← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 28 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 28 Ch. 383-384

အပိုင်း(၃၈၃)

‘လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုအကြောင်း တရားဟောဖို့ နောက်ထပ် နည်းလမ်းတစ်ခုလား... ဒီသာမန်လူတန်းစားတွေက တကယ့်ကို ဇွတ်တရက်နိုင်လွန်းတာပဲ...’

‘နော်ဇင်မြို့ရဲ့ နံပါတ်စဉ်တပ်ထားတဲ့ လမ်းမတိုင်းဟာ သူတို့ရဲ့ ဘဝလမ်းကြောင်းကို ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေတယ်ဆိုတာကို သူတို့ ဘယ်တော့မှ နားလည်ကြမှာလဲ...’

‘ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူတို့လို အရေးမပါတဲ့ ပိုးကောင်တွေဟာ အဆင့်မြင့်သူတွေရဲ့ ကစားစရာ ဘဝ၊ အနင်းခြေခံ ဘဝကနေ မလွတ်မြောက်နိုင်ကြပါဘူး...’

ဂျွန် နှာခေါင်းတစ်ချက် ရှုံ့ကာ ရယ်လိုက်သည်။ သူသည် ထိုလူကို ပို၍ စော်ကားသော စကားလုံးများဖြင့် လှောင်ပြောင်ချင်သည်၊ ရက်စက်သော အမှန်တရားကို နားလည်သွားစေချင်သည်။

သို့သော် ထိုနက်မှောင်သော မျက်လုံးများနှင့် ဆုံလိုက်သည့် ခဏတွင်မူ သူပြောချင်သော စကားလုံးအားလုံးမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့၏။

ဤတော်ဝင်မျိုးနွယ်လူငယ်လေးမှာ အကြောင်းပြချက်မရှိဘဲ ထိတ်လန့်သွားခဲ့သည်။ ခန်းမဆောင်ကြီးမှာ တောက်ပသော မီးဆိုင်းများဖြင့် လင်းထိန်နေသော်လည်း၊ ယခုအချိန်တွင် ဂျွန်သည် အဆုံးမရှိသော ထူထပ်သည့် မြူမည်းများ ဝန်းရံခြင်းကို ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အမြင်အာရုံမှာပင် ခဏမျှ ဝေဝါးသွားခဲ့၏။

ထိုမြူမည်းများမှာ စနစ်တကျမရှိဘဲ လှုပ်ရှားနေပြီး၊ ၎င်းတို့၏ အတွင်းပိုင်းတွင် တစ်စုံတစ်ဦးက ချောင်းကြည့်နေသကဲ့သို့ပင်။

ထိုအကြည့်တွင် မကောင်းသော စိတ်ထား မပါဝင်သော်လည်း၊ ကမ္ဘာသစ်ကို ယခုမှ စတင်မြင်ဖူးသော ကလေးငယ်တစ်ဦး၏ စပ်စုချင်စိတ်မျိုး ပါဝင်နေသည်။

ထိုစပ်စုချင်စိတ်မှာ အလွန်ပင် ပြင်းထန်လွန်းလှသဖြင့် ဂျွန်၏ ကိုယ်ပေါ်သို့ ကျရောက်လာသောအခါ အေးစိမ့်သော ခံစားမှုကို ပေးစွမ်းနေသည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုထင်ယောင်ထင်မှား မြင်ကွင်းမှာ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ကြောင်အမ်းအမ်း ဖြစ်နေသော ဂျွန်သည် သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ရှိ ဧည့်သည်များ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကို မြင်လိုက်ရသည်။

သူ၏ ပြောဆိုမှုကို ရုတ်တရက် ရပ်တန့်လိုက်ခြင်းမှာ သူ့ကို လူမိုက်တစ်ယောက်လို ဖြစ်သွားစေကြောင်း သူ သဘောပေါက်လိုက်သည်။ သို့သော် အခုလေးတင် ဘာဖြစ်သွားသလဲဆိုသည်ကို မသိလေရာ ဒေါသတကြီးဖြင့်...

"အမျိုးအစား ခွဲခြားမယ် ဟုတ်လား... ငါ ပြောတာ မရှင်းသေးလို့လား... ရိုးရိုးသားသား ပြောရရင် မင်း ဒီနေရာမှာ မရှိသင့်ဘူး... သခင်မလေးကျိသာ မရှိရင် ခင်ဗျားဟာ A ခရိုင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ တစ်သက်လုံး သိမှာမဟုတ်ဘူး... ခင်ဗျား အဲဒီဖိတ်စာကို ဘယ်လိုရခဲ့သလဲဆိုတာတောင် ကျွန်တော် မေးနေဖို့ မလိုတော့ပါဘူး..."

