← Chapters

အခန်း (၃၈၉-၃၉၀)

Vol. 28 Ch. 389-390

အခန်း (၃၈၉-၃၉၀)

Vol. 28 Ch. 389-390

အပိုင်း(၃၈၉)

အပြင်လူ ထွက်သွားပြီ ဖြစ်သော်လည်း လင်းကျဲသည် စင်္ကြံလမ်းတွင် လျှို့ဝှက်ကိစ္စများကို ဆွေးနွေးခြင်းမှာ မသင့်တော်ဟု ခံစားရသဖြင့် ဂရက်အား သူ၏ အခန်းထဲသို့ ဝင်ထိုင်ကာ စကားပြောရန် ဖိတ်ခေါ်လိုက်သည်။

'ဟူး... ငါ့အခန်းက တော်တော်လေး ကျယ်တာပဲ'

လင်းကျဲသည် အခန်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။ နော်ဇင် ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး၏ စံအိမ်ဆိုသည်မှာ သံသယဖြစ်စရာ မလိုပေ။ သူ ကုလားထိုင်တစ်လုံးကို ယူ၍ ထိုင်လိုက်သည်။ ထို့နောက် စိုးရိမ်ပူပန်နေပုံရသော ဂရက်ကို ကြည့်ကာ ပြောလိုက်သည်။

“ကဲ... အခုတော့ ငါတို့ အေးအေးဆေးဆေး စကားပြောလို့ ရပါပြီ...”

ဂရက်မှာ ဆူးပုံပေါ် ထိုင်နေရသကဲ့သို့ ခံစားနေရပြီး ခဏမျှ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

‘ဘာပြောရမှာလဲ... ခင်ဗျားက မဟာဗျူဟာရှင် မဟုတ်ဘူးလား... လက်ရှိ အခြေအနေကို တစ်ယောက်ယောက်က ရှင်းပြပေးဖို့တောင် လိုလို့လား...'

ဂရက်မှာ သာမန် ထောက်လှမ်းရေး ဝန်ထမ်း တစ်ဦးမျှသာ ဖြစ်သည်။ သူသည် ဂျိုးဇက်၏ တပည့်ဖြစ်သော်လည်း နာမည်ခံမျှသာ ဖြစ်သည်။ သူသည် သတင်းအချက်အလက်များကို ရယူနိုင်သော်လည်း အဆင့်မြင့် သတင်းများကိုမူ ရယူနိုင်စွမ်း မရှိပေ။ လက်ရှိ စစ်မြေပြင်၏ အခြေအနေနှင့် ပတ်သက်လျှင် သူသည် သတင်းပြန်ကြားရေးဌာနမှ အခြား သာမန်ဝန်ထမ်းများလောက်ပင် သိထားမည် မဟုတ်ပေ။

ထိုအတွေးကြောင့် ဂရက်တစ်ယောက် စိတ်ဓာတ်ကျသွားခဲ့၏။ သူသည် မှော်ဆရာ တစ်ဦး ဖြစ်သော်လည်း သူရဲကောင်းများ လွှမ်းမိုးထားသော လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တွင်မူ တစ်နေရာစာပင် မရှိသကဲ့သို့ ခံစားနေရခြင်းမှာ အထူးအဆန်း မဟုတ်ပေ။

လင်းကျဲမှာ လူငယ်လေး၏ ခေါင်းငိုက်စိုက်ကျသွားသည်ကို သတိပြုမိလိုက်၏။ ထို့ကြောင့် သူသည် သူ၏ ပုံမှန် အပြုံးလေးဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ... တစ်ခုခု စိတ်ညစ်စရာ ရှိလို့လား... တကယ်လို့ မင်းရဲ့ တာဝန်အကြောင်း ပြောလို့ မရဘူးဆိုရင်လည်း တခြားအကြောင်းတွေ ပြောလို့ ရပါတယ်... ငါ မင်းကို ကူညီပေးနိုင်မယ် ထင်တယ်”

'စာအုပ်တွေကလည်း မင်းကို ကူညီပေးနိုင်မှာပါ'

လင်းကျဲက စိတ်ထဲမှ ထပ်လောင်းလိုက်လေသည်။

“…”

ဂရက် တစ်ယောက် ထိုစကားကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး တောင့်တင်း အေးခဲသွားပြီးနောက် တစ်ကိုယ်လုံး တုန်တက်သွားကာ သတိဝီရိယကို အမြင့်ဆုံးသို့ ချက်ချင်း မြှင့်တင်လိုက်သည်။

'လာပြီ... ဒါက သတင်းပေးပို့ချက်တွေမှာ အကြိမ်ကြိမ် ဖော်ပြခံခဲ့ရတဲ့ စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ အသုံးအများဆုံး နည်းဗျူဟာပဲ...'

ရိုးရှင်းသော စကားဝိုင်းတစ်ခုအဖြစ် စတင်ကာ တစ်ဖက်လူ၏ ဒုက္ခများကို နားထောင်ပေးမည့် လူကောင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ခြင်း...

