အခန်း (၃၉၁-၃၉၂)
Vol. 28 Ch. 391-392
အပိုင်း(၃၉၁)
‘ကြည့်ရတာ ဒီကလေးတော့ သူ့မေးခွန်းကြီးနဲ့သူ ပြန်ပြီး တိုင်ပတ်နေပြီ ထင်ပါရဲ့... ဟက် ဟက်... အခုတော့ မင်းအလှည့်ပေါ့ကွာ...’
လင်ကျဲ မျက်တောင်တစ်ချက်မခတ်ဘဲ ပြုံးကြည့်နေမိသည်။ ဂရက်မှာမူ ဆက်သွယ်ရေး ကိရိယာကို ကိုင်ရင်း တစ်ဖက်လူကို တိုးတိုးတိတ်တိတ် စကားပြောဆိုနေခဲ့သည်။
‘ငါ့ကို ယှဉ်ချင်တာလား... မင်းက နုပါသေးတယ် ကောင်လေးရာ...’
...
ဂရက်၏ လက်ရှိစိတ်အခြေအနေကို ဖော်ပြရန်ပင် ခက်ခဲလှသည်။ သူသည် ဒေါသနှင့် စိုးရိမ်စိတ်တို့ကို အသာအယာ မျိုသိပ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။ စိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း တိုက်ခိုက်ရေးဌာန၏ အကြီးအကဲ ဝင်စတန်ထံမှ ဖုန်းကို ကိုင်လိုက်သည်။
"ဟယ်လို..."
သို့သော် တစ်ဖက်မှ ဝင်စတန်သည် သူထက်ပင် ပျာယာခတ်နေလိမ့်မည်ဟု ဂရက် မထင်မှတ်ထားခဲ့ပေ။ အမြဲတမ်း တည်ငြိမ်လှပါသည်ဆိုသော ဝင်စတန်က ဖုန်းထဲမှနေ၍ ဆီးဟောက်နေလေ၏။
"အလုပ်သင် သူရဲကောင်း ဂရက်... မင်းအခု A16 စံအိမ်က ကျိကျစ်ရှို့ရဲ့ မွေးနေ့ပွဲကို ရောက်နေတာ ဟုတ်ပါသလား"
"ဟုတ်ပါတယ်"
ဂရက်က ချက်ချင်းဖြေလိုက်သည်။
"လက်ရှိ ထောက်လှမ်းရေးဌာနမှာ တာဝန်ထူးထူးခြားခြား မရှိသေးတာကြောင့် ရိုးလ် သယံဇာတရဲ့ ပွဲကို မိသားစုကိုယ်စားလှယ်အဖြစ် တက်ရောက်ပေးဖို့ အိမ်က ခိုင်းလိုက်လို့ပါ..."
ထိုအရာကလည်း... စောစောက သူက ဖုန်းထဲကနေ သူ့အဖေကို ညည်းညူနေခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းတို့ တိုက်ပွဲစတင်နေပြီဖြစ်ရာ ထောက်လှမ်းရေးဌာနမှာ ယခုအချိန်တွင် အရေးမပါသလောက် ဖြစ်နေချေပြီ။
အခြေခံအားဖြင့် သတင်းအချက်အလက် အတော်များများကို တိုက်ပွဲမစတင်မီကပင် စုဆောင်းပြီးသားဖြစ်ကာ ထောက်လှမ်းရေးဌာနမှ ဝန်ထမ်းများမှာလည်း တိုက်ပွဲဝင်နိုင်လောက်အောင် စွမ်းရည်မရှိကြပေ။ လူအများစုမှာ ဖိအားများနေသော ထောက်ောက်ပံ့ရေးဌာနသို့ ခေတ္တပြောင်းရွှေ့ခံရခြင်း သို့မဟုတ် ဂရက်ကဲ့သို့ပင် အားလပ်နေခြင်းမျိုးသာ ရှိကြသည်။
ထို့ကြောင့်ပင်... သာမန်လူသားတစ်ဦး ကျင်းပသည့် ဤကဲ့သို့ ငြီးငွေ့စရာကောင်းပြီး အဆောင်အယောင် ပေါများလှသော ပွဲလမ်းသဘင်မျိုးသို့ သူ့မိသားစုက အချိန်ဖြုန်းရန် လွှတ်လိုက်ခြင်းဖြစ်၏။
"မင်းဘာကြောင့် ရောက်နေတာလဲဆိုတာ ငါမမေးဘူး..."
ဝင်စတန်က စကားဖြတ်ပြောလိုက်သည်။
"မင်းကို အခု တာဝန်တစ်ခု ပေးအပ်လိုက်ပြီ... အကြီးအကဲများ ကောင်စီကနေ တိုက်ရိုက်ထုတ်ပြန်တဲ့ အရေးပေါ်တာဝန်ပဲ..."