လင်ကျဲက လက်ခုပ်တစ်ချက် တီးလိုက်ပြီး ဂျွန်၏ စကားကို ဖြတ်ပြောလိုက်သည်။

"အာ... ဖိတ်စာအကြောင်း ပြောချင်တာဆိုရင်တော့... ကျွန်တော်က 'နောက်ဖေးပေါက်' ကနေ ဝင်လာတာ မှန်ပါတယ်... ဒါပေမဲ့ သူ့ရဲ့ပွဲကို ဘယ်သူ့ကို ဖိတ်ရမလဲဆိုတာက သခင်မလေးကျိရဲ့ ဆုံးဖြတ်ချက်ပဲလေ... ကျွန်တော် ဒီမှာ ရှိသင့်၊ မရှိသင့်ဆိုတာထက် သူက ဖိတ်ချင်၊ မဖိတ်ချင်ဆိုတာက ပိုအရေးကြီးတယ် မဟုတ်လား"

လင်ကျဲ၏ ယုံကြည်ချက်အပြည့်နှင့် စကားကြောင့် ဂျွန် ဆွံ့အသွားရသည်။

"မင်း...”

“ဟူး...”

လင်ကျဲက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ ကျိကျစ်ရှို့မှာ အစောပိုင်းက အဘယ်ကြောင့် လူယုတ်မာတစ်ယောက်၏ လှည့်စားခြင်းကို ခံခဲ့ရသလဲဆိုသည်ကို သူ အခုမှ သဘောပေါက်တော့သည်။

သူမ၏ ပတ်ဝန်းကျင်ရှိ အမျိုးသားများမှာ ရည်မှန်းချက်ကြီးပြီး သူမနှင့် ရိုးလ်ကုမ္ပဏီကို ရယူဖို့သာ စဉ်းစားနေကြသည့် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင်၊ သူမကို နွေးထွေးမှုပေးမည့်သူမျိုး (သို့မဟုတ် ပေးသယောင်ဆောင်သူမျိုး) ကို တွေ့လိုက်ရသည့်အခါ သူမ စိတ်ညွတ်သွားရခြင်းမှာ မဆန်းတော့ပေ။

လင်ကျဲက မေးစေ့ကို ပွတ်လိုက်ကာ ဆက်ပြောသည်။

"ဆိုတော့ တစ်နည်းအားဖြင့် ပြောရရင်... သခင်မလေးကျိ မနှစ်သက်တဲ့သူဟာ ဒီမွေးနေ့ပွဲမှာ မရှိသင့်ဘူးပေါ့"

ဂျွန်သည် လင်ကျဲ ပြောနေသည့် စကားကို နားမလည်နိုင်တော့ပေ။ သူက မျက်မှောင်ကြုတ်လိုက်ရင်း...

"နေဦး၊ မင်း တကယ်ကြီး..."

သို့သော်လည်း... လင်ကျဲက တစ်ဖန် ဖြတ်ပြောလိုက်ပြန်သည်။

"မစ္စတာ ဂျွန်ဖရက်ဒ်... ခင်ဗျား အခု အိမ်ပြန်ပြီး တစ်ချက်ကြည့်ဖို့ အချိန်ရောက်ပြီလို့ ကျွန်တော် ထင်တယ်... ဒီကနေ ထွက်သွားပြီး ဘယ်ဘက်ကို ကွေ့ရင် ပင်မတံခါးကို ရောက်လိမ့်မယ်... အဲဒီကနေ အိမ်ပြန်လမ်းကိုတော့ ခင်ဗျား မှတ်မိဦးမှာပါနော်"

ဂျွန်က လုံးဝ ဇဝေဇဝါဖြစ်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

"ငါ အိမ်ပြန်ရမယ်... မင်း အတည်ပြောနေတာလား..."

လင်ကျဲက ခေါင်းညိတ်ပြသည်။

ဂျွန်၏ မျက်နှာတွင် ခဏမျှ ထူးဆန်းသော အမူအရာ ပေါ်လာပြီးနောက် အော်ဟစ်ရယ်မောလိုက်တော့သည်။

"ဟား ဟား ဟား ဟား ဟား...... ငါ ခင်ဗျားအပေါ် အကဲခတ်တာ မှားသွားမှန်း သိလိုက်ပြီ... မင်းက ဟိုသာမန် အောက်တန်းစားတွေနဲ့ မတူဘူးပဲ... မင်းက နည်းနည်းတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသားပဲ"

သူက ကျိကျစ်ရှို့ဘက်သို့ လှည့်ကာ သူ၏ နားထင်ကို လက်ညှိုးဖြင့် ထိုးပြလိုက်သည်။

"သခင်မလေးကျိ... ခင်ဗျားရဲ့ ဧည့်သည်က ခေါင်းထဲမှာ တစ်ခုခု ချို့ယွင်းနေတာ မဟုတ်ဘူးလို့ သေချာရဲ့လား"

ကျိကျစ်ရှို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ... ယခုမူ ဂျွန်သည် မိမိကိုယ်မိမိ နာမည်တောင် မိတ်ဆက်မပေးသေးသော ဤလူမှာ အရူးတစ်ယောက် ဖြစ်ရမည်ဟု သံသယဝင်လာပြီ ဖြစ်သည်။

သို့သော် ကျိကျစ်ရှို့၏ မျက်နှာမှာ သူ မျှော်လင့်ထားသလို အရှက်ရနေပုံ မပေါက်ဘဲ အလွန်ပင် တည်ကြည်လေးနက်နေသည်။ သူမက နှုတ်ခမ်းကို ခက်ခဲစွာ ဖွင့်လိုက်ပြီး...

