ထျန်းယန် ၄၉
Vol. 48 Ch. 472
ဤစကားမှာ လိမ်ညာနေပုံ မရပေ။ သို့သော် အစောပိုင်းက တွန့်ဆုတ်နေသောအမူအရာနှင့်သာ မပေါင်းစပ်ပါက ပို၍ ယုံကြည်စရာကောင်းပေလိမ့်မည်။
ချွေ့ဟောက်က အေးစက်စွာလှောင်ပြုံးပြုံးလိုက်ရင်း သူ့ရှေ့မှ အမျိုးသမီးကို ဂရုမစိုက်သလို ကြည့်နေသည်။
“…”
ယဲ့ဝမ်ရွှမ် သည် သူ့အကြည့်ကို ရှောင်ဖယ်လိုက်၏။ သူမသည် အမှန်တကယ်ပင် အသက်ရှင်ချင်သူ ဖြစ်သည်။ နန်ယန်ဂိုဏ်းမှ လူများနှင့်လည်း မည်သည့် သံယောဇဉ်မျှကျန်ရှိတော့သည်ဟု မခံစားရတော့ပေ။
သူမ နှုတ်ဆိတ်နေရသည့် အကြောင်းရင်းမှာ သူမ၏ ဗီဇက ရှန်းယီကိုသာ စိတ်ဆိုးအောင် လုပ်မိပါက သူမ၏ ကံကြမ္မာသည် ယခုထက်ပို၍ ဆိုးရွားသွားနိုင်ပြီး သူမ၏ ရာထူးကပင် သူမကို ကယ်တင်နိုင်မည် မဟုတ်ကြောင်း သတိပေးနေသောကြောင့်ပင်။
ဤသည်မှာ ငြင်းချက်ထုတ်ရန် မလိုသော အလိုလိုသိစိတ်ပင် ဖြစ်သည်။ သူမသည် ထိုဗီဇအတိုင်း အမြဲလိုက်နာခဲ့ပြီး ထိုအချက်ကြောင့်ပင် ယနေ့တိုင် အသက်ရှင်နေခြင်း ဖြစ်သည်။
“ထားလိုက်ပါတော့”
ချွေ့ဟောက်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အတွင်းသို့ပြန်ဝင်သွားကာ အကြီးအကဲတစ်ဦးကို ဆက်သွယ်ရန် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။ ခဏအကြာတွင် အကြောင်းပြန်ချက် ရလာသည့်အလား သူက အပြင်သို့ ပြန်ထွက်လာပြီး သိုလှောင်အိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
သူက ကျန်းချန်ကို ကြည့်ကာ အားနာဟန်ဖြင့် ပြုံးပြလိုက်၏။ “စိတ်မကောင်းပါဘူး၊ ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်ရဲ့ သွေးအနှစ်သာရက အခုပစ္စည်းပြတ်နေတယ်။ ဒါကို ကိုယ့်ဂိုဏ်းက တပည့်တွေကိုပဲ ဦးစားပေးရမှာမို့လို့ မဟာမိတ်ဂိုဏ်းကို ကူညီဖို့မပိုတော့ဘူး”
“နင် လိမ်နေတာပဲ”
ကျန်းချန်၏ မျက်နှာက တည်ကြည်သွား၏။ “ပြောစမ်း၊ ဘယ်တပည့်လဲ... တပည့်တွေကို ထားလိုက်ပါဦး၊ ဘယ်အပြင်စည်း အကြီးအကဲက ဒါကို လဲလှယ်ဖို့ မိုးမြေရတနာတွေကို ပေးရဲမှာလဲ တိုက်ရိုက်တပည့်တစ်ယောက်က သွေးအနှစ်သာရတွေ အကုန်လုံးကို သိမ်းထားတယ်လို့တော့ မပြောနဲ့နော်”
“အတိအကျပဲ” ချွေ့ဟောက်၏ အပြုံးက ပျောက်ကွယ်သွား၏။ “ဒါကြောင့် အခု မင်းက ဘယ်တိုက်ရိုက်တပည့်လဲလို့ ထပ်မေးချင်သေးတာလား မင်း တော်တော် သတ္တိကောင်းတာပဲအထောက်တော်ကျန်း”
အကြီးအကဲလျို၏ ဆိုလိုရင်းမှာ ရှင်းပါသည်။ နန်ယန်ဂိုဏ်းက ဒါကိုလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဘာမှမပေးလိုက်သရွေ့ ပြဿနာမရှိပေ။ အကယ်၍ သူတို့ တကယ်လိုချင်ပါက ရှန်းယီ ဆိုသည့် လူငယ်ကျင့်ကြံသူကိုယ်တိုင် လာတောင်းရမည်ဖြစ်ပြီး ဘာနှင့်မျှ လဲလှယ်စရာပင် မလိုဘဲ စကားတစ်ခွန်း ပြောရုံဖြင့် ရနိုင်ပေသည်။