သို့သော် အမှန်စင်စစ်တွင်မူ ၎င်းမှာ ပစ်မှတ်၏ ခုခံမှုကို လျှော့ချရန် မြှူဆွယ်ခြင်းဖြစ်ပြီး စနစ်တကျ ရက်လုပ်ထားသော ထောင်ချောက်ထဲသို့ သားကောင် သက်ဆင်းလာစေရန် စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

စကားဝိုင်း တဖြည်းဖြည်း ရှေ့ဆက်လာသည်နှင့် အမျှ စည်းချက်တစ်ခုလုံးကို စာအုပ်ဆိုင်ပိုင်ရှင်ကသာ ထိန်းချုပ်သွားပြီး ပစ်မှတ်၏ အတွေးအခေါ်မှာလည်း သူ့လက်ခုပ်ထဲသို့ မသိစိတ်ဖြင့် ရောက်ရှိသွားတော့သည်။ မိမိ၏ သတင်းအချက်အလက်များကို စတင် ဖွင့်ဟမိသည်နှင့် စာအုပ်ဆိုင်ပိုင်ရှင်အပေါ် ထားရှိသော ယုံကြည်မှုမှာလည်း နားမလည်နိုင်လောက်အောင် မြင့်တက်လာတတ်သည်။ မိမိ၏ ဝိညာဉ်ကိုပင် ထိုသူ့ထံ စေတနာ့ဝန်ထမ်း ရောင်းချမိသည်အထိပင်။

ယခုအချိန်အထိ စာအုပ်ဆိုင်ထဲသို့ ဝင်ရောက်ဖူးသူ သို့မဟုတ် ဆိုင်ရှင်နှင့် ထိတွေ့ဖူးသူ မည်သူမဆို သိသာသော ရန်လိုမှု မပြသသရွေ့ ထိုမိစ္ဆာကြီး၏ ‘ဖန်’ များ ဖြစ်သွားကြသည်ချည်းပင်။ ၎င်းမှာ တစ်စုံတစ်ယောက်က သူတို့၏ အာရုံခံစားမှုကို ပြုပြင်ပြောင်းလဲလိုက်သကဲ့သို့ပင်...။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အနေဖြင့် ထိုဖြစ်စဉ်ကို ကိုယ်တိုင် မမြင်တွေ့ရသေးသော်လည်း ၎င်းမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု တစ်မျိုး ဖြစ်လိမ့်မည်ဟု ယူဆထားကြသည်။

ရန်လိုမှု ပြသခဲ့သူများမှာမူ... သူတို့၏ သင်္ချိုင်းထဲတွင် အရိုးစုများ ဖြစ်နေကြပြီ ဖြစ်သည်။

ဂရက်သည် ဤအကြောင်းကို ပထမဆုံး ကြားရစဉ်က အလွန် စိုးရိမ်ခဲ့ဖူးသည်။ သူ၏ အိုင်ဒေါဖြစ်သူ ဂျိုးဇက်သည်ပင် ထိုသို့သောသူများထဲမှ တစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလား။

ကံကောင်းထောက်မစွာဖြင့် ဂျိုးဇက်သည် ဆင်ခြင်တုံတရား ရှိသူဖြစ်ကာ စာအုပ်ဆိုင်ပိုင်ရှင်အပေါ် မျှတသော အကဲဖြတ်ချက် ရှိခဲ့သည်။ ထို့ပြင် စာအုပ်ဆိုင်မှ ပေးစွမ်းနိုင်သော ဘေးထွက်ဆိုးကျိုးများကိုလည်း သူ ရှင်းလင်းစွာ နားလည်ထားသည်။

စာအုပ်ဆိုင်ပိုင်ရှင်က သူ့အား တောင်းဆိုခဲ့သမျှ အရာများမှာ အမြဲတမ်း ကောင်းမွန်သော အရာများ ဖြစ်နေခဲ့သဖြင့် ဂျိုးဇက်ကလည်း ကြင်နာမှုဖြင့်သာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ဂရက်က ထိုသို့ ထင်မြင်ယူဆထားသည်။ ၎င်းမှာ ဆရာကြီးဂျိုးဇက်၏ ကိုယ်ပိုင် စိတ်ဆန္ဒကြောင့်သာ ဖြစ်မည်ဟု သူက ယုံကြည်သည်။

ယုတ်မာသော စာအုပ်ဆိုင်ပိုင်ရှင်၏ နည်းလမ်းများကို တရားမျှတမှုအပေါ် ထားရှိသော ယုံကြည်ချက်ဖြင့် အနိုင်ယူနိုင်ခြင်းမှာ ဆရာကြီးဂျိုးဇက်နှင့် တကယ့်ကို လိုက်ဖက်လှပေသည်။ ထိုစဉ်က စိတ်ဓာတ်အကျဆုံး အခြေအနေသို့ ရောက်နေသော ဂျိုးဇက်သည် သတိလက်လွတ် ဖြစ်သွားချိန်တွင် ထိုမိစ္ဆာ၏ အနိုင်ယူခြင်းကို ခံခဲ့ရသော်လည်း ဆရာကြီးဂျိုးဇက်မှာ ဆရာကြီးဂျိုးဇက်ပင် ဖြစ်သည်။ မီးလျှံကဲ့သို့ တောက်လောင်နေသော သူ၏ မမှိတ်မသုန် စိတ်ဓာတ်မှာ အားကျအတုယူစရာ အကောင်းဆုံးပင်။

ထို့ကြောင့် ဂျိုးဇက်၏ အစမ်းခန့် တပည့်တစ်ဦးအနေဖြင့် ဂရက်သည် ထိုနည်းလမ်းဟောင်းကြီးအောက်တွင် သူ၏ ဆရာကို အရှက်မခွဲနိုင်ပေ...။

