွေးနေ့ပွဲတွင် ကျိကျစ်ရှို့၏ ကဖော်အဖြစ် ရွေးချယ်ခံရရန်နှင့် မိမိတို့၏ အရည်အချင်းကို ထုတ်ပြနိုင်ရန် ကကွက်များကို အသည်းအသန် လေ့ကျင့်ခဲ့ကြသည်။

သူတို့အားလုံးမှာ မိမိတို့၏ အဆင့်အတန်းနှင့် စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု အပြည့်ရှိကြသည်။ အနည်းဆုံးတော့ ဤထူးခြားသော ဂုဏ်ပြုမှုကို သူတို့နှင့် အဆင့်တူသူများကသာ ရယူနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် မည်သူမှ မကြားဖူးသော လူတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး သခင်မလေးကျိ၏ မျက်နှာသာပေးမှုကို ရရှိသွားခဲ့သည်။

သဘာဝကျကျပင် ထိုသူများသည် စိတ်ထဲမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသည်။ သူတို့သည် ထိုလူနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်ကြရာ... ရုပ်ရည်ကလွဲလျှင် ကျန်တာအားလုံးမှာ သာမန်ကာလျှံကာသာ ဖြစ်ပြီး၊ ကကွက်များမှာပင် အိုးတိုးအမ်းတမ်း ဖြစ်နေသည်ကို တွေ့ရသည်။ ခြုံပြောရလျှင် သူသည် သာမန်လူတစ်ယောက်သာ ဖြစ်နေသဖြင့် အခြားဧည့်သည်များမှာ 'ကနေရင်း သူ့ခြေထောက်သူ ခလုတ်တိုက်ပါစေ' ဟူသော မကောင်းသည့် မျှော်လင့်ချက်များကိုပင် ထားရှိခဲ့ကြသည်။

ကံဆိုးစွာဖြင့်... လင်ကျဲ၏ စွမ်းဆောင်ရည်မှာ သာမန်သာဖြစ်သော်လည်း အစမှအဆုံး တည်ငြိမ်စွာ ကပြနိုင်ခဲ့သည့်အပြင် သခင်မလေးကျိနှင့်လည်း ပျော်ရွှင်စွာ စကားပြောဆိုနိုင်ခဲ့သည်။

လက်တစ်ဖက်က ကျိကျစ်ရှို့၏လက်ကို မြဲမြဲဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က သူမ၏ခါးကို ထိန်းပေးထားရင်း၊ လင်ကျဲသည် အခြေခံအကျဆုံး အဆုံးသတ် ကိုယ်ဟန်အနေအထားကို လုပ်ဆောင်လိုက်ကာ စိတ်ထဲမှ သက်ပြင်းတစ်ချက် အသာချလိုက်သည်။

စာအုပ်ဆိုင်ထဲတွင် နှစ်ပေါင်းများစွာ အောင်းနေခဲ့သည့် သူကဲ့သို့သော လူတစ်ယောက်အတွက် ကရခြင်းမှာ အနည်းငယ် ခက်ခဲနေဆဲပင်။ အထူးသဖြင့် ပတ်ဝန်းကျင်မှ စူးစမ်းနေသော အကြည့်များကို လျစ်လျူရှုထားရသည်မှာ ပို၍ပင် ခက်ခဲလှသည်။

ဂီတသံ ရပ်သွားပြီးနောက် ကျိကျစ်ရှို့က လင်ကျဲ၏ပုခုံးပေါ်မှ သူမ၏လက်ကို ဖယ်လိုက်ကာ နောက်သို့ တစ်လှမ်းဆုတ်ပြီး ဂါဝန်အနားကို မကာ ယဉ်ကျေးစွာ ဦးညွှတ်လိုက်၏။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်... မစ္စတာလင်နဲ့ စကားပြောရတိုင်း ကျွန်မရဲ့ မိုက်မဲမှုနဲ့ အမြင်ကျဉ်းမြောင်းမှုတွေကို ပိုပြီး သတိထားမိလာရတယ်... ကျွန်မ တကယ်ကို အများကြီး ရရှိခဲ့ပါတယ်"

"ဒါတွေ ပြောမနေပါနဲ့တော့... သခင်မလေးကျိက ကျွန်တော့်ရဲ့ ဖောက်သည် တစ်ယောက်ပဲလေ၊ ကျွန်တော်က 'ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှု' ကို အမြဲတမ်း အလေးထားပါတယ်... ဒါထက် ကျွန်တော်တို့ သိလာတာလည်း အတော်ကြာနေပြီ... ဒီလောက်ကြီး... ယဉ်ကျေးနေဖို့ မလိုပါဘူး၊ သူငယ်ချင်းတွေလိုပဲ ပုံမှန်အတိုင်း ဆက်ဆံကြတာပေါ့"