“ကျွန်မ အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး” ကျန်းချန်က မျက်ခုံးကို အတင်းတွန့်လိုက်၏။
“ဒါက အရေးမကြီးပါဘူး”
ချွေ့ဟောက်က လှည့်ကြည့်လိုက်ရာ စိတ်ပျက်လက်ပျက်ပြန်လာသော ယဲ့ဝမ်ရွှမ်ကို မြင်လိုက်ရသဖြင့် ပြုံးလိုက်ပြန်၏။ “ငါတို့ဂိုဏ်းရဲ့ ဖီးနစ်သွေးအနှစ်သာရတွေကို ငါတို့ရဲ့ကျင့်ကြံသူ ယဲ့လိုမျိုးအလုပ်အကြိုးစားဆုံး အထောက်တော်တွေကိုပဲ ဆုလာဘ်အဖြစ် ပေးမှာပါ။”
ထိုသို့ပြောပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်၏။ “ဒီတာဝန်ကို ထမ်းဆောင်လိုက်၊ မင်းကို သွေးအနှစ်သာရ နှစ်စက်ဆုပေးမယ်။ တကယ်လို့ မင်း ဒီရတနာတွေကိုပါ ထည့်လဲရင် ငါးစက်တောင် ရနိုင်တယ်။ မင်းရဲ့ရာထူးကိုလည်း ဆက်ထိန်းထားနိုင်မယ်လို့ အကြီးအကဲက ကတိပေးထားတယ်။ ဒါပေမဲ့ မင်း ဒါကို မလုပ်နိုင်ရင်တော့ ပြန်မလာခဲ့နဲ့တော့”
“ကျွန်မလား” ယဲ့ဝမ်ရွှမ်က ကျောက်စိမ်းပြားကို အံ့အားသင့်စွာ ဖမ်းလိုက်၏။
“တာဝန်မထမ်းဆောင်တဲ့ အထောက်တော်ဆိုတာ ရှိလို့လား” ချွေ့ဟောက်က တည်ငြိမ်စွာ ပြော၏။
“ဒီကိစ္စကို မင်း တာဝန်ယူရမယ်။ မင်း တခြားအထောက်တော်တွေဆီက အကူအညီ တောင်းနိုင်သလို အပြင်စည်း အကြီးအကဲတွေဆီကလည်း အကူအညီ တောင်းနိုင်တယ်။ ငါတို့က ရလဒ်ကိုပဲ ကြည့်မှာ”
အကယ်၍ နန်ယန်ဂိုဏ်းနှင့် သံယောဇဉ်ကို မဖြတ်နိုင်လျှင် ဘာကြောင့် ကောင်းကင်ဓားဂိုဏ်းတွင် မျက်နှာလာပြနေသနည်း။ ဤသည်မှာ အကြီးအကဲက သူမကို ရှင်းပစ်ရန်ပေးလိုက်သော အခွင့်အရေးပင် ဖြစ်သည်။
“ကျွန်မ ဘယ်သူ့ကို သွားမေးရမှာလဲ…” ယဲ့ဝမ်ရွှမ်မှာ ကြောင်အသွား၏။ သူမက လူသစ်ဖြစ်ပြီး ချွေ့ဟောက်အတွက်သာ အလုပ်လုပ်ပေးခဲ့ရသဖြင့် မည်သူ့ကိုမှ မသိပေ။
သူမက ကျောက်စိမ်းပြားထဲမှ အကြောင်းအရာကို အာရုံခံကြည့်လိုက်ရာ သူမ၏ အသံမှာ တုန်ရီသွား၏။ “ပုန်ကန်မှုကို နှိမ်နင်းရမှာလား၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၅ တောင်လား”
ဤသည်မှာ သူမကို ပေးသော အခွင့်အရေး မဟုတ်ပေ။ သေခြင်းတရားနှင့် အနှင်ခံရခြင်း နှစ်ခုအနက် တစ်ခုကို ရွေးခိုင်းခြင်းသာ ဖြစ်သည်။
“တော်ပြီ၊ အပိုတွေ ပြောမနေနဲ့တော့” ချွေ့ဟောက်က လက်ကို ဖြန့်လိုက်သော်လည်း ကျန်းချန်က ခိုးထွက်သွားသည်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွား၏။
ကျန်းချန်သည် ကောင်းကင်ဓားဂိုဏ်းမှ ထွက်လာပြီး ကျောက်စိမ်းပြားကို ကိုင်ကာ အကြောင်းစုံကို အစီရင်ခံလိုက်သည်။ “ဟုတ်ကဲ့၊ အနှစ်သွေး ငါးစက် နဲ့ လဲလို့ရပါတယ်။ ဘယ်လိုထင်လဲ ဂိုဏ်းချုပ်ရှန်း”