"သေချာနားထောင်"
ဝင်စတန်၏ လေသံမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။
"အခုလောလောဆယ်မှာ အမှတ်စဉ် (၀၁၁၃)၊ S-အဆင့် ဖိုင်တွဲထဲက ပုဂ္ဂိုလ်... အခရာ အဆင့် ထက်တောင် မြင့်မားမယ်လို့ ယူဆရတဲ့ အမည်မသိ စာအုပ်ဆိုင်ပိုင်ရှင် လင်ကျဲဟာ လွန်ခဲ့တဲ့ သုံးနာရီလောက်တည်းက မျှော်စင်ရဲ့ စောင့်ကြည့်ရေး ကွန်ရက်ကနေ လွတ်မြောက်သွားပြီး အခု အဲဒီ A16 စံအိမ်က ပွဲကို တက်ရောက်နေတယ်"
"အခု မျှော်စင်နဲ့ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းတို့ တိုက်ပွဲဖြစ်နေတာကြောင့် ဝန်ထမ်းအားလုံးနီးပါးကို စစ်မြေပြင်ဆီ စေလွှတ်ထားရတယ်... လက်ရှိ A16 စံအိမ်ထဲမှာ မျှော်စင်ရဲ့ ဝန်ထမ်းဆိုလို့ မင်းတစ်ယောက်ပဲ ရှိတော့တယ်..."
"ဒါကြောင့် သူ့ကို ဆက်လက်စောင့်ကြည့်ဖို့ မင်းမှာပဲ တာဝန်ရှိတယ်... နားလည်လား... အတိုချုပ်ပြောရရင် မင်းရဲ့ တာဝန်က သူ့ကို ရှာဖွေဖို့၊ သူ့ရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ် စောင့်ကြည့်ဖို့နဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ တင်ပြဖို့ပဲ... လိုအပ်လာရင်တော့ အတိုင်းအတာ တစ်ခု အထိ ဆက်ဆံရနိုင်ပေမဲ့ အဲဒါကလည်း မျှော်စင်ရဲ့ ခွင့်ပြုချက်နဲ့ လမ်းညွှန်မှုအောက်မှာ အထူးသတိထားပြီး လုပ်ဆောင်ရမယ်... မဆင်မခြင်တော့ မလုပ်နဲ့၊ နားလည်ရဲ့လား"
ဂရက် တစ်ယောာက် သူ့ရှေ့တည့်တည့်တွင် လက်ဖက်ရည်သောက်နေသော လင်ကျဲကို ကြည့်ရင်း ဆွံ့အသွားခဲ့သည်။ ဖုန်းတစ်ဖက်မှ ဝင်စတန်မှာ တစ်ဖက်လူထံမှ ဘာသံမှ ထွက်မလာသဖြင့် မျက်မှောင်ကြုတ်သွားပြီး အမိန့်ပေးသံဖြင့် ထပ်မံခေါ်လိုက်၏။
"ဘာဖြစ်တာလဲ အလုပ်သင် သူရဲကောင်း ဂရက်... ချက်ချင်း အကြောင်းပြန်ပါ... ငါထပ်ပြောမယ်... မင်းရဲ့ တာဝန်က ပွဲထဲမှာရှိနေတဲ့ စာအုပ်ဆိုင်ပိုင်ရှင်ကို ရှာဖွေပြီး စောင့်ကြည့်ဖို့ပဲ"
"မင်းရဲ့ ကိုယ်ရေးမှတ်တမ်းအရ အရင်တုန်းက မင်းဟာ စာအုပ်ဆိုင်ပိုင်ရှင်နဲ့ ဆုံဖူးဖူးတယ်... ဒါကြောင့် သူ့ရုပ်ရည်ကို မှတ်မိဖို့ ပြဿနာမရှိနိုင်ဘူး... မင်းက ထောက်ပံ့ရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးဟောင်းလည်း ဖြစ်ခဲ့တာဆိုတော့ ပစ်မှတ်ကို ရှာဖွေဖို့ မခက်ခဲလောက်ပါဘူး... အရေးကြီးတာက မင်းကိုယ်မင်း သေချာဖုံးကွယ်ထားဖို့ပဲ"
"ဒီတာဝန်က အရမ်းအရေးကြီးသလို အန္တရာယ်လည်း များတယ်... မင်းရဲ့ဆရာ ဂျိုးဇက်ရဲ့ ကံကြမ္မာဟာလည်း ဒီအပေါ်မှာ မူတည်နေနိုင်တယ်... ဒါကို အလေးအနက်ထားပါ။ လိုအပ်လာရင် မျှော်စင်ဘက်က တတ်နိုင်သမျှ ကူညီပေးသွားမယ်... နားလည်လား... သိရင် ချက်ချင်း အကြောင်းပြန်ပါ"
ဂရက်က တုန်တုန်ရီရီဖြင့်...
"နားလည်ပါတယ်... ဒါပေမဲ့..."