သခင်မလေးကျိက သူ့ကို ဦးညွှတ်နှုတ်ဆက်နေသည်ကို ကြည့်ကာ လင်ကျဲ အားနာစွာ ပြုံးလိုက်မိသည်။ သခင်မလေးကျိ စာအုပ်ဆိုင်ထဲသို့ ပထမဆုံး အကြိမ် ရောက်လာစဉ် မိုးသည်းထန်သော ညက သူမ၏ စိတ်ဓာတ်အခြေအနေမှာ အနိမ့်ဆုံးသို့ ရောက်ရှိနေချိန်ဖြစ်ရာ၊ ထိတွေ့ဆက်ဆံခဲ့သည့် သူ့ အပေါ်တွင် စိတ်ပိုင်းဆိုင်ရာ အားငယ်မှု ရှိနေသလားဟု တွေးမိသည်။

သို့မဟုတ်... ပထမဆုံးအကြိမ် စကားပြောစဉ်က သူကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ စွဲထင်ကျန်ရစ်နေခဲ့တာလည်း ဖြစ်နိုင်ပေသည်။

သခင်မလေးကျိမှာ သူ့အပေါ် အလွန်အမင်း ရိုသေလွန်းနေပုံရသည်။ တစ်နည်းအားဖြင့် သူမသည် 'လင်ကျဲ ပုံသွင်းထားသည့်အတိုင်း' ဖြစ်နေသည်။

ထိုသို့သော ရလဒ်မျိုးကို သူ ရည်ရွယ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း၊ အလွန်အကျွံ ဖြစ်သွားပါက လင်ကျဲအနေဖြင့် အားနာစိတ် ဖြစ်မိပေလိမ့်မည်။

ကျိကျစ်ရှို့မှာ နှုတ်ခမ်းကို ဖိစေ့ထား၏။ ခဏမျှ သူမသည် ထိတ်လန့်သွားပြီး ဝေခွဲမရဖြစ်နေဟန် ပေါက်သော်လည်း၊ နောက်ဆုံးတွင် ခေါင်းကို တောင့်တောင့်ကြီး ညိတ်ပြလိုက်သည်။

"မစ္စတာလင် ပြောတာ မှန်ပါတယ်... ကျွန်မ ရှင့်ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ့မယ်"

သူမအတွက် ‘အခရာ အဆင့်' ထက်ပင် ပိုမိုစွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးကို သူငယ်ချင်းကဲ့သို့ ဆက်ဆံရန်မှာ အလွန်ခက်ခဲသော်လည်း၊ မစ္စတာလင်၏ တောင်းဆိုချက်ဖြစ်သဖြင့် သူမ အတတ်နိုင်ဆုံး လိုက်နာရမည်ဖြစ်သည်။

"..."

အကယ်၍ ဤပွဲသာ အရေးကြီးသည့်ပွဲ မဟုတ်ပါက လင်ကျဲ အနေဖြင့် နဖူးကို လက်နှင့်ရိုက်ကာ သက်ပြင်းချမိပေလိမ့်မည်။

‘မင်း ဘယ်လောက်တောင် တောင့်တင်းနေသလဲ ကြည့်ဦး... လုံးဝ စိတ်မလွတ်လပ်ဘူးဆိုတာ သိသာနေတာပဲ... ဘာလို့များ ငါက မင်းကို အမိန့်ပေးနေသလိုမျိုး ဖြစ်နေရတာလဲ... အရင်ကထက်တောင် ပိုပြီး သတိထားနေသလိုပဲ...’

လင်ကျဲ စိတ်ထဲမှ ညည်းတွားနေစဉ်မှာပင် ဇိမ်ခံဝတ်စုံဝတ်၊ ဆံပင်ညိုနီရောင်နှင့် လူငယ်တစ်ဦး သူတို့အနားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူသည် ဝိုင်ခွက်ကို ကိုင်ထားပြီး ကျိကျစ်ရှို့ကို ပြုံးပြကာ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

"မတွေ့တာ ကြာပြီနော်၊ သခင်မလေးကျိ"