ခဏအကြာ တိတ်ဆိတ်နေပြီးနောက် တစ်ဖက်မှ စကားတစ်ခွန်းသာ ပြန်လာ၏။ “ကောင်းပြီ”
“တကယ်ကြီး လုပ်မှာလား” ကျန်းချန်က တအံ့တသြ ရေရွတ်လိုက်မိသည်။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၅ ပုန်ကန်မှုကို နှိမ်နင်းရမည် ဆိုသည်မှာ နောက်ကွယ်တွင် မည်သို့သော နတ်ဆိုးများ ရှိနေမည်ကို မည်သူမှ မသိနိုင်ပေ။
ဂိုဏ်းချုပ်ရှန်းက ပြီးခဲ့သည့် အောင်ပွဲကြောင့် သတ္တိများလွန်စွာကောင်းနေသည်လော၊ သို့မဟုတ် သွေးအနှစ်သာရကို တကယ်ပဲအသည်းအသန် လိုချင်နေသည်လော။
မည်သို့ပင်ဖြစ်စေ ကျန်းချန်က ခေါင်းခါလိုက်ရင်း တာဝန်ခံခန်းမထဲသို့ ပြန်ဝင်သွားကာ ကြောင်နေသော အမျိုးသမီးကိုပုတ်လိုက်၏။ “ဘာဖြစ်လို့လဲ”
ယဲ့ဝမ်ရွှမ်က သူမကို ကြည့်ကာ ဘာမှမသိသလို ဟန်ဆောင်နေသော်လည်း သူမ၏ မျက်နှာမှာ ပို၍ တောင့်တင်းလာ၏။ သူမသည် အစောပိုင်းက ခိုးနားထောင်မိသည်ကိုပင် နောင်တရနေသည်။
“ဘာကို စိတ်ပူနေတာလဲ” ကျန်းချန်က ပြုံးလိုက်ပြီး ချွေ့ဟောက်ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်၏။ “သူက ရလဒ်ကိုပဲ ကြည့်မယ်လို့ ပြောတယ်မဟုတ်လား၊ဒီတာဝန်ကို ကျွန်မ ယူမယ်။ အနှစ်သွေး ငါးစက်ကို အဆင်သင့် ပြင်ထားလိုက်ပါ၊ တစ်စက် လျော့တာနဲ့ ကျွန်မ အကြီးအကဲတွေဆီ တိုက်ရိုက် သွားတိုင်မယ်”
“မင်း သဘောပဲ” ချွေ့ဟောက်က ကျေနပ်သွားသည်။
နန်ယန်ဂိုဏ်း၏ဘိုးဘေးခန်းမအတွင်း၌ လီရွှမ်ချင်း က ရှန်းယီ ကျောက်စိမ်းပြားကို ချလိုက်သည်ကို ကြည့်ကာ မေးလိုက်၏။ “ဘာဖြစ်လို့လဲ”
ဤဂိုဏ်းချုပ်ငယ်လေးသည် အမြဲတမ်း အလုပ်ရှုပ်နေသည်ဟု သူ ခံစားရသည်။ သူ ကိုယ်တိုင် ကျော်ကြားနေစဉ်ကပင် ဤမျှ မကြာခဏ ဖိတ်ကြားစာများ မရရှိခဲ့ဖူးပေ။
“စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ် အတွက်ပါ” ရှန်းယီက မဖုံးကွယ်ဘဲ ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ်အကြောင်းကို ရှင်းပြလိုက်သည်။
လီရွှမ်ချင်းက နားထောင်ပြီးနောက် “ငါ တစ်ခါက ချီယန်နတ်သမီး နဲ့ ဆုံဖူးတယ်၊ သူကလည်း မီးဒြပ်စင်ရှိတဲ့ငှက်နတ်ဆိုးကနေ အသွင်ပြောင်းထားတာပဲ။ဒါပေမဲ့ သူ ဟုန်ကျယ်မှာ ရှိနေဦးမလားတော့ မသိဘူး... ဒီတစ်ခေါက်တော့ ငါ မင်းကိုမကူညီနိုင်တော့ဘူး ထင်တယ်”
“ရပါတယ်၊ ကျွန်တော် ကိုယ်တိုင် ကြိုးစားကြည့်ပါ့မယ်”
“ဒါပေမဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ ငါ အရင်က နည်းနည်း လေ့လာခဲ့ဖူးတယ်။ ဒါပေမဲ့ အချိန်ကုန်လွန်းပြီး အသုံးမဝင်ဘူး ထင်တာနဲ့ လက်လျှော့လိုက်တာ။ မင်း စိတ်ဝင်စားရင်တော့ ငါ မင်းကိုသင်ပေးနိုင်တယ်”