ဂရက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ကို တင်းထားလိုက်၏။ သတင်းအချက်အလက်များစွာ မပေါက်ကြားစေရန် မိမိကိုယ်ကိုယ် သတိပေးလိုက်ပြီး သူ၏ ဒုက္ခများအကြောင်းကို အပေါ်ယံမျှသာ ဟန်ဆောင်ပြောပြရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ဂရက်က တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်တော်က တကယ်တော့ တခြားဌာနက လာတာပါ... သင်တန်းဌာနကနေ တိုက်ရိုက် လာတာ မဟုတ်တဲ့အတွက် ပြင်ပဝန်ထမ်းလို့ပဲ သတ်မှတ်လို့ ရပါတယ်.... နောက်ပိုင်းမှ ဆရာကြီးဂျိုးဇက်က သဘောကျလို့ ထောက်လှမ်းရေးဌာနကို ခေါ်ယူခဲ့တာပါ”

“ဒီမတိုင်ခင်ကတော့ ကျွန်တော့်ကို အချိန်ပိုင်း ဝန်ထမ်းလို့ပဲ သတ်မှတ်လို့ ရတယ်... လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မှာတော့... ကျွန်တော်က ဆရာကြီးရဲ့ အရှိန်အဝါကို သုံးပြီး ဒီနေရာကို ရောက်လာတယ်လို့ပဲ ထင်နေကြတာပေါ့”

ဂရက်သည် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးမျိုးဖြင့် ပြုံးလိုက်မိသည်။သူသည် သူ၏ အိုင်ဒေါနှင့် ပတ်သက်သော အရာများတွင် ငွေကြေး အမြောက်အမြား အသုံးပြုလေ့ရှိခြင်းကလည်း အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်။ လူများက ထိုအကြောင်းကို မေးမြန်းကြသည့်အခါ ဂျိုးဇက်က သူ့အား တပည့်အဖြစ် လက်ခံလိုက်ခြင်းနှင့် ဆက်စပ်နေသည်ဟု ထင်မြင်ကြသည်။

သူ၏ စွမ်းဆောင်ရည်ရော...။

အမှန်စင်စစ် ၎င်းမှာ အရေးမကြီးပေ။ သူ အားနည်းသည်ဖြစ်စေ၊ အားကောင်းသည်ဖြစ်စေ လူများက သူ့အား သာမန်လူများ မလုပ်နိုင်သော ထူးဆန်းပြီး ငွေကုန်ကြေးကျများသည့် အလုပ်များကို လုပ်နေသူတစ်ဦးအဖြစ်သာ မြင်ကြသည်။

သူတို့သည် သူ့အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကြကာ ကွယ်ရာတွင် အတင်းပြောကြသည်။ မကောင်းသော ရည်ရွယ်ချက် မရှိစေဦးတော့၊ ဂရက်အနေဖြင့် စိတ်မသက်မသာ ဖြစ်ရသည်မှာ အမှန်ပင်။ ၎င်းမှာ အုပ်စုထဲမှ ဖယ်ကြဉ်ခံထားရသကဲ့သို့ ခံစားရသည်။

ဂရက်သည် ဤအကြောင်းကို မျှော်စင်အတွင်းရှိ မည်သူ့ကိုမျှ သို့မဟုတ် သူ၏ မိသားစုကိုပင် ထုတ်မပြောလေ့မရှိပေ။ သို့သော် သူ၏ ရှေ့တွင် ရှိနေသူမှာ လုပ်ဖော်ကိုင်ဖက်လည်း မဟုတ်၊ ဆွေမျိုးလည်း မဟုတ်ပေ။ သူ တစ်ကြိမ်သာ (၎င်းမှာလည်း ကြောင်အဖြစ်နှင့်) တွေ့ဖူးသော 'ရန်သူ' တစ်ဦး ဖြစ်သည်။ ဤသူ့ကို ပြောပြခြင်းက ဝန်ထုပ်ဝန်ပိုး မဖြစ်စေသလို ရှက်စရာလည်း မဟုတ်ပေ....

‘ကြည့်ရတာ သူက စကားပြောဖို့ အကောင်းဆုံးလူ ဖြစ်နေမလား...’

သို့သော် ဤကဲ့သို့သော အားနည်းချက်များကို ထိုမိစ္ဆာကြီးက အသုံးချသွားနိုင်သဖြင့် ဂရက်သည် သူ၏ အမှောင်ဖုံးနေသော သမိုင်းကြောင်းများကို လုံးဝ ဖွင့်ပြောမည် မဟုတ်ပေ။ ဤမျှလောက် ဝေဝါးဝေဝါး ပြောပြရုံနှင့်ပင် လုံလောက်လှပြီ။

လင်းကျဲက လက်မှိုင်ချကာ အတွေးဝင်နေသကဲ့သို့ မေးစေ့ကို ပွတ်လိုက်သည်။

“ဩော်... ဒါကြောင့်ကိုး... အဂတိလိုက်စားမှုကြောင့် ဖြစ်လာတဲ့ စိတ်အနှောင့်အယှက်ပေါ့... ဒါက တကယ်ကို လျစ်လျူရှုလို့မရတဲ့ ပြဿနာပဲ”

သူက လတ်လတ်ဆတ်ဆတ် ဖျော်ထားသော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောသည်။

“မင်းအနေနဲ့ ဒီအကြောင်းကို တခြားသူတွေနဲ့ မဆွေးနွေးချင်တာက သူတို့ရဲ့ စကားတွေနဲ့ အပြုအမူတွေက မင်းရဲ့ ယုံကြည်မှုကို ထိခိုက်စေခဲ့လို့ပဲ ဖြစ်မယ်... အကျိုးဆက်အနေနဲ့ သူတို့ ဘယ်လိုပဲ တုံ့ပြန်ပါစေ မင်းက ဂရုမစိုက်ချင်တော့ဘူး... သူတို့က သူတို့ရဲ့ အမှားကို သိသွားရင်တောင်မှ မင်းအပေါ် ထိခိုက်သွားခဲ့တဲ့ အရာတွေက ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ...”