"မစ္စတာလင်...”

လင်ကျဲ သူမကို တားလိုက်စဉ်ကတည်းက တစ်ခုခု ဖြစ်တော့မည်ကို သိထားသော်လည်း၊ မစ္စတာလင်က သူမကို ဝင်မပါခိုင်းခြင်းမှာ ဤကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလို၍ ဖြစ်ကြောင်း သူမ နားလည်သည်။

သို့သော် ယခု အခြေအနေမှာ သူမ မျှော်လင့်ထားသည်ထက် ပို၍ ကြီးကျယ်သွားပုံ ရသည်။ မစ္စတာလင်က တကယ် စိတ်ဆိုးနေခြင်းလား၊ သို့မဟုတ် ဖျော်ဖြေမှုတစ်ခုအနေနှင့် သူကိုယ်တိုင် လုပ်ဆောင်နေခြင်းလား ဆိုသည်ကိုတော့ သူမ မသေချာသေးပေ။

"အာ... ကျွန်တော် မေ့တော့မလို့"

လင်ကျဲက ကျိကျစ်ရှို့ဘက်သို့ လှည့်ကာ အနည်းငယ် အနေရခက်စွာဖြင့် ချောင်းဟန့်လိုက်၏။ ဘယ်လို စပြောရမလဲ သူ မသိပေ။

‘တကယ်တော့ ငါ့မှာ သဘာဝလွန် စွမ်းအားတွေ ရှိတယ်... ဒါကို မင်းကို အမြဲ ဖုံးကွယ်ထားခဲ့မိလို့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါက မင်းတို့နဲ့ မတူဘူး၊ ရှင်းအောင် ပြေရရင် ငါက မှော်အတတ် နည်းနည်းပါးပါး သိတယ်ပေါ့...’

‘ဘယ်လိုပြောပြော ရုတ်တရက်ကြီး ဖြစ်နေမလား...’

"အော်... ထားလိုက်ပါတော့... နောက်မှပဲ ကျွန်တော် ရှင်းပြတော့မယ်..."

လင်ကျဲက စိုးရိမ်တုန်လှုပ်နေသော ကျိကျစ်ရှို့ကို နွေးထွေးပြီး စိတ်အေးစေမည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် သခင်မလေးကျိကို အခက်တွေ့အောင် မလုပ်ပါဘူး... အော်... ဒါနဲ့၊ ရဲကိုတော့ ဖုန်းဆက်ထားဖို့ မမေ့နဲ့ဦးနော်"

ကျိကျစ်ရှို့မှာ ထို 'စိတ်အေးစေမည့်' အပြုံးကြောင့် စိတ်မအေးသွားဘဲ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

"ရဲကို ဖုန်းဆက်ရမယ်..."

လင်ကျဲက ခေါင်းညိတ်သည်။

"ဟုတ်တယ်... ရဲကို ဖုန်းဆက်လိုက်... ဂျိုးဇက်နဲ့ ကလောက်ကို အကြောင်းကြားလိုက်တာ ပိုကောင်းမယ်... သူတို့တွေ လူအချို့ကို သွားကယ်ဖို့ လိုလိမ့်မယ်"

ဂျွန် တစ်ယောက် သူ့ရှေ့မှာတင် လင်ကျဲနှင့် ကျိကျစ်ရှို့တို့ တီးတိုးပြောနေကြသည်ကို ကြည့်ကာ ဆက်ပြီး သည်းမခံနိုင်တော့ပေ။ သူက ဒေါသတကြီးဖြင့် အသံကို မြှင့်လိုက်၏။

"သခင်မလေးကျိ၊ ဒီသာမန်လူတစ်ယောက်အတွက်နဲ့ ဖရက်ဒ်မိသားစုကို ဆန့်ကျင်ဖို့ အဆင်သင့် ဖြစ်နေပြီလား..."

"မဟုတ်ဘူး..."