လီရွှမ်ချင်းက သူ၏ လက်ညှိုးကို ဆန့်လိုက်ပြီး ရှန်းယီ၏နဖူးကို အသာအယာ တို့လိုက်၏။ ထိုအခိုက်အတန့်တွင် ဝိညာဉ်အလင်းတန်းတစ်ခု ရှန်းယီ၏ စိတ်ထဲတွင် ပွင့်သွားတော့သည်။
ရှန်းယီ အလွန် အံ့အားသင့်သွား၏။ လီရွှမ်ချင်းက နည်းစနစ်တစ်ခုကိုသာ လွှဲပေးမည်ဟု ထင်ထားသော်လည်း တစ်ဖက်လူက သူ၏ နားလည်သဘောပေါက်မှုအားလုံးကိုပါ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ ပါးစပ်ဖြင့် သင်ပေးသည်ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လှ၏။
လီရွှမ်ချင်းက သူ၏ လက်ညှိုးကို ပြန်ရုပ်သိမ်းလိုက်သောအခါ သူ၏ မျက်လုံးများမှာ ပို၍ မှေးမှိန်သွားသည်။
“ငါတို့ ဘာအကြောင်း ပြောနေကြတာလဲ... ဪ ဟုတ်ပြီ၊ မင်း သွားတော့မယ်လို့ ပြောနေတာပဲ”
ရှန်းယီသည် လီရွှမ်ချင်းကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွား၏။ စီနီယာ လီရွှမ်ချင်းသည် သူ၏အနှစ်သာရ အားလုံးကို ဤသစ်သားကိုယ်ထည်ထဲတွင် သိမ်းဆည်းထားပြီး လိုအပ်လျှင်လိုအပ်သလို ထုတ်ပေးနေခြင်း ဖြစ်သည်။
ထိုသို့ ပေးလိုက်တိုင်း သူ၏ မှတ်ဉာဏ်များမှာ ပျောက်ကွယ်သွားရရှာသည်။
“ကျေးဇူးတင်ပါတယ် စီနီယာလီရွှမ်ချင်း” ရှန်းယီက ဦးညွှတ်လိုက်၏။
“ဘာအတွက် ကျေးဇူးတင်နေတာလဲ ငါ မင်းကို တစ်ခုခုပေးလို့လား ရပါတယ်၊ ငါ့အတွက်တော့ ဒါတွေက အသုံးမဝင်တော့ပါဘူး” လီရွှမ်ချင်းက နွေးထွေးစွာပြုံးပြလိုက်သော်လည်း သူ၏ အသံမှာ ဝမ်းနည်းရိပ် သန်းနေ၏။
“ဘာဖြစ်လို့လဲ” ရှန်းယီက ပထမဆုံးအကြိမ်အဖြစ် တခြားသူ၏ ကိစ္စကို စိတ်ဝင်တစား မေးလိုက်သည်။
“ဘာလို့လဲဆိုတော့... ကောင်းကင်က မြင့်လွန်းတယ်၊ငါ မမီနိုင်ဘူး... ကောင်းကင်အောက်မှာ အရာအားလုံးက အလကားပဲ” လီရွှမ်ချင်းက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ၏ အသံမှာ တုန်ယင်လာ၏။
“ငါ တိုင်ချင်တယ်…”
သူ စကားကို ရပ်လိုက်ပြီး သတိပြန်ဝင်လာကာ ထိတ်လန့်ဟန်ဖြင့် ပြော၏။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ မတိုင်ချင်တော့ဘူး”
ရှန်းယီက ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ အကြည့်ကို လွှဲလိုက်သည်။ သူသည် နောင်တွင် နန်ယန်ဂိုဏ်း၏ အမည်ကို အသုံးပြု၍ အပြင်ထွက်ခြင်းကိုရှောင်ကြဉ်ရမည်ဟု မိမိကိုယ်ကို သတိပေးလိုက်၏။
၎င်းက ပြဿနာများကိုသာ ဖိတ်ခေါ်နိုင်သောကြောင့် ဖြစ်သည်။
သူက လီရွှမ်ချင်းကို နှုတ်ဆက်ပြီး ဘိုးဘေးခန်းမမှ ထွက်လာခဲ့သည်။ ထို့နောက် သူ၏ စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ အချက်ပြချက်အသစ်တစ်ခုကို တွေ့လိုက်ရသည်။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း။ ထျန်းယန် ၄၉ : မစတင်ရသေး]