ဝင်စတန်က အေးစက်စက် လေသံဖြင့်ပင် စကားဖြတ်လိုက်၏။
"ဒါပေမဲ့... အလုပ်သင် သူရဲကောင်း... မင်းမှာ ငြင်းပယ်ပိုင်ခွင့် မရှိဘူး... ဒါက မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ပဲ... ငြင်းပယ်ဖို့ ကြံစည်နေမယ်ဆိုရင် မင်းရဲ့ မိသားစုအကြောင်းကို အရင်စဉ်းစားပါ... သက်တမ်းရင့် မှော်ဆရာမိသားစု ဖြစ်နေပါစေဦးတော့... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ရှေ့မှာတော့ ဘာမှ မဟုတ်ဘူး"
ဝင်စတန်အနေဖြင့် ဤတာဝန်ကို လက်ခံရသူ၏ ကြောက်ရွံ့မှုကို နားလည်ပေးနိုင်ပါသည်။ အခရာ အဆင့် ကို ကျော်လွန်သော တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်ရခြင်းမှာ သေမင်း၏အရိပ်အောက်တွင် ချောက်နက်ကြီးထဲသို့ စိုက်ကြည့်နေရသည်နှင့် မခြားပေ။ သို့သော်လည်း ဤသည်မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် အနေဖြင့် မလွှဲမရှောင်သာ ရွေးချယ်လိုက်ရသော လောင်းကြေးတစ်ခုပင် ဖြစ်သည်။
"မဟုတ်ပါဘူး... ကျွန်တော် မငြင်းပါဘူး... တကယ်တော့ တာဝန်ပေးတာကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်... ဒါပေမဲ့ အခြေအနေတစ်ခုကို တင်ပြချင်လို့ပါ..."
ဂရက်က အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ စိတ်ကို ပြန်လည်စုစည်းကာ ချောင်းတစ်ချက်ဟန့်၍ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ပြောလိုက်သည်။
"တကယ်တော့... သူက ကျွန်တော့်ရှေ့တည့်တည့်မှာ ထိုင်နေတာပါခင်ဗျာ..."
"..."
"..."
ဖုန်းထဲတွင် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ဝင်စတန်၏ အသက်ပြင်းပြင်းရှူသံ ထွက်ပေါ်လာ၏။
"မင်းရှေ့မှာ ဟုတ်လား..."
"ဟုတ်ပါတယ်..."
ဂရက်က ဖြေသည်။
"ဘယ်လောက်တောင် နီးနေလို့လဲ"
ဝင်စတန်က ထပ်မေးသည်။
ဂရက်က အခန်းတွင်းရှိ အလှဆင် ပစ္စည်းများကို လိုက်လံကြည့်ရှုနေဟန်ရှိသော လင်ကျဲကို ခိုးကြည့်လိုက်ပြီးမှ အသံကို တိုးနိုင်သမျှ တိုး၍ ပြောလိုက်သည်။
"အဲ... စားပွဲတစ်လုံးပဲ ခြားပါတယ်ခင်ဗျာ..."
‘ဒါဆို သူတို့ ဆုံနေကြပြီပေါ့လေ...’
ဝင်စတန်၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွား၏။ စစ်မြေပြင်တွင် အတွေ့အကြုံများစွာ ရှိခဲ့သော်လည်း ယခုလောက် ရင်မခုန်ခဲ့ဖူးပေ။
ပွဲထဲတွင်ရှိနေသည့် တစ်ဦးတည်းသော ဝန်ထမ်းကို လျှို့ဝှက် ဆက်သွယ်ရန် နာရီဝက်နီးပါး သေချာစီစဉ်ခဲ့ရသော်လည်း လက်တွေ့တွင်တော့...။
‘စိတ်အေးအေးထားစမ်း... စိတ်အေးအေးထား...’
ဝင်စတန် အသက်ကို ဝဝရှူလိုက်၏။ စာအုပ်ဆိုင်ပိုင်ရှင်မှာ ဂရက်၏ ရှေ့တွင် ရောက်နှင့်နေပြီဆိုမှတော့... သူတို့၏ လှုပ်ရှားမှုများအားလုံးကို ကြိုတင်သိရှိနေခဲ့ပြီးသား ဖြစ်ရမည်။ ထို့အပြင်... ဂရက်သည် ပွဲတက်ရောက်သူများထဲတွင် မျှော်စင်နှင့် ဆက်သွယ်နိုင်သော တစ်ဦးတည်းသော ဝန်ထမ်းလည်း ဖြစ်နေပြန်သည်။
‘ဒါတွေအားလုံးဟာလည်း သူ့ရဲ့ စီမံကိန်းတွေထဲက အစိတ်အပိုင်းတစ်ခုပဲလား...’
ဂျိုးဇက်နှင့် ဝယ်လ်တို့ကို ထိပ်တိုက်ရင်ဆိုင်စေခြင်းမှစ၍ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းတို့ကြား တိုက်ပွဲစတင်လာစေခြင်း... နောက်ဆုံး ဤပွဲလမ်းသဘင်သို့ မမျှော်လင့်ဘဲ ရောက်ရှိလာခြင်းအထိ... အရာအားလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေပြီး အကွက်ကျကျ စီစဉ်ထားသည့်အတိုင်းပင်။
‘ဒါကပဲ သူများတွေ ပြောနေတဲ့ အရာခပ်သိမ်းကို သိမြင်နိုင်စွမ်း၊ တတ်စွမ်းနိုင်စွမ်း ရှိတယ် ဆိုတဲ့ စွမ်းအားလား...’