ကျိကျစ်ရှို့၏ မျက်မှောင်မှာ မသိမသာ ကြုတ်သွား၏။ သူမရှေ့မှ လူမှာ သာမန် တော်ဝင်မျိုးနွယ် တစ်ဦး မဟုတ်ပေ။ သူသည် မှော်ဆရာမိသားစုမှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်ပြီး လက်ရှိခေတ်၏ အစွမ်းအထက်ဆုံး လူငယ်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် အရည်အချင်းရှိပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ငရဲဘုံ အဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည်။

ဖစ်ချ် သိထားသည့်အတိုင်း ဤပွဲတွင် သဘာဝလွန် စွမ်းအားရှင် အများအပြား ရှိနေကြသည်။

အတိတ်တုန်းကဆိုလျှင် ကျိကျစ်ရှို့သည် ရိုးလ်ကုမ္ပဏီအတွက် အင်အားစုများရရှိရန် ဤလူများနှင့် ရင်းနှီးအောင် ကြိုးစားခဲ့ပေလိမ့်မည်။ ထို့အပြင် သူမကိုယ်တိုင်၊ သူမအဖေနှင့် ရိုးလ်ကုမ္ပဏီတစ်ခုလုံးအတွက် အထောက်အပံ့ဖြစ်စေရန် ၎င်းတို့ထဲမှ သင့်တော်သော ပူးပေါင်းဆောင်ရွက်သူများကို ရွေးချယ်ခဲ့ရပေလိမ့်မည်... ၎င်းမှာ သူမ ရှောင်လွှဲ၍မရသော ကံကြမ္မာပင်။

သို့သော် ယခုမူ မစ္စတာလင်ကို ကျောထောက်နောက်ခံအဖြစ် ရရှိထားပြီဖြစ်ရာ ဤလူများသည် သူမအတွက် အရေးမပါတော့ပေ။

"မတွေ့တာ ကြာပြီ"

ကျိကျစ်ရှို့ ခေါင်းညိတ်ပြလိုက်၏။ ထိုကဲ့သို့သော လူများသည် သူမအတွက် တန်ဖိုးမရှိတော့သော်လည်း လိုအပ်သော ယဉ်ကျေးမှုများကိုတော့ ထိန်းသိမ်းရမည်ဖြစ်သည်။ ထို့ကြောင့် သူမက လင်ကျဲကို မိတ်ဆက်ပေးလိုက်၏။

"သူက ဖရက်ဒ် မိသားစုရဲ့ ဒုတိယသား ဂျွန်ဖရက်ဒ်ပါ..."

သူမက ခဏစဉ်းစားပြီးနောက် လင်ကျဲကိုမူ ဂျွန်အား မိတ်ဆက်မပေးရန် ဆုံးဖြတ်လိုက်သည်။ ပထမအချက်... မစ္စတာလင် မည်သူမည်ဝါဖြစ်ကြောင်းကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ကြေညာသည့်အခါမှသာ ထုတ်ဖော်ရမည်ဖြစ်သည်။ ထိုအခါမှသာ အားလုံးကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။

ဒုတိယအချက်... မစ္စတာလင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဤကဲ့သို့ တန်ဖိုးမရှိသော လူများနှင့် မိတ်ဆက်ပေးရန် မလိုအပ်ဟု သူမ ယူဆသည်။ ၎င်းမှာ မစ္စတာလင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည် မဟုတ်ပါလား။

သဘာဝကျကျပင် လင်ကျဲကတော့ ကျိကျစ်ရှို့၏ အတွေးများကို မသိနိုင်ပေ။ သူသည် ပြုံးလျက် ယဉ်ကျေးစွာ လက်ကမ်းပေးလိုက်၏။

"မင်္ဂလာပါ"

အခြားတစ်ဖက်တွင်မူ ဂျွန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူက လက်ပြန်မပေးဘဲ မျက်ခုံးပင့်ကာ ကျိကျစ်ရှို့ကို ကြည့်လိုက်သည်။ ခဏမျှ စောင့်ကြည့်ပြီးနောက် ကျိကျစ်ရှို့က ဆက်လက် မိတ်ဆက်ပေးရန် ရည်ရွယ်ချက် မရှိသည်ကို သိလိုက်ရသောအခါမှ လင်ကျဲကို စိတ်ဝင်တစား စူးစမ်းကြည့်တော့သည်။

သူ၏ အမြင်အရ တစ်ဖက်တည်းကိုသာ မိတ်ဆက်ပေးသည့် အခြေအနေ နှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ ထိုသူသည် လူတိုင်းသိထားသော ပုဂ္ဂိုလ်ကြီး ဖြစ်နေခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ထိုသူသည် မိတ်ဆက်ပေးရန်ပင် တန်ဖိုးမရှိသော လူဖြစ်နေခြင်း ဖြစ်သည်။