ကျိကျစ်ရှို့က ခေါင်းခါလိုက်သည်။ ဂျွန်၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ် မပေါ်လာမီမှာပင် သူမက ဆက်ပြောလိုက်သည်။

"ငါက နင်တို့နဲ့ တစ်ဖက်တည်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး"

ဂျွန်၏ မျက်နှာမှာ တောင့်တင်းကာ မဲမှောင်သွား၏။ သူ၏ သည်းခံနိုင်စွမ်းမှာ အဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အစပိုင်းတွင် သူက အထက်စီးမှနေ၍ အောက်တန်းစားကို လှောင်ပြောင်နေခြင်း ဖြစ်သော်လည်း၊ အဆုံးသတ်တွင်မူ... သူကသာ အကြိမ်ကြိမ် အရူးလုပ်ခံလိုက်ရခြင်း ဖြစ်သည်။

ဂျွန်သည် သွားကို ကြိတ်ကာ ဝိုင်ဖန်ခွက်ကို မြဲမြဲဆုပ်ကိုင်လိုက်ရင်း တိုက်စစ်ဆင်ရန် ပြင်လိုက်သည်။ ရိုးလ်ကုမ္ပဏီက အကောင်းကို အကောင်းမှန်းမသိမှတော့၊ သူသည်လည်း ဤသာမန်လူသားများကို မျက်နှာသာပေးနေရန် မလိုတော့ပေ... သူတို့အားလုံးမှာ သာမန်လူသားတွေပဲ မဟုတ်ပါလော။

မှန်ပေသည်။ ကျိကျစ်ရှို့ကိုယ်တိုင်မှာပင် ငရဲဘုံ အဆင့်သာ ရှိပြီး၊ ၎င်းမှာ ဖရက်ဒ်မိသားစုနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။

သူမသည် လျှို့ဝှက်ဆန်းကြယ်သော စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးနှင့် ဆက်သွယ်မိပြီး လက်ဆောင်အချို့ ရခဲ့သည်ဟု ကြားဖူးသော်လည်း၊ ထို့နောက်ပိုင်းတွင် သူမနှင့် ပတ်သက်၍ ထူးထူးခြားခြား ဘာမှ မကြားရတော့ပေ။ သူကဲ့သို့ မြင့်မြတ်သူတစ်ဦးက အရေးမပါသော ပုရွက်ဆိတ်များကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ မှန်သည်။

ဂျွန် ထိုသို့ တွေးနေစဉ်မှာပင် သူ့ တစ်ကိုယ်လုံးသို့ လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ အေးစိမ့်သော ခံစားမှုတစ်ခု ရုတ်တရက် ဝင်ရောက်လာပြီး ဦးရေခွံများပင် ထုံကျဉ်သွားရ၏။

"ကျွန်တော်က နာမည်တောင် ထည့်ပြောစရာမလိုတဲ့ အရေးမပါတဲ့ စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပါပဲ... အဆင့်အတန်းအရ ပြောမယ်ဆိုရင်တော့ ဒီမှာရှိနေတဲ့ သူတွေအားလုံးထက် အများကြီး နိမ့်ကျပါတယ်..."

၎င်းမှာ အခုလေးတင် ထိုသာမန်လူငယ်လေး မိမိကိုယ်မိမိ မိတ်ဆက်ခဲ့သော စကားများပင် ဖြစ်သည်။ ဂျွန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မော့ကြည့်လိုက်ရာ၊ လူအုပ်ကို တိုးဝှေ့ကာ သူ့ထံသို့ အမောတကော ပြေးလာသော အစေခံတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူက အသက်ပင် မရှူနိုင်ဘဲ အော်ဟစ်နေ၏။

"သခင်လေး ဂျွန်... မြန်မြန်... ကျွန်တော်တို့ အမြန်ပြန်မှ ဖြစ်တော့မယ်..."

ဂျွန်က ထိုအစေခံကို လှမ်းဖမ်းကာ ထိန်းပေးလိုက်သည်။ ပြောမပြနိုင်သော ထိတ်လန့်မှုများ သူ၏ ကိုယ်ထဲသို့ စီးဝင်လာပြီး၊ နှုတ်ခမ်းများမှာ တုန်ရီနေသဖြင့် စကားပင် မပြောနိုင်တော့ပေ။

အစေခံက မော့ကြည့်လိုက်ရာ မျက်ရည်၊ နှာရည်များနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာကို တွေ့လိုက်ရသည်။

"တစ်ခုခု ဖြစ်ပြီ... သူတို့... အားလုံး... အားလုံး သေကုန်ပြီ..."