အခြေအနေက ဤသို့ဖြစ်နေမှတော့ ဝင်စတန်အနေဖြင့် ရင်ဆိုင်ရန်သာ ကျန်တော့သည်။ နောက်ဆုံးတွင် ဝင်စတန်က လေသံပြောင်း၍ ပြောလိုက်၏။
"နားထောင် အလုပ်သင် သူရဲကောင်း... ဂျိုးဇက်နဲ့ ဝယ်လ်တို့ ထိပ်တိုက်တိုးနေပြီ၊ အခြေအနေက သိပ်မကောင်းဘူး... ဂျိုးဇက်ရဲ့သမီး မေလီဆာဟာလည်း မီးလျှံဓားလမ်းစဉ်ရဲ့ ထိန်းချုပ်မှုကို ခံထားရသူတစ်ယောက်ရဲ့ လှည့်ဖြားခြင်းကို ခံလိုက်ရပြီး အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို ဝိုင်းရံပိတ်ဆို့တဲ့ စစ်ဆင်ရေးမှာ ပါဝင်သွားခဲ့ပြီ... အခုလောလောဆယ် သူ အသက် အန္တရာယ်မရှိသေးဘူးဆိုပေမဲ့ ဓားစာခံဖြစ်နေသလိုပါပဲ... ဂျိုးဇက်ကတော့... အရေးနိမ့်နေပြီ..."
"လွန်ခဲ့တဲ့ နှစ်နှစ်က တိုက်ပွဲကြောင့် ဝယ်လ်ရဲ့ ရင်ထဲက အမုန်းတရားတွေက အခုဆို ပိုပြီး ပြင်းထန်နေပြီ... ဒီလောက်နှစ်တွေ ကြာလာပြီးနောက်မှာတော့ သူက အရင်ကထက် ပိုပြီး ရက်စက်ကောက်ကျစ်လာတယ်... ဂျိုးဇက်မှာ သံယောဇဉ်တွေ အများကြီး ရှိနေပေမဲ့ ဝယ်လ်အတွက်ကတော့ အားလုံးက အသုံးချစရာ ကိရိယာတွေပဲ... ဒါကြောင့် ငါတို့အနေနဲ့ တခြားနည်းလမ်းနဲ့ အဖြေရှာဖို့ လိုအပ်လာပြီ"
ဂရက်က ဖုန်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ လင်ကျဲ စောစောက ပြောသွားသော စကားများကို ပြန်လည်တွေးတောမိသောအခါ စိတ်ထဲတွင် လေးလံသွားခဲ့သည်။
‘ဒါပေမဲ့ ဝယ်လ်က ဘယ်လောက်ပဲ သန်မာနေပါစေဦးတော့၊ သူက ဖျက်ဆီးခြင်း အဆင့် ပဲ မဟုတ်လား... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ဆိုတာ အခရာ အဆင့် တွေကိုတောင် ရင်ဆိုင်နိုင်တဲ့ အဖွဲ့အစည်း မဟုတ်လား... သူတို့ဘက်က အကူအညီ မလွှတ်ဘူးလား’
ဂရက်၏ စိတ်ထဲမှ အတွေးကို သိနေသည့်အလား ဝင်စတန်က...
"ဝမ်းနည်းစရာကောင်းတာက... မျှော်စင်အနေနဲ့ အဲဒီကိစ္စကို မဖြေရှင်းနိုင်တော့ဘူး... မယုံနိုင်စရာ ဆိုပေမဲ့... လွန်ခဲ့တဲ့ တစ်ဆယ်မိနစ်လောက်၊ ငါ မင်းကို မဆက်သွယ်ခင် မိနစ်အနည်းငယ်လောက်ကပေါ့၊ ငါတို့ စစ်မြေပြင်ရဲ့ ဗဟိုချက်ကို စောင့်ကြည့်နေတုန်းမှာပဲ..."
"အခရာ အဆင့် လှုပ်ရှားမှု နှစ်ခု ပေါ်ပေါက်လာခဲ့တယ်..."