သူသည် သူ့ရှေ့မှ ဆံပင်နက်နှင့် လူငယ်ကို တစ်ခါမျှ မမြင်ဖူးပေ။ ဆိုလိုသည်က... ပထမအခြေအနေမှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် ၎င်းမှာ ဒုတိယ ဖြစ်နိုင်ခြေသာ ဖြစ်ရမည်။

‘ဒီကောင်က ကျိကျစ်ရှို့က ငါတို့ကို ရှောင်ချင်လို့ ဆွဲထုတ်လာတဲ့ အကာအကွယ် တစ်ခုပဲလို့ ငါ မထင်ထားဘူး...’

‘သူက ငါတို့ထဲက တစ်ယောက်ယောက်ကို အဖော်အဖြစ် မရွေးချယ်ချင်လို့ ဒီလို အောက်တန်းစား နည်းလမ်းကို သုံးလိုက်တာပေါ့...’

သူက အနည်းငယ် ပြုံးစိစိဖြင့် မေးလိုက်၏။

"မေးပါရစေဦး သခင်မလေးကျိ၊ ဒီလူကြီးမင်းမှာ နာမည်မရှိဘူးလား... နှစ်ဖက်လုံးကို မိတ်ဆက်ပေးတာက ပိုပြီး တရားမျှတတာပေါ့၊ ဟုတ်တယ်မလား... ဒါက အခြေခံ ယဉ်ကျေးမှုပဲလေ"

သူသည် မိမိကိုယ်ကို ကျေနပ်နေပုံရပြီး ပြုံးလျက် ဆက်ပြောသည်။

"အဆင့်အတန်းချင်း ကွာခြားလွန်းတယ် ဆိုရင်တောင် တစ်ဖက်တည်းကိုပဲ မိတ်ဆက်ပေးတာက အရှက်ရစရာကြီး မဟုတ်ဘူးလား"

"..."

ကျိကျစ်ရှို့ ဇဝေဇဝါ ဖြစ်သွား၏။

‘ဟုတ်တယ်၊ အရှက်ရစရာကြီးပဲ... ဒါပေမဲ့ နင်က ဘာလို့ အရှက်မရဘဲ ဒီလောက်တောင် ကျေနပ်နေရတာလဲ... အရှက်ခွဲခံရတာ အားမရသေးလို့လား၊ ဒါမှမဟုတ် နင်က အနှိပ်စက်ခံရတာကို ကြိုက်တဲ့သူလား...’

သို့သော်လည်း အခုအချိန်က ထိုအရာများကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ကျိကျစ်ရှို့၏ အကြည့်မှာ လေထဲတွင် တန်းလန်းဖြစ်နေသော လင်ကျဲ၏ လက်ဖဝါးဆီသို့ ရောက်သွားပြီး၊ မော့ကြည့်လိုက်သည့်အခါ သူမ၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့၏။

စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

***

အပိုင်း(၃၈၂)

လင်ကျဲ၏ မျက်နှာပေါ်မှ လုပ်ငန်းသုံး အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကမ်းလင့်ထားသော သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

အမှန်အတိုင်းပြောရလျှင် တစ်ဖက်လူ၏ ရိုင်းစိုင်းသော အမူအရာကြောင့် သူ စိတ်မဆိုးချေ။ ဤကဲ့သို့သော လူစားမျိုးကို ကမ္ဘာ မပြောင်းခင်နှင့် ကူးပြောင်းပြီးနောက်တွင် သူ အမြောက်အမြား တွေ့ဖူးပြီး ဖြစ်သည်။

အကယ်၍ ထိုသို့သောလူမျိုးနှင့် တွေ့တိုင်းသာ စိတ်တိုနေရမည်ဆိုလျှင် လင်ကျဲ၏ မျက်နှာမှာ ငါးပူတင်းတစ်ကောင်လို အမြဲ ဖောင်းကားနေပေလိမ့်မည်။

သို့သော် သူ စိတ်မတိုခြင်းမှာ တစ်ဖက်လူကို အလိုလိုက်မည်ဟု မဆိုလိုပါ။ သူသည် မျက်နှာကို တံတွေးနှင့် အထွေးခံရလျှင်တောင် ဘာမှမတုံ့ပြန်ဘဲ နေမည့် ဘုရားလောင်း မဟုတ်ပေ။