“အဲ့ဒီလိုဆိုရင် ဒီလို လူပြိန်းတွေရဲ့ အမြင် ပြောင်းလဲသွားဖို့ ဘာလို့ မျှော်လင့်နေဦးမှာလဲ... တခြားသူတွေကို လိုက်ပြောပြနေတာက ကိုယ့်ကိုယ်ကိုယ် ကလေးဆန်တယ်လို့ မြင်သွားစေနိုင်တယ်၊ ဟုတ်တယ်မလား ဂရက်”

ဂရက်မှာ အံ့အားသင့်သွားပြီး ထစ်ငေါ့စွာဖြင့်...

“ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ်ပြီး...”

“ငါ ဘယ်လို သိလဲလို့လား...”

လင်းကျဲက ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်သည်။

'ငါ မင်းလို လူငယ်တွေကို အများကြီး တွေ့ဖူးတယ်လို့ ပြောရမှာပဲ၊ သူတို့ရဲ့ ပြဿနာတွေက အမြဲတမ်း ဆင်တူနေတတ်တယ် မဟုတ်လား'

ဤအချိန်တွင် ဂရက်သည် မိမိကိုယ်ကိုယ် အမှတ်မရှိသူဟု ကျိန်ဆဲလိုက်မိသည်။ စာအုပ်ဆိုင်ပိုင်ရှင်မှာ အရာအားလုံးကို သိမြင်နိုင်စွမ်း ရှိကြောင်း လူတိုင်းသိကြသည် မဟုတ်ပါလား။ ဤမျှ ရိုးရှင်းသော မေးခွန်းမျိုးကို မေးနေစရာ လိုပါသလား။ သို့သော်... ဤသည်မှာ သူ၏ ရင်ထဲတွင် တကယ်ရှိနေသော အတွေးများ ဖြစ်နေသည်မှာ အမှန်ပင်။

လင်းကျဲက လက်ကို ဖြန့်လိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါက ရိုးရှင်းတဲ့ စိတ်ပညာ အသိပညာလေးတွေပါပဲ... တကယ်လို့ မင်း သင်ယူချင်တယ်ဆိုရင် ငါ သင်ပေးလို့ ရပါတယ်”

ဂရက်က ခေါင်းကို အမြန် ခါယမ်းလိုက်သည်။

“ဟင့်အင်း... ဟင့်အင်း၊ မလိုပါဘူး...”

ထောင်ချောက်ထဲသို့ ကျဆင်းလုနီးပါး ဖြစ်သွားခြင်းကို သတိပြုမိလိုက်သဖြင့် ဂရက် ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သို့သော် ယခုတော့ ဘာမှ မဖြစ်တော့ပေ။ သူသည် သတိရှိနေဆဲဖြစ်ကာ ထိုအစာကို သေချာပေါက် ကိုက်မည် မဟုတ်ပေ။

'ဟွန်း... မိစ္ဆာတဲ့လား... ငါ စိတ်ဓာတ်ခိုင်မာနေသရွေ့ ငါ့ကို ကြိုးကိုင်ခြယ်လှယ်နိုင်မယ့် နည်းလမ်း မရှိဘူး’

“ကောင်းပြီလေ”

လင်းကျဲသည် စာအုပ်တစ်အုပ် ထုတ်ပေးရန် ရည်ရွယ်ချက်ကို နှမြောတသစွာဖြင့် ပြန်ရုပ်သိမ်းလိုက်သည်။

“ဒါဆိုရင် မင်း ငါ့ကို 'သစ်ခေါင်း' တစ်ခုလို သဘောထားလိုက်ပါလား”

“သစ်ခေါင်း ဟုတ်လား”

ဂရက်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“တခြားသူတွေကို ပြောပြလို့မရတဲ့ မင်းရဲ့ ဒုက္ခတွေနဲ့ လျှို့ဝှက်ချက်တွေကို သစ်ခေါင်းထဲကို ပြောပြလိုက်သလိုမျိုးပေါ့... အဲ့ဒီ သစ်ခေါင်းက ပြန်လည်း မပြောဘူး၊ ပျံ့နှံ့သွားအောင်လည်း မလုပ်ဘူး။ ဘာဝေဖန်ချက်မှလည်း ရှိမှာ မဟုတ်ဘူး... သူက တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပေးရုံပဲလေ၊ အဲ့ဒီတော့ မင်း နောက်ပိုင်းမှာ စိတ်ပူစရာ မလိုတော့ဘူးပေါ့...”

“ငါက တကယ့် သစ်ခေါင်းစစ်စစ်နဲ့တော့ မနှိုင်းယှဉ်နိုင်ပေမဲ့ မင်းနဲ့ ငါနဲ့က တကယ့် သူစိမ်းတွေပဲလေ... ငါက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ သွားပြီး တမင်တကာ ပြောပြနေမှာ မဟုတ်ဘူး... ဒါကြောင့် ငါ့ကို ပြောပြတာက သစ်ခေါင်းထဲကို ရင်ဖွင့်လိုက်တာနဲ့ အတူတူပါပဲ...”

“တစ်ခါတလေကျရင် အရာရာကို ရင်ထဲမှာ အကြာကြီး ပိတ်လှောင်ထားရတာက တကယ်ကို စိတ်မသက်မသာ ဖြစ်စေတယ်လေ...”

