← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 28 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 28 Ch. 387-388

အပိုင်း(၃၈၇)

"ခင်... ခင်... ခင်... ခင်ဗျား... ဘာလို့ ဒီကို ရောက်နေတာလဲ”

မှဲ့ခြောက်များနှင့် လူငယ်လေးမှာ လင်းကျဲကို ကြည့်ရင်း အမြီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ ထိတ်လန့်တုန်လှုပ်သွား၏။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာကာ စကားများ ထစ်ငေါ့လျက် နောက်သို့ ဆုတ်သွားတော့သည်။

သူသည် မသိစိတ်ဖြင့် မိမိ၏ လက်နက်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် အခြေအနေကြောင့် လေကိုသာ ဆုပ်ကိုင်မိသွားသည်။ ဤကဲ့သို့သော နေရာမျိုးတွင် သူ ဘယ်မှာ လက်နက်ရှိပါမည်နည်း။

'သွားပြီ... ငါတော့ သွားပြီ...'

ဂရက် တစ်ယောက် မျှော်လင့်ချက် ကင်းမဲ့သွားကာ မျက်စိရှေ့တွင် အမှောင်ကျသွားသလို ခံစားလိုက်ရသည်။ လွန်ခဲ့သော လအနည်းငယ်က ဂရက်သည် စာအုပ်ဆိုင်၏ အခြေအနေကို စုံစမ်းရန် အနက်ရောင် ကြောင်တစ်ကောင်အဖြစ် အသွင်ပြောင်းခဲ့ဖူးသည်။

သို့သော် ထိုမှောင်မိုက်ပြီး မိုးရွာနေသော ညတွင် သူ၏ အိုင်ဒေါဖြစ်သူ ဂျိုးဇက်တစ်ယောက် အစွမ်းကုန် မထုတ်နိုင်ဘဲ အလွယ်တကူ အလဲထိုးခံလိုက်ရသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထိုစဉ်က ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုနှင့် တွေ့ကြုံခဲ့ရသည့် စိတ်ဒဏ်ရာမှာ သူ့အား တစ်ဖန် ပြန်လည် လွှမ်းမိုးလာခဲ့ပြီး ထိုမြင်ကွင်းမှာ သူ၏ မျက်စိရှေ့တွင် ယနေ့တိုင် ထင်ဟပ်နေဆဲပင်။

မှော်ဆရာ လူငယ်လေးသည် အံကို ကြိတ်လိုက်၏။ သူ အရှုံးမပေးနိုင်သေးပေ... သူတို့အနားတွင် သာမန်လူတစ်ယောက် ရှိနေသော်လည်း ဂရက်မှာ ဂရုမစိုက်နိုင်တော့... သူသည် ဤစံအိမ်ကြီး၏ မြေပြင်အနေအထားကို အသေအချာ လေ့လာထားပြီးသား ဖြစ်သည်။ ဤစင်္ကြံလမ်းတွင်ပင် လေဝင်လေထွက်ပေါက် သုံးခု ရှိနေပြီး အနီးဆုံး တစ်ခုမှာ ၁၀ မီတာ ပတ်လည်တွင်သာ ရှိသည်။ အကယ်၍ သူသာ အစွမ်းကုန် ပြေးနိုင်မည်ဆိုပါက ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်အရေး ရှိသေးသည်။

ထို့နောက်တွင်မှ သူသည် မျှော်စင် ကို အကြောင်းကြားပြီး ပြင်ဆင်မှုများ လုပ်ခိုင်းရမည်... ထိုသို့ တွေးလိုက်မိစဉ်မှာပင် ဂရက်သည် ရုတ်တရက် တောင့်ခဲသွားပြီး ကြောင်အဖြစ် အသွင်ပြောင်းရန် ကြိုးစားနေမှုမှာလည်း ရပ်တန့်သွားသည်။

'နေဦး... ဒီမိစ္ဆာကြီး စာအုပ်ဆိုင်ကနေ ထွက်လာတာကို မျှော်စင်က ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ...'

“ဟမ်...”