လက်ဆွဲနှုတ်ဆက်ခြင်းကို ပြန်လည်တုံ့ပြန်ခြင်းမှာ အခြေခံအကျဆုံး ယဉ်ကျေးမှု ဖြစ်သော်လည်း၊ တစ်ဖက်လူမှာ ဟန်ပြလေးတောင်မှ မလုပ်ချင်လောက်အောင် ဖြစ်နေသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ဂျွန်သည် လင်ကျဲကို မည်သည့်မျက်နှာမျှ ပေးရန် အစီအစဉ်မရှိကြောင်း သိသာလှသည်။

ထိုသို့ဆိုလျှင် လင်ကျဲသည် မည်မျှပင် စိတ်ရှည်သူဖြစ်ပါစေ၊ စီးပွားရေးသမားတစ်ဦး၏ ဖော်ရွေမှုကို ဆက်လက် ပြသရန် ရည်ရွယ်ချက် မရှိတော့ပေ။

လင်ကျဲက လက်နှစ်ဖက်ကို ဖြန့်ကာ သက်ပြင်းချလိုက်၏။

"ကျွန်တော်က နာမည်တောင် ထည့်ပြောစရာမလိုတဲ့ အရေးမပါတဲ့ စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပါပဲ... အဆင့်အတန်းအရ ပြောမယ်ဆိုရင်တော့ ဒီမှာရှိနေတဲ့ သူတွေအားလုံးထက် အများကြီး နိမ့်ကျပါတယ်..."

ကျိကျစ်ရှို့ မိတ်ဆက်ပေးရန် တွေဝေနေခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်နိုင်ပါသည်။ ရိုးလ်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုကို မကြေညာမီ ဤကဲ့သို့ သာမန်နောက်ခံကို ထုတ်ဖော်လိုက်ပါက မနာလိုမှုနှင့် လှောင်ပြောင်မှုများကို ပို၍ ဖိတ်ခေါ်သလို ဖြစ်နေမည် မဟုတ်ပါလား။

‘သခင်လေးကျိ တကယ်ကို ခက်ခဲနေရှာမှာပဲ...’

သို့သော်လည်း... သခင်မလေးကျိသည် သူမကို ရန်စရန် ကြိုးစားနေသည့် ထိုလူ၏ ဇွဲနပဲကို လျှော့တွက်မိပုံရသည်။ အကယ်၍ ပါးနပ်သူ သို့မဟုတ် ကြောက်တတ်သူ ဖြစ်ပါက၊ သူမက ထုတ်မပြောချင်သည့် အကြောင်းအရာကို ဆက်လက် မမေးမြန်းဘဲ ရှောင်ရှားသွားကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူမကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဤလူသည် တကယ့် လူမိုက်တစ်ယောက် ဖြစ်ရမည်၊ သို့မဟုတ် သူမကို ဆန့်ကျင်ရန် ဝန်မလေးလောက်အောင် ရဲတင်းသောသူ ဖြစ်ရမည်။

လင်ကျဲ၏ ပုဂ္ဂိုလ်ရေးအမြင်အရ ပထမဖြစ်နိုင်ခြေက ပိုများသော်လည်း၊ ယုတ္တိဗေဒအရမူ ဒုတိယဖြစ်နိုင်ခြေက ပိုများနေသည်။ အထူးသဖြင့်... ထိုလူ၏ နှာခေါင်းရှုံ့ကြည့်နေသော အကြည့်ကို ကြည့်လျှင် သိသာသည်။

ထိုအကြည့်မှာ လင်ကျဲတစ်ယောက်တည်းကိုသာ မဟုတ်ဘဲ ကျိကျစ်ရှို့ကိုပါ ရည်ရွယ်နေခြင်း ဖြစ်သည်။ ဆိုလိုသည်က... ဤလူသည် သူ၏ အဆင့်အတန်းမှာ ဂျိမိသားစု၏ အမွေဆက်ခံသူနှင့် ရိုးလ်ကုမ္ပဏီထက်ပင် ပို၍ မြင့်မားသည်ဟု ယုံကြည်နေခြင်းလော။

ယုတ္တိဗေဒအရဆိုလျှင် ၎င်းမှာ မဖြစ်နိုင်သလောက်ပင်။ ရိုးလ်ကုမ္ပဏီသည် နော်ဇင်၏ ထိပ်ဆုံးမှာ ရှိနေသည့် လက်ဝါးကြီးအုပ် ကုမ္ပဏီကြီး ဖြစ်သည်။ ဤပွဲကို တက်ရောက်လာသူတိုင်း ထိုကုမ္ပဏီ၏ အရှိန်အဝါကို ကောင်းစွာ သိကြသည်။ အခြား မည်သည့်အဖွဲ့အစည်းမှ ယှဉ်နိုင်စရာ အကြောင်းမရှိ... ဗဟိုခရိုင်တွင်ပင် နိုင်ငံရေးအချက်အလက်များမှလွဲ၍ ကျန်သူအားလုံးမှာ ရိုးလ်ကုမ္ပဏီကို ရိုသေကြရသည်။