လင်းကျဲက သူ၏ ထူးခြားသော ဖော်ရွေသည့် အပြုံးကို ဆင်မြန်းလိုက်၏။

“ဘယ်လိုလဲ... အဲ့ဒါကို မင်း ဘယ်လို ထင်သလဲ”

ထိုသို့ ပြောလိုက်သော်လည်း... လင်းကျဲသည် 'မင်းရဲ့ ဒုက္ခတွေကို ပြောပြပါ' ဆိုသည့် စကားကို 'မင်းရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပါ' ဆိုသည်အထိ မသိမသာ ချဲ့ထွင်လိုက်ခြင်း ဖြစ်သည်။ ဖောက်သည်များကို ဆွဲဆောင်ထားနိုင်ရန်အတွက် ကောင်းမွန်သော ကုန်ပစ္စည်းများ ရှိရုံနှင့် မလုံလောက်ဘဲ ပိုမို လိုက်လျောညီထွေ ရှိရန်လည်း လိုအပ်သည် မဟုတ်ပါလား။

ဂရက်မှာ သူ၏ ရှေ့မှ ကြင်နာတတ်သော အပြုံးကို ကြည့်ရင်း တွန့်ဆုတ်နေမိသည်။ ဤအကြံပေးချက်မှာ သူ၏ စိတ်ထဲတွင် ရှိနေသော အတွေးနှင့် ထပ်တူကျနေသည်...။

'ဟုတ်တယ်... ငါတို့က အရေးမကြီးတဲ့ အရာတွေကိုပဲ ပြောကြမှာပဲ၊ မျှော်စင်ရဲ့ အစီအစဉ်တွေကို ပေါက်ကြားအောင် လုပ်မှာ မဟုတ်ဘူး... ရပါတယ်... စကားပြောရုံတင်ပဲဟာ...'

'အား... ဟင့်အင်း၊ ငါ ဘာတွေ တွေးနေတာလဲ... ဒါဟာ မိစ္ဆာရဲ့ လှည့်ကွက် အစပဲ... ငါ သူ့ကို မယုံရဘူး... ငါ့ကိုယ်ငါ ထိန်းချုပ်ရမယ်...’

'ဒါပေမဲ့... ငါသာ စကားပြောလိုက်ရင် ဒီမိစ္ဆာရဲ့ ယုံကြည်မှုကို ရနိုင်ပြီး အခြေအနေကို ပြောင်းလဲပစ်ဖို့နဲ့ ငါ့ရဲ့ တန်ဖိုးကို သက်သေပြဖို့ သော့ချက်ကို ရနိုင်မလား'

ဂရက် ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် အံကို ကြိတ်ကာ ပြောလိုက်သည်။

“ဒါက တကယ်တော့ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး... ပြောလိုက်ရင်တော့ ကျွန်တော် ပိုပြီး စိတ်ပေါ့ပါးသွားမယ် ထင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ ထင်မြင်ချက်ကို သိချင်တယ်”

လင်းကျဲက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။

“ငါ့ရဲ့ ထင်မြင်ချက် ဟုတ်လား”

“ဟုတ်ကဲ့”

ဂရက်က ခေါင်းညိတ်သည်။

“အကယ်၍ ကျွန်တော့်ရဲ့ ဆရာ... ဆရာကြီးဂျိုးဇက်နဲ့ ဝယ်လ်တို့သာ ဆန့်ကျင်ဘက် အခြမ်းမှာ ရှိနေပြီး တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူက အနိုင်ရဖို့ အခွင့်အရေး ပိုများမယ်လို့ ခင်ဗျား ထင်သလဲ”

***

အပိုင်း(၃၉၀)

လင်းကျဲတစ်ယောက် အကြံအိုက်သွားခဲ့၏။

'ဒါက ဘယ်လို မေးခွန်းမျိုးလဲ'

တစ်နည်းအားဖြင့် ၎င်းမှာ "မင်းရဲ့ ချစ်သူနဲ့ အမေ နှစ်ယောက်လုံး ရေထဲ ပြိုင်တူကျရင် ဘယ်သူ့ကို အရင် ကယ်မလဲ" ဆိုသည့် ရှေးဟောင်းနှောင်းဖြစ် မေးခွန်းကြီးနှင့်ပင် ဆင်တူနေသကဲ့သို့ ရှိသည်။

လင်းကျဲသည် သူ၏ ထူးဆန်းနေသော အမူအရာကို ဖုံးကွယ်ရန် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ သို့သော်... ဂျိုးဇက်နှင့် ဝယ်လ်။ ဤသူငယ်ချင်းဟောင်း နှစ်ဦးမှာ ပြန်လည် သင့်မြတ်ခါနီးပြီဟု လင်းကျဲ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ အဘယ်ကြောင့် မကောင်းသော အရာတစ်ခုခု ဖြစ်တော့မည့် လေသံမျိုး ထွက်ပေါ်နေရသနည်း။

ဂရက်မှာ ဂျိုးဇက်၏ တပည့်တစ်ဦး ဖြစ်သည် မဟုတ်ပါလား။ သူသည် ဤမေးခွန်းကို အကြောင်းမဲ့ မေးနေမည် မဟုတ်ပေ။ အဖြစ်နိုင်ဆုံးမှာ ထိုနှစ်ဦးမှာ ဆန့်ကျင်ဘက် အခြမ်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

