ကောင်းကင်ဓားဂိုဏ်းမှ ယဲ့ဝမ်ရွှမ်
Vol. 48 Ch. 471
"ကောင်းပြီ၊ ပြဿနာမရှိပါဘူး။"
လျိုချန်းယွင်သည် ကျောက်စိမ်းပြားဆီမှ ထွက်ပေါ်လာသော မိုးမြေရတနာများ၏ အမည်စာရင်းကို နားထောင်ရင်း အနည်းငယ်အံ့သြသွားမိ၏။
ဤပစ္စည်းများက လူသူကင်းမဲ့ပြီး ခေါင်းပါးလှသော နန်ယန်ရတနာမြေမှာ ပေါက်ရောက်နိုင်မှာ မဟုတ်တာ သေချာလှသည်။
ထိုအရာတွေအားလုံး၏ တန်ဖိုးကို ပေါင်းလိုက်မည်ဆိုရင် အပြင်စည်းအကြီးအကဲတချို့၏ပိုင်ဆိုင်မှုအားလုံးထက်ပင် ကျော်လွန်နေပါသေးသည်။
ဂိုဏ်းချုပ်ရှန်း ပြီးခဲ့တဲ့ သုံးလလောက် လူလုံးမထွက်လာခဲ့တာက အပြင်ထွက်ပြီး လုယက်ဖျက်ဆီးမှုတွေများ ထပ်လုပ်နေလို့လား။
"ဘာဖြစ်လို့လဲ"
ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ၊ ရှန်းယီနှင့် ပတ်သက်သည့် မည်သည့်ကိစ္စတွင်မှ ဝင်မပါတော့ဘူးဟု ယခင်က သူမ ပြောခဲ့ဖူးသည်ကို ကျန်းချန် သတိရသွား၏။ ထို့ကြောင့် သူမ၏ အနေခက်မှုကို ဖုံးကွယ်ရန် သိချင်ယောင်သာ ဆောင်လိုက်ရတော့သည်။
"ကြည့်ပါဦး၊ ပါးစပ်ကသာပြောနေတာ စိတ်ပါနေပြီမလား" လျိုချန်းယွင်က သူမကို တစ်ချက်ကြည့်လိုက်၏။ သို့သော် အမှန်တကယ်တွင် ဤကိစ္စမှာ ကျန်းချန်မပါဘဲ လုပ်ဆောင်၍ မရနိုင်ပေ။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းခြင်းအဆင့် ဆယ့်နှစ်ရှိ ကြက်သွေးမျက်လုံးအမှောင်ဖီးနစ်ငှက်၏ သွေးဆီအနှစ်တစ်ပုလင်းကို လဲလှယ်နိုင်ရန်အတွက် အနည်းဆုံးတော့ စကားပြောဆိုခွင့်ရှိသည့် အဆင့်မြင့်တာဝန်ခံတစ်ဦး ဖြစ်ရန် လိုအပ်လေသည်။
မကြာသေးမီက အကြီးအကဲလျိုသည် နန်ယန်ဂိုဏ်း၏ကိစ္စရပ်များကို အတော်လေး ဂရုစိုက်နေခဲ့ရာ ဂိုဏ်းအတွင်း၌ ပြောစမှတ်တွင်စရာ ဖြစ်လာခဲ့သည်။ သူ၏ သမီးဖြစ်သူအနေဖြင့် သူမလည်း ရှောင်လွှဲ၍မရဘဲ အာရုံစိုက်ခံလာရသည်။
ဤအရာသည် နန်ယန်ဂိုဏ်းမှ လိုအပ်နေသည့်အရာဟု လူများကို အလွယ်တကူ ခန့်မှန်းမိစေနိုင်ပြီး၊ ၎င်းက ကိစ္စရပ်များကို ပိုမို ရှုပ်ထွေးသွားစေနိုင်ပေသည်။
ကျန်းချန်ကို ရှေ့ထွက်ခိုင်းတာက ပိုကောင်းပါလိမ့်မည်။
"လာ၊ သွားပြီး ပစ္စည်းတွေ သွားယူကြရအောင်။"
လျိုချန်းယွင်က သူမ၏ ရတနာဝေဟင်သင်္ဘောကို ခေါ်ထုတ်လိုက်ပြီး၊ ရှက်ရွံ့နေသော ကျန်းချန်ကို ခေါ်ဆောင်ကာ ဂိုဏ်းမှထွက်ခွာ၍ နန်ယန်ဂိုဏ်းဆီသို့ ဦးတည်သွားလေ၏။
တစ်ချိန်တည်းမှာပင်။
ကောင်းကင်ဓား ရတနာနယ်မြေအတွင်းရှိ၊ အတွင်းစည်း တာဝန်ခံခန်းမဆောင်၌ဓားသမားဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာမှီထိုင်နေပြီး အလုပ်ရှုပ်နေသော အမျိုးသမီးကို လှောင်ပြုံးဖြင့် စောင့်ကြည့်နေသည်။
ထိုအမျိုးသမီးက တပည့်များ၏ ကိစ္စအဝဝကို ရှင်းလင်းစီစဉ်ပြီးမှသာ လှည့်လာပြီး အားတင်းပြုံးပြကာ မေးလိုက်၏။