ရှန်းယီသည် သူ၏ လက်ကျန် နတ်ဆိုးသက်တမ်းကို ကြည့်လိုက်၏။
[လက်ကျန် နတ်ဆိုးသက်တမ်း: ၁၄၉၀၀၀ နှစ်]
ကံကောင်းသည်မှာ သူ့တွင် စီနီယာလီရွှမ်ချင်း ပေးအပ်ခဲ့သော နားလည်သဘောပေါက်မှုများ ရှိနေသည်။ ရှန်းယီက မျက်လုံးမှိတ်၍ အာရုံခံကြည့်လိုက်ရာ ဤသည်မှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်နှင့် တွဲဖက်အသုံးပြုရသော လက်သီးနှင့် လက်ဝါးနည်းစနစ်ဖြစ်ကြောင်း သိလိုက်ရ၏။
“မဟာလမ်းစဉ်က ငါးဆယ်၊ ကောင်းကင်လျှို့ဝှက်ချက်က လေးဆယ်ကိုး (ထျန်းယန် ၄၉ )၊ တစ်ခုကတော့ လိုနေသေးတယ်”
ဤနည်းစနစ်သည် ပြီးပြည့်စုံခြင်းကို ရည်ရွယ်၏။ ရန်သူကို ထိုလိုနေသော တစ်ခုကို အသည်းအသန် ရှာဖွေစေပြီး အဆုံးတွင် ထောင်ချောက်ထဲသို့ ဆွဲခေါ်သွားခြင်း ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် ပြီးပြည့်စုံခြင်းထက် ပို၍ ခက်ခဲသော အရာမရှိပေ။ လီရွှမ်ချင်းပင်လျှင် ဤလမ်းစဉ်မှာ မိုက်မဲလွန်းသည်ဟု ယူဆကာ အခြေခံအဆင့်မှာပင် ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှန်းယီကတော့ ရွေးချယ်မနေပေ။ သူ့အတွက် နည်းစနစ်တစ်ခုက အဆင့်မြင့်နေသရွေ့ အကောင်းဆုံးပင်။ သူက ကျောက်ဆောင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး နတ်ဆိုးသက်တမ်းများကို စတင် အသုံးပြုလိုက်သည်။
[ပထမနှစ်တွင် သင်သည် ထျန်းယန် ၄၉ ၏ နားလည်မှုများကို စတင်ကြေညက်အောင် လုပ်ခဲ့သည်။ အလွန်နက်နဲလှသောကြောင့် သင့်ဦးနှောက်မှာ ဖောင်းကားလာပြီး အန်ချင်စိတ်ပင် ပေါက်လာသည်။]
ရှန်းယီ၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်လာ၏။ မျက်နှာပြင်ပေါ်မှ ကိန်းဂဏန်းများမှာ လျင်မြန်စွာ လျော့နည်းလာသည်။
[နှစ်ပေါင်း ၂၉၀၀၀ တွင် သင်သည် စိတ်ထဲမှ နားလည်မှုများကြောင့် ဤနည်းစနစ်၏ အခြေခံအဆင့်သို့ နောက်ဆုံးတွင် ချိုးဖောက် ရောက်ရှိသွားသည်။ သင့်၏ လက်သီးနှင့် လက်ဝါးနည်းစနစ်အပေါ် နားလည်မှုမှာလည်း တိုးတက်လာသည်။]
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း။ ထျန်းယန် ၄၉: အခြေခံအဆင့်]
ရှန်းယီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နက်နဲသော အခြေအနေထဲသို့ စိတ်နှစ်လိုက်၏။ သူက နတ်ဆိုးပုံဆောင်ခဲတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး ဆက်လက် ကျင့်ကြံရန် ပြင်ဆင်လိုက်တော့သည်။
အချိန်သာ လုံလောက်ပါက သူ့အတွက် မဖြစ်နိုင်သောအရာဟူ၍ မရှိပေ။