လင်းကျဲ တစ်ယောက် လူငယ်လေးမှာ သရဲမြင်လိုက်ရသကဲ့သို့ နောက်ဆုတ်ကာ နံရံတွင် ကပ်သွားသည်ကို သတိပြုမိလိုက်သည်။ ထိုအမူအရာမှာ ပန်းသီးတစ်လုံးကို ကိုက်လိုက်ပြီးမှ ပိုးကောင်ကို တွေ့သွားကာ ထိုပိုးကောင်မှာ တစ်ဝက်သာ ကျန်တော့ကြောင်း သိလိုက်ရသည့် လူတစ်ယောက်၏ မျက်နှာကဲ့သို့ပင်။ သူ၏ မျက်နှာမှာ ဖြူရော်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သိသိသာသာ တုန်ရင်နေ၏။

“ဟေး... ကလေး၊ အဆင်ပြေရဲ့လား... နေမကောင်းဘူး ထင်တယ်... အကူအညီ လိုသလား”

လူသားချင်း စာနာစိတ်ဖြင့် လင်းကျဲသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ လဲကျတော့မည့်ပုံ ပေါက်နေသော ထိုလူငယ်လေးကို ထိန်းပေးရန် လက်ကို ဆန့်ထုတ်လိုက်သည်။

ဂရက်၏ သူငယ်အိမ်မှာ ကျုံ့သွား၏။ သူသည် အခွင့်အရေးကို လက်လွတ်လိုက်ရပြီ။ ဤမျှ နီးကပ်သော အကွာအဝေးမှ ဆိုလျှင်... ဤမိစ္ဆာကြီးအတွက် သူ့ကို ထိန်းချုပ်ရန် သို့မဟုတ် သတ်ပစ်ရန်မှာ အလွန်လွယ်ကူလှသည်။ တစ်နည်းအားဖြင့် ထွက်ပြေးရန်မှာ အချည်းနှီးသာ ဖြစ်ပြီး သေမင်းကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။

'အား... အနားကို မလာပါနဲ့...'

လင်းကျဲ လူငယ်လေး၏ ပုခုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။ ထိုကလေးမှာ မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး နှုတ်ခမ်းများမှာလည်း တုန်ရင်နေသည်။ သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ အထင်းသား ပေါ်နေခြင်းက လင်းကျဲကို ပို၍ အံ့အားသင့်စေသည်။

ဤသည်မှာ စိတ်ဓာတ်ကျဆင်းနေသည့် ပုံစံမျိုး မဟုတ်ပေ။ ၎င်းမှာ ၁၀ စင်တီမီတာခန့် ရှည်လျားပြီး ပြောင်လက်နေသော အမေရိကန် ပိုးဟပ်ကြီးတစ်ကောင် မိမိ၏ မျက်နှာပေါ်သို့ ပျံတက်လာသည်ကို မြင်လိုက်ရသည့် တုံ့ပြန်မှုမျိုးနှင့် ပိုတူနေသည်။

'ဒီကလေးက ငါ့ကို ကြောက်နေတာလား'

‘ငါက တကယ်ပဲ အဲ့လောက် ကြောက်စရာ ကောင်းနေလို့လား...’

လင်းကျဲသည် စိတ်ထဲမှ ခေါင်းခါယမ်းလိုက်မိသည်။ သူသည် အမြဲတစေ ဖော်ဖော်ရွေရွေ နေတတ်သူ ဖြစ်သလို ပထမဆုံး တွေ့ဆုံသူတိုင်း ကြောက်လန့်သွားရလောက်သည့် ကြောက်မက်ဖွယ် မျက်နှာမျိုးလည်း မရှိကြောင်း သူ သေချာပေါက် သိသည်။

‘အနည်းဆုံးတော့ အမေရိကန် ပိုးဟပ်ကြီးတစ်ကောင်လောက်တော့ မဆိုးလောက်ပါဘူး...’

ထို့ကြောင့် လင်းကျဲက ပြဿနာမှာ သူ့ကြောင့် မဟုတ်ဘဲ ထိုလူငယ်လေးကြောင့်သာ ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။

'ကြည့်ရတာ ဒီကလေးက သူဌေးသားလေး ဖြစ်ပုံရတယ်... အိမ်မှာပဲ အလိုလိုက်ခံရပြီး အပြင်လူတွေနဲ့ သိပ်မတွေ့ဖူးလို့ လူမှုဆက်ဆံရေး ကြောက်ရွံ့တဲ့ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတာများလား'