'ဝယ်လ်ကြီး MLM ကုမ္ပဏီထဲ ဝင်သွားတယ်ဆိုတဲ့ အထင်မှားမှုက အခုထိ မပြေလည်သေးတာလား... ဝယ်လ်ရဲ့ စရိုက်နဲ့ဆိုရင် သူက ရှင်းပြနေမှာတောင် မဟုတ်ဘူး... ဂျိုးဇက်ကလည်း စိတ်တိုတတ်ပြီး ဒဲ့တိုးသမားဆိုတော့... သူ သိထားတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီဆိုရင် သူက အလိုလိုသိစိတ်နောက်ကိုပဲ လိုက်မှာပဲ၊ ဘယ်သူ့ရှင်းပြချက်ကိုမှ နားထောင်မှာ မဟုတ်ဘူး'

ဤကဲ့သို့သော သံသရာဆိုးကြီးက ထိုနှစ်ဦးကြားမှ အထင်မှားမှုများကို ပိုမို ဆိုးရွားလာစေမည် ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးမှာ ဆက်လက် ဆိုးရွားနေသည်ဟု ယူဆလျှင် ဂျိုးဇက်၏ တပည့်ဖြစ်သည်မှာ သိပ်မကြာသေးသည့် ဂရက်အနေဖြင့် နှစ်ဦးကြားမှ ရာဇဝင်အရိပ်မည်းများကို သိရှိနေမည် မဟုတ်သလို၊ အထင်လွဲမှုများကိုလည်း ဂရုစိုက်နေမည် မဟုတ်ပေ။

အမှန်စင်စစ် လင်းကျဲကိုယ်တိုင်ပင် ထိုနှစ်ဦးကြားတွင် အတိတ်က ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ မသိပေ။ ဂျိုးဇက်၏ ပြတ်တောက်သွားသော လက်မောင်းမှာ ဝယ်လ်နှင့် ဆက်စပ်နေကြောင်းနှင့် ဝယ်လ် တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရခြင်းမှာလည်း ဂျိုးဇက်ကြောင့် ဖြစ်ကြောင်းသာ သူ သိထားသည်။ ဤအချက်များကို ကြည့်ရုံနှင့်ပင် သူတို့ကြားမှ ပဋိပက္ခမှာ မည်မျှ ပြင်းထန်ခဲ့မည်ကို ခန့်မှန်းနိုင်ပေသည်။

ယခု မေးခွန်းနှင့် ပတ်သက်လျှင် အခြေခံ အချက်အလက်များ မရှိသဖြင့် မည်သူနိုင်မည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဂရက်သည် မည်သူနိုင်မည်ကို သိချင်၍ မေးခြင်းထက် ဂျိုးဇက် အနိုင်ရလိမ့်မည်ဟူသော စကားကိုသာ ကြားချင်နေခြင်း ဖြစ်ပေလိမ့်မည်။

ယခုမူ ဂရက်သည် လင်းကျဲအား အခက်တွေ့စေပြီ ဖြစ်သည်။ လင်းကျဲ သိထားသော ထိုနှစ်ဦး၏ သဘောသဘာဝအရ အခြေအနေမှာ မျှတနေမည်ဆိုလျှင် ဉာဏ်စမ်းကစားရမည့် ကိစ္စမျိုးတွင် ဂျိုးဇက်မှာ သေချာပေါက် ရှုံးပေလိမ့်မည်။ သို့သော် လက်သီးချင်း ယှဉ်ထိုးရမည်ဆိုလျှင်မူ ပိန်ပိန်ပါးပါး ဝယ်လ်ကြီးမှာ ဂျိုးဇက်၏ လက်သီးတစ်ချက်အောက်မှာတင် ပြိုလဲသွားနိုင်ပေသည်။

ထို့ကြောင့် ရိုးရှင်းသော ကောက်ချက်ချရန် လွယ်ကူသော်လည်း ဂရက်မှာ ယုတ္တိတန်သော ခွဲခြမ်းစိတ်ဖြာချက်ကို ကြားချင်ခြင်း မဟုတ်ဘဲ သူ၏ ဆရာကို ချီးမွမ်းသည့် စကားကိုသာ ကြားချင်နေခြင်း ဖြစ်သည်။

များသောအားဖြင့် ဝယ်သူ၏ ဆန္ဒကို လိုက်လျောပေးခြင်းမှာ ပြဿနာ မရှိပေ။ သို့သော် တိုက်ပွဲတွင် ပါဝင်နေသူ နှစ်ဦးလုံးမှာ လင်းကျဲနှင့် သိကျွမ်းသူများ ဖြစ်နေကြသည်။ အကယ်၍ သူတို့အနက် တစ်ဦးဦးက လင်းကျဲ ယနေ့ ပြောလိုက်သော စကားကို သိသွားပါက သူ၏ စီးပွားရေးကို ပုံမှန်အတိုင်း ဆက်လုပ်နိုင်ပါဦးမည်လော။

လင်းကျဲသည် မေးစေ့ကို ပွတ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဂရက်ကို ကြည့်ကာ အေးဆေးစွာ မေးလိုက်၏။

“မင်းကော ဘယ်လို ထင်သလဲ”

ဤကဲ့သို့သော အချိန်မျိုးတွင် အကောင်းဆုံး နည်းလမ်းမှာ ဦးဆောင်မှုကို တစ်ဖက်လူ၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး သူပြောသမျှအတိုင်း လိုက်ပါစီးမျောပေးခြင်းပင် ဖြစ်သည်။

'ဟဲဟဲ... မင်းဘာသာ မင်း ကောက်ချက်ချတာတော့ ငါနဲ့ ဘာဆိုင်မှာလဲ...

လင်းကျဲက စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်သည်။

“ဗျာ...”