"အထောက်တော်ချွေ့၊ ကျွန်မ လုပ်တာ အဆင်ပြေရဲ့လားရှင့်"
"မဆိုးပါဘူး၊ မင်း ပထမဆုံး ရောက်လာတုန်းကထက် အများကြီးပိုကောင်းလာပါတယ်။"
ချွေ့ဟောက်က ခေါင်းညိတ်လိုက်ပြီးနောက် ပျင်းရိပျင်းတွဲဖြင့် မတ်တပ်ရပ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။
"အဲ့ဒါက..." အမျိုးသမီးက သူ့ကို အလျင်အမြန် လှမ်းခေါ်လိုက်ပြီး အနည်းငယ်အနေခက်စွာဖြင့် ပြောလိုက်သည်။
"ဒီ ယဲ့ မေးစရာတစ်ခု ရှိလို့ပါ။ ကျွန်မရဲ့တာဝန်ခံကျောက်စိမ်းပြားကို ရဖို့ဘယ်လောက်ကြာအောင် ထပ်စောင့်ရဦးမလဲရှင့်... အဲ့ဒီတုန်းက အကြီးအကဲက ကတိပေးထားခဲ့လို့ပါ။"
"ဟင်" ချွေ့ဟောက်က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ဂရုမစိုက်သည့်လေသံဖြင့် ပြန်ပြောသည်။
"အကြီးအကဲက မင်းကို ကတိပေးထားတယ်ဆိုရင် အကြီးအကဲကို သွားမေးပေါ့၊ ငါ့ကို ဘာလာမေးနေတာလဲ"
"အထောက်တော်ကလည်း နောက်နေပြန်ပါပြီ၊ ကျွန်မက အကြီးအကဲနဲ့ တွေ့ခွင့်ရဖို့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ။"
ယဲ့ဝမ်ရွှမ်၏ နှုတ်ခမ်းထောင့်မှ အပြုံးမှာ ပို၍ တောင့်တင်းသွားပြီး ဆက်လက်ရှင်းပြရှာသည်။
"ကမ်းပါးအောက်ခြေကလာတဲ့ ကျင့်ကြံသူလေး တစ်ယောက်အနေနဲ့ ကျွန်မရဲ့သက်တမ်းက သိပ်မကျန်တော့ပါဘူး။ အထောက်တော်ချွေ့က ကျွန်မကိုယ်စားလေးများ သွားမေးပေးလို့ရမလားရှင့်။ အနည်းဆုံးတော့ တပည့်တစ်ယောက်ရဲ့လစဉ်ထောက်ပံ့ကြေးလောက်ဖြစ်ဖြစ် ရရင်ကိုရပါပြီ။"
"ရပါတယ်။"
ချွေ့ဟောက်က ခေါင်းခါယမ်းလိုက်ပြီး၊ "စောင့်နေလိုက်။"
သူလှည့်ထွက်သွားချိန်တွင် သူ၏မျက်ဝန်းထဲမှ လှောင်ပြောင်မှုမှာ ပိုမို နက်ရှိုင်းသွား၏။
သက်တမ်းကုန်ခါနီးဖြစ်နေတဲ့ အရေးမပါတဲ့ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် တစ် ကျင့်ကြံသူတစ်ယောက်ကများ အထောက်တော်ဖြစ်ဖို့ တွေးရဲသေးတယ်။
မှန်ထဲမှာ သူ့ကိုယ်သူ ပြန်ကြည့်သင့်တယ်။
အကြီးအကဲက နန်ယန်ကဒေသခံကျင့်ကြံသူအုပ်စုကို ဆွဲဆောင်ဖို့အတွက်သာ ဤကိစ္စကို သဘောတူခဲ့ခြင်းဖြစ်လေ၏။ သို့သော်လည်း သူ၏ရှေ့ရှိ အမျိုးသမီးမှလွဲ၍ အခြားသူများထံမှ မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။ အကြီးအကဲ၏ စကားသည် ရွှေကဲ့သို့ အဖိုးတန်ပြီး အလွယ်တကူပြောင်းလဲ၍ မရသောကြောင့်သာ မဟုတ်လျှင်၊ သူသည် ဤလူကို အတွင်းစည်းမှ မောင်းထုတ်ပစ်ခဲ့ပြီး ဖြစ်လိမ့်မည်။
အထောက်တော်နေရာကိုတော့ လိုချင်ပြီး၊ ကြားဝင်စေ့စပ်ပေးသူအဖြစ် နန်ယန်ရတနာနယ်မြေကို သွားရန်အတွက်ကျတော့ စိတ်မပါလော။ လောကကြီးတွင် ဤမျှအထိတန်သည့်အပေးအယူမျိုး မရှိပေ။
"..."