လင်းကျဲသည် ဤခန့်မှန်းချက်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။ အကြောင်းကား... လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် ထိုသူမှာ ဆက်သွယ်ရေးစက်ဖြင့် ချောချောမွေ့မွေ့ စကားပြောနေသော်လည်း ယခုမှ ရုတ်တရက် ဤကဲ့သို့ ဖြစ်သွားခြင်းမှာ ထိုရောဂါ ပြန်ထလာခြင်းကြောင့်သာ ဖြစ်နိုင်သည်။

မည်သို့ပင် ဆိုစေ... ဤလူငယ်လေးသည် ဤအခန်းထဲတွင် ရှိနေသည်ဆိုပါက သူသည်လည်း ဧည့်သည်တစ်ဦး ဖြစ်ရမည်။ သို့သော် အောက်ထပ်က ကပွဲတွင် သူ့ကို မတွေ့ခဲ့ရသဖြင့် သူသည် လူမှုဆက်ဆံရေး ပြဿနာကြောင့် အခန်းထဲတွင်သာ ပုန်းနေခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ခုနက သူကြားလိုက်သော စကားအရဆိုလျှင် ဤလူငယ်မှာ မိသားစု၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် လူမှုဆက်ဆံရေး လုပ်ရန် ရောက်လာခြင်း ဖြစ်ပုံရသည်။

'သနားစရာ ကောင်းလိုက်တဲ့ ကလေးလေး'

လင်းကျဲ စာနာသော မျက်လုံးများဖြင့် ကြည့်ကာ သူ၏ လက်ကို ပြန်ချလိုက်ပြီး အနည်းငယ် နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အနူးညံ့ဆုံးသော အပြုံးကို ပြုံးပြလိုက်ပြီး စာနာစကား ဆိုလိုက်၏။

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်... ဆရာဝန် ခေါ်ပေးရမလား... ဒါမှမဟုတ်... ငါကိုယ်တိုင်... အဲ... ကြွားတာတော့ မဟုတ်ဘူးပေါ့လေ၊ ဒါပေမဲ့ ငါက ဒီလို အခြေအနေမျိုးတွေကို ကိုင်တွယ်ရတာ အတွေ့အကြုံ ရှိပါတယ်... မင်း စိတ်အေးသွားအောင် ငါ ကူညီပေးနိုင်မယ် ထင်တယ်...”

ဂရက် တစ်ယောက် သူ့ ပုခုံးပေါ်မှ တင်းကျပ်သော လက်ကြီး ပြန်လည် ထွက်ခွာသွားသည်ကို ခံစားလိုက်ရသည်။ ထိုမိစ္ဆာကြီးက သူ့အား 'စိတ်အေးသွားအောင်' ကူညီပေးမည်ဟု ပြောသည်ကို ကြားသောအခါ သူ အံကြိတ်ထားသည်ကို လျှော့လိုက်မိသည်။

သို့သော် သူ့ ရင်ထဲတွင် လေးလံသွားရပြန်သည်။ ဤ 'စိတ်အေးသွားအောင် လုပ်ပေးမယ်' ဆိုသည်မှာ သေချာပေါက် မကောင်းသော အရာပင်...။

'ဒီလို အခြေအနေမျိုးတွေကို ကိုင်တွယ်ရတာ အတွေ့အကြုံ ရှိတယ်' တဲ့လား... ဆိုလိုတာက ငါ့ကို တစ်နေရာရာမှာ မှတ်မိနေတာလား၊ ဒါမှမဟုတ် ငါ့ရဲ့ အထောက်အထား ပေါ်သွားတာလား... အဲ့ဒါဆိုရင် ဒီမိစ္ဆာကြီး နောက်ထပ် လုပ်မယ့်အရာက ရှင်းနေတာပဲ... သူ ငါ့ကို နှုတ်ပိတ်တော့မှာပဲ...’

ဂရက်၏ ရင်ခုန်သံမှာ မြန်လာ၏။ သူ မျက်လုံးပြူးကာ ဘေးသို့ ခုန်ရှောင်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း... မလိုပါဘူး၊ လုံးဝ မလိုပါဘူး... ကျွန်တော် အဆင်ပြေပါတယ်။ တကယ် အဆင်ပြေပါတယ်...”

လင်းကျဲမှာ မှင်သက်သွား၏။

“တကယ်ပဲ အဆင်ပြေရဲ့လား... ငါ ထင်တာကတော့...”