***
အပိုင်း(၃၉၂)
(၆၇) လမ်းမကြီးတစ်ခုလုံးမှာ အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ တိုက်ပွဲဖြစ်ပွားရာ စစ်တလင်း၏ ကောင်းကင်ယံထက်တွင် နှင်းပွင့်ကလေးများ ဝဲလွင့်နေသော်လည်း မြေပြင်သို့မူ တစ်ပွင့်တစ်လေမျှ သက်ဆင်းနိုင်ခြင်း မရှိပေ။ မမြင်နိုင်သည့် အီသာများက နှင်းပွင့်တို့ကို စုပ်ယူကာ အငွေ့ပျံစေသဖြင့် ကောင်းကင်တွင် ရေငွေ့လုံးကြီးသာ ဝဲဂယက်ထနေလေသည်။
လမ်းမကြီးတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ လုံးဝဥဿုံ ပျက်သုဉ်းသွားခဲ့ရပြီ ဖြစ်၏။ အုတ်ခဲကျိုးများ၊ အပျက်အစီး အပိုင်းအစများမှာ မမြင်နိုင်သော စွမ်းအားတစ်ခု၏ မတင်မှုကို ခံရကာ လေထဲတွင် လွင့်ပျံနေကြသည်။ ၎င်းတို့သည် အဖြူရောင်နှင့် အမည်းရောင် စွမ်းအင်စက်ကွင်းနှစ်ခုကို ဝန်းရံလျက် သတ္တုစီးကြောင်းကြီးများသဖွယ် လည်ပတ်နေကြလေသည်။
အပေါ်စီးမှ ကြည့်မည်ဆိုပါက... ဥက္ကာခဲပတ်လမ်းများ ဝန်းရံထားသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုအလား ထင်မှတ်ရပြီး စွမ်းအင်စက်ကွင်းမှာ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာကာ ပတ်ဝန်းကျင်ရှိ မြေပြင်တို့ကိုပါ ကြိတ်ခြေဖျက်ဆီးနေတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ရှင်းလင်းလှပါသည်။ ဂျိုးဇက်နှင့် ဝယ်လ်တို့နှစ်ဦးစလုံးမှာ တိုက်ပွဲအတွင်းမှာပင် အခရာ အဆင့်သို့ တစ်ပြိုင်နက်တည်း အဆင့် တက်လှမ်းနိုင်ခဲ့ကြခြင်းကြောင့် ဖြစ်၏။ ထိုအဆင့်တက်မှုက ပတ်ဝန်းကျင်ရှိ အီသာများကို ရုတ်ချည်းပေါက်ကွဲစေကာ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်ပေါ်စေခဲ့သည်။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၊ ထောက်ပံ့ရေးဌာနမှ ဝန်ထမ်းများသည် စွမ်းအင်စက်ကွင်း၏ အပြင်ဘက်တွင် လူစုခွဲကာ နေရာယူထားကြရသည်။ သာမန်လူများ မှားယွင်းဝင်ရောက်မလာစေရန် 'အိပ်မက် ဖန်တီးစက်' အစီအရင်များကို ခိုင်မာအောင် အဝေးမှနေ၍သာ ထိန်းသိမ်းနေကြရ၏။
တစ်ဖက်တွင်မူ... တိုက်ခိုက်ရေးဌာနမှ သူရဲကောင်းများသည် မပျက်မစီးဘဲ ကျန်ရှိနေသေးသည့် မြေနေရာများတွင် အခြေပြုထားကြသည်။ အများစုမှာ ဒဏ်ရာရရှိထားသူများ၊ ဆေးကုသမှု ခံယူနေရသူများနှင့် အနားယူနေသူများသာ ဖြစ်ကြ၏။ သူတို့အားလုံးသည် ဧရာမ စွမ်းအင်စက်ကွင်းကြီးကို ငေးကြောင်ကြည့်နေကြပြီး စိတ်ဓာတ်များလည်း အလွန်အမင်း ကျဆင်းနေကြပြီ ဖြစ်သည်။
စစ်မြေပြင်၏ ဗဟိုချက်တွင် အီသာစွမ်းအင်များ ပေါက်ကွဲထွက်လာသည့် အချိန်မှစ၍ သူတို့သည် ဤစစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်သော အင်အားစုများ မဟုတ်တော့ပေ။ သို့သော်လည်း ကျန်ရှိနေသေးသော အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်များကိုမူ ဆက်လက်တိုက်ခိုက်ရဦးမည် ဖြစ်သည်။
အမှန်စင်စစ် ဆက်လက်တိုက်ခိုက်နိုင်စွမ်း ရှိသူဟူ၍လည်း အနည်းငယ်မျှသာ ကျန်တော့၏။ ဖျက်ဆီးခြင်း အဆင့် နှစ်ဦးသည် တစ်ချိန်တည်းတွင် အခရာ အဆင့် သို့ တက်လှမ်းကာ အစွမ်းကုန် ထိပ်တိုက်တွေ့ကြသည့်အခါ ထိုမြင်ကွင်းကို မျက်မြင်တွေ့ရှိပြီး အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိသလောက်ပင်။ ထိုနေရာ၌ ရှိနေသူများအနက် တစ်ဆယ်ရာခိုင်နှုန်းပင် အသက်မရှင်တော့ချေ။