ယဲ့ဝမ်ရွှမ်သည် မျက်လုံးများကိုမှိတ်ကာ လက်သီးများကို ဖြည်းညင်းစွာ ဆုပ်လိုက်သည်။
သူမသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်လေ၏။ အခြားကျင့်ကြံသူများလောက် အတွေ့အကြုံမများသော်လည်း၊ မည်သည့်အရာများဖြစ်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိနေဆဲပင်။
သို့သော်လည်း သူမ၏ရင်တွင်းရှိ ဒေါသများကို ဖိနှိပ်ထားစေသည်မှာ အသက်ရှည်ရှည်နေထိုင်လိုသော ဆန္ဒကြောင့်ပင်။ ၎င်းက ဒေါသတကြီး ထွက်ခွာသွားလိုသည့် စိတ်ဆန္ဒကို မျိုသိပ်ထားစေခဲ့သည်။
နှစ်ပေါင်းများစွာတိုင်အောင် ယဲ့ဝမ်ရွှမ်၏ စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသောအတွေးမှာ အသက်ရှင်ကျန်ရစ်ရန်သာ ဖြစ်သည်။
"ဒီကျင့်ကြံသူလေး နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် အထောက်တော်ချွေ့။"
"ရပါတယ်။"
ချွေ့ဟောက်သည် ဟန်ဆောင်ပြုံး ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး တံခါးအပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသော ပုံရိပ်တစ်ခုက သူ့ကို အထဲသို့ ပြန်တွန်းပို့လိုက်၏။
"အပျင်းတစ်ဖို့ ကြိုးစားနေပြန်ပြီပေါ့ ဟုတ်လား၊ နင့်နေရာကို ပြန်သွားစမ်း၊ ငါလုပ်စရာရှိတယ်။"
ကျန်းချန်သည် ထိုနေရာကို ပိုင်စိုးပိုင်နင်း လူမိုက်တစ်ဦး၏ အမူအရာဖြင့် ဝင့်ကြွားစွာဝင်လာ၏။
"..."
ချွေ့ဟောက်က သူမကိုမကျေမနပ်ဖြင့် စူးရဲစွာ ကြည့်လိုက်သော်လည်း၊ သူမသည် မဟာမိတ်ဂိုဏ်းမှ အထောက်တော်တစ်ဦးဖြစ်ရာ ယဲ့ဝမ်ရွှမ်တို့ ယှဉ်နိုင်မည့်သူ မဟုတ်ပေ။
သူ့တွင် ရွေးချယ်စရာမရှိဘဲ သူ၏အဝတ်အစားများကို ပုတ်ခါလိုက်ကာအသံသြသြဖြင့် ပြောလိုက်၏။ "နည်းနည်းပါးပါးလေး လေးစားမှုရှိစမ်းပါ၊ ငါ ချွေ့ဟောက်က ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ငါး ကို ထိုးဖောက်ပြီးသွားပြီ။"
"အိုး... ကြောက်လိုက်တာ။"
ကျန်းချန်က မျက်လုံးလှန်ပြလိုက်ပြီး သိုလှောင်အိတ်ကို စားပွဲပေါ်သို့ပစ်ချလိုက်၏။
"ငွေကပဲ စကားပြောတယ်၊ နားလည်လား ငမွဲကောင်။"
ယဲ့ဝမ်ရွှမ်သည် သူတို့နှစ်ဦး အချင်းများနေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ သူမ၏ အမူအရာတွင် မိမိကိုယ်ကိုလှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု ရုတ်တရက်ပေါ်လာသည်။
ဤအရာက အထောက်တော်အချင်းချင်း ဆက်ဆံသည့် သဘောထားမျိုးပင်။ ဤအရာနှင့် ယှဉ်ကြည့်လိုက်လျှင် ချွေ့ဟောက်၏ မျက်လုံးထဲတွင် သူမသည် မည်မျှအထိပင် တန်ဖိုးမရှိကြောင်းဆိုတာ ထင်ရှားနေလေ၏။