“လုံးဝကို မလိုတာပါ... တကယ်ပါ...”

ဂရက်သည် သူ၏ လက်နှစ်ဖက်ကို (X) ပုံစံ ပြုလုပ်ကာ အထပ်ထပ် ပြောနေတော့သည်။

“ကျွန်တော့်ကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော် တကယ် နေကောင်းသွားပါပြီ”

ဘာကြောင့်မှန်း သူ မသိသော်လည်း ထိုကြောက်မက်ဖွယ် စာအုပ်ဆိုင်ပိုင်ရှင်မှာ သူ့ကို ချက်ချင်း သတ်ဖြတ်ရန် အစီအစဉ် မရှိပုံရသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူက ဂရက်အား သူ၏ အထောက်အထားကို မဖွင့်ဟရန် သတိပေးနေခြင်းသာ ဖြစ်နိုင်သည်။

ထိုသို့ဆိုလျှင် သူ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိသေးသည်။ အရင်ဆုံး အသက်ရှင်အောင် နေပြီးမှ ဘာဆက်လုပ်ရမည်ကို စဉ်းစားရမည်။ ဤသည်မှာ ကြောက်ရွံ့ခြင်း မဟုတ်ဘဲ စုံစမ်းစစ်ဆေးသူတစ်ဦး၏ ပညာရှင်ဆန်သော စိတ်ဓာတ်သာ ဖြစ်သည်။

“သေချာလား”

လင်းကျဲက သူ့ကို သံသယဖြင့် ကြည့်လိုက်ရာ လူငယ်လေး၏ ဖြူရော်နေသော မျက်နှာမှာ ပုံမှန် ပြန်ဖြစ်နေရုံသာမက နီမြန်းလို့ပင် နေသည်။ လင်းကျဲ၏ စိုးရိမ်စိတ်မှာ အနည်းငယ် လျော့ပါးသွားသော်လည်း သူက ကြင်နာစွာဖြင့် ထပ်လောင်းပြောလိုက်၏။

“ခုနက မင်းဖြစ်သွားတဲ့ ပုံစံက တကယ်ကို ပြင်းထန်ပုံရတယ်... ပြဿနာ တစ်ခုခုရှိရင် အမှန်အတိုင်း ပြောရမယ်နော်... ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ရင် နောက်နေလို့ မရဘူး”

ဂရက် တစ်ယောက် လင်းကျဲ၏ စိတ်ရင်းမှန်သော မျက်လုံးများကို ကြည့်ရင်း တံတွေး တစ်ချက် မျိုချလိုက်မိသည်။

'နောက်နေလို့ မရဘူး တဲ့လား... ဒါက ခြိမ်းခြောက်မှုပဲ... သေချာပေါက် ခြိမ်းခြောက်မှုပဲ...’

အကယ်၍ သူသာ စာအုပ်ဆိုင် ပိုင်ရှင်၏ အထောက်အထားကို ဖွင့်ပြောလိုက်လျှင် သို့မဟုတ် သတင်းအချက်အလက် တစ်ခုခု ပေါက်ကြားသွားလျှင် ထိုမိစ္ဆာကြီးက သူ့ကို သေချာပေါက် တိုက်ခိုက်တော့မည်။

သူ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။

“ကျွန်တော် တကယ် အဆင်ပြေပါတယ်... ခုနက... အင်း... ခုနက ကျွန်တော် လူတစ်ယောက်ကို မြင်ပြီး လန့်သွားလို့ပါ... အဲ့ဒါက ကျွန်တော့်ရဲ့ ရောဂါအဟောင်းပါပဲ... အလန့်လွန်သွားတာ နည်းနည်း များသွားတာပါ ဟား ဟား...”

လင်းကျဲကလည်း နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ဩော်... အဲ့လိုလား”

'ဟူး...'

ဂရက်သည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ နောက်ဆုံးတော့ ဤပြဿနာကို သူ ရှင်းနိုင်ခဲ့လေပြီ။

ထိုစဉ် ဖစ်ချ်က ရုတ်တရက် စိတ်မပါလက်မပါဖြင့် ဝင်ပြောလိုက်သည်။

“ဒါပေမဲ့ ကြည့်ရတာတော့ အဲ့လို မဟုတ်သလိုပဲ... ဒီကလေးက ခင်ဗျားကို တော်တော် ကြောက်နေပုံရတယ် မစ္စတာလင်၊ သူ တစ်ခုခုကို ဖုံးကွယ်ထားတာများလား”

“ဟာ...”