အချိန်မီ ဆုတ်ခွာနိုင်ခြင်း မရှိသူများမှာမူ... စွမ်းအင်စက်ကွင်းအတွင်း၌ မြေမှုန့်များအဖြစ် ကြိတ်ခြေခံလိုက်ရကာ ဖုန်မှုန့်များနှင့်အတူ လွင့်ပါးသွားခဲ့ကြပြီ ဖြစ်သည်။
သွားပြီ... အားလုံး သွားလေပြီ။
တိုက်ခိုက်ရေးဌာန အကြီးအကဲ ဝင်စတန်၏ ပထမဆုံး အတွေးမှာ ဤသို့ပင် ဖြစ်သည်။ စစ်မြေပြင်၌ စွမ်းအင်ဗဟိုချက် နှစ်ခု ပေါ်ပေါက်လာပြီး အီသာ သိပ်သည်းဆများ အဆမတန် မြင့်တက်လာကြောင်း ထောက်ပံ့ရေးဌာန၏ အစီရင်ခံစာကို ကြားလိုက်ရချိန်တွင် သူ ထိုကဲ့သို့ တွေးမိခြင်း ဖြစ်သည်။
အလွန်တရာ တည်ငြိမ်လှပါသည်ဆိုသော ဝင်စတန်မှာ ယခုအချိန်တွင် ဆဲရေးတိုင်းထွာချင်စိတ်ကို မနည်းထိန်းထားရသည်။ ဂျိုးဇက်အနေဖြင့် သူ့သမီး စစ်မြေပြင်၌ ပိတ်မိနေသည်ဟူသော သတင်းကို ကြားသိကာ မျှော်စင်မှ ထွက်ပြေးပြီး စစ်မြေပြင်သို့ အပြေးရောက်လာခဲ့သည်မှာ ယခုဆိုလျှင် သုံးနာရီနီးပါး ရှိခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း မျှော်စင်၏ ပင်မစစ်အင်အားစုများလည်း ရောက်ရှိလာခဲ့ကြသည်။
စစ်မြေပြင်ဗဟိုကို 'အိပ်မက် ဖန်တီးစက်' ၏ အစီအရင်များဖြင့် ဖုံးအုပ်ထားသဖြင့် ပြင်ပလောကအနေဖြင့် အတွင်း၌ မည်သို့ဖြစ်ပျက်နေသည်ကို မသိနိုင်ပေ။ အတွင်းရှိသူများသာလျှင် တိုက်ပွဲ မည်မျှပြင်းထန်သည်ကို သိနိုင်ပေလိမ့်မည်။
တိုက်ခိုက်ရေးဌာန အကြီးအကဲ တစ်ယောက်အနေဖြင့် ဝင်စတန်သည် စစ်မြေပြင်၌ ရှိနေရမည် ဖြစ်သော်လည်း တစ်ဖက်တွင်လည်း အခြေအနေအရပ်ရပ်ကို ကွပ်ကဲနေရသေးသည်။
သို့သော်လည်း သူကိုယ်တိုင်ပင်လျှင် ထိုတိုက်ပွဲ၏ ဗဟိုချက်သို့ ချဉ်းကပ်နိုင်စွမ်း မရှိသလို မည်သို့မျှလည်း ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် မျှော်စင်၏ အကြီးအကဲများ ကောင်စီသို့သာ အကြောင်းကြားပြီး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။
အမှန်စင်စစ် ဖျက်ဆီးခြင်း အဆင့် ဆိုသည်မှာ အဆောင်အယောင်မျှ မဟုတ်ပေ။ တစ်ဦးတည်းနှင့်ပင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သော အစွမ်းမျိုး ရှိကြသည်။
ကံကောင်းသည့်အချက် တစ်ခုက မေလီဆာကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်၏။ မဟုတ်သေး... ပိုပြီး တိတိကျကျ ပြောရလျှင် သူမသည် ဘေးကင်းလျက်ရှိနေပြီး အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ ငရဲဘုံ အဆင့် အဖွဲ့ဝင် သုံးဦးကိုပင် သုတ်သင်နိုင်ခဲ့သေးသည်။
ပြဿနာက... အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်များ၏ အင်အားဖြည့်တင်းမှုမှာ အလွန်ပင် လျင်မြန်လှခြင်း ဖြစ်သည်။ သူတို့သည် သွေးဖြင့် ယဇ်ပူဇော်သည့် နည်းလမ်းကို အသုံးပြုကာ အပေါင်းအဖော်များ၏ အသက်ကိုပင် အရင်းအနှီးပြု၍ အစွမ်းများကို လျင်မြန်စွာ မြှင့်တင်နိုင်ကြသည်။
တစ်နည်းအားဖြင့် ပြောရလျှင် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်များ အသတ်ခံရလေလေ၊ ကျန်ရှိနေသော အဖွဲ့ဝင်များမှာ ပိုမိုအစွမ်းထက်လာလေလေ ဖြစ်၏။ ဤသည်မှာ အဖြေရှာရန် မဖြစ်နိုင်သော အခြေအနေဆိုးကြီးပင် ဖြစ်သည်။