သို့သော်... အခြားတစ်ဖက်ကနေ ကြည့်မည်ဆိုလျှင်ရော...။

လင်ကျဲ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဆက်ပြောလိုက်၏။

"မှန်ပါတယ်၊ မိတ်ဆက်ပေးတယ်ဆိုတာ အဆင့်တူသူချင်း လုပ်ရမယ့် အရာပါ၊ ဒါပေမဲ့ တစ်ယောက်ယောက်ကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခိုင်းတာက တစ်ဖက်လူကို လေးစားမှု ပြသတာပဲ... ဒါက ကိစ္စကြီး မဟုတ်ပေမဲ့၊ ဒီအပေါ်မှာ အသေးအဖွဲကို အကြီးလုပ်နေတဲ့ ခင်ဗျားကတော့ အစကတည်းက တန်းတူရည်တူ ဆက်ဆံဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး ထင်တယ်"

ဂျွန်၏ အကြည့်သည် ကျိကျစ်ရှို့ထံမှ လင်ကျဲထံသို့ ရောက်ရှိလာပြီး၊ မေးစေ့ကို မော့ကာ လှောင်ပြုံး ပြုံးလိုက်၏။

"ဒါက သာမန်လူတွေ ထင်သလို သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး... "

သူ့စကား၏ အဓိပ္ပာယ်မှာ သာမန် အဆင့်အတန်းမှာသာ ရှိနေသည့် လင်ကျဲ အနေဖြင့် အဆင့်အတန်း ကွာခြားမှု၏ အရေးပါပုံကို နားမလည်နိုင်ဘူး ဟူ၍ ဖြစ်သည်။

သို့သော်လည်း... ဂျွန်သည် ဤမျှ မောက်မာပြလိုက်ရရုံနှင့် မကျေနပ်သေးပေ။ သူ၏ စိတ်ထဲတွင် မနာလိုစိတ်များမှာ တောက်လောင်နေသည်။ ဂျွန်သည် ကျိကျစ်ရှို့အပေါ် သူ၏ ပိုင်စိုးလိုစိတ်ကို တစ်ခါမျှ မဖုံးကွယ်ခဲ့ဖူးပေ။ သူ၏ အမြင်တွင် သူသည် ရိုးလ်ကုမ္ပဏီ၏ ကျိမိသားစုနှင့် လက်ထပ်ရန် အလားအလာ အရှိဆုံးသူများထဲမှ တစ်ဦး ဖြစ်သည်။

သို့သော် ကျိကျစ်ရှို့သည် သူမ၏ အနှစ် (၂၀) ပြည့် မွေးနေ့ပွဲတွင် မည်သူမှန်းမသိသော ဤလူငယ်ကို ပထမဆုံး ကပွဲအတွက် ဖိတ်ခေါ်ခဲ့သည်။

တော်ဝင် မျိုးနွယ် တစ်ဦးအနေနှင့်လည်းကောင်း၊ သဘာဝလွန် စွမ်းအားရှင် တစ်ဦးအနေနှင့်လည်းကောင်း၊ ပါရမီရှင် မှော်ဆရာတစ်ဦးအနေနှင့်လည်းကောင်း ဂျွန်သည် အရှက်ရသည်ဟု ခံစားလိုက်ရသည်...

ယခုအခါ ထိုမနာလိုစိတ်များက သူ့ကို လှုံ့ဆော်နေပြီး၊ လူမှုအသိုင်းအဝိုင်းထဲသို့ ခိုးဝင်လာသည်ဟု သူထင်မှတ်ထားသော ဤသာမန်လူကို သူ့ နေရာမှန်သို့ ပြန်ရောက်သွားအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

"နောက်ပြီး ကျုပ်က ခင်ဗျားလို 'မစ္စတာ နာမည်မရှိ' အကြောင်းကို ပြောနေတာ မဟုတ်ဘူး..."