ဂရက် အစပိုင်းတွင် သာမန်လူဟု သူ ထင်မှတ်ထားသော မတော်တရော် ဖင်ကြပ် ဘောင်းဘီ ဝတ်စုံနှင့် လူကို လှမ်းကြည့်လိုက်၏။ ထိုအခါ... ပြိုင်ဆိုင်လိုစိတ်နှင့် ရန်လိုနေသော မျက်လုံးများကို တွေ့လိုက်ရသည်။

ဤလူမှာလည်း စွမ်းအားရှင်တစ်ဦး ဖြစ်ကြောင်း ဂရက် ရုတ်တရက် သတိပြုမိလိုက်သည်။ ထို့ပြင် သူ၏ အီသာလှိုင်းများမှာလည်း တစ်ခုခု ထူးဆန်းနေသည်။

လင်းကျဲက ခေါင်းခါယမ်းကာ ရယ်မောလိုက်၏။

“ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်မှာလဲ... အဲဒီလောက် ကြောက်ရအောင်လည်း ငါက သာမန်လူ တစ်ယောက်ပါပဲ... ငါက ကြောက်စရာကြီး ဖြစ်နေလို့လား... ဟုတ်တယ်မလား သူငယ်ချင်းလေး”

လင်းကျဲ၏ အကြည့်မှာ ဂရက်ထံသို့ ပြန်လည် ရောက်ရှိလာသည်။ တွေးတောနေသော ဂရက်မှာ ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားရ၏။ ထိုဖိအားပေးနေသော အကြည့်အောက်တွင် သူသည် တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်... ဟုတ်ကဲ့၊ ခင်ဗျားက လုံးဝ မကြောက်စရာ မကောင်းပါဘူး...”

***

အပိုင်း(၃၈၈)

'ဒါပေါ့... ငါလို လူကောင်းတစ်ယောက်က သူတစ်ပါးကို မြင်ရုံနဲ့ တုန်လှုပ်ခြောက်ခြားသွားအောင် လုပ်မိပါ့မလား'

လင်းကျဲ အနည်းငယ် ပြုံးလိုက်ပြီး ကျေနပ်သည့် အရိပ်အယောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဩော်... ခုနက မင်း ဂျိုးဇက်ဆိုတဲ့ နာမည်ကို ပြောတာ ကြားလိုက်တယ်... ငါလည်း တိုက်တိုက်ဆိုင်ဆိုင် ဂျိုးဇက်ဆိုတဲ့ လူတစ်ယောက်ကို သိထားတယ်... သူက ဗဟိုခရိုင် ရဲတပ်ဖွဲ့ရဲ့ အထူးဌာနကလေ၊ ပြီးတော့ ကလောက် ဆိုတဲ့ တပည့်တစ်ယောက်လည်း ရှိသေးတယ်... မင်းပြောတဲ့သူက သူပဲလား”

ဂရက် မျက်နှာပျက်သွားခဲ့၏။ စာအုပ်ဆိုင်ပိုင်ရှင်မှာ 'သာမန်လူ' တစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြောဆိုရသည်ကို မည်မျှ နှစ်သက်ကြောင်း ဆရာကြီးဂျိုးဇက် ပြောပြခဲ့သည်ကို အခုမှ သူ ပိုမိုနားလည်လာတော့သည်။

သူတို့ဘေးတွင် ဘာမှမဟုတ်သလို ရပ်နေသော ထိုလူမှာလည်း စွမ်းအားရှင်တစ်ဦး ဖြစ်နေသဖြင့် ဂရက်အနေဖြင့် ဆက်လက် ဖုံးကွယ်ထားရန် မလိုတော့ဟု တွက်ဆလိုက်သည်။ သို့သော်လည်း ဤမိစ္ဆာကြီးမှာ ဘာမျှမသိသည့် သာမန်လူတစ်ဦးအဖြစ် ဆက်လက် သရုပ်ဆောင်နေဆဲပင်။ တစ်စုံတစ်ယောက်က စာအုပ်ဆိုင်ပိုင်ရှင်မှာ တကယ်ပဲ သာမန်လူများလားဟု စတင် သံသယဝင်လာတိုင်း ထိုမိစ္ဆာကြီးမှာ အရာအားလုံးကို ထိုးထွင်းမြင်နေသည့်အလား ကြောက်မက်ဖွယ်ကောင်းသော စကားတစ်ခွန်းကို မတော်တဆ ပြောလိုက်ကာ လူတို့၏ စိတ်ကူးယဉ်မှုများကို ရိုက်ချိုးပစ်လေ့ရှိသည်။