မေလီဆာ ဘေးကင်းခဲ့သော်လည်း သူမနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော အဖွဲ့ငယ်လေးမှာမူ အားလုံးနီးပါး သေဆုံးသွားခဲ့ကြပြီ။ အဖွဲ့ခေါင်းဆောင် ဗီဗီယန်မှာလည်း ဝယ်လ်၏ တပည့်တစ်ဦး ရောက်ရှိလာပြီး 'ညဉ့်သိန်းငှက်' နှင့် ပူးပေါင်းကာ ယုတ်မာစွာ တိုက်ခိုက်မှုကြောင့် ကံဆိုးစွာ အသက်ဆုံးရှုံးခဲ့ရရှာသည်။
ဆယ်ကျော်သက်လေး မေလီဆာမှာ ဤကဲ့သို့ ရက်စက်သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူမ ရရှိထားသော အစွမ်းအသစ်ဖြင့် လူဆိုးသုံးဦးကို သတ်နိုင်ခဲ့၍ ဝမ်းသာရုံရှိသေးသော်လည်း သူမ၏ အပြုံးများမှာ မျက်နှာထက်၌ပင် ခဲသွားခဲ့ရသည်။
ဝင်စတန်သာ အချိန်မီရောက်လာပြီး သူမကို ဆွဲထုတ်မသွားခဲ့ပါက မှင်တက်မိနေသော မေလီဆာမှာ စွမ်းအင်စက်ကွင်း၏ ကြိတ်ခြေမှုကို ခံလိုက်ရပေလိမ့်မည်။
ယခုအခါတွင်မူ ထိုမိန်းကလေးငယ်မှာ တိုက်ခိုက်ရေးဌာနမှ တခြားသူများနည်းတူပင် အသိစိတ်လွတ်နေသကဲ့သို့ ငေးကြောင်၍ ထိုင်နေမိသည်။ လွန်ခဲ့သော ခဏကတင် အတူတူ စကားပြောနေခဲ့သော ရဲဘော်ရဲဘက်များ၏ ရုတ်တရက် သေဆုံးမှုကို မည်သူမျှ လွယ်လွယ်ကူကူ လက်မခံနိုင်ကြပေ။ မည်မျှပင် အတွေ့အကြုံရှိသော သူရဲကောင်းဖြစ်ပါစေဦးတော့၊ ဤမျှ များပြားသော အသေအပျောက်များရှေ့တွင် ခေတ္တခဏတော့ လမ်းပျောက်ရစမြဲ ဖြစ်၏။
ဤဒဏ်ကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကသာ ခံစားရသည်မဟုတ်ဘဲ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်များလည်း ထပ်တူပင် ဖြစ်သည်။
သို့သော် ခြားနားချက်မှာ အီသာစွမ်းအင်များ၏ စုတ်ဖြဲမှုကို ခံလိုက်ရသော အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ဝယ်လ်၏ အနက်ရောင် စွမ်းအင်စက်ကွင်းအတွင်းသို့ တိုက်ရိုက် စုပ်ယူခြင်းခံရကာ သူ၏ အားအင်များအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ထိုစွမ်းအင်စက်ကွင်းမှာ လှုပ်ရှားနေသည့် သွေးကြောများအလား ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်များဖြင့် ဖုံးလွှမ်းလာခဲ့သည်။
ဝယ်လ်သည် အဆင့်တက်လှမ်းနေစဉ်အတွင်း အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ ထုံးစံအတိုင်း သွေးဖြင့် ယဇ်ပူဇော်မှုကို အသုံးပြုကာ ထိုနောက်လိုက်များကို သူ၏ အဟာရအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းပင်။
ထိုနောက်လိုက်များသည် သူတို့၏ အစွမ်းများ တိုးတက်ရန်အတွက် သွေးဖြင့် ယဇ်ပူဇော်မှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသူများဖြစ်ရာ ယခုအခါ ထိုအစွမ်းအားလုံးကို ဝယ်လ်က ပြန်လည်စုပ်ယူလိုက်ခြင်း ဖြစ်၏။
သွေးဖြင့် ယဇ်ပူဇော်မှုများ အဆင့်ဆင့် ပြုလုပ်ပြီးနောက်... ဝယ်လ်သည် ထိုနောက်လိုက်များကို အဟာရအဖြစ် မွေးမြူထားကာ အသုံးချခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံးတွင်မူ သူကိုယ်တိုင်ပင် ပြန်လည် ဝါးမျိုလိုက်သည်။ ရက်စက်ကောက်ကျစ်လှသည်ဟု ကျော်ကြားသော ဤ အောက်လမ်း မှော်ဆရာ မှာ သူ၏ အလုပ်ထိရောက်မှုကို အစွမ်းကုန် ပြသသွားခဲ့သည်။
သူ စစ်မြေပြင်သို့ ခေါ်ဆောင်လာခဲ့သော နောက်လိုက်များမှာ သူ့အတွက်တော့ ပိုမိုသန်မာလာစေမည့် လှေကားထစ်များနှင့် ကိရိယာများသာ ဖြစ်ကြ၏။
"လက်ရှိ အခြေအနေက အရမ်းကို ဆိုးရွားနေပြီ..."