ထို့နောက်တွင် အစေခံ ပြောနေသည်များကို ဂျွန် သေချာ မကြားရတော့ပေ။ သူသည် လင်ကျဲကို ပြန်ကြည့်ရန် အစွမ်းကုန် ကြိုးစားလိုက်သော်လည်း၊ ထိုလူငယ်၏ မျက်နှာကို မမြင်ရတော့ပေ။

သူ မြင်လိုက်ရသည်မှာ လူအုပ်ကြီး၏ အလယ်တွင် ရပ်နေကာ၊ သူ့ကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်နေသည့် နက်မှောင်သော အရိပ်တစ်ခု သာ ဖြစ်သည်။

***

အပိုင်း(၃၈၄)

ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်ခဲ့သော ထိုပုံမမှန်သည့် နက်မှောင်သောအရိပ်သည် မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ပူဖောင်းတစ်ခု သို့မဟုတ် ထင်ယောင်ထင်မှားတစ်ခုကဲ့သို့ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ပတ်ဝန်းကျင်ရှိ ဧည့်သည်များ၏ စူးစိုက်ကြည့်နေမှုများနှင့် အစေခံ၏ အော်ဟစ်ငိုယိုသံများမှာမူ အတုအယောင်များ မဟုတ်ပေ။

ခွမ်း...

ဂျွန်သည် ကြောင်အမ်းနေမိရာမှ သူ၏လက်ထဲရှိ ဝိုင်ခွက်မှာ မြေပြင်ပေါ်သို့ ကျကာ ကွဲအက်သွား၏။ ထို့နောက် အိပ်မက်မှ နိုးလာသကဲ့သို့ ပြဿနာ၏ ကြီးလေးမှုကို သဘောပေါက်လိုက်ကာ သူ၏နှလုံးသားမှာ ဗိုက်ထဲထိ လျောကျသွားသလို ခံစားလိုက်ရသည်။

သေကုန်ပြီ... အားလုံး သေကုန်ပြီ ဟုတ်လား...

မကောင်းသော နိမိတ်တစ်ခုကြောင့် သူ့ ခန္ဓာကိုယ် တစ်ခုလုံး အေးစိမ့်သွားခဲ့သည်။ သူ့ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားပြီး ရှေ့သို့ တိုးကာ အစေခံ၏ ကော်လာကို အတင်းဆွဲလိုက်သည်။ သူ့ ကိုယ်မှာ တုန်ရီနေပြီး ဟိန်းဟောက်လိုက်၏။

"အားလုံးသေကုန်ပြီဆိုတာ ဘာကို ဆိုလိုတာလဲ... ဘာဖြစ်တာလဲ... ရှင်းရှင်းလင်းလင်း ပြောစမ်း..."

အစေခံ၏မျက်နှာမှာ မျက်ရည်၊ နှာရည်များဖြင့် ပြည့်နေပြီး ဂျွန်၏ ဆွဲကိုင်ထားမှုကြောင့် အသက်ရှူရန် ရုန်းကန်နေရသည်။ သူ၏ မျက်နှာမှာ တဖြည်းဖြည်း နီရဲလာပြီး ခက်ခဲစွာ ပြောလိုက်ရသည်။

"သခင်ကြီးတို့က... ဟို... ကျွန်ချုပ်နှောင်တဲ့ ထုံးတမ်းစဉ်လာ ကို လုပ်နေကြတာ... အဲဒီမှာ ရုတ်တရက်ကြီး အရာအားလုံးက ခဏလောက် မှောင်သွားတယ်... ပြီးတော့ အခမ်းအနားက အတင်းအဓမ္မ အနှောင့်အယှက် ခံလိုက်ရပြီး အိမ်ကြီးတစ်လုံးလုံး ပြိုကျသွားတော့တာပဲ... ပြီးတော့ မီးတွေ စလောင်တော့တာပဲ... အရာအားလုံးက အရမ်းမြန်လွန်းတယ်... ကျွန်တော် ဘာမှမသိလိုက်ဘူး၊ အရှေ့ကို တိုးပြီး တွားသွားရင်း ပြေးထွက်လာခဲ့တာပဲ..."

ဂျွန်၏မျက်လုံးများသည် လူသားစားသားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ရှေ့မှအစေခံကို စူးစိုက်ကြည့်နေသည်။

"မင်းက ထွက်ပြေးလာတယ်ပေါ့..."

သူ သွားကြားထဲမှ လေကလေးဖြင့် မေးလိုက်သည်။ အစေခံမှာ ထိတ်လန့်သွားသော်လည်း ခေါင်းကို အမြန်ခါလိုက်၏။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် ထွက်ပြေးတာ မဟုတ်ဘူး... သခင်ကြီးက သခင်လေးဆီကို သတင်းလာပေးဖို့ ခိုင်းလိုက်လို့ပါ..."

ဂျွန်၏ လက်များမှာ အစေခံ၏လည်ပင်းကို ပိုမိုမြဲမြဲ ဆုပ်ကိုင်ထားပြီး သူ၏မျက်နှာမှာ ပို၍ပင် ယုတ်မာကောက်ကျစ်သော အမူအရာ ပေါ်လာသည်။

"သူတို့အားလုံး သေကုန်ပြီဆိုတဲ့ သတင်းကို ငါ့ဆီလာပေးတာလား... မင်းက ဘာမှမသိဘူးဆိုရင် လူတိုင်းသေကုန်ပြီဆိုတာကို ဘယ်လိုသိသလဲ... မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်စမ်း..."