ဂရက်မှာ မှင်သက်သွားခဲ့၏။ မေးခွန်းက မိမိထံသို့ ပြန်ရောက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ လင်းကျဲ၏ စူးရှသော အကြည့်နှင့် ဆုံတွေ့လိုက်ရချိန်တွင် သူ ရင်ထဲ၌ တုန်လှုပ်သွားခဲ့သည်။

စာအုပ်ဆိုင်ပိုင်ရှင်၏ ထင်မြင်ချက်ကို စုံစမ်းရန် သူ၏ အစီအစဉ်မှာ အကဲဖြတ်ခြင်း ခံလိုက်ရပြီ... မဟုတ်သေး... သူ ဤအတွက် ကြိုတင် ပြင်ဆင်ထားသင့်သည်။ ဤတိုက်ပွဲ၏ ရလဒ်မှာ ထိုမိစ္ဆာကြီးက မည်သူ့ကို အနိုင်ရစေချင်သလဲ ဆိုသည့်အပေါ်မှာသာ လုံးဝ မူတည်နေသည်။

သူသည် စာအုပ်ဆိုင်ပိုင်ရှင်ထံမှ အဖြေတစ်ခု ရယူရန် ကြိုးစားခဲ့ခြင်းမှာ သူကိုယ်တိုင်က ထိုမိစ္ဆာ၏ လက်ခုပ်ထဲ၌ ရောက်နေသောကြောင့် ဖြစ်သည်။ သို့သော် မိစ္ဆာက မေးခွန်းကို သူ့ထံ ပြန်ပစ်ပေးလိုက်သည်။ သေချာသည်က နောက်ဆက်တွဲ စကားဝိုင်းများသည် သူ၏ အဖြေအပေါ်၌သာ အခြေခံတော့မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဂရက် ပြောလိုက်သော စကားလုံးတိုင်းသည် တိုက်ပွဲ၏ ဦးတည်ချက်ကို ဆုံးဖြတ်ပေးနိုင်ပေသည်။

“ကျွန်တော်... ကျွန်တော်...”

ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် ဂရက်၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လည် ထွက်ပေါ်လာပြန်သည်။

'မိစ္ဆာ... တကယ့် မိစ္ဆာပဲ...'

ဂရက် လိုလားသည်မှာ ဂျိုးဇက် အနိုင်ရရှိရေးပင် ဖြစ်သည်။

'ဒါပေမဲ့... တကယ်လို့ ငါက ငါ့အမြင်ကို ပြောလိုက်ပြီးမှ ဒီမိစ္ဆာက ငါ့ကို ကစားဖို့အတွက် ဝယ်လ် နိုင်လိမ့်မယ်လို့ တမင် ပြောင်းပြန်ပြောလာရင်ကော... အဲ့ဒီအခါကျရင် ငါက ဝယ်လ် နိုင်မယ်လို့ လိုက်ပြောရမှာလား... တကယ်လို့ သူက ငါပြောတဲ့အတိုင်း လိုက်ပြီး ဝယ်လ်ကို တကယ် အနိုင်ပေးလိုက်ရင်ကော’

မည်သည့်အဖြေကို ပေးသည်ဖြစ်စေ အရာအားလုံးမှာ လင်းကျဲ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်။ သူ့တွင် ဆုံးဖြတ်ပိုင်ခွင့် လုံးဝ မရှိပေ...။

ထိတ်လန့်နေသော ဂရက်သည် နောင်တရစွာဖြင့် သူ၏ လက်ဖဝါးများကို ပွတ်နေမိသည်။ သူ ဤမေးခွန်းကို မမေးခဲ့သင့်ချေ။ အဘယ်ကြောင့် တတ်ယောင်ကား လုပ်ပြီး ဆုံးဖြတ်ချက်များကို ကိုယ့်လက်ထဲ ယူဖို့ ကြိုးစားခဲ့မိပါလိမ့်...။

လင်းကျဲသည် ဂရက်၏ စိုးရိမ်နေမှုကို သတိပြုလိုက်မိ၏။ သူ၏ ခန့်မှန်းချက် မှားနေသလားဟု တွေးတောမိသည်။ ဂျိုးဇက်၏ တပည့်တွင် အခြားသော အမြင်မျိုး ရှိနေနိုင်ပါသလော။

'ဩော်... ဒါကြောင့် သူ စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေတာကိုး'

နားလည်မှု ပေးတတ်သော ဆရာကြီးလင်းက ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်ကို ဂရက်ဘက်သို့ တိုးပေးလိုက်သည်။

“မကြောက်ပါနဲ့... ကောင်လေး... မင်းရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်းသာ ပြောပါ... ငါ ခုနက ပြောသလိုပဲ၊ ငါ့ကို သစ်ခေါင်းတစ်ခုလိုပဲ သဘောထားပါ... မင်း ဆွေးနွေးချင်တဲ့ ဟာက အယူအဆတစ်ခုပဲလေ... အဲ့ဒီ နှစ်ယောက်ကို တကယ်ကြီး သေအောင် တိုက်ခိုင်းမှာမှ မဟုတ်တာ၊ ဟုတ်တယ်မလား... စိတ်မပူပါနဲ့၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”

'တစ်ခုခုတော့ သေချာပေါက် ဖြစ်မှာပဲ... ဒါက သူ့ကို စမ်းသပ်ဖို့ ကြိုးစားခဲ့တဲ့ ငါ့အပေါ် သူ ပြန်လက်စားချေနေတာပဲ...'

ဂရက်က စိတ်ထဲမှ အော်ဟစ်နေမိသည်။ တုန်ရင်နေသော လေသံဖြင့် သူက...

“ကျွန်တော်... ကျွန်တော် ထင်တာကတော့...”