ဝင်စတန်သည် တစ်ခုနှင့်တစ်ခု ဝါးမျိုရန် ကြိုးစားနေကြသော အီသာ စွမ်းအင်စက်ကွင်း နှစ်ခုကို အဝေးမှနေ၍ လှမ်းကြည့်နေမိသည်။ တစ်ခုမှာ ဖြူဖွေးသော မီးလျှံများက ကောင်းကင်ကို လင်းထိန်စေသည့်အလား ဖြစ်နေပြီး နောက်တစ်ခုမှာမူ လှုပ်ရှားနေသော နှလုံးသားတစ်ခုကဲ့သို့ အနက်ရောင် အသားခဲကြီးတစ်ခုနှင့် တူလှသည်။
တိုက်ခိုက်ရေးဌာန အကြီးအကဲက ဆက်သွယ်ရေး ကိရိယာကို ကိုင်ရင်း ဆက်ပြောလိုက်၏။
"ဝယ်လ်က အရမ်းကို အဆင်သင့် ဖြစ်နေခဲ့တာ... ဒါတွေကို သူ ကြိုတင်စီစဉ်ထားပြီးသားပဲ... ပြီးတော့ သူ့ရဲ့ အစွမ်းတွေက မိနစ်တိုင်းမှာ တိုးတက်နေတယ်... ဂျိုးဇက်က လက်ရှိမှာ အသာစီးရနေသလို ထင်ရပေမဲ့ အချိန်ကြာလာလေလေ ဝယ်လ်က ပိုပြီး ကြောက်စရာကောင်းလာလေလေပဲ"
ဂရက်မှာ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ သူသည် ပြတင်းပေါက်မှတစ်ဆင့် တိတ်ဆိတ်မှောင်မည်းနေသော နှင်းကျသည့် ညအလှကို လှမ်းကြည့်နေမိ၏။ ညင်သာစွာ ကျဆင်းနေသော နှင်းပွင့်လှလှလေးများကို မြင်ရသည်မှာ အသားထဲက စိမ့်တက်လာသလို ခံစားရသည်။
စောစောက ဖြစ်ပေါ်ခဲ့သော ငလျင်နှင့် လျှပ်စီးများမှာ အမှန်စင်စစ် အခရာ အဆင့် နှစ်ဦး ထိပ်တိုက်တွေ့မှုကြောင့် ဖြစ်ပေါ်လာရသော အကျိုးဆက်များသာ ဖြစ်နေခဲ့ပေသည်။
အလယ်ပိုင်းခရိုင်နှင့် (၆၇) လမ်းမကြီးမှာ မည်မျှဝေးသနည်း။ နော်ဇင်မြို့၏ တစ်ဝက်နီးပါး ခြားနားနေသည်။ ထိုမျှ ဝေးကွာပါသော်လည်း ဂရက်အနေဖြင့် ထိုတုန်ခါမှုကို သိသိသာသာ ခံစားခဲ့ရသည်ဆိုလျှင် တိုက်ပွဲ၏ ဗဟိုချက်မှာ မည်မျှတိုင် အန္တရာယ်များမည်ကို ခန့်မှန်းကြည့်၍ပင် မရနိုင်တော့ပေ။
သို့သော်လည်း အသိဉာဏ်ကင်းမဲ့သော ဤသာမန်လူသားများမှာမူ ဖြစ်ပေါ်လာတော့မည့် အန္တရာယ်ကို မသိဘဲ မနက်ဖြန်များ ရှိနေဦးမည့်အလား ပျော်ပါးသောက်စားနေကြဆဲ ဖြစ်သည်။
ဂရက်က ရုတ်တရက် အတွေးတစ်ခု ရလာပြီး မေးလိုက်၏။
"မျှော်စင်က သူတို့ကို တားဖို့ မစီစဉ်ဘူးလား... ဘာဖြစ်လို့ ကျွန်တော့်ဆီကို လာပြီး..."
ဂရက် တစ်ယောက် "ဒီမိစ္ဆာကြီးဆီက အကူအညီတောင်းတာလဲ" ဟု ပြောမိတော့မည့် စကားကို အချိန်မီ ထိန်းလိုက်ရသည်။
ဝင်စတန်က ခေါင်းခါရင်း ပြန်ပြောလိုက်၏။
"အလုပ်သင် သူရဲကောင်း... အကြီးအကဲများ ကောင်စီက ဒီတာဝန်ကို မင်းတစ်ယောက်တည်းကိုပဲ ပေးအပ်ထားတာ... မင်းက စာအုပ်ဆိုင်ပိုင်ရှင်နဲ့ ဆက်သွယ်မိနေပြီဆိုတော့ သူ ဘာတွေးနေသလဲဆိုတာကိုပဲ ငါတို့ သိဖို့လိုတယ်... အမြန်ဆုံး စုံစမ်းပါ... မင်းဆီကရတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီးမှ ငါတို့ ဆက်လုပ်ရလိမ့်မယ်..."
ဂရက်တစ်ယောက် အမှန်တရား အသင်းတော် အပေါ် ပထမဆုံး အကြိမ် အဖြစ် စိတ်ပျက် သွားခဲ့သည်။
‘ဒါပေမဲ့ အခြေအနေက ဒီလောက် စိုးရိမ်နေရတာကို... အဓိက ဦးစားပေးရမှာက အခရာ အဆင့် နှစ်ယောက်ရဲ့ တိုက်ပွဲကို ရပ်တန့်ဖို့ မဟုတ်ဘူးလား...’
‘မျှော်စင်မှာ အဲဒီစွမ်းရည် ရှိနေတာ သေချာရက်သားနဲ့... အခုတော့ ငါ့ကို ဒီမိစ္ဆာကြီးရဲ့ စိတ်ကူးကို စုံစမ်းခိုင်းနေတယ်... သူတို့က ဂျိုးဇက်နဲ့ မြို့သူမြို့သားတွေကို အသုံးချပြီး စမ်းသပ်နေကြတာပဲ...’
‘ဒါက ဝယ်လ် လုပ်ရပ်တွေနဲ့ ဘာများ ခြားနားလို့လဲ...’
‘သူတို့ ဘာတွေများ လုပ်ဖို့ ကြံစည်နေကြတာလဲ...’
စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာသော်လည်း ဂရက် ထုတ်မပြောရဲဘဲ အောင့်သက်သက်နှင့်သာ နေလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့တော့သည်။
***