ဂျွန်က အလွန်ပင် စိတ်မကောင်းဖြစ်နေရသကဲ့သို့ လက်နှစ်ဖက်ကို မြှောက်ကာ ဟန်ဆောင်ပြလိုက်သည်။

"သာမန်လူတွေ ဘယ်လိုရှိတယ်ဆိုတာ ကျုပ် အတော်လေး သိပါတယ်... သူတို့အတွက်တော့ တော်ဝင်မျိုးနွယ်နဲ့ အောက်တန်းစား ခွဲခြားဖို့ မလိုဘူးလို့ ထင်ကြတာပေါ့၊ သူတို့ အမြဲတမ်း တောင်းဆိုနေတဲ့ တန်းတူညီမျှမှုနဲ့ လွတ်လပ်ခွင့်ဆိုတာတွေကို လိုက်စားရင်းနဲ့ တော်ဝင်မျိုးနွယ်တွေဟာ ပျော်ပါးဖို့ပဲ သိတဲ့ လူအတွေလို့ ထင်နေကြတာ... ဒါပေမဲ့..."

သူက ပတ်ဝန်းကျင်ကို လက်ညှိုးထိုး ပြလိုက်သည်။

"ကြည့်လိုက်စမ်း... ဒါက နော်ဇင်ရဲ့ ဗဟိုခရိုင်နဲ့ အနီးဆုံးနေရာ၊ A ခရိုင်ရဲ့ နှလုံးသားပဲ... ပတ်ဝန်းကျင်မှာရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဆင်တန်ဆာတွေကို ကြည့်ဦး... သူတို့ကရော... နံပါတ်စဉ်နဲ့ စတင်တဲ့ လမ်းမတွေပေါ်မှာ နေထိုင်ကြတယ်... သာမန် လူတွေ နေတဲ့ နေရာတွေကတော့ မြို့ပြစီမံကိန်းအရ ပြောရရင် နံစော်နေတဲ့ မိလ္လာမြောင်းတွေထက် မပိုဘူး... ဒါဆို ဘယ်မှာလဲ ယုံကြည်ထိုက်တဲ့ တန်းတူညီမျှမှုဆိုတာ’

"ကျုပ် ရိုးရိုးသားသား ပြောရရင်၊ ဒီမှာရှိတဲ့ အလှဆင်ပစ္စည်း တစ်ခုချင်းစီဟာ အောက်တန်းစား ကျွန်ပေါင်း ရာနဲ့ချီ ဝယ်လို့ရတဲ့ တန်ဖိုးရှိတယ်... ဟဲဟဲ၊ ဒီကျွန်တွေ ဘယ်ကလာသလဲဆိုတာ ခန့်မှန်းကြည့်ချင်လား...”

"...ကျုပ်ကို အဲဒီလို လာကြည့်မနေနဲ့လေ... အော်... ခင်ဗျား သိမှာမဟုတ်ဘူး၊ တော်ဝင်မျိုးနွယ် အဆင့်အတန်းရှိသူတွေအတွက် ကျွန်တွေကို ဝယ်ယူ ရောင်းချတာဟာ အခုထိ တရားဝင်နေတုန်းပဲ... ဗဟိုခရိုင်ကလည်း အသိအမှတ်ပြုထားတယ်... သေချာတာပေါ့၊ ယဉ်ကျေးတဲ့ တော်ဝင်မျိုးနွယ်တွေအနေနဲ့ ကျုပ်တို့ဟာ ဒီကျွန်တွေကို သင့်တင့်တဲ့ လိုအပ်ချက်တွေထက် ပိုပြီး ဘာမှ မလုပ်ပါဘူး...”

"ကျုပ် ပြောချင်တာက၊ ဒီနံပါတ်တွေရဲ့ အဓိပ္ပာယ်ကို ခင်ဗျား နားလည်ရဲ့လား... အဲဒါက လူသား နှစ်မျိုးနှစ်စားကို ခွဲခြားထားတာ၊ သာမန်လူနဲ့ တော်ဝင်မျိုးနွယ်တင် မဟုတ်ဘူး”

"ဒါက စားပွဲပေါ်မှာ ဇိမ်ခံ ထမင်းစား အသုံးအဆောင်တွေကို ခွဲခြားသုံးသပ်သလိုပါပဲ... ဒါထက်၊ အဲဒီလိုလူတွေအတွက် ဒီယဉ်ကျေးမှုတွေကို နားလည်ဖို့ မလိုပါဘူး၊ သူတို့ တစ်သက်လုံးမှာ တူ၊ ဇွန်းနဲ့ ခက်ရင်းကလွဲလို့ ဘာမှ မြင်ဖူးမှာ မဟုတ်ဘူးလေ... တကယ်တော့ သူတို့ဟာ အစားအစာတွေကို လက်နဲ့ကောက်ကိုင်ပြီး ပါးဖြဲနားဖြဲ စားကြလိမ့်မယ်... အို... ဘုရားရေ၊ တကယ့်ကို ရွံရှာစရာကောင်းပြီး နိမ့်ကျတဲ့ လုပ်ရပ်တွေပဲ..."