'သူက လူတွေရဲ့ စိတ်နှလုံးကို ဒီလိုမျိုး ထပ်ခါတလဲလဲ ကစားနေတာပဲ... တကယ်ကို ယုတ်မာလွန်းတယ်...'

ဂရက်သည် ဤမိစ္ဆာကြီး၏ သဘောသဘာဝကို အပြည့်အဝ နားလည်သွားပြီဟု ခံစားလိုက်ရသည်။ ဤသည်မှာ အပေးအယူလုပ်နေခြင်း မဟုတ်ပါလော။ ထောက်လှမ်းရေး သမား တစ်ဦး အနေဖြင့် သူသည် မည်သည့် အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး ဤမျှလောက်သော ဖိအားကိုမူ သူ တောင့်ခံနိုင်ပါသေးသည်။

“ဟုတ်ကဲ့”

ဂရက်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။

“ကျွန်တော်က လွန်ခဲ့တဲ့ လဝက်လောက်ကမှ ဆရာကြီးဂျိုးဇက်ရဲ့ အလုပ်သင်အဖြစ် အစမ်းခန့် လက်ခံခြင်း ခံခဲ့ရတာပါ... ကလောက်က ကျွန်တော့်ရဲ့ စီနီယာပေါ့”

“အင်း... ဟုတ်သားပဲ”

လင်းကျဲက ခေါင်းညိတ်၏။

“ကလောက် အရင်တစ်ခေါက်တုန်းက အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ကြားတယ်... အခုကော သက်သာရဲ့လား... ဟူး... ဗဟိုခရိုင် ရဲတပ်ဖွဲ့ရဲ့ အလုပ်က တကယ် အန္တရာယ်များတာပဲ... သူ့ကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်နိုင်တာ ဘယ်လို တာဝန်မျိုးပါလိမ့်...”

'အဲ့ဒါ ခင်ဗျားရဲ့ နောက်လိုက် မျက်နှာမဲ့ မဟူရာ အကြေးခွံ ဝယ်လ်ကြောင့်လေ...'

ဂရက်တစ်ယောက် ထိုကဲ့သို့ အော်ဟစ်လိုက်ချင်သော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ရသည်။ ထောက်လှမ်းရေး ဌာန အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဂရက်သည် လင်းကျဲနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာချက် ပေါင်းစပ်မှုများစွာကို ကြားဖူးထားသည်။

အော့စ်ဝေါလ် ပုန်ကန်စဉ်က ဝယ်လ်သာ ဝင်ရောက် မနှောင့်ယှက်ခဲ့လျှင် ကလောက်သည် မိမိ၏ စွမ်းအားဖြင့်ပင် အော့စ်ဝေါလ်ကို ပြန်လည် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

အော့စ်ဝေါလ်မှာ အဓိက တရားခံဖြစ်သော်လည်း ဝယ်လ်၏ ရည်ရွယ်ချက်မှာ စာအုပ်ဆိုင်သို့ ပေးအပ်ထားသော ဂါဂွိုင်းရုပ်ကို ပြုပြင်ရန် ဖြစ်သည်။ ထို့ကြောင့် သူ့ကို ကွယ်ရာမှ ညွှန်ကြားနေသော မဟာဗျူဟာရှင်မှာ စာအုပ်ဆိုင်ပိုင်ရှင် လင်းကျဲသာ ဖြစ်ရမည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ အမှောင်ထဲမှနေ၍ အစီအစဉ်များ ရေးဆွဲကာ ပဋိပက္ခများ ဖန်တီးရသည်ကို နှစ်သက်သူ ဖြစ်သည်။ ဤသည်မှာ သူ၏ တည်ရှိမှုကို သိရှိကြသော စွမ်းအားရှင်များ အားလုံး၏ ဘုံသဘောထားပင်။