"ကြက်သွေးမျက်လုံးအမှောင်ဖီးနစ် သွေးအနှစ်သာရ သုံးစက်၊ မြန်မြန်လုပ် ငါ့ဆေးမီးဖို ပေါက်ကွဲတော့မယ်" ကျန်းချန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"တောက် ရွေးချယ်ခံရသူတွေထဲက ဘယ်သူကများ မင်းကို မျက်စိကျသွားတာလဲ ကြက်သွေးမျက်လုံးအမှောင်ဖီးနစ် သွေးအနှစ်သာရတဲ့လား မင်းပါးစပ်ကထွက်လာတာနဲ့ လုံးဝကို မလိုက်ဖက်ဘူး... ဟာသတစ်ခုလိုပဲ" ချွေ့ဟောက်က လှောင်ပြောင်လိုက်သော်လည်း သိုလှောင်အိတ်ကို ကောက်ယူကာ အတွင်းရှိ ပစ္စည်းများကိုဂရုတစိုက် စစ်ဆေးနေဆဲပင်။
စစ်ဆေးနေစဉ်တွင် သူက ခနဲ့တဲ့တဲ့ မှတ်ချက်မပေးဘဲ မနေနိုင်ခဲ့ပေ။ "မကြာသေးခင်က မင်းရဲ့ ညီမကောင်းလေးက အဲဒီ နန်ယန်ကဒေသခံတွေကို တော်တော်လေး ဂရုစိုက်ပေးနေတယ်လို့ ကြားတယ်။ တကယ့်ကို သဘောကောင်းတဲ့ ညီမလေးပဲ။"
နန်ယန်ဒေသခံများအကြောင်း ပြောလိုက်သည်နှင့် ကျန်းချန်၏မျက်ခွံများမှာ အလိုအလျောက် တွန့်သွားသော်လည်း သူမ၏အမူအရာကို အလျင်အမြန် ပြင်ဆင်လိုက်ပြီး "ငါနဲ့ ဘာမှမဆိုင်ဘူး" ဟု ပြန်ပြောလိုက်၏။
ယဲ့ဝမ်ရွှမ်၏ မျက်မှောင်များလည်း ကုတ်သွားပြီး နားမလည်နိုင် ဖြစ်သွားပုံရသည်။
ကံကောင်းထောက်မစွာဖြင့်၊ ချွေ့ဟောက်သည် သိုလှောင်အိတ်ကို စစ်ဆေးရန် အာရုံစိုက်နေပုံရပြီး အမျိုးသမီးနှစ်ဦး၏ တုံ့ပြန်မှုများကို သတိမပြုမိခဲ့ပေ။
ခဏအကြာတွင်၊ သူက အိတ်ကိုကိုင်ကာ နောက်ဘက်အခန်းဆီသို့ လျှောက်သွားရင်း "ငါ့အကြောင်းကြားမှုကို စောင့်နေ... မင်း၊ ငါ့နောက်လိုက်ခဲ့ပြီး သေချာသင်ယူထား" ဟု ပြောလိုက်သည်။
ထိုစကားများကြောင့် ယဲ့ဝမ်ရွှမ်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ အထောက်တော်ချွေ၏ စကားများက နားဝင်မချိုသော်လည်း၊ တာဝန်ခံခန်းမ၏ အတွင်းပိုင်းသို့ ခေါ်ဆောင်ခံရခြင်းမှာ အချက်ပြမှု တစ်ခုခုနှင့် တူနေပေသည်။
သူမက သူ၏နောက်သို့ အလျင်အမြန် လိုက်သွားခဲ့၏။
သို့သော် ချွေ့ဟောက်သည် အတွင်းခန်း၏ အသံလုံ အစီအရင်အတွင်းသို့ ခြေချလိုက်သည်နှင့် ရုတ်တရက် ရပ်တန့်သွားသည်ကို သူမ တွေ့လိုက်ရသည်။
သူ လှည့်ကြည့်လာသောအခါ သူ၏မျက်ဝန်းများမှာ စိတ်ဝင်စားမှုကင်းမဲ့နေ၏။ "မင်းက အထောက်တော်တစ်ယောက်ဖြစ်ချင်တယ် မဟုတ်လား၊အခု အခွင့်အရေး ရပြီ၊ ပြောစမ်း။"
"ပြောရမယ်... ဘာကိုလဲမသိဘူး"
ယဲ့ဝမ်ရွှမ်သည် ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သော်လည်း ရုတ်တရက်လည်ပင်းညှစ်ခံလိုက်ရ၏။