ဂျွန်၏ စကားလုံးများမှာ ကဲ့ရဲ့လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသော်လည်း၊ သူသည် တော်ဝင်မျိုးနွယ်တို့၏ ယဉ်ကျေးမှုကို ပြောပြနေသကဲ့သို့ တည်ငြိမ်ပြီး ယဉ်ကျေးသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားသည်။

"ဒါပေမဲ့ ခင်ဗျား သိထားဖို့က၊ ဒီအပြုအမူနဲ့ ယဉ်ကျေးမှုတွေဟာ လူ့ယဉ်ကျေးမှုရဲ့ ပြယုဂ်ပဲ...”

"ပြီးတော့ ဒီယဉ်ကျေးမှု ဆိုတာဟာ လူသားနဲ့ တိရစ္ဆာန်ကြားက ခြားနားချက်ပဲ... ဒါမှမဟုတ် လူသားနဲ့ ကျွဲနွားတွေကြားက ခြားနားချက်လို့ ဆိုရမလား"

ကျိကျစ်ရှို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပုံကို စကားလုံးနှင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။ သူမ၏ မျက်နှာမှာ မဲမှောင်နေပြီး အကျည်းတန်နေပြီ ဖြစ်သည်။

ဂျွန် ဤစကားများကို စတင်ပြောကတည်းက၊ သူမသည် ဤလူကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သည့် သင်ခန်းစာတစ်ခု ပေးရန် အဆင်သင့် ဖြစ်နေခဲ့သည်။ သို့သော်လည်း... သူမ စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် လင်ကျဲက သူမကို တားရန် လက်ကို အသာအယာ မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့်... သူမ ငြိမ်သက်စွာ စောင့်ဆိုင်း နေခဲ့ရခြင်း ဖြစ်သည်။

သူမ လင်ကျဲကို ကြည့်လိုက်ရာ လူငယ်လေးမှာ ဂျွန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"..."

ထိုအကြည့်မှာ အေးချမ်းသည်ဟု ဆိုနိုင်လောက်အောင် တည်ငြိမ်နေသော်လည်း၊ ကျိကျစ်ရှို့မှာမူ တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ စာအုပ်ဆိုင်၏ မှိန်ပျပျ အလင်းရောင်ထဲမှ ထွက်လာခဲ့သည့်နောက်တွင် ထိုမျက်လုံးများသည် မည်သည့် အလင်းရောင်ကိုမျှ အဝင်မခံတော့ဘဲ အမှောင်ထုများသာ ကျန်ရှိတော့သလို နက်မှောင် နေခြင်းကြောင့်ပင်။

ခန်းမဆောင်ကြီးမှာ မီးဆိုင်းများဖြင့် လင်းထိန်နေသော်လည်း၊ ထိုတောက်ပသော မြင်ကွင်းများမှာ လင်ကျဲ၏ နက်မှောင်သော မျက်လုံးများထဲတွင် မည်သည့်အခါမျှ ရောင်ပြန်ဟပ်ခြင်း မရှိပေ။

"တကယ်တော့ ခင်ဗျားပြောတာ တစ်ချက်တော့ မှန်ပါတယ်..."

လင်ကျဲသည် တောက်ပသော အပြုံးတစ်ခုကို ထပ်မံ ပြုံးလိုက်ပြန်၏။

"ဒါပေမဲ့ ကျွန်တော်တို့က ဒီပါတီပွဲမှာ ရှိနေကြတာဆိုတော့ အားလုံးက သခင်မလေးကျိရဲ့ ဧည့်သည်တွေပါပဲ... ဒါပေမဲ့ ခင်ဗျားက အဆင့်အတန်း ခွဲခြားဖို့ အရမ်း ဇွတ်တရက် ဖြစ်နေတယ်ဆိုရင်တော့..."

စာအုပ်ဆိုင်ပိုင်ရှင်က ဂျွန်ကို ပြုံးပြရင်း အသံကို နှိမ့်လိုက်၏။

"ကျွန်တော်နဲ့ ခင်ဗျားကို ခွဲခြားဖို့ နောက်ထပ် အမျိုးအစား ခွဲခြားနည်းတစ်မျိုး ရှိတယ်လို့ ကျွန်တော် ထင်မိတယ်ဗျ..."

***

All Chapters