ထိုတော်ဝင်မျိုးနွယ်လူငယ်သည် မယုံနိုင်လောက်အောင် တည်ငြိမ်နေသည်။ ဤကဲ့သို့သော ပွဲမျိုးတွင် သူ၏မိသားစုဝင်အားလုံး သေဆုံးသွားလျှင်တောင် ဤကိစ္စကို ဤအတိုင်း အဆုံးမသတ်စေနိုင်ပေ။ သူသည် မိမိကိုယ်မိမိ လွတ်မြောက်ရာလမ်းကို ရှာရန် အချိန်ယူရမည်။ မဟုတ်လျှင်...

ဂျွန်သည် အစောက သူ၏ ခန့်မှန်းချက်နှင့် သူပြောခဲ့သော စကားများကို ပြန်စဉ်းစားလိုက်မိသည်... သူကိုယ်တိုင်လည်း သေရပေလိမ့်မည်။

"ဂလု... ဂလု..."

အစေခံသည် သခင်လေးက သူ့ကို စကားပြောရင်း ဖရက်ဒ်မိသားစု၏ အထူးဂါထာကို အသုံးပြုနေသည်ကို သိလိုက်ရသဖြင့် ထိတ်လန့်သွားသည်။

‘သူ ငါ့ကို သတ်ဖို့ ကြိုးစားနေတာပဲ...’

အစေခံ၏ မျက်လုံး ငယ်အိမ်များမှာ ကျဉ်းမြောင်းသွားပြီး ရုန်းကန်အော်ဟစ်ရန် ကြိုးစားသော်လည်း၊ သူသည် မလှုပ်ရှားနိုင်သကဲ့သို့ အသံပင် မထွက်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူ၏ အသက်စွမ်းအားမှာ လျင်မြန်စွာ ပျောက်ကွယ်နေပြီး မျက်နှာမှာ ဖြူဖျော့လာကာ မျက်သူငယ်အိမ်များ ပြူးထွက်လာတော့သည်။

ဖတ်...

လက်တစ်ဖက်က လှမ်းလာပြီး ဂျွန်၏လက်မောင်းကို အရိုးများ ကျိုးကြေလုမတတ် အားဖြင့် ဆုပ်ကိုင်လိုက်သည်။

ဂျွန်က ခေါင်းလှည့်ကြည့်လိုက်ရာ ပါတီပွဲ၏ အိမ်ရှင်ဖြစ်သူ ကျိကျစ်ရှို့၏ သံမဏိမီးခိုးရောင် မျက်လုံးများက သူ့ကို အေးစိမ့်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် မပီမပြင် 'ဖောက်' ကနဲ အသံတစ်ခု ထွက်လာ၏။

သူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ဖြူဝင်းသွယ်လျသော လက်မောင်းလေးမှာ လက်သီးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး၊ လေတိုးသံနှင့်အတူ ငွေဖြူရောင် အမွေးအမျှင်များနှင့် ကြွက်သားများက ထိုလက်မောင်းပေါ်တွင် ခဏမျှ ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင်မူ သူ၏ ဝမ်းဗိုက်အတွင်းမှ ဖော်ပြ၍မရသော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာပြီး၊ သူသည် အစေခံကို လွှတ်လိုက်ကာ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။

"အု... အဟွတ်..."

ကြမ်းပြင်ပေါ်တွင် ကွေးကွေးလေးဖြစ်နေသော ဂျွန်၏မျက်နှာမှာ နာကျင်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး လောက်ကောင်တစ်ကောင်ကဲ့သို့ လူးလိမ့်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏ အောက်ပိုင်းမှာလည်း မထိန်းနိုင်ဘဲ ဆီးဝမ်းများ ထွက်ကျလာသည်။

ကျိကျစ်ရှို့သည် အထက်မှ ငုံ့ကြည့်ကာ သူမ၏လက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး ထိုရွံရှာဖွယ် မြင်ကွင်းမှ နောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။ အကယ်၍ မစ္စတာလင်သာ သူမကို မတားခဲ့လျှင် သူမသည် ဤကောင်၏ မျက်နှာကို လက်သီးဖြင့် ထိုးကြိတ်မိပေလိမ့်မည်။

သို့သော် ဤမျှနှင့်ပင် လုံလောက်ပေပြီ...။ သူမသည် သူမ၏ အားကို ကောင်းကောင်း ထိန်းညှိခဲ့သည်။ အပေါ်ယံတွင် သွေးထွက်ခြင်း သို့မဟုတ် ဒဏ်ရာမရှိသော်လည်း၊ ဂျွန်၏ အတွင်းအင်္ဂါများမှာမူ ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မည်သည့် ကာကွယ်ရေးဂါထာမျှ မရှိသော မှော်ဆရာများသည် သာမန်လူသားများကဲ့သို့ပင် အားနည်းလှသည်။