ဤဖြစ်ရပ်ကြောင့်ပင် ဂျိုးဇက်သည် ဝယ်လ်နှင့် စစ်မြေပြင်တွင် ပြန်လည် ထိပ်တိုက်တွေ့နေရခြင်း ဖြစ်သည်။ သို့သော်လည်း အဆုံးစွန်တွင်မူ ထိုမဟာဗျူဟာရှင်ကြီးမှာ ဘာမျှမသိသလို အပြစ်ကင်းစင်ဟန် ဆောင်နေဆဲ...။

'တကယ်ပဲ... စိတ်ပျက်စရာကောင်းတဲ့ ဟာသဉာဏ်ပဲ...'

ဂရက်၏ စိတ်ထဲတွင် အတွေးများစွာ ရှိနေသော်လည်း သူ စကားကို ဂရုတစိုက် ရွေးချယ်ပြောလိုက်သည်။

“ကလောက်က အခုတော့ သက်သာသလောက် ရှိနေပါပြီ... ဒါပေမဲ့ လွတ်လွတ်လပ်လပ်တော့ မလှုပ်ရှားနိုင်သေးဘူး... ဒါကြောင့် သူက ဆရာကြီးဂျိုးဇက်နဲ့အတူ... အဲ... တာဝန်ထမ်းဆောင်ဖို့ လိုက်မသွားနိုင်ခဲ့ဘူး”

'တော်သေးတာပေါ့... အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို နှိမ်နင်းတဲ့အကြောင်း ပြောမိတော့မလို့'

သီအိုရီအရဆိုလျှင် သူ၏ ရှေ့တွင် ရပ်နေသူမှာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ တကယ့် ခေါင်းဆောင်စစ်စစ် ဖြစ်ပေလိမ့်မည်။ အကယ်၍ ဂရက်သာ ထိုစကားကို ထုတ်ပြောလိုက်လျှင် သူ သေချာပေါက် သေရမည် ဖြစ်သည်။ ဂရက်မှာ ထိတ်လန့်သွားရပြီး သူပြောလိုက်သော စကားလုံးတိုင်းမှာ သူ၏ ကံကြမ္မာကို ဆုံးဖြတ်နေသကဲ့သို့ ခံစားနေရသည်။

ဂရက်၏ စကားခဏ ရပ်သွားခြင်းနောက်ကွယ်မှ အဓိပ္ပာယ်ကို လင်းကျဲ သတိမထားမိပေ။ သို့သော် ထိုသတင်းကို ကြားရသဖြင့် သူ စိတ်အေးသွားရသည်။ ကလောက်မှာ စာအုပ်ဆိုင်၏ ဖောက်သည် တစ်ဦး မဟုတ်သော်လည်း အတော်အတန် အကူအညီ ပေးဖူးသူ ဖြစ်သည်။ အကယ်၍ တစ်ခုခု ဖြစ်သွားပါက လင်းကျဲ သေချာပေါက် စိတ်မကောင်း ဖြစ်မိမည်။

ကံကောင်းထောက်မစွာဖြင့် ယခုတော့ ပြဿနာကြီးကြီးမားမား မရှိပုံရပေ။

“အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့... ဒါနဲ့... ဂျိုးဇက်က အခုရော အန္တရာယ်ရှိတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေပြန်တာလား... သူ့ဆီက အကူအညီ တောင်းချင်တာလေးတွေ ရှိလို့ပါ၊ ဒါပေမဲ့...”

လင်းကျဲက ခဏမျှ ရပ်လိုက်ပြီး မေးလိုက်သည်။

“မင်း အသေးစိတ် သိထားတာ ရှိလား”

ဂရက်က ထစ်ထစ်ငေါ့ငေါ့ဖြင့်...