ချွေဟောက်က စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာတွေ ဟန်ဆောင်နေတာလဲ။ ဒီကြက်သွေးမျက်လုံးအမှောင်ဖီးနစ် သွေးအနှစ်သာရကို ဘယ်သူက ဘာကိစ္စအတွက်လိုချင်တာလဲ။ မင်းလိမ်ရဲရင် ထွက်သာသွားလိုက်တော့။"
အစောပိုင်းက အမျိုးသမီးများ၏အမူအရာ ပြောင်းလဲသွားမှုများကို သူ၏ဝိညာဉ်အာရုံကနေ မည်သို့လုပ် လွတ်သွားနိုင်မည်နည်း။ ထို့အတူ ဝက်ဦးနှောက်သာရှိသည့် ကျန်းချန်ကရော ဆေးဖော်စပ်ခြင်းနှင့် ဘာဆိုင်သနည်း။
"အ..ဟွတ်..."
ယဲ့ဝမ်ရွှမ်၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာ၏။
သူမ၏ အမူအရာ ပြောင်းလဲသွားရခြင်းမှာ၊ သူတို့၏ စကားဝိုင်းကို ကြားပြီးနောက် အမှောင်ဖီးနစ် သွေးအနှစ်သာရကို ရှန်းယီ၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်နှင့် ရုတ်တရက် ဆက်စပ်မိသွားသောကြောင့်သာ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကြီးမားလှသော အဆင့်ကွာဟမှုမှ လာသည့်ဖိအားကြောင့် သူမ အနည်းငယ် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရ၏။
"စိတ်ချပါ၊ တကယ်လို့ အသုံးဝင်မယ်ဆိုရင် သုံးရက်အတွင်းမှာ မင်းရဲ့တပည့်ကျောက်စိမ်းပြားက မင်းလက်ထဲ ရောက်လာစေရမယ်" ချွေ့ဟောက်က သူ၏ ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်သည်။
အကယ်၍ ချင်းယွဲ့ဂိုဏ်းကသာ ထိုနန်ယန်ဒေသခံများကိုထောက်ပံ့ရန် ဤမျှရက်ရောသောပစ္စည်းများကို ထုတ်ပေးလာခဲ့မည်ဆိုလျှင် ဤကိစ္စက များစွာပို၍စိတ်ဝင်စားစရာ ကောင်းသွားလေပြီ။
ကျန်သည့် ဂိုဏ်းခြောက်ဂိုဏ်းက ဆွေးနွေးနေဆဲဖြစ်ပြီး၊ လျိုရှီချန်းသည် အကြီးအကဲတစ်ယောက် ဖြစ်သော်လည်း သူသည် ကျောက်စိမ်းဖြူမြို့တော်ထဲမှ အကြီးအကဲတစ်ရာထဲမှ တစ်ယောက်သာ ဖြစ်သည်။
ကိုယ့်သဘောနှင့်ကိုယ် ဘက်ရွေးချယ်လိုက်ခြင်းက ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သွားနိုင်လေ၏။
"ကျွန်မ..."
ထိုစကားများကို ကြားသောအခါ ယဲ့ဝမ်ရွှမ်သည် တစ်ကိုယ်လုံး ရုတ်တရက်တုန်ယင်သွားခဲ့၏။
သူမ၏ နှုတ်ခမ်းများ တုန်ယင်နေသည်။ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင်၊ ကံကြမ္မာကို အရှုံးပေးလိုက်သည့်အလား သူမက တိုးညှင်းစွာ ပြောလိုက်သည်။
"ကျွန်မ အရင်က ကြက်သွေးမျက်လုံးအမှောင်ဖီးနစ်ကို မြင်ဖူးပါတယ်။ အပြင်ဘက်မှာ နောက်ထပ်တစ်ကောင် ရှိနေလိမ့်မယ်၊ပြီးတော့ ဒီလောက်တောင် အဖိုးတန်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။အဲ့ဒါကြောင့် ကျွန်မ နည်းနည်း စိတ်မသက်မသာ ဖြစ်သွားတာပါ။"