ကျိကျစ်ရှို့သည် ယခုအခါ သူမ၏အင်အားကို ကောင်းစွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ၎င်းမှာ ခဏတာ အားစိုက်ထုတ်မှု မဟုတ်ဘဲ စဉ်ဆက်မပြတ် ပျံ့နှံ့စေခြင်း ဖြစ်သည်။ ပထမဆုံး အတွင်းအင်္ဂါများကို ကြေမွစေပြီးနောက် ၎င်းတို့ကို အရည်ပျော်သွားအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်က... ဂျွန် သေဆုံးသည့်အချိန်အထိ (အနည်းဆုံး တစ်နာရီခန့်) သူ၏ ခန္ဓာကိုယ်အတွင်းတွင် ပြင်းထန်သော နာကျင်မှုများကို အမြဲတမ်း ခံစားနေရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူမသည် ဂျွန်ကို သတိမမေ့သွားစေရန် 'သံမဏိစိတ်ဓာတ်' မန္တန်ဖြင့် ထိန်းထားမည်ဖြစ်သည်။ မစ္စတာလင်ကို စော်ကားပြီးမှ ထွက်ပြေးဖို့ ကြိုးစားနေသလော။ မစ္စတာလင်က သူ့ဘာသာသူ အပြစ်ပေးပြီးပြီ ဆိုသော်လည်း၊ မစ္စတာလင်၏ နောက်လိုက် တစ်ဦး အနေဖြင့် သူမဘက်ကလည်း သဘောထားကို ပြသရန် လိုအပ်သည်။

သူမသည် ဘေးစားပွဲပေါ်မှ လက်သုတ်ပဝါတစ်ခုကို ယူကာ ပြုံးလျက် လက်ကို သုတ်လိုက်၏။

"ကြည့်ရတာ ဂျွန်က ဝမ်းနည်းလွန်းလို့ သူ့ကိုယ်သူ မထိန်းနိုင်ဖြစ်သွားပုံရတယ်... သူ့ကို အနားယူဖို့ တွဲခေါ်သွားလိုက်ကြပါဦး၊ ပြီးမှ သူ့အိမ်ကို ပြန်ပို့ပေးလိုက်ပါ... ဖရက်ဒ်မိသားစု ကိစ္စနဲ့ ပတ်သက်လို့ ရဲကို အကြောင်းကြားပြီးပါပြီ၊ ဗဟိုရဲတပ်ဖွဲ့က လိုအပ်သလို ကိုင်တွယ်ပါလိမ့်မယ်... အားလုံးပဲ စိုးရိမ်စရာ မရှိပါဘူး"

လူအုပ်ကြီးကြားမှ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာသည်။ တွဲထူခြင်းခံရသော ဂျွန်သည် ပြင်းထန်သော နာကျင်မှုများကြားမှ သူ၏အောက်ပိုင်းရှိ စိုစွတ်မှုနှင့် နံစော်မှုများကို ဝေဝါးစွာ ခံစားနေရသည်။ လူအားလုံး၏ အကြည့်မှာ သူ့အပေါ်သို့ ရောက်ရှိနေစဉ် သူသည် ဆွဲခေါ်သွားခြင်း ခံရသည်။

အခြားဧည့်သည်အားလုံးက သူ့ကို ကြည့်နေကြသည်...။

သူသည် ဘာမှ မတတ်နိုင်သလို၊ ဖုံးကွယ်၍လည်း မရပေ။ သူ၏ အရှက်ရဆုံးသော အပိုင်းကို လူအများရှေ့တွင် ဗလာကျင်းပြသလျက် ဆွဲခေါ်သွားခံရသည်ကိုသာ ကြည့်နေခဲ့ရသည်။ ဤသည်မှာ တော်ဝင်မျိုးနွယ်အဆင့်အတန်းကို အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေသော လူတစ်ယောက်အတွက် အကြီးမားဆုံးသော ညှဉ်းပန်းနှိပ်စက်မှုပင် ဖြစ်သည်။

ဂျွန်သည် လုံးဝ စိတ်ပျက်အားငယ်စွာဖြင့် ညည်းတွားလိုက်သည်။ သူ မျက်လုံးဖွင့်လိုက်လျှင် ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို မြင်ရပြီး၊ မျက်လုံးမှိတ်လိုက်လျှင် ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနေသည်။ သူ၏ အတွင်းအင်္ဂါများကို ကျိုးကြေနေသော အရိုးစများက ထိုးဖောက်နေသည့် အသံကိုပင် သူ ကြားနေရသည်။

ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံယူနေစဉ်မှာပင်၊ သူသည် မီးတောက်များ တောက်လောင်နေဆဲဖြစ်သော ဖရက်ဒ်မိသားစု၏ အိမ်ကြီးသို့ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော အိမ်ကြီး၊ A ခရိုင်၏ အဆင့်မြင့်လူတန်းစားများသာ နေထိုင်နိုင်သော နေရာ၊ သာမန်လူသားများ မမြင်ဖူးနိုင်သော မြင့်မြတ်သည့် နယ်မြေဟု ဂျွန် ဖော်ပြခဲ့သော နေရာသည် ယခုအခါ မီးလောင်ပြင်ကြီး ဖြစ်နေပြီဖြစ်သည်။

"အား..."