လင်းကျဲသည် လူငယ်လေးကို စိတ်ရှည်လက်ရှည် စောင့်ကြည့်နေပြီး လက်ဖက်ရည်ခွက်ကို ဂရက်နှင့် ပို၍ နီးကပ်အောင် တိုးပေးလိုက်သည်။

“မင်း ဘယ်လို ထင်လဲ... လက်ဖက်ရည်လေး သောက်ပြီး စိတ်ကို အရင် လျှော့လိုက်ပါဦး...”

ဂရက်အတွက်မူ ထိုလက်ဖက်ရည်ခွက်မှာ သူ၏ အသက်သွေးကြောကဲ့သို့ ဖြစ်နေသည်။ ဖိအားများမှာ စက္ကန့်နှင့်အမျှ ပိုမို ပြင်းထန်လာနေသည်။

လင်းကျဲက သက်ပြင်းချလိုက်သည်။

“တကယ်တော့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းပါတယ်... မဟုတ်ရင် ဂျိုးဇက်က ဝယ်လ်ကို ရှာဖို့ နှစ်နှစ်တောင် အချိန်ပေးမှာ မဟုတ်ဘူးလေ... အတိတ်မှာ သူတို့ကြားမှာ ပဋိပက္ခတွေ ရှိခဲ့ပေမဲ့ သူတို့ နှစ်ယောက်စလုံး တစ်ဦးကိုတစ်ဦး သေချာ သိကြတယ်ဆိုတာ ငါ ပြောနိုင်တယ်... အပြင်မှာ ထုတ်မပြောချင်ကြတာပဲ ရှိတာ... တကယ်လို့ သူတို့ တွေ့ဖြစ်ခဲ့ရင် အတိတ်က အကြောင်းတွေကို ပြန်ပြောပြီး အတူတူ ဖြတ်သန်းနိုင်ကြလိမ့်မယ်... သူတို့က တကယ့် သူငယ်ချင်းကောင်းတွေ မဟုတ်လား... သူတို့သာ ပြန်တွေ့ရင် တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက် သေချာပေါက် နားလည်နိုင်ကြမှာပါ...”

ဂလု...

လူငယ်လေးမှာ တံတွေး တစ်ချက် မျိုချလိုက်မိ၏။

'ဒါ... ဒါဆိုရင် ဆရာကြီးဂျိုးဇက်က အခု ဝယ်လ်နဲ့ တိုက်နေတာရော ဟုတ်ရဲ့လား...

လွန်ခဲ့သော တိုက်ပွဲတွင် ဂျိုးဇက်က ဝယ်လ်ကို အပိုင်းပိုင်း ကြေမွသွားအောင် လုပ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။

‘တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက် နားလည်နိုင်မယ် ဆိုတာက...’

သူ အံကို ကြိတ်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ တုန်ရင်နေသော လက်ဖြင့် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံ သောက်လိုက်၏။

“ကျွန်တော် ထင်တာကတော့...”

တီ... တီ...

ဂရက်၏ စကားကို ဆက်သွယ်ရေးစက်၏ မြည်သံက ဖြတ်တောက်ပစ်လိုက်သည်။ ဂရက်မှာ စိတ်ပျက်မှုနှင့် ဒေါသများ ဝေစီသွားကာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ စက်ကို ပိတ်ပစ်ရန် ကြံရွယ်လိုက်သော်လည်း မြင်ကွင်းတွင် ပေါ်လာသော နာမည်မှာ 'ဝင်စတန်' ဖြစ်နေသည်။

'တိုက်ခိုက်ရေးဌာနရဲ့ အကြီးအကဲလား... သောက်ပ... ဘာလို့ ဒီလို အချိန်မှ ဖုန်းခေါ်နေရတာလဲ...'

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ စည်းကမ်းချက်များအရ မည်သည့် အခြေအနေတွင်မဆို လက်အောက်ငယ်သားများသည် အထက်လူကြီး၏ ခေါ်ဆိုမှုကို မိမိသဘောဖြင့် ပိတ်ပစ်၍ မရပေ။ ဂရက်နှင့် ဝင်စတန်မှာ ဌာနချင်း မတူသော်လည်း ဂရက်မှာ လက်အောက်ငယ်သားသာ ဖြစ်သည်။ ထို့ပြင် ဝင်စတန်နှင့် ဂျိုးဇက်တို့မှာ မကြာသေးမီက ဆက်ဆံရေး မကောင်းသဖြင့် ဂရက်သာ ဖုန်းကို ပိတ်လိုက်ပါက နောင်တွင် ပြဿနာတက်နိုင်ပေသည်။

'ဟင့်အင်း... ငါ အခု အခြေအနေကို သေချာ မကိုင်တွယ်နိုင်ရင် ဆရာကြီးဂျိုးဇက် တစ်ခုခု ဖြစ်သွားနိုင်တယ်၊ အဲ့ဒါဆိုရင် အနာဂတ်ဆိုတာ ရှိမှာတောင် မဟုတ်ဘူး...'

ဂရက်၏ မျက်နှာပေါ်မှ ဝေခွဲမရ ဖြစ်နေသော အမူအရာကို မြင်သောအခါ ကြင်နာတတ်သော ဆရာကြီးလင်က သူ့ ခွက်ကို ပြန်ချလိုက်ပြီး ပြောလိုက်သည်။

“ရပါတယ်... အရင်ဆုံး ဖုန်းဖြေလိုက်ပါ... စဉ်းစားဖို့ အချိန်ပိုယူလိုက်ရင် ပိုပြီး မျှတတဲ့ အဖြေတစ်ခု ရလာနိုင်တာပေါ့...”

***

All Chapters