“အဲ့တာက... အင်း... အန္တရာယ်တော့ ရှိပါတယ်၊ ဒါပေမဲ့ ဒီလို ကိစ္စမျိုးတွေကို အပြင်မှာ ပြောလို့ မရဘူးလေ... ဆိုလိုတာက ဒီလို တာဝန်မျိုးတွေကို အပြင်လူတွေကို ပေးမသိရဘူးလေ”

သူပြောရင်းနှင့် ဖစ်ချ်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။ သူပြောသော 'အပြင်လူ' မှာ မည်သူဖြစ်ကြောင်း သိသာလှသည်။

လင်းကျဲသည် မေးစေ့ကို ပွတ်ရင်း ဤစကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ ဗဟိုခရိုင် ရဲတပ်ဖွဲ့မှာ အန္တရာယ်များပြီး ခက်ခဲသော တာဝန်များကို ထမ်းဆောင်ရလေ့ရှိသဖြင့် အများစုမှာ လျှို့ဝှက်ချက်များ ဖြစ်ရပေမည်။

ထို့ကြောင့် သူသည် ဖစ်ချ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဖစ်ချ်၊ ငါတို့ ဒီမှာပဲ လမ်းခွဲကြရအောင်... နောက်ကျနေပြီဆိုတော့ မင်းလည်း အခန်းကို ပြန်ပြီး အနားယူတော့လေ...”

ထို့နောက် လင်းကျဲက ယဉ်ကျေးစွာဖြင့် ထပ်ပြောလိုက်၏။

“ဒီနေ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်၊ မနက်ဖြန်မှ တွေ့ကြတာပေါ့”

“ကျွနော်...”

ဖစ်ချ်မှာ စကားတစ်လုံးသာ ပြောနိုင်လိုက်ပြီး ချက်ချင်းပင် စကားစ ရပ်သွားရသည်။ သူ၏ မျက်နှာမှာ ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်နေ၏။ သူ တစ်ခုခု ပြောချင်သော်လည်း ပြော၍ မရပေ။ သူ့တွင် သင့်တော်သော အကြောင်းပြချက် မရှိသလို ဆရာကြီးလင်ကိုလည်း မဖီဆန်ရဲပေ။ ထို့ကြောင့် သူသည် ငြိမ်သက်စွာဖြင့် လက်ခံလိုက်ပြီး လှည့်ထွက်သွားခဲ့ရသည်။ သို့သော်လည်း မထွက်သွားမီ ဂရက်အား သတိပေးသည့်အနေဖြင့် စိုက်ကြည့်သွားရန် မမေ့ခဲ့ပေ။

ဤကလေးကြောင့်သာ သူသည် ဆရာကြီးလင်းနှင့် ပိုမို နီးစပ်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ ဤကလေးသည် စွမ်းအားကြီးသည့် စာအုပ်ဆိုင်ပိုင်ရှင်နှင့် သူ၏ ဆက်ဆံရေးကို နှောင့်ယှက်လိမ့်မည်ဟူသော သူ၏ အာရုံမှာ မှန်ကန်နေခဲ့သည်။ ဖစ်ချ်မှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ ရှုံးနိမ့်သွားခဲ့ရခြင်းသာ ဖြစ်သည်။

ဖစ်ချ်မှာ အရာရာကို အာရုံခံနိုင်စွမ်း ကောင်းလှသည်။ အကြောင်းကား... ဤလူငယ်လေးသည် ပါတီပွဲစတင်ကတည်းက သူ အနီးကပ် တွေ့ဖူးသမျှ ဒုတိယမြောက် စွမ်းအားရှင် ဖြစ်နေခြင်းကြောင့်ပင်။ ထို့ပြင် ထိုသူ၏ အပြုအမူမှာလည်း ထူးဆန်းလှသည်။ တစ်ခုတည်းသော အခွင့်အရေးကို လုယူခံရတော့မည် ဖြစ်သဖြင့် ဖစ်ချ်အနေဖြင့် တစ်ခုခု လုပ်ဆောင်ရန် လိုအပ်သည်ဟု ခံစားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ မအောင်မြင်ခဲ့ပေ။

“ဩော်... ဟုတ်သားပဲ”

လင်းကျဲသည် လှည့်ထွက်သွားသော ဖစ်ချ်ကို ရုတ်တရက် လှမ်းတားလိုက်၏။ ဖစ်ချ်မှာ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ရာ လင်းကျဲက အလေးအနက် ပြောလိုက်သည်။

“ပြန်ရောက်ရင် အဲ့ဒီ စာအုပ်ကို အဆုံးထိ ဖတ်ဖို့ မမေ့နဲ့ဦးနော်... အဲ့ဒါက မင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်”

“...”

ဖစ်ချ် တစ်ယောက် မှင်သက်စွာ ခေါင်းညိတ်ပြပြီး ထွက်ခွာသွားတော့၏။

***

All Chapters