ဂျွန် မျက်လုံးများကို ပြူးကြည့်လိုက်ရာ မီးတောက်များကြားတွင် ဒူးထောက်လျက်သား သေဆုံးနေသော အလောင်းများကို မြင်လိုက်ရသည်။ ဤအရာများသည် သူ၏ ယုံကြည်မှုနှင့် မောက်မာမှုများ၏ အရင်းအမြစ်များ ဖြစ်ခဲ့ကြသည်။

သမိုင်းကြောင်း ရှည်လျားပြီး စွမ်းအားကြီးသည့် အောက်လမ်း မှော်ဆရာ မိသားစုဝင်များ...

သူသည် မြေပြင်ပေါ်သို့ တွန်းချခြင်းခံရပြီး ခက်ခဲစွာဖြင့် ရှေ့သို့ တွားသွားလိုက်သည်။ သူ၏ မျက်နှာတွင် လုံးဝ ပျက်စီးသွားသော အမူအရာ ပေါ်နေသည်။ ယခုအချိန်တွင် သူ ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

မြေပြင်ပေါ်တွင် ကျွန်ချုပ်နှောင်သည့် ထုံးတမ်းစဉ်လာ၏ အကြွင်းအကျန် အချို့ ရှိနေသေးသည်။ ဤရက်စက်သော ထုံးတမ်းသည် ကျွန်၏ လျှာကို ဖြတ်တောက်ခြင်း၊ မျက်လုံးများကို ဖောက်ထုတ်ခြင်းနှင့် နားစည်ကို ထိုးဖောက်ခြင်းတို့ ပြုလုပ်ကာ၊ ကျွန်များအနေဖြင့် စကားမပြောနိုင်၊ မမြင်နိုင်၊ မကြားနိုင်ဘဲ သူတို့၏ သခင်ခိုင်းသမျှကိုသာ အိမ်မွေးတိရစ္ဆာန်များကဲ့သို့ လိုက်နာစေရန် ပြုလုပ်ခြင်း ဖြစ်သည်။

၎င်းမှာ ဖရက်ဒ်မိသားစု အလွန်နှစ်သက်သော အရာဖြစ်ပြီး၊ ကျွန်ကုန်သွယ်မှု၏ အရေးကြီးသော အစိတ်အပိုင်းနှင့် သူတို့အတွက် ဖျော်ဖြေမှုတစ်ခုလည်း ဖြစ်သည်။ ထို 'စေတနာ့ဝန်ထမ်း' ကျွန်များမှာ အထက်ပိုင်း ခရိုင်ရှိ ဆင်းရဲသားရပ်ကွက်များမှ လာကြသူများ ဖြစ်သည်။

ယခုမူ ဖော်ပြ၍မရသော ကြားဝင်မှုတစ်ခုကြောင့် ထိုထုံးတမ်းစဉ်လာမှာ အနှောင့်အယှက် ခံလိုက်ရပြီး ပြောင်းပြန်ဖြစ်သွားခဲ့သည်။ အကျိုးသက်ရောက်မှု အားလုံးမှာ ဖရက်ဒ်မိသားစုဝင်များပေါ်သို့ သက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

မီးတောက်များကြားတွင် ဒူးထောက်နေသော အလောင်းများ၏ မျက်နှာပေါ်တွင် တစ်စုံတစ်ခုက ဝါးမြိုသွားသကဲ့သို့ ဟောင်းလောင်းပေါက်ကြီး သုံးခုသာ ကျန်ရှိတော့သည်။ ထိုမြင်ကွင်းမှာ ငရဲခန်းကို ပုံဖော်ထားသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ သို့သော် ဘေးနားရှိ သံခြေကျင်းခတ်ခံထားရသော ကျွန်များမှာမူ ဘေးဒုက္ခမှ လွတ်မြောက်ခဲ့သည့်အတွက် ဝမ်းသာမျက်ရည်များ ကျနေကြသည်။

ဤမြင်ကွင်းသည် ဂျွန်၏မျက်လုံးထဲတွင် ထာဝရ အေးခဲသွားမည့် နောက်ဆုံးမြင်ကွင်းပင် ဖြစ်ပေတော့သည်။

***